Friday, April 30, 2010

လောကအလင်းရှင်-မွေးမိခင်သို့


ကျွန်မရဲ့ အမေ
ဘဝ ရဲ့ ဖန်ဆင်းရှင်ပါလေ
ကြီးကျယ် တဲ့စွမ်းအင်တရား မိုးဖျားကမြေကြီး
အံ့ချီးဘွယ် အစုံစုံ ၊ ဂုဏ်ပေါင်း အစုစု
အတုမရှိ စကြာဝဠာ၊ ထိုအရာတို့ ထက်သာလွန်သော
မဟာသမုဒ္ဒရာထက် နက်ရှိုင်းသော
မြင်းမိုရ်တောင် ထက်မြင့်မား သော
မဟာပထဝီ မြေကြီး ထက် ထုထည်ကြီးမားသော
စကြာဝဠာထက် ကျယ်ဝန်းသော….အရာ…..
မေတ္တာ တရားရဲ့ သံစဉ်များ
တေးသွား ကိုဆိုညည်းရင်း သမီး အမေ့ကိုတွေ့ခဲ့တယ်။

ကျွန်မရဲ့ အမေ ဟာ
လွတ်မြောက်ရေးနှင်းဆီမဟုတ်။
လွတ်လပ်ခြင်း ဖြင့်ရဲရင့် -
ရှင်သန်ခြင်းဖြင့် ရဲဝံ့-
နေရာင်တို့ဖြင့်ဖူးပွင့်-
သဘာဝ ပန်းတစ်ပွင့် ဖြစ်ပါတယ်။

မြေဖြူကိုင်တဲ့ လက် ၊ ပုခက်လွှဲ လည်း မပျက်ခဲ့ပါ။
ကြက်သွန် ငရုတ်သီး၊ ညည်းညူရန် အကြောင်းမရှိ ကောင်းကောင်းသိလို့ နေခဲ့တယ်။
ဇာထိုး ၊ပန်းထိုး ၊အမျိုးမျိုး လုပ် ၊ အင်္ကျီချုပ် လို့ အစုတ်သက်သာစေခဲ့တယ်။
ဘာသာရေး ၊လူမှုရေး ၊ပညာရေး၊ အရေးစုံစွာ အမေပါခဲ့ ၊မူနွဲ့ ဒိတ်အောက်၊ နောက်ကျ မကျန်ရစ်ခဲ့ပါ။
ကန့်ကူလက်လှည့် ၊ တပည့်များ ချစ်တဲ့ဆရာမ ၊
ထိုဘဝ နဲ့ မီးဖိုချောင် ၊ လှောင်ပိတ်မွန်းကြပ် ၊
ရပ်တန့်မနေ၊ တာဝန်ကျေသော…ဘဝတောမှ
လောကအလင်းရှင် ဖြစ်ပါတယ်။

အမေထားရစ် ၊ အနှစ်သာရ ၊ သမီးရခဲ့
ဥစ္စာ အမွေ ၊ ပညာအမွေ။
စိတ်ထားအမွေ၊
မာန်အားအမွေ၊
ဉာဏ်အားအမွေ၊
နာမည် အမွေ.. အထွေ ထွေဆပွား ၊ နှလုံးသား မှာ ၊ခြေရာများစွာကျန်ခဲ့တယ်။

အမေ့ ပေးခဲ့တဲ့ အားမာန်…. ရှင်သန်နေဆဲ
အမေပေးတဲ့ သတ္တိ….ကျန်ရှိနေဆဲ
အမေပေးတဲ့ အသိ…ကပ်ညိနေဆဲ
အမေပေးတဲ့ ဘဝအမြင်….စင်ကြယ်နေဆဲ ၊
ဘဝထဲမှ၊ လဲလျှင်ပြန်ထ ၊
သံဝေဂ နဲ့ နှိမ်ချရိုကျိုး ၊
ကျေးဇူးမိုးကို ရှစ်ခိုးကန်တော့လိုက်ပါရစေ။

