Saturday, May 30, 2009

ပိုင်းလော့ဆရာတော်ဘုရား ၏အမေရိကခရီးစဉ်


ပိုင်းလော့ဆရာတော်ဘုရား ၏အမေရိကခရီးစဉ်

ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီး သည် ယခုအခါအမေရိကန်နိုင်ငံတွင်ရောက်ရှိနေပြီဖြစ်ပါတယ်။
ဆရာတော်ဘုရား တိုက်ကျွေးမည့် တရားရေအေး အမြိုက်ဆေးကို ခံယူသောက်သုံးလိုပါက အောက်ပါ ဖုန်းနံပါတ်များတွင် စုံစမ်းနိုင်ပါကြောင်း အမေရိကန်နိုင်ငံမှ ဓမ္မမိတ်ဆွေတို့အား သတင်းကောင်း ပါးပါရစေရှင့်။

Until 31st May 2009-------Dr. Than Than Aye -6508929506
1st June 2009 to 7th June 2009----- Dr. Khin Thi Oo -9513524680
8th June 2009 to 15th June 2009----Dr. Zaw Win -7087101089

Sunday, May 24, 2009

အရှင်တိက္ခဉာဏာလင်္ကာရ (သို့မဟုတ်) ထွန်းတောက်သောအလင်းနိမိတ်

-သာသနာ့ အာဇာနည်တစ်ဦး
မမြင်ဘူး၊ မတွေ့ဘူး၊ မဖူးမျှော်ဘူးခဲ့ပါ---။
-ဤအရှင်မြတ်ရဲ့စေတနာ…ဒါပေမဲ့မြင်သာနေတယ်။
-ဤအရှင်မြတ်ရဲ့ မေတ္တာ…..ဒါပေမဲ့သိသာနေတယ်..။
-ဤအရှင်မြတ်၏စရဏ……ဒါပေမဲ့- မှန်းဆကြည်ညိုနေမိတယ်။
-ဤအရှင်မြတ်၏ ခံယူချက်(ရိုးသာမှုသာ၊ချစ်စရာ)….နှစ်သက်လေးစားမိနေတယ်။
-ဤအရှင်မြတ်၏ ရဲရင့်ခြင်း၊ ကြောက်ရွံခြင်းပယ်ရှား၊ ဗုဒ္ဓသားတော် ပီပြင်တယ်။
-ဤအရှင်မြတ်ရဲ့ တည်ကြည်မှု၊ ခံ့ညားမှုတွေရှိနေတယ်။

-ကိုယ်တွေ့ စစ်စစ်၊ အနှစ်သာရအမှန် ဘာဝနာမယဉာဏ်ဖြင့်
အလင်းများသယ်ဆောင်၊အမှောင်တစ်ချို့လင်းစေတယ်။
ဉာဏ်ရောင်တစ်ချို့လက်စေတယ်။

-ဤအရှင်မြတ်၏တရား၊နှလုံးသားထဲ မှ အသံလှိုင်းတွေ--
လေထဲမှာစီးဆင်း ၊ရင်နှီးကျွမ်းဝင်။ ဦးတင်ကိုးစား၊တန်ဘိုးထားခဲ့ဘူးပါတယ်။

-သာသနာမထွန်းသစ်ဘူးရယ်လို့
ပစ္စန္တရာဇ်ခံစားမှု၊သက်သာမှုလည်းရခဲ့ဘူးတယ်။

-ဤအရှင်၏မွေးနေ့ အချိန်၊၃၁ကြိမ် ပြည့်မြောက်၊မကြာခင်ကျရောက်တော့မယ်။

-မွေးနေ့ဟုဆိုပါလျင်
မိခင်နွယ်ဖွား မိန်းမသားတစ်ဦးရဲ့ အနာကျင်ဆုံးဝေဒနာခံစားရတဲ့ နေ့တစ်နေ့…
အမေ့ အတွက် ပေါင်းစု၊ဂုဏ်ပြုရမဲ့ ဝိသေသ၊အခါသမယလည်းဖြစ်နေတယ်။

-အနာကျင်ဆုံးဝေဒနာ-----အမေတစ်ကာ----အမေများစွာထဲတွင် ....

