Wednesday, December 6, 2017

ခုနေ သေရင်အကုန် တန်းလန်း ထားခဲ့ရမှာ


မနေ့ က Biotech အတူတူ တက်ခဲ့တဲ့ သူငယ်ချင်း....မလဲ့ 
ဒေါက်တာလဲ့လဲ့ဝင်း (အရင်က ပါမောက္ခ အခုတော့ ညွှန်ကြားရေးမှူး ) နဲ့ 
စားသောက်ဆိုင်အတူ ထိုင်ရင်း စကားပြော ဖြစ်ကြတယ်..။ 
ဓာတ်ပုံတွေလည်းမရိုက်ပဲ..ပေါ်လွင်တက်ကြွတာ တွေမပါ ပဲ ညိမ်သက်တဲ့ 
အရွယ်တူချင်း သာ သိနေတဲ့ ကိစ္စ မျိုးတွေ ပြောဖြစ်တယ်..။
ဗိုက်အောင့် တယ် ...ရင်အောင့်တယ် လောက်သာသိပြီး သွားပြတဲ့အခါ .....
ကင်ဆာ အဆင့် ၄ ဖြစ်နေလို့ ဆုံးပါး သွား တဲ့........
ကျမ တို့ ၂ဦးလုံးက ချစ်ခင်ရတဲ့အစ်မတစ်ယောက်အကြောင်း..။
အသက် ၈၀ ကျော် အမေ က မသေ ဆုံး ပဲ ၄၀ ကျော်သားကရုတ်တရက်လေဖြတ် တဲ့အကြောင်း တွေ..။
ကားအက်ဆီးဒင့် တွေ.......
ကျမတို့အရွယ် မှာ ရှောင်ရတဲ့အစားအစာတွေ....
ကုသနေရတဲ့ ရောဂါ တွေ.....
အတိုင်းအတာ တစ်ခု အထိ ဆွဲဆန့် လို့ ရနိုင်သော်လည်း...
သွားရမဲ့လမ်းခရီးကို ဖြောင့်တန်းစွာ သိနေခဲ့ပါပြီ..။ အနှေး နဲ့အမြန်......
တက်လိုက် ရတဲ့ကျောင်း တွေ...
ဖြေလိုက်ရတဲ့ စာမေးပွဲ တွေ....
တက်လိုက်ရတဲ့ သင်တန်းတွေ.....
အောင်မြင် တယ်လို့ ကိုယ့်ကိုကို ယူဆနေရတဲ့ ဟောပြောပွဲတွေ.....
ကျမတို့ ၂ယောက်လုံး သံယောဇဉ်ကြီး ခဲ့တဲ့ စာသင်ခန်းတွေ.....
ဋ္ဌာန တွေ..တက္ကသိုလ်တွေ.....
ကျေနပ်လို့ ပျော်ရွှင်ခြင်း.........
စိတ်တိုင်းမကျ လို့.. ..ဝမ်းနည်းပူဆွေး ရခြင်း တွေ...
ကျမ တို့ ယူထားတဲ့ ဘွဲ့တွေ..... 
အတတ်ပညာတွေ.......
စိတ်စေတနာ တွေ.....
တစ် နေ့ အကုန်ထား ခဲ့ ရမှာပါ..။
ကျမ တို့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရတော်ဘုရားကြီး ကတော့...
ပိုလို့ပေါ်လွင်အောင်..
ခုနေ သေရင်အကုန် တန်းလန်း ထားခဲ့ရမှာ... တဲ့..။ 
လက်စမသတ် နိုင်ပဲ.... ဒါလေးတော့မြင်ချင်တယ်..ဆိုတာ မမြင်ရပဲ
ကျမ တို့ တန်းလန်း ထားခဲ့ကြရအုံးမှာ ပါ.။ 
ကျမ တို့ ကို ဖွဲ့ နှောင်မဲ့ နှောင်အိမ်တွေ... လှောင်အိမ်တွေ ကို ....
တည်ဆောက် ထု လုပ်သူတွေက လည်း ကိုယ် တိုင်ပဲဖြစ်နေတော့တာ မဟုတ်ပါလား..။ 
အဲလို ထားခဲ့ကြ မဲ့အထဲ ....
အမုန်းတွေ
ဒေါသ တွေ...
မာန တွေ....
အပြစ်ယူ ခြင်းတွေ...
အာဃာတ တွေ ..ကိုတော့ ဘာ ဆို........ဘာမှ မထားခဲ့လိုပါ..။
မှားခဲ့တာများလည်း ကျေစေ ချင်ပါတယ်...။ 
ဒီ အမုန်းအာရုံ တွေကလည်းမသေခင် လွတ်မြောက် နေချင်လှပါတယ်..။
ဖြူစင် စွာ..ကြည်လင်စွာ......ထွက်ခွာ သွားဘို့ ကျမတို့ တတွေ.... ကြိုးစားပါအုံးမယ် ..။
ဆိုတာ ပြောဖြစ်ကြရင်း
တိတ်ဆိတ်စွာ လမ်းခွဲခဲ့ကြပါတယ်...။

မေတ္တာဖြင့်
သစ္စာအလင်း

ကျမ ၏ ဝိမုတ္တိဘဝ


ဝိမုတ္တိ ရသ ကို တစ်ပိုင်းတစ်စ ခံစားရ လေ မလား ရယ် လို့ ဆရာကြီး ဦးသော်ဇင် ရဲ့ ဝိမုတ္တိရသ စာအုပ် ကို ဓမ္မရောင်ခြည် ဆိုင်ကနေ ဝယ်လာပြီး ဖတ် ရှုမိပါတယ်..။
ဝိမုတ္တိ ဆိုတာ…. လွတ်မြောက်ခြင်း တဲ့..။
ဘာကနေလွတ်မြောက်ပါသလဲ ဆိုရင်… ကိလေသာ မှ လွတ်မြောက် တာ ဖြစ်ပါတယ်..။ 
ကိလေသာ ဆိုတာကကော…. ပူပန်စေတတ် နှိပ်စက် တတ်သော.....
လောဘ( လိုချင်ခြင်း)၊
ဒေါသ( အမျက်ထွက်ခြင်း) ၊
မောဟ(တွေ ဝေခြင်း)
၊မာန (ထောင်လွှားခြင်း) ၊
ဒိဋ္ဌိ( အမြင်မှားခြင်း)၊ 
ဝိစိကိစ္ဆာ( မဆုံးဖြတ်နိုင်ခြင်း)၊ 
ထိန(ထိုင်းမှိုင်းခြင်း)၊ 
ဥဒ္ဒ္စစ္စ(ပျံ့လွင့်ခြင်း) 
အဟီရိက( အရှက်မရှိခြင်း)
အနောတ္တပ္ပ ( အကြောက်မရှိခြင်း )တို့ ဆိုတာ ကိလေသာတွေ ပါပဲ တဲ့..။ 
အဲလို ကိလေသာတွေကိုသိမှ ပဲကိလေသာ မှ လွတ်မြောက်ခြင်း ဆိုတာကို သဘောပေါက်ပေလိမ့်မယ်..။ 
အဓိပ္ပါယ် အချုပ် ကတော့ ပူပန်စေတတ်တဲ့သဘောပါ..နှိပ်စက်တတ်တဲ့သဘောရှိပါတယ်..။ ကျမ တို့ သတ္တဝါတွေကို ကိလေသာ တွေ နဲ့ ဘယ်သူကနှောင်ဖွဲ့ ထားပါသလဲ..။
ဒါတွေကို နားလည် ဘို့ ဆိုရင်တဲ့ ဆရာကြီး ဦးသော်ဇင်က ကိုယ်တိုင် အကျဉ်းသား လို့ အမည်ရတဲ့ တဂိုး ရဲ့ ကဗျာ တစ်ပုဒ်ကို ညွှန်းဆိုခဲ့ပါတယ်..။
မူရင်း အရသာ ပိုခံစားရအောင် ကျမ က အင်္ဂလိပ် မူရင်း ပါ ဖေါ်ပြလိုပါတယ်..။ ဖတ်ကြည့်ပါအုံးနော်..။
Prisoner - Poem by Rabindranath Tagore
--------------------------------------------------
`Prisoner, tell me, who was it that bound you?' 
`It was my master,' said the prisoner. 

`I thought I could outdo everybody in the world in wealth and power, 
and I amassed in my own treasure-house the money due to my king. 

When sleep overcame me I lay upon the bed that was for my lord, 
and on waking up I found I was a prisoner in my own treasure-house.' 

`Prisoner, tell me, who was it that wrought this unbreakable chain?' 
`It was I,' said the prisoner, `who forged this chain very carefully. 

I thought my invincible power would hold the world captive 
leaving me in a freedom undisturbed. 

Thus night and day I worked at the chain 
with huge fires and cruel hard strokes. 

When at last the work was done 
and the links were complete and unbreakable, 
I found that it held me in its grip.'

