Thursday, June 30, 2011

ပိုင်းလော့ဆရာတော်ဘုရားကြီး ၏ ထိုင်းနိုင်ငံ သို့ ပထမဆုံး ဓမ္မဒူတ ခရီးစဉ်


ပိုင်းလော့ဆရာတော်ဘုရားကြီး ၏ ထိုင်းနိုင်ငံ သို့ ပထမဆုံး ဓမ္မဒူတ ခရီးစဉ်

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးသည် ထိုင်း နိုင်ငံ တွင်မှီတင်းနေထိုင် လျက်ရှိကြကုန်သော ဝေနေယျများ အတွက် ကရုဏာရှေ့ထား ၍ ပထမဆုံးသော ဓမ္မဒူတ ခရီးစဉ် ကြွရောက်တော် မူမည်ဖြစ်ပါသည်။

ကြွရောက်မည့် ရက်မှာ ၂၅.၇.၂၀၁၁ မှ ၂.၈.၂၀၁၁ အထိဖြစ်ပါသည်။

ကြိုတင် ညှိနှိုင်းချက်များအရ တရားပွဲအစီအစဉ် များကို သတ်မှတ်ထားရှိပါသည်။

၂၈.၇.၂၀၁၁ --- Asian Institute of Technology -ခင်ပွန်းကြီး ဆယ်ပါးကန်တော့ပွဲ

၃၀.၇.၂၀၁၁----Assumption University တရားစခန်း

၃၁.၇.၂၀၁၁----Assumption University တရားစခန်း

တစ်ဦးချင်း အိမ်သို့ ပင့်ဖိတ်ဆွမ်းကျွေး လိုသောသူများ၊ နေထိုင်ရာ အုပ်စု အလိုက် တရားပွဲပင့်ဖိတ်လိုသောသူများသည် အောက်ပါ ဖုန်းနံပါတ်များသို့ ကြိုတင်စီစဉ် နိုင်ပါရန် အတွက် ဆက်သွယ် နိုင်ပါကြောင်း အကြောင်းကြား နှိုးဆော်အပ်ပါတယ်။

၁။ ဦးဇော်ဇော်လှိုင်---၀၈၉၁၁၇၂၇၃၁

၂။ ဒေါက်တာလှသိဂီင်္----၀၈၀၉၉၅၄၂၄၀

၃။ မသက်ထားမြင့်----၀၈၉၈၉၉၀၃၅၇

၎။ ဒေါက်တာသန်းသန်းစိန်----၀၈၅၆၈၉၇၅၈၂

ဆရာတော်ဘုရားကြီး ၏ ဓမ္မဒူတ ခရီးစဉ် အောင်မြင်စေရန် ကူညီပံ့ပိုးပေး ပါသော ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး နှင့်ဇနီး

အရှင်ပညာဇောတ(ပညာဇာနည်၊မျိုးဇာနည်)၊ မကျော့ကေကေခိုင် (မန်နေဂျာ-Piavate Hospital ) နှင့်

Assumption University မှ ဆရာ ဆရာမများ ၊ချစ်ခင်ရပါသော AIT Community အားလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖေါ်ပြအပ်ပါတယ်ရှင့်..။

သတ္တဝါ မှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ။

မေတ္တာဖြင့်-သစ္စာအလင်း

Tuesday, June 21, 2011

၅စက္ကန့်ပဲလိုပါတယ်

ငါးစက္ကန့်သာလိုပါတယ်

ကျွန်မ အပါအဝင် လူတွေ တော် တော် များ များ ဟာ (လောကဓံ) ဆိုတဲ့ လောကဓမ္မတရားတွေ နဲ့ ရင်ဆိုင် တွေ့ ကြုံရ တဲ့အခါမှာ လောကရဲ့ ဒဏ်ရာဒဏ်ချက်တွေဟာဖြင့် ပူလိုက်တာ…ခက်လိုက်တာ…စိတ်ညစ်လိုက်တာ…စိတ်ပျက်လိုက်တာ ရယ်လို့ အမှတ်တမဲ့ဖြစ်စေ…ဖွင့်ဟ ဖေါ်ထုတ် ညည်းညူတတ်ကြပါတယ်..။ အားကိုး တို့ ထွက်ပေါက်တို့ ဆိုတာကို စမ်းတစ်ဝါးဝါး ရှာဖွေကြ ရင်း လမ်းမှန်သူက လည်းမှန် မှားသူလည်းမှား ပေါ့လေ..။ ဗေဒင်ဆရာ ဆီရောက်လို ရောက် ဓာတ်ရိုက် ဓာတ်ဆင် လုပ်လို လုပ်..။ နည်းမျိုးစုံ နဲ့ ဆင်းရဲဒုက္ခ လျော့ပါးသက်သာမှုကို ရှာ လိုကြပါတယ်..။

ကျွန်မလည်း အဲလိုမျိုး လုပ်တဲ့လူတွေ ထဲမှာပါခဲ့ဘူးပါတယ်..။

ရတနာ ဒီပံ အင်းချထားတဲ့ ဖယောင်းတိုင်လည်းထွန်းခဲ့ဘူးပါ ရဲ့။ ဆောင်းမနက်ခင်းရဲ့ အေးစက်စက် ချမ်းစိမ့်နေချိန်မှာ မှာကိုယ်က ဆွယ်တာဝတ်ထားပြီး သက်ရှိထင်ရှားဘုရား ရယ်လို့ ကိုးကွယ်မြတ်နိုးရမှာကို မညှာမတာ မေ့လျော့စွာ ကိုယ့်အတွက် ယတြာ ကျေရေး အတွက် သက်စေ့မျှသောခွက်ရေဖြင့် ရေများခပ်ယူလျက် ဆင်းတုတော်ရဲ့ ဦးခေါင်းတော်ပေါ်က ကျော် ချ လောင်းလှူ ခဲ့ဘူးပါတယ်..။ အဘယ်သို့သောကုသိုလ်မျိုးရရှိပါမည်နည်း။

