Tuesday, September 29, 2009

သမီးလေးအတွက်မွေးနေ့လက်ဆောင်(တတ်သိလိမ္မာအရာရာ-ချမ်းသာအေးမြမှာ)

ချစ်လှစွာသော သမီးလေးရေ…

လွန်ခဲ့တဲ့ ၆ နှစ်လောက် က အဝေးကို ထွက်ခွာသွားမဲ့ မိခင်တစ်ဦးကို ရေနဲငါး-ဖြစ်ရပါတော့မယ် ဆိုတဲ့ အကြည့်များစွာ ကချောက်ခြားစေခဲ့တာ အမှန်ပါ။ ဒါတွေကို ကြိုးစား လွှဲဖယ်ရင်း၊ အားတင်း ထွက်ခွာခဲ့ရတဲ့ မေမေ ဟာ နာကျင်မှုတွေ အပြည့်နဲ့ပါ သမီးရေ..။

၂၀၀၈ ခုနှစ်-မေမေ ဟာမြန်မာပြည်ပြန်လာတဲ့ အချိန်မှာ I love you Mommy လို့ ပါတဲ့စာတန်းကို အသေအချာ မြင်သာအောင် လှပစွာ ထုပ်ပိုးထားတဲ့ မျက်နှာသုတ်ပုဝါ ပန်းရောင်လေးကို ကိုင်ပြီး ကြိုဆိုခဲ့ တဲ့ သမီးလေးဟာ မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိလှစွာ ချမ်းမြေ့ ရွှင်လန်းနေပါရောလား။ တစ်ချို့ သစ်ပင်တွေ အတွက် အရိပ် ဆိုတာ ပျိုးခင်းသစ် ဖြစ်တည်ဘို့လိုအပ်ပေ မဲ့ ကြီးထွားရှင်သန်ချိန် ကျတော့ လောင်းရိပ် ဖြစ်တတ်ပေသည်ပဲ။

သမီးလေး စုမြတ်ရတနာ ဟာ မေမေ့အတွက် ကံကောင်းခြင်းတွေယူဆောင်လာတဲ့ ဆုလာဘ်ရတနာ တစ်ပါးလို့လည်း မေမေ က တင်စား၊ထင်စားဝံ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေမေ ကများစွာ သင်ကြားစရာမလိုပါပဲ အလိုအလျောက် လိမ္မာပြီးသားဖြစ်နေတာကိုး။ မေတ္တာ ၊ကရုဏာ ၊ စေတနာ ၊ သဒ္ဓါ တရား ဆိုတာ သမီး ရဲ့ ပင်ကိုယ် ဥစ္စာ ရတနာ လို မွေးရာပါ ဖြစ်နေတာ မေမေ က ပြန် ပြီးလေးစားရပါသေးတယ် သမီးလေးရေ..။

(ကျွန်မ မောင့်ကို မရရတဲ့ နည်းနဲ့ သွေးဆောင် ဖျားယောင်းတော့မယ် မောင်)ဆိုတဲ့ စကားလုံးလေး၊နဲ့ လွတ်လပ် ပွင့်လင်းတဲ့ ၊ဆွဲဆောင်နိုင်စွမ်းရှိတဲ့ စာရေးဆရာမ ရဲ့ ဝတ္ထုတွေ ဟာ မေမေ တို့ တက္ကသိုလ် တက်တုံးက ခေတ်စားခဲ့၊လွှမ်းမိုးခဲ့သပေါ့ ။ မေမေ ကဖတ်တော့ဖတ်ခဲ့ဘူးပါတယ်။ မေမေ ကသမီးလေးကိုရရှိ ပိုင်ဆိုင် ခဲ့တဲ့ အချိန်မှာတော့ အဲဒီ စကားလုံး ကြီး တွေကို တတ်နိုင်သလောက် အဝေးကို တွန်းဖယ် ပစ်ချင်နေခဲ့ မိတယ်။ သမီး လေး ကို အဲလို မရဲရင့်စေချင်ဘူး။ မပွင့်လင်းစေချင်ဘူး၊ မဖော်ထုတ်စေချင်တာ အမှန်ပါ။ မေမေတို့ ဗုဒ္ဓ ခေတ် က မိန်းမသားတွေ ထဲမှာ မိန်းမ က စခဲ့ပါတယ်ဆိုတဲ့ ဇာတ်လမ်းတွေရှိတာ… အထင် ကရဆိုရင် မေမေမှတ်မိနေခဲ့တာ..။


ယသော်ဓရာအလောင်း သုမိတ္တာ နဲ့ ဘဒ္ဒါ ကုဏ္ဍလ ကေသာ ပေါ့ ။ သုမိတ္တာ ကတော့ ဒီပင်္ကရာ ဘုရား ရှေ့မှောက်မှာ သိရှိကြားနာခဲ့ ရတဲ့ လေးသင်္ချေ ကမ္ဘာ တစ်သိန်း ကာလကြာအောင် လျှောက်လှမ်းရမဲ့ ပါရမီတော် ခရီး မှာ အဓိ ကကျတဲ့ ဇာတ်ဆောင် အဖြစ် ပါဝင်ကပြခွင့် ကို အနစ်နာ ခံ တဲ့ေ မတ္တာတရား နဲ့ တောင်းဆိုလိုက်တာပါ။ပါလာတဲ့ ကြာပန်းရှစ်ခိုင် ကို တကယ့်ဘုရားရှင်ကို ကိုယ်တိုင် ဆက်ကပ် လှူဒါန်းခွင့်ရနေတာတောင် သူ ကသုံးခိုင်သာယူခဲ့ လှူခဲ့တယ်။သုမေဓာ အရှင်ရသေ့ကို ကြာငါးခိုင်ပေးလှူ ပြီးပြတ်သားရဲရင့်ခဲ့တာပဲ။ တကယ် လည်း ထိုက်တန် ခဲ့ ။လှပခဲ့ အဓိကကျခဲ့ ပါတယ်။

မေမေ ကြောက်တာ ဘဒ္ဒါ ကုဏ္ဍလ ကေသာလိုလေ..သူကလည်း လွတ်လပ် ပွင့်လင်း တဲ့ ရဲရင်ပြတ်သား တဲ့ အချစ် ရှိလို့နေခဲ့တယ်။ သူကတော့ တဏှာ မြွေ ကိုက် ခဲ့တာ ကိုး။ ဘုံနန်းပြသာဒ် အပေါ်ထပ်ကနေ ခိုးသားကြီးကို စွဲလမ်းတော့တာ ပဲသမီးရေ..။ရူပတဏှာ နော် သမီး ဘယ်လောက်ဆိုးသလဲ။ ငါ့မှာဆင်းရဲမယ်၊ အရှက်ကွဲလိမ့်မယ်။ မတော်ဘူး တော်တယ် ဘာမှ မသိဘူး။ အဝိဇ္ဇာ အမှောင်က ဖုံးထားလို့ ၊ပိတ်ထားလို့ တဏှာ ကစွဲလမ်းတယ်။ မေမေတို့ အမရပူရ က ရေဥူး ကျောင်းဆရာတော် ဘဒ္ဒ န္တပဏီတ ဆရာတော် ဆုံးမ တာမှတ်ထားပါ သမီးလေးရေ..။
( မသိလေဆိုး၊ မိုက်အားကိုး၊
ဆင်းရဲမျိုး များစွာ- သိတတ်လိမ္မာ ၊
အရာရာ ၊ချမ်းသာအေးမြမှာ။
ကောင်းနိုးနိုး နှင့် ကျိုးကြောင်းမမြင် ၊
တဏှာ ပင်မ၊ ခက်လှသည်ပင်၊ ရစ်ဝဲ ရစ်ဝဲ ဆင်းရဲ ပယ်ခွင်
ထွက်ရာလမ်း၊မျှော်မှန်း ကြံဆင်ခြင်။)


မိဘတွေ က အသပြာ တစ်ထောင်ပေးလို့ ကြံဆောင်ပေးရရှာပါတယ်။ နဂို အဖေ၊ အမေ နဲ့နေတုံး ကတော့ ဝတ်ကြီးဝတ်ငယ် ပြုရမယ်မှန်းနားမလည်ဘူး။ သတ္တုက ခိုးသားကြီးကျတော့ ဝတ္တရားတွေ ကျေပွန်လိုက်တာ၊ တဏှာ အစွဲ အလမ်း ကြီးလေလေ ရှုံးလေလေပါပဲ။ အချစ်များလေ ဆင်းရဲလေလေပါ ။
သူက ကိုယ်ချစ်ကို ရှာ မိသကိုး။ ဇာတ်လမ်လေး က သမီးသိပြီးသားပါ။ လူမိုက် တို့ ထုံးစံ အတိုင်း မချစ်မနှစ်သက်တဲ့ သူနဲ့ အတူနေရတာ ကျဉ်းကြပ်လာတယ်။ လက်ဝတ်လက်စားတွေယူ အသေသတ်ဘို့ကြံစည်တော့တာပါပဲ။ ပရိယာယ် နဲ့ မြို့ပြင် ခေါ် သွား သတ်ဘို့ လုပ်ပါတော့တယ်။ တဏှာ ကို လက်ခံမိတာနဲ့ ဆင်းရဲဒုက္ခ မျိုးစုံတွေ့ရတာလေ..။ တကယ့် အသက်ဘေး ကြုံလာတော့ သူ့ကိုချစ်တဲ့တဏှာ ထက်ကိုယ့်ကိုကို ချစ်တဲ့ တဏှာ ကယိုင်လာ တော့တာပေါ့။ မိန်းမတို့မာယာ နဲ့ လှည့်ပတ်ပြောဆိုပြီး ချောက်ထဲ တွန်းချလိုက်တာ သမီးရေ..။

မယ်ဘဒ္ဒါ အမြင်မှန်လာတာ သူ့တဏှာ ပြုတ်သွားလို့ပါ။ မဟုတ်ရင်သူ ကသေရမှာ။ မိဘ အိမ် ပြန်ရမှာ ရှက်တဲ့ မယ်ဘဒ္ဒါလေး က ပရိဗိုဇ် ကျောင်းရောက်သွားတယ်။ အဲဒီ ကနေ ပုစ္ဆာ တစ်ထောင်တတ်လာတာပေါ့။ ပညာကလည်းတတ်လာတော့ မာန ကခပ်ကြီးကြီးပေါ့သမီးရယ်။ ပညာ ပြိုင်ရင်းစိန်ခေါ်ရင်းနောက်ဆုံး အရှင်သာရိပုတ္တရာမထေရ် မြတ်ကြီး နဲ့တွေ့ ရပါတော့တယ်။ အရှင်မြတ်ကြီးရဲ့မေးခွန်းကို မဖြေနိုင်တဲ့ ဘဒ္ဒါလေးဟာ နည်းပညာခံယူဘို့ နောက်ကို လိုက်ခဲ့ပါတယ်။ ဘိက္ခု နီ မများကျောင်းပို့။ ကမ္မဋ္ဌာန်းပေး အလုပ်လုပ်တဲ့ အခါကျတော့ ရဟန္တာမ ဖြစ်သွားရပါတော့တယ်။ ပညာ အရာ မှာ ထူးထူး ချွန် ချွန် နဲ့အဘိဉာဉ် များလည်းရသွားပါတော့တယ်။

( ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝိကာနံ ဘိက္ခူနီနံ ခိပ္ပါ ဘိညာနံ ယဒိဒံ ဘဒ္ဒါ ကုဏ္ဍလကေသာ ) လို့ဆိုပြီး ဘုရားရှင် က ဧတဒဂ် ဘွဲ့ထူးပေးတော် မူပါတယ် သမီးလေးရေ..။ ဘဝ အဆက် ဆက် ကဖြည့်ကျင့်ခဲ့တဲ့ ပါရမီ ပါသော်လည်း တဏှာ ပူးဝင်ပြီး အသက်ဘေးထိ ကျရောက် ခဲ့ရတာ။ တဏှာ ကြောင့်အလွန် ဆင်းရဲပုံ၊ တဏှာ ဖြတ်တော့ချမ်းသာပြီး ဈာန် အဘိဉာဉ် တန်ခိုးကြီးကြီးကျယ် ကျယ် ရတဲ့ ဘိက္ခုနီမ ၊ အာသဝေါကင်းတဲ့ ရဟန္တာမ ဖြစ်သွားခဲ့ တာတွေ ကို သင်္ခန်းစာယူရင်း မေမေတို့ သူတော် ကောင်းတရားတွေ ကြိုးကြိုးးစားစားအားထုတ်ကြဘို့မေမေ က မွေးနေ့ မှာ စကားလက်ဆောင် ပေးချင်မိပါတယ် သမီးရေ..။


အရင် နှစ်တွေက လိုမွေးနေ့လက်ဆောင်ဟာ Pooh အရုပ် မဟုတ်တော့ တာ (၁၇) ဆိုတဲ့ ကိန်းဂဏန်းရောက်ရှိနေခဲ့ လို့ဆိုတာ-သမီးလေးရိပ်မိ မှာ ပေါ့နော်။

(နဟိ သဗ္ဗေသု ဌာနေသု-ပုရိသော ဟောတိ ပဏ္ဍိတော
ဣတ္ထီပိ ပဏ္ဍိတာဟောတိ- တတ္ထ တတ္ထ ဝိစက္ခဏာ)


မိန်းမ တွေ အ-တယ် လို့ဆိုပေမဲ့ တကယ် အချက်ကျတော့ ပန်းတိုင် ကျတော့သူက ပန်းခူးသွားတယ် ဆိုတဲ့ တောစောင့်နတ်က ဘဒ္ဒါ ကို ချီးကျူးတဲ့ ဂါထာလေးကို တော့ မေမေ က သတိတရ-ရွတ်ဆို ပြီး မွေးနေ့လက်ဆောင် ပေးလိုက်ပါတယ် သမီးရေ..။ အရာရာ ဉာဏ်နဲ့ ယှဉ် ဆုံးဖြတ်နိုင်ပါစေ။


(အမရပူရ-ရေဥူးကျောင်းဆရာတော်- ဘဒ္ဒန္တ ဣဿရာလင်္ကာရာဘိဝံသ ရေးသားသော ခိပဘိဉာဧတဒဂ်ရ ဘဒ္ဒါကုဏ္ဍလ ကေသာ ထေရီ ဝတ္ထု ကို မှီငြမ်းရေးသားပါသည်။)

Sunday, September 27, 2009

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၅ (ပိုင်းလော့ဆရာတော်)

နိ-ဝါန = နိဗ္ဗာန် အကြောင်း
------------------------------

ဒီတော့မှတ်ပါ..။ ဘုန်းဘုန်းတို့ မကြသေးခင်က ခန္ဓာဝန် ကျသွားတဲ့ စာပေပရိယတ်ရော၊ အလွန်ကြည်ညိုစရာ ကောင်းတဲ့ အသက်(၁၀၄)နှစ်ရှိတဲ့ ရွှေဟင်္သာ ဆရာတော်ဘုရားကြီးကို ကြားဘူးပါ လိမ့်မယ်။ ရွှေကျင်သာသနာပိုင်ကြီးနော်။ အားလုံး ကရဟန္တာလို့ ပဲသမုတ်ကြတယ်။ ဓာတ်တော်ကျသွားတာကိုး။

