Wednesday, June 5, 2019

ကိုယ်ဟာ မျှားတစ်စင်း




တစ်ရိပ်ရိပ်တက်ပြီး....

တစ်ရွေ့ရွေ့ ပြေး နေတယ် လို့ဆိုရင်လည်း...။

ဒါဟာ မျှားတစ်စင်း လို ဘဝ မျိုး ပဲဖြစ်တယ် ဆိုတာ..

ကိုယ် ဟာ နှလုံးသွင်း ထားပြီး ဖြစ်ပါတယ်...။

ပစ်လွှတ် တဲ့ လေးညှို့ ရှင် ဟာ....ကုသိုလ်...အကုသိုလ် ပေါင်းစပ် နေတဲ့

အတိတ်က အကြောင်းတရားတွေ ပါပဲ ဆိုတာ.....

သိထားနှင့်ပြီး ဖြစ်ပါတယ်...။

ဒီအကြောင်းဆက်တွေ မကုန်သရွေ့....

အကျိုးဆက်ဆိုတာ ရှိနေရအုံးမယ်...။

ဆုံရ တွေ့ရမယ် .......

ကြုံရ...မေ့ရမယ်...

ထုံရ..မွေ့ရမယ်...။

တွေ့ချင်သူ နဲ့ လည်း ခွဲရမယ်....

ခွဲချင်သူနဲ့ လည်း တွေ့ရမယ်...။

လောကသဘာဝ....

အောင်မြင်တယ် လည်ပြောလိမ့်မယ်....

ရှုံးနိမ့်တယ် လည်း သတ်မှတ်မယ် ....

ချီးကျူးတာလည်း ရှိမယ် ...။

ကဲ့ရဲ့တာလည်း ရှိကြမှာ အမှန်...။

ဝိုင်းဝန်း ဖေးမ တဲ့အခြံအရံ......ရှိချင်လည်းရှိမှာပေါ့...

မထေမဲ့မြင် ..ဂရုမစိုက်တာလည်း ကြုံရနိုင်တာပါပဲ....။

ငွေ ဆိုတာလည်း..... ပေါများ ..ရှားပါး တစ်လှည့်စီရှိမယ်...။

ဒါတွေ ဟာ တကယ် တော့လည်း......

အရှိန်အဟုန်မကုန် ....

စုံဆန်နေတဲ့..မျှားတစ်စင်း.......ရယ်လို့......

သိမှတ်ထားပြီး......

ညင်သာစွာ...မြေထက်သက်ဆင်းလိုလှတယ်...။

မေတ္တာဖြင့်

သစ္စာအလင်း

ကဆုန်လပြည့်နေ့ အကြိုသစ္စာရွှေစည်ဆရာတော်၏တရားနာယူပြီး ရေးသားပါသည်။

၁၈.၅.၂၀၁၉
ခေတ္တ
Silver Swan Hotel,Mandalay

သန္တိ..သစ္စာ


သူတော်ကောင်းတွေဟာ ဘဝ ရဲ့ အဓိပ္မါယ် ကို ငြိမ်းချမ်းစွာ နေထိုင် ခြင်း နဲ့ သက်သေပြခဲ့ကြ တယ် လို့ ဆရာကြီးဦးရွှေအောင်က ဆိုပါတယ်။

အဲဒီ သူတော်ကောင်းတွေ ရဲ့ ခရီးစဉ် ဟာ ဘဝ ရဲ့ လမ်း ညွှန်မြေပုံ တစ်ချပ်လိုပါပဲ..။

*ပူလောင်မှု တွေ..ရှုပ်ထွေး မှုတွေ သယ်ဆောင်လာမယ်ဆိုရင်တော့.......
ဘယ်လို အောင်မြင် မှု ပဲဖြစ်ပါစေလေ.....။
မလိုချင်တော့ပါဘူး.....။

*တစ်ယောက်တည်း ငြိမ်းအေး စွာ ဖြတ်သန်းချင်တဲ့ ကိုယ်ပိုင်အချိန်တွေ......
ကို ဖဲ့ယူ သိမ်းပိုက်သွားမယ် ဆိုရင်လည်း ..ဘယ်လို အရေးပါမှုမျိုးကို မှ မရချင်တော့ပါဘူး..။

*ကိုယ်ရဲ့ ပေးဆပ် ဆောင်ရွက်လိုက်မှု တစ်စုံတရာကြောင့် လှပ သွားတဲ့ ဘဝ တွေ ရဲ့ ပုံရိပ် တွေ ကိုလည်း........
ကောင်းကင် က လ တစ်စင်းလို ဝေးဝေး ကပဲငေးကြည့်နေချင်တော့တယ်..။

*တန်ဘိုး ဆိုတာ က အများ က သတ်မှတ် ပေးလိုက်တဲ့......
ပညတ် တစ်ခု ရဲ့အောက်မှာ တည်ရှိမနေဘူးဆိုတာ .....
ကျွန်မ နားလည် သိတတ်လို့ လည်းနေခဲ့ ပြီ..။

*နာမည် ရဲ့ ရှေ့ မှာ ..သို့တည်းမဟုတ် နာမည် ရဲ့ နောက်မှာ ထည့်စရာ များလေ.........
.ဘဝ ဟာ မူးယစ်ရီဝေ စရာ ဝိုင် တစ်ခွက်လို ချိုမြ ပြင်းရှ နေလိမ့်မယ် လို့ လည်းမှန်းဆမိဘူးတယ်..။

*ဘဝ ရဲ့ အနှစ်သာရ တွေကို ကြိုးစား အားထုတ် မှု ၊ရောင့်ရဲတင်းတိမ်မှု ၊ ပေးဆပ် ရများ နဲ့ သာ လဲလှယ်လိုပါတယ်..
ထိုက်တန် အောင်လည်း ပြုခဲ့တယ် ရယ်လို့ ကျေနပ်လိုလှပါတယ်..။

ဒီလို နဲ့ ပဲ ဘဝ တစ်ခု ကြောင့်...
.ဖြစ်ပေါ်လာတဲ့ လိုချင်၊ ဖြစ်ချင်၊ ရချင် မှု တွေ ဟာ....
တစစ..... ပျော့ပြောင်း နူးညံ့ ရင်း......
နားလည် သဘောပေါက်ရင်းဖြင့် ချုပ်ငြိမ်း ပျောက်ကွယ် ပါရစေ...။

မေတ္တာဖြင့်-
သစ္စာအလင်း
2015 ဖားအောက် တောရမှာ
တရားအားထုတ် ပြီးစဉ် က ရေးခဲ့ဘူးတာ....