နွေ နေ့လည်ခင်း နေပူပူ မှာ မှာအချိန်ကျပါသတဲ့…တမိနစ်တောင် မလွဲရဘူးတဲ့ ။ ရင်ဆိုင်နေရတဲ့ အပူတွေကင်း ပျောက်သွားအောင် ဘုရားကို ရှားမီး ပူဇော်ရမယ်တဲ့…။ ခြစ်ခြစ်တောက် ပူ နေတဲ့ ဘုရား ရင်ပြင်တော် ပေါ်မှာ ကိုယ့်ကိုကိုကျတော့ အပေါ်ကမပူအောင် ထီးကိုဆောင်း အောက်က နေပူခံကျောက်ပြားနင်းပြီး ရှားမီး ကိုပူဇော်တာ ဟာအပူငြိမ်းစေမယ်လို့ ယုံကြည် ခဲ့ဘူးပါတယ်..။

ဘုရားကို ပန်းသီးမလှူ ရဘူးတဲ့ ..ပင်ပန်းလိမ့်မယ် တဲ့..။

လိမ္မော်သီးကိုလိမ်မာ သီးလို့ ပြော ပြီးလှူ မှ သားသမီးတွေလိမ်မာ မှာတဲ့..။

ဆပ်ပြာမှုန့်လှူရင် အီလန် မလှူ နဲ့ တဲ့ အီပြီးလန် တတ်တယ်တဲ့..။

နေ့ချင်း ညချင်း ကြီး ပွားတိုးတက်ဘို့ အတွက် ဘုရားစင်ပေါ် မှာ သဲ ဇလုံတင်ရေလောင်း ချင်းတက်ကို စိုက်..နေ့ချင်း အတွက် နေ့မှာ ဖယောင်းတိုင် တစ်တိုင်.. ည မှာ တစ်တိုင် ထွန်းညှိ ပူဖော် လိုက်တာ..။ ကိုယ်ကတော့ ချင်းတက်ဆို သေချာလှီး သံပုရာသီးညှစ်..ဆီဆမ်း အကြော်စုံနဲ့မှ စားတာမဟုတ်လား။ ဘုရားရှင်ကို ကျတော့ အတက် လိုက်ကို လှူ ပြစ် လိုက်တာ..။ သဲဇလုံပါ ထည့်ပြီး အေးရာအေးကြောင်းပေါ့လေသဲပါပါ ဘာပါပါ ထည့်ကိုမစဉ်းစားတတ်တာ..။

လှော်ရင်းနဲ့ တက်ရအောင် လှော်တက် ကိုလည်း လှူ ရမယ်တဲ့..။

ကံတလူလူ..အညွန့်တစ်လူလူ ဖြစ်အောင်..စစ်ကိုင်း ကံတစ်လူဘုရား က မြေကြီးကိုအဆောင်အဖြစ် ဆောင်ထားရမယ် တဲ့..ကိုယ်တင်လားထင်လို့ သွားယူ လိုက်တာ… ။ ဘုရား…ဘုရား ကိုယ့်ရှေ့ ကလူတွေ ယူထားလို့ ကျင်းကြီးတောင်ဖြစ် နေပါပကောလား။

ဒီလိုနဲ့ပဲ ကျွန်မတို့ ရဲ့ ထေရဝါဒနိုင်ငံတော်ကြီး မှာ နွေအာရုဏ် မနက်ခင်းတွေမှာ ကြာကြာစံလိုသူများ ရဲ့ အလှူကြောင့် ကြာဆံချက် ဘုဉ်းပေးရင်း ချွေးတွေသီးခဲ့တဲ့ဘုန်းဘုန်းတွေ….။

*အန္တော* ချေချင် တဲ့ ဒကာတွေ ကြောင့် အုန်းထမင်း နဲ့ အုန်းနို့ခေါက်ဆွဲ အုန်းနို့သာကူတွေကို သွေးတိုးတက် အောင်ဘုဉ်းခဲ့ရတဲ့ဘုန်းကြီးတွေ အဘယ်မျှ များနေပြီလဲမသိ..။

သွေးကတိုး..ချွေးကသီး နဲ့ ပရိတ်ရှည် ရှည် ရွတ်ပါ လို့လည်းတောင်းဆိုလိုက်သေး..။

ပရိတ်ရွတ်ပြန်တော့လည်း နာသူကနည်းနည်း ထသွား သူကများများ၊ ကိုယ်နဲ့မဆိုင်သလို ဖာသိဖာသာ ဖြစ်နေတတ် တဲ့ အိမ်ဆွမ်းကပ်ပွဲတွေ..ဟာ တကယ်ကုသိုလ်ဖြစ်ရဲ့လား။

ဘုန်းဘုန်း မေတ္တာပို့ပေးရမယ်နော်…ဘုန်းဘုန်း ဘာလုပ်ပေးရမယ် နော် နဲ့အပေးအယူ လုပ်တတ်တဲ့အလှူတွေလည်း ပါတတ်ပါသေးတယ်.။

အိမ်က ယောင်္ကျား ရာထူးတက်အောင်..။ သားသမီးတွေ စာမေးပွဲ အောင်အောင် ကိုယ့်လုပ်ငန်းစီးပွားတက်အောင်လှူ ကြတဲ့အလှူတွေများ များ နေမိပါသလား ကျွန်မ အဖြေရှာမိပါတယ်။

နာယူဘူးတဲ့တရားထဲက တကယ့်အဖြစ်အပျက် တစ်ခုပါ။…နယ်မှာ အလုပ်လုပ်ပြီး အိမ်ထောင်ကျနေတဲ့ သား ကို တွေ့လိုဇော နဲ့ စားစရာ လက်ဆောင်အထုပ်ကြီး အထုပ်ငယ် သယ်ပိုးပြီး သားဆီကို လာခဲ့တဲ့ အမေတစ် ယောက်…ရှိခဲ့ဘူးပါတယ်..။

