Monday, November 19, 2012

မစိုက်ပျိုးလိုသောမျိုးစေ့များ - ကိုအောင်ဦး (ဓမ္မရသ) သို့ မွေးနေ့ဆုမွန်



သား ကိုဦးရေ

တို့တွေဟာ .တစ်ချိန်.တစ်ခါတုံး က..မိဝေး ဘဝေး…. တိုင်းပြည်ဝေးဆို တဲ့ နေရာ မျိုးမှာ ဘ၀ကပေးလာတဲ့ အခြေအနေကို အလိုက်သင့်လက်ခံရင်း ဖြတ်သန်းလွန်မြောက်ခဲ့ရတယ်..ဆိုတာ သားရဲ့မွေးနေ့လေးကို တစ်ကျော့ပြန်ရောက်ခဲ့တော့မှ သိမှတ်ဆင်ခြင်မိလေတော့တယ်..။
ဒီအချိန်မှာ အားကိုးခြင်းတည်ရာ..မြတ်နိုးခြင်းတည်ရာ..မိမိကိုယ်ကို ထိန်းသိမ်းခြင်း တည်ရာ အဖြစ် မဖြစ်မနေ ဆုပ်ကိုင် ဦးခိုက်ခဲ့ရင်း…. ဓမ္မကို တွေ့ရှိခဲ့ရင်း တို့များ ဟာ ဓမ္မဘလော့ဂါ ရယ်လို့ ဖြစ်လာ ခဲ့ရတယ်..မဟုတ်လား။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးက တော့ဆုံးမဘူးတယ်..။ တရားမျှဝေတယ်ဆိုတာ ကျင့်ဆဲ (သို့မဟုတ်)ကျင့်ပြီးတစ်ခုခု  ဖြစ်ရမယ် တဲ့..။မဟုတ်ရင်တော့ မမျှဝေသင့်ဘူးတဲ့။
သူတော်ကောင်းအစားအစာတွေ ရှားပါးတဲ့နေရာတွေဆိုတော့လည်း …ကိုယ့်ရဲ့စိတ်အစဉ်ကို ကောင်းတဲ့တရားဓမ္မ မှာ တည်တံ့ နေထိုင် နိုင်အောင်ကြိုးစားရင်း ၊ အားတင်းရင်း ၊ ဆုံးမ ရင်း အချိန်တစ်ခုကို အားတင်း စောင့်ဆိုင်းကြရတယ်..ကျင့်ကြံအားထုတ်ကြရတယ် ဆိုတာ မှတ်မှတ်ထင်ထင်ပါပဲလေ..။

 အခု ဆိုရင် နှစ်ပတ်လည် လာခဲ့တာ စာရေးသက် လေးနှစ်တောင် ပြည့်လု နီးပါပြီ ကော..။

အဲဒီတုံးက တော့ ကျောင်းတက်၊ အချိန်တန် တော့အဆောင်ပြန် …စာဖတ်..ချက်ပြုတ်စားသောက် ရင်း စာတွေရေးကြတာဆိုတော့…. ဘ၀ ဟာ အတန်သင့်တော့ ကြည်လင်နေတဲ့ အစိတ်အပိုင်းတစ်ခုပေါ့လေ…။ မိသားစုတာဝန်တွေ ၊ လူမှုရေးတာဝန် တွေ နဲ့ ကင်းလွတ်နေခဲ့တယ်..။တကယ့်ဘ၀ နဲ့ ကွာလှမ်း နေခဲ့တယ်..။

ကားမောင်းသင်တန်း လေ့ကျင့်ရင်းကွင်းထဲမှာ ကားမောင်းသလို ဖြစ်နေတာမို့ ဖြူးဖြူးဖြောင့်ဖြောင့် တော့ဖြစ်နေတာပေါ့လေ..။

အခုတော့ ကိုယ့်ရဲ့ တကယ့်ဘ၀ ထဲကိုပြန်ရောက်ကြပြီ..၊ ပြန်လည်နေထိုင်ချိန်မှာတော့ ဓမ္မကို ဘ၀ ထဲရောက်အောင် ကျင့်ကြံ နေထိုင်မှသာ အဆင်ပြေ မယ်ဆိုတာ သိနားလည် လာခဲ့ပါတယ်..သားရေ..။

