Wednesday, September 30, 2015

မေတ္တာ မဲ့သော ဓါး ပါးစပ်များ



ThanThan Sein's photo.
 
ဒီနေ့ မနက် ဘုရားရှိခိုးတဲ့ အချိန်မှာ ဘုရားရှင် ရဲ့ လက္ခဏာတော် (၃၂) ပါးဘုရားရှိခိုး ကို ကြည်ညိုရင်း အပိုဒ်၁၇ မှ----သွားတော် (၄၀) စေ့၍ သွားတော်မကျဲ သိပ်သဲ စေ့စပ် ကြောင်း ကို ဆင်ခြင် မိပါတယ်..။
**ကုန်းတိုက်စကား ၊ ကျဉ်ရှောင်ရှား ၍
ကွဲပြားမကပ် ၊ ကြားစေ့စပ် သဖြင့်
စေ့စပ်ပြီးကို ၊ မြဲအောင်ဆိုခဲ့
ထိုကုသိုလ်တော် ၊ နှိုးပင့်ဆော် ၍
သွားတော်လေးဆယ် ၊ပြည့်ဖြိုးကြွယ် လျက်
သေးသွယ် စိပ်စိပ် ၊သိပ်သိပ်ထူထဲ
မကျဲသွားမှာ ၊ လက္ခဏာဖြင့်
ညီညာ မြဲစွဲ ၊ သူပင်ခွဲလည်း
မကွဲပြိုနိုင် ၊ ကြံ့ခိုင်စေ့စပ်
ပရိသတ်သာ ၊ ရှိတော်မူပါသောမြတ်စွာ ဘုရား ၊ မြတ်စွာဘုရား ။
ဒီ ဘုရားရှိခိုးကို ဆင်ခြင် ပူဇော်တတ် လျှင် ရုပ်လက္ခဏာ ကို လူကဲခတ်တတ်၊ နိုင်ကြောင်း ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး က မိန့်တော်မူဘူးပါတယ်..။
ဘုရားရှင် ရဲ့ စကားသစ္စာ ကြောင့် ကြံ့ခိုင်စေ့စပ် ပရိသတ် တွေ ဟာ လမင်းကြီး ကို ကြယ် များ ဝန်းရံ သလို ထာဝစဉ် တင့်တယ် နေတော့တာ ပါတဲ့..။
ကျွန်မ ရဲ့ ပတ်ဝန်းကျင် မှာ လှပ ညီညာသောသွားလေး တွေ ဖြူဖွေး နေသောသူများတွေ့မြင်တိုင်း အားကျစိတ် နဲ့ ငေးနေမိဘူးပါတယ်..။
ကျွန်မ အတွက် ပတ်ဝန်းကျင် ရဲ့ မေတ္တာမဲ့သော ဓါးပါးစပ်တွေ ကြောင့်ထိရှ နာကြင် ခဲ့ ပါလျှင်လည်း ကိုယ့်ရဲ့ မလှပခဲ့သောအတိတ်ကို ဆင်ခြင်လျက် အပြစ်မယူမိအောင်ကြိုးစားရပါတယ်..။
အတိတ် ဘဝ တွေ မှာ အဘယ် မျှ ကုန်းတိုက်ခဲ့လေသည် မသိ..။ ချစ်ခြင်းတွေကို ကွေကွင်းစေခဲ့သည် မသိ..ကျွန်မ အတွက် ထာဝစဉ် တစ်ဒိုင်းဒိုင်းပြေးနေရသည် မှာ သွားဘက်ဆိုင်ရာဆေးကုခန်းများ သာဖြစ်ခဲ့ရပါတယ်..။
နှုတ်စကားတစ်ခု ကြောင့် လောင်မြိုက်ခံစား ရရှာသော လူသားပေါင်းများ စွာ ရဲ့ ပရိဒေဝ မီးများ ကို တတ်နိုင်သမျှ သိမ်းဆည်းရလေအောင် ကျွန်မ ဒီစာ ကို ရေးမိပါတယ်..။
အကုသိုလ် တရားဆိုတာ ကိုယ်က မလုပ်မိအောင်ဆင်ခြင် နိုင်သော်လည်း ကိုယ့်ကို ပြုမူလာခဲ့လျှင် ဘယ်လို တုန့်ပြန်ရမယ် ဆိုတာ အလွန်အရေးကြီး လှပါတယ်..။
မဟုတ်မမှန်တဲ့စကားတွေပြောဆိုပြီး တစ်ဦး နှင့်တစ်ဦး ၊ အဖွဲ့အစည်းတွေကြား မှာ ကုန်းချော ၊ကုန်းတိုက်ခြင်း ၊ ကြမ်းတမ်းစွာ ပြောဆိုကြခြင်း ၊ သိမ်ဖျင်းသော စကားများကို အချိန်အကုန်ခံပြောဆိုနေမယ်ဆိုလျှင် ပြောသူရဲ့ နှုတ် ပါးစပ် မှာ မေတ္တာ ကင်းမဲ့နေတာ ထင်ရှား လှပါတယ်..။
မေတ္တာ ကင်းမဲ့နေသော သူရဲ့ နှုတ်ပါးစပ် ဟာ အလွန် ထက်မြက် နေတဲ့ ဓါးတစ်လက် နဲ့ အတူတူ ပါပဲ ။ ( အနော်မာ -မေတ္တာမဲ့သောဓါးပါးစပ်များ စာ ၆၈) မှာ ဖေါ်ပြထားတာကို ကိုး ကားဖေါ်ပြပါရစေ..။ အနော်မာ က အရှင်သောဘိတာဘိဝံသ ( ချမ်းမြေ့ရိပ်သာ ကျောင်း ) နဲ့ မေးမြန်း ထားတာ.. ဆရာတော် ရဲ့ တရားက မှတ်သားလိုက်နာဘွယ် ပါ..။