-ဤအရှင်မြတ်၏မိခင်
သင်၏နာကျင်ခြင်း၊မြင့်မြတ်ခြင်းများပြည့်နှက်
လောကအတွက် လက်ဆောင် ၊ ဆောင်ယူခဲ့ခြင်း---ပေးဆက်ခြင်း---
အလင်းရောင် ထွန်းတောက်
အာဇာနည်သားတစ်ယောက်အတွက်၊
လေးနက် ညွတ်နူး ကျေးဇူး အထူးတင်ပါရစေ။

၂၇.၅.၂၀၀၉တွင်ကျရောက်မည့်-အရှင်တိက္ခဉာဏလင်္ကာရ (Yaw Community) ၏ (၃၁) နှစ်မြောက်မွေးနေ့ ကိုဂုဏ်ပြုလျက် အရှင်မြတ်၏ သာသနာပြုလုပ်ငန်းများ အောင်မြင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ အပ်ပါသည်။

Tuesday, May 19, 2009

အီကွေတာ-ပိတောက်ပွင့်များ-သိှု့-(ပညာဒါနအစီအစဉ်)

အီကွေတာ-ပိတောက်ပွင့်များ-သိှု့-(ပညာဒါနအစီအစဉ်)

ဤလှပသော စကားလုံး လေးသည်ကျွန်မဖန်တီးထားသောစကားလုံးမဟုတ်ပါ။ ကွယ်လွန် ခဲ့ပြီ ဖြစ်သော မျက်စိပါရဂူ စာရေးဆရာ ဒေါက်တာရဲနိုင် မဂ္ဂဇင်းတစ်စောင်တွင် မျှဝေရေးသားခဲ့သော ဝတ္ထုခေါင်းစဉ် စကားလုံး အဆန်းလေးဖြစ်၍ အတွေး အခေါ်လေးကိုပါမှတ်မိနေဖြစ်ပါသည်။ ဟိုတနေ့ကတော့ ကျွန်မ၏အတွေးကို သိနေသည့်အလား ဒေါက်တာလွမ်းဝေ(အလှတရား)က သူ၏ဆရာဒေါက်တာရဲနိုင် သဘောကောင်းကြောင်း အစဖေါ်ပြောကြားဖြစ်ခဲ့သေးသည်။

ဆရာသည် တာဝန်တစ်ခုဖြင့် စင်္ကပူ နိုင်ငံသို့ ရောက် ခဲ့ပုံရပါသည်။အီကွေတာ ရပ်ဝန်းဒေသဖြစ်သော စင်္ကပူ ၏ ထာဝစဉ် ပူနွေး စွတ်စိုသော ရာသီဥတု ကြောင့် မြန်မာနိုင်ငံ၌--- တစ်နှစ်တွင် သည် တစ်လ၊တစ်လတွင် တစ်ရက် တည်း--ရယ်လို့ တင်စားတန်ဘိုးထားသော ပန်းပိတောက်တို့သည် ပေါပေါသောသော လှိုင်ဘော လယ် အောင်ပွင့် နေတတ်ပါသည်။သည်ဖြစ်စဉ်ကိုမြင်တွေ့ ရသလို--အကြောင်းကြောင်း သောအ ကြောင်း တွေအကြောင်းပြုပြီး ဆရာဝန်က ဓာတ်ခွဲခန်းလက်ထောက်လုပ်ရသလို၊ ကျောင်းဆရာမ ကလည်း Casher ဝင်လုပ်ရတာမျိုး ကို အီကွေတာပိတောက်ပွင့် များလို့ဆရာက တင်စားခဲ့ဘူး ပါသည်။

ကျွန်မသည် ဝေဖန် ဆန်းစစ်နိုင်သော Social Scienceပညာရှင် လည်းမဟုတ်ပါသဖြင့်…မည်သို့မှ မှတ်ချက် မပေး နိုင်ပါ။သို့သော်လည်း ပညာရေးနှင့်ပတ်သက်နေ သည့်အတွက် အီကွေတာ ပိတောက် များ ဘဝ လမ်းကြောင်းပြောင်းနိုင်ကြောင်း ကိုတော့ စိတ်ဝင်တစား ဆွေးနွေး ချင်မိပါသည်။ ကျွန်မသည် အ သက် တော်တော်လေးကြီးမှ ပညာသင်ဆု များရရှိကာ ဘွဲ့လွန်ပညာရေးကို သင်ယူခွင့်ရခဲ့ပါသည်။ ကျွန်မနှင့်အသက်တန်းတူ များမရှိ နိုင်လောက်ဘူး လို့ထင်ပေမဲ့ အရွယ်တူ ကျောင်းပြန်တက်သော သူများကြုံတွေ့ရပါသည်..။

သူတို့ကတော့ ဘွဲ့ရ၊ မိသားစုအတွက် နိုင်ငံခြားတွင်အီကွေတာ ပိတောက် လုပ်၍ ငွေရှာခဲ့ ကြသည်။ငွေစုမိတော့ အိမ်ထောင်ပြု ငွေထပ်ရှာ ရမဲ့ အချိန် မှာ တစ်ခါက အီကွေတာ ပိတောက်လို အပင်ပန်းမခံ ချင်တော့ လို့ ဘွဲ့လွန်ပညာရေး ကို ပြန်သင်ယူပါသည် တဲ့။ ကျွန်မ က ပညာ သင်ဆု ဖြင့်ကျောင်းတက်သည်။သူတို့က စုဆောင်းထားသည် များကို ထုခွဲ၍ ကျောင်းပြန် တက်ကြသည်။ဘဏ္ဍာရေးရလဒ် ကတော့ တူတူပဲလို့ ဆိုကြပါသည်။

