Friday, February 17, 2012

ဘယ်အရာက မှ မနိုင်စေရ

ဘဝမှာပတ်သက်လာတဲ့ အရာရာ ကို လုပ်သင့်တာမို့ အခြေအနေပေးတုံး မှာ အစွမ်းကုန်အားထည့်လုပ်ကိုင်ပြီးရင် ပြန်လည်မျှော်လင့်ရမဲ့ ရလဒ်ကို မေ့ထားတတ် ပါတယ်..။ အစွမ်းကုန်ကြီုးစား စာကျက် ထားလို့ စာမေးပွဲ ဖြေပြီး ချိန်မှာ အမှတ်တွက် ကာပူလောင် မနေတော့ပါ ။ ဒါကတော့ ကျွန်မ ရဲ့ ဘဝပေးအခြေအနေက လေ့ကျင့်ပေးထားတဲ့ အလေ့အထ တစ်ခုဖြစ်ခဲ့ပါတယ်။

မမျှော်လင့်တတ်တဲ့ နှလုံးသား ကိုထုဆစ်ပုံဖေါ် ထားရင် ခံစားရတာသက်သာတယ်ဆိုတာလည်း သိလာပါတယ်…။

လောက ဆိုတာကလည်း ကိုယ်မျှော်လင့်သလို ဖြစ်လာတယ် ဆိုတာ အရှားသားမဟုတ်ပါလား။

မမျှော်လင့် တဲ့အရာ တွေကလည်း တစ်ခါတစ်ခါ မမျှော်လင့်တဲ့အချိန်မှာ အဖေါ်အပေါင်း နဲ့ အုံဖွဲ့ နှိပ်စက်တတ်ပြန်သေး တာမို့ ခွန်အားသတ္တိ တို့ ဖြင့် ရင်ဆိုင် ရဲတဲ့သတ္တိ ကို လေ့ကျင့်ပြင်ဆင်ရင်း ဘဝကိုဖြတ်သန်းလွန်မြောက်ရပါတယ်..။

ဖြစ်ချင်နေတာရယ်..ဖြစ်နေတာရယ် တစ်ထပ်တည်းမကျလေတိုင်း ဖြစ်ချင်စိတ်အားကြီးသူတို့၏ ထုံးစံအပူဓာတ်များထွက်လာတတ်တာ ခံစားဘူးကြပါလိမ့်မယ်..။

အားမလိုအားမရ ဖြစ်ကာ Why me! ငါ့ကျမှ ဖြစ်ရလေခြင်း ….ကံဆိုးလေခြင်း ၊

ဆိုတဲ့ ခံစားချက် အဆောက်အအုံ..အုံဖွဲ့ ရင်ထဲမှာကြွတက်လာ ကာ နှုတ်က ပွင့်အံထွက်တတ်ပါသေးတယ်..။ ဒါသည်ပင် အကုသိုလ် ဆိုတာ အရင်တုံးကတော့ နားမလည်။ စိတ်စွမ်းအား က တက်မလာ ပိုလို့ပင် ကျဆင်းတတ်တာ မျိုးပါ။

ဒီလို အခါမျိုး မှာ ကျွန်မတို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်ခဲ့တဲ့ ကဗျာ ဆရာ William Ernest Henley ရဲ့ Invictus ဆိုတဲ့ကဗျာလေးကို ရွတ်ဆို မာန်တင်းမိပါတယ်။

Invictus ဆိုတဲ့စကားလုံး က လက်တင်ဘာသာမှာ ပဲ ရှိပါတယ်.. အင်္ဂလိပ်လို ဘာသာပြန်ရင်တော့ "Unconquered" လို့ အဓိပ္ပါယ်ရပါတယ်။

ဗိုလ်ချုပ်ကတော့ * အနိုင်မခံ * လို့ နာမည် လေးပေးခဲ့ပါတယ်။

*My head is bloody, but unbowed.

ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်။*

ဆိုတဲ့ စကားလုံးလေးတွေကိုတော့ ဗိုလ်ချုပ်က ပဲခူးဆောင်က အခန်းကသူ့ကုတင်ခေါင်းရင်းမှာ ရေးထိုး မှတ်သားထားတယ်လို့ကျွန်မ ကြားဘူးပါတယ်..။

ဒီကဗျာလေးထဲမှာ ..သွေးသံရဲတယ် ဆိုတာ ပါပေမဲ့ သွေးသံရဲစေတဲ့ ပုဂ္စိုလ် တစ်ဦးဦးကိုတော့ အပြစ်တင် နာကျည်းစကား မဆိုထားပါ။ တနည်းအားဖြင့် စာ တစ်စောင်ပေတစ်ဖွဲ့ ဖွဲ့ နွဲ့ စရာ အကြောင်းမရှိသလို ကိုတုံ့ပြန်ထားတဲ့စတိုင်ကို ကျွန်မပိုမိုနှစ်သက်မိပါသေးတယ်။

ပုဂ္စိုလ် သတ္တဝါ ညွှန်းဆို ဖွဲ့ နွဲ့စရာမပါတဲ့ သဘောတရား သက်သက် *လောကဓံ* ရယ် လို့သာ ဆိုထားပါတယ်..။ စိတ်နေမြင့်မား သဘောထားကြီးမားပါပေစွ..။


William Ernest Henley (1849-1903), the author of "Invictus"

ဒီကဗျာလေးကတစ်ဆင့် ကဗျာ ဆရာ ရဲ့နှလုံးသားကိုတိုက်ရိုက်တွေ့မြင်ရသလိုပါပဲ..သူ့ဘဝကိုလည်း ကျွန်မ က စိတ်ဝင်စားမိပါတယ်။

ကဗျာဆရာ Henley ဟာ တကယ်တော့ ၁၂ နှစ်သားကတည်းက အရိုးတီဘီ ရောဂါကိုခံစားခဲ့ ရရှာပါတယ်။

ငယ်ရွယ် တက်ကြွ တဲ့ ကျောင်းသား ဘဝမှာ ရောဂါဖြစ်ခဲ့ပေမဲ့လည်း Oxford တက္ကသိုလ် က ပြုလုပ်တဲ့ စာမေးပွဲ ကို အဆင့်မြင့်မြင့် အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့ပါသေး တယ်။

ရောဂါ ဖြစ်လာတော့လည်း သက်သာမလာတော့ အသက်ရှင်ရပ်တည်ဘို့ အတွက် သူ့ရဲ့ အဘိုးတန် ခြေတစ်ဘက်နဲ့ လဲလှယ် ခဲ့ရပါတယ်..။

ဒီကဗျာလေးကို သူက ဆေးရုံပေါ်တက်နေရင်းနဲ့ ရေးခဲ့တာဖြစ်ပါတယ်။ ဆေးရုံ ကဆင်းလာတော့လည်း မသန်မစွမ်း ဒုက္ခသည် ဘဝ မှာ စိတ်ဓာတ်မကျပဲ အနှစ်၃၀ လုံး တက်တက်ကြွ ကြွ နေထိုင်သွားခဲ့သူလည်းဖြစ်ပါတယ်။

သူ့ဘဝကို စာနာတတ်သော စိတ်အစဉ် ဖြင့် စာလုံးများကို တိတိကျကျ ခံစားပုံဖေါ်ကြည့်မိပါတယ်..။

Invictus

Out of the night that covers me,

Black as the Pit from pole to pole,

I thank whatever gods may be

For my unconquerable soul.

In the fell clutch of circumstance

I have not winced nor cried aloud.

Under the bludgeoning of chance

My head is bloody, but unbowed.

Beyond this place of wrath and tears

Looms but the Horror of the shade,

And yet the menace of the years

Finds, and shall find, me unafraid.

It matters not how strait the gate,

How charged with punishments the scroll.

I am the master of my fate:

I am the captain of my soul.

