Wednesday, August 31, 2011

ပညာရေးအလှူတော် နှိုးဆော်ချက်

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

ဆိုတဲ့ အစီအစဉ်လေး ကိုဖေါ်ပြပြီး နဲ့ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ခဲ့တာ အခု ဆိုရင် အသောကာ ရာမသီလရှင်စာသင်တိုက်မှာ မှာ ၉ တန်းသီလရှင် ၇ ပါး၊ ၁၀ တန်း သီလရှင် ၈ ပါး စုစုပေါင်း သီလရှင် ၁၅ ပါး ကိုနေထိုင်စေပြီး စောင့်ရှောက် ထားနိုင်ပါပြီ။

ရွှေ့စေတီကျောင်းမှာက ၉ တန်းကျောင်းသား ၇ ဦးနဲ့ ၁၀ တန်းကျောင်းသား ၆ ဦး၊ စုစုပေါင်း ၁၃ ဦး ကိုပညာသင်ကြားပေးလျက်ရှိ နေပါပြီ။

၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် စရိတ်ထောက်ပံ့ပေးနေတဲ့ သီးခြား မိဘမဲ့ကလေးသုံး ဦး ကတော့ကျွန်မရဲ့ ယဉ်ကျေးလိမ်မာသင်တန်းကကလေးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ပညာသင်စရိတ်ကိုလည်း ထေရဝါဒ လူငယ်လေးများ အသင်း ကထောက်ပံ့ ပေးနေပါတယ်။

ပညာရေး အတွက်ကော..မိဘ မဲ့ရှာပေတယ်လို့ စာနာမှုအတွက်ကော၊ သီလရှင် သာသနာ အတွက်ကောရယ်လို့ စိတ်စေတနာ ပြဌာန်း လှူဒါန်းခဲ့ကြသူတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ပထမ ကျွန်မ ထံအလှူငွေ ပေးပို့ လှူဒါန်း ခဲ့သူတွေကတော့

မသက်ထားမြင့် ဘတ် ၁၀၀၀

မသိဂီမြင့် -ဘတ် ၁၁၀၀

မထက်စုနှင်းဆီ.အမေရိကန် ဒေါ်လာ ၃၀၀ ဖြစ်ပါတယ်..။ အမေရိကန်နိုင်ငံ နှင် တခြားသောနိုင်ငံများ မှ လှူဒါန်းကြမယ်လို့ လည်း ကတိစကားများရရှိထားပါတယ်။ အဲဒီအတွက် လည်း ကျေးဇူးအထူးတင်ရှိနေပါကြောင်း မှတ်တမ်းတင်ဖေါ်ပြလိုပါတယ်။

ကျွန်မတို့ မိဘမဲ့ ကလေးများစောင့်ရှောက် လက်ခံတဲ့အစီအစဉ်ကတော့ စတင်ခဲ့ပေမဲ့ လစဉ် ကုန်ကျစရိတ်များဖြေရှင်း နေရတာမို့ ရေရှည် အတွက်တော့ လကုန်တိုင်းစိတ်ပူနေရပါတယ်..။ ဖေ့စ်ဘွတ်မှ ကလေး တစ်ယောက်ရင်ဖွင့် ထားသလို ကုန်ဈေးနှုန်းက နတ်ပြည်မှာ….ငွေလွှဲနှုန်းက ငရဲပြည်မှာ ဆိုတာ ကလည်း အခြေအနေမှန်တစ်ခု မို့ လစဉ် ကုန်ကျစရိတ်ကာမိဘို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

ဒါကြောင့်မို့ လို့ ပညာရေး အလှူ နဲ့ မိဘမဲ့ကလေးများအတွက် အကြင်နာတစုံတရာ ဝေငှလိုကြတယ်ဆိုရင် အခုလိုအပ်တဲ့အချိန်လေးမှာ ပါဝင်လှူဒါန်းပေးကြဘို့ မေတ္တာ ရပ်ခံလို ပါတယ်။

ကျွန်မ ရဲ့ ချစ်ခင်လေးစားရတဲ့ အေအိုင်တီ နဲ့ ဝိုင်အေယူ မှ စကောလားရှစ်စား မောင်လေး ညီမလေးများ ကိုလည်း ပန်ကြားလိုပါတယ်.. မိမိတို့ ရဲ့ အဆင့်မြင့် ပညာရေးခရီး ဖြောင့်ဖြူးသလို ပြည်တွင်း က သနားစဖွယ်ကလေးငယ်များ အတွက် အကြင်နာ မိုးစက် တစ်စက်တစ်ပေါက် သွန်းဖြန်းပေးကြပါလို့..။

အရိပ်မဲ့တဲ့ပန်း များ လန်းဆန်း ရအောင်ပါ။

ကောင်းကင်မဲ့တဲ့ ကြယ်စင်များ ခိုနားထွန်းလင်းခွင့်လေးပေးကြပါလို့။

မေတ္တာဖြင့်-သစ္စာအလင်း

Ma @[1555239719:2048:Thet Htar Myint].....We are very grateful for your great compassion and generosity to orphans.