ငြိမ်းချမ်းခြင်း

ငြိမ်းချမ်းပါစေ...စိမ်းလန်းပါစေ..
-------------------------------------

ငြိမ်းချမ်း တဲ့ စိတ်ဟာ လွတ်လပ်တဲ့စိတ်ဖြစ်တယ်..။

ငြိမ်းချမ်းတဲ့ စိတ်ဟာ ....အမှန်ကိုလိုလားတဲ့စိတ်ဖြစ်တယ် 


ငြိမ်းချမ်းတဲ့ စိတ်ဟာ...... တစ်ကိုယ်ကောင်းမဆန်ဘူး။

ငြိမ်းချမ်းတဲ့ စိတ်ဟာ .....တန်ဘိုးအရှိအဆုံးအရာဖြစ်တယ် ..။

ငြိမ်းချမ်းတဲ့ စိတ်ဟာ.... ဂုဏ်သိက္ခာ ရှိတယ်..။

ငြိမ်းချမ်းမှု မရှိရင် ပစ္စည်းဥစ္စာ၊ရာထူး၊အာဏာ ဘယ်လောက်ရှိရှိ 

ဘဝ ဟာ..အဓိပ္ပါယ် မရှိနိုင်ဘူး ။

ငြိမ်းချမ်းတဲ့ သူဟာကိုယ့်ကိုကို ယုံကြည်မှုရှိတယ်..။

ငြိမ်းချမ်းတဲ့သူဟာ..မြင့်မြတ်တဲ့သူဖြစ်တယ်..။ 

ငြိမ်းချမ်းတဲ့ သူဟာ...နားလည်ခွင့်လွှတ်တတ်သူဖြစ်တယ်..။

ငြိမ်းချမ်းတဲ့သူဟာ .....သဘောထားကြီးတဲ့သူဖြစ်တယ်..။

ငြိမ်းချမ်းတဲ့သူဟာ မိတ်ဆွေကောင်းဖြစ်တယ်..။

ငြိမ်းချမ်း တဲ့သူဟာ ....မိမိကိုယ်ကိုကိုလေးစားတဲ့သူဖြစ်တယ်..။

ငြိမ်းချမ်းတဲ့ဟာ.....သူတပါးကို လေးစား တတ်သူလည်းဖြစ်တယ်..။

ငြိမ်းချမ်းနေတဲ့သူဟာ...အောင်မြင်တဲ့သူ ဖြစ်တယ် 

ငြိမ်းချမ်းနေတဲ့ စိတ် မှာ စာနာမှုရှိတယ်..။

ငြိမ်းချမ်းနေတဲ့စိတ်မှာ သတ္တိတွေ စွမ်းအားတွေပြည့်နေတယ်...။

အားလုံးငြိမ်းချမ်းကြပါစေ..။

ဆရာတော်ဦးဇောတိက ရဲ့ ငြိမ်းချမ်းခြင်း တရားကိုနာယူရင်း

မှတ်စုထုတ်..။

သတိပဋ္ဌာန် ဖြင့် ဖြတ်သန်းခဲ့သော သင်္ကြန် (၂၀၁၅)


နှစ်ဟောင်းကုန်ဆုံး လို့ နှစ်သစ် တစ်ခု ကို ရောက်ခဲ့သလို ဇရာ ၏ ရင့်ကျက်မှု သည် နယ်ပယ် သည်လည်း စိုးမိုး ကျယ်ဝန်း လာခဲ့ ကာ မရဏာ ခရီးသည် အရင်ကထက်စာရင် နီးကပ်လာခဲ့တာ အမှန်ပါ..။ 

ဒီနေ့လားနက်ဖြန် လား၊ ပိုင်းခြား မရ နိုင်သော်လည်း အနှေးနဲ့အမြန်ဆိုတာ ကတော့မေ့ထားလို့ မဖြစ်တဲ့ အရာပါ..။

သတိပဋ္ဌာန သုတ္တန် ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မ ဖတ်ဘူးခဲ့တာက … ယောအတွင်းဝန် ဦးဘိုးလှိုင် က သူသေခါနီး ပြင်ဆင်တာ…။ သေမယ်လို့ ထင်မှတ်ရတဲ့အချိန် ရဲ့ တစ်လ အလိုလောက်မှာ ဘယ်သူနဲ့ မှ အတွေ့မခံတော့ဘူး၊ အလုပ်ကိစ္စ တွေ ဖြတ်တောက်ခဲ့တယ်..။

မိသားစု ကိုသော် မှ ထမင်း ပို့ရုံလောက်သာ ခွင့်ပြုတယ်..။ တရားဆွေးနွေးလို့ ရတဲ့ ငယ် သူငယ်ချင်း တစ်ဦးနဲ့ အတူနေပြီး နေ့စဉ် ညတိုင်း မဟာသတိပဋ္ဌာန သုတ္တန် ဒေသနာတော်မြတ်ကို ရွတ်ဖတ်ပူဇော် ပါသတဲ့..။ တရားတော်ကို လည်းဆွေးနွေးရင်း ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို လှပစွာအဆုံးသတ်ခဲ့ပါတယ်..။

*သတိ*ဆိုတဲ့ စကားလုံး လေးကို နားလည် ကြည့်မယ်ဆိုလျှင် စိတ်၊စေတသိတ်၊ရုပ်၊ နိဗ္ဗာန် ဆို တဲ့ ပရမတ္ထ တရား လေးပါး ရှိတဲ့အထဲ မှာ သတိ ဆိုတာ စေတသိတ် တစ်ခု ဖြစ်ပါတယ်..။