William Ernest Henley

"အနိုင်မခံ "

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်

ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော

ငါ၏စိတ်ဓါတ်ကို ဖန်တီးပေးသည် နတ်သိကြားတို့အား ငါ ကျေးဇူးတင်၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ခုပ်တွင်းသိုပင်

ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး

ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်

ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်။

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား

သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။

သို့သော် ငါ့အားမတုန်လှုပ်သည်ကိုတွေ့ရအံ့။

နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရအံ့။

သုဂတိသို့ သွားရာတံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ

ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ

မှတ်သားထားသည်ဖြစ်စေ ငါကားဂရုမပြု

ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍

ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း။ ။

(ဗိုလ်ချုပ်အောင်ဆန်း)

တကယ်တော့လည်း လမ်းလျှောက်နေရတဲ့သူ တစ်ယောက်က ကားမစီး နိုင်လေခြင်း လို့ ဝမ်းနည်းသိမ်ငယ်နေမှု နဲ့ အချိန်ကုန် နေတတ် တာများတတ်ပါတယ်။

လမ်းလျှောက်နိုင်သေးတဲ့ ကိုယ့်ရဲ့ ကျန်းမာရေး၊ လှမ်းနိုင်သေးတဲ့ခြေချောင်းများ ရဲ့ စွမ်းအင်သတ္တိ ကို သတိတရ တန်ဘိုးထား တတ် တွေးတတ်တယ်ဆိုတာ ရှားလှပါတယ်။ ဒါဆို ရင် အပူ မဖြစ်ပဲ အအေး ဓာတ်ကိုဆောင်နိုင်မှာ အမှန်ပါ။

*ငါ၏ အသည်းနှလုံးတို့သည် အသည်းခွဲသူတို့ ၏ ဒါးဒဏ်ရာဖြင့် ရဲရဲနီနေအံ့..သို့သော် မေတ္တာမပျက်..*

*ငါ၏ အိပ်မက်တို့သည် သင်၏ ရက်စက်လှသော ထုချေမှု ဖြင့် .မှုန့်မှုန့်ညက်ညက် ကြေ အံ့..သို့သော်.. အားမလျှော့*

စသည်..စသည်..ရွတ်ဆိုလိုသူများလည်း ရှိကောင်းရှိပါလိမ့်မယ်..။ ရှိခဲ့ရင်လည်း ဒီကဗျာ နဲ့ အားတက်နိုင်ကြပါစေ..။

ကျွန်မကတော့ စိတ်အစဉ်ကို နာနာလျှော်ဖွတ် ပြီး ၁၅၀၀ သော ကိလေသာတရား တို့ အနိုင်မယူနိုင်အောင် …

ငါ ဖြင့်မခံစားပဲ လွတ်မြောက်နိုင်အောင် ကြိုးစားရပါအုံးမည်..။ငါးပါးမာရ်ညွန့်.. ရန်အဝံ့ ကိုမရွံ့ မထိတ်ခြင်္သေ့စိတ်ဖြင့် အော်..အနိုင်မခံ…ကြံဆောင် သင့်လှပါတကား။

မေတ္တာဖြင့်

သစ္စာ အလင်း

မှတ်ချက် - ဒီစာစုလေးရေးသားဖြစ်အောင် ကဗျာကောင်းလေးများ မျှဝေ ဆွေးနွေး လေ့ရှိတဲ့ တူမောင်- ဒေါက်တာစိုင်းနိုင် ကို အထူးကျေးဇူးတင်ရှိပါတယ်။

Tuesday, February 14, 2012

မြစ်သာမြစ်ဝှမ်းစိမ်းလန်းခြင်းဖြင့်အေးမြစေ - ၎

ကျောက်ဂူတောရ

အုံးတုံးတောင်တောရ က ပြန်တဲ့ အချိန်မှာ နောက်ထပ်သွားလိုလှတာကတော့ ကျောက်ဂူတောရပါ။ အရိယာ သူတော်ကောင်း ရဟန်းတော်များ ထွက်ပေါ် လေ့ရှိသော ယောနယ် ဒေသက တော့ ဖူးတွေ့ချင်စရာ အများသားမဟုတ်ပါလား။ ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရား၊ မုံလယ်တောရ ဆရာတော်ဘုရားတို့ ကဲ့သို့ပင် ကျောက်ဂူတောရ ဆရာတော် ဘုရားလည်း ရှိနေပြန်သေးသည် တဲ့။

