Monday, August 31, 2015

ဘဝ အိုအို နေညိုချိန် အတွက် Que Sera Sera

ThanThan Sein's photo.

လူ့လောက ထဲကို မသိခြင်း များစွာ ဖြင့်ယောင်လည် လည် ရောက်ရှိ လာခဲ့သောကျွန်မ တို့ဟာ အရာရာကို သိလိုစိတ်များ ပြင်းပြထက်သန် ခဲ့တာ မဆန်းလှဘူးပေါ့..လေ။
အဲဒီ သိလို စိတ်များစွာ ထဲမှာ ရှေ့ ဘာဆက်ဖြစ်မှာလဲ ဆို တဲ့ ရောက်မလာသောအနာဂတ်ကို မျှော်လင့် စိတ်ကူး ယဉ် ရတာဟာ လူတိုင်းလို လို ပါပဲ..။
အနာဂတ် မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကို ခေါင်းစဉ်တပ်ထားတဲ့ ကျွန်မ တို့ငယ်ငယ် က Que Sera Sera ဆိုတဲ့ Spanish သီချင်းလေးကို လူတိုင်းမှတ်မိကြမယ် ထင်ပါတယ်..။
စပိန် ဘာသာက အီတလီ ဘာသာ နဲ့ ဆင်တူ တာတွေအများကြီး ရှိပါတယ်။ ဥပမာ Que Ore ဆိုတာ ဘယ် အချိန် လဲ လို့ မေးတာမျိုးပေါ့..။ Que Sera Sera ဆိုတာ ဘာဖြစ်မှာလဲ ..ဘာတွေ ဖြစ်လာမှာလဲ ဆိုတာ မျိုး ဖြစ်ပါတယ်။
မိန်းမငယ်လေးတစ်ဦးဟာ သူကလေးဘဝ တုံးမှာ သူမရဲ့ အမေ့ ကိုမေးကြည့်တယ်..
*အမေ ရယ် သမီးကြီးလာရင်လေ သိပ် ချောတဲ့ မိန်းမလှလေး ဖြစ်မှာလား ၊ ချမ်းသာကြွယ် ဝတဲ့ သူ ဖြစ်လာမှာလာ* မေးတာပေါ့..။
အမေ ကပြန် ဖြေတယ်…*သမီးရယ်..ဖြစ်လာမှာ ဟာဖြစ်လာမှာ ပဲပေါ့..အနာဂတ် ဆိုတာ ငါတို့ မပိုင်ဆိုင်ပါဘူး*တဲ့..။
နောက် အဲလို သိချင်လွန်း တဲ့ကလေးမလေးဟာ ချစ်သူရလာတော့လည်းချစ်သူ ကိုမေးပြန်တယ်..။ *ချစ်သူရေ..ကျွန်မ တို့ ရဲ့ အနာဂတ် ဟာ လှပ တဲ့ သက်တန့် တွေ ဟာ မိုးရွာ ပြီးစ ဆည်းဆာ ချိန်မှာ စောင့်ကြို နေ မှာ လား ။ အဲလို ပျော်ရွှင်စရာ ကောင်းတဲ့နေ့ရက်တွေ ကို ငါတို့ လက်တွဲ ပြီး ဖြတ်သန်းရမှာလား* မေးပါတယ်..။
အဲဒီအခါ သူ့ချစ်သူ ဟာ အမေ့လိုပဲပြန် ဖြေခဲ့ပါတယ်..။*အချစ်ရယ်..ဖြစ်လာမှာ ဟာဖြစ်လာမှာ ပဲပေါ့..အနာဂတ် ဆိုတာ ငါတို့ မပိုင်ဆိုင်ပါဘူး*တဲ့..။
အဲလို နဲ့ ကြီးပြင်းရင့်ကျက် လာတဲ့ကလေးမလေးဟာ တနေ့ မှာ သူကိုယ်တိုင် အမေ ဖြစ်လာတဲ့ အချိန်မှာ ဒီမေးခွန်းကို သူက မမေးတော့ဘူး။သူဟာ လောက ကို နားလည် တဲ့သူဖြစ်ခဲ့ပြီ..။
သို့သော် သူ့ သမီး လေးက သူငယ်ငယ် ကလို မေးတာကိုောတ့ကြုံ တွေ့ ရပြန်တာပါပဲ..။ ဒီတော့ သူ့ ရဲ့ အဖြေ ဟာ မိတ္တူ ကူးချတာ မျိုးမဟုတ် ပဲ ဘဝ ပေးအသိ နဲ့ ယှဉ် တဲ့ အဖြေ ပဲ ဖြစ် နေတာ..။
*ချစ်သော သမီးလေးရယ်..ဖြစ်လာမှာ ဟာဖြစ်လာမှာ ပဲပေါ့..အနာဂတ် ဆိုတာ ငါတို့ မပိုင်ဆိုင်ပါဘူး* ဆိုတဲ့ မရိုး နိုင်သောအဖြေ ပဲ ဖြစ်ပါတယ်..။
ကျွန်မ မှာလည်း ဘဝရဲ့ အနာဂတ်ကို မျှော်ငေးတမ်းတတဲ့အခါ ဒီသီချင်း လေးကို အမှတ်ရမိလေ့ရှိပါတယ်..။
