Monday, July 20, 2009

အလင်းတစ်ခုသာရှိနေမယ်

ဆယ်စုနှစ် လေးခု-ကျော်ကျော်ဟာ
လျင်မြန်စွာဖြတ်ကျော်နင်းသွားတဲ့
မြင်းတစ်ကောင်လိုပါပဲ..။

ခြေရာများစွာ ချန်ကာထားရစ်
အသစ်အသစ်သောပုံရိပ်များစွာ
ပြန်ကာစုစည်း
ညည်းချင်းလည်းမဟုတ်ပါ။

စစ်တမ်းများ ထုတ်သလို
စုတ်ချက်များစွာစီချယ်ထားတဲ့ ပန်းချီကား
မနေ့တနေ့က ဆွဲထားသလို
သူမဆိုသော ဘဝတစ်ခုကျွန်မ ရခဲ့ဘူးပါတယ်။


သည်နေ့ကမ္ဘာ စိုပြေပါစေ။
စေတနာတန်ခိုး၊စိုက်ပျိုးမည့်သူ မြေချစ်သူပါ
ကမ္ဘာတစ်ဝှမ်း စိမ်းရောင်လွှမ်း၍ စိမ်းလန်းချင်သူ
အစိမ်းရောင်သူမ ကျွန်မ ဖြစ်ခဲ့ဘူးပါတယ်။

ရွှံ့ပေတဲ့လက် အစွမ်းထက် သတဲ့၊
အသားမာတက် အလှလက်တဲ့၊
မြေဖြူကိုင်ရင်း၊ဖန်ဆင်းနိုင်သတဲ့၊
သဘာဝပတ်ဝန်းကျင်၊ မြေပြင် မိုးအောက်
စောင့်ရှောက်နိုင်သတဲ့။
နေရောင်အောက်က ဘဝတွေ-----ရှင်သန်စေခဲ့
လရောင်အောက်က ဘဝတွေ----ပျော့ညံ့စေသတဲ့။
တစ်ခါ တစ်ခါ မာန ဖြင့်ရေးဆွဲ
ကျွန်မနီရဲခဲ့ဘူးတယ်။

မှီနွဲ့ခိုကိုး၊ ရိုးသားတဲ့လက်၊ချိတ်ဆက်မြဲမြံ
ခံစားခဲ့ဘူး ၊ ရူးသွပ်ဘူးသော
လွမ်းမောဘွယ်ရာ
အပြာရောင်မျက်ရည်စ
ကျွန်မကျခဲ့ဘူးပါတယ်။

တစ်ခါ တစ်လေ၊မွှေနှောက်ချောက်ခြား ၊
မှောင်လွန်းသောညတွေ
ဆေက်တည်ရာကင်း ၊ အလင်းမဲ့တဲ့ရက်တွေ
မိုးသည်း လေထန် ၊ ခံနိုင်ရည်မဲ့။
သောကလှိုင်းတွေ ၊ ပင်လယ်ဝေခဲ့
ဗေဒါ ပွင့်မာန် အံတွေခဲလို့
ကျွန်မမည်းနက်ခဲ့ဘူးတယ်။

ထိုအခါများ-အားငယ်လွန်းတဲ့ဘဝ
အားရှိစေတဲ့ဖော်မျူလာ ဘယ်မှာများရှိနိုင်မလဲ
သတ္တိဆိုတဲ့ဆေး ဘယ်ကများပေးနိုင်မလဲ။
လဲပေါင်းများစွာ ------
ဖွေရှာခဲ့ရင်း ပြိုလဲရင်းနဲ့-- မရဲတရဲတိုးဝင်
အသွင်တစ်ချို့ပြောင်း၊ အရေခွံ တစ်ချို့ပြောင်း
အဟောင်းတစ်ချို့ချန်ရစ်
သီလရှင်မဖြစ်ရုံတမည်
ရင့်ကျက်ဟန်ဆောင် ပြေးရှောင်ခဲ့ရင်း
အလင်းသစ် ကောင်းကင်
တွေ့မြင်ရခြင်း ငြိမ်းချမ်းခြင်းတည်ရာ
အားကိုးခြင်းတည်ရာ
မြတ်နိုးခြင်းတည်ရာ
အားထားရာအမှန်စစ် ဘဝအသစ်ကို စတင်တယ်။

ကျန်ရှိသောကာလဟာ၊
သေမင်းလာမခေါ်ခင် ခဏ
သည်ခဏဟာ----ဘယ်လောက်ရှည်ကြာနိုင်မှာလဲ။


သည်နေ့မှ စ---ကျွန်မရဲ့နှလုံးသား ပန်းချီကားမှာ
ဘယ်သူ ဘာပြောပြော ၊ဒေါသမပွား ၊မေတ္တာနှလုံးသား တွေရှိမယ်။
အပြစ်မတင်ခြင်း- ချစ်ခင်ခြင်းတွေရှိမယ်။
သိမှတ်ကြည်နူး -ကျေးဇူးတရားတွေပဲပါဝင်မယ်။
ရယူခြင်းကင်း - ပေးဆပ်ခြင်းတွေတည်ဆောက်မယ်။
အာဃာတမထား - စာရင်းများလည်းရှင်းခဲ့မယ်။
အညှိုးအတေး- ဆေးကြောသန့်စင် လိုက်ပါ့မယ်။
အားငယ်နိမ့်ကျ-ဖေးမဆောင်ယူချင်ပါတယ်။
မာနမှန်သမျှ-ခဝါချ တဲ့ နှိမ့်ချမှုလည်း ရှိရမယ်။
Grow old မဟုတ်Grow up ပဲဖြစ်ချင်တယ်။
လောကဓမ္မ အားနားလည်တတ်ခြင်း
ခွင့်လွှတ်ခြင်းဖြင့် ရှင်းသန့်စင်ကြယ်ချင်ပါတယ်။

အဲဒီအခါ----ကျွန်မရဲ့ ပန်းချီကားမှာ
ဘာခြေရာမှ မထင် ၊ရောင်စဉ်မသွန်း
မစွန်းမထင်း၊ညိကပ်ခြင်းမရှိ၊
ပကတိဖြူစင်ခြင်း
အလင်းများဖြစ်တည်၊
ကြည်လင်ခြင်းနဲ့
တောက်ပခြင်း
အလင်းတစ်ခုသာရှိနေမယ်။


(ဝါဆိုလပြည့်ကျော် လေးရက် နှင့် ၂၀.ရ.၂၀၀၉ နေ့တွင်ကျရောက်သောမွေးနေ့ အမှတ်တရ)

Saturday, July 18, 2009

သက္ကာယ (သို့မဟုတ်) ခန္ဓာငါးပါး - အရှုခံတရား

မေမေချစ်သော သားသားနဲ့မီးမီးရေ ---
အနတ္တလက္ခဏ သုတ္တန် တရားတော်ကြီး ကိုရေးရင်းနဲ့ ရုပံ-ရုပ်တရားသည်၊ ဝေဒနာ ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ် တို့သည် အတ္တ မဟုတ် အနတ္တ ဖြစ်သည် ဆိုတော့။ ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိဉာဏက္ခန္ဓာ ဆိုတဲ့ ခန္ဓာငါးပါးကို မေမေတို့သိဘို့ လိုလာပါတယ်။ ခန္ဓာငါးပါးဆိုတာကလည်း အာရုံဒွါရတိုက်ချိန်မှာ ရုပ်နာမ်ပေါင်းစုလို့ ထင်ထင်ရှားရှား ဖြစ်ပေါ်လာတဲ့ သိသဘောသက်သက် (တနည်း) တကယ့်အရှိသဘောသက်သက်ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်လက်ထက်က ဓမ္မဒိန္နာရဟန္တာထေရီမကို သူ့ခင်ပွန်း ဝိသာခသူဋ္ဌေးက စာမေးပွဲစစ် ခဲ့ဘူးပါတယ်။ သူကအရင် အနာဂါမ်တည်သွားခဲ့လို့ အရင်လေစိမ်းတိုက်တာ သူပါ။ မခံချင်စိတ်ရှိတဲ့ ဓမ္မဒိန္နာကလည်း (အသင်ဝိသာခ သူဌေး- လောကုတ္တရာတရားဆိုတာ ယောင်္ကျားတွေပဲအားထုတ်ရတာလား လူမိန်းမတွေကော ကျင့်ကြံအားထုတ်လို့မရ ဘူးလား)- မေးတော့ရပါတယ်တဲ့။
နောက်မှကျင့်ကြံဘို့ ရဟန်းမ ဝတ်ခဲ့ပေမဲ့လို့ သူ့ခင်ပွန်းထက် တစ်ဆင့်မြင့်ကာ ရဟန္တာတည်ခဲ့တာပေါ့နော်။
သူဌေးကတော်ဆိုတော့ အခြွေအရံ ပရိသတ်ကြောင့် အနှောက်အယှက်ဖြစ်ရပြီး တောအရပ် ကိုသွားအား ထုတ်ခဲ့တာကိုး။ ခင်ပွန်းက မပျော်ရင်ထွက်ပါစေ- စိတ်နဲ့သတင်း မေးမယ်လို့ ရောက်လာခဲ့ပေမဲ့ ဓမ္မဒိန္နာဟာ ဣနြေ္ဒ ရင့်ကျက်နေလေတော့၊ ထူးတော့ထူးခြားနေပြီ။ မေးစမ်းကြည့်မှပဲ။ စာမေးပွဲ မေးခွန်းကောက် စစ်လိုက်ပါ တယ်။


ဓမ္မဒိန္နာ- သက္ကာယဆိုတာ ဘာကိုခေါ်ပါသလဲပေါ့။ ဓမ္မဒိန္နာထေရီကလည်း အသာလေးဖြေခဲ့ပါတယ်။( သက္ကာယ ဆိုတာ ပဉ္စုပါဒါနက္ခန္ဓာ= စွဲလန်း ဖွယ်ဖြစ်တဲ့ ခန္ဓာငါးပါးကိုခေါ်ဆိုတာပါပဲ) လို့အသာလေးပြန်ဖြေပေးခဲ့တယ်။ သူကမှန်မမှန် ဘုရားရှင်ထံမှာပြန် Check လုပ်သေးတာကိုး။ ဒီအဖြေကို ဘုရားရှင် ကိုယ်တိုင်ကလည်း ဓမ္မဒိန္နာ အဖြေနဲ့ တစ်ထပ်တည်းတူအောင် ဖြေကြားပေးတော် မူလိုက်ပါတယ်။ ဒါကြောင့် သက္ကာယနဲ့ ခန္ဓာငါးပါးဟာ (တကယ့်ထင်ရှားရှိသော သဘောသက်သက်) အရှုခံတရားလို့ မှတ်ထား ရပါမယ် ကလေးတို့ရေ...။
သက္ကာယ-ဆိုတာကတော့ ပါဠိစကားဖြစ်ပါတယ်။

မြန်မာလို- သက္ကာယ= ထင်ရှားရှိသောသဘောလို့ အဘိဓာန်ကျမ်းမှာ ပြန်ဆိုပေးထားခဲ့ပါတယ်။
ဘုရား၊ ပစ္စေကဗုဒ္ဓါ- ရဟန္တာ များမှာလည်းသက္ကာယရှိပါတယ်တဲ့။ လူနတ်၊ သက်ရှိ သတ္တဝါမှန်လျှင် အသည သတ်ဗြဟ္မာ တွေကလွဲပြီး သက္ကာယဆိုတဲ့သဘောဟာရှိနေကြပါတယ်။ ခန္ဓာငါးပါးဆိုတာကတော့ ပါဠိစကား ဖြစ်ပါတယ်။

ခန္ဓာ= အစု--ငါးပါး= ငါးခုသောသဘော။ ငါးပါးသောအစု သဘော။

ရုပ်နာမ်အစု-ခန္ဓာငါးပါး
၁- ရုပ် --------ရုပ်အစု
၂- ဝေဒနာ------နာမ်အစု
၃- သညာ------နာမ်အစု
၎- သင်္ခါရ------နာမ်အစု
၅- ဝိဉာဏ်------နာမ်အစု

ရုပ်+ နာမ်အစု=ခန္ဓာငါးပါး

ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ ဝိဉာဏ် ဆိုတဲ့ သဘောငါးခု ပေါင်းစုမှုကို မြတ်စွာဘုရားကခန္ဓာငါးပါးလို့ မိန့်တော်မူခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက… ခင်ဗျားတို့ဝိပဿနာရှုပါ ရှုပါ ပြောနေတာအမေ အဖေ မွေးတဲ့ အချိန် တစ်ဆယ် တစ်ဆယ့်ငါး လေးတဲ့ခန္ဓာ ကိုရှုခိုင်းတာ မဟုတ်ဘူး။ အာရုံဒွါရကမွေးတဲ့ခန္ဓာကို ရှုခိုင်းတာဖြစ်တယ်။ လို့မှတ်လောက် သားလောက်အောင် ဘုရားအလိုကျ မိန့်ကြားတော်မူခဲ့ပါတယ်။
ခန္ဓာငါးပါးဆိုတဲ့ ရုပ်၊နာမ်အစုဟာ ပင်ကိုယ်သဘောကိုက ခန္ဓာဆိုတဲ့အတိုင်း ကွဲပြားပြီးမနေပါဘူး။ တစ်စုတစ်ပေါင်းတည်း ဖြစ်ပေါ်လေ့ရှိ ပါတယ်တဲ့။ အာရုံနဲ့ဒွါရတိုက်ချိန်မှာ တစ်ပေါင်းတည်းဖြစ် တစ်ပေါင်းတည်း ချုပ်တဲ့ သိသဘောသက်သက်ပါပဲ လို့နားလည်သင့်ကြောင်း ပိုင်းလော့ဆရာတော် ဘုရားကြီးမိန့်ကြား တော်မူခဲ့ပါတယ်ကလေးတို့ရေ..။

ကောင်းကင်မှာ လျှပ်စစ်ပျက်သကဲ့သို့ မမြင်နိုင်သော သဘောတို့ ပေါင်းစု၍ ဖြစ်ပေါ်ခွင့်ရပြီး၊ မမြင်ရာ အရပ်သို့ ပျောက်ကွယ်သကဲ့သို့ ကျေးဇူးတော်ရှင်မြတ်စွာဘုရားက ဥပမာပေးဆုံးမတော်မူခဲ့ပါတယ်။ ဘုရားရှင်ပြုနိုင်ခဲ သောအရာရှိပါသလားလို့ မိလိန္ဒမင်းကြီးက အရှင်နာဂသိန် ကိုလျှောက်ထားတဲ့အခါ ရှိပါတယ် ခန္ဓာငါးပါး ပေါင်းစပ်ပါဝင်ပုံကို ဘုရားရှင်ရဲ့အတုမရှိတဲ့ ဉာဏ်တော်ကြီးနဲ့မို့သာ ခွဲခြားပြနိုင်ခဲ့တာပါတဲ့။
(၁)မြတ်ဘုရားရှင်ရဲ့ အတုမရှိတဲ့ ဉာဏ်တော်ကြီးမို့သာ ထိုမျှလောက်တိုတောင်းသော အချိန်ကာလအတွင်း ပါဝင်ပေါင်းစပ်တဲ့ သဘောတွေကို သိမြင်နိုင်ခဲ့တာဖြစ်ပါတယ်။ တဘက်သူ သဘောပေါက် သိမြင်နား လည်အောင်လည်း အမည်ပညတ်တပ်ပြီး ဟောပြနိုင်ခြင်းဖြစ်ပါတယ်။

