Sunday, July 3, 2016

အောင်မြေ ကခြေရာ တစ်စုံ



အောင်မြင် ဘို့ရာ လုံလောက်သတဲ့လား ။
ဘယ်သူ့ကိုများ ဘာအတွက် အောင်နိုင်ချင် ရပြန်သေးသ တုံး ။
ကွယ်....... ။
ကိုယ် .............. အောင်နိုင်ချင်တာက တော့
* ဓမ္မ က......... အဓမ္မ ကို
*တရားမျှတမှု က........မတရားမှု ကို
*အမှန် က................. အမှားကို
*အလင်း က............အမှောင်ကို
အဆုံးစွန်ပြောရရင်တော့
ကိုယ်က ကိုယ့်ကိလေသာ ကို
အောင်နိုင်စေကြောင်း
ကိုယ်ဆုတောင်းခဲ့ပါတယ်။
အလောင်းမင်းတရားရဲ့အောင်မြေ ။ ရွှေဘို
၃၀ ဇွန်လ ၃၀၁၆်

ငါရယ် ......ညာရယ်....

Sunday, June 5, 2016

တွယ်တာ…ကပ်ညိ မှု သည် ဘဝ ရဲ့ ကံကြမ္မာ ကို ဦးဆောင် တတ်တယ် (၃)

သာမန်လူတွေ ဖက်တွယ် မက်မော လှတဲ့ ထီးနန်းစည်းစိမ်
ကို *မထီမလေး တံတွေးပေါက် နှယ် စွန့်ပစ်ပယ် ၍*..ဆိုတာ စိတ်ထားဟာ သားကိုချစ်တဲ့ ချစ်ခြင်း ဖြင့်ပင် မဟုတ်ပါလော…..။
---------------------------------------------------------
ချစ်ခြင်းမေတ္တာ အားကြီး တဲ့ ရာဇဂြိုလ် ပြည့်ရှင် အတွက် လိုက်လျော ခြင်း တွေ အဆုံးစွန်…. ထီးနန်း ကို စွန့်လွှတ်……ခဲ့တာတောင်မှ ပဲ..စိတ်ချရတာ မဟုတ်ဘူး..ထီးနန်း ပြန် ယူရင် ဘယ်လို လုပ်မလဲ…မင်းသားလုပ်မဲ့လုပ် အစဖျောက်အောင်သာလုပ်တဲ့..။

မင်းလည်း အဖေကို သတ်….ဘုရင် လုပ်..ငါလည်း ဘုရားကို သတ်..ဘုရား လုပ်မယ် ရယ် လို့ ရှင်ဒေဒတ်ကို ဆရာ တင် မိတဲ့ အဇာတသတ် ဘုရင်ဟာ …ရှင်ဒေဝဒတ် ပြော သမျှ တသဝေ မတိမ်း လုပ်ဆောင်..ဖခင် ကို ထောင်သွင်း အကျဉ်းချ သည်အထိ မောဟ အမှောင်ဖုံး ခဲ့တာ..အားလုံးသိကြတဲ့ဇာတ်လမ်းပါ..။

သောတာပန် ဘုရင်ကြီး ဆိုတော့ မေတ္တာဖြင့် ခွင့်လွှတ်ဆဲ……ဈာန်ဝင်စားပြီး စင်္ကြန် ကမ္မဋ္ဌာန်း နဲ့ ရွှင်လန်းနေတယ် ဆိုတော့ အစားအစာ ဖြတ်တောက်တယ်…။ ဝေဒဟီ မိဘုရား တစ်ပါးသာ တွေ့ခွင့်ရတယ် ဆိုတော့ ခန္ဓာကိုယ် ကို ဆေးကြောသန့် စင် စတုမဓု များ သုတ်လိမ်း ကာ လျှာဖြင့် လျှက် ကာ စားရတယ် ဆိုတဲ့အချိန် မှာ နားလည် သင့်သော အကြောင်းအကျိုးဆင်ခြင်မှု ကင်းလွတ်လျက် ကရုဏာ များစွာ ဖြင့် ကျွန်မ ကြေကွဲ ဝမ်းနည်းရပါတယ်..။

စင်္ကြန်လျှောက်လို့ ကြည်လင် နေရခြင်း အပေါ် ထပ်ဆင့်ချ တဲ့အပြစ်ဒဏ် ကခြေဖဝါး ဓါး ဖြင့် ခွဲ ၊ ဆားဖြင့်သိပ် မီးကင် ရမယ် ဆိုတဲ့ အပြစ် ဒဏ်…..။
ဒါကိုဆောင်ရွက်ဘို့ ဓါး တွေ သယ်ဆောင်လာ တဲ့ ဆတ္တာ သည် ကို မြင်လိုက်တဲ့အခါ…* အော် ငါ့ သားတော်လေး အမြင် မှန်ရပြီး ငါ့ရဲ့ မုတ်ဆိတ်ကျင်စွယ် တွေ ရိတ်ပယ်…နန်းတော် သို့ ပြန်ခေါ် တော့ မှာမို့ ဆတ္တာသည် လွှတ်တယ် ထင်ပါရဲ့ ** ရယ်လို့ တွေးမိပါသေးသတဲ့…။

အပြစ်မယူစိတ် ….. သံသယ စိတ် မရှိခြင်း ဟာ ဒီအခြေ အနေ ရောက် သည့်တိုင် သင့်နှလုံးသားမှာ ကိန်းအောင်းဆဲပါလား ရာဇဂြိုလ် ပြည့်ရှင်..။
အခြေ အနေ ကို အပြည့်အဝ နားလည် သွားသည့်တိုင် နာကျည်းခြင်း ၊ ခံပြင်းခြင်း ၊ ဒေါသထွက် ခြင်း စတဲ့ အာရုံ တွေ မဖြစ်စေတော့ပဲ အော် တာဝန်ရှိသလို လုပ်ကြ ပါတော့ ဆိုပြီး အာရုံ လွှဲခဲ့တယ်..။

ဖြေဖဝါး ဓါးခွဲဒဏ်ရာ ရောဂါ သည်းလာတဲ့အခါ * အဟောဗုဒ္ဓေါ..အဟော ဝမ္မော..အဟော သံဃော..* …ဘုရားရှင်အား ကြည်ညိုလေးမြတ်အားကိုးခြင်း ဗုဒ္ဓါနုဿတိ ဂုဏ်တော် ကို ရွတ်ဆိုရင်း စုတေစိတ်ကျကာ…ချစ်တတ်လွန်းသူရဲ့ နိဂုံး..ဘဝ အဆုံးသတ်ခဲ့ရတော့တာ..။

ဘဝ ကူးခဲ့ ချိန် မှာ….. သင်ချစ်မြတ်နိုးခဲ့ သူများ ….ဘယ်သူတစ်ဦးတစ်ယောက်က မျှ သင့်အနားမှာ ရှိမနေခဲ့ပါလား..အားကိုးခြင်းတည်ရာ ရှိမနေခဲ့ပါလား ..ရာဇဂြိုလ် ပြည့်ရှင်..။

ဒီနေရာ ရောက်တဲ့ အခါ … ကျွန်မမျက်ရည် လည်ရင်း ရွတ်ဆိုနေကျ သံဝေဂ လင်္ကာ ထဲက * တကယ့်အရေး..တကယ့်ဘေး..ဘယ်သွေး ဘယ် သားမကယ် ပြီ * ဆိုတာ ထပ်မံ အတည်ပြု ကာ အားကိုး ရာ တရားရတနာ ကို ပိုလို့ တန်ဘိုးထားလာမိပါတယ်.. ရာဇဂြိုလ် ပြည့်ရှင်..။

သင်ဟာ…. သက်ဦးဆံပိုင် ဘုရင် ဖြစ်ခဲ့ပေမဲ့ ဘယ် သူ့ကို မှ အာဏာ မသုံး အတင်းအကြပ်မပြု….

ကိုယ်တိုင်သောတာပန် တည်လို့ တရားရစေချင် လို့ *ခေမာ မိဘုရား* ကို ဘုရားရှင်ထံဖူးတွေ့စေချင်တယ်…တရားရစေချင်တယ်…။ အလှမာန ရှိတဲ့ အချော အလှဆုံးမိဘုရားဆိုတော့ အနိစ္စ၊ ဒုက္ခ ၊ အနတ္တ တရား ၊ အလှအပ ကမမြဲ ဘူးဆိုတဲ့ တရားဟာ အသားနုကို လာထိ သလို ဘယ် ခံနိုင်ပါ့မလဲ..

ဒီသဘော ကိုလည်း နားလည် တာပဲလားရာဇဂြိုလ် ပြည့်ရှင်…။ သင်ဟာ ဒီလို ကိစ္စလေးတောင်မှ အသေးစိတ် စဉ်းစား ပြီး..မင်းမိန့် အာဏာ နဲ့ သွားစေ….မလုပ်ခဲ့။။

ဘုရားရှင် သီတင်သုံးရာ ဝေဠုဝန် ကျောင်းတော်ရဲ့ သာယာ ပုံကို တေးသီချင်းဖွဲ့ ဆို ဖျော်ဖြေ စေကာ သွားချင်အောင် ဥပါယ် တမျဉ် နဲ့ ဆွဲ ဆောင်ကာကုသိုလ် တောသို့ ပို့ဆောင်ပေးခဲ့တာ…..
…သင့်ရဲ့ ဦးညွှတ်အပ်တဲ့ယောင်္ကျား ပီသ မှု တစ်ခုပါပဲ ရာဇဂြိုလ် ပြည့်ရှင်..။

ဒါဆို … သတ်စေ….ဖမ်းစေ…. ထောင်ချစေ…ရယ် လို့ အမိန့်ချရမဲ့ သောတာပန် ဘုရင် တပါး အတွက် သင်ဘယ်လို များ အုပ်ချုပ်ခဲ့ပါလိမ့်..။

* တိုင်းပြည်ကို အေးချမ်းအောင် ထားပါလို့ တစ်ခွန်း သာ မိန့်သတဲ့…*

သူ့ ဘဝ ကိုကျွန်မ တို့ ပြန်လည် သုံးသပ်ကြည့် ပြီး သခ်န်းစာယူကြည့်ရအောင်ပါ...။

စိတ်ကောင်းစေတနာကောင်းရှိသူ ဖြစ်တဲ့ သူဟာ…. မင်းသားဘဝ တုံး က သူ့ မှာ မျှော်လင့်ချက် ၅မျိုးရှိခဲ့ပါ တယ်..။အဲဒါတွေကတော့ …

၁။ တိုင်းပြည်ရဲ့ ဘုရင်မင်းအဖြစ် ခတ္တိယဘိသိတ်အသွန်းခံချင်တယ် …ဆိုတဲ့ မျှော်လင့်ချက်
၂။ သူ့ တိုင်းပြည်ကို အမှန်တရားကို သိတဲ့ ဘုရား ဆိုတာ တွေကြွလာရင်ကောင်း မှာပဲ ..ဆိုတဲ့ မျှော်လင့်ချက်
၃။ ကြွလာပြီးတော့ ဘုရားကို ဖူးတွေ့ခွင့် ရပါစေ..ဆိုတဲ့ ….မျှော်လင့်ချက်..။
၎။ တရားနာကြား ရပါစေ..။
၅။ တရားသိပါရစေဆိုတဲ့ မျှော်လင့်ချက် ..အဲဒီ ၅ချက်လုံး ပြည့်စုံ ခဲ့ ပါတယ်…။

ရာဇဂြိုလ် ပြည့်ရှင်ဟာ သူတော်စင်သူတော်မြတ်တွေကို ချစ်ခင်မြတ်နိုးတဲ့အကျင့်သူ့ မှာရှိခဲ့ပါတယ်..။

စိတ်ကောင်းစေတနာ ကောင်းတို့ ပြည်စုံ သူ တစ်ဦး ဖြစ်ခဲ့ရကား ဘုရားရှင် ဥရုဝေလတောမှာ ၆နှစ်ပတ်လုံး တရားမကျင့်ခင် ကတည်းက တွေ့ဆုံ ဖြစ်ခဲ့ကတည်းက အလွန် ချစ်ခင်မြတ်နိုး ခဲ့တာမို့ တိုင်းပြည် တစ်ဝက် ထီးနန်း စည်းစိမ် တစ်ဝက် ပေးမယ် လေ အတူ တကွ အုပ်ချုပ်ရအောင်လို့ ကမ်းလှမ်း ခဲ့ပါသေးတယ်…။