ကျွန်မ ကတော့ ဒီသီချင်းလေးထဲကလိုအမေ နေရာ ရောက်ရတဲ့အခါ…. သီချင်းထဲကလို တော့မဟုတ် …ပဲဖြေချင်မိပါတယ်။
တရားအလုပ်လုပ် တဲ့အခါ..အနာဂတ်ဆိုတာ လက်ရှိ ဘဝ ပစ္စုပ္ပန် ရဲ့ အကျိုးဆက် ပုံ ရိပ်များ ဖြင့် ထိုက်သင့်သလောက် ထုဆစ်နိုင်တယ် ဆိုတာ သိ လာခဲ့ပါတယ်..။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး ရဲ့ အဆုံးအမ ကြောင့် လည်း ဘဝဆိုတာ ရဲ့ အကြောင်းအကျိုးကို သိရှိခဲ့နားလည်ခဲ့ ကျင့်သုံးလိုက်နာ နိုင်ခဲ့ပါတယ်..။
*အခုတွေးသော စိတ်ကူး အမျိုးအစားသည် အနာဂတ် ဘဝ အတွက်မျိုးစေ့ဖြစ်ပါသည်။
*အချိန်တိုင်း တွေးနေရင်း ဘဝပြောင်းနေသည်။
*အကျိုးကို ပွားလို့ မရ အကြောင်းကိုတည့်အောင် ပြုလုပ်ပေးရမယ်..။
*အရင်က ကောင်း လို့ အခုကောင်းသည် ။အခုကောင်းလျှင် နောင်ကောင်းပါလိမ့်မည် ။
စတဲ့ လမ်း ညွှန် ချက်များသည် * Que Sera Sera ,The future not ours to see * ထက်တော့ သာလွန် လိမ့်မယ် ဆိုတာ ကျွန်မ တော့ ယုံကြည်နေမိပါတယ်..။
တစ်ခါ တစ်ခါ ဝိပဿနာ အားထုတ်သော ယောဂီများက စီးပွားကျ မှာလည်းကြောက်တတ်ကြပါသေးတယ်…။
တရား အားထုတ် ဘို့ အတွက်အချိန် ပေးရဲသော သတ္တိ…။
ကုသိုလ် တရားအတွက် အချိန် ပေးရဲသောသတ္တိ သည် နုံ့ နဲ့ လွန်းစွ.ပါတကား။
အသက်ကြီး ရင် ဘယ် သူက ကျွေးထားမှာလဲ..။
နေမကောင်း ရင် ဘယ်သူကပြုစုလုပ်ကျွေး မှာလဲ..။
ဆေးခန်းကို တစ်ယောက်တည်းသွားရမှာလား စတဲ့ မေးခွန်း တွေဟာ အသက် ၅၀ကျော်လာကတည်းက ချိမ်းခြောက် နေသော * Que Sera Sera များစွာ…။
ဒီတော့လည်း ဝိပဿနာ တရားပြဆရာ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားသည်…. Whatever will be will be ရယ်လို့ မဖြေပါ..။ တိကျသော လမ်းညွှန်ချက်များ ဖြင့် တိကျ စွာ ဖြေကြားပေးခဲ့ပါတယ်..။
• မျက်စေ့ တစ်ကမ်း ၊ လက်တစ်လှမ်း အတွင်း မှ လူတစ်ဘက်သား များစွာကို ကုသိုလ် ၊ပညာ၊ ဥစ္စာ တိုးတက်အောင် ဘာလုပ်ပေးရမလဲ အမြဲ စဉ်းစားပြီး လုပ်ကိုင် ဖြည့်ဆည်းပေးနေရပါမယ်..။
• တစ်ဘက်သားပျော်အောင် ၊ စိတ်ချမ်းသာ ၊ကိုယ်ချမ်းသာ ရှိအောင်စောင့်ရှောက်ပျော် တဲ့ ၊ အပေးနဲ့ ပျော် တဲ့ သတ္တိ နှလုံးသားမှာ ရှိနေပါစေ..။ တဲ့..။
ဒါဆို အနာဂတ် မှာ အိုဇာတာ မကောင်းမှာတွေးပူမနေပါနဲ့ တော့ တဲ့..။ ထိုထို သောကုသိုလ် မှ သည် မဂ်ဥာဏ် ၊ဖိုလ် ဥာဏ်ကို လက်လှမ်း မီကာ တဏှာ အစပ်ဖြတ်နိုင်ကြ လိမ့်မယ် ဆိုတာ ကျွန်မ ကတော့အသေအချာ ယုံကြည်မိပါတယ်..။ The Future must be ပါရှင့်။