Nyima Gi Gi @[100000215521740:2048:Pwint Phyu]!, your great sympathy and compassion for pitiful orphans were highly appreciated. Now our plan is running.

Metta and Compassion -ဘဝအလင်း လို့ အမည်ပေးထားတဲ့ မိဘမဲ့ကလေးများ စောင့်ရှောက်ပညာသင်ပေးရန် အတွက် ဓမ္မဘလော့ဂါ မထက်စုနှင်းဆီ (သစ္စာတရားများစုဝေးရာ) မှ ၁၇.၆.၂၀၁၁ တွင် အမေရိကန်ဒေါ်လာ ၃၀၀ ပေးပို့လှူဒါန်း ခဲ့ပါတယ်..။

Sunday, August 28, 2011

ခန္ဓာငါးပါး ဘုရားရှိခိုး




ကျွန်မ ၏ ဘလော့ တွင် ဘုရားရှိခိုး အမျိုးမျိုး စု ဆောင်းထား ရှိသည့် အတွက် ယခု ခန္ဓာငါးပါး ဘုရားရှိခိုး လေးကို

ဒေါက်တာ အရှင်အာစာရ ၏ ၂၁.၈.၂၀၁၁နေ့ ဓမ္မသဘင် မှ*သာသနာချစ်စိတ်တရားတော်* ကို ကို နာယူပူဇော် ရင်း ရရှိလိုက်ပါတယ်..။

ကျေးဇူးတော်ရှင် မြတ်စွာ ဘုရား သခင်ရဲ့ အဆုံးအမ အတိုင်း တရားကျင့်စဉ်လေးဖြင့် ပူဇော်ထား ပါသဖြင့် တစ်ခါပူဇော် လျှင် တစ်ခါနှလုံးသွင်းမိသလို ဖြစ်စေပါတယ်။ မိမိတို့စိတ်သန္တန်ဝယ် ကိန်းနေတဲ့ သက္ကာယတည်းဟူသော အထင်အရှားရှိတဲ့ ခန္ဓာငါးပါး အပေါ် အမြင်မှားခြင်း သက္ကာယဒိဋ္ဌိ ပြုတ် ကြောင်း ကုသိုလ်ကောင်း တစ်ခုဖြစ်စေပါသဖြင့် ဓမ္မမိတ်ဆွေ တို့အား မေတ္တာထား၍ မျှဝေလိုက်ပါရစေ။

ဘုရားရှိခိုး

ဘာရာ ဟဝေ ပဉ္စက္ခန္ဓာ၊ ဘာရဟာရော စ ပုဂ္ဂလော။

ဘာရာဒါနံ ဒုခံ လောကေ၊ ဘာရနိက္ခေပနံ သုခံ။

(မယံ ဓမ္မရာဇဿ သက္ကစ္စံ ၀န္ဒာမ။)

------------------------------------------------------

ပဉ္စက္ခန္ဓာ၊ ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်။ ဟဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ ဘာရာ၊ ၀န်ထုပ်ဝန်ပိုးကြီးတို့ ပါပေတည်း။

ဘာရဟာရော စ၊ ခန္ဓာငါးပါးတည်းဟူသော ၀န်ထုပ်ဝန်ပိုးကို ထမ်းဆောင်သူသည်ကား။ ပုဂ္ဂလော၊ ခန္ဓာငါးပါးရှိသော သတ္တ၀ါပါပေတည်း။

လောကေ၊ လောက၌။

ဘာရာဒါနံ၊ ခန္ဓာငါးပါးတည်းဟူသော ၀န်ထုပ်ဝန်ပိုးကို ယူလိုက်ရခြင်းသည်။

ဒုခံ၊ ဆင်းရဲလှပါပေ၏။

ဘာရနိက္ခေပနံ၊ ခန္ဓာတည်းဟူသော ၀န်ထုပ်ဝန်ပိုးကို ပစ်ချလိုက်ရခြင်းသည်။ သုခံ၊ ချမ်းသာလှပါပေ၏။