၂၀၀၃ ခုနှစ် ဧပြီလ - ၂၉ရက်နေ့တွင် ဘဝတစ်ပါးသို့ပြောင်းသွား ကွယ်လွန်ခဲ့သည်မှာ ဒီနေ့ဆိုလျှင် (၇) နှစ် မြောက်ခဲ့ပြီ ဖြစ်တဲ့ ကျွန်မရဲ့ ကျေးဇူးရှင် မိခင်ကြီး (ဒေါ်စောသွင်)ကို ဒီကဗျာ နဲ့ မြတ်နိုးစွာ ပူဇော်ကန်တော့ လိုက်ပါတယ်။
ကျေးဇူးရှင်အမေရေ….၂၀၁၀ခုနှစ် ၊ဧပြီလ ၂၉ မနက်ခင်း ၊ ဓမ္မစင်္ကြာ ရိပ်သာကျောင်းမှာ အာရုဏ်ဆွမ်းကပ်လှူ ခဲ့ပါတယ်။ ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက်မှ ပိဋကတ် နှစ်ပုံဆောင် ဆရာတော် ဦးပညာဝံသ အားနေ့ဆွမ်း ကပ်လှူ ပြီး အမျှ အတန်း ပေးဝေငှ တာကို ကျေးဇူးရှင် -အမေ ရောက်ရာဋ္ဌာန ၊ ဘုံဘဝမှ ကြားပါသိပါစေသား။
ဝမ်းမြောက် သိမြင် ၊ သာဓုခေါ်ဆို နိုင်ပါစေသား။ ( အမျှ--- အမျှ---- အမျှ)၃။သာဓု-သာဓု -သာဓု

Wednesday, April 28, 2010

မြတ်ရွှေတိဂုံ ရဲ့ လမြတ်ကဆုန်ပုံရိပ် အချို့


မနှစ်က ကဆုန်လပြည့်နေ့ မှာတော့ ဗုဒ္ဓနေ့အကြောင်း နဲ့ ဗောဓိပင်အကြောင်း (သွန်းလောင်းရေစဉ် ဗောဓိပင်အားဦးထိပ်ထားလျှက်) ဆိုတဲ့ ပိုစ့် ကို ရေးခဲ့ဘူးပါတယ်။ ဆက်စပ်ဖတ်ရှု နိုင်ကြပါစေရန် ပြန်လည်ဖေါ်ပြချင်ပါသေးတယ်

သည်နှစ်တော့ အမိမြေကို ပြန်လည်ရောက်ရှိနေလေတော့ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကိုယ်တိုင် ပါဝင်ဆင်နွှဲ လိုစိတ်တွေ ဖြစ်ပေါ်နေခဲ့တာမို့ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် ရဲ့ ထီးတော်ရိပ် ကိုခိုလှုံရောက်ရှိခဲ့ရင်း ဗောဓိပင် တွေကို ပူဇော် ခဲ့ပါတယ်

ဗောဓိ ဆိုတဲ့ပါဠိ သည် သိမြင်တော်မူခြင်း၊သိမြင်တော်မူရာလို့ အဓိပ္ပါယ်ရပါတယ်။ ဘုရားရှင်အဆူဆူတို့ရဲ့ သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင်သိမြင်တော်မူရာ သစ်ပင်ထူး ၊သစ်ပင်မြတ်တွေကို ဗောဓိ ပင်လို့ သတ်မှတ်ခေါ်ဆိုကြတာ ပေါ့နော်

ဝေဿဘူ ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ ဘုရားရှင် တို့ပွင့်တော်မူရာ သစ်ပင်တွေက တော့ အင်ကြင်းပင် ၊ ကုက္ကိုပင်၊ ရေသဖန်းပင်၊ ပညောင်ပင် တို့ဖြစ်ကြပါတယ်။ ကျွန်မတို့ရဲ့ဂေါတမ မြတ်စွာဘုရားရှင် သစ္စာလေးပါး၊မြတ်တရားကိုသိမြင်တော်မူရာ သစ်ပင်ကတော့ ညောင်ဗုဒ္ဓဟေ၊ (ညောင်နီပင် ဖြစ်ပါတယ်)