မေတ္တာဖြင့်
သစ္စာအလင်း


Monday, August 10, 2015

ပင်ကိုဥာဏ်နုံနဲ့သူမဖြစ်အောင် နှင့် ပါရမီ (၁၀) ပါး

ကျွန်မ ရဲ့ ဓမ္မမိတ်ဆွေ တစ်ဦးက နေပြီးဘဝ...ဘဝတွေမှာ ကျင်လည်နေရတုန်း ပင်ကိုဥာဏ်နုံနဲ့ရသူမဖြစ်အောင် ဘယ်လိုပါရမီတွေ ဖြည့်ကျင့်ရမလဲ။ ဆောင်းပါးလေးရေးပေးပါလို့ တောင်းဆိုလာတာနဲ့ ဒီစာစုလေးကိုရေးဖြစ်ခဲ့ပါတယ်..။
ပါရမီဆိုတဲ့ စကား လုံးကို လယ်တီဆရာတော် ဘုရားကြီး ရဲ့ "ဥတ္တမပုရိဿ ဒီပနီ" ကျမ်းမှ ထုတ်နှုတ်ထားတာကတော့
ပါရမီ = မြတ်သော ဘုရားလောင်း စသော သူတော်ကောင်း တို့၏ ကုသိုလ်ကံ တရားစု၊ နိဗ္ဗာန်ဟူသော တဖက်ကမ်းသို့ ရောက်စေတတ်သော ကုသိုလ်ကံ တရားစု။ ရယ်လို့ ဖေါ်ပြထားပါတယ်..။

ပုံပါ စာသားလေးအတိုင်းကတော့ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ရဲ့ ပါရမီ၁၀ပါး သရုပ်ပြပုံလေးဖြစ်ပါတယ်..။ ဆရာတော်ဘုရားကြီး ကတော့ ပါရမီကို အိုနာသေဖက်ကမ်း မှ အိုနာသေ လွတ်ရာဖက်ကမ်းသို့ရောက်စေသော အလုပ်လို့ ဖွင့်ဆိုထားပါတယ်..။

ကျွန်မတို့ အားလုံး ရဲ့ ကျေးဇူးတော်ရှင်မြတ်စွာ ဘုရား သည် သာမန် လူ ဘ၀ ကနေ ၃၂ပါးသမိုက်ထားသော ယောင်္ကျားမြတ်တို့ ရဲ့ လက္ခဏာတော် တို့ နဲ့ ပြည့်စုံသော ဘုရားအဖြစ်သို့ ရောက်စေခဲ့တာ ဒီ ပါရမီ ၁၀ပါး ကိုလေးသင်္ချေ ကမ္ဘာတစ်သိန်း တိုင်အောင် ဘ၀အဆက်ဆက် ဖြည့်ကျင့်ခဲ့လို့ ပဲဆိုတာကို ဒီသရုပ်ဖေါ်ပုံလေး နဲ့ ရှင်းလင်းပြပါတယ်..။

ပါရမီ (၁၀) ပါး တွေကတော့
၁။ ဒါနပါရမီ= ပစ္စည်းဥစ္စာ၊ ကိုယ်အင်္ဂါနှင့် အသက်ကိုစွန့်လှူခြင်း။

၂။ သီလပါရမီ = ငါးပါသီလ၊ ရှစ်ပါးသီလ စသည်တို့ကို စောင့်ထိန်းခြင်း။

၃။ နေက္ခမ္မပါရမီ = လူ့ဘောင်လောက နှင့် ကာမဂုဏ်အာရုံများကို စွန့်လွတ်တောထွက်၍ ရသေ့ရဟန်းပြုခြင်း။

၎။ ပညာပါရမီ = လောကီပညာ လောကုတ္တရာ ပညာတို့ကို သင်ယူဆည်းပူး ကျင့်ကြံခြင်း၊ သူတစ်ပါးတို့အား သင်ပြပေးခြင်း။

၅။ ဝီရိယပါရမီ = မိမိအကျိုး၊ သတ္တဝါများ အကျိုးအတွက် သက်စွန့်ကြိုးပမ်းကာ အစွမ်းကုန် ကြိုးစားအားထုတ်ခြင်း။

၆။ ခန္တီပါရမီ = ဒေါသမထွက်၊ စိတ်ပျက် အားငယ်မှုမရှိ၊ မွန်မြတ်ကြည်အေးစွာ အလျော့ပေး၍ သည်းခံခြင်း။

၇။ သစ္စာပါရမီ = မုသားမပြော၊ သူတစ်ပါးအားမထိခိုက်စေပဲ မှန်ကန်ဖြောင့်မတ်စွာ ပြောဆိုလုပ်ကိုင်ခြင်း။

၈။ မေတ္တာပါရမီ = သတ္တဝါများကို မိမိနှင့် ထပ်တူပြု၍၊ ချစ်ခင်ကာ အများချမ်းသာ ကောင်းစားရန်ဆောင်ရွက်ခြင်း

၉။ အဓိဌာန်ပါရမီ = တစ်စုံတစ်ခုသော ကောင်းမှုကိုပြုလုပ်ရန် စိတ်ဖြင့်ဆုံးဖြတ်ပြီးနောက်ဆုံးဖြတ်သည့်အတိုင်း အောင်မြင်အောင်ပြုလုပ်ခြင်း

