Thursday, March 19, 2015

အသိဖြင့် ငြိမ်းစေ


ခါးသက်ခြင်း
ကြမ်းရှခြင်း
အေးခဲရက်စက်ခြင်း
ကြမ်းကြုတ် လှည့်ဖျားခြင်း တို့အား…
ထုံပေပေ ခံစား…. ….အသားမာတက်နေသည့်အလား
ဘာမှ မထူးခြား သွားတာအမှန်..။

နူးညံ့ခြင်း
အေးမြခြင်း
ကြင်နာခြင်း တို့ ကားမသိမသာခံစား….အသားနုတစ်စ..
နှလုံးသားအသားမာ
နေရာမှားတက်နေသလား။

နေသားကျပြီး ဘ၀မှာ...
စဉ်းစားစရာ…အသစ်…..
ဘာပဲဖြစ်ဖြစ်…..
အကျစ်..အမာ…
အကာ..အနှစ်
ဝဋ်မြစ်နှစ်ဖြာ……..သိမ်းဆည်း
တည်းဖြတ်စရာ ငါးခန္ဓာ ..
ရုပ်နာမ်နှစ်ဖြာသာရှိ…
အသိဖြင့် ငြိမ်းစေ…။

မသိမ်းဆည်းနိုင်စဉ်ခဏ..
ဘ၀ လှည့်စား….
ေ၀၀ါးလှပ်လှပ်
ကိုင်းဖျားဆတ်ဆတ်ခါသတည်း..။

****သူငယ်ချင်းတစ်ဦး သို့ *******
မေတ္တာဖြင့်
သစ္စာအလင်း

ဥာဏ်ဦးစီးတဲ့ ကံတရား


ခံစား..စံစားနေရတာတွေ ကတော့ ကံတွေပါပဲ ..တဲ့..။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ အမြင် ရှိရင် လောကအမြင် ရှင်းပါတယ် လို့ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရား ကဆုံးမဘူးပါတယ်..။ အရာရာ ကံသာပုံချ ရမှာလား ရယ်လို့ စောဒက တက်ချင်သူ လည်း ရှိပါလိမ့်မယ်..။ ဘုရားစကားပြင်လို့ ကောင်း ပါသလား.. တည်းဖြတ်ပြင်ဆင်သင့်ပါသလား ပဲမေးရပါလိမ့်မယ် တဲ့..။

ရင်ထဲ မှာ တကယ် ရှင်းလင်းအေးချမ်းသွားတယ်ဆိုရင် ဒီလောကအမြင် ဟာ တရားသဘာဝပေပဲပေါ့လေ..။ အရာရာပြဿနာ ဖြစ်ကြရတယ်ဆိုတာက ..ကာမစ္ဆန္ဒ … ဗျာပါဒ ( တောင့်တ) ( ကြောင့်ကြ ) ကြောင့် ဖြစ်ကြတာချည်းပါပဲ..။

ဖြစ်ချင် တာက တောင့်တ။ ဖြစ်မလာ ပါက ကြောင့်ကြ..ဒီ နီဝရဏ တရားနှစ်ပါး …
ဥပမာ… ကာမစ္ဆန္ဒ အရ ချိုချိုသာသာ ၊ပျူပျူငှာငှာ ကြိုဆိုတာ ခံချင်တယ်..ဗျာပါဒ က မရတဲ့အခါ ရင်ထဲမှာပူတယ်..။ တရားကိုယ်ကောက်ရင်တော့ လောဘ နဲ့ ဒေါသ ပေါ့လေ..။
ဒီလို နဲ့ ဒီတရားနှစ်ပါး က ကျွန်မတို့ အားလုံး ကို နှိပ်စက်နေတတ်တော့တာ..။ အရှင်အနုရုဒ္ဓါ ရဲ့ ညီ မ ရောဟဏီ မင်းသမီး သည် အတိတ် ဘ၀ တစ်ခု မိဘုရားဘ၀ မှာ ဘုရင် က အရေးပေးတဲ့ ကချေသည် ကို မနာလိုစိတ် နဲ့ ခွေးလျားသီးကို အိပ်ယာ မှာဖြူး ၊ ယားလို့ ကုတ် တော့ရုပ်ဆင်းအင်္ဂါ မကြည်မလင် ပျက်စီးရတာကို ၀မ်းသာအားရ ရယ်မော ပျော်ရွှင်ခဲ့ဘူးတာ..။
ရောဟဏီ မင်းသမီး ဘ၀ မှာ နူနာ ရောဂါလို ဖြစ်ရတော့တာ ဆိုတော့ အတိတ်အကြောင်းကို ဆင်ခြင် ရပါတယ်..။ ဒီတော့ဖြစ်သင့်လို့ ဖြစ်တယ် ဆိုတဲ့အဖြေ ရရင်ထိုက်သင့်သလောက်တော့ အေးချမ်း ရတာပါ..။