အာရုံ တစ်ခုကို စိတ် မှာ ယှဉ် တဲ့ သညာဆိုတဲ့စေတသိတ် တစ်ခု ကလိုက်လံ မှတ်သား ပေးပါတယ်..။ သညာ ရဲ့ မှတ်ပါများတဲ့ စွမ်းအား ကို သတိ လို့ ခေါ်ကြောင်း ကျေးဇူးတော်ရှင် ဆရာတော် အရှင် ဣန္ဒြိယ က * သတိပဋ္ဌာန် နည်းကျ ၊ဝိပဿနာ ရှုနည်း* သင်တန်းမှာ ရှင်းပြတော်မူခဲ့ပါတယ်..။

သညာ အားကောင်းတဲ့ အခါ သညာစေတသိတ်သည် သတိအသွင်ကူးပြောင်းသွားပါလိမ့်မယ် လို့ ရှင်းပြတော်မူပါတယ်...။ 

ထို အခါ အာရုံ အမှတ်အသားသည် ခိုင်မြဲသွားပြီး ခဏခဏ မှတ်မိသွားတာကို *သတိ* လို့ ခေါ်တာဖြစ်ပါတယ်.။ သတိ ကို ရှာချင်ရင် သညာ မှာ ရှာ ရပါတယ်..။

ကျွန်မ တို့လောကီ နယ် ပယ် မှာလည်း သတိရလိုက်တာ အောက်မေ့ လိုက်တာ လို့ လည်း သုံးစွဲကြပြန်သေးတော့ ……. အာရုံ ခြင်းတော့ကွာပါလိမ့်မယ်.. အမှတ်ရ အောက်မေ့ခြင်း ကတော့ အတူတူပါ..။

သင်္ဂါယနာ တင် အဋ္ဌကထာ ဆရာတွေက ဒီလို အဓိပ္ပါယ် ဖွင့်ဆိုပေးခဲ့ပါတယ်..။ 

သတိပဋ္ဌာန် ဆိုသည် မှာ အာရုံ ၌ အောက်မေ့ မှု၊ အမှတ်ရမှု သဘော သည် *သတိ* ဖြစ်၏ ။ တည်နေမှု၊ သက်ဝင်နေမှုသည် *ပဋ္ဌာန* မည်၏ ။ အာရုံ တို့ ၌ အောက်မေ့အမှတ်ရ နေမှု ဖြင့် သတိမပြတ်ကပ်လျက် သက်ဝင်တည်မြဲနေမှုကို ပင် သတိပဋ္ဌာန် လို့ ခေါ်ပါတယ်..။ 

ဘယ်နေရာမှာ တည်နေ မှာလဲ၊သက်ဝင်နေမှာလဲ ဆိုတော့ *ကာယ ၊ဝေဒနာ ၊ စိတ္တ၊ ဓမ္မ * ဆိုတဲ့ ဝိပဿနာ အာရုံ လေးမျိုး ကို ဆိုလို ခြင်းဖြစ်ပါတယ်..။

ကျေးဇူးတော်ရှင် မြတ်စွာဘုရား က * သတိံ ခွာဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမိ * ချစ်သား၊ ရဟန်းတို့ ၊ သတိတရားသည် ၊အကျိုးစီးပွားအလုံးစုံကို ပြီး စီးစေနိုင်သော တစ်ခုတည်းသော တရားဟု ငါဘုရားဟောကြားတော်မူ၏။ မိန့်ကြားတော်မူ၏ ။

သတိရှိသူသည် ကုသိုလ် သုစရိုက်မှုတို့ကိုမမေ့မပျောက်အောင် စောင့်ရှောက်ထားနိုင်စွမ်းလည်းရှိပါတယ်..။ဒါန ကိုလည်းပြု နိုင်တယ်၊ သီလကိုလည်း စောင့်ထိန်းနိုင်ပါတယ်..။ သမာဓိကိုလည်း ပွားနိုင်သလို ၊ ပညာကိုလည်းဖြစ်ပေးစေနိုင်ပါတယ်..။ 

ဒါကြောင့်မို့ လည်း ဓမ္မပဒ ၊အပ္ပမာဒဝဂ် မှာ မမေ့မလျော့ မှု ၊ အမှတ်ရနေမှု ဆိုတဲ့ သတိတရား ကိုပင် * အပ္ပမာဒ* တရား လို့ ဟောကြားတော် မူခဲ့ပါတယ်..။

ထို အပ္ပမာဒ တရား တန်ဘိုးနှင့်ပတ်သက်ပြီး တော့လည်း *အပ္ပမာဒေါ အမတံ ပဒံ * မမေ့မလျော့မှု အပ္ပမာဒ တရား သည် မသေရာ နိဗ္ဗာန် သို့ ရောက်ကြောင်း ဖြစ်ပါတယ်။ * ပမာဒေါ မစ္စုနော ပဒံ * မေ့လျော့မှု ၊ သတိမရှိ မှု တို့သည် အိုနာ သေခြင်း ၏အကြောင်း ဖြစ်တယ် လို့ နာကြားရပါတယ်..။ 

ကျေးဇူးတော်ရှင် မြတ်စွာ ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်မြတ်ကို ကုရုတိုင်း ၊ ကမ္မာသဓမ္မနိဂုံး ( အခု အိန္ဒိယနိုင်ငံ ၊ အနောက်မြောက် ပိုင်းရှိ၊ နယူးဒေလီ မြို့နယ် ) မှာ ဟောကြားတော်မူခဲ့တာပါ..။

အဲဒီကုရုတိုင်း ကလူတွေက ဘုရားရှင် မဟောကြား ခင်ကပင် သတိတစ်လုံး စွဲမြဲစွာ သုံး လေ့ရှိကြပါတယ်..။ သတိပဋ္ဌာန် မှ လွတ်သော သတိမဲ့ စကားကို ဘယ်သောခါ မှ မပြောဆိုကြပါတဲ့..။ 

လမ်းမှာ တစ်ဦးနဲ့ တစ်ဦး တွေ့ လျှင် လည်း * အို အမ သင်သည် အဘယ် သတိပဋ္ဌာန် ဘာဝနာကို နှလုံးသွင်းလာပါသလဲ * လို့ မေးတဲ့အခါ * ငါသည် ဤ မည်သောသတိပဋ္ဌာန်ကို နှလုံးသွင်း ပါ၏ * လို့ဖြေ လျှင် * တဝ ဇီဝိ တံ ၊သုစိတံ = သင်၏ အသက်ရှင်မှုသည် ကောင်းသောအသက်ရှင် မှု *ပါပဲ လို့ ချီးမွမ်းစကားပြော ဆိုကြပါတယ် တဲ့..။