ကားမောင်းသင်တန်း ကနေ လမ်းပေါ်တက်မောင်းသလိုဆိုတော့ ..နှလုံးသွင်းမှားတာ နဲ့ တိုက်မိတော့တဲ့(ဘ၀အက်စီးဒင့်) တွေဟာ  ခဏခဏ များလှပါပကောလား။
ဓမ္မ စာမေးပွဲ ဆိုတာ အွန်လိုင်းမှာ မဖြေ ရပဲ လက်တွေ့စစ်ကြမဲ့သူတွေကအများကြီးကိုး… အသိုင်းအ၀ိုင်း ထဲပြန်ရောက်လာသူတစ်ယောက်ကို စာမေးပွဲ စစ်ဘို့ စောင့်နေကြတာ အမှန်ပါပဲ..။

အဲဒီအခါ တစ်ဖက် ကအာရုံ တွေ နဲ့ လာရောက်တိုက်ခိုက်တာကို ကိုယ့်ရဲ့အကြည်ဓာတ် ခွက် နဲ့ ခုခံ ရတော့တာ ဟာ အချိန်နဲ့အမျှ ကြုံဆုံနေကြရတော့တာပါ..။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကတော့ ..ဇာတိပြန်မလာ ဘို့ မပြော နဲ့ တစ်ဖန် လူပြန်ဖြစ်ဘို့တောင် မျိုးစေ့ တွေ ချမိရဲ့ လားလို့ ခပ်စပ်စပ်လေး ဆုံးမပေးတော်မူခဲ့ပါတယ်..။

(((((-သူ့အာရုံပေါ် ကြိုက်တဲ့ စိတ် ကလေး ၊သာယာ တဲ့စိတ်ကလေး ကျရောက်သွားရင် စေတနာ တစ်ခု ၊မျိုးစေ့တစ်ခု၊ အဲလို မျိုးစေ့ကတော့ ပြိတ္တာ မျိုးစေ့ တွေချည်းပါ..။

-သူ့အာရုံပေါ် မုန်းစိတ်ကျရောက်သွားခဲ့ရင် စေတနာ တစ်ခု မျိုးစေ့တစ်ခု..၊ ဒီစေတနာ မျိုးစေ့ကတော့ ငရဲမျိုးစေ့တွေချည်း သာပါပဲ..။

-သူ့အာရုံပေါ် သာမန်အသိအမှတ်ပြုစိတ်ကျရောက်သွားရင် … စေတနာတစ်ခု..မျိုးစေ့တစ်ခု ဒီစေတနာ ဒီမျိုးစေ့တွေကတော့တိရိစ္ဆာန် မျိုးစေ့တွေချည်းသာပါပဲလို့ ထောက်ပြ ပေးခဲ့ပါတယ်..။))))))

ဒီသုံးချက် ထဲက ကြိုက်လို့ဖြစ်စေ..မုန်းလို့ဖြစ်စေ…အတွင်းကျကျ မသိလို့ဖြစ်စေ..အချင်ချင်းအပြိုင်အဆိုင် ထိပ်တိုက် ရင်ဆိုင်ခြင်း ၊ ဇဝေဇ၀ါ ဖြစ်ခြင်း ၊စိတ်နဲ့ ကိုယ်နဲ့ မကပ်ခြင်း ၊ ရှက်ရမှန်းကြောက်ရမှန်းမသိခြင်း၊ စိတ်ပင်ပန်းသွားခြင်းဆိုတာတွေကလည်း စေတနာ တစ်ခု မျိုးစေ့တစ်ခု  နှုန်း နဲ့ နောက်မိုးအကျမှာ ဘ၀ကိုရစေမဲ့အရာတွေချည်းပါပဲသားရေ..။