(၂)ဒါကြောင့်မို့ အာရုံနဲ့ဒွါရတိုက်ခွင့်ရတဲ့ သက်ရှိသတ္တဝါမှန်ရင် ရုပ်+နာမ်နှစ်ပါး (ခန္ဓာငါးပါး) ဖြစ်ရှိနေမှာ မလွဲပါဘူး။
(၃) ထို (အာရုံသိသဘောသက်သက်)ဖြစ်တဲ့ ခန္ဓာငါးပါး ဟာ-----
(က)မျက်စိအကြည်ဓာတ်မှာဖြစ်ပေါ်ခွင့်ရရင်--မြင်သိစိတ်ခန္ဓာငါးပါး။
(ခ) နားအကြည်ဓာတ်မှာဖြစ်ပေါ်ခွင့်ရရင်--ကြားသိစိတ်ခန္ဓာငါးပါး။
(ဂ) နှာအကြည်ဓာတ် မှာဖြစ်ပေါ်ခွင့်ရရင်--နံသိစိတ်ခန္ဓာငါးပါး။
(ဃ) လျှာအကြည်ဓာတ်မှာဖြစ်ပေါ်ခွင့်ရရင်--စားသိစိတ်ခန္ဓာငါးပါး။
(င) ကိုယ်အကြည်ဓာတ်မှာဖြစ်ပေါ်ခွင့်ရရင်--ထိသိစိတ်ခန္ဓာငါးပါး။
(စ)စိတ်ဘဝင်အကြည်မှာဖြစ်ပေါ်ခွင့်ရရင် ကြံသိစိတ်ခန္ဓာငါးပါး လို့ ဗုဒ္ဓသာသနာမှာ ပညတ်ဟောကြား ခဲ့ပါတယ်။ ထိုသိသဘောသက်သက် ရုပ်+နာမ် (ခန္ဓာငါးပါး) သဘောဟာရုပ်ပေါင်းစုလောင်ခိုက် လျှင်စွာဖြစ်ပေါ်လာပြီး လျှင်စွာချုပ်ပျောက်ကြပါတယ် လို့မြတ်စွာ ဘုရားရှင်ဟောကြား တော်မူခဲ့ပါတယ် ကလေးတို့ရေ..။

သက္ကာယ နှင့်ခန္ဓာငါးပါးဟာ (တကယ်ထင်ရှားရှိသော သဘောသက်သက်) အရှုခံတရားလို့ မှတ်တော်မူကြပါ လို့ ပိုင်းလော့ဆရာတော်ကြီးက ဟောကြားခဲ့ပါတယ်။ ခန္ဓာငါးပါးသည်ပင် သက္ကာယ။ သက္ကာယသည်ပင်လျင် ခန္ဓာငါးပါး အရှုခံတရားအဖြစ် တစ်ခုတည်း ဖြစ်ကြောင်နားလည် သဘောပေါက်ကြဘို့ လိုပါတယ်။
သက္ကာယ ကိုသဘောပေါက်မှသာ သက္ကာယ ကိုစွဲပြီးဖြစ်ပေါ်တတ်တဲ့ အယူမှား အမှတ်မှားမှု- သက္ကာယဒိဋ္ဌိကို မေမေ တို့ပြုတ်အောင် စတင်ဖြုတ်လို့ ရပါလိမ့်မယ်။ အဲဒီသိသဘောသက်သက် ကလေးကို အကောင်အထည် မဟုတ်ကြောင်းရှုမှတ်တဲ့နည်းကို မေမေဆက်ရေးပါအုံးမယ်နော်။

ပိုင်းလော့ဆရာတော်၏အလုပ်ပေးတရားများ
(ပိုင်းလော့ဆရာတော် ဘုရားကြီး၏ တရားစခန်းဝင် မှတ်စုများ မှရေးသားပါသည်။)


Sunday, July 12, 2009

အမ မသစ္စာအလင်း အတွက် Belated Birthday Present (PDCA ဖြင့် နေ့ စဉ်ဘ၀ကို ချည်းကပ်ကြည့်ခြင်း)

အမရေ...

အမအတွက် မွေးနေ့ အမှတ်တရအဖြစ် ရေးမယ့်အကြောင်းအရာလေး မစခင် အမကို ကျွန်တော့်ရဲ့  နောက်ကျမှုအတွက် အလျင် တောင်းပန်ပါတယ်။ ဒီရက်ပိုင်းထဲ အမရဲ့ မွေးနေ့ ရှိတယ်လို့ တခါက အမ ပြောဖူးလို့ မှတ်ထားလိုက်ပေမယ့် ကိုယ့်ဟာကို အလုပ်တွေရှုပ်နေတာနှင့်ဘဲ သတိမထားလိုက်မိဘူး။

မနေ့ က အီးမေးလ်စစ်တော့မှဘဲ အမမွေးနေ့ ရောက်နေမှန်းသိရတော့တယ်။ ကျွန်တော့်ရဲ့ သတိပေါ့လျော့မှုအတွက် တောင်းပန်ပါတယ်။အမအတွက် မောင်နှမတွေ ၀ိုင်းပြီး ဆုတောင်းပေးကြ၊ အမှတ်တရ ရေးပေးကြတာတွေ ဖတ်ကြည့်လိုက်ပါတယ်။ အားလုံးက လိုလေသေးမရှိအောင် ထောင့်စေ့အောင် ရေးထားကြတော့ ကျွန်တော်အတွက် ရေးဖို့ တောင် မကျန်တော့ပါဘူး။
နောက်ပြီး အမကိုယ်တိုင်ကလည်း အသိဉာဏ်ပိုင်းရော၊ စိတ်နေသဘောထားပိုင်းမှာပါ လောကီ၊ လောကုတ် အဘက်ဘက်က ပြည့်စုံနေသူတစ်ယောက်ဖြစ်နေတော့ ကျွန်တော်က ဘယ်လို ၀င်ပြီး နှမ်းဖြူးရမလဲ ဆိုတာ တော်တော်ဦးနှောက်စားရပါတယ်။
တရားဓမ္မနှင့် ပတ်သတ်တာတွေရေးဖို့ ကျတော့လည်း တော်တော်များများက အမလည်း သိပြီးသားတွေကြီးဘဲ ဖြစ်နေတော့ တကယ်ကို ဘာရေးရမလဲ မသိတော့ပါဘူး။အမမွေးနေ့ အတွက် ရေးစရာစဉ်းစားရင်း ခေါင်းထဲကို မဆီမဆိုင် ဖတ်ဖူးထားတဲ့ စီမံခန့် ခွဲမှု နှင့် ပတ်သတ်တဲ့ အကြောင်းအရာတွေထဲက ခေါင်းစဉ်တစ်ခုဝင်လာပါတယ်။
အကြောင်းအရာကတော့ လုပ်ငန်းတွေမှာ အသုံးပြုတဲ့ Problem Solving Process တစ်ခုပါ။ ဒါပေမယ့် အဲဒီ Process ကို လက်တွေ့ ဘ၀ထဲမှာ ချသုံးကြည့်လို့ လည်း အသုံးတည့်တာကို တွေ့ ရပါတယ်။ နောက်ပြီး တရားဓမ္မကျင့်သုံးမှုဘက်မှာလည်း ချသုံးကြည့်လို့ ရတာကို တွေ့ ရပါတယ်။ Process ခေါင်းစဉ်က PDCA Cycle ပါ။ အမ သိရင်တောင် သိနေမယ်ထင်ပါတယ်။


PDCA (Plan, Do, Check, Act) Cycle ဟာ အဆင့်လေးဆင့်ပါတဲ့ အပြန်အလှန်သုံးလို့ ရတဲ့ ပြဿနာဖြေရှင်းနည်း တစ်ခုပါ။ သူ့ ကို ဖော်ထုတ်ခဲ့တဲ့သူက Dr. W. Edwards Deming ဆိုတဲ့သူဖြစ်ပါတယ်။ ဒီနည်းကို အကျဉ်းချုံးပြီး ပြောရရင်တော့ ကိစ္စတစ်ခုကို ဖြေရှင်းဆောင်ရွက်ဖို့ အတွက် အရင်ဦးဆုံး Plan (ပြင်ဆင်ခြင်း) လုပ်ရပါမယ်။ အဲဒီအဆင့်မှာ ရည်ရွယ်ချက်ကို သတ်မှတ်ရမယ်။

နောက်ဒီရည်ရွယ်ချက်ကို ရရှိပြီးမြောက်ဖို့ အတွက် လိုအပ်ချက်တွေကို ရှာဖွေစုဆောင်းရမယ် ပြီးတော့ ရည်ရွယ်ချက်ကို ရောက်အောင်သွားဖို့  နည်းလမ်းကို သတ်မှတ်ရမယ်လို့ ဆိုပါတယ်။ ဒုတိယအဆင့်ကတော့ Do ပေါ့။ စပြီး အကောင်အထည်ဖော်တဲ့အဆင့်ပါ။ ဒီအဆင့်မှာ ကိုယ်နိုင်သလောက်ကနေစပြီး တဖြည်းဖြည်း ပုံဖော်လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ တတိယအဆင့်ကတော့ Check ပါ။

မိမိလုပ်ထားပြီးသလောက် အတိုင်းအတာကို ပြန်လည် စစ်ဆေးခြင်းပါဘဲ။ မိမိချမှတ်ခဲ့တဲ့ ရည်ရွယ်ချက်ပန်းတိုင်နှင့် ယခုလက်ရှိရောက်ရှိနေတဲ့ အနေအထား ကိုက်ညီမှန်ကန်မှုရှိမရှိ၊ လမ်းလွဲမှုတွေ လိုအပ်ချက်တွေ ရှိမရှိ ပြန်လည် စစ်ဆေးရမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ Deming က Check အစား Study ဆိုတဲ့ အသုံးအနှုန်းက ပိုသင့်လျော်တယ်လို့  ဆိုချင်တဲ့ပုံ ရှိခဲ့ပါတယ်။
နောက်ဆုံးအဆင့်ကတော့ Act ပါဘဲ။ ဒီအဆင့်ကတော့ တကယ်လို့ Check အဆင့်မှာ တွေ့ ရှိလိုက်တဲ့ မိမိရဲ့ လိုအပ်ချက်တွေ၊ လမ်းလွှဲနေမှုတွေ နှင့် တခါတလေ မိမိချမှတ်ခဲ့တဲ့ ပန်းတိုင်နှင့် လုပ်ဆောင်မိလိုက်တာနှင့် လုံးလုံးလွဲချော်သွားတာမျိုးတွေ တွေ့ လာခဲ့မယ်ဆိုရင် ပြန်လည်ပြင်ဆင် အသစ်ပြုပြင်ပြောင်းလဲရမယ့် နေရာဖြစ်ပါတယ်။
အဆင့်လေးဆင့်လုံး ပြီးတဲ့အချိန်မှာ မိမိရည်မှန်းထားတဲ့ ပန်းတိုင်ဆီရောက်ဖို့ အတွက် ဘာတိုးတက်မှုမှ ရှိမလာခဲ့ရင် မိမိရွေးချယ်ထားတဲ့ နည်းလမ်းကို အသစ်ပြင်ဆင်သတ်မှတ်ပြီး မူလစက်ဝိုင်းကို နောက်ထပ်တစ်ခါ ပြန်စရပါမယ်။ ဒါမှမဟုတ် ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်ခဲ့ရင်တော့ နောက်ထပ်တစ်ခါ ရည်မှန်းချက်အသစ်တစ်ခု ထပ်မံချမှတ်ပြီး စက်ဝိုင်းကို ပြန်စရပါမယ်။ ဒီလိုနှင့် ဒီ Cycle ဟာ တောက်လျောက်လည်ပတ်ပါလိမ့်မယ်။အမရေ... ဒီလောက်ဆိုရင်တော့ ဒီ စက်ဝိုင်းရဲ့ သဘောတရားကို အမ ကောင်းကောင်း နားလည်အသုံးချတတ်သွားလောက်မယ်ထင်ပါတယ်။
ကျွန်တော်တို့ တွေရဲ့ လက်ရှိဘ၀မှာလည်း ရည်မှန်းချက်တွေအတွက် Problem Solving တွေ အမြဲလုပ်နေကြရတာပါဘဲ။ ကိုယ်သတိမထားမိပေမယ့် ဒီ Cycle လေးကို သုံးမိသလို ဖြစ်နေတာ အမ သတိထားမိလိမ့်မယ် ထင်ပါတယ်။တရားအားထုတ်မယ့် ယောဂီတစ်ယောက်အတွက်ဆိုရင်လည်း ဒီစက်ဝိုင်းကို အသုံးချမယ်ဆိုပါတော့။
တရားအားမထုတ်ခင် မိမိရဲ့  တရားအားထုတ်ရတဲ့ ရည်မှန်းချက်ကို သတ်မှတ်၊ အားထုတ်မယ့်နည်းကို သတ်မှတ်၊ တရားအားထုတ်ဖို့ ရန်အတွက် လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ပြင်ဆင်၊ လိုအပ်တဲ့ ဆရာသမား၊ မိတ်ဆွေ၊ နေရာဒေသ၊ အချိန်ကာလ အစရှိသဖြင့် ပြင်ဆင်သတ်မှတ်ခြင်းကို Plan လုပ်တယ်လို့  ပြောလို့ ရမယ် ထင်ပါတယ်။

ဒုတိယ Do ကတော့ တရားကိုကြိုးစား အားထုတ်တဲ့ ကာလ ဖြစ်ပြီပေါ့။တရားအားထုတ်လို့  မိမိသတ်မှတ်ထားတဲ့ ကာလတစ်ခု သို့ မဟုတ် အသိဉာဏ်အနေအထားတစ်ခုကို ရောက်လောက်တဲ့အချိန်မှာ မိမိကိုယ်ကို ပြန်လည် စိစစ်ဆင်ခြင်ကြည့်ပြီး မိမိ ရည်မှန်းသလောက် ခရီးပေါက်ခဲ့ရဲ့ လား၊ မိမိအားထုတ်ခဲ့တာ နည်းလမ်းစနစ်ကျ မှန်ကန်ပါရဲ့ လား၊ တကယ် တရားတိုးတက်မှုရှိပါရဲ့ လား၊ ဘာတွေကို သိခဲ့ပြီး ဘာတွေကို မသိသေးဘူးလဲ၊ နောက်ထပ် ဘာဆက်လုပ်ဖို့ ကျန်သေးလဲလို့ သုံးသပ်တဲ့အပိုင်းကို Check (or) Study လုပ်တဲ့ နေရာလို့ ဆိုလို့ ရပါတယ်။

နောက်ဆုံးအနေနှင့် တကယ်လို့ မိမိရဲ့ တရားအသိက ရည်မှန်းထားသလောက် ခရီးမပေါက်သေးတာများတွေ့ ခဲ့ရင် ဘာတွေ လိုအပ်သလဲ၊ ဘာတွေမှားနေလဲဆိုတာကို ပြန်လည် ဝေဖန်ချိန်ဆပြီး သင့်လျော်တဲ့ နည်းလမ်း၊ သင့်လျော်တဲ့ ဆရာသမား၊ မိတ်ဆွေများနှင့် ပြင်ဆင်ညှိနှိုင်းပြီး Cycle ကို အသစ်တစ်ဖန် ပြန်စရမှာဖြစ်ပါတယ်။
အဲဒါကတော့ Act ပေါ့နော်။ တကယ်လို့ များ မှန်းထားတဲ့ခရီး ပေါက်ခဲ့ရင်တော့လည်း နောက်ထပ်၊ နောက်ထပ်သော ပန်းတိုင်အသစ်များကို ချမှတ်လို့  ခရီးစဉ်အသစ်ကို စက်ဝိုင်းအသစ်နှင့် ပြန်စကြတာပေါ့။ကဲ...အမရေ။ ကျွန်တော်တော့ ခေါင်းထဲပေါ်တာတွေ ချရေးလိုက်ပြီ။

