Friday, December 25, 2009

နမက္ကာရ ဘုရားရှိခိုး တွင်ပါဝင်သော ခက်ဆစ်၏ အဖြေများ -၁

ပကိဏ္ဏက နမက္ကာရ ဘုရားရှိခိုးကို ရွတ်ဆိုပူဇော်ရင်းဖြင့် ဘုရားရှင့်ရဲ့ ကျေးဇူးတော် အစုံ ဂုဏ်တော် အနန္တ တို့ကို ပီတိစိမ့်အောင် မြင်ယောင်ကြည်ညို နေကြမှာပါ..။
၃၂ပါး သမိုက်ထားသော ၊ယောင်္ကျားမြတ်တို့၏ လက္ခဏာ …..
ဝသီဘော်ငါးတန်ဖြင့် အဖန်ဖန်လေ့လာတော်မူပြီးလျှင်….
လေးတန်သြဃ ၊အာသဝနှင့်…
ခြောက်တန်နီဝရဏ…..
ကိလေသာစက်၊သုံးထောင်ဝက်ကို ….
စသောကိန်း ဂဏန်းများနှင့် အတူ ရေတွက်မှုမျိုးစုံနောက်ကွယ် မှ အဓိပ္ပါယ် အဖုံဖုံတို့ကို ကျွန်မနည်းတူ သိချင်ကြလိမ့် မယ်ဆိုတာလည်းကိုယ်ချင်းစာမိပါရဲ့….။ ဒါကြောင့် နောက်ဆက်တွဲအဖြစ် ကိန်းဂဏန်းများက ရည်ညွန်းသော ဝေါဟာရ၊ အနက် အဓိပ္ပါယ်များ ကို ဆက်လက် ဖေါ်ပြလိုက်ပါတယ် ရှင့်။


၃၂ပါး သော လက္ခဏာ တော်ကြီး
ဗုဒ္ဓဘုရားနှင့် စကြာဝတေးမင်းကဲ့သို့ ယောင်္ကျားမြတ်တို့၏ လက္ခဏာကြီးများဟူ၏။
၁။ ပြည့် ဖြိုးညီညာသောဖဝါး
၂။ ၁၀၈ ကွက်၊ စက် လက္ခဏာ တော် အစုံပါသော ခြေဖဝါး။
၃။ သူတပါးတို့ထက် လုံးဝန်းရှည်သော ဖနောင့်။
၎။ ရင်းတုတ် ဖျားသွယ် ရှည်လျား၊ ညီညာသော ခြေချောင်း၊လက်ချောင်း ။
၅။ ဖွားစ အခါ ကဲ့သို့ အမြဲနုနယ်သော လက် ခြေ များ။
၆။ အတို အရှည် မရှိ ညီညာသော၊ လက်ချောင်း၊ ခြေချောင်း။
၇။ မြင့်တက်သောဖမျက်၊
၈။ ခြေသလုံး၏ ရှေ့နောက်၊ နံပါး အသားစိုင်များမှ၊ သလေးစပါးနှင့်တူခြင်း။
၉။ ကိုယ်ခန္ဓာ အဖြောင့်ထား၍ ဒူးဆစ်ထိရှည်သောလက်။
၁၀။ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော အင်္ဂါဇာတ်။
၁၁။ ရွှေ အဆင်းကဲ့သို့ဝါဝင်း၍ လုံးကျစ်သော ကိုယ်။
၁၂။ နုနယ်သော အရေ၊ အသား။
၁၃။ မွှေးညှင်းတစ်တွင်း ၌ တစ်ပင်စီ သာပေါက်ခြင်း။
၁၄။ ထိုမွှေးညှင်းတို့သည် လင်္ကျာရစ်လှည့်၍ အဖျားကော့တက်ပြီး၊ မျက်စဉ်း အညိုရောင်ရှိခြင်း။
၁၅။ ဖြောင့်စင်းသော ကိုယ်ခန္ဓာ။
၁၆။ လက်ဖမိုး၊ခြေဖမိုး ပခုံးစွန်း လည်ဂုတ်ပြည့်ဖြိုးခြင်း။
၁၇။ ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ ၊ ရှေ့ နောက် ၊အောက်ထက် ပြည့်စုံ သောကိုယ်။
၁၈။ လက်ပြင်ရိုးနှစ်ခု အကြား ပြည့်ဖြိုးသော အသား ။
၁၉။ အလံနှင့် အရပ် ညီ မျှ စွာရှိခြင်း။
၂၀။ အညီ အမျှ ၊ လုံး ၍ လှပသော ပခုံး၊လည်ပင်း။
၂၁။ အရသာကို ဆောင်ယူနိုင်သော အကြောကောင်းများ။
၂၂။ ခြင်္သေ့ ၏ အောက်မေးကဲ့သို့ ပြည့်ဖြိုးသော အထက်မေး ၊ အောက်မေး။
၂၃။ သွားပေါင်းလေးဆယ်ရှိခြင်း။
၂၄။ ညီညာတိကျသောသွားရှိခြင်း။
၂၅။ ကြိုးကြဲမရှိ၊စေ့သောသွားရှိခြင်း။
၂၆။ ထင်ရှားသောသွားစွယ်ရှိခြင်း။
၂၇။ ရှည်ပြန့်သော လျှာ ရှိခြင်း။
၂၈။ ဗြဟ္မာ မင်း၏ အသံကဲ့သို့ သာယာချိုမြိန်သောအသံ ၊ ကရဝိတ်သံရှိခြင်း။
၂၉။ ညိုသင့်သော အရပ်၌ ၊ အလွန်ညိုသော မျက်လုံး။
၃၀။ ဖွားသစ်စ နွားငယ်၏ မျက်လုံးအိမ်ကဲ့သို့ မျက်လုံးအိမ်ရှိခြင်း။
၃၁။ မျက်ခုံး နှစ်သွယ် ၊ အလည် တည့်တည့်၌ ၊ ဥဏ္ဏလုံမွှေးရှင်တော် ရှိခြင်း။
၃၂။ နဖူးသင်းကျစ်ရှိခြင်း။
ဝိမုတ္တိ ငါးပါး
၁။ တဒင်္ဂဝိမုတ္တိ = တစ်ခဏ မျှ ကိလေသာ မှ လွတ်ခြင်း။
၂။ဝိက္ခ မ္ဘန ဝိမုတ္တိ = မဟဂ္ဂုတ်ကုသိုလ်ဖြင့် ကိလေသာကိုပယ်ခွာလွတ်မြောက်မှု။
၃။သမုစ္ဆေဒ ဝိမုတ္တိ = မဂ်ဖြင့်ကိလေသာမှ အကြွင်းမဲ့ ဖြတ်တောက် လွတ်မြောက်မှု။
၎။ ပဋိ့ပဿမ္ဘန ဝိမုတ္တိ =ဖိုလ် ဖြင့်ကိလေသာ မှ ထပ်မံလွတ်မြောက်မှု။
၅။ နိသရဏဝိမုတ္တိ = ကိလေသာ မှ လုံးဝလွတ်သူ ။
ဝသီဘော် ငါးတန်
ဈာန် ကို အထူးသဖြင့် နိုင်နင်းစေရန် ၊ အလေ့အကျင့် ပြုမှု ငါးမျိုး။
၁။ အဝဇ္ဇနဝသီ= ထပ်ကာ ထပ်ကာ ဆင်ခြင်ခြင်း အလေ့အကျင့်။
၂။ သမာဝဇ္ဇနဝသီ = ထပ်ကာ ထပ်ကာ ဝင်စားခြင်း အလေ့အကျင့်။
၃။ ပစ္စဝေက္ခဏာ ဝသီ = အဖန်ဖန် သုံးသပ်ခြင်း အလေ့အကျင့်။
၎။ အဓိဋ္ဌာနဝသီ = ဈာန်မှ နိုးထရန်ဆောက်တည်ခြင်း အလေ့အကျင့်။
၅။ ဝုဋ္ဌာနဝသီ = သတ်မှတ်ချိန်အတိုင်း ဈာန်မှ ထခြင်း အလေ့အကျင့်။
စွန့်ခြင်းကြီး ငါးပါး
ဘုရားဖြစ်ရန်၊ သမ္မာ သမ္ဗောဓိဆုပန် အလောင်းတော်များ၊ လိုက်နာကျင့်ကြံ အားထုတ်ရသည့် ပါရမီ ဖြည့်ဆည်းခြင်း ဆိုင်ရာ စည်းမျဉ်းကြီး ငါးချက် ။
၁။ ဓန ပရိစ္စာဂ = ပစ္စည်း ဥစ္စာ စည်းစိမ် ဟူသမျှ ကို စွန့်လှူခြင်း။
၂။ အင်္ဂပရိစ္စာဂ = ခြေ လက်စသော အင်္ဂါ အစိတ် အပိုင်း ကို စွန့်လှူ ခြင်း။
၃။ ပုတ္တ ပရိစ္စာဂ = သားသမီး ကို စွန့်လှူခြင်း။
၎။ ဘရိယ ပရိစ္စာဂ =မယားကို စွန့်လှူခြင်း။
၅။ ဇီဝိတ ပရိစ္စာဂ = မိမိအသက်ကိုစွန့်လှူခြင်း။

Tuesday, December 22, 2009

ပကိဏ္ဏက နမက္ကာရ ဗုဒ္ဓဝန္ဒနာ အစိန္တေယျ ဘုရားရှိခိုးကြီး



ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော
ပကိဏ္ဏက နမက္ကာရ ဗုဒ္ဓဝန္ဒနာ
အစိန္တေယျ ဘုရားရှိခိုးကြီး
*နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ*