အလေ့ကျပေါက် တဲ့ မစားကောင်တဲ့ မျိုးညံ့ ဘ၀တွေ..စေတနာ အတိုင်း အညှောင့်ပေါက်ကြမယ်...အမြစ်တွယ်ကြတော့မှာ ဆိုတာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီက ဆုံးမခဲ့ပါတယ် သား။
ဆရာတော်ဘုရားကြီးက လူ နဲ့ တိရိစ္ဆာန် ကိုပိုင်းခြား ပေးထားတဲ့ စည်းခြားပေးထားတဲ့ ကျင့်စဉ်ကိုလမ်းညွှန်ခဲ့ပါတယ်..။

-ကိုယ့်တစ်ကိုယ်ကောင်းကို စွန့်လွှတ်ခြင်းမျိုး..ဒါန

-သူ့တစ်ကိုယ်ကောင်းကို စောင့်ရှောက်ပေးခြင်းမျိုး..သီလ

-စိတ်အစာစား၍ စိတ်ထားရင့်ကျက်စေသော ..ဘာဝနာ ကို ကြိုးစားလေ့ကျက်မှ သာ လူတစ်ဖန် ပြန်ဖြစ်မဲ့ မျိုးစေ့ကိုချနိင်ပါလိမ့်မယ် တဲ့..။

 သားရေ.. အံတီက မြန်မာပြန်ရောက် ကတည်းက စိုက်ပျိုးရေး နဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုပြီး စိုက်လိုက် တဲ့မျိုးစေ့တွေ…သစ်ပင်တွေ…စိမ်းလန်းသောကမ္ဘာမြေ တေးကို ဆိုရင်းပေါ့လေ..။

ဒီတရားကို နာယူ ဖတ်မှတ်မိတဲ့အချိန်မှာတော့ စိတ်သန္တန် မှာ ချမိတဲ့မျိုးစေ့တွေ ဆရာတော်ညွှ့န်ပြခဲ့တဲ့ သုံးမျိုးလုံ့းပါဝင်ပတ်သက်တာ မနည်းပါလားလို့ ထိတ်လန့်တကြားတွေ့ လိုက်မိပါတယ်..။

အင်း….အာရုံတစ်ခု ..မျိုးစေ့တစ်ခု…။
စိမ်းလန်းမှာလား..။
ငြိမ်းချမ်းမှာလား..။
သံသရာ ရပ်ဝန်းမှာ အလေ့ကျပေါက်ရတော့မှာလား..။

သာသနာ့ရေခံမြေခံ က အခွင့်အခါကောင်းပေးပါလျက် ကိုယ်စိုက်လိုက်တာတွေ က …မျိုးစေ့မမှန်ခဲ့ပါကလား လို့ ကိုယ့်ကိုကို ဆုံးမလိုက်ပါတယ်သား..။
အာရုံ မှ လွတ်မြောက်နိုင်စွမ်းဆိုတာကလည်းအလွန့်အလွန် ရတောင့် ရခဲ..။
(ပဗ္စဇိတ ဘာဝေါ ဒုလ္လဘော) ဆိုတာ အာရုံတွေမှ လွတ်မြောက်ခြင်း ပဲရယ်လို့ ဟောကြားထားတာ သားလည်းသိမှာပါ..။

အံတီကတော့ ကမ္ဘာမြေ ပေါ်မှာ စိမ်းလန်းရေး သစ်ပင်တွေ စိုက်ပျိုးနေပေမဲ့ ကိုယ့်ရဲ့ မနော လွင်ပြင်မှာ တော့ အာရုံတစ်ခု..မျိုးစေ့တစ်ခု ပေမို့…. အဲဒီမျိုးစေ့တွေ မစိုက်ပျိုးမိအောင်ကြိုးစားနေပါတယ်..။

သားကလည်း ဓမ္မရသ ကိုဖန်တီး နေသူတစ်ဦး မို့ အံတီပြောပြ တဲ့ သားမွေးနေ့ ဓမ္မလက်ဆောင်လေး ကြောင့် ဥာဏ်တစ်ချက် လင်းလက် လိမ့်မယ်ဆိုတာ အံတီ ယုံကြည်နေပါတယ်သား။

အဓိပ္စါယ် ပြည့်ဝသောမွေးနေ့မှတ်တိုင်တစ်ခု ဖြစ်ပါစေ..။

မေတ္တာဖြင့်
သစ္စာအလင်း