Saturday, December 22, 2018

နတ်တော်လပြည့်နေ့- စာဆိုတော်နေ့




ချစ်ခင်လေးစားရပါသော ဓမ္မမိတ်ဆွေများရှင်
ဒီနေ့ မှ အလုပ်အားတာ နဲ့ ကောင်းကင် ကိုမော့ကြည့်ဖြစ်တဲ့အခါ.....
ပြည့်ဝန်းထွန်းလင်းလာ မဲ့ လမင်းကို တွေ့ မှပဲ......... 
မနက်ဖြန်နတ်တော်လပြည့်ဆိုတာ သတိချပ်မိပါတော့တယ်...။
မုံရွာ သင်တန်းမှာ ကျမ မိတ်ဆွေတစ်ဦးက ဒီလို ဆိုလာခဲ့ ပါတယ်...။
ဆရာမ ရေ မုံရွာ မှာ ဆရာမလိုတာ ပြောပါ..ရှာပေးပါ့မယ်...။
ရွှေတောင်ဦးက လယ်တီကျောက်စာချပ်ကလွဲရင်ပေါ့တဲ့..။
ဆစ်ကနဲနာကျင်သွားတဲ့စိတ် ကို...အမှတ်သတိကပ်လျက်.... 
လေးစားကြည်ညိုရတဲ့ ဓမ္မစာဆိုတော်များကို .....
လွမ်းဆွတ်စွာ.....သတိရဦးညွတ်ရင်း နတ်တော်လပြည့်ကိုပူဇော်ပါရစေ..။
မြန်မာရိုးရာ ၁၂လရာသီပွဲတော်တွေ အနက်မှာ..... နတ်တော်လပြည့် နေ့ကတော့ ရှေးယခင်က နတ်ပွဲဖြစ်ပြီး အခုခေတ်မှာတော့ စာဆိုတော်ဂုဏ်ပြုပွဲများ ကျင်းပပြုလုပ်ဖြစ်ပါတယ်။ 
နတ်တော်လကိုလည်း စာဆိုတော်လ အနေနဲ့သတ်မှတ်ထား ခဲ့ပါတယ်။
လောကီရေးရာ မှာတော့ စာဆိုတော် နေ့ကိုနတ်တော်လဆန်းတစ်ရက် နေ့မှာ ကျင်းပပြုလုပ်ကြပါတယ်..။
ဘာသာရေး အခမ်း အနားများကို တစ်လတစ်ကြိမ် ကျင်းပနေကြတဲ့ သာသနာရေး ဦးစီးဋ္ဌာနကတော့......
လောက အကြောင်းမဖက် ဓမ္မကြောင်းသက်သက်ကိုသာ ရေးဖွဲ့ကြတဲ့ ဓမ္မစာဆိုတော် များကြီးတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ နတ်တော်လပြည့်နေ့ကို ဓမ္မစာဆိုတော်နေ့အဖြစ် ကျင်းပ ကြပါတယ်။
ဓမ္မစာပေတွေ၊ ဆရာတော်ဘုရားများ ဟောကြားတော်မူတဲ့ တရားဓမ္မအသံဖိုင်၊ ဗီဒီယို ဖိုင်တွေကို .......
အင်တာနက် စာမျက်နှာ တွေက တစ်ဆင့် ဖြန့်ဖြူးပေးနေတဲ့ Dhamma Website Developer, Dhamma Blogger များအားလုံး သည်လည်း
ဓမ္မစာဆိုတော်များ စာရင်းဝင် အဖြစ်သတ်မှတ်ရမှာ ပါပဲနော်။
လောက ရေးရာ စိတ်အာရုံ မကျက်စားပဲ ဓမ္မစာပေတွေကို အာရုံထားလို့ တစ်စိုက်မတ်မတ် လေ့လာရေးသား မျှဝေပေးခဲ့တာ တွေဟာ တကယ်တော့ ချီးကျူး ဂုဏ်ပြုစရာကောင်းလှပါတယ်။ 
ပျော်စရာ ကာမဂုဏ် အာရုံတွေကို Click တစ်ချက်လုပ်ရုံနဲ့ ရရှိ သာယာနိုင်တဲ့ online ပေါ်မှာမဟုတ်လား။
ငြိမ်းချမ်း အေးမြ၊ သန့်စင်တဲ့ ဓမ္မစာမျက်နှာ များစွာကို မငြိမ်းအေးသော စိတ်ရဲ့ကွန်းခိုရာ နေရာများ အဖြစ် တည်ဆောက် ဖန်တီး နိုင်ကြတာကိုလည်း လေးစားမိပါတယ်။
ရေးသားတဲ့လူတွေ ဘယ်လောက်ရေးရေး တလေးတစား ဖတ်ရှု သူများကြောင့်လည်း ဓမ္မစာမျက်နှာများ စည်ပင်ထွန်းကားခဲ့တာ ဖြစ်လို့ ဖတ်ရှုကြတဲ့ ဓမ္မမိတ်ဆွေများကို အထူးပဲကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
ထင်ရှားတဲ့ ဓမ္မ စာဆိုတော် တွေကိုပြန်ကြည့်ရင် ပုဂံခေတ် ကအစပြုပြီး အနန္တသူရိယ အမတ်ကြီး၊ 
ပင်းယခေတ် စတုရင်္ဂဗလ အမတ်ကြီး၊ 
အင်းဝခေတ် ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ တောင်ဖီလာဆရာတော်၊ 
ကုန်းဘောင်ခေတ် မှာဆရာတော် ဦးဗုဓ်၊ သင်္ဂဇာ ဆရာတော်၊
ဗြိတိသျှခေတ်မှာ မာန်လည်ဆရာတော်၊ လယ်တီဆရာတော်၊ 
လွတ်လပ်ရေးကြိုခေတ်မှာ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနာကာဘိဝံသ တို့ရေးသားခဲ့တာ တွေဟာ တန်ဘိုးမဖြတ်နိုင်တဲ့ ဓမ္မအမွေအနှစ် တွေပါပဲ။ 
ဒီအဆုံးအမ တွေ ဟာ ဘဝ ရဲ့ လမ်းညွှန် ဖြစ်လာခဲ့ပါတယ်..။
အခုမျက်မှောက်ခေတ်မှာ တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသက အစပြု လို့ဆရာတော်ပေါင်းများစွာရေးသားခဲ့တဲ့ ဓမ္မစာပေများကို ကျွန်မကညွတ်ညွတ်နူးနူး ပူဇော် အထူး ပြုလိုလှပါတယ်။
အခုထိ လည်း ဆရာကြီး ဦးရွှေအောင်..ဆရာကြီးဦးဋ္ဌေးလှိုင်၊ ဦးသော်ဇင် တို့စာအုပ်တွေ ကို လေးလေးနက်နက်ဖတ်ရှုနေဆဲပါ..။
ဒီပနီ အမျိုးမျိုး၊ သံဝေဂစာအမျိုးမျိုး၊ ကျမ်းစာအမျိုးမျိုး၊မေတ္တာစာအမျိုးမျိုး၊ ဆုံးမစာအမျိုးမျိုး လင်္ကာအမျိုးမျိုး တို့ဟာ ရဟန်းရှင်လူတို့ရဲ့ နှလုံးသားနဲ့ ပါးစပ်ဖျားမှာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။
ကြီးမြတ်တဲ့ စာပေနှလုံးသား၊ စေတနာ အရှိန်အဟုန် အင်အား ကိုလည်း ကျွန်မကအားကျ အတူယူလိုလှပါတယ်။ 
နတ်တော်လပြည့် ဓမ္မစာဆိုတော်နေ့ အခါသမယမှာ ကျွန်မ နှစ်သက်ခဲ့ လေးစားကြည်ညိုခဲ့တဲ့ ပုဂံခေတ်က ဓမ္မစာဆိုတော် 
*အနန္တသူရိယ အမတ်ကြီး* ရဲ့သံဝေဂ စာလင်္ကာ တစ်ပုဒ်ဟာ ကျွန်မ ဝိဉာဉ်ကို ပူးဝင်ရှင်သန် လို့လာပြန်ပါတော့တယ်။
၁။ သူတည်းတစ်ယောက် ကောင်းဘို့ရောက်မူ၊ တစ်ယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။
၂။ ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။
၃။ ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည် မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တဝါတည်း။
၎။ ရှိခိုးကော်ရော်၊ ပူဇော် အကျွန်၊ ပန်ခဲ့တုံ၏။ ခိုက်ကြုံဝိပါတ်၊ သံသာစက်၌၊ ကြိုက်လတ်တုံမူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို ချန်ဘိစစ်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည် အနိစ္စာ ငါခန္ဓာတည်း။
ရဲရင့်တည်ကြည်သလို စိတ်နှလုံးထက်မြက် လှတဲ့ ဓမ္မစာဆိုတော်ကြီးဟာ သူသတ်ကုန်းရောက်တဲ့ အချိန်တိုင်အောင် တုန်လှုပ်မှု မရှိ၊ လောကကိုအမှန်အတိုင်းသိရှိတဲ့ သမ္မာဒိဋ္ဌိဉာဏ်တွေ ထွန်းတောက် ပြီး.....
သည်ကဗျာလေးကို ရေးသွားခဲ့တယ်ဆိုတာ သိသာထင်ရှားလှပါတယ်။
ပုဂံခေတ် နေပြည်တော် တွင်းမှာ မင်းယဉ် နရသိင်္ခနဲ့ နရပတိစည်သူတို့ ဝေဠုဝတီကို အကြောင်းပြုပြီး မောဟ အမှောင်ဖုံးခဲ့တဲ့ အရေးမှာ ...
အမတ်ကြီးဟာ တန်ဆာခံဖြစ်ခဲ့ရတာ .... အကြောင်းမဲ့ အသတ်ခံရသော်လည်း ..ဘယ်သူ့ကိုမှ နာကျည်းစိတ် နဲ့ အပြစ်မတင်သွားခဲ့ပါဘူး။
သူ့ရဲ့ သေမင်းကိုရင်ဆိုင်ပုံ ဟာလည်း အကြောင် အကျိုးသိမြင်တဲ့ စိတ်နဲ့ငြိမ်သက်နေပါတယ်။ 
သံသရာမှာ ပြန်တွေ့ခဲ့ရင်တောင် ခွင့်လွှတ်စိတ်နဲ့ အတုန့်အလှည့်မယူလိုပါကြောင်း သဘောထားကြီးပြခဲ့ပါတယ်။ 
ဓမ္မစာဆိုတော်တို့ရဲ့ စိတ်ဓာတ်အဆင့်အတန်းမြင့်မား ကြတာဟာ....
မြတ်ဗုဒ္ဓရဲ့ အရိပ်အောက်က တရားဓမ္မ ဂုဏ်တော်များကို ခိုလှုံခဲ့ ရလို့ပါပဲ။ 
အနှိုင်းမဲ့စံပြ နမူနာအဖြစ် မြတ်ဗုဒ္ဓ ကိုဦးထိပ်ပန်ဆင်ပြီး .......
လူထုကြားမှာ တရားဓမ္မများ စိမ့်ဝင်ပျံ့နှံ့အောင် လမ်းပြ ရှေ့ဆောင်နိုင်ခဲ့တဲ့ဓမ္မစာဆိုတော်များကို၊ မှန်းဆ ကြည်ညို ကန်တော့နေမိရင်း …..၊
ဓမ္မဘလော့ဂါများကိုလည်း ဂုဏ်ပြု အားပေးရင်း နတ်တော်လပြည့်နေ့ မနက်ဖြန် မှာ 
တရားစခန်းဝင်ပါတော့မယ်..။
မေတ္တာဖြင့်
သစ္စာအလင်း
ကိုးကား....။ မာဂဓီ (သာစည်)အရှင်မြတ် ရဲ့ အခါတော်နေ့များ စာအုပ် ကိုကိုးကားရေးသားပူဇော်ပါတယ်..။