မိုးကုတ်ဆရာတော် ဘုရားကြီးလိုပဲ ပျားတွေ၊ ငှက်တွေလာတယ်။ အင်မတန် အံ့သြစရာကောင်းတယ်။ ဆရာတော်ဘုရားကြီးက မသေခင် တည်းကသူများအကြံ တွေသိတယ်။ ထူးခြားတဲ့ ဆရာတော်ဘုရားကြီး ဆိုတော့ သိနေတာပေါ့။ ဆရာတော် ဘုရားကြီး ဆုံးမတဲ့စကား အင်မတန် မှတ်စရာကောင်းတယ်။
နိဗ္ဗာန် ကောက်ယူပုံ ကို ရေးပြမယ်နော်။

နိဗ္ဗာန်-------ဆိုတဲ့စကားသည်
----------------------------

နိ(+) ဝါန
နိ + ဗ + -ါ + န
နိ + ဗ္ဗ + -ါ + န
နိဗ္ဗာန = နိဗ္ဗာန်
နိ အပေါင်း ( + ) ဝါန ၊
နိဝါန ကလာတာလို့ပြပါတယ်။ ဒါဟာ စာပေ နဲ့ အညီ ပေါ့နော်။

နိ -ဆိုတာ မြန်မာလို မရှိခြင်း တဲ့ ။ ဝါန- က တဏှာ လို့ခေါ်ပါတယ်။ ပေါင်းလိုက်တော့ တဏှာ မရှိခြင်း။ နောက်စာပေ အရ ဝကို ဗ ပြုတာပါတဲ့။ သဒ္ဒါနည်း အရ- ဗောဝဿ သုတ် ဆိုတာရှိတယ်။

ပြီးတော့ ဒွေးဘော်ပြု+ ဗ ထပ်တယ်။ ရေးချ (-ါ) က အရေးချ အာကိုသုံးတာနော်။ နောက်တစ်ခါ ဗ ထပ်ထည့်တယ်။ ဒီဘက်က နိ လို့ရေးတယ်။ နောက်တစ်ခါ ပြန်ပြီး ကပ်ကြတယ်။

ပြန် ကပ်တဲ့ အခါ နိ-ဗ- က အသတ် ဖြစ်သွားတယ်။နိဗ် ခေါ်တယ်။ ဗ ကိုရေးချပေါင်းတော့ ဗာ - နိဗ်ဗာ နငယ်ရေ န- နိဗ္ဗာန ၊နိဝါ နကနေ နိဗ္ဗာန ဖြစ်တာတဲ့ ။ ပြီးတော့ မြန်မာ တွေ ဟာ တံခွန် ထည့်သုံးကြပါတယ်တဲ့။ တံခွန် ဆိုတာ အသတ်ကိုပြောတာ။ နငယ်မှာ အသတ်ထည့်လိုက်တော့ ဗာန် ဖြစ်သွားကော နိဗ္ဗာန် လို့ သုံးကြတယ်။

တဏှာ မရှိခြင်းသဘောတရားကိုသာခေါ်တာပါတဲ့။ တဏှာ မရှိတဲ့ သဘောတရားကို ရောက်ပြီိဆိုရင် ဘုန်းဘုန်းတို့ နိဗ္ဗာန် ပေါ်ပြီ ။တစ်ခုတော့ အထူး သတိပြုစရာရှိတယ်။

( နိဗ္ဗာန် ဆိုတာ မြင်စရာ မဟုတ်ဘူး။ ခံစားစရာ မဟုတ်ဘူး။) ပရိယာယ်အားဖြင့်သာ မျက်မှောက်ပြုတယ်။ မြင်တယ်ပြောတာပါတဲ့။ မြင်ရမှာ နိဗ္ဗာန်ကိုမြင်ရမှာမဟုတ်ဘူး။ ခံစားစရာ မဟုတ်ဘူး ။ နိဗ္ဗာန်ကို ခံစားစရာ၊ မြင်စရာ အဖြစ်နဲ့ ရှာ ကြတယ်။ တစ်သက်လုံးတွေ့ မှာ မဟုတ်ဘူး။ သဘောပေါက်ရဲ့လား။

ပရိယာယ် နဲ့ဟောထားတာကို နားလည်ရတယ်။ စာပေမှာ ပရိယာယ်က နည်း-၄၀-တောင် ရှိတာကိုး။ တိုက်ရိုက်မြင်ရမှာက (အရှိကို အရှိ အတိုင်း မြင်ရမှာ)

တကယ့်အရှိ အမှန်ကို အမှန်အတိုင်းမြင်ဘို့ပဲရှိတယ်။ ဒီတော့ တဏှာ ဆိုတာသည် ဘယ်လိုဟာလဲ အရင် ကြည့်ရအောင်နော်။

Saturday, September 26, 2009

ချမ်းမြေ့ဆရာတော်ဘုရား၏ တရားစခန်း(ဘန်ကောက်)

ချစ်ခင်လေးစား ရပါသော ထိုင်းနိုင်ငံမှ ဓမ္မမိတ်ဆွေများရှင့်

ဘန်ကောက် မှ ချမ်းမြေ့ရိပ်သာ ခွဲ ဓမ္မောဒယ ချမ်းမြေ့ရိပ်သာ ခွဲကို လာမဲ့ နိုဝင်လာ လ ၁ရက် မှနေပြီး ၁၀ရက် နေ့ အထိ ချမ်းမြေ့ ဆရာတော် ဘုရားကြီးကိုယ်တိုင် လာရောက်ပြီး တရား ပြသမှာ ဖြစ်ပါတယ်။ Nakhon Pathom နကွန် ပသွန် ဘုရားကြီးကနေတဆင့် ဆိုင်ကယ် ကယ်ရီ ဘတ် ၅၀ ပေးပြီးစီး သွားရပါတယ်။

ဆိုင်ကယ် သမားတိုင်း ဓမ္မောဒယ-ရိပ်သာ ကို သိကြပါတယ်။ ကျွန်မ ထိုင်းမှာ-ကျောင်းတက်စဉ် တုံး ကတော့ အနောက်နိုင်ငံများ ကပြန်ကြွလာတဲ့ ဆရာတော်ဘုရားခံတွင်း ပျက် နေလိမ့် မယ် စိတ်ကူး အတွေးနဲ့ ဗမာ ထမင်းဟင်းချက် ဝေယျာဝစ္စ ဆောင်ခဲ့ဘူးပါတယ်။

ကုက္ကိုရွက်နု သုပ်ကလေး၊ ငါးရံ့နဲ့ ခရမ်းချဉ်သီး ချက်ကလေး စတဲ့ မြန်မာစစ်စစ်၊ဟင်းတွေ ဘုဉ်းပေးလိုတဲ့ ဆရာတော် ဘုရားကြီး က ထိုင်းစာတွေ ကို မနှစ်သက်ပါ။ ဆွမ်း ဆက်ကပ်ကြပါရန်လည်း ကျွန်မ ကတိုက်တွန်း လိုပါတယ်ရှင့်။
ထိုင်းတွေ က ဆရာတော်ဘုရားကြီးကို အင်မတန် ကြည်ညိုကြပါတယ်။ ဆရာတော်ဘုရားကြီးက အမျိုး သမီး တွေ-ဘောင်းဘီ စကတ် ဝတ်ပြီး လာဖူးတာ ကို လုံးဝ-မကြိုက်ပါ။ ကျွန်မ တို့ဆီ ကနေ ထိုင်းမတွေ လုံချည် အတင်းလာဝယ် တာလည်းကြုံဘူးတယ်။

ချက်ချင်း အစဝယ်ချုပ် ကြတဲ့ အထိလည်းလေးစားကြပါတယ်။မြန်မာစကား သင်ယူ နေတဲ့ ထိုင်း ဥပါသိကာမ-ပညာတတ် တွေလည်း များစွာ သိကျွမ်းခင်မင် ခဲ့ဘူးပါတယ်။ အခုသတင်းကလည်း ထိုင်း ဘလော့(Little Bang) ကရတဲ့ သတင်းကို ထပ်ဆင့်ဖော်ပြလိုက်တာပါ။ အခွင့် ထူး တစ်ရပ် အဖြစ်ခံယူ ရင်း ၊ သူတော် ဆည်းကပ်ပြီး မြတ်တရားနာ ဘို့ နှိုးဆော် တိုက်တွန်းလိုက်ပါရစေ။

Dhammodaya November Retreat

The Dhammodaya meditation centre in Nakhon Pathom, just outside Bangkok, is announcing a 10 day meditation retreat with Sayadaw U Janaka. Retreat runs from Sunday 1st November to Tuesday 10th November.

Teachers

Leading the retreat will be Sayadaw U Janaka(Chinmaya Sayadaw) who is one of Myanmar’s leading lights in the meditation world. Hugely respected he has centres all over the world and thousands of disciples. He is getting older these days and it gets harder for him to travel so this is a particularly good chance to be with one of the great masters of our time.

Accompanying him will be two monks, U Sobhita and U Nyanaramsi (Malaysian/Chinese). All of them speak English fluently.

The retreat will be conducted in English, with translation into Thai throughout.

Schedule

The schedule will be posted later, but involves periods of sitting and walking most of the day long. Early rising and practise before breakfast, before lunch and through the afternoon and evening. There will be a dhamma talk once or twice a day, and all yogis will have regular interviews with the three teachers.

The retreat is recommended for those with some experience already, though beginners will also be welcome if they are keen and serious. All attendees must join for the full 10 days – no coming and going allowed, so that the retreat is well structured and consistent.

Please arrive either Saturday afternoon/evening on the 31st October, or else the Sunday morning. Retreat will finish on Tuesday 10th November after lunch. There will likely be some shared transport back to Bangkok.

Dhammodaya Centre

Click here for background information and directions to the Dhammodaya Retreat Centre .

Yogis sleep in the large salas. There is plenty of room, but no private rooms available. Excellent vegetarian food will be served throughout the retreat on a monastic schedule : that is breakfast and lunch before 12 am, and just drinks in the evening.

The weather will be getting cool at night so be prepared. The centre is set in the countryside with peaceful surroundings.

Cost: Free (Donations welcome)

You can book through our Littlebang CONTACT page. Please give your Name, male/female, nationality, and rough level of experience with meditation retreats.

Bookings will be forwarded to Khun Nay, the organiser for the centre.

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၄ (ပိုင်းလော့ဆရာတော်)

တရားထိုင်ချိန် မှာ ဖြစ်တတ်တဲ့ ဥပါဒါန်ကံ
-----------------------------------------

ဒါကြောင့်မို့ ဘုန်းဘုန်းက တရားထိုင်တဲ့ ပုဂ္ဂိုလ်တွေကိုမေးချင်တာ တစ်နာရီ ထိုင်မယ်လို့ ဆုံးဖြတ်ချက်ချ တယ် မဟုတ်လား။ (တင်ပါ့ဘုရား။….) ကဲ…. ထိုင်ကြပြီ၊ ရှုကြပြီဆိုပါတော့ ။ကိုယ်တိုင်ကို ပြန်မေးကြရအောင်နော်။ ဟာကွက်လေး ကိုဖြည့်ကြ ရအောင်နော်။

တစ်နာရီ အတွင်းမှာ ငါသေမယ် လို့ထင်ရဲ့လား။ (မထင်ပါဘူး ဘုရား။) ဒါဖြင့်မသေသေးဘူးပေါ့။ မသေတဲ့ငါ တစ်နာရီ ပြည့်အောင် ထိုင်မယ်ဆိုတော့ ဥပါဒါန်ပါမနေဘူးလား။ (ပါ ပါတယ်ဘုရား။…)ပါတယ်နော်၊ ဒါဆိုရင် ဝိပဿနာဉာဏ် လမ်းဆုံးကို ရောက်ပါမလား။ (မရောက်ပါဘူးဘုရား။)သေချာတယ်နော်။ -ဟာ-တာကို ဖြည့်ကြနော်။

မိုးကုတ်ဆရာတော်ဘုရားကြီး ပြောခဲ့တဲ့စကားက ဝိပဿနာ ဆိုတာ ကိုယ့်အသေကို ကိုယ် ရှုတာတဲ့ ။ သေသေချာချာ မှတ်ပါ။မမေ့ပါနဲ့။ တရားထိုင်နေတဲ့ ပုဂ္ဂိုလ်ဟာ ဒီတစ်နာရီအတွင်း မှာသေမယ် မထင်ဘူး မဟုတ်လား။ ( မထင်ပါဘူး ဘုရား။…)

ဒီတော့မသေမဲ့ ငါဟာ ဒီတစ်နာရီအတွင်းမှာ မဂ်ရအောင်လုပ်မယ်ဆိုရင် ဟုတ်ပါ့မလား။ (မဟုတ်ပါဘူးဘုရား….။) ဆုံးဖြတ်ချက်ချတာ လွဲမနေဘူးလား။ (လွဲနေပါတယ်ဘုရား)။ ဒီတော့ဥပါဒါန်ပါတာ သေချာနေပြီနော်။ ငါနဲ့ သွားနေတာကိုး။

ဉာဏ်နဲ့ ငါနဲ့ ရော သွားတယ်ခေါ်တယ်။ ဉာဏ်နေရာမှာ ငါရောက်နေတယ် လို့ မှတ်ရမယ်။သေသေချာချာ မှတ်နော်။ နှစ်ပေါင်းများစွာ တရားကျင့်ပြီး ၊ တစ်ချို့ ခရီးမရောက်တာသည် အဲဒါ ပါပါတယ်။ ကပ်ချော်နေရင် ခရီးမရောက်ဘူး။ နားလည်ကြရဲ့လား။
ဟိုတုန်း ကဘုန်းဘုန်း ဒီလောက်မပြောဘူးနော်။ နောက်ပိုင်း အသက်ကလေးရလာတော့ သေဘို့လည်း နီးနေပြီဆိုတော့ မပြောလို့ မရတော့ဘူး။ မပြောလည်းသိမှာ မဟုတ်တော့ ပြောရတော့မယ်။

ဟိုတုန်းကပြောရင် ထိုင်တဲ့ ပုဂ္ဂိုလ်တွေ အများကြီးမှာ တော် တော် များများဟာ ဆန့်ကျင်မှာစိုးလို့ ဘုန်းဘုန်း ကရှောင်ရှောင်ပြီးဟောပေးရတယ်။ ခုတော့မရတော့ဘူး။ အချိန်က သိပ်မရှိတော့ဘူး။ လိုတာလေးတွေ ဖြည့်ရလိမ့်မယ်နော်။ ပြန်ပြောမယ်။ ကိုယ်လိုတာကိုယ် ဖြည့်ကြမယ်။ ကျမ်းနဲ့ ညှိ ရမယ်နော်။ တရားထိုင်တဲ့ အခါ မိုးကုတ်ဆရာတော်ဘုရားကြီး ကိုယ်တိုင်ပြောခဲ့တာ ။ ဘုရားဟောာနဲ့ အညီ ရဟန္တာ ဆရာတော် ဘုရားကြီးဟောခဲ့တာ ဝိပဿနာ ဆိုတာသည် ကိုယ့်အသေ ကိုယ်ရှုတာနော်။

