Tuesday, January 22, 2013

မုဒိတာ နှလုံးသား ( အရှင်သာရိပုတ္တရာ)




ဒေါက်တာမေခင်စိုး ရဲ့ သားလေး ပုံကို ယူသုံးမိတာ ခွင့်လွှတ်ပါ နော်..။

*အဆင်မပြေဘူးဆိုတာ စေတနာ အထား မှားနေလို့ ပါ...ပြင်လိုက်ပါ..* ဆိုတဲ့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ရဲ့ သြဝါဒ စကား လေး ဟာ တိုတောင်း သော် လည်း  အင်မတန် မှ ကျယ် ဝန်းနက်ရှိုင်းလှပါတယ်..။
မိ မိ ရဲ့ စိတ်ကို သိအောင် အမြဲ လေ့ကျင် ထားတဲ့ လူတစ်ယောက် ဟာ သူတစ်ပါးက စကားဆိုလာ တဲ့အခါ စကားလုံးနောက်ကွယ် မှာ မည်သို့ သော စေတနာ အမျိုးအစား က စေ့ဆော်လိုက် လို့ ဒီလို ပြောရတာ လည်းဆိုတာ မဆန်းစစ်သော်လည်း အလိုလို သိနေတတ်ပါတယ်..။

 လူတွေက ဆက်ဆံရေး ကိရိယာ လို့ခေါ် တဲ့ စကားလုံးတွေဟာ ဗြဟ္မစိုရ် တရားတွေ ဆောင်ကျဉ်း တတ်သလို ဒေါသ..လောဘ..မောဟ..မာန ဆိုတဲ့ကိလေသာတရားတွေ သယ်ဆောင်လာကာ  ရင် ထဲ အသည်း ထဲကို ဘဝ ထဲကို စူးနစ် လောင်မြိုက်စေတာ့တာ ပါပဲ..။

စိတ်ပညာရှင် တွေ ရဲ့ စစ်တမ်း အရ.. လုပ်ငန်းခွင်တွေ မှာ စိတ်မချမ်းမသာ ဖြစ်ရခြင်း ရဲ့ ၈၀% သည် ဆက်ဆံ ရေးမပြေပြစ်လို့ ဖြစ်ကြရတာ ဖြစ်ပြီး..လုပ်ငန်းမကျွမ်းကျင်တာကတော့ ၂၀% ခန့်သာရှိပါတယ် တဲ့။
အဲလို အမြင် စူးရှလာ တဲ့အခါ သူတပါး ရဲ့ မှားနေတဲ့ စေတနာကို မခံစားနိုင်အောင် လည်းတစ်ခါ တစ်လေ ဖြစ်တတ်ပါတယ်..။

အပြစ်တင်လို စိတ်တွေ.... ထောက်ပြ ဝေဖန် ချင်တာတွေ နဲ့ ရင် ထဲပြည့်တက်လာ တဲ့အခါ မှာတော့ ထွက်ပေါ်လာ တဲ့စကားလုံးတွေ ဟာ ကိလေသာ အပြည့် နဲ့ ထုံမွှမ်းတတ်ပါတော့တယ်..။
ကိုယ်က မပြောမိ အောင် ထိန်းသိမ်း သော်လည်း ကိုယ့်ကို ကြမ်းရှ ရိုင်းပြစွာ ဆက်ဆံ ခံရတဲ့အခါ ...အပြော ခံ ရ တဲ့အခါ  အဲဒီ အခါ လောက နဲ့ အဆင်မပြေ ဖြစ်တော့ တာပါပဲ..။

 လူများများ နဲ့ ဆက်ဆံပြီး စကားကို များများ ပြောရတဲ့ အလုပ် ကို လုပ် နေတဲ့ ဆရာ၊ ဆရာမ၊ အထက်လူကြီး၊သူဌေး စတာတွေ ဟာ ဒီလို အမှား ဝင်္ကပါတော ထဲ မှာ ခဏခဏ မှောက်လျက် လဲကျ မှားကြရ ပါတော့တယ်..။

လိုချင် မှုကို ဦး စားပေး ရတဲ့ စီးပွားရေး လောက မှာ လောဘ ဦးဆောင် တဲ့ ကိလေသာ စကားတွေ လှိုင်းထန် နေတတ်သလို.......။
ရာထူးရာခံ တွေ နဲ့ သြဇာ ရှိသူတွေ အဘို့ မှာတော့ စိတ်တိုင်းမကျခြင်း၊ ကြောက်စရာမလို ခြင်းတို့ကြောင့်  ဒေါသ ဦးဆောင် တဲ့ စကားတွေ နဲ့ မုန်တိုင်းဆင်တတ်ပါတယ်..။
 ပညာ တွေ တတ်အောင် သင်ထားတဲ့သူတွေ ရဲ့ လောက မှာလည်း မာန ခေါင်းဆောင် တဲ့ စကားတွေ တလူတလူ တလွင့်လွင့် ရှိနေတတ်တာ မို့........။
 ကြိုတင် တွက်ဆ ပြီး သတိ နဲ့ နေတတ်အောင် လေ့ကျင့် ရှောင်ကွင်းနေမိပါတယ်..။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး ရဲ့ တရားစခန်း တို့ လို ..စာသင်ခန်း တို့ ထဲ ဝင်ရောက် ရင် တော့ အမြဲတစေ စိတ်လွတ်လပ် ပေါ့ပါးနေတာ အမှန်ပါပဲ..။
စိတ် အဆင်မပြေလို့ လက်ခံသိမ်းပိုက် မိတဲ့အခါ ကူးဆက် တုံ့ ပြန်ပြီး ပူလောင်တတ်တာ မို့.. *ဘယ်သူ မှန်မှန် ဘယ်သူမှားမှား ၊ အဲဒီအပေါ် မှ လက်ခံသိမ်းပိုက်ပြီး ပူမိရင် ဘာကြောင့် ပဲ ပူပူ..ကိုယ် ရှုံးတယ်* ဆိုတဲ့ ဆရာတော်ဘုရား ရဲ့ ဆုံးမစကား နဲ့ လွတ် သွားတဲ့ အခါ မျိုး မှာတော့ ကိုယ်က အရှုံး နဲ့ အပူ....ယူငင် မိတော့တာပါပဲ..။
လောက နယ်ပယ် မှာ ဒေးကာနက်ဂျီ ရေး တဲ့ လူပေါ် လူဇော်လုပ်နည်း ( How to influence the people) တို့ ဦးနု ဘာသာပြန် တဲ့ မိတ္တဗလ ဋီကာ တို့က သင်ကြား ပေး လိုက်  တဲ့ method တွေက အဆင်ပြေ ပေမဲ့ ရင်ထဲ အသည်းထဲ က လှိုက်လှဲ တဲ့  စေတနာ မျိုးတော့ အမြဲတစေ ဟုတ်မနေပေဘူး ပေါ့။
ဒါကြောင့် လည်း စံပြု နည်းယူစရာ... လေးစား ကြည်ညို စရာ သူတော်ကောင်းတို့နှလုံးသား ကို ဦးညွှတ် ကိုးကွယ် မိပါတော့တယ်..။
ကျွန်မ ကလည်း လောကီပညာလေးတွေ သင်ထားမိ တဲ့ လူဆိုတော့ လောက နယ် ပယ် က ပညာတတ် တို့ ရဲ့  နှလုံးသား ကို များများ ထိတွေ့ ခံစားရပါတယ်..။
ဒီနယ် ပယ် မှာ ငါသာ အသိဆုံး၊ အတတ်ဆုံး ဆိုတဲ့ စိတ်ကလေး ဖြစ်အောင်လည်း ဒီ လို လူတွေက အချိန်တွေ ပေးခဲ့ကြတယ်.. ဘဝ တွေ ပေးခဲ့ကြတယ်...။
 ဒါကို နားလည် ထားတော့ မာနတွေ  ကြီးလိုက်တာ လို့ တော့ အပြစ် ယူတဲ့ စိတ် နဲ့ ဘယ်သော ခါမှ မတွေး မိအောင်ကြိုးစားပါတယ် ။ မြတ်နိုးတန်ဘိုးထားတတ်အောင် ပဲ ကြည့်မြင် မိပါတယ်..။ ရ တဲ့အခါ လည်းရပေသပေါ့..။
ဒီနေရာမှာ ပညာ အရာ အလွန်သာလွန် မြင့်မြတ် တဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ် ရဲ့ မုဒိတာ အားကောင်းတဲ့ သူတော်ကောင်းနှလုံးသား ဟာ အားကျ အတုယူဖွယ် ရာ ငြိမ်းချမ်းအေးမြလှပါတယ်..။
အရှင်သာရိပုတ္တရာ ဟာ စကြာဝဠာ တိုက် တစ်သောင်းမှာ ဘုရားရှင် ကလွဲရင် ဥာဏ်ပညာ အကြီးမားဆုံး မထေရ်မြတ် တစ်ပါးဖြစ်ပါတယ်..။ တစ်ကမ္ဘာ လုံးမှာ ရွာချ တဲ့ မိုးရေစက်တွေ မိုးရေပေါက်တွေကိုတောင်  ရေတွက် နိုင်တဲ့ပညာရှိပါတယ်..။ လူ့ပြည်မှာရှိတဲ့ အဘိဓမ္မာ တရားတော်တွေဟာ အရှင်သာရိပုတ္တရာ မထေရ်မြတ် ရဲ့ ဥာဏ်ပညာ ကြီးမားတော် မူမှု ရဲ့ အမှတ်သင်္ကေတ ဖြစ်ပါတယ်..။