ကျွန်မ၏ ထိုထိုသူငယ်ချင်းများ၏ ခံစားချက်နှင့်ဘဝအမြင် အခြေပြုလို့ ကို မျှဝေချင်ပါသည်။ ဤ ဘလော့ဂါ လောကထဲရောက်တော့ အီကွေတာပိတောက် လုပ်၍ မိဘလုပ်ကျွေးနေသူများ၊အရည် အသွေးရှိ သောလူငယ်၊လူရွယ်လေးများစွာရှိနေကြတာ ကျွန်မတွေ့ရပါသည်။ ရည်မှန်းချက် ပန်းတိုင်များ စွာရှိကြပါလိမ့်မည်..။နာမကျန်းသည့် မိခင်ကြီးအတွက်၊ ကျောင်းတက်နေသော မောင်ညီမများအတွက် ၊မိသားစုရဲ့စီးပွားရေး ပြဿနာ များအတွက် ပေးဆပ်နေကြတာ လည်း များစွာ ရှိနေပါလိမ့် မည်။

ထိုအီကွေတာပိတောက်ပွင့်ကလေးများကို ရှားပါး အဘိုးတန်စေလိုလှပါသည်။ဘွဲ့လွန်ပညာရေးကို လက်လှမ်း မမီနိုင်သော ပင်မြင့်စံ၊ပန်းတစ်ပွင့် ရယ်လို့ မယူဆစေလိုပါ..။ ကျွန်မအတွေ့အကြုံ အရ တော့ မြန်မာ များသည် မညံ့ကြပါ။အရှေ့တောင်အာရှတွင် အိန္ဒိယပြီးလျင် အင်္ဂလိပ်စာ အတော် ဆုံး ရယ်လို့ သတ်မှတ်ခံရသည်။

အခုဥရောပတွင်ကျောင်းတက်ပြန်တော့လည်း Italian English, Greece English, South American English,East Europe English,African English, Scandinavian English များကို ကြုံတွေ့ဘူးပါသည်။သူများ အတင်းလည်း မပြောတတ်ပါမပြောချင်ပါ။မြန်မာတွေတော်ပါသည်လို့သာ ကိုယ့်ငါးချဉ်ကိုယ်ချဉ် လိုက်ပါရစေ။

အခုလို ဘလော့တစ်ခု ဖန်တီးနိုင်သည်အထိ ကွန်ပျူတာ ကိုအသုံးပြု တတ်လျှင် Power Point Presentation,Thesis ,Assignment, Term Paper များကိုလည်းအခက်အခဲမရှိ ဆောင်ရွက် နိုင်ကြပါလိမ့်မည်ဆိုတာကျွန်မ ယုံကြည်အာမခံပါသည်။

မိသားစု အတွက် တစုံ တစ်ခုသော အတိုင်းအတာအထိ တာဝန် ကျေပြွန်ပြီးလျှုင်တော့ အီကွေတာ ပိတောက်ဘဝ မှ အီကွေတာမှာ ဖန်လုံအိမ်ဖြင့်တန်ဘိုးထားစိုက်ပျိုးရသော Tulips ပန်းလေးများ အဖြစ် ကျန်ရှိသော ဘဝရဲ့ နေ့စွဲများကို ဖြတ်သန်းသွားစေ လိုသည်မှာကျွန်မ ၏ စေတနာအမှန်ပါ။

ဆွဲဆောင်သိမ်းသွင်းရတာ တော်တော် လေးတော့ ရှည်သွားပါပြီ..။ ကျောင်းပြန်တက်လိုသူများ ကံကောင်းလျှင် Scholarship များလည်းရနိုင်ကြပါမည်။ အီကွေတာ ပိတောက်လုပ်၍ ရသောငွေကို မိဘဆွေမျိုးများထောက်ပံ့၊ လိုအပ်သောနေရာများကို လှူဒါန်းကြတာ။ ပြည်ပရောက်မှ ဘာသာရေးလုပ်ငန်းများကို ပိုလုပ်ကြ၊ သာသနာပြုပုဂ္ဂိုလ် များကို လှူဒါန်းကြ ဖြင့်ကုသိုလ် ထုထည် ကြီးမား နေသည်ကို ကိုးစားရဲဝံ့နိုင် ပါသည်။

