Wednesday, February 23, 2011

ကြည်ညိုဖွယ်ရာ မြတ်ဗုဒ္ဓ ရဲ့ ရုပ်ပုံလွှာများ

ကျွန်မရဲ့ ထိုင်းသူငယ်ချင်းများ မှပေးပို့တာ ဖြစ်ပါတယ်..။






































































Tuesday, February 22, 2011

မြန်မာစကား သင်လိုသူများအတွက်

ကျွန်မ တာဝန်ထမ်းဆောင်တဲ့ ကျောင်းမှာ နွေရာသီချိန်ခါမို့ စာမေးပွဲများစစ်ပြီး နေချိန်ဖြစ်ပါတယ်..။ ဓာတ်ခွဲခန်းများကလည်း ကျောင်းဟောင်းမှကျောင်းသစ် ကိုရွှေ့နေဆဲမို့ ကျွန်မ ကျောင်းသားများကို မြန်မာစကားသင်ပေး ဘို့ သင်ရိုးညွှန်းတမ်းပြင်ဆင်ရပါတော့တယ်..။
အင်တာနက် ချက်တင်းတွေမှာ ဘာဂလစ်ရှ်Burglish မြန်မာအသံထွက် အင်္ဂလိပ်စာ လုံးပေါင်း တွေ ရိုက်ရင် ကျွန်မ အင်မတန် ခေါင်းကိုက်ပါတယ်..။ ဖတ်ရ အဓိပ္ဗါယ် ပြန်ရတာခက်လို့ပါ..။ အခုတော့ကျွန်မ က ဘားဂလစ်ရှ် ကို ပဲသုံးရပါတော့တယ်။ Phonetic လို လည်းအတိအကျ မရေးနိုင်ခဲ့ပါဘူး။ အသံဖလှယ်ထားတဲ့ပုံစံလေးနဲ့ ရေးထားမိပါတယ်..။
ထိုင်းနိုင်ငံမှာ က မြန်မာရွှေ့ပြောင်းအလုပ်သမား များ က မှတ်ပုံတင် စာရင်းအရ ၈သိန်းကျော် ရှိတယ်လို့ ကျွန်မ ရဲ့ ကျောင်းကဆိုလာပါတယ်..။ ကျွန်မ ကြားဘူးတာကတော့ ၅သန်းလို့ မှတ်သားဘူးပါတယ်..။ ကိုယ့်လူမျိုးတွေ ရှိတဲ့နေရာမှာ ကိုယ်လူမျိုးတွေအတွက် တစ်ခုခု လုပ်ပေးမယ်ဆိုတာကတော့ကျွန်မ ရည် ရွယ်ချက်ရှိခဲ့ပြီးသား ပါ..။
အခုသင်တန်းကတော့ ဒီကျောင်းကဆင်းတဲ့ကလေးတွေက လုပ်ငန်းခွင်ထဲမှာ မြန်မာအလုပ်သမားတွေနဲ့ ဆက်သွယ်ရေး ကောင်းမွန်အောင် သင်ကြားပေးပါ လို့ဆိုပါတယ်..။
ကျွန်မသိရသလောက်တော့ ထိုင်းနိုင်ငံရောက် မြန်မာ များ သည် ထိုင်းစကားကို ကျွမ်းကျင် စွာပြောဆို နိုင်ကြပါတယ်..။ နှစ်ဦးနှစ်ဘက်ကြိုးစားကြတော့လည်း ကောင်းပါတယ်..။
ဘာသာစကားဆိုတာကတော့ စကားမပြောတတ်တဲ့ သက်မဲ့တွေကို အများနားလည်စေမဲ့ သတ်မှတ်ချက် တွေ ပေးထားတာပဲဖြစ်ပါတယ်..။ အာသေဝန သတ္ထိ နဲ့ ကြာကြာနှလုံးသွင်းထားရင် စွဲမြဲ သွားတတ် တဲ့ သဘာဝ ရှိနေတာပါပဲ..။
ကျွန်မ အီတလီ ဘာသာသင်စဉ်က ဆရာမလေးဟာ ပထမတော့အင်္ဂလိပ်စကားနဲ့ရှင်းပြပါတယ်..။ နောက်တော့ အင်္ဂလိပ်စာဆိုတဲ့ မလိုအပ်တဲ့ ဒုတိယ ဘာသာစကားကို မသုံးစွဲတော့ပဲ ပုံကလေးတွေနဲ့ တိုက်ရိုက်ပြပြီး အီတလီလိုသာ ထပ်ခါတလဲ လဲ မသိတဲ့စကားလုံးကို သိတဲ့ စကားလုံးတွေသုံးပြီး Kown to Unknown စံနစ် ကလေးနဲ့ သင်ပေးတာ ကြုံရဘူးပါတယ်..။ ဒါကို အတုယူပြီး ကျွန်မလည်း နားလည်လွယ်မဲ့ ရုပ်ပုံကလေးတွေ စုဆောင်း ပြုစုထားလိုက်ပါတယ်..။
လိုအပ်တဲ့သူတွေလည်း အသုံးပြု နိုင်အောင်လို့ ပါ..။ ကျွန်မ ဒါမလုပ်ခင် အင်တာနက်မှာရှာကြည့်တာ မှတ်တမ်းမ တွေ့ တဲ့အတွက် နောင်လိုတဲ့သူတွေ ရှာဖွေရရှိနိုင်အောင် ကျွန်မ မျှဝေ ချင်ပါတယ်..။ လိုအပ်တာ ရှိရင် လည်းအကြံဥာဏ်များ ပေးကြစေလိုပါတယ်..။

http://www.box.net/files#/files/0/f/23539292/1/f_636229343

သည်လင့်မှာလည်းကောင်း My Shared Files Box မှာလည်းကောင်း ရယူနိုင်ပါတယ် ။

Friday, February 18, 2011

ဗုဒ္ဓ ဆုံးမ ၊သြဝါဒ၊ လောက ကျင့်နိုင်စေ(သို့) ဘလော့အမ တစ်ဦးသို့ အမှတ်တရ



ကျွန်မတို့ မြန်မာမှုနယ်ပယ်မှာ သဒ္ဓါတရားအား ကောင်းကြတာဆိုတော့ လှူကြ၊တန်းကြ တယ်ဆိုတာ ဂုဏ်ယူ ဖွယ်ရာ အလေ့အထလေးတွေပါ..။