ဂန့်ဂေါမြို့နယ် ကန်ငါးရွာက အဘယဇီဝိတာ ပါဏီပဗံတံ ၊ ပဋိပတ်သာသနာ ၊ပရဟိတ ဘိုးဘွားရိပ်သာမှာ သီတင်းသုံးလျက် တရားပြနေတဲ့ ဆရာတော်ကတော့ ကျောက်ဂူဆရာတော် ဘဒ္ဒန္တ န္ဒာစရိယ ရယ်လို့ ထင်ရှားကျော်ကြားလျက်ရှိပါတယ်။

အချိန် ကနည်း ခရီးကဝေးတာမို့ သွားရောက်မဖူးမျှော် နိုင်သော်လည်း ဆရာတော်ဘုရား ရဲ့ အဆုံးအမ ဓမ္မ တို့ဖြင့် ထိတွေ့ခွင့်ရအောင် စီစဉ်ပေးကြပါတယ်။ဆရာတော်ဘုရားဟောကြားတော်မူသော တရာတော်များ သြဝါဒ စာအုပ်များ ရရှိခဲ့ တာမို့ တစ်ပိုင်းတစ်စ တရားဓမ္မ ကိုမျှဝေချင်မိပါတယ်။

*ယောဂီ..

မဝေးတဲ့နိဗ္ပာန် ဘာကြောင့်မရောက်တာလဲ။

ပြေးလွှားနေတဲ့ မြင်းရဲ့ကျော ပေါ်က အုန်းသီး ပမာ ၊ငါတို့သဒ္စ္ဒါ…

ဒါကြောင့်..သြ

နိဗာန် မခက် ခန္စ္ဒာငါးပါး မုန်းဘို့ခက်။*

ကျွန်မတို့ တွေရဲ့ သဒ္စ္ဒါ…တရားသည် *မြင်းပေါ်မှ အုန်းသီးပမာ* အဘယ်မှာ တည်ကြည်ခိုင်ခန့်နိုင်ပါမည်နည်း။

ထိမိသောစကားလုံး ၊ အဆုံးအမ ကြောင့် ကိုယ့်အားနည်းချက် ကိုယ်ပြန်မြင်ရသလို ….။ တည်ကြည် ညိမ်သက်အောင် ကြိုးစားပါ့မယ်ဘုရား။

သင်တန်းဆင်း ခဲ့ပါပြီ

နမောတဿ ဖြင့် စတင်ဖွင့်လှစ်ခဲ့သောသင်တန်းသည် အစကောင်းခဲ့တာမို့ အဆုံးလည်း လှပခဲ့ပါတယ်။ သင်တန်း သားဦးရေ လျော့ မသွားပဲ ၃၀ကျော် မှ ၅၀ ကျော်.. ၆၀ကျော် မှ တဆင့်တိုးတက်လာကာ သင်တန်းဆင်းသည့်အချိန်မှာ ၇၉ ယောက်ဖြင့် ဆင်းဖြစ်ခဲ့ပါတယ်။

ကျောင်းထိုင်ဆရာတော် ဘုန်းဘုန်းဦးသုဇာတ ခရီးထွက်နေတာမို့ တက်ရောက်နိုင်ခြင်းမရှိခဲ့ပါ။ ဂန့်ဂေါခရိုင် စိုက်ပျိုးရေး မန်နေဂျာ ဦးဝင်းဖေ ကိုယ်တိုင် တက်ရောက် မိန့်ခွန်း ပြောကြားပေးပါတယ်။