ဣတိ၊ ဤသို့။ ဘဂ၀ါ၊ မြတ်စွာဘုရားရှင်သည်။ အဒေသယိ၊ မိန့်မြွက်တော်မူခဲ့ပါပေ၏။

(မယံ၊ တပည့်တော်တို့သည်။ မယံ၊ တရားဟော တရားနာ ဖြစ်ကြကုန်သော ဘုရားတပည့်တော် တပည့်တော်မတို့သည်။ ဓမ္မရာဇဿ၊ တရားမင်းသခင် ဘုရားရှင်အား။ သက္ကစ္စံ၊ ရိုသေစွာ။ ၀န္ဒာမ၊ ရှိခိုးကြပါ၏။ သက္ကစ္စံ၊ ရိုရိုသေသေ။ ၀န္ဒာမ၊ ကိုယ်နှုတ်နှလုံး သုံးပါးပျောင်းပျော့ မာန်ဟုန်လျှော့၍ ရှိခိုး ဦးညွတ်ပါ၏ အရှင် ဘုရား . . . . .။)

မေတ္တာဖြင့်-သစ္စာအလင်း

Friday, August 26, 2011

*ယာဝဇီဝိက*အဟာရဒါန ပြုရအောင်


မိုးလေးအေးအေး ကတစ်မြေ့မြေ့ လေးရွာနေလေတော့ နေရတာအေးအေးမြမြ လေး တော့ဖြစ်နေပါတယ်..။ ဒီလိုရာသီမျိုး မှာ..မနှစ်ကတော့ မြန်မာနိုင်ငံမှာ ရောက်ရှိနေခဲ့တာမို့ ဘုရားဖူးလိုက်..ဘုန်းကြီးကျောင်းများလည်း ဆွမ်း ကပ်လိုက် မကြာခဏလုပ်ဖြစ်သလို..မိတ်ဆွေများ လှူ လိုတန်းလိုတာလေးတွေကို ကျွန်မ ကလုပ်ပေးမိပါတယ်..။ ဝါဆိုဦး ဆိုတာက ကျွန်မ မောင်လေး ဝိမုတ္တိသုခတို့ မောင်နှံ မွေးနေ့များဖြစ်တာမို့ သူတို့ ကိုယ်စား အလှူများလုပ်ပေးဖြစ်ခဲ့ပါတယ်..။ အဲဒီအလှူတွေထဲမှာ ပိုင်းလော့ဆရာတော်ဘုရားကြီးကို ဝါဆိုသင်္ကန်း နဲ့ နဝကမ္မ ဝတ္ထုငွေ ၃သောင်း သူတို့ကိုယ်စား လှူပေး ဘို့ ဆရာတော်ဘုရားသီတင်းသုံးရာ မိုးညှင်းသိဂီ ကျောင်းကိုရောက်ခဲ့ရပါတယ်..။

ဆရာတော်ဘုရား ပြင်ပဧည့်သည်များ နဲ့ တွေ့ဆုံနေတာမို့ စောင့်ရင်း ကျွန်မ ရုံးခန်းမှာ ဝေယျာဝစ္စ အဖွဲ့ဝင် ဦးနေရီ ဒေါ်ဂျင်မီ တို့နဲ့ စကားပြောဖြစ်ခဲ့ပါတယ်..။ ကျွန်မ ကလည်း ဝါဆိုဦး မှာ မွေးတဲ့သူဆိုတော့ ဝါဆိုဦး ဒါနတွေအကြောင်း က စိတ်ဝင်စားစရာပါ..။ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ကျောင်းတိုက်နေသံဃာတွေ နေထိုင်ခွင့် အတွက် ဝါပန်ကြမယ် တဲ့..။ သံဃာ ၈၀ကျော်ရှိတာ မို့ ပန်းစည်း ၈၀ကျော်လိုပါသတဲ့..ကျွန်မ စိတ်ဝင်စားသွားပါတယ်..။ အဲဒီပန်းလေးတွေကို စည်းပြီး ဓမ္မာရုံ ထဲဝင်လာတဲ့ သံဃာတွေကို ကမ်းရမယ်…အဲဒီပန်းလေးတွေကို ကိုင်ပြီး သံဃာ များက ဝါဆိုပါမည့်အကြောင်းလျှောက်ထားကြ ပါမယ်တဲ့..။ အရင်တုံးက ဆို သံဃာတွေကိုကွမ်းယာပါ ကမ်းကြတာ ဆရာမဒေါ်ဂျင်မီက သူတို့ တစ်ညလုံး ကွမ်းယာ ကိုယ်တိုင်ယာပြီး ကမ်းပါသတဲ့..။ကျွန်မ အဲလို အလှူမျိုး မလှူဘူးသေးတော့ စိတ်ဝင်စားသွားပါတယ်..။ ချက်ချင်းပဲ ကမ်းလင့် လှူဒါန်းမဲ့ ပန်း စည်း ၈၀ကျော် ကိုကျွန်မ လှူပါမည့် အကြောင်း ကတိပေးဖြစ်ခဲ့ပါတယ်..။