တပေါင်းလကတည်း ကစပြီး ကျွန်မ က ဗောဓိညောင်ပင် တော်တော် များများ ကို အာရုံစိုက်နေဖြစ်ခဲ့တာ မို့ ရွက်သစ်လောင်းစ အချိန်လေးမှာ ညောင်ရွက်နုသစ်လေးတွေ ဟာ ပန်းနုရောင် ပြေပြေလွင်လွင် နဲ့ တွဲရရွဲကျဆင်းနေပြီး အရွက်မရင့်တရင့်လေးတွေ က စိမ်းဖန့်ဖန့်ဖြန့်ကျက်နေတာကို ကျွန်မ ကြည့်မဝခဲ့ပါ

အခုတော့ ကဆုန်လပြည့် ရောက်ခဲ့ ပြီမို့ ရွက်သစ်တွေ လည်းစိမ်းစို အုပ်ဆိုင်းလို့ နွေအပူကို ရင်ဆိုင်ကြရှာပါတယ်။

ဗောဓိပင် ဆိုတာဖွားဘက်တော်လည်းဖြစ်သလို ပရိဘောဂ စေတီ ထိုက်တယ်ဆိုတာကို ဘုရားရှင်သက်တော်ထင်ရှား ရှိကတည်း အရှင်အာနန္ဒာကို မိန့်ဆိုခဲ့ပါတယ်။ဘုရားရှင်ကိုယ်စား ပူဇော်ထိုက်ကြောင်း တေရသကနိပါတ်တော်လာ ၊ကာလိင်္ဂ ဗောဓိဇာတ် မှာပြဆိုထားပြီး ၊ခုဒ္ဒကပါဠိ အဋ္ဌကထာ နိမိကဏ္ဍသုတ်အဖွင့်၌ လည်း ပရိဘောဂစေတီ မည်ကြောင်းဖွင့်ဆိုထားပါတယ်

မနက် ၆နာရီ ကတည်းက မြန်မာ့ ရုပ်မြင်သံကြား လိုင်းသုံးလိုင်းမှ ထုတ်လွှင့်ပေးတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ တရားတော် များ ကို နာခံမှတ်သား ရတာ နဲ့ ဓမ္မပီတိဖြစ်ပေါ်ခဲ့ရပါတယ်။

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး က ဘုရားရှင် ရဲ့ ဂုဏ်ကျေးဇူး ကိုသိရင် တုံ့ဆပ်ပူဇော် ရပါမယ်တဲ့။ အကောင်းဆုံး ပူဇော် နည်းကတော့ လောကုတ္တရာ တရားကိုးပါး အားလျော်သော ကျင့်ဝတ် ပဋိပတ် အကျင့်မြတ်နဲ့ ပူဇော် ဘို့ကို ကျွန်မ သေချာ မှတ်သားလိုက်မိပါတယ်။

ကျွန်မ ဟာ ရေအပြည့်ထည့်ထားတဲ့ မြေအိုးအနီလေးမှာ မွှေးပျံ့ လှတဲ့ စပယ်ပွင့်ဖြူဖြူလေးတွေ စီးမျော နေတာ။သပြေခက်ကလေးလည်း စိုက်လို့ပေါ့။ မြတ်ဗူဒ္ဓရဲ့ ကိုယ်စား သက်ရှိထင်ရှားရှိ ပုံအာရုံယူပြီး ရေစင်သွန်းလောင်း ရတာ အေးမြတဲ့ရေစီးကြောင်းတစ်ခု ရင်ထဲစီးဝင်လာသလို ခံစားရပါတယ်။လူငယ်တော်တော်များများဟာ တက်ကြွစွာ ရေအလှူလုပ်အားပေးနေတာ အားရကျေနပ် သာဓုခေါ်စရာပါပဲ။ ဓာတ်ပုံမှတ်တမ်းယူပြီး ဓမ္မပူဇာ ပြုဘို့ ရှင်မထီး တန်ဆောင်းကို ရောက်ရှိခဲ့ ပါတယ်။