လောကီအာရုံ မျ့ားစွန့် ခွာ လျက် တရားကျင့် မည့်သူဖြစ်ကြောင်း သိစေ တော့လည်း ဘုရား ဖြစ်တဲ့ အခါ အရင်ဆုံး သီတင်းသုံး ဘို့ အရင်ဆုံး ပင့်ဖိတ်လျှောက်ထားခဲ့သူလည်းဖြစ်ပါတယ်..။

ဘုရားရှင် ဟာ ဘုရား ဖြစ်ပြီးတစ်နှစ်ကျော် လောက် မှာမိဂဒါဝုန် ..နောက် ဂယာ သီသ ကနေ ဥရုဝေလ ကို ပြန်လည် ရောက် ရှိလာခဲ့တယ်..။

*ဂေါတမ ဗုဒ္ဓ* လို့ သတင်းတွေကလည်း ကြီး လာချိန် ၊ ကမ္ဘာ မှာ ထို ဒေသ မှာ ပြန့်နှံရောကရှိတယ်ဆိုတော့ ..။ ဘုရားရှင် ရာဇဂြိုလ် မြို့ နားက နတ္ထိဝန ထန်းတောဥယျာဉ် မှာသီတင်းသုံးချိန် မို့ သိလျှင်သိချင်း ရာဇဂြိုလ် ပြည့်ရှင် ဟာ အခြံ အရံ ၁၂၀၀၀၀ နဲ့ အတူ ဖူးမျှော် ရန် ကြွရောက်လာခဲ့ပါတယ်..။

တကယ် ဆို ရာဇဂြိုလ် မှာ ဗုဒ္ဓဘာသာမထွန်းကားသေးဘူး ။ယဇ် ပူဇော် တာတွေ ဘာတွေရှိတယ်…။ မကောင်းမှုတွေပပျောက် အောင်ရေချိုးရင် ကင်းစင်တယ် ဆိုတဲ့ အယူကြီးစိုးနေတဲ့အချိန်ပါ..။
ဘုရားရှင် က ကာမဂုဏ် အာရုံ ရဲ့ အပြစ်တွေကို ထောက်ပြခဲ့တယ်..

ကာမဂုဏ်အာရုံ ကိုလိုလားတောင့်တသူမှန်သမျှ ဟာဆင်းရဲရတယ်..။
လွှတ်ချမှ သာချမ်းသာတယ်...။ ပြီူတော့သစ္စာလေးပါးတရားဟောတဲ့အခါ ရာဇဂြိုလ် ပြည့်ရှင် နဲ့ အတူ နောက်လိုက် တစ်သိန်းတစ်သောင်း ဟာ သောတာပန်တည်ခဲ့ပါတယ်..။

တရား ကို သိပါရစေ ဆိုတဲ့ မျှော်လင့်ချက်လည်း ပြည့်စုံခဲ့တာပေါ့လေ..။

သူပိုင် ဆိုင်တဲ့ ဝေဠုဝန် ဥယျာဉ်တော်ကို အေးချမ်းတဲ့ ကျောင်းတော်ရာအဖြစ် မြတ်စွာ ဘုရားရှင်အား ပထမ ဆုံး စတင်လှူဒါန်းခွင့်ရခဲ့ သူလည်းဖြစ်ပါတယ်.။ ကျောင်းမဆောက်ခင် ဥယျာဉ် အဖြစ်အရင်ဆုံး လှူဒါန်းခွင့်ရရှိခဲ့တာပါ..။

အများ ကအကြံပေး တာတွေလည်းလက်မခံ…. အန္တရာယ် ပေးနိုင်တဲ့ သားကို အနားမှာမထားသင့်..တကယ် ဆို နယ်နှင် ဒဏ် ပေး အဝေးမှာ ထားသင့်ခဲ့တာ..။ အကာအကွယ် လည်းလုပ်မထား သားကို ယုံစားခဲ့ပါတယ်...။

သားကို တွယ် တာ ကပ်ညိ မှု ဟာ သူဟာ လည် စင်းပေးရတဲ့အခြေ အနေ နန်းချလည်းခံရ...ထောင်လည်းကျ နဲ့ ဇာတ်သိမ်း မလှခဲ့တာ အမှန်ပါပဲ..။

တကယ် ဆို ဒီလောက်ကုသိုလ် တရားနဲ့ ပြည့်စုံခဲ့သူ..။ သောတာပန်လည်းဖြစ်တယ် ဘုရား တရားကိုလည်း ကြည်ညို တယ်…. ။သို့သော်….ဘဝ စုတေချိန်မှာ နိမ့်ကျ တဲ့ နတ် ဘုံ မှာ ဖြစ်ရတာ ဘာကြောင့်ပါလိမ့်..။
တကယ် ဆို သူနဲ့ ခေတ်ပြိုင် သောတာပန်တွေ ဖြစ်တဲ့ ဝိသာခါ ကျောင်းအစ်မ ကြီး တို့ အနာထပိဏ် သူဋ္ဌေး တို့ရှိတယ်..။

ဝိသာခါ ကျောင်းအစ်မ ကြီး က နိမ္မာနရတီိ နတ်ပြည်မှာ ဘဝ ဖြစ်ရတယ်..။
အနာထပိဏ် သူဋ္ဌေးကြီး က တုသိတာ နတ် ဘုံ မှာ ဖြစ်ရတယ်..။
ဘုရားတရားနာ ပြီး သောတာပန်ဖြစ်တာချင်းတူတူ ….သင်သည် အဘယ်ကြောင့် နိမ့်ကျသော ဘဝ တွင် သွား ဖြစ်ရပါသနည်း..။

တွယ် တာမှု သံယောဇဉ် က ဘဝ ကို ဦးဆောင် ခဲ့တယ် ဆိုတာ ကျွန်မ တို့နားလည် ဘို့ ပြဆို ခဲ့ပါပကော… ရာဇဂြိုလ် ပြည့်ရှင်..။

တစ်ခါက ..မင်းဧကရာဇ် တစ်ဦးဟာ *ဇနဝဿဘ* ဆိုတဲ့ နာမည် နဲ့ စတုမဟာရဇ် နတ်ပြည်က ဝဿဝဏ် နတ်မင်းရဲ့ အခြံအရံ နတ် သား ပါတဲ့လား ……။

နတ်ဘုံ ဖြစ်သော်လည်းနတ်မင်းမဟုတ်ခဲ့..။
အတိတ်ဘဝ… ဘဝ တွေမှာ ဇနဝဿဘ နာမည် နဲ့ နတ်ဘီလူးအကြိမ်ကြိမ် ဖြစ်ခဲ့ဘူးတယ်…ထို ဘဝကို နိကန္တိ ဆိုတဲ့ တွယ်တာ ကပ်ညိ မှုက ဘဝကံကြမ္မာကို ဦးဆောင်သွားရင်း…ကပ်ညိ တဲ့ ဘဝ ထံ ပြန်သွားရရှာ တာပါကလား ..။
*ယာယံ တဏှာ ပေါဏှော ဘဝိကာ*…တဏှာ ကဘဝကို ရှေ့ဆောင်သွားတတ်တယ် ..။
ကံကဆုံးဖြတ်တာမဟုတ်….. တဏှာ ကဆုံးဖြတ်သွားတယ်..။

အောက်ဆုံး နတ်ပြည်လည်းဖြစ်တယ်..သို့ သော် အဲဒီဘဝ ကို သူကိုယ် တိုင်က နှစ်သက်နေလို့ ပဲ ဆိုတဲ့ *ဘုန်းဘုန်း ဒေါက်တာနန္ဒ မာလာဘိဝံသ* က ဟောကြားဆုံးမ ပါတယ်..။

ဂဟကာရံ ဂဝေသန္တော …… တဏှာ ညွှတ်ရာကို ကံက ဖန်တီးပေး ရတာ..။

သူ့လိုပါပဲ ကျွန်မ မှာလည်း ဟိုလူ့ခင်လိုက် ဒီလူ့မင်လိုက်.....
သဘာဝပတ်ဝန်းကျင်ကိုပါတွယ်တာ မြတ်နိုးတတ်ပါသော ကျွန်မ အဘို့ တွယ်တာကပ်ညိမှု ဆိုတာ သတိထားစရာ သံဝေဂရရှိစေခဲ့ပါတယ်..။

တရားချစ်ခင်ပါလျက် မိမိဘဝ မှာ တွယ်တာ မှုတွေ စွဲလန်းမှုတွေက မိမိဘဝကို သေးသိမ်ပြီးအောက်တန်းကျသွားစေနိုင်တယ် ….. ကြိုးစားဖယ်ရှား သွားရမယ် လို့ သင်္ခန်းစာ ကို ကျွန်မ တို့ ရယူမိပါတယ် ဆိုရင် မေတ္တာကြီး လွန်းသူ ရာဇဂြိုလ် ပြည့်ရှင် ပျော်ရွှင်ဝမ်းမြောက်လိမ့်မယ် လို့ ကျွန်မ ယုံကြည်မိပါရဲ့လေ….။

မေတ္တာဖြင့်
သစ္စာအလင်း

တွယ်တာ…ကပ်ညိ မှု သည် ဘဝ ရဲ့ ကံကြမ္မာ ကို ဦးဆောင် တတ်တယ် (၂ )

*ရဟန္တာ ထေရီမ အမ္ဗပါလီ* တစ်ခါ က သံယောဇဉ် ကို သတိရ ပါသေးရဲ့လား …….. ဆိုတဲ့ အခါ…….။

ဘယ်တော့မှ ပြန်မလာ တော့ပါသော အတိတ်…….
မရေမရာ မသေမချာ ဖြစ်ပေါ် မလာသေးပါသော အနာဂတ် ….
လက်ရှိ ပစ္စုပ္ပန် ဟူသည် ပင် ရေ ပေါ်အရုပ်ရေး သလို တစ်ရိပ်ရိပ် ကုန်ဆုံး ချုပ်ပျောက် လျက်ရှိပါသဖြင့်
ကာလသုံးပါး မှ လွတ်မြောက် နေသူအဘို့ ထိုမေးခွန်းအား မည်သို့ ဖြေရပါမည် နည်း..။

ရဟန္တာ ထေရီမ အမ္ဗပါလီ သက်တော် ၆၀ အထိ ပင် လှပနေဆဲ…ဖြစ်တယ် ဆိုတာ…။
ထို အချိန်က ဝေဠုဝန် ကျောင်းတော်ကို ထေရီမ ကြီး ကြွ ချီ လာမည် ဆိုလျှင် ထိုနေ့အဘို့ သတိပဋ္ဌာန် တရား ပိုမို ပွားများထားပါ လို့ တောင် မိန့်ကြား ထားရပါတယ် တဲ့…။

*မသိတော့ဘူး * ဟူသောအဖြေ နဲ့ တစ်ခါက ချစ်သူ….နှင့် လိမ္မာသော သားရတနာ တို့ အား မြတ်စွာ ဘုရားရှင် ရဲ့ ဓမ္မအေးရိပ် မှာ သူက စွန့်ခွာ ထားရစ် …..ခဲ့ရတာ .....