အခု ကိုယ့် ဒကာတွေ ရှုနေတာက မသေတဲ့ ငါ။ တစ်နာရီပြည့်အောင်ရှုမယ်။ညနောက်မဂ်ရအောင် အားထုတ်မယ်လို့ ဆုံးဖြတ်ချက် မချဘူးလား။ဒီတော့တည့်ပါ့မလား။ (မတည့်ပါဘူးဘုရား။)
ဥပါဒါန်နေရာယူတာ သေချာ သွားပြီ။ အစကတည်း က ကပ်ချော်နေတယ် ဆိုရင် ပြင်ရသိပ်ခက်တယ်။ အားရှိတဲ့ ဝိပဿနာ မရောက်ဘူးနော်။ သဘောပေါက်ရဲ့လား။ ကောင်းပြီ-- သည်လို ဖြစ်ရတဲ့ အကြောင်းရင်းသည် ဒီ(ပဋိစ္စ သမုပ္ပါဒ် စက်ဝိုင်းဒေသနာ) ကို ကြည့်လိုက်ပါ။
ဘယ်က အခြေ ခံတာလဲ။ (တဏှာပါဘုရား)။ တဏှာရှိရင် ဥပါဒါန် ရှိတယ်လို့ပြတယ်။

Friday, September 25, 2009

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၃ (ပိုင်းလော့ဆရာတော်)



ဝိပဿနာ ပညာ


ဒီကနေ့ကတော့ ဝိပဿနာ ပညာ ကို ဘုန်းဘုန်းတို့ ကြိုးစား သင်ကြည့်ရအောင်၊ ဒီတရားပွဲ မှာ ဝိပဿနာ ကျင့်တဲ့လူတွေလည်း ပါပါလိမ့်မယ်။ ဝိပဿနာ ပညာသည် အဓိက ဘာလဲ လို့မေးရရင်၊ စက်ဝိုင်းဒေသနာ-အဓိက နံပါတ် (၄) အကွက် မှာ ပါတဲ့ ဇာတိမလာရေး ကို အဓိကထားလိုက်ပါ။ တော် တော် များများ ဟာ ဒီ ပဋိစ္စ သမုပ္ပါဒ် ဒေသနာ ကိုနားလည်ပြီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါလိမ့်မယ်လို့ ဘုန်းဘုန်း ယူဆပါတယ်။ အလွတ်ဆောင်သူတွေလည်း ရှိကြပါလိမ့်မယ်။ ဝိပဿနာ အားထုတ်တဲ့ ပုဂ္ဂိုလ် များ သည် အို၊နာ၊သေမှု ဆင်းရဲ ရဲ့ အဓိက အကြောင်း ကတော့ဇာတိပဲလို့ မှတ်ရမယ်နော်။
နံပါတ် (၄)အကွက် ဇာတိပဲ ၊နားလည်ပြီနော်။ ဒီတော့ ဇာတိမလာအောင် ဘာလုပ်မလဲလို့ မေးခွန်းမေးရတော့မယ်။ ဘုရားရဲ့ ဉာဏ်တော်ကြီး နဲ့ အဖြေမှန်ကိုထုတ်နိုင်ခဲ့တယ်။ ဘုရားရဲ့ ပညာအလင်း က အဖြေမှန်ကို ထုတ်နိုင်ခဲ့တယ်။ ဇာတိမလာရေးအတွက် ဘာလုပ်ရမလဲ မေးခွန်းမေးတော့ နံပါတ် (၃) အကွက်ကို ပြန် ကြည့်ရအောင်နော်။ (ကမ္မဘဝ)----ဒါကိုဖြတ်မှ ဇာတိ မလာမှာနော်။ ကမ္မဘဝ ဆိုတာ ဘာကို ခေါ်သလဲ လို့ သိဘို့ လိုအပ်ပါတယ်။ (ကမ္မဘဝ) ဆိုတဲ့ စကားအဓိပ္ပါယ် အသမုတ်ခံ စကားရဲ့ အသမုတ်ခံ သဘောဟာ ဘာကိုခေါ်တာလဲဆိုတာ မသိရင် ဘုန်းဘုန်းတို့ ဟာကျင့်လို့ ရပါ့မလား။ (မရပါဘုရား။) ကမ္မ ဘဝဆိုတာ များသောအားဖြင့် ကံမြောက်တာ လို့ပြောကြမှာပေါ့။ ကာယကံ၊ဝစီကံဖြစ်တာပဲလို့ ပြောကြမယ်နော်။ ဒါဟာ အကြမ်းဖျင်းပေါ့ ။ သို့သော် ဝစီကံ၊ ကာယကံမဖြစ်ဘဲနဲ့ ဇာတိ ဖြစ်နေကြတဲ့ ပုဂ္ဂိုလ် တွေလညှ်းရှိပါတယ်။
ဥပမာ ဆိုရင် ဈာန်ရရသေ့ကြီးတွေ ဆိုပါတော့နော်။ ဒေဝီလ ရသေ့ကြီးတွေ တစ်နေရာ မှာ ပဲစိုက်ပြီး အာရုံယူတယ်။ အအေးဓာတ်တွေ ခံစားနေကြတယ်။ အခြား သားရေး၊ သမီးရေး၊ စီးပွားရေး ဆိုတာ မရှိတော့ဘူးနော်။ အိမ်ထောင်သားမွေး စွန့်ကြတယ်။ အသီးအနှံ ကိုစားပြီး ကျင့်ကြသောကြောင့် တွေးစရာမှ မရှိတာ။ ကောင်းကင်ကိုတောင်ပျံ နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်။ အဲဒီလိုအေးချမ်းတဲ့ ပုဂ္ဂိုလ်တွေဟာ ရင်ထဲမှာ စကားမပြောဘူး။ ကံမမြောက်အောင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ ဒါပေမဲ့ ဇာတိ-ဖြစ်တယ်။ဗြဟ္မာဇာတိ သွားဖြစ်တာကို ပြောတာနော်။ စဉ်းးစားစရာ ဖြစ်မနေဘူးလား။
စိတ်နှလုံး အေးချမ်းရုံလောက်နဲ့ ဝိ ပဿနာဦးတည်ချက် ဆုံးပြီလားလို့ မေးရလိမ့်ဦးမယ်နော်။

အတော်ကို အေးချမ်းနေတဲ့ ပုဂ္ဂိုလ်ကြီးတွေနော်။ ဘာအပူ အပင် မှ မရှိပဲ အေးချမ်းနေပြီး ကောင်းကင်တောင်ပျံနိုင်တဲ့ ပုဂ္ဂိုလ်တွေပဲနော်။ဒီလောက်အေးချမ်းရုံနဲ့ ဝိပဿနာ ပြီးပြီလားလို့ မေးရမှာနော်။ ပြီးပြီလား----( မပြီးသေး ပါဘုရား)။ ဇာတိလာနေတာကို သတိ ထားရမယ်လေ။ဗြဟ္မာဇာတိ-သွားဖြစ်နေသေးတာကိုး။

အေးချမ်းမှုလေးကို ခံစားနေသေးတာဟာ ဈာန်ပဲရှိသေးတာနော်။မဂ်မဟုတ်ဘူးလေ။ သဘောပေါက်ရဲ့လား။ ဒါဖြင့်ဘုန်းဘုန်းတို့ စဉ်းစားရမှာက ဒီအဆင့်လောက်နဲ့ ဇာတိမပျောက်ဘူးဆိုတာ သေချာတယ်။ (ကသဲ ဆိုတာ -သဲဆပ်ပြာကို ခေါ်တာပါ။ဒီခေတ်တော့ ဆပ်ပြာမှုန့်ပါပဲ)။ ဒါဖြင့် -နှလုံးအေးချမ်းရုံ ခံစားပြီးနေတဲ့ ပုဂ္ဂိုလ်သည် ဘယ်လို ကမ္မဘဝရှိတယ်ဆိုတာ သိဘို့လိုအပ်တယ်။ ကမ္မဘဝရှိနေလို့သာ ဒါဟာဇာတိဖြစ်လာတာမဟုတ်လား။ တရားထိုင်ကြမယ် ဆိုပါတော့--စိတ်နှလုံးအေးတာကို အေးချမ်းလိုက်တာလို့ ခံစားပြီးနေတယ်။ သိနေတယ်။ ဒီလို သိနေတဲ့ အချိန်မှာ အခြားအပူမှ မလာတာ။ အဲဒီလောက်အနေအထားကို လည်း ဗြဟ္မာဇာတိ ဖြစ်နိုင်တယ်လို့ ဆိုထားတယ်။ ဘာ့ကြောင့် ရှိသလဲ စဉ်းစားနော်။ဒီကျမ်း အရကြည့်ရင် ကမ္မဘဝ ကိုရောက်မနေဘူးလား။ဒီလိုရှိလို့သာ ဇာတိဖြစ်ရတာ။ နားလည်တယ်နော်။

ဒါဖြင့် ဘုန်းဘုန်းတို့ဟာ (ကံ) ဆိုတဲ့စကား၊ (ကမ္မ) ဆိုတဲ့စကားလုံးကို သိဘို့ လိုတယ်။ ကမ္မ-စကားဟာ (ကံ) ကိုပဲဆိုလိုတာနော်။ မြန်မာ လိုတော့ (ကံ)ပေါ့နော်။ ကံ -ဆိုရင် ဘုရားက စေတနာ လို့ပဲ ပြောတယ်။
( စေတနာဟံ၊ ဘိက္ခဝေ၊ ကမ္မံဝဒါမိ ) တဲ့။ ဆိုထားတယ် မဟုတ်လား။ နောက်စေတနာဆိုတာ ဘာကိုဆိုလို တာလဲလို့ သိဖို့ လိုအပ်တယ်- မှတ်ပါ။ ကာယကံ၊ ဝစီကံ၊ မနောကံ ပြုလုပ်မှုတိုင်းမှာ စေတနာ ပါတယ်။ စေတနာ ကို အခြေခံ ထားတယ်။ ဘုန်းဘုန်း အခုစကားပြောတယ် ပေါ့နော်။ ဒီလိုစကားပြောတဲ့ အခါ အောက်မေးရိုးကို ဟလိုက်၊ စိလိုက် လုပ်ရတယ် မဟုတ်လား။( တင်ပါ့-ဘုရား)။

အောက်မေးရိုး ကို ဖြုတ်ပြီး သူ့ချည်းချိန်ကြည့်ရင် တော်တော် လေးမယ်။ လျှာလည်းလေးတာပဲနော်။ ဒီအာရုံကြောလေးတွေကို လှုပ်ရှားအောင် တွန်းပေးတဲ့ အား ဆိုတာ ရှိရတယ်။ သဘောပေါက်ရဲ့လား။ အဲဒါကို ဘုရားက စိတ္တဇ-ဝါယောဓာတ်လို့ ခေါ်တာပါ။ အသက်ရှူ လိုက်၊ ထုတ်လိုက်တိုင်းလည်း အားစိုက်ပြီး ဆွဲရှူ လိုက်တယ် ဆိုရင် ကြွက်သားလေးကို လှုပ်အောင်တွန်းတယ် ဆိုရင်ပဲ တွန်းအားရှိနေတယ်။ အဲဒါ စိတ္တဇဝါယောဓာတ်ရှိနေတာပဲ။ သဘောပေါက်ရဲ့လား။ ဈာန်သမားတွေမှာ အဲဒီတွန်းအားလေးရှိနေတာပဲ။ ရှူလိုက်၊ထုတ်လိုက်တဲ့ နေရာမှာ ငြိမ်းအေးပြီးခံစားနေတယ်ဆိုရင် တွန်းအားလေးဟာ သိမ်မွေ့နေတာရှိတယ်နော်။ (တင်ပါ့ဘုရား……။)

ကောင်းပြီ ၊ ဒါဖြင့် အဲဒီ တွန်းအားလေးလည်း ဘယ်ကစလဲလို့မေးရင် အခြေခံ ဥပါဒါန်၊ အဲဒီ ဥပါဒါန်ကို ဘုန်းဘုန်းတို့ ဘာသာပြန်တဲ့ အခါ ရှေးတုန်းကဘာသာပြန် ဟာစွဲလန်းခြင်းလို့ ပြန်ကြတယ် ။ သူတို့ကိုယ်သူတို့ အေးချမ်းအောင်နေတော့တယ်။ဒီလိုဆုံးဖြတ်ချက် ချတယ်ဆိုရင်---ဥပါဒါန် ပါမနေဘူးလား။(ပါ--ပါတယ်ဘုရား။)။

ငါ--အေးချမ်းအောင်နေတော့မယ် ဆိုပြီး ဆုံးဖြတ်ချက်ချပြီးနေတော့တာနော်-- သဘောပေါက်လား။ ဒီတော့သိမ်မွေ့တဲ့ ဥပါဒါန် ရှိမနေဘူးလား။ (ရှိပါတယ်ဘုရား)။ သိမ်မွေ့တဲ့ကံရော၊ (ရှိပါတယ်ဘုရား။)ဒါကြောင့်မို့ အင်မတန်နူးညံ့ သိမ်မွေ့တဲ့ ဗြဟ္မာကြီးတွေ ဖြစ်နေတာနော်။


ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၂ (ပိုင်းလော့ဆရာတော်)

လမ်းပျောက်သူနှင့် ဝိစိကိစ္ဆာ
____________________

ဝိစိကိစ္ဆာ ဆိုတာ လမ်းပျောက်တဲ့ ပုဂ္ဂိုလ်ကို ခေါ်တာပါ။ တောနက်ထဲမှာ မျက်စိလည်တဲ့ ပုဂ္ဂိုလ် နဲ့ တူတယ်လို့ ဘုရားက ဥပမာပေးခဲ့ပါတယ်။ အရှေ့၊ အနောက်၊ တောင်၊မြောက် ဆိုတဲ့ လမ်းတွေကို မသိတော့ အရှေ့ဘက် ကို အနောက်ဘက်ပါလို့ သူများ ကပြောလည်းသွားရမှာပဲ။