( မိမိ ဥစ္စာ ၊သူ့ဟာ ဖြစ်လို၊ မေတ္တာပို၊ ကြည်ညိုလေးစား ပေးစွန့်ညား၊ ထူးခြား မြတ်ဒါန..) လို့ ယောဆရာတော်ဘုရားကြီး လင်္ကာ စီပေးထားတာ ဟာ လှူဒါန်း သူတစ်ဦးရဲ့ ဂုဏ်အင်္ဂါကို ပြဆိုနေပါတယ်..။ ကိုယ်ပိုင်ဆိုင်တာကို သူများပိုင်အောင် စပြီးတွေးပေးရပါတယ်..။တစ်ချို့ ဆို စပြီး ပုံဖေါ်လိုက်တဲ့ အဲဒီ နေရာမှာ တင် နောက်ပြန်ဆုတ် တတ်ကြပါတယ်..။

သူတစ်ပါး၊ လိုအပ်နေရှာ သူရဲ့ နှလုံးသားကို ထပ်တူ ပြုပြီး ၊ သူ့နေရာမှာ ထပ်တူခံစားပေး ရပါတယ်..။သူဖြစ်စေချင်သလို ဖြစ်သွားအောင်၊ပြည့်စုံသွားအောင် အပေး နဲ့ စပြီး ပျော် ရတာပါ။ နက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားပြီး ထဲထဲဝင်ဝင် တကယ် ပီတိဖြစ်ရပါတယ် ။ စစ်မှန်တဲ့ ဒါနဆိုတာ အပေါ်ယံ လုပ်လို့မရပါဘူး၊ ဟန်လုပ်လို့လည်း မရပါဘူး။

အပေးသမားတွေဟာ အအေးသမားတွေတဲ့..။ အယူသမား တွေဟာ အပူသမားတွေ ဖြစ်ပါတယ် လို့ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီးမကြာခဏ ဟောပြောဘူးပါတယ်..။ ပါရမီ တွေဖြည့်ကျင့်နေတဲ့ သူတော်ကောင်း တွေမှသာ ကြီးမားခက်ခဲတဲ့ နှမျော တွန့်တိုမှုတံတိုင်း ကိုကျော်လွှားနိုင်ကြတာ ပါ..။ ဒါကြောင့်လည်း အဲလို မိမိတို့ရဲ့ လောဘကိလေသာကို ကျော်လွှား အောင်မြင်ကြတဲ့သူတွေအဖြစ် ဂုဏ်ပြုကြတယ်ဆိုတာ တကယ်တော့ ထိုက်တန်တဲ့ ဂုဏ်ပြုမှုသာဖြစ်နေ ပါတယ်နော်..။

ဘုရား တည် ဘို့ လှူဒါန်းခဲ့ ရင် ဘုရားအမ တဲ့ သိမ်၊ကျောင်း ၊ဇရပ် ဆောက်လုပ်လှူဒါန်းခဲ့ရင်တော့ ကျောင်းအမ လို့ ခေါ်ပါတယ်….။ ရဟန်းတစ်ပါး ရဲ့ ဘဝ ရပ်တည်မှုအတွက် ပစ္စည်းလေးပါး ဖြည့်ဆည်း လှူဒါန်းတဲ့သူဆိုရင်တော့ ရဟန်းအမ လို့ခေါ်ပါတယ်..။

အခု ကျွန်မတို့ အင်တာနက် Website များမှာ ဆောင်းပါးတွေရေးသားဖေါ်ပြ တဲ့ နေရာကို Blog လို့ခေါ်ပါတယ်..။Blog ဆိုတဲ့စကားလုံး ဟာ ၁၉၉၇ လောက်ကမှာစတင်ပေါ်ပေါက်ခဲ့တာပါ ဆိုတာ ကျွန်မ Wikipedia မှာပြန်ရှာကြည့်ပါ တယ်..။ Web နဲ့ Log ဆိုတဲ့ ဝေါဟာရနှစ်ခုကို ပေါင်းစပ်ခေါ်ဆိုရာမှ ဖြစ်ပေါ်သုံးစွဲ လာတဲ့စကားလုံး ပဲဖြစ်ပါတယ်..။ဖတ်ကြည့်လိုက်ပါနော်..။

( The term "weblog" was coined by Jorn Barger[4] on 17 December 1997. The short form, "blog," was coined by Peter Merholz, who jokingly broke the word weblog into the phrase we blog in the sidebar of his blog Peterme.com in April or May 1999.[5][6][7] Shortly thereafter, Evan Williams at Pyra Labs used "blog" as both a noun and verb ("to blog," meaning "to edit one's weblog or to post to one's weblog") and devised the term "blogger" in connection with Pyra Labs' Blogger product, leading to the popularization of the terms.[8] )

ကျွန်မ တို့ဓမ္မစာပေများကို အင်တာနက် စာမျက်နှာ များ ကနေ ရေးသားနေတဲ့သူတွေကို ဓမ္မဘလော့ဂါလို့ ခေါ်ပါတယ်..။ ကျွန်မတို့ ဓမ္မဘလော့ဂါတို့ ရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်း လှူဒါန်း ပေးနေတဲ့ ဘလော့အမ တစ်ဦးပေါ်ပေါက်လာ ခဲ့တဲ့အကြောင်းကို ပြောပြချင်ပါတယ်..။

တစ်ချိန်က ကျွန်မ ဖန်တီးခဲ့ရေးသားတည်ဆောက်ခဲ့တဲ့ ဘလော့လေးတွေဟာ သူတို့နဲ့ဝေးခဲ့တဲ့ (၂၄.၁၀.၂၀၀၉ ၁.၂.၂၀၁၁) ကာလအတွင်းမှာ ဘယ်ဆီရောက်လို့ နေကြပါသလဲ..။ သက်တမ်းကုန်လို့သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးကုန်ကြပြီလား၊ တည်ရှိနေဆဲလား ဆိုတာ သိချင်တာနဲ့ ပြန်လည် စစ်ဆေးမိပါတယ်..။