ဒါက ပြဿနာ ဖြစ်လာ တဲ့အခါ သူတော်ကောင်းတွေ ရဲ့ ကုစားနည်း ( ဖြစ်သင့်လို့ ဖြစ်တာ ) ရယ်လို့ ဆင်ခြင် တဲ့အခါ သဘာဝ အမှန်ကိုမြင်တဲ့အတွက် အေးချမ်းစွာနေနိုင်လာပါတယ်..။
သည်းခံတယ် ဆိုတာက တိုက်ခိုက် ဆန့်ကျင်တဲ့ တဘက်သားကို ဆိုးတယ် ရယ်လို့ အသိအမှတ်မပြုတော့ ပဲ နားလည် ခွင့်လွှတ်စိတ် ထားလာနိုင်ပါတယ်..။
ဆန့်ကျင် တဲ့ သူ ပေါ်တယ် ဆိုတာ တစ်ချိန်က ငါပြုခဲ့တဲ့ ကံကြောင့် ဒီလို ပေါ်တယ် ဆိုတဲ့ ဓမ္မသဘောကို မြင်အောင်ကြည့်ရမှာ ဖြစ်ပါတယ် တဲ့..။

ကိုယ့်ရဲ့ ကံကြွေးကို ဆပ်ပေး တဲ့သူကို မေတ္တာမထားနိုင်ဘူးလား တဲ့..။ ဆရာတော်ဘုရားကမိန့်ဘူးတာ…ငါလေ..အတိတ်က သူများကို ပြစ်မှားဘူးတဲ့ ၀ဋ်ကြွေး တွေ ကျေချင်လို့ ပါ..။ တစ်လ တစ်သိန်းပေးပါ့မယ်..။ ငါ့မကောင်းကြောင်း တိုက်ခိုက်ပြောဆိုပေးပါ ဆိုရင် ပြောပေးပါ့မလား ။ ငွေ မပေး ရပဲ ကိုယ့် ၀ဋ်ကြွေး ဆပ်ပေးတဲ့ သူကို ကျေးဇူးတောင်တင်ရအုံးမှာ တဲ့..။

ဒီတော့ ဘယ်လို ကုစားကြမလဲ…မေတ္တာ ထားရအုံးမယ်လေ..သူ့ခမျာတိုက်ခိုက်ပြောဆို ရတာ ပင်ပန်းလှပြီ..အကုသိုလ် တရားလည်း ၀န်တာ ပိနေလောက်ပါပြီ..။
အဲဒီလို မျိုး မှာ ပြဿနာ ကိုဖြေရှင်းချင်တယ်ဆိုရင် ကာယကံ မေတ္တာ၊ ၀စီကံ မေတ္တာ၊ မနောကံ မေတ္တာ သုံးမျိုး နဲ့ ပဲဖြေရှင်း ရမှာ ပါ လို့ ဆရာတော် ဘုရားက ဆုံးမပါတယ်..။
ကျွန်မတို့ တော်တော်များများ ရဲ့ မေတ္တာ ဆိုတာက မနက် စောစော ကြေးစည် တစ်လုံး နဲ့ ၃၁ ဘုံသားတွေ ကျန်းမာ ချမ်သာကြပါစေ..ဆိုတ့ ၀တ်ကျေ တန်းကျေ မေတ္တာမျိုး သာဖြစ်နေတတ်တာ..

မေတ္တာမနောကံ။။ တဘက်သား ကိုယ့်ကြောင့်စိတ်မဆင်းရဲပါစေနဲ့ ဆိုပြီး အဓိက အအေးဓာတ် ထွက်အောင်ပွားများ ပို့လွှတ်ရမှာ ပါ..။

မေတ္တာဝစီကံ ။။ သူကိုပြန်ပြော နိုင်တဲ့လူရှေ့ မှာ သူတစ်ပါး ရဲ့ တိုက်ခိုက်သော သူ ရဲ့ ကောင်းကြောင်း ကိုသာပြောဆို နေရပါတယ်..။ ဘုန်းဘုန်းက ပြောတယ်… မပြောချင်လည်းကြိုးစားပြောပေးရပါတယ် တဲ့..။

မေတ္တာကာယကံ ။။ သူအကူအညီ လိုတဲ့အခါ လှိုက်လှိုက်လှဲလှဲ ကူညီလိုက် ပြုစုလိုက်တာမျိုး ကိုကြိုးစားလုပ်ပေး ရင်ပြေလည် ပါတယ်တဲ့..။