စိုက်ပျိုးရေးတက္ကသိုလ်တက်စဉ် နှစ်တန်းကြီး သော စီနီယာ အစ်ကို တစ်ယောက်ဖြစ်တာမို့ ရှေးဟောင်းနှောင်းဖြစ်တွေ အတူ တကွ တူးဖေါ်ရင်း အားတက်ဝမ်းသာ ရပါတယ်။ ဆရာဦးဝင်းဖေ နှင့်အတူ အထူးစုံစမ်းစစ်ဆေးရေးဋ္ဌာန မှ အရာရှိ ဦးအောင်ကျော်၊ ပုညဟိတေသီ အသင်းဥက္ကဋ္ဌ ဦး ဝင်းမြင့် တို့က တို့က သင်တန်းဆင်း လက်မှတ် ချီးမြှင့်ပေးခဲ့ပါတယ်။

ကျွန်မတွေ့ကြုံခဲ့ဘူးသော ကျေးလက်ပညာပေးသင်တန်းတို့တွင် တစ်ခုတွင်မှ မပါဘူးသော ဆရာကန်တော့ပွဲ အစီအစဉ် ကတော့ စိတ်နှလုံး ထိထိခိုက်ခိုက်ဖြစ်ရပါတယ်။ မေတ္တာ ဆိုသည်မှာ အားကောင်းစွာ တန်ပြန်ရိုက်ခတ် တတ်သော နူးညံ့တဲ့ စိတ်လှိုင်း များပင်မဟုတ်ပါလား။

ပူဇော် မှုများစွာ နှင့်ထိုက်တန်အောင်ဖြည့်ကျင့်ရမဲ့ သိက္ခာ သုံးပါးကိုလည်း စိတ်ထဲရွတ်ဆို သံမှိုနှက်သလို အမှတ်ရ ခိုင်မြဲစေ ခဲ့ပါတယ်။

အော်..ပီတိလွှမ်းသော ကာလများ..။


အစုန်ပီတိ…… အဆန်ပီတိ

လောက မှာ သိတာ နှင် သိစရာ နှစ်မျိုးသာရှိသည်မို့ သိစရာကိုသိခြင်း သဘောမျှသာရှိသော စိတ်ကို စေတသိတ် တို့ကချယ်လှယ်မြဲပါ..။ ထိုသို့သော ၅၂ ခုသော စေတသိတ်များ တွင် ပီတိ ဆိုသော စေတသိတ် သည် အာရုံကိုနှစ်သက်ခြင်း ရယ်လို့ အဓိပ္ပါယ်ရတာမို့ နှစ်သက်စရာ အာရုံ တို့ စိတ် နဲ့ တွေ့ လေတိုင်း ပီတိ ကိုခံစား ရပါတယ်..။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ကတော့ အစုန် ပီတိ နှင့် အဆန် ပီတိ နှစ်မျိုး ရှိကြောင်း ဟောကြား ဘူးပါတယ်။ အဆိပ်ပျော့ နဲ့ တူ တဲ့ ပီတိကတော့ အစုန်ပီတိ ဖြစ်ပါတယ်။ တစ်ဘက်သားရဲ့ ဘဝကို ကိုယ့်ဘဝထားပြီး အပေး နဲ့ ပျော် တဲ့ ပီတိကတော့ အဆန်ပီတိဖြစ်ပါတယ် တဲ့။

အစုန်ပီတိ ဆိုတာကတော့ အယူ နဲ့ပျော် တာ ကိုယ်ရရှိတာကို ပျော်တာ ၊ ကိုယ့်ကို လိုလေသေး မရှိ လုပ်ကိုင်ဆောင်ရွက် ပေးတာကို ကျေနပ်တာ..။ အဲဒီ ရရှိမှုအပေါ် စိတ်ကျက်စား ထားပြီး နောင်သောအခါ ဝယ် အရင်ကလို မရရှိတော့ရင် ပူလောင်ခံစား ကြရပါတယ် ။

