Tuesday, November 12, 2013

အမှုကိစ္စနည်းပါးရမည် .. အပ္ပကိစ္စော….(၉)



မေမေချစ်သော သားသား နဲ့ မီးမီးရေ…




အပ္ပကိစ္စော ဆိုတာ အမှုကိစ္စ၊ အပို အလုပ်တွေ နည်းပါးရမည်….အပိုအလုပ်တွေ မလိုအပ်တာတွေကို ချဲ့ထွင်လုပ်ဆောင်နေကြတာကိုရှောင်ပါလို့ပြောတာပါ ကလေးရေ..။




ဆရာကြီး ဦးသုခ ကတော့* အလုပ်မရှိ တော့ ကြောင်ကလေး ကို ရေချိုး ပေးချင်နေကြတယ်* လို့ ထင်သာမြင်သာ စကား နဲ့ မေတ္တာသုတ် စာအုပ်မှာဖေါ်ပြဘူးတယ်။




နေရာတကာ ငါမပါ ရင် မပြီးဘူး ဆိုတဲ့ စကား ကို ပြောရတာ တော်တော်ခံတွင်းတွေ့ကြတာပဲ။ လို့ ဆရာကြီး ကပြောသေးတယ်..။ မေမေ ကတော့ ကျေးဇူးတော် ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး ရဲ့ ဆုံးမ စကားကို သွားသတိရမိတယ်..။ *ငါမရှိရင် မဖြစ်ဘူး* ဆိုတဲ့ စကားကို ဘယ်သူကပြောတာလဲတဲ့..။ ဘယ်သူက မှ မပြောပါဘူး..ကိုယ့်ရဲ့ တဏှာ က ကိုယ့်ကို ပြန်ပြောတဲ့စကားကို မိမိရရ ဖမ်းဆုပ်ဘို့ ညွှန်ပြတော်မူခဲ့ပါတယ်..။


မေမေ့ကို ဘုန်းဘုန်း မဏိ (အရှင် မဏိဇောတလင်္ကာရ-ရှင်မားရု) က တစ်ခါက ဆုံးမဘူးတယ်..။ ဘုန်းဘုန်းကမေမေ့ အတွက်ရွှေအိုးညွှန်ပြတဲ့ ဆရာ ပါ။ ဘုန်းဘုန်း က Conference တစ်ခုလာတက်ရင်း ဘန်ကောက် မှာ တွေ့တုံးက မေမေရဲ့ ပျာယာခတ် တဲ့အမူအယာ နဲ့ အသံကျယ်ကျယ် စကားပြောတတ်တာကို ..။


* ဒကာမကြီး ကို ဦးဇင်းမှ မပြောရင် သိမှာမဟုတ်ဘူး ။ဘယ်သူမှလည်းပြင်ပေးမှာမဟုတ်ဘူး* အစချီပြီး စကားကို ကျယ်ကျယ် မပြောဘို့ ၊ ကိုယ် မပါရင် ပဲ မဖြစ်တော့သလို ပျာယာတွေခပ်မနေဘို့ ဆုံးမဘူးတာ သတိရမိတယ် ..။


*ဒကာမကြီးရေ…. ငါမရှိရင်မဖြစ်ဘူးဆိုတဲ့စကားကို သချိင်္ုင်း ထဲ က အုတ်ဂူ ထဲ မှာ ရောက်နေတဲ့သူတွေ ကလည်း ဒီလိုပဲပြောသွားတာပဲတဲ့* မေမေ ဖြင့် အဲဒီဆုံးမစကားကို အုတ်ဂူလေးတွေ့တိုင်း သတိရမိ ဆင်ခြင်မိနေပါတယ်..ကျေးဇူးပါဘုန်းဘုန်းရေ..။


မေမေ တို့က ဟုတ်တာ မဟုတ်တာ ထားပြီး အလုပ်တွေများလိုက်တာလိုပြောပြီးဂုဏ်ယူတတ်ကြသေးတာ..။မေမေဆို..အင်္ဂလိပ်လို Presentation တွေဖိတ်ရင် လက်မလွှတ်တမ်းတက် တော့တာ..ပြောတော့တာပဲ..။




အင်းစိတ်ထဲကလည်း ငါပြောမှ ငါ့တိုင်းပြည် ဂုဏ်တက်မှဆိုတဲ့ တဏှာ (ကိုယ့်ကိုကို အထင်ကြီးစိတ်..အတ္တမာန ) ကခိုင်းစေနေတာကို မမောမပန်း ထမ်းဆောင်တော့တာပဲကိုး..။