၁၀။ ဥပေက္ခာပါရမီ = သတ္တဝါတို့အားမုန်းလည်းမမုန်း၊ ချစ်လည်းမချစ်၊ ဘက်မလိုက်ဘဲ မျှမျှတတ အလယ်အလတ်တည့်မတ်စွာ စိတ်မတုန်လှုပ်အောင်ထားခြင်း။ ရယ်လို့ လည်းသိရှိနိုင်ပါတယ်..။
ဆရာတော်အရှင်ဆန္ဒာဓိက က အတိုချုပ်မှတ်သားနိုင် အောင် လင်္ကာလေးစီပေးထားပါတယ်..။
ဒါန၊သီလ
နေက္ခမ္မ၊ ပညာ့
ဝိရိယာ။
ခန္တီ၊သစ္စ
ဓိဋ္ဌာန၊ မေတ္တ
ဥပေက္ခာ ။လို့ အလွယ် မှတ်မိနေစေပါတယ်..။ ဒီပါရမီ တွေ ရဲ့ အဓိပ္ပါယ် တွေအရဆိုရင် သူတစ်ပါးကို လောကီပညာ လောကုတ္တရာ ပညာတို့ကို သင်ယူဆည်းပူး ကျင့်ကြံ ရာမှာ အားပေးခြင်း၊ကိုယ်တိုင်လည်းကျင့်ကြံခြင်း။ သူတစ်ပါးတို့အား သင်ပြပေးခြင်း။ ဆိုတဲ့ ပညာပါရမီ ဖြည့်ကျင့်စေရင် ဘ၀ အဆက်ဆက် တူသောအကျိုးဖြင့် ပင်ကိုဥာဏ်နုံနဲ့ရသူမဖြစ် တော့ ပါဘူး..။
ပညာသည် ရှေ့ဖြစ်မဲ့ အမှားအမှန်ကို ဝေဖန်ခွဲခြားတတ်တဲ့ အလင်း ကိုဆောင်တတ်တာမို့ အလင်းရောင် အလှူ တွေ လှူ ခဲ့ရင်လည်း ဥာဏ်အလင်း၊ သစ္စာအလင်းတွေ ထွန်းလင်းစေမှာဖြစ်ပါတယ်..။
ကျွန်မ အတွေ့အကြုံ အရ ပြောရရင်…ကျွန်မ ရဲ့ သားသမီးတွေ ကို ပညာရေးအဆင်ပြေအောင်တက္ကသိုလ် တက်ကတည်းက တရားစာအုပ်များလှူဒါန်းခိုင်းပါတယ်..။ ကျောင်းအားရင်လည်း မိဘမဲ့ကျောင်းတွေ မှာ စာလိုက်သင်ခိုင်းပါတယ်..။ မိဘမဲ့ကလေးတွေအတွက် ဗလာစာအုပ် တွေ လှူခိုင်းပါတယ်..။ ကျွန်မ က အဝေးမှာ နေရပြီး တစ်နှစ်မှ တစ်ခါ သာမြန်မာပြန်လာနိုင်တာမို့ သေချာစေတဲ့နည်း တွေ ပေးရပါတယ်..။ ကိုယ်သိသလို သူများသိပါစေ..။ သိတဲ့ အတွက်အကျိုးရှိပါစေဆိုတဲ့ စိတ်စေတနာလေးထည့်ပေးလိုက်တာ တော်တော်လေး အဆင်ပြေလာ တာတွေ့ရပါတယ်..။ သူတို့ မောင်နှမ နှစ်ယောက်လုံး နိုင်ငံခြားပညာသင် စကောလားရှစ်များလည်း ရကြပါတယ်..။
ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားသင်ပေး ဘူးတာကတော့ ပညာတတ်တဲ့ လူတွေ ၊ အသိပညာပြည့်စုံတဲ့သူတွေ တွေ့ရင် မုဒိတာ တရားပွားပေးရမယ်..။ မနာလိုစိတ်တစ်စက်မှ မရှိရဘူး တဲ့..။ ပညာပြည့်စုံမှုကို ၀မ်းသာပေးရပါတယ် တဲ့..။တချို့ဆို အမှတ်မဲ့ ပြောမိတာ..ဥာဏ်ကလည်းထိုင်းလိုက်တာ စာသင်ပေးမနေနဲ့ ဆိုတာမြည်တွန်တောက် တီးမိရင် ကိုယ်လည်းဘ၀အဆက်ဆက် ပညာမတတ်ဖြစ်ရပါတော့တယ် တဲ့..။
အခု ခေတ် ဆိုရင်လည်း ကိုယ်လည်းမသိပဲ နဲ့ ဒေါက်တာဘွဲ့ ဆိုတာအလကား ဘာမှ တတ်တာမဟုတ် ဘူး..။စသည်ဖြင့် နှိမ့်ချပြောဆိုကြတာ သတိထားဘို့ လိုပါတယ်..။ ကိုယ် ကဘယ်လိုကြိုးစားကြိုးစား၊စာတော်သော်လည်း ဒေါက်တာဘွဲ့ မရဖြစ်တတ်ပါတယ်..။ဝစီဗေဒ၊ထိတိုင်းရှ…တူသောအကျိုးပေးတတ်ပါတယ်..။