အရှင်မြတ် ရဲ့ ဒေသနာတော်ကို နာယူ ရလို့ သစ္စာ လေးပါးသိမြင်သူတွေဟာ အင်္ဂုတ္တရ နိကာယ် ကျမ်းလာ *သမစိတ္တသုတ္တန်* ဟော ကြားတော်မူ တဲ့နေ့ မှာ ပဲ နတ်ဗြဟ္မာ ကုဋေ တစ်သိန်း အရဟတ္တဖိုလ် ဆိုက်ပြီး အောက် မဂ် ၃ပါးဆိုက် တဲ့ နတ်ဗြဟ္မာ တွေဆိုတာ မရေ မတွက် နိုင်အောင် များပြားလှပါတယ်..။

မထေရ်မြတ်ကြီး ရဲ့ ကြည်ညို ပူဇော် ရုံမျှဖြင့်ပင်  နတ်ပြည်ရောက်ကြတဲ့မိသားစု အရေ အတွက်ဟာ ရှစ်သောင်းမျှ ရှိကြောင်း ပိဋက စာပေ မှာ မှတ်တမ်းတင် ဖေါ်ပြထားပါတယ်..။

မထေရ်မြတ်ကြီးဟာ ရှင်တော်မြတ်ဘုရား ပြီးရင် ဒုတိယ အကြီးအကဲ ဖြစ်တာ နဲ့ အညီ သံဃ အဖွဲ့ အစည်းပေါ် မှာ အထူးကြောင့်ကျစိုက်ပြီး စောင့်ရှောက်တော်မူပါတယ်..။

ရဟန်း သံဃာ အားလုံးနောက်မှ ဆွမ်းခံဝင်ပါတယ်..။ဆွမ်းခံကြွ သွားပြီးတဲ့အခါ မှာလည်း ကျောင်းစဉ် လှည့်ကာ တံပြက်လှည်းသင့်ရာ လှည်းကျင်းပြီး အမှိုက်ကျုံးသင့်ရာမှာ ကျုံးတော်မူပါတယ်..။

အသုံးအဆောင် ပစ္စည်းတွေကိုလည်း နေရာတကျ ထားသိုကာ အမြင်မတော်တာတွေ ဖြုတ်သိမ်းပြုပြင် တော် မူပါတယ်..။
နာမကျန်းဖြစ်တဲ့သူတွေကိုလည်း ဆေးဝါးဓာတ်စာ လိုမလို မေးပြီး ရအောင်လည်းရှာ ဖွေပေးတော်မူပါတယ်..။
သူနာပြု ပုဂ္ဂိုလ် တွေကိုလည်း ပြုစုချင်လာအောင် အားပေးစကားပြောကြားတတ်ပါသေးတယ်..။

ခရီးပန်းလာလို့ နွမ်းနယ် ညောင်းညာ တတ်သူတွေကိုလည်း ဆီ။ နနွင်းစတာ တွေ နဲ့ ဆုပ်နယ်ပြီး သက်သာကျန်းမာ လာအောင်ပြုစုတတ်ပါသေးတယ်..။

သာသနာ မှာ မပျော် ပိုက် တဲ့ ရဟန်းငယ် ၊ရှင်ငယ် လေးတွေကို လည်းပျော် မွေ့အောင်၊ ပျော် မွေ့ နေတဲ့ ရှင်ရဟန်း တွေကိုလည်း ပုထုဇဉ် ကနေ သောတာပန်ဖြစ်အောင် သောတာပန်က နေ ရဟန္တာ ဖြစ်အောင် အကြိမ်ပေါင်းများစွာ အထပ်ထပ် တရားဟောပြတတ်ပါတယ်..။ဒီလို နည်း နဲ့ ရဟန္တာ ဖြစ်သူတွေ မနည်းလှပါဘူး။

ဒီနေရာ မှာ စာတစ်ခု ထဲ ဖတ်..ကွန်ပျူတာ ကို မျက်နှာအပ် ပြီး နေချင် တဲ့ ကျွန်မ ဟာ တခါ တခါ ရှုပ် ပွ နေတဲ့စာသင်ခန်းလေးကို မရှင်းလင်းမိရင် ဒီအချက်ကိုပြန်သတိရ ကိုယ့်ကိုကို ဆုံးမ ရပါတယ်..။