ဒီလုပ်ငန်းကလည်း အီးမေးလ် တွေ လှို့ဝှက်သင်္ကေတတွေ တပုံတစ်ပင်နဲ့ အလုပ်လုပ်ရတာဆိုတော့ ကျွန်မ မှာ အသက်ကြီးလာတော့ ---မေ့ကွက်ကိုရှာ-- ခဲ့ပြီး သညာသင်္ခါရ ဖြစ်လို့ နေခဲ့ပါတယ်..။ User Name, Pass Word တွေ တော်တော် ပြန်စဉ်းစားနေခဲ့ ရပါတယ်..။

မနေ့က ည ကတော့ကျွန်မကို ကယ်တင်မဲ့ ဘလော့အမ တစ်ဦး နဲ့တွေ့ကြုံ ခဲ့ရပါတယ်..။ User Name, Pass Word သိသော်လည်း Web Hosting ပြန်ရှာ ဘို့ခက်ခဲနေတဲ့ ဓမ္မ ဘလော့တစ်ခုကို ဘလော့အမ က ပြန်လည် အသက်သွင်း လှူဒါန်း အသက်ဆက် ပေးခဲ့ပါတယ်..။ နောက် ဖိုးသား (အဖြူရောင်မေတ္တာ) က အပြင်အဆင်တွေဖြည့်ပေးခဲ့ပါတယ်..။ အဲဒီ နေရာကတော့ မူလဓမ္မဆရာတော် ဦးဝိဇယ ရဲ့တရားတော်များ စုစည်းမှု http://www.muladhamma.net ဖြစ်ပါတယ်..။ ဆက်လက် ပြီး ကြိုးစားတင် သွားပါ့မယ်..။

နောက် User Name မမှတ်မိတဲ့ ဘလော့ တစ်ခုကိုတော့ ကျွန်မ သုံးတဲ့ အီးမေးလ် တွေထဲ ပြန်ရှာရပါတယ်..။ ဖိုးသားတို့ ကိုဦး တို့ကတော့ ကောင်းချီးပေးပါတယ်..။ အံတီရယ် Pass Word မေ့တယ်တော့ကြားဘူး ပါတယ်..။ အံတီ့ ကျကာ မှ User Name မမှတ်မိ ဖြစ်ရ သတဲ့လားတဲ့..။ မူးမိုက်မေ့မေ့၊ မြေ့မြေ့ ဆွေးဆွေး တွေးတွေးဝေဝေ..မောဟတွေ များနေခဲ့တာလည်း ရှိပေသပေါ့။

ကျွန်မ ဖွင့်ဘူးတဲ့ Gmail သုံးခုနဲ့ Yahoo Mail တစ်ခုကို ပြန်လည်ဖွင့်လှစ် စစ်ဆေးပြီးချိန်မှာ တော့ ပြန်လည်တွေ့ ရှိခဲ့ပါတယ်..။ နောင်ဆိုစာအုပ်ထဲမှာကော ၊ အမြဲသုံးတဲ့ အီးမေးလ်တွေထဲမှာကော သေချာရေးမှတ်ပါတော့မယ်..။ ဒီဘလော့ကတော့ (အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်-ITBMU)မှ ဒေါက်တာ လှမြင့်နဲ့ အတူ ဘာသာ ပြန်ထားသမျှလေးတွေ ကိုတင်ထားတာဖြစ်ပါတယ်..။ဆရာက ဘာသာပြန်နိုင်ပါတယ်..။ စာရိုက်တဲ့ကျွန်မ က နှေးနေခဲ့တာဖြစ်ပါတယ်..။ အဲဒီနေရာက http://www.thantithitsar.net ဖြစ်သွားအောင်လည်းဘလော့အမ ကဆက်လှူပေး တာမို့ ကျွန်မ တုံ့နှေးလေးကန် နေလို့မဖြစ်တော့ပါ..။

အဲလို ဘလော့အမ ရဲ့ လှူဒါန်းမှုဟာ ကျွန်မတို့ဘလော့ဂါများ အတွက် အဆင်ပြေစေတဲ့အပြင်၊ လှူဒါန်းသူရဲ့ သဒ္ဓါတရားကိုထောက်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေ၊အရည်အသွေးပြည့်မီရေးတွေပါ ဖြစ်စေပါတော့မယ်..။

နောက်ပြီး အပျင်းထူပြီး စာမရေးပဲ နေခဲ့ ရင်လည် ဆင်ခြင် သတိရစေပါတော့မယ်..။

ဘလော့အမ က ဓမ္မစာရေးဆရာ ( ဓမ္မဘလော့ဂါ) တွေကို ကူညီရတာပျော်ပါသတဲ့..။ ဓမ္မ စာပေတွေ အင်တာ နက်မှာဖတ်ရတော့ နိုင်ငံခြား မှာ ရောက်နေတဲ့ မြန်မာတွေ ဘာသာရေးကို ပိုပြီး လေးစားကိုင်း ညွှတ်လာကြပါ သတဲ့..။ ချီးကျူး တဲ့စကားလုံး ဖြစ်သလို ကျွန်မတို့ ဓမ္မဘလော့ဂါ များ အတွက် တာဝန်ရှိုမှု တွေ ဝတ္တရားတွေကို မီးမောင်းထိုးပြ နေသလိုဖြစ်ရပါတယ်..။

ဒီနေ့က မှတ်မှတ်ရရ တိုက်တိုက်ဆိုင်ဆိုင် တပို့တွဲလပြည့် သြဝါဒပါတိမောက် အခါတော်နေ့ ဖြစ်နေခဲ့ပါတယ်..။ အပါယ်ဘေးမှ ကင်းစေတဲ့ အဆုံးအမကို သြဝါဒ လို့ခေါ် ပါတယ်..။ သြဝါဒပါတိမောက် နဲ့ အာဏာပါတိမောက် ဆိုပြီးပါတိမောက် နှစ်မျိုးရှိတဲ့အနက် သြဝါဒ ပါတိမောက်ကို မြတ်စွာဘုရားတို့သာ ပြတော်မူပါတယ်..။ သီလ၊သမာဓိ၊ ပညာကိုဟောကြားထားပြီး ပိဋကတ်သုံးပုံ အနှစ်ချုပ်တရားလည်းဖြစ်ပါတယ်..။ သြဝါဒ ပါတိမောက် ဂါထာအတိုင်း လိုက်နာ ကျင့်ကြံပါလျှင် ကိုယ်၊နှုတ်၊စိတ်တွေယဉ်ကျေးလိမ္မာ ပြီး အိုနာသေ လွတ်ရာနိဗ္ဗာန်ကို မလွဲမသွေ ရောက်စေ နိုင်ကြပါ တယ်..။