ရာဘင်ဒြာနတ်သ် တဂိုး ရဲ့ ( ကိုယ်တိုင် - အကျဉ်းသား) ကဗျာ မြန်မာပြန်(ဦးသော်ဇင်ဘာသာပြန်ကိုအနည်းငယ်လေးကွန့် ထားပါတယ်..။)
-----------------------------------------------------------

((အဘယ် အကျဉ်းသား…ပြောကြားပါဘိ..။ 
ဤ ခိုင်မာ လှပါသော အနှောင်အဖွဲ့ တွင်…သင့်အား မည်သူ နှောင်ဖွဲ့ ထားသနည်း ။ 
အကျဉ်းသား ကပြန်ဖြေ ပါတယ်..။ 
ငါ၏ အရှင် ….. နေ နှင့် ဗလ တွင်…. အလုံးစုံတို့ထက် မြင့်တက်ရမယ် ရယ်လို့ ငါက စဉ်းစားပြီး ငါသည် မိမိ အရှင် အဖို့ ဖြစ်သော ဥစ္စာ တို့ကိုလည်း မိမိဘဏ်တိုက်အတွင်း ထည့်သွင်းထားခဲ့ပါတယ်..။
အိပ်ချင်လာသော အခါ မှာ လည်း အရှင့်အိပ်ရာ ပေါ် မှာ တင်ပဲအိပ်လိုက်ပါတော့တယ်..။
အံ့သြစရာကွယ်…. 
နိုးလာ တဲ့အခါ မှာတော့ မိမိ ရဲ့ ဘဏ်တိုက် ထဲ မှာ မိမိ ကိုယ် တိုင် အကျဉ်းသားဖြစ် နေတာ တွေ့ လိုက် ရပါတယ် …..။
အဘယ် အကျဉ်းသား..ပြောကြားပါဘိ..။ဤ ခိုင်ခံ့ လှစွာသော လက်ထိပ် သံခြေကျဉ်း ၊ အနှောင်အဖွဲ့တို့ကို ဘယ်သူပြုလုပ်ပါသနည်း ။ 
အကျဉ်းသား ကပြန်ဖြေပါတယ်..။
ငါကိုယ် တိုင် ၊ ဤ လက်ထိပ်၊ သံခြေကျဉ်းတို့ကို ပြုလုပ်ခဲ့ပါတယ်..။
ကျွန်ပ် ၏ အတု မရှိသော အစွမ်းသတ္တိဖြင့် ကျွန်ပ် သည် အလုံးစုံသော ကမ္ဘာ့ အစွမ်းသတ္တိ တို့ကို ဒီ လက်ထိပ် သံခြေကျဉ်းတို့မှာ နှောင်ဖွဲ့ ပြီး ကိုယ်တိုင် ကတော့ 
လွတ်လပ်စွာေ နလျက် ကမ္ဘာ ကိုကျေးကျွန်ပြုမည် ဟု အိပ်မက် မက်ခဲ့ ဘူးပါတယ်..။
အိပ်မက် ထဲကအတိုင်း နေ့ရော ညပါအထူးကြိုးစားပြီး မီးဖို မှာ တူ ဖြင့် ထုနှက်ပြီး…. လက်ထိပ် သံခြေကျင်းတို့ကို ပြုလုပ်ခဲ့ပါတယ်…။ 
အံ့သြစရာကွယ်…..
ငါလုပ်ခဲ့တဲ့ ဒီ လက်ထိပ် သံခြေကျင်း တို့မှာ အနှောင်အဖွဲ့ ခံနေရတာ ငါကိုယ်တိုင်ပဲ ဖြစ်နေပါတော့တယ်..။))
တဂိုး
ဒီကဗျာ ကို ဘာသာ ၂မျိုး နဲ့ခံစား မိတဲ့ကျမ က နှောင်ဖွဲ့ တတ်တဲ့ ကိလေသာ ဆိုတာ ကို အတန်ငယ် သဘောပေါက်ခဲ့ပါတယ်..။
တကယ်တော့ကျမ တို့ ဟာ ကိုယ်တိုင်အကျဥ်းကျ ခံရဘို့ လှောင်အိမ်ကို ကိုယ်တိုင် တည်ဆောက်နေမိတယ် ဆိုတာ..တွေ့ ရပါတယ်..။
ကျမ ဘဝ မှာ တော့ ဘယ်လို အကျိုးပေး တယ် မသိ…. ဒါသည်ပင်အကျိုး မှန်မသိ..အဆိုးမှန်းမသိ…။
ပြေး မထွက်နိုင်တဲ့….လှောင်အိမ်…..
ရုန်းမထွက် နိုင်တဲ့ နှောင်အိမ် တွေ ကြိုးစားတည်ဆောက် သော်လည်း……တည်ဆောက်ခွင့် မရတဲ့ဘဝ ဖြစ်နေတာ တွေ့ ရပါတယ်..။
ကျမ ပညာသင်ဘို့ နိုင်ငံခြား ထွက်တော့ စတင် သဘောပေါက်ခဲ့ပါတယ်..။
မြန်မာ တွင် တည်ဆောက်ခဲ့သောသံယောဇဉ်များစွာဖြင့် နှောင် တဲထား သော အိမ် မှ လူက ထွက်လာ သလို…….. စိတ်က တော့မလွတ်မြောက် နိုင်ခဲ့သေး..။
မြတ်နိုးရတဲ့ ပန်းအိုးလှလှ တွေ..…..ပန်းချီကားတွေ..ကဗျာ စာအုပ်တွေ… ကော်ဖီသောက်တဲ့ စတီးလ် မတ်ခွက်တွေ…..ချိတ်လုံချည် တွေ ကအစ သယ်ယူသွားခွင့်မရှိ…။ 
လေဆိပ် မှာ သယ်သွားနိုင်သည်မှာ သေတ္တာ တစ်လုံးမျှသာ…။ ရင်နဲ့ အမျှ ချစ်ရပါသော သားသမီး ၂ဦးကိုပင် ခေတ္တာ ထားခဲ့ ရ တာ…။
နှောင်အိမ်တွင်နေလိုသော်လည်း နှောင်အိမ်က လက်မခံသော ဘဝ..။
AIT တွင် ပညာသင် ပြန်တော့ ဘဝသစ်စတင်သလို… အကြာကြီးနေရတော့မဲ့ လူလို …ပစ္စည်းသံယောဇဉ် နှောင်အိမ် တစ်ခု ကိုထပ်မံဆောက် တည် ခဲ့သေးတာ…။
၂နှစ်ကို အကြာကြီးထင် ပြီး စားပွဲ ရှိရက် နဲ့ ကွန်ပျူတာ စားပွဲကိုဝယ်..ရေခဲသေတ္တာဝယ်…. ဘန်ကာက်ဈေးထဲက လွိုင်ကောက် ကောက်.. ( ၁၉၉ ဘတ် ) လို့ ဈေးသည် အော်သမျှဝယ်လိုက်ရ ပါသော ဖိနပ်တွေက ရောင်စုံ…။
လမ်းလျှောက်တဲ့ဖိနပ်…… စက်ဘီးစီးတဲ့ဖိနပ်…….ဖိနပ် မျိုးစုံ….. အထည် မျိုးစုံ….။
အချိန်တန် နှစ်စေ့တော့ ထို AIT နှောင်အိမ် က အနှင်ခံရတော့တာ….. နောက်ဆုံးတော့ သေတ္တာ တစ်လုံး…နှစ်လုံး စာမျှ နဲ့ သာ အဆုံးသတ်… ကာ ထွက်ခွာရတော့တာ..။
အီတလီ ရောက် ပြန်တော့လည်း ဘဝကို အမှတ်တမဲ့….. စိတ်ကူးယဉ်ကာ နှောင်အိမ်တစ်ခု ကိုတည်ဆောက်…. ပြန်သေးတော့တာ..။
ဘွဲ့ ရပြီး ဒေါက်တိုရေးဆား (Dott.saa) ဘဝ နဲ့ ဥရောပ မှာ အလုပ်လုပ်မယ်..။ ရောမ က တိုက်ခန်းတစ်ခု မှာ နေမယ်..။
ဝယ်ထားသော ခရိုရှေး အိပ်ယာခင်းတွေ..စားပွဲခင်းတွေ…အလှစီဖန်ခွက်တွေ…ပန်းချီကား တွေ Antiques ပစ္စည်းများ စွာ ဒီတစ်ခါ သေတ္တာ ၈ လုံး တိတိ….။
နေမကောင်း..အကြောင်းမသင့်လို့ မြန်မာကိုပြန်လာတော့ …..အပူတပြင်း ဆိုတော့ သေတ္တာ ၇လုံး ကို အီတလီ နဲ့ လက်ထပ်ထားတဲ့ ဖိလစ်ပိုင် သူငယ်ချင်း အိမ်မှာ ထားခဲ့ရတော့တာ..။
အီတလီ နှောင်အိမ်…ရောမ နှောင်အိမ် သည် သဲ သောင်ပြင်ပေါ် မှာ ရေးဆွဲသော ကောက်ကြောင်း သဖွယ် လှိုင်းအပုတ် မှာ မျောမြုပ် ခဲ့ရပြန်ပါတယ်…။
ဖိလစ်ပိုင်သူငယ်ချင်း က သေတ္တာ ၇လုံး ကို သင်္ဘော နဲ့ ပို့ပေးမယ် ပြောလည်း.......
တစ်နေ့နေ့ ပြန်ရောက်ချင် ရောက်အုံး မှာ ဆိုသော သံယောဇဉ် သည် ဖွဲမီး လို တစ်ငွေ့ငွေ့…။
၂၀၁၇ နှစ်ဦး နှင်းတွေကျတော့သူငယ်ချင်း ဓာတ်ပုံရိုက်တင်ထားသောနေရာသည် ကျမ တက္ကသိုလ် တည်ရှိရာနေရာမဟုတ်…..တော့မှ မေးကြည့် လိုက်တာ….။
သန်းသန်းရေ… နင်မသိဘူးလား ၂၀၁၆ မနှစ်က အီတလီ မှာ ငလျင်အကြီးအကျယ် လှုပ်တယ်လေ တဲ့..ငါ တို့ တိုက် လုံးဝ ပြိုသွားတယ်..လူတောင်မနည်းထွက်ပြေး ရတယ် ဆိုတော့..။
ကရုဏာ နဲ့ အတူ…. သံဝေဂ နဲ့ အတူ …ထိတ်လန့်ခြင်း တစ်ဝက်… ဝမ်းနည်းခြင်း တစ်ဝက်…. သနားခြင်းစွက်လျက်..။
တစ်ခန်းရပ်ခဲ့ပါပကော....။
ဘဝ ကပေးလာတဲ့ သင်္ခန်းစာ စုံလာတဲ့ကျမမှာ….. မြတ်နိုးလိုက်မယ်…. စုဆောင်းလိုက်မယ်....စွဲလန်းလိုက်မယ် .....သုံးဆောင်ခံစားလိုက် မယ် ဆိုတဲ့ .......။
ကိလေသာ နှောင်အိမ်သည်….. အလဲလဲ အပြိုပြို…မို့ နောင်သောအခါ..ဘာကို မှ မကပ်ညိအောင် နေဘို့ကြိုးစားလာခဲ့ရပါတယ်..။
ဘယ်နေရာ နေရ နေရ..ခဏ ပါ..ပဲကွယ်။
နောက်ဆုံးတော့ ကိုယ့်ဘဝ မှာ ကျန်ူတာ သေတ္တာ တစ်လုံးပါပဲရယ်လို့ နှလုံးသွင်းခဲ့ပါတယ်..။
သားတွေ သမီး တွေက ပိုင်ဆိုင်မှု တွေ ပြောလည်း သူတို့ နာမည် နဲ့ သာဖြစ်စေလိုက်တယ်..။
ကိုယ်က သေတ္တာ တစ်လုံး သမား ဆိုတာ သေချာ ခဲ့ပြီကိုး..။
အခု ရာဘင်ဒြာနတ်သ် တဂိုး ရဲ့ ကဗျာ ဖတ်လိုက်တော့ ကျမ ရဲ့ ဘဝ က ..ကဗျာ ထဲက လို အကျဉ်း မကျ ပဲ အကျဉ်းကလက်မခံလို့ လွတ်မြောက် နေသလို နားလည် မှု အလင်းတစ်စရခဲ့ပါတယ်..။
ကျမ ဟာ တဂိုး လို ...အကျဉ်းကျ စရာ ဘဏ္ဍာ တိုက်မှ မရှိပြီပဲလေ..။
တကယ် ဆို … ကျောင်းတက်တုံး က မှ သေတ္တာ တစ်လုံး သယ်ခွင့်ရှိသေးတယ်… သံသရာခရီး အတွက်ကတော့ …..
နာရေးကူညီမှုအသင်းတွေက … စတီးလ် အခေါင်းတွေ ပြန်သုံး ပြန်ယူကြမှာမို့ …… 
အဝတ်သေတ္တာ မဟုတ် သော ….. အခေါင်း သေတ္တာ တစ်လုံး မျှ ပင်......
လောင်ကျွမ်းပေးမည့် မီးလျှံ ထဲ သို့ ....မဝင်ခင်အချိန် ထိ ပါလိမ့် မည် မဟုတ်…..။
လက်ခြေ ဗလာ......ကိုယ်ခန္ဒ္စာ......
ဒါသည် ပင် ကျမရဲ့ ဝိမုတ္တိဘဝ…. 
ကျမ ရဲ့ ဝိမုတ္တိရသ ....... ပဲမဟုတ်ပါလား..။
မေတ္တာဖြင့်
သစ္စာအလင်း

