Thursday, March 2, 2017

အမြင် အသစ်...ဘဝ သစ်


မနေ့က ပင်ပန်းခဲ့လို့ တစ်ဝ အိပ်ပျော်ခဲ့ပြီး အိပ်ယာကနိုးလာချိန်မှာ တော့ကြည်လင် လန်းဆန်း လျက် ပဋ္ဌာန်းပူဇော်…ဘုရားဝေယျာ ဝစ္စ ကုသိုလ် ယူဖြစ်ပါတယ်..။ တကယ်တော့လည်း လူပင်ပန်းတယ် ဆိုတာ ထက် စိတ်က ပိုပြီး ပင်ပန်းခဲ့တယ်..။
ဖြစ်စေချင်တဲ့ ပုံစံချ တယ် ဖြစ်မလာ မှာ စိုးတယ်..။ စိုးတယ် ..ဟူသည် အပူ ပင်မဟုတ်ပါလော..။အပူလှိုင်းဖြတ်သန်းသွား သောစိတ်အစဉ် သည် အမြဲ လို ပင်ပန်း တတ်သည်ပဲလေ..
မနေ့ က ကျမ ဟာ IERD Institute of Environment Resources and Development ဆိုတဲ့ စာသင်ခန်းလေး တစ်ခု ဖွင့်လှစ်ခဲ့တာ..။
အစကတည်းကလည်း စာသင်တဲ့ အလုပ်ကို လုပ်ကိုင်လာခဲ့တာ အနှစ် ၃၀ကျော် ခဲ့ပြီ….စာသင်ခန်းမျိုးစုံ..ပုံစံမျိုးစုံ …. နဲ့ နေရာမျိုးစုံခဲ့တာ…။
အခုဟာကတော့ အောင်မြင်လိုသော စိတ်….အဆင်ပြေ လိုသော စိတ်သည်..ကာမဝိတက် ဖြင့် ပုံဖေါ်စိတ်ကူး ကာ အရိပ်ကို အကောင်လုပ်နေမှန်း ကိုယ့်ကိုကို သတိမထားမိ…။
ဖွင့်ပွဲ လုပ်မဲ့ မတ်လ ၁ရက်နေ့ မှာ ပိုင်းလော့ဆရာတော်ဘုရား ကိုပင့်မယ်..။
စာသင်ခန်းကို သိဒ္စ္ဒိတင်သလို အန္တရာယ် ကင်းအောင် …. ပရိတ်ရွတ် ဘုရား အနေကဇာတင်မယ်..။
ဆရာတော်ဘုရားများကို ဆွမ်းကပ်မယ်..။
အို ထမင်းစားစားပွဲ ၊ပန်းကန် ခွက်ယောက် တွေ ဝယ်ရသည်မှာ တစ်နေ့ဖြင့်မပြီး…..။
ကျွန်မ လုပ်ရပ် များသည်..ပုဗ္ဗစေတနာ လား….. ဥပါဒါန် ဖြင့် ပုံစံ ချနေလေသည်လား သတိမထားမိနိုင်အောင်ပင်..။
ထို အချိန်များ မှာ ကျမ အား တရားစစ်ဆေး မည့်နေ့ကိုမမျှော်လင့်ပဲ ရောက်လာခဲ့ပါတယ်..။ ဆရာမဒေါ်ဂျင်မီက ၂၄ ရက်နေ့ ည အချိန်မှာ ဆရာတော်ဘုရားဗုဒ္ဓဂါယာ မှ အချိန်မီ ပြန်မရောက်နိုင်ကြောင်း ဖုန်းဆက် တဲ့အခါ မှာ တော့……..