Two mountains never meet ဆိုတဲ့ လောက နယ် ပယ် က စကား ဟာ မုဒိတာ မထားတတ် တဲ့ အောင်မြင်သူ နှစ်ဦး အတူတူ နေရာ တစ်ခု မှာ နေပြီးအပြိုင် အဆိုင် ဖြစ်လာ ကြရင် တစ်ဂူ ထဲ ခြင်္သေ့ နှစ်ကောင် မအောင်းဘူး ဆိုတဲ့ စိတ်ထားနဲ့ အပြန်အလှန် မာန်စောင်ကြတော့တာ.. သဘာဝ လို ဖြစ်နေပါတယ်..။

ပညာ အရာ မှာ ဧတဒဂ် ရပြီး အဂ္ဂသာဝက ဖြစ်တော် မူတဲ့ အရှင်မြတ်ကြီးကတော့ ဥာဏ်ပညာ ထူးချွန်တဲ့ သူတော်ကောင်းကို ဖူးတွေ့ရရင် လွန်စွာ အရေးထားမြတ်နိုးတော်မူပါတယ်..။ဓမ္မကထိက အရာ မှာ ဧတဒဂ် ရတော် မူ တဲ့ အရှင်ပုဏ မထေရ် ကို တွေ့ တဲ့အခါ ဝိသုဒ္ဒိ ၇-ပါးတရားတော်ကိုမေးတော်မူပါတယ်..။

အရှင်ပုဏ မထေရ်က အာဇာနည် မြင်းကတဲ့ ရထား ၇- စီး နဲ့ ဥပမာပြုပြီး ပြည့်စုံစွာ ရှင်းလင်းစွာ ပြန်လည် ဖြေကြားတော်မူပါတယ်..။ အဲလို အဖြေ စကားကို နာကြားတော်မူ ရတဲ့အခါ မှာ မထေရ်မြတ်ကြီးက * ဒီလို မေးတိုင်းအဖြေကောင်းပေးနိုင်တဲ့ ပညာရှင် ပုဂ္ဂိုလ်မျိုးကို တစ်ကျောင်းထဲ အတူ နေရုံမျှ မကျေနပ်နိုင်ပဲ မေးလို တဲ့အခါ တိုင်း မကြာမတင် မဆိုင်းမတွ အဖြေ ရနိုင်ဘို့ ဦးခေါင်းတင်ပြီးခေါင်းခု နဲ့ အမြဲ ရွက်ထားချင်တယ်* လို့ အမိန့်ရှိတော်မူပါတယ်..။

ကျွန်မတို့ မှာတော့ ကိုယ့်ထက်တော် တဲ့သူတွေ တွေ့ တဲ့ အခါ ပြုံးပြီး ချီးကျူး နိုင်တဲ့ မုဒိတာ နှလုံးသားကို သတိဦးစီးလာ တဲ့အခါ မျိုးမှာသာ ခက်ခက် ခဲခဲ စိတ်အလို နဲ့ ဆန့်ကျင်ပြီး အားခဲ တည်ဆောက် ရတာမျိုးပါ..။ ဒါတောင် ဘယ်နေရာမှာ မှားမလဲ..အားနည်းချက်ရှိမလဲ ထောက်ပြလိုက်မယ် တည့်မတ်လိုက်မယ် တစ်ကဲကဲ နဲ့ (ပညာ ယူဘို့နေနေသာသာ) ချဲလင့်ဂျင်း တွေ လုပ်ချင်နေတော့တာ..။

အရှင်သာရိပုတ္တရာမထေရ် မြတ်ကြီး ရဲ့  သီလ သမာဓိ ပညာ တောင်ထွတ်တော်ဟာ  ကြီးကျယ် မြင့်မားတော်မူသလောက် မိမိကိုယ်ကို နှိမ့်ချမှု ၊ စိတ်နေသဘောထားကြီးမြတ်မှု ၊ ချိုင့်ဝှမ်းကြီး ကလည်း အင်မတန် မှ ကျယ်ဝန်း နက်ရှိုင်းတော်မူလှပါတယ်..။
မထေရ်မြတ်ကြီးဟာ တစ်နေ့မှာ အမှတ်မထင်မို့ သင်္ကန်းအနားစွန်းဟာ မညီ မညာ ဖြစ်တော်မူ နေခဲ့ပါတယ်..။ အဲဒါကို ရှင်သာမဏေဖြစ်စ အသက် ၇-နှစ်ရွယ်  ကိုရင်ငယ်လေးက * အရှင်ဘုရား သင်္ကန်းကို ညီညီ ညာညာ ဝတ်ရုံသင့်ပါတယ် ဘုရား* လို့ လျှောက်ထားပါတယ်..။ အဲဒီအခါ မထေရ် မြတ်ကြီးက သင့်တော် တဲ့နေရာမှာ ကောင်းမွန်စွာ ပြင်ဝတ်လိုက် ပြီး ကိုရင် ထံပြန်လာကာ *ဒီလောက်ဆို သင့်တော်ပါပြီလား * လို့ ဆရာ အရာမှာ ထားပြီး တလေးတစား တုန့် ပြန်တော်မူပါတယ်...။

မထေရ် မြတ်ကြီး က ကိုယ့် အမှားကိုထောက်ပြပြီး သွန်သင်ဆုံးမ သူမှန်သမျှကို ရွှေအိုးကို လက်ညှိုးထိုး ညွှန်ပြ ပေးသူလို  မြတ်နိုးတန်ဘိုးထားပြီး ဆည်း ကပ် ပါတယ် * လို့ ဥဒါန်းကျူးရင့်က ဒီအဖြစ်အပျက် လေးကို မိန့်ကြားတော်မူ ခဲ့ပါတယ် တဲ့..။
စီနိီယာ..ဂျူနီယာ စသည်ဖြင့်အမည် တတ် ကာ အနိမ့်အမြင့် ရှိနေတတ်တဲ့ ကျွန်မတို့ ပညာတတ်လောက ကြီးမှာတော့..ဂျူနီယာ သည် အမြဲတမ်း ဝေဖန်ခွင့်ရှိမနေပါဘူး။

အမှန်သိလို့  ပြောပြ ခဲ့ လျှင်လည်း (ငါ့ထက် အနှစ် ၂၀ လောက်ငယ် တဲ့ဂျူနီယာက ဆရာလုပ်လေခြင်း) ဆိုပြီးစပ်ဖျင်းဖျင်း ဖြစ်ပြီး  ဆတ်ဆတ်ခါ နာတတ် တဲ့အထဲ ကျွန်မ လည်းပါခဲ့ဘူးတာပေါ့နော်..။

ဒါဆို ရင် ကျွန်မ တို့ ရဲ့ ဘဝ မှာ အဘိုးတန် ရွှေ အိုးတွေ ဘယ်လောက် ပျောက်ဆုံး ခဲ့ပြီ လဲ မသိပါလေတော့..။

ဆရာတော် ဝင်နွယ် ကတော့ * သူတော်ကောင်းတို့နှလုံးသားဆိုတာ ဝါးရုံပင်မြင့်မြင့်ကြီးတွေလို ပဲ အထက်ကို ပိုမိုမြင့်မားလေးလေ အောက်ကို ပိုမို ကိုင်းညွှတ်လေလေ ဖြစ်ပါတယ်* တဲ့..။

အဆံ ကင်း တဲ့ စပါး နှံသာ မိုးသို့ထောင်မတ်ပြီး အဆံ ပြည့်တဲ့ စပါးပင် သည် လည်းကိုင်းညွှတ် မြဲ ဖြစ်ပါတယ်...။
အရှင်သာရိပုတ္တရာ အရှင်မြတ်ဘုရား...