အဲဒါတွေ ရဲ့နောက်ဆက်တွဲ ပြင်ဆင်ရတာတွေ စာရေးရတာ နဲ့ ပဲ ဘဝ ရဲ့ တရားစာရေးတဲ့အချိန် ၊ အားထုတ်တဲ့အချိန်တွေ ဖဲ့ဖဲ့ ပေးနေရတာ မေမေ မြင်မိ နေပါပြီ..။




ဖေ့စ်ဘုတ် သုံးရင်လည်းတရားစာတင် တရားစာဖတ်ပြီးရင် ပြန်ထွက်ဘို့..ကြိုးစားရပါအုံးမယ်..။




ဒါကြောင့် ကျေးဇူးတော်ရှင်မြတ်စွာ ဘုရားရှင်က မေတ္တာ ဘာဝနာ ကမ္မဋ္ဌာန်းတွင် နေလိုသောသူသည် ထို ဘာဝနာ အလုပ်မှ လွဲ၍ အခြားသောအကျိုးမဲ့ကိစ္စ နည်း နိုင်သမျှ နည်းရမယ်လို့ မိန့်တော်မူခဲ့ပါတယ်..။




ဘယ်လောက်တောင် နည်းစေရမလဲဆိုရင် အကုသိုလ် အလုပ် မပြောနဲ့ ကုသိုလ် အလုပ်မှာတောင် သတိထားရမယ် ဆိုတဲ့သဘောကို လယ် တီဆရာတော်ဘုရားကြီး ကမိန့်ဘူးတယ်..။ ကမ္မဋ္ဌာန်းဘာဝနာယောဂီ တွေကို ဆုံးမတဲ့စကားပါ..။




ဗုဒ္စ္ဒါနုဿတိ ဘာဝနာ ပွားရင်းပွားရင်း ဘုရားရှင်ကို ကြည်ညိုလှချည် ရဲ့ ဆိုပြီး ဆန်တစ်တင်းထချက်ပြီး ဆွမ်းတော်ကပ်တဲ့သူ မဖြစ်စေနဲ့ တဲ့။


ဒါန ကုသိုလ် ထက် သီလကုသိုလ် ကပိုတယ် သီလကုသိုလ်ထက် ဘာဝနာ ကုသိုလ်ကပိုတယ် ဆိုတာကိုသိထားတဲ့ သူတော်ကောင်းကြီးတွေကတော့ အပို အမှုကိစ္စ တွေကိုနည်းနိုင်သမျှ နည်းအောင်ကြိုးစားပြီး အဓိက အလုပ်ကို ပြီးအောင် လုပ်ဆောင် သွားကြတာ ကြည်ညိုစရာပါ ကလေးတို့ရေ..။




ပိုင်းလော့ဆရာတော်ဘုရားကြီး ကတော့မေမေတို့ ယောဂီဟောင်းတရားစခန်းမှာ…. မိန့်ခဲ့တာ..


* အချိန်ပေးမမှားစေနဲ့ တဲ့။ ပညာတွေ ဘယ် လောက်တတ်တတ် ဘုရားရှင် မိန့်ခဲ့တဲ့ ပညာကို တန်ဘိုးမထားတတ် မကျင့်သုံးတတ်ရင်တော့ မိုက်တဲ့ထဲ ထည့်ရတော့မှာပဲတဲ့..။*


မှန်လှပါဘုရား… မိုက်တဲ့ထဲကနေ လိမ္မာအောင် အပိုကိစ္စများ လျှော့ပါတော့မယ် ..။ အပိုကိစ္စတွေ....မချဲ့ထွင်တော့ပါဘူး လို့ …


မကြာခင် ၂၃ ရက် မှာ ဘွဲ့နှင်းသဘင် တက်မဲ့ သမီးလေး ချဲ့ထွင်နေတာကို မိခင်မေတ္တာ နဲ့ ကြည့်နေသော်လည်း ဒါပြီးရင် တော့ *အပ္ပကိစ္စော ဂုဏ်* ကို ထိန်းနိုင်ကြပါစေ ကြောင်း ဆုတောင်းလိုက်ပါတယ်..။




မေတ္တာဖြင့်


သစ္စာအလင်း