Friday, December 25, 2009

နမက္ကာရ ဘုရားရှိခိုး တွင်ပါဝင်သော ခက်ဆစ်၏ အဖြေများ -၁

ပကိဏ္ဏက နမက္ကာရ ဘုရားရှိခိုးကို ရွတ်ဆိုပူဇော်ရင်းဖြင့် ဘုရားရှင့်ရဲ့ ကျေးဇူးတော် အစုံ ဂုဏ်တော် အနန္တ တို့ကို ပီတိစိမ့်အောင် မြင်ယောင်ကြည်ညို နေကြမှာပါ..။
၃၂ပါး သမိုက်ထားသော ၊ယောင်္ကျားမြတ်တို့၏ လက္ခဏာ …..
ဝသီဘော်ငါးတန်ဖြင့် အဖန်ဖန်လေ့လာတော်မူပြီးလျှင်….
လေးတန်သြဃ ၊အာသဝနှင့်…
ခြောက်တန်နီဝရဏ…..
ကိလေသာစက်၊သုံးထောင်ဝက်ကို ….
စသောကိန်း ဂဏန်းများနှင့် အတူ ရေတွက်မှုမျိုးစုံနောက်ကွယ် မှ အဓိပ္ပါယ် အဖုံဖုံတို့ကို ကျွန်မနည်းတူ သိချင်ကြလိမ့် မယ်ဆိုတာလည်းကိုယ်ချင်းစာမိပါရဲ့….။ ဒါကြောင့် နောက်ဆက်တွဲအဖြစ် ကိန်းဂဏန်းများက ရည်ညွန်းသော ဝေါဟာရ၊ အနက် အဓိပ္ပါယ်များ ကို ဆက်လက် ဖေါ်ပြလိုက်ပါတယ် ရှင့်။


၃၂ပါး သော လက္ခဏာ တော်ကြီး
ဗုဒ္ဓဘုရားနှင့် စကြာဝတေးမင်းကဲ့သို့ ယောင်္ကျားမြတ်တို့၏ လက္ခဏာကြီးများဟူ၏။
၁။ ပြည့် ဖြိုးညီညာသောဖဝါး
၂။ ၁၀၈ ကွက်၊ စက် လက္ခဏာ တော် အစုံပါသော ခြေဖဝါး။
၃။ သူတပါးတို့ထက် လုံးဝန်းရှည်သော ဖနောင့်။
၎။ ရင်းတုတ် ဖျားသွယ် ရှည်လျား၊ ညီညာသော ခြေချောင်း၊လက်ချောင်း ။
၅။ ဖွားစ အခါ ကဲ့သို့ အမြဲနုနယ်သော လက် ခြေ များ။
၆။ အတို အရှည် မရှိ ညီညာသော၊ လက်ချောင်း၊ ခြေချောင်း။
၇။ မြင့်တက်သောဖမျက်၊
၈။ ခြေသလုံး၏ ရှေ့နောက်၊ နံပါး အသားစိုင်များမှ၊ သလေးစပါးနှင့်တူခြင်း။
၉။ ကိုယ်ခန္ဓာ အဖြောင့်ထား၍ ဒူးဆစ်ထိရှည်သောလက်။
၁၀။ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော အင်္ဂါဇာတ်။
၁၁။ ရွှေ အဆင်းကဲ့သို့ဝါဝင်း၍ လုံးကျစ်သော ကိုယ်။
၁၂။ နုနယ်သော အရေ၊ အသား။
၁၃။ မွှေးညှင်းတစ်တွင်း ၌ တစ်ပင်စီ သာပေါက်ခြင်း။
၁၄။ ထိုမွှေးညှင်းတို့သည် လင်္ကျာရစ်လှည့်၍ အဖျားကော့တက်ပြီး၊ မျက်စဉ်း အညိုရောင်ရှိခြင်း။
၁၅။ ဖြောင့်စင်းသော ကိုယ်ခန္ဓာ။
၁၆။ လက်ဖမိုး၊ခြေဖမိုး ပခုံးစွန်း လည်ဂုတ်ပြည့်ဖြိုးခြင်း။
၁၇။ ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ ၊ ရှေ့ နောက် ၊အောက်ထက် ပြည့်စုံ သောကိုယ်။
၁၈။ လက်ပြင်ရိုးနှစ်ခု အကြား ပြည့်ဖြိုးသော အသား ။
၁၉။ အလံနှင့် အရပ် ညီ မျှ စွာရှိခြင်း။
၂၀။ အညီ အမျှ ၊ လုံး ၍ လှပသော ပခုံး၊လည်ပင်း။
၂၁။ အရသာကို ဆောင်ယူနိုင်သော အကြောကောင်းများ။
၂၂။ ခြင်္သေ့ ၏ အောက်မေးကဲ့သို့ ပြည့်ဖြိုးသော အထက်မေး ၊ အောက်မေး။
၂၃။ သွားပေါင်းလေးဆယ်ရှိခြင်း။
၂၄။ ညီညာတိကျသောသွားရှိခြင်း။
၂၅။ ကြိုးကြဲမရှိ၊စေ့သောသွားရှိခြင်း။
၂၆။ ထင်ရှားသောသွားစွယ်ရှိခြင်း။
၂၇။ ရှည်ပြန့်သော လျှာ ရှိခြင်း။
၂၈။ ဗြဟ္မာ မင်း၏ အသံကဲ့သို့ သာယာချိုမြိန်သောအသံ ၊ ကရဝိတ်သံရှိခြင်း။
၂၉။ ညိုသင့်သော အရပ်၌ ၊ အလွန်ညိုသော မျက်လုံး။
၃၀။ ဖွားသစ်စ နွားငယ်၏ မျက်လုံးအိမ်ကဲ့သို့ မျက်လုံးအိမ်ရှိခြင်း။
၃၁။ မျက်ခုံး နှစ်သွယ် ၊ အလည် တည့်တည့်၌ ၊ ဥဏ္ဏလုံမွှေးရှင်တော် ရှိခြင်း။
၃၂။ နဖူးသင်းကျစ်ရှိခြင်း။
ဝိမုတ္တိ