ဘဝတစ်သက်တာမှာ ဘုရားရှင်ကိုသာ ရည်မှန်းပြီး မွှေးသောပန်း..လှသောပန်း …သင်းပျံ့သောပန်း..ပန်းခိုင် ပန်းဖူး ၊ ပန်းကုံး..ပန်းမျိုးစုံစွာ တန်ဆာဆင်လှူ ရတာ ကို ဝါသနာစွဲထုံခဲ့ ဘူးပါတယ်.။ အေအိုင်တီ မှာကျောင်းတက်စဉ် ပန်း၊ ဟင်းသီးဟင်းရွက် သစ်သီးဈေးကြီး အနီးမှာ နေရတာမို့ ဤ ဓလေ့ မှာ မွေ့ခဲ့ ထုံခဲ့ ဘို့ အခွင့်ကောင်းဖြစ်ခဲ့ ပါတယ်..။ မြန်မာမှာကတော့ ကျွန်မ ကံ့ကော်ပန်း၊ ဇွန်ပန်း ၊စံပါယ် မြတ်လေး ၊နှင်းဆီ စတဲ့ရနံ့မွှေးသောပန်း တို့ကိုအာရုံစိုက်ရှာဖွေခဲ့ ပါတယ်..။ ဆရာတော်ရဲ့ စံကျောင်းမှ ဓမ္မာရုံ သို့ လျှောက်လမ်းမှာ စံပါယ်ပန်းအိုး များကိုယ်တိုင် စိုက်ပျိုး ခဲ့ပါတယ်..။ ခုဆို စဉ့်ပန်းအိုးအစိမ်းရောင် ထက်မှ ဖြူလွမွှေးမြသော စံပါယ်များ ပွင့်များ နေလေမလား မှန်းဆမြင်ယောင် မိပါသေးတယ်..။

ဝါဆို ခြင်း ပြုလုပ်မဲ့ အချိန်ကလည်း ညနေပိုင်း ဆိုတော့ ကျွေးမွေးမဲ့အာဟာရ ကိုကျွန်မ ထပ်မံ စပ်စုမိပါတယ်..။ အရည် သာသုံးဆောင်ရသောသံဃာ တွေ ဟောကြားသော ညတရားပွဲများ နာယူရတိုင်း ဆာနေမှာ မောနေမှာ ကို အမြဲတွေးတောခံစား ခဲ့ဘူးပါတယ်..။ အရည်အပြင် တစ်ခုခုစားလို့ မရ ကျွေးလို့မရဘူးလား ကျွန်မသိလိုလှပါတယ်..။ ဆရာမဒေါ်ဂျင်မီ က ရှိတယ် ရှိတယ်..တဲ့..။အော်..သူတို့က သံဃာ့ဝေယျာဝစ္စ အတွေ့အကြုံ ရင့်ကျက် ကြပေတာကိုး။

အဲဒီမှာတင်* ကြက်သွန်ပြုတ်*ဟူသော ညနေပိုင်း မှာ ကပ်လှူနိုင်တဲ့ အာဟာရတစ်မျိုး အကြောင်းကျွန်မ ကြားခဲ့သိခဲ့ရပါတယ်..။ ကြက်သွန်နီကိုပြုတ်တာ ဘယ်လိုမှန်းမသိသော်လည်း အဲဒီနေ့မှာ လှူကြဘို့ စီစဉ်ဖြစ်ခဲ့ပါတယ်..။

ဆရာမဒေါ်ဂျင်မီကတော့ လုပ်နည်း သေသေချာချာပြောပြပါတယ်..။ သံဃာ ၈၀ကျော်နှင့်သီလရှင် ၁၀ပါး အတွက် ကြက်သွန်နီ ၅ပိဿာ ဝယ်ရမယ်တဲ့..။

ကြက်သွန်ဖြူကျော် ၁၀ သားခန့် ကို ဇလုံးဇခု ထောင်းထားပြီးတစ်ဝက်စီ ခွဲထား ရပါမယ်။ငရုတ်ကောင်း အနည်းငယ်ကိုလှော်ထောင်းရပါတယ်။သံပုရာသီး အလုံး ၅၀ ကျော်ကိုတော့ အရည် ညှစ်လို့ရအောင် ခွဲခြမ်းစိတ်ဖြာထားရပါတယ်။

မပြုတ်ခင် ကြက်သွန်နီ များကို အလုံးလိုက် တစ်ည ရေကြိုတင်စိမ်ထားပါတဲ့။ ရေစိမ်လိုက်တော့ ပြုတ်ခါနီး လက်ဖြင့်ဖိတွန်း ပြီးဆေးလိုက်တော့ အခွံများကျွတ်သွားပါတော့တယ်..။