Monday, September 24, 2018

ဓမ္မဒိန္နာ(သို့မဟုတ်) နှလုံးသား မှလွန်မြောက်ခြင်း




ပြီးခဲ့တဲ့ လ ..ကောလင်းမှ ချောင်းဦး သို့အပြန် ကားစီးခဲ့တာ ကားသမားက အတော်ကြိုက်ပုံရတယ် သူဖွင့်နေတဲ့သီချင်း…. ထပ်ကျော့ဖန်များတော့ ကျမ စိတ်ထဲ စွဲလာ ခဲ့ပါတယ်..။

အဆိုတော်နာမည် ကသွန်း တဲ့..သီချင်းနာမည် က မရက်စက်ပါ နဲ့ တဲ့..။

ဘာတဲ့ ..((မောင်ငြိုငြင် တဲ့အခါ….မနေတတ်တော့ပါ ကျွန်မအားငယ်..။
ဂရုစိုက်မှုတွေလည်းဘယ် များပျောက်ကုန်ပြီးလဲကွယ် ….ပြောင်းလဲလို့ နေပါတယ်…။စိမ်းကားလို့နေပါတယ်…။ မောင့်အပြုံးတွေလည်း အရင်လို မလန်းဆန်းဘူးကွယ် )))

ဒီသီချင်း လေးကို ကြားတော့ ကျွန်မ က ရဟန္တာထေရီ ဓမ္မဒိန္နာ ကို သွားသတိရမိပါတယ်..။ဓမ္မ ဒိန္နာ သည်လည်း သည်လို ခံစားခဲ့ ရဘူး တာ..။မြတ်ဗုဒ္ဓ ဘုရားဖြစ်ပြီး ဒုတိယဝါလောက်မှာပင်ဖြစ်ပျက်ခဲ့သော ဝိသာခ သူဋ္ဌေး နဲံ ဓမ္မာဒိန္နာ တို့ ဇာတ်လမ်းလေးရယ် ပါ…။

ဓမ္မဒိန္နာ တို့က ဂေါတမ ဘုရားရှင် လက်ထက် တုံးက ရာဇဂြိုဟ် ပြည် မှာနေထိုင် ကြတဲ့ ရာဇဂြိုဟ် သူဋ္ဌေး မျိုးရိုး ကဆင်းသက်လာကြ တဲ့သူတွေပါ..။

ရာဇဂြိုဟ်မြို့သား သူဌေးသား ဝိသာခ လုလင်နှင့် သူဌေးသမီး ဓမ္မဒိန္နာတို့ ထိမ်းမြားလက်ထပ်ခဲ့တာ ချစ်ခြင်းမေတ္တာ တွေအပြည့်နဲ့ဆိုတော့ ပျော်ရွှင်ခြင်းတွေခြံရံပြီး သေတပန်သက်တဆုံး ရိုးမြေကျ လက်တွဲဘို့လည်းရည်ရွယ် ခဲ့ ကြတာပေါ့လေ…။

ပေါင်းသင်းလက်ထပ်ပြီး ချစ်ခင် မြတ်နိုးစွာ နေထိုင်လာကြစဉ် မှာ…..

ရာဇဂြိုဟ် ပြည့်ရှင် ဘုရင် ဗိမ္မိသာ ရ က ဝေဠုဝန် ကျောင်း မှာ သီတင်းသုံး ဘို့ ဘုရားရှင်ကိုပင့်ခဲ့ပါတယ်..။ ဘဝ ဆိုတာကလည်း မထင်မှတ်တာ ဖြစ်လာတတ်တယ် ဆိုတော့လည်း ဓမ္မဒိန္နာ ဘဝ ပြောင်းလဲဘို့ စတင်ခဲ့ပါတယ်..။

ချစ်သူခင်ပွန်း သူဌေးသားလေး ဝိသာခဟာ ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓ ပထမဆုံးအကြိမ် ရာဇဂြိုဟ်မြို့သို့ ကြွလာ တဲ့ အချိန်မှာ .. တရားဓမ္မနာကြား ခွင့်ရခဲ့တာ မို့ အင်မတန်ဝမ်းသာခဲ့ရှာတယ်..။

အဲဒီအချိန်က ကျေးဇူးတော်ရှင် ဘုရားရှင် ရဲ့ တရားရေအေးအမြိုက်ဆေးကို သောက်သုံး ပြီး တဲ့အခါ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင် ဗိဗ္ဗိသာရမင်းကြီးနှင့်အတူ ပရိတ်သတ်ပေါင်းထောင်ချီပြီး သောတာပန်ဖြစ်ကြ ပါတယ်..။ သည်ထဲ မှာ သူဌေးသားလေး ဝိသာခ လည်း ပါဝင်ခဲ့ပါတယ်..။

သောတာပန် ဘဝ မှာ တော့ ချစ်တဲ့ သူ ဓမ္မဒိန္နာ ကိုကြင်နာဆဲ… မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင် ဆက်လက်လျှောက်လှမ်းခဲ့တာ… ဘာ မှ မသိသာ ခဲ့…။
ကျေးဇူးတော်ရှင် ဘုရားရှင် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံး ခဲ့ တာ… တရားပွဲတွေကလည်းစဉ်ဆက်မပြတ် ဆိုတော့
ဓမ္မဒိန္နာ ရဲ့ ကံကြမ္မာ တစ်ဆစ်ချိုး ဘို့ အကြောင်းဖန်ခဲ့ပြန်ပါတယ်..။

တနေ့မှာ တော့ ဝိသာခသူဌေးသားလေး ဟာ ဝေဠုဝန် မှာ တရားနာကြား ပြီး နောက်သောတာပန်အဆင့်ကနေ ဥာဏ်ရင့်ကျက်ပြီး အနာဂါမ် အရိယာ ဖြစ်သွားခဲ့ပါတယ်..။

ကာမဂုဏ် အာရုံမှန်သမျှ ကင်းစင်ပခဲ့လေသော အနာဂါမ်ဘဝ မှာ ကယုကယင် အကြင်နာ တွေဟာ…ပြောင်းလဲ ခဲ့ ပါတော့တယ်… ။

အရင် ချစ်ခင်ကြစဉ် ဘဝ မှာတော့ အဝေးအနီးခရီးမှပြန်လာ ချိန်ကို ဓမ္မဒိန္နာ မျှော်ခဲ့ပါတယ်…။ အကြင်နာ အပြုံးလေးများ တွေ နဲ့ ခရီးဦးကြိုဆိုမြဲ။

လက်ကိုဆန့်တန်း ပွေ့ဖက်လျှက် နှတ်ဆက် မဲ့လက်တွေ..ဒီနေ့ လမ်းခုလတ်မှာ ရပ်တန့် ခဲ့ရပါပြီ… အရင်လိုမဟုတ်တော့ပါလား….မယ့်သခင်ရယ်…။

ရက်စက်ခြင်း လည်းမဟုတ်….. အေးစက် ခြင်းတွေ….

ကြမ်းတမ်းခြင်း လည်း မမည် တဲ့ နူးညံ့ခြင်းတွေ နဲ့…..

လှိုက်လှဲ ကြည်နူးခြင်း တွေကင်း တဲ့ တည်ညိမ်ခြင်း တွေ…..

စိမ်းကားခြင်း မဟုတ်တဲ့ စိမ်းလန်းခြင်း တွေ နဲ့ တည်ကြည်ခန့်ညား
နေပါသော မယ့်သခင်….ရယ်။

နီးလျက် နဲ့ ဝေးခဲ့ပါပကောလား…။ ဘယ်လိုကြောင့်ပါလိမ့် ….။ဘာဖြစ်သွားပါလိမ့်…။
ဝေခွဲ မရ…..ခံရခက် လှရှာသူမှာ…. ညအချိန်ကျတော့ အိပ်ယာခွဲဘို့ ဆိုလာ တော့ ခံစားချက် အထွဋ်အထိပ် ရောက် ရပါပကော…။
ဒီလိုအချိန်မှာ သူ ဘယ်လို ဖြေရှင်းဖြတ်ကျော်ခဲ့သလဲဆိုတာ ကျမ စိတ်ဝင်စားခဲ့ပါတယ်..။
ဓမ္မဒိန္နာ ကတော့ ရဲရင့်ပြတ်သား သူပီပီ…… တန်ပြန်မေးခွန်း ထုတ်ခဲ့ပါတယ်…။
မယ့်သခင်….ကျမမှတစ်ပါး အခြားအမျိုးသမီး တစ်ယောက်ယောက် က ကျမတို့ ကြား ဘဝ ခြားစေခဲ့ပြီလား..။
ကျမ တွင့် မည်သို့သော မနှစ်သက်မှု များရှိခဲ့ပါသလဲ ကွယ်..။ စိမ်းကားခြင်း ရဲ့ ဒဏ် ကိုကျမ မခံစားနိုင်ပါ….. ။

ရပ်တည် ခြင်းငှာလည်းမစွမ်းသာတော့…. သောက ပရိဒေဝ လောင်မြိုက်တာ နဲ့ ကျမျက်ရည်လည်းချောင်းဖြစ်ပါတော့တယ်…။

တဖက်ကလည်း လောကုတ္တရာတရားကို ထုတ်ဖော်ပြောခြင်းငှာ မသင့် တော်..သို့သော်….ချစ်ဇနီး ရဲ့ ဝေဒနာကိုမရှုရက်တာနဲ့ အမှန်အတိုင်း ဖွင့်ဟပြောပြပါတော့တယ်။

(ချစ်နှမ ဓမ္မဒိန္နာ ငါသည် မြတ်ဗုဒ္ဓထံတော်မှ တရားနာခဲ့ရသောကြောင့် (အနာဂါမ်အဆင့်) လောကုတ္တရာတရားထူးရခဲ့သည်။ ထိုကဲ့သို့ တရားထူးရသူတို့မည်သည် ကာမဂုဏ်နှင့်ဆက်စပ်သည့် လောကီအပြုအမူများ ပြုလုပ်ဖို့ မသင့်တော်တော့ပေ။ ထို့ကြောင့် နှမ ဓမ္မဒိန္နာ မင်းဖက်က ပိုင်ဆိုင်သည့် ကုဋေ ၄၀ သော ပစ္စည်းများ နှင့် ငါ့ဖက်က ပိုင်ဆိုင်ခဲ့သည့် ကုဋေ ၄၀ သော ရွှေငွေရတနာ ပစ္စည်းများဥစ္စာ စုစုပေါင်း ကုဋေ ၈၀ ကို မင်းဘဲ အပိုင်ယူကာ စီမံခန့်ခွဲပါတော့။ ငါသည် မင်းကို အမိအရာမှာဖြစ်စေ ညီမလေးအရာမှာ ဖြစ်စေ ထားကာနေပါ့မယ၊် ငါသည် မင်းကျွေးသည့် ထမင်းလေးဖြင့် အသက်ဆက်ရုံ နေပါမယ်…) တဲ့…. (မိဘအိမ်သို့ ပြန်လိုက ပြန်ပါနော်။ ချစ်သူအသစ် လည်း ရှာပါတော့ …ချစ်ရင်လည်း လက်ထပ်နိုင်ပါသတဲ့…။ )

ဝန်တို တတ်လွန်းတဲ့ မိန်းမသာတွေ မှာ…. အသစ်လူ..ချစ်သူ မရှိဆိုတာ တိတိပပသိရတော့ မျက်ရည်ကိုသုတ်ကာ ..ချစ်သူ ကိုပြောင်းလဲစေတဲ့ တရားကို စတင်စိတ်ဝင်စားပါတော့တယ်…။

(မယ့်သခင် ရှင်..ရရှိတဲ့  တရားထူးမျိုးက ယောကျာင်္းတွေသာ ရရိုးထုံးစံ ရှိပါသလော၊ အမျိုးသမီးတွေလည်း ထိုကဲ့သို့သော တရားမျိုး ရနိုင်ပါသလော) လို့ မေးပါတော့တယ်…။

အားငယ်စိတ် နဲ့ ညှိုးငယ် မနေ ပဲ ဒိုဒိုးဒေါက်ဒေါက် မေးလိုက် တဲ့ ဓမ္မဒိန္နာ ကို ကျမ က သဘောကျစွာ ကြည်ညို ပူဇော်မိလိုက်တာ……။အဲဒီနေရာလေး....