၆.၁၂.၂၀၁၇

ဗြဟ္မစိုရ်တရားတွေ ရှင်သန် စေ


ဒီနေ့ ကျွန်မ ရဲ့ ရုံးကို Asian Trails မှ အီတာလျှံ သူငယ်ချင်း Maurizio နဲ့ မစန္ဒာ တို့ ၂ ဦးလာလည် ကြပါတယ်..။ ကျွန်မ ကသူတို့ နဲ့ အတူ ဆွံ့ အ နားမကြားကလေးများကို ကူညီတဲ့လုပ်ငန်းတွေ တူတူလုပ်ဆောင် နေကြတာပါ..။
ဒုက္ခ ရောက်နေတဲ့ သူတွေကို တွေ့တိုင်း ခံစား တတ်တဲ့နှလုံးသား ရှိသူတွေဟာ ကရုဏာ စိတ်တွေ ယိုဖိတ်တတ်ကြပါတယ်..။ 

အာရုံ ခံစားမှု တွေ ထဲက ၂ခု ချွတ်ယွင်းနေခဲ့တဲ့ သူတွေ ဟာဘ၀ ထဲ ကို ၀င်လာ ကတည်းက အရှုံး နဲ့ စခဲ့ရတာပါပဲ..။ မေရီချက်မင်း စာသင်ကျောင်း က ပညာ သင်ပေးတယ်…။ 
အဲဒီက ထွက်တဲ့အခါ လောက ထဲ မှာ ဘယ်လို ရပ်တည် ကြမှာပါလိမ့်..။
ရင်ဆိုင်ကြမှာပါလိမ့်…။ အသက်မွေးဝမ်းကျောင်းမှုပြုကြမှာပါလိမ့် ဆိုတာ… တွေးကြည့်ပေးသူ… ဖေးမပေးသူ….လက်တွဲ ခေါ်သူ ဆိုတာ အင်မတန်မှ နည်းပါး လှပါတယ်..။ 
အဲဒီနည်းပါးလှတဲ့အရည် အတွက် ထဲမှာ ကျွန်မ ရဲ့ အီတာလျှံ သူငယ်ချင်း Maurizio နဲ့ မစန္ဒာ တို့ ၂ ဦး က ရှားပါးစွာ ပါဝင်ခဲ့ပါတယ်..။
Maurizio က ကျွန်မအား မေရီချက်မင်း ကျောင်းဆောင်ထဲက အနှိပ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုပေးစေတဲ့ Italy NGO ရုံးခန်းကို ခေါ်ဆောင် ပြသ ချိန်မှာတော့ ကျွန်မ ပထမ ဆုံးအကြိမ် ထိထိခိုက်ခိုက် ဖြစ် ရပါတယ်..။ အရွယ် ကောင်းသမီးငယ်ချောချော လှလှလေးများ လက်ဟန်ခြေဟန် ဖြင့် Sign Language ဖြင့် စကားပြော တဲ့အခါ ဆို့နင်ကြေကွဲ ရင်း မျက်ရည်ပင် ၀ဲလုလု ဖြစ်ရပါတယ်..။ 
အဘယ်သို့သော ကံများပြုခဲ့ပါလိမ့်သမီးတို့ရယ်..။ 
၁၀ တန်းထိသင်ကြားပေးသောကျောင်း မှထွက်လျှင် မည်သို့ ဘ၀ထဲသို့ ၀င်ကြပါမည် လဲ..။ Maurizio နဲ့ မစန္ဒာ တို့ ရည် ရွယ်ချက် ကတော့ အဲဒီအချိန်ကို စောင့်ပြီးကူညီ ဘို့ပါပဲ..။ 