အဆံကင်း  တဲ့ စပါးနှံ လို ထောင်မတ် မော်ကြွားဝင့်ဝါ ပြီး ရွှေအိုး များစွာ တူးဖေါ် ခွင့်မရတဲ့ တပည့်တော် အား အရှင်မြတ် ရဲ့ မုဒိတာ နှလုံးသား ကို တစ်သျှူး တစ်စ မျှ ပင် ပါရမီ မမှီ ပါသဖြင့် လေးမြတ်စွာ ကြည်ညို ပူဇော် ခွင့် ကို ပေးသနားတော်မူပါဘုရား။

မုဒိတာ တရားများ ထွန်းကားပါစေသတည်း။

( ဆရာ တော် ဝင်နွယ် - ရေးသားသော * သူတော်ကောင်းတို့ နှလုံးသား * စာမျက်နှာ ၃၇- ၅၂  ကို ဖတ်ရှု ကိုးကားရေးသား ပါသည်။)

မေတ္တာဖြင့်
သစ္စာအလင်း

တွင်း ထဲ မှတောင်ပေါ်သို့ (သို့) တွင်းတောင်မှ အပြန်




စစ်ကိုင်း တိုင်းရဲ့ သဘာဝ ရတနာ

တွင်းဖြစ်ခြင်း သည် မူလ မြေပြင် မှ နိမ့်ဝင် နေခြင်း လို့ အဓိပါယ် ရင်္ပြီး... တောင် ဆိုတဲ့ ဝေါဟာရ ကတော့ မူလ မြေပြင် မှ မြင့်တက် မို့မောက်နေတယ် ဆိုတာ လူတိုင်းသိကြပါတယ်..။

ဒီစကားလုံး နှစ်ခု ကို ပူးတွဲ ခေါ်ဝေါ်ထားတဲ့ -တွင်းတောင်- ဆိုတဲ့ နေရာလေးကတော့ သူ့ရဲ့ နာမည် လိုပဲ ဆန့်ကျင်ဘက် ဝိသေသ တွေ ပိုင်ဆိုင်ထား သလို သဘာဝ တရား ရဲ့ ထူးဆန်းလှတဲ့ လက်ဆောင်မွန် တစ်ခု ဆိုတာ ပိုမို ပြီးနားလည် ရပါတယ်...။

ဒါကတော့ မြန်မာ နိုင်ငံ စစ်ကိုင်း တိုင်းရဲ့ သဘာဝ ရတနာ တစ်ပါးလို့ တင်စားလို့လည်းရပါတယ်..။ ကျွန်မတို့ ငယ်ငယ် ကတည်း က ဆရာမ ဂျူး ရဲ့ မရှိမဖြစ်မိုး ဆိုတဲ့ ဝတ္ထု ကြောင့် စိတ်ကူးထဲက နေ အလည် အပတ်ရောက်ခဲ့ဘူး ခဲ့တာ...မိုး ရဲ့ စပီရူလိုင်းနား သုတေသန လုပ်ငန်း နဲ့ သုတေသီ တစ်ဦး ရဲ့ ပုံရိပ်တွေ လွှမ်းမိုးခဲ့တာ တော့အမှန်ပါပဲ..။

အခု အမှန်တကယ် ရောက်ရှိ လည် ပတ် ရတဲ့အချိန် မှာ တော့ကျွန်မ ရဲ့ နှလုံးသား ဟာ ငယ် စဉ်က လိုတော့ စိတ်ကူး ယဉ် ဆန်ဆန် နု နွဲ့ လှပ နေ တဲ့အချိန် တွေကို ဖြတ်သန်း လွတ်မြောက်ခဲ့ပါပြီ..။ အရာရာ သည် တစ်လေက လုံး ကို သိမ်းဆည်းကြည့်တဲ့ အခါ ခန္စ္ဒာ ငါးးပါး သာရှိတယ် ဆိုတဲ့ အမြင်ကတော့  ထုံ့ ပိုင်းထုံ့ ပိုင်း နဲ့ လှိုင်းဂယက်လို ကမ်းစပ်မှာ ပြေလျှော့ ပျောက်ကွယ် စေခဲ့ပါတယ်..။

မြင့်မားတဲ့ ကျောက်တောင် တစ်လုံး ရယ် လို့ အဝေးက ထင်မှတ်ရ ပေမဲ့  တောင် တန်းနှုတ်ခမ်းသား ကို ရောက်ရင်ပဲ ဘဲဥ ပုံစံ တွင်း ကျယ် ကျယ် တစ်ခု ကို လှမ်းမြင်ရပါတယ်..။
တွင်း ထဲ သို့ ထိုးဆင်းသွားတဲ့ ကားလမ်းကနေ ဝင်ရောက် ခဲ့ရင်ပဲ တွင်းတောင် အင်း ရဲ့ နှလုံးသား တွင်း ကို ချင်းနင်း ရောက်ရှိရပါတော့တယ်..။

တွင်း ရဲ့ ခြေရင်းမှာတော ဧက ၂၀၀ကျော် ကျယ် ပြန့်တဲ့  စိမ်းပြာရောင် ရေ ပြင်ကျယ် ဟာ လှိုင်းလေးများနဲ့  အရောင်လက်နေပြီး ကမ်းစပ်မှာတော့  တည် ညိမ်နေ ခဲ့ပါတယ်..။ အင်းရေပြင် ကို ဖြတ်သန်း တိုက်ခတ်လာ တဲ့ လေပြေ ညှင်းတွေကတော့ ဆောင်း ရ နံ့  နဲ့ အတူ အေးအေးမြမြ ရှိနေတာတော့အမှန်ပါပဲ..။

တစ်ချိန်တုံးက မီးတောင် တစ်ခု ရှိခဲ့ ဘူးတယ်... ချော်ရည် ပူပူတွေ..ပြာတွေ ကို ပေါ်က်ကွဲ ဖွင့် ထုတ်စေခဲ့ ပြီး ကျန်ရစ် ခဲ့တဲ့ မီးတောင် ဟောင်း တစ်ခု ရဲ့ ဒဏ်ရာဟောင်း တစ်ခု ပေ ပဲပေါ့..။