တောင်၊မြောက်ပြောလည်း လိုက်ရမှာပဲနော်။ အဲဒီလိုပဲ ကိုယ် ကိုယ်တိုင်က ကုသိုလ်၊ အကုသိုလ်၊နိဗ္ဗာန်လမ်း ဆိုတာ ကို မသိတဲ့ လူတွေ အဖို့ သူများစကားမှာလမ်းဆုံး ရမှာနော်။ ဒါကို သိဖို့အရေးကြီးတယ်။ ဝိစိကိစ္ဆာ ဟာ လွတ်ပြီး အခြားအကျင့်နဲ့ နိဗ္ဗာန်ရောက်တယ် ပြောလဲမယုံတော့ဘူးတဲ့။အခြေ ခံ (၃)ချက်ပါတယ်နော်။ ဒါကို အဓိကထားပြီး သင်ကြရမယ်နော်။
ဒီလိုသင်တဲ့နေရာ မှာ ဘုရားရှင်ရဲ့ ဉာဏ်ကျက်စားရာဖြစ်တဲ့ ဒေသနာတော် ကို အခြေခံရလိမ့်မယ်။ ဓမ္မဘေရီ ဆိုတဲ့ ကလောင်ရှင် စာရေးဆရာ ရေးထားတာ မှတ်စရာကောင်းတယ်။
(ကိုယ်တိုင် ကိုယ် တရားဗဟုသုတ ရှာတဲ့ အခါ ကောက်သင်းကောက်သလို နေလိမ့်မယ်နော်။ သို့သော် ဝါရင့်တဲ့ ဆရာတော်ကြီးတွေရဲ့ သြဝါဒကိုခံယူပြီး လိုက်ရင်တော့ စပါးပုံကြီး ရလိုက်သလိုဖြစ်လိမ့်မယ်တဲ့။)

ဆုံးမထားတာ မှတ်စရာကောင်းတယ်။ ထေရဝါဒ သာသနာ ဆိုတာ တကယ်တော့ မထေရ်မြတ်တွေ ရဲ့ သြဝါဒ အစဉ်အဆက်ကို ခံယူလာတာနော်။ ဘုန်းဘုန်း အခုပြောတဲ့ တရား တွေဟာလည်း ကိုယ်သိ ကိုယ်တတ် ဟောတာ မဟုတ်ပါဘူး။

*************************************************
ထေရဝါဒ သာသနာ
______________

ထေရဝါဒသာသနာ ဆိုတာ သေသေချာချာ မှတ်ပါဦး။ ဘုရားကိုယ်တော်တိုင် နှုတ်ကနေ သင်ကြားတာကို နားနဲ့ဆတ်ဆတ် ကြားရတဲ့ မထေရ်ကြီးတွေ ၊သံဃာတော်ကြီးတွေ စာပေနဲ့ သေသေချာချာ ဆောင်ထားကြပြီး ကိုယ်တိုင် ကိုယ်ကျ စာပေရဲ့ အနက် အဓိပ္ပါယ် ကို လည်းမှတ်ယူပြီး ကျင့်ကြတဲ့ ရဟန္တာကြီးတွေ ၊ မထေရ်ကြီးတွေရှိကြတယ်တဲ့။ ဘုရား ပရိနိဗ္ဗာန်စံပြီး နောက်လည်း ကျန်ခဲ့ကြတယ်။ အရှင်မဟာ ကဿပမထေရ်ကြီးတို့ အာနန္ဒာ မထေရ် တို့ ဆိုပါတော့နော်။ ထိုမထေရ်တွေက အဆင့်ဆင့် လက်ဆင့်ကမ်းပေးပြီး သင်ကြရတယ်။ စာပေရော။ စာပေရဲ့ အနက် အဓိပ္ပါယ်ရော၊ ကျင့်စဉ်ရော သင်ကြားပေးခဲ့ တာတွေရှိတယ်။ အဲဒီဆရာတော် မထေရ်ကြီးတွေ ဆီက အဆင့်ဆင့်နည်းနာ နိဿယ ခံပြီးလာခဲ့ကြတဲ့ ရဟန္တာကြီးတွေ ရှိကြပါတယ်။
သီဟိုဠ် ခေတ်ရောက်တော့ ရှင်မဟိန္ဒ၊ ထေရီမ သင်္ဃမိတ္တ တို့ ကြားဘူးတယ်နော်။ ရဟန္တာကြီးတွေပဲ။ သီဟိုဠ် က တစ်ဆင့် သထုံဘက်ကို ကူးတော့လည်း အရှင်သောဏ၊ အရှင်ဥတ္တရမထေရ်တို့-----အစရှိတဲ့ ရဟန္တာတွေ ရောက်လာတယ်။နောက်သထုံကနေ ရဟန္တာဖြစ်တဲ့ ရှင် အရဟံကလည်း ပုဂံရောက်၊ အဲဒီနောက် ပုဂံ ကနေပြီး သာသနာပြန့်ခဲ့တာတွေ ကြားဘူးတယ်နော်။
ဘုန်းဘုန်းတို့ သာသနာ ဟာ ထေရဝါဒသာသနာလို့ ခေါ်တယ်။ ထေရဝါဒသာသနာ ရဲ့ ထူးခြားချက်ဟာ ဘာလဲဆိုတော့ ဒီလိုစာပေ တွေကို ဆောင်တဲ့ အပြင်၊ကျက်တဲ့ အပြင် သူ့ရဲ့ အနက် အဓိပ္ပါယ်ကိုလည်း ဂဃနဏ ဆရာများ အဆက်ဆက် ရအောင်ယူထားတယ်။ ပြီးတော့ ကျင့်ကြံကြတယ်။ဒါကြောင့်မို့ ရှေးဆရာများအဆက်ဆက် ဆုံးမခဲ့ကြတဲ့ ၊ဆောင်ပုဒ် ရှိတယ်။
တရားမနာ၊ စာပေမသင်
နှုတ်တွင်မဆောင်၊သိအောင်မမှတ်
ပဋိပတ်ကွာ၊ဤ ငါးဖြာ
သာသနာကွယ်ကြောင်းတည်း။တဲ့
တရားလည်းနာကြရမယ်နော်။ ဒီစာပေ တွေကိုလည်းသင်ရမယ်။ကျင့်ရမယ်နော်။ဒါဆိုရင် သာသနာ မကွယ်ဘူး။ နားလည်ပြီနော်။ ဒီတော့ ဘုန်းဘုန်း တို့၊ အစဉ် အဆက် နည်းခံခဲ့တဲ့ အတိုင်း။သင်ကြရမယ်။

Thursday, September 24, 2009

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင် (ပိုင်းလော့ဆရာတော်)

ပြီးခဲ့တဲ့ သြဂုတ်လ မှာ ပိုင်းလော့ဆရာတော် ဘုရားစင်္ကပူ မှာသီတင်းသုံးစဉ် ကျွန်မ ဆရာတော်ဘုရား အားOnline မှ ဖူးတွေ့လိုက်ရပါတယ်။ ဆရာတော်ဘုရား ကကျွန်မ အား တရားတော်ငါးပုဒ် (နိဗ္ဗာန်မြင်ရန် အကြောင်းရင်း၊စောင်းနှင့်စောင်းသံ၊ ခန္ဓာငါးပါး အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် ဖြစ်ပေါ်လာပုံ၊ စိတ် နှစ်ဆင့် ဖြစ်ပုံ၊ သစ္စာလေးချက် တစ်ပြိုင်နက် )တို့ ကို အင်္ဂလိပ် ဘာသာပြန် ရန်တာဝန်ပေး အပ်ခဲ့ပါတယ်။
တရားကို ကျေလည်စေလိုသော သဘောလည်းပါဝင်ပါလိမ့်မယ်။ တပည့်ဝတ္တရားမှာ စိစစ် နေရန် မဟုတ်။ ခိုင်းသည့်အတိုင်း လုပ်ရန်သာဖြစ်ပါသည်။
သည်တာဝန် ပေး အပ်ပြီး တဲ့အခါ မှာ ဘာသာပြန် တရားတော်များ ကိုတင်ရန် ကျွန်မသည် Blog တစ်ခု ကို ဖန်တီးခဲ့ပါသည်။ ယခင်ကဘာသာပြန် ပြီးသော (မောဟ နှင့် ပညာ) စာမူ လည်းရှိနေပါသည်။ ပိုင်းလော့ဆရာတော်ဘုရား၏ အထုပ္ပတ္တိ ကိုလည်း ကျွန်မ ဘာသာပြန်ထားတာ ရှိသည်နှင့် အင်္ဂလိပ်-ဘာသာပြန် စာမူများ တင်ရန် သန္တိသစ္စာ-The Peace of Noble Truth http://thantithitsar.blogspot.com
ကို ဖန်တီးဖြစ်ခဲ့ပါသည်။
ရည်ရွယ်ချက် ကတော့ ဆရာတော် ဘုရားဘယ်နိုင်ငံရောက်ရောက် လိုအပ်ခဲ့လျင် ကောက်ယူ အသုံးပြု နိုင်ပါရန်နှင့် တခြားသော လိုအပ်သူများ အသုံးပြု နိုင်ရန် စုစည်းပေးထားမယ်ဆိုသောစေတနာ နဲ့ ဖြစ်ပါတယ်။
သန္တိသစ္စာ ဆိုသော (Thantithitsar Vipassana Meditaion Center,LA)နာမည် တူနေတာကို နောက်မှသိရကာ လေးစားသောအားဖြင့် ကျွန်မ Blog မှ Thantithitsar စကာလုံး ကို ဖြုတ်ထားလိုက်ပါတယ်။L.A မှ ဆရာတော်ဘုရားတို့ ကျေနပ် ပါရန်လည်း တောင်းပန်လျှောက် ထားအပ်ပါတယ်ရှင့်။
The Peace of Noble Truth ကိုသာ ဆက်လက် သုံးစွဲသွားမှာဖြစ်ပါတယ်။
ကျွန်မ နှင့် အတူ ဘာသာပြန် ရေးသား မည့် သူကတော့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ပဋိပတ် ဋ္ဌာန မှ ပါမောက္ခ ဒေါက်တာ လှမြင့်(B.E, M.A, Ph.D (Buddhism)) ဖြစ်ပါတယ်။
လက်ရှိ (မောဟ နှင့် ပညာ )တရားတော်ကို ဆရာ ကပဲ ဘာသာပြန်ပေးထား တာဖြစ်ပါတယ်။
ပိုင်းလော့ဆရာတော်ဘုရား၏ ဟောတရားများကို စာသား အဖြစ် စာစီ ၊စာရိုက်လုပ် ပေးတဲ့ ကိုအောင်ဦး(ဓမ္မရသ)နှင့် ကိုသုခ(သုခရိပ်) တို့ကို အထူး ကျေးဇူးတင်ရှိပါတယ်။
ကျွန်မ ဘာသာပြန်လုပ်ငန်းများ အတွက်ကိုးကား ရန် ဓမ္မစာအုပ်များ။ စီဒီ များ ကို သဒ္ဓါတရားထက်သန်စွာ စာတိုက်မှပေးပို့ လှူဒါန်းပါသော မထက်စုနှင်းဆီ (သစ္စာတရားများစုဝေးရာ) ၏ စေတနာ ကိုလည်းမှတ်တမ်းတင် ဖော်ပြအပ်ပါတယ်။ တရားတော် များကို ဘာသာပြန်ရာတွင် နှလုံးသွင်းမှုမှန်ကန်စေရန် ပိုင်းလော့ဆရာတော် ဘုရား ကိုယ်တိုင်ရေးသားသော (ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်) စာအုပ် မှ တရားတော်များကို မြန်မာဘာသာဖြင့်ဤ Blog တွင်စတင်ရေးသားပူဇော် ပါမည်ရှင့်။ ဓမ္မမိတ်ဆွေများ ချမ်းမြေ့ရွှင်လန်းစွာ လေ့လာ ၊ကျင့်ဆောင် နိုင်ကြပါစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင့်။
***************************************************************************
ဇာတိမလာရေးနှင့်နိဗ္ဗာန် အမြင်(၁)---လမ်း(၃)လမ်း
____________________________________

ရွှေတိဂုံ ဘုရားကုန်းတော် ပေါ်မှာ ဝါတွင်းသုံးလကို ဟောရက် က ၁၂ရက်တည်းရှိတာနော်။ ဒ့ါကြောင့် ဆရာတော်ဘုရားကြီးတွေ ဆုံးမခဲ့တဲ့ ဘုရားဟော တရားတော်တွေကို လက်လှမ်းမှီသရွေ့ ပြန်ပြီး သင်ပေးပါ့မယ်။ဝီရိယစိုက်ပြီး ကြိုးစားနာယူကြပါ။

ဘုရားရှင်ရဲ့ ဆန္ဒအရ အဓိက ၂ ပိုင်းရှိပါတယ်။ မသေခင်ကာလမှာ ဘုန်းဘုန်းအပါအဝင် ယောဂီတွေ အားလုံး လောကဓံကို ခံနိုင်ရည်ရှိဘို့နဲ့ သေကာလကျတော့လည်း အပါယ်လေးပါးလွတ်ဘို့။ နိဗ္ဗာန်ရောက်ဘို့လို့ မှတ်ပါ။ တကယ်တမ်း ဝိပဿနာတရားကို အချိန်တိုင်း အချိန်တိုင်း၊ ပွားမယ်ဆိုရင် မနိုင်ကြသေးပါဘူး။ ဒီတော့က ဝိပဿနာ တရားနဲ့ လွတ်တဲ့အချိန်၊ ကုသိုလ်စိတ်နဲ့ နေတတ်ဘို့လည်း လိုအပ်တယ်။ ဒါ့ကြောင့် အခြေခံကုသိုလ်နဲ့ အကုသိုလ် ခွဲသိဘို့ ဆိုတာ လိုအပ်တယ်။

ပြီးတော့မှ ဝိပဿနာ ပညာကို ရှုတတ်ဘို့လည်းလိုအပ်ပါတယ်။ တစ်နည်းအားဖြင့် အချိန်တိုင်း ဘုန်းဘုန်းတို့လျှောက်တာ လမ်းသုံးလမ်း ရှိနေတယ် ဆိုတာ သိဘို့လိုအပ်ပါတယ်။
လမ်း သုံးလမ်း က အစုန်လမ်း၊ အဆန်လမ်း၊ နိဗ္ဗာန်လမ်း ၊လမ်း သုံးလမ်းလို့မှတ်ကြပါ။
သည်ဝါတွင်း ဥပုသ်ရက်တွေမှာ အတတ်နိုင်ဆုံး သင်ပေးပါ့မယ်။