ပြီးမှ အမြီး ဖြတ် ခေါင်းဖြတ် ပြီးလေးစိတ်စိတ်ရပါတယ်..။ မီးဖိုပေါ်မှာ ရေနွေးအိုး ကအိုးကြီးနဲ့ ကြိုတည်ထား ရပါတယ်..။ ရေနွေးဆူတော့မှ ကြက်သွန်နီ လေးစိတ်ကွဲများကို ထည့်ရပါတယ်..။

မီးအေးအေးနဲ့ တစ်ငွေ့ငွေ့ ပြုတ်ပေး နေရပါတယ်..။ ဆားနဲ့ ဟင်းချိုမှုန့် အနည်းငယ်ထည့်ပြီးမွှေ မွှေပေးနေ ရပါတယ်..။ ကြက်သွန် နီ များနူးအိလာတဲ့အချိန် မှာ ငရုတ်ကောင်း မှုန့်လေးဖြူး သလို ကြက်သွန်ဖြူကြော် ထောင်းထားတာကို အပေါ်မှ ဖြူးပေးလိုက်ပါတယ်…။ မယုံနိုင်အောင်သင်းပျံ့သော ရနံ့ ထွက်ပေါ်လာပါတယ်..။ ညစာစားသုံးရသော လူများကို ပါမျြူဆွယ် နေပါပကောလား..။

တစ်နေ့ခင်းလုံးထိုင်စည်းထားတဲ့ (သပြေပန်း+ ပန်းတိမ်မနိုင်+နှင်းဆီ) ပန်းစည်းများ ကို စားပွဲပေါ်အစီအရီတင်ပြီး ဓမ္မာရုံဝကနေ ကြွလာသောသံဃာတော်များကို တစ်ရိုတစ်သေ ကမ်းရတာ တော်တော်လေး ဝမ်းသာပီတိဖြစ်ရပါတယ်။

ကပ်လှူဘို့ မုန့်ဟင်းခါးပန်းကန် အရွယ်တွေ ယူပြီး ထည့်ရပြင်ဆင်ရပါတယ်..။သံပုရာသီးစိတ်လေးတွေ ကိုပန်းကန်လေးနဲ့ထည့် ပြီး လေးပါးတစ်ဝိုင်းစာ ပြင်ထားလိုက်ပါတယ်။

မိုးညှင်းသိဂီကျောင်းမှာ ဝါဆိုကြတဲ့ သံဃာ တွေထဲမှာ ၅ပါးလောက် ကလွဲပြီး ဒီအဟာရကို မသိကြပါဘူး။ စားပွဲမှာ ဝင်ထိုင်တဲ့အခါ ဘာတွေ လဲဆိုတဲ့ စူးစမ်းစိတ်နဲ့ ပေါ့ ။ ဓမ္မာရုံ အပြင် မှာ တော့ မိုးလေးဖွဲဖွဲ နဲ့ အေးမြနေတာမို့ ရေခဲစိမ် ထားသော အချိုရည် အေးစက်စက် စူးရှရှ ကို အဘယ်မည်သော လက်နှင့် တိုက်ရက် လှူရက်ပါမည်နည်း။

၃မိနစ်လောက်ကြတော့ အရည်လိုက်ပါအုံး..အဖတ်ထည့်ပါအုံး အသံတွေ ထွက်လာပါတော့တယ်..။ သံပုရာသီးပေးပါ..ကြက်သွန်ဖြူကျော် ထပ်ဖြည့်လိုက် ဖြူးထည့်လိုက်နဲ့ မိနစ် ၂၀ လောက်အတွင်း ချွေးတစ်စိုစို နဲ့ ရွှင်လန်း သွား တဲ့သံဃာတော်များကို မြင်ရတာကျွန်မ အလွန် ပီတိဖြစ်ရပါတော့တယ်..။

အဲဒီနှစ်ကလည်း ဘာကြောင့်မှန်းမသိ ကြက်သွန်နီ ဈေးတွေကျလိုက်တာ တစ်ပိသာ မှ ကျပ် ၂၅၀ ဆိုတော့ အဲဒီပွဲကစပြီး မနှစ်ကတစ်နှစ်လုံး ကျွန်မ မှာ ကြက်သွန်ပြုတ်လှူလို့ ကောင်းလိုက်သည်မှာ…အားမရနိုင်။