ဒီ Cycle လေးက ကျွန်တော်တို့ ရဲ့ နေ့ စဉ်ဘ၀အတွက်ရော၊ ဓမ္မခရီးလမ်းအတွက်ပါ အသုံးတည့်လိမ့်မယ်လို့ ထင်လို့  အမကို မွေးနေ့ လက်ဆောင် အဖြစ် ပေးလိုက်ပါတယ်။ ဒါလေးနှင့်ဘဲ အမ ကျေနပ်နှစ်သိမ့်ပေးပါလို့  တောင်းပန်ချင်ပါတယ်။
ကျွန်တော့်ရဲ့  နောက်ကျမွေးနေ့ လက်ဆောင်အတွက်လည်း ခွင့်လွှတ်ပေးပါလို့ ......
အမ အသက်ရှည်ကျန်းမာချမ်းသာစွာဖြင့် သာသနာတော်နှင့် လောကသားတို့ ရဲ့ အကျိုးစီးပွားကို တိုးလို့ ဆောင်ရွက်နိုင်သူ ဖြစ်ပါစေ။

အမချစ်သော မိသားစုများ၊ သူငယ်ချင်းမိတ်ဆွေများနှင့်လည်း အသက်ထက်ဆုံး အေးချမ်းပျော်ရွှင်စွာ အတူတကွ နေထိုင်နိုင်ပါစေ။

အမ အသက်ရာကျော်ရှည်၍ ဗုဒ္ဓအလိုကျ အရည်အသွေးပြည့်ဝသော ဘ၀ကို တည်ဆောက်ပိုင်ဆိုင်နိုင်သူ ဖြစ်ပါစေ။



မောင်ငယ်Bliss

(၀ိမုတ္တိသုခ)

*********************************************************************
Bliss ရေ--
အမက Biologist ဆိုတော့ သက်ရှိနဲ့ လုပ်နေရတယ်လို့ အကြောင်းပြချက်ကို အကာအကွယ်ယူပြီး Management , Planning ပိုင်းမှာ အမြဲအားနည်းပါတယ်။ Documentation, Reference ပိုင်းမှာလည်း အပျင်းကြီးလေ့ရှိတယ်။ Emotion ပိုင်းကျရင်တော့ တက်ကြွ နေတတ်တာမို့ အဲဒီအားနည်းချက်တွေမှာ အားသာနေတဲ့ အမ --မောင်နှစ်ယောက် ဖြစ်တဲ့ အာဂျန်နဲ့ Bliss တို့ကို အမြဲဆရာတင်ထားခဲ့ပါတယ်။ အခုမွေးနေ့ဆိုတာ ကလည်း အမြဲတမ်းဖွားသေနေတာကို မသိကျိုး ကျွန် ပြုရာရောက် မှာစိုးလို့==အမကို ဆုံးမ စကားပြောတတ်တဲ့ သည်မောင်နှစ်ယောက် ကိုပဲ Request လုပ်ခဲ့ပါတယ်။

(ပရမတ္ထသစ္စာလည်းနယ်မကျော်ပါစေနဲ့ သမုတိသစ္စာလည်း အစူးမနာပါစေနဲ့) ဆိုတဲ့ဆုံးမစကားလို လေ..။Extreme မဖြစ်အောင်လုပ်တာပါ။

အားလုံးအတွက်အကျိုးရှိတဲ့ စကားတွေထွက်လာမယ် ဆိုတာ ယုံကြည်နေတယ်လေ။ Force to post ဖြစ်ခဲ့ရင် ပြန်တောင်းပန်ပါတယ်။ Blissက B.E(Electrical Power) + MBA field က ဖြစ်တာမို့လည်း တိတိကျကျ သပ်သပ်ယပ်ယပ်လေးရေးပေးတာကို အားထားလက်ခံပါတယ်။
PDCA Cycle အမမသိခဲ့ဘူးပါ။
အခုမှပဲ Check လုပ်သင့်ကြောင်း။လိုအပ်မှု၊လမ်းလွဲတာတွေရှာသင့်ကြောင်း။မဟုတ်ရင်တော့ Cycleတစ်ပတ်ပြန်စရတော့မှာပေါ့နော်။ သတိကြီးစွာထားရမှာတွေ ထောက်ပြပေးတာ ကျေးဇူး တင်ပါတယ် Blissရေ..။

Saturday, July 11, 2009

အနတ္တလက္ခဏသုတ္တန် တရားတော် ဟောကြားတော်မူသောနေ့

မေမေချစ်သောသားသားနဲ့မီးမီးရေ---

သည်နေ့ဝါဆိုလပြည့်ကျော် ၅ရက်နေ့ကို ရောက်ခဲ့ပါပြီနော်။ ကျေးဇူးတော်ရှင်မြတ်စွာဘုရားဟာ မဟာ ကရုဏာတော်ကြီးမားလှစွာ-သောတာပန်တည်ပြီး ဖြစ်တဲ့ပဉ္စဝဂ္ဂီ-၅ဦး ကို အလုပ်ပေးတရားအဖြစ် အနတ္တလက္ခဏသုတ္တန် တရား ဟောကြားတော်မူခဲ့တဲ့နေ့ထူးနေ့မြတ်ကြီးဖြစ်ပါတယ် ကလေးတို့ရေ..။

အခုပြောပြမဲ့ အနတ္တလက္ခဏသုတ္တန် တရားတော်မှာ ပါတဲ့ အနတ္တ တရားဟာ မေမေ တို့ ဘုရားရှင်တော်ပွင့်ထွန်းပေါ်ပေါက်တဲ့ သာသနာတွင်းကာလမို့သာကြားနာကြရတာပါ။ သာသနာပ ကာလမှာ အနတ္တ တရားကို နားလည်း မလည်ဘူး၊ ပြောလည်းမပြောဘူး၊ အသုံးလည်းမရှိကြဘူး။ဟောလည်း မဟောကြဘူးတဲ့။ အနိစ္စတော့ ပြောကြပါတယ်။ ဒုက္ခ ကိုလည်းနားလည်ကြတယ်။ သာသနာပကာလမှာ ဘုရားအလောင်းတွေဘာတွေက ဟောတတ်ကြပါတယ်။ (အသင်တို့ ပေါ့ပေါ့ဆဆ မနေကြနဲ့ မမြဲဘူး အားလုံးသေကြရမှာ ၊နာရမှာ၊အိုရမှာ ဒုက္ခ တွေပဲ ကုသိုလ်ကောင်းမှုတွေ ကြိုးစားပြုကြ)လို့ဟောကြတယ်။

မေမေတို့ရဲ့ ကျေးဇူးတော်ရှင်မြတ်စွာဘုရား ထုတ်ဖော်ဟောကြားတော် မူမှပဲ အနတ္တ ကို နားလည်လာကြပါတယ်။ ဝါဆိုလပြည့် မှာ ဓမ္မစင်္ကြာ တရားဟောကြားပြီးတယ်ဆိုရင်ပဲ အရှင်ကောဏ္ဍည သောတာပန်ဖြစ်သွား တယ်ဆိုတာ မေမေ ပြောခဲ့ပါပြီနော်။
လပြည့်ကျော် တစ်ရက်နေ့ ကျတော့ မြတ်စွာဘုရားဟာ အင်မတန် အားကိုးချင်စရာ။အင်မတန် အားရစရာကောင်းတာ။ကျန်တဲ့ ပဉ္စဝဂ္ဂီ ၄ပါးကို တရားရစေချင်လွန်းလို့ အင်မတန်ချစ်လှစွာသော သားကို ဖခင်က စောင့်ရှောက်ပြီးတော့ပေးနေသလို စောင့်ရှောက်ပါတယ်။

ဆွမ်းခံတောင်မကြွ ပါဘူး။အရှင်ကောဏ္ဍည ခံပေးတဲ့ ဆွမ်းကိုပဲ ဖြစ်သလိုမျှ တအောင် နေပြီးတော့ ဉာဏ်တော်နဲ့ကြည့် ကိုယ်တော်တိုင် စောင့်ပြီးတော့ တရားလမ်းညွှန်ပေးနေတာ လပြည့်ကျော် တစ်ရက်နေ့ မှာ အရှင်ဝပ္ပတရားရတော်မူပါတယ်။ လပြည့်ကျော်နှစ်ရက်နေ့ကျတော့ အရှင်ဘဒ္ဒိယ တရားရပါတယ်။ လပြည့်ကျော် သုံးရက်နေ့မှာ အရှင် မဟာနာမ် ။လပြည့်ကျော် လေးရက်နေ့ မှာ အရှင်အဿဇိ တရားရ တော်မူကြပါတယ်။ ငါးပါးလုံးသောတာပန်တည်ကုန် ကြတာပေါ့နော်။

သောတာပန်ဖြစ်ရင် အတ္တဒိဋ္ဌိပြုတ်ပါတယ်။ အတ္တဆိုတဲ့စွဲလန်းမှုမရှိပေမဲ့လို့ အပေါ်ယံ မာန်မာနကတော့ ရှိနေပါသေးတယ်။ တဏှာကတော့ရှိနေသေးတယ်။ အင်မတန်ကြမ်းတမ်းတဲ့ တဏှာ၊မာနသာ အတ္တဒိဋ္ဌိပြုတ် ထဲရောပါသွားတာပါ။ မကြမ်းတဲ့ တဏှာ၊မာနကတော့ကျန်နေပါသေးတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ဟာ အားလုံးသောနတ်ဗြဟ္မာတွေကော ငါးပါးသောအရှင်မြတ်တွေကော ကျန်နေသေးတဲ့ တဏှာ၊မာနပြုတ်ထွက် သွားအောင် လပြည့်ကျော် ငါးရက်နေ့မှာ အနတ္တ တရားကို ဆက်လက်ဟောကြားတော်မူခဲ့ ပါတယ်ကွယ်။

သူတို့အားလုံးဟာ သီလကလည်းစင်ကြယ်လှပြီ၊ လောကီ အာရုံ ကာမဂုဏ်စိတ်တွေစင်ကြယ်လှပြီ ။ အနုဿယကိလေသာ လောက်ပဲပယ်ဘို့ကျန်တော့တာပါ။ ဒါကြောင့်လည်း မြတ်စွာဘုရားမေးတဲ့မေးခွန်း တွေကို အလွယ်တကူဖြေနိုင်ကြတာပေါ့။

(ရူပံ ဘိက္ခဝေ အနတ္တာ။ ရုပဥၥ ဟိဒံ ဘိကၡေဝ အတၱာ အဘဝိႆ၊ နယိဒံ ရူပံ အာဗာဓာယ သံဝေတၱယ်)
ရဟန်းတို့--- ခန္ဓာငါးပါးရှိတဲ့အထဲက ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ ၊ဝိဉာဏက္ခန္ဓာ ဆိုတဲ့ ခန္ဓာငါးပါးရှိတဲ့အထဲမှာ
ဘိက္ခဝေ---ရဟန်းတို့၊ရူပံ -ရုပ်ဆိုတဲ့ ခန္ဓာတရားသည် ၊အနတ္တာ---အတ္တမဟုတ်။

အတ္တဆိုတာ --
သယံဝသီ -ခန္ဓာအိမ်မှု အစုစု၌
တစ်ခုမကျန် စီမံခွဲဝေ ၊မိမိနှစ်ခြိုက်
စနစ်ကိုက်အောင် လိုက်ပါစေနိုင်တဲ့သဘောပေတည်း။


အဲဒါအတ္တရဲ့ သတ္တိတွေပေါ့နော်..။အတ္တဆိုတာ မိမိအလိုလိုက်စေတယ်တဲ့။ ရုပ်ခန္ဓာ အတ္တဖြစ်တယ်ဆိုရင် ဘာလို့မကျန်းမမာ ဖျားနာရအုံးမှာလဲ။ အတ္တဟာခန္ဓာအိမ်ကို စီမံနိုင်ခွင့် ရှိတယ်ဆိုရင်ဘာလို့ဖျားရတယ် အနာပေါက်ရတာလဲပေါ့။

*ရူပံ ဘိက္ခဝေ အနတ္တာ။ ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တတိ။
(ဘိက္ခဝေ-ရဟန်းတို့၊ရူပံ-ရုပ်ဆိုတဲ့ ခန္ဓာတရားသည်။အနတ္တာ-အတ္တမဟုတ်)
*ဝေဒနာ-အနတ္တာ။ ဝေဒနာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ။
(ဘိက္ခဝေ-ရဟန်းတို့၊ဝေဒနာ-ဝေဒနာဆိုတဲ့ ခန္ဓာတရားသည်။အနတ္တာ-အတ္တမဟုတ်)
*သညာ-အနတ္တာ။ သညာ စ ဟိဒံ ဘိကၡေဝ အတၱာ အဘဝိႆ ၊နယိဒံ သညာ အာဗာ ဓာယ သံဝေတၱယ်။
(ဘိက္ခဝေ-ရဟန်းတို့၊သညာ-သညာဆိုတဲ့ ခန္ဓာတရားသည်။အနတ္တာ-အတ္တမဟုတ်)
*သင်္ခါရာ-အနတ္တာ။ သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ ၊ နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ။
(ဘိက္ခဝေ-ရဟန်းတို့၊သင်္ခါရာ-သင်္ခါရ ဆိုတဲ့ ခန္ဓာတရားသည်။အနတ္တာ-အတ္တမဟုတ်)
*ဝိဉာဏံ-အနတ္တာ။ ဝိဉာဏဥၥ ဟိဒံ ဘိကၡေဝ အတၱာ အဘဝိႆ ၊နယိဒံ ဝိဉာဏံ အာဗာဓာယ သံဝေတၱယ်။
(ဘိက္ခဝေ-ရဟန်းတို့၊ဝိဉာဏက္ခန္ဓာ-ဝိဉာဏ် ဆိုတဲ့ ခန္ဓာတရားသည်။အနတ္တာ-အတ္တမဟုတ်)

ဝိညာဏက္ခန္ဓာ-စိတ်တွေကသာပြီးတော့တောင်ထင်ရှားပါသေးတယ်။ အတ္တ သဘောက ကောင်းတာ တွေချည်း ကြားချင် သိချင်တယ် ။လိုချင်ပေမဲ့မရ ပါဘူး စိတ်မချမ်းသာတွေဖြစ်ရတယ်။

အဲလိုနဲ့ ဘုရားရှင်က အရင်ကစွဲခဲ့တဲ့အတ္တ ကို ဖျက်ပစ်လိုက်တာပေါ့။ သာသနာပ ကာလကဆိုရင် ပညာရှိ တစ်ချို့တွေက အတ္တကိုအမွှန်းတင်ပြီး ထားတတ်ကြတာ။ အတ္တ ကိုချစ်ကြတာ။
အဲဒီ အစွဲတွေကို မေမေတို့ရဲ့ကျေးဇူးတော်ရှင် မြတ်စွာဘုရားက အတ္တ မဟုတ်ဘူးလို့ချေဖျက်ပြီးအနတ္တပါလို့ ထုတ်ဖော်ဟောကြားလိုက်ပါတယ်။