ပထမဦးစွာ ရရှိထားသော (Education Background, Working Experience, Hobby)တို့ကိုဖော်ပြလျက် ဤEmail(thitsaralin@gmail.com)သို့">thitsaralin@gmail.com)သို့တိုင်ပင် ဆွေးနွေးနိုင်ပါသည်။ အောက်ပါ ပညာရှင်များ ထံမှ အကြံဉာဏ်တောင်းခံ ဖြေကြားကူညီ ကာပညာရေးဝန်ဆောင်မှု ဒါနပြုပါရစေ..။

အကြံပေးအဖွဲ့

၁။ဦးသောင်းထွဋ် (Outstanding Award Recipient,ITE, Singapore)
၂။ဒေါက်တာထွန်းလင်းမိုး (Cornell University, USA)
၃။ဒေါက်တာနီတာနွယ် (Kansai University, Japan)
၃။ဒေါက်တာအေးအေးခင် (University Putra Malaysia,UPM)
၎။ဒေါက်တာမသန်းခင် (Shinawatra University, Bangkok, Thailand)
၅။ဒေါ်စန္ဒာသန့် (Manager-Mekong Institute,Thailand)
၆။မလွင်လွင်အောင် (AIT GOLD MEDALIST-2005)
နှင့်----ဝိမုတ္တိရသ-ဓမ္မ-Blogger Group

Friday, May 8, 2009

သွန်းလောင်းရေစင်၊ဗောဓိပင်အား၊ ဦးထိပ်ထားလျက်

ယနေ့သည်…ကျွန်မတို့ဗုဒ္ဓဘာသာဝင်များအားလုံးရဲ့နေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။ မနေ့က ဆရာတော် အရှင် တိက္ခဉာဏာလင်္ကာရ ဟောကြားတော်မူသော တရားတော်ကို Skype-မှနာယူခွင့်ရလိုက်ပါ သည်။ ဆရာ တော် ဘုရားက Crist နှင့် Mass(လူထု) ကိုပေါင်း၍ ခရစ်ယာန်ဘာသာဝင်များ Cristmas ပွဲတော်၊ ခရစ်တော် မွေး နေ့ပွဲကျင်း တာနှင့်နှိုင်းယှဉ်လျက် ဟောပြောသွားတာမှတ်သားစရာကောင်းလှပါသည်။ မြတ်ဗုဒ္ဓ ဖွားမြင် တော်မူ သောနေ့ မြတ်ဗုဒ္ဓ၏မွေးနေ့ အပြင် အခြားသောဂုဏ်ထူးဝိသေသများရှိကြောင်း သားကိုဦး (ဓမ္မရသ) ကလည်းရေးသားပူဇော်ထားပါသည်။

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ၊မှတ်ရန်လမြတ်ကဆုန်။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅)ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ကဆုန်လပြည့်(အင်္ဂါနေ့)။(ဘီစီ ၅၄၃)(http://dhammaratha.com/)

သည့်အပြင် ကျွန်မကြားဘူးမှတ်ဘူးထားသော အချက်နှစ်ချက်မှာ…ကဆုန်လပြည့်ဗုဒ္ဓနေ့ တွင် ခပ်သိမ်းသော ဘုရားရှင်တို့သည် သစ္စာလေးပါးကို သိကြပေကုန်သည်။ နောက်တစ်ချက်ကားစိုက်ပျိုးရေးနှင့်ဘွဲ့ယူခဲ့သော ကျွန်မ အဘို့စိတ်ဝင်စားစရာ---မဟာဗောဓိပင်ပေါက်သောနေ့ ရယ်လို့ အမှတ်ထင်ထင် မှတ်မိနေဖြစ်ခဲ့ပါသည်။
ဗောဓိပင်သည် ကျေးဇူးတော်ရှင်မြတ်ဗုဒ္ဓ၏ ဖွားဘက်တော် များတွင်ပါဝင်ခဲ့ပါသည်။ ငယ်ငယ်က ယဉ်ကျေးမှု သင် တန်းကသင်ပေးလိုက်တဲ့ကဗျာ လေး အရတော့ (ကာဠု၊ယသော်၊ညီတော် ၊ဆန္န၊ကဏ္ဍက နှင့် သောန၊ ဗုဒ္ဓဟေ) လို့ ဖွားဘက်တော်(၇)ဦးကိုကျက်မှတ်ခဲ့ဘူးပါသည်။