ချွေးမ က ယောက္ခကို မကြည်ဖြူ တော့ နတ် ကိုးကွယ် တဲ့ လင်ယောင်္ကျား ကို နတ်ကတော်နဲ့ ပေါင်းပြီး ကြံစည်ပါတယ်..။ ယောင်္ကျားရေ… နတ်ကတော် က ဟောထားတယ် ဗုဒ္ဓဟူး သားသမီး (အမေကဗုဒ္ဓဟူးသမီးကိုး) ညအိပ် ညဉ့်နေ လက်မခံရဘူးတဲ့..။ မေမောပန်းပန်းနဲ့ အိမ်ပေါ်တက်လာ တဲ့အမေ ကို သားကလည်း ဒီမှာမတည်းပါနဲ့အမေ တဲ့ အဲလို ဆီးပြောတော့တာ..။ အမေခမျာ ရင်ဝဆီးကန် ခံရသလို ဖြစ်ရရှာတာပါ..။ သားအကျိုး ကိုလိုလား တဲ့ အမေ က မျက်နှာငယ်လေး နဲ့ သူများအိမ် သွားအိပ် ရပါတော့တယ်…။

သား ရဲ့စိတ်ကို ဆန်းစစ်ကြည့်ရင်..-သူ့အကျိုး အတွက်ပဲ သူတွေးတယ်..သူ ထိပါး မှာစိုးတယ်..။-မိခင် ဘက်က နည်းနည်း လေးမှ မတွေးပေးဘူး။ သားမျက်နှာကိုကြည့်ချင်တဲ့အမေဟာ ဘယ်လောက်ခံစားရရှာမလဲ..။ဘယ်လောက် ကြေကွဲဝမ်း နည်းရမလဲ..။ ကျွန်မ တို့ ရဲ့ ဒါနမှု သီလမှု ဘာဝနာ မှုတွေ အဲလို ဖြစ်နေရော့လား တွေးစရာဖြစ်ပါတယ်..။

ကျွန်မအပါအဝင် မြန်မာလူမျိုး တွေ အမြင့်မား ဆုံး ဖြစ်တဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ် ခွင့်ရကြပါ တယ်။ သူများနိုင်ငံ တွေ မှာမရှိတဲ့ ဘုရားကျောင်း ၊ကန် စေတီ ၊ပုထိုးတွေ ဇရပ်တွေ ပိုင်ဆိုင်ကြတယ်..။ အရည်အသွေးမြင့်တဲ့ သံဃာရတနာတွေကိုလည်း တစ်ခြားသော ထေရဝါဒ နိုင်ငံတွေထက် သာလွန်စွာ ပိုင်ဆိုင်ကြတယ်..။ကုသိုလ် ဖြစ်ခွင့်တွေ တစ်ပုံတစ်ပင် ရှိနေပါလျက်..အကျိုးပေး နုံ နဲ့ ကြတယ် ဆင်းရဲကြတဲ့အကြောင်းကို ဆရာတော်ဘုရားတွေ လည်းစိစစ် ဟောပြောကြ သလို ကိုယ်တိုင် ကလည်း စိစစ်ကြရမှာပါ။

ကုသိုလ် ဆိုတာ သတ္တဝါတွေ ကို ဆင်းရဲကင်းပျောက် ချမ်းသာရောက်အောင် စောင့်ရှောက် ကယ်တင် တတ်တဲ့သဘော ရှိလေတော့ လူတွေ ကုသိုလ် တော့ ပြုလေ့ရှိကြပါတယ်..။ တကယ့် ကုသိုလ် ဟုတ်ကြပါရဲ့ လား။

*ကုသိုလ်*ဆိုတာကို ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရား သင်ကြား ပေးလို့ ကျွန်မ နားလည် သလိုပြောရရင် (စိတ်နဲ့ အာရုံတွေ့ တဲ့အခါ အဆင်ပြေ အောင် နှလုံးသွင်း နိုင်တဲ့အတွက် စိတ်မှီ တဲ့ဘဝင်က ပေါ် ထွက်လာတဲ့ အအေးဓာတ်အဟုန် ကို ကုသိုလ်လို့ ခေါ်တာ လို့နားလည်ပါတယ်..။)

ဒါန သီလ ဘာဝနာ ဆိုတာ ကုသိုလ် ဖြစ်စေတဲ့အလုပ်ရဲ့ အမည်နာမ သုံးမျိုးပါ..။ ကုသိုလ်တွေ တော့မဟုတ်ပါဘူး။ အဲဒီ ကုသိုလ် ဖြစ်စေတဲ့အလုပ်တွေကို အအေးဓာတ် ထွက်အောင် နှလုံးသွင်းမှန်အောင် ဆောင်ရွက်နိုင်မှသာ ကုသိုလ် ဆိုတဲ့အအေးဓာတ်က နှလုံးအိမ်ကနေ စိမ့်ထွက်လာတတ်ပါတယ်..။

သကြား ဆိုတာဘာလဲ..ဒီမှာပါလို့ ပြလို့ရတယ်..။ဆားဆိုတာကိုလည်းပြလို့ရတယ်.. ချိုတယ်ဆိုတာ ကို တော့ပြလို့ မရ.။.ငံတာကို တော့ပြမရ.။.ခံစားမှုနဲ့ သာ သိ လို့ရတဲ့တရား တွေဖြစ်ပါတယ်..။

ကျွန်မ အပါအဝင်ထေရဝါဒဗုဒ္ဓ ဘာသာနာမည်ခံ မြန်မာလူမျိုး တော်တော် များ များ ဟာ *ဒါန သီလ ဘာဝနာ* တော့ လုပ်ကြပါရဲ့..။ အမှန်တကယ် အအေးဓာတ်နဲ့ ကုသိုလ် ဖြစ်ရဲ့လားဆိုတာ ကို လက်ရှိ ဖြစ်ပေါ်နေတဲ့အကျိုးတရားကို စိစစ်ရင်း အကြောင်းတရားမှ တည့်ပါရဲ့ လား လို့ သံသယဝင်စရာဖြစ်လို့နေပါတယ်..။

လှူတယ် ဆိုတာ သူတပါးအတွက်..သူလိုအပ်တာ ကိုဖြည့်ဆည်းပေးတာ..။ မြတ်နိုးတန်ဘိုးထားစိတ်နဲ့ ပေးလှူ ရမှာ သူတပါး ကုသိုလ်၊ ပညာ ၊ ဥစ္စာ တိုးတက်အောင် ငါဘာလုပ်ပေးရမှာလဲ တွေးရမှာနော်။ ကိုယ့်အတွက် ဘာတွေ ကျန်မ လဲ..။ သူ့ကို ဘယ်လို ပြန်ပြီး အသုံးချရမလဲ ဆိုတာတွေ နဲ့ တွက်ကြပါတယ်။ ကိုယ့်ခံစားနေရ တဲ့ အပူ ငြိမ်း အေးမှာလား ကိုယ့် သောကငြိမ်း မှာလား….လို့ စိတ်ကျက်စားကြတာများပါတယ်..။

ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကပြောတယ်…အမှန်တကယ် ချစ်မြတ်နိုးစိတ် တန်ဘိုး ထားတဲ့စိတ်…။နှိမ်ချ ရိုကျိုး တဲ့စိတ်..ပတ်ဝန်းကျင်ပျောက် အချိန်ပျောက်လောက်အောင် ထက်ထက်သန်သန် ပူဇော်မှုမျိုး ၅စက္ကန့် ဖြစ်ရင်တောင် ဘဝရှေ့ရေး အတွက် ၊ သံသရာရှေ့ရေး အတွက် လုံလောက်တယ်တဲ့..။ဒီတရား ကိုဟောတော့ကျွန်မ အတိတ် က အလှူတွေကို ပြန်သတိရမိဖြစ်ပါတယ်..။ အမှန်တကယ် စေတနာ ဖြောင့်စင်း ရဲ့လား ။ငါ့အတွက်..မှ ငါ့အတွက် ဆိုပြီးကွေ့ကောက်ခဲ့ပါသလား…။

ကျွန်မ တို့ မှားခဲ့တယ်ပဲထားအုံး အရှင်ဒေဝဒတ် လောက်တော့မမှားခဲ့ နိုင်ပါဘူး။ မိုက်ခဲ့တယ် မှောင်ခဲ့တယ် ပဲ ထားအုံး အရှင်ဒေဝဒတ်လောက်တော့ မမိုက်ခဲ့ …မမှောင်ခဲ့ကြပါဘူး။

ရွဲ ကုန်သည် ဘဝကတည်းက မနာလိုစိတ်နဲ့ အညှိုး တစ်ကြီး တိုက်ခိုက် လိုက်ရတာ.. ကျေးဇူးတော်ရှင် ဘုရားရှင်ရဲ့ ဘဝဖြစ်စဉ် တွေမှာ ဗီလိန် ဇာတ်ရုပ်ကို ကံထရိုက်ဆွဲထားသလို လိုက်ပါ နှိပ်စက် တော့တာ ပါပဲ။

ရှင်ဒေဝဒတ်ဟာ မြတ်စွာဘုရားအပေါ်၌ အတိုင်းမသိနိုင်လောက်အောင် အာဃာတ ကြီးခဲ့သော်လည်း မြတ်စွာဘုရားရှင်ရဲ့ အတိုင်းမသိနိုင်အောင်ကြီးမားသောမေတ္တာဓာတ်ကို ရှင်ဒေဝဒတ်သည် ကိုယ်ကိုင် ကိုယ်ကျ ခံစားရလာတဲ့အခါမှာ မိမိရဲ့စော်ကား မှုအတွက်ကြီးစွာသော နောင်တတို့ဖြင့် ယူကျုံးမရခံစားပြီး အမြတ်ဆုံးပူဇော်ခြင်းဖြင့်ပူဇော်ခဲ့ပါတယ်..။ သူ့သဘောထားကို ဖေါ်ထုတ်တဲ့နေရာမှာလည်းရင်နင့်ဖွယ်ရာပါ..။

*အမြတ်ဆုံး တို့ထက် ပို၍ မြတ်တော်မူသော …နတ်တို့ထက်လည်းမြတ်တော်မူသော ၊နတ်လူ တို့ကိုကောင်းအောင်ဆုံးမရာ၌ ရထားထိန်းသဖွယ်လည်းဖြစ်တော်မူသော ထက်ဝန်းကျင်ကို အကြွင်းမရှိ..။သိစွမ်းတော်မူသော အရာမက များပြားလှသော ဘုန်းလက္ခဏာ နှင့်ပြည့်စုံတော်မူသာ မြတ်စွာဘုရား ကို ဤ အရိုးတို့ဖြင့်လည်းကောင်း၊ ဤ အသက်တို့ဖြင့်လည်းကောင်း၊ ကျွန်နုပ်သည်ကိုးကွယ် ဆည်းကပ်ပါ၏ *

အဲဒီအချိန်ဟာသူ့ အတွက် လောကမှာနေချိန် စက္ကန့်ပိုင်းလောက်သာကျန်တော့တာပါ..။ ဘာလို့လည်းဆိုတော့ ဇေတဝန်ကျောင်းတော်ရဲ့ ရေကန်ဘောင်မှာ မြေမျိုခံနေရလို့ပါ..။ လျှင်မြန် စွာ တရိပ်ရိပ် နစ်ဝင်နေတဲ့အချိန်လေးမှာ သူဟာ အမှန်တကယ်ပဲဖြောင့်စင်းနိုင်ခဲ့ပါတယ်..။ဟန်ဆောင်စရာမရှိ အောင်ကို လေးနက် ထက်သန်ခဲ့ပါတယ်။နောင်တများ စွာ ဖြင့် အမှန်နဲ့အမှားကို ရှင်းလင်းပြတ်သားစေခဲ့ပါတယ်..။

မဟာပထဝီ မြေကြီးဟာ ပထမဦးစွာ ဖမျက်တိုင်အောင်မြိုပါတယ်..။ နောက်ပဆစ်ဒူး တိုင်အောင်..။နောက်ခါး တိုင်အောင်မြိုပါတယ်..။ ခါးကနေရင်ပတ်တိုင်အောင်မြိုပါတယ်..။ ရင်ဘတ်ကနေ လည်ပင်းတိုင်အောင်မြိုပါတယ်..။ လည်ပင်းမေးရိုးကနေ ပါးစပ်ရောက်ခါနီးထိအချိန်တိုင်အောင် အူလှိုက် သည်းလှိုက် မြွက်ဆို ကန်တော့သွားတာ ဖြစ်ပါတယ်..။

အဲဒီ အချိန်အခိုက်အတန့်လေးမှာပဲ ရှင်ဒေဝဒတ်ဟာ ယုတ်ညံ့သူဘဝ မှ မြင့်မြတ်သူ အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