နှလုံးသွင်းသတ္တိကိန်းထားတဲ့ အခံဓာတ် နဲ့ အာရုံ တွေ့ဆုံအဆင်မပြေရင် အပူဓာတ်သာ ထွက်ပေါ်နိုင်တာကိုး..။ ဒါကြောင့် လည်း တမြေ့မြေ့ ဆိုးကျိုး ပေးတတ်တာမို့ အဆိပ်ပျော့ နဲ့ တူတယ်လို့ ဆိုပါတယ်။ မကျေမနပ် အပူဓာတ် ဖြစ်ပြီး အကုသိုလ် ဖြစ်တတ်တာမို့ အစုန်လမ်း ကိုဆင်း တတ်တာမို့ အစုန်ပီတိလည်း ခေါ်ပါသေး တယ်။

လောက မှ အောင်မြင်တဲ့ လူ တိုင်း ကတော့ အဆန်ပီတိကို ဖန်တီးကျက်စား တတ်ကြပါတယ်။ အဆန်ပီတိ ကတော့ ပြောင်းပြန်ပေါ့နော် ။ လူတစ်ဘက်သား ရဲ့ အခက်အခဲ …ခံစားချက်ကို ကိုယ်ချင်းစာနာစိတ်ဖြင့် ထဲထဲဝင်ဝင် စိတ်ဝင်စားပြီး စိတ်တိုင်းကျဖြစ်အောင် ကူညီပေးတာ..ဖြည့်ဆည်းပေးတာ ။ ပေးဆပ် နေရခြင်း အပေါ်မှာ ပဲ အာရုံပြုပြီး ပျော်တတ်တာ အဆန်ပီတိ ဖြစ်ပါတယ်။

ဧည့်ဝတ်ကျေပွန်သော … တန်ဘိုးထားဂရုစိုက်တတ်သော ယောဒေသ ရဲ့ ပုံရိပ်တွေက တော့ ဘဝ မှာ ယခင် ကမရရှိခဲ့ဘူး သော နွေးထွေးလှိုက်လှဲမှုများ ဖြစ်လေသည် မို့ အစုန်ပီတိ ဖြင့် မကျက်စားမိအောင် သတိဥာဏ်ဝင် ဆင်ခြင်ဖြစ်ခဲ့ ပါတယ်။ သတ္တိက ကိန်းထားမိတာမို့ သတိ ထားရင်း ဖြင့်ပင် တခြားသော ဒေသ များရောက်လျှင် မနှိုင်းယှဉ် မိအောင်လည်း ကြိုးစားရပါသေး တယ်။

အစုန်ပီတိဆိုသည့်အတိုင်း ကွာဟချက်ပေါ်လျှင် ပုထုဇဉ် သဘာဝ ဝေဖန်တော့မည်.. အလိုမကျ ဖြစ်တော့မည်…အပူ ဓာတ်ထွက်မည်…. စုန်တော့မည် မဟုတ်ပါလော..။

ပေးဆပ်မှု ဖြင့်ရင့်ကျက် ရမည်… ။

စာနာမှုဖြင့် ကြီးမြတ်နိုင် ရမည် ။

နားလည်မှုဖြင့် ယုံကြည် ရမည်။

ယုံကြည်မှုသဒ္စ္ဒ ခိုင်မာစေရမည် ။

စသည် စသည်..တို့ကို အပီအပြင် တည်ဆောက်ရပါအုံးမည်..။

တစ်ခါတစ်ခါ ယိမ်းယိုင်တတ်သောစိတ်စွမ်း အား များပြန်လည်ဖြည့်တင်းချိန်မှာ တော့

မြန်မာ ပြည် မြေပုံပေါ်မှ တောင်မှမြောက်သို့ တစ်သွင်သွင် ဆန်တက် စီးဆင်းနေမည့် ..စိမ်းလန်းဝေဆာနေမည့် မြစ်သာမြစ်ဝှမ်းကို

ကျွန်မ ဘဝ မှာ မှတ်မှတ်ရရ သတိတရ ရှိနေပါလိမ့်မည်..။

မြစ်သာမြစ်ဝှမ်းစိမ်းလန်းခြင်း ဖြင့် ထာဝရအေးမြ ညိမ်းချမ်းပါစေသား။

မေတ္တာဖြင့်

သစ္စာအလင်း