ကျွန်မတို့အားလုံးရဲ့ ကျေးဇူးတော်ရှင်မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်မှာ---အနာထပိဏ်သူဌေးကြီးသည် အရှင်အာနန္ဒာနှင့် တွေ့ဆုံကာ(အရှင်အာနန္ဒာကိုယ်တော်ကြီးဘုရားရပ်ဝေ:ရပ်နီးမှ ရဟန်းရှင်လူ၊ပုဂ္ဂိုလ်တို့ သည် ဘုရားရှင်ကို ဖူးမျှော်ဘို့လာရောက်ကြတဲ့အခါ။ဘုရားရှင်ဒေသစာရီကြွရောက်တာနဲ့ ကြုံလို့လွဲသွားတဲ့ အခါ စိတ် နှလုံးတွေ ညှိုးနွမ်းပြီး ပြန်သွားကြရပါတယ်ဘုရား။ သည့်အတွက် ဘုရားရှင် ကိုယ်စားတော်ပြုပြီး ဖူးမျှော်နိုင်မဲ့ အရာ တစ်ခုခု စီမံပေးဘို့ ဘုရားရှင်အားလျှောက်ထားပေးတော်မူပါဘုရား။)

အရှင်အာနန္ဒာကလျှောက်ထားတဲ့ အခါမှာ--ချစ်သားအာနန္ဒာ၊ငါဘုရားရှင်မရှိ တဲ့ အခါမျိုးမှာ ငါဘုရားရှင်ကဲ့သို့ ကိုးကွယ်ပူဇော်ထိုက်တဲ့ စေတီတွေရှိပါတယ်..။အဲဒီစေတီတွေကတော့
၁။ငါဘုရားရဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြတဲ့ ဆံ၊ မွေးညင်း၊သွား၊ ညှပ်ရိုး၊ အစရှိတဲ့ သာရီရိကစေတီ။
၂။ငါဘုရားရှင်ရဲ့ အသုံးအဆောင်တွေဖြစ်တဲ့၊ သပိတ်၊သင်္ကန်း၊ ကျောင်းအစရှိတဲ့ ပရိဘောဂစေတီ။
၃။ငါဘုရားရှင်ကို ရည်မှတ်ထုလုပ်ကိုးကွယ်အပ်တဲ့ ဥဒ္ဒိဿစေတီဆိုပြီး စေတီအပြား။သုံးပါးရှိကြလေရဲ့။

အဲဒီထဲတွေမှာ--ဘုရားရှင်တွေရဲ့ သစ္စာလေးပါးကိုသိမြင်ရာ မဟာဗောဓိပင်ဆိုတာ ဘုရားရှင် တို့သက်တော် ထင်ရှား ရှိစဉ်မှာပင် စေတီမည်ပါတော့တယ်ချစ်သား--- လို့မိန့်ကြားတော်မူခဲ့ပါတယ်။

သည်သို့ဘုရားရှင် မိန့်မှာစကားကို မှတ်သားပြီး အရှင်အာနန္ဒာလည်း မဟာဗောဓိပင်မှ မျိုးစေ့ကိုယူဆောင် လျက် ဇေတဝန်ကျောင်းတော် မုခ်ဦးတံခါးဝ ဝယ်စိုက်ပျိုးခဲ့လေသည်။လူအများသည် ဘုရားရှင် မရှိ ခိုက်လာ ရောက်ကြလျင် ဗောဓိပင်ကို ပူဇော်ဖူးမျှော်ကြပါသည်။ အဆိုပါဗောဓိပင်သည်ကား အာနန္ဒာ ဗောဓိပင် အဖြစ် မှတ်သားခေါ်ဝေါ်ကြလေ သည်။

မြန်မာ သက္ကရာဇ် ၅၃၆ တွင် နရပတိစည်သူမင်းလက်ထက်တွင်ပေါင်လောင်ရှင်ဟုအမည်တွင်သည့် အရှင် ကဿပ မထေရ်သည် သီဟိုဠ်(သီရိလင်္ကာ) ကျွန်းသို့သွားရောက်ပြီး ဗောဓိညောင်စေ့များယူဆောင်လျက် စိုက် ပျိုးခဲ့ကြသည်။ ညောင်ရေသွန်းသည့်ဓလေ့ကို မြန်မာသက္ကရာဇ် ၆၈၄ ခုနှစ် ပင်းယ တွင် မင်းပြု သော ဥဇနာမင်းကြီးသည် ပုဂံမှ နရပတိစည်သူမင်းထံမှ ဗောဓိ ညောင်စေ့ များကိုတောင်း ခံလျက် ကိုယ်တော် တိုင်စိုက်ပျိုးခဲ့သည်။ ဥဇနာမင်းသည် စိုက်ပျိုးပြီး ကဆုန် ညောင်ရေ သွန်းပွဲတော်ကို ဦး ဆောင်ကျင်းပခဲ့ပါသည်။
စာဆိုရှင် နဝဒေး က
ဝဇီရာခေါင်၊ရွှေညောင်ဗောဓိ၊ဒက္ခိသာခ၊ရုပ်ရှင်လှနှင့်
ဝိဇယရံသီ၊သရီမွေပုံ၊ ရွှေစည်းခုံလည်း၊ဖြာတုန်တစ်သန်း၊နေ့ညဉ့်ထွန်းသား
အက်ကျွန်းမင်းသာ၊ကိုးကွယ်ရာကို၊ဒီပါဇမ္ဗူ၊ရွှေပြည်သူတို့၊ဆုယူရွှင်လန်း
တင်လှူဒါန်း ၍ တိမ်ပန်းပဇ္ဇုန်၊ ချိန်းမဲ့သုန်သည်၊ကဆုန်ညောင်ရေသွန်းတည်း။လို့ရေးဖွဲ့ မှတ်တမ်းတင်ခဲ့ပါသည်။
မဟာအတုလမင်းကြီးကလည်း --
မြူခြေငယ်စွန်းပါလို့၊ နေဝန်းငယ်စက်ရှိန်၊
တောက်လောင်ငယ်ထိန်သည်။
ဖလ်သူရိန်တေဇောကြောင့် ပူဗျာကဲတဲ့ လကိုလေး။
ရာသီငယ်ပြိဿ၊မဟေသီလည်း၊ရွေညီခလို့၊
ပန်းမြစကားဝါ၊ ဝိသာခါနှင့်၊ တာရာခြံရံ၊ စန်းငွေယုံ ဖန် သည့် နှယ်၊
ဆဒ္ဒန်ပိုင်ဗွေဘုံမှာ၊ လကဆုန်ညောင်ရေပွဲမို့ သဲလှတယ်လေး။ လို့ရေးဖွဲ့ခဲ့ပါသည်။