ကျွန်မ ယဉ်ကျေးလိမ္မာ သင်တန်းပေးတဲ့ ရွာ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီး ၁၁ပါးရှိလေတော့ ကျွန်မ အချိုး နဲ့တွက်ပြီး တစ်ပိဿာ ပြုတ်ပြီး စတင်မိတ်ဆက်လိုက်ပါတယ်..။ ဘုဉ်းလိုက်တာ..မဝတဝမို့ ဦးဇင်းတို့ ကို ဒကာမကြီးက မောင်ကြံတစ်တို့ လုပ်ခဲ့တယ်ပြောခံရပါတယ်..။နောက်တော့ ကျွန်မ ၃ပိဿာပြုတ်ပါတော့တယ်..။ မှတ်ထား မြို့ဘုန်းကြီးနဲ့ တော ဘုန်းကြီးမတူဘူးတဲ့ ၃ဆပိုဘုဉ်းနိုင်ပါသည်တဲ့လေ..။

မနှစ် က ဘုန်းဘုန်း အရှင်တိက္ခဥာဏာလင်္ကာရ (အခု USA) မြန်မာ မှာသီတင်းသုံးနေစဥင်္် ကျွန်မ ဆွမ်း ပို့ ကပ်လှူနေကျ ဖြစ်တာမို့ ဘုန်းဘုန်းရဲ့ ဆရာဖြစ်တဲ့ ပိဋကတ် နှစ်ပုံဆောင် စာချဆရာတော် ဦးပညာဝံသာလင်္ကာရ ကို သိက္ခာထပ်ဖြစ် ခဲ့ပါတယ်..။ တစ်လမှာ ဆွမ်းချိုင့် ၄-၅ ကြိမ်တော့ လှူဒါန်းနေကျ မို့ သွားတိုင်းကြက်သွန်ပြုတ် ယူသွားခဲ့ပါတယ်..။

ဒီအာဟာရကို ကျွန်မလှူသလို လူတွေလှူကြရင် သံဃာ တွေ ညနေဘက် အဆာပြေရှာမယ်..။ စာသင်သားတွေဆိုတော့ဆာရှာမှာပဲ။ ဆီးလည်းကောင်းတယ်ပြော တယ်..စသည်ဖြင့် ကြက်သွန်ပြုတ်လှူ တဲ့ အကြောင်း ဆောင်းပါးရေး သားလိုတာနဲ့ ဘုန်းဘုန်းဦးပညာကိုလျှောက်ထားခဲ့ပါတယ်..။

ဘုန်းဘုန်းက ပိဋကတ်စာပေ အထောက်အထား ရှာပေးခဲ့ပါတယ်..။ ဝိနယ ပိဋက ၊ ပါစိတ် ဘာသာဋီကာ၊ ဘောဇနဝဂ်၊ ပါစိတ်တျာဒိအဋ္ဌကထာ စာမျက်နှာ ၉၈-၉၉ မှာ ပါဝင်တာကို ရှာဖွေထောက်ပြ ပေးပါတယ်..။

တစ်ခါ အကပ်ခံထားလျှင် တစ်သက်လုံး စားသုံး သုံးဆောင်နိုင်သော ယာဝဇီဝိက ဖြစ်ပါတယ်တဲ့။ ယာဝဇီဝိက အစာတွေကတော့ ဇီးဖြူ၊ ဖန်ခါး၊ ကွမ်းရွက်၊ ဂျင်း ၊နှမ်း၊ ကြက်သွန် တို့ပါဝင်တယ်ဆိုတာမှတ်သားရပါတယ်..။

ဒီနှစ်တော့ မိုးလေးအေးလာပြန်ပါပကော..။ တိုက်ဆိုင်စွာ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ကျွန်မ သည် ဆရာတော် အာဂျန်ချား ရဲ့ Wat Pah Na Na Chat မှာ ရောက်ရှိနေခဲ့ပါတယ်..။ ဝါဆို ရန်ခွင့် ပန်ကြတဲ့ သိမ်အတွင်း ညဘက် ၇နာရီမှာ International Monk အပြည်ပြည်ဆိုင်ရာသံဃာများ ( ဂျာမန်၊အမေရီကန်၊ အီတလီ၊ အစ္စရေး၊ ပိုလန်၊ ဆွစ်ဇာလန် ၊သီရိလင်္ကာ ၊ ထိုင်း ) စတဲ့ အပါး ၃၀ကျော်သော သံဃာ များရဲ့ ဝါပန်ပွဲကိုတက်ရောက်ကြည်ညို ခဲ့ရပါတယ်..။

တစ်ဝက်ဖွင့်ထားတဲ့ သိမ် အမိုးကနေ မြင်နေရတဲ့ ဝါဆိုလပြည့်ကျော် တစ်ရက်လရောင်ကတော့ ညို့မှိုင်းနေတဲ့တောရကျောင်းထဲမှ ထိန်ဝေလင်းချင်းနေပါတယ်။ သိမ်အတွင်းမီးအရောင်ကတော့ အဝါရောင်ဖျော့တောတော့လေး လင်းနေပေမဲ့ စနစ်တကျ တန်းစီ ထိုင်ရာကနေ သံဃာများရဲ့ ရွတ်ဆိုပူဇော်သံကြောင့် ထွန်းလင်းတောက်ပနေသလိုပါ..။ ကြည်လင်အေးမြလှပါတကား..။