သူ့ကို စွပ်စွဲ၊မပြုဘဲ ၊နှုတ်လည်းစောင့်နိုင်စေ၊

သူ့ကိုညှင်းဆဲမသတ်ပဲ ၊ ကိုယ်လည်းစောင့်နိုင်စေ၊

ပါတိမောက်ထုံ ၊နြေ္ဒ ခြုံ၊ လုံအောင်စောင့်နိုင်စေ၊

စားသည့်အစာ၊ တိုင်းအတာ၊ မှန်စွာ သိပါစေ၊

နေသည့်အခါ ၊ဆိတ်ငြိမ်ရာ၊ မှန်စွာရှိပါစေ၊

အဓိစိတ္တ ၊အာယောဂ၊ လုံ့လရှိကြစေ၊

ဗုဒ္ဓ ဆုံးမ ၊သြဝါဒ၊ လောကကျင့်နိုင်စေ။

အနုပဝါဒေါ ၊အနုပဃာတော၊

ပါတိမောက္ခ စ သံဝရော။

မတ္တညုတာ စ ဘတ္တသ္မိံ၊

ပန္တဉ္စ သယနာသနံ ။

အဓိစိတ္တေ စအာယာဂေါ ၊

ဧတံ ဗုဒ္ဓါ န သာသနံ။

ဆိုတဲ့ သြဝါဒ ပါတိမောက်ဂါထာတော်များထဲမှ တစ်ပုဒ်ကို ရွတ်ဆို ၊ရေးကူး ပူဇော်ရင်း ဗုဒ္ဓ ဆုံးမ ၊သြဝါဒ၊ လောကကျင့်နိုင်ပါစေ။ ကြောင်း ကူညီအားဖြည့်လောင်းပေးတဲ့ ဘလော့အမ ဖြစ်သူ မမြကြေးမုံ ( နော်ဝေးနိုင်ငံ ) ရဲ့ စေတနာ သဒ္ဓါတရားကို အမှတ်တရ ဂုဏ်ပြု လိုက်ပါရစေရှင့်။

စာကြွင်း ---ဓမ္မစာပေများရေးသားပူဇော်လျက်ရှိနေကြပါသော သံဃာတော်အရှင်သူမြတ်များ၊

လူပုဂ္ဂိုလ်များ ဓမ္မဘလော့သက်တမ်းတိုး လိုကြပါလျှင် ဆက်သွယ်အလှူခံ ၊ပါရမီဖြည့်ပေးပါရန် ပန်ကြားလိုပါတယ်။

Tuesday, February 15, 2011

AIT -2011 ခင်ပွန်းကြီး (၁၀)ပါး ကန်တော့ပွဲ

AIT ဆိုတဲ့ စကားလုံးကို ကျွန်မ ရဲ့ စာဖတ်သူများ နားညည်းလောက်အောင် ကြားဘူးဖတ်ဘူးနေမှာမို့ Asian Institute of Technology ဆိုတဲ့ အရှည်ကောက် အဓိပ္ပါယ် ကို မှတ်မိနေမယ်လို့ ယူဆမိပါတယ်..။ ကျွန်မကလည်း ငယ်ငယ်က နားထောင်ဘူးခဲ့တဲ့ ရေဒီယို ဇာတ်လမ်းပမာ ထဲ က ( ကျွန်တော်အောင်လံသားပါ) ဆိုတာလို ဥပါဒါန် ကြီးခဲ့ ပေတာကိုးလေ။အောင်လံ မြို့ သားအရာရှိ ကြီး တစ်ယောက် ထံမှာ အလုပ်ရချင်တာနဲ့ အောင်လံသား ဖြစ်ကြောင်း ၊ခိုင်မာစေတဲ့ အချက်အလက်တွေ ကို စုဆောင်းပြီး၊ သေချာလေ့လာပြီး ၊ ဟန်ဆောင် အင်တာဗျူး ၀င်ခဲ့ တဲ့ ဇာတ်လမ်းလေးဟာ လူတို့ ရဲ့မနော ၊ဥပါဒါန် အစွဲကို ကောင်းကောင်း ပေါ်လွင်စေခဲ့တာ မို့ အခုတိုင်မှတ်မိနေခဲ့ပါတယ်..။

ကျွန်မလည်းအဲဒီသဘောမျိုး သက်ဝင်နေတာမို့ ၊ AIT လို့ ဆိုလိုက်လေတိုင်း ကိုယ့်ရဲ့ ဥပါဒါန်ကို ကိုယ်ပြန်မြင်ရ သလိုသာ နှလုံးသွင်းနိုင်ဘို့ ၊ အစွဲ လျော့ပါးစေဘို့ သာ အားထုတ်ရပါတော့တယ်..။ လျော့ပါးစေဘို့ ဆိုတာ ဖေါ်ပြထားတာမို့ လုံးဝတော့ ပျောက်ပျက်တာ မဟုတ်လေတော့ မေတ္တာ သံယောဇဉ် နဲ့ ပဲ သည်သတင်းလေးကို ရေးလိုက်ပါတယ်။

တကယ်တော့လည်း AIT ကျောင်းအသိုင်းအ၀ိုင်းဆိုတာ အာရှဒေသ ဖွံဖြိုးတက်ရေးအတွက် အာရှနိုင်ငံ အသီးသီး မှ လူမျိုးစုံ၊ ဘာသာစုံ ပညာသင်ယူကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်..။ ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး ကြွရောက်တော်မူစဉ်က ကျောင်းဝန်းထဲ လှည့်ပတ်ကြည့်ရှုပြီး လာအိုတွေ ၊ကမ္ဘောဒီးယားတွေ စာလိုက်နိုင်ကြရဲ့လားလို့ မေးဘူးတာ မှတ်မိနေခဲ့ပါတယ်..။ ဆရာတော်ဘုရားကြီးက မြန်မာတွေ ကိုဘာလို့မမေးတာလည်း----- တော်ကြပေလို့လား ရယ်လို့ ဂုဏ်လုပ်စရာ တစ်မျိုးလေးတော့ ဖြစ်သွား ခဲ့ရဘူးပါတယ်..။