သည် အနတ္တလက္ခဏသုတ္တန်တရားတော်မြတ်ကြီးကို ရွှေဟင်္သာဆရာတော်ဘုရားကြီးကလည်း သည်အတိုင်းချပေးတော်မူခဲ့ပါတယ်။ဆရာတော်ဘုရားကြီးကို အသက်-၁၀၂နှစ်ပူဇော်ပွဲမှာ စာရေးဆရာ တစ်ယောက် ကချဉ်းကပ်ပြီး အင်တာဗျူးတဲ့အခါမှာ ဆရာတော်ဘုရားကြီးက ကျန်းမာရေးကောင်း အောင် နေပုံစားပုံတွေဖြေပေးခဲ့ပါတယ်။စာရေးဆရာ ကဝိပဿနာတရား ပွားပါသလားလို့ လျှာရှည်လိုက်ပါတယ်။ ဆရာတော်ဘုရားကြီးကဝိနည်းကို အင်မတန်လေးစားတာမဟုတ်လား။

ပွားတယ်ပြောလည်း အာပတ်က သင့်အုံးမှာဆိုတော့ မပွားဘူးဆိုပြန်ရင်လည်းညာရာကျပြန်အုံးမယ်လေ။ အဲဒါနဲ့ရှောင်ပြောလိုက်တာပေါ့။
(တို့များကွယ် အနတ္တ လက္ခဏသုတ္တန်တော့ပွားပါတယ်) လို့ပြန်ဖြေပါတယ်။ဖြစ်ပျက် အမှတ်ခေတ်ဆိုတော့ အနတ္တလက္ခဏသုတ္တန်ကို ဝိပဿနာမထင်ဘူးလေ။ စာရေးဆရာကလည်း မသိတဲ့အတိုင်းမနေ ဆရာတော်ဘုရားကြီးကို အနတ္တ လက္ခဏသုတ္တန် ကဝိပဿနာ ဟုတ်ပါ့မလားဘုရား-ဆိုတော့ဟုတ်တယ်ပြောလည်း ပြန်ညိအုံးမယ်ဆိုတော့။မသိတာကိုလည်း စိတ်မကောင်းတော့ (တယ်မိုက်တဲ့ကောင်တွေကိုး) ဆိုပြီးတော့ ညိမ်နေလိုက်ပေါတော့တယ်။ဆက်မမိန့်တော့ဘူးလေ။

နောက်ထပ်တစ်ပါးကတော့မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးပါ။ အနတ္တလက္ခဏ သုတ္တန်ထဲက နေတံမမ -နေသောဟမသ္မိ နမေသောအတ္တာ-လို့ အသားကျအောင် အကြိမ်များစွာပေါ်တိုင်း ပေါ်တိုင်း ပွားပါတဲ့ သတ္တိကိန်းတာကို ဆရာတော်ဘုရားကြီးကထောက်ပြပေးခဲ့ပါတယ် ကလေးတို့ရေ...။ ခန္ဓာငါးပါးကို အကောင်အထည် မမြင်ဘို့ ကြိမ်ဖန်များစွာ ပွားများခိုင်းခဲ့ပါတယ်။ကြိမ်ဖန်များစွာပွားရင်တဖြေးဖြးနဲ့ အကောင်အထည် အမြင်မှားမလာတောပါ။
မလာရင်တဏှာအစပ်ပြတ်တာပါပဲ။ဒါကိုဆရာတော်ဘုရားကြီးကဇောက်ချသင်ပေးခဲ့တယ်။လင်္ကာလေးတောင်စီပေးခဲ့ပါသေးတယ်။
ရုပ်ဟုတမည်။ခန္ဓာမည်သား
ဝေဒနာ၊သညာ၊သင်္ခါရ ၊ဝိဉာဏ်ခန္ဓာသည်ကား
ခဏဖြစ်လျက်၊ ခဏပျက်သည် ။
ငါ့ကိုယ်၊ငါ့ဟာ၊ငါ့ဥစ္စာဟု-
ဘာတစ်ခုမှာရှာမရသည်။
ဓမ္မ အစုသက်သက်ပါတကား။


မေမေတို့သည်အတိုင်းခန္ဓာ ကိုခန္ဓာလို့သာ အမြင်ရှိနေရမှာလေ..။ အကောင်အထည်၊ငါ၊သူတစ်ပါးယောင်္ကျား မိန်းမ အစွဲကြီးနဲ့ တစ်သံသရာလုံးစွဲခဲ့တာကြာပါပေါ့လား။ ဓမ္မအစုသက်သက် လို့သည်အတိုင်းမြင်ရမှာပေါ့နော်။ ဆရာတော်ဘုရားကြီး ကကြိမ်ဖန်များစွာပွား ပါတဲ့ဆုံးမခဲ့တာပါ။ဒါဟာဘုရားဟောတဲ့အလုပ်ပေးတရားစစ်စစ်ပါပဲ ။သည်နေ့ပေါ့နော်။ဝါဆိုလပြည့်ကျော်-၅ရက်နေ့မှာ သောတာပန်တည်ပြီးသားပဉ္စဝဂ္ဂီ-၅ဦးကို ရဟန္တာဖြစ်အောင်ဟောကြားတော်မူခဲ့တဲ့ တာပါကလေးတို့ရေ…။

သည် သုတ္တန်ဒေသနာတော်ကြီးဟာ ခက်ခဲနက်နဲလှတာမို့ သဒ္ဓါတရားသိပ်မတက်ပေဲ့ အသိဉာဏ်သိပ်တက်တယ်လို့ တောင်မြို့ ဆရာတော်ဘုရားကြီး က မိန့်တော်မူခဲ့ပါတယ်။

(ငါတို့သည် အနတ္တလက္ခဏသုတ္တန်ကြီးကို နာယူရပြီး အသိဉာဏ်ကြီိးကျယ် ပြီးသကာလ ကောင်းတဲ့ကံတွေ ကိုနိဗ္ဗာန်အထိပြုမယ်။ ဂုဏ်ပကာသနကံ တွေကိုငါတို့မပြုဘူး။ အကုသိုလ်ကံတွေကို ရှောင်ရှားမယ်) လို့နှလုံးသွင်းရမယ်တဲ့ ။

မာန်မာနဖြစ်စရာရှိရင်လည်းအနတ္တ တွေ--ဘာမာန ဖြစ်စရာရှိလဲ ။တဏှာလောဘပြင်းပြင်းထန်ထန် ဖြစ်ရင်လည်း အို ရုပ်ခန္ဓာတွေက အနိစ္စတွေ သာဖြစ်လို့ တဏှာလောဘ ဖြစ် ရမှာလဲ အဲလိုနှလုံးသွင်းပြီး သကာလ တဏှာ မာန ဒိဋ္ဌိကိုပယ်ရှားနိုင်ရမယ် လို့ဆုံးမတော်မူပါတယ်။

အခုပြောခဲ့တဲ့တရားတွေကိုသတိထားပြီးသကာလမှာ တဏှာ၊မာန ၊ဒိဋ္ဌိတို့သိပ်မကြီးကြပါနဲ့။ တဏှာကြီးတဲ့ ကိစ္စရောက်လာလို့ရှိရင်လည်း ရုပ်-နာမ်တွေနော်၊ခန္ဓာငါးပါးနော်၊အနိစ္စတွေနော်၊ အနတ္တတွေ။ တဏှာနဲ့ငါနဲ့စွဲ လမ်း တာမကောင်းပါဘူးလို့နှလုံးသွင်းပြီး ၊ တဏှာလွန်ကဲလာလို့ရှိရင်ဖြင့် ဖြေဖျောက်လိုက်ကြပါ။ ငါဆိုတဲ့ မာန်မာနလွန်ကံလာလို့ရှိရင်ဖြင့် ဖြေဖျောက်လိုက်ကြပါလို့ အားထုတ်သင့် လှပါတယ်ဆိုတာ တောင်မြို့ဆရာတော်ဘုရားကြီးမိန့်မှာတော်မူပါတယ်။

ခြုံပြောရရင် အနတ္တလက္ခဏသုတ္တန်တရားတော်မြတ်ကြီးဟောကြာားတော်မူတဲ့ သည်နေ့(ဝါဆိုလပြည့်ကျော်-၅ရက်) နေ့မှာ မေမေတို့အားလုံး အနတ္တတရားကို သတ္တိကိန်းအောင် နှလုံးသွင်းအားထုတ်ကြပါလို့မေမေ ကမှာချင်ပါတယ်။

မေမေတို့ရဲ့ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီးလည်း အလုပ်ပေးတရား အဖြစ် ခိုင်ခိုင်မာမာကိုင်ပြီး သင်ကြားပေးတော်မူခဲ့ပါတယ်နော်။ပဉ္စဝဂ္ဂီ-၅ဦးဟာ တရားနှစ်ပုဒ်ထဲနဲ့ ရဟန္တာဖြစ်သွား ကြတာကိုး။ ပထမ တရားဦးကဓမ္မစင်္ကြာ၊ နောက် အနတ္တလက္ခဏသုတ္တန် တရားတော်မြတ်ကြီးပါ လို့မှတ်ထားကြပါကလေးတို့ရေ..။
တစ်လောကလုံးမှာတကယ် ရှိတာ ခန္ဓာငါးပါး-တစ်နည်း-ရုပ်နာမ် နှစ်ပါးသာတကယ်ရှိပါတယ်။ ပိုင်းလော့ဆရာတော်ဘုရားကြီး ကခန္ဓာငါးပါးကို သေသေချာချာရှင်းပြတော်မူပြီးမှ တရားအားထုတ်ခိုင်းတာမို့ မေမေနောက်ရေးမဲ့ ပို့စ်ကတော့ ခန္ဓာငါးပါးဖြစ်ပါတယ်။

( ကြည်ညိုလေးစားရပါသော ကျေးဇူးတော်ရှင်-တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ရေးသားတော်မူသော အနတ္တလက္ခဏသုတ်-တရားတော် နှင့် ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော် ဘုရားကြီးဟောကြားတော်မူသော -ဝိပဿနာပညာနှင့် တဏှာ အစပ်ပြတ်ပုံ -တရားတော်များ ကို နာယူ ပူဇော် ဦးခိုက်၍ ဤ စာစုကိုရေးသားပါသည်။)

Friday, July 10, 2009

မုဒိတာပန်းလေး မမက်မက်၏ ဆုတောင်း

ကိုသုခ(သုခရိပ်)၏ဓမ္မလက်ဆောင်










မနေ့ကသားကိုသုခမွေးနေ့မှာအံတီ ကဘာမှမပေးလိုက်ရဘူး။သားလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ အဘိုးတန်သားကောင်း ရတနာဖြစ်ပါစေကွယ်။အဘိုးတန် ဓမ္မ Wall Paper များအတွက်ကျေးဇူးအထူးတင်လျက်---

တီလေးသစ္စာအလင်းသို့ ပေးစာ (မမေ့ကြေးနော် တီလေး)*

တီလေးရေ…

ဒီနေ့ (10.07.2009) ရက်နေ့ကို တီလေး မွေးနေ့လို့ မထင်ဘူး.. ကိုဝင်းမြင့်ရဲ့ မေးဝင်လာတော့ ၁၀-ရက်နေ့လည်း ဆိုရော နည်းနည်း အံ့သြသွားတယ် သား.. ဒါပေမယ့် သား မယုံသေးဘူး.. ဘာလို့လဲ ဆိုတော့ တီလေးနဲ့ သား စကားပြောတုန်းက တီလေး ရိုက်ပေးတာ ၂၀-ရက်နေ့ ဖြစ်နေတာ.. အဲဒါကြောင့် မယုံတာ.. တီလေး ဘလော့ကို ၀င်ကြည့်မိမှ တီလေး မွေးနေ့မှန်း သိလိုက်ရတယ်..

တီလေးရေ.. တီလေးလို သူများကိုလည်း သိအောင်၊ ကိုယ်တိုင်လည်း သိအောင် လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ပေးဖို့ ထိုက်တန်တဲ့ စကားတွေ သားမှာ မရှိပါဘူး.. နောက်ပြီး သားပြောတဲ့ စကားတွေကလည်း တန်ဖိုး မဲ့နေပါလိမ့်မယ် တီလေး.. တီလေးနဲ့ ထိုက်တန်တာက ဘုရား အဆုံး အမတွေပဲ ရှိတာပါ..။ အဲဒီတော့ သား တီလေး မွေးနေ့ အတွက် ဘာပေးရမလဲ စဉ်းစားကြည့်တော့ တီလေးနဲ့သား အကြိုက်တူတာလေးကို သတိရသွားတယ်…

ဘုရားရဲ့ နှုတ်တော်က မြွက်ကြားခဲ့တဲ့ စကားလေ တီလေး.. နောက်ဆုံး ပရိနိဗ္ဗာန် စံဝင်ခါနီးမှာ မြွက်ကြား သွားတာ… “ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိဝေါ၊ ၀ယဓမ္မာသင်္ခါရာ အပ္ပမာဒေန သမ္ပါဒေယထ” ဆိုတဲ့ စကားလေ တီလေး.. ဒီစကားလေးကို ဖော်ကျူး ပူဇော်ထားတဲ့ ဘုန်းဘုန်း ဦးကောသလ္လရဲ့ တရားသိမ်းလေးကို သားဘလော့မှာ တီလေး လာလာ နားထောင် တရားနာတယ်လို့ တီလေး ပြောကတည်းက တီလေးနဲ့သား အကြိုက်တူနေတယ် ဆိုတာကို သိခွင့်ရခဲ့တာပါ…

သားလည်းလေ ဘုန်းဘုန်း ဦးကောသလ္လရဲ့ တရားတစ်ပုဒ်ကို ပထမဆုံး နာကြားမိကတည်းက ဒီတရားသိမ်းလေးကို တအား သဘောကျ ကြည်ညိုခဲ့တာပေါ့… ကြည်ညို လွန်းလို့ ခဏခဏ နားထောင်တာ အလွတ်ကို ရနေပြီ တီလေး… သား ပထမဆုံး နာကြားခဲ့မိတာက “ဆူးကင်းသော နှင်းဆီပန်းများ” ဆိုတဲ့ တရားပါ… ဒီတရားဟာ သံဃာတော်တွေကို နှင်းဆီပန်းပမာ တင်စားပြီး ဟောကြားထားတာ တီလေး… သား အပြင်မှာ လူကိုယ်တိုင် နာကြားခဲ့ရတာ…

ဘုရား တရား သံဃာ ရတနာသုံးပါးလုံးကို တပြိုင်တည်း တစ်နေရာတည်းမှာ ကြည်ညို လိုက်ရတာပေါ့… အဲဒီမှာ သား ကြည်ညိုခဲ့ရတဲ့ ဘုရားရှင်ရဲ့ နောက်ဆုံးစကား ဘုန်းဘုန်းရဲ့ တရားသိမ်းလေးကို တီလေးရဲ့ မွေးနေ့လက်ဆောင်အဖြစ် ပူဇော် ရေးသားလိုက်ပါရစေ…။ “ဆူးကင်းသော နှင်းဆီပန်းများ” တရားထဲက အတိုင်း သားမှတ်မိသမျှ ဘုန်းဘုန်းရဲ့ စကားသံလေးတွေပါ ထည့်သွင်း ရေးသား ပေးလိုက်ပါတယ် တီလေး…။ ++++++++++++++++++++++++++++++++++++++++++++

==အရှည်တွင် သံသရာ၊ အခြေ ကတော့..တဏှာ
==သံသရာကို တိုအောင်ဖြတ်၊ တဏှာကို သေအောင်သတ်
==တောင်တွင်လျှင် မြင့်မိုရ်၊ မြင်းတွင်လျှင် သတိုးဂုဏ်..ရှိရာဆိုခဲ့မည်
==မြင့်မိုရ်ကို ပုံပြုလို့ ကုသိုလ်ကို များအောင်စု ကောင်းမှုကို များအောင်ကြံ
==သတ္တ၀ါ ကောင်းမကောင်း အကြောင်းကံ.. ကသာ စီမံတော့သည်
==ကံသာလျှင် အမိ ကံသာလျှင် အဖဆိုတာကတော့ လောကစကား
==ဥာဏ်သာလျှင်.. အမိ ဥာဏ်သာလျှင် အဖဆိုတာ ကတော့..ဂေါတမ ဘုရားရှင်ရဲ့ တရား
==ဟောပြလို့ ထားခဲ့တာက
==*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*။
==ဘိက္ခဝေ.. စစ်ပါးနပ်တဲ့ ချစ်သားမြတ်တို့
==ဟန္ဒာ.. သက်တော်ရှစ်ဆယ် ၀ါလေးဆယ့်ငါး မရပ်မနားဘဲ
==တရာရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော် မူခဲ့ရသဖြင
့်==ခန္ဓာတော် ရိနွမ်း၍ ငါကိုယ်တော် အရှင်မြတ် တကယ်ပင် ပင်ပန်းခဲ့ရ လေပြီ

(တကယ်ကို ပင်ပန်း ပါတယ်.. ဒါကြောင့် ဘုန်းကြီးတို့လေ မနေ့ကလည်း မော်လမြိုင်၊ ဒီနေ့လည်း ပုသိမ် တရားနှစ်ပွဲ ဆက်ဟောတယ်၊ သက်သာခြင်း မရှိပါဘူးလေ.. ဒါပေမယ့်လည်း မြတ်စွာ ဘုရားရှင်ရဲ့ အမေ ဒေါ်တင်လှက ဟိုး ငယ်ငယ် ကတည်းက သင်ပေးခဲ့တဲ့ ဒီလင်္ကာလေးကို ရွတ်ဆိုလိုက်ရလို့ ဘုရား ကျေှးဇူးနဲ့ မိဘကျေးဇူးကို တပြိုင်နက်တည်း ဆပ်တယ်လို့ ယူဆ လိုက်တာ ဖြစ်ခြင်းကြောင့် နွမ်းသမျှတွေ မောသမျှတွေ ပြေခဲ့ရပါတယ်..)