မယ့်သခင်….ကျွန်မ မှတစ်ပါး အခြားအမျိုးသမီး တစ်ယောက်ယောက် က ကျွန်မ တို့ ကြား ဘဝ ခြားစေခဲ့ပြီလား..။

ကျွန်မ တွင့် မည်သို့သော မနှစ်သက်မှု များရှိခဲ့ပါသလဲ ကွယ်..။ စိမ်းကားခြင်း ရဲ့ ဒဏ် ကိုကျွန်မ မခံစားနိုင်ပါ….. ။

ထိုအခါ....

ဝိသာခ သည် သည်လို ဆိုခဲ့ပါတယ်..။

((ငါသည် ..ယနေ့ မှစတင်ပြီး အချစ် ၏ အစွမ်းတို့ဖြင့် သင့်ထံ ခစားရန် မဖြစ်နိုင်တော့ပါ…))

ဆိုပါ့လား…။

အဲဒီအချိန် တွေ မှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ မိန်းမသား တွေ ရဲ့ ရင်ထဲက အပူ……ဆိုတာ ဘယ်သူမှ နား မလည် နိုင်တဲ့အပူ မျိုးမဟုတ်ပါလား….။

ပါရမီရှင် ဓမ္မဒိန္နာ က…. နှလုံးသား ကြွေ ကျေကွဲ ခြင်း ကိစ္စ တွေကို ဥာဏ်ပညာ နဲ့ လွန်မြောက် နိုင်ခဲ့ ပါတယ်…။

အချစ်ရှုံး သမား အဖြစ် ညှိုးခွေနွမ်းလျ မနေပါဘူး။

ကုဋေ ၈၀ သော ပစ္စည်းဥစ္စာ တို့ကို တပ်မက်သော လောဘ ကိုလည်း ကျော်လွှားနိုင်ပြန်ပါတယ်…

“သူတောင် ဒီဥစ္စာပစ္စည်းတွေကို စွန့်လွှတ်နိုင်ေ သးတာ၊ငါက ဘာကြောင့် မစွန့်လွှတ်နိုင် ရမှာလဲ”လို့ နက်နက်နဲနဲ စဉ်းစား ပါသတဲ့…။

ထားရှိအပ်သော မာန ( သေဝိတဗ္မ ) ဆိုသည် ဖြစ်ပါမယ်..။

ကုဋေ ၈၀ ဆိုတဲ့ပစည်းဥစ္စာ ဆိုတာ သင်ထွေးအန်ပစ်လိုကသော တံတွေး အံဖတ်တွေပဲ ..ကျွန်မ က ဦးခေါင်းဖြင့်လှည့်ခံ ရမည် ဆိုတာ ကတော့မဖြစ်နိုင်..ထိုသို့မခံ ယူနိုင်ပါ..။

“မယ့်သခင်----သူတပါးထွေးအန်ထားတဲ့ တံတွေးကို မမျိုချင်သလို ရှင် မလိုချင်လို့ စွန့်လွှတ်တဲ့ ဥစ္စာပစ္စည်းတွေကိ ကျွန်မ ကလည်း မလိုချင်ပါ ရှင်….။

ကျမသိချင်စိတ်ပြင်း ပြတာ တစ်ခုရှိပါတယ်….။ ဗုဒ္ဓမြတ်စွာ သာသနာမှာ ရှင် ရတဲ့ တရားထူးမျိုးကို ကျွန်မတို့ အမျိုးသမီးတွေကော ရခွင့်မရှိနိုင်ဘူးလား”

“ဓမ္မဒိန္နာ----ဆန္ဒရှိလို့ အားထုတ်လျှင် မည်သူမဆို ရနိုင်ပါတယ်”

“ဒီလိုဆိုရင် ကျွန်မအား ဘိက္ခုနီ ပြုခွင့်ပေးစေချ င်ပါတယ် ရှင်”

“ကောင်းပါပြီ.....ဓမ္မဒိန္နာ၊ သင့်ကို ခွင့်ပြုပါတယ်”

ဓမ္မဒိန္နာ အတွက် ၀မ်းမြောက်ဝမ်းသာဖြစ် လာတဲ့ အနာဂါမ် ဝိသာခသူဋ္ဌေး က ခင်မင်ရင်းနှီးသော အဆွေခင်ပွန်းဖြစ်သူ

ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရမင်းအား သံတော်ဦးတင် ပါတော့တယ်…။

ဗိမ္မိသာရ မင်းကြီးကလည်းဝမ်းသာအားရပင်နန်းတော်မှ ရွှေထမ်းစင်ကို ထုတ်ပေးပါတော့တယ်။

ဓမ္မဒိန္နာအိမ်မှ ဘိက္ခုနီကျောင်းသို့သွားရာလမ်းတလျှောက် ရာဇမတ်များကာစေပြီး ရွှေထမ်းစင်ဖြင့် ဘိက္ခုနီကျောင်းတော်သို့ ခမ်းနားကြီးကျယ်စွာ လိုက်ပါ ပို့ဆောင်ကြ တာ အလွန်စည်ကားပါသတဲ့..။

ကျောင်းသို့ရောက်သောအခါ ဓမ္မဒိန္နာအားဘိက္ခုနီပြုလုပ်ပေးကြ ပါတော့တယ်…။

ဓမ္မဒိန္နာ က ဘိက္ခူ နီ ဖြစ်တဲ့အခါ ဝိသာခ သူဋ္ဌေး ကအနာဂါမ် ဘဝ နဲ့ အိမ်မှာပဲကျန်ခဲ့ပါတယ်..။

ကျောင်း ကို ရောက်သွားတဲ့ ဓမ္မဒိန္နာ ကဒီလို တွေး ပါတယ်…။

ဝိသာခ က အိမ်မှာ နေရင်းနဲ့ ဆင်းရဲ ရဲ့ အဆုံး ကိုေ ရာက်ခဲ့တယ်..။ ငါသည် ရဟန်းမ ဖြစ်ခဲ့ပြီ..လောကီအနှောင်အဖွဲ့ တွေလည်းကင်းရှင်း ခဲ့ပြီ…။

အဘယ် မည်သောအကြောင်းကြောင့် သူ့ထက်သာလွန်သော ..ချမ်းသာ ရဲ့ အထွဋ်အထိပ်ကို မရောက်ပဲ ရှိနိုင် ပါအံ့နည်း…။

ဓမ္မဒိန္နာ ကဥပဇ္ဈာယ် ဆရာ ထံ မှာ ခွင့်တောင်းပါတယ်..။

(( အရှင်မ လူသူ ရောပြွမ်း တဲ့ မြို့ကျောင်း မှာ မမွေ့လျော်ပါ…ရွာငယ်တောကျောင်း ကိုပြောင်းရွှေ့ လိုပါတယ်)) ဥပဇ္ဈာယ် ဆရာက ခွင့်ပြု လေတော့ ကိုယ် နဲ့ သင့်တော် တဲ့ တောကျောင်း မှ ဝိပဿနာ တရား ကိုပွားများအားထုတ်ပါတယ်..။

မကြာခင် မှာ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာထေရီ ဖြစ်သွားခဲ့ပါတယ်..။

ကျွန် မအတွက် ကတော့ ဓမ္မဒိန္နာ ဆို အားကျလွန်းရတဲ့မိန်းမသား… လေးစားမြတ်နိုးရပါတဲ့ ထေရီမ တစ်ပါး ဖြစ်ပါတယ်…။

အားလုံး အတွက် ခက်ခဲ့လှပါတဲ့ နှလုံး သားရဲ့ အလို ဆန္ဒကို ပညာ နဲ့လွန်မြောက်နိုင်ခဲ့တယ်..

လူတကာ မက်မော တဲ့ ပစ္စည်းဥစ္စာ ကိုလည်း အသာအယာ ခွာချနိုင်ခဲ့ တဲ့ ဇာတ်လမ်း ကတော့ အမျိုးသမီး သူရဲကောင်း မှတ်တမ်းအဖြစ် ငယ်ငယ်ကတည်းက သတ္တိကိန်းထားခဲ့ဘူးတာ..။

တကယ်တော့လည်း ဓမ္မဒိန္နာ ဟာ ခေသူတော့မဟုတ်ပါ။ အဲလို ရင်ဆိုင် ကျော်လွှားနိုင်ခဲ့တယ် ဆိုတာကတော့ ရှေးရှေးဘဝ ကဖြည့်ကျင့် ဆည်းပူးခဲ့တဲ့ ပညာပါရမီ တွေ ကြောင့်ပါ..။

သူမဟာ လွန်ခဲ့တဲ့ အတိတ်ဘဝ ကမ္ဘာတစ်သိန်းထက်က ပွင့်တော်မူသော ပဒုမုတ္တရဘုရားရှင် ရဲ့ အဂ္ဂသာဝက တစ်ပါးဖြစ် တဲ့ ရဟန္တာအရှင်မြတ် သုဇာတ မထေရ်ထံတွင် အလှူဒါနများ အကြီးအကျယ်ပြုလုပ်လျှက် အရဟတ္တမဂ် အရဟတ္တဖိုလ် ရရှိရန်ဆုပန်ခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်…။။

ဘဒ္ဒကမ္ဘာ ရဲ့ ကဿပဘုရားရှင် လက်ထက်တော် ရောက်တဲ့အခါ မှာ လည်း ကာသိတိုင်း ကိကီမင်းကြီး၏ သမီးတော် အပျိုဖော် ခုနစ်ဦးတွင်လည်း တစ်ဦး အပါဝင်ဖြစ်ခဲ့ပါတယ်..။