(၁) အစိန္တေယျ၊ အပ္ပမေယျ၊သေဋ္ဌ ဇေဋ္ဌ ဓ အတုလရမံ၊ အရဟံ ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓဿ၊ အနုတ္တရ မာရဇိ၊တိလောကန္တဂူ၊ သယမ္ဘူ ဘဝိဿရ၊ ဤသို့စသား အသေင်္ချယျ၊ နာမတံဆိပ်၊ ဂုဏ်ဝိသိဌ် ဖြင့်၊ ဇဗ္မူ ဒိပ်မှတက်၍၊ ဘဝဂ် တိုင်ကြေညာလျက်၊ ကာမ ရူပ၊ အရူပဟု၊ သြကာသ သုံးရပ်၊ လောကဓာတ်၌၊ အမြတ်ထက် အမြတ်၊ သမိုက်အပ်သော၊ လူနတ်ဗြဟ္မာ၊ မဟာကဝိန်၊ သုခမိန်တို့သည်၊ ပညိနြေ္ဒ ရှိတိုင်းဖြင့်၊ ခြားပိုင်းတွက်ကျုံး၍ မဆုံး မကုန်နိုင်၊ မကြံစည်နိုင်၊ မအံ့သြနိုင်၊ ပြည့်လှိုင်ထွေပြား၊ များပြားကျယ်ဝန်းသော၊ ကျေးဇူးတော် အပုံ၊ ဂုဏ်တော် အပေါင်းနှင့် ပြည့်စုံတော် မူပေထသော…။
(၂) အမျိုးဖြင့်မြတ်သောသူ၊ ဘုန်းဖြင့်မြတ်သောသူ၊ ဂုဏ်ဖြင့်မြတ်သောသူတို့သည်၊ မာန်မူ ဖက်ပြိုင်ခြင်းငှာ မထိုက်၊ မကိုဋ် မင်္ဂလာ၊ ဤကမ္ဘာ၌၊ ပထမာဓိက၊ ဘူမိပါလ၊ အာဒိစ္စဂိုဏ်း၊ တိုင်းပြု+ ပြည်ပြု၊ သမုတိဒေဝရာဇ် နေနွယ်ဖြစ်၍၊ စင်စစ် အမျိုးတော်အားဖြင့်၊ မြင့်မြတ်လှသော၊ ဇာတိမဟတ္တဂုဏ်၊ သုံးဘုံရပ်လုံး၊ ညွှတ်ရုံး ကော်ရော်၊ ပူဇော်ဦးညွှတ်ရာ၊ ဖြစ်၍၊--- စင်စစ် ဘုန်းတော်အားဖြင့် အလွန်မြတ်သော ပုည မဟတ္တ ဂုဏ်---။