အေးချမ်းလှတဲ့ ဓမ္မရိပ်မှာ အားထုတ်ရတာ နွေအပူ ကတောင်မထိုးဖောက်နိုင်ရှာပါဘူး။

စောင်းတန်း များတလျှောက်မှာလည်း ဖယောင်းတိုင်လှူ တဲ့သူတွေ၊ အအေးတိုက်တဲ့သူတွေ ၊ မုန့်လက်ဆောင်းတိုက်ကျွေးလှူဒါန်းသူတွေ အရှေ့ဘက်မုခ် မှာတင် ၈ဖွဲ့လောက်ရှိနေခဲ့ပါတယ်။ ဘုရားဖူးများက ညင်းယူရတဲ့အထိပါပဲ။

ကျွန်မမွေးရပ်မြေရဲ့ ပွဲတော် တစ်ခု ကို ဆင်နွှဲကုသိုလ်ယူခဲ့တာ အမျှပေးဝေ လို့ ကဆုန်လပြည့် အမှတ်တရ ဓမ္မဒါန မှတ်တမ်းပြုလိုက်ရင်း မေတ္တာရေစင်များ သွန်းလောင်းလိုက်ပါရစေ။

Saturday, April 10, 2010

Tuesday, April 6, 2010

Buddhism is not Religion

Buddhism is Not Religion F

Monday, April 5, 2010

ပညာအလင်း ပညာပါရမီအဖွဲ့ ရဲ့ ဒုတိယ အကြိမ်လှူဒါန်းမှု

ပညာအလင်း ပညာပါရမီအဖွဲ့ ရဲ့ ဒုတိယ အကြိမ်လှူဒါန်းမှု အတွက် ကွမ်းခြံကုန်းမြို့နယ်၊တောကျောင်းရွာမှ မောင်အေးမင်း(ပညာရေးတက္ကသိုလ်-ပထမနှစ်) နှင့် မချစ်စုပုံ့ (ယဉ်ကျေးမှုတက္ကသိုလ်-ပထမနှစ်) တို့ကို ငါးသောင်းကျပ်စီ ပေးအပ်ခဲ့ပါတယ်။

အလှူငွေလက်ခံရင်း ပိုင်းလော့ဆရာတော် ဘုရားကြီး ၏ ခင်ပွန်းကြီး ၁၀-ပါးကန်တော့ပွဲ ကို လည်း ကလေးများက တက်ရောက်ကန်တော့ ခဲ့ကြပါတယ်။

ယခု တစ်ခါ အလှူရှင်များကတော့ စင်္ကပူ မှ မူလတန်းကျောင်းသားကလေးများ ရဲ့ မုန့်ဘိုးများမှ လှူဒါန်းကြတာ ဖြစ်ပါတယ်။