အလွန်ဖြူစင်မြင့်မြတ်တဲ့ စေတနာ သဒ္ဓါ တရားတို့ဖြင့် သူရဲ့ အသက်နဲ့ ခန္ဓာကိုပူဇော်ခဲ့ပါတယ်..။

အဲဒီ ၅စက္ကန့်လောက်ကြာတဲ့အချိန်လေးမှာ ရန်ညှိုးဖွဲ့ တာတွေ မနာလိုတာတွေ၊ဝန်တိုတာ တွေ လည်း မရှိပါလေတော့..။

အမှန်တကယ် တော့*အရှင်ဒေဝဒတ်*သည် ကျွန်မတို့လိုပါပဲ။

မိမိဘဝကိုကိုးကွယ်ခဲ့ပါတယ်..။

မိမိ ဘဝကိုမြတ်နိုးခဲ့သူသာဖြစ်ပါတယ်..။ မိမိဘဝကိုယုယ ခဲ့သူသာဖြစ်ပါတယ်..။

မိမိဘဝကိုတွယ်တာ ခဲ့သူ သာဖြစ် ပါတယ်..။

အခုတော့ အခြေ အနေတွေပြောင်းပြန်ဖြစ်ကုန်ပါတယ်..။ အတ္တသင်္ဂဟ ကိုတူရှု လျှောက်လှမ်း ခဲ့ရာကနေအခုတော့ အရှင်ဒေဝဒတ်ဟာ ငါ့အတွက်ဆိုတဲ့ အတ္တကိုခွာပြီး လောကသင်္ဂဟ ကို တူရှူလျှောက်သူဖြစ်လို့လာခဲ့တာပါ..။

ယခုရှင်ဒေဝဒတ်သည် လောကကို ယာဇ် ပလ္လင်အဖြစ်လည်းကောင်း ။သူ၏ ဘဝကို ပူဇော်ဖွယ် ယာဇ် ဝတ္ထု အဖြစ် လည်း ကောင်း။ သတ္တဝါ ဝေနေယျ များကို ပူဇော် ထိုက် ဖွယ်ရာ ယာဇ် ပူဇော်ရာ နတ်ဘုရား များ အဖြစ် လည်းကောင်း ၊သံသရာ လွတ် မြောက်ရေး ကို ပန်းတိုင် အဖြစ်လည်းကောင်း သူ၏ သဘောထားများပြောင်းလဲထားတတ်လာ ခဲ့တာပါ..။နောက် ဆုံးအချိန်မှာ ဘဝတစ်ခုလုံး ဖြင့်မြတ်စွာဘုရားကိုပူဇော်ခဲ့ပါတယ်..။

ပူဇော်ခြင်း ရဲ့ အကျိုးကြောင့် ဤ ကမ္ဘာ မှ ကမ္ဘာ တစ်သိန်း အထက်တွင် *အဋ္ဌိဿရ ပစ္စေကဗုဒ္ဓါ *အဖြစ်ဖြင့်ဖြစ် စေ လိမ့်မည် ဖြစ်ကြောင်း ဗျာဒိတ်ပန်းကို ရရှိစေခဲ့ပါတော့တယ်..။

သံသရာသုခ မှန်သမျှသည် သောကနောက် ခံရှိသည်သာ လျှင်ဖြစ်ပါတယ်..။

မမြင့်မြတ်သူတို့သည် သူတပါး မိမိထက်သာသွားမှာစိုးရိမ်ကြပါတယ်..။ ပူပန်ကြတယ် မနာလို ဝန်တိုဖြစ်ကြပါတယ်။ ငါ့အတွက်သက်သက်သာတွေးတတ်လုပ်ဆောင်တတ်ကြပါတယ်။

မြတ်မြတ်သူတို့ကား သူတစ်ပါး ရှိရင်းစွဲအခြေအနေမှ ရွေ့လျော နိမ့်ကျသွားမှာကိုစိုးရိမ် ပူပန်တတ်ပါတယ်..။ မိမိထက်သာ တာကိုကြည်နူးကြပါတယ်..။ ဝမ်းမြောက်ကြတယ် ချီးကျူးကြပါတယ်.။အားတက်ကြပါတယ်..။သူ့အတွက် သူ့ဘက်က စဉ်းစားပေးတတ်ကြပါတယ်..။

လမ်းကြောင်း နှစ်ခု ဟာဆန့်ကျင် ဘက်ပါ… လမ်းကြောင်း ပြောင်းတာနဲ့ အမျှ ဘဝ ဟာ လည်းပြောင်းလဲတတ်ပါတယ်..။

ဒါကြောင့်ပိုင်းလော့ဆရာတော်ဘုရားကြီးက အချိန်ပျောက် ပတ်ဝန်းကျင်ပျောက်တဲ့ ပူဇော်မှုမျိုး ငါးစက္ကန့် ရရင်လုံလောက်တယ်လို့ ပြောခဲ့တာ ပါ..။ဒီလိုအမှတ်တရ စကားလေးနဲ့ လမ်းပေးညွှန်ပြခဲ့ပါတယ်..။

အရှင်ဒေဝဒတ္ထ မထေရ် ရဲ့ ပူဇော်မှုမျိုး အမြတ်ဆုံးပူဇော်ခြင်းဖြင့်ပူဇော်ဖြစ်အောင် ကျွန်မတို့ ကြိုးစားရပါမယ်..။ဒီတရားကို ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားက ထောင်ထဲတွေကို ကြွ ရောက်တရားဟောတဲ့ အခါ ဟောပြောပြသ လေ့ရှိပါတယ်..။