ထိုညီအမ ခုနစ်ဖော် တွေကတော့
(၁) သမဏီ၊
(၂) သမဏဂုတ္တာ၊
(၃) ဘိက္ခုနီ၊
(၄) ဘိက္ခုဒါယိကာ၊
(၅) ဓမ္မာ၊
(၆) သုဓမ္မာ၊
(၇) သံဃဒါယိကာ(သံဃဒါယီ) ဟူသော ညီအစ်မ ခုနစ်ဖော်တို့ပင် ဖြစ်ပါသည်။

ထိုညီအစ်မ ခုနစ်ဖော်တို့ က အိမ်ထောင်မပြုဘဲ အပျိုစင်ဘဝဖြင့် နေကာ ကောမာ ရိဗြဟ္မ စရိယ အကျင့်ကို တစ်သက်လုံး ဖြင့်ကျင့်၍ လည်းကောင်း ဘုရားရှင်နှင့် ဘုရားရှင်၏ တပည့် ရဟန်းတော်များကို တစ်သက်လုံး ပြုစုလုပ်ကျွေးကြ ပြီး မဂ်ဖိုလ် နိဗ္ဗာန် ရရန်ဆုပန်ခဲ့ကြ တဲ့သူတွေ ဖြစ်ပါတယ်..။

ဂေါတမ ဘုရားရှင်လက်ထက်တော် ရောက်တဲ့အခါ မှာတော့

သမဏီ ကား ခေမာထေရီ၊

သမဏဂုတ္တာ ကား ဥပ္ပလဝဏ္ဏာထေရီ၊

ဘိက္ခုနီကား ပဋာစာရာထေရီ၊

ဘိက္ခုဒါယိကာ ကား ကုဏ္ဍလကေသီထေရီ၊

ဓမ္မာ ကား ကိသာဂေါတမီထေရီ၊

သုဓမ္မာ ကား ဓမ္မဒိန္နာထေရီ၊

အငယ်ဆုံး သံဃဒါယီ ကား ဝိသာခါ ပုဗ္ဗာရုံကျောင်းအမကြီး

ဖြစ်လာကြ ပါတော့တယ်..။

ဓမ္မဒိန္နာ ရဟန်းကိစ္စ ပြီးစီးပြီး ချိန်မှာ သူ့ကို မှီပြီး မိတ်ဆွေ..ဆွေမျိုးများ ကောင်းမှုပွားစေဘို့ မြို့ကျောင်း ကိုပြန်လည် ပြောင်းရွှေ့ လာခဲ့ပါတယ်..။

ဒီသတင်း ကို ကြား တဲ့ ဝိသာခ က… ((အို မြန်လိုက်တာ….သာသနာ မှာ မပျော်ပိုက်လို့လားမသိ )) လို့ စဉ်းစားကာ စုံစမ်းဘို့ ကျောင်းကို ရောက်လာပါတော့တယ်…။

မစုံစမ်းခင် ဓမ္မဒိန္နာ ရဲ့ အိနြေ္ဒရင့်ကျက်မှု ၊ လက်အနေအထား…. တည်ကြည်လေးနက်မှု တွေကို မြင်လိုက်ရတဲ့အခါ ….

တရားအဆင့်ကို စုံစမ်း သိရှိဘို့ တိုက်ရိုက်မမေးပဲ ပြဿနာ ကို
မေးလျှောက် စုံစမ်းပါ တော့ တယ်..။

အဲဒီအခန်း ကတော့ကျွန်မ အတွက် အနှစ်သက်ဆုံး ဖြစ်ခဲ့ပါတယ်…။

အမျိုးသား တွေ ရဲ့ အမျိုးသမီး တွေကို အထင် မကြီး တတ်တဲ့ဓလေ့ နဲ့ တောက်ပ လင်းလက် တဲ့ ဓမ္မဒိန္နာ ရဲ့ ရှင်းလင်းပြတ်သား တဲ့အဖြေ များကို ဖတ်ရှု ကြည်ညို မဆုံးတော့ပါ..။


Thursday, September 6, 2018

ငယ်ဘဝ က..စပယ်ဦးများ (ရာဘင်ဒြာနတ်သ် တဂိုးရဲ့ အနုပညာအားခံစားခြင်းမျှသာ )



မိုးရွာပြီးစ....

ဖွေးလွ…နုမြ နေတဲ့ စပယ်ပန်းလေးတွေ……
အစိမ်းရောင်မရင့်….စိမ်းမြမြ ရိုးတံညှာ ကနေ ဝန်းရံ ရွှန်းသစ် နေခဲ့ဘူးတာ……..

အသာအယာ ဆွတ်ချွေ……မယ်လို့ ကြံရွယ်စဉ် မှာ….

မြေဆွပေါင်းသင်လို့ မြေသားတွေ လိမ်းကျံနေ တဲ့ လက်အစုံ…..

တုံယင်စွာနောက်ဆုတ်ရင်း …….ကြည့်မြင် ကျေနပ်ခဲ့ဘူးတယ်..။

စပယ် ဖြူ လေးတွေအပေါ် ဖြာကျနေတဲ့ နေရောင် စဉ်တန်း ကိုလည်း…ကျေဇူးတင်စွာချစ်ခဲ့…။

လှပတဲ့ကောင်းကင်ပြာ ..ရယ် မြသားကမ္ပလာ ..မြေမွေ့ယာ ရယ်…..။

မွှေးပျံ့ ကြည်စင် နေတဲ့ စပယ်ရနံ့ ရယ်….

သန်းကောင်ယံ လပြည့် ည ရဲ့ စမ်းချောင်းရေ စီဆင်းသံ…..

တွေ နဲ့ အတူ .....ပေါင်းစည်းခဲ့တဲ့ အာရုံ....ထုံခဲ့မွေ့ ခဲ့..ကြုံခဲ့တွေ့ခဲ့..။

သာယာလှပလွန်းတဲ့ ..အပြာရောင်ဆောင်းဦးပေါက်ရဲ့ ညနေဆည်းဆာ ဟာ…

အထီးကျန်သူတို့ ဘဝ ထဲက လျှောက်လှမ်းနေ တဲ့လမ်းအကွေ့ လေးကို …

ချစ်သူ နဲ့ လက်ထပ်မဲ့သူတို့သမီးလို ကြွရွ…သိုက်မြိုက်စွာ ဝင်ရောက်လာခဲ့ပြန်တယ်..။

ဒီလို အချိန်လေးတွေကို ချိုမြိန်လတ်ဆတ်တဲ့အမှတ်တရ အဖြစ် ငါ ပွေ့ဖက်ထားမိချိန် မှာ….

တမ်းတ ဖူးတဲ့ စပယ်ဦးကို လက်ထဲ မှာ ခူးမိ လိုက်သလို……..

စိတ်ထဲမှာတော့အကြိမ်ကြိမ်ခူးခဲ့တာ…..ရွှံပေ နေတဲ့လက်တွေ ....

မစင်ကြယ် သရွေ့ ငါမခူးဘူး ဆိုတာ…ငါ့ရဲ့ စပယ်ဦးတွေ သိချင်မှသိလိမ့်မယ်..။

မခူးသော်လည်းခူးသလို….ငါ့ရက်လက် တွေ ဟာ......

ကျေနပ်မှု တစ်စုံတစ်ရာ စီးဆင်းဝင်ရောက်ပြီး တစ်ကိုယ်လုံကို ပြန့်နှံ့သွားသ လို နဲ့ ရွှင်ပျလတ်ဆတ်လာခဲ့တယ်..။

ဒီခံစားမှု ဟာ ဘယ်တော့မှ မပျောက် ပျက်တော့မဲ့ပုံစံ နဲ့ နှလုံးသားရဲ့ ထောင့်တစ်နေရာကို နေရာဝင်ယူတော့တာ…။

အသက်တွေ ကြီးလာပြန်တော့လည်း ပျော်ရွှင်စရာ ရက်တွေ များစွာဖြတ်သန်း

၊ပျော်အောင်ဖန်တီးပေးမဲ့သူတွေ နဲ့ လည်းတွေ့ ဆုံခဲ့..။

လှပတဲ့ပွဲတော်ညတွေဟာ စည်ကား နေလိုက်တာ......များ.....ငါဖြတ်သန်းခဲ့ဘူးပါတယ်..။

မှုံရီ ညို့မှိုင်းနေတဲ့ မိုးမနက် ခင်းတွေ မှာ ငါ......

ဆွေးမြေ့ကြေကွဲလွမ်းဆွတ်စွာ သတိရစေ တဲ့ သီချင်းလေးတွေ ကိုတိုးတိတ်ညင်သာ စွာ ဆိုညည်းမိတယ်..။

အချစ်..လို့ ဆိုအပ်တဲ့ အရာတွေ နဲ့တန်ဆာဆင်ထားအပ်တဲ့ ပန်းကုံးတွေ ငါ့လည် မှာ ဆွဲ မိ ပြန် လည်း…။

ထူးဆန်းစွာ …ငယ်ဘဝ ကမခူး ခဲ့ဘူးတဲ့ စပယ်ဦးတို့ ရဲ့ ချိုမြိန် တဲ့ အမှတ်တရ တွေ …..

ဘာကြောင့်များ ခုထိ လတ်ဆတ်သင်းပျံ့ နေရတာလဲကွယ်..။

တကယ်တော့ပြီးခဲ့ပြီ...မဟုတ်ပါလား..။

(တဂိုးက တော့ခူးပါတယ်..။ဒီနေရာမှာ ဘာသာပြန်သူက မခူးပါ..။)

The First Jasmine
---------------------

Ah, these jasmines, these white jasmines!
I seem to remember the first day when I filled my hands with
these jasmines, these white jasmines.

I have loved the sunlight, the sky and the green earth;
I have heard the liquid murmur of the river thorough the
darkness of midnight;

Autumn sunsets have come to me at the bend of a road in the
lonely waste, like a bride raising her veil to accept her lover.

Yet my memory is still sweet with the first white jasmines
that I held in my hands when I was a child.
Many a glad day has come in my life, and I have laughed with
merrymakers on festival nights.

On grey mornings of rain I have crooned many an idle song.
I have worn round my neck the evening wreath of bakulas woven
by the hand of love.