ကျွန်မ သူငယ်ချင်း ဗီယက်နမ် မလေး တစ်ယောက်ကတော့ ပြောဘူးတာကျွန်မဖေါ်ပြဘူးပါတယ်.။ စီနီယာတို့ ရဲ့ အောင်မြင်မှု ရာဇ၀င်ကိုပြော မိတဲ့ အခါ မှာ နင်တို့ မြန်မာတွေ မှာ လှို့ ၀ှက်ချက် တစ်ခုတော့ရှိရမယ် လို့ကောက်ချက်ချဘူး တာကိုပါ..။ သူဆိုလိုချင်တာက မြန်မာတွေက အတန်းထဲမှာ သိပ်မတော်ပဲ ကျောင်းပြီးတဲ့ အခါ အလုပ်နေရာကောင်းများ ၊ ပါရဂူ ဘွဲ့ အတွက် ပညာသင်ဆုများ ရတတ်ကြလို့ပါ..။

ကျွန်မတို့ အတန်းထဲမှာ အင်မတန် တော်တဲ့ ဗီယက်နမ် ကျောင်းသား တစ်ယောက်ရှိပါတယ်..။ ဥာဏ်ထက်မြက်သလို စာဖတ်နိုင်တဲ့ စွမ်အားလဲရှိ၊ အာရုံစူးစိုက်နိုင် ပြီး တည်ကြည်မှု လည်းရှိပါတယ်..။ ဒါပေမဲ့ ဒါပေမဲ့ စကောလားရှစ် မရလို့ ခက်ခဲရ၊ရုန်းကန် ရရှာသလို Ph.D ၀င်ခွင့်အတွက်လည်း စာမေးပွဲပေါင်းစုံဖြေရပြီး ခက်ခဲရရှာပါတယ်..။ သူက အိမ်ထောင်နဲ့ ဖြစ်ပြီးသူ့မိဘတွေကို ပစ်ပယ်ထားသူ ဆိုတာကျွန်မ ကသိနေတာမို့.. သူဟာလေ.. သူ့မိဘရဲ့ကျေးဇူး ကိုသာသိတတ်ရင် သူ့အောင်မြင်မှု က တစ်ရှိန်ထိုးတိုးတက်မှာပဲ လို့ ကျွန်မ က မှတ်ချက်ချဘူးပါတယ်..။ ဗီယက်နမ်မလေးက အောင်မြင်မှုဆိုတာ ကျေးဇူး သိတတ်မှုနဲ့ သက်ဆိုင်လေသလား ဆိုတာ ကျွန်မကို အတင်းလိုက်မေးပါတော့တယ်..။

လူတစ်ယောက်မှာ ကျေးဇူးသိတတ်မှု ဆိုတာ အလွန်အရေးကြီး တဲ့အကြောင်း၊ (သူတစ်ပါးရဲ့ ကျေးဇူးကိုအသေးအဖွဲလေးကအစ မြင်အောင်ကြည့်တတ်ရမယ် ၊အခွင့်သင့်ရင်ဖေါ်ပြတတ်ရမယ်..၊ ဒီထက်ပိုပြီးအခွင့်သင့်ရင် ပြန်လည်တုံ့ပြန် တတ်ရမယ် ) ဆိုတဲ့ သဘောကို ကျွန်မ ပြောပြပါတယ်..။ အောင်မြင်တဲ့သူတွေ ဟာ အဲလို လူစားမျိုးတွေ ဖြစ်တတ်တယ်…ဆိုတာကို သူကောင်းကောင်းလက်ခံ သွားခဲ့ပါတယ်..။ တကယ်လည်း သူ့အတွက် အကျိုးရှိခဲ့ပါတယ်..။ University of Camerino, Italy မှာ ကျွန်မ တက်ရောက်ခဲ့စဉ် လစ်လပ်တဲ့နေရာ တစ်ခုမှာ ခေါ်ယူပေး ဘို့ ကျွန်မရဲ့ ပါမောက္ခကို တောင်းဆိုရန် သူ့နာမည်ကို သတိရစေခဲ့တာမို့ပါ။

(ကျေးဇူးမြင်ရင်မေတ္တာ ပေါ်သည်၊ကျေးဇူးပျောက်ရင် မာနပေါ်သည်) မေတ္တာ တရား သည်ကျေးဇူး တရားကို ဆင်ခြင်လိုက်တာနဲ့ နှလုံးအိမ် ကစိမ့်ထွက်လာ တတ်ပါတယ်..။ စစ်မှန်တဲ့ မေတ္တာတရား ပေါ်ပေါက်လာ အောင်လေ့ကျင့်နိုင်စွမ်း ရှိတယ်ဆိုရင်ပဲ ပါရမီ (၁၀) ပါး ထဲ မှ ကျန် ကိုးပါး ( ဒါနပါရမီ၊သီလပါရမီ ၊ နိက္ခမ္မပါရမီ၊ ပညာပါရမီ၊ ၀ီရိယပါရမီ ၊ခန္တီပါရမီ၊ သစ္စပါရမီ ၊အဓိဋ္ဌာနပါရမီ ၊ဥပေက္ခာ ပါရမီ) တွေ ကို အလိုအလျောက်ဖြည့်ကျင့်ပြီးသား ဖြစ်သွားတယ်ဆိုတာ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော် ဘုရားရဲ့ အဆုံးအမ နဲ့ သိရှိနားလည် ခဲ့ဘူးပါတယ်..။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ကြီး ရဲ့ ခင်ပွန်းကြီး ( ၁၀) ပါးကန်တော့ ခန်း၊ တရားပွဲ တွေ ကို မြန်မာ နိုင်ငံမှာ ကော တစ်ခြားသောနိုင်ငံတကာမှာ တွင်ကျယ်ပြန့်နှံ့နေခဲ့ပါတယ်။ ကျွန်မ ၂၀၀၈ ခုနှစ် ဂျူလိုင်လကုန်မှ စက်တင်ဘာ လအထိ ဥပါဒါန် အစွဲလေးနဲ့ AIT မှာ ပြန်လည် နေထိုင်ရင်း ကျွန်မ ချစ်ခင်လေးစားရတဲ့ AIT Community တိုးတက်အောင်၊ ကျောင်းဆင်း ကလေးများ အဆင်ပြေအောင်မြင် စေလိုတဲ့ စေတနာနဲ့ ဆရာတော်ဘုရားရဲ့ ကန်တော့ခန်း တရားပွဲ ကို စတင် မိတ်ဆက်ခဲ့မိ ပါတယ်..။

