Wednesday, May 28, 2014

Monday, May 26, 2014

နေက္ခမ္မ ပါရမီသို့ ဦးညွှတ် ပူဇော်ခြင်း( အ-ရတိ)

 



( ဆရာကြီးဦးရွှေအောင် ၏ လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှင်၊ စာ ၁၆၆ မှ အတွေးအခေါ် ၊စာသားတို့ကို ကိုးကားရေးသားပူဇော်ပါသည်။)

မာရ်နတ် ၏ ဒုတိယ တပ်မ မှာ (အ-ရတိ ) ဖြစ်ပါတယ်။ နေက္ခမ္မ သဘောဖြင့် အများအကျိုးပြု လုပ်ငန်းများ လုပ်ဆောင် ကြတယ် လုပ်ဆောင်ရင်း ဖြင့်ပဲ တခါတခါ တွင် ထို လုပ်ငန်းမှာ မမွေ့လျော်တော့ခြင်း-အ- ရတိသဘော သည်ဖြစ်တတ်လေ့ရှိပါတယ်..။

လူ -ဆိုတာကတော့ မိမိ ကိုယ်ကျိုးစီးပွား ပါတဲ့ ကိစ္စ တွေ မှာ သာမွေ့လျော် တတ်ကြတာသဘာဝပါ..။ အများအတွက် အကျိုးပြုလုပ်ငန်းတွေ မှာ မွေ့လျော်ခြင်းမရှိတတ်ကြ..သလို စိတ်ဝင်စားခြင်းလည်းမရှိတတ်ကြပါဘူး။

တကယ်တော့ကိစ္စ တိုင်းလိုလို မှာ စိတ်ဝင်စားဘွယ် ရတိ သည် ရှိမြဲ ဖြစ်ပါတယ်..။
မိမိ အတွက်သာ အာရုံပြုထားပါက *ကာမရတိ* ကို ပဲတွေ့ရပါမယ်။
လောက အတွက်ဆို *ဓမ္မရတိ* ကိုတွေ့ ရပါမယ်..။့ 

လူတွေ အများစုကတော ( မိမိ အကျိုးအတွက်ဆောင်ရွက်သော လုပ်ငန်းများ တွင်သာ စိတ်ဝင်စားဘွယ် ရတိ ရှိကောင်း၏ ။ အများ ၏ အကျိုးစီးပွားအတွက် လုပ်သော လုပ်ငန်းများ မှာ စိတ်ဝင်စားဘွယ် -ရတိသည် မရှိကောင်း ) ရယ်လို့ ပဋိသန္ဒေ္စ ဥာဉ် နဲ့ စရိုက် အလိုက် ခံယူထားတတ်ကြ ပါတယ်။

ထို ခံယူချက် အတိုင်းပင် အများ၏ အကျိုးစီးပွားအတွက် လုပ်သော လုပ်ငန်းများ တွင် စိတ်ဝင်စားဘွယ် ရတိ ကို မတွေ့ကြပါ။ အဲဒီအခါ မျိုးမှာ အများ၏ အကျိုးစီးပွားအတွက် လုပ်သော လုပ်ငန်းများ တွင်မမွေ့လျော်ခြင်း(အ-ရတိ) ကို တွေ့ ရပါလေတော့တယ်..။

ထို အ-ရတိကို တွေ့တာ နဲ့ တပြိုင်နက် ထို လုပ်ငန်းတွေကနေ အကြောင်း အမျိုးမျိုး ပြပြီး ရှောင်ခွာ သွားကြပါတယ်။ ဒါ ဟာ မာရ်နတ် ရဲ့ ဒုတိယ တပ်မ မှာ ကျဆုံးခြင်း ပါပဲ..။

ဒါဆိုရင် ( ရတိ) ကို ဘယ်လို ရှာမလဲ … ကျွန်မသိချင်လှပါတယ်..။
တကယ်တော့ကိစ္စ တိုင်းလိုလို မှာ စိတ်ဝင်စားဘွယ် ရတိ သည် ရှိမြဲ ဖြစ်တာကို သတိထားဆင်ခြင် ရပါမယ်..။

ကိစ္စ တိုင်းမှာ (ရတိ) ရှိ နေတယ် ဆိုတာ ကိုလည်းယုံကြည်ဘို့ လိုအပ်လှပါတယ်..