ဝသုန်သေလာ၊ အဏ္ဏဝါကို၊ မြူလွှာပြုလျက် နှိုင်းတုစက်လည်း ကျေးဇူးနက်တိုင်၊ မကုန်နိုင်သည် ဖြစ်၍၊ စင်စစ် ဂုဏ်တော်အားဖြင့် မြတ်သော ဂုဏမဟတ္တဂုဏ်---။
ဤသုံးစုံကြောင့် လု့ဘုံနတ်ဋ္ဌာန်၊ ပြိုင်စံယှဉ်ဖော်၊ မပေါ်မပြူ ၊ တစ်ဆူတည်းသော၊ အပ္ပဋိပုဂ္ဂိုလ် ဖြစ်တော်မူ ပေထသော…။
(၃) ဇမ္ဗူ့ကျက်သရေ၊ချက်ဗွေဘူမိ၊ အပရာဇိခရိုင် ညောင်မဏ္ဍိုင်ကို၊ စိုးပိုင်တော်မူအံ့သော ကာလ၌၊ ကာမလောကဓာတ်၊ ခုနှစ်ရပ်လုံး၊ ဆတ်ဆတ် လှိုက်ခုန်တုန်ဘနန်းမျှ၊ သန်းအကုဋေ၊ နတ်ဗိုလ်ခြေနှင့်၊ မိုးမြေကြည်းဟည်း၊ ပဲ့တင်တီးအောင်၊ ဖျက်ဆီးလုယက်လာသော၊ မေခလာဂီရိ၊ တောင်တရှိမျှ၊ ပြောင်ကြီး သေဌ်နင်း၊ မာန်နတ်မင်းကို---
ဖြည့်တင်းတော်မူခဲ့သော ၊ပါရမီဉာဏ်၊ ကံသမ္ဘာရှိန်၊ ဝရဇိန် လျှံပြောင်၊ ရွှေဘုန်းရောင်ဖြင့်၊ မှောင်မဝင်ခင်၊ အောင်မြင်တော်မူစေ၍၊ ကိလေသာစက်၊သုံးထောင်ဝက်ကို၊ ဖြိုဖျက်တိုက်လှန်ခြင်းငှာ၊ အာနာပါန၊ ဘာဝနာ ဖြင့် ရူပါဝစရ၊ အရူပါဝစရ၊ စတုတ္ထသမာပတ်တို့ကို၊ အာဝဇ္ဇနဝသီ၊ သမာဝဇ္ဇနဝသီ၊ ပစ္စဝက္ခဏဝသီ၊ အဓိဋ္ဌာနဝသီ၊ ဝုဋ္ဌာန ဝသီတည်းဟူသော၊ ဝသီဘော် ငါးတန်ဖြင့်၊ အဖန်ဖန်လေ့လာတော် မူပြီးလျှင်….။
ရှေးတီးကာလ၊ ဘဝရှည်ကျူး၊ ဖြစ်ဘူးသမျှ၊ ဒေသရပ်ရွာ၊ ခန္ဓာပင်စည်၊ အမည် အမျိုးစသေ ၊ ပရမတ်+ပညတ် တို့ကို၊ တပ်အပ်သိနိုင်စွမ်းသော၊ ပုဗ္ဗေနိဝါသဉာဏ်…။
သုံးတိုက်ဘုံသား၊ အများသတ္တ၊ ဝေနေယျ တို့၏ ကမ္မဂတိ၊ စုတိပဋိသန်၊ လားရန် ဋ္ဌာနနှင့်တကွ၊ ဒုရ+ပရိစ္ဆန္န၊ သဏှ+သုခုမ ဖြစ်သော၊ရူပါရုံတို့ကို အကုန်မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုဉာဏ်…။
လေးတန်သြဃ၊ အာသဝနှင့် ယောဂဂန္ထာ၊ လေးဖြာဥပါဒါန်၊ ခြောက်တန် နီဝရဏ၊ အနုဿယ ခုနှစ်အင်၊ သံယောဇဉ် ဆယ်တန်၊ ခြံရံ လျက်သား၊ များစွာသော အကုသိုလ်၊ ဗိုလ်ခြေကွပ်ကဲ၊ သူရဲကိလေသာ၊ ထောင့်ငါးရာတို့ကို၊ စင်စွာပယ်ဖြတ်၊ အလွန်မြတ်သောကြောင့် အရဟတ္တမဂ္ဂ အမည်ရသော အာသဝက္ခယဉာဏ်…။
ဤသုံးတန်သောဝိဇ္ဇာ၊ ခွဲစိတ်ဖြာသော်၊ ဝိဇ္ဇာရှစ်ပါးနှင့် ပြည့်စုံတော်မူသဖြင့်၊ သယမ္ဘူ အထွတ်။ လူတမွတ်ဟု။ မချွတ် သမိုက်အပ်ထသော…။
(၄) ပစ္စေက ဗုဒ္ဓါ၊ ရဟန္တာ ဟူသမျှတို့ ရခြင်းငှာ မထိုက်၊ သုံးထိုက်ဘုံသား၊ အများသတ္တ၊ ဝေနေယျ ပုဂ္ဂိုလ်တို့၏ အလိုဆန္ဒ၊ အာသယကိန်းဟန်ကို၊ ဧကန်သိမြင်နိုင်သော၊ အာသယာနုဿယဉာဏ်…။
ဣနြေ္ဒရင့်မရင့်ကို ထောက်ချင့်သိနိုင်စွမ်းသော၊ ဣန္ဒြိယ ပရောပရိယတ္တိဉာဏ်…။
ပရမတ်၊ ပညတ် အလုံးစုံကို၊ အကုန် အစင်သိမြင်နိုင်သော၊ သဗ္ဗညုတ ဉာဏ်…။
သင်္ခါရ၊ ဝိကာရ၊ လက္ခဏာ၊ နိဗ္ဗာန်၊ ပညတ် တည်းဟူသော၊ ဉေယျဓံငါးအင်ကို၊ သိမြင်တော်မူရာ၌၊ ဆီးကာပိတ်ပင်ခြင်း မရှိသော အနာဝရဏဉာဏ်…။
ယမိုက်ပြာဋိဟာလွှတ်ခြင်း အရာ၌ လေ့လာတော်မူနိုင်သော ယမကပါဋိဟာရိယဉာဏ်...။
သနားထိုက်လှစွာသော၊ ဝေနေယျ သတ္တဝါကို၊ လွန်စွာသနားတော်မူသော၊ မဟာကရုဏာ သမာပတ္တိဉာဏ်...။
ဤ ခြောက်တန်သော ဆ+အာသာဓါရဏ၊ ဉာဏ လျှံပြောင်၊ မြတ်တန်ဆောင်ကို၊ ညှိထောင်ထွန်းစိုက်တော် မူသည်ဖြစ်၍၊ ဝေးနီး စကြာဝဠာ၊ သမန္တာရပ်၊လောကဓါတ်တို့ကို၊ ထုတ်ခပ်ထင်ထင်၊ ရှုမြင်တော်မူနိုင်သော ပသာဒစက္ခု၊ ဉာဏစက္ခု၊ ဒိဗ္ဗစက္ခု၊ ဗုဒ္ဓစက္ခု၊ သမန္တစက္ခုတည်းဟူသော၊ မျက်စိတော်ငါးလုံးဖြင့် အဆုံးဖြင့်မြင် တော်မူပြီးထသော...။
( ၅ ) ပလ္လင်၊ အနိမိသ၊ စင်္ကမ မှသည် စတုတ္ထ သတ္တာဟဝယ်၊ ရတနာရွှေအိမ်၊ ချမ်းရိပ်ငြိမ်၌၊ မွေ့သိမ်စံပယ် တော်မူကာ၊ အဘိဓမ္မာ ခုနှစ်ကျမ်းတွင်၊ ပဋ္ဌာန်းဒေသနာကို၊ လေ့လာဆင်ခြင်တော်မူသော၊ အာနုဘော်တော်ကြောင့်၊ အသွေးတော်၊ အသားတော်၊ အရိုးတော်စု၊ ဝတ္ထု ပသာဒိနြေ္ဒ အလုံးမှ၊ ပြိုးပြုံး ပြိုးပြက်၊ ရိုးရိုးရက် တောက်ပလျက်၊ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ၊ မဉ္ဇိဋ္ဌ၊ ပဘဿရာ၊ မိလ္လာရည်လို၊ ဖိတ်ဖိတ်ယိုမျှ၊ ညိုသောရောင်ခြည်တော်…။
ဖဲကတ္တီပါ၊ ဂီဝါလျှပ်ပြေ၊ ရွှန်းရွှန်းဝေမျှ၊ ရွှေသောရောင်ခြည်တော်…။
ကသစ်ခေါင်ရမ်း၊ ပန်းကြက်မောက်ပီ၊ တွေးတွေးချီမျှ နီသောရောင်ခြည်တော်…။
သာခွာဘော်ကြူ၊ ဖွေးဖွေးလူ သကဲ့သို့ ဖြူသောရောင်ခြည်တော်…။
ပြာလျှံ ညိုလျှံ၊ ခိုလျှံ စုပေါင်း၊ ရှုမညောင်းမျှ၊ မောင်းသောရောင်ခြည်တော်…။
ထွန်းပေါ်ဝင်းဝင်း၊ ထိန်လင်းစက်စက်၊ လျှပ်စစ်လက်သကဲ့သို့၊ ပြိုးပြိုးပြက်သော ရောင်ခြည်တော်… တည်းဟူသော ရောင်ခြည်တော် ခြောက်ဆိုင်ကို တပြိုင်တည်း ကွန့်မြူးစေလျက်၊ လနေ အတိ။ လျှံငြိပြောင်ပြောင်၊ ဗိမာန်ရောင်နှင့်၊ သောင်းထောင်စကြ ဝဠာ၊ ထွန်းလင်းဖြာသော၊ ဗြဟ္မာကြီး တို့၏ ကိုယ်ရောင် ကိုယ်လျက်၊ နှိပ်စက်လွှမ်းမိုးနိုင်သော၊ ကိုယ်တော်ရောင်တို့ဖြင့် အထောင်အသောင်း သာ၊ လော ကဓာတ်ကို၊ တလျှပ်လျှပ် ထွန်းလင်းတော်မူပြီးထသေ...။
(၆) ပရိဗိုဇ် တက္ကတွန်း၊ ရဟန်း ရသေ့၊ မုနေ့အရည်း၊ ဦးပြည်းတပသီ၊ဗေရာဂီ တို့၏၊ ဝါဒီ အလိုက်၊ စရိုက်ဘာဝ၊ ကျင့်ဆောင်ကြသော သာသနာ့ဗာဟီ၊ လောကီ သီလ တို့ထက် ဆထက်ထောင်ရာ၊ သာလွန်ဘိသဖြင့်၊ အဓိသီလ ဟုသမုတ်အပ်သော၊ အာပတ်ခုနှစ်ပုံကို၊လုံခြုံစွာစောင့်ကြောင်းဖြစ်သော ပါတိမောက္ခ သံဝရသီလ…။
ဣနြေ္ဒ ခြောက်ပါးကို၊ တားမြစ်ပိတ်ပင်ကြောင်းဖြစ်သော ဣန္ဒြိယသံဝရသီလ…။
မိစ္ဆာဇီဝမှ ကြဉ်ခွာလျက်၊ စင်ကြယ်စွာ အသက်မွေးကြောင်းဖြစ်သော အာဇီဝပါရိသုဒ္ဓိသီလ...။
ပစ္စည်းလေးဖြာကို ပစ္စဝက္ခဏာတင်၊ ဆင်ခြင်သုံးသပ် ခြင်းဟူသော၊ ပစ္စယသန္နိဿိတသီလ…။
ဤလေးဝသော၊ စတုပါရိ၊ သုဒ္ဓိတံခွန်၊ အလွန်ဖြူစင်၊ မြူမတင်ခြင်း တည်းဟူသော သီလဝိသုဒ္ဓ...။
မဟဂ္ဂုတ် လောကုတ္တရာဈာန် ၌သာလျှင်၊ မြဲမြံစွာလေ့လာခြင်း တည်းဟူသော စိတ္တဝိသုဒ္ဓိ…။
ခြောက်ဆယ့်နှစ်ဖြာသော၊ မိစ္ဆာဝါဒီ၊ ဝိတဏ္ဍီ ညစ်ကြေးမှ ကင်းဝေး ဖြူစင်လျက်၊ အယူ၏စင်ကြယ်ခြင်း တည်းဟူသော ဒိဋ္ဌိဝိသုဒ္ဓိ…။
တစ်ဆယ့်ခြောက်ပါးသော၊ ယုံမှားသင်္ကာ ကို ဖြတ်ခွာ လွန်မြောက်နိုင်သော၊ ဉာဏ်၏ စင်ကြယ်ခြင်း တည်းဟူသော ကင်္ခါဝိတရဏ ဝိသုဒ္ဓိ…။
မဂ်ဟုတ်သည် မဟုတ်သည်ကို မြင်နိုင်သော ဉာဏ်၏ စင်ကြယ် ခြင်းတည်းဟူသော မဂ္ဂါ မဂ္ဂဉာဏဒဿနဝိသုဒ္ဓိ...။
မဂ်သို့ရောက်ကြောင်း အကျင့်ကောင်းကို မြင်နိုင်သော၊ ဉာဏ်၏ စင်ကြယ် ခြင်းတည်းဟူသော ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ…။
မဂ်လေးရပ်နှင့် သဟဇာတ် သမ္ပယုတ် ဖြစ်၍ သစ္စာလေးတန်ကို ၊ဆယ့်ခြောက်နက် ဝေဖန်ပြီး ဧကန်သိမြင်နိုင်သော ၊ ဉာဏဒဿနဝိသုဒ္ဓိ… တည်းဟူသော ဝိသုဒ္ဓိ ခုနှစ်ပါး၊ တရားဘွဲ့ဖြူ သရဖူ မကိုဋ်၊ ဦးစိုက်မင်္ဂလာ၊မြတ်တန်ဆာကို၊ တင့်တယ်စွာ ဆင်ယင်လျက်...။
တဒင်္ဂ ဝိမုတ္တိ၊ ဝိက္ခမ္ဘန ဝိမုတ္တိ၊ သမုစ္ဆေဒဝိမုတ္တိ၊ ပဋိဿမ္ဘနဝိမုတ္တိ၊ နိသရဏဝိမုတ္တိ တည်းဟူသော ဝိမုတ္တိငါးရပ်၊ တရားမြတ်ကြောင့်၊ လောကဓာတ်အလုံး၊ ညွှတ်ကျုံး ပူဇော်ရာ၊ အာဂါရမုနိ၊ အနာဂါရမုနိ၊ သေက္ခမုနိ၊ အသေက္ခမုနိ၊ ပစ္စေကမုနိ တို့ထက် ကဲတက်လွန်မြတ်စွာ၊ မုနိန္ဒာဘိပဝရ အတုလ မုနိလည်း ဖြစ်တော်မူထသော...။
(၇) သုံးဆယ့်နှစ်ပါးသော၊ ယောင်္ကျားမြတ်တို့၏ လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်၊ တင့်တယ်ယိုဖိတ်၊ အင်္ဂါတော်အစိတ်ကို လင်္ကာရိပ် ပြရာ၌ နားပန်တော် အစုံနှစ်ဘက်မှသည်၊ နဖူးတော် ဆံစမှ ယှက်ကူးကာတောက်ပသော ဥဏှီသ သင်းကျစ်တော်တဖြာ…။