အဲလို အသိဥာဏ် ကြီးမားကြတဲ့ သူတွေ နေထိုင်တဲ့ နေရာ မို့လို့ ဘုရားရှင်က ထို ကုရုတိုင်း ၊ ကမ္မာသဓမ္မ နိဂုံး မှာနေသူတို့ ရဲ့ စရိုက် ၊ဝါသနာ၊ ပါရမီဥာဏ် ကြီး ပုံကို သိမြင် တော်မူလို့ မဟာသတိပဋ္ဌာနသုတ္တန်ကို ဟောကြားခဲ့ ခြင်း ဖြစ်ပါတယ်..။

ကျွန်မမှာ မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်မြတ်ကို သင်ယူခွင့်ရခြင်း ရဲ့ ထူးမြတ်သောအခွင့်အလန်းကို အလွန်ပဲတန်ဘိုးထားမိပါတယ်..။

* တဝ ဇီဝိ တံ ၊သုစိတံ = သင်၏ အသက်ရှင်မှုသည် ကောင်းသောအသက်ရှင် မှု * ဖြစ်ခဲ့ပြီ ဆို ရင်ပဲ အချိန်မရွေးကျရောက်လာမဲ့ သေခြင်း တရား ကို အေးဆေးညင်သာ စွာ လက်ခံ နိုင် တော့မှာမဟုတ်ပါလား။

မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်မြတ်ကို ကျမ်းရင်းအတိုင်း ပါဠိ စကားလုံး များကို တိတိကျကျ ပြန်ဆို ရည်ညွှန်းသင်ကြားတော်မူပေးတဲ့ ကျေးဇူးတော်ရှင် ဆရာတော် ဓမ္မစက္ခု ဆရာတော် အရှင် ဣန္ဒြိယ ( သျှင်မိုးဝေ) ကို ရိုကျိုးလေးမြတ်စွာရှိခိုး ပူဇော်မိပါတယ်..။ 

ဆရာတော်သက်ရှည် ကျန်းမာစွာ သာသနာပြုနိုင်ပါစေရန်လည်းဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်..။

မေတ္တာဖြင့်
သစ္စာအလင်း

နဂါးပွက်တောင်


ဆိုတာ..ကျွန်မ အခု ပထမဆုံး ရောက်ဘူးပါတယ်...။

ရွှံ့ မီးတောင် တစ်ခု ဖြစ်တယ်...။ အမြင့်ပေ ၃၀ ၊ထိပ်ဝ ၈ပေခန့်ရှိတယ်..။

မီးတောင်က ချော်ရည်တွေ စီးထွက်သလို..

ရွှံ့မီးတောင်က နေ မီသိန်းဓာတ်ငွေ့ တွေထွက်နေလို့ ....

ရွှံ့ မီးတောင်က ပွက်တာ ဖြစ်ပါတယ် တဲ့..။

ကန်တော့တာ ဆုတောင်းတာ တွေ...နဂါးတွေ ရှိတယ်လို့ယုံကြည်တဲ့....

ကိစ္စတွေကျွန်မဘာမှမပြောလိုပါ..။

အနတဂ္ဂမ သံသရာမှာ ကိုယ် နားမလည်တာတွေများစွာရှိသလို

မတော်ဘူးတဲ့ဆွေမျိုးမရှိ ဆိုတဲ့....

သံသရာဆွေမျိုး ဆိုတဲ့

မေတ္တာယှက်နွယ် မှုကိုလည်း ဝေဖန်စရာအကြောင်းမရှိပါ..။

ထိုသို့ သဘောထားတယ် ဆိုရင်.....

နေထိုင်ရာဘုံဗိမာန် ကို နွားနို့လောင်းထည့်သင့်ပါသလား...။

လာလည် တဲ့လူတိုင်း အဲလို ထည့်ကြမယ် ဆိုရင်...မီးတောင်ရဲ့ pH, Temperature , Texture ပြောင်းလဲအောင်ဖန်တီးသလို ဖြစ်မနေဘူးလား။

ဓာတု ဖြစ်စဉ်တွေ ပြောင်းပြီး မီသိန်းမထွက်တော့ရင်ကော....

နဂါးတွေ ရှိတယ် လို့ ယုံကြည်ရင် ..အဲလို ပျက်စီးအောင်မလုပ်သင့်ဘူး လို့ထင်ပါတယ်...။

ဒါဟာ သဘာဝ ကပေးအပ်လာတဲ့ဆန်းကျယ် မှု..အလှအပတရား

ကိုဒေသခံ တွေရဲ့ ဖြောင့်စင်းမှု ၊ တန်ဘိုးထားတတ်မှု တွေ နဲ့

ရေရှည်တည်တံ့အောင်မစောင့်ရှောက်သင့်ပေဘူးလား...။

၁၉ ၉ ၁.... မှာ ကျွန်မ ဖိလစ်ပိုင် ကိုရောက်ခဲ့တဲ့အချိန်မှာ ပင်နာတူဘို မီးတောင်ပေါက်ကွဲ တာ လပိုင်းမျှသာရှိနေချိန်...။

မနီလာ မှာ ပင်နာတူဘိုက ထွက်လာတဲ့ချော်ရည် နဲ့ အရုပ်ကလေးတွေလုပ်ပြီး ကမ္ဘာလှည့်ခရီးသည် တွေရောင်းတာ ကျွန်မ မြင်ခဲ့ဘူးတယ်...။

မင်းဘူး မှာ ဒီလို လုပ်ရမယ် ..ပုံတူကူးရမယ် မဆိုလိုပါဘူး...။

သဘာဝကိုသဘာဝ အတိုင်းလေး ထားပေးဘို့ ကိုသာကျွန်မ တောင်းဆိုချင်ပါတယ်...။

ဒါဟာ အလှရတနာပဲမဟုတ်ပါလားရှင်..။

ဝိရောဓိ ယုဂ



တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား ရဲ့ ကဗျာ ကို ခံစား ရေးဖွဲ့ ပါသည်။