((( ပါးစပ်ဆိုတာ စားသုံးခြင်း ။စကားပြောခြင်း အလို့ ငှာ သာ အသုံးပြုကြပါတယ်..။ ဘယ် အရာမဆို စိတ်က အဓိက ပဲ မဟုတ်ပါလား ။ တရားအားထုတ် တဲ့နေရာမှာလည်း ဘယ်လို နည်းနဲ့ ပဲအားထုတ် အားထုတ် အဓိက ကတော့ သတိပါပဲ ၊
****စကား ရဲ့ အချုပ် က ကတိ ၊
****တရား ရဲ့ အချုပ်က သတိ ။။။။။။။။။………………………ဖြစ်ပါတယ် ..။
ဒုစရိုက်ဆိုတဲ့ မကောင်းမှုတွေကို ပြောရရင် ကံသုံးပါးလုံးပါဝင်နေပါတယ်….။
ကာယဒုစရိုက် (၃)ပါး
(၁) သက်ရှိသတ္တဝါကိုသတ်ခြင်း
(၂) သူတပါး ပစ္စည်းကို မပေးပဲ ယူခြင်း
(၃) မကျူးလွန် ထိုက်သော မိန်းမ ၊ယောင်္ကျား တို့ ၌ ကျူးလွန် ခြင်း ၊
ဝစီ ဒုစရိုက် (၃)ပါး
( ၄) မမှန်ကန်သော စကားကိုပြောဆိုခြင်း
(၅) ကုန်းချော ၊ကုန်းတိုက်ခြင်း
(၆) ကြမ်းတမ်းစွာ ပြောဆိုခြင်း
(၇) အဖျင်စကား ကိုပြောဆိုခြင်း
မနောဒုစရိုက် (၃) ပါး
(၈) သူ့ ဥစ္စာကို မိမိ ဥစ္စာ ဖြစ်လို ၍ ကြံစည်ခြင်း
(၉) သူတစ်ပါးကို ပျက်စီးစေလိုခြင်း
(၁၀) မှားသော အယူရှိခြင်း
ဖြစ်တဲ့အတွက် ကောင်းသော ဝစီကံ ဖြစ်ဘို့ဆိုရင် ကောင်းသော မနောကံ ရှိရမှာဖြစ်ပါတယ်..။ ကောင်းသောမနောကံ မရှိတဲ့ အတွက် ဝစိဒုစရိုက်ဆိုးတွေ ထွက်ပေါ် လာတတ်တာ လို့ ဟောကြား တော်မူပါတယ်..။)))
ဒီတရားကို ဖတ်ရှု ပြီးတော့ *မေတ္တာမဲ့သော ၊ ဓါးပါးစပ်* ရဲ့ နောက်ကွယ် ကမနောကံ သည် မှားသောအယူ ဖြင့် မည် မျှ အမှောင်ဖုံး နေတယ် ဆိုတာ သိရှိနားလည် ရပါတယ်..။
သူကအပြော မတတ် တာပါ ဟု ဆိုသော်လည်း မေတ္တာ ကင်းမဲ့ နေတာကတော့အထင်အရှားပါ..။
သူတစ်ပါး ရဲ့ နှလုံးသား တွေ ရှက်ရွံ့ စိုးထိတ် သွားစေလိုက်မယ်..။
သိမ်ငယ် နိမ့်ကျသွားစေမယ်..။
ငုတ်လျှိုးခေါင်းငုံ့ သွားစေမယ်..။
ငါ့ထက် တော့ဘယ် နည်းနဲ့ မှ မသာစေရဘူး..။
အားလုံး ရဲ့ ချစ်ခြင်းမေတ္တာ တွေ င့ါ ထံစုစည်းလာစေဘို့ ဒင်းကို အပုပ်ချရမယ် ၊။။။။ ဟူသော အဓိပ္ပါယ် သည် စကားလုံး တိုင်း ရဲ့ စေစားချက် တွေ ပါပဲ..။
ကံ အကျိုး ပေးကို ဆင်ခြင် တတ်သော ကျွန်မ ကတော့ သွားမညီ ညာ ခဲ့ တဲ့အတိတ်ဖြင့် ဝဋ်ကြွေး တရားများကို ကြေအောင်ဆပ်ပါအုံးမယ်..။
ခန္ဓာ ငါးပါး ရဲ့ ဖြစ်ပျက် ကို ရှုမှတ်နေသူ ဖြစ်လို့ လည်းကျွန်မ အားပြောသမျှ တွေကို ပုံရိပ် မထင် ရေပေါ်အရိပ် ရေးသလို စိတ် မှာမထင် ပျောက်ပျက် နိုင်ခဲ့ပါတယ်..။
ဝစီဒုစရိုက် မှန်းမသိရှာလေပဲ ကံ အသစ် ယူကာ ကျွန်မ အတွက် ဝဋ်ကြွေး ဆပ်ပေး နေသူ များကို ကျေးဇူးတင်စွာ ကရုဏာ ထား၍ မေတ္တာ ထားနိုင်ရန် ကြိုး စားရမည် မှာ ကျွန်မ တာဝန် ပဲ မဟုတ်ပါလားရှင်..။
ကျမ်းကိုး === စာရေးသူ အနော်မာ ရဲ့ မေတ္တာ မဲ့သောဓါးပါးစပ်များ ကို ကိုးကားရေးသားအပ်ပါတယ် ..။ 

မေတ္တာဖြင့်
သစ္စာအလင်း