သို့သော်လည်း..။

သူတို့က တော့သံသရာမှ လွတ်မြောက်ခဲ့ပြီး ချစ်တတ်လွန်းသူ သံသရာထဲ ဝဲလည် နေရဆဲ ပါလား.. ရာဇဂြိုလ် ပြည့်ရှင်...။

ပြီးတော့ ကိုယ့်ကို ဒုက္ခပေးမဲ့ သားဆိုးသားမိုက် ကိုပွေ့ ပိုက်ထွေးပွေ့ ရတော့တာပါ..။
တကယ်တော့လည်း ရာဇဂြိုလ် ပြည့်ရှင် ဘုရင် ဗိမ္မိသာရ မသိ၍ မဟုတ်..ကြိုတင်သိခဲ့ပါတယ်….သို့သော် တွယ်တာ မှု ကြင်နာမှုများ ဖြင့် မည်သူ့ကိုမျှ အပြစ်မဆို…ခဲ့ ။

သန္ဓေစတည် ကတည်းက ချစ်သော ဝေဒဟီ မိဖုရားခေါင်ကြီး လက်ရုံးသွေး ကို သောက်ချင်တယ် ရယ် လို့ ချဉ်ခြင်းတပ်ရ သတဲ့လား..။

တစ်ပိန်ပိန် တစ်လိမ်လိမ် ဖြစ်တဲ့အခါ..ဘာကြောင့်လဲရယ်လို့ ဂရုစိုက်ခဲ့ရှာတာ ….။ အရာရာ ကိုယ့်စိတ်တိုင်းကျ ဆိုတဲ့ ဘုရင် တစ်ပါး ဟာ ချက်ချင်း ဆိုသလို ..*ဒါဘာခက်လို့ တုံး* ဆိုပြီး ရွှေဓါးငယ်လေးယူ ကိုယ် တိုင်လက်မောင်းသွေးဖောက်ကာ မိဘုရားကို ကိုယ် တိုင် တိုက်လိုက်ပါသတဲ့..။

သည်လို သတင်းကို ကြားသိတဲ့ ပုဏ္ဏားတော် တွေက သည်ကလေး သည် ကြီးပြင်းလာတဲ့အခါ ဖခင်ကို ပြန်သတ်လိမ့်မယ် လို့ အတိတ်နမိတ်ကို ကောက် ယူ ဟောကိန်း ထုတ် ခဲ့ပါတယ်..။

မိဘုရား ကြီး က ဘုရင့်အတွက် တောထဲထွက်တာ ကိုယ်ဝန်ကို ဖျက်ဆီး ဘို့ကြိုးစားတာကို သိသွားတော့ ဘုရင် ဗိမ္မိသာရ ကခွင့်မပြု ခဲ့ပါ…။

မိမိ အတွက် ကာကွယ် ဘို့ အရေး ….ဘာလို့ မတွေး ရတာပါလဲ ရာဇဂြိုလ် ပြည့်ရှင်…။
မွေးလာကတည်းကလည်း ဒီကလေး လေးကို သိပ်ချစ်ရှာတယ်..သတ်ကာမှ သတ်ကော..သားရယ် တဲ့..။

ခူနာ ပေါက်တော့ သူ့ပါးစပ် နဲ့ ငုံပေး ထားတာ..လူ့ရဲ့ အာငွေ့ နဲ့ဆိုတော့ သက်သာပြီး ပြည်ပေါက်တာ ထွေးမပစ်ဘူး ..မြိုချ ပစ်တဲ့အထိ ချစ်တတ်ခဲ့ရှာသော ရာဇဂြိုလ် ပြည့်ရှင်….။

သင်ဟာ ယနေ့အထိ ဖခင်မေတ္တာ ကိုစာဖွဲ့ ညွှန်းဆို ရာ မှာ ယနေ့ထိတိုင် စံပြ ဖြစ်နေဆဲပါလား..
ဘုရားရှင်တောင် ဇာတ်ဝတ္ထု များ ဟောကြား သတိပေးစကားဆို ခဲ့သည့်တိုင် ချစ်ခင် မြတ်နိုးဆဲ…။

ဒေဝဒတ် ရဲ့ စည်းရုံး သိမ်းသွင်းမှုကြောင့် ဖခင်ကို သတ် ဘို့ အဇာတသတ် မင်းသားလေး နန်းဆောင်ထဲဝင်….မသင်္ကာဘွယ် တုန်လှုပ်နေလေတော့ ဖမ်းဆီး ကြပါတယ်..။ တစ်ချို့သောအမတ်တွေက သားတော် နှင့် တကွ သူ့ဆရာဒေဝဒတ် ကိုပါ သေဒဏ် ချမှတ်သင့်တယ် ရယ်လို့လည်းဆုံးဖြတ်ကြပါတယ်..။

သားကိုနယ် နှင် ထား မယ် ဆိုရင် ဒီလို အဖြစ် မျိုးရောက်မှာ မဟုတ်ပါဘူး.. လို့ ဂရုဏာဒေါသော ပြောသူလည်းပြော..။

သာသနာကြည်ညို လွန်းသူ သောတာပန် ဘုရင်မင်း မို့ *မြတ်စွာ ဘုရားရှင် ရဲ့ သားတော် များအား လောကီ ဥပဒေကြောင်းအရ အရေးမယူ ရဘူး* လို့ အမိန့်ထုတ်ထား တာ ကြောင့် ရှင် ဒေဝဒတ် အား လက်ဖျား နဲ့ ပင် ထိခွင့်မရှိ….။

ထီးနန်း လိုချင် လို့ ဒီလို လုပ်ရပါတယ် ဆိုတော့ အလွယ် တကူ ပဲ ထီးနန်း ကဆင်း သားတော် ကို လွှဲအပ်ပေး လိုက်တယ် လို့ ကြားနာသိရှိ ရချိန် မှာ ……ကျွန်မ အနေနဲ့ ကြည်ညို လေးစားမှု ပါပိုခဲ့ပါတယ် ရာဇဂြိုလ် ပြည့်ရှင်..။

သာမန်လူတွေ ဖက်တွယ် မက်မော လှတဲ့ ထီးနန်းစည်းစိမ် ကို *မထီမလေး တံတွေးပေါက် နှယ် စွန့်ပစ်ပယ် ၍*..ဆိုတာ စိတ်ထားဟာ သားကိုချစ်တဲ့ ချစ်ခြင်း ဖြင့်ပင် မဟုတ်ပါလော…..။

ဆက်ပါဦးမည်..
မေတ္တာဖြင့်
သစ္စာအလင်း
 

တွယ်တာ…ကပ်ညိ မှု သည် ဘဝ ရဲ့ ကံကြမ္မာ ကို ဦးဆောင် တတ်တယ် (၁)

 
ဒီနေ့ တော့ ဘုန်းဘုန်း ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားတော်မူတဲ
့ * ဗိမ္မိသာရမင်း ရဲ့ ဘဝ နှင့်သင်္ခန်းစာ* တရားတော် ကို နာယူမိတဲ့အချိန်မှာ ……

ကျွန်မ ရဲ့ နှလုံးအိမ် မှာ တွယ်တာ တတ်လွန်းသူ .. သက်ဦး ဆံပိုင် မင်းဧကရာဇ် ဖြစ်သော်လည်း ငဲ့ညှာ တတ်သော နှလုံးသားဖြင့် ကြင်နာတတ်သော အမျိုးသား တစ်ဦး ရဲ့ တည်ကြည်ခန့်ညားတဲ့ ရုပ်ပုံ လွှာ တစ်ခု ပေါ်လွင်လာခဲ့ပါတယ်..။
သူကတော့ ရာဇဂြိုဟ် ပြည့်ရှင် ဘုရင် ဗိမ္မိသာရ ဖြစ်ပါတယ်…။

ဥရုဝေလ တောက ဥရုဝေဠ ကဿပ ၊ ဂယာ ကဿပ ၊ နဒီ ကဿပ စတဲ့ ရသေ့များ ကြီး စိုး ရာ တိုင်းပြည်မှာ ဖြစ်ခဲ့သော်လည်း ဘုရားရှင် နဲ့ တွေ့ကာ တရား အစစ်အမှန် တွေ့ ခဲ့တာ သောတာပန် တည် ခဲ့ သူလည်းဖြစ်ပါတယ်..။

မိဘုရား နှစ်ပါး ရှိ ပြီး နှစ်ပါး လုံးက လည်းချောမောလှပ သလို ဂုဏ်သတင်းကြီး မားလှပါတယ်..။ မိဘုရားခေါင်ကြီး ကတော့ ကောသလတိုင်း ပြည့်ရှင် မင်းရဲ့ သမီးတော် ပသေနဒီ ကောသလ မင်း ရဲ့ ညီမတော် ဝေဒဟီ မိဘုရား ကြီး ဖြစ်ပါတယ်..။

နောက်တစ်ပါး ကတော့ အင်မတန်မှ ချောမော လှပ တဲ့ ခေမာ မိဘုရား ဖြစ်ပါတယ်..။
သူ့အကြောင်း ကို စီကာစဉ်ကာ ဘုရားဟော တရားတော် တွေ ထဲ မှာ သူနဲ့ ပတ်သက်တဲ့ သူတွေအကြောင်း ဟောကြား တာနာကြားရလေတိုင်း သူ့ ပုံရိပ်က တစ်စွန်းတစ်စ ဖြစ်ပေမဲ့ ယောင်္ကျားမြတ်တို့ ရဲ့ နှလုံးသားကတော့ အရောင်မပြောင်း ခဲ့တာ သတိထားမိခဲ့ပါတယ်..။

ကျွန်မ အနေနဲ့ ပထမ ဆုံး ဘုရင်မင်းမြတ်အကြောင်း ကို စသိ ခဲ့တာ ဓမ္မစေတီဆရာတော် ဦးကောသလ္လ ဟောကြား တော်မူတဲ့ အမ္ဗပါလီ ထေရီမ အကြောင်း မှာ ဖြစ်ပါတယ်..။ အဲဒီဇာတ်လမ်းမှာ သူဟာ ဇာတ်လိုက်ဖြစ်နေပါရောလား..။
ဇာတ်လိုက်တောင် မှ ရိုးရိုးဇာတ်လိုက်မဟုတ် အနုပညာဆန်ဆန် ၊ ကဗျာ ဆန်တဲ့ ဇာတ်လိုက်..။ အဲဒီတုံး က ဝေသာလီပြည်က အမတ်ချုပ်ရဲ့ သမီး ၊ အလှဘုရင် မရယ်လို့ နာမည်ကြီး လှ တဲ့ အမ္ဗပါလီ…။

သူက အရွယ် လေး ရောက် လာတော့ အနီးတစ်ဝိုက်ကတော့ ဝေသာလီ ကကော မင်းညီ မင်းသား ပန်းချီကားတွေ ယှဉ်တွဲ ချိတ်ဆွဲ ပြထားတဲ့အထဲ က အလွန်ယောင်္ကျားပီသ တဲ့ မင်းသား တစ်ပါး ကို တိမ်းညွတ်မိပါသတဲ့…။
အဲဒီသူက တော့ ရာဇဂြိုလ် ပြည့်ရှင် ဘုရင် ဗိမ္မိသာရ ပါ…။

ဓမ္မစေတီ ဆရာတော်က တော့ပြောတာ ဥပါဒါန် ရဲ့ သတ္တိ တဲ့..။ ရာဇဂြိုလ် ပြည့်ရှင် ဘုရင် ဗိမ္မိသာရ ကလည်း အလှသတင်းကြီး တဲ့ အမ္ဗပါလီ ကို စွဲလန်းခဲ့ပါတယ်..။
ပိုင်ဆိုင် ချင်တဲ့ မင်းညီမင်းသားတွေ များလွန်း လို့ တစ်ဦးတစ်ယောက် က ပိုင်ဆိုင် ခဲ့မယ် ဆိုရင် စစ်ပွဲတောင်ဖြစ်နိုင် တယ် ဆိုတဲ့အထိ လှပ လွန်း သူ..မို့ ဖခင် အုပ်ထိန်းသူ ကိုယ်တိုင် တောင် မစီမံတတ်အောင် ဖြစ်နေရရှာတာ..။

ဒီအချိန်မှာ…အမ္ဗပါလီ ဟာ လမ်း ပင်ထွက်ခွင့်မရ..လျှပ်တပြက် တွေ့ လိုက်တဲ့ သူက တွေ့တာ နဲ့ စွဲလန်းတပ်မက်တော့တာ ကိုး ..။ ဒီတော့ သူ့ ရဲ့ ဘယ် သူမှ ဝင်ခွင့် မရ တဲ့နန်းဆောင် ထဲ ကို ကြီးမားတဲ့ ဥပါဒါန် ရဲ့ သတ္တိ စွမ်းအား နဲ့ ရောက် အောင် ဝင်နိုင် သူက ရာဇဂြိုလ် ပြည့်ရှင် ဘုရင် ဗိမ္မိသာရ….။

ဒီလို ဝင်ရောက်နိုင်ဘို့ ရုပ်သေးအတတ်ပညာကို ၁နှစ်လောက် သင်ယူပါတယ် တဲ့..။ ရုပ်သေး ဆရာအဖြစ်ရုပ်ဖျက်ကာ ဝေသာ လီ က နန်းဆောင်ထဲ ထိ ဝင်နိုင်တာ….။ အမ္ဗပါလီ ကိုအရိုအသေ ပေးတော့ မင်းသမီး ကလည်းခေသူမဟုတ် ဆိုတော့ လူကဲခတ် တတ် ခဲ့ပါတယ်..။ ဘုရင် တစ်ပါး ရဲ့ အရိုအသေ ပေး မှု ဟာ ၁၀၀% ပျပ်ဝပ်ရိုကျိုးမနေပဲ ရာဇဂုဏ်အင်နဲ့ ခန့်ညားနေတာကို ရိပ်မိ ခဲ့တာပါပဲ..။ သူတို့ချင်းချင်းသာ သိ တဲ့ စိတ်စွမ်းအင် ရဲ့ ဆက်သွယ် မှု ကြောင့်ပဲ မျက်နှာဖုံးများကွာ ကျ လှပတဲ့အချစ်ဇာတ် လမ်းတစ်ပုဒ် ဖြစ်ခဲ့ကာ ..* ဝိမလ ကောဏ္ဍည * လို့ ခေါ်တဲ့ သားလေး တစ်ယောက် ဖွားမြင် တဲ့အထိ..။