-အိမ်တွေ ကျယ်လာ တယ် မိသားစု တွေ သေးငယ်သွား….
နေရတာ….ပိုကောင်း လာ ပေမဲ့..မိသားစု တွေ့ဆုံ ချိန် တွေလည်းနည်းလို့သွားခဲ့ပြီ….။

-ရယူခဲ့တဲ့ ဘွဲ့ တွေကတော့များ နေပါရဲ့ သို့သော် နှလုံးသားထပ်တူပြုကာ ခံစား စွမ်းဆောင်ပေးနိုင်သော အရာများ ပျောက်ဆုံးသွား တာကြာခဲ့ပါပကော…။

-ဗဟုသုတတွေ များလိုက်တာ …ဆုံးဖြတ်နိုင်စွမ်း ကတော့ဖြင့်မရှိ ပါလေတော့..။

-လောကမှာ ကျွမ်းကျင်သူတွေများ လာတာနဲ့ ပြေလည် သွားရမဲ့ အစားပြဿနာ တွေ ပဲများလာတာအဖတ်တင်….ဆင်ခြင်စရာ အတွေး..။

-ခေတ်ပေါ်ဆေးဝါးတွေ ပေါများ ..သလောက် ချိနဲ့ လာတဲ့ ကျန်းမာရေး ကသူနဲ့ မဆိုင်သလို..။

-ကျွန်မ တို့လူသားတွေ လကမ္ဘာ ကို အသွားအပြန် လုပ်နိုင်ခဲ့ကြတယ်..စကြာဝဠာကိုအောင်နိုင်ခဲ့ကြတယ်..
သို့သော်ကိုယ့်အိမ်နီးချင်း ရဲ့ ကျန်းမာရေး သတင်းမေးဘို့ရာ ..ခြားနေတဲ့လမ်းကလေး ကို ကူးဖြတ် မသွားနိုင်ခဲ့..။ 

-ကျွန်မ တို့ ကွန်ပျူတာေ တွ အိုင်တီနည်းပညာတွေ တီထွင်ခဲ့ကြ ..ဆက်သွယ်ရေးစနစ် တွေ တည်ဆောက်ခဲ့ကြ..တယ်..။
ငါ ရဲ့ သတင်းကိုသူသိဘို့လို တယ် ဆိုတဲ့ကိုယ်ချင်းစာ စိတ် အတွေး နဲ့ ဆက်သွယ် ဘို့ တော့မေ့နေကြတာ..အမှန်ပါ..။

-အရည်အတွက် တွေ တိုးပွားလာမှုပေါ်ပီတိဖြစ်ရင်း…… ငွေတွေ ပစ္စည်းတွေ ရေတွက်ကြည့်ရင်း..
အရည်အသွေး ရဲ့အရေးပါမှုကိုမေ့လျော့နေကြတယ်..။

-အမြန် ဆုံး ရတဲ့ အစားအသောက်တွေ အလွယ် တကူ ရနေသော်လည်း အစာချေဖျက်နှုန်းတွေကတော့မကောင်း လှတော့ပါဘူး ။

-အသွင်အပြင် ခန့်ညား..လှပ..စာရိတ္တခြစား…..ကာလ တွေလျား ခဲ့…။ 

-နက်ရှိုင်းတဲ့အမြတ်အစွန်းတွေ တူးဖေါ်ရှာဖွေရင်း….. ရင်းနှီးကျွမ်းဝင်တဲ့နှလုံးသားတွေ 
အပေါ်ယံ မှာ သိမ်ငယ်သွား…..။

++++ဒီကာလ များ မှာ…..
ကျွန်မ ဟာ……
ကရုဏာ နှလုံးသား ……နဲ့
ဆိတ်ငြိမ် ရာကို သွား.......
တစ်ယောက်ထဲ သာ ပျောက်ဆုံးသော အရာများ ကိုရှာဖွေနေချင်မိတော့တယ်..။

မှတ်ချက်။ ။ ဒလိုင်းလားမား ရဲ့ ကဗျာ ကို ခံစား ရေးဖွဲ့ ပါသည်။ 

The Paradox of Our Age ( Dalai Lama )
=========================

We have bigger houses but smaller families;
more conveniences, but less time.

We have more degrees, but less sense;
more knowledge but less judgement;
more experts, but more problems;
more medicine but less healthiness.

We’ve been all the way to the moon and back,
But have trouble in crossing the street to meet our new neighbor.

We built more computers to hold more copies than ever,
But have less real communication;
We have become long on quantity,
But short on quality.

These are time of fast foods but slow digestion;
Tall men but short characters;
Steep profits but shallow relationships.

မေတ္တာဖြင့်
သစ္စာအလင်း
ခေတ္တ... ဘန်ကောက်

အာဃာတ ဖြစ်ကြောင်း (၃)ပါး (သို့မဟုတ် ) အမုန်း ၏ နိဒါန်း



မူလ နှစ်ဖြာ ဆိုတဲ့ ( အဝိဇ္ဇာ နဲ့ တဏှာ ) ချယ်လှယ် ခံ နေရတဲ့ 
ကျွန်မ တို့ လူသားတွေ မှာ အညှိုး အတေး..အမုန်း ဆိုတာတွေ ဆိုတာ ရံဖန်ရံခါ ဖြစ်တတ်ကြပါတယ်..။

ဖြစ်ပါများလာတဲ့အခါ တန်ပြန် ပြုမူလိုတဲ့အာဃာတ အဆင့်ကို ရောက်ရပါတော့တယ်..။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ကြီး ကတော့ ..
ကြိုတင် ရှောင်ရှားနိုင်အောင် ကျွန်မတို့ကို အာဃာတ ဖြစ်ကြောင်း ( ၃)ပါးကို မိန့်ဆို ဆုံးမ ဘူးပါတယ်..။