ဒီနေရာ မှာ တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက ၊ ပိဋက သုံးပုံ အာဂုံဆောင် မင်းကွန်းဆရာတော်ဘုရား ရဲ့ တိုက်ခိုက်တာကို ဖြေရှင်းနည်းလေး မျှဝေချင်ပါတယ်..။ ဆရာတော်ဘုရားကြီး က အခုချိန်ထိ နှိုင်းယှဉ် စရာ မပေါ်အောင်ကို ထက်မြက်ထူးချွန် တဲ့ ဆရာတော်ကြီးပါ..

အဲလို ဆရာတော် ကြီးကို တိုက်ခိုက်တယ်ဆိုတော့ ဆရာတော်ဘုရားကြီး က ဘုရားဟော ထဲကနည်း တွေ ရှာဖွေပါတယ် တဲ့..။
ကျင့်သုံးလိုက်တဲ့နည်းက ဒီလိုပါ..။

ပါဠိ စာပေ တစ်ဂါထာ ကို စာရွက်နဲ့ ရေးပြီး ညဘက်ကြီး မှာ တိုက်ခိုက်ပြောဆိုသူ ရဲ့ ကျောင်း ကို ကြွသွားပါတယ်..။ ပြီးတော့ တပည့်တော် မရှင်းလို့ ပါ..ပြောပြပေးပါဘုရား လို့ လျှောက် သတဲ့။ ပြီးတော့ ၃ပါသောမေတ္တာ ကိုလည်းပို့လွှတ်ထားတာ.. ညဆိုတော့လည်း မေတ္တာ ယူတဲ့သဘောပေါ့ တဲ့..။

မင်းကွန်းဆရာတော် ဘုရားကြီး ညံ့ကြောင်း တိုက်ခိုက် ပြောဆိုတဲ့ (ရဟန်းလို့ ယူဆရပါတယ်) သူက အဲလို စာမေးခံရ ပြီးတဲ့နောက်မှာ ၀ိစိတ္တတော်တယ်..တော်တယ် ဆိုပြီး တိုက်ခိုက်တာ ရပ်သွားပါတော့တယ် တဲ့..။ မကောင်း ကြောင်းလည်းမပြောတော့ပါဘူးတဲ့..
ပိုင်းလော့ဆရာတော်ဘုရားကြီးကတော့ မိန့်တာ ဥာဏ် ဦးတဲ့ ကံဆိုတော့ ပြဿနာကိုဖြေရှင်းတတ်တယ်။ ဖြေရှင်းနည်း မှာ ပညာပါတယ် ရယ် လို့ ဟောကြားတော်မူခဲ့ဘူးပါတယ်..။
ကျွန်မ မှာဖြင့် သူတော်ကောင်း တွေ ရဲ့ နှိမ့်ချတတ်သောစိတ်နှလုံးကို ကြည်ညိုရပါတယ်..

မေတ္တာဖြင့်
သစ္စာအလင်း
၂၀၁၃ -ယောဂီဟောင်းတရားစခန်းမှတ်စုစာအုပ်ပြန်ဖတ်ရင်း ရေးသားပူဇော်မိပါသည်..။
 

စားသုံးခဲ့သောပီ တိများ


ကာမဂုဏ်ဆိုတာ အာရုံငါးပါးပါပဲ။ အာရုံနဲ့ဒွါရ (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ဟူသော ဒွါရ နှင့် အဆင်း၊ အသံ၊ အနံ့၊ အရသာ အတွေ့အထိ ) တို့ ဆုံတွေ့တဲ့အခါ “ သောမနဿ သဟဂုတ်လောဘမှုစိတ်” ဖြစ်လို့ နှစ်သက်ခြင်း၊ ချမ်းသာခြင်း (ပီတိ-သောမနဿ) တို့ ဖြစ်ပေါ်တယ်။ ဒီနှစ်သက်ခြင်း ချမ်းသာခြင်းတို့ဟာ ကာမဂုဏ်ရဲ့ သာယာဖွယ်ဖြစ်တယ်။* ရယ် လို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထား ပါတယ်..။