ဘုရင် တစ်ပါးနဲ့ချစ်သူ ဖြစ်ခဲ့ပေမဲ့ မိဘုရား ဖြစ်ခွင့်မရှိ ရှာ သူ ကတော့ အမ္ဗပါလီ..။
* ရာဇဂြိုလ် ပြည့်ရှင်….. ကျွန်မ ဟာ ရှင့်ထက် ဝေသာလီ ကိုပိုချစ်ပါတယ် * ဆိုတဲ့ ဆရာချစ်ဦးညို ဝတ္ထု ထဲက စကားလုံး တွေ ကျွန်မ တရားနာရင်း ရေရွတ်မိသေး..။
သူမ ဟာ မိဘုရား အဖြစ် လိုက်ပါ သွားခဲ့လျှင် *ရာဇဂြိုလ် နဲ့ ဝေသာလီ* စစ်ခင်းကြရပေတော့မယ်..။စစ် ဖြစ်တော့မဲ့အရေး သူမ နှလုံးသားကို စတေးခဲ့တဲ့ … အမ္ဗပါလီ..။

တစ်ချိန် ထဲမှာ ချစ်သူကို စွန့်လွှတ်..သားကလေးကို မြတ်စွာဘုရားကျောင်းတော် ကိုပို့…။ ဖခင် အမတ်ချုပ်က သမီးဖြစ်သူကို အိမ်မှာ မထား ပြည်ကြီးတန်ဆာ …ပြည့်တန်ဆာ အဖြစ်နေစေဆိုတဲ့အမိန့်ချအပြီး နှလုံးကွဲကာသေပွဲဝင်ရတာ..။

ဘဝနာ မှ အသိသာလေခဲ့ပါသလား အမ္ဗပါလီ…… ကြမ်းရှ ခက်ထန်တဲ့ ဆူးခင်းလမ်းဖြတ်သန်းပြီးချိန်မှာ ငြိမ်းချမ်းရေးမယ် တော် ထေရီမ အမ္ဗပါလီ… အဖြစ် အောင်ပွဲ ခံ ခဲ့ချိန်မှာ ကျွန်မ ကျေနပ် ပီတိဖြစ်မိပါတယ်..။
ဒီအချိန်မှာ ….. ရာဇဂြိုလ် ပြည့်ရှင် ဘုရင် ဗိမ္မိသာရ နဲ့ ပြန်မတွေ့ လေဘူးလား လို့ ကျွန်မ က ဝတ္ထုဆန်ဆန် မျှော်လင့်တော့ တွေ့ခဲ့တယ် တဲ့..။

သောတာပန်…ဘုရင် ရဲ့ တွယ် တာမှု ဥပါဒါန်က ဖြတ်မရ ကပ်ညိ ဆဲဆိုတော့…..
ပြန်လည် တွေ့ဆုံဖြစ်တဲ့ အခါ *ရဟန္တာ ထေရီမ အမ္ဗပါလီ* တစ်ခါ က သံယောဇဉ် ကို သတိရ ပါသေးရဲ့လား …….. ဆိုတဲ့ အခါ…….။

ဆက်ပါဦးမည်.......

မေတ္တာဖြင့်
သစ္စာအလင်း

အလေးလံဆုံးသောအရာ ...ငါ



**လူဟု ဆိုလျှင် ..လူလို ပင်သာ
လူတွင်တွေ့မျိုး…ကြောင်းအကျိုးနှင့်
ကောင်းဆိုး နှစ်တန် ..လောကဓံ ကို
ဖန်ဖန်တွေ့ မြဲ…စိတ်မှာ စွဲ သည်…
ဝမ်းနည်းဝမ်းသာ မများ ပါ…. ***

ဆိုတဲ့ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး ရဲ့ ကဗျာ လေးဟာ အမှန်တရားကို သိမြင် နိုင်ဘို့ ကူညီပေးနိုင်ခဲ့ပါတယ်..။

ကျွန်မ နှစ်သက်လွန်း တဲ့ ကဗျာလေး ရဲ့ အတိုင်းအဆ ကိုနားလည်အောင် ကြိုးစား ရင်း လူအကြောင်း ကိုသိရှိ သဘောပေါက် တဲ့အခါ..ဝမ်းနည်းရခြင်း ဝမ်းသာရခြင်း တွေ ဟာ များများစား ရှိမနေတော့ဘူးဆိုတာ သေချာ လက်ခံ ယုံကြည်ရင်း ထပ်မံပူဇော် မိပါတယ်..။

လူ ဆိုတဲ့ကျွန်မ တို့ လူတွေဟာ *ငါ ရှိတယ်* ဆိုတဲ့ အထင် မှား သက္ကာယ ဒိဋ္ဌိ ကို အခိုင်အမာ ဆုပ်ကိုင်ပြီးသံသရာ မှာကျင်လည်နေကြတာ…. တွေ့မြင်နိုင်ပါတယ်..။

ငါရှိတယ် ဆိုတဲ့အထင်ကြောင့် ငါချမ်းသာရေးကိုအချိန်ပြည့်တောင့်တ ကြပါတယ်..။

ငါ…ချမ်းသာ ကိုပေးနိုင်မယ် ထင်တဲ့ သက်ရှိသက်မဲ့ကို တွယ်တာကြပါတယ်..
ချမ်းသာကိုမပေး နိုင်တဲ့အခါ မှာ တော့ ပူလောင်ကြတာပါ..

တစ်ဦး နဲ့ တစ်ဦးချစ်တယ် ဆိုတာကလည်း ချမ်းသာပေးနိုင်တုံး ခဏ ပါ…။ အပြန်အလှန်ချမ်းသာ မပေးနိုင်တဲ့အခါ….. ဟန်ဆောင်မျက်နှာဖုံးတွေကွာကျ ကုန်ကြရတော့တာ..။ ပေါင်းသင်းဆက်ဆံရေး တွေ မှာလည်းဒီလိုပါပဲ ။

သူ နဲ့ ကိုယ်နဲ့ အဆင်ပြေတယ် ဆိုတာကလည်း သူ ကလည်း ကိုယ့်ရဲ့ အတ္တစွဲ ကိုမထိ လို့..အပြန်အလှန် အတ္တတွေကိုအရောင်တင်ပေးကြတဲ့အချိန် အဆင်ပြေကြတာပါပဲ..။

ဘယ်လို ပဲ ကောင်းတဲ့အလုပ် လုပ်နေပါစေ….. ကိုယ့် အတ္တကိုထိပါေးစမယ် အရောင်မှိန်စေမယ် ဆိုရင် အဲဒီတစ်ယောက်ကို မချီးကျူးနိုင်ကြတော့ဘူး ၊ အသိအမှတ်မပြု နိုင်ကြတော့ဘူး..။ကိုယ့်အပါးက ထွက်ခွာ သွားစေချင်ကြတော့တာ။

ငါ ဆိုတာကို ရင်ခွင်ပိုက်ထားတဲ့လူ တစ်ယောက်အနေနဲ့ ငါကို ရွှေချပေးမဲ့ ဘုန်းတော်ဘွဲ့ ပတ်ပျိုးတွေကိုသာ နားဆင်ချင်ကြတာ ပါ..။

အဝေဖန်ခံနိုင်တယ် ဘယ် လိုပဲပြောပြော ရင်ထဲ မှာခံရခက်ခြင်း နဲ့အမုန်းတရားတွေ စိမ့်ထွက်လာ တာကတော့ အတွင်းထဲ မှာ မြင်အောင်ကြည့်လို့ ရတာပါပဲလေ..။

သူ....တပါး တော်လို့ ဖြစ်တယ် ဆိုတာ ကိုပြောပြဘို့ နှုတ်ကဆွံ့ အသလောက်….ကိုယ်တော်ကြောင်း တွေ ကိုသာကြားချင်နေတယ် ဆိုတာ လူ့သဘောတွေပဲမဟုတ်ပါလား ။

လူ့သဘော ကို နောကျေ နေတဲ့ စီးပွားရေးသမားတွေကတော့ လူ ကို ဗဟိုပြု ပြီး စီးပွားရေးမှာ အသုံးဝင်အောင် လုပ်တတ်ပါတယ်..။ ဦးညွှတ်ကြိုဆိုတာတို့ ၊ လေးစားစွာ ကိုင်းညွှတ်ပေးတာ တို့…ဘာတို့ ပေါ့လေ..။

ဒီလို အဖြစ်အပျက်လေးတွေ ခဏခဏ တွေ့ကြုံလာရတဲ့အခါ များလာတော့ ကျွန်မက ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားသင်ပေး တဲ့အတိုင်း အဓိက တရားခံ ကို မြင်အောင်ရှာ ဘို့ ကြိုးစားရပါတယ်..။

အဓိက ကတော့ ငါ….ရှိတယ် လို့ ထင်တဲ့ အမြင်မှား ** သက္ကာယဒိဋ္ဌိ** ကို ပဲတွေ့ ရပါတယ်..။

ဒါကို ပယ်နိုင်ရင် ဆင်းရဲဒုက္ခ သည်အလျားတစ်ယူဇနာ အနံ တစ်ယူဇနာ ( ၁၂မိုင်ခန့်) ရှိတဲ့ရေကန် ထဲ က ရေ ပမာဏ နဲ့ အဲဒီရေကို နှီးဖျားလေးနဲ့ ကော်ယူလိုက်လို့ တင်ကျန်ခဲ့တဲ့ ရေစက် ကွာခြား သလို ကွာခြား သွားတယ် လို့ ဟောကြားတော်မူကြတာကို နည်းနည်းရိပ်မိသလိုလို ဖြစ်ခဲ့ပါတယ်..။

အဲလို ရိပ်မိချိန်မှာ တော့ ဆက်ဆံရေးအဆင်ပြေ အောင် …ကိုယ့် ရဲ့ ငါ ထက် သူ့ရဲ့ ငါကို ဦးစားပေး မထိပါးအောင်နေဘို့ လည်း ဆုံးဖြတ်မိပါတယ်..။

တကယ်တော့လည်း ကျွန်မတို့ အားလုံး ဟာ…..မသိခြင်း ဆိုတဲ့အမှောင်ထု တွင်းကနေ ငါဆိုတဲ့ဝန်ထုပ်ဝန်ပိုး ကြီးကို ခက်ခဲပင်ပန်းစွာ သယ်ဆောင်ခရီး ဆက်နေကြတဲ့ ကန္တာရခရီးသည်တွေလိုပါ ပဲ…။

အဲဒီအထုပ်ကြီးရင် ကြီးသလို ပင်ပန်းနေကြတာလည်း အမှန်ပါပဲ…။
ပိုလို့ လေးလံ သော ဝန်ထုတ်ဝန်ပိုး ကို သိမ်းပိုက်ထားခဲ့ရင် အပါယ်ငရဲထိဆွဲချတတ်တယ် ဆိုတာ ထိတ်လန့်စရာ သံဝေဂလည်းရမိပါတယ်.။

ငါ့ မြေ..ငါ့ယာ ..ငါ့ဥစ္စာ….. ငါ့သား…ငါ့သမီး…..
များလှစွာ သော ဝင်္ကပါတော မှာ..ငါများစွာ…. သူ့ငါ..ငါ့ငါ ကလည်းခလုတ်ခဏခဏတိုက်..။

အင်းတတ်နိုင်သမျှ တော့ ဖြတ်ထုတ် ..ခါချ…..