ရိုးရာပွဲတော်များတွင် ရေကြည်ရေသန့်များကို ဖြုန်းတီးပစ်သည့် သင်္ကြန်ပွဲတော်ကို အားမပေးလိုလှပါ။
မေလရဲ့ နွေကာ လများကို အပူဒဏ်ခံဖြတ်သန်းခဲ့ရသော မြတ်ဗုဒ္ဓ၏ဗောဓိပင် (ကျွန်မတို့ဂေါတမ ဘုရားရှင်၏ ဗောဓိပင်ကတော့ညောင်ပင်)ကိုရှင်သန်စိမ်းလန်းစေလိုသော၊တနည်းအားဖြင့် သာသနာ စည်ပင်၊ တိုးတက် ရှင်သန် စေလို သော ဆန္ဒမွန်များ ပါဝင်နေသည့် ဗုဒ္ဓ မွေးနေ့ ပူဇော် ပွဲကိုကား ၊သဒ္ဓါခညောင်း၊ စေတနာ ရေစင် များ သွန်း လောင်းလိုလှပါသည်။
တန်ခူလပြည့်တုံးကတော့ ငုပင်ပိတောက်ပင်များစိုက်လိုလှသည်ဟုရေးခဲ့ပါသည်။ယခုကဆုန်လပြည့်မှာတော့ ဗောဓိပင်များကိုပါထည့်သွင်း စိုက်ပျိုးပူဇော်လိုမိပြန်ပါသည်။------(ဗုဒ္ဓသာသနံ။စိရံတိဋ္ဌတုပါဘုရား။)

(တက္ကသိုလ်ရှင်ဥက္ကာ(မဟာဝိဇ္ဇာကျမ်းပြု)၏ ကဆုန်လပြည့်၊ဗုဒ္ဓနေ့၊ဆောင်းပါး။ရောင်ပြန်မဂ္ဂဇင်းမေ၊၂၀၀၉ ကို-ကိုးကားရေးဖွဲ့ပါသည်။)

Wednesday, May 6, 2009

မူလဓမ္မစာမျက်နှာသစ်ဖွင့်လှစ်ခြင်း

ဒုက္ခပေါ် ဒုက္ခဆင့် ၊ဒုက္ခနှင့်နေရတာ၊
ဒုက္ခနှင့်သေရမှာ၊ဒုက္ခသာမလွဲ။
ဒုက္ခကောင် ဒုက္ခခဲပေမို့၊ ဒုက္ခထဲ ပျော်ရှာ…။
ဒုက္ခထဲက လွတ်ငြားလိုလျှင်..ဒုက္ခသာ မြင်အောင် ကြည့်ပေတော့..။

သည်ကဗျာလေး သည် ကျေးဇူးတော်ရှင်မူလဓမ္မဆရာတော်ဘုရား၏ တရားတော် ကိုကျွန်မအား စွဲမြဲစွာနာယူဖြစ် အောင် မိတ်ဆက်ပေးခဲ့သော ကဗျာလေးဖြစ်ခဲ့ပါသည်။မှတ်မိသလောက် ပြန်ချ ရေးကြည့် မိပါသည်။ကျွန်မ-အား ဒုက္ခသစ္စာကို သြိမင်အောင်သတိပေးနေသော ထိမိသည့် စကားလုံး လေး များ အဖြစ် နှစ်သက် ခဲ့မိပါသည်။