ထို အဓိပါယ်အရ တော့အ နှစ်ချုပ်ရင် ပီတိကို စာသုံး လို ကြတာ နဲ့ ဘ၀ မှာ အပြိုင်ဆိုင်ကြိုးစားကြတော့တာပါ..။
မြင်ဘူးတဲ့အဆင်း၊ ကြားဘူးတဲ့ အသံ၊ ရှု ဘူးတဲ့ ရနံ့ ၊စားဘူးတဲ့အရသာ၊ တွေ့ဘူးတဲ့အထိအတွေ့ ကို သော်လည်းကောင်း ဒါကိုအခြေ ခံပြီး ချဲ့ ထွင်တောင့်တတာ ကို ကာမဂုဏ်ခံစားတယ် လို့ ခေါ်တာ ဖြစ်ပါတယ်..။

အမှန် စင်စစ်တော့ အာရုံ နဲ့ ဒွါရတိုက်တဲ့ အချိန် မှာ ဖြစ်ပေါ်လာ တဲ့ ခန္ဓာငါးပါး၊ (ရုပ်နာမ် ၂ပါး) တို့ ဟာ ထိရင်းပျက် ၊လောင်ရင်းကုန် ရတာပါ..။နောက် ကာလ မခြားမနောတံခါး (မနောဒွါရ) မှာ ပေါ် ကာ ပျောက်ပြယ် လွင့်စင်ကာအသစ် အသစ် တို့ အစားထိုး ဖြစ်ပေါ် နေတဲ့ခန္ဓာအိမ်ဟာအစဉ်တန်းနေတော့တာ..။
ရေရှည်မတည်တံ့သလို အစိုင်အခဲ အတုံးအခဲ လည်းမရှိ..အရိပ် တစ်ခု လို..တံလှပ်လို ဖျပ်ကနဲဖျတ်ကနဲ လောင်ကျွမ်း ချုပ်ပျောက်ကြရတာ…။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး ကတော့ ပေါ်လွင်အောင်ထပ်ရှင်း ပြပါတယ်..။
ရွှေ တွေ စိန်တွေ ကိုယ်မှာ ဆင် တဲ့အခါ တကယ်တော့ အေးအေး နဲ့လေးလေးကြီး ဖြစ်နေတာတဲ့..။

သို့သော်လည်း မနောဒွါရ မှာ စိတ်အစာ ဒီလို စားပါတယ်…ငါက ရွှေ တောင်ပိုင်တာ စိန်တောင်ပိုင်တာ..သူတို့ငါ့လို မ၀တ်နိုင်ဘူး ။ ငါ့စိန် ကအရည်အသွေးအကောင်းဆုံး စသည်ဖြင့် စိတ်အစာ အဖြစ် ပီတိ ကို စားသုံးကြတော့တာ..။
ဒါတွေ ၀တ်ပြီး ဘယ်ကိုသွားမှာလည်း တောထဲ သွားမှာလား၊ လူတွေ စည်တဲ့နေရာသွားမှာလား..။ သွားတဲ့အခါ လှလိုက်တာ..ချောလိုက်တာ… ကို တစ်ခါ ထပ်ပြီး ပီတိ စားသုံးကြပြန်ပါသေးတယ်..။
ဒီဥပမာ ကိုအခြေခံပြီး ချဲ့ထွင် စဉ်းစားကြည့်လို့ရပါတယ်..။

ဒီပီတိကိုစားချင်တာနဲ့ ပဲကျွန်မတို့ ရဲ့ ဘ၀အချိန်တော်တော်များများကို သုံးစွဲခဲ့ရပါတယ်..။အကုသိုလ် နဲ့ ရင်းခဲ့ရတာတွေလည်း ရှိနိုင်ခဲ့ပါတယ်..။
သားသမီးအာရုံ၊ ဇနီးခင်ပွန်းအာရုံ၊ အိုးအိမ် အာရုံ တွေ ပီတိဖြစ်ပြီး သာယာ ကာ တဏှာ၊ ဥပါဒါန် ၊ ကံတွေ ဖြစ်ကြရပါတော့တယ်..။

ဒါတွေ ဟာ စိတ်တွေး မှာ ခဏလာပေါ်တဲ့ အရိပ် တွေ ပါ။ အရိပ် ကို အကောင်ထင် ပီတိစားချင်လို့.. မသိမသာပြိုင်ကာ အသာစီးရခဲ့ရင်လည်း ကျေနပ်မှုလေး နဲ့ စိတ်ချမ်းသာ ရမှာလေးတစ်ခု အတွက်နဲ့ပဲ ပြိုင်ကြဆိုင်ကြ အနိုင်လိုချင်ကြ တော့တာ..။
ကာမဂုဏ် ချမ်းသာဟာ အပူလောင်ဆုံး မီးများ ဖြစ်ကြတဲ့ တဏှာရာဂ၊ ဒေါသ၊ မောဟ စသည်တို့ ယှဉ်စပ်နေကြတဲ့အတွက် ချမ်းသာအစစ် မဟုတ်ဘူး။ မိုးမျှော် ငရုတ်သီး စားရသလို အနူမီးကင်သလို ပူပူလောင်လောင် ချမ်းသာမမျှသာ ဖြစ်တယ်။