အခိုင်အခန့် ပုံဖေါ် စွဲမြဲထားသော အခံဓာတ် နှင့် မကိုက်ညီ တော့ရကား …..ကွာဟချက် သည် ဘွား ကနဲ ပေါ် လာတဲ့အခါ မှာတော့…..ရင်ကြောတင်းကာ ကျမမှာ မရှု မလှ စာမေးပွဲ ကျ ခဲ့ရပါတယ်..။
နှေးကွေး နုံနဲ့ သော ဝိပဿနာ ဥာဏ်သည် ဆင်ခြင် ဆုံးဖြတ်ဘို့ ချက်ကျလက်ကျ မဖြစ်ခင် ပူခဲ့ပြီ…လောင်ခဲ့ပါပြီတကား …..။
အလှူခံပုဂ္ဂိုလ် ဘက်က မစဉ်းစား….. ကိုယ့်အတွက်..သာ စဉ်းစား ပါလေသော အယူစိတ်ကို တစ်ပိုင်းတစ်စ လှမ်းမြင်ရလျက်…ရှက်နိုးရကား ထိန်းသိမ်းနိုင်ခဲ့ကာ အပေးစိတ်ကို ပြန်လည် တည်ဆောက် နိုင်ခဲ့ သော် လည်း ဝမ်းနည်းသော စိတ်သည်….. တစ်ရိပ်ရိပ်..။
အကျိုး ပေါ်လာတာမို့ အကြောင်းတရား ကိုဆင်ခြင် ဘို့ ဆုံးမထားသော တရားတော်ဖြင့် တိုင်းတာ ကြည့်သောအခါ ……အားငယ် ညှိုးနွမ်းရပြန်ပါတယ်..။
ဒီနေ့ မနက် ဘုရားရှိခိုးပြီးချိန် ဆရာတော်ဘုရား တရားနာချိန်မှာတော့ ကျွန်မ အားသစ်ကျင့်ဆောင် နိုင်ခဲ့ရပါတယ်..။
ဘုရားရှင် …ပရိနိဗ္ဗန် ပြု ချိန် မှာ ဝမ်းနည်းပူဆွေးနေတဲ့ အရှင်အာနန္ဒာ အကြောင်း ပါ..။ ဘုန်းဘုန်းကတော့..အဖေါ် ကောင်း လို့ ပြဆို ဆွေးနွေး ထားပါတယ်..။
အဖေါ်--- ဆိုတာကတော့ စိတ်ကျက်စားလေ့ရှိတဲ့ အာရုံ ကို ပြောတာ ဖြစ်ပါတယ်..။
စိတ်အစားစားတာ အဖေါ် ပါပဲတဲ့..။
လူတိုင်း က ကာမ ဝိတက် နဲ့ ကြံစည် ပုံဖေါ်တာ အချိန်တိုင်းရှိနေတတ်ပါတယ်….. ( သားသမီးနဲ့ ပတ်သက်တာ စီးပွား နဲ့ ပတ်သက်တာ… ခင်ပွန်းလင်..ခင်ပွန်းမ နဲ့ ပတ်သက်တဲ့ ) စိတ်ကူးလေး နဲ့ အဖေါ် ပြု..ကာ အရိပ် ကိုအကောင်လုပ် ကာနေတတ်ကြပါတယ်..။
ဘုရားရှင် မရှိ ချိန်မှာအားကိုး မဲ့သောအသွင်ဖြင့် လွတ်ဟာ ပူဆွေးနေတဲ့ အရှင်အာနန္ဒာ ဟာ နောက်ဆုံးမှာတော့…. ကာယဂတာ သတိသည်သာ အကောင်းဆုံး အဖေါ် ဆိုတာ တွေ့ ခဲ့ပါတယ်..။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဟောကြားဆုံးမ တော်မူအပ် တဲ့ တရား တော်တွေ မှာ ….
အရိပ် ဟာ အရိပ် ..အကောင်မလုပ်ဘို့….