Saturday, September 19, 2009

ပိုင်းလော့ဆရာတော်ဘုရားကြီး၏တရားစခန်းအစီအစဉ်-စင်္ကပူ

ချစ်ခင်လေးစားရပါသော စင်္ကပူနိုင်ငံမှ ဓမ္မမိတ်ဆွေများရှင့်

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး သည် လာမဲ့နိုဝင်ဘာလ ထဲမှာ စင်္ကပူ နိုင်ငံကို သာသနာပြုခရီးစဉ် အဖြစ် ကြွရောက်ပေးမှာဖြစ်ပါတယ်။ မိမိတို့ ရဲ့ အချိန်များကို ကြိုတင်စီမံ နိုင်ကြပြီး အခွင့်အရေးကောင်းတစ်ခု အဖြစ် နှလုံးသွင်း ခံယူ၍ ကျင့်ဆောင်ကြိုးကုတ် အားထုတ် ကြပါရန် တရားစခန်းအစီအစဉ်လေးကို ကြိုတင် ဖော်ပြပေး လိုက်ပါတယ်။တရားစခန်းပွဲ မှာဒုလ္လဘ ရဟန်းခံပွဲ နှင့် သီလရှင်ဝတ် ပွဲလည်း ရှိပါတယ်။တရားစခန်းပွဲ ကျင်းပစဉ်ကာလ အတွင်း ဟောကြားမည့်တရားများကို တိုက်ရိုက်နာကြား ခွင့်ရအောင် *အွန်လိုင်းဓမ္မသဘင်*အဖြစ် ကိုဝင်းမြင့် မမေဟန်တို့ ဦးစီးတဲ့ ဓမ္မသုခ ညီအစ်ကိုမောင်နှမ တစ်စုရဲ့ (http://www.live.dhammathukha.com) ကလည်းကြိုးပမ်း ထုတ်လွှင့်ပေးမှာ ဖြစ်ကြောင်း လည်းသတင်းကောင်းပါး လိုပါတယ်။


နေရာ=== သီရိမင်္ဂလာ မြန်မာသီလရှင်ကျောင်း (Siri Mangala Society), Aloha Loyang
ဆက်သွယ်ရန်ဖုန်း==၆၂၉၆၃၅၄၉-----၉၁၃၉၃၃၀၇
နေ့ရက်===နိုဝင်ဘာ ၉ရက်မှ ၁၄ ရက်နေ့အထိ (၅)ရက်
်တရားစခန်းစာရင်းသွင်းရန်===စက်တင်ဘာ ၁၇ မှ စတင်၍ ဖုန်းဆက်ပြီး ဆရာလေးဒေါ်ကေတုမာလာ ထံ ကြိုတင်စာရင်းပေးသွင်းနိုင်ကြပါတယ်။

မြန်မာနိုင်ငံ မှာ ဆရာတော်ဘုရားရဲ့ မိုးညှင်းသိင်္ဂီ ကျောင်းတိုက်မှာ အမြဲကျင်းပပြုလုပ်တဲ့ တရားစခန်း ကိုဝင်လိုလျှင် ၂ လ ၃လ ကြိုတင်းစာရင်းပေးသွင်း ထား ရပါတယ် ။ အစွမ်းကုန်လက်ခံပေး တာတောင်မှ ပဲ အပတ်စဉ် တိုင်း လူ အမြဲ ပြည့်လျှံ နေတတ် ပါတယ်။ကျွန်မ ကတော့ မိုးမိုး (အင်းလျား)ရဲ့ မသုဓမ္မစာရီ ကို အခေါက်ပေါင်းများစွာဖတ်ပြီး သီလရှင်ဘဝကို ခံစားနားလည် ခဲ့ပါတယ်။ အလှူဒါန ဆို သီလရှင် ဆရာလေးများကို မေတ္တာပို မိုနေခဲ့လို့လားမသိပါ။ ကျွန်မရဲ့ ဓမ္မ လမ်းကြောင်းမှာ သီလရှင်ဆရာလေးများရဲ့ ကူညီဖေးမ လမ်းပြမှုနဲ့ အများဆုံး လင်းလက်ခဲ့ ရပါတယ်။ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ့ (၂၀၀၅ခုနှစ်) စင်္ကပူ ဓမ္မဒူတ ခရီး စဉ်- ပထမဆုံး တရားစခန်းမှာတော့ အချိန်ပြည့် ယောဂီ နှစ်ယောက်သာရှိခဲ့ပါတယ်။ လူတိုင်း အလုပ်များကြတဲ့ တိုင်းပြည်မှာ ကျွန်မ က ၁၀၉-၁၁၀ ဖြစ်ခဲ့တာကိုးလေ..။ဒါကြောင့်လည်း အဲဒီ နှစ်ယောက် ထဲမှာ တစ်ယောက် အပါအဝင် ဖြစ်ခဲ့ ရတာ ဆရာလေးတွေ ကျေးဇူးကြောင့် ဆိုတာ အမြဲသတိရ ကျေးဇူးတင်နေမိခဲ့ပါတယ်။

ပိုင်းလော့ ဆရာတော် ဘုရားကြွလာမှာ ကို ကြိုတင်သိမထားပဲ ကျွန်မ နဲ့အတူ ကျွန်မ ရဲ့စီနီယာအမ မမဝိုင်း (ဒေါ်တင်တင်နွဲ့ )နဲ့တိုင်ပင်ကာ ဆရာလေးကျောင်းမှာ ၅ရက် တရားအားထုတ်ရအောင် ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်။ကျောင်းရောက်တဲ့ ညနေမှာပဲ ပိုင်းလော့ဆရာတော် ဘုရားမလေးရှား မှပြန်လည် ကြွ မြန်း လာခဲ့ တာ ကျွန်မ တို့ အတွက် အံသြ ဘနန်းဖြစ်ခဲ့ရပါတယ်။အဲလိုနဲ့ပဲ ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ့ တရားတော်များကို ငါးရက်တိုင်တိုင် နေ့ကောညပါ နာယူမှတ်သားခွင့်ရ ခဲ့ရပါတယ်။

ည ကိုးနာရီမှ ဆရာတော်ဘုရား က Topayoh ကျောင်းကြီးကိုပြန် ကျိန်းတော်မူပါတယ်။ ငါးရက်လုံးလည်း နေ့ဆွမ်းဆက်ကပ် ခွင့်လည်း ရခဲ့ပါတယ်။ကျွန်မ ကတရားပွဲတိုင်းမှာ စာအုပ်ဆောင် ရေးမှတ်တတ်တဲ့အကျင့်ရှိခဲ့ပါတယ်( သိပ်တော့ အထင်မကြီးပါနဲ့- ၁၉၉၄ ချမ်းမြေ့ရိပ်သာ ကျောင်းမှာ တရားစခန်းဝင်တော့ တရားနာတဲ့အခါ တရားတစ်ပွဲလုံး ပြီးဆုံးသည်ထိ လက်အုပ်ချီ နာယူရပါတယ်။ ရေရှည် မချီနိုင်တော့ အကြံထုတ် ပြီး မှတ်စုလိုက် ရင်လက်ထောက်ခွင့် ရပြီးသက်သာ ကောင်းရဲ့ ဆိုပြီး ရလာတဲ့ အကျင့်ပါ။ချမ်းမြေ့ဆရာတော်ဘုရားကြီးကို သွားမတိုင်ပါနဲ့နော်) သည်အကျင့်လေး က အစ စေတနာမကောင်း ခဲ့ပေမဲ့ အခုထိ တော့ထောက်ပံ့ပေး နေခဲ့ပါတယ်။ကျွန်မတို့နှစ်ဦးသား တစ်လုံးမကျန် လိုက်မှတ်ကြပါတယ်။ ညဘက်မှာ ဆရာလေးဒေါ်ကေတုမာလာ နဲ့ဒေါ်ကေသရစာရီတို့ ကပြန်ဆွေး နွေး ပေး ဆိုတော့ကျွန်မ တို့ မှာ Intensive Training Course ကို Student Teacher 2:3 ratio နဲ့သင်ယူခဲ့ရတာ အခုထိ ဝမ်းမြောက်ပီတိ ဖြစ်လို့မဆုံး ပါ။ပီတိဖြစ်တယ် ဆိုပေမဲ့ တကယ်တော့ ပုဗ္ဗစေတနာ ချို့တဲ့ နေပါတယ်။ ကြိုတင်ပြီးဆွမ်းကွမ်း ခဲဘွယ် စီစဉ်မယ်၊ အသံသွင်းတာ မျိုးလုပ်မယ်၊ ဓာတ်ပုံ ရိုက်မှတ်တမ်းတင်တာ လုပ်မယ် စသည်ဖြင့်မစီမံနိုင်ခဲ့တာ လည်းပြန်တွေးမိပါတယ်။

ဓမ္မမိတ်ဆွေများကျွန်မလို မဖြစ်အောင် ကြိတင်စီမံနိုင်ကြပါပြီ။မြန်မာ ကို ပြန်ရောက်တော့လည်း ဆရာလေး ဒေါ်ခေမာ၊ဒေါ်ကုသလ၊ ဒေါ်ဥတ္တရာ တို့ကျေးဇူးနဲ့ လူကြပ်လှတဲ့ စခန်းပွဲမှာ တစ်နေရာ ရခဲ့ အားထုတ် ဖြစ်ခဲ့ရပါတယ်။

သည်စာစုလေးဖြင့် ဆရာလေးဒေါ်ကေတုမာလာ၊ဒေါ်ကေသရစာရီ၊ ဒေါ်ခေမာ၊ ဒေါ်ကုသလ၊ ဒေါ်ဥတ္တရာ တို့အားရှိခိုး ဦးခိုက်ကန်တော့လိုက်ပါတယ်။ဒ့ါအပြင် ကျွန်မ အားတရားရေအေးတိုက်ကျွေး ပေးခဲ့သော Lavender Vipassana Meditation Center VMC မှဆရာတော်ဘုရားဓာတ်တော်တိုက်ဆရာတော်ဘုရားဦးထေရဝံသ၊ တို့အားလည်း ဤ စင်္ကပူ အမှတ်တရစာစုမှ ရှိခိုးကန်တော့လိုက်ပါတယ်။

နောက်ပြီး စင်္ကပူ မှာတည်းခို နေထိုင်ခဲ့ရသော ကျွန်မ ၏ အချစ်ဆုံးသူငယ်ချင်း ဆွေဆွေတို့ မိသားစု ( ဦးမင်းဇော်+ ဒေါ်ဆွေဆွေမြင့် သား မောင်အောင်သူရဦး) မမဝိုင်းမိသားစု (ဦးစိုးရီ+ ဒေါ်တင်တင်နွဲ့)မအေးအေးမော် မိသားစု (ဦးတင်ဝင်း+မအေးအေးမော် သမီး Kaori)၊ဦးခင်မောင်စိုး မိသားစု၊ ဦးသောင်းထွဋ်+ဒေါ်မြင့်မြင့်စိုး မိသားစု၊ မတင်တင်သောင်းမိသားစု၊ မဌေးဌေးမိသားစု၊ မမီမီအောင်မိသားစု၊မစန္ဒာမိသားစု ၊ ဦးထွန်းဝေ၊ ဒေါက်တာကျော်မင်းဟန်၊ ဦးကျော်ဦး တို့ ၏ စောင့်ရှောက်မှု၊ကူညီဖေးမမှု မေတ္တာ၊စေတနာ တို့အား သတိတရ မှတ်တမ်းတင် ဖော်ပြလိုက်ပါရစေ။
ကျွန်မမိတ်ဆွေများအားလုံး သူတော်ကောင်း တရားများ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေရန် လည်း နှိုးဆော်ပြီး ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင့်။
ဆက်ဖတ်ပါရန်
ပြန်သိမ်းပါရန်
checkFull("post-" + "5605676046368221130");

Tuesday, September 15, 2009

အိတ်ဆောင်တိပိဋက

အိတ်ဆောင်တိပိဋက ဆိုတာ...

img_0189.jpg

ဓမ္မကို လေ့လာသင်ယူနေသူများ နှင့် သာသနာပြုဆရာတော်များအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ကာ Alpha ကွန်ပျုတာ ၊ မန္တလေးမှ ထုတ်လုပ်တဲ့ အိတ်ဆောင်တိပိဋကသည် ပိဋက သုံးပုံ ဆဋ္ဌမူ မူလ ၊ အဋ္ဌကထာ ၊ ဋီကာ ၊အည ကျမ်းအားလုံး မူရင်း စာအုပ်စာမျက်နှာအတိုင်း၊ တိပိဋက ပါဠိမြန်မာအဘိဓာန်၁၉တွဲ ၂၁အုပ် ၊ ပါဋိပဒကျမ်းညွန်း ၃၊ ဦးဟုတ်စိန် အဘိဓာန်၊ ဓာတ်အဘိဓာန် စသည်တို့ကို လွယ်ကူစွာ ရှာဖွေ ခြင်း ပါဋိတော်ရှိ စာလုံးအားလုံး ( ၁သန်းခန့် ) ကို မူရင်းပုဒ် ၂၅၀၀၀၀ ခန့် ဖြင့် အဓိပ္ပါယ်ဖော်ခြင်း တို့ကို ဇော်ဂျီဖောင့်ကို အသုံးပြု၍ ပြုလုပ်နိုင်ပါသည်။

ဆဋ္ဌသံဃာယနာတင် ပုံနှိပ်မူပါဠိစာအုပ် ၁၅၉ အုပ်အား မူရင်းစာမျက်နှာအလိုက် မြန်မာပါဋိ roman pali
တို့ဖြင့် လိုအပ်ရာ စာမျက်နှာ ကို ဖတ်ရှုလေ့လာ နိုင်ပါသည်။
ဝိနယ၊ သုတ္တန္တ၊ အဘိဓမ္မ ဟူသော ပိဋကအားဖြင့် (၃)ပုံ၊ ဒီဃ၊ မဇ္ဈိမ၊ သံယုတ္တ၊ အင်္ဂုတ္တရ၊ ခုဒ္ဒက ဟူသော နိကာယ်အားဖြင့် (၅)ရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် (၈၄၀၀၀)၊ များမြောင်လှသည့် ပိဋကတ် ပါဠိတော်နှင့် ယင်း၏ ၃-ဆမျှရှိသော အဖွင့် အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓု ယောဇနာ စသည့် ကျမ်းဂန်အရပ်ရပ်ရှိ ပုဒ်ပါဌ်များကို မြန်မာအက္ခရာ၊ ရိုမင်အက္ခရာ (Roman Letter) များဖြင့် အလွယ်တကူ ရှာဖွေနိုင်သည်။ ထို့ပြင် ပါဠိဝေါဟာရပုဒ်များ အားလုံး ပါဝင်ပြီး မြန်မာ ရဟန်းတော်များ ရေးသားပြုစုထားသည့် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်ကြီး ဦးဟုတ်စိန်-၏ ပါဠိ-မြန်မာ အဘိဓာန် စသည့် အဘိဓာန်များ ပါဝင်သည့် စက်ဖြစ်သည်။

screen14.jpg

ရှာဖွေလိုသောစာလုံးအား မြန်မာ roman စာလုံးဖြင့် အဘိဓာန်များတွင် ရှာဖွေနိုင်သည်။ တွေ့ရှိချက်များကို တိပိဋက ပါဠိမြန်မာ အဘိဓာန်၊ ဦးဟုတ်စိန် အဘိဓာန် နှင့် ဓာတ် English တို့ကိုဖော်ပြပေးပြီး တိပိ အဘိဓာန် အတွင်းရှိ စာအုပ်နှင့် စာမျက်နှာကို ဖော်ပြပေးမည် ဖြစ်သည်။ ရှာဖွေသည့်စာလုံးဖြစ်စတင်သည့် သုတ် ခေါင်းစဉ် များကို ရှာဖွေပြီး တွေ့ရှိသည့် ဂါထာ၊ သုတ္တံ တို၏ တည်နေရာ စာအုပ်အားလည်းကောင်း၊ စာမျက်နှာအား လည်းကောင်း တိကျစွာညွန်းပြပြီး ဆဋ္ဌမူ စာမျက်နှာအတိုင်း တွေ့ရှိသည့် မူလ၊ အဋ္ဌကထာ၊ ဋီကာ တို့တွင် ဖတ်ရှု နိုင်ပါသည်။ ဖတ်ရှုနေစဉ်တွင် တွေ့ရှိသော ဝေါဟာရအားလုံးအား ရွေးချယ်၍ အဘိဓာန်တွင် ဆက်လက်ရှာဖွေနိုင်မည်ဖြစ်ပြီး စာလုံးတွဲများအား အလိုအလျောက် ခွဲခြား ပြသခြင်း ဖြတ်တောက်ပြသခြင်းများကိုလည်း ပြုလုပ်ပေးမည်ဖြစ်သည်။