ဒါ နဲ့ ပဲ ကျွန်မ နဲ့ ပတ်သက်တဲ့ Farming Training တွေ မှိုစိုက်ပျိုးရေးသင်တန်းတွေ..။ Maurizio နဲ့ မစန္ဒာ တို့ ကတော့ ခရီးသွားလုပ်ငန်းလုပ်ကိုင်ကြသူတွေ ဖြစ်လို့ ဟိုတယ် တွေ စားသောက်ဆိုင်တွေ မှာ အလုပ်ပေး နိုင်အောင်ကြိုးစားကြတယ်..။ အချက်အပြုတ်သင်တန်းတွေ ပေးတယ်..။ တက်စေတယ်..။
ကူညီတယ်ဆိုသော်လည်း သူတို့ တွေ ရဲ့ ဘ၀ကို များစွာ နားလည်ပေးရပါတယ်..။ အာရုံ ငါးပါး ခံစားမှု တွေ နဲ့ အဆုံးအမ တွေ ရရှိထားသူတွေလည်း မဟုတ်..။ 
စကားလုံးတွေ ရဲ့ အတိမ်အနက် အထူ အပါး… မကွဲပြား တတ်ခဲ့..။ သူတို့သည် အာရုံ ၅ပါးကို တိတိကျကျ ခံစားနားလည် တတ်သူတွေ မဟုတ်…ခဲ့..။
သီချင်း တို့ ဂီတတို့ ဆိုတာလည်း မသိ..။
ချော့တာလား ချောက်တာလား ဟောက်တာလား၊ ငေါက်တာလား ဆိုတာ ဟန်အမူအရာမှတဆင့်သာ နားလည်ခွင့်ရကြတာ..ဖေါ်ပြခွင့်ရကြတာ..။ အငုံ့ စိတ် နဲ့ ရပ်တည်တာ… နှိုင်းယှဉ်ကြည့်တဲ့လူကောင်း တွေရဲ့သဘောကို သိထားကြတဲ့လူတွေ မဟုတ်တာကိုနားလည်ပေးဘို့ လိုပါတယ်..။

Maurizio ကတော့ သူ့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ပြီးရင် ဒါကို ပထမ ဦးစားပေးအဖြစ် ထားပါတယ်… ထောက်ပံ့ပါတယ်..။ မြန်မာမှာ ၆လ နေ…Asian Trails Travel and Tour Company မှMarketing Manager လစာ..။ ကျန်၆လ အီတလီပြန်တဲ့အခါ စားသောက်ဆိုင် ဖွင့်ထားတဲ့ဝင်ငွေ တွေဟာ ဒီကလေးတွေအတွက်သာ သူထောက်ပံ့စောင့်ရှောက်ခဲ့ပါတယ်..။
ခရီးသွားရင်းဆင်းရဲတဲ့ကလေး တွေလည်း ထောက်ပံ့တယ် ကူညီတယ်..။ လှည်းကူးက ကြို့ကုန်းရွာ မှာ လည်းအင်္ဂလိပ်စာသင်တန်း ဖွင့်ပေးထားပါသေးတယ်..။
ဒီနေ့ ကျွန်မ ရဲ့ ရုံးကိုလာချိန်မှာတော့ … ဂူလေးဆိုတဲ့ နားမကြား ကလေးတစ်ယောက် အကြောင်းပြောပြခဲ့တယ်..။သူ ဟာ ၁၄ နှစ်သားလောက်သာရှိသော်လည်း မျက်စေ့ မှာ ရေတိမ် ရောဂါဖြစ်ခဲ့တယ်..။ ရေတိမ်ရောဂါ ဟာ မျက်လုံးတစ်ဘက် ရဲ့ အာရုံကြောတွေကို ပျက်စီးစေခဲ့ပြီ… ကျန်တစ်ဘက် ကို လည်းမှုံဝါးစေခဲ့ပါတယ်… ပြောရင်း နဲ့ ဆို့နင့်ပြီး မျက်ရည် ရစ်ဝဲ ၊ နီရဲနေခဲ့တဲ့ ကျွန်မ ရဲ့ သူငယ်ချင်း မှာ ရှိတဲ့ ကရုဏာ နှလုံးသားကို အသိအမှတ်မပြု ပဲမနေနိုင်အောင်ပါပဲ..။ 

ခွဲစိတ်ဘို့ ကုသတာအောင်မြင်ဘို့ သူ လှိုက်လှိုက်လှဲလှဲ ကြိုးစားပါလိမ့်မယ်..။ 
Deaf, Dumb and Blind ဖြစ်ရတဲ့ ဘ၀ ရဲ့ဝဋ်ကြွေး တွေကို ကျွန်မ တစ်သီ တစ်တန်းကြီးစဉ်းစားနေမိတယ်..။

ကိုယ့်ကိုကိုလည်း ကံကပေးထားတဲ့ မျက်လုံးကောင်း ၊နားကောင်း ၊စကားကောင်း ဆိုတဲ့အနေအထားကို ထိုက်တန်းအောင်ကြိုးစားဘို့ ၊ အကျိုးမဲ့မဖြုန်းတီး ပစ်ဘို့ သတိတရားရစေပါတယ်..။
ကိုယ် လည်း စက္ကန့်ဝက်လောက်မျှသော သွေးတစ်ချက်ဆောင့်အတိုးမှာ ဒုက္ခိတ ဆိုတာ ဖြစ်နိုင်တာပဲ လည်းတွေးတောဆင်ခြင် သံဝေဂ ၀င်မိပါတယ်..။

*ဘ၀ ရဲ့ ပေးလာ တဲ့ အကျိုးပေးကောင်း အခွင့်အရေးကောင်းတွေ ကို တဏှာ ကခိုင်းလို့ ကုန်ခဲ့ပြီ *ဆိုတဲ့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီးရဲ့ အဆုံးအမ တရား (ကုဋေရှစ်ဆယ် သူဋ္ဌေးသား) အကြောင်း ကို လည်း မမေ့ခဲ့ပါ..။
ကျွန်မ နဲ့ ဘာသာမတူသော်လည်း ဗြဟ္မစိုရ်တရားတွေ ရှင်သန် နေတဲ့ ကျွန်မ ရဲ့ အီတလီသူငယ်ချင်း Maurizio တို့ မစန္ဒာ တို့ကို ဒီစာစုလေးနဲ့ ပဲဂုဏ်ပြုပါရစေ..။ 

မေတ္တာဖြင့်
သစ္စာအလင်း

Monday, November 20, 2017

အနေကဇာတိ သံသာ ရံ



အစဖြာ တဲ့ ဥဒါန်းဂါထာတော်ကို တရားစခန်းပွဲနောက်ဆုံး ရက် မနက် စောစော မိုးမလင်းခင် ပူဇော် ရတာကတော့ ဘဝ မှာ ဘယ်တုံး မှ မရရှိခဲ့ဘူးတဲ့ ပီတိ များ...လွှမ်းခြုံခံစား .....ရတာ ဘဝင်ထဲ အေးစိမ့်နေတော့တာ...။


ဒီဥဒါန်း ကို ကျေးဇူးတော်ရှင် 
ဘုရားရှင် ကျူးရင့် ခဲ့တာ ။ 

အရဟတ္တမဂ်၊ အရဟတ္တဖိုလ်နဲ့ယှဉ်တဲ့ ပီတိများ ဟာ
ကိုယ်တော်ရဲ့ နှလုံးတော်မှာ မဆန့်တော့တဲ့ အတွက်ကြောင့် 

= နှုတ်တော်က လျှံထွက်လာသောဝစသာဥဒါန်း၊

= နှုတ်တော်က မထွက်သေးခင် စိတ်ထဲမှာပဲ ရွတ်ဆိုနေတဲ့ မနသာဥဒါန်း ရယ်လို့

ဥဒါန်းနှစ်မျိုး ဖြစ်လာပါတယ်..

လပြည့်ကျော်တရက်နေ့ အာရုံတက်စကလေးမှာ ဘုရားရှင်ကိုယ်တော်မြတ် စိတ်ထဲမှာ ကျူးရင့်သော ဥဒါန်းသည်“အနေကဇာတိ သံသာရံ” ဂါထာနှစ်ဂါထာဖြစ်ပါတယ်။

ဘုရားရှင် ရင်ထဲ နှလုံးထဲ ကနေပြီးတော့ ရွတ်ဆိုနေခဲ့တာ လပြည့်ကျော်တရက်နေ့ မနက်ခင်း အာရုဏ်ဦး အထိ 

“အနေကဇာတိသံသာရံ” နဲ့ နေပါတယ်။

တနေ့လုံးလည်းပဲ “အနေကဇာတိသံသာရံ” နဲ့ နေတယ်။

လပြည့်ကျော်တစ်ရက်နေ့ တနေ့လုံး“အနေကဇာတိသံသာရံ” ကို နုတ်ကနေမဆိုပဲနဲ့ စိတ်ထဲမှာ ကျူးရင့်၍ နေတော်မူခဲ့ တဲ့ အနေကဇာတိသံသာရံ အစဖြာ တဲ့ ဥဒါန်း ဖြစ်ပါတယ်။

ပထမ ဦးဆုံးကျူးရင့်တော်မူတဲ့ ဗောဓိသုတ် မှာ အနေကဇာတိသံသာရံ ..အစဖြာ တဲ့ တရားသံလေးကို နာယူလိုက်ရရင် ကိုယ်ခန္ဒ္စာ အတွင်း အားအင်များစီးဆင်း သွားသလို အောင်မြင်မှု တစုံတရာ ဆုပ်ကိုင်လိုက်ရသလို ကြည်နူးစိမ့်ပျံ့ သွားတယ်ဆိုတာ …အားလုံးသိကြပါလိမ့်မယ်။

တကယ်တော့လည်း နေရဉ္စရာ မြစ်ကမ်းယံထက် က ဗောဓိပင် ခြေရင်း မှာ ဝိမုတ္တိသုခ ကိုခံစားရင်း ကျူးရင့်တော်မူခဲ့တာပါ။

ဗောဓိပင် ဆိုတာကလည်း သွေ့ခြောက်နေတဲ့ သဲကန္တာရ ထဲ က အထီးတည်းညောင်ပင်မျိုး မဟုတ်ပါဘူး။

နေရဉ္စရာ မြစ်ညာကမ်းနားမှာ တည်ရှိပါတယ်။ စိမ်းလန်း လှပတဲ့ တောတောင်သဘာဝ နဲ့ ညောင် ညို သာဝှန်း ဗောဓိနန်း လည်းဖြစ်ပါတယ်။

မျက်နှာစာ မှာ လည်းနေရဉ္စရာမြစ်ရေအေး ဟာ တသွင်သွင် စီးဆင်းနေခဲ့ပါတယ် ဆိုသော်လည်း ကာလ ရွှေ့လျား သဲများ သာ ကျန်သော နေရဉ္စရာ........