နရကာရွှေစင်၊ နဖူးတော် အပြင်၌၊ စို့သက်တန့် အသွင်ဖြင့်၊ ကော့ညွှတ်ပျော့ပေါ်လွင်သည့် နှစ်ဖက်သော မျက်မှောင်တော်တစ်တန်၊ ပဘံကရ မျက်မှောင်တော် အစမှာ၊ လောမထူးထွေ၊ ညာရစ်ခွေဖြင့်၊ ငွေရောင်ခြည် တစ်တန်၊ တစ်လံဝက်လောက်၊ ဝန်း၍တောက်သော၊ ဥဏ္ဏလုံ မွေးရှင်…။
ပိတုန်းရောင်သွင်၊ မည်းမှောင်လွင်သဖြင့်၊ ကျောက်နဝရတ်သဖွယ်၊ သောက်ရှူးကြယ် တဝ၊ ရှုကြည့်တိုင်းတောက်ပသော၊ မံသ စက္ခုတော် နှစ်ဖြာ…။
ပြယိုးယားပွင့်၊ ရွှေ ပန်းဆိုင်း ဆင့်သကဲ့သို့၊ မမြင့်မမောက် မကောက် မချွန်၊အလွန်လျှင်၊ ရှုချင်ဖွယ်ရာသော နှာတံနှာသီးတော်မြတ်…။
လျောက်ပတ်သားနား၊ ကွန့်ကွန့်လျားသော၊ ပါးတော်မြတ်နှစ်သွယ်...။
ပုလဲရတနာ၊ သာခွာဘော်ကြူ ဖွေးဖွေးလူလျက်၊ ဖြူစင်ကြယ် လှစွာသော သွားတော်မြတ်လေးဆယ်၊ စွယ်တော်မြတ်လေးဆူနှင့်တကွ၊ ပြန့်ပြန့်ညီညာ၊ နီလှစွာသော၊ လျှာတော်မြတ် စသည့် ကိုယ်အင်္ဂါတော် အစိတ်တို့ဖြင့်၊ ယိုဖိတ်ယှက်သန်းလျှက်၊ ချီးမွမ်းအံ့သြ၊ ပြောပ၍ မပြီးနိုင်သဖြင့်၊ အလွန်အကျူး အထူးသပ္ပာယ်တော် မူထသော…။
(၈) ကာမဘဝါ၊ ဒိဋ္ဌာ ဝိဇ္ဇော၊ သြဃလေးဖြာ၊ သံသရာစက် ဝဲဂယက်၌၊ တဝဲလည်လည် မတည်မရပ် ချာချာပတ်လျက်၊ ရဟတ်ဆုံနွား၊ ကဲ့ အလားသို့၊ မျောပါးရှည်ကြာ၊ ဝေနေယျာတို့ကို၊ အဏ္ဏဝါ ဂယက်သြဃနက်မှ၊ ညာလက်ဆွဲငင်၊ ကယ်တင်တော်မူခြင်းငှာ၊ ပဉ္စတာလီ၊ ဝါဝဿီဝယ်၊ နာရီ မလစ်၊ မဂ်ဆီ ညှစ်၍၊ ဖွင့်လှစ်ဟောပြ၊ ဆုံးမတော်မူရာ၊ ဒေသနာတော်သည်...။
ဝိနယ + သုတ္တန် + ဘိဓမ္မံ ဟု သုံးတန်ပြားလာ၊ သာသနာတော် နည်းအားဖြင့်လည်းသုံးရပ်...။ ကထာနည်း အားဖြင့်လည်းသုံးရပ်၊ အာဏာဝေါဟာ ပရမတ္တာ ဟူ၍လည်း သုံးရပ်၊
ဤသို့အားဖြင့် သုံးတန်အပြား၊ ပိဋကတ် ဒေသနာတော်သုံးပါးတို့ကို၊ ဟောကြား မြွက်ဟ၊ ဆုံးမတော်မူသည်၏ အဖြစ်ကြောင့်၊ လူနတ်တို့၏ ဆရာအစစ်လည်း ဖြစ်တော်မူထသော…။
(၉) ခပ်သိမ်းသော တရားအပေါင်းကို၊ မိမိ အလိုလို၊ ကိုယ်တော်တိုင်သာလျှင်၊ ကောင်းစွာထင်ထင်၊ သိမြင် တော်မူသည် ဖြစ်၍၊ များဖျင်သတ္တဝါ၊ ဝေနေယျာကို၊ ခေမာအောင်မြို့၊ ကူးစေဖို့ငှာ၊ ဒေသနာရေအေး နိဗ္ဗာန်တည်းဟူသော အမြိုက်ဆေးကို၊ တိုက်ကျွေး ဖြန်းဆွတ် တော်မူသည်၏ အဖြစ်ကြောင့်၊လောကသုံးရပ် ဘုံသုံးထပ်၌၊ ယှဉ်ကပ်သော်လည်း မနိုင် ပြိုင်သော်လည်း မတူ၊ တစ်ဆူတည်းသာလျှင် ဖြစ်တော်မူထသော…။
(၁၀) ဤ မဟာဘဒ္ဒ၊ ကမ္ဘာမ၌၊ ကကုသန္ဓာ၊ ကောဏာ ဂမန၊ ကဿပဟု၊ လောကထွဋ်ထား၊ ဘုရားသုံးဆူ၊ သယမ္ဘူတို့ ထီးဖြူ အရဟတ္တဖိုလ်၊ ရိပ်ခိုနန်းမြင့် သုံးကြိမ်ဆင့်၍ ပွင့်တော်မူ ကြကုန်ပြီးသည့်နောက်---
လေးဆင့်မြောက် အကျ စတုတ္ထ အောင်ပွဲတွင်၊ ညေယျငါးအင်၊ ကုန်စင်သိမှု၊ သမန္တစက္ခု၊ သဗ္ဗညုတ၊ ဉာဏခိုင်ဖြီး ဉာဏ်တော်ကြီးကို ၊ပိုင်စီးလက်ရောက်၊ ဆက်ခါလျှောက်၍ ၊ ပွင့်မြောက်တော်မူသည်၏ အဖြစ်ကြောင့် ၊ဗြဟ္မာနတ်လူ ၊သုံး ဘုံသူကို၊ ကြည်ဖြူမေတ္တာ၊ ကရုဏာဖြင့် သာယာစွာဆုံးမ၊ ဟောပြတော်မူ သည်လည်းဖြစ်တော်မူ ထသော…။
(၁၁) ဒီပင်္ကရာ၊ ထွဋ်ချာမှန်ကင်း၊ သုံးလူ့မင်း၏ ခြေရင်းတော်အောက်၊ ဝပ်စင်းမှောက်လျက်၊ နိယတဗျာဒိတ် ပန်းကို၊ ဆွတ်လှမ်းခံယူတော်မူစဉ်ကပင်၊ သာဝကဉာဏ်၊ ပါရမီသာမာန်ဖြင့်၊ နိဗ္ဗာန်ကို ကူးယူလျှင်၊ ရလောက်တော်မူပါလျက်…။
*တစ်ယောက်တည်း၊ ငါတစ်မူ၊ နိဗ္ဗာန်ကို ယူချေလျှင် ဘယ်တွင် အကျိုးမရှိချေ။ သမ္ဗောဓိမှန်၊ သဗ္ဗညု ရွှေဉာဏ်ကို၊ သွေမလှန် ငါရမှ၊ တရားမြတ်၊ ဖောင်စင်္ကြာဖြင့်၊သတ္တဝါ ဝေနေယျကို၊ သံသရာဝဲဂယက်မှ၊ နိဗ္ဗာန်မည်သာ ကျွန်းခေမာသို့ တင်ကာဆောင်ပို့မည်ဟု*
* တိဏ္ဏောတာရေယျံ၊ ဗုဒ္ဓေါ ဗောဓေယျံ၊ မုတ္တောမောစေယျံ* သုံးခွန်းသော ဝစနံကို ရွှေနှုတ်တော်လှစ်ဖွင့်၍ ကျူးရင့်တော် မူခဲ့ပြီးသည့်နောက်---။
လေးအသင်္ချေ၊ လွန်လေကုန်မြောက် ကမ္ဘာတစ်သိန်း အလွန်သို့ရောက်အောင်၊ လူသာမာန် ပုဂ္ဂိုလ်တို့ အလွန်တရာ ဖြည့်ကျင့်ရှာမှီးနိုင်ခဲသော၊ ပါရမီ ဆယ်ပါး၊ စွန့် ခြင်းကြီး ငါးပါးစသော၊ သမ္မာ သမ္ဗောဓိ အဖြစ်တည်းဟူသော ဆုကြီးကို ရှာမှီးတော်မူပြီး ထသော…။
(၁၂) ဂင်္ဂါ၊ ဝါဠု သဲစု မြူဟန်၊ ပမာတန်ကဲ့သို့၊ အနန္တဂူ၊ နိဗ္ဗာန်ယူကုန်သော၊ ဆူဆူမြတ်စွာစောသတ္တာ တို့၏သွားရာလမ်းကြောင်း စရိုက်ကောင်း မူလဖြစ်သော၊ သီလသံဝရ၊ ဣန္ဒြိယ သံဝရ၊ ဘောဇနမတ္တညုတာ၊ ဇာဂရိယနုယောဂ၊ သဒ္ဓါ၊ သတိ၊ ဟီရိသြတပ္ပ၊ ဗာဟုသစ္စ၊ဝီရိယ၊ ပညာ လေးဖြာ ဈာန်တည်းဟူသော၊ စရဏ တရား (၁၅)ပါးတို့ကို အားသစ် ကျင့်ဆောင်တော်မူသဖြင့်…။
သယမ္ဘူတကာ ပြည့်စုံရာသာ၊ နာနာကုလ တို့၏ ဝေါဟာရ သဒ္ဒါ အနက်ကို၊ အချက်ကျသိနိုင်သော၊အတ္တ ပဋိသမ္ဘိဒါ…။
ဝါစာဂီရတ် နှုတ်သံလွှတ်က၊ ဇာတ်တူတူ မတူတူ၊ ဘာသာဟူသမျှ တို့က ဧကန္တသိနိုင်သော၊ ဓမ္မ ပဋိသမ္ဘိဒါ…။
တစ်ခု တစ်ခုသော ပုဒ် အက္ခရာကို၊ သဒ္ဒါ၏ အလို၊ ဝိဂြိုဟ်+ ဝစနက်+ ဓါတ် + ပစ္စည်း လိင် အန်ဖြင့်၊ ဝေဖန်၍ သိနိုင်သော နိရုတ္တိ ပဋိသမ္ဘိဒါ…။
ကိုယ်တိုင်သိသမျှ တရားတို့ကို သူတစ်ပါးသိစိမ့်သောငှာ၊ သဒ္ဒါ +ပညတ်သို့တင်၍ စုံလင်စွာ မြွက်ဆိုတတ်သော ပဋိဘာန၊ ပဋိသမ္ဘိဒါ တည်းဟူသော သမ္ဘိဒါ လေးပါး…။
ဣဒ္ဓိဝိဓ၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ စေတောပရိယ၊ ပုဗ္ဗေနိဝါသာနုဿတိ၊ ယထာကမ္မုပဂ၊ အနာဂတံသတည်း- ဟူသော အဘိဉာဏ် ခုနှစ်ပါး…။
ရူပဈာန်လေးရပ်၊ အရူပဈာန်လေးရပ်အားဖြင့် သမာပတ်ရှစ်ပါး၊ ကျေးဇူးတော် တစ်ဆယ့်ရှစ်ပါး၊ ထူးပြား ဆန်းကြယ်၊ အံ့ဖွယ်တော် တစ်ဆယ့်ရှစ်စုံ၊ ထိုမျှဂုဏ်ကို ဥဿုံစိုးပိုင်တော် မူပြီး ထသော…။
(၁၃) ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ်၊ ဤ ငါးတန်တို့ကို၊ တိုက်လှန်ဖြိုခွဲ၍၊ အောင်ပွဲယူနိုင်၊ ရဲခေါင်တိုင်သော၊ ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန် တည်းဟူသော သတိပဋ္ဌာန်လေးပါး...။
ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်း၊ မဖြစ်သေးသော အကုသိုလ် ကံတို့ကို တဖန် အသစ်မဖြစ် စေခြင်း။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပွားအောင်လုံ့လပြုခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ကြီးပွား+စည်ပင်စိမ့်သောငှာ လွန်စွာလုံ့လပြုခြင်း တည်းဟူသော သမ္မပ္ပဓာန် လေးပါး...။
ဆန္ဒိဒ္ဓိပါဒ်၊ ဝီရိယိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ဝီမံသိဒ္ဓိပါဒ် တည်းဟူသော ဣဒ္ဓိပါဒ်လေးပါး….။
သဒ္ဓိနြေ္ဒ၊ ဝီရိယိနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ပညိနြေ္ဒ တည်းဟူသော ဣနြေ္ဒငါးပါး....။
သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ် တည်းဟူသော ဗိုလ်ငါးပါး.…။
သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယ သမ္ဗောဇ္ဈင်၊ ပီတိ သမ္ဗောဇ္ဈင်၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင် တည်းဟူသော ဗောဇ္ဈင် ခုနှစ်ပါး…။
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာ သမာဓိ တည်းဟူသော မဂ္ဂင်ရှစ်ပါး…။