ဆရာတော်ဘုရားသွန်သင်ဘူးတာကတော့…
နေ့စား လူတွေ တွေ့ လားတဲ့..တစ်နေ့စာ စီမံပြီးလှူခဲ့လို့ တဲ့..။
လခစား တွေတွေ့လားတဲ့….တစ်လစာ..ရေတို..စသည်ဖြင့်အကျိုးများအောင် စီမံလှူဒါန်းခဲ့လို့ ပါတဲ့..။
ဒီလိုပဲ တစ်နှစ်စာ..တစ်ဘ၀စာ ..တစ်သံသရာ လုံးစာ အကျိုးများစေတဲ့အလှူ ကတော့ ရေရှည်ခရီးမှာ မှန်ကန်တည့်မတ်တဲ့အသိဥာဏ်နဲ့ ရေရှည်လျှောက်လှမ်းသွားစေနိုင် တဲ့ ဓမ္မဒါန အလှူ ဖြစ်ပါတယ်တဲ့..။
ဒါကြောင့် အိုဇာတာကောင်းချင်ရင်..တစ်သံသရာလုံးစာ ပညာအလင်း ရချင်ရင် ဓမ္မဒါန ကောင်းမှုတွေ လုပ်ရပါမယ်တဲ့..။
ကိုယ်သိတဲ့ တရားအသိ တစ်ကြောင်း၊တစ်ဂါထာ၊ စာတစ်ပုဒ်၊ စာအုပ်တစ်အုပ် စီဒီတစ်ချပ်ကစလို့ ကိုယ်သိသလို သိပါစေရယ်လို့ စေတနာ နဲ့ ပေးလှူတာ ဓမ္မဒါန ပါ..။
တရားပွဲ တွေ စီမံ လှူဒါန်းတာမျိုး..
စာသင်သားတွေ ကို ထောက်ပံ့ လှူဒါန်းတာ
ဓမ္မသင်တန်းတွေ…မှာ လှူဒါန်းတာတွေ..အကြုံးဝင်မှာပါ…။ ချဲ့ထွင်စဉ်းစားကြည့်ပါနော်..။ ဓမ္မစကြာ တို့ ပဋ္ဌာန်းတို့ ရွတ်ရင်တောင် နာယူနေတဲ့ နတ်များအတွက် ဓမ္မဒါန ပါလို့ စိတ်ညွှတ်လိုက်လည်းရပါတယ်..။
ဒီပါရမီ (၁၀) ပါးထဲက ပညာပါရမီ တစ်ခု ထဲကို ရွေးလုပ်ရမှာ တော့မဟုတ်ပါဘူး..။
ဆရာတော်ဘုရားသင်ကြားပေးတဲ့နည်းကတော့ ..မေတ္တာ ပါရမီက စဖြည့်လိုက်ပါတဲ့..။
မေတ္တာ ပါရမီ ဆိုတာ သူတစ်ပါး ကို မုန်းတဲ့စိတ်မပေါ် ၊ အကျိုးလိုလားစိတ် နဲ့ ရင်ထဲမှာ စိမ့်ကနဲ အေးကနဲ ဖြစ်မှ တကယ့်မေတ္တာဖြစ်တာပါတဲ့..။
မေတ္တာ ဖြစ်လာမှသာ ကျန်တဲ့ ပါရမီ ၉ပါးလုံး ကအလိုလို ပေါင်းစပ်ပါဝင်လာပြီးအလိုလို ဖြည့်ကျင့်ရာရောက်ပါတယ်တဲ့..။
မေတ္တာ ဓာတ်တွေ အလွယ်တကူဖြစ်ဘို့ ကျတော့ သူတစ်ပါး ရဲ့ကျေးဇူးကို သိတတ်ရပါတယ်။ ဖေါ်ပြရပါတယ်..။ အခွင့်သင့်ရင် ဆပ်ရပါတယ်..။
• မေတ္တာဖြစ်ပေါ်စေသော အနီးဆုံးအကြောင်း သည်ကျေးဇူးကိုဖေါ်ပြပေးခြင်းဖြစ်သည်။
• ကျေးဇူးမြင်ရင်မေတ္တာပေါ်သည်။ကျေးဇူးပျောက်ရင်မာန ပေါ်သည်။ လို့ ကျင့်ဆောင် လိုက်နာရပါတယ်..။
အဲဒီမေတ္တာ ဓာတ်ကို သာရအောင် ဆောင်နိုင်ရင် အရာရာအောင်မြင်ပါတယ် တဲ့..။
ဒါကြောင့် မို့ လို့ လေ…. တစ်လောကလုံးကိုကျေးဇူးတင်တဲ့အကြည့်နဲ့ သာကြည့်ပြီး ပေးဆပ်နိုင်ဘို့သာ ကြိုးစားပါတော့တယ်..။
ဒါဆို ရင် **ပင်ကိုဥာဏ်နုံနဲ့ရသူမဖြစ်အောင် ဘယ်လိုပါရမီတွေ ဖြည့်ကျင့်ရမလဲ** ဆိုတဲ့ ဖြည့်ကျင့်ရမဲ့ ပါရမီ ကို သိလောက်ပြီလို့ ယူဆရပါတယ်ရှင့်..။