အာရုံငါးပါးဆိုတာ ရုပ်တရားတွေပဲ။ သက်မဲ့ရုပ်ဝတ္ထုအားလုံးနဲ့ သက်ရှိ သတ္တ၀ါအားလုံးဟာ မမြဲတဲ့ အနိစ္စတရား၊ ဆင်းရဲတဲ့ ဒုက္ခတရား၊ အစိုးမရ အနှစ်မပါတဲ့ အနတ္ထတရား၊ မတင့်တယ်တဲ့ အသုဘတရားတွေသာ ဖြစ်ကြတယ်။ မောဟက ဒီအမှန်သဘောတွေကို ဖုံးကွယ်ထားပြီး ပြောင်းပြန် အမှားသဘောတို့ကို သိမြင်စေတဲ့အတွက် တဏှာလောဘက ကာမဂုဏ်အာရုံတွေကို တပ်မက်တွယ်တာခြင်း ဖြစ်တယ်။
ကာမတရားတို့ဟာ (၁) အမဲရိုး၊ (၂) အသားတစ်၊ (၃) မြက်မီးရူးတိုင်၊ (၄) မီးကျီးခဲတွင်း၊ (၅) အိပ်မက်၊ (၆) အငှားပစ္စည်း၊ (၇) အသီးပြည့်တဲ့ အပင် အသီးသီးနဲ့ ပမာတူကြတယ်။ အနှစ်သာရ ကင်းပြီး ဆင်းရဲပင်ပန်းခြင်းကိုသာ ဖြစ်ပေါ်စေပါတယ်။

အဲဒီဥပမာ တွေ ထဲ မှာ ကျွန်မ အတွက်အရှင်းလင်းဆုံး နဲ့ အမှတ်မိဆုံး ဥပမာ ကတော့ အမဲရိုး ဥပမာ ပါပဲ..။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး ကတော့ ပေါ်လွင်အောင် ထပ်ဟောပါတယ်..။ ခွေးအို နဲအမဲရိုးလိုပါတဲ့..။
ခွေးကအိုပြီ ဆိုတော့ သွားက မရှိ..။ အမဲရိုး ကလည်းအရိုးဆိုတော့ အသားကမရှိ..။ သွားဖုံးလေး နဲ့ ကြိတ်ကြိတ်ပြီး ကိုက်ရတာ..။
ဘာမှ မရှိတာ ချင်းတူတူ မှာ ဘာကကောင်းတာလည်းဆိုတော့ ကိုယ့်ပါးစပ်က ထွက်တဲ့ သားရေလေးနဲ့ ကိုယ် အထင်လေး နဲ့ ၀နေရတာ..။ တကယ်တော့ ဘာအနှစ်သာရမှ မရှိပါဘူး..။
အချိန်ကြတော့ သွားဖုံးပွန်းလာတာ ဟာ ကိုယ့်မှာ ကိလေသာ တရားတွေသာ တိုးလာတော့တာပေါ့..။
အမှန်မှာဖြစ်ရမှာက အခုတွေးနေတဲ့ ကိစ္စ ကသတ္တ၀ါ ဟုတ်လို့လား။အကောင်အထည် ကောဖမ်းဆုပ်ရလို့လား၊ ဒါဟာ စိတ်အမြင်မှား အပေါ်မှာ စွဲလန်းနေတာပဲ..။ အခု စိတ်နဲ့ ရုပ်ဖွဲ့ချည်ပြီး ပေါ်လာတာတွေပါ..။ မြဲလည်းမမြဲဘူး။ ဖွားလိုက်သေလိုက် နဲ့ ။ အခု နေသေရင် ဘယ်လို စွဲလန်းဖွယ် ရာကိစ္စ ဖြစ်ဖြစ် အကုန်တန်းလန်းထားခဲ့ရမယ် လို့ အမှန်နှလုံးသွင်းရမှာပါ..။
လျော့ရဲရဲ ကျင့်တဲ့ သူကို ကိုယ့်ကိလေသာ ကိုယ်ပြန်ပတ်လိမ့်မယ်တဲ့..။
အင်း………………………..
စိတ်ကူးကလည်းယဉ်..။ကဗျာ ဆန်တတ်တဲ့ ၀ါသနာ ကလည်းရှိ… ဟိုလူ့ခင်လိုက် ဒီလူ့မင်လိုက်..သဘာဝပတ်ဝန်းကျင် ရဲ့ လှပမှုတွေ လည်းခံစား.. နဲ့ ကျွန်မ လို လူမျိုးကတော့ အမဲရိုးဘယ်နှစ်ချောင်း လောက် များ ကိုက်မိပြီးပြီလဲ တွက်စစ်နေရပါတယ်..။
အင်း သွားဖုံးတွေတောင်အတော်ကျိန်း…။