==ဒါနီ.. ဒါနီ ယခုအခါ ကာလ၌ (၀ါ)
==ကုသိနာရုံ ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတောဝယ် မြောက်သို့ ဦးခေါင်းပြုကာ
==ထေရ်ပေါင်းခြံရံ.. နန်းနိဗ္ဗာန်သို့.. ၀င်ဆံမည့်ဆဲဆဲ ချိန်ခါထဲ၌
==သြော်… ရင်သွေးရတနာ သားသက်လျာဟု ကရုဏာသက်ထား သင်ချစ်သားတို့အား
==အာမန္တရာမိ ..သတိတရား၊ အသိ မမှားရအောင်လို့ ထင်ထင် ရှားရှားကြီး မိန့်ကြားတော် မူခဲ့ပါအံ့
==သင်္ခါရာ.. အစဉ်ထာဝရ ဘင်မှာကျပြန်တော့==ခင်မင်စရာ တစ်စက်ကယ်မျှ မရှိပါတဲ့
==ဒီဓမ္မာရုံ အဘိသင်္ခါရ တရားတို့သည်
==၀ယဓမ္မာ... ပျက်စီးခြင်းသဘော ရှိကြပါပေကုန်၏
==၀ယဓမ္မာ… လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲနဲ့ အဖြစ်ကလည်း မစဲ.. အပျက်ကလည်း မစဲနိုင်တာမို့
==ထိတ်စရာတမျှ အ၀ိဇ္ဇာက စတာကြောင့်..
==ဟေ.. ယောဂီတို့ရေ.. စိတ်သာ ချကြပေတော့
==အနိစ္စ ၀တတို့ပါတကား၊ ဒုက္ခ၀တ တို့ပါတကား… အနတ္တ.. ၀တတို့ပါတကား
==အပ္ပမာဒေန.. မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရား တို့ဖြင့်..
==သမ္ပာဒေထ.. ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါ ကုန်လော့
==သမ္ပာဒေထ.. မြင်ရာမှာလည်းမမေ့နဲ့၊ ကြားရာမှာလည်း မမေ့နဲ့၊ စားရာမှာလည်း မမေ့နဲ့၊ သွားရာမှာလည်း မမေ့နဲ့၊ နံရာမှာ လည်းမမေ့နဲ့..
==ထိရာ တွေ့ရာ သိရာတို့မှာလည်း မမေ့လိုက်ကြပါန
ဲ့==မေ့တတ်တဲ့ ၀ါသနာတွေကို.. မေ့တတ်တဲ့ ၀ါသနာတွေကို...>>
==တစ်နေ့မကြာ.. မကြာ သတိသွင်းကြ လေကုန်လော့
==သြော်.. ဒီကနေ့ တရားတော်နာ ကြွရောက် လာကြကုန်သော.. တရားနာ ပရိသတ်အပေါင်း သူတော်ကောင်း တို့သည်
==အပ္ပမာဒခေါ် သူတော်ကောင်း တရားတို့ကို ကျင့်ကြံနိုင်ကြပါစေ ကုန်ရာသတည်း…။

(သာဓု၊ သာဓု၊ သာဓုပါအရှင်ဘုရား)

++++++++++++++++++++++++++++++++++++++++++++

တီလေးရေ.. မမေ့ကြေးနော်..တီလေး ကျန်းမာပါစေ။
လေးစားရိုသေစွာဖြင့်
့်ဖိုးသား
*************************************************************
ကျေးဇူးပါသား။မြန်မာလိုက ဝါဆိုလပြည့်ကျော်လေးရက် ပါသား။ သည်နေ့ပေါ့။အင်္ဂလိပ်လိုကတော့ ၂၀ရက်ပါ.။
သားကိုဦးကမွေးနေ့လက်ဆောင်အဖြစ် http://www.thitsaralin.com လုပ်ပေးမယ်ဆိုတော့ ၂၀ရက်နေ့မှာ မှလုပ်ပါလို့။
သားကိုပြည့်စုံနဲ့ အံတီက တော်တော် အကျင့်စရိုက်တူပါတယ်။ စာတွေကဗျာ တွေနှစ်သက်တာ ၊ကဗျာရေးချင်နေတတ်တာ သိပ်တူပါတယ်။ သားကပိုစနစ်ကျပြီး ၊ စိတ်အားထက်သန်မှုပိုပါတယ်။ ဦးကောသလ္လတရားလေးကတော့ အဲဒီ တစ်ပုဒ်ထဲနဲ့တင် အမြင်ရှင်းလင်းသွားတာမို့သား ရဲ့ဘလော့ ထဲဝင်ဝင်နာယူခဲ့ပါတယ်။
သားကိုဦးက အံတီ ဘလော့မှာ တင်ပေးခဲ့ပါတယ်သား။အခုစာသားလေးပါ ရလိုက်တော့ စာဖတ်သူတွေ ကြည်ညိုသဒ္ဓါပွားနိုင်တာပေါ့ သားရေ။
သားရဲ့မွေးနေ့လက်ဆောင်လေးကို တန်ဘိုးထား ကျေးဇူးတင်နေပါတယ် သားကိုပြည့်စုံရေ..။
************************************************************************

ဓမ္မ မောင်၊ညီမ နှစ်ဦးမှ၊ ဓမ္မလက်ဆောင်

" Happy Birthday မသစ္စာအလင်း".." Happy Birthday To You"

ဝါဆိုလပြည့်ကျော်လေးရက်နေ့သည် ကျွန်တော့်ဓမ္မမိတ်ဆွေ ဓမ္မဒါနရေးသားမျှဝေသူ မ သစ္စာအလင်း ( http://thitsaralin.blogspot.com/)( http://thitsaralin.com/) ၏ မွေးနေ့ဖြစ်၏။
မွေ့နေ့လက်ဆောင်အဖြစ် အင်္ဂလိပ်လို " Happy Birthday To You" ဆိုသော စကားကို ဝမ်းမြောက်စွာဖြင့် ကျူးရင့်လိုပါသည်။
အမအတွက် ပျော်ရွင်သော မွေးနေ့ ဖြစ်ပါစေ ဟု ဆန္ဒမွန်ပေးခြင်းမဟုတ်၊ ထုတ်ဖော်ပြောလိုခြင်းဟု ဆိုလျင် ပို၍ သက်ဆိုင် မှန်ကန်ပေလိမ့်မည်။
ထုတ်ဖော်ပြောလိုခြင်းဟု စကားသုံးရခြင်းမှာ .... စာအနည်းငယ်ဆက်ဖတ်ကြပါစို့....။

လူသတ္တဝါ အနေနဲ့ပဲ ပြောရလျင် - လူတိုင်း မွေးဖွားလာရခြင်းသည် ဘာအတွက်ကြောင့်လဲ ? ဟု မေးခွန်းမေးလိုက်လျင်-
မြတ်စွာဘုရားရှင်၏ တရားဦးဦးဖျားဖျား သစ္စာတရားကို မကြားနာဖူးရသူတို့သည် မွေးဖွားလာရခြင်းကား ဘာအတွက် ညာအတွက် အမျိုးမျိုးသုံးသပ်၍ အဖြေများစွာထွက်လာနိုင်သော်လည်း၊
ဤသစ္စာတရားကို ကုသိုလ်ပါရမီထူးမြတ်၍ ကြားနာရသူတို့၏ ဉာဏ်၌ ထင်ရှားထွက်လာသော အဖြေသည်ကား တစ်ခုသာတည်း။
ထိုအဖြေမှာ ” လူတိုင်း မွေးဖွားလာရခြင်းသည် နောင်တစ်ဖန်မွေးဖွားခြင်းကိစ္စ ချုပ်ငြိမ်းရန် ” ဖြစ်၏ ဆိုသော အဖြေဖြစ်၏။

မြတ်စွာဘုရားရှင် အမှူးထား၍ သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်သွားသူတို့၏ မွေးဖွားခြင်းသည် နောင်တစ်ဖန်မွေးဖွားခြင်းကိစ္စ ချုပ်ငြိမ်းရန် ကျေးဇူးပြုသွားကြပါ၏။
ထိုမှမဟုတ် အခြားတစ်ပါးသော သံသရာပုံမှန်ရထားစီးနှင်းလိုက်ပါသူတို့အဖို့မှာကား မွေးဖွားခြင်းသည် အိုဘူတာဆိုက်ဖို့ နာဘူတာဆိုက်ဖို့ သေဘူတာဆိုက်ဖို့ -
နောက်တစ်ဖန် မွေးဘူတာ ထိုမှာ အိုဘူတာ..စသည်ဖြင့် ရထားခေါင်းတွဲပြောင်းပြီး (ဗြဟ္မာခေါင်းကနေ လူခေါင်း- လူခေါင်းကနေ ဝက်ခေါင်း၊ ဝက်ခေါင်းကနေ ကြက်ခေါင်း စသည့်ဖြင့်)
ဒုတ်ချက်ဒုတ်ချက် ခုတ်မောင်းလျက် ဆင်းရဲစွာ ခရီးဆက်နေကြရ၏။

ဤသို့ မြတ်စွာဘုရားရှင် ဦးဆောင်ခေါ်သည့် မဂ္ဂင်လမ်း၌ ဉာဏ်ခြေဖဝါးရာ ထင်ခဲ့ပြီဆိုလျင် ထိုသူ၏ မွေးဖွားခြင်း၊ မွေးနေ့သည် ပျော်ရွှင်စရာကောင်းသော - မင်္ဂလာရှိသောနေ့ဟု ဆိုထိုက်၏။ သတ်မှတ်ထိုက်၏။
ထိုသို့မဟုတ်ဘဲ ပုံမှန်ရထားကြီးခေါင်းပြောင်းသည့်နေ့ဖို့ အတွက်ကား Happy ဟု ဆိုရမည်လား? Unhappy ဟု ဆိုရမည်လား? ကြိုက်သလို သတ်မှတ်ချက်ပေးကြပါတော့။

ကျွန်တော့်အဖို့ အဓိပ္ပာယ်ရှိတဲ့ သတ်မှတ်ချက်ပေးပါဆိုရင်တော့ -
မြတ်စွာဘုရားရှင် ဦးဆောင်ခေါ်သည့် မဂ္ဂင်လမ်း၌ ဉာဏ်ခြေဖဝါးရာ ထင်သောသူတို့၏ မွေးဖွားခြင်း၊ မွေးနေ့သည်သည်သာ Happy Birthday အဖြစ် သတ်မှတ်လိုပါ၏။

အခုဓမ္မမိတ်ဆွေ မသစ္စာအလင်းအဖို့-
(၁) မြတ်စွာဘုရားရှင်၏ သာသနာ့အလင်းရောင် ထွန်းလင်းပြောင်နေခိုက်၌ ဉာဏ်ပညာပါရမီဓာတ်ခံပါလာသော လူဖြစ်ခွင့်ရခြင်း။ ( ဉာဏ်ပါရမီဓာတ်ခံရှိမှုအား လောကီပညာအရာ၌ သင်ကြားတတ်မြောက်မှုအစ အစပြု၍ စသည်ဖြင့် အကဲခတ်သိနိုင်ခြင်း)

(၂) သစ္စာတရားများကို ကရုဏာရှေ့ထားဟောကြားပြသထောက်ပြပေးသော သံဃာတော်အရှင်မြတ်များထံ၌ နီးကပ်စွာ ဝတ်ကြီး ဝတ်ငယ်ပြု၍ တပည့်ခံခွင့်ရခြင်း။ ( ပိုင်းလော့ဆရာတော်ဘုရားကြီး၏ လိမ္မာသော တပည့်မ ဖြစ်ခွင့်ရခြင်း)

(၃) ဟောကြားသော သစ္စာတရားကို ကောင်းစွာ နှလုံးသွင်းခံယူနိုင်သော နှလုံးသားဓာတ်ခံရှိခြင်း၊ သစ္စာတရားကို ထောင်နိုင်သောနား ပါရှိခြင်း။(သစ္စာတရားတစ်ပုဒ်ကို နာကြားလိုက်ရလျင်ပင် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ခြင်း)။ (တရားတစ်ပုဒ် နာဖို့ ပေးလိုက်လျင် တုံ့ပြန်ပြောဆိုမှု၌ အကဲခတ်သိရခြင်း)

(၄) နာယူသိ အသိကို နှလုံးသွင်း ဆောင်ယူ၍ ကိုယ်ပိုင်အရှိဖြစ်အောင် ကိုယ်တိုင်ကိုယ်ကျ ပွားများအားထုတ်ခြင်း။ (မိတ်ဆွေဖြစ်ခွင့်ရခြင်းမှ သိရခြင်း)

(၅) ရတနာသုံးပါ၏ ဂုဏ်ကျေးဇူးကို သိတတ်ခြင်း၊ ရတနာသုံးပါးအား အသက်နှင့် ထပ်တူထပ်မျှထား၍ ယုံကြည်ကိုးကွယ်သည့် သတ္တိသည် နှလုံးအိမ်၌ ကိန်းနေခြင်း။ (ကာယ၊ဝစီ မနောချီ၍ ပြုကြရာဝယ် ကာယ၊ဝါစအမှုကို ကြည့်၍ မနောဓာတ်ကို အကဲခတ်သိနိုင်ခြင်း)