မေတ္တာဖြင့်
သစ္စာအလင်း
* ခေတ္တ မက်စ်ဟိုတယ်၊နေပြည်တော်*

Sunday, August 9, 2015

အမရာ ရဲ့ နှလုံးသား အလင်းရောင် (သူတော်ကောင်းတို့ နှလုံးသား)



အခု ခေတ် ဘာသာရေးမေးခွန်းတွေ ဆိုတာက မိလိန္ဒ မင်းကြီး က အရှင်နာဂသေန ကိုမေးမြန်းတော်မူသောမေးခွန်းများ ထဲ ကမလွတ် ဆိုတဲ့ စကားကို ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဟောကြားတော်မူသည်ကိုနာကြား ရကတည်းက မိလိန္ဒပဥှာ ပါဠိတော် နှင့်မြန်မာပြန် ကို ကျွန်မ စိတ်ဝင်စားခဲ့ပါတယ်..။
ဆရာတော်ဘုရား ဟောကြားသောတရားမှတဆင့်လည်း တချို့သော မေးခွန်းများကို ကြားသိထားတာလည်းပါပါတယ်…။ ကျွန်မ မွေးနေ့ အတွက် သားကြီး ကိုအုတ် က ဒီစာအုပ်ကို လက်ဆောင်ဝယ်ပေး ခဲ့တာပါ..။
အမျိုးသမီးတွေ နဲ့ ပတ်သက်တဲ့မေးခွန်း တစ်ခု ကို စိတ်ဝင်တစားဖတ်ရှု ပူဇော်မိတာ…။ ကျွန်မ တို့ မိန်းမ တွေ ဆိုတာကလည်း အပြစ်ပြောစရာ တယ် များတဲ့ ဘ၀ မို့လား။
မိလိန္ဒ မင်းကြီး မေးတဲ့မေးခွန်း တစ်ခု က *သဗ္ဗညုတ ဥာဏ၀ဂ်* မှာ ပါတဲ့ *အမရာဒေ၀ီ ပဥှာ* နဲ့ ပတ်သက်ပြီး ဒီလိုမေးပါတယ်..။
အသျှင်ဘုရားနာဂသေန
*((မိန်းမအားလုံး တို့သည် ပင် အခွင့်အခါ ကို ၄င်း ၊ ဆိတ်ကွယ် ဖုံးလွှမ်းရာကို၎င်း ၊ အကယ်၍ ရကုန်သည်ဖြစ်အံ့ ။ မိမိလင် နှင့်တူသော ဖိတ်မန်သူကိုလည်း အကယ်၍ ရကုန် သည်ဖြစ်အံ့။ မကောင်းမှုကို ပြုကုန်ရာ၏ ။ တပါးသော သူကို မရခဲ့ သော် ခြေလက်ဆွံ့ သူနှင့်သော်လည်း အတူတကွ မကောင်းမှုကို ပြုကုန်ရာ၏))*ဟု ဤ စကားကို မြတ်စွာ ဘုရားရှင် ဟောကြားတော်မူခဲ့ပါတယ်..။တဲ့။
တဖန်လည်း * (( မဟောသဓာ ၊ ပညာရှိ ရဲ့ မယား အမရာမည်သော မိန်းမသည် ရွာငယ် ၌ ပစ်ထားခဲ့ ၍ လင် နှင့်ကွေကွင်းလွတ်လပ်လျက် ဆိတ်ကွယ် ရာ၌ နေရ၍ ဆိတ်လည်းဆိတ်ငြိမ်ပါလျက် မင်းနှင့်တူသော လင်ကို ပြု၍ တစ်ထောင်သော အဿပြာ နှင့်ဖိတ်မန်ပါလျက် မကောင်းမှုကို မပြုပေ ))* ဟုလည်း ဆိုပြန်ပါ၏။
ထိုသို့ အစွန်းနှစ်ဘက် ထွက် နေသော တရားစကား တွင် ဘယ် အရာ သည် အမှန်ဖြစ်သနည်း ဖြေကြားပေးပါ တဲ့..။
ဒီနေရာ မှာ ကျွန်မ စဉ်းစားမိတာက အော်…မိန်းမ တွေ က ဒီလို သဘာဝ ရှိတယ်လို့ စွပ်စွဲ ခံရတယ်ဆိုတာ တရားတော် ထဲ မှာ ရှိခဲ့တာ ကိုး..။ မဟာပဒုမ တို့ ဘာတို့ ရဲ့ ပေါင်တို ဇာတ်လမ်း များကိုလည်းငယ်ငယ် ကတော့ကြားဘူးနားဝ ရှိခဲ့ဘူးပါတယ်..။
အော်..တော်လေးဝ ၀င် တဲ့ ( အမရာ၊ ကိန္နရီ၊ မဒီ၊ သမ္ဘုလ) တို့ ကလွဲ ပြီး ဒီလို လေပဲ လား လို့ တွေးမိပါတယ်..။
သို့ သော် အသျှင်နာဂသေန ရဲ့ အဖြေစကား ကြောင့် ကျွန်မ ဘ၀င်ကျ ကာဝမ်းသာခဲ့ရပါတယ်..။