Yet my heart is sweet with the memory of the first fresh
jasmines that filled my hands when I was a child.
.
Rabindranath Tagore

သျှန္တနိကေတန် (သို့မဟုတ်) အားကျမိသော တက္ကသိုလ်


-----------------------------------------------
ဘဝရဲ့ နောက်ပိုင်းရက်တွေကို ပညာသင်ကြားရေး အတွက်သာ အချိန်ပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ အတွက်..တတ်နိုင်သမျှတော့ အစည်းအဝေး ပွဲတွေ ..။ ဖိုရမ်တွေ…ထမင်းစားပွဲတွေ၊ ညစာစားပွဲတွေ ( ကိုယ်မပါလည်းဖြစ်တယ် ) ဆိုရင် ရှောင်ပါတော့တယ်..။
စာသင်တာကလည်း ဘဝ ရဲ့ ပေးဆပ်ခြင်း ဖြစ်ပြီး မီးလောင်ကျွမ်းလို့ ပျော် ပျော့စီးဆင်းနေတဲ့ ဖယောင်းသားမကုန်ခင် တတ်စွမ်သမျှ မီးကူးပေးခဲ့ချင်တဲ့ စိတ် ဆိုတာ မသေခင်ပေါ့..။
မနေ့က တော့ ကျမ ကြိုက်နှစ် သက်တဲ့ ( The First Jasmine - ငယ်ဘဝက စပယ်ဦးများ) ဆိုတဲ့ကဗျာလေးကို ပြန်ရှာဖတ်ရင်း ကဗျာရေး တဲ့ နိုဘယ် ဆုရ ကဗျာ ဆရာ Rabindranarth Tagore တည်ထောင်ခဲ့တဲ့ တက္ကသိုလ်လေးကို သွားသတိရမိပါတယ်..။
ပြီးတော့ သျှန္တနိကေတန် က တဂိုးတက္ကသိုလ်အကြောင်းလေးကို ဖတ်ရှု ဖြစ်ပါတယ်..။
မြန်မာကဆို ဆရာဗဂျီအောင်စိုး တက်ခဲ့ဘူးတဲ့ကျောင်းလေးလည်းဖြစ်ပါတယ်..။
သျှန္တနိကေတန် ဆိုတာ ငြိမ်းချမ်းအေးမြသော ရွာကလေလို့ အဓိပ္ပါယ်ရပါတယ်..။
အိန္ဒိယနိုင်ငံ ၊ ကာလကတ္တားမြို့ နဲ့ ၁၅၀ ကီလို မီတာ အကွာ မနီးမဝေးဒေသလေး ဖြစ်ပြီး ဘင်္ဂလား ပြည်နယ် မှာ ရှိပါတယ်..။ စိမ်းစိုလှပတဲ့ လွင်ပြင်ကလေးဖြစ်ပါတယ်..။
ဒီရွာကလေးဟာ ၁၉ ရာစု ကုန်လွန် ခါနီးအချိန် တွေမှာ ကမ္ဘာကျော် နိုဘယ် ဆုရ ကဗျာ ဆရာကြီး ရာဘင်ဒြာနတ် တဂိုး ရဲ့ ဖခင်ကြီးဟာ သူအငြိမ်းစားယူချိန် တရားအားထုတ် ဘို့ အဲဒီရွာလေး မှာ မြေကွက်လေးဝယ်ခဲ့ပါတယ်..။
၁၉ ၀၁ ခုနှစ် မှာ ဖခင်ကြီး ထံမှ အမွေရပြီးအဲဒီနေရာမှာ သျှန္တနိကေတန် တက္ကသိုလ် တစ်ခု ထူထောင်ဘို့ စတင်ခဲ့ပါတယ်..။ သူ့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေအကောင်အထည်ဖေါ်ဘို့ အစပျိုးလိုက်တာပါ..။ ကမ္ဘာ့ နာမည် ကျော် နိုင်ငံတကာ တက္ကသိုလ် တစ်ခု ထူထောင်ဘို့ ရံပုံငွေ အဆင်သင့်များများစားစားရှိမနေပါဘူး။
ရံပုံငွေ ရှာဖွေ ဘို့ဆိုတာကလည်း လွယ် လှတဲ့ကိစ္စ မဟုတ်ပါဘူး ။ တဂိုးဟာ သူပိုင် တဲ့ စာအုပ် တွေကိုရောင်းတယ်..။ သူ့စာအုပ် ရဲ့ မူပိုင်ခွင့်အတွက်ပေးရတဲ့အခကြေးငွေ တွေကိုလည်းထည့်တယ်..။ နိုဘယ် ဆုရ တဲ့ငွေ ကိုလည်း တက္ကသိုလ် ထူထောင်ရေးအတွက်သုံးစွဲ ခဲ့ပါတယ်..။ ငွေ အပြင် အဓိက ကျတဲ့အချက်ကတော့ တဂိုးဟာ သူ့ဘဝ တစ်ခုလုံး မြှုပ်နှံပေးဆက်ခဲ့တယ်..။ အချိန်ပြည့် ၊စွမ်းရည်ပြည့် မေတ္တာအပြည့်နဲ့ တည်ထောင် ထားခဲ့တဲ့ တက္ကသိုလ် လေးဖြစ်ပါတယ်..။
ဒါတောင်မှ ပဲတက္ကသိုလ်လေးဟာ ထိုအချိန် က တခြားသော ပညာရေးစနစ်ရဲ့ တက္ကသိုလ်တွေ နဲ့ မတူ….တမူခွဲထွက်ခဲ့ပါတယ်..။ တောက်ပ သားနားတဲ့ အဆောက်အဦတွေ ဓာတ်ခွဲ ခန်းတွေ ရှိမနေပါဘူး..။ တဂိုး ဟာ သူ့ ရဲ့ တက္ကသိုလ် လေးကို သက်ကယ် မိုးထားတဲ့ တဲလေး တွေ နဲ့ စတင်ခဲ့ပါတယ်..။
စတင်ခဲ့ချိန်က နေ ဆယ်စုနှစ် ၂ ခုလောက်ကျော်ကာမှ အုတ်တိုက်အဆောက်အဦတွေ ဆောက်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်..။
အဆောက်အဦကသာ ထူးခြားနေတာမဟုတ်ပါ.. တဂိုးကျင့်သုံးတဲ့ ပညာရေးစနစ်ကလည်းထူးခြားလို့နေခဲပါတယ်..။
ထူးခြား တဲ့ ဝိသေသ ၃ ခုကိုပြောရမယ် ဆိုရင်
၁။Education knows of no human boundaries—ဆိုတဲ့ တရုတ် စကားပုံတစ်ခု လိုပါပဲ ပညာရေး ဆိုတာ ဘယ်သူဘယ် ဝါ မခွဲခြားလူသားတိုင်းသိသင့်တဲ့အရာ ဆိုတဲ့ တရုတ်စကားပုံတစ်ခုကိုကိုးကားညွှန်းဆိုပါတယ်..။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော် လောက် ကရှေးဘိုးဘွားဘီဘင်တွေ ကတဆင့်ရရှိတဲ့ စိတ်ကူးစိတ်သန်းတွေဖြစ်ပါတယ်..။
သို့သော်လည်း အိန္ဒိယ နိုင်ငံဟာ ဘာသာရေးကိုးကွယ် မှု များစွာရှိခဲ့ပါတယ်..။ အများစု က ဟိန္ဒူ ဘာသာကိုကိုးကွယ်ကြပါတယ်..။ ဘာသာမတူရင်သော်လည်းကောင်း ဇာတ် အနိမ့်အမြင့်မတူ ရင်သော်လည်းကောင်း အတူမနေနိုင်၊ ထမင်းအတူမစားနိုင်တဲ့ ဓလေ့လည်းကြီးထွားခဲ့ပါတယ်..။ ထမင်းအတူမစားနိုင်သလို အဝတ်အစားအမျိုးအစားတူ ဝတ်ဆင်ခြင်း ၊တစ်မိုးအောက်မှာ နေထိုင်ခြင်းလည်းမပြု ၊ တစ်လမ်းတည်းကိုလည်းရင်ဘောင်တန်းသွားလို့မရ..။
ဒီလို ဘာသာရေးတွေ ၊ဇာတ်အနိမ့်အမြင့်ခွဲခြားဆက်ဆံမှုတွေစတဲ့ ရှုပ်ထွေး တဲ့အခြေအနေကို တဂိုးကနားလည် ခဲ့ပါတယ်..။ ထို အခြေ အနေက မလိုလားအပ်တဲ့အခက်အခဲတွေ ဖြစ်ပေါ်စေခဲ့တယ်..။ ဒီလို လူတွေ တည်ဆောက်ထားတဲ့လူလူချင်းခွဲခြားဆက်ဆံတဲ့အတားအဆီးကို တဂိုး က ဖြိုခွင်းဘို့ ကြိုးစားခဲ့တယ်..။ သူ့ရဲ့ တက္ကသိုလ် ကိုတက်ရောက်တဲ့ကျောင်းသားတွေ ဟိန္ဒူ ကိုးကွယ်ချင်ကိုးကွယ် မယ်။ အစ္စလာမ် ကိုးကွယ်မယ် ၊ ခရစ်ယာန် ၊ဗုဒ္စ္ဒ ၊ ဇာတ်နိမ့်ဇာတ်မြင့် ၊ ယုံကြည်မှု အစုံစုံကွဲပြားမှုတွေကိုလုံးဝ မခွဲခြား ပဲသူ့ကျောင်းမှာ လက်ခံဘို့ တဂိုးကဆုံးဖြတ်ခဲ့ပါတယ်..။
တစ်ကျောင်းဆောင်ထဲမှာအတူတကွနေထိုင်နိုင်ရမယ်..အတူတူ အလုပ်လုပ်နိုင်ရမယ်လိုပလည်စည်းကမ်းသတ်မှတ်ခဲ့ပါတယ်..။ ဒီ သတ်မှတ်ချက်ဟာ ဇာတ်နိမ့်ဇာတ်မြင့်…. ဘာသာပေါင်းစုံခွဲခြား ဆက်ဆံမှု ပြင်းထန် တဲ့ အိန္ဒိယ မှာ အလွယ် တကူ ဖြတ်သန်းကျော်လွှားနိုင်တာတော့မဟုတ်ပါဘူး။
အခက်အခဲပေါင်းများစွာ နဲ့ တော်လှန်ရေး တစ်ခု ဆင်နွှဲသလို ကိုဆောင်ရွက်ခဲ့ရပါတယ်..။ နောက်ဆုံးမှာတော့ လူသား ဆိုတဲ့ လူသားချင်းချင်းမကွဲမပြားတစ်သားတည်း ဆက်နွယ် မှု ကိုမှန်ကန် စွာတည်ဆောက်ခဲ့တာဖြစ်ပါတယ်..။


၂။Oneness between heaven and man—ဒုတိယအချက်ကတော့
လူသား နဲ့ နိဗ္မာန် ဆိုတာမကွဲမပြား တစ်သားတည်းရှိတယ် ဆိုတဲ့ တရုတ် စကား ပုံ ရှိပါတယ်..။ တဂိုး ရဲ့ ဟောပြောချက်ကတော့ လူသားတွေက ရုပ်ဝတ္ထု ဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ရှုကြံဆောင်နေကြတယ်…အဲဒီအခါ သဘာဝ ဆန်ဆန်နေထိုင်မှု ကို ရုပ်ဝတ္ထု တိုးတက်မှု နဲ့ ကျေနပ်နှစ်သိမ့်ခြင်းက မှုန်ဝါးမှေးမှိန်သွားအောင်လုပ်ပစ်နိုင်စွမ်းရှိတယ်..။
ရုပ်ဝတ္ထု တွေကိုတပ်မက် စွဲလန်းမှု တွေဟာ လူတွေ ရဲ့ စိတ်ကောင်းစိတ်မြတ်တွေကို အကုသိုလ် ဖန်လုံအိမ် အတွင်းသွတ်သွင်းလိုက်သလိုပါပဲ..။ ထို ခေတ်အခါ က တဂိုးရဲ့ ပညာသင်ကြားရေးနည်းလမ်းတွေဟာ သင်္ခန်းစာ ဖတ်စာအုပ် တွေကို သိပ် ပြီးတော့မမှီခိုပဲ လူတစ်ယောက်ရဲ့ ပင်ကိုယ်အတွေးအခေါ် အစွမ်းအစ ဖေါ်ထုတ်နိုင်စွမ်းရှိမှုကိုဇောင်းပေးတယ်.. ။ သဘာဝ ပတ်ဝန်းကျင် နဲ့ နီးကပ်စွာ နေထိုင် စေတယ်..။ စာသင်ခန်းတွေကို အဆောက်အဦ ထဲမှာထက် သစ်ပင်ရိပ် အောက်မှာ သင်ကြားစေခဲ့ပါတယ်..။
အဲဒီအချိန်အခါ ကအိန္ဒိယ ဆိုတာ အင်္ဂလိပ်မင်းတို့ လက်အောက်မှာ ဆိုတော့..ဒီအတွေးအခေါ်ဟာ တော်လှန်သော အတွေးအခေါ်ရယ်လို့ အင်္ဂလိပ်အစိုးရက ဒီတက္ကသိုလ်ကို အသိအမှတ်မပြုခဲ့ပါဘူး။