သစ္စာလေးပါးတွင် ဒုက္ခသစ္စာ-များနှင့်သာ ထာဝစဉ် နပမ်းလုံး နေရပါ သောကျွန်မသည် ဒုက္ခဖြစ်ခြင်းရဲ့ အကြောင်းတရား သမုဒယသစ္စာ ကို လက်သည်တရားခံ အဖြစ်စတင် ဆင်ခြင်လာခဲ့ရပါသည်။ သမုဒယကို လျှော့ချလျက် ဒုက္ခလျော့ နည်းသက်သာ အောင် အထိုက်အလျောက် တော့ နေတတ်လာ ခဲ့ရပါသည်။

ကျွန်မတို့ဓမ္မ ဘလော့ဂါတွေ..ဆိုတာကတော့ ကျွန်မရဲ့ Dhamma Brother- ကိုဝင်းမြင့်ရဲ့ ပြောနေကျ စကား လုံးကို ခဏ ငှားယူ သုံးစွဲရရင်တော့ ဆည်မြောင်း နဲ့ လယ်ကွက် အကြား ရေသွင်းမြောင်း ဖောက် ပေး ရမဲ့တာ ဝန် ရှိတဲ့သူတွေပါပဲ။

ကျွန်မတို့တတွေသည်ဆရာတော်ဘုရားတို့ထံမှတရားတော်များကို ဤသို့-နာကြားခဲ့ ရပါသည်။ဤသို့-နာယူ စေ လိုပါသည်။ ဤသို့-အကျိုးရှိ စေလိုပါသည် ဆိုသော မွန်မြတ်သော ဆန္ဒများဖြင့် ဓမ္မBlog များရေးသား ခဲ့ကြ ပါသည်။

ဓမ္မဗျူဟာဆရာမကြီးဒေါ်ခင်လှတင်ကတော့ ပြောဘူးပါသည်။တရားပိုင်ရှင်အစစ်ဖြစ်တော်မူသော ကျေးဇူး တော်ရှင် မြတ် စွာဘုရား ဟောကြားတော်မူတဲ့ တရားတော် များရဲ့ ဓမ္မသတ္တိ ကိုကပင်ကိုယ်အားဖြင့် အနှစ်သာရပြည့်ဝ ကောင်းမွန်ပြီး သားဖြစ်လျက် ခံတွင်း ပျက်တတ်သူအမျိုးမျိုးအတွက် ခံတွင်းလိုက်အောင် ချက်ပြုတ်စီမံပေးရတာဖြစ်ကြောင်း ပြောပြဘူး တာ ကျွန်မ မှတ်သားခဲ့ ဘူးပါသည်။

ဆရာတော်အရှင်ဆန္ဒာဓိက ကတော့ ကိုယ်သည် မည်သို့သောဆရာတော်ကြီးရဲ့ ဟောပြော ပုံ၊ စကား လုံးဖြင့်တရားအသိ ရစေမည်ဆိုတာကတော့ ဘယ်သူမျှမသိနိုင်ပါ..။ကျေးဇူး တော်ရှင်မြတ်စွာ ဘုရားရှင် လက်ထက် ကပင်..သတ္တဝါတို့၏ ဝေနေယျတို့ရဲ့-အဇ္ဈာသယ (ဣနြေ္ဒ၊စရိုက်၊သူ့အကြိုက်ကို၊ နှိုက်ချွတ်စုံ လင်အကုန်မြင်)သည်မှာ သဗ္ဗညုတဉာဏ်တော်ရှင်၊ ဘုရား ရှင်မှတစ်ပါး မည်သူမျှ မသိခဲ့ပါ။ ထို့ကြောင့် တရားစုံနာယူရန်လိုအပ် ကြောင်း မိန့်ကြား ဘူးပါသည်။

ကျွန်မရဲ့ နောက်ထပ် Dhamma Brother-Bliss(ဝိမုတ္တိသုခ) ရဲ့စကားလုံးကတော့ခေတ်ဆန်ဆန်လေးဖြစ် မည်ထင်သည်။ သူရေးသားတင်ပြလိုက်သော ရိုက်ချက်ကြောင့် Heart-ထိသွားကြတယ်-လို့ သူ့ရဲ့ စာဖတ် ပရိ သတ်များ အကြောင်း ပြောပြဘူး ပါသည်။သူ့စကားလုံးအရဆိုရင်-တော့ ကျွန်မတို့သည် တရား ဓမ္မ စကားလုံးများဖြင့် ဖတ်ရှုသူများ Heart-ထိအောင် ရိုက်ချက် များကိုကြိုးစား ပုံဖော် ဆောင်ရွက်ရမည်ဖြစ် ကြောင်း ကိုနားလည်ခဲ့ရပါတော့သည်။