မေတ္တာဖြင့်
သစ္စာအလင်း
၂၀၁၃၊ ယောဂီဟောင်းတရားစခန်း တွင် မှတ်စုလိုက်ထားသော စာအုပ်ကို ဖတ်ရင်းပူဇော်လျက် မိမိ ကိုယ်ကို ဆုံးမရင်း ရေးသားပူဇော်ပါသည်..။

Wednesday, March 4, 2015

ဖူးပါလှချင်..မယ့်သခင်ကို



မနက်ဖြန် မှာ ကျရောက်မဲ့ တပေါင်းလပြည့်နေ့ ကို *အောင်မြေပြည်မ ကပိလသို့ * ဆိုတဲ့အမည် နဲ့ အရင်က ပူဇော်ခဲ့ သော်လည်း သည်နှစ်..တပေါင်းလပြည့်မှာတော့ တရားဓမ္မ ၊ မပါဝင်ပဲ မိန်းမသားတစ်ဦး ရဲ့ နှလုံးသားကို တိုက်ရိုက်ခံစားလိုတာ ကြောင့်ကျွန်မမှာ *ကဗျာ ဆရာမ အသင်္ခယာရှင်ထွေးရေး* တဲ့ *ယသောဓရာ ၏ညများ *စာအုပ်ကို ဖတ်ရှု ကိုးကားလိုက်ပါတယ်..။
အဲဒီနေ့ မှာတော့ ကျွန်မတို့အားလုံးရဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ရဲ့ ပြည်တော်ပြန်ခရီးစတင်ခဲ့တဲ့ ပါတယ်..။ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူခဲ့ပြီးတဲ့ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် မှာပဲ ကျေးဇူးတော်ရှင် မြတ်စွာဘုရား သည် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနဲ့ မာဂဓတိုင်းသားတွေကို တရားရေအေး တိုက်ကျွေးတော်မူနေတဲ့ အချိန်ပဲဖြစ်ပါတယ်။အဲဒီ သတင်းကိုကြားသိတာနဲ့ မြတ်စွာ ဘုရားရဲ့ ဖခမည်းတော် သုဒ္ဓေါဒန မင်းကြီး ကြားသိလေတော့ ခေါင်းဆောင်အမတ် ၁၀ဦး တို့ကို နောက်ပါ အခြွေအရံ တစ်ထောင်စီနဲ့ ၁၀ကြိမ် ခွဲပြီးတော့ မြတ်စွာ ဘုရားကိုပင့်ဘို့ ရာဇဂြိုဟ် ကိုစေလွှတ်ခဲ့ ပါတယ်..။
သို့သော်လည်း မြတ်စွာဘုရားရှင်နဲ့ တွေ့ လို့ တရားနာယူရတဲ့ အချိန်မှာတော့ ကပိလဝတ်သို့ မပြန်ကြတော့ပဲ၊ တစ်ယောက်မကျန်၊ သာသနာ့ဘောင်သိုပဝင်ရောက်ကြပြီး ဧဟိဘိက္ခု ၊ရဟန်းတွေချည်း ဖြစ်ကုန်ကြပါတယ်
နောက်ဆုံး မှာတော့ ဖွားဘက်တော် ဖြစ်တဲ့ ကာဠုဒါယီ အမတ်ကြီးကတော့ ရာဇဂြိုဟ်ကို မသွားခင် ကတိစကားရှိထားတဲ့ အတိုင်း ခမည်းတော်ပေးအပ် လိုက်တဲ့ တာဝန်ကို ကျေပြွန်စွာထမ်းဆောင် နိုင်ခဲ့ပါတယ်။ သူကနောက်ဆုံးအသုတ်မှာ ခေါင်းဆောင် ပါဝင်ခဲ့ တာမဟုတ်လား။