သောက၊ ပရိဒေဝ ၊ ဒုက္ခ ၊ ဒေါမနဿ ၊ဥပါယာသ တွေ နဲ့ ပူပြင်းလောင်မြိုက်မှုကို ခံစား ရခဲ့ဘူးတဲ့  သက်ရှိလူသား တွေ ရဲ့ နှလုံးသားတွေ  ဟာ ရင့်ကျက် တည်ညိမ် ခြင်းသို့ ပြောင်းလဲ ရောက်ရှိ စေခဲ့သလို ပါပဲ..။

 ချော်ရည် ပူပူတွေ..ပြာတွေ ကို ပေါ်က်ကွဲ ဖွင့် ထုတ်စေခဲ့ ပြီး တဲ့ သဘာဝ ပတ်ဝန်းကျင် ကိုလည်း တည်ကြည် ညိမ်သက်အောင် ပြောင်း လဲစေနိုင်ခဲ့ ခြင်း ပေပဲလားလို့ ကျွန်မ က ဆင်ခြင် နေမိပါတယ်..။
သက်ရှိ တို့ ရဲ့ ပေါက်ပွားရှင်သန် မှုဆိုတာ သက် မဲ့ သဘာဝ ပတ်ဝန်းကျင် ကို အမှီပြု ရတယ်... ပတ်ဝန်းကျင် ကပေးလာ တဲ့ အနေအထားအတိုင်း တိုးတက် ဖြစ်တည် ရတာ သဘာဝ တရား အမှန်ပင်ဖြစ်ပါတယ်..။

ရေပြင် လို့ ဆိုပေမဲ့ ကျွန်မ တစ်ခါ ကရောက်ရှိခဲ့ဘူးတဲ့အစ္စရေးနိုင်ငံ ဂျေရုဆလင် မြို့ အနီး က Dead Sea လို့ ခေါ်တဲ့ ရေပြင် တစ်ခု ကိုတော့မှတ်မိနေပါသေးတယ်..။
အဲဒီ ပင်လယ်သေ တစ်ခု ကတော့ နာမည် နဲ့ လိုက်အောင်ပဲ မည် သည့် သက်ရှိ ကိုမှ ရှင်သန်ခွင့်မပေး ခဲ့ပါ..။ ပင်ကိုယ် အနေအထား က ကြည်လင်စွာ စီးဆင်းလာ တဲ့ မြစ် တစ်စင်း ရဲ့ ခရီး လမ်းဆုံး တစ်ခု သဖွယ်  ပိတ်လှောင်ထားသ လို ဖြစ်တည် နေရ တာမို့ ရှင်သန်စေ နိုင်မဲ့ အရာ အားလုံး ဟာ ပျောက်ဆုံး နေခဲ့ပါတယ်..။

ရေညှိ တစ်ပင်.... အင်းဆက် တစ်ကောင်... ငါး ဖား ...သန္တာ...တစ်စုံ တရာ ပေါက်ဖွား မှီခို ရာ ဖြစ်မနေတော့ပါဘူး..။ ခါးသ က် ငံညိ နေတဲ့ ဆားပွင့်ခဲ တွေ ဟာ ရေ စပ် ကမ်းနား တစ်ဝိုက်မှာ ..ဖြူဖွေး နေပါတော့တယ်...။ လောက ရဲ့ အညစ်အကြေး စိတ် ရဲ့ အညစ်အကြေး တွေ ကို ဆေးကြော သန့်စင် ပွင့်ထုတ် မဖြစ်ပဲ ရင်ထဲမှာ ပိုက်ထွေး ခံစား နေတဲ့ ပင်လယ်သေ ရဲ့ နှလုံးသား ဟာ နာကျည်းမှုတွေ နဲ့ ငံညိ စွာ အသွင်ပြောင်း လိုက်တာ မျိုး လို့ အဲဒီတုံး က မှတ်ထင် တွေးတောခဲ့ဘူးပါတယ်..။

ကျွန်မ ရောက်ဘူးတဲ့ ပင်လယ်တွေကတော့ ပျော်ရွှင်ဖွယ်ရာ..။စိတ်လွတ်လပ် တဲ့ အပန်းဖြေ စခန်းတွေ ဝေဝေဆာဆာ နဲ့ စည်ကားဆူ ညံနေတတ်ပါတယ်..။ ရေသတ္တဝါ သက်ရှိမျိုးစုံ ပေါက်ဖွားရှင်သန် နေထိုင်ရာ အိမ် တစ်လုံး လို ပါ..။ အသုံးဝင် ပြီး ချစ် စရာကောင်းတဲ့သက်ရှိလေးတွေ ရှိတတ်သလို လူသားစား တတ်တဲ့ ကြောက်မက်ဖွယ် သတ္တဝါ တွေလည်းရှိတတ်ပါတယ်..။

 တစ်ခါ တစ်ခါ ဖောက်ပြန် တတ်လို့ ဆူနာမီလို... မုန်တိုင်းတွေ လို သဘာဝအန္တရာယ် အမျိုးမျိုးကိုလည်းဖိတ်ခေါ်တတ်တဲ့နေရာ တွေပါ..။ အဲလို အတွေးမျိုး ကို အဲလို ပင် လယ် ကမ်းစပ်က အပန်းဖြေ စခန်းတွေ ရောက်တိုင်း တွေ့ မြင်နေရတာမျိုး မို့ ငယ်စဉ်ကလို စိတ်လွပ်လပ်ပေါ့ပါး ပျော် ရွှင် မှု နဲ့ စီးရော ပျော် မောနေတာ တော့ မဖြစ်တတ်တော့ပါဘူး..။

ကျယ် ပြော လှ တဲ့ပင်လယ် ပြင်ကျယ် ကြီး ဟာ ကျွန်မတို့ ဖြတ်သန်း ကျင်လည် ရတဲ့ ဘဝ သံသရာ ကြီးလိုလို့ခံစားမိပါတယ်..။ ပင်လယ် ထဲ က သက်ရှိ သက်မဲ့ တွေကတော့ သံသရာ ဘဝကို ကျယ် ပြောသေ လာက် ရှုပ်ထွေး နောက် ကျိစေမဲ့ ဘဝ အညစ်အကြေး တွေ စိတ် အညစ်အကြေး တွေ လို့ ခံစားမိလာ တဲ့ အချိန် မှာ တော့ နောက်ဆုံး ရောက်ခဲ့တဲ့ ချာအမ်း ကမ်းခြေ ကို ခဏသာ ငေးမော ဖြစ်ခဲ့ပါတယ်..။