ရှာဖွေလိုသည့် စာလုံးအား ပါဠိတော်အတွင်း မတူညီစွာတည်ရှိနေသော စာလုံး ၁သန်းခန့်မှ ရွေးချယ်ပြီး စာအုပ် ၁၅၉အုပ်အတွင်းတွင် မည်သည့် ကျမ်း၊ မည်သည့်စာမျက်နှာတွင် ပါရှိသည်ကို ရှာဖွေ ညွန်းပြပေးပြီး ထိုစာမျက်နှာအတွင်း မည်သို့ပါရှိသည်ကို သိရှိရန် ဖော်ပြ ပေးမည်ဖြစ်သည်။ တစ်နေရာထက် ပိုမိုတွေ့ရှိပါကလည်း ဆက်လက် ကြည့်ရှုနိုင်ရန် စီမံ ထားပါသည်။ စာလုံးမတွေ့ရှိပါက ရှိသည့်စာလုံးများမှ အနီးစပ်ဆုံး ရွေးချယ်နိုင်ရန် ဖော်ပြ ပေးမှာ ဖြစ်ပါသည်။ ဖတ်ရှုနေစဉ် မြန်မာ roman စာလုံးကို ပြောင်းလဲ နိုင်မည် ဖြစ်သည်။ ဖတ်နေသည့် စာမျက်နှာရှိ စာလုံးအားလုံးကို အဘိဓာန်တွင် ဆက်လက် ရှာဖွေနိုင်မည်။

screen40.jpg

အခြားလုပ်ဆောင်နိုင်မှုများ အနေဖြင့် Mp3 နှင့် အခြား အသံဖိုင်များကို ဖွင့်နိုင်ခြင်း အသံသွင်းနိုင်ခြင်း ( တရာတော်များ နာယူနိုင် ပါမည်။)ကိုပြုလုပ်နိုင်မည် ဖြစ်ပြီး Mp4 avi နှင့် အခြားရှုပ်ရှင်ဖိုင်များအားလည်းကြည့် ရှုနိုင်ပါမည်။ (တရား vcd များformat ပြောင်း နာယူနိုင်ပါမည်။ ) Microsoft Office 2003,2007 ၏ word ,excel powerpoint များကို ဖတ်ရှုခြင်း တည်ဆောက်ခြင်း များပြုလုပ်နိုင်ပါမည်။ PDF ဖိုင်များကို ဖတ်ရှု နိုင်ပါမည်။ လိပ်စာများမှတ်သားခြင်း၊ ရှာဖွေနိုင်ခြင်း၊လုပ်ဆောင်ရန်များကို ပြက္ခဒိန်တွင် မှတ်တမ်းတင် သတိပေးစေခြင်း၊ Wi-Fi ရရှိသည်နေရာတွင် internet အသုံးပြုနိုင်ခြင်း၊ pocket PC အနေဖြင့် ဇော်ဂျီဖောင့်နှင့် ဇော်ဂျီကီးဘုတ်ကို အသုံးပြုကာ အချက်အလက်များ ကို ကူးယူနိုင်ခြင်း၊ အခြား ဂဏန်းတွက်စက် ၊ ဂိမ်း စသည်တို့ နှင့် လိုအပ် သည်များကို ထပ်မံ ထည့်သွင်း သုံးစွဲနိုင်သည့် windows mobile 6.1 OS ကို သုံးစွဲထားပါသည်။ USB 2.0 ကိုအသုံးပြု၍ PC (windows/Mac..) တို့ နှင်ချိတ်ဆက်သုံးစွဲနိုင်ပါသည်။

အသုံးပြုသူတို့အား မေတ္တာလက်ဆောင်အားဖြင့် မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး ၏ အခြေပြုပဋ္ဌာန်းတရားတော် အသံဖိုင် ၁၉နာရီနှင့် pdf စာအုပ်ဖတ်ရှုရန်ထည့်သွင်းပေးထားပါသည်။ ၄င်းအပြင့် မြန်မာ-အင်္ဂလိပ် အင်္ဂလိပ်မြန်မာ online Dictianory ဖြစ်သော ornagai Dictianory ကိုလည်းထည့်သွင်းထားပါသည်။

Data Sheet of Pocket PC Tipitaka


Font – Zawgyi

Processor - ARM9 400MHz
Memory -128M
Storage SD -4GB

Display - LCD 2.8"
touch Screen ( 320-240) 65535 color

I/O - USB 2 ( mini)

Battery - 900mAh

Network - 802.11b WiFi

Dimensions - 97-62-17 mm

weight : 96g

Other - Build in Speaker,Mic - earphone jack



Special Words

Wi-Fi : any "wireless local area network (WLAN) products that are based on the Institute of Electrical and Electronics Engineers' (IEEE) 802.11 standards."

OS : An operating system (commonly abbreviated as either OS or O/S) is an interface between hardware and user. An OS is responsible for the management and coordination of activities and the sharing of the resources of the computer.

USB 2.0 : The USB 2.0 specification was released in April 2000 and was standardized by the USB-IF at the end of 2001. Hewlett-Packard, Intel, Lucent Technologies (now Alcatel-Lucent following its merger with Alcatel in 2006), Microsoft, NEC, and Philips jointly led the initiative to develop a higher data transfer rate than the 1.0 specification (480 Mbit/s vs 12 Mbit/s).
လောကအလှhttp://www.lawka-ahla.com/news.php?item.827 မှကူးယူဖော်ပြပါသည်။


Sunday, September 13, 2009

မေတ္တာများဖြင့်အေးမြစေ(ကိုဥဂ္ဂါ မွေးနေ့ဆုတောင်း)


မိန်းမသားဆိုတာ---အားနွဲ့ပါသတဲ့---
သေချာရဲ့လား ဟုတ်ရဲ့လားဟင်..။
ဖောင်သာစီးဘူး ၍ မီးမနေဘူးသူတို့ရဲ့ သတ်မှတ်ချက်
အထင်သက်သက် သာဖြစ်ပေ...လိမ့် …..။
နာကျင်မှုတွေ အဆုံးစွန်...
လျင်မြန်စွာ လွန်မြောက်ပါစေသား။
ခွန်အားဆိုတာ ကိုယ်တွင်းမှာသာရှိ။
ပြင်ပမှာလည်းရှိမနေ။
ချွေးစက်တွေက ---ဇီးကင်းတမျှ
မျက်ရည်များလည်း မကျချင်။
လက်သီးဆုပ်ထား၊ မာန်တင်းထားပေါ့။
သတ္တိ သွေးတွေ...စွေးစွေးနီ..၊
ခိုင်ကျည် စိတ်ဓာတ်----မြင့်မြတ်ပါစေ။
ဒါဟာ တိုက်ပွဲ----ရဲရင့်ပါစေ။
သင့်ရဲ့ ဘဝသမိုင်း----- မရိုင်းစေနဲ့။
နူးညံ့ခြင်း မှာ စွမ်းအားရှိ ၊ ဘယ်သူအဖြေညှိချင်သလဲ..။
ကဲ----အစွမ်းကုန် စုစည်း
ကြီးမြတ်တဲ့ သင့်မေတ္တာ နဲ့ သင်ကျော်ဖြတ်နိုင်မှာပါ..။

ဘာလေးလဲဟင်၊
အင်္ဂါစုံလား....ပေါင်ပြည့်လား နဲ့
မနားနိုင်ပါ။
သား---ဆိုပါ့လား၊
လျှပ်ပျက်သွားသလို....လင်းလက် စွာစီးဆင်း
ကရုဏာ မြစ်တစ်စင်း၊ ချစ်ခြင်းလှိုင်းထ
ခုဏ ဝေဒနာ သူမဟုတ်သလိုပါပဲ
ရင်ထဲက ပီတိ ၊ နှိုင်းပြစရာမရှိခဲ့တာ
အသေအချာမှတ်မိနေခဲ့တယ်။

သား--တဲ့
ဤမျှ အဓိပ္ပါယ်ပြည့်ဝသောစကား၊
အရင်က မသိခဲ့ မရှိခဲ့
အခုမှ သိ...ထိထိရှရှ--မိမိရရ
ကျန်တာဘာမှ အရေးမကြီး
ကျန်တာ ဘာမှ အဓိပ္ပါယ် မရှိ
ကျန်တာ ဘာမှ အဓိက မကျ..
ဒါသာလျင် ပဓာန တဲ့
ကျောက်ချ...ထုဆစ်
ရွှန်းသစ်သော မိခင်ဘဝ အဲဒီနေ့ကစတင်၊
သန့်စင်စွာ နိုးထ၊အရပ်ရှစ်မျက်နှာ မက---
လောကကို လည်းကြည့်ရဲ၊ မာနကိုလည်း လွှင့်ရဲ၊
ရဲတဲ့နေ့ တွေ ရှည်ခဲ့တယ်။

ရှာဖွေကြည့် ပါ၊
၃၂ ကောဋ္ဌာသ မှာ နို့ရည် ဆိုတာမပါဝင်
ဆင်ခြင်ဉာဏ် စိတ်သွင်း နော်.....ဖန်ဆင်းရှင် မရှိ
ပကတိ စွမ်းအားရှင်-----မိခင် ဖြစ်တယ် ကလေးရေ..။

ကြီးကျယ်သောမေတ္တာတရား
အရာရာအားပြောင်းလဲစေ၊
နီသောသွေးတွေ ဖွေးဖွေးဖြူခဲ့ ….။
နှိုင်းပြုစရာ ၊ ဥပမာဆောင်---
မြင့်မိုရ်တောင်ဟာ နွားချိုလောက်သာ ရှိပါသတဲ့။
မဟာသမုဒ္ဒရာဟာ ရေအိုင်ငယ် သဖွယ်တဲ့။
ကမ္ဘာမြေကြီး ဟာ ဝါးရွက်လောက်သာ ရှိသတဲ့ ။

တကယ်လို့များ
သားရဲ့အမေ၊ သည်အမေ ဟာ
တဏှာမြှေးယှက် ၊ မပေးရက်သူ။
ပေမ ငါးမျိုး ၊ မကိုးစားသူ။
မျှော်လင့်ချင်စိတ် ၊တိတ်တိတ် ဖြေသူ။
အလွမ်းမီးငြှိမ်း၊ သိမ်းဆည်းတတ်သူ။
သံယောဇဉ် မပါ၊ မေတ္တာဖြူစင်၊ ကြည်လင်ချင်သူ။
တာဝန်ကျေခြင်း၊ဝဋ်နှောင်ကင်း သူ။
ကျေးဇူးရှင် ဂုဏ်ပုဒ် ၊မဖေါ်ထုတ်ချင်သူ။
ဘဝဇာတ်ထုပ်၊ကကြိုးမရှုပ်လို၊
ဟိုအဝေးမှ အေးမြစေသူ။
ထိုထိုသူများ၊ ဖြစ်နေငြားလျှင်
မေတ္တာသည်ကား၊ မေတ္တာတရားအဖြစ်
ခံစား နားလည်
သားကျေနပ်မယ် ယုံကြည်တယ်။
ချစ်သောမေမေ
(လွန်ခဲ့သော ၂၂နှစ် - (၁၃.၉.၁၉၈၇) သားကြီး ကိုဥဂ္ဂါ ဘဝထဲကိုရောက်ရှိခဲ့သော မွေးနေ့အမှတ်တရ အဖြစ်)

Sunday, September 6, 2009

"ပါရမီတော် ဆယ်ပါး ဘုရားရှိခိုး"

မေမေချစ်သော သားသားနဲ့ မီးမီးရေ...

ကလေးတို့ အတွက် ပါရမီ (၁၀)ပါးဘုရားရှိခိုး စာသားလေးကို ကြည်ညို ရွတ်ဖတ် ပူဇော်ရအောင် ဓမ္မ လက်ဆောင် ပေးလိုက်ပါတယ်။သည် ဘုရားရှိခိုး ကို ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး အမြဲ ပူဇော်နေတာ နာယူပြီးကတည်း က မေမေ က အလွတ် ကျက်မှတ် ဘို့ ကြံစည်နေခဲ့တာကြာပါပြီ။ အထမမြောက်ခဲ့ ပါ။

သည်နေ့တော့ ဘုန်းဘုန်း ဦးလောက နာထ ရေးသားပူဇော် ထားတဲ့ Blog List Link များထဲမှာ (မင်းကွန်း တိပိဋက) Link အသစ်တက်တော့ ဝင်ကြည့်လိုက်တာ ဓမ္မ ဘဏ္ဍာ-ရတနာ သိုက် တစ်ခု ကို တွေ့ရှိလိုက်ရသလို ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်ခဲ့ရပါတယ်။ မေမေ အလွန် လိုချင်ခဲ့တဲ့ ပါရမီ (၁၀)ပါး ဘုရားရှိခိုးလေး ကို လည်းရရှိလိုက် လို့ သဒ္ဓါရွှင်လန်း ဝမ်းမြောက်စွာ မျှဝေလိုက်ပါတယ်။ ကျေးဇူးတော်ရှင် မြတ်စွာဘုရား၏ ပါရမီ (၁၀)ပါး-အပြား(၃၀)ကို လေးလေးနက်နက် အာရုံပြု ၍ ရှိခိုးပူဇော်ကြပါစို့ ကလေးတို့ရေ..။

"ပါရမီတော် ဆယ်ပါး ဘုရားရှိခိုး"

ယောဇိနော အနေကဇာတိယံ၊ သပုတ္တဒါရ မင်္ဂဇီဝိတမ္ပိ။
ဗောဓိပေမတော အလဂ္ဂမာနသော၊ အဒါသိယေဝ အထ္ထိကဿ။
ဒါနပါရမီ တတောပရံ အပူရိ၊ သီလပါရမာဒိကမ္ပိ။
တဿ မိဒ္ဓိယော ပယာတ မဂ္ဂတံ၊ တ မေကဒီပကံ နမေ။