စသည့် စကြာမင်းရတနာ အဆပေါင်း ကုဋေကုဋာမျှဖြင့် လှဲလှယ်၍ မရကောင်းသော လွန်စွာရခဲလှသာ ဤအကျိုး(၅)ပါးကို မ သစ္စာအလင်း ဤဘဝ၌ ရရှိနေပေပြီ။
မိတ်ဆွေမို့ ဂုဏ်ဖော်ပြောလိုခြင်းမဟုတ်ပေ။ ဥပမာပြောရလျင် - ကျွန်တော်က သံပုရာသီးချဉ်တယ်လို့ ပြောလိုက်မှ သံပုရာသီးက ချဉ်သွားတာမဟုတ်၊ ချဉ်တာမဟုတ်၊
သူ့ပင်ကိုယ် ဓာတ်ကိုက ချဉ်လို့ ချဉ်တယ်လို့ ထုတ်ဖော်ကာ ပြောရသည်မျှပါ။
ဤဥပမာအသွားကဲ့သို့ မိတ်ဆွေမို့ ဂုဏ်ဖော်ပြောလိုခြင်းမဟုတ်ပေ၊ ထုတ်ဖော်ပြောလိုခြင်း မျှသာ။

ဤမျှ အဖိုးကြီးမားသော အကျိုး(၅)ပါးကိုရရှိဖို့ အကြောင်းအထောက်အပံ့အား မသစ္စာအလင်းအဖို့မှာ ဘဝပေါင်းများစွာက မွေးဖွားခြင်းဒုက္ခကို အရင်းခံ၍ နားပါးပါးဖြင့် ဖြည့်ကျင့်ခဲ့ရသည်မှာ
ပုဗ္ဗေနိဝါသအဘိဉာဏ်ဖြင့် သူ့ဘဝဖြစ်စဉ်ကို ကြည့်စရာပင်မလို၊ ပဋိစ္စသမုပ္ပာဒ်ဒေသနာတော်အား ကြားနာဖူးသော အသိဉာဏ်၊ ပဋ္ဌာန်းဒေသနာတော်အား ကြားနာဖူးသော အသိဉာဏ်ဖြင့်ပင် ကြည့်ရှုက ထင်းလင်းစွာသိနိုင်၏။
ဤသို့ ဘဝများစွာ စတေးပြီးမှ ယခုဘဝမှာ အထက်ပါ အကျိုးငါးပါး ရရှိ၍ မြတ်စွာဘုရားရှင် ဦးဆောင်ခေါ်သည့် မဂ္ဂင်လမ်း၌ သူ့ဉာဏ်ခြေဖဝါးရာထင်နိုင်ခဲ့သည့်အတွက်မို့ ဤဘဝမွေးဖွားခြင်း၊ မွေးနေ့သည် Happy Birthday - အမှန်ပင်ဖြစ်ပေ၏။
နိဂုံးချုပ်အားဖြင့် လက်ဆောင်အဖြစ် သတိပေးစကားဆိုပါရစေ။ ထိုသတိပေးစကားကို - ပိုမိုခိုင်မာစေရန် အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး၏ ဒုက္ခနှင့် သုခ ကို ဉာဏ်ကြီးကြီးနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုပါ ဖော်ပြလိုပါသည်။
ဒုက္ခ - နောင်တစ်ဖန် မွေးဖွားရခြင်း။
သုခ - နောင်တစ်ဖန် မွေးဖွားခြင်းကိစ္စချုပ်ငြိမ်းခြင်း။
ဤ အနက်နှစ်ခုမှ သုခနှင့် ပြည့်စုံသူတို့သာလျင် မှန်စွာ Completely Happy ဖြစ်နိုင်၏။ ဒုက္ခရှိနေသူအဖို့ Happy Degree 100% မဖြစ်နိုင်သေး၍ ( သုခအပြည့်ရဖို့ - ဒုက္ခအပြည့်ကို ထိုးထွင်းသိသောဉာဏ်) သည် အမသဏ္ဍာန်၌ ပိုမို၍ ထင်ရှားသည်ထက် ထင်ရှား၍ ထင်ရှားစွာ ထွန်းလင်းလာစေရန် (ဝီရိယတိုးပွား) ပါစေသား။

ခင်မင် လေးစားစွာဖြင့်
ဝင်းမြင့်၊ မေဟန်
" Happy Birthday မ သစ္စာအလင်း".." Happy Birthday To You"

*******************************************************************
ကျွန်မ အတွက် ဓမ္မ က ပေးအပ်လာသော အဘိုးတန်မောင်တစ်ယောက်၊ ညီမတစ်ဦး (ကျွန်မ ကအာဂျန်ဟုခေါ်သော ကိုဝင်းမြင့်နှင့်မမေ)ကို ကျေးဇူးလည်းတင် မိသလို စိတ်မှာလုံခြုံမှုလည်း ရရှိလိုက်ပါတယ်။ နှစ်သိမ့်ဝမ်းမြောက်မှုနဲ့အတူပေါ့။

မွေးနေ့လက်ဆောင်(သို့မဟုတ်)ဆန်တက်လာသောရေစီးကြောင်းများ





အန်တီရေ...
ပျော်ရွှင်ချမ်းမြေ့ဖွယ် နေ့လေးဖြစ်ပါစေ လို့ အရင်ဆုံးဆုတောင်းလိုက်ပါတယ်။ စာတွေအများကြီးရေးပြီးတော့ လက်ဆောင်မပေးပဲ မှတ်သားစရာ ဓမ္မမှတ်စုလေးတွေကို ပို့လိုက်ပါတယ်။အန်တီ ကျန်းမာချမ်းသာ စွာနဲ့ သာသနာအကျိုး မိမိခန္ဓာအကျိုးကို ယခုထက် ပိုလို့ ဆောင်ရွက်နိုင်ပါစေ...။

မွေးနေ့တွေ လုပ်နေရတဲ့၊ အသိအမှတ်ဖြစ်နေရတဲ့ မွေးဖွားခြင်းဆိုတဲ့ နေ့တွေကို ဘယ်သောအခါမှ မရရှိ၊ မရောက်ရှိတော့ပဲ။ လက်ရှိဘ၀မှာပဲ မွေးခဲ့တဲ့ မွေးနေ့သည် နောက်ဆုံး မွေးခြင်းဖြစ်ပါစေ...။

သေဆုံးခြင်းသည်လည်း ဒီဘ၀ နောက်ဆုံးဖြစ်ပြီး နောင် တဖန် မွေးဖွားခြင်းမှ ကင်းဝေးချမ်းသာနိုင်ပါစေ..လို့ ဆုတောင်းလိုက်ပါတယ်။

သားအောင်ဦး(ဓမ္မရသ)
****************************************************************
မေမေ
သားကျန်းကျန်းမာမာပဲပြန်ရောက်ပါတယ်။မေမေကောနေကောင်းရဲ့လား။
မေမေ့မွေးနေ့အတွက်ဂဏန်းတွေ ဒီနေပဲ သားသွားလွှတ်လိုက်ပြီးမေမေ့အတွက်ဆုတောင်းမေတ္တာပို့သပါတယ်။
သားအကုန်အဆင်ပြေပါတယ်မေမေ။
သားကြီးကိုဥဂ္ဂါ
********************************************************************
အများကြီးချစ်ရပါသောမီးရဲ.မေမေကြီးရေ

မေမေနေကောင်းရဲ.လား။ကျန်းမာရေးကိုဂရုစိုက်ပါနော်။ မေမေကိုပေးဖို့မွေးနေ့လက်ဆောင်ကိုမီးမနေ့ကတစ်ညလုံးစဉ်းစားနေတာနောက်တော.မှအကောင်းဆုံးသွားစဉ်းစားမိတယ်။၃ရက်တရားစခန်းဝင်တာပါမေမေ။ မီးစဉ်းစားကြည့်တော့မေမေပဲတစ်ချိန်လုံးမီးတို့ကိုပေးဆပ်နေရတယ်။ မေမေစိတ်ချမ်းသာအောင်မီးလုပ်ပေးနိုင်တာကဘုရားတရားပဲထင်တယ်နော်။ဒါကြောင်.တရားစခန်း၃ရက်ဝင်ဖို.ဆုံးဖြတ်လိုက်တာ။ရွှေတိဂုံဘုရားမှာ ဆလိုက်မီး တစ်ညတာ ပူဇော်ပေးထားပါတယ်မေမေ။
မေမေမွေးနေ့မှာပျော်ရွှင်ပါစေနော်။
သမီးငယ်စုမြတ်ရတနာ
******************************************************************

Thursday, July 9, 2009

နှင်သူမရှိ၊ပြန်ဘို့ရှိ၏။

မေမေချစ်သောသားသားနဲ့မီးမီးရေ…

လွန်ခဲ့တဲ့၃၇နှစ်တာကာလကပေါ့..၁၉၇၁ ဖေဖေါ်ဝါရီလ ၂၁ရက်နေ့ရဲ့ ညနေခင်းအချိန်လေးမှာ မေမေတို့ရဲ့ အိမ်ကို မုန်တိုင်းမွှေသလို သတင်းဆိုးတစ်ခု ဝင်ရောက် လာခဲ့ပါတယ်။ ပန်းဆိုးတန်း ဒလကူး တို့သဘောင်္ဟာ ဂျပန်ပင်လယ်ကူးသင်္ဘော နဲ့ဝင်တိုက် နစ်မြုပ်သွားတယ် ဆိုတဲ့သတင်းပါပဲ။

မေမေ့ အဖေ သားတို့ဘိုးဘိုးကြီး စီးနင်းလိုက်ပါသွားမယ်လို့ အဲဒီနေ့မနက်ကတင်ပြောခဲ့တာကိုး။ ဘိုးဘိုးတို့မွေးရပ်ဇာတိဟာ ဒလ နဲ့တွံတေးသွား ကားလမ်းနဘေး မှာရှိပါတယ်။ နှစ်စဉ် ကျင်း ပတဲ့ရွာ ဘုရားပွဲကို သွားဘို့ မေမေ့အဖေဟာသူ့ရဲ့ ဝမ်းကွဲညီမ ၁-ဦး တူတူမနှစ်ဦးနဲ့အတူ ချိန်းဆိုခဲ့ပါတယ်။

ညနေလေးနာရီခွဲ ထွက်တဲ့သဘောင်္ ဆိုတော့သေချာပါတယ်လို့ဆိုရင် မေမေ့---မေမေ သားတို့ဖွားဖွား ဟာကျောင်း ကပြန်လာတဲ့ ခြင်းတောင်းလေးကိုဘေးမှာ ချပြီး ရှိုက်ကြီးတစ်ငင် ငိုကြွေးရှာပါတယ်။ ချက်ချင်းသတင်းလာ မေးတဲ့ သူတွေနဲ့ ပြည့်နှက်သွားတဲ့အိမ်လေးမှာ အရပ်ထဲက မဏ္ဍပ်ထိုး ကြသတင်းမေးကြနဲ့---မေမေဟာလည်း မျက်စေ့သူငယ် နားသူငယ်----ခိုကိုးရာမဲ့ ဆောက်တည်ရာမဲ့ ဝမ်းနည်းဆို့တက်လာခဲ့ပါတယ်။

အတူသွားတဲ့ မေမေ့ အဒေါ် တွေ ဝမ်းကွဲအကို အမ--တွေ ကလည်း တစ်လမ်းတည်းနေကြတာဆိုတော့ သောကပင်လယ်ဝေခဲ့ကြရတာ…။မေမေ့ အစ်ကိုကြီး နှစ် ယောက်ကတော့ ပန်းဆိုးတန်းဆိပ်ကမ်းကိုသွားခဲ့ပါပြီ။
နှစ်နာရီလောက်ကြာတော့မေမေတို့ဝမ်းကွဲ ဦိးလေးတစ်ယောက်အိမ်ကို ရောက်လာပါတယ်…။ ငါသဘောင်္မထွက်ခင် ဆင်းနှုတ်ဆက်တာ သူတို့ကိုနင်တို့အဖေသဘောင်္ ပေါ်ပါမသွားဘူး ဆိုတဲ့စကားလေး ကြောင့်မေမေတို့မောင်နှမတွေ မျှော်လင့်ချက်ရောင်ခြည်လေးသန်းကာ တက်ကြွလာပါတယ်။

တိုးအေး သဘောင်္ကို ဝင်တိုက်တာကို တိုက်တာလည်းမြင်လိုက်ရတယ်တဲ့..။အဲဒီတော့မှ စုံစမ်းဘို့သတိရပြီးမေမေ့ အစ်ကိုတွေပြင်ဆင်ကြပါ တော့တယ်..။ စိတ်ထက်သန် တဲ့ အစ်ကို အငယ်ဆုံး-ဘဘကျော် ကချက်ချင်း စက်ဘီးဆွဲပြီး ပန်းဆိုးတန်းဆိပ်ကမ်းကို နင်းပါတော့တယ်…။

ကယ်ဆယ် ရေးတွေ အလောင်းသယ်တာတွေနဲ့ ရှုပ်ထွေးနေတဲ့ပန်းဆိုးတန်းဆိပ်ကမ်းကို သမ္ပန် ငှားစက်ဘီးတင် ကူးကာ ဒလ ဆိပ်ကမ်းရောက် တာနဲ့စက်ဘီးကို အသားကုန် နင်းပါတယ်…။

ရွာထိပ်ကိုဝင်ထဲက အဖေရေ----လို့ခေါ်ပြီး ဝင်သွားတာ မျှော်လင့်ထားတဲ့အတိုင်းဘိုးဘိုးကို အသက်ရှင်လျှက် တွေ့ရပါတော့တယ်..။သူဟာ မနစ်မြုပ်ခင် ထွက်တဲ့အခေါက်ကို စီးခဲ့တာတဲ့ ၃နာရီ ခွဲအခေါက်ပေါ့လေ..။ အ.ထ.က(၄)အလုံမှာ ကျောင်းဆရာလုပ်တဲ့ ဘိုးဘိုးဟာ စာမေးပွဲခန်းစောင့်ကျရင်း အင်္ဂလိပ်စာနေ့ မို့ကျောင်းသားတွေစောပြီးတာမို့ေ ကျာင်းစောစောဆင်းခဲ့တယ် ဆိုပါတယ်။

သဘောင်္ဆိပ်ကို တစ်နာရီ စောရောက်နေလေတော့---- သူတို့က သုံးယောက် တောင်ရှိတာပဲ မစောင့်လို့လည်း ဖြစ်ပါတယ် အတွေးကဝင်လာတာတဲ့။ စိတ်ထဲမယ် ဘယ်လိုဖြစ်တယ်မသိ ၃နာရီခွဲခေါက်ကို စီးနင်းလိုက်ပါပြီး ရွာကိုဘေးကင်းစွာ ရောက်ရှိနေခဲ့ပါတယ်။

သူဘေးကင်းခဲ့တာကို ဝမ်းမသာနိုင်ပဲ တူတူမလေးနဲ့ ညီမကိုချန်ထားခဲ့ သလိုဖြစ်ရတယ်လို့ ယူကြုံးမရဖြစ်ရှာ ပါတယ်။အင်မတန် မေတ္တာတရားကြီးမားတဲ့သူပါ။

တကယ်တော့လည်းသားသားမီးမီးမီးရေ--အဲဒီတစ်ခါ တုံးက အန္တရာယ်ကင်းခဲ့ပေမဲ့ ၂၀၀၈ ဇူလိုင်လ အသက် ၈၈ နှစ်မှာတော့ အာလုံးသွားရမဲ့လမ်းကို သွားရပါတော့တယ်.။