လူသားတွေက ရုပ်ဝတ္ထု ဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ရှုကြံဆောင်နေကြတယ်…အဲဒီအခါ သဘာဝ ဆန်ဆန်နေထိုင်မှု ကို ရုပ်ဝတ္ထု တိုးတက်မှု နဲ့ ကျေနပ်နှစ်သိမ့်ခြင်းက မှုန်ဝါးမှေးမှိန်သွားအောင်လုပ်ပစ်နိုင်စွမ်းရှိတယ်..။ 

ရုပ်ဝတ္ထု တွေကိုတပ်မက် စွဲလန်းမှု တွေဟာ လူတွေ ရဲ့ စိတ်ကောင်းစိတ်မြတ်တွေကို အကုသိုလ် ဖန်လုံအိမ် အတွင်းသွတ်သွင်းလိုက်သလိုပါပဲ..။

ထို ခေတ်အခါ က တဂိုးရဲ့ ပညာသင်ကြားရေးနည်းလမ်းတွေဟာ သင်္ခန်းစာ ဖတ်စာအုပ် တွေကို သိပ် ပြီးတော့မမှီခိုပဲ လူတစ်ယောက်ရဲ့ ပင်ကိုယ်အတွေးအခေါ် အစွမ်းအစ ဖေါ်ထုတ်နိုင်စွမ်းရှိမှုကိုဇောင်းပေးတယ်.. ။

သဘာဝ ပတ်ဝန်းကျင် နဲ့ နီးကပ်စွာ နေထိုင် စေတယ်..။ စာသင်ခန်းတွေကို အဆောက်အဦ ထဲမှာထက် သစ်ပင်ရိပ် အောက်မှာ သင်ကြားစေခဲ့ပါတယ်..။

အဲဒီအချိန်အခါ ကအိန္ဒိယ ဆိုတာ အင်္ဂလိပ်မင်းတို့ လက်အောက်မှာ ဆိုတော့..ဒီအတွေးအခေါ်ဟာ တော်လှန်သော အတွေးအခေါ်ရယ်လို့ အင်္ဂလိပ်အစိုးရက ဒီတက္ကသိုလ်ကို အသိအမှတ်မပြုခဲ့ပါဘူး။

တဂိုး ကသူ့ တက္ကသိုလ်က ထွက်တဲ့ကျောင်းသားတွေကို အရည်အတွက်များများထုတ်လုပ်မယ် ရယ်လို့  ဦးစားမပေးခဲ့ပါဘူး။ ကိုယ်ပိုင် အကျင့်စရိုက်ရှိစေချင်ခဲ့တယ်..။ ထိုစဉ် က ဂိုဏ်းဂဏ ဝါဒအယူတွေ အမျိုးမျိုးကွဲ ပြားတဲ့ အိန္ဒိယ မှာ သူ့ ကိုယ်စားပြုလာတဲ့ အသိုင်းအဝိုင်း ရဲ့ ပုံရိပ် အတိုင်း ဆက်ဆံတတ်တဲ့ အမူအကျင့် တွေ မရှိအောင်လေ့ကျင့်ပျိုးထောင်ခဲ့ပါတယ်။

ဥပမာပြောရရင်…သူကမူဆလင် ပဲယုတ်ညံ့မှာပေါ့..။သူ က တမ်ီလ် ပဲရက်စက်ကြမ်းကြုတ်မှာပေါ့ ၊ မိန်းမ ဆိုတာ ဒီလို ပဲ ၊ စသည်ဖြင့် တစ်ဦးချင်းစီ ရဲ့ အမှန်တကယ် အကျင့်စရိုက်ကို ပိုင်းခြားဝေဖန်မှုမရှိပဲ ဝါးလုံးရှည် နဲ့ သိမ်းကြုံးရမ်း တဲ့ လူမျိုးတွေ မမွေးထုတ်မိအောင် တဂိုးကကြိုးစားခဲ့ပါတယ်..။

ကျောင်းသား တစ်ဦးချင် စီရဲ့ ကိုယ်ပိုင်အရည်အသွေးကိုလေ့ကျင့်ပျိုးထောင်ပေးပါတယ်..။သူတို့ရဲ့ အကြိုက် ကိုလည်းအလေးထားခဲ့တယ်..။ ရွေးချယ် ပိုင်ခွင့်ရှိတယ် လို့လည်းတဂိုးက ယုံကြည်ပါတယ်..။ တဂိုးရဲ့ ခံယူချက် အတိုင်းတက္ကသိုလ် ရဲ့ ပညာရေး ကိုပုံဖေါ် စတင်တည်ဆောက်ခဲ့ပါတော့တယ်..

• Cultivation of mind and mentality — တတိယထူးခြားချက်ကတော့ စိတ် နဲ့ စိတ် သဘေားထား တွေကိုအဓိက ထားလေ့ကျင့်ပျိုးထောင်ခြင်း ပဲဖြစ်ပါတယ်..။ စိတ်နေစိတ်ထားကို တဂိုးက သူကိုယ်တိုင် ထူးချွန်ပြောင်မြောက်သလို စွဲလန်းတန်ဘိုးထားတဲ့ အနုပညာဘက်ကိုင်းညွတ်လာအောင် ရည်ရွယ် ခဲ့တာဖြစ်ပါတယ်..။

ဘယ် လို အရာဝတ္ထု ပဲဖြစ်ဖြစ် ထိတွေ့ခံစားလိုက်တာနဲ့ ပန်းချီဆွဲ စရာ..ခံစားစရာ ပုံရိပ်တွေဖြစ်လာတယ်..။ ရေးဖွဲ့ စရာ သီချင်း(သို့မဟုတ်) ကဗျာ တစ်ပုဒ် ဖြစ်လာကြပါတော့တယ်..။ သူ့ရဲ့ ယူဆချက်ကတော့ ကြားသိတဲ့အသံ ရယ် စိတ်က အာရုံကိုသိမှု သဘော ရယ် အဲဒီအာရုံကို တုန့်ပြန်ခံစားမှု ဟာ ဟာမို နီ ဖြစ်နေရမယ်… ညီညွတ်ပြေပြစ်နေရမယ် …. အဲဒီ ညီညွတ်ပြေပြစ်မှုက နေ အနုပညာ ဖန်တီးမှု ထွက်ပေါ်လာစေရမယ် ..။

တကယ်လို့ ညီညွတ်ပြေပြစ်မှု မရှိရင် ပန်းချီဟာ ဆန့်ကျင်ဘက်အရောင်အတွဲအစပ်တွေ ဖြစ်လာမယ်..။ ကဗျာ၊ သီချင်းဟာ လည်းနရီစည်းချက် မမှန်တော့ဘူးလို့ ဆိုပါတယ်..။စိတ်၊ အာရုံ၊ တုံပြန်ဆုံးဖြတ်မှု ကြောင့် ဖြစ်လာတဲ့ ဖန်တီးဘို့ အမိန့်ပေးစေခိုင်းမှုဟာ သိပ်မကြာလိုက်ဘူး ခဏမှပဲပျောက်ကွယ် သွားတတ်တယ် ။ အချိန်တိုအတွင်း ရအောင် မိအောင်ဖမ်းဆုပ်ဘို့ အရေးကြီးကြောင်း သင်ကြားပေးပါတယ်..။

ညီညွတ်တဲ့ မျှခြေ မရှိဘူးဆိုရင် ထိုဘူဟာ တခြားသူ နဲ့ ဆက်ဆံဘို့လည်းခက်ခဲ့လိမ့်မယ်..။ ပျော်လည်းပျော်ရွှင်မှာမဟုတ်ဘူးတဲ့...။

ထိုအခါ မှာ သူဟာ အန္တိမ အထွဋ်အထိပ်အောင်မြင်မှုကိုညင်းဆို ပါလိမ့်မယ် တဲ့။တဂိုးရဲ့ ကျောင်းမှာ ပန်းချီနဲ့ ဂီတ ကို အဓိက သင်ကြားပေးပါတယ်..။ ပွဲတော်ရက်တွေ ရောက်တဲ့အခါ ဆရာတွေကောကျောင်းသားတွေပါ…. အနုပညာ လှုပ်ရှာမှု တွေ ထဲ မှာ စေခိုင်းမှု မပါဝင်ပဲ မိမိဘာသာ ပါဝင်လုပ်ဆောင်ကြတယ်..။

အခု ဖေါ်ပြတဲ့အနှစ်ချုပ်ဖြစ်စဉ်ကလေးကတော့ တဂိုး ကသူ့ကျောင်းသားတွေကိုသဘာဝ အတိုင်း တွန်းအား မပါပဲ… ကိုယ်ရည်ကိုယ်သွေးကို ဖွံ့ဖြိုးအောင် လေ့ကျင့်ပျိုးထောင်ပေးတဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်..။သူကိုယ်တိုင်လည်းသဘာဝ တရားကို မိခင်သဖွယ်ရှုမြင်ပြီး ကျေဇူးတင်စိတ် နဲ့ လောကသဘာဝ အလှအပတွေ ရဲ့ ဖွဲ့စည်းမှုကို ခံစားတယ် ၊ မှတ်တမ်းတင်တယ်..။

လူသားတွေ ရဲ့ သဘာဝ တရားကိုခံစားတဲ့ လိုက်လျော ညီထွေ ပြေပြစ်စွာ ဖွဲ့ စည်းမှုကိုသိလေလေ… ဂီတ နဲ့ ပန်းချီရေးဖွဲ့ ဘို့ နီးစပ်လေလေ ပဲ ရယ်လို့ သင်ကြားပေးခဲ့ပါတယ်..။ဒါကြောင့် မို့ သူကိုယ်တိုင်လည်း ကဗျာ များစွာ သီချင်းများစွာရေးဖွဲ့ ခဲ့တာ ဖြစ်ပါတယ်..။

တဂိုးသေဆုံးသွားတဲ့အခါ မှာတော့ သူ့ရဲ့ တူ ကအရိုက်အရာဆက်ခံခဲ့ပါတယ်..။ သူဟာ လည်း တဂိုးရဲ့ သင်ကြားမှုအောက်ကနေ အိန္ဒိယ ရဲ့ပန်းချီအကျော်အမော် ဖြစ်လာသူပါ..။ သူကသျှန္တနိကေတန် ဝိစရ ဘာရတီ ( နိုင်ငံတကာတက္ကသိုလ်) ရဲ့ အကြီးအကဲ ဖြစ်လာပါတယ်..။၁၉ ၄၃မှာ တော့အိန္ဒိယ အစိုးရ ရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်..။ ထိုအချိန်က အိန္ဒိယ ဟာ အင်္ဂလိပ်လက်အောက် မှာပဲရှိပါသေးတယ်..။သို့သော်လည်းထင်ရှားကျော်ကြားလာတာမို့ တခြားသော နိုင်ငံ မှကျောင်းသားများကို လက်ခံလာပါတယ်..။ ၃လ သင်တန်းဘွဲ့သင်တန်းစသည်ဖြင့်လက်ခံသင်ကြားပေးပါတယ်..။