ထိုသို့ အေးချမ်း စိမ်းမြတဲ့ ရိပ်သာနန်းက အောင်မြင်မှု များ လွှမ်းခြုံထားလေတော့ နာယူသူအပေါင်း ပီတိခညောင်းနေတာ ခညောင်းစေတာ ….. ကြည်နူးနှစ်သိမ့်မိတာ…. သစ္စာအမှန်ပါပဲနော်။

(၁) အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ၊ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

(၂) ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရ ဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။

၁။ ပုနပ္ပုနံ-ဘ၀သံသရာ ဖန်ခါခါလျှင် ခန္ဓာဝဋ်ဇာတ် အမြစ်မပြတ်နိုင်ဘဲ၊ 

ဇာတိ- ယောနိလေးထွေ လှည့်ပတ်ဖွေလျက် သန္ဓေစွဲမှီ တည်နေဖြစ်ပွားရခြင်းသည်၊

ဒုက္ခာ-သန္ဓေဇာတိ ခန္ဓာရှိလျှင် ဗျာဓိဇရာ မရဏာတို့ မကွာနောက်ဆက် ၀င်နှိပ်စက်သဖြင့် သက်သက်ချမ်းသာ မဟုတ်ပါဘဲ လွန်စွာညှိုးနွမ်း ပင်ပန်းဆင်ရဲလှဘိ၏။

(တသ္မာ-ထို့ကြောင့်) အဟံ-ဘုရားအလျာ သူမြတ်ငါသည်၊

ဂဟကာရံ - ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ်သည့် အယုတ်တမာအကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား လက်သမားကို၊ 

ဂဝေသန္တော -လက်သည်စင်စစ် ဘယ်သူဖြစ်ဟု စိစစ်ထောက်လှမ်း စူးစမ်းရှာဖွေလျက်၊ (၀ါ) စူးစမ်းရှာဖွေသော ဘုရားအလျာ သူမြတ်ငါသည်၊

အနိဗ္ဗိသံ-အနိဗ္ဗိသန္တော-တဏှာယောက်ျား လက်သမားကို ပိုင်ခြား ထင်ထင် လင်းလင်းမြင်သည့် သဗ္ဗညုတာ ဥာဏ်မဟာကို သမ္ဘာနုထွေး ငါမရသေးသည်ဖြစ်၍ (၀ါ) ငါမရသေးသောကြောင့်၊ 

အနေကဇာတိ သံသာရံ-ဘ၀များစွာ သံသရာကာလပတ်လုံး၊

သန္ဓာဝိဿံ-ခန္ဓာငါးချက် ဒုက္ခစက်ကို ကြောက်လျက်ပင်လျှင် ငါမခင်ဘဲ သံသရာဝဋ် ချားရဟတ်၌ မရပ်မနား တဖားဖားလျှင် ပြေးသွားကျင်လည်ခဲ့ရလေပြီ။

၂။ ဂဟကာရက-ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ် သည့် အယုတ်တမာ အကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား ဟယ်... လက်သမား၊ 

ဣဒါနိ- ဘုရားဖြစ်လာ ယခုအခါ၌၊ တွံ-သင် တဏှာယောက်ျား လက်သမားကို၊

ဒိဋ္ဌော- သဗ္ဗညုတ ဥာဏ်ကိုရသဖြင့် ဒိဋ္ဌထင်ထင် ငါမြင်အပ်သည်၊ အသိ-ဖြစ်ပေ၏၊

တွံ-သင်တဏှာယောက်ျား လက် သမားသည်၊

ဂေဟံ-ဒုက္ခယှက်လိမ် ခန္ဓာကိုယ် အတ္တဘောတည်းဟူသောအိမ်ကို၊ 

ပုန န ကာဟသိ-နင့်ခြေ နင့်လက် နင့်အသက်ကို လေးမဂ်လျှံရှိန် ဥာဏ်ပုဆိန်ဖြင့် လေးကြိမ်ဖြတ်ခုတ် အမြစ်ပြုတ်သည့် သစ်ငုတ်တိုဟန် နင်ဖြစ်ပြီမှန်သောကြောင့် တဖန်ထပ်လှောက် နင်ဆောက်လုပ်နိုင်တော့မည် မဟုတ်ချေ။

တေ-သင် တဏှာယောက်ျား လက်သမား၏၊ 

သဗ္ဗာ-တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော၊ 

ဖာသုကာ-အခိုင်အမာ တည်ဆောက် ခန္ဓာအိမ်တည်းဟူသော ဘုံကွန်းပြောက်၏ ထုပ်လျောက်ဒိုင်းမြား ကိလေသာအခြင်ရနယ်တရားတို့ကို၊ 

ဘဂ္ဂါ-၀ါသနာ အငွေ့အသက်နှင့်တကွ အနုသယသတ္တိ ကျန်မရှိအောင် စိစိကြေညက် ငါချိုးဖျက်အပ်လေပြီ၊ 

ဂဟကူဋံ-သစ္စာလေးအင် နိဗ္ဗာန်သွင်ကို မြင်ခွင့်မပေး ဝေးထက်ဝေးအောင် အရေးကန့်လန့် တားဟန့်ပိတ်ကာ အ၀ိဇ္ဇာ တည်းဟူသော အိမ်၏အထွတ်ကို၊

ဝိသင်္ခတံ-မုန့်မုန့်ကြေမွ ငါဖျက်ချအပ်လေပြီ၊

စိတ္တံ-ကိလေသာဟူ မြူအညစ်အကြေး ကင်းဝေးဖြူလွင် ငါဘုရား၏ စိတ်အစဉ်သည်၊ 

ဝိသင်္ခါရံ-သင်္ခါရစက်ကွင်း ဒုက္ခခပင်းမှ လွတ်ကင်းရာအမှန် နန်းနိဗ္ဗာန်သို့၊

ဂတံ-အာရုံမျက်မှောက် သန္တိဓာတ် သိဒ္ဓိပေါက်သဖြင့် ဆိုက်ရောက် သက်ဝင်မိလေပြီ၊

အဟံ-သုံးလောကထွတ်ထား ငါဘုရားသည်၊ တဏှာနံ ခယံ-တဏှာတရာ့ရှစ်ပါး၏ ပျက်ပြားကုန်ခန်းရာ အာသ၀က္ခယ စတုတ္ထမဂ်ဖိုလ်သို့၊ 

အဇ္ဈဂါ-စက္က၀ါရိုက်ခြောင်း တိုက်တစ်သောင်းမှ နတ်ပေါင်းဗြဟ္မာ ကောင်းတင်းငြာလျက် ကြည်သာဝမ်းမြောက် ငါ ဆိုက်ရောက်တော်မူ ခဲ့လေပြီတကား။

ကြည်ညိုပူဇော် ခြင်း မှတဆင့် တက်၍ တဏှာ လက်သမား ကို စိန်ခေါ်နိုင်ကြပါစေ..။

သစ္စာဖြင့်

သစ္စာအလင်း

လမ်းခွဲအစ..ဥရုဝေလ


ဒုတိယအကြိမ် ပြန်လည် ရောက်ရှိခဲ့တဲ့ ကျမကို ဥရုဝေလ ဟာ စိမ်းစိုမှု တစ်ဝက်တစ်ပျက် နဲ့ တစ်နှစ်က လိုပါပဲ..ကြိုဆိုလျက်ရှိပါတယ်..။