ဤသို့အားဖြင့်၊ ပိုင်းခြားတွက်ဖွဲ့၊ သုံးဆယ့်ခုနှစ်ရပ်၊ အလွန်မြတ်သော၊ ဗောဓိပက္ခိယ၊ ဓမ္မ အကျော်၊ ရဲမက်တော်တို့ကို၊ ကိုယ်ရံတော်ကြီး၊ ဦးစီး ဗိုလ်ချုပ်တင်လျက်၊ အသင်္ချေ၊ တွက်ရေမဆုံး၊ ပတ်ကုံး ကိလေသာ၊ မာရ်ဗိုလ်ပါတို့ကို ဆံလွှာ မကြွင်းအောင်၊ ခုတ်စဉ်းတိုက်သိမ်း၊ အငြိမ်းအောင်မြင်တော်မူသဖြင့်၊ အသင်္ခတ၊ ခေမရွှေဘုံ၊ ဓမ္မာရုံသဘင်၊ မြိုက်နန်းခွင်၌၊ ဥကင်စွင့်စွင့်၊ ဖွင့်တော်မူပြီးထသော...။
(၁၄) လေးအသင်္ချေ၊ လွန်လေတစ်သိန်း တွက်ကိန်းများလှ၊ ကပ်ထိုမျှ၌၊ လုံ့လကြိုးပမ်း ဖြည့်စွမ်း ဆည်းပူးတော်မူခဲ့သော….။
ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီ ပါရမီ၊ သစ္စာပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီ၊ ဆယ်လီသုံးစုံ၊ ကုသိုလ်ဟုန်ကြောင့်၊ လူ့ဘုံစံပျော် အလောင်းတော်ဖြစ်ခါစကပင်၊ ကာဠာဝက၊ ဂင်္ဂေယျနှင့်၊ မဏ္ဍရ၊ တမ္ဗ၊ ပိင်္ဂလ၊ ဂန္ဓ၊ မင်္ဂလ၊ ဟေမ၊ ဥပေါသထ၊ ဆဒ္ဒန်၊ ဤဆယ်တန်သော ဆင်မျိုးတို့၏ ဆယ်ဆတက်၊ ဆယ်ဆတက်စီသော အားကိုဆောင်နိုင်သည်ဖြစ်၍၊ ယောင်္ကျား ဗိုလ်ခြေ၊ ကုဋေ တစ်သောင်း တို့၏ ကာယဗလ၊ ဌာန ဌာန၊ ကောသလ္လဉာဏ်၊ ဝိပါကဉာဏ်၊ သဗ္ဗတ္ထဂါမိနီဉာဏ်၊ နာနာဓာတုဉာဏ်၊ အဓိမုတ္တိဉာဏ်၊ ဣန္ဒြိယပရော ပရိယတ္တိဉာဏ်၊ ဈာနာဒိသံကိလေသဉာဏ်၊ ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်၊ တည်းဟူသော ဆယ်ပါးသောဉာဏ ဗလကို ရတော်မူသည်ဖြစ်၍ ...။
လူ့ပြည် နတ်ရပ် ခေတ်သုံးထပ်ကို၊ အုပ်ကွပ်စိုးပိုင်၊ နိုင်တော်မူခြင်းတည်းဟူသော ဣသရိယဘုန်းတော်…။
လောကုတ္တရာ တရား၊ မြတ်ကိုးပါးသို့ ထင်ရှားစွာရောက်ခြင်းတည်းဟူသော ဓမ္မဘုန်းတော်…။
နရဂ်၊ ဘဝဂ်၊ အောက်ထက်ပျံ့လှိုင်၊ သုံးခရိုင်၌၊ အဆုံးတိုင် ကျော်စော တော်မူခြင်းတည်းဟူသော၊ ယသဘုန်းတော်…။
သုံးဆယ့်နှစ်ပါး၊ သမိုက်ထားသော၊ ယောင်္ကျားမြတ်တို့၏ လက္ခဏာ၊ ရောင်ဝါမြုတေ၊ ကျက်သရေ အပေါင်းနှင့် ပြည့်စုံတော်မူခြင်း တည်းဟူသော သိရီဘုန်းတော်….။
အလိုတော်ရှိသမျှ၊ တခဏခြင်းဖြင့်သာ၊ ပြည့်စုံလာခြင်း တည်းဟူသော ကာမဘုန်းတော်…။
နိဗ္ဗာန်ရောက်ရာ၊ ဒေသနာဖြင့်၊ ဗြဟ္မာနတ်လူ၊ သုံးဘုံသူတို့ကို ကြည်ဖြူစွာလှ၊ သင်ဆုံးမသောကြောင့်၊ လောကလုံး ကိုးကွယ်ရာ၊ ဆရာ အဖြစ်သို့ ရောက်တော်မူခြင်း တည်းဟူသော ပယတ္တဘုန်းတော်…။
ဤ ခြောက်ဖော်သော၊ ဘုန်းတော်အမြတ် ၊ဂုဏ်အရဟတ်ဖြင့်၊ လောကဓာတ်လုံး။ ညွှတ်ရုံးညီကာ၊ ကောင်းချီးငြာလျက်၊ ဘဂဝါ ဟူသော ဘွဲ့ ပုံတော် အထူးဖြင့်၊ ညွှတ်နူးကော်ရော်၊ ပူဇော်ချီးပ အပ်သည်လည်း ဖြစ်ထသော…။
(၁၅) အဍ္ဎ ဆက္ကသတ၊ ဇာတကကို၊ ပုံပြသက်သေခံလျက်၊ အနန္တ ဘဝ ဖြစ်ဖြစ်သမျှ တိှု့၌၊ ဓနပရိစ္စာဂ၊ ပုတ္တပရိစ္စာဂ၊ ဘရိယ ပရိစ္စာဂ၊ အင်္ဂပရိစ္စာဂ၊ ဇီဝိတပရိစ္စာဂတည်း ဟူသော၊ စွန့်ခြင်းကြီး ငါးအင်၊ မဂ္ဂင်ဖောင်ပျံ စံလိုသူ အပေါင်းတို့ထက်၊ ကဲဆောင်း လွန်မြောက်၍၊ အထောက်မတန် ပြုခဲ့သော၊ ဟေတုသမ္ပဒါ၊ မြတ်သမ္ဘာကြောင့်၊ အဏိမာ၊ လင်္ဃီမာ၊ မဟိမာ၊ ပတ္တိမာ ကမ္မာ၊ ဤသိတာ၊ ဝသိတာ၊ ယတ္တကာမဝသယိတာ ဟူသော ဘာသာမဂဓို၊ ရာဇဂြိုလ်၊ ဥဒါန်းနှင့်အညီ၊ ရံသီနေပြောက်၊ ပြတင်းပေါက်၌၊ မြင်လောက်ရုံသော၊ အဏုမြူပမာ၊ သိမ်မွေ့စွာသော ကိုယ်တော်ကို၊ ငယ်အောင် ဖန်ဆင်းတော်မူနိုင်ခြင်း…။
ရေပြင်မြေမိုး၊ ပျံလျှိုး ငုတ်လွှား၊ သွားတော်မူနိုင်ခြင်း၊ ကြီးစေလိုက မြင့်မိုရ်ပြန်ရာ ထို့ထက်သာ၍၊ စကြာဝဠာပတ်လုံး၊ အုပ်ဖုံးပတ်လှည့်၊ ကိုယ်တော်ပြည့်အောင်၊ တရှိ ထိုတော် မူနိုင်ခြင်း၊
မြေထု ရေထူ မေရုပဗ္ဗတာ၊ သီလာ တောင်ထပ်၊ အတွင်းရပ်ကို၊ ကျဉ်းကျပ် ပိတ်ဆီးခြင်း မရှိ၊ ပကတိကောင်းကင်၊ ဟင်းလင်းပြင်ကဲ့သို့၊ လျှိုးဝင်ထွင်းဖောက်၊ ကြွရောက်တော်မူနိုင်ခြင်း…။
မနောဓိဋ္ဌာန်၊ စိတ်တော်ကြံတိုင်း၊ ကမ္မာ ကမ္မ ဟူသမျှကို၊ ကုံင ပြီးမြောက်တော်မူနိုင်ခြင်း…။
သုံးဆယ်တစ်ဘုံ အလုံးစုံကို ဥဿုံစိုးပိုင်တော်မူနိုင်ခြင်း…။
လောကီဈာန်ရပ် သမာပတ်ကို မပြတ်ဝင်ကာ၊ လိုတိုင်းပါအောင်၊ လေ့လာတော်မူနိုင်ခြင်း…။
သက်မရှိသည့်၊ ဂီရိ ဗဟို၊ တောင်မြင့်မိုရ်မှလည်း၊ လိုတော်လိုက်က၊ ညွှတ်ငိုက်လာရခြင်း တည်းဟူသော၊ တန်ခိုးတော်ရှစ်ဦး၊ ဘုန်းတော်ထူးဖြင့်၊ အံ့ကျူးပြီးပိုင်၊ မချီးနိုင်၍၊ တစ်ပြိုင်တည်လျက်၊ တစ်ပြိုင်ပျက်သော၊ စကြာဝဠာ တိုက်နေ၊ သိန်းကုဋေလုံး၊ ရွှေမုဋ္ဌာန်စွမ်း၊ အာဏာလွှမ်း၍၊ ထဲဝမ်းစိမ့်စိမ့်၊ ကြက်သီးဖိမ့်မျှ၊ ခြိမ့်ခြိမ့်ကြွေးကြော်၊ ပူဇော်ကြရာ၊ သုံးရွာလုံးတန်ဆောင်၊ မင်းခေါင်မင်းဖျား၊ မင်းတရား အစစ်လည်း ဖြစ်တော်မူထသော...။
(၁၆) လောကသုံးရွာ၊ သတ္တဝါတို့၏၊ ခန္ဓာ ရုပ် နာမ်ဝယ်၊ အဖန်ဖန် ကပ်ညိလျက်၊ ဖိစီးနှိပ်စက်တတ်သော၊ ပိဠနအနက်…။
ကံ ၊စိတ်၊ ဥတု၊ အဟာရတည်း ဟူသော အကြောင်းတရား လေးပါးတို့သည် ပြုပြင်စီရင် အပ်သော သင်္ခတ အနက်…။
မရောင့်ရဲစွာ၊ သတ္တဝါ တို့ကို လောင်ဆာပူ ပန်စေတတ်သော၊ သန္တာပ အနက်…။
ဇရာ၊ မရဏ၊ သောက၊ ပရိဒံတို့ဖြင့် ဖောက်ပြန် ပျက်စီးတတ်သော ဝိပရိဏာမ အနက်…။
တည်းဟူသော လေးပါးသော ဒုက္ခသစ္စာ အနက်တို့ကို လည်းကောင်း…။
အစမထင်၊ သံသရာ၌၊ လူးလာ စုံဆန်၊ အဖန်ဖန် သွားလာစေခြင်းငှာ၊ အားထုတ်တတ်သော၊ အာယူဟန အနက်…။
ဝဋ်ဆင်းရဲအပေါင်း၏ အကြောင်းမူလ ဖြစ်သော နိဒါန အနက်…။
ဝဋ်ဆင်းရဲ၌၊ အမြဲပျော်ရွှင်၊ တမင်မင်ဖြင့်၊ ကျင်လည်စေတတ်သော၊ သံယောဂ အနက်…။
ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော၊ မဂ္ဂသစ္စာကို ဆီးကာ၊ တားမြစ်တတ်သော၊ ပလိဗောဓ အနက်…။
တည်းဟူသော လေးပါးသော သမုဒယ သစ္စာ၏ အနက်တို့ကိုလည်းကောင်း။
သံသရာဝဋ်မှ၊ ထွက်လွန်ကူးမြောက် ပြီးသော နိဿရဏ အနက်…။
ပြုပြင်ရာသင်္ခါရတို့မှ ဆိတ်သော၊ ဝိဝေက အနက်…။
သေခြင်းစသော ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းချမ်းသာသော၊ အမတအနက်…။
တည်းဟူသော လေးပါးသော နိရောဓသစ္စာ၏ အနက် တို့ကို လည်းကောင်း…။
ဝဋ်ဒုက္ခ အပေါင်းတို့မှ ကောင်းစွာ ထွက်မြောက်တတ်သော၊ နိယျာနိက အနက်…။
နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ဟေတုအနက်…။
နိဗ္ဗာန်ကို မြင်တတ်သော ဒဿန အနက်…။
သင်္ခါရတရားတို့ကို၊ အစိုးရသော အဓိပတေယျ အနက်...။
တည်းဟူသော လေးပါးသော၊ မဂ္ဂသစ္စာ၏ အနက်၊ တို့ကို လည်းကောင်း…။
အကြောင်း အကျိုး အားလျော်စွာ၊ လေးသစ္စာတို့ကို ဒဿနာကာရဖြင့် သောဠာသ ဝေဖန်၍၊ ရွှေဉာဏ်တော်ထင်ထင်၊ ရွှေလက်တင် ပတ္တမြား ကဲ့သို့၊ ပိုင်းခြားသိမြင်တော်မူသည့်အလျောက်၊ အထောက် အခံ၊ ကံဉာဏ်ကြီးရင့်၊ ပွင့်ထိုက်သော သတ္တဝါ၊ ဝေနေယျာတို့ကို၊ ပွင့်ပါစေ နှလုံးဖြင့်၊ စွေချုန်းထစ်ကြိုး၊ ရှစ်ကိုးနယ်ကုန်၊ သုန်သုန် ပြင်းဝှန်၊ ရွာဖျန်းသွန်သော၊ မေဃဝန်တမျှ၊ ဓမ္မဘေရီ၊ မေဒနီကို၊ နာရီမလပ်၊ လူနှင့်နတ်အား၊ မပြတ်တိုက်ကျွေး၊ ပေးတော်မူပေတတ်သော…။
သုံးရပ်လုံးဆရာ၊ ဒေဝါဒိ ဒေဝိန္ဒ၊ ဗြဟ္မာဓိ ဗြဟ္မိန္ဒ၊ တိဘဝပါရဂူ၊ အဘိဘူပါမောက္ခ၊ အနုတ္တရသင်းကျစ်၊ မဟာဓမ္မရာဇ်၊ မြတ်ရှင်ချစ်ကို...။
ခန္ဓာပဉ္စက၊ ဒြပ်မျှကို၊ ပေါင်းထယှဉ်ဖော်၊ ဘုရားတပည့်တော်သည်၊ ဝန္ဒေ ဝန္ဒာမိ၊ ဂုဏ်တော်ထုံမွှမ်း၊ ပုံတော်မှန်းလျက်၊ ချီးမွမ်းထောမနာ၊ ပဏာရိုကျိုး လက်စုံမိုး၍၊ ရှိခိုးကန်တော့လိုက်ပါ၏ မြတ်စွာဘုရား.....။