စပီရူလိုင်းနား

တွင်းတောင် အင်း ကတော့ ကန့်သတ်နယ် မြေ တစ်ခု လို ဖြစ်နေပါတယ်..။ ဧက ၂၀၀ ကျော် ရှိတဲ့ ရေပြင်ကျယ် ကို ပိုင်ဆိုင်ပေမဲ့လို့ ကျောက်တောင် တံတိုင်း တွေက ဝိုင်းပတ် ထားပါသေးတယ်..။ အဲဒီ ဝိုင်းပတ်ထားတဲ့ သဘာ ဝ ကျောက်တောင် တွေ ပေါ်မှာ တော့ ဟေတု ပစ္စယော အစချီတဲ့ ၂၄ ပစ္စည်း ကို ကိုယ် စားပြု စေတီ ၂၄ ဆူ ကို တွင်းတောင် အင်း ကမ်းခြေ တစ်နေရာကနေ လှည့်ပတ် ဖူးမျှော် နိုင်တာမို့ စိတ် က ဗုဒ္ဒ္စနုဿတိ ဘာဝနာ တံတိုင်း နဲ့ လုံခြုံ အေးမြ နေစေပါတယ်..။ ဒါ ဟာ လည်း တွင်းတောင် ထဲ မှာ ပေါက်ပွားတဲ့ စပီရူလိုင်းနားရေညှိ ကို သုတေသန ပြု တဲ့ ပညာရှင် ဆရာကြီးဒေါက်တာ မင်းသိမ်း ရဲ့ စိတ်ကူစိတ်သန်း နဲ့ စစ်ကိုင်းတိုင်း ပြည်သူလူထု ရဲ့ ဒါနရိပ် မေတ္တာရိပ်  သာသနာရိပ် ကျရောက်အောင် မိုးကာ လွှမ်းခြုံပေးထားတာဖြစ်ပါတယ်..။
အချဉ် အငံဓာတ်လို့ခေါ်တဲ့ pH 9.5 – 10.5 ထိ အလို အလျောက် တည် နေတာမို့ သတ္တဝါမျိုးစုံ ရှိမနေပဲ အကျိုးပြု သက်ရှိ နှစ်မျိုး လောက်သာ ရှင်သန် ခွင့်ပေးထားပေါသေးတယ်..။ အဲဒါကတော့ အင်မတန်မှ ပရိုတင်းဓာတ် ကြွယ်ဝ လှတဲ့ စမီရူလိုင်းနား ခေါ် စိမ်းပြာ ရေညှိ နဲ့ တွင်း ပိုး တို့ ပဲရှိပါတယ်..။

ရေ ရှိနေမှတော့ တခြားတခြားသော ရေညှိ များ ရှိမနေဘူးလားဆိုတော့ ဒီ pH 9.5 – 10.5 ကိုကြိုက်တာ ဒီရေညှိ ပဲ ရှိတာမို့ သူတစ် မျိုးသာ သီးသန့်တည် ရှိ နေဖြစ်တာပါ..။ ကျွန်မတို့ Biologist များ အဏုဇီ ပိုးလေးများ မွေးမြူကြတဲ့အခါ တခြားသော မလိုလားအပ်တဲ့ အကောင်များ ဝင်ရောက်ပေါက်ပွားတတ် တဲ့ Contamination ဆိုတာ ကင်းစင် အောင် ပိုးသတ်တာကို အချိန်ယူ လုပ်ဆောင် ရတတ်ပါတယ်..။
စပီရူလိုင်းနားကတော့ ကျွန်မတို့ အချိန်ယူ လုပ်ဆောင် ရတဲ့ ပိုးသန့်စင်ခြင်း Sterilization ဆိုတဲ့ အဆင့်ကို သူ့ တာဝန် သူယူ ပြီး ကိစ္စ ငြိမ်းစေ တဲ့ သက်ရှိလေး ဖြစ်နေပါတယ်..။
 စိမ်းလန်း လှပါပေစွ... ငြိမ်းချမ်း အေးမြ ပါပေစွ..။
တွင်းတောင် အင်း ကပြန်လာ ချိန်မှာ တော့ နေပူရှိန် ဖျော့တော့ နေခဲ့ပါပြီ...။ ကျွန်မ ရဲ့ စိတ်အတွေး ကတော့ ပင်လယ်သေ.... ပင်လယ် ကမ်းစပ် နဲ့ တွင်းတောင် အင်း ဆိုတဲ့ ရေပြင်ကျယ် သုံးမျိုးက မနှိုင်းယှဉ် သော်လည်း နှိုင်း ယှဉ် သလို ယှဉ် တွဲပေါ်ပေါက် နေခဲ့ပါတယ်..။

အာရုံ ကို ခံစားပြီး အာရုံ နဲ့ အမြဲတမ်း လုံးထွေး ထိစပ်ခံစားနေတဲ့ ပုထုဇဉ် တို့ ရဲ့ စိတ် အစဉ် ဟာ ဘာမှ စနစ်တကျ ဖြစ်တည် မနေပဲ ပင်လယ် ကမ်းအပန်းဖြေ စခန်းလို ရှုပ်ထွေး ပူလောင် နေ မယ်လို့ ခံစားရပါတယ်..။
ဘဝ ရဲ့ သောက တွေ ဒုက္ခ တွေကို နာကျည်းမှု နဲ့ တုံ့ပြန်... အကုသိုလ် နဲ့ ခုခံတတ်သူတွေက တော့ ပင်လယ် သေလို... တိုးတက်မှု တွေ ရှင်သန် မနေ ပဲ ပိတ်လှောင် နစ်မွန်း နေတော့မှာပါ..။

တွင်းတောင် အင်း လို ဘဝမျိုး ကတော့ ငြိမ်းချမ်းအေးမြ စေမဲ့အာရုံ တွေကို သာ လက်ခံ ဆောင်ယူကာ လောက ကို အကျိုး ပြုတတ်တဲ့ ဘဝ တွေ လို့ခံစား မိပါတယ်..။
အင်း ကျွန်မ ဘဝကတော့
ပတ္တရားကမ်းခြေလား
ပင်လယ်သေလား...
တွင်းတောင်အင်းလား...
ဘယ်လို တည်ဆောက်မှာလဲ..မေးခွန်းတွေ မေးနေမိပါတော့တယ်..။

တွင်းတောင် ရဲ့ သဘာဝ တရားမှာ ပျော်မွေ့ တဲ့ စပီရူလိုင်းနားလို ဖြစ်ပါရစေကြာင်း ဆုတောင်းရပါတယ်..။

မေတ္တာဖြင့်
သစ္စာအလင်း

Sunday, January 13, 2013

သူတော်ကောင်းတို့နှလုံးသား




ဒီပုံကတော့ ပိုင်းလော့ဆရာတော် ဘုရားကြီးတရားစခန်းမှ သင်ကြားပေးတဲ့ သင်္ခန်းစာ ထဲကပါ။
----------------------------------------------------------------------
သူတော်ကောင်း တို့ရဲ့ နှလုံးသား