စွံပလွန်ပင်... အော်ရီရှားပင် များနဲ့ သက်နု သစ်တော ဥရုဝေလ တော ကိုစတင်ဝင်ရောက်တယ် ဆိုရင်ပဲ...
ငယ်ငယ်က ရွတ်ဆိုခဲ့ဘူးတဲ့ ဝဋ်တော် (၁၂)ပါး လင်္ကာ လေးထဲက 
ဥရုဝေလ တောဝ မြိုင်ခွင်...၆ နှစ်ပတ်လုံး ကျင့်သုံးအရှင်
အားကုန်ခမ်းလို့..ညှိုးနွမ်းငြိုငြင်.... စတဲ့ စကားမှားခဲ့တဲ့ အတိတ် ကိုသတိရ တတ်ကြတာများပါတယ်..။
မြတ်စွာဘုရားအလောင်းတော်သည်
ကဿပဘုရားရှင်လက်ထက်က ဗေဒင်ပညာကို တစ်ဖက်ကမ်း ခပ်တတ်ကျွမ်းသည့်ပုဏား လူမျိုး“ဇောတိပါလ”လူငယ် ဖြစ်ခဲ့ပါတယ် ...။

ပညာတတ်သည့်အလျောက် မာန်မာနအလွန်ကြီးပြီး၊
ကဿပဘုရားရှင်ကို မှားခဲ့တဲ့ စကားကြောင့်ပင်လျင် မြတ်စွာ ဘုရားအလောင်းတော် ဟာ 
ကိုယ်တိုင်ဘုရားဖြစ်ရန်ကျင့်သောအခါ အကျင့်မှားကြီးတစ်ခုကို(၆)နှစ် ကြာကျင့်ရသည့်ဆင်းရဲခြင်းဝဋ်ကြွေးကို ခံစားရခြင်းဖြစ်ပါတယ်..။

“အတ္တကိလမထ”ဟုခေါ်သော ခန္ဓာကိုယ်ကိုနှိပ်စက်ညှင်းပမ်း သော
အကျင့်တစ်မျိုးမျှ ဖြစ် သည့်အတွက်

ဘုရားအဖြစ်သို့ပို့ဆောင်နိုင်သောလမ်းစဉ်မဟုတ်မှန်းသိရှိ၍၊စွန့်လွှတ်ပြီး မစ္ဇျိမပဋိပါဒဟုခေါ်သော“မဂ္ဂင် (၈)ပါး”အကျင့်ဖြင့်သာလျင် ဘုရားအဖြစ်သို့ရောက်တော်မူရ ပါတယ်..။
(သူ ၆လ ဆိုရင် ကိုယ်က ၆နှစ် ) ဆိုတဲ့အတိတ်ကိုတူးဆွ တာ အပြစ်တင်သလို ဆိုတာမျိုး ခံစားရတာမို့ ဒုက္ကရစရိယ အကြောင်းကို ကျမ ကထပ်မံ မဖွဲ့ ဆိုချင်တော့ပါ..။
အကျင့်မှား ဖြစ်သော်လည်း အရိုးပြိုင်းပြိုင်း ထသည်ထိ ကျင့်ကြံ အားထုတ် တော်မူခဲ့တဲ့ မဟာ ကရုဏာတော်ကိုသာ ဦးညွှတ်မိပါတယ်..။
ဒီနေ့ ကျမ တို့ ရဲ့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရား နဲ့ အတူဥရုဝေလ ကိုဝင်တဲ့အခါ မှာ တော့....
စကားလုံးအဆန်း တစ်ခု ကို ဆုပ်ဖမ်းမိပါတယ်...။
အမှား ကနေ အတ္တကိလမထာ အကျင့်ကနေ မဇ္ဈိမ ပဋိပဒါ အမှန်လမ်းကြောင်းပေါ်သို့ လမ်းခွဲ အစ တဲ့...။ ဒါကြောင့် မြင့်မြတ်တဲ့ မြေထူးမြေ မြတ် ဖြစ်ပါတယ် တဲ့..။
အမှားဆိုတာ အမှန်ရဲ့ ဆရာပဲတဲ့..။ ဘုရားရှင်ဟာ အင်မတန် ခဲယဉ်း တဲ့အကျင့်ကိုကျင့်ခဲ့တာ ၆နှစ်တောင်ကြာ ခဲ့တာ တဲ့..။ 
၆နှစ်ကြာ ခဲ့လို့ ဝဋ်ကြွေးပြေချိန်မှာ .... ငယ်ငယ်က လယ်ထွန်မင်္ဂလာ ဝင်ချိန် ဝင်စားခဲ့တဲ့ အာနာပါန ဈာန်ကိုသတိရမိ ကာ ..ပဲနောက်ရည်လေးတွေ ပြန်ဘုဉ်းပါသတဲ့..။
မဇ္ဈိမ ပဋိပဒါ အလယ် အလတ် ကျင့်စဉ် ပေါ် ရောက်ရှိစတင်ခဲ့တဲ့ နေရာ လို့ ပိုင်းလော့ဆရာတော် ချီးမွမ်းဖွဲ့ဆိုပါတယ်..။
ကျွန်မ ကလည်း ရှင်တစ်ထောင်အခါတော်နေ့ ထဲက ဥရုဝေလတော က ရသေ့ညီနောင်၊ ရှင်တစ်ထောင်ကို စတင်သတိရ လိုက်မိပါတယ်။
သူတို့သည်လည်း လောကသဘာဝ ရ ကိုယ့်ထက်မြင့်မားသူ ကိုယ့်အသိုင်းအ၀ိုင်းမှာ မထားလိုခြင်းဆိုတဲ့ စိတ်ကျဉ်မြောင်းမှုများ ရှိနေသေး ရာ ကနေ မာန ကို လွှတ်ချ နိုင်ခဲ့တဲ့ လမ်းခွဲအစ တစ်ခု ပါပဲလို့ ဆိုရပါမယ်..။
ကျေးဇူးတော်ရှင် မြတ်စွာဘုရားရှင် ဟာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ပထမဝါကျွတ်ပြီး မှာ..... ရသေ့တစ်ထောင်ကို ချွတ်ဘို့အတွက် ဥရုဝေလတော သို့ တန်ဆောင်မုန်းလပြည့်နေ့မှာရောက် ရှိတော်မူခဲ့ပါတယ်။
ပြာသိုလပြည့်နေ့အထိ နှစ်လတာမျှ နေထိုင်သီတင်းသုံးပြီး ရသေ့များကိုစည်းရုံးခဲ့ပါတယ်။
အဲဒီ အချိန်က ဥရုဝေလ တော ထဲမှာ
အစ်ကိုကြီး ဥရုဝေလ ကဿပခေါင်းဆောင်တဲ့ ရသေ့ ၅၀၀၊
အစ်ကိုလတ် နဒီ ကဿပ ခေါင်းဆောင်တဲ့ ရသေ့ ၃၀၀၊
ညီငယ် ဂယာကဿပခေါင်းဆောင်တဲ့ ရသေ့ ၂၀၀ တို့ သုံးနေရာခွဲပြီး နေထိုင်ကြပါတယ်။
အစ်ကိုကြီး ဥရုဝေလ ကဿပ ဟာ အခြားညီနောင်နှစ်ပါးနှင့်အတူ ရသေ့ပေါင်းတစ်ထောင်၏ လောကထွက်မြောက်ရေးကို နည်းပေးညွှန်ပြနေသည့် ထင်ရှားသည့် ဘာသာရေးခေါင်းဆောင်ကြီးဖြစ်ပါတယ်..။
လောကသဘာဝ ရ ကိလေသာမကုန်သေးတော့ ကိုယ့်ထက်မြင့်မားသူ ကိုယ့်အသိုင်းအ၀ိုင်းမှာ မထားလိုခြင်းတည်းဟူသော စိတ်ကျဉ်မြောင်းမှုများ ရှိနေသေးတဲ့ နေရာတစ်ခုပေါ့လေ..။
ဘုရားရှင် ရောက်လာတဲ့အခါ......
မီးဖိုချောင်လေးက အစွယ်ငေါငေါအစွမ်းထက်ထက် မြွေနဂါးကြီးတစ်ကောင် ၀င်ရောက်ခွေအိပ်နေသည့် အန္တရာယ် ရှိတဲ့နေရာ ကို သီတင်းသုံး ဘို့ ပေးပါတယ်..။
သို့သော် ဗုဒ္ဓအရှင်က ဇွတ်တိုးဝင်ကာ သီတင်းသုံးခဲ့ ပါတယ်။ 