ပကိဏ္ဏက နမက္ကာရ အစိန္တေယျ - ဘုရားရှိခိုးကြီး ဤတွင် ပြီးပါပြီ…။


Thursday, December 17, 2009

နမက္ကာရ အစ ရှင်မဟာဗုဒ္ဓဃောသ

အရှင် မဟာဗုဒ္ဓဃောသ ရေးသားတော်မူတဲ့ ဝိသုဒ္ဓိမဂ် ကိုကျက်မှတ်ပူဇော်ရင်း ဆရာတော်ရဲ့ ထူးခြားတဲ့ အရည် အသွေးနဲ့ ဖြစ်ရပ် တွေကို ကြည်ညိုနေမိပါတယ်။ သည်နှစ်အတွက် ဝိသုဒ္ဓိမဂ် ပထမဆင့်သာ ဖြေဆိုနိုင်တဲ့ ကျွန်မဟာ ၁၂.၁၂.၂၀၀၉ နေ့မှာပဲ စာမေးပွဲဖြေဆိုပြီးစီး သွားခဲ့ပါတယ်။ ကျွန်မ၏ ဆန္ဒကိုသိနေသည့် အလား ဆရာတော်ဘုရားရဲ့ ထေရုပ္ပတ္တိ စာအုပ်ငယ်လေးဟာ လက်ထဲကို ချိန်သားကိုက်လှစွာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလို့လာခဲ့ပါတယ်။
အချိန်ကာလ ကတော့ သာသနာတော်နှစ် ၉၀၀ ခန့်ကပေါ့။ သီဟိုဠ်ကျွန်းမှာ သာသနာတော် အလွန်ထွန်းလင်းစည်ပင် တောက်ပ လျက်ရှိနေခဲ့ပါတယ်။ နမက္ကာရ ဘုရားရှစ်ခိုး သည်လည်း ဝိသုဒ္ဓိမဂ္ဂ ကျမ်းမြတ်နှင့် ဆက်စပ် နေလို့လည်း ပိုလို့ စိတ်ဝင်စားခဲ့ ရပါတယ်။
ထိုအချိန်က ပိဋကတ်သုံးပုံပါဠိတော်နှင့် အဌကထာများသည် မပျက်မစီး သီဟိုဋ္ဌ် ဘာသာဖြင့် တည်ရှိနေခဲ့ပါတယ်။ ဘုရားပွင့်ရာ မဇ္ဈိမ ဒေသမှာတော့ အပြည့်အစုံတည်ရှိခြင်း မရှိလေတော့ (ပိဋကတ် သုံးပုံပါဠိတော် နှင့် အဋ္ဌကထာ များကို သီဟိုဋ္ဌ်ဘာသာ အက္ခရာအရေးအသားကနေ မာဂဓ ဘာသာ အက္ခရာ အရေးအသားသို့ အဘယ်သူ ပြန်ဆို ကူးယူနိုင်စွမ်း ရှိပါလတ္တံနည်း) ဟု မထေရ် အများစည်းဝေးတိုင်ပင်ကြပါတယ်။


တာဝတိံ သာနတ်ပြည်မှ ဃောသနတ်သားကို မထေရ်များတွေ့ မြင်ကြကုန်သည်ရှိသော်၊ ဤနတ်သားသည် ကား ပိဋကတ်တော်ကို ပြန်ဆိုကူးယူနိုင်စွမ်း ရှိရုံမက ဗုဒ္ဓသာသနာတော်မြတ်ကြီးကိုလည်း အဓွန့်ရှည်စွာ တည်တန့် စေနိုင်မည့်သူ ရယ်လို့ အနာဂတံသ ဉာဏ်ဖြင့်သိတော်မူ တဲ့အတွက်* ဃောသ * နတ်သားကို သိကြားမင်း၊ နတ်မင်းတို့ နှင့်တကွ မထေရ်မြတ်တို့က တောင်းပန်ကြပါတယ်။ မဟာဗောဓိပင်အနီး ဃောသအမည်ရှိသော ပုဏ္ဏားရွာမှာ၊ ကေသမည်သော ပုဏ္ဏားကြီးရဲ့ဇနီး ကေသီမည်သော ပုဏ္ဏေးမကြီးရဲ့ ဝမ်းတိုက်အတွင်း ပဋိသန္ဓေ စွဲမှီ တည်တော်မူပါတယ်။

ဃောသပုဏ္ဏား အဖြစ် မွေးဖွားတဲ့ အားလျော်စွာ မိဘရိုးရာ ဗေဒင်ပညာကို သင်ကြားရာ ၇နှစ်သား အရွယ် ကတည်းက တဖက်ကမ်းခတ် တတ်မြောက်ခဲ့ပါတယ်။ ဗေဒင်မာန် တက်ကြွပြီး အရပ်ရပ် အရွာရွာကိုသွားရောက် လှည့်လည် ဆွေးနွေးလေရာ (ရေဝတ ) အမည်ရှိသော ရဟန္တာ မထေရ် မြတ်တပါးနဲ့ တွေ့ဆုံခဲ့ပါတယ်။

အရှင်ရေဝတ မထေရ်မြတ်က *ကုသလာဓမ္မာ- ကုသိုလ်တရားတို့သည်ကား အဘယ်သည်တို့မည်နည်း* *အကုသလာ ဓမ္မာ- အကုသိုလ်တရာ တို့ကား အဘယ်သည် တို့နည်း* *အဗျာကတာ ဓမ္မာ- အဗျာကတ တရားတို့ကား အဘယ်သည်တို့နည်း* ဟု ပရမတ္ထဝေဒ မည်တဲ့ ဗုဒ္ဓမန္တန်ကို မေးမြန်းခဲ့ပါတယ်။

ကြားလည်းမကြားဘူး ဖြေကြားနိုင်စွမ်းလည်း မရှိတဲ့အတွက် အဲဒီ ပရမတ္ထ ဗုဒ္ဓမန္တန်ကို သင်ကြားလို စိတ်တွေ ထက်သန်လာခဲ့ပြီး အရှင်ရေဝတ ရဟန္တာ မထေရ်မြတ်ထံပါးမှာ ရှင်ရဟန်းပြုပြီး သင်ကြားခဲ့ရာ တစ်နေ့တစ်နေ့တွင် ပုဒ်ပေါင်း ခြောက်သောင်း နှုတ်တက် သရဇ္ဈာယ် နိုင်တဲ့ အတွက် တစ်လတည်းဖြင့်ပင် ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်ခဲ့ ပါတယ်။

တနေ့ကျတော့ ရှင်မဟာ ဗုဒ္ဓဃောသ မထေရ်က *မြတ်စွာဘုရားဟောကြားတော်မူသော ပိဋကတ်သုံးပုံမှာ ငါ၏ အသိဉာဏ်ပညာက လွန်ကဲလေသလော* လို့ တွေးတောကြံစည်သည်ကို ဥပဇ္ဈယ်ဆရာဖြစ်တော်မူတဲ့ အရှင်ရေဝတ မထေရ်မြတ်က စေတောပရိယ အဘိဉာဉ် နဲ့သိတော်မူခဲ့ပါတယ်။ ငါ့ရှင် ဗုဒ္ဓဃောသ- ပိဋကတ်စာပေ မာန်တက်ကာ မသင့်တော်သည်များကို မကြံစည်လင့် ဝန်လေးလှဘိသည်* စသည်ဖြင့် နှိပ်ကွပ် ဆုံးမတော်မူခဲ့ပါတယ်။