တံလှပ်လို ဖြစ်ကြောင်း သိနေဘို့…။
အကောင်ကို တဏှာ ဖြင့်ချုပ်စပ်လျက်…. အသက်ဝင် လှုပ်ရှား ကာ မပူလောင်စေဘို့..။
အရိပ်မှန်း ဆုံးဖြတ်ချက် ကျ တဲ့ အခါ…. ရင်ထဲမှာ စကားလုံး မရှိတော့…။
ဆက်လက် ပုံဖေါ် ကာ စိတ်ကျက်စားစရာမလိုတော့..။
ပညတ်တရားများ မှေးမှိန်သွား..ပရမတ်များထင်ရှားစေတော့…။
ဤ သည်ကို ပင်……..((အာရုံ ၌ အညိ အတွယ် မရှိ စိတ်ကျက်စားခြင်း…. ကာယ ဂတာ သတိ)) လို့ခေါ်ပါတယ်..။
အကောင်းဆုံး အဖေါ် လို့ ဆိုပါတယ်..။
အာရုံကို အညိအတွယ် မရှိခြင်း သည် ဝိမုတ္တိဓာတ်….
ထိုကဲ့ သို့ နေခြင်းမျိုးကို ဘုန်းဘုန်းသင်ထားခဲ့တာ…. ကျမ တရားနာရင်း ပြန်လည် သတိရမိပါတယ်..။
ကုသိုလ် ဟု အမည် တပ်သော်လည်း….. ကိုယ့်အတွက် ကောင်းကျိုး ရစေဘို့ ဆိုတဲ့ အယူစိတ်….။
ဘုန်းဘုန်းကို ကြည်ညို သော်လည်း….. သိဒ္ဓိယူသလိုလို……အဆောင် ဓာတ်တစ်ခုလိုလို…..ကာမဝိတက်ဖြင့် ကြံစည် ပုံဖေါ် ကာအရိပ်ကို အကောင် လုပ်သော အခံဓာတ်သည် ဥပါဒါန် တစ်ခုကို အခိုင်အမာ တည်ဆောက်မိတယ် ဆိုတာ…..ကျမ အသိစိတ်ဝင် ရပါတယ်..။
တကယ်တော့လည်း ဘုန်းဘုန်း သင်ပေး လေ့ကျင့်ပေးခဲ့သော……..((အာရုံကို အညိ အတွယ် မရှိ စိတ်ကျက်စား တတ် တဲ့ ကာယ ဂတာ သတိ)) ကိုကျ မမေ့လျော့ ခဲ့မိတာ..။
လုပ်ငန်းအောင်မြင်ဘို့ ဆိုတာကလည်း ….ဖြောင့်စင်းတဲ့ စေတနာ သာရှိ ဘို့ လိုသည်မဟုတ်ပါလား။
စေတနာ ဆိုသည်မှာ ကျမ ရဲ့ စာသင်ခန်း ကျဉ်းကျဉ်းလေးသာ မက သတ္တလောက တစ်ခု လုံး ရဲ့ ဖန်ဆင်းရှင် ဖြစ်တယ် ဆိုတော့ ( ဖြောင့်စင်းတဲ့ စေတနာ ထားမှာ လား သိဒ္ဓိ မဟိဒ္ဓိ…. တွေ အားကိုးမည်လား )
ကျမကိုယ် ကျ မပြန်လည် မေးခွန်းထုတ်မိပါတယ်..။
တကယ် ကြည်ညို ပူဇော် ချင်ရင်တော့တရားကျင့်စဉ် နဲ့ ပူဇော် သော ပူဇော်ခြင်းသည် အမြင့်မြတ်ဆုံး ပင်မဟုတ်ပါလား ရှင်။
ဒီလို စိတ်အမြင် မှန်ကို ဒီနေ့ မှ ပြန်လည် တွေ့ တဲ့ကျမ ကတော့ ဒီနေ့ဟာ အမြင်သစ် နဲ့ ဘဝ သစ် စတဲ့နေ့ပါပဲရယ်လို့ တင်စား ပါရစေတော့..။
( ဘာအာရုံလာလာ..... အညိ အတွယ် မရှိ..စိတ်ကျက်စား ခြင်း )...တဲ့..။

မေတ္တာဖြင့်
သစ္စာအလင်း