ကျေးဇူးတော်ရှင် မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေကို စိတ်ကပုံဖေါ်ပြီးပတ်ဝန်းကျင် ပျောက်လောက်အောင် ဖြေးဖြေး မှန်မှန် ရွတ်ဆို ပူဇော်ခိုင်းပါတယ်..။ပူဇော်ရင်းစိတ်နဲ့အာရုံတစ်ထပ် ထဲလည်းကျရော ပတ်ဝန်းကျင်ပျောက်ပြီး အအေးဓာတ်က အမှန်တကယ် စိမ့်ထွက်လာတော့တာပါ..။ ဟိန်းထွက်လာတဲ့ရင်ထဲကအသံ နဲ့ အတူ ၃ခေါက် ကနေ ၅ခေါက်လောက် ရတဲ့ အချိန်မှာချမ်းမြေ့ ကြည်နူးရလွန်းလို့ မျက်ရည်တွေ ကျ တဲ့သူတွေကလည်းမနည်းပါ..။ ၁ လ ကနေ ၃လလောက် အတွင်း မှာ ထောင်ကလွတ်တဲ့သူတွေ များစွာပေါ်ထွက်လာတော့တာ ဟာဖြင့် ကျွန်မတို့ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရပါတယ်။

သိပ်ဒုက္ခ ရောက်နေပါတယ် ပူလိုက်တာလို့ လို့ ညည်းညူတဲ့သူတွေတွေ့ လာရင် ကျွန်မ က ဒီနည်းလေး မျှဝေပေးလေ့ရှိပါတယ်..။ အမှန်တကယ်အေးမြချမ်းသာစေလိုတဲ့စိတ် နဲ့ပါ..။

ကျွန်မ တို့ တစ်တွေ…ကိုယ့်အတွက် ဆိုတဲ့ *အတ္တသင်္ဂဟ*ကိုမေ့ပြီး *လောကသင်္ဂဟ* အတွက်…ပတ်ဝန်းကျင်ပျောက် အချိန်ပျောက်ြ့ပီး လေးနက်ထက်သန်စွာ…. ဖြောင့်စင်းမှန်ကန်စွာ…. ပူဇော်ကြရအောင်..။

၅စက္ကန့်ပဲလိုပါတယ်..နော်..။

မှတ်ချက်။ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားဟောကြားတော်မူသော တရားတော်နှင့် ဆရာကြီးဦးရွှေအောင်ရဲ့ လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓဝင်) စာမျက်နှာ- ၇၆ မှ ဖေါ်ပြချက်များကို ကိုးကားရေးသားပါသည်။

မေတ္တာဖြင့်-သစ္စာအလင်း


Friday, June 17, 2011

နယုန်လပြည့်၊မဟာသမယနေ့ (သို့) ငြိမ်းချမ်းရေး ဓမ္မ ဖြစ်တည်ချိန်


မေမေချစ်သောသားသားနဲ့ မီးမီးရေ..။

သည်နေ့ ကတော့ မေမေတို့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ အလေးအမြတ်ထားတဲ့ နယုန်လပြည့်နေ့ကို ရောက်ခဲ့ပြန်ပါပြီနော် ။နယုန်လပြည့်နေ့မှာ မေမေတို့အားလုံးရဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသခင်ဟာ များပြားလှစွာသော နတ်ဗြဟ္မာ ပရိသတ်တို့ကို မဟာသမယ သုတ် တရားတော် ကိုဟောကြားတော်မူခဲ့တဲ့နေ့ ပဲဖြစ်ပါတယ် ။

မဟာဆိုတာကတော့ ကြီးကျယ်မြင့်မြတ်ခြင်း ပေါ့ သမယ ဆိုတာ ကအချိန်-အခါ-ကာလ။ အင်္ဂလိပ်လိုဆိုရင် Special Great Occasion လို့ ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော်ဘုရား က ဆိုပါတယ်။
မေမေတို့ရဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသခင်သည်-- ဘုရားဖြစ်တော်မူပြီး စတုတ္ထဝါ-အရောက်မှာ
မဇ္ဈိမဒေသမှာ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင်မင်းသားတွေက ရောဟဏီမြစ်ကရေကို လုကြတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။သူတို့ရဲ့ စပါး စိုက်ပျိုးခင်းတွေ အတွက်ပေါ့။

သူယူမယ် ငါယူမယ် ဆိုပြီးညင်းကြခုန်ကြရာက စစ်ခင်းကြမဲ့အခြေ အနေအထိ ရောက်ခဲ့ရတာပေါ့ ။ ငယ်ကျိုး ငယ်နာတွေလည်းအပြန်ပြန်အလှန်လှန်ဖော်ကြ နဲ့တင်းမာနေတဲ့ အချိန်ပါ။
နင်တို့ က မောင်နှမချင်း အိမ်ထောင်ပြုတဲ့အမျိုးတွေ--- တစ်ဘက်ကလည်း နင်တို့တော့ အနူမျိုးစသည်ဖြင့်ပေါ့။ အေး--အနူမျိုးအကြောင်း သိစေရမယ်။ ဘာညာ နဲ့ စစ်ကိုပြင်ကြပါတော့တယ်..။
အဲလိုအချိန်ကာလသမယမှာ မြတ်စွာဘုရားရှင်ကြွရောက်တော်မူလာပြီး မေးပါတယ်…။

ပေါက်တူး၊ဂေါ်ပြား စိုက်ပျိုးရေးသုံးပစ္စည်းတွေ အစား ဒါး၊လှံ၊ဒူးလေး တွေသာ သယ်ဆောင်လာ ကြတာကိုး။
ဘာလုပ်ကြမလို့လဲ---ဘာအတွက်လဲ---ရေအတွက်ပါ တဲ့။ ဘုရားရှင် က အဘိုးမတန်တဲ့ ရေ အတွက်နဲ့ အဘိုးတန်တဲ့ သင်တို့ အသက်တွေ ဆုံးရှုံးခံတော့မလို့လား မေးမြန်းတော်မူပါတယ် ကလေးတို့ရေ..။

မေမေတို့ လည်း တစ်ခြားနေရာမှာ အရှုံးအမြတ်မတွက်တတ်ရင် နေ..သည်လို နေရာမျိုးမှာ အရှုံးအမြတ်တွက်တတ်စေချင်လှပါတယ်..။
ပြဿနာတစ်ခု ဖြစ်ပေါ်ကျရောက်လာလို့မေမေတို့ ပူလောင်ကြတယ် ။ ညစ်ညူးကြတယ်။ စိတ်ဓာတ် ကျဆင်းကြတယ်။ အဲဒီအခါ မှာ ကိုယ့်ကိုကို မေးခွန်းထုတ် တတ်ဘို့ကို--မေမေတို့ရဲ့ ကျေးဇူးတော်ရှင်ပိုင်းလော့ ဆရာတော်ဘုရားကြီး ကသင်ပေးဘူးပါတယ်…။