အဲဒီ အခါ အရှင်မဟာ ဗုဒ္ဓဃောသ မထေရ်သည် ထိတ်လန့်ခြင်း သံဝေဂ ဖြစ်ပေါ်လာပြီး ဥပဇ္ဈာယ် ဆရာအား ကန်တော့ဝန်ချတောင်းပန် လိုက်ပါတယ်။ ဥပဇ္ဈာယ်ဆရာကလည်း (ငါ့ရှင်ဗုဒ္ဓဃောသ။ သီဟိုဋ္ဌ်ကျွန်း ကိုသွားပြီး သီဟိုဋ္ဌ်ဘာသာ အက္ခရာ ဖြင့်ရေးသားတင်ထားအပ်တဲ့ ပိဋကတ်သုံးပုံကို မာဂဓဘာသာ အက္ခရာနဲ့ ပြန်ဆို ရေးသားလေလော့။ ယင်းသို့ ရေးသားလေလျှင် ငါသည်းခံအံ့) ဟုမိန့်တော်မူတဲ့ အတွက် ဆောင်ရွက်ပါမယ်လို့ ဝန်ခံ ကတိပြုရပါလေတော့တယ်။

အရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ် ကျွန်းကိုမကြွမီ ခမည်းတော်အားမိစ္ဆာဒိဋ္ဌိ အယူမှ လွတ်စေပြီးမှ ဥပဇ္ဈာယ် ဆရာရဲ့ စကားကို ဦးဖြင့်ခံယူပြီး ပိဋကတ်တော် ရေးကူးရန် အတွက် ရွက်သင်္ဘောနဲ့ သီဟိုဠ် ကျွန်းကို ကြွချီတော်မူခဲ့ပါတယ်။
သုံရက်မြောက်တဲ့နေ့၊ သမုဒ္ဒရာအလယ်သို့ရောက်တဲ့အခါမှာ ပိဋကတ်တော် ကူးယူလို့မရလို့ ပြန်ခဲ့ရတဲ့ အရှင်ဗုဒ္ဓဒတ္ထ မထေရ်ရဲ့ရွက် သဘောင်္ နဲ့တွေ့ဆုံပါတယ်။

အရှင်ဗုဒ္ဓဒတ္ထ မထေရ်က *ငါ့ရှင်- ဗုဒ္ဓဃောသ ငါသည် သီဟိုဠ် ကျွန်းတွင် ပိဋကတ်တော် ကူးယူခွင့်ရရန် အလို့ငှာ ဇိနာလင်္ကာရကျမ်းကို ရေးသား ပြုစုပြသခဲ့ပါတယ်။ သီဟိုကျွန်းသား မဟာထေရ်များကငါရေးသား သောကျမ်းကို အနှစ်မဲ့ကျမ်းလို့ မှတ်ထင်ပြီး ငါ့ကို ပိဋကတ်တော်ကူယူခွင့်မပြုခဲ့ကြပါဘူး။ သင်မူကား ပိဋကတ်တော် အဖွင့် သံဝဏ္ဏနာကျမ်း တစ်ခု ပြုစုပြသပြီး ကူးယူခွင့်တောင်းပါ* လို့မှာထားပြောဆိုပြီး သိကြားမင်း ဆက်ကပ် အပ်တဲ့ သျှိသျှားသီးကို လည်း၎င်း၊ သံကညစ်တံကို ၄င်း၊ကညစ်သွေးရန် ကျောက်ကို၎င်း၊ ရှင်မဟာ ဗုဒ္ဓ ဃောသ မထေရ်ကို ပေးအပ်ပါတော့တယ်။

ရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်ဟာ သီဟိုဠ်ကျွန်းကိုရောက် တဲ့အခါ ဦးစီးပထမ သံဃပါလ မထေရ်ကို မူးမြင်ပြီး ပိဋကတ်တော်ကူးယူရန် လာရောက်ကြောင်း လျှာက်ထားသဖြင့် သီဟိုမထေရ်များနဲ့ သံဃပါလ မထေရ်မြတ်က… ဇဋာသုတ်လာ- ဂါထာတစ်ပုဒ်ပေးအပ်ကာ ဂါထာ အနက်ကို ပိဋကတ်တော် တုန်လှုပ်ခြောက်ခြား အောင်ဖွင့်ဆိုပါအုံးလော့ ဟု တိုက်တွန်းပါတယ်။
ဂါထာကို အစဦး ထားပြီး ဝိသုဒ္ဓိမဂ်ကျမ်းကို ရေးသားပြုစုတော်မူပါတယ်။

သီဟိုဠ် မထေရ်များ အလွန်နှစ်သက်သဘောကျပြီး ပိဋကတ်တော်ပြန်ဆို ကူးယူခွင့်ပေးသော်လည်း ပိဋကတ်တိုက်ကြီး ကိုတော့ဖွင့်မပေးခဲ့ပါဘူး။ သင့်အစွမ်းဖြင့် ဖွင့်၍ ကူးယူလေလော့--- လို့မိန့်ဆိုကြပြန်ပါတယ်။
သည်နေရာမှာ ကျွန်မ ကတော့ တွေးမိပါတယ်။ တက္ကသိုလ် တက်ခွင့်ရဘို့ ကျွန်မတို့ Proposal တင်ရသလို Entrance Exam ဖြေရသလိုနေမှာပဲ ဆိုတာကိုပါ။

အရှင်မြတ်ဟာ သည်အချိန်မှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရားကို ကြည်ညိုတဲ့စိတ်ကို အစွမ်းကုန် စွမ်းအားထုတ် ကာ လှိုက်လှဲ ရဲရင့်တဲ့ စေတနာနဲ့ပူဇော်ခဲ့တာကစပြီး နမက္ကာရ ဘုရားရှစ်ခိုး စတင်ပေါ်ပေါက် လာခဲ့တာ ဖြစ်ပါတယ်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီးရဲ့ ဂုဏ်တော် ကျေးဇူးတော်၊ လက္ခဏာတော် တန်ခိုးတော်များနဲ့ တကွ စရိယသုံးပါး၊ စွန့်ခြင်းကြီး ငါးပါး၊ ပါရမီတော် ဆယ်ပါး၊ စသည်တို့ကို (သုဂတံ၊သုဂတံ သေဋ္ဌံ) စသောနမက္ကာရာ ဘုရား ရှစ်ခိုးဂါထာဖြင့် ဖွဲ့နွဲ့ရေးသားစီရင်ပြီးလျှင် ပိဋကတ်တော် တံခါးဝတွင် ထိုင်တော်မူလျှက် နမက္ကာရ ဂါထာပါ အနက် အဓိပ္ပါယ်လာ အတိုင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးအား အာရုံပြုပြီး နမက္ကာရ ဘုရားရှိခိုး ဂါထာပါဠိကိုရွတ်ဆိုရာ……………………

မဟာဗောဓိ ပလ္လင် တော်ဝယ် ထက်ဝယ်ဖွဲ့ခွေနေတော်မူသော မြတ်စွာဘုရားအား မာန်နတ် လာ၍ စစ်ထိုးသောအခါ (ဆယ်ဖြာသော ပါရမီတော်ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့သောကြောင့် ဤဗောဓိပင်နှင့်ပလ္လင်ကို ရရှိပေသည်) လို့ ပါရမီတော်နှင့် ညွှန်ကြားမှ မာရ်နတ်ရန် ပျက်ပြားလို့သွားသကဲ့သို့ပင် ထူးခြားလှစွာ ပါရမီ ဂုဏ်တော်ညွှန်း ဂါထာပုဒ်ကို ရွတ်ဆိုမိသည်နှင့် တပြိုင်နက် ပိဋကတ်တ်ာတိုက် တံခါးသည် အလိုလို အလျောက် တဟိန်းဟိန်းမြည်လျက် ဟင်းလင်းပွင့်သွားပြီး ပိဋ ကတ် တော်ကို ကူးယူပြန်ဆိုနိုင် ခဲ့ပါတော့တယ်။
အရှင်မဟာဗုဒ္ဓဃောသ စီရင်တော်မူအပ်တဲ့ နမက္ကာရ ပါဠိကို ရှေးဆရာတော်ကြီးများသည် ပါဠိလျှောက်စာသွား စကားပြေများနဲ့ အနက်မြန်မာ ပြန်ဆိုတော်မူခဲ့ပါတယ်။ တွံတေးဆရာတော်ဘုရားကြီး၊ စိန္တကျော်သူ ဦးသြတို့ကလည်း အနက်မြန်မာ ပြန်ဆိုခဲ့ကြပါတယ်။
ထို နမက္ကာရသုံးစောင်ကို တစ်အုပ်တည်းစုပေါင်းပြီး ရွှေတောင်မြို့ ကျီးသည်းလေးထပ် ဆရာတော်ဘုရား ကြီးက မြန်မာ စကားပြေလင်္ကာ စကားပြေနှင့် ပကိဏ္ဏက နမက္ကာရ အစိန္တေယျ ဘုရားရှိခိုးစာအုပ်ကို ရေးသားပြုစုထားခဲ့တာ ဖြစ်ပါတယ်။ အများနားလည်စေရန် အတွက် စကားပြေလင်္ကာစာသွားနဲ့ ဘုန်းတော်ကြီးကျောင်းသုံး (၁၀)စောင်တွဲ တွင်ရှိ နမက္ကာရပါဠိတော်မှာ ပြန်ဆိုရေးသားခဲ့တာဖြစ်ပါတယ်။
နိုင်ငံကျော် အနုပညာရှင်ကြီးဖြစ်တဲ့ အလင်္ကာကျော်စွာ ဆရာကြီးဦးသုခဆိုလျှင် မိမိ မွေးနေ့တိုင်း ဤဘုရားရှိခိုး စာအုပ်ကိုသူ၏ မွေးနေ့တိုင်း ထောင်နှင့်ချီ ပြီး ရိုက်နှိပ်လှူဒါန်းခဲ့သလို ဆရာကြီးရဲ့တပည့် ဒါရိုက်တာမောင်နှင်းမိုး သည်လည်းဆရာကြီးရဲ့ အစဉ်အလာအတိုင်း ယနေ့တိုင်လှူဒါန်း ဆဲဖြစ်ပါတယ်။
ကျေးဇူးတော်ရှင်မြတ်စွာသခင်ရဲ့ အတုမရှိ ဉာဏ်တော်ကြီး၊ ကျေးဇူးတော် အနန္တ၊ ဂုဏ်တော် အနန္တတို့ကို တိတိပပ ရေးသား ထားတာဖြစ်လို့ တစ်လုံးချင်းရွတ်ဆိုလေလေ ထဲဝမ်းစိမ့်စိမ့်၊ ကြက်သီးဖိန့်မျှ ချိမ့်ချိမ့်ကြွေးကြော် ပူဇော်လို့ မဝနိုင်အောင်ပါပဲ။
သည်စာကို ရေးတင်မိတ်ဆက် သလို ကျွန်မလည်း ကိုယ်ရသလို ရစေချင်တဲ့စေတနာနဲ့ ကြိုးစားပြီး စာရိုက်ပူဇော်ဖို့၊ ဆုံးဖြတ်မိပါတော့တယ်။ ဓမ္မမိတ်ဆွေများ ထံမှ စာစီ ပြီးသားရှိရင်လည်း မျှဝေပေးဘို့၊ ရရှိပြီးသားဆိုရင်လည်း နမက္ကာရ ဘုရားရှိခိုးဖြင့် အစွမ်းထည့်ပူဇော်ကြရင်း အဆင့်မြင့် ဗုဒ္ဓနုဿတိဘာဝနာ ပွားများကြရအောင်လို့ တိုက်တွန်းလိုက်ပါရစေရှင့်။