အခုတော့လည်း စိုက်ပျိုးရေးဘွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာာရပ်တွေကိုပါ ၄နှစ် ဘွဲ့ ရသည်ထိ သင်ကြားပေးနေတာ ဒီလင့်မှာကြည့်နိုင်ပါတယ်..

http://www.bolpur-santiniketan.com/courses/under-graduate-degree-course.html#

ဒီဆောင်းပါးလေးကိုရေးတဲ့သူက တိုင်ဝမ်ကကျောင်းသားတစ်ဦးပါ..။ ရုပ်ဝတ္ထု ဖွံ့ဖြိုးတိုးတက်မှု တွေထွန်းကားတဲ့နိုင်ငံက လာရပေမဲ့လည်း သျှန္တနိကေတန်ရဲ့ငြိမ်းချမ်းအေးမြမှုကိုမမေ့နိုင်ပါတဲ့။ ဒီပတ်ဝန်းကျင် မှာ ၃လ တာနေခဲ့တာ ရှန်ဂရီလာ လို နိဗ္မာန် ဘုံတစ်ခု လိုလို စိတ်ထဲမှာ စွဲထင်ကျန်ရစ်ပါသတဲ့..။

အဲဒီကအပြန်သူဟာ ရုပ်ဝတ္ထု တွေကိုအလွန်အမင်းမကိုးကွယ် မစွဲလန်းတော့ဘူးတဲ့..။ စိတ်ဝိဥာဉ် သန့်စင်မှု ရဲ့ အလှရတနာ တစ်ခု ရယ် ဘယ်သူကမှ မကျော်လွန်နိုင်တဲ့ စေ့ဆော်တိုက်တွန်းမှုတွေ ပိုင်ဆိုင်ထားတဲ့တက္ကသိုလ် လို့ သူကဆိုပါတယ်..။

သူကတရုတ်ပြည်ကိုပြန်တယ် ၁၅နှစ်အကြာမှာ တက္ကသိုလ်ကိုပြန်လည်ပတ်တဲ့အခါ မှာ တဂိုးကမရှိတော့ပါဘူး။ သို့သော်လည်းတဂိုး ရဲ့ စိတ်ဝိဥာဉ် နဲ့ အထွဋ်အမြတ်အကြံဥာဏ်တွေ ရှင်သန်ကျန်နေဆဲ ဖြစ်နေပါတယ် တဲ့..။

ဒီနေရာ မှာကျမ ဆိုလိုချင်တာကတော့ ကျမတို့ဆရာတော်ကြီးများ ရဲ့ အဆုံးအမ နဲ့ ကိုက်ညီနေတာကိုပါ..။ ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရားကြီးက မိန့်ဘူးတယ်…(((လောကမှာနေရင်ကွယ် တဲ့..၊ စိတ်နဲ့ အာရုံ အဆင်ပြေအောင်နေတတ်ဘို့ အရေးကြီးတယ် ))) ဆိုတဲ့ အဆုံးအမ နဲ့ ကိုက်နေတာကိုပါ..။
ဥပါဒါန် ကြီးတဲ့သူတွေဟာ ဖြစ်စေချင်တဲ့ပုံစံကိုအသေချပြီးကိုယ်ထင်တာအမှန်ပဲဆိုပြီးအသေ ဆုပ်ကိုင်ထားတတ်ကြတယ်..။ ဖြစ်မလာ တဲ့အခါ မျှော်လင့်တာနဲ့မကိုက်တဲ့အခါ ဒေါသ အပူတွေ နှလုံးအိမ်က ထွက်လာပါတယ်…။ ပြင်းထန်ရင်ထန်သလို (မနောကံ၊ ဝစီကံ ) ကတဆင့် ကာယကံ တိုက်ခိုက်စော်ကားမှုတွေ ပြုတတ်တော့တာ..ဒါဟာတကယ်တော့အကုသိုလ် ဖြစ်ပါတယ်..။

သီလတွေလည်းစ င်ကြယ်ပြီး စိတ်နဲ့ အာရုံအဆင်ပြေ ရင်တော့နှလုံးအိမ်က အအေးဓာတ်အဟုန် စိမ့်ထွက်ပါတယ်..။ သကြား ကိုသိတာမဟုတ်ပဲ ချိုတာကိုသိသလို ခံစားမှု နဲ့ သာ တိုင်းတာနိုင်တဲ့သဘောပါ..။ ဒါကို ကုသိုလ်လို့ ခေါ်ပါတယ်..။

တကယ် တော့ သျှန္တန်ကေတန်ဟာ ဒီကုသိုလ် ဓာတ်ကို ဖမ်းဆုပ်လမ်းပြနိုင်ခဲ့သလို..သဘဝ တရားကို ချစ်မြတ်နိုးမှု ၊ ရိုးရှင်းစင်ကြယ် မှု၊ ကြွားဝါလိုစိတ်ကင်းမှု ၊ နှိမ့်ချ ရိုကျိုးမှုတွေကို သူ့အနုပညာ နဲ့ သူတည်ဆောက်သွားတာပဲရယ်လို့ကျမ သုံးသပ်ကြည့်မိပါတယ်..။

ကျမတို့ရဲ့ ယနေ့ကမ္ဘာဟာ တီထွင်မှု တွေ တိုးတက်မှု တွေပြည့်လျှံနေပါပြီ…။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု များစွာ ကလည်း စက္ကန့်နဲ့အမျှ အသစ်အသစ်တွေ ထွက်ပေါ်နေတာ….။

လောဘ၊ဒေါသ၊ မောဟများနဲ့ နာမကျန်းဖြစ်နေတဲ့ကမ္ဘာကြီး ဟာ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုတွေကြောင့်လည်း အနားမရရှာပါဘူး..။

ချစ်ခြင်းမေတ္တာကိုသင်ကြားပေးတဲ့ ကျောင်းတွေ၊

သဘဝ တရားကို ချစ်မြတ်နိုးမှု ၊

ရိုးရှင်းစင်ကြယ် မှု၊

ကြွားဝါလိုစိတ်ကင်းမှု ၊

နှိမ့်ချ ရိုကျိုးမှုတွေ ပိုင်ဆိုင်တဲ့မျိုးဆက်သစ်တွေ မွေးထုတ်တဲ့ ကျောင်းတွေလို သင်ကြားပေးချင်မိပါတယ်..။

အားကျပါတယ် သျှန္တနိကေတန် …။ရယ်..။

မေတ္တာဖြင့်
သစ္စာအလင်း

IF ----- အကယ် ၍ သာ....



-လွန်ခဲ့တဲ့ ၇ နှစ်လောက် မှာ......

မြန်မာပြည် ပြန်လာပြီး......

အူကြောင်ကြောင်..ယောင်လည်လည် နဲ့..

စာသင်သည့် အလုပ်သာ သိ တဲ့......

စာတွေ ဖတ်တတ်ပြီး...

လူတွေ ရဲ့ ပရိယာယ် မျက်နှာစာကိုမဖတ်တတ်တဲ့ ......အမျိုးသမီး တစ်ယောက် ဟာ.....

အင်အားကြီး မား အသိုင်းအဝိုင်း တွေ ကြား မှာ ....အံဝင်ဂွင်ကျ မဖြစ်ပဲ

ဝမ်းနည်း အားငယ် ခဲ့မယ် ဆိုရင်...........။

-စာရေးစာဖတ်များ လိုက်တာဆိုပြီး.....မူရင်း စာတမ်းတွေကို

ချောင်ထိုးထားခဲ့မယ် ဆိုရင်...။

-အများထောက်ခံ အသုံးများ လွှမ်းမိုးထားတဲ့ ..လောက ကို

ကြောက်ရွံ့ ပြီး နှုတ်ဆိတ်ခဲ့မယ် ဆိုရင်....။

-လစာ များ ပြီးအေးချမ်းသာယာ တဲ့ ဘဝ ကိုပြန်လည် ထွက်ခွာခဲ့မယ် ဆိုရင်.....။

-ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူးလို့ ယုံကြည်ထားတဲ့နေရာက

အေးစက် စွာ.....ရက်စက်စွာ ထွက်ပေါ် တိုက်ခိုက်လာသော စကားလုံးများအပေါ်ကို......

ဒေါသ အာဃာတ နဲ့ တုန့်ပြန်ခဲ့မယ် ဆိုရင် .......။

- မိုင်ထောင်ချီခရီးများ ကြား မှာ ပျော့ခွေနွမ်းလျ သွားမယ် ဆိုရင်..။

-နှုတ်တက်ရွရွ ရေရွတ် ပြ ရခြင်း မှာ ညည်းငွေ့ ပျင်းရိခဲ့မယ် ဆိုရင်...။

-ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရား ရဲ့ ဆုံးမ မှု ကို ခေါင်းငုံ့ နာခံခြင်းမရှိခဲ့ဘူး ဆိုရင်.......။

-အတတ်ပညာ ရဲ့ နက်ရှိုင်း မှု တွေကိုကိုယ် တိုင်မလေ့လာ ပဲ ...

အပေါ်ယံ ဝေဖန်မှုတွေ နဲ့ တိုက်ခိုက် လာမှုကို ညင်းခုံ မဆုံး...... မာန ဖုံး ခဲ့မယ် ဆိုရင်......။

===========

------------------------

===============

--------------------------

အင်းတော်ကြီး အရှေ့ဘက်ကမ်း ကရွာ တစ်ရွာ မှာ ဒီ ကြော်ညာစာလေး ရုတ်တရက် တွေ့ မိလို့ ဝမ်းသာပြီး ရေးမိတာပါ...။
( ပီတိ တစ်ခု မျှသာ...