အလင်းတစ်စ ရှေ့ဆောင်တဲ့လမ်း..ဖြောင့်တန်းပေါ့ပါး စွာလျှေက်လှမ်းရပါစေသား။

မေတ္တာဖြင့်
သစ္စာအလင်း
ခေတ္တ- ပန်းသခင် တည်းခိုခန်း၊ ဘိုကလေးမြို့
၂၄.၅.၂၀၁၆

နိက္ခမ္မပါရမီ သို့ ဦးညွှတ်ပူဇော်ခြင်း (မာရ်နတ် ၏ ဆဋ္ဌမ တပ်မ- ဘီရူ)


 

((ဆရာကြီး ဦးရွှေအောင်၏ ဗုဒ္ဓ-လောကသား တို့ ၏ အနှိုင်းမဲ့ ကျေးဇူးရှင်( ကိုယ်ကျင့်ဗုဒ္ဓဝင် ) -စာ-၁၅၅ ကို မှီငြမ်း ကိုးကားရေးသားပူဇော်ပါသည်။))

မနေ့က တော့ စက်ရဲ့ ဖန်တီးမှု ဖြင့် အေး မြသော စာသင်ခန်းတစ်ခု မှာ မဟုတ်ပဲ အပြင်သဘာဝ ပတ်ဝန်းကျင် တွင် တနေကုန် လှုပ်ရှား လိုက်သောအခါ…. ချွေးများ အဆက်မပြတ် ထွက်လာကာ သုတ်လို့ ပင်မနိုင်….။ အလေးချိန်တိုးလာသော ခန္ဓာ ကိုယ်ကို ထမ်းပိုး ထားရသော ခြေထောက်သည် နာကျင်ယောင်ရမ်း ခဲ့တယ်..။
ငယ်ငယ် အသက် ၂၀ ဝန်းကျင် ကရေဆင်းမှာ နေစဉ် ၇ မိုင် တောလမ်းခရီးကို မညည်းမညူ ဖြတ်သန်းလျှေက်လှမ်း ခဲ့ဘူးသော်လည်း …။ အခုတော့ ဇရာ က ဇာတိပြလေပြီတကား ။ သုံးစွဲ ခိုင်းစေ လွန်းခဲ့သော ခန္ဓာကိုယ် စက်ယန္တယား သည် ထစ်ငေါ့ တုန်ယင်ခဲ့ပါပြီ..။
ကျန်းမာရေး ဂရုစိုက်နော်….. စသည်ဖြင့် သတိပေး စကားများစွာ ကြားခဲ့ဘူးသော်လည်း ။
ဂရုစိုက်ပါသော်လည်း ကောင်းမလာ တော့သော ဒေါင်ဒေါင်မြည် ကျန်းမာခြင်း သည် *လာဘ် ကြီး တစ်ပါး* ဟူသော နာမည် ဖြင့် အနတ္တ တောမှာ မင်းမူနေခဲ့တာ… ပြန်ယူလို့ လည်းမရနိုင်။ ထိုအခါ ကျွန်မ သည် ..*ဘီရူ* ကိုသတိရမိပါတယ်..။
ဘီရူ ဆိုတာကတော့ မာရ်နတ်မင်း ရဲ့ ဆဋ္ဌမ စစ်တပ် ဖြစ်ပါတယ်..။ ခန္ဓာ ကိုယ်ကလည်းပင်ပန်း ၊ အိပ်ရေး ကလည်းမဝ ဖြစ်သောအခါ ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ကြောက်ရွံ့ မှု ဆိုသော * ဘီရူ * သည် ဝင်လာ တတ်ပါတယ် .. တဲ့ ။
ထို ဘီရူ ကို ကြောင့်ကြ စိုက်ပြီး မိမိ လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ခြင်း မရှိပဲ ရပ်တန့် လိုက် တယ် ဆိုရင် မာရ်နတ် ရဲ့ ဆဋ္ဌမ စစ်တပ်မှာ ကျဆုံးတယ် လို့ ဆိုပါတယ်..။
အမှန်တကယ် တော့လည်း အများအကျိုးအတွက် ရည် ရွယ်သော စိတ်သည် နှယ်နှယ် ရရ ကုသိုလ် စိတ်မဟုတ် ပါ။။ အလွန်အင်အား ကြီးမားသော စွမ်းရည် သတ္တိကို ပိုင်ဆိုင်သော ကုသိုလ် စိတ်ဖြစ်ပါတယ်..။
ထို ကုသိုလ် စိတ် ကြောင့် ဖြစ်သော စိတ္တဇ ရုပ်များ သည် မကောင်းသာ အကုသိုလ် စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇ ရုပ် အန္တရာယ် များကို ပယ် နိုင်သည်သာ ဖြစ်ပါတယ်..။
ဒါကြောင့်မို့ လို့ *ဘီရူ* ကို ကျွန်မ ဘယ်လို ကျော်လွှား ရမလဲ သိချင်စိတ်ပြင်းပြခဲ့ပါတယ်..။ ရှေးရှေး ကျမ်းပြု ဆရာများက သူတို့ ရဲ့ ကျမ်းဦးပမာဏ ၌ အများအတွက် ရည် ရွယ် လုပ်သောအခါ * ရတနာ သုံးပါး* အပေါ် ကိုးစားယုံကြည်မှု ဖြင့် လုပ် သင့်တယ် လို့ ဆိုကြပါတယ်..။
ထိုသို့ ပြုလုပ်ပါက ဘေးအန္တရာယ် ကင်းရှင်းကြောင်း ယုံကြည်ကြပါတယ်..။
ကျေးဇူးတော် ရှင် ဝေဘူဆရာတော်ဘုရားကြီး ရဲ့ * ဘီရူ * နဲ့ ပတ်သက် တဲ့ မိန့်ကြားချက် ကတော့မှတ်သား လိုက်နာစရာကောင်း လှပါတယ်…။
*** အကျိုးမဲ့ သေခြင်း မျိုး ဖြင့် သေခဲ့ရသော ဘဝပေါင်းကားမရေ မတွက်နိုင်လောက်အောင် များလှပါလေပြီ ။ ယခု လို အကျိုးရှိရှိ သေခြင်း မျိုးဖြင့် မသေခဲ့ ရဖူးသေးချေ..။
ယခုလို အကျိုးရှိရှိ သေခြင်း မျိုးဖြင့် သေချင်နေသည် မှာ ကြာလှပါပြီ။ သေချင်သေပါစေ ။ နည်းနည်းမှ မလျှော့ *** ဆိုတဲ့ခံယူ ချက် ဖြင့်သာ လုပ်ပါက ကျန်းမာရေးနှင့်ပတ်သက်သော ကြောက်ရွံ့မှု * ဘီရူ* ဖြစ်စရာ အကြောင်း မရှိ ပါ***** ဟု ဝေဘူ ဆရာတော် ဘုရားကြီး ကမိန့်ကြားခဲ့ဘူးပါတယ်..။
ထို ကဲ့ သို့ အများ၏ အကျိုးစီးပွားအတွက် ပြုလုပ်ဆောင်ရွက် သော မိမိ ရဲ့ စေတနာ စွမ်းအားကို ယုံကြည်ပြီး လုပ်ကိုင်ပါက ကြောက်ရွံ့ မှု --ဘီရူ ကို အောင်နိုင်ပါတယ် တဲ့..။
အမှန်တကယ် လေးနက်စွာဆန်းစစ်ကြည့်မယ် ဆိုပါက ..။။ ကျွန်မ တို့ အားလုံး မှာ *ငါ---ငါ့ဥစ္စာရှိနေတယ် ဆိုတဲ့အထင်** သက္ကာယဒိဋ္ဌိ** နဲ့ သံသရာ မှာ အစွဲနာ ….ကာသံသရာရှည်လာခဲ့တာ..။
ဒီအစွဲ ကြောင့် ပဲ ….ပရဟိတတွေ..တရားအားထုတ်တာတွေ …ဒါတွေ လုပ်နေရင်…ဘယ်လို စားရမလဲဘုရား ၊ ရှေ့ရေး ဘယ်လို လုပ်မလဲ ဘုရား ၊ နောင်ရေး စိတ်အေး ရပါ့မလား ဘုရား … ဆိုတဲ့မေးခွန်း တွေ ပြန်ပြန်မေးပြီး ….. လမ်းကြောင်းပေါ်မှ သွေဖီသွားကြတာ….. ။
အနိမ့်ဆုံး သမ္မာဒိဋ္ဌိ ဖြစ်တဲ့ *ကမ္မဿကတာ သမ္မာဒိဋ္ဌိ * ဖြင့် ပင် အမှန်မြင် နိုင် ယုံကြည်စိတ်ချ နိုင်စွမ်းတွေ အားနည်းရတော့တာပါ..။
ဒီ *ဘီရူ * ဆိုတာကလည်း အဲဒီငါစွဲ ကြောင့်ပဲပေါ်လာတာ အမှန်ပါ..။ အကယ် ၍ သာ *ငါ* မရှိပါက ငါ့ကျန်းမာရေး အတွက်စိုးရိမ်ကြောင့်ကျ မှု * ဘီရူ* သည် လည်းပေါ်ပေါက်လာ မည် မဟုတ်ပါ..။
ဒါကြောင့်….. အရေးအကြီးဆုံးအချက် အဖြစ် အစဉ် သတိပြုရန်မှာကား ဘယ်လုပ်ငန်းကို ပဲ လုပ်လုပ် *ငါ* မပါ ဝင်လေအောင်….။
အကယ်၍ …*ငါ* ပါဝင်လာပါကလည်း *ငါ* ကို ဦးစားမပေးမိအောင် အားထုတ်ဆောင်ရွက် ကြမယ် ဆိုရင် ….။
*ဘီရူ * ဆိုတဲ့ မာရ်နတ် ရဲ့ ဆဋ္ဌမ စစ်တပ် သာမက ပဲ အရာရာ ကို အောင်မြင် မှာ မလွဲ ပါဘူးရယ် လို့သာ…. ယုံကြည်လေးမြတ်မိပါတော့တယ်..။ 

မေတ္တာဖြင့်
သစ္စာအလင်း
(After 6 days training )

Thursday, May 5, 2016

ကျွန်မ ရဲ့ အနုဿတိ

*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ..
ခွင့်လွှတ်လို့ မရအောင်မုန်း နေတာမျိုး ကလည်းပြေလျော့လို့ သွားလေရဲ့...။
*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ.......
ဥပါဒါန် စွဲ နဲ့ ဆုပ်ကိုင် ထားမိတဲ့အနာဂတ်စီမံကိန်းတွေလည်း ပျက်စီး လို့ သွားလေရဲ့..။

*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ.......
မာန တစ်လူလူ နဲ့ ပေါ်လွင်တက်ကြွ မှုတွေ ဟာ......
နေထိ ပန်းတစ်ပွင့်လို နွမ်းခွေ လို့ သွားလေရဲ့..။
*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ........
ပူလောင်လှတဲ့
ချစ်ခြင်း ရဲ့ သမုဒယ တွေ ဟာ အေးမြ တဲ့ မေတ္တာ နဲ့ သာ လွှမ်းခြုံ ရစ်ပတ်.....။
*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ............
အလို မကျ တဲ့ ဒေါသတွေ..ဆွံ့အ တိတ်ဆိတ်....မျက်စေ့သာတွင်တွင်မှိတ် မိတော့တယ်..။
*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ....
အချိန်မဖြုန်းမိဘို့ နဲ့ အရာရာ လေးနက် မှုရှိစေဘို့ မင်း ကသတိပေးနေပြန်ရော.. ။
*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ....
မင်းနောက်လိုက် ရင် ဘာတွေ ချန်ထားပြီး ဘာတွေ ယူလာမှာလဲ မင်းကမေးပြန်တယ်...။
*မင်း ဟာ အရာရာကို လွှမ်း မိုးနိုင်သူပါပဲ....။
သြော်..
မင်း ဆိုတဲ့ မရဏ.....။
သေခြင်း တရား.......
ဘယ်တော့...လဲ
ဘယ်နေရာ မှာလဲ....
ဘယ်လိုမျိုးလေး ဘယ်ပုံစံလေး နဲ့ မင်း လာမှာလဲဆိုတာ ကိုယ်မသိပေ မဲ့...။
မင်း လာမှာ သေချာတယ် ဆိုတာကတော့
ကိုယ် ကသေချာစွာ သိနေပါလေရဲ့...။။
Come On......