ထိုညက ဥရုဝေလကဿပအပါအ၀င် ရသေ့ငါးရာလုံး စိတ်မကောင်းခြင်းကြီးစွာ ဗုဒ္ဓကို သနားနေခဲ့ကြ ပါသေးတယ်..။ 
နံနက်လင်းချိန်မှာတော့ ဗုဒ္ဓအရှင်က တစ်ညတာလုံးဆုံးမယဉ်ကျေးစေပြီးသည့် နဂါးကြီးကို သပိတ်ထဲထည့်ကာ မီးဖိုချောင်လေးမှ ထွက်လာခဲ့တော့တာ ။ ဥရုဝေလအပါအ၀င် ရသေ့အားလုံး အံ့သြပြာဝေသွားကြတော့တာ..။
“ ရဟန်းကြီးကား တန်ခိုးတော့ကြီးပါပေရဲ့၊ သို့ရာတွင် ငါ့လိုတော့ ရဟန္တာမဟုတ်သေး”တဲ့။
ကျေးဇူးတော်ရှင်မြတ်စွာဘုရားက ဥရုဝေလကဿပ ထံ နေခွင့်တောင်းလေရာ နဂါးကြီးရှိတဲ့ မီးတင်းကုတ်ကို နေခွင့်ပေးပါတယ်။
မြတ်စွာဘုရားရှင် က နဂါးကြီးကိုတန်ခိုးတော်ဖြင့်နှိမ်နင်းပြလေရာ ဥရုဝေလကဿပ နှင့် ရသေ့များ အထင်ကြီး သွားကြပါတယ်။
((ဗုဒ္ဓအရှင်နှင့် အတူနေထိုင်ခွင့်ရလေလေ ဗုဒ္ဓအကြောင်း ပိုသိရလေလေဖြစ်သည်။ ညစဉ်ညစဉ် နတ်ဗြဟ္မာတို့၏ အရောင်အ၀ါများဖြင့် ဗုဒ္ဓအရှင်၏ ကျောင်းသင်္ခန်းလေး လင်းပနေတတ်သည်ကို အံ့သြရသည်။
ဗုဒ္ဓအရှင်ထံသို့ စတုမဟာရာဇ်နတ်မင်းကြီးများ၊ သိကြားဗြဟ္မာများကိုယ်တိုင်ပင် လာရောက်ပူဇော်ချဉ်းကပ်ကြသည် ဟု သိရသောအခါ ဗုဒ္ဓအရှင်ကို မလေးစားပဲ မနေနိုင်။ သို့သော် ရသေ့ကြီးက ဆုပ်ကိုင်ထားသော အတွေးနှင့် စကားကိုတော့ လွှတ်မချခဲ့။
ရသေ့များအားလုံး ကိလေသာခေါင်းပါး ဘို့ အတွက် မီးလှုံခြင်း ၊ ရေငုတ်ခြင်း စတဲ့ ပဉ္စာတပ အကျင့်များများကို ကျင့်ကြံနေကြပါတယ်။ ကျင့်ကြံ ပုံမှာ ဆီးနှင်းတွေ ဝေကျပြီး ခိုက်ခိုက်တုန် ချမ်းအေးသော ပြာသိုလ အတွင်း သတ်မှတ်ရက် ၈ည တွင် နေရဉ္စရာ မြစ်အတွင်းသို့ သက်ဆင်းကာရေငုတ်ကြပါတယ်။
“ငါ့လိုတော့ ရဟန္တာမဟုတ်သေး”။)) ဓမ္မဂင်္ဂါ ဘလော့
အထင်တော့ ကြီး တယ် သို့သော် ထင်တစ်လုံး နဲ့ ကိုယ့်ကိုကို အထင်ကြီးခြင်း ၊ ကတော့ တရားကိုလည်းမမြင် သေးပါ..။ ဘုရားကို လည်း မမြင်သေးပါ..။
မြတ်စွာဘုရားရှင်က မဟာကရုဏာတော်နဲ့ ရသေ့များ အအေးဒဏ်မှ သက်သာစေဘို့အတွက် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူလိုက် ပါတယ်။
မြတ်စွာဘုရား က ရသေ့များခွဲလို့မကွဲသော ထင်းတုံး ၅၀၀ ကို တပြိုင်နက် ကွဲစေခြင်း၊
ရသေ့များ မွှေးမရသော မီးကိုတပြိုင်နက်တောက်လောင်စေခြင်း၊
ရသေ့များငြိမ်းမရသော မီး ၅၀၀- ကို တစ်ပြိုင်နက်ငြိမ်းစေခြင်း၊
မီးအိုးကင်း-၅၀၀ ကို တစ်ပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်များ ကို ပြသတော်မူခဲ့ပါတယ်။
တန်ခိုးတော်စုစုပေါင်း ၃၅၁၆ မျိုးကို ပြသ၍ ရသေ့များ ကို ဆွဲဆောင်တော် မူခဲ့ပါတယ်။ 
“ငါ့လိုတော့ ရဟန္တာမဟုတ်သေး”ဆိုတဲ့ စိတ်အခံကြီးလေလေ......တရားနဲ့ ဝေးလေလေ....
သို့သော်လည်း မြတ်စွာ ဘုရားရှင် ရဲ့ မဟာကရုဏာတော်ကြောင့်... ကိုယ့်ထက်သာပါတယ် လို့ ဝန်ခံ ရတဲ့ လမ်းခွဲ တစ်ခု ကိုရောက်ခဲ့တာ...
ဒီဥရုဝေလ ပဲမဟုတ်ပါလား..။ ဒီနေရဉ္စရာ ပဲမဟုတ်ပါလား..။
ယုံကြည် အထင်ကြီး လာတော့မှ ရသေ့များ အားလုံး သူတို့ရဲ့ အသုံး အဆောင်တွေကို မြစ်ထဲမျှောပစ်ကာ မြတ်စွာဘုရားထံ ရဟန်း အဖြစ်တောင်းခံကြပါတယ်။
ပထမ အကြိမ်မှာ ဥရုဝေလ ကဿပ နှင့်တပည့်များ ၊ ဒုတိယ အကြိမ် နဒီ ကဿပ နှင့်တပည့်များ ၊တတိယ အကြိမ် ဂယာ ကဿပနှင့်တပည့်များ သုံးသုတ်ခွဲ ပြီး သာသနာ့ဘောင် ဝင်ရောက်ကြပါတယ်။
ရသေ့တစ်ထောင်လုံး ဧဟိ ဘိက္ခု ရဟန်းများချည်း ဖြစ်လာ ကြပါတယ်။
မြတ်စွာဘုရား က ရဟန်းတစ်ထောင်ကို ဆင်ဦးကင်းနဲ့သဏ္ဍန်တူတဲ့ ဂယာသီသကျောက်ဖျာပြင်၌ အာဒိတ္တပရိယာယသုတ္တန် ဒေသနာကို ဟောတော်မူလေရာ ရဟန်း အားလုံး အာသဝေါကုန်ခမ်း လို့ ရဟန္တာ အဖြစ်သို့ရောက်တော် မူကြပါတယ်။
သူတို့ ရဲ့ မာန ချ ချိန် ..... အချိန်မီ သွားခဲ့ပါတယ်..။
ရှင်တစ်ထောင် ကို ချေချွတ်ပြီး ကျွတ်တန်းဝင်စေတဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ရဲ့ မေတ္တာတော် ၊ ဂုဏ်တော် အနန္တ နဲ့ စွမ်းပကားကို ခြေစုံဦးခိုက်ကြည်ညိုရပါတယ်..။
ခံစားချက်တွေ သင်္ခန်းစာတွေ စုံလင် လှတဲ့ ဥရုဝေလ ကိုနှုတ်ဆက်ခဲ့ပါတယ်...။
လမ်းမှန်တစ်ခု ကိုလျှောက် ဘို့..... ဆိုရင်.....
လမ်းမှား ကိုချန်ရစ်တဲ့......လမ်းခွဲ တစ်ခု ဆိုတာ ဘယ်နေရာမဆို လိုအပ်သည်ပဲမဟုတ်ပါလားရှင်..။
မေတ္တာဖြင့်
သစ္စာအလင်း
ခေတ္တ- မဇ္ဈိမသုခကျောင်းတိုက် ၊ဗုဒ္စ္ဒဂါယာ