ဖွားရာဇာတိဖြစ်တဲ့ ကပိလဝတ်နေပြည်တော်ကို ကြွရောက်ချိန်တန်ပါပြီ ဖြစ်ကြောင်း ဂါထာ ၆၄-ဂါထာသီကုံးလျှောက်ထားခဲ့ပါတယ်။ပါဠိဘာသာမှာ ဂါထာဆိုတာ ကဗျာပါ ။ စုန္နိယ ဆိုတာကတော့ စကားပြေလို့ မှတ်သားဘူးပါတယ်။ ဒီတော့ ၆၄ဂါထာ ဆိုတော့ တပေါင်းလရဲ့သာယာပုံကို သီကုံးဖွဲ့ဆိုထားပြီး မွေးရပ်ဋ္ဌာနီကို ပြန်လည် ကြွချီဘို့ လျော်ကန်လျောက်ပတ်၊ကောင်းမြတ်တဲ့ အခါသမယဖြစ်ပါကြောင်း တောင်းပန်လျှောက်ထားခဲ့တဲ့ ကဗျာပေါ့နော်။
သည်လျှောက်ထားချက်၇ဲ့ အစွမ်းသတ္တိကြောင့် မြတ်စွာဘုရားသည် ရဟန္တာပေါင်း နှစ်သောင်းခြံရံပြီး မဟာ သက္ကရာဇ် ၁၀၃ ခုနှစ် ရဲ့ တပေါင်းလပြည့်ကျော် တစ်ရက်နေ့မှာ ရာဇဂြိုဟ်မှ ယူဇနာ ၆၀ ဝေးကွာတဲ့ ကပိလဝတ်နေပြည့်တော်ကို တစ်နေ့လျှင် တစ်ယူဇနာ ခရီးနဲ့ ဒေသစာရီကြွချီတော်မူခဲ့ပါတယ်..။
တစ်နေ့ မှာ တစ်ယူဇနာ ဆိုတော့ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ တပေါင်းလပြည့်နေ့ ကနေ ဆိုတော့ နောက် ရက်ပေါင်း၆၀ ကြာတဲ့ ၁၀၄ ခုနှစ် ကဆုန်လပြည့် မှာ မှ ကပိလ၀တ် နေပြည်တော်ကို ရောက်ရှိတော်မူမှာဖြစ်ပါတယ်..။ သို့သော်လည်း စတင်ကြွ ချီ လာပြီဆိုတဲ့ သတင်းစကား ကြောင့် လှုပ်ရှား တုန်လှုပ် ခဲ့ရသူဆွေတော်မျိုးတော်တွေအများအပြားမှာ ပါရမီဖက် ယသောဓရာ ကထိပ်ဆုံးကမျှော်လင့်စောင့်စားခဲ့ရတာပါ..။
ဒီနေရာမှာ ကျွန်မ က *အသင်္ခယာရှင်ထွေး*ရေးတဲ့ *ယသောဓရာ၏ ညများ*ကဗျာ စာအုပ်ကို ဖတ်မိ လွမ်းမိသေးတာ..။

ဒီနေ့..လပြည့်နေ့…သားတော်လေးရဲ့ မွေးနေ့..၊
ဖခင်မပါတဲ့မွေးနေ့…၊ ရိုးရိုးလေးပဲကျင်းပ၊ တိုးတိုးလေးပဲကျင်းပ၊
တစ်ယောက်ကတော့ သတိရအားမည် မထင်..။
အော်..ဘာလိုလို နဲ့ ငါးနှစ်တဲ့..
ပိတောက်တွေလည်းငါးနှစ်..
ဥသြတွေလည်းငါးနှစ်၊
အင်ကြင်းတွေလည်းငါးနှစ် ၊
ဝတ်စုံသစ်တွေ နဲ့ လှနေကြ..။
ငါးနှစ်ရဲ့နောက် ..ခြောက်နှစ်..
ထူးခြားလေသည့်ထိုနှစ်
ထူးခြားလေသည့်ထိုည..
တစ်ခါကလို လပြည့်ည
ကြက်သီးထအောင်ခါလှုပ်..သစ်ရွက်ရင့်တို့ တစ်ဖြုတ်ဖြုတ်။
သက္ကရာဇ်တို့ တစ်ဖြုတ်ဖြုတ်..သံသရာရထားဝင်ရိုးပြုတ်..
ဗုဒ္ဓဖြစ်ပြီ..ကျွန်မအရှင် ဗုဒ္ဓ ဖြစ်ပြီ..တဲ့..။

အနာသည်း..ကမ္ဘာကြီး ရဲ့ကျန်းမာရေး
ကျွန်မ အရှင်..ရင်လေး..ဆေးစလို့ကုပြီတဲ့..။
ပန်းသတင်း..လေညှင်း..
နန်းတွင်းအထိအရောက်ဝေ့ နေ့သစ်တို့ စခဲ့ပြီအရှင်..။