အဖြေက တော့ဒီလိုပါ..။
*(( မင်းမြတ် ၊ ထို အမရာ ဟူသော မိန်းမသည် စိစစ် တတ်သော ဥာဏ်ပညာ အလင်း ရှိသော ကြောင့် သူမ ရဲ့ ဥာဏ်အလင်းရောင် အောက် တွင်…
၁။ အခွင့်အခါ ( အခွင့်အလန်း)
၂။ ဆိတ်ကွယ်ရာ
၃။ မိမိ လင်နှင့်တူသော ဖိတ်မန်သူ တို့ ကို တစ်ဦးမျှ ပင်မမြင်ပါလေ….တဲ့။ ထို့ကြောင့် ထို အမရာ ဆိုသော မိန်းမ သည်မကောင်းမှုကို မပြုပေ ။ ))* လို့ ဖြေကြားတော်မူပါတယ်..။
ထိုသို့ မမြင် သော အမရာ ရဲ့ ဥာဏ်အလင်း ကို ကျွန်မ က အထူးစိတ်ဝင်စားမိပါတယ်..။ မိန်းမ သည် လည်း သွေးသား နှင့်ပြုလုပ်အပ်သော ၊ နှလုံးသားရှိသော ၊ အမျိုးအစားပင် မဟုတ်ပါလား။
၁။ အခွင့်အခါ (ဒါ ဟာ ငါ့အတွက်အခွင့်အလန်းပဲ) ရယ်လို့ အမရာမမြင် ရတဲ့ အကြောင်း တွေကတော့….
= ဤလူ့ပြည်လောက ၌ သူတပါးကဲ့ရဲ့ မည် ကြောက်သောကြောင့် အခွင့်အခါကိုမမြင်လေ..။
=တမလွန် လောက ၌ငရဲဘေး မှကြောက်သောကြောင့် အခွင့်အခါကိုမမြင်လေ..။
=မကောင်း မှုဟူသည် ခါးသက်သော ၊ စပ်ရှားသော အကျိုးရှိသည်ဟု စိစစ် ၍ အခွင့်အခါကိုမမြင်လေ..။
=တရားကိုရိုသေ သည် ဖြစ်၍ အခွင့်အခါကိုမမြင်လေ..။
= မစင်ကြယ် အမှုကို ကဲ့ ရဲ့ စက်ဆုပ်သည်ဖြစ်၍ အခွင့်အခါကို မမြင်လေ..။
=မိမိပြုသင့်သည့်ဝတ်အကျင့်ကို မဖျက်ဆီးလိုသည် ဖြစ်၍ အခွင့်အခါကိုမမြင်လေ.. ။
= လင်ကိုအလေးအမြတ်ပြု သည်၏ အဖြစ်ကြောင့် အခွင့်အခါကိုမမြင်လေ..။
= ချစ်သောလင်ကို မစွန့်လွှတ်လိုသောကြောင့် အခွင့်အခါကိုမမြင်လေ..။
အမရာ ရဲ့ ဥာဏ်အလင်း မှာ များစွာ သောအကြောင်းတို့ ထင်လင်းလာတဲ့အတွက် အခွင့်အခါ ကို မမြင်..ထို့ကြောင့် မကောင်းမှုကိုလည်း မပြုခဲ့..။
၂။ ဆိတ်ကွယ် ရာ ကျတော့ ကော..အမရာဘယ်သို့ စိစစ်ခဲ့ပါသလဲ..ကျွန်မ ဆက်ဖတ်ခဲ့ပါတယ်..။
အမရာ ရဲ့ ဥာဏ်အလင်း ၀ယ်…
=လူတို့ မှ ဆိတ်ကွယ် ရာ ကို အကယ် ၍ ရငြားအံ့..။ နတ်တို့ မှ ဆိတ်ကွယ်ရာကို မရ။
=နတ်တို့ မှဆိတ်ကွယ် ရာကို ရငြားအံ့..။ သူတပါးတို့ ၏ စိတ်ကို သိကုန်သော ရဟန်း တို့ မှ ဆိတ်ကွယ်ရာကို မရ။
=သူတပါးတို့ ၏ စိတ်ကို သိကုန်သော ရဟန်း တို့ မှ ဆိတ်ကွယ်ရာ ရငြားအံ့ ။ သူတပါးတို့ ၏ စိတ်ကို သိကုန်သော နတ် တို့ မှ ဆိတ်ကွယ်ရာကို မရ။
= သူတပါးတို့ ၏ စိတ်ကို သိကုန်သော နတ် တို့ မှ ဆိတ်ကွယ်ရာကို ရငြားအံ့..။ မိမိသည်ပင်လျှင် သိ၍ နေသဖြင့် မကောင်းမှု မှ ဆိတ်ကွယ်ရာကို မရနိုင်။
= မိမိသည်ပင်လျှင် သိ၍ နေသဖြင့် မကောင်းမှု မှ ဆိတ်ကွယ်ရာကို ရငြား အံ့..။ မတရား ဖြင့် ဆိတ်ကွယ် ရာကို ရသည် ဖြစ်ရာ၏ လို့ အကြောင်းတရားများစွာ အမရာ စိစစ်ခဲ့ လို့ မကောင်းမှု မပြုဖြစ်ခဲ့ပါ..။