ဒါကလည်း လက်ခံ နိုင်စွမ်း ရှိသူတွေ၊ တရားနဲ့ ထိုက်တန်ကြတဲ့သူတွေ၊ ဆက်လက် လက်ဆင့်ကမ်း နိုင်ကြတဲ့သူတွေ ရှိကြလို့သာ ခင်ပွန်းကြီး (၁၀)ပါး ကန်တော့ခန်း အလေ့အထကောင်းလေးဟာ ကျွန်မတို့ ချစ်တဲ့ AIT မှာ စွဲမြဲရှင်သန် ခဲ့ပါပြီ..။ထိုစဉ်က ကျောင်းသူအသစ်ကလေး ဖြစ်ခဲ့ပြီးလက်ဆင့်ကမ်းအမွေ သေချာခံယူ ခဲ့တဲ့ ညီမ မချယ်ရီမျိုးလွင် (Energy Program- ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌဟောင်း) ကတော့ Japan Nagoya University မှာ Ph.D တက်ရောက် နေတာမို့ သူရဲ့ အွန်လိုင်း အစီအမံနဲ့ ဒီသတင်းလေး ကို ရရှိခဲ့ပါတယ်..။

Dear Ama,

Here are some photos taken in the Khin-Bon-Gyi-Sae Par Kandawt Pwe in AIT Buddhist prayers room on 12nd February, 2011. They celebrated in the morning at 11am. I am happy to see those photos and I think you will be so much satisfied with that activity that you carried to us. Although we are not there, the lovely activity is inherited there. It can make AIT students life meaningful to a certain extent.

If you want to post them in your website, it is OK Ama.

Sincerely yours,

Cherry

တစ်ခုခု၊တစ်စုံတရာ အောင်မြင်လာရင် ငါလုပ်ခဲ့လို့၊ငါစီမံခဲ့လို့ ဆိုပြီး မာနတက်ခဲ့ရင် အင်မတန် ညံ့တဲ့ပုဂ္ဂိုလ်၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိဥာဏ် အဆင့် ကိုပင် နားမလည် တဲ့ သူလို့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီး က ဆုံးမဘူးပါတယ်..။

အရာရာဟာ အကြောင်းအကျိုးညီညွတ်လို့ ဖြစ်ကြတယ် ၊ပျက်ရတယ် ဆိုတဲ့ သဘောရှိလေတာမို့ အကျိုးကိုမပွားပဲ အကြောင်းတည့်အောင် ကြိုးစားကြလေသော…..၊

ကျေးဇူးသိတတ်၍ ခင်ပွန်းကြီး (၁၀)ပါးကန်တော့ကြသော….. ကျွန်မ ချစ်တဲ့ ဂျူနီယာများ၊ ကျွန်မရဲ့ စီနီယာ ၀န်ထမ်းမိသားစု များ၊ အားလုံးတို့ သည် ကိုယ်ပြုတဲ့ ကုသိုလ် အကျိုးဆက်ကို ရရှိ ခံစား၊စံစားနိုင်ပြီး မဂ်ဥာဏ် ၊ဖိုလ်ဥာဏ်ထိ အောင်ဆောင်ရွက်နိုင်ကြပါစေကြောင်း အထူးတစ်လည် မေတ္တာပို့သ အပ်ပါတယ်ရှင့်။သာဓု-သာဓု-သာဓုပါ။

မေတ္တာဖြင့်

သစ္စာအလင်း

Saturday, February 12, 2011

Mahasarakham University ,Faculty of Pharmacy


ဒီနေ့တော့ ကျွန်မ ကို လိုက်ပါ ကူညီဆောင်ရွက်ပေး နေတဲ့ Dr.Thalisa က Faculty of Pharmacy ရဲ့ ၁၁ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို လိုက်ဘို့လာခေါ်ပါတယ်.. ကျွန်မတို့ ကျောင်း မှာ အဓိကရ ဌာနကြီး Faculty ၁၇ ခုရှိပါတယ်... ကျွန်မ တာဝန်ထမ်းဆောင်တာ က Faculty of Technology ဖြစ်ပါတယ်.. တက္ကသိုလ်တစ်ခုလုံးမှာ တက်ရောက်နေတဲ့ မှာ ဘွဲ့ယူ ကျောင်းသား ၃၅၀၀၀ ကျော် ခန့်ရှိပြီး ဘွဲ့လွန်ကျောင်းသား က ၇၀၀၀ ကျော်လောက်ရှိ ပါတယ်..
ပါတီ ပွဲ လားလို့ ထင်မိလို့မေးတဲ့အခါ မဟုတ်ဘူးတဲ့ ထိုင်းမှာ အသုဘ ကမ္မဋ္ဌာန်း ရှုပွားရာမှာနာမည် ကြီးတဲ့ ဘုန်းတော်ကြီး နဲ့ အတူ ဘုန်းကြီး ၁၈ပါးပင့်ဖိတ်ပြီး ပရိတ်ရွတ် မှာတဲ့.. ကျွန်မ အလွန်ပဲစိတ်ဝင်စားသွားခဲ့ပါတယ်.. လိုက်မှာပေါ့ လို့မဆိုင်းမတွဖြေလိုက်မိတာ..။ ညနေ ၆နာရီထိ အခန်းမပြန်ပဲ ကျောင်းမှာစောင့် နေလိုက်ပါတယ်..
ဌာန တိုင်း ဟာ လေးထောင့်အဆောက်အအုံဖြစ်ပြီး အလယ်မှာ ဘောလုံးကွင်းတစ်ခု စာ ချန်ပြီး ဆောက်ထား ကြပါတယ်.. ကျွန်မတို့ ဌာ နကတော့ မြက်ခင်းနဲ့ ပန်းခြံလေးလုပ်ထားပါတယ်.. Faculty of Pharmacy ကတော့ ဘုရားကျောင်းဆောင် ကိုအလယ်မှာ ထားရှိ ပါတယ်။ကွန်ကရစ် အပြည့်ခင်းထားပြီး လှေခါးထစ်များနဲ့ ကွန်ကရစ် စတိတ်ခုံ လုပ်ထားတာဟာ သံဃာတော်များအတွက် သံဃာ စင် သဖွယ် ဖြစ်လို့နေပါတယ်..။ ၆နာရီမှာတော့ Faculty of Pharmacy ကိုရောက် သွားတဲ့အချိန်မှာ သံဃာတော် ၁၈ပါး သည် ၉ပါးစီ နှစ်တန်းစီ လျက် နေရာယူကြပြီး ဖြစ်ပါတယ်..။