ယုံကြည် ရုံ နဲ့မပြီးသေးဘူး ထို (ရတိ) ကို ရှာဖွေလိုသော ဆန္ဒ လည်းရှိရပါအုံးမယ် ။

ရှာလိုသော ဆန္ဒ ရှိ ရုံ နှင့်မပြီးသေး ပဲ တွေ့အောင်ရှာမည် ဆိုတဲ့ ခိုင်မာ တဲ့ ဆုံးဖြတ်ချက် ရှိရပါမယ်။

ခိုင်မာ တဲ့ ဆုံးဖြတ်ချက် ရှိရုံ နဲ့မပြီးသေး ၊ ဇွဲလုံ့လ ၊ဝီရိယ ရှိမှသာ တွေ့ နိုင်တာမျိုးပါ..။

တကယ်တော့ လည်း ၊ ဇွဲလုံ့လ ၊ဝီရိယ အပြင် ရှာဖွေ တတ်သော အသိဥာဏ် ပညာ လိုအပ်ပြန်ပါသေးတယ်။

ရှာဖွေ တတ်သော အသိဥာဏ် ပညာ ရှိရုံနဲ့ မပြီးသေးပဲ.....................

လုပ်ငန်းအဆင့်ဆင့် တိုးတက် မှု ဆုတ်ယုတ်မှု ၊ အခြေ အနေများကို အစဉ် သတိပြု ပြီး ရှာဖွေ မှ သာ စိတ်ဝင်စားဘွယ် ( ရတိ) ကိုတွေ့ နိုင်ပါတော့တယ်..။

လွယ်လွယ်ကူကူတော့မဟုတ် လှပါ။
ကဲ--- မာရ်နတ် ရဲ့ ဒုတိယ တပ်မ မှာ မကျဆုံးရလေအောင် ကြိုးစားပမ်းစား၊ စိတ်အားမွေးကာ ( ဓမ္မရတိ) ကို ရှာဖွေကြပါစို့လား။

မေတ္တာဖြင့်
သစ္စာအလင်း

နေက္ခမ္မ ပါရမီသို့ ဦးညွှတ် ပူဇော်ခြင်း ( ဝတ္ထုကာမ၊ ကိလေသာကာမ)


( ဆရာကြီးဦးရွှေအောင် ၏ လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှင်၊ စာ ၁၆၆ မှ အတွေးအခေါ် ၊စာသားတို့ကို ကိုးကားရေးသားပူဇော်ပါသည်။)

ကျွန်မ တို့အားလုံး ရဲ့ ကျေးဇူးတော်ရှင် မြတ်စွာ ဘုရားရှင် ဖြည့်ကျင့် ခဲ့တဲ့ ပါရမီ တော် (၁၀)ပါး ထဲက နေက္ခမ္မပါရမီ ကို ဒီနေ့ ဖတ်ရှု ပူဇော် မိပါတယ်..။ *ငါးပါးမာရ်ညွှန့် ၊ ရန်အ၀ှန့် ကို မရွံ့ မထိတ် ၊ ခြင်္သေ့စိတ် ဖြင့် * ဆွဲဆောင်မှု များမှ ရုန်းထွက် အောင်ပွဲ ခံ ခဲ့တာ ဒီပါရမီ ကိုဖြည့်ကျင့်ခဲ့လို့ ပဲဖြစ်ပါတယ်။

နေက္ခမ္မ ဆိုတာ ပါဠိ ဝေါဟာရ ဖြစ်ပါတယ်။ မြန်မာ ပြန် အနက်အားဖြင့် ဆိုလျှင် * ဆွဲဆောင်မှု များကြားမှ ရုန်းထွက်ခြင်း * လို့ နားလည် ရပါမယ်။ ရုန်းထွက်တယ် ဆိုတာ မိမိ အကျိုးစီးပွားအတွက် ရုန်းထွက်တာ မဟုတ်ပါဘူး ။ လော က လူသားအားလုံး ရဲ့ အကျိုးစီးပွားကို ဆောင်ရွက် နိုင်ရန် ဆွဲဆောင်မှု များအားလုံးမှ ရုန်းထွက်ခဲ့တာ မို့ နေက္ခမ္မ ပါရမီမြောက် တဲ့ ရုန်းထွက်မှု ရယ်လို့ ကြည်ညို မိပါတယ်..။