၃။ နောက်ဆုံး စိစစ် ခဲ့တဲ့ အချက်ကတော့ အမရာ ရဲ့ ဥာဏ်အလင်း ဦးနှောက် ထဲက အချက်သာမက နှလုံးသားထဲက စွဲမြဲထားတဲ့ မဟောသဓာ ပညာရှိ ရဲ့ ဂုဏ်ကျက်သရေ ကို ဆင်ခြင် ခဲ့ခြင်း ပဲဖြစ်ပါတယ်..။
= မဟောသဓာပညာရှိသည် နှစ်ဆယ့်ရှစ်ပါးသော ဂုဏ်အင်္ဂါ တို့ နဲ့ ပြည့်စုံပါသတဲ့..။
= မင်းမြတ် မဟောသဓာသည် ရဲရင့် ၏။
= မဟောသဓာသည် မကောင်းမှု ၌ရှက်တတ်၏ ။
= မဟောသဓာသည် မကောင်းမှု ၌ ကြောက်လန့်တတ်၏ ။
= မဟောသဓာသည် အသင်အပင်း ရှိ၏ ။
= မဟောသဓာသည် အဆွေခင်ပွန်းများ နှင့်ပြည့်စုံ၏ ။
= မဟောသဓာသည် သည်းခံတတ်၏ ။
= မဟောသဓာသည် သီလရှိ၏ မှန်သောစကားကို ဆိုတတ်၏ ။
= မဟောသဓာသည် စင်ကြယ်သော အကျင့် နှင့်ပြည့်စုံ၏ ။
= မဟောသဓာသည် အမျက်ဒေါသ မရှိ။
= မဟောသဓာသည် ထောင်လွှားမှု မာန မရှိ။
= မဟောသဓာသည် ငြူစူစောင်းမြောင်း မှုမရှိ။
= မဟောသဓာသည် လုံ့လရှိ၏ အားထုတ်၏ ။
= မဟောသဓာသည် သူတပါးကိုချီးမြင့်တတ်၏ ။
= မဟောသဓာသည် ခွဲခြားဝေဖန်လေ့ရှိ၏
= မဟောသဓာသည် အပြောအဆိုပြေပြစ်၏ ။
= မဟောသဓာသည် နှိမ့်ချသော သဘောရှိ၏ ။
= မဟောသဓာသည် သိမ်မွေ့၏။
= မဟောသဓာသည် စဉ်းလဲခြင်း မရှိ၊ လှည့်ပတ်ခြင်း မရှိ။
= မဟောသဓာသည် လွန်ကဲသောပညာနှင့်ပြည့်စုံ၏
= မဟောသဓာသည် ကျော်စောခြင်းရှိ၏ ။
= မဟောသဓာသည် အတတ်ပညာနှင့်ပြည်စုံ ၏ ။
= မဟောသဓာသည် မှီခိုလာသောသူတို့ ၏ အစီးအပွားကို လိုလားလေ့ရှိ၏ ။
= မဟောသဓာ ကိုလူအားလုံး ကတောင့်တ၏ ။
= မဟောသဓာသည် ပစ္စည်းဥစ္စာ ရှိ၏ ။
= မဟောသဓာသည် အခြံအရံများ၏ ။
ထိုသို့ အရည် အချင်းပြည့်စုံ သော ယောင်္ကျားမြတ် တစ်ဦး စိုးမိုး နေရာယူ ထားသော အမရာ့ ရဲ့ နှလုံးသား ကောင်းကင် ၀ယ် တပါးသော ယောင်္ကျား များသည် လမင်း ဘေးမှ မတောက်ပရှာ သော ကြယ်မှုံ၊ ကြယ် မွှားများသာ ဖြစ်လေသည် တကား…။ ဒါကြောင့်လည်း မည်သို့ လွှမ်းမိုး နေရာယူနိုင်ပါမည် နည်း..။
ဒီအမေးအဖြေ လေးကို ဖတ်ပြီး အလောင်းတော် နှစ်ဦး ရဲ့ ဂုဏ်အင်္ဂါ တို့ကို အကြိမ်ကြိမ် ဦးညွတ်မိသလို…..ရဲရင့်သော အမရာ ကို မိန်းမသားထု ဘက်ကနေလက်ခုပ်တီးမိပါတယ်..။
ကျွန်မ တို့ မိန်မသား တို့ အတွက် ဦးဆောင်လမ်းပြပေးတဲ့ အမရာ့ ရဲ့ စိစစ်ဝေဖန် နိုင်တဲ့ ဥာဏ်အလင်း ကို ပိုလို့ မြတ်နိုးဦးခိုက်မိပါတယ်..။
ဒီစာစု ထဲက အမရာရဲ့ နည်း လေးတွေ ကို ဖတ်ရှု ပြီး အားအင်နည်းပါး ၊မိန်းမသားဘ၀များ လှပခိုင်ခန့် ပါစေကြာင်း ဆုတောင်းမိပါတယ်..။
မေတ္တာဖြင့်
သစ္စာအလင်း
ကျမ်းကိုး။ မိလိန္ဒပဥှာပါဠိတော် ၊မြန်မာပြန် ၊ သဗ္ဗညုတဥာဏ၀ဂ် ၊ အမရာဒေ၀ီပဥှာ စာမျက်နှာ ၂၁၇။