နိဒါန်းတွေဖော်ပြတာ--များသွားပါပြီ..။အဓိကရေးလိုတာကတော့ ဆရာတော် မူလဓမ္မဆရာတော်ဘုရား၊ ဦးဝိဇယ ဟော ကြားတော်မူ သော တရားတော်များကို -----
Blog အသစ်(http://muladhamma.mmgenius.com/) တွင် သီးသန့် ရေးသား ပူဇော်ထား ပါကြောင်း ၊မိတ် ဆက်စကားပြောကြားအပ်ပါသည်ရှင့်။ ဆရာတော်ဟောကြားသော သတိပဋ္ဌာန် တရားတော် များနှင့် ပဋ္ဌာန်းတရားတော်များ၏ အသံဖိုင်များကိုလည်းတင်ဆက်ထားပါသည်။

နမူနာမိတ်ဆက်အဖြစ်ဆရာတော်ဘုရား၏တရားတော်နာယူတုံးက ရေးမှတ်ခဲ့သော ကျွန်မ၏မှတ်စုထဲမှ အချို့ကိုကောက် နှုတ် တင်ပြပါရစေ…။

၁။ဝိပဿနာ၊ထင်မပါဉာဏ်မြင်တာပဲ ရှုရမည်။
၂။မိမိအထင် ရှုလေလျှင်၊ကိလေသာပင် ဖြစ်လိမ့်မည်။
၃။အားထုတ်သမျှမှာ၊ ကိလေသာ၊ ဖြစ်မလာမှ၊ လမ်းမှန်သည်။
၎။ကိုယ်စိတ်နှစ်ဖြာ၊ လွတ်လပ်စွာ မှန်စွာနေရမည်။
၅။ကိုယ်ချုပ်၊စိတ်ချုပ် နှစ်မျိုးလုပ်၊ အဟုတ်လွတ်အောင် ရှောင်ရမည်။
၆။စိတ်ဆိုသည်မှာ ၊မပြေးပါ၊ ဆုံရာအာရုံသိခြင်းတည်း။
ရ။စွဲခြင်းဖိခြင်း၊ စိတ်မှာကင်း၊ငြိမ်းခြင်းသမာဓိ ရလွယ်သည်။
၈။လိုချင်၊ဖြစ်ချင်၊ ရချင်မှုများ ငြိမ်းလိုငြား၊မှတ်သား ပျက်နေတယ် ရွတ်ရမည်။(အနိစ္စသညာ)
၉။ဖြစ်ဆဲခန္ဓာမှာ၊အသိဟာ မြဲစွာသိအောင် လုပ်ရမည်။
၁၀။ကြောင်းကျိုးခန္ဓာ၊မီးပမာ သဘောပါအောင်လုပ်ရမည်။
၁၁။ပညတ်နှစ်မျိုး(ဝိဇ္ဇာမာနပညတ်၊အဝိဇ္ဇာမာနပညတ်)ဟာပျက်နေတာ၊မှန်စွာသုည သိရမည်။(စုစုပေါင်းသုည-၆လုံး)
၁၂။ဖြစ်ပျက်သဘောဟာပျက်နေတာ၊မှန်စွာသုညသိရမည်။
၁၃။သဘောရဲ့ အကြောင်းဟာ ပျက်နေတာမှန်စွာသုညသိရမည်။
၁၄။ရှုဉာဏ်တရားဟာ ပျက်နေတာ မှန်စွာသုညသိရမည်။
၁၅။ရှုဉာဏ်အကြောင်းဟာ ပျက်နေတာ မှန်စွာသုညသိရမည်။

ကျွန်မသည်လည်း ဆရာတော်ဟောပြောတဲ့ သုည---၆လုံး-လုံးသိတဲ့ ပညာသိဝိပဿနာ ဖြင့်သိစရာဆုံး အောင်ကြိုးစားနေ ဆဲသာဖြစ်ပါတယ်..။

ဆရာတော်ဘုရားရေးသားထုတ်ဝေထားသော စာအုပ်မှမူရင်းအတိုင်းကို အခန်းလိုက်ခွဲပြီး Post- များကြိုးစား တင် သွား ပါမယ်..။

ဤBlog-အသစ်ဖြစ်မြောက်ရေးအတွက် ကျွန်မအား အတတ်ပညာပိုင်း ဆိုင်ရာကူညီပေးခဲ့သော ကိုဝင်းမြင့်၊ ကိုပြည့်ဦးလွင်(Administrator-http://mmgenius.com)၊သားကိုအောင်ဦး၊ Hosting မျှပေးတဲ့ ကိုဖိုးသားနှင့် ဓမ္မစေတနာရှင် (pnth.org)တို့ကို အထူးကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်ရှင့်။