ဘဝက ပြဋ္ဌာန်း လာတဲ့ ခန္ဒ္စာ ဝန်ကို အလိုက်သင့်ကျေပြွန်အောင် ထမ်းဆောင် နေရ တဲ့ ကျွန်မ အတွက်…တရားဓမ္မ ကို နာကြားနေထိုင်ခွင့် အချိန် လေးတွေဟာ အရင်တုံးက လိုတော့ ပေါပေါ များများ ရှိမနေတော့ ပါဘူး..။ တစ်ခါ တစ်ခါ စိတ် နဲ့ အာရုံအဆင်မပြေလို့  ပူလောင် လာ တဲ့အခါမျိုးမှာတော့ အေးမြ ငြိမ်းချမ်း တဲ့ နေရာ ကို ပြန်ပြန်ပြေး လာကာ နှောင်တင်းထုံးဖွဲ့လာ တာတွေကို ဖြေလျှော့စေ ရတာ မျိုး ကို တော့ ကြိုးစား လုပ်ဆောင် ရပါတယ်..။

*ဘဝ တစ်ခု ကို ရရှိလာ ပြီး အဲဒီ ဘဝ ရဲ့ ရည် ရွယ်ချက် ကဘာလဲ* * ကိုယ့်ဘဝ တစ်ခု လုံးကို အားစိုက်ပြီး ဘာအတွက် အချိန် ပေးမှာလဲ* ဆိုတဲ့ မေးခွန်းတွေ ကို မကြာခဏ ကိုယ့်ကိုကို ပြန်မေး မိသလို…အချိန်ပေးမှား နေမိမှာ..ဝီရိယ အထားမှားနေမိ မှာ ကိုလည်း တွက်စစ် လာမိနေပါတယ်..။

ယောဂီ ဟောင်းတရားစခန်း မှာတော့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး က တော့ ပြတ်ပြတ် သားသားမိန့် ကြားခဲ့ပါတယ်..။ *အလေးရွှေ့လိုက် တောင်း ရွှေ့လိုက် နဲ့ ဈေးကကွဲတော့မယ်* တဲ့ ။ ဘုရား ကသင်ကြားပေးတဲ့ပညာ ကို အမှန်တကယ် နားမလည် ရင်တော့ မိုက်တဲ့ ထဲ ထည့်ရတော့မှာပဲ တဲ့..။
ဘုရားလက်ထက်တော်အခါ က အနာဂတ် ပျောက် ပတ်ဝန်းကျင်ပျောက်လောက်အောင် ဘဝ နဲ့ ရင်းရဲ ကြ တဲ့သာသနာ့အာဇာနည် အရှင် မြတ် တို့ကိုလည်း ပို ပြီး ကြည်ညို လေးမြတ်ရတာ အမှန်ပါပဲ..။
တကယ်တော့လည်း လောကီ စည်းစိမ်မျိုးစုံ တို့ကို ခန္ဒ္စာ အိမ် မျိုးစုံ ဖြင့် ကြုံခဲ့ ဆုံခဲ့ ဘူးပြီ မဟုတ် ပါလော..။ သံဝေဂ တစ်ပိုင်းတစ်စ နှင့်  ညံ့သက် လာတဲ့ စိတ်အစဉ် က မရင့်ကျက်သေး တဲ့ပါရမီ ကို မကြာခဏ စိန်ခေါ် အားစမ်း နေခဲ့ တဲ့အခါ မျိုးမှာတော့ ရှက်ရွံ့ စွာ ခေါင်းငုံ့ နေခဲ့ရတာ ပါ။

ပြီးခဲ့ တဲ့ တစ်ပတ်ကတော့ ရွှေတိဂုံစေတီတော် မြတ် ရဲ့ ထီးတော် ရိပ်မှာ ငြိမ်းအေးမှုကို ခိုလှုံ ဦးခိုက် ရပါတယ်..။ ဝတ်ပြု အပြီး အရှေ့ဘက် မုခ် ကအဆင်းမှာတော့ ဝင်နေကျ  မြကြာငုံ စာအုပ်ဆိုင် ကလေးကို ဝင် မိပါတယ်..။

ဖတ်ချင့်စဖွယ် ဓမ္မစာပေ မျိုးစုံ အစုံအလင် နဲ့ မို့ စာမြည်း လေးတွေ တစ်အုပ်ချင်းဖတ်ရင်း ရွေးချယ်နေမိခဲ့ပါတယ်..။ အဲဒီအချိန်မှာ စာအုပ် ရဲ့ ခေါင်းစဉ်လေးက ဆွဲဆောင် တာ နဲ့ ဖတ်ကြည့် ပူဇော်မိပါတယ်..။ တော်ဝင်နွယ် ရေးသားတဲ့ *သူတော်ကောင်းတို့နှလုံးသား* ဆိုတဲ့စာအုပ်လေးပါ..။

ကျွန်မ ဖတ်နေတုံး မှာ ပဲ စာအုပ်လာဝယ် တဲ့ ရဟန်းတစ်ပါး က  ထောက်ခံတိုက်တွန်းပါတယ်..။ ဖတ်သင့်တယ် ဒကာမကြီးတဲ့..။ ဦးဇင်း တို့ တော့ ဒီစာအုပ် ဖတ်လိုက်တိုင်း အားအင် သစ် တွေ ဖြစ်ရတယ်..။ အတုယူအားကျစိတ်တွေ နဲ့ ကြည်ညို သဒ္စ္ဒါ ဖြစ်ရပါတယ် တဲ့..။ ဦးဇင်းကတော့ ဝယ်ပြီးတိုင်းလက်ဆောင်ပေး ဖြစ် နေတာမို့ အခုလည်း ၆ ကြိမ်မြောက် ထပ်ဝယ်ရအုံးမယ် တဲ့..။
စာရေးသူ ရဲ့ ကလောင်စွမ်း က တော်တော်ပဲထက်မြက်လှတယ် ဆိုတာ အစွမ်းရှိတဲ့ စကားလုံးတွေ က ပစ်မှတ်ကို တိကျ လှစွာ လေးညှို့တင် ပစ်လွှတ် နေသလို ထိရှခံစားရတာ အမှန်ပါပဲ..။
ကျွန်မလည်း ကိုယ့်အတွက် ဝယ် သလို ၆ ကြိမ် မြောက် ဝယ်ယူ မဲ့ ဦးဇင်း ကို လည်းကျေးဇူးတင်စွာ လှူဒါန်းဖြစ်ခဲ့ပါတယ်..။ ဒီ ဦးဇင်းသည်လည်း သူတော်ကောင်း နှလုံးသား တစ်စုံ ထုဆစ်နေလိမ့်မည် လို့ ထင် မှတ် လို့ ရနေတာမို့ ပါ..။

အတ္ထုပ္ပတ္တိ စာပေတွေ ဆိုတာ စိတ်ခွန်အားဖြည့်တင်း ပေးလေ့ရှိ တတ်တာမို့ ငယ်ငယ် ကတည်းက ကြိုက်နှစ်သက်ခဲ့ပါတယ်..။

နယ် ပယ် အသီး အသီး မှာ အောင်မြင်ကြသူတွေ မှာ  လူသာမန် နဲ့ မတူ တဲ့ ဇွဲ..သတ္တိ..လုံ့လ ဝီရိယ အားစိုက်မှုတွေ က အားကျ ဘို့ ကောင်းသလို ..မြင့်မြတ် တဲ့ ခံယူချက်တွေက အတူ ယူဘွယ် ဖြစ်တတ်ပါတယ်..။