မေမေ့အတွက်ကျေနပ်စရာက မဆုံးခင် တစ်လခွဲတာ ကာလ မှာ အချိန်ပြည့်နီးပါး တူတူနေခဲ့ရတယ်။ ဗိုလ်အောင်ကျော် တို့ခေတ် ကကျောင်းသား ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဘိုးဘိုးဟာ ပင်နီဖျင်ကြမ်းအင်္ကျီ ကိုသာ အမြဲဝတ် တတ်တာပဲ။ ဆုံးမဲ့ လမှာ တော့ မေမေ့ကိုရှပ်အင်္ကျီ အသစ်တွေချည်း ဝယ်ခိုင်းခဲ့တာ။ ဘုရားတွေပို့ခိုင်း ခဲ့တာ။ နောက်ဆုံး မလွန်ဆန်လှူအသင်းမှာ ငွေပဒေသာပင်စိုက်ခိုင်းခဲ့တာ ။ မေမေ ကိုကုသိုလ်တွေ ပေးခဲ့တာဖြစ်မှာပါပဲ ဆိုတာ အခုမှတွေးမိတယ်။

ဘာရောဂါ ဝေဒနာမှမရှိတာ--ဆုံးမယ်ဘယ်ထင်ပါ့မလဲ။--- အထူးကုဆရာဝန်ကိုယ်တိုင်က အဆုတ်ရောင်တာ လေးပါလို့ မှတ်ချက်ပေးခဲ့တာပါပဲ..။ မေမေ ကတော့ ခံစားသိနဲ့ သိနေခဲ့တယ်…။ တနေကုန် ပြုစုခဲ့ပြီး ၂ နာရီသာအိပ်လိုက်တာ ည ၁၁နာရီလောက်ကျတော့ အလိုလို မသိစိတ်ကနိုးကြားလာသလို ထထိုင်နေမိတယ်။

သမီး မနက်မိုးလင်းပြီလားတဲ့--ည ၁၁နာရီခွဲပါ ဘာလုပ်မလို့လဲ အဖေလို့ဆိုတော့--အော် ဘုရား ထရှစ်ခိုးမလို့ပါသမီးရယ်တဲ့။ သတိလည်းတစ်ချက်မှ လွတ်မနေဘူး။ အဖေ့အိပ်ယာဘေးမှာ Dream Bed နဲ့အိပ်တဲ့မေမေ့အတွက် ခြင်ထောင်ထောင်ရင်း နံရံကပ်နာရီ ပြုတ် ကျသွားတာကိုတောင် နာရီကဘယ်ရာက် သွားလဲမေးနေသေးတာ။ အဖျားလည်းရှိမနေဘူး။ ရေသာက်မယ်လုပ်တော့ ဆွဲထူ မပြီးထိုင်စေပြီး ရေတိုက်ခဲ့တာနောက်ဆုံးပါပဲ။ဆီးတည်တော့ ဆီးက ထွက်မလာတော့ပါ။

ထိုင်နေတုံး ဆေးတိုက်၊ သွေးပေါင်ချိန်တိုင်းနေချိန်မှာ၊တိုင်းတာလို့မရ တော့ Error ပြမှ မျက်နှာကို ကြည့်လိုက်မိပါတယ်…။စုစုပေါင်း ၃မိနစ် လောက်ပဲ ကြာမယ်..။
မေမေ့ညာလက်ပေါ် ခေါင်းကိုမှီ တင်ထားရင်းဘယ်လက်က နှလုံးသားကို ဖိထားလို့ မေမေသရဏဂုံ ရွတ်ဆိုပေးနေလိုက်တယ်။ မေမေ့ မမကြီး ကို အော်ခေါ်တယ်။ ပဋ္ဌာန်းစရွတ်ပါတယ်။

အနန္တရပစ္စည်း အရောက်မှာပဲ နောက်ဆုံးထွက်သက်ကို မှုတ်ထုတ်လိုက်ပါတော့တယ်။ မြန်လိုက်တဲ့သေခြင်းတရားရယ် ---မျက်ဝါးထင်ထင်ပြသလိုက်တာပါပဲ။
မေမေ မငိုခဲ့ပါ- ကလေးတို့ရေ..။ မသေခင် စိတ်ချမ်းသာစေခဲ့တယ်။ အေးမြငြိမ်းချမ်းစေခဲ့တယ်။ သေပြီးတာဝန်ကတော့ အမျှဝေဘို့ပဲရှိတော့တာပါပဲ..။

**ကျေးဇူးရှင်အဖေ…သမီးလှူဒါန်းရသောဒါနကုသိုလ်၊ အဖေသင်ပေးတဲ့ ပညာဖြင့် စာပေရေးသားရသော-ဓမ္မဒါနကုသိုလ်၊ ဆောက်တည်ရသော သီလကုသိုလ်၊ ပွားများအားထုတ်ရသော သမထဘာဝနာ၊ဝိပဿနာဘာဝနာ ကုသိုလ်တို့၏ အဘို့ဘာဂကို သမီးနှင့် ထပ်တူထပ်မျှ အမျှရပါစေရန် အမျှ အမျှ အမျှ ပေးဝေပါ တယ် အဖေ… ရောက်ရာဋ္ဌာန ဘုံဘဝ မှ ဝမ်းမြေက်နုမော်-သာဓု ခေါ်လိုက်ပါအဖေ…။***
မရဏာနုဿတိ နှင့်သံဝေဂ ရယူစေရန် ဤ ကဗျာ နှစ်ပုဒ် ဓမ္မဒါနပြုပါရစေရှင့်။

မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီး ရေးသားတော်မူသော---

ရုပ်နာမ်ဓမ္မ၊သင်္ခါရတို့..ကိုယ်ကဤပုံ၊ ဖြစ်လိုတုံလည်း…
တစ်ဖုံဆင်ကွဲ၊ သူတနဲဖြင့်၊ဖောက်လွဲတတ်စွာ ဓမ္မတာကို
ပညာစက္ခု၊ မျှော်ထောက်ရှု၍…
ယခုပင်လျှင်၊ မအိုခင်က..ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့..
ယခုပင်လျှင်၊ မနာခင်က…ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့..။
ယလုပင်လျှင်၊ မသေခင်က..ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့…။
ရတုချိန်ထောက်..ဤခါရောက်မှ ချုပ်ပျောက်ခန္ဓာ..သေစိမ့်ငှာဟု..
သတ္တဝါခပင်း၊ ရှင်သေမင်းနှင့်၊ မိတ်သင်းဖွဲ့လျက်၊ ချိန်းအချက်လျှင်..တစက်ကမှမရှိကြဘူး။
အပ္ပမာဒေန၊ဘိက္ခဝေ သမ္ပာဒေထ၊ဘုရားစကား၊လိုက်နာပွားကာ၊ တရားလက်မလွှတ်စေနှင့်..။

ဧည့်သည်

မင်းတို့လာလည်း..ငါ့မှာတားခွင့်မရှိပါ……။
မင်းတို့သွာလည်း ဟန့်တားပိုင်ခွင့်မရှိပါ..။
ငါသည်ပင်မူခေါ်သူမရှိ..ရောက်လာမိစဉ်..
နှင်သူမရှိ..ပြန်ဘို့ရှိ၏။
ငါနေသည့်အိမ်..၊ငါ၏အိမ်ဟု
ငါ့အိမ်မှထား၊ငါ့မယားနှင့်
ငါ့သားသမီး၊ငါ့ပစ္စည်းဟု
ယူသည်းစိတ်စွဲ၊အမှတ်လွဲခဲ့..။
အမှန်မှာမူ..
ငါလာသော အခါ..လက်ဗလာတည့်
ပြန်ရပါလျှင် လက်ချည်းပင်တည်း။
ငါ့တွင်ကိုယ်ပိုင်မရှိတကား။
လာသူလာလည်းလာစမ်းပါစေ..မဆီးလေနှင့်..။
သွားသူသွားလည်းသွားစမ်းပါစေ….မတားလေနှင့်..။
တို့တတွေမှာ..သဘာဝလျှင်..အမိရင်ဝယ်..
ထွက်ဝင်ခိုနား၊ခရီသွားသည့်…အားလုံးဧည့်သည်ချည်းပါတကား။

(၈.ရ.၂၀၀၈ နေ့တွင်ဘဝတစ်ပါးသို့ပြောင်းသွားကွယ်လွန်ခဲ့သော ကျေးဇူးရှင် ဖခင်ကြီး သေဆုံးခြင်း တစ်နှစ်ပြည့် အထိန်းအမှတ် ဤစာစုဖြင့် လက်အုပ်ချီမိုး ရှိခိုးကန်တော့လိုက်ပါသည် ။)
ဓာတ်ပုံမှာ မဆုံးပါးခင် တစ်ပတ်အလို လေးဖြစ်ပါသည်။

Tuesday, July 7, 2009

ဒေါက်တာအရှင်ဇယတိဿရဲ့-သစ္စာပါရမီ-တရားရိပ်သာသစ်(စင်္ကပူ)

လေးစားချစ်ခင်ရပါသော စင်္ကပူနိုင်ငံမှ ဓမ္မမိတ်ဆွေ အပေါင်းတို့ရှင့်---

ကြားဘူးနားဝရှိတဲ့ စကားအရဆိုရင် လုပ်ငန်းခွင်စိတ်ဖိစီးမှု(stress) အများဆုံး နိုင်ငံ သုံးနိုင်ငံ ရှိပါတယ်တဲ့။ အဲဒါတွေကတော့ ၁။ကိုရီးယား၂ဂျပန် ၃။စင်္ကပူ လို့ဆိုပါတယ်။

တစ်ခါက ကျွန်မရဲ့ ဂျီတော့ ထဲမှာ ဝင်လာတဲ့ ဓမ္မမိတ်ဆွေတစ်ယောက် ကို မှတ်မိနေပါတယ်။ ဓမ္မ ဘလော့ဂါ ပါလား--- ကျေးဇူးပြုလို့ သူခံစားနေရာတွေ အတွက် အရေးတစ်ကြီး နားလည် ကုစားပေးနိုင်မဲ့ ဘုန်းဘုန်း တစ်ပါး(သို့မဟုတ်) တရားရိပ်သာ တစ်ခုခု ရဲ့ သတင်းအချက်အလက် ရချင်ပါတယ်တဲ့။

ကျွန်မ ကဘယ်နိုင်ငံကလဲမေးတော့ စင်္ကပူကပါတဲ့။ အဲဒီ အချိန်က အခါအားလျော်စွာ ပိုင်းလော့ဆရာတော်ဘုရားကြီး စင်္ကပူ ရောက်နေတဲ့အခါနဲ့ တိုက်ဆိုင်နေတော့ အလွယ် တစ်ကူ တရားနာယူဘို့ လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။

ဓမ္မသတင်းတွေရဲ့ အရေးပါမှုကို ကျွန်မနားလည်သဘောပေါက်ခဲ့ပါတယ်။Stress Management ဟာ တကယ်လိုအပ်နေခဲ့ ပါပြီ..။ကျွန်မတို့ ဓမ္မ ဘလော့ဂါ-Dhamma Blogger တွေဟာ သံဃာတော်တွေနဲ့ လူတွေကြားပေါင်းကူးတံတား ဖြစ်နေရမယ်ဆိုတာ ခံစားသိ လေးရရှိခဲ့ပါတယ်။

အခုဖော်ပြချင်တဲ့ဓမ္မ သတင်းလေးကတော့ ဆရာတော် ဒေါက်တာ အရှင်ဇသတိဿ ရဲ့တရားရေအေး အမြိုက်ဆေး တိုက်ကျွေးပေးမဲ့ တရားရိပ်သာ အသစ်လေးပါ။လိုအပ်သူများ ဆက်သွယ်ဆောင်ရွက်၊အားထုတ် နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေရှင့်။

Monday, July 6, 2009

ဝါဆိုလပြည့်၊ဓမ္မစင်္ကြာအခါတော်နေ့(သို့မဟုတ်) သစ္စာအလင်း-ရောင်-ဆောင်-ရအောင်

မေချစ်သောသားသားနဲ့ မီးမီး ရေ--

ဝါဆို ဆိုတဲ့ နာမည်လေးဟာ အမှတ်တရများစွာနဲ့အတူ တစ်ဖန် ရောက်ရှိလာခဲ့ပြန်ပါပြီ ။ဝါဆိုလမှာ--တနည်း အရှင်အဿဇိ သောတာပန် တည်တဲ့နေ့မှာ လူ့လောကထဲကိုရောက်ရှိလာခဲ့တဲ့မေမေ ဟာ ဝါဆိုမိုး၊ ဝါဆိုပန်းရနံ့ တွေ၊ ဝါဆိုသင်္ကန်းကပ်လှူပွဲတွေ၊ ဓမ္မစင်္ကြာရွတ်ဆိုပူဇော်သံတွေ ကိုကြားယောင်မြင်ယောင်ရင်း အတိတ်ခန္ဓာ တွေသက်ဝင်လှုပ်ရှား လာခဲ့ ပါတယ်။မွေးနေ့ပွဲတိုင်း ကိုဝါဆိုသင်္ကန်းကပ်လှူပွဲ နဲ့အတူ လှူဒါန်း ခဲ့ရတာတွေ သတိရနေမိပါတယ်။

ဝါဆိုလပြည့်ဆိုတာကတော့ မေမေတို့ ဗုဒ္ဓဘာသာဝင်တွေ အတွက် အရေးပါတဲ့နေ့ဖြစ်နေခဲ့ပါတယ်။(သန္ဓေ တောထွက်၊ဓမ္မစက် မိန့်မြွက်လဝါဆို) ဆိုတာ ကလေးတို့ မှတ်သားပြီးသားဖြစ်မှာပါ

(၁)ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )

(၂)တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )

(၃)ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )

(၄)သောတာပန်လူသားစပေါ်သည့်နေ့ -မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ့ )

(၅)သံဃာရတနာစပေါ်သည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ့ )

မေမေတို့ရဲ့ ကျေးဇူးတော်ရှင်မြတ်စွာဘုရား တရားဦးဟောကြားခဲ့လို့မေမေတို့ လူ့ဘုံလောကမှာ သစ္စာအလင်းရောင် တွေ ထိန်ထိန်ညီးခဲ့တာပေါ့။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါး၊အမှန်တရားကို ဟောပြ ခဲ့တဲ့ သစ္စာအလင်းရောင် ဆောင်ယူပြသခဲ့တဲ့ နေ့ထူးနေ့မြတ်အခါသမယပေါ့နော်။

ဓမ္မစင်္ကြာ-တရားဦး ဟောကြားတော်မူခဲ့တဲ့နေရာလေးကလည်း ရိုးရိုးရှင်း ရှင်းလေး…မြင်ယောင်ရင်းမှန်းဆကြည်ညိုရအောင်ပါ။

မေမေတို့ရဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားဟာ တောမှာဖွားမြင်တော်မူခဲ့ပါတယ်(လုဗ္ဗိနီအင်ကြင်းတော)။

တောမှာ တရားကျင့်ကြံအားထုတ်ခဲ့တယ်။ဘုရားဖြစ်ပြန်တော့လည်း လူသူမနီးတဲ့ဗောဓိညောင်ပင်အောက်မှာ ဘုရားဖြစ်တော်မူခဲ့ပါတယ်။ (ဥရုဝေဠတော)။

တစ်ခါတရားဦးဟောကြားတော်မူခဲ့တာလည်း (မိဂဒါဝုန်တော)ထဲမှာ။

ပရိနိဗ္ဗာန်စံဝင်တော့လည်း( ကုသိနာရုံ) ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတောမှာ။

သူတော်ကောင်းတွေ ဟာ သစ်ပင်တောတောင်တွေ ကိုမွေ့လျော်ကြတာ..မှတ်သားစရာ။စိတ်ဝင်စားစရာပဲနော်။