ယောဇိနော= ငါးပါးမာရ်ညွန့်၊ ရန်အဝှန့်ကို၊ မရွှံ့မထိတ်၊ ခြင်္သေ့စိတ်ဖြင့်၊ နင်းနှိပ်ကြိမ်ဖန်၊ အောင်ပွဲခံ၍၊ အောင်လံလွှင့်ထူ၊ အကြင်အောင်တော်မူ မြတ်စွာဘုရားသည်၊


အနေကဇာတိယံ= တစ်နှစ်သုံးလေး၊ ဂဏန်းရေး၍၊ ချင့်တွေးမလွယ်၊ များကျယ်လှစွာ၊ ဘဝါဘဝ၊ လေးသင်္ချေနှင့်၊ ကမ္ဘာတစ်သိန်း ကာလအတွင်း၌၊


ဗောဓိပေမတော= ဗောဓိဉာဏ်ကြီး၊ ရွယ်တိုင်ပြီးသည့်၊ ထွတ်ထီးပဒါန်၊ သဗ္ဗညုတ ရွှေဉာဏ်ကို ရရန်စိတ်ထား၊ လိုလား တောင့်တတော်မူသောကြောင့်၊


သပုတ္တဒါရံ= ကိုယ်တော်ရင်သွေး၊ အသက်ပေး၍၊ ချစ်ရေးဖြာစည်၊ သည်းပွတ်နှင့်ပမာမှီးရသည့်၊ ဇာလီ ကဏှာဇိန်ကဲ့သို့သော၊ သမီးသား၊ မဒ္ဒီဒေဝီ မိဖုရားကဲ့သို့သော၊ ဇနီးမယားနှင့် တကွသော၊


အင်္ဂဇီဝိတမ္ပိ= မဟာသွေးမဟာရည်၊ ရာဇရုပ်၊ ဂုဏ်အင်ညီသည့်၊ ဖြိုးစည်သပ္ပါယ်၊ ကိုယ်အင်္ဂါ ကြီးငယ်နှင့်တကွ၊ လူတွင်အမြတ်၊ ခေါ်တွင်မှတ်ညောင်း၊ အသက်တစ်ချောင်းကိုပင်သော်လည်း၊


အလဂ္ဂမနသော= ငါ့သားငါ့သမီး ငါ့ဇနီးနှင့်၊ ငါ့ထီးငါ့နန်း ငါ့ကြငှန်းတည်၊ ငါ့သားရံရွှေ ငါ့ရွှေငွေနှင့်၊ ငါ့မြေငါ့ယာ ငါ့ဥစ္စာဟု၊ တဏှာမြှေးယှက်၊ မပေးရက်အောင်၊ ရမ္မက်ပိတ်ဖုံး၊ စိတ်နှလုံးမှ၊ ဆိတ်သုဉ်းတော် မူခဲ့သည်ဖြစ်၍၊


အတ္ထိကဿ= အလိုရှိလတ် ချဉ်းလာကပ်သား၊ ယုတ်မြတ်မဟူ၊ အလှူခံပုဂ္ဂိုလ် များထိုထိုအား၊


အဒါသိယေဝ= သဗ္ဗုညုဉာဏ်၊ ရဖို့ရန်ဟု၊ စိတ်သန်ရှေ့ပြေး၊ သဒ္ဓါရှေး၍၊ လှူပေးတော် မူခဲ့သည်သာတည်း။


ဒါနပါရမိံ= အပြားသုံးလီ၊ ဒါနပါရမီတော်မြတ်ကို၎င်း၊


တတောပရံ= ထိုဒါနပါရမီမှ တမျိုးတခြား တစ်ပါးသာလျှင်ဖြစ်သော၊


သီလပါရမာဒိကမ္ပ္ပိ္ပိ= သီလပါရမီ၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာ ပါရမီတော် မြတ်တို့ကို၎င်း၊


အပူရိ= သဗ္ဗညုဉာဏ် ရဖို့ရန်ဟု၊ စိတ်သန်ရည်စူး၊ သဒ္ဓါထူးဖြင့်၊ ဆည်းပူးဖြည့်ကျင့်တော်မူခဲ့လေပြီ။


တာသံ= ပါရမီဆယ်ပါး၊ အကျယ်ပွားက၊ အပြားသုံးဆယ်၊ နှုံးမလွယ်တို့၏၊


ဣဒ္ဓိယာ= တစွန်းတစ၊ မကျန်ရအောင်၊ လောက်ငှကုံလုံ၊ ပြည်စုံတော်မူခြင်းကြောင့်၊


အဂ္ဂတံ= ဗြဟ္မာနတ်လူ၊ သုံးပုံသူတွင်၊ မည်သူမျှ မယှဉ်အပ်သည့်၊ အမြတ်ခေါင်မှူး ပုဂ္ဂိုလ်ထူး၏ အဖြစ်သို့၊


ဥပယာတံ= ဆုကြီးပွင့်စည်၊ ခါတန်ပြီဟု၊ ပါရမီတော် နှိုးပင့်ဆော်၍၊ ရောက်တော်မူကြီး၊ ရောက်တော်မူပြီးထသော။


ဧကဒီပကံ= အစမထင်၊ ဆုံးမမြင်သည့်၊ သံသရာတကြော၊ တစ်မျောထဲမျောကြသည့်၊ လူရောနတ်ပါ၊ ဗြဟ္မာမကြွင်း၊ သတ္တဝါခပင်းတို့၏၊ ဝပ်စင်းခိုမှီး၊ တစ်ခုတည်းသော၊ ကိုင်းကျွန်းသဖွယ်လည်း၊ ဖြစ်တော်မူပါပေထသော၊


တံဇိနံ= ငါးပါးမာရ်ညွန့်၊ ရန်အဝှန့်ကို၊ မရွံ့မထိတ်၊ ခြသေ့င်္စိတ်ဖြင့်၊ နင်းနှိပ်ကြိမ်ဖန်၊ အောင်ပွဲခံ၍၊ အောင်လံလွင့်ထူ၊ ထိုအောင်တော်မူမြတ်စွာဘုရားကို၊


အဟံ= ရုပ်နာမ်နှစ်ဖြာ၊ ငါးခန္ဓာကို၊ သူငါသမုတ်၊ အကျွန်ုပ်သည်၊
(မယံ= တရားဟောပုဂ္ဂိုလ်၊ တရားနာပုဂ္ဂိုလ်၊ ခေါ်ဆိုသမုတ်၊ အကျွန်ုပ်တို့သည်)


နမာမိ= မင်္ဂလာစရဏ အဦးစဝယ် ကြည်စွာ့ကော်ရော် ပူဇော်မြတ်နိုး ရှိခိုးကြပါ၏ဘုရား။


နမာမိ= ကာယ ဝစီ၊ မနောချီလျှက်၊ သုံးလီဒွါရ၊ ပမာဏဖြင့်၊ ဂါရဝရိုကျိုး၊ လက်စုံမိုးကာ၊ ရှိခိုးကန်တော့ပါ၏ မြတ်စွာဘုရား။


ဤ ဒါနပါရမီ များကြောင့် ဘုန်းဘုန်းဦးလောကနာထ အမြန်ဆုံး ကျန်းမာ၍ မိမိ၏ ခန္ဓာ့ဝန်နှင့် သာသနာ့ဝန် ကို သက်ဆုံးတိုင်အောင် မပင်မပန်း ချမ်းမြေ့ရွှင်လန်းစွာ ထမ်းဆောင်နိုင်ပါစေကြောင်း သစ္စာအလင်းမိသားစု မှ အထူး မေတ္တာပို့သ လိုက်ပါတယ်။


Thursday, September 3, 2009

ဂရုဓမ္မ-စာရိတ္တ မှ သည် ပါရမီသီလ ဆီသို့

မေမေချစ်သော သားသားနဲ့ မီးမီးရေ..။

အရင်နေခဲ့ တဲ့ တောင်ပေါ်မြို့လေးကို ခဏပြန်ရောက်နေတဲ့ မေမေဟာ တော်သလင်း လပြည့် အကြိုည လပြည့်ဝန်းကို တောင်စောင်းမှ ထွက်ပြူလာတာ ကို အဆောင်ပန်းခြံထဲ ကနေ ဝင်းဝင်းပပ၊အေးမြစွာ တွေ့မြင်နေရပါတယ်။ တစ်လတာ ကုန်ဆုံးခဲ့ပြန်ပါပကောလား။
ယင်းမာကြိုင်သင်း၊ လ-တော်သလင်း ဆိုတာဟာ မြန်မာမှာတော့ မိုးနှောင်းကာလ အခါသမယ မဟုတ်လား။ တော်သလင်းနေမင်း ကတော့ ပုစွန်သေအောင် ပူပြင်းနေရောပေါ့နော် ။

သည်တစ်ခါ မေမေ့ရဲ-့တော်သလင်းလပြည့် ဓမ္မလက်ဆောင် ကတော့ မေမေ အရင် ကပြောခဲ့သလို ဆယ်ပါးသော ပါရမီ ကျင့်စဉ်များထဲက သီလပါရမီ နဲ့ ဆက်စပ် လို့နေပါတယ် ကလေးတို့ရေ..။ တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့ လို့ သတ်မှတ် ထားတာမဟုတ်လား။သတ်မှတ်ရတဲ့ အကြောင်းအရင်းမှာ ၅၅၀ နိပါတ်တော် ပါ ဇာတ်လမ်းလေး မှာပါတဲ့ ဂရုဓမ္မကို လုံခြုံစွာဆောက် တည်ကြခြင်း ကို အကြောင်းပြု လို့ ခေါ်ဝေါ် သတ်မှတ်ခဲ့တာပေါ့လေ..။

ရှေးအခါတုံးက ကုရုတိုင်းမှာ နေထိုင်ကြတဲ့ ရှင်ဘုရင် နဲ့ တကွသော တိုင်းသူ ပြည်သားတွေဟာ ငါးပါးသီလ ကို လုံခြုံစွာဆောက်တည်နိုင်ကြတဲ့ အတွက် မိုးလေဝသ ရာသီ ဥတုမှန်ကန်ပြီး အစာရေစာ ပေါများကာ သာယာဝပြောလျက် ကပ်ကြီး သုံးပါးမှ လွတ်မြောက်ကြပါတယ်။ အဲဒီ အချိန်မှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကလိင်္ဂ တိုင်းမှာ မိုးခေါင်ရေရှား အစာရေရှားပါးခြင်း=ဒုဗ္ဘိ က္ခန္တရ ကပ် ၊ အနာရောဂါတွေ ဖြစ်ပွားခြင်း=ရောဂန္တရကပ် ၊ လက်နက်ဖြင့် လုယက်နှိပ်စက်ခြင်း=သတ္တ န္တရကပ် တည်းဟူသော ကပ်ကြီးသုံးပါး ဆိုက် ရောက်နေလေတော့ အိမ်နီးချင်းတိုင်းပြည်ကို လှမ်းကြည့်ပါတယ်။

အိမ်နီးချင်း--ကုရုတိုင်း မှာ မိုးလေဝသ မှန်တာကတော့ အဉ္စနသန္နိဘ ဆင်ဖြူတော်ကြီး ရှိလို့ဖြစ်မှာပဲ လို့ယူဆ ကြပြီး အလှူခံ ကြ ပါတယ်။ ဆင်ဖြူတော် ရရှိခဲ့သော်လည်းမိုးကမရွာတော့မှ ပြန်ဆန်းစစ်ရပါတယ်။
အမှန်မှာ ကတော့ ကုရုတိုင်းနေ လူ အပေါင်းတို့ ကျင့်သုံးနေတဲ့ ငါးပါးသီလ-ကုရုဓမ္မ ကြောင့် ဖြစ်တယ်ဆိုတာ နောက်တော့မှ အမှန်သိမြင် သွားကြပါတယ်။ အဲဒီတော့မှ ကုရုတိုင်းမှာ ကျင့်သုံးကျတဲ့ ကုရုဓမ္မ ကိုရွှေ ပြားနဲ့ကူးယူ ကြရန် ကိုယ်စားလှယ်တော် များစေလွှတ်ခဲ့ပါတယ်။

ရွှေပြားမှာ ရေးသားထားတဲ့ ငါးပါးသီလတော်မြတ်ကို ကလိင်္ဂ တစ်တိုင်း တစ်ပြည်လုံးကျင့်ကြံအားထုတ် ကြလို့ ရာသီ ဥတု မှန်ကန်ပြီး သာယာဝပြောလာ ခဲ့တာ၊ကပ်ကြီးသုံးပါးကို လည်းကျော်လွှားနိုင်ခဲ့ ပါတယ်။

ဘုန်းဘုန်း အရှင် တိက္ခ ဉာဏလင်္ကာရကသည်လိုပေးပို့ထားပါတယ်။ဖတ်ကြည့်ပါအုံးနော်။
အမှန်တော့ ဂရုဓမ္မ ဆိုတာကတော့ ဂရု = ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုး ။
ဓမ္မ = စောင့်ထိန်းရမည့် ကျင့်ကြံရမည့် လိုက်နာရမည့် တရားများ ဟု ဆိုလိုပါသည်။
ကိုယ်စီ ကိုယ်စီ ကျင့်ကြံလိုက်နာရမည့်ကိုယ်ကျင့်တရားများပဲဖြစ်ပါတယ်။

၁။ သူတော်စင်များ အလေးဂရုထား ကျင့်သုံးအပ်သောကြောင့် ဂရုဓမ္မ သီလ တစ်နည်းဆိုသော် ငါးပါးသီလခေါ် ပဉ္စသီလပင်ဖြစ်ပါသည်။
၂။ ထိုငါးပါးသီလကိုပင် ကမ္ဘာဦးအစက စတင်ဖြစ်ပေါ်လာသော တရားဖြစ်သောကြောင့် ပဝေဏီ ဓမ္မ္မ (သို့ ) ပဝေဏီသီလ ဟုလည်း ခေါ်ပါသည်။ ၀ါရိတ္တသီလ
၃။ စကြ၀တေးမင်းတို့  ဓမ္မသတ်သဘွယ် ကျင့်သုံးလိုက်နာခဲ့သောကြောင့် စက္ကဝတ္တိဓမ္မသတ် ဟုခေါ်ခဲ့သည်။
၎။ ကုရုတိုင်းသားများ အမြဲကျင့်သုံးခဲ့သောတရားဖြစ်သောကြောင့် ကုရုဓမ္မ ဟုလည်း ခေါ်ကြသည်။
၅။ ငါးပါးအရေအတွက် ရှိသောကြောင့် ပဉ္စသီလ ဟုလည်း ခေါ်ဆိုပြန်ပါသည်။
၆။ လူအများ ကျင့်သုံးအပ်သောကြောင့် ဂဟဌ သီလ ဟုလည်း ခေါ်ပါသည်။
၇။ လူတို့  (ခါးဝတ်ပုဆိုး လုံချည် တို့ကဲ့သို့ ) အမြဲ စောင့်သုံးအပ်သောကြောင့် နိစ္စသီလ ဟုလည်း ခေါ်ပါသည်။
၈။ မပြုလုပ်အပ် မပြောဆိုအပ်ဟု တားမြစ်ထားသောတရားဖြစ်သောကြောင့် လည်း ဝါရိတ္တ သီလ လို့ခေါ်သည်။ ၉။ အရိယာဝင် သူတော်စင်တို့ မြတ်နိုးခင်မင်သောတရားဖြစ်သောကြောင့် အရိယကန္တ သီလ လည်းဖြစ်သည်။၁၀။ ကျင့်သုံးအပ် ကျင့်သုံးထိုက်သောကြောင့် သိက္ခာပဒသီလ လည်း ခေါ်ပါသည်။
တန်းစီရေးသားဖေါ်ပြထားတဲ့ နာမည် အမျိုးမျိုး နဲ့ ကျင့်သုံးလိုက်နာကြတာ ကို ကြည့်ရင် ဘယ်လောက် အရေးကြီးတယ် အလေးထားလိုက်နာဘို့ လိုတယ်ဆိုတာ မေမေ ကသိစေ မှတ်စေလိုလှပါတယ်။
သီလ ဆိုတာ--- မိမိ ရဲ့ ကာယကံ၊ဝစီကံ။မနောကံတွေ နဲ့ ပတ်သက်ပြီး မိမိကော သူတစ်ပါးကော မဆင်းရဲအောင်ထိန်းသိမ်း စောင့်ရှောက်တာ သီလ ဖြစ်ပါတယ် ကလေးတို့ရေ..။