ထိုင်းဘုန်းတော်ကြီး တွေရဲ့ သင်္ကန်းကတော့ ပိတောက်ပန်းခြောက်ရောင် အ၀ါနှစ်နှစ်လေး ဖြစ်ပါတယ်.။မြန်မာမှာ မြင်နေကျဦးပြည်းစိမ်းစိမ်းလေး မဟုတ်ပဲ ဆံတော်မည်းမည်း တွေက ၁ စင်တီမီတာလောက် ရှည်ခွင့်ပေးထားပါတယ်..။ အဲ...... မျက်ခုံးမွှေးကို တော့ပြောင်စင်အောင်ရိတ်ထား တတ်ပါတယ်..။ အဓိပ္ပါယ်ကိုတော့မေးကြည့်ရပါအုံးမယ်..။အေးမြ ကြည်လင်တဲ့ အရိပ်ထင်ဟပ်နေတာကတော့ မြန်မာပြည်က ဘုန်းဘုန်းတွေလိုပါပဲ ကြည်ညိုဖွယ်ဖူးတွေ့ ရပါတယ်..။ ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓ ရဲ့ ဓမ္မ တွေကိုလမ်းညွှန်ပြသနေတဲ့ ဘုရားသားတော်တွေ ပဲမဟုတ်ပါလား။

ကျွန်မ ချီးကျူးချင်တာကတော့ Faculty of Pharmacy မှာဆေးဝါး အတတ်ပညာသင်ကြားနေတဲ့ ကျောင်းသား ၊ ကျောင်းသူလေးတွေပါပဲ..။ ဆူညံ အော်ဟစ်ခြင်းမရှိ ပျပ်ဝပ်ရိုကျိုး စွာ နေရာယူ လျက်ရှိပါတယ်..။ ထိုင်းတက္ကသိုလ်တွေမှာက တူညီဝတ်စုံ ၀တ်ကြရပါတယ်..။အပေါ်က ရှပ်အဖြူနဲ့ ယောက်ျားလေး ဆို ဘောင်းဘီအနက်၊မိန်းကလေးဆို စကပ် အနက် ၀တ်ရပါတယ်..။ ဘန်ကောက် က ကျောင်းသူလေးတွေကတော့ အချယ်အသလေးတွေ နဲ့ ပိုချောပါတယ်။ မီနီစကပ်လေးတွေကလည်းတိုတို နဲ့ တမျိုးချစ်စရာကောင်းပါတယ်..။ ဒီက ကျောင်းသူလေးတွေရဲ့ စကပ် က ပိုရှည်ပြီးပို ပြီးဖားဖားလျားလျားရှိ ပြီး တည်ငြိမ်ကြ ပါတယ်..။ ဆေးဝါးအတတ်ပညာ ကို သင်ယူနေကြတာဆိုတော့ ကုတ် အဖြူလေးတွေ တူညီဝတ်ထားတာမို့ ကျောင်းတက်ရင်းမှ လာရောက်ကြတာ သိသာပါတယ်..။ လက်အုပ်လေးတစ်ချီချီနဲ့ နေရာပေးကြတာ က တော့ရင်အေးစရာပါပဲ.။

တခြား ဋ္ဌာနတခု ကနေလာရောက်ပြီးတခုတ်တရ ချီးမြှင့် တက်ရောက်တဲ့သဘောသက်ဝင်နေတာမို့ ကျွန်မတို့ ကိုရှေ့တန်းမှာ သေသေချာချာ နေရာချထားပေးပါတယ်..။မကြာခင်မှာ ဆရာတော်ဘုရားကြီးကြွလာတော်မူပါတယ်..။ စုစုပေါင်း ၁၉ပါး ဖြစ်သွား တာပေါ့နော်..။ ထိုဆရာတော်ဘုရားကြီး သည်ထိုင်းမှာ အလွန် နာမည်ကြီးကြောင်း ကိုးကွယ်ကြတဲ့ သူပေါကြောင်း။ ကျွန်မ ဖူးတွေ့ရတာ ကံကောင်းကြောင်း ကို Dr.Thalisa ကကျွန်မကိုရှင်းပြပါတယ်..။ ပရိတ်ရွတ်တာတွေက ပါဋ္ဌိသံ ကတော့အနည်းငယ်ကွဲပါတယ်..။ စနဲ့ သ ကွာတာမျိုးပေါ့..။ကျွန်မကတော့ မြတ်ဗုဒ္ဓ ရဲ့ ဂုဏ်တော်တွေကိုရည်မှန်းပြီး အေးမြတဲ့ ဓမ္မကိုခံစားပြီး ညွတ်နူးကော်ရော် ပူဇော်ကန်တော့မိပါတယ်..။

Faculty of Pharmacy ရဲ့ Dean ကတော့ သူနဲ့ အတူ လှူဖွယ်တွေ ပေးအပ်လှူဒါန်း ပေးဘို့ လာရောက်ပါရန် ကျွန်မရဲ့ နာမည် ကိုပါထည့်သွင်း ကြေညာပေးပါတယ်..။ ကျွန်မလည်း အရှေ့ထွက်ပြီး သူတို့လုပ်သလို မသိမသာကြည့်ပြီး လိုက်လုပ်ရပါတယ်..။ ဆေးဝါးများစွာကို ပလတ်စတစ် အ၀ါရောင်နဲ့ ထုပ်ထားတဲ့အထုပ်ကလေးတွေကိုလှူတာဖြစ်ပါတယ်။ ။ သူတို့လို ပဲ ထိုင်းဘုန်းတော်ကြီးရှေ့မှာ ဒူးတုပ် ရိုကျိုးစွာ လှူဒါန်းပေးလိုက်ပါတယ်..။ ပြီးတော့ မပြန်ခိုင်းသေးပဲ သစ်ခွ ခရမ်းရောင်ကို ပန်းစည်းလေးလိုစည်းပြီး ထည့်ထားတဲ့ ပန်းကန်ပြားလေးကို ထပ်ပေးပါတယ်..။ ကျွန်မလည်းဆက်လှူပေးလိုက်ပါတယ်..။