Thursday, April 21, 2016

ကျွန်မ တို့ ရဲ့ တရားပြဆရာ - ကိုအောင်ထွန်းဝင်း



သစ်ရိပ် ၀ါးရိပ် တရားရိပ် တို့ဖြင့် အေး မြပါသော တရားစခန်းက နေ အိမ်ပြန်လာချိန် နေပူရှိန်ကပြင်းဆဲ….
အဇ္ဈတ္တကော ဗဟိဒ္ဓ ပါ.. ပူလောင်ခြင်းနဲ့ အေးမြခြင်း ကို နှိုင်းယှဉ်ခံစား နေ မိခဲ့ပြီ…။
လောက ရဲ့ မာယာ နဲ့ ဖုံးလွှမ်းထားတဲ့ တကယ့်အရှိ အမှန် တရား - ပရမတ္ထသစ္စာ ကို ရှာဖွေဆင်ခြင် ခဲ့ တဲ့ ယောဂီ တစ်ဦး ဟာ သမုတိ သစ္စာ တော ထဲ မှာ မောရပြန် ပါအုံးမယ် …။
အရင်တုံး ကတော့ မောလို့ မောမှန်းပင်မသိခဲ့….။
ဘာတဲ့… သြော်…ဇရာ..ဇရာ..ဆိုပြီး ဇရာကို ဆင်ခြင် သံဝေဂ ဖြစ်သလိုလို နဲ့ ငယ်ငယ် ကရွှေထီးဆောင်း ခဲ့သော ပုံရိပ်များ ကို လူကြားထဲ ထုတ်ဖေါ်….။
နောက် တော့ ဆရာ..ဆရာ..ဆိုပြီးတော့ ကိုယ်က တစ်ချိန်သာသင်ရသောအတန်း…. ၁နှစ် မှာ ၅ရက်မျှသာသင်ရသောအတန်း…။
သူတပါး NGO ကငှားရမ်းလို့ ၃-၄- ရက်မျှသာသင်ရသောအတန်း တို့ ပြီးဆုံး ပါက သင်တန်းသားများ ဖြင့် ဓာတ်ပုံ ရိုက်ကာ…. ဖေ့စ်ဘုတ် မှာ တင် ကာ..တင်ကာ… ဖြင့် ကျွန်မ ရဲ့ ဖောင်းပွပွ နှလုံးသား…..ကို ရိုက်ခတ် ပုတ်နှိုး မိချင်ခဲ့ပါပကော..။
သင်တန်းသား များရဲ့ ဘ၀ရှေ့ဆောင် ပုဂ္ဂိုလ် လိုလို…. အထင်ကြီး ခံလိုသောစိတ် …. သူတစ်ပါးက အားကျ စေလိုသော..မိမိ ကအရေး ပါကြောင်း ဖေါ်ပြလိုသော….စိတ်နှလုံး ကို အခု မှ ဆင်ခြင် မိသောအခါ အမှန်ပင်ရှက် နိုး မိရပါတယ်..။
ပိုလို့ ရှက်မိ တာကတော့ တရားစခန်း မှာ ဆရာပီသသော တရားပြဆရာတစ်ဦး ကို တွေ့ ကြုံ မိလိုက်တဲ့အချိန် မှာ ဖြစ်ပါတယ်…။ ဆရာ ကတော့ လှည်းကူးမြို့ အပြည်ပြည် ဆိုင်ရာဗောဓိ အေးငြိမ်း ရိပ်သာ မှ တရားပြဆရာ ကိုအောင်ထွန်းဝင်း ပဲဖြစ်ပါတယ်..။ ယော ဂီအများစုကတော့ ဆရာလေး လို့ မြတ်နိုးစွာ ခေါ်ကြပါတယ်..။
ထက်သန်ပြင်းပြ တဲ့စေတနာ အပြည့်အ၀ထားတာ ယောဂီများ နဲ့ အတူ ဦးဆောင်လမ်းပြပေးတာ …. ယောဂီ တဘက်စည်း ကာ မျက်စိ ပိတ်ထား၍ တရားအားထုတ် နေတာမို့ မမြင် ရသော်လည်း ကျွန်မ တို့ ခံစားနားလည် ရပါတယ်..။ ဆရာ သင်ပြ သော တရား..ဆရာလမ်းညွှန်သော လမ်းသည်ကျွန်မတို့အတွက် ဘ၀ရတနာများ ပါ..။
အားလျော့ချိန် မှာ အားတက်စေခဲ့တယ်..။
ညည်းငွေ့ ချိန် မှာ ရွှင်လန်းစေခဲ့တယ်…။
ဘ၀ အဓိပ္ပါယ် နဲ့ အတူ ကြိုးစားချင် စိတ်ကို ပုံဖေါ်ပေးခဲ့ပါတယ်..။
ခက်ခဲ နက်နဲ လှတဲ့ မောင်းထောင်မြေဇင်းတောရ ဆရာ တော်ဘုရား ကြီး ရဲ့ တရား နည်း တွေ... ဆရာတော် အရှင်ကေလာသ ရဲ့ ဟောကြား မှု တွေ ဟာအဘိုးမဖြတ်နိုင်သလို... ဆရာလေး ရဲ့ ရှင်းလင်း ချက်တွေကြောင့် လည်း အသိဥာဏ် ပွင့်လင်း ခဲ့ ရပါတယ်..။
ရိပ်သာ အစွန် ..ယောဂီ တိုက်ဆောင်များ ရဲ့ အလွန် က ၀ါးတဲလေး ဟာ ဆရာ သီတင်းသုံးနေတာ ပါလို့ သိလိုက်ရချိန် မှာ သူတော်ကောင်း တို့ ရဲ့ သန္တိသစ္စာ ကို တစ်ပိုင်းတစ်စ မြင်ရပါ တော့ တယ်..။
*အရှင်ဘုရား တို့ကို တပည့်တော် လျှောက်ထားချင်ပါတယ်* ဟု နှိမ့်ချရိုကျိုးသော အသုံးအနှုန်းကို ကျွန်မ ကြား ရတဲ့အခါ ကျွန်မ တို့ ဆရာ-ဆရာမ လောက ၉၉% တွင်တွေ့ ရတတ်သော မာန တရားကို ထို တရားပြဆရာ သည် အဘယ် မည် သော တရားဖြင့် ခွာချ သိမ်းဆည်းထားခဲ့ပါသနည်း လို့ သိလို လှပါတယ်..။
* ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ဟာ သိက္ခာရှိပြီး တကယ်လေးစားလောက်တဲ့ သူတော်ကောင်း နှလုံးသားရှိသူ ဟုတ်မဟုတ် အကဲဖြတ်ချင် ရင် အဲဒီပုဂ္ဂိုလ် ဟာ သူ့လောက် ကံ မကောင်း တဲ့သူတွေအပေါ် ဘယ် လို ပုံစံ နဲ့ ဆက်ဆံ သလဲ ဆိုတဲ့ အချက် နဲ့ အကဲခတ်ဆုံးဖြတ်နိုင်ပါတယ် တဲ့ * (စာ=၈၁ တော်ဝင်နွယ် -သူတော်ကောင်းတို့ နှလုံးသား )
ကျွန်မဟာ ဆရာလေး ရဲ့ အနာကြီးရောဂါသည်များ ကို တရားချီးမြှောက် ပြီး သူတို့ နဲ့ တူတူ နွေးထွေး ရင်းနှီးစွာ ရိုက်ထား တဲ့ ဓာတ်ပုံလေးကို မြင်လိုက်ရချိန် မှာ လည်း ပိုလို့ တုန် လှုပ်မိကာ ဆရာတော်ဝင်နွယ် ရေးသားတဲ့ သူတော်ကောင်းတို့နှလုံးသားစာအုပ်ထဲ မှ အရှင်မဟာကဿပ မထေရ်ကြီးကို သွားသတိရမိပါတယ်..။
အရှင်မဟာ ကဿပ မထေရ်ဟာ အမျိုးမြတ်သူ ၊ ပညာတတ်သူ ၊ ဥစ္စာပေါသူ ၊ ရုပ်ချောသူ ဧတဒဂ်ဘွဲ့ ရ တတိယ မဟာ သာဝက ရဟန္တာ အရှင် မြတ် ကြီး ဖြစ်ပေမဲ့ မိမိလောက်ကံမကောင်း တဲ့ ဆင်း ရဲသားကျောမွဲ လူတန်းစား ကို သနားစောင့်ရှောက်ချီးမြှောက်တော်မူ ပါတယ်..။ နိမ့်ပါး ရှာသူ တို့ ကိုအားပေးစောင့်ရှောက် တတ်တဲ့လေးစား စရာ မထေရ် တစ်ပါး ဖြစ်ပါတယ်..။
တစ်နေ့ အဲဒီဆင်းရဲသားရပ်ကွက် ကို ဆွမ်းခံကြွ ချိန် မှာတော့ သပိတ်ထဲကို သွေး ပြည်တွေ လိမ်းနေတဲ့ လက်ချောင်းပြတ် တစ်ခု ဟာ တစ်ဇွန်းစာသော ဆွမ်း နဲ့ အတူ ရောပါလာ ပါသတဲ့..။ အရှင် မဟာ ကဿပ မထေရ်ဟာ ရွံရှာ စက်ဆုပ်ခြင်း အလျဉ်းမရှိပဲ လက်ချောင်းကို အသာဖယ် ပြီး ဘုဉ်းပေးတော်မူပါသတဲ့..။
ကာယ ဂတာ သတိ နဲ့ အတူ ကရုဏာ တရားထုံမွှမ်း ထားတဲ့ နှလုံးသားဟာ အံ့ချီးလေးမြတ်ဘို့ ကောင်း ပါတယ်..။
လောက မှာ အပယ် ခံ ဘ၀ကို ရောက်နေကြရတဲ့ နိမ့်ကျသူ များစွာ ရှိပါတယ်..။ အရှင်မဟာ ကဿပ မထေရ် တို့ လို သူတော်ကောင်း နှလုံးသား ကို ပုံတူ ကူး မဲ့ သူများ လောက ထဲရှိနေခြင်း ဟာ…. လေးစားချီးကျူး ဖွယ် ရာ ဖြစ်ပါတယ်..။
ကံ ကလည်းမကောင်း ၊ အကြောင်း ကလည်းမလှ…. အပယ် ခံ ဘ၀များ ဟာ အနာကြီးရောဂါသည်များ နှင့် AIDS ရောဂါ ဝေဒနာသည်များ ပါ..။
လူတော ထဲ လည်းမတိုးဝံ့..အသက်မဆုံး ခင် မှာ ဘ၀ ဆုံး ရရှာသူများ စွာ… ဟာ စိတ်ပိုင်းဆိုင် ရာ ကော ရုပ်ပိုင်းဆိုင်ရာ ပါအားကိုးရာမဲ့ ကြရှာတော့တာ..။
ဆရာလေး ရဲ့ အတွေ့ အကြုံ အရဆိုလျှင် တစ်ခါက စာသင်စာချဘ၀ ဖြင့် ဘုန်းကြီးနေတဲ့ တပည့်များ စွာ ကို မွေးထုတ်ခဲ့သော ဆရာတော် တစ်ပါး ဟာ လူတောမတိုးဝံ့တဲ ရောဂါ နဲ့ လူဝတ်လဲကာ ဆင်းရဲ ချို့ငဲ့ ညှိုးငယ် စွာ နေရပါသတဲ့..။
ကျွန်မ တို့ ရဲ့ တရားပြဆရာ လေး ကိုအောင်ထွန်းဝင်း က ဒီလို အနိမ့်ကျဆုံး လူတန်းစားများအတွက် အမြင့်မြတ်ဆုံး ဓမ္မ လက်ဆောင် ကိုပေး ပြီး ကြီးမြတ်သော ပါရမီ ကို ဖြည့်ဆည်းပေးနေတာ…. ဖြစ်ပါတယ်..။
အပြည်ပြည် ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် မှB.A ( Buddhism ) ရရှိခဲ့သော ဆရာလေး သည် သီရိလင်္ကာ နိုင်ငံ Colombo , Buddhist Pali University မှာ M.A တက်ရောက် နေပြီ ဖြစ်ပါတယ်..။
မတ်လ ကမှ သီရီလင်္ကာ သို့ ထွက်ခွာ ခဲ့သော်လည်း သင်္ကြန် စခန်းဝင်ယောဂီများ အတွက် စေတနာ ပြည့်ဝစွာ ဖြင့် တရားပြသရန်မြန်မာ ပြည်သို့ ပြန်လာပေးခဲ့သလို ..မပြန်ခင် မှာ မြောက်ဒဂုံ ရှိ ဝေဒနာသည်များ မတ္တရာ ရှိ အနာကြီး ရောဂါ ရှင်များ ထံသို့ သွားရောက်ရန်ဦးတည် လျက်ရှိ နေပါပြီ..။
အားနည်းသူတို့ ရဲ့ အားကိုးခြင်း တည်ရာ…..ခိုကိုး ရာ သဖွယ် ကမ်းလင့်သော လက်များ ၊ ကယ် တင်သော လက်များ သည် သန်မာ တောင့်တင်းသော ကြံ့ခိုင်မှု ရှိသထက်ရှိစေ ဘို့ ကျွန်မတို့ အားပေးသင့် လှသည် မဟုတ်ပါလော…။
မယောင်ရာ ဆီလူး ၍
ရေပြည့်ရာ ရေလျှံ..
အပေါ်ယံဆန်သော ..
အချီးကျူးခံသက်သက်…. လုပ်ဆောင်မှုများ
လေးနက် စွာ အဓိပ္ပါယ် ရှိကြပါစေသား ..။
မေတ္တာဖြင့်
သစ္စာအလင်း
၂၀.၄.၂၀၁၆
၁၁.၄.၂၀၁၆ မှ ၂၀.၄.၂၀၁၆ ထိ တရား အားထုတ် ခွင့်ပြုခဲ့ပါသော
အပြည်ပြည်ဆိုင်ရာ ဗောဓိအေးငြိမ်းရိပ်သာသို့ ထာဝစဉ် ဦးညွှတ်လျက်...။