မှတ်ချက်။ ။ပညာအလင်း စာပေတိုက်မှ ထုတ်ဝေသော (အရှင်မဟာဗုဒ္ဓဃောသ၏ ထေရုပ္ပတ္တိ အကျဉ်းနှင့် ပကိဏ္ဏက နမက္ကာရ ဘုရားရှိခိုး) စာအုပ် ကို ကိုးကားရေးသားအပ်ပါသည်။


Tuesday, December 1, 2009

နတ်တော် လပြည့်နေ့

ချစ်ခင်လေးစားရပါသော ဓမ္မမိတ်ဆွေများရှင်

့မြန်မာရိုးရာ ၁၂လရာသီပွဲတော်တွေ အနက်မှာ နတ်တော်လပြည့် နေ့ကတော့ ရှေးယခင်က နတ်ပွဲဖြစ်ပြီး အခုခေတ်မှာတော့ စာဆိုတော်ဂုဏ်ပြုပွဲများ ကျင်းပပြုလုပ်ဖြစ်ပါတယ်။ နတ်တော်လကိုလည်း စာဆိုတော်လ အနေနဲ့သတ်မှတ်ထား ခဲ့ပါတယ်။
ဘာသာရေး အခမ်း အနားများကို တစ်လတစ်ကြိမ် ကျင်းပနေကြတဲ့ သာသနာရေး ဦးစီးဋ္ဌာနကတော့ လောက အကြောင်းမဖက် ဓမ္မကြောင်းသက်သက်ကိုသာ ရေးဖွဲ့ကြတဲ့ ဓမ္မစာဆိုတော် များကြီးတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ နတ်တော်လပြည့်နေ့ကို ဓမ္မစာဆိုတော်နေ့အဖြစ် ကျင်းပ ကြပါတယ်။ ဓမ္မစာပေတွေ၊ ဆရာတော်ဘုရားများ ဟောကြားတော်မူတဲ့ တရားဓမ္မအသံဖိုင်၊ ဗီဒီယို ဖိုင်တွေကို အင်တာနက် စာမျက်နှာ တွေက တစ်ဆင့် ဖြန့်ဖြူးပေးနေတဲ့ Dhamma Website Developer, Dhamma Blogger များအားလုံး သည်လည်း
ဓမ္မစာဆိုတော်များ စာရင်းဝင် အဖြစ်သတ်မှတ်ရမှာ ပါပဲနော်။


လောက ရေးရာ စိတ်အာရုံ မကျက်စားပဲ ဓမ္မစာပေတွေကို အာရုံထားလို့ တစ်စိုက်မတ်မတ် လေ့လာရေးသား မျှဝေပေးခဲ့တာ တွေဟာ တကယ်တော့ ချီးကျူး ဂုဏ်ပြုစရာကောင်းလှပါတယ်။ ပျော်စရာ ကာမဂုဏ် အာရုံတွေကို Click တစ်ချက်လုပ်ရုံနဲ့ ရရှိ သာယာနိုင်တဲ့ online ပေါ်မှာမဟုတ်လား။ ငြိမ်းချမ်း အေးမြ၊ သန့်စင်တဲ့ ဓမ္မစာမျက်နှာ များစွာကို မငြိမ်းအေးသော စိတ်ရဲ့ကွန်းခိုရာ နေရာများ အဖြစ် တည်ဆောက် ဖန်တီး နိုင်ကြတာကိုလည်း လေးစားမိပါတယ်။ ရေးသားတဲ့လူတွေ ဘယ်လောက်ရေးရေး တလေးတစား ဖတ်ရှု သူများကြောင့်လည်း ဓမ္မစာမျက်နှာများ စည်ပင်ထွန်းကားခဲ့တာ ဖြစ်လို့ ဖတ်ရှုကြတဲ့ ဓမ္မမိတ်ဆွေများကို အထူးပဲကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
ထင်ရှားတဲ့ ဓမ္မ စာဆိုတော် တွေကိုပြန်ကြည့်ရင် ပုဂံခေတ် ကအစပြုပြီး အနန္တသူရိယ အမတ်ကြီး၊ ပင်းယခေတ် စတုရင်္ဂဗလ အမတ်ကြီး၊ အင်းဝခေတ် ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ တောင်ဖီလာဆရာတော်၊ ကုန်းဘောင်ခေတ် မှာဆရာတော် ဦးဗုဓ်၊ သင်္ဂဇာ ဆရာတော်၊ ဗြိတိသျှခေတ်မှာ မာန်လည်ဆရာတော်၊ လယ်တီ
ဆရာတော်၊ လွတ်လပ်ရေးကြိုခေတ်မှာ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနာကာဘိဝံသ တို့ရေးသားခဲ့တာ တွေဟာ တန်ဘိုးမဖြတ်နိုင်တဲ့ ဓမ္မအမွေအနှစ် တွေပါပဲ။ အခုမျက်မှောက်ခေတ်မှာ တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသက အစပြု လို့ဆရာတော်ပေါင်းများစွာရေးသားခဲ့တဲ့ ဓမ္မစာပေများကို ကျွန်မက
ညွတ်ညွတ်နူးနူး ပူဇော် အထူး ပြုလိုလှပါတယ်။
ဒီပနီ အမျိုးမျိုး၊ သံဝေဂစာအမျိုးမျိုး၊ ကျမ်းစာအမျိုးမျိုး၊မေတ္တာစာအမျိုးမျိုး၊ ဆုံးမစာအမျိုးမျိုး လင်္ကာအမျိုးမျိုး တို့ဟာ ရဟန်းရှင်လူတို့ရဲ့ နှလုံးသားနဲ့ ပါးစပ်ဖျားမှာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ကြီးမြတ်တဲ့ စာပေနှလုံးသား၊ စေတနာ အရှိန်အဟုန် အင်အား ကိုလည်း ကျွန်မကအားကျ အတူယူလိုလှပါတယ်။ နတ်တော်လပြည့် ဓမ္မစာဆိုတော်နေ့ အခါသမယမှာ ကျွန်မ နှစ်သက်ခဲ့ လေးစားကြည်ညိုခဲ့တဲ့ ပုဂံခေတ်က ဓမ္မစာဆိုတော် *အနန္တသူရိယ အမတ်ကြီး* ရဲ့သံဝေဂ စာလင်္ကာ တစ်ပုဒ်ဟာ ကျွန်မ ဝိဉာဉ်ကို ပူးဝင်ရှင်သန် လို့လာ
ပြန်ပါတော့တယ်။
၁။ သူတည်းတစ်ယောက် ကောင်းဘို့ရောက်မူ၊ တစ်ယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။
၂။ ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။
၃။ ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာ
ခိုင်ကျည်၊ အတည် မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တဝါတည်း။
၎။ ရှိခိုးကော်ရော်၊ ပူဇော် အကျွန်၊ ပန်ခဲ့တုံ၏။ ခိုက်ကြုံဝိပါတ်၊ သံသာစက်၌၊ ကြိုက်လတ်တုံမူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို ချန်ဘိစစ်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည် အနိစ္စာ ငါခန္ဓာတည်း။

ရဲရင့်တည်ကြည်သလို စိတ်နှလုံးထက်မြက် လှတဲ့ ဓမ္မစာဆိုတော်ကြီးဟာ သူသတ်ကုန်းရောက်တဲ့ အချိန်တိုင်အောင် တုန်လှုပ်မှု မရှိ၊ လောကကိုအမှန်အတိုင်းသိရှိတဲ့ သမ္မာဒိဋ္ဌိဉာဏ်တွေ ထွန်းတောက် ပြီးသည်ကဗျာလေးကို ရေးသွားခဲ့တယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ ပုဂံခေတ် နေပြည်တော် တွင်းမှာ မင်းယဉ် နရသိင်္ခနဲ့ နရပတိစည်သူတို့ ဝေဠုဝတီကို အကြောင်းပြုပြီး မောဟ အမှောင်ဖုံးခဲ့တဲ့ အရေးမှာ အမတ်ကြီးဟာ တန်ဆာခံဖြစ်ခဲ့ရတာ ဘယ်သူ့ကိုမှ အပြစ်မတင်သွားခဲ့ပါဘူး။ သူ့ရဲ့ သေမင်းကိုရင်ဆိုင်ပုံ ဟာလည်း အကြောင် အကျိုးသိမြင်တဲ့ စိတ်နဲ့ငြိမ်သက်နေပါတယ်။ သံသရာမှာ ပြန်တွေ့ခဲ့ရင်တောင် ခွင့်လွှတ်စိတ်နဲ့ အတုန့်အလှည့်မယူလိုပါကြောင်း သဘောထားကြီးပြခဲ့ပါတယ်။ ဓမ္မစာဆိုတော်တို့ရဲ့ စိတ်ဓာတ်အဆင့်အတန်းမြင့်မား ကြတာဟာ မြတ်ဗုဒ္ဓရဲ့ အရိပ်အောက်က တရားဓမ္မ ဂုဏ်တော်များကို ခိုလှုံခဲ့ ရလို့ပါပဲ။ အနှိုင်းမဲ့စံပြ နမူနာအဖြစ် မြတ်ဗုဒ္ဓ ကိုဦးထိပ်ပန်ဆင်ပြီး လူထုကြားမှာ တရားဓမ္မများ စိမ့်ဝင်ပျံ့နှံ့အောင် လမ်းပြ ရှေ့ဆောင်နိုင်ခဲ့တဲ့ဓမ္မစာဆိုတော်များကို၊ မှန်းဆ ကြည်ညို ကန်တော့နေမိရင်း …..၊

ဓမ္မဘလော့ဂါများကိုလည်း ဂုဏ်ပြု အားပေးရင်း နတ်တော်လပြည့်နေ့ကို ဖြတ်သန်းလွန်မြောက် စေပါတော့ တယ်။