၁။ ဦးမျိုးမြင့်မောင် မိသားစု(Singapore)----စင်္ကပူဒေါ်လာ ၁၀

၂။မောင်ဖြိုးဝေအောင်(Singapore)---------စင်္ကပူဒေါ်လာ ၂၀

၃။မမြသဲပွင့်(Primary-5, Singapore)---စင်္ကပူဒေါ်လာ၂၅

၎။မောင်အောင်သူရဦး (Primary-6, Singapore )--စင်္ကပူဒေါ်လာ ၂၀

၅၊မောင်အောင်ဇေထက်( Primary-4, Singapore )----- စင်္ကပူဒေါ်လာ ၁၀

၆။မောင်အောင်ညီထက် ( Primary,2 ,Singapore )--- စင်္ကပူဒေါ်လာ ၁၀

၇။ မစံထားသဇင် ( Primary-4, Singapore )------------စင်္ကပူဒေါ်လာ ၁၀

၈။မောင်အောင်ဝေယံထက် (Kindergarten -Singapore)----------- စင်္ကပူဒေါ်လာ ၁၀

၉။ မထက်မြတ်အေး ( Kaori )–(Primary-6, Singapore)----- စင်္ကပူဒေါ်လာ ၁၅

၁၀။ကိုဉာဏ်ဝင်းဆွေ (Singapore)-------------စင်္ကပူ ဒေါ်လာ ၁၀

အလှူရှင် သားသားမီးမီး တို့လည်းအခုလို လှူဒါန်းလိုက် တဲ့အတွက် ပညာပါရမီ နဲ့ ပြည့်စုံပြီး မောဟအမှောင်ကင်းတဲ့ ဉာဏ်ပညာ ရှိသူများ ဖြစ်ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ်။ အလှူ ရှင် သားသားမီးမီး တို့ ကို သဒ္ဓါတရားရှိလာအောင်၊ လှူတတ် တန်းတတ် အောင် အပေးနဲ့ပျော် တတ်အောင် သင်ကြားပေးကြတဲ့ ကလေးများရဲ့ လက်ဦးဆရာမိဘများကိုလည်းကျွန်မ က အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်။

ကျွန်မ တို့တတွေ ပြည်ပမှာ ပညာသင်စဉ်က ငွေအတွက် ပူ ပင် ကြောင့်ကျ ကင်းစွာ နေနိုင်ခဲ့ပြီး အချိန်တန် အေတီ အမ် ငွေထုတ်စက်မှာအချိန်တိကျစွာ စာရင်းဖြည့်ပေးတတ်တဲ့ ကမ္ဘာ့ဘဏ် ၊ အီတလီ တက္ကသိုလ် ကို ကျွန်မ ကျေးဇူးအထူးတင်နေမိရုံမက သူဖြစ်စေချင်သလို လက်တွဲခေါ် ရမဲ့သူတွေ၊ ထူမပေးရမဲ့သူတွေ အတွက်လည်း ကိုယ်ချင်းစာစွာ ကျွန်မ တာဝန်ကျေရပါအုံးမယ်။

စာ အတွက်ကော ငွေ အတွက်ကောစိတ်ဖိစီးမှု နဲ့ ပညာသင်ရတာ ပင်ပန်းလွန်းလှသလို ရည်မှန်းချက်အောင်မြင်ဘို့ရာလည်း မလွယ်လှပါဘူး။

စိတ်လက်ချမ်းသာစွာ ပညာသင်ယူ နိုင်ပါစေသား။ အပူအပင်ကင်းစင်စွာ ကျက်မှတ်နိုင်ကြ ပါစေသား-ဆုတောင်းမေတ္တာပို့သပါတယ်။

ယခု လမှ စတင်ပြီး ကျွန်မနဲ့အတူ အမှောင်ခွင်းကာ လင်းစေမဲ့ ၊ ကူညီပေးမဲ့သူတွေ ထပ်တိုးလာတာကိုလည်း ကျေးဇူးတင်လှပါတယ်။

ဒေါ်ဆွေဆွေမြင့်- စင်္ကပူ- swengwetaung@gmail.com

ဒေါက်တာအေးအေးခင်- မလေးရှား -ayeaye5star@gmail.com

မကျော့ကေကေခိုင်- ထိုင်း -kyawtkaykaykhine@gmail.com

ဒေါက်တာသန်းသန်းစိန်- ရန်ကုန်- thitsaralin@gmail.com, ဖုန်း ၂၂၉၆၈၅- ၀၉၈၀၂၁၃၃၅

တို့ထံ တတ်အားသရွေ့ ဆက်သွယ်လှူဒါန်း ကြခြင်းဖြင့် အပေးနဲ့ပျော်ကာ ပညာပါရမီ ဖြည့်ကြပါစို့။

လျူဒါန်းကြသောအလှူဒါ န အစုစု ကို အမျှအမျှ ပေးဝေငှပါကုန်၏။ ကုသိုလ် အမျှ အမျှ ယူတော်မူကြပါ ကုန်တော်။

အမှောင်ခွင်း၍ လင်းကြပါစေသော်။ သာဓု -သာဓု- သာဓု