ခိုင်မာ တဲ့ ဆုံးဖြတ်ချက် နဲ့ ဘဝ တစ်ခုလုံး ကို ရင်းရဲ တဲ့သတ္တိ..၊ အချိန်ပေး ရဲတဲ့သတ္တိ က တော့ ကျွန်မ လို လက်လှမ်းမမီသေးသူတွေ အတွက် မျှော်ငေး ဦးညွှတ် စရာ ကြီးကျယ် တဲ့ ဂုဏ်သတ္တိ ဖြစ်ပါတယ်..။

စာရေးသူ - တော်ဝင်နွယ် ရဲ့ မူရင်းစကားလုံး အတိုင်း ဖေါ်ပြရရင်တော့ ..။

ငယ်စဉ် ကတည်းက အစွဲအလန်း ကြီးမားစွာ နဲ့ ထားရှိခဲ့တဲ့ ရည်မှန်းချက်ပန်းတိုင်က *သူတော်ကောင်းတို့နှလုံးသား* တစ်ခု ပိုင်ဆိုင်ရရှိဘို့ဖြစ်ပါတယ် တဲ့..။

ကောင်းမှု တစ်ခု ပြုလေတိုင်း တစ်ခုတ်တရ တောင်းဆိုမိတဲ့ ဆု ကလည်း သူတော်ကောင်း နဲ့ ပေါင်းဖေါ် ခွင့် ရဘို့ ပဲဖြစ်ပါတယ် ..တဲ့..။

သူတော်ကောင်းတွေဆိုတာ လောကကြီး တစ်ခုလုံး ငြိမ်းချမ်းပြီး သာယာ လှပအောင်စွမ်းဆောင်နိုင်သူ ဖြစ်ပါတယ်..။

ကိုယ်တိုင် ယဉ်ကျေးသိမ်မွေ့အောင် နေထိုင်ပြီး လက်လှမ်းမီရာ ကိုလည်းယဉ်ကျေးသိမ်မွေ့ စေ သူ ။

ကိုယ်တိုင် ငြိမ်းအေးစွာ ကျင့်ကြံ ပြီး လက်လှမ်းမီရာ ကိုလည်း ငြိမ်းအေးစွာကျင့်ကြံ နေထိုင်စေသူ ။

ကိုယ်တိုင် အသိဥာဏ် နဲ့ ပြည့်စုံအောင်ကြိုးစားပြီး လက်လှမ်းမီရာ ကိုလည်း အသိဥာဏ်နဲ့ ပြည့်စုံစေသူ။ ။

နောက်ဆုံး……………..
ကိုယ်တိုင် ဘဝခန္ဒ္စာ ဝဋ်ဆင်းရဲ ဒုက္ခ အဝဝ မှ လွတ်မြောက်ပြီး လက်လှမ်းမီရာကိုလည်း ဘဝခန္ဒ္စာ ဝဋ်ဆင်းရဲ ဒုက္ခ အဝဝ မှ လွတ်မြောက် စေသူတွေဖြစ်ကြပါတယ်..။

သူတော်ကောင်း တွေဟာ ..* ပန်းပွင့်တွေကို ပန်းဝတ်မှုန်ကူးပြီး အသီးသီး သီးစေတဲ့ ပျားပိတုန်းတွေ လို* သတ္တဝါ အချင်းချင်းကို မေတ္တာဝတ်မှုန်တွေ ကူးစက်စေပြီး ငြိမ်းချမ်းခြင်း အသီးအပွင့် တွေ သီးပွင့်စေသူ … တွေ ဖြစ်ပါတယ်..။

သူတော်ကောင်း တွေဟာ… * ဆီမီးတောက် * တွေလို မိမိ ဘဝ မိမိ ခန္ဒ္စာကို အကောင်းဆုံး လောင်ကျွမ်း ကုန်ခမ်းစေကာ လောကကို အလင်းရောင်ပေးကြသူတွေဖြစ်ကြပါတယ်။
သူတော်ကောင်း တွေဟာ ….သူတို့ မှာ ရှိရှိ သမျှ အရာတွေကို လောက လူသားများအတွက် ပေးကမ်း ထောက်ပံ့ စရာ ကူညီ ပံ့ ပိုးစရာ၊ အသုံးပြုစရာ တွေ အဖြစ်သာ ရှုမြင်ကြပါတယ်..။

ဘာပဲ လုပ်လုပ် သူတို့ လုပ်သမျှဟာ လောက ကိုချီးမြှောက်ဖို့ ၊ အဆင့်အတန်းမြှင့်တင်ဖို့ ၊ အလုပ်အကျွေး ပြုစုဘို့ ပဲဖြစ်ပါတယ်..။

ဒါကြောင့် မို့ သူတော်ကောင်းတွေဟာ …လောက မှာ ချစ်ခင်မြတ်နိုးစရာအကောင်းဆုံး ၊တန်ဖိုးထားအတုယူချင်စရာ အကောင်းဆုံး သူတွေ ဖြစ်ကြပါတယ်..။

စာရေးသူ တော်ဝင် နွယ် ကတော့ လောကကြီးကို သူတော်ကောင်း နှလုံးသားတွေ ပေါများပြီး သူတော်ကောင်းတရား တွေ ထွန်းကား စေချင် တဲ့ အိပ်မက်ကို အမြဲ မက်နေပါသတဲ့..။

ကျွန်မ သည်လည်း စာရေးသူ ရဲ့ စိတ် အိပ်မက်ကို ကူညီ လိုတဲ့အနေဖြင့် လည်းကောင်း *သူတော် ကောင်းတို့  နှလုံးသား* စာအုပ်ကို ဖတ်ရှု ပြီး တဲ့ ကြည်ညို သဒ္စ္ဒါ..စိတ်စေတနာ ဖြင့် လည်းကောင်း ဓမ္မ ဘလော့ ပိုစ့်များ ၊ သရုပ်ဖေါ် ရုပ်ပုံစာ လေးများ ဖြင့် ထပ်ဆင့်မျှဝေချင်မိပါတယ် ..။

*သူတော်ကောင်းတို့နှလုံးသား* တစ်ခု ပိုင်ဆိုင်ရရှိဘို့ ဘဝ ရည်မှန်းချက် ပန်းတိုင်ထားနိုင်ကြပါစေ..။

ဤ ကောင်းမှု ကံစေတနာ တို့ကြောင့် (ဘဝ နဲ့ ရင်းရဲ တဲ့ သတ္တိ များ) တိုးတက်ရပါစေသား ။

မေတ္တာဖြင့်
သစ္စာအလင်း
ဤ စာစု ဖြင့် *သူတော်ကောင်းတို့နှလုံးသား* စာအုပ်ရေးသား ပါသော *စာရေးဆရာတော်ဝင်နွယ်*သို့ ဦးညွတ် ကန်တော့အပ်ပါတယ်..။





Like · · · Share · Delete

Wednesday, January 2, 2013