ဓမ္မဒိန္နာ(သို့မဟုတ်) နှလုံးသား မှလွန်မြောက်ခြင်း


ပြီးခဲ့တဲ့ လ ..ကောလင်းမှ ချောင်းဦး သို့အပြန် ကားစီးခဲ့တာ ကားသမားက အတော်ကြိုက်ပုံရတယ် သူဖွင့်နေတဲ့သီချင်း…. ထပ်ကျော့ဖန်များတော့ ကျမ စိတ်ထဲ စွဲလာ ခဲ့ပါတယ်..။
အဆိုတော်နာမည် ကသွန်း တဲ့..သီချင်းနာမည် က မရက်စက်ပါ နဲ့ တဲ့..။
ဘာတဲ့ ..((မောင်ငြိုငြင် တဲ့အခါ….မနေတတ်တော့ပါ ကျွန်မအားငယ်..။
ဂရုစိုက်မှုတွေလည်းဘယ် များပျောက်ကုန်ပြီးလဲကွယ် ….ပြောင်းလဲလို့ နေပါတယ်…။စိမ်းကားလို့နေပါတယ်…။ မောင့်အပြုံးတွေလည်း အရင်လို မလန်းဆန်းဘူးကွယ် )))
ဒီသီချင်း လေးကို ကြားတော့ ကျွန်မ က ရဟန္တာထေရီ ဓမ္မဒိန္နာ ကို သွားသတိရမိပါတယ်..။ဓမ္မ ဒိန္နာ သည်လည်း သည်လို ခံစားခဲ့ ရဘူး တာ..။မြတ်ဗုဒ္ဓ ဘုရားဖြစ်ပြီး ဒုတိယဝါလောက်မှာပင်ဖြစ်ပျက်ခဲ့သော ဝိသာခ သူဋ္ဌေး နဲံ ဓမ္မာဒိန္နာ တို့ ဇာတ်လမ်းလေးရယ် ပါ…။
ဓမ္မဒိန္နာ တို့က ဂေါတမ ဘုရားရှင် လက်ထက် တုံးက ရာဇဂြိုဟ် ပြည် မှာနေထိုင် ကြတဲ့ ရာဇဂြိုဟ် သူဋ္ဌေး မျိုးရိုး ကဆင်းသက်လာကြ တဲ့သူတွေပါ..။ 
ရာဇဂြိုဟ်မြို့သား သူဌေးသား ဝိသာခ လုလင်နှင့် သူဌေးသမီး ဓမ္မဒိန္နာတို့ ထိမ်းမြားလက်ထပ်ခဲ့တာ ချစ်ခြင်းမေတ္တာ တွေအပြည့်နဲ့ဆိုတော့ ပျော်ရွှင်ခြင်းတွေခြံရံပြီး သေတပန်သက်တဆုံး ရိုးမြေကျ လက်တွဲဘို့လည်းရည်ရွယ် ခဲ့ ကြတာပေါ့လေ…။
ပေါင်းသင်းလက်ထပ်ပြီး ချစ်ခင် မြတ်နိုးစွာ နေထိုင်လာကြစဉ် မှာ…..
ရာဇဂြိုဟ် ပြည့်ရှင် ဘုရင် ဗိမ္မိသာ ရ က ဝေဠုဝန် ကျောင်း မှာ သီတင်းသုံး ဘို့ ဘုရားရှင်ကိုပင့်ခဲ့ပါတယ်..။ ဘဝ ဆိုတာကလည်း မထင်မှတ်တာ ဖြစ်လာတတ်တယ် ဆိုတော့လည်း ဓမ္မဒိန္နာ ဘဝ ပြောင်းလဲဘို့ စတင်ခဲ့ပါတယ်..။
ချစ်သူခင်ပွန်း သူဌေးသားလေး ဝိသာခဟာ ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓ ပထမဆုံးအကြိမ် ရာဇဂြိုဟ်မြို့သို့ ကြွလာ တဲ့ အချိန်မှာ .. တရားဓမ္မနာကြား ခွင့်ရခဲ့တာ မို့ အင်မတန်ဝမ်းသာခဲ့ရှာတယ်..။
အဲဒီအချိန်က ကျေးဇူးတော်ရှင် ဘုရားရှင် ရဲ့ တရားရေအေးအမြိုက်ဆေးကို သောက်သုံး ပြီး တဲ့အခါ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင် ဗိဗ္ဗိသာရမင်းကြီးနှင့်အတူ ပရိတ်သတ်ပေါင်းထောင်ချီပြီး သောတာပန်ဖြစ်ကြ ပါတယ်..။ သည်ထဲ မှာ သူဌေးသားလေး ဝိသာခ လည်း ပါဝင်ခဲ့ပါတယ်..။
သောတာပန် ဘဝ မှာ တော့ ချစ်တဲ့ သူ ဓမ္မဒိန္နာ ကိုကြင်နာဆဲ… မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင် ဆက်လက်လျှောက်လှမ်းခဲ့တာ… ဘာ မှ မသိသာ ခဲ့…။
ကျေးဇူးတော်ရှင် ဘုရားရှင် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံး ခဲ့ တာ… တရားပွဲတွေကလည်းစဉ်ဆက်မပြတ် ဆိုတော့
ဓမ္မဒိန္နာ ရဲ့ ကံကြမ္မာ တစ်ဆစ်ချိုး ဘို့ အကြောင်းဖန်ခဲ့ပြန်ပါတယ်..။ 
တနေ့မှာ တော့ ဝိသာခသူဌေးသားလေး ဟာ ဝေဠုဝန် မှာ တရားနာကြား ပြီး နောက်သောတာပန်အဆင့်ကနေ ဥာဏ်ရင့်ကျက်ပြီး အနာဂါမ် အရိယာ ဖြစ်သွားခဲ့ပါတယ်..။ 
ကာမဂုဏ် အာရုံမှန်သမျှ ကင်းစင်ပခဲ့လေသော အနာဂါမ်ဘဝ မှာ ကယုကယင် အကြင်နာ တွေဟာ…ပြောင်းလဲ ခဲ့ ပါတော့တယ်… ။
အရင် ချစ်ခင်ကြစဉ် ဘဝ မှာတော့ အဝေးအနီးခရီးမှပြန်လာ ချိန်ကို ဓမ္မဒိန္နာ မျှော်ခဲ့ပါတယ်…။ အကြင်နာ အပြုံးလေးများ တွေ နဲ့ ခရီးဦးကြိုဆိုမြဲ။
လက်ကိုဆန့်တန်း ပွေ့ဖက်လျှက် နှတ်ဆက် မဲ့လက်တွေ..ဒီနေ့ လမ်းခုလတ်မှာ ရပ်တန့် ခဲ့ရပါပြီ… အရင်လိုမဟုတ်တော့ပါလား….မယ့်သခင်ရယ်…။
ရက်စက်ခြင်း လည်းမဟုတ်….. အေးစက် ခြင်းတွေ….
ကြမ်းတမ်းခြင်း လည်း မမည် တဲ့ နူးညံ့ခြင်းတွေ နဲ့…..
လှိုက်လှဲ ကြည်နူးခြင်း တွေကင်း တဲ့ တည်ညိမ်ခြင်း တွေ…..
စိမ်းကားခြင်း မဟုတ်တဲ့ စိမ်းလန်းခြင်း တွေ နဲ့ တည်ကြည်ခန့်ညား
နေပါသော မယ့်သခင်….ရယ်။
နီးလျက် နဲ့ ဝေးခဲ့ပါပကောလား…။ ဘယ်လိုကြောင့်ပါလိမ့် ….။ဘာဖြစ်သွားပါလိမ့်…။
ဝေခွဲ မရ…..ခံရခက် လှရှာသူမှာ…. ညအချိန်ကျတော့ အိပ်ယာခွဲဘို့ ဆိုလာ တော့ ခံစားချက် အထွဋ်အထိပ် ရောက် ရပါပကော…။
ဒီလိုအချိန်မှာ သူ ဘယ်လို ဖြေရှင်းဖြတ်ကျော်ခဲ့သလဲဆိုတာ ကျမ စိတ်ဝင်စားခဲ့ပါတယ်..။
ဓမ္မဒိန္နာ ကတော့ ရဲရင့်ပြတ်သား သူပီပီ…… တန်ပြန်မေးခွန်း ထုတ်ခဲ့ပါတယ်…။
မယ့်သခင်….ကျမမှတစ်ပါး အခြားအမျိုးသမီး တစ်ယောက်ယောက် က ကျမတို့ ကြား ဘဝ ခြားစေခဲ့ပြီလား..။
ကျမ တွင့် မည်သို့သော မနှစ်သက်မှု များရှိခဲ့ပါသလဲ ကွယ်..။ စိမ်းကားခြင်း ရဲ့ ဒဏ် ကိုကျမ မခံစားနိုင်ပါ….. ။
ရပ်တည် ခြင်းငှာလည်းမစွမ်းသာတော့…. သောက ပရိဒေဝ လောင်မြိုက်တာ နဲ့ ကျမျက်ရည်လည်းချောင်းဖြစ်ပါတော့တယ်…။ 
တဖက်ကလည်း လောကုတ္တရာတရားကို ထုတ်ဖော်ပြောခြင်းငှာ မသင့် တော်..သို့သော်….ချစ်ဇနီး ရဲ့ ဝေဒနာကိုမရှုရက်တာနဲ့ အမှန်အတိုင်း ဖွင့်ဟပြောပြပါတော့တယ်။
(ချစ်နှမ ဓမ္မဒိန္နာ ငါသည် မြတ်ဗုဒ္ဓထံတော်မှ တရားနာခဲ့ရသောကြောင့် (အနာဂါမ်အဆင့်) လောကုတ္တရာတရားထူးရခဲ့သည်။ ထိုကဲ့သို့ တရားထူးရသူတို့မည်သည် ကာမဂုဏ်နှင့်ဆက်စပ်သည့် လောကီအပြုအမူများ ပြုလုပ်ဖို့ မသင့်တော်တော့ပေ။ ထို့ကြောင့် နှမ ဓမ္မဒိန္နာ မင်းဖက်က ပိုင်ဆိုင်သည့် ကုဋေ ၄၀ သော ပစ္စည်းများ နှင့် ငါ့ဖက်က ပိုင်ဆိုင်ခဲ့သည့် ကုဋေ ၄၀ သော ရွှေငွေရတနာ ပစ္စည်းများဥစ္စာ စုစုပေါင်း ကုဋေ ၈၀ ကို မင်းဘဲ အပိုင်ယူကာ စီမံခန့်ခွဲပါတော့။ ငါသည် မင်းကို အမိအရာမှာဖြစ်စေ ညီမလေးအရာမှာ ဖြစ်စေ ထားကာနေပါ့မယ၊် ငါသည် မင်းကျွေးသည့် ထမင်းလေးဖြင့် အသက်ဆက်ရုံ နေပါမယ်…) တဲ့…. (မိဘအိမ်သို့ ပြန်လိုက ပြန်ပါနော်။ ချစ်သူအသစ် လည်း ရှာပါတော့ …ချစ်ရင်လည်း လက်ထပ်နိုင်ပါသတဲ့…။ )
ဝန်တို တတ်လွန်းတဲ့ မိန်းမသာတွေ မှာ…. အသစ်လူ..ချစ်သူ မရှိဆိုတာ တိတိပပသိရတော့ မျက်ရည်ကိုသုတ်ကာ ..ချစ်သူ ကိုပြောင်းလဲစေတဲ့ တရားကို စတင်စိတ်ဝင်စားပါတော့တယ်…။ 
(မယ့်သခင် ရှင်..ရရှိတဲ့  တရားထူးမျိုးက ယောကျာင်္းတွေသာ ရရိုးထုံးစံ ရှိပါသလော၊ အမျိုးသမီးတွေလည်း ထိုကဲ့သို့သော တရားမျိုး ရနိုင်ပါသလော) လို့ မေးပါတော့တယ်…။
အားငယ်စိတ် နဲ့ ညှိုးငယ် မနေ ပဲ ဒိုဒိုးဒေါက်ဒေါက် မေးလိုက် တဲ့ ဓမ္မဒိန္နာ ကို ကျမ က သဘောကျစွာ ကြည်ညို ပူဇော်မိလိုက်တာ……။အဲဒီနေရာလေး....
ဆက်လက်ဖေါ်ပြပါမည်..။
မေတ္တာဖြင့်
သစ္စာအလင်း