ရုန်းထွက် ရမဲ့ ဆွဲဆောင်မှုတွေ ကလည်း တပ်မက်စရာ လောကထဲပြည့်နှက်နေတာပါ။ ကျွန်မတို့ လို နုနယ် တဲ့ပါရမီ နဲ့ ချိနဲ့နဲ့ စွမ်းဆောင်ချက်တွေ နဲ့ အများအကျိုးဆောင်ရွက် တာမျိုး ဆိုတော့လည်း မာရ်နတ် ရဲ့ တပ်မ ၁၀ ခု အောက်မှာ အလဲလဲအပြိုပြို ရှုံးနိမ့် ရပါတယ်..။အဲဒီအခါတိုင်းမှာ ကျေးဇူးတော်ရှင် ဘုရားရှင် ရဲ့ ရင်ဆိုင်ပုံနည်းလမ်း တွေကို အတုယူပူဇော် ဦးခိုက်ဖြစ်ပါတော့တယ်..။

ဝတ္ထု ကာမ နှင့်ကိလေသာ ကာမ တွေကတော့ မာရ်နတ် ရဲ့ ပထမ တပ်မ ဖြစ် ပါ တယ်။ *ဝတ္ထုကာမ* ဆိုတာကတော့ တပ်မက်စရာကောင်းလှတဲ့
ရာထူး၊ ဂုဏ်သိမ်၊
စည်းစိမ် ၊ဥစ္စာ ၊
တန်ခိုးအာဏာများ
အများတကာ က ဝိုင်းဝန်းလေးစားခြင်း ခံရမှုများ ၊
ထင်ပေါ်ကျော်စော မှု များ တို့ပဲ ဖြစ်ပါတယ်..။

*ကိလေသာကာမ*ဆိုတာကတော့ တပ်မက်စရာတွေအပေါ် တပ်မက်တဲ့ စိတ်ပဲဖြစ်ပါတယ်
တကယ်တော့လည်း ဝတ္ထု ကာမ တွင်ပါတဲ့ လာဘ် သပ်ပကာ များ ၊ ဘွဲ့ ထူး ဂုဏ်ထူးများ ၊ရာထူးဂုဏ်သိမ် တွေက သာမန် သူတော်စင်ကိုပင် ဟန်ချက်ပျက်အောင် ဆွဲဆောင်နိုင်စွမ်းရှိတတ်ကြပါတယ်..။

ထိုသို့ ရုန်းထွက်ရာ မှာ ပစ္စည်းဥစ္စာ များစွန့်ခြင်း မှလည်း ရုန်းထွက်နိုင်ပါ၏ ။ ခြေလက် အင်္ဂါ များကို စွန့်ခြင်းဖြင့်လည်းရုန်းထွက် နိုင်၏။ အသက်ကိုပင် စွန့်ခြင်းအားဖြင့် ရုန်းထွက်မှ ဖြစ်မည် ဆိုလည်း အသက်ကို စွန့် ပြီးရုန်းထွက် နိုင်သည်သည်သာဖြစ်ပါတယ် ။ ဘုရားရှင် တို့ ရဲ့ စွန့်လွှတ်မှု မျိုး ကတော့ပြတ်သားရဲရင့် တာချည်းပါပဲ။

နေက္ခမ္မ ပါရမီ အနေဖြင့် လောဘဖြစ်လာသည့်အခါ လောဘ အလို သို့ မလိုက်ဖြစ်အှောင် လောဘ ရဲ့ ဆွဲဆောင်ချက် မှရုန်းထွက်ရပါတယ်။
ဒေါသ ရဲ့ အလို သို့ မလိုက်ဖြစ်အောင် ဒေါသ ရဲ့ ဆွဲဆောင်ချက် မှရုန်းထွက်ရပါတယ်။
မောဟ ရဲ့ အလို သို့ မလိုက်ဖြစ်အောင် မောဟ ရဲ့ ဆွဲဆောင်ချက် မှရုန်းထွက်ရပါတယ်။

မာယာ၊ သာဋ္ဌေယျ ၊ ဣသာ ၊ မစ္ဆရိယ စတဲ့ကိလေသာ များဖြစ်လာ တဲ့အခါ မှာလည်း သူတို့ ရဲ့ အလို ကို မလိုက်ဖြစ်အောင်ရုန်းထွက်ရတာပါပဲ။ အဲလို ရုန်းထွက်နိုင်ဘိ့ဆိုတာ လွယ်လှတာတော့မဟုတ်ပါဘူး ။ မလွယ်ပေမဲ့ နေက္ခမ္မ ပါရမီ သဘောနဲ့ ကျေးဇူးတော်ရှင် ဘုရားရှင် သည် လေးသင်္ချေ ကမ္ဘာ တစ်သိန်းတိုင်တိုင် လေ့ကျင်ခဲ့ပါတယ်..။ ဖြည့်ကျင့်ခဲ့ပါတယ်..။ ကြိုးစားခဲ့ပါတယ်..။ နောက်ဆုံး အောင်နိုင်ခဲ့ပါတယ်..။