အခုငါးပါးသီလ ဟာ မိမိရဲ့ ကာယကံ၊ယစီ ကံတွေနဲ့ သူတပါးဆင်းရဲအောင်မလုပ်ဘူး။ငါတို့ရှောင်ကျဉ်ကြမယ် ပေါ့။ မြန်မာလိုပြောရရင် ရှောင်သီလပေါ့။ ပါဠိလိုဆိုရင်တော့ ဝါရိတ္တ သီလပေါ့လေ..။ မရှောင်ကျဉ်ပဲပြုလုပ်လျှင် ယခု လက်ရှိဘဝ မှာ လည်း ရာဇဝတ်ဘေးဒဏ်၊မင်းဘေးဒဏ် သင့်တတ်ပါတယ်။ သေလွန်လျှင် အပါယ်ဘေး ကို ကျရောက်ရပါလိမ့်မယ်။

ဒါကြောင့် အပါယ်ဘေးကို မကျရောက်အောင် တားမြစ်အပ်တဲ့ အတွက် ပါတိမောက္ခသံဝရသီလ လို့လည်းခေါ်ပါတယ်။ အပါယ်ဘေးက မကျရောက် အောင်စောင့်ရှောက်မဲ့ သီလတွေဖြစ်ပါတယ်။
သည်နေရာမှာ မေမေသင်ပေးချင်တဲ့ စိတ်ထားလေးကတော့ အခုမေမေပြောတဲ့ ဘေးတွေငါတို့ကြောက် တယ်....။ရှောင်သီလတွေ ဆောက်တည်တော့မယ် ဆိုတာ လည်းကောင်းပါတယ်။
တကယ် နှလုံးသွင်းစေချင်တာကတော့ ကိုယ်ချင်းစာတရားပါ..။
ငါလည်း ငါ့ဘဝကိုမြတ်နိုးတယ် သူလည်း မြတ်နိုးမှာ ပဲ။
ငါလည်းငါ့ဥစ္စာကို မဆုံးရှုံးချင်သလို သူလည်း နှမျော မှာပါပဲ။
ငါ့ကို လိမ်လည် လှည့်ဖြားတာ ငါမကြိုက်ဘူး၊ သူလည်းကြိုက်ရှာမယ် မထင်ဘူး။
ငါလည်းငါ့အိမ်ယာကို မပြိုကွဲစေချင်ဘူး။ သူလည်းပြိုကွဲချင်မှာ မဟုတ်ဘူး။
ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ရှောင်သီလ ကို စောင့်ထိန်းစေချင်ပါတယ်။
နောက်တစ်မျိုးကတော့ -စာရိတ္တ သီလပေါ့လေ..။
မိမိရဲ့ ကာယကံ၊ဝစီ ကံတွေနဲ့ ပြုလုပ်သင့်ပြုလုပ်ထိုက် တဲ့ကောင်းမှုတွေ-တနည်း ပုည ကြိယဝတ္ထု ၁၀ပါး၊စတာ တွေကို ဆောင်ရွက်တယ်ဆိုရင် မြန်မာလို ဆောင်သီလ၊ပါဠိ လို စာရိတ္တ သီလ ဆောက်တည်တယ်လို့ခေါ်ပါတယ်။
တွေ့ကြုံဆုံဆည်းရတဲ့သူတွေ ကို၊အရိုအသေပြုတယ်၊နေရာထိုင်ခင်းပေးတယ် ခရီးဦးကြိုဆိုပြုတယ်၊နှုတ်ကလည်းယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံတယ်။ဒါဟာ စာရိတ္တသီလ ပါ ကလေးတို့ရေ..။
ကြီးသူ ကိုရိုသေ ၊ရွယ်တူကိုလေးစား ၊ငယ်သူကိုသနား၊ တပည့်နေရာမှာဆို တပည့်ဝတ္တရား၊ ဆရာ နေရာမှာ ဆို ဆရာ့ ဝတ္တရား၊ ဒါယကာနေရာမှာဆို ဒါ ယကာ့ ဝတ္တရား၊မိဘနေရာဆို မိဘဝတ္တရား။ အလုပ်ရှင်ရဲ့ဝတ္တရား လက်အောက် ၊ငယ်သားဝတ္တရား၊စသည် တို့ ကိုကျေပွန်အောင် ဆောင်ရွက်တာ စာရိတ္တ သီလပေါ့လေ..။
သည်နေရာမှာသင်ပေးချင်တဲ့စိတ်ထားလေးကတော့ လူမြင်ကောင်းအောင်၊ သူတပါး ချီးကျူးတာခံရအောင် ဟန်ပြ စာရိတ္တ သီလ မဖြစ်ဘို့တော့လိုပါတယ်။တကယ့်ရင်ထဲက လှိုက်လှဲတဲ့ စေတနာစစ်စစ် ဖြင့်သာ စာရိတ္တ သီလ မျိုး ဆောက်တည်နိုင်ပါစေ ကလေးတို့ရေ..။

စာရိတ္တ သီလ ကို ပြည့်စုံအာင် မဖြည့်ဆည်း ခဲ့ရင် သေလွန်လျှင်အပါယ်တော့ မကျဘူး။
ဘေးကြီး ၂ပါးတော့သင့်နိုင်ပါ တယ်။ ပရာနုဝါဒဘေး ဆိုတဲ့ သူတပါးကဲ့ရဲ့စွပ်စွဲတဲ့ဘေး။သားသမီးဖြစ်ပါရက်နဲ့ မိဘကို ပြစ်ထားလိုက်တာ၊ဒါယကာ ဖြစ်ပါလျှက်နဲ့ရဟန်းတွေပေါ် မစ္စည်းလေးပါးနဲ့ မစောင့် ရှောက်လိုက် တာ။စသည်ဖြင့် သူတပါးက ကဲ့ရဲ့တဲ့ ပရာနုဝါဒ ဘေး တော့သင့်ပါတယ်။
နောက်တစ်ခုကတော့ မိမိ ကို ကိုစွပ်စွဲနိုင်တဲ့ အတ္တာနုဝါဒဘေး သင့်တာပေါ့လေ။
မိဘတွေ မရှိတော့မှ ငါမစောင့်ရှောက်လိုက် ရလေခြင်း၊ဆရာမရှိတော့မှ တာဝန်မကျေမိလေခြင်း။ လုပ်သင့်လုပ်ထိုက်တာကိုလုပ်သင့်တဲ့အချိန်မှာ မလုပ်မိလေခြင်း ဆိုတဲ့ နောင်တတဖန်ပူပန်မိတဲ့ အတ္တာနုဝါဒဘေး- သင့်တတ်ပါတယ်။စာရိတ္တ သီ လပြည့်စုံအောင် မဖြည့်ဆည်းခဲ့လို့ လို့ ကြုံနိုင်တဲ့ ဘေး ဘေးတွေပါပဲ။

အဲလို သီလဆောက်တည်တဲ့လူတွေဟာ ယခုဘဝမှာ တမဂ်တစ်ဖိုလ် မရစေကာမူ သေလွန်တဲ့အခါမှာ ကာမ၁၁ ဘုံထဲမှာ အပါယ်လေး ဘုံ က လွတ် ပြီး ၊ ကာမ-သုဂတိ ၇ ဘုံ ကိုရောက်စေပါ တယ်။
ဒါနသည် ဘောဂ သမ္ပတ္တိ ကို ဖြစ်စေသလို ၊ သီလ သည် ဘဝသမ္ပတ္တိ ကိုဖြစ်စေပါတယ်။မေမေတို့ ပြန်ဆန်း စစ်ကြည့်ရင် မေမေတို့ရဲ့ ပန်းတိုင်၊ရည်ရွယ်ချက်သည် သည် သီလဆောက်တည်ရင် အပါယ် ဘေးမကျဘူး၊ မကျအောင် ကြိုးစားမယ်။
ဘေးကလွတ်အောင်ရယ် ပန်းတိုင် က လူ့ဘဝ နတ်ဘဝ ဆိုတဲ့ သုဂတိဘဝ ကိုရောက်ချင်နေတဲ့ ပန်းတိုင်ဖြစ်နေတတ်ပါတယ်။ မေမေတို့ဟာ ယနေ့ အချိန်မှာ ဝါရိတ္တ၊ စာရိတ္တ သီလ ထိုက်သင့် လျှောက်ပတ် သလောက်ဖြည့်ဆည်း ကြရင်း သည်လောက်ကလေးနဲ့ကျေနပ်နေမိကြတယ်။
ရှောင်သီလ တွေ၊ဆောင်သီလတွေ ဆောက်တည်ခဲ့ တာ ဘဝသမ္ပတ္တိ ရသော်လည်း အိုနာသေ လမ်းကြောင်းကမလွတ်ပါဘူးနော်။ ဒါဟာ အရေးကြီးလှပါတယ် ။ သာမန် သီလ ဖြစ်နေတာမြင်စေချင်ပါတယ် ကလေးတို့ရေ..။
လူ့အိုနာသေ၊နတ်အိုနာသေ ရှိ အုံးမှာ အသေအချာပါပဲ။ လူ့ အိုနာသေ။ နတ်အိုနာသေ တွေပြန်ဖြစ်ရင်း
အများချမ်းသာရေး၊ အများကောင်းစားရေးထဲမှာ မပါပြန်ဘူး။ ဝါရိတ္တ သီလ စာရိတ္တ သီလ နဲ့တင် မတင်းတိမ်ပဲ ပါရမီသီလ ဖြည့် ကျင့်ဘို့လိုအပ် တာကို မေမေ သတိပေးလိုက်ပါတယ် ကလေးတို့ရေ..။
ကျေးဇူးတော်ရှင်မြတ်စွာဘုရားတိုင်း ကလည်းဟောကြားထားတော်မူခဲ့ပါတယ်။
(မကောင်း မှုရှောင်၊ ကောင်းမှုဆောင် စင်အောင်စိတ်ကို ထား)ဆိုတာမှာ မကောင်းမှုရှောင်၊ကောင်းမှုဆောင်တာ တင်မဟုတ်ပဲ အပြီးအပြည့်စိတ်ကို စင်အောင်ထား ဘို့တွေလိုနေပါသေးတယ်။
မကောင်းတဲ့ အကုသိုလ်စေတသိတ်တွေလုံးဝ-မပါအောင်သတိထားရတော့မယ်။ကြိုးစားရတော့မယ်။
စိတ်လေးမှာ လောဘ ငွေ့ဒေါသငွေ့ တွေမပါအောင် ပါရမီသီလ ဆိုတဲ့ ဖြည့်ဆည်းမှု အပိုင်းလို အပ်ပါတယ်။ ပါရမီသီလ ဆိုတာကတော့ သီလပါရမီ နဲ့ အတူတူပါပဲ။

ပါရမီ ၏ အဓိပ္ပါယ် ကတော့မြင့်မြတ်သူ၊ သူတော်ကောင်းတို့ရဲ့ အလုပ်ကျင့်စဉ်ဖြစ်ပါတယ်။ သည်လိုပဲ
လူတော် လူကောင်း၊ သူတော်ကောင်းဖြစ်လိုသူတိုင်းလည်း သည် ကျင့်စဉ် တွေ အတိုင်းပဲ ဖြည့်ကျင့်ရမှာ ပါပဲ။မြင့်မြတ်ဖြူစင်သောသူများ ဖြစ်လိုသူတိုင်း ဖြည့်ကျင့်ရမဲ့အလုပ် လို့လည်းပြော လို့ရပါတယ် ကလေး တို့ရေ..။
သည်ထက်ပိုအရေးကြီးတာကတော့ အရိယာမဂ်ဉာဏ်၊ ဗောဓိဉာဏ်ကိုရရှိ၍ နိဗ္ဗာန် ကိုမျက်မှောက်ပြုလိုသူ တိုင်း ရောက်လိုသူတိုင်း တိုင်းဖြည့်ကျင့်ရမည့်အလုပ်၊ ဘုရားအလောင်းစသည်တို့ရဲ့ လုပ်ငန်းကျင့်စဉ် အားလုံး ဟာ ပါရမီပါပဲကလေးတို့ရေ..။
မြင့်မြတ်သော ပါရမီ ရှင် ကြီး များ သည် ကာယံ၊ ဝစီကံ များကို စောင့်ရှောက် ထိန်းသိမ်းလေ့ရှိပြီး သူတပါးချမ်းသာရေး၊အများကောင်းစားရေး ကို ပါရမီရှင်ကြီးများသည်အစွမ်းကုန်ပြု လုပ်လေ့ရှိပါတယ်။
ဒါကြောင့် သီလပါရမီကျင့်စဉ် ကို အတုယူ ပြီး အတူဖြစ်အောင် ဂရုဓမ္မနိစ္စသီလ၊စာရိတ္တသီလ မှသည် ပါရမီသီလ ထိ သီလပါရမီ ကို အစွမ်းကုန် ဖြည့်ကျင့်ကြ ရအောင် တော်သလင်းလပြည့်ဓမ္မ လက်ဆောင်ပေးလိုက်ပါရစေ ချစ်သောကလေးတို့ရေ..။


( အရှင်တိက္ခဉာဏ လင်္ကာရ ပေးပို့သောမှတ်စုများ နှင့် ဆရာမကြီးဓမ္မဗျူဟာဒေါ်ခင်လှတင်၏ ပါရမီကျင့်စဉ်သင်တန်း အခွေ -၅ ကို နာယူ ကြည်ညို ပူဇော် ရေးသားပါသည်။)