Monday, March 14, 2016

နှစ်သစ်ဆုတောင်း ( ၂၀၁၆ )

 
သစ္စာအလင်း ၏ နှစ်သစ် ဆုတောင်း (၂၀၁၆)
=============================
ပညာ သတ္တိ….ဥာဏ်မျက်စိ ဆောင်
အမှောင်မလာခင်
အလင်း တွေ နေရာဦး ကျေးဇူး ပြုခြင်းများ စွာ
….. နီဝရဏ …….. မလာ …….
.အေးငြိမ်းရာများဖြစ်..တည်စေ။
*လောကမာယာ
ဝိပ္ပလ္လာသ..
ထာဝရလှည့်စား
အမြင်မှားတွေ…
ဒိဋ္ဌိဝေခဲ့
တဏှာစေကျွန်..ကုန်လွန်နေ့ရက
ဆက်ဆက် သံသရာ….
ရှည်ကြာ လွင့်ပါး နှိပ်စက်ခြင်းအား…
ဘဝများ မှာ
..တရားသစ္စာ *..သစ္စာအလင်း….*
ရှင်းသန့် ပြတ်သား…..
ကြိုးစား လွတ်မြောက် နိုင်ပါစေ..။

မေတ္တာဖြင့်
သစ္စာအလင်း

Wednesday, January 20, 2016

ကျွန်မ တို့ ချစ်သော ဆရာဆရာမများ.. (၅) ဦးလှအောင်

အခု ဖေါ်ပြမဲ့ဆရာ ကတော့....
ပြုနိုင်ခဲ သော အမှုကို သတ္တိရှိစွာ ပြု ပြီး
တပည့်တွေ အားလုံး ကို စံနမူနာပြ ဖြစ်စေခဲ့တာပါ..။
ဆရာ က စာသင်ကောင်းပါတယ်...။
စာသင်ရင် အာရုံ စူးစိုက်ထားလို့ ခြေ ကို စုံရပ် တာ တိတိပပ လေး
ယိုင်ခြင်း နွဲ့ ခြင်းမရှိ...
ပိန်ပိန် ပါးပါးခန္စာ ရှိပြီး ခုထိ လည်းထိန်းထားဆဲ
စကားပြောရင်ပြတ်သားပါတယ်..။
လိုအပ်လို့ စာထွက်ရေး ရင်
Chalk Board Writing Management သိပ်ကောင်း ပါတယ်..။
လှပ သေသပ်တဲ့ လက်ရေး နဲ့ ပုံတွေ ကစနစ်တကျရှိပါတယ်..။
ဆရာ စာသင်ကောင်း တော့ကျွန်မ တို့ ဆရာ့အချိန် ကိုကျောင်းပြေးလေ့မရှိပါ..။
တစ်နေ့ မှာတော့ ဆရာ ကစာသင်နေတုံး ကျွန်မ တို့ သူငယ်ချင်း တစ်ယောက်ကို လှမ်း ဆူပါတယ်..။
ဆူတဲ့ ကိစ္စ ကို ကျွန်မ မမှတ်မိတော့ပါဘူး..ကျွန်မ မှတ်မိတာက နောက်နေ့ ဆရာရဲ့ လုပ်ရပ်ကိုပါ..။
အဲဒီနေ့ က အဲလို ပြောလိုက်တာ သူမှားသွားကြောင်း..
မပြောသင့်ကြောင်း အားလုံးရဲ့ရှေ့ အတန်းရှေ့ မှာ
ကျွန်မ တို့ သူငယ်ချင်းနာမည် ကို ---ကို တပ်ခေါ်လျက်တောင်းပန်သွားပါတယ်..။
အဲဒီအချိန်က ဆို ကျွန်မ တို့ က ၁၈-၁၉-၂၀ အရွယ်တွေ..ဆရာက ၃၅---၄၀ လောက်ရှိမှာပေါ့။
ကိုယ်ကဆရာ ပဲ ကိုယ်ပြောရင်ခံ ကြရမဲ့တပည့်တွေ ပဲ..။
သို့သော် ဆရာကလူကြီးလူကောင်းပီသ ပြုနိုင်ခဲ တဲ့အမှုကို တည်တည် ညိမ်ညိမ် နဲ့
ပြုလုပ်ခဲ့တာ ကျွန်မ မမေ့ခဲ့ပါ..။
ကျောင်းသားက တော့ကကျွန်မ တို့ နှစ် မှာ ရာထူးအကြီးဆုံး ဖြစ်နေတဲ့ စိုက်ပျိုးရေးဦးစီးဋ္ဌာန မှ
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို ဖြစ်ပြီး..
ကျွန်မ တို့ ချစ်တဲ့ဆရာ ကတော့ ဥယျာဉ်ခြံသီးနှံ ဋ္ဌာန ဋ္ဌာနမှူး ပါမောက္ခ ဆရာဦးလှအောင်ပဲ ဖြစ်ပါတယ်..။
ဆရာ သက်ရှည် ကျန်းမာ ....ပါစေကြောင်း ဆုတောင်းလျက်..။

ကျွန်မ တို့ ချစ်သော ဆရာဆရာမများ.. (၄) ဦးလှထွန်း

ဆရာ က စိုက်ပျိုး ရေး တက္ကသိုလ် မှာ ဆရာ ဖြစ်ခဲ့ ပေမဲ့
ဆရာ ဘွဲ့ ရရှိခဲ့တာ ကတော့ စက်မှု တက္ကသိုလ် ကပါ..။
တစ်ခေတ် တစ်ခါ က ရှားပါး လှ တဲ့ဘွဲ့ B.E ( Agric ) ပါ..။
အင်ဂျင် နီယာ ဆိုတာ ပညာရှင်ပဲ
အောက်ခြေ သိမ်းအလုပ်တွေ ဘယ် လုပ်ပါ့မလဲ..။
အင်ဂျင် နီယာ တစ်ဦး ရဲ့ ပညာ နဲ့ ဆရာတစ်ဦး ရဲ့ မေတ္တာ ပေါင်းစပ်ချိန် မှာ တော့
တပည့်တွေ အတွက် မလုပ်ရဲ တာ မရှိ တော့ပါ..။

ဆရာက မွန် အမျိုးသားတစ်ဦး
မွန် စာပေ နဲ့ ယဉ်ကျေးမှု ကော်မီတီ ဥက္ကဋ္ဌ
မွန် အသင်း က လေ့လာရေး ပေါင်းလောင်ရေ တံခွန် သွား တဲ့ တစ်နေ့ မှာ
ကျွန်မ တို့ နှစ်က သူငယ်ချင်း ကိုဝေမွန် ပေါင်းလောင်ရေ တံခွန် သို့ လက်ဆင်းဆေး ရင်း
သစ်သားခုံဖိနပ် ကြောင့် ရေတ့ခွန် ထဲလိမ့်ကျ
ဝဲ ကအစုပ် ..... ပြန်ရှာ မရတော့တာ...။
ဆရာ ကမိဘ သဖွယ် ပါ
၅ ရက် ၆ရက် ကြာ မှ ပြန်တွေ့  တဲ့ ကျွန်မ တို့ သူငယ်ချင်း ဝေမွန်
အသက်ခန္ဒ္စာ မပါတော့ သလို သာမန် ရုပ်ခန္စ္ဒာ မရှိတော့
သာမန် အခေါင်းဖြင့် ထည့် မရ...
ခိုက် တယ် ဆိုတဲ့ အယူ ဆိုတာ စိုက်ပျိုးရေး တက္ကသိုလ် မှာ မရှိ ....
Agric- Engineering မှ ကားဖြင့် အလောင်းသယ်
သာမန် ထက် ၂ ဆကြီးသော အခေါင်းကို ကိုယ် တိုင် စပ် ပေး ခဲ့တာ...။
ကျွန်မ တို့ ရဲ့ Engineering ဆရာ..
ဆရာ ဦးလှထွန်းပါ....။
ဝမ်းနည်း ကြေကွဲ မှု နဲ့အတူ မှတ်မိနေသော ဆရာ့ကျေးဇူး များပါ..။
ဆရာ ကျန်းမာပါစေ..။

ကျွန်မ တို့ ချစ်သော ဆရာဆရာမများ.. (၃) ဒေါက်တာ ချိုချိုမြင့်

၁၉၈၁ မေလ ကနေ ၁၉၈၄ မေလ အထိ
သင်းပျံ့  နေတဲ့ တမာပင်ကြီး ရဲ့ အောက်မှာ
ချစ်လှစွာ သော ဆရာမရဲ့ အရိပ်ကို ခိုလှုံ ခဲ့ရတယ်..။
မှတ်မိသလောက် နေ့စဉ်တွေ့ ဆုံရစဉ် သက်တမ်းမှာ
ဒေါသတကြီး ဆူပူ အော်ဟစ် ဘို့ မဆိုထားနဲ့
စကားသံမာမာ ဖြင့်ပင် တစ်ခါ မှ မဆုံးမဘူး ခဲ့..။

ညီမလေးတို့ ရေ..
အစဖြာ တဲ့ မမ ရဲ့ ဆုံးမ စကားများ ဟာ
အဆောင် Roll Call ခေါ်ချိန် စာဝေချိန်မှာ နားဝင်အချိုဆုံးဂီတသံစဉ်များ
မမ ဟာ အင်္ဂလန် ပြန် ပီသစွာ Terminology တွေကိုသေချာ နားလည်အောင်
တစ်လုံးချင်းအသေအချာ ရှင်းပြတတ်တာ..
ကျွန်မ မှာ အတုယူရပါတယ်..။
စာသင်ကောင်း သလို လူကလည်း အလွန် လှ
*မေပျိုဖြူရယ် လေ..ရွှေဘိုသူလို ယဉ်တာ ကမ္ဘာမရှိသူ ရယ်လို့*
တင်စားခံရသူ..။
ပြောပြရရင်..... မမ ဟာ ရွှေဘို သူပီပီ သတ္တိ ကလည်းကောင်းလှပါတယ်..။
ကျွန်မ တို့ မရောက်ခင် ကျွန်မ တို့အဆောင်ငွေတောင်ဆောင်သူတစ်ဦး ဟာ
အဆောင်ဘေး လျှို ထဲ မှာ အသတ်ခံရပါတယ်..။
ရေဆင်းရဲ့ နာမည် ကြီး ဇာတ်လမ်းတစ်ပုဒ် မှာ
မမ ဟာ မိခင်ရင်း မလာခင်စိတ်မကောင်းမှာစိုးလို့
ကိုယ်တိုင်မိတ်ကပ်ပြင်ပေး ပါတယ်....တဲ့။
ဆရာ တာဝန် မိခင်တာဝန် သုတေသန တာဝန် များ စွာ များစွာ အပြင်
နွေရာသီ အိမ်ပြန်ရင် အသက်ရှည် သောမိခင် ဖခင်များရဲ့ အိပ်ယာကို ကိုယ်တိုင်လျှော်ဖွတ် ပါသတဲ့.။
ခုချိန်ထိလည်းလုပ်ကျွေးပြုစုဆဲ
ကျွန်မ တို့ ရဲ့ ချစ်သော မမ ချို
ဒုတိယပါမောက္ခချုပ်ထိ တာဝန်ထမ်းဆောင်သွား ပါသော..
ဒေါက်တာချိုချိုမြင့် သက်ရှည် ကျန်းမာ
တရားထူးများအားထုတ် ရရှိနိုင်ပါစေကြာင်း ဦးခိုက်ဆုတောင်းလျက်ပါ...။