ဘာအတွက်လဲ--- ဘယ်လောက်တန်နေတဲ့အရာမို့လို့လဲ----သိန်းတစ်ရာလား သိန်းတစ်ထောင်လား။
ပူနေရင် ညစ်နေရင် အပါယ်ဇာတိ သွားရမှာနော်--တန်လို့လား အပါယ်နဲ့--လဲလှယ်ကြမလို့လား မေးခွန်းထုတ်ခိုင်း ပါတယ်။ မတန်တာကိုသွားလုပ်နေကြတာ မဖြစ်စေဘို့ ဆုံးမဘူးပါတယ်။ မတန်တာကို မလုပ်ဖြစ်တော့ပါဘူးကလေးရေ..။ဘာကြောင့် ပဲပူပူ ကိုယ်သာရှုံး နေတော့ မှာကိုး ။ ဘဝမှာ---ရှုံးလည်း မရှုံးချင်တော့ပါဘူး ကလေးတို့ ရေ..။

ဇာတ်လမ်းလေးပြန်သွားရအောင်နော်----အဲလို အချိန်ကာလ သမယမှာ ဘုရားရှင်က မေးခွန်းထုတ်လိုက် တော့ အသိတရားဝင်လာကြ ပြီး။ ငြိမ်းချမ်းရေး ရှေးရှုတဲ့ ရန်ပြေ မာန်ပြေတရားတော်ကို နာယူလိုက်တဲ့အခါ---အသိဉာဏ်အမြင်မှန်ရရှိပြီး --ပြေငြိမ်းအေးချမ်းခြင်းကို ရရှိခဲ့ရပါတော့တယ်။

တစ်ဘက်စီမှ ၂၅၀ စီသော နှစ်ပြည်ထောင်မင်းသား ၅၀၀ တို့ဟာလည်း ဘုရားရှင်ရဲ့သာသနာ တော်ကိုဝင်ပြီး ရဟန်းပြုကြတာ ပေါ့ကွယ်။
အဲဒီရဟန်းတွေဟာ သာသနာတော်မှာမပျော်ပိုက်ကြတဲ့အတွက် ဟိမဝန္တာတော အတွင်းက အလွန် မွေ့လျော်ဖွယ်ကောင်းတဲ့ ကုဏ္ဍလာအိုင် သို့ခေါ်ဆောင်ကာ ဂါထာသုံးရာဖြင့်တန်ဆာဆင်အပ်သော--ကုဏ္ဍလငှက်မင်းရဲ့ ဇာတ်ကြောင်းကိုဟောကြားတော် မူခဲ့ပါတယ်။

အဲဒီဇာတ်တော်အဆုံးမှာတော့ ရဟန်း ၅၀၀-တို့ဟာသောတပတ္တိ ဖိုလ်၌ တည်တော်မူခဲ့ပါတယ်ကလေးရေ..။မြတ်စွာဘုရားရှင် ဟာရဟန်းတော် ၅၀၀-နဲ့အတူ ကပိလဝတ် ပြည်ရဲ့အနီးမှာရှိတဲ့ မဟာဝုန်တော ကို ကြွချီတော်မူခဲ့ပါတယ်။

မဟာဝုန်တောမှာ ကမ္မဋ္ဌာန်းကိုပေးတော့ မကြာမြင့်တဲ့ကာလအတွင်းမှာ အရဟတ္တဖိုလ် ကို ဆိုက်ရောက် တော်မူကြပါတယ်။ အဲဒီရဟန်း-၅၀၀တို့ဟာ မိမိ တို့ရရှိထားတဲ့ တရားထူးကို လျှောက်ထားဘို့အတွက် နဲ့ ဘုရားရှင်ကို ဖူးမျှော်ရန်အတွက် နယုန်လပြည့်ညချမ်း မှာ စုရုံးရောက်ရှိ လာကြပါတယ်။

အဲလိုညချမ်းအချိန်လေးမှာ ရဟန္တာ ၅၀၀-တစ်စုတစ်ဝေးတည်း စုစည်းနေတာ ဘယ်လောက် ကြည်ညိုဖွယ် ကောင်းလိုက်မလဲသားသားမီးမီးတို့ စဉ်းစားပုံဖော် ကြည့်ပါ နော်။ အဲလိုထူးခြားစွာ ကြည်ညိုဖွယ် ရာသံဃာ့ အစည်းအဝေးကို တွေ့မြင် ဖူးတွေ့ ကြည်ညိုလိုကြကုန်သော နတ်၊ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါးတို့ တွေဟာ မဟာဝုန်တော ကို စုရုံးရောက်ရှိလာကြပါတယ်။

အဲလို ပရိသတ်တွေစုဝေးတဲ့အချိန်မှာ မြတ်စွာဘုရားရှင်ဟာ တရားနာရောက်ရှိလာသော နတ်၊ဗြဟ္မာ တွေရဲ့ အမည် ။အမျိုးအနွယ်၊ တို့ကို ရဟန္တာငါးရာနှင့် နတ်ဗြဟ္မာများကို သိစေလိုတဲ့အတွက် အမျိုးတူအလိုက်စုပေါင်းကာ--- အမျိုးအနွယ်တစ်ခုချင်းစီကို ဖော်ထုတ်ပြီး နှုတ်ခွန်းဆက်စကား မိန့်ကြားတော်မူ ပြီးမှသာ မဟာ သမယသုတ်တော်ကြီးကိုဟောကြားတော်မူခြင်းဖြစ်ပါတယ်။
မဟာသမယ-သုတ်ကို ဒေဝတာပီယ-နတ်တို့ချစ်ခင် မေတ္တာဝင်၊သုတ်တွင်-မဟာသမယလို့ လည်းခေါ်ပါတယ်။

သည်သုတ် ကိုနတ်တွေက အလွန်ကြားနာလိုကြပါတယ်…။ သူသူ---ကိုယ်ကိုယ် ပေါ့နော်..ကိုယ့်နာမည်လေးကို လူတွေရှေ့မှာခေါ်တယ်၊ ဖော်ပြတယ်ဆိုရင် ကြိုက်ကြတာပဲကိုး။ မိတ္တဗလဋီကာမှာလည်းပထမ ဆုံး နာမည်ကိုခေါ်ပါ--လို့ နည်းပေးထားတာပဲနော်။