ဝါဆိုပွဲ ပြီးတော့ ကပ်လှူကြတဲ့ စက္ကူဘူးဖျော်ရည် ထုပ် လေးတွေ နေရာမှာ အငွေ့တစ်ထောင်းထောင်း နဲ့ သင်းပျံ့နေတဲ့ အာဟာရ တစ်ခုကို အစားထိုး တွေးတောမြင်ယောင် ကြည့်နေမိပါတယ်ဆိုရင်….အတိတ်ခန္ဒ္စာ အစဉ် မလိုက်ပါနဲ့ လို့ ဆင်ခြင်ရအုံးမည်လား မသိပါ..။

မေတ္တာဖြင့်-သစ္စာအလင်း

Wednesday, August 17, 2011

မြစ်တစ်စင်း ရဲ့ အထုပ္ပတ္တိ

*ဘဝဆိုတာ......... မြစ်တစ်စင်း

ခင်းထားတဲ့ လမ်းကိုလျှောက်ရတာမျိုး မှ မဟုတ်..။

ဆုတ်နစ်တိုက်စား ဝါးမြိုသွားတတ်တာလည်းရှိ

ကမ်းယံ လျှိုမြှောင်….တောတောင်တစ်ကြော

မြုတ်မျောရေဆန်..အဖန်ဖန် တလဲလဲ…ဝဲကန်တော့တွေ့

ရေလယ်ကောင်ကျွန်း သောင်ထွန်းတတ်ပြန်..

လောကဓံတွေ ခံရင်း….စံရင်း

ရုန်းကန်ရင်းဖြင့်…မြစ်တစ်စင်း လို

ထွင်းဖေါက် ဖြတ်ကျော်ခဲ့ဘူးတယ်..။

*အလှဆိုတာ …...မြစ်တစ်စင်း

နံနက်ခင်းဖြင့်နိုးထ….

ရောင်နီဦးဖြင့် ရုန်းကြွ…..

တောက်ပ တဲ့လှိုင်းဂယက်တွေ..တစ်လက်လက် ညွတ်နူး

ငွေသောင်ဦး ဆီ…

ရီနွဲ့…

ကြည်လဲ့….

အမဲ့အပြုံး…အမုန်းအချစ်…

အသစ်အဟောင်း…အကောင်းအဆိုး..

အကျိုးအကြောင်း…အပေါင်းအစု…

ပြုပြုသမျှ…..ခဏတာပေါ် ထွက် ….

ရေပွက်ပွက်သလို…..ထိုထိုမြစ်အတွင်း…

နှစ်ခါပြန်ဆင်းမရ…

လှိုင်းထ ရေအလျဉ်…တသွင်သွင်စီးဆင်း

တင်းတင်းဆုပ်ကိုင် မရနိုင်ခဲ့..။

*ဓမ္မဆိုတာ.................. မြစ်တစ်စင်း

အရင်းအနှီးကကြီးလွန်းတယ်..။

သံသရာဝဲ ဖန်ဖန်မစဲ…ငရဲအပါယ် အိမ်သဖွယ်လို

ခိုနားပေးဆပ်..မရပ်မနား…

ပြေးလွှားကျင်လည်ခဲ့ဘူးတယ်..။

ဘဝသံသရာ

စုန်ဆန်တစ်ကြော…မျောလိုက် မြုပ်လိုက်

ငုတ်လိုက်..ပေါ်လိုက်..။

အငိုက်မိလိုက်…နိုးကြားလိုက်နဲ့

ထိုက်တန်လာသော ဘဝတောမှာ…..

ဘဝအမောတွေကင်းလိုတယ်..။

ရတောင့်ရခဲ….ဘဝထဲမို့

ရဲရဲသာတွေး…အေးမြသန့်စင်လိုပြန်တယ်..။


ဒီကမ်း ဟိုကမ်း၊ ငြိစွန်း မတင်

ရေလယ်မမြုပ်၊ သောင်ငုတ် မတင်

လူ နတ် ဆယ်မဲ့၊ ဝဲလှည့် ကင်းစင်

တွင်းပုပ်မှု၊ ကင်းပြု ပင်လယ်ဝင်။

ဒီကမ်း ဟိုကမ်း၊ ငြိစွန်း မတင်

ရေလယ်မမြုပ်၊ သောင်ငုတ် မတင်

လူ နတ် ဆယ်မဲ့၊ ဝဲလှည့် ကင်းစင်

တွင်းပုပ်မှု ကင်းပြု နိဗ္ဗာန်ဝင်။သတဲ့….။


ဒါရုက္ခန္ဓောပမသုတ် လာ….အင်္ဂါရှစ်ချက်…

သစ်တုံးထက်..မှာ…နက်နက်ရေးထွင်း…

ညွှန်ကြားခြင်းဖြင့်…….