ကျွန်မ တို့ ချစ်သော ဆရာဆရာမများ.. (၂) ဒေါက်တာ ဒေါ်ခင်ဋ္ဌေး

ရေ ဆင်းမှာ တိုင်းရင်းသားရိုးရာပဒေသာ ကပွဲ ဆိုတာ
အလွန်ကြီးကျယ် တဲ့ပွဲ ပါ..။
တိုင်းရင်းသား စာပေနဲ့ ယဉ်ကျေးမှု ကော်မီတီ ဥက္ကဋ္ဌ
ကကျွန် မတို့ ချစ်တဲ့ ဆရာမကြီး
သွားလည် ရင် ထိုင်ခုံတောင်မထိုင်ရသေး
လဘက်ရည် အိုး ထတည် ပြီးသား
အလှတည်ခင်းတဲ့ မုန့် ပန်းကန် ဆိုတာ အဆောင်မှာ စားမရတာ သိနေတော့
ပြန်ရင် လွယ် အိပ်ထဲကို ထိုးမုန့် - မုံရွာမြေပဲဆားလှော် - မန္တလေး လက်ဘက် စသည်ဖြင့် ထည့်ပေး လိုက်တာ..။
စာသွား ကျက်ရင် စားစရာ အပြည့် တည်ခင်းတတ်တာ....။
တိုင်းရင်းသား ကပွဲ
စာပေဟောပြောပွဲ ဆရာမကြီး ကဦးဆောင်ကျင်း ပ
အဆောင်ထမင်း လွတ်သွားသော ကျွန်မအား
သူ့ထံ လာပို့ တဲ့ ထမင်းချိုင့်ကို အတင်း ထည့်ပေး
အသစ်စက်စက် ကြိုးကြီးချိတ်လုံချည် လည်းငှား
အိမ် နဲ့ ဝေးနေရတဲ့ ကျွန်မ တို့ ကို မိခင်သဖွယ်..။
စာသင်ကလည်း ကောင်း တော့ကျွန်မ မှာ ခုထိ
ဆရာမကြီ သင်ပေး ခဲ့တဲ့
Bacillus
Coccus တွေကို ချစ်ခင်နေရဆဲ..
ရိုသေလေးစားရပါသော .....
အပင်ရောဂါ ပါမောက္ခ၊ဋ္ဌာနမှူး ဆရာမကြီးဒေါက်တာဒေါ်ခင်ဋ္ဌေး ....
ကျန်းမာအသက်ရှည်ပါစေ..။

ကျွန်မ တို့ ချစ်သော ဆရာဆရာမများ.. (၁) ဦးသိန်းဆု



တစ်ခါက ရေဆင်းမှာ....
ဆရာတစ်ဦး ရဲ့ အိမ်ကို သူခိုးဝင်ပါတယ်..။
ဖမ်းလို့ လည်းမိပါတယ်...
ဖမ်းမိတဲ့သူခိုးကို ရဲစခန်းပို့ ကြပါတယ်..
နောက်တစ်နေ့ ကျတော့ အဲဒီ ဆရာ ကို သတင်းမေး ကြတဲ့ သူတွေသွားတဲ့အခါ
ဆရာ က ထမင်းချိုင့်လေးဆွဲလို့ တဲ့
ဆရာ ဘာတွေ ပါသွားလဲ ဘယ်သွာမလို့ လဲ ပေါ့..မေးတာ
ဘာမှ မပါပါဘူး ကွာ...
သူခိုးခမျာ
ဘာမှ လဲ မရ.... အချုပ်ခန်းထဲ မှာ ဗိုက်ဆာနေမှ စိုးလို့
ထမင်းသွား ပို့ မလို့ တဲ့...။

ကျွန်မ တို့ အားလုံး ရဲ့ Plant Pathology Department - Mycology သင်ပေးတဲ့ စာသင်အလွန်ကောင်း ပါတဲ့..။
ဆရာဦးသိန်းဆု ပါ..။

မြို ထားမိသော ထွန်တုံးများ


ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး က တရားစခန်း တွေ မှာ ကျွန်မတို့ ယောဂီများကို နားလည် အောင်ပေးတဲ့ ဥပမာ များဟာ ထိထိမိမိ မှတ်မိနေသလို လိုက်နာကျင့်သုံး ရန် လမ်းစ ကိုလည်း ရရှိစေပါတယ်..။
မာန ဆို တာကို ရှင်းပြ တဲ့ ဥပမာ ကတော့ စိတ်ဝင်စားစရာ…။
မာနကိလေသာ ဝင်ရင်ကွယ် တဲ့ တောင့်တောင့်ကြီး ဖြစ်နေတာ..ထွန်တုံးကို မြွေ မြိုသလိုပဲ တဲ့..။ အကြောတင်းသထက် တင်းလာတာမျိုး…။ ကိုယ့်က မသိပေမဲ့ ဘေးလူကသိတယ် တဲ့..။ ကိုယ်ကိုယ်တိုင်ကတော့ မြိုလို့ မြို မှန်းတောင်မသိ ..ဖြစ်တတ်ကြောင်း ဆုံးမတော်မူပါတယ်..။
ဝင်တာတော့ သိပါပြီ..ဘုရား..ဘယ်လို အချိန်မှာ ဝင်တတ်ပါသလဲ ဘုရား ဆိုတော့..ဘုန်းဘုန်းက ပုံလေးတစ်ခုပြောပြ ဘူးပါတယ်..။

တစ်ခါက တိုင်းပြည် တစ်ပြည်မှာ ဘုရင်ကြီး တစ်ပါးရှိတယ်..။
ဘုရင်ကြီးက မျဉ်းတကြောင်း ဆွဲ တယ်..။ အမတ်များကို ခေါ်ပြီး ထို မျဉ်းကို ဖျက်လည်း မဖျက် ရဘူး၊ တိုအောင်လည်း လုပ်ပေးရမယ်..နည်းလမ်းရှာပါ လို့ အမိန့်တော်ချသတဲ့..။
အမတ်တွေခေါင်းချင်းဆိုင်…. ဘာလုပ်ရမလဲပေါ့..။
နောက်တော့ပညာရှိ အမတ် တစ်ယောက် ပေါ်လာပါတယ်..။ ဘုရင်ကြီးဆွဲထားတဲ့ မျဉ်းတိုသွားအောင် ဖျက်လည်းမဖျက်ပဲ သူလုပ်နိုင်ပါတယ်… ဆိုပြီး..တော့လျှောက်ပါတယ်..။
ဘယ်လို ပဉ္စလက် အတတ်များ တတ်လို့ပါလိမ့် နဲ့ စိတ်ဝင်တစားကြည့်နေတဲ့ လူသူဗိုလ်ပါ ပရိသတ် အရှေ့ မှာ…
သူ က ဘုရင် ဆွဲထားတဲ့ မျဉ်း ရဲ့ အထက်မှာ သူ့ထက်ရှည် တဲ့ မျဉ်းတစ်ကြောင်း ကို ထပ်ဆွဲ လိုက်ပါတယ်..။
ပြီးတော့ …( တိုသွားပါပြီ ဘုရား) လို့ လျှောက် တယ် တဲ့..။
အဲ ဒီဥပမာ လိုပဲပေါ့နော်… ကျွန်မ တို့ တွေဟာ မျဉ်းရှည် ရှည် တွေ ဆွဲ မိတိုင်း ကျန်တဲ့ မျဉ်းတွေ ကို တိုလိုက်တာ ထင်တတ်ကြ တော့ တာ..ဒီသဘာဝ ဟာ မသိမသာ ဝင်လာတတ်တာ ….။
နှိုင်းယှဉ် တတ်တယ်..ငါက သာတယ်…။ ထို အရာသည် မာန ကိလေသာ ပါပဲ လိှု့ဆုံးမတော်မူပါတယ်..။
ဘယ်အချိန်မှာ ဝင်လာတတ်သလဲ ဆိုတာ့…….မသိမသာ ကို နေရာယူတတ်လို့ ကာယကံရှင် ကိုယ်တိုင် ဖြစ်လို့ ဖြစ်မှန်းတောင် မသိ တော့ သော ကိလေသာ ..မာန ကိလေသာ…တဲ့..။
ဘွဲ့ ရတဲ့ သူငယ် ချင်း တစ်ယောက်က ဆယ်တန်းမအောင်သေး တဲ့ ကျောင်းနေဘက်သူငယ်ချင်းကို ဘယ်လို ဆက်ဆံမလဲ..။
ကားပိုင် တဲ့ သူတစ်ယောက်က ကားမရှိတဲ့ သူကို ဘယ်လို ဆက်ဆံလဲ..။
သိန်း ၁၀၀၀ လောက်ချမ်းသာ တဲ့လူ တစ်ယောက်ဟာ ကျပ် ၁၀၀၀ လောက်သာ ပိုင်တဲ့သူကို ဘယ်လို ဆက်ဆံ မလဲ..။
ရာထူးမြင့်မြင့် ရတဲ့ အရာရှိတစ်ဦးဟာ အောက် လက်ငယ် သားကို ဘယ်လို ဆက်ဆံမလဲ…။
သိပ်ကို အတွေးအခေါ် ကောင်းပြီး…. ရေးလိုက်ရင် ပိုစ့်တင်လိုက် ရင် LIKE ထောင်ချီ.. Comment ရရာချီ ရ သူတစ်ယောက် ဟာ..တခြားလူတစ်ယောက် သူ့နဲ့အကြောင်းအရာတူ..ရေးသော်လည်း သူ့လောက် ကောင်းချီးသြဘာ မရ သူ ရဲ့ ပိုစ့်ကို ဘယ်လို ဆက်ဆံ မလဲ..။…
စိတ်ထဲက ပြန်ဖြေ မိပါတယ်..ထွန်တုံးမြွေ မြိုသလိုပါဘုရား..လို့ ။

ဘုန်းဘုန်း က ရွာ တစ်ရွာ ၊တောနယ် ဘက်မှာ တရားသွားဟော ရင်း…. လူတစ်ယောက် တွေ့ ဘူးတယ် တဲ့..။
သူ့ကြည့်တော့ အင်္ကျီ ခပ်နွမ်းနွမ်း…လူပုံက ပန်းလျလျ..သို့သော် ထွန်တုံးမြွေ မြိုသလို ဖြစ်နေတာ နဲ့ ဘုန်းဘုန်းက ..ဒီလူ တစ်ခုခုတော့ ရှိလိမ့်မယ်..အကဲခတ်ပါတယ်..။
နောက်တော့ စကားပြောကြည့်ရင်း…မှ သိရတာ..။ သူက အရင် အင်္ဂလိပ်လက်ထက် စစ်တပ်ထဲမှာ တင့်ကားမောင်း တုံး က တော်လို့ ဆုတံဆိပ် ရခဲ့ဘူးတယ် ဆိုပဲ..။
ထို အောင်မြင် ဘူး သော အတိတ်သည် ထွန်တုံးသဖွယ် မြွေတစ်ကောင် လို ပျော့ပျောင်းမနေစေတော့ ....။

အရိုအသေ မပေးတတ်တော့တာ..နှိမ်ချတဲ့ အကြည့်တွေမွေးဖွားပေးတော့တာ..။ ငါ့လောက်မှ မမတတ်လေချင်း ဟူသော အထင်သေးစိတ်တွေ ဝင်လာမိတော့တာ..။
ဘုရား..ဘုရား..ဒီတရားလေးနာမိရင်း ကိုယ့် ဗိုက်ထဲ မှ ထွန်တုံးများကို လိုက်လံရှာဖွေမိ..။
Doctor ထွန်တုံး Professor ထွန်တုံး Blogger ထွန်တုံး…… များလှပါတကား..။
ပညာတွေလည်းတတ်ပြီ..စီးပွားတွေလည်းရပြီ…..တရားနယ် ပယ် မှာလည်း သောတပန် ဖြစ်ဘို့လည်းလုပ်မှာ ဘုရားတဲ့..။ တရားမာန နဲ့ တရားနယ် ပယ် မှာ လည်းထွန်တုံးတွေ ထပ်မြို နိုင်သေးတယ်တဲ့..။

သက္ကာယ ( အထင်အရှားရှိသောသဘော) ဟူသော သဘော တရား အပေါ်မှာ *ငါ*ကောင်ထင် သော ဒိဋ္ဌိ..ကို
*ငါ* လုပ်ရင် ဖြစ်မှာပါဆိုသောမာန ဖြင့်
 *ငါ*ပိုင်တဲ့ တရားပါ..
*ငါ*လို ချင်တဲ့ သောတာပန် ဆိုတဲ့ တဏှာ ဖြင့်…. ချဉ်းကပ်သော ….
*ငါ* သည်* ငါ* မရှိမှ ရသောတရား ရရှိပါစေရန်…*ငါ*ကို ပယ်သတ်ရင်း …*ငါ*ကို ကြီးထွားစေတဲ့ ရင်ထဲမှ ထွန်တုံးများကို ဆွဲထုတ်ရပါအုံးမည်..။

မေတ္တာဖြင့်
သစ္စာအလင်း
......