မေတ္တာဝင် တဲ့အခါကျတော့ ရာဂဖြစ်တတ်ပါတယ်။
မေတ္တာရဲ့ အနီးဆုံးရန်သူက ရာဂလို့ဆိုပါတယ်။ အဝေးဆုံးရန်သူကတော့ ဒေါသ-ဖြစ်ပါတယ်။ ဒါကြောင့် သည်သုတ်တော်တွေကို ဘုရားရှင် ကဆက်လက်ပြီးဟောကြားတော် မူခဲ့ပါတယ်ကလေးတို့ရေ..။

၁။ရာဂစရိုက်-အားကြီးသူအတွက်---(သမ္မာပရိဗ္ဗာဗနိယသုတ်)
၂။ဒေါသစရိုက်-အားကြီးသူအတွက်---(ကလဟဝိဝါဒသုတ်)
၃။မောဟစရိုက်-အားကြီးသူအတွက်---(မဟာ ဗျူဟသုတ်)
၎။ဝိတက်စရိုက်-အားကြီးသူအတွက်---(စူဠ ဗျူဟသုတ်)
၅။သဒ္ဓါစရိုက်-အားကြီးသူအတွက်---(တုဝဋကသုတ်)
၆။ပညာစရိုက်-အားကြီးသူအတွက်---(ပုရာဘေဒသုတ်) တရားတော်တို့ကို ဟောကြားတော်မူခဲ့ပါတယ်။

တရားတော်မြတ်အဆုံးမှာတော့ နတ်၊ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ အရဟတ္တဖိုလ် သို့ရောက်ရှိကြ ပါတယ်။ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ် ရောက်ကြသောနတ်ဗြဟ္မာ တို့ကား ရေတွက် လို့တောင်မရနိုင်ပါကလေးတို့ရေ..။

သည်ကာလဟာ--မေမေတို့လူ့သက်တမ်းနဲ့တွက်လို့သာ ကြာခဲ့ပေမဲ့ နတ်တို့ရဲ့ သက်တမ်းနဲ့ကတော့ သိပ်မှမကြာသေးတာကိုး။ဒါကြောင့် သူတို့နာမည်လေးတွေ ကိုဖေါ်ပြပေးထားတဲ့ မဟာသမယသုတ်ကို ကြားနာလိုကြလို့ ရှေ့ရှုသော နားတို့ဖြင့် လောကထဲ လှည့်လည်နေတယ်လို့ ဆိုပါတယ်။

မြို့သစ်၊ရွာသစ်၊ တိုက်သစ် ၊အိမ်သစ်၊ အိုးသစ်ထူထောင်ခြင်း စသော မင်္ဂလအခမ်းအနားမှာ (မဟာသမယသုတ်)ကို ရွတ်ဖတ်သရဇ္ဈယ် သင့်တယ်လို့ အဋ္ဌကထာဆရာအရှင်မြတ်တွေ ကမှာကြားထားခဲ့ပါတယ်။
တနည်းအားဖြင့်ဆိုရရင် စစ်ကိုတားမြစ်စေနိုင် တဲ့ ငြိမ်းချမ်းရေး ဓမ္မ အဖြစ်မေမေမြတ်နိုး မိပါတယ်။ မကြာခင်ကမိတ်ဆွေတစ်ယောက်ပေးပို့ဘူးတဲ့ ကဗျာလေးကိုလည်း သတိတရ ဖော်ပြချင် မိပါတယ်..။

တရားနဲ့ ဒါး အားနှစ်ပါးတွင်
တရားကိုချစ်-- ဒါးကိုပစ်၍
စစ်ကိုငါတို့မုန်းပါသည်…
(စစ်မုန်း)

သည်တော့ ခြုံငုံပြောရရင်---သည်နေ့ကျရောက်တဲ့ နယုန်လပြည့်နေ့ ရဲ့ထူးမြတ်တဲ့ဂုဏ်အင်တွေကို တွက်စစ်ကြည့်ကြရအောင်---။

၁။ ရေလုပွဲဆင်နွှဲကြသော နှစ်ပြည်ထောင်သားတို့ ငြင်းခုံ ခိုက်ရန်ဘေးမှကင်းဝေခြင်း။
၂။ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှာကင်းဝေးပြီး ငြိမ်းချမ်းရေးရ တဲ့နေ့ဖြစ်ခြင်း။
၃။ရဟန်း-၅၀၀-လုံး ရဟန္တာဖြစ်တော်မူ တဲ့နေ့ဖြစ် ခြင်း။
၎။နတ်၊ဗြဟ္မာ၊အသူရာ၊ဂဠုန်၊နဂါးများ ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာ စုရုံးမိသောနေ့ ဖြစ်ခြင်း။
၅။မဟာသမယကိုအကြောင်းပြု၍ ရန်ဘက်ဖြစ်သော ဂဋ္ဌုန်နဲ့ နဂါး ခိုက်ရန်မဖက်၊ မေတ္တာသက် ဝင်သောနေ့ဖြစ်ခြင်း။
၆။မဟာသမယ ဆိုင်ရာ သုတ္တန်ခုနှစ်မျိုးကို မြတ်ဗုဒ္ဓဟောကြားတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။စသည်ဖြင့် ၆ချက်ပြည့်စုံနေတာပေါ့ကလေးတို့ရေ..။

မေမေတို့လည်း သည်လိုနေ့ထူးနေ့မြတ်မှာ မငြိမ်းချမ်းသောနေရာများ--ကိုမေတ္တာပို့သလို့ မဟာသမယသုတ်တော် ကိုရွတ်ဆိုပူဇော်ရင်း ငြိမ်းအေးစေကြာင်း ဆုတောင်းကြပါစို့လား ကလေးတို့ရေ…….။

(ဦးကျော်စိန်-မန္တလေး-၏ နယုန်လပြည့်နေ့(၇.၆.၂၀၀၉-မြန်မာ့အလင်း)ဆောင်းပါးကိုမှီငြမ်းရေးသားပါသည်)