တကယ်တော့လည်း ပါရမီ (၁၀) ပါးလုံး မှာ ရုန်းထွက်တယ် ၊ စွန့်လွှတ်တယ် ဆိုတဲ့ နေက္ခမ္မ သဘောပါမှ သာ ပါရမီ ထိုက်တဲ့ ကျင့်စဉ် ဖြစ်ရပါတယ်..။
ကျွန်မတို့ မှာ လည်းအရိယာ မဖြစ်သေးသမျှ မှာ ဓမ္မတာ အရ ကိလေသာ တွေကို တွေ့ ကြုံနေရစမြဲပါ။ အဲဒီအခါ ထို ကိလေသာ တို့ရဲ့ ဆွဲဆောင်မှု အလို ကို လိုက်ပါခြင်းမရှိပဲ ရုန်းထွက် နိုင်တယ် ဆိုရင်တော့ နေက္ခမ္မ သဘော ဆိုတဲ့ လမ်းကြောင်း ကို လျှောက်လှမ်းမိ ရမှာပါ..။

ကျေးဇူးတော်ရှင် ဘုရားရှင် မည်သို့ ဖြည့်ကျင့်ခဲ့ပါသနည်း ၊ အဓိက လမ်းညွှန်ချက်ကို ကျွန်မ ပူဇော် ဥိးခိုက်လိုလှပါတယ်..။
ကျေးဇူးတော်ရှင် ဘုရားရှင်က အများအကျိုးကို ဆောင်ရွက် တဲ့အခါ မှာ.....
((( မည်သည့်လုပ်ငန်း ကိုဆောင်ရွက် သည်ဖြစ်စေ ၊ ထိုလုပ်ငန်းမှ ရရှိသော အကျိုးကို မမျှော်ကိုး ပဲ မိမိတာဝန် အရ ၊မိမိ လုပ်ငန်းကို ၊ လောက အတွက် လုပ်ခြင်းဟူ၍ လုပ်ငန်း ၌ သာ ၊ လေးလေးစားစား လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ))) ဆိုတဲ့ ပဓာန ကျတဲ့ ခံယူချက် နဲ့ ရုန်းထွက် ခဲ့ပါတယ် ၊ ကြိုးစားခဲ့ပါတယ်..။

ထို အခါ မှာ မိမိ အကျိုးကို ပဓာန မထားတဲ့အတွက် တပ်မက်ခြင်းလောဘသည်လည်းမဖြစ်လာ။
စိတ်ဆိုးခြင်း ဒေါသလည်းဖြစ်မလာ
တွေ ဝေခြင်း မောဟလည်း ဖြစ်မလာ ။
တခြားသောကိလေသာ များသည် လည်းဖြစ်မလာတော့ ပါဘူး။

ထို ကိလေသာများ မှာ ခေါင်းဆောင်ကတော့ လောဘ ပါပဲ ။ သူခေါင်းဆောင်ရင် သူ့နောက်က ကျန်တဲ့ကိလေသာ တွေ လိုက်ကြတော့တာပါ..။

သူတို့ နဲ့ ထာဝစဉ် နပမ်း လုံး အရှုံပေး နေကျ ကျွန်မ တို့ကတော့ ဘုရားရှင် ရဲ့ ရုန်းထွက်မှု* နိက္ခမ္မပါရမီ* ကို ကြည်ညို ဦးခိုက် မဆုံး နိုင်ပါ..။ လေးစားမြတ်နိုးမှု သည် လည်း အတိုင်းအဆ မရှိ ။ ခံစားနားလည် ခြင်းဖြင့်လည်း ကြိုးစားလို စိတ်တွေ ဖြစ်ရပါတယ်..။
မာရ်နတ်၏ ပထမ တပ်မပါတကား ။
ဒုတိယ တပ်မ *အ-ရတိ*ကို ဆက်ပါအုံးမည်။

မေတ္တာဖြင့်
သစ္စာအလင်း