ပို့ဆောင်ပေး ရင်း…. စီးဆင်းခြင်းဖြင့်…

မြစ်တစ်စင်း အစ…ဓမ္မမြစ်ပြင်..တစ်သွင်သွင်စီး

ခရီးမဖင့်….လမ်းလည်းသင့်အောင်…ပို့ဆောင်ညွှန်ပြ

ဓမ္မမြစ် ၏ အစစ်တာဝန်….

တာဝန်အစစ်…..အသစ်ရေစီး

တန်ဘိုး ကြီးမြတ် ချင်ပါတယ်။


မေတ္တာဖြင့်-သစ္စာအလင်း

“ဒီကမ်း ဟိုကမ်း၊ ငြိစွန်း မတင်ရေလယ်မမြုပ်၊ သောင်ငုတ် မတင်လူ နတ် ဆယ်မဲ့၊

ဝဲလှည့် ကင်းစင်တွင်းပုပ်မှု ကင်းပြု ပင်လယ်ဝင်။

ဒီကမ်း ဟိုကမ်း၊ ငြိစွန်း မတင်ရေလယ်မမြုပ်၊ သောင်ငုတ် မတင်လူ နတ် ဆယ်မဲ့၊

ဝဲလှည့် ကင်းစင်တွင်းပုပ်မှု ကင်းပြု နိဗ္ဗာန်ဝင်။”

“မျက်စိနဲ့ နား၊ နှာဖျား လျှာ ကိုယ်စိတ်ဓာတ်ခြောက်ခန်း၊ ဒီကမ်း မိန့်ဆို။

*ဆင်း သံ နံ့ များ၊ စားရသာ ထိုတွေ့ သဘော မိန့်ဟော ဟိုကမ်း ဆို။

နန္ဒီရာဂ၊ မြုပ်ကျ ရေလယ်ကုန်းပေါ်တင်ငြား၊ ထောင်လွှားမာန်ကြွယ်။

လူမှုကိစ္စ၊ များလှ လူဆယ်နတ်ပြည်မှန်း နတ်ဖမ်းခံရတယ်။

အာရုံငါးချက်၊ ဝဲဂယက်ပေဝေးကာရှောင်ရှား၊ ရှုပွားနိုင်စေ။

သီလပျက်ယွင်း၊ တွင်းပုပ်ဆွေးလေအင် ရှစ်ချက် ဖဲထွက်နိုင်ကြစေ။*

*ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး*

http://www.blogger-index.com/feed474512.html

လောကချမ်းသာ ဘလော့မှ..

Monday, August 15, 2011

ဖားအောက် ဆရာတော် ၏ မေတ္တ သုတ္တန် တရားတော် ၂၁ မှ ၂၇ အထိ


ဖားအောက် ဆရာတော် မေတ္တသုတ္တန်- ၂၁



ဖားအောက် ဆရာတော် မေတ္တသုတ္တန်-၂၂


ဖားအောက် ဆရာတော် မေတ္တသုတ္တန်-၂၃


ဖားအောက် ဆရာတော် မေတ္တသုတ္တန်-၂၄


ဖားအောက် ဆရာတော် မေတ္တသုတ္တန်-၂၅


ဖားအောက် ဆရာတော် မေတ္တသုတ္တန်-၂၆


ဖားအောက် ဆရာတော် မေတ္တသုတ္တန်-၂၇

Sunday, August 14, 2011

ဖားအောက် ဆရာတော် ၏ မေတ္တ သုတ္တန် တရားတော် ၁၁ မှ ၂၀ အထိ


ဖားအောက် ဆရာတော် မေတ္တသုတ္တန်-၁၁



ဖားအောက် ဆရာတော် မေတ္တသုတ္တန်-၁၂




ဖားအောက် ဆရာတော် မေတ္တသုတ္တန်-၁၃



ဖားအောက် ဆရာတော် မေတ္တသုတ္တန်-၁၄



ဖားအောက် ဆရာတော် မေတ္တသုတ္တန်-၁၅



ဖားအောက် ဆရာတော် မေတ္တသုတ္တန်-၁၆



ဖားအောက် ဆရာတော် မေတ္တသုတ္တန်-၁၇



ဖားအောက် ဆရာတော် မေတ္တသုတ္တန်-၁၈



ဖားအောက် ဆရာတော် မေတ္တသုတ္တန်-၁၉



ဖားအောက် ဆရာတော် မေတ္တသုတ္တန်-၂၀