အပြုံးပြီးတော့အချို..အချိုပြီးတော့အပြုံး …
တစ်နန်းတော်လုံးဝမ်းသာ ..၊ကျွန်မဆိုတာပြောစရာမရှိ..၊
ဆီထိနေတဲ့ဝါဂွမ်း ၊ ပီတိတွေလည်းလွှမ်းခဲ့သည်အရှင်..။

ဘူမိမာတာ၊မဟာပံသ
ကျွန်မတို့ ကပိလ၀တ်လေ..တစ်ခါက အရှင့်မြေ..
အရှင့်ခြေကိုမျှော်တ ၊ကပိလရဲ့ ရင်သွေး
ကပိလကထွက်တဲ့ဆေး ၊ငါတို့အနာ မကုသေး၊
ငါတို့ဆီကိုမရောက်သေး၊ တစ်မေးထဲမေးနေပြီအရှင်..။

အမိ..ကပိလ၀တ်သို့ တစ်ခေါက် ..
ကြွရောက်ရေး အခွင့်ပန်..
အရှင့်ထံ ..မင်းချင်းတို့အခေါက်ခေါက် …၊
ရောက်ခဲ့ပြီးသည့်နောက်၊
တစ်ရက် ..ကျွန်မအတွက်..တကယ့်အိပ်မက်ပမာ ..၊
လာပြီ..သူလာပြီ..အရှင်ရောက်လေပြီ..တဲ့..။

ကွယ်..ရင်ထဲမှာ လှိုင်းကြွ..
ထရမည်လား၊ ထိုင်ရမည်လား..။
ဘာလားညာလားမသိအား..
အရာရာ လှုပ်ရှား ၊
သားတော်လေးကိုဖက်ထား..
လက်ဖျားလည်း ဂဏာ မညိမ် ၊
အချိန်ဆိုတာ သမားတော်ကြီးဆို
၇နှစ် ဆိုတဲ့သမားတော်ကြီး ရဲ့..။
ယသောဓရာ ကိုငဲ့ ကွက်…
ဆေးတစ်ခွက်တော့သနားသင့်ပါပြီ…တဲ့..။

ဘဝဆက်ဆက် လက်ချင်းယှက်ခဲ့တဲ့၊ ပါရမီဖက် တစ်ဦး ရဲ့ နှလုံးသားဟာ စကားများစွာပြောနေမှာအမှန်ပါပဲ။ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ကာလကြာ ပါရမီခရီး ပြီးမြောက်အောင်မြင်ချိန်မှာ ထိုက်တန်သော အသိအမှတ်ပြုမှုကို မိန်းမသားပီပီ မျှော်လင့်ရှာပေလိမ်မယ်လို့ ကျွန်မက နားလည်နေမိပါတယ်..။

မြတ်ဗုဒ္ဓရဲ့ ပြည်တော်ပြန်ခရီးမှာ ထွက်လို့ မကြိုဆိုပဲ ခန်းဆောင်ထဲကစောင့်လို့နေခဲ့တာ။ မြတ်ဗုဒ္ဓ က ပါရမီဖက် ကို ပြန်လည်တွေ့ဆုံချီးမြှောက်ဘို့ ကြွချီ ပေးခဲ့တာဟာ တစ်ချိန်က မတောင်းဆိုပဲ၊ ရရှိခဲ့ဘူးတဲ့ ကြာငါးခိုင် အတွက် ဖြစ်လိမ့်လေမလားလို့ လည်း ကျွန်မကစဉ်းစားနေမိပါတယ်။

လောကီအကျိုး ကိုဆောင်ရွက်တဲ့နေရာ မှာ ကရုဏာ ထက်ကြီး သော စွမ်းအားမရှိပါ။ လောကုတ္တရာ အကျိုး ကိုဆောင်ရွက်တဲ့နေရာ မှာ ပညာ ထက်ကြီးတဲ့ အရာ မရှိပါတဲ့။ အမျိုးသားသည် ပညာကို ကိုယ်စားပြု ပြီး အမျိုးသမီးသည် ကရုဏာ ကိုကိုယ်စားပြုပါတယ်။ ပညာနဲ့ ကရုဏာ ဆိုတာ နေနဲ့လလိုပါပဲ လို့ မှတ်သားဘူးပါတယ်

ကပိလဝတ်နေပြည်တော် ရဲ့ နေ နဲ့ လ တွေ့ဆုံပွဲ ကနောက်နှစ်လကြာရင် ရောက်လာတော့မှာမို့ ကျွန်မက မြင်ယောင် ကြည်ညိုရင်း ပြည်တော်ပြန်ခရီးအစ တပေါင်းလပြည့်ကို ပူဇော်ကန်တော့လိုက်ပါတယ်။

မေတ္တာဖြင့်
သစ္စာအလင်း