သဗ္ဗညုတရွှေဉာဏ်တော်ရရှိခဲ့တဲ့ ဥရုဝေဠတော ကနေ ၁၈ယူဇနာကွာဝေးတဲ့ မိဂဒါဝုန်တောကို ပင်ပင် ပန်း ပန်းခြေလျင်ခရီးကြွတော်မူရှာတယ်။မိဂဒါဝုန် တောထဲမှာခမ်းခမ်းနားနားလည်းမဟုတ်ဘူး။ ဘုရားရှင် ကလည်းရိုးရိုးလေး ထိုင်လို့၊ ပဉ္စဝဂ္ဂီ ၅ပါးကလည်း ဘေးနားမှာရိုးရိုးလေးထိုင်လို့၊ နေကလည်း အပူရှိန်လျော့ပြီးဝင်ခါနီးဆဲဆဲ လမင်းကလည်းထွန်းသစ်စအချိန် ဆိုတော့အလွန်အေးချမ်းညိမ်သက်နေမှာ ပဲနော်။

အဲလိုနေကြတဲ့အချိန်မှာ မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကို နာယူမယ်လို့ ကြိုးစားလာ ကြတဲ့ နတ်တွေဗြဟ္မာတွေ၊ တရားစတော့မှ အသံတော်ကြားလို့ ပြေးလာကြတဲ့ နတ်တွေဗြဟ္မာတွေ လည်း ပတ်ဝန်းကျင်မှာ ရှေ့မှာရော နောက်မှာရော ဘေးမှာရော အကုန်လုံးပြည့်နေကြမယ်ဆိုတာ စိတ် ကူးကြည့်လိုက်ပါနော်။ ရိုးရှင်းမှု ငြိမ်းချမ်းမှုကို ခြံရံထား လို့ စည်ကားသိုက်မြိုက်နေပါတယ်..။

အဲဒီနတ်ဗြဟ္မာတွေဟာ--တစ်ဆယ့်ရှစ်ကုဋေ လောက်ရှိတယ်လို့ဆိုပါတယ်။ အဲဒီ နတ်ဗြဟ္မာတွေရဲ့ အလယ်မှာ လူသားထဲက ပဉ္စဝဂ္ဂီ-၅ ဦး ကိုအမှူးထားပြီးသကာလမှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟာ ဓမ္မစင်္ကြာတရား ကိုစတင် ဟောကြားတော်မူခဲ့ပါတယ်ကလေးတို့ရေ..။

သစ္စာဆိုတာကတော့ လောကီသစ္စာနဲ့ လောကုတ္တရာသစ္စာ နှစ်မျိုးရှိတာပေါ့နော်။ ဒုက္ခသစ္စာ နဲ့ သမုဒယသစ္စာက လောကီသစ္စာနှစ်ပါး၊ နိရောဓသစ္စာ နဲ့ မဂ္ဂ သစ္စာ က လောကုတ္တရာသစ္စာနှစ်ပါး။
အဲဒီ သစ္စာနှစ်ပါးမှာလည်း ဘုရားရှင်က အကြောင်းသစ္စာနဲ့ အကျိုးသစ္စာနှစ်ပါး မှာ အကျိုးသစ္စာဖြစ်တဲ့ ဒုက္ခသစ္စာကိုအရင်ဟောပါတယ်ကလေးတို့ရေ..။

ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးခဲ့ဘူးတယ်။
(လောကီဘုံဝယ် ၊သာယာဖွယ်ဟု တွယ်တာလေငြား၊ဝေနေများကို၊တရားသံဝေ၊ရပစေဟု ထွေထွေဒုက္ခ ၊ဦးစွာ ပြ၏ )

(ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ ၊ဗျာဓိပိဒုက္ခော ၊မရဏံပိဒုက္ခံ ၊အပ္ပိယေဟိ သမ္ပယောဂေါဒုက္ခော၊ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော ယံပိစ္ဆံ နလဘံတိ ၊တံပိဒုက္ခာ သံခိတ္တေန ပဉ္စုပါဒါ နက္ခန္ဓာဒုက္ခာ။)ရယ်လို့ ဒုက္ခခန်းကို ဟောလိုက်ပါတယ်။

အားကျစရာဘာမှာမရှိဘူး။ အကုန်လုံး ဒုက္ခတွေ ချည်းပါပဲ။တကယ်တော့ကလေးတို့ရေ..ဒုက္ခဆိုတာ အကျိုးတရားပါပဲ။အဲဒီကျိုးတရားကိုအရင်ပြပြီးတော့မှ အဲဒီဒုက္ခ ဘာကြောင့်ဖြစ်သတုန်းလို့စဉ်းစားတဲ့ အချိန်ကျတော့ အဓိကဇာတ်လိုက်ကို ဆွဲထုတ်ပြလိုက်တာပေါ့…။ ဇာတ်လိုက်ကျော်ကြီးက တော့ တဏှာပါ။

ကျေးဇူးတော်ရှင်မူလဓမ္မဆရာတော်ဘုရားကြီး ကတော့ တဏှာပေလို့ပဲနော် နှစ်ဏှာ သုံးဏှာ သာဆိုခက်ရချည်ရဲ့လို့ တဏှာရဲ့ နက်ရှိုင်းပုံကို ပြောခဲ့ဘူးတယ်။

တဏှာ ကြောင့်ဖြစ်တာပါလို့ တဏှာကိုဖေါ်ပြခဲ့ပါတယ်။ ဒုက္ခသမုဒယလို့ဖေါ်ပြခဲ့ပါတယ်။
*ဣဒံခေါပန ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ၊ယာယံ တဏှာ ပေါနောဗ္ဘ ဝိကာ နန္ဒီရာဂ သဟဂတာ တတြာ တတြာ ဘိနန္ဒိနီ*

ဘိက္ခဝေ ရဟန်းတို့၊ ဣဒံ ခေါ ပန -ဤ ဆိုလတ္တံသော အကြောင်းအရာသည်ကား ၊ဒုက္ခသမုဒယော-ပြခဲ့တဲ့ ဒုက္ခတွေဖြစ်ကြောင်း သမုဒယ ဟူသော၊အရိယသစ္စံ-အရိယာအဖြစ်ကိုပြုတတ်တဲ့ မှန်ကန်သော တရားတစ်မျိုးပေတည်း။

(ဒုက္ခသောင်းပြောင်း တရားပေါင်းလည်း အကြောင်းမဲ့စွာ မဖြစ်ရာရှင့်)
(ဗြဟ္မာနတ်မင်း ဖန်ဆင်းမပြု ဆင်ခြင်မှုကျမ်း တဏှာစွမ်းကြောင့် ပရမ်းပတာ ဖြစ်ကြရာသော သမုဒယော)
*မာနိတာ ယတ္တကာ ယဿ ဒုက္ခတာ တဿ တတ္တကာ၊ကိံနု နော ဒုက္ခဘာယန္တာ ၊ပီယမှာ စ အဘီရုနော။*
(ယဿ- ချစ်လျှင်ပျော်နိုး၊ချစ်စပျိုး၍ ၊ချစ်ရိုးချစ်စဉ် အကြင်ပုထုဇဉ် ၏ ၊
မာနိတာ-မြတ်နိုးစုံမက် နှစ်သက်ဖွယ်ရာ ၊အဖြာဖြာတို့သည်၊
ယတ္တကာ-တစ်နှစ်သုံးလေး ဂဏန်းရေး က စစ်တွေးဆက်ပွား အကြင်မျှလောက်များကုန်၏။
တဿ-ချစ်လျှင်ပျော်မည့်အထင်ရှိ၍ ခင်မိခင်ရာ ခင်ကြရှာတောင်း ထိုပုထုဇဉ် အပေါင်း၏
ဒုက္ခတာ- မကင်းစမြဲ အတင်းတွဲ၍ ဆင်းရဲရန်ကြောင်း ဒဏ်အပေါင်းသည်
တတ္တကာ-ချစ်ချစ်သမျှ တစ်နှစ်ကလျှင် စ၍ တွက်ရေ ထိုမျှလောက်ပင်များပြားလေကုန်၏။
နော-သူတော်သူမြတ် အတူမှတ်၍ လူဇာတ်ရှောင်သွေ တို့တစ်တွေသည်
ဒုက္ခဘာယန္တာ-ဒုက္ခမြောက်မြား ရောက်မသွားဘို့ ထောက်ထားထိုထို ကြောက်အားပိုကြပါကုန်လျက်
ပိယမှာ စ-ဒုက္ခဖြစ်ကြောင်း အချစ်အပေါင်းမှကား
ကိံနုအဘီရုနော-မကြောက်နိုင်ပဲရဲကြီးရဲ၍ အမြဲပုံသေ အဘယ်ကြောင့် ချစ်ခင်၍ နေဝံ့ကြလေကုန်သတည်း။


မေမေ့ရင်ထဲထိရှခံစား၊သိမ်းဆည်းသွားစေတဲ့ကဗျာလေးပါပဲကလေးတို့ရေ..။ချစ်လျှင်ပျော်မိ အထင်ဆိုတာလည်းမရှိတော့ပါဘူးလေ။
တဏှာလျော့လေ--ဒုက္ခလျော့လေ။ တဏှာ နည်းလေ---ဒုက္ခနည်းလေ။ တဏှာမရှိရင်ဒုက္ခ မရှိတော့။တဏှာ များနေသရွေ့ ဒုက္ခများနေတော့မှာပါ လို့ တောင်မြို့ဆရာတော် ဘုရားကြီးကဟော ကြားခဲ့တာ နာယူရင်း သမုဒယ၊အနုအလှ၊အယုအယ မှန်သမျှ ဒုက္ခ တွေပါလို့ ဆင်ခြင်ကျင့်သုံးနေဖြစ်ခဲ့ပါတယ်။

ကျေးဇူးတော်ရှင်မြတ်စွာဘုရားဟာ လောကုတ္တရာနယ်ပယ်ရောက်တော့လည်း နိရောဓသစ္စာကို ရှေးဦးစွာဟောကြားခဲ့ပါတယ်။ နိရောဓသစ္စာဆိုတာ အကျိုးသစ္စာ၊ပြီးတော့မှ ဒီနိရောဓသစ္စာ ဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်ကြောင်း အကျင့်ဆိုတဲ့ တရားက ဟောဒီမဂ္ဂသစ္စာပဲလို့ အကြောင်းတရားကို ဒုတိယပြခဲ့တယ်။
အဲလိုနဲ့ ဒုက္ခတွေကိုကြောက်ပါပြီ.. ဘယ့်နှယ်လုပ်ရပါ့မလဲ ။ဒီဒုက္ခလွတ်တဲ့ နေရာရှိမှရှိပါ သေးရဲ့လားလို့ အဲဒီလို စိတ်ထဲကတွေးပြီး ရတက် ဗျာပါရ တွေများနေတဲ့အချိန်မှာ ဘုရားရှင် က-----

(သုံးလောကတွင် ဒုက္ခ ထင်၍
လွတ်ခွင်ထွက်ရာ၊ ရတက်ဖြာသော်၊
သက်သာစေရန် အနေဖန်လျက် ဧကန်တတိယ နိရောဓတဲ့)


သက်သာစရာရှိတယ်၊ဒုက္ခချုပ်တဲ့နေရာရှိတယ်။ဒုက္ခမဖြစ်တဲ့ နေရာရှိတယ်လို့ သိရအောင် သုံးကြိမ်မြောက်မှာ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကို ပြတော်မူခဲ့ပါတယ် ကလေးတို့ရေ..။

(နိဗ္ဗာနနန်း ရောက်ဘို့မှန်းက
ဤလမ်းဖြင့်တက် ဤမဂ်ကိုပွား မိန့်သည့်လားသို့
လေးပါးမြောက်တွင် မဂ်လမ်းထွင်သည် ဟောစဉ်လက်ရိုးဆူဆူတည်း။)


ဒါကြောင့် ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းတဲ့ နိဗ္ဗာန ဓာတ်ကိုတွေ့ချင်မြင်ချင်ကြလို့ ရှိရင်မဂ်ကိုပွားရပါမယ် တဲ့။မဂ္ဂင်ရှစ်တန် အကျင့်မှန် ကို အားထုတ်ပါလို့ လေးကြိမ်မြောက်ပြတော်မူတယ်။ ကျန်သောဘုရားအဆူဆူလည်းသည်အတိုင်းပြတော်မူခဲ့ပါတယ်သားသားမီးမီးတို့ရေ..။
တရားအဆုံးမှာ အရှင်ကောဏ္ဍည မှာ သစ္စာလေးပါးတရား ကိုသိမြင်နိုင်တဲ့ သောတပတ္တိမဂ်ဆိုတဲ့ ဉာဏ်စက္ခုပေါ်လာတော့တယ်။
မေမေအကြိုက်ဆုံး ပါဠိစကားလုံးလေးဖော်ပြချင်မိပါသေးတယ်။

ယံကိဉ္စိ -ကြွင်းမဲ့ဥဿုံ အလုံးစုံသော တေဘူမကတရားဟူသမျှတို့သည် ၊သမုဒယဓမ္မံ -ဖြစ်ခြင်းသဘောရှိ၏။ တံသဗ္ဗံ- ထိုဖြစ်ခြင်းသဘောရှိတဲ တေဘူမကတရား ဟူသမျှတို့သည် နိရောဓံ-ချုပ်ခြင်းသဘောရှိ၏။

အရှင်မြတ်ရဲ့ သောတာပတ္တိမဂ်ဉာဏ်စက္ခုမှာလည်း ဝိရဇံ-အပါယ်သို့လားရောက်ကြောင်း မကောင်းသော ရာဂ ဒေါသ မောဟတည်းဟူသော မြူမရှိတော့ပါဘူး ကလေးတို့ရေ..။ အရှင်ကောဏ္ဍည သည် ဧဟိဘိက္ခုဆိုတဲ့စကားနဲ့အတူ ရဟန်းဖြစ်ခဲ့ပါတယ်။ရဟန်း အစ ကောဏ္ဍညလို့ ဆိုခဲ့တော့ ဝါဆိုလပြည့် နေ့သည် သောတာပန်လူသား ပေါ်ထွက်ခဲ့ပြီး သံဃာ ရတနာ ပေါ်ပေါက်ခဲ့တဲ့နေ့လည်းဖြစ်နေပါတယ်ကလေးတို့ရေ..။

သည်လပြည့်နေ့မှာတော့ မေမေတို့အားလုံးရဲ့ သစ္စာအလင်း သည်လောကီသစ္စာ ၂ပါး(ဒုက္ခသစ္စာ+သမုဒယသစ္စာ)ကို သိမြင်နားလည် ပယ်ရှားပြီး (သိ၊ပယ်) လောကုတ္တရာ သစ္စာအလင်းရောင်တွေ ထွန်းညှိပူဇော်နေမိရင်း (နိရောဓသစ္စာ+ မဂ္ဂသစ္စာတွေ -ဆိုက်၊ပွား)နိုင်တဲ့ သစ္စာအလင်း ---အစစ်အမှန် ဖြစ်အောင်ကြိုးစားအား ထုတ်ကြပါစို့လား---သားသားမီးမီးတို့ရေ..။

မဂ္ဂင်၈ပါးတရားတော်တွေ၊နတ်ဗြဟ္မာတွေ ကြွေးကြော်ကြတာတွေ--- အနတ္တ လက္ခဏာသုတ္တန်ဟောကြားတော်မူခဲ့တာ တွေလည်းမေမေ ထပ်ပြောပြပါအုံးမယ်ကလေးတို့ရေ။

*လေးစားကြည်ညိုရပါသော ကျေးဇူးတော်ရှင် တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ရေးသားသော(ဓမ္မစင်္ကြာတရားတော်)ကို ဦးခိုက်-ပူဇော်လျက် ရေးသားပါသည်။*