နောက်တော့ မှာ တခြား အာဂျန်တွေ (ဆရာ-ဆရာမတွေ ကို ထိုင်းလို အာဂျန်လို့ခေါ်ကြပါတယ်)က ဆက်လှူရပါတယ် တစ်သုတ်ပြီးတစ်သုတ်ပေါ့။

နောက်အစီအစဉ်ကတော့ ပရိတ်ရေ ပက်ဖြန်ပေးတဲ့ အစီအစဉ်ပါ..။ ပရိတ်စရွတ်ကတည်း ကဆရာတော်ရှေ့မှာ ကြေး ဖလားကြီးတစ်လုံးကို ရေထည့်ပြီးချထားတာတော့သတိထားမိပါတယ်..။ အဲဒီအပေါ်မှာလည်း အုန်းတံပြက်စည်း အတိုလေးကို တင်ထားပေးပါတယ်..။ ဆရာတော်ဘုရားကြီး က အုန်းတံပြက်စည်း လေးကို ပရိတ်ရေ မှာ နှစ်ပြီး ပက်ဖြန်ေးပးတာပါ။ အဲဒီမှာလည်း ကျွန်မတို့နာမည် ပရိတ်ရေခံယူဘို့ ထပ်ကြေညာ ပြန်သေးတာမို့ ကျွန်မတို့ ထသွားရပြန်ပါသေးတယ်..။ ဒူးတုပ်ပြီး လက်အုပ်လေးချီ ဦးညွတ် ခံယူရင်းအေးကနဲ ကျရောက်လာတဲ့ ပရိတ်ရေ လေးတွေ ဖြစ်တဲ့အပြင် Faculty of Pharmacy ရဲ့မေတ္တာ ရေစင်လေးတွေပါ ရောစပ် ပါဝင်နေတယ်လို့ ကျွန်မခံစားပြီးမေတ္တာ တုံ့ပြန် ရပါတယ်..။

ကျွန်မရဲ့ ဋ္ဌာန ကဒုတိယပါမောက္ခ- Dr.Thalisa ကတော့ နောက်နေ့မနက် မှာ ဆွမ်းကပ်လှူပွဲ ရှိသေးတယ် ။တက်ရောက်ဘို့ ထပ်ဖိတ်လိုက်ပါသေးတယ်တဲ့..။ အော် လာရမှာပေါ့လေ..။ မနက်ရောက် တဲ့အခါ ကျွန်မတို့သိမ်ဆွမ်းလောင်းသလို စီစဉ်ထားတာတွေ့ရပါတယ်။ မနေ့ က နေရာ ကွက်လပ်မှာပဲ ဒီတစ်ခါတော့ ဘုရား ကျောင်းဆောင်ကို မျက်နှာ မူပြီးအလျားလိုက် အတန်းလိုက်လူလျှောက်လမ်း ချန်ပြီး ဆိတ်ဆိတ်ညိမ်ညိမ် ဒူးတုပ်စောင့်စားနေတဲ့ ဆရာဆရာမတွေကျောင်းသားတွေကိုတွေ့လိုက်ရပါတယ်..။ ကျွန်မတို့ အတွက် နေရာ ပေးရှာပါတယ်..။ကြိုတင်မသိတဲ့ကျွန်မ အတွက် လှူဖွယ်ဘာမှ မပါလာတာမို့ Dr.Thalisa က သူစီစဉ်လာတဲ့ လှူဖွယ် အထုပ်တွေတစ်ဝက်ခွဲပေးပါတယ်..။ ကျောင်းသားလေးတွေ က ခေါက်ဆွဲခြောက်ထုပ်လေးတွေ။ နို့ဆီဘူးလေးတွေ။ တခါသောက်နို့ဘူးလေးတွေ၊ ဝေဖါလေးတွေ..။ ဘီစကစ် လေးတွေ ။တစ်ချို့လည်းသစ်သီးလေးတွေ တတ်အားသမျှလောင်းလှူ ကြတာ တစ်ပျော်တစ်ပါး ကြီးပါပဲ..။

ကျွန်မလည်း လေ့လာနေဆဲကာလမို့ သူမျာပစ္စည်းတွေနဲ့ချည်း လှူနေရတော့တာပါ..။

ဆွမ်းကပ်တဲ့ အချိန်ကျတော့တစ်မျိုးပါ..။ အဲဒီတစ်မျိုးလေးတွေ ကိုတော့ တစ်ခြား တစ်ခြားသော တရားရိပ်သာများရဲ့ လှူဒါန်းပုံများ နဲ့ အတူ နှိုင်းယှဉ်လိုတာမို့ ကျွန်မဆက်လက်ရေးသား ပါအုံးမယ်..။

သူတို့လှူဒါန်းတဲ့နံနက်စာ ကိုပါစားသုံးခဲ့ ရပြီမို့ ၁၁နှစ်ပြည့်သည့်တိုင် အောင် ဆေးဝါးကျွမ်းကျင်သူ ပညာရှင်များမွေးထုတ်ပေးနေတဲ့ Faculty of Pharmacy သည် သည့်ထက်ပို၍ အောင်မြင်စွာ ဆက်လက်မွေးထုတ်ပေးနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်..။

ဓာတ်ပုံ တွေ မတင်နိုင်သေးတာနဲ့ ကျောင်းက ရိုက်ကူးထားတဲ့ မှတ်တမ်းဗီဒီယို ကိုသာ တွဲဖက် တင်ပြလိုက်ပါတယ်..။

သည်ပို့စ်လေး ဖြင့်....(ဘယ်ရောက်နေတာတုံး)ဟူသောမေးခွန်း များ ဖြေဆို လိုက်ပါရစေရှင့်။

မေတ္တာဖြင့်

သစ္စာအလင်း