ဗုဒ္စ္ဒဂါယာ မြေမြတ်မဟာ



ဒီနေ့ မနက်စောစော .... ဘုရားဖူး တစ်ဖန် ရောက်ရှိခဲ့ပါတယ်..။

ဒီတစ်ခါ တော့ ဓမ္မဘလော့ဂါ တစ်ယောက် ရဲ့ စိတ်လိုလက်ရ တွေ...လွန်ဆန် ပြီး..
ဓမ္မပီတိ ဘုရားဖူး အဖွဲ့ စီစဉ်ရာနောက် ကိုညိမ်သက်စွာ လိုက်နာ ခဲ့ပါတယ်..။
မြန်မာ မှ ကြာသင်္ကန်းကို အားလုံး ကိုင်..ဂုဏ်တော်တွေပွား..မဟာဗောဓိစေတီကို လက်ဝဲရစ် ပူဇော်ကာ ဘူမိဖဿမုဒြာ ရုပ်ပွားတော်မြတ် ကို ဘုရားရှင် ရည်စူးပြီး ပူဇော် ကပ်လှူကြပါတယ်..။
ဒီမြေ..ဒီရေ..... ဒီဒေသ ရဲ့ ထူးခြား မှု တွေ... 
ဘုရားရှင် အဆူဆူ... တိုင်း သစ္စာလေးပါး ကို သိရှိခဲ့တဲ့ သစ္စာအလင်းတွေ ဓာတ်ရိပ်ဓာတ်ခိုးတွေ လွှမ်းခြုံနေတော့တာ..။
ပွင့်တော်မူပြီးသော ဘုရားများ...နောင် ပွင့်တော်မူဦးမည့် ဘုရားအဆူဆူ အောင်မြင်မှု ရခဲ့တဲ့ နေရာပဲမဟုတ်ပါလား ။
ဘုရား ဒါယိကာ က အာသောက ဘုရင် ဆိုသော်လည်း မြန်မာဘုရင် တွေရဲ့ ကောင်းမှု ကုသိုလ်တော် ပြုခဲ့တဲ့နေရာလည်းဖြစ်ပါတယ်..။
ဖိနပ်တော် ၄၈ ပေရှိပြီး ဥာဏ်တော် အမြင့် ပေ ၁၇၀ ရှိပါတယ်.. စေတီတော်ကြီးကို သဲကျောက်၊ ထုံး၊ အင်္ဂတေ တို့ နဲ့ မွမ်းမံအပ်တဲ့ အုတ်ညိုများဖြင့် တည်ဆောက်ထားပါတယ်..။
လေးဘက်လေးတန် နံရံကပ် လှိုဏ်မုခ် တို့ တွင်ရုပ်ထုတော် များထားရှိပြီး ပုလဲ ကုံး၊ ဈာန်ပျံရသေ့ ပုံတို့ ဖြင့် ဆန်းကြယ် စွာ ထုလုပ်ချယ်လှယ် ထားပါတယ်..။
စေတီတော် ရဲ့ ထိပ်ဖျားကိုမော်ဖူးလိုက် တဲ့အခါ....ရွှေရည်ပွတ်တဲ့ ကြေးနီ နဲ့ ပြုလုပ်ထားတဲ့ သျှိသျှားသီးအဖူး ကိုဖူးမျှော်ရမှာ ဖြစ်ပါတယ်..။
အာသောက ဘုရင် တည်ခဲ့တယ်လို့ဆိုရပေမဲ့ မူလလက်ရာ အကြွင်းအကျန် တွေ ကတော့နည်းပါးလှပါတယ်..။ 
ခရစ်နှစ် ၃ရာစု က ဗုဒ္စ္ဒ ဂါယာကိုဘုရားဖူးရောက်ရှိ ခဲ့တဲ့ တရုတ်ရဟန်းတော် ဟူဟင်ဆန် ရဲ့ မှတ်တမ်းများအရ အေဒီ ၆၃၇ ခုနှစ် မှာ ရှိတဲ့ ပုံပန်း သန္တန် သည် ယခုဖူးတွေ့ရတဲ့အတိုင်း လို့ ဖေါ်ပြထားခဲ့ပါတယ်..။
မြန်မာ နိုင်ငံကအေဒီ ၁၁၇၉ ခုနှစ် မှာ တစ်ကြိမ် ပြုပြင် မွမ်းမံ ခဲ့တဲ့ မှတ်တမ်းတွေ တွေ့ ရပြီး..၁၂၉ ၀ ခုနှစ် မှာ တော့ မြေမြတ်မဟာ ..သည် မူဆလင်ဘာသာ ဝင်များ သိမ်းပိုက် ခဲ့ကြလို့ ဘုရား ပရိဝုဏ် တစ်ခု လုံး ဖျက်ဆီးခံခဲ့ရပါတယ်..။
ဘာသာခြားတွေ လက် ထဲ နှစ်တော်တော်ကြာနေခဲ့ရ သော်လည်း အလယ် က မဟာဗောဓိစေတီကြီး ကတော့ကျန်ခဲ့ပါတယ်..။ 
မြန်မာက မင်းတုန်းမင်းကြီး က ရူပီး ၆သန်း နဲ့ ညီမျှ တဲ့ စိန်၊မြ၊ကျောက်နီ၊ ပုလဲ စတာတွေ လှူခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ပါတယ်..။
၁၈၇၅ ခုနှစ်ရောက်တော့..မြန်မာနိုင်ငံခြားရေးဋ္ဌာန မှ စေတီတော်ကြီး ပြင်ဆင်ခွင့် ကျောင်းဆောက်လုပ်ခွင့် တို့ပါဝင်တဲ့ အချက် (၈) ချက်ကိုတောင်းဆိုပြီး ....
သိန်းပေါင်းများစွာ အကုန်အကျခံ ပြုပြင်တည်ဆောက်ခဲ့ကြတာကတော့..မြန်မာ တို့အတွက် ဂုဏ်ယူစရာ ပါ..။
ဒီမြေမြတ်မဟာ ကိုထိန်းသိမ်း စောင့်ရှောက်ဘို့ နောက်ကျေးဇူးတင်ရမဲ့ သူတစ်ဦးက တော့ (The Light of Asia )အာရှတိုက်၏ အလင်းရောင် စာအုပ်ကိုရေးသား သူစာရေးဆရာ Sir Edwin Arnol ပဲဖြစ်ပါတယ်..။ 
သူက မြေမြတ်မဟာ ကိုထိန်းသိမ်းစောင့်ရှောက်ကြဘို့ စာပေ နဲ့ လှုံ့ဆော်ရေးသားကျေးဇူးပြုခဲ့ပါတယ်..။
နောက်တစ်ယာက် ကတော့ သီရိလင်္ကာ နိုင်ငံသား အနာဂါရိက ဓမ္မပါလ ဖြစ်ပါတယ်..။
သူက မဟာဗောဓိအသင်း ကိုဖွဲ့ စည်းတည်ထောင်ခဲ့ပြီး မြေမြတ်မဟာ ကို ဗုဒ္စ္ဒဘာသာဝင်တို့ ရဲ့ လက်ထဲ ပြန်လည် ရောက်ရှိအောင် အင်တိုက် အားတိုက် ကြိုးပမ်းခဲ့ပါတယ်..။
ဓမ္မပါလ ကလည်း တကယ်တော့ ရဲရဲတောက်ပါပဲ... သာသာတရားအတွက် မဟန့်လူမျိုးတွေ နဲ့ ရင်ဆိုင်ခဲ့ရတာ..။ မဟန့် တွေကနိုင်သွား တဲ့အခါ မှာ နှင်ထုတ်တာလည်းခံခဲ့ရဘူးပါတယ်..။
သူ့ရဲ့ မလျော့ တဲ့ဇွဲ သတ္တိ ကြောင့်ပဲ ၁၉ ၅၃ အိန္ဒိယ လွှတ်တော် ၊ ဥပဒေပြဋ္ဌာန်းချက်အရာ မဟာဗောဓိစေတီကြီးကို မဟန့် တွေလက်ထဲက သိမ်းယူပြီး ဗုဒ္စ္ဒ ဘာသာဝင် လေးဦး ပါတဲ့ကော်မီတီ လက်ထဲကို ပြန်လည် အပ်နှံ ခဲ့တာ ဖြစ်ပါတယ်..။
ဒါကတော့ ..... မြေမြတ်မဟာ အတွက် ကျေးဇူးရှိသူတွေကိုလည်း ကျေးဇူးတင်အမျှဝေ ပါတယ်..။
တကယ်တော့လည်း ကျမတို့ ဗုဒ္စ္ဒ ဘာသာဝင် တွေ ယုံကြည်တာ က ဘုရားမြင် ဘို့ ဆိုရင် တရားမြင် ဘို့ အရင်လိုအပ်တာပဲ မဟုတ်ပါလား..။
တရားကိုမြင်ရင် ဘုရားကို မြင်ပါသတဲ့..။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ကတော့... ဘုရားပွင့်တာ.. ဗောဓိပင် မှာ ပွင့်တာမဟုတ်..ဝေဒနာ နဲ့ တဏှာ ကြား မှာ ပွင်တာလို့ ပရမတ္ထ အသိ နဲ့ ဟော ကြားခဲ့ဘူးပါတယ်..။
သို့သော် လည်းသက်မဲ့နေရာဋ္ဌာန တို့ ရဲ့ အထောက်အပံ့ ပြု ခြင်း၊ သပ္ပါယ မျှတ ခြင်း ကလည်းမေ့ထားလို့မရ တဲ့အချက်ဖြစ် နေတာ မို့..။
ကျမ ကတော့ မြေမြတ်မဟာ အတွက် ကျေးဇူးတင်သင့်သူများသို့ ဦးညွှတ်ရင်း ဘုရားရှင် ရဲ့ ဥာဏ်အလင်းတွေ..သစ္စာအလင်း တွေ ထိန်ထိန်ညီးညီး ပြန့်လွင့်နေဆဲ ဖြစ် တဲ့..
စကြာဝဠာ တံတိုင်းသို့ ညွတ်နူးစွာ ဦးခိုက်ရင်း... နောက်တစ်ကြိမ် ဖူးမျှော်ခွင့်ကို တောင်းဆိုပါတယ်..။
ဘုရားရှင် သစ္စာသိသလို သိပါစေကြာင်း ။သိရှိခွင့်ကိုလည်းဆုတောင်း လိုက် ပါတယ်..။
မေတ္တာဖြင့်
သစ္စာအလင်း
ခေတ္တ- မဇ္ဈိမသုခ ကျောင်းတိုက် ၊ ဗုဒ္စ္ဒဂါယာ