၁။ လူတွေ ဟာ ကိုယ့်ဖာသာ ကိုယ်နေသော်လည်း ၊ ထိခိုက်အောင်ဆိုတဲ့ရည်ရွယ်ချက်မရှိသော်လည်း ကိုယ့်အပြုအမူ အနေအထိုင်ဟာ တစ်ဘက်သား ရဲ့ လာဘ်ပပ်သကာ ၊ ပူဇော် အကျော်အစော ကို ထိခိုက်သွားတယ် ဆိုရင် ကိုယ့်အပေါ် အာဃာတ ဖြစ်ပါတယ် တဲ့..။

၂။ လူတွေ ဟာ ကိုယ့်ဖာသာ ကိုယ်နေသော်လည်း ၊ ထိခိုက်အောင်ဆိုတဲ့ရည်ရွယ်ချက်မရှိသော်လည်း ကိုယ့်အပြုအမူ အနေအထိုင်ဟာ တစ်ဘက်သား ချစ်ခင် မြတ်နိုးသူတို့ရဲ့ အပေါ် အကျိုးသက်ရောက်ပြီး လာဘ်ပပ်သကာ ၊ ပူဇော် အကျော်အစော ကို ထိခိုက်သွားတယ် ဆိုရင် ကိုယ့်အပေါ် အာဃာတ ဖြစ်ပါတယ် တဲ့..။

၃။ ထိုသူတစ်ဦးတစ်ယောက်ရဲ့ ရန်သူအပေါ် အားပေးအားမြှောက် ပြုခဲ့မယ် ဆိုရင်လည်းအာဃာတ ဖြစ်ပါတယ် တဲ့..။

ထို (၃) ချက်ကို လွတ်အောင်ရှောင် ဘို့ ဆိုတာ သတိထားသော်လည်း တစ်ချိန်မဟုတ်တစ်ချိန် ညိနိုင်တတ်တော့တာ ဆိုတော့ …… အမုန်းတွေ အာဃာတတွေ မွေးဖွားစေတော့တာ ../
ဒါကြောင့် ဘုန်းဘုန်းက ကျွန်မ တို့ ယောဂီ များ ကို အကြွားအဝါ ဘက် အားမသန် အောင် ဆုံးမပေးတော်မူပါတယ်..။

ဖြစ်လာ ခံလာခဲ့ရလျှင်လည်း တရားခံ မူလနှစ်ဖြာ ကိုမြင်အောင်ကြည့်ဘို့ မိန့်ပါတယ်..။

တောလေးက အေးချမ်းလိုက်တာ… ရွာလေးကနှစ်သက်စရာ ပဲ…. စသည်ဖြင့် နေရာရွေးကာအေးချမ်းပါတယ် ဆိုသော်လည်း ထို မူလနှစ်ဖြာ ချယ်လှယ်ခွင့် ရနေသော နေရာ မှန်သမျှ… အာဃာတ တွေ အမုန်းလှိုင်းတွေ..... ရိုက်ခတ် နေအုံးမှာပါပဲ..။

တကယ် အေးချမ်းချင်တယ် ဆိုရင်တော့ ကိုယ်ကစပြီး ပြင်ရမှာပါ..။
ကိုယ့်ရင်ထဲက မူလနှစ်ဖြာ နည်းသွား အောင် လျော့ပါးသွားအောင် ကျင့်ကြံ ကြိုးစားရ မှာပါ လို့ ကျွန်မ အသိ ဝင်ပါတယ်..။

ကျွန်မ ရဲ့ အတိတ်မှာ လည်း......
ထို (၃) ချက်နဲ့ ကိုက်ခဲ့တာ ရှိနိုင် ရှိခဲ့တာ ဆိုတော့ …. သိတဲ့နေရာ မှာ ရပ်..ထပ်မမှား စေတော့ပဲ.
.ကြား ရင်ကြားရုံမျှ သာ.

.မြင်..မြင်ရုံမျှသာ… နှလုံးသွင်းလျက် နေရန် ကြိုးစားရပါတော့တယ်..။ ဘဝ နေဝင်ချိန်…လက်ကျန်ကာလ မကြာတော့ဘူးဆိုတာ 

ဆင်ခြင် မိ သမျှ ဘယ်သူ့ကို မှ အမုန်း နိဒါန်း များ မပျိုးစေချင်တော့ပါ..။

အမုန်းများ နိဂုံးချုပ်စေ လိုလှပါတယ်..။

Living is an art ဘဝနေထိုင်ခြင်းသည် အတတ်ပညာ တစ်ခု.. ပင်မဟုတ်ပါလား ။

မေတ္တာဖြင့်
သစ္စာအလင်း

အာရုံကို အညိအတွယ် မရှိ တဲ့ စိတ်ရဲ့ ကျက်စားမှု




- အာရုံကို အညိအတွယ် မရှိ တဲ့

စိတ်ရဲ့ ကျက်စားခြင်း တဲ့...။

ဒီနည်း ကို ဆရာတော်ဘုရား ထံပါးသင်ယူခွင့်ရခဲ့တာ....

သိပ်ကိုနောက်ကျ ခဲ့ ပါလားကွယ်...။

- အသိနယ် ပယ်က ..ညိတွယ် ခြင်း တွင် မကင်း ခဲ့သမျှ

ရင်းခဲ့ရတဲ့ ဘဝ ဒဏ်ရာ....

အနာကျက်လု ဆဲချိန် ကျကာမှ.......

သံဝေဂတွေရမိတယ်...။

- ပြင်းပြ တဲ့အလို ဆန္ဒ ရဲ့ မောင်းနှင်မှု တွေ.... ရဲ့ စေစားရာ.....

ဝေဝါး ကမ္ဘာ.....

သံသရာရှည် ဘို့ ဖြစ်ခဲ့တယ်..။ 

- ငုဝါရောင် နွေ.... ရေလို အေးလျက်.. 

ပြိုပျက် ...တိမ်တိုက်.....

အခိုက်အတန့် ဆည်းဆာ......

နေဟာ ဝင်ချိန် နီးခဲ့ ပြီ...။

- တကယ် တော့လေ....

ကြွေပြီးသစ်ရွက်..ပြန်မဆက်

မက်ပြီး အိမ်မက် ..ပြန်..မမက်....

ကုန်ပြီး နေ့ရက်.... ရရန်ခက် သတဲ့..။

အိပ်မက်သံသရာ.....

သေချာ နိုးထ သင့် တာပေါ့..။

- ထိ..ထိ... ဆို မထိ....

မထိ..မထိ ဆို မှ ထိ လေ သတဲ့..။

- ရှိ..ရှိ ဆို......ခိုဝင်ခိုက်.....

မရှိ..မရှိ..မှ အသိ တစ်စ ငြိမ်းလေဘိ...။

- မလို..မလို ..ကိုယ်ဟာ 

ဘာ မှ မလို.....ဆိုကာ... မျက်လွှာပိတ်မိတယ်...။

- သိစရာ..ကို သိနေတာ...

ဒီ၂ ခုသာ ကျန်ခဲ့တယ်..။

- မဟုတ်တာ ကို မသိချင်တာ...

အမှန်ရှာရင်း ညင်းမိတယ်..။

- ထို..ထို..... အရိပ်.....

စိတ်သဏ္ဍန် မှာ... ဘာတွေ ပြောပြော

မှော်ရုံတော မှာ.....မောရုံသာ ရှိ

အညိအတွယ် ... မရှိခဲ့ပါ......

သေချာ ဖမ်းဆုပ်..မဟုတ်ခဲ့တာ......

ရုပ်နာမ် ..ဓမ္မ..သဘာဝ နဲ့

တစ်ခဏ ကို 

လွှတ်ချ နိုင်ခဲ့ ပါပကော...။

မေတ္တာဖြင့်

သစ္စာအလင်း

အလုပ် ခေတ္တနားရင်း...ကဗျာ တစ်ပုဒ် ရေးဖြစ်ခဲ့တယ်..။

ခေတ္တပါဝါဟိုတယ်၊ လားရှိုး

၂၅.၃.၂၀၁၉

(( လောက ၌ အကဲ့ရဲ့ လွတ်သောသူမရှိ …))- ဓမ္မပဒ ဂါထာ -၂၂၇



ဒီပိုစ့်ကို ..ရေးပြီး ပြန်ရှာမရဖြစ်နေခဲ့တာ...။

ဒီနေ့မနက် ရှယ်သူတစ်ဦးကြောင့်..... ပြန်တက်လာတာ တွေ့တော့ဝမ်းသာရပါတယ်..။

ကျမ မှာတော့ ကဲ့ရဲ့ခြင်းကို ခံနိုင်ရည်မရှိတာမဟုတ်......
ကိုယ်လုပ်နေတာတွေ..အကျိုးရှိရဲ့လား....သူတို့ပြောသလိုလားဆိုတာ ဖြစ်လာခဲ့ရင် ..
ဘဝလမ်းကြောင်း ဆိုတာ ပြောင်းသင့်ရင်လည်းပြောင်းရမှာ....လို့တွေးတာပါ...။

အခုတော့ လတ်တလော..ဓမ္မပဒဂါထာ - ၂၂၇ ကိုနှလုံးသွင်းဆင်ခြင်ပါတယ်..။
ဓမ္မပဒ ဂါထာ - ၂၂၇
==============
ချီးမွမ်းခြင်း..နှစ်သက်သဘောကျခြင်း ….. ဆိုတာ ကိုနှစ်သက်တတ်တဲ့ လူ တို့ဟာ…ကောင်းတာတွေ လုပ်နေတဲ့အခါ … ငါ့ကိုတော့ချီးကျူး ကြမှာ ကျေးဇူးတွေ လည်းတင်ကြမှာ ထင်နေတတ်ကြပါတယ်..။ မျှော်လင့်ထားတတ်ကြပါတယ်။ ကျမ အပါအဝင်ပါ..။

တကယ်တော့ လူတွေ ဟာ သူတို့ ရင်ထဲ မှာ အရင်ကသိဘူးတဲ့ အရင်က ကိန်းထားတဲ့အသိ နဲ့ ချိန်ထိုးပြီး ဝေဖန်ဘို့ ဆုံးဖြတ်ဘို့ စောင့်ကြည့်နေတယ် ဆိုတာကတော့ တကယ့် အမှန်တ ရားပါ..။

ထိုဝေဖန်ချက်က မမျှော်လင့်တဲ့နေရာကထွက်ပေါ်လာတတ်ပြီး ကြည်လင်နေတဲ့ သဒ္စ္ဒါ တရားကို ညစ်ညူးနောက်ကျိသော ဒေါသ သည်မွှေ နှောက် တတ်တာ တွေ့ ကြုံရတဲ့ကျမ ကတော့…..ကျမ ရဲ့ ကိုယ်ခံအား ခံစစ်တွေ ကိုစစ်ဆေးရပါတော့တယ်..။

ကျေးဇူးတင်လိုက်တာ…ဆိုတာ ထက် ဟုတ်ပါ့မလား ကွယ်..ဆိုတဲ့… စကားတွေကို ကြိုတင် မျှော်လင့်ထားဘို့ ..တည်ကြည်စွာတုန့်ပြန် ဘို့ ကိုလည်း ကြိုတင်ပြင်ဆင် ရပါတော့တယ်..။

အကုသိုလ် ဆိုသည်မှာ……. မျှော်လင့်တာ နဲ့ ဖြစ်လာတာ ကွာဟ ချက်ပေါ်တိုင်း ထွက်ပေါ် လာတတ်သည်မို့ အစကတတတည်းက ဖြတ်တတ်တာ ပဲလေ…. လောကသဘာဝ ပါပဲလို့ နှလုံးသွင်းဆင်ခြင်ခြင်းသည်အကောင်းဆုံး လို့ ကျမ ကိုယ်ကျမ ဆုံးမ ရ ပါတယ်..။

ဒီအခါ မှာ ကျမ ဟာ ကျေးဇူးတော်ရှင် မြတ်စွာဘုရားရှင်ဟောကြားတောမူတဲ့ ဓမ္မပဒ ဂါထာ နံပါတ် ၂၂၇-၂၂၈-၂၂၉-၂၃၀ တို့ ကို သတိရ မိပါတယ်..။
ဘုရားရှင် ဇေတဝန် ကျောင်းတော်မှာ သီတင်းသုံးနေတော်မူတဲ့အခါ မှာ အတုလ ဥပါသကာ ကို အကြောင်းပြုပြီး ဟောကြားတော်မူ ခဲ့တာ ဖြစ်ပါတယ်..။

ထို အတုလ ဥပါသကာ သည်…ကဲ့ရဲ့ ခြင်းကို ကန်ထရိုက်ဆွဲ ထား သလို…….။

ဘုရားရှင် နဲ့ ရဟန္တာတွေ ကြား မှာ ဖူးတွေ့နေရသော်လည်း သဒ္ဓါ ပီတိ စွမ်းအားကိုထုတ်ယူ တတ်ခြင်း မရှိ…ကဲ့ရဲ့ ခြင်း ဖြင့် အကုသိုလ် တိုးပွားစေသူ တစ်ဦး ဖြစ်တာမို့ မြင်မြင် သမျှ ရဟန္တာ များကို ကဲ့ရဲ့ ပါတော့တယ်..။
စကား နည်းတဲ့ အရှင် ရေဝတ မထေရ်ကို ….စကားမပြော တုံဏှိဘော နေတယ်လို့ ကဲ့ရဲ့ ပါတယ်..။

ပညာ ဥာဏ် ကြီးတော်မူတဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကိုလည်း….အဘိဓမ္မာလွန်စွာ ဟော တယ်လို့ ကဲ့ရဲ့ လေ့ရှိပါတယ်..။
အရှင်အာနန္ဒာ မထေရ်မြတ်ကိုတော့..စကားနည်းလွန်း လှတယ် လို့ ကဲ့ရဲ့ ပါတယ်..။

ထို အတုလ ဥပါသကာ ကို ဘုရားရှင်က ဤသို့ ဆုံးမတော်မူပါတယ်..။
အို…အတုလ…..ဤကဲ့ရဲ့ ခြင်းသဘောသည် ရှေးအခါ မှ စ၍ ဖြစ်လာသော..အလေ့တည်း..။ ယခု မှ ဖြစ်သောအလေ့မဟုတ်..။

***စကားမပြော ဆိတ်ဆိတ် နေသော သူကိုလည်းကဲ့ရဲ့ ကုန် ၏။
စကားများများပြော သူကိုလည်း ကဲ့ရဲ့ ကုန်၏။
စကား နည်းနည်းပြောသူကိုလည်းကဲ့ရဲ့ ကုန်၏ ။

(( လောက ၌ အကဲ့ရဲ့ လွတ်သောသူမရှိ …))***
ဟူ ၍ ဓမ္မပဒ ဂါထာ ၂၂၇ ကို ဟော ကြားတော်မူခဲ့တာ.ကိုကျမ ပြန်လည် ပူဇော် ဆင်ခြင်မိပါတယ်..။
၂၂၇ ၊ ပေါရာဏ မေတံ အတုလ ၊ နေတံ အဇ္ဇတနာမိဝ 
နိန္ဒန္တိ တုဏှိမာသီနံ ၊ နိန္ဒ န္တိ ဗဟုဘာဏိနံ ၊
မိတဘာဏိမ္ပိ နိန္ဒ န္တိ ၊နတ္ထိလောကေ အနိ န္ဒိတော..။

(( တရားစကား ၊နာကြားရလျက်၊ မနှစ်သက်၍ 
အမျက်ထွက်ကာ ၊ ဆိုက်ရောက်လာရ အတုလ ၊
နှိမ့်ချ မဲ့ရွဲ့ ၊ ကဲ့ရဲ့ရခြင်း၊ ချီးမွမ်းခြင်းမှာ ၊သက်ဆင်းရှေ့က ဖြစ်လာရ၏။
ယခု မှသာ ဖြစ်လာသည်ကား ၊ မဟုတ်ငြားတည်း။ 
စကားမဆို၊ ထိုပုဂ္ဂိုလ် အား၊ မလို ရှုတ်ချ၊ ကဲ့ရဲ့ ကြ၏ ။
များလှစကား၊ ပုဂ္ဂိုလ်အားလည်း ၊ နားငြီးဘွယ်ရာ ၊ပြောနိုင်ပါဟု 
ဝိုင်းကာရှုံ့ချ ၊ကဲ့ရဲ့ ကြ၏ ။
ချိန်ဆ၍ သာ၊ တိုင်းအတာဖြင့် နည်းစွာစကား ပြောပြန်ငြား လည်း ၊ ကုန်သွားမည့်ဟန်
စိုးရိမ်ဟန်ဖြင့် ၊ ဖန်ဖန်ရှုံ့ချ ကဲ့ရဲ့ ကြ၏။
လောက တစ်ခွင် ၊ ဘုံအပြင်ဝယ် 
လူရှင်မဲ့ရွဲ့ ကဲ့ရဲ့လွတ်သူ ၊ မရှိဟူ၏ ။))

(( O Atula ! Indeed, this is an ancient practice, not one only of today: they blame those who remain silent, they blame those who speak much , they blame those who speak in moderation. 
There is none in the world who is not blamed.))

ဤသို့ မျှော်လင့်ဆင်ခြင် ၊ အဆင်သင့်ပြင်ထားရင်တော့…. ဘောလီဘော ပစ်တာ စောင့်ဖမ်းသူလို အသာအယာ ပါပဲ ။

မမျှော်လင့် ထားရင် တော့ တစ်ထောင့်တနေရာ က ပစ်သွင်းကန်ထုတ်လိုက် တဲ့ ဘောလုံး နဲ့ တစ်ဘိုင်းဘိုင်း ဝင်တိုးပြိုလဲရမှာ အမှန်..။

ဤသို့ မဆင်ခြင် ပဲ Face Book ပေါ် မှ Like များ Comment များ ကိုအဆုံးတိုင် သက်ဝင်ယုံကြည်မနေပဲ အမှန်တကယ် သူ့ရဲ့ နောက် က ရှိတတ်တဲ့သဘာဝကို နှလုံးသွင်းထားရင် အကုသိုလ် နည်း စွာ သက်သာရာရမှာ အမှန် ဖြစ်သလို.....
ကိုယ်ကိုယ် တိုင်လည်းမပြုမူမိအောင်ဆင်ခြင်ရမယ် ဆိုတာ..တွေးမိရင်း..။

မေတ္တာဖြင့်
သစ္စာအလင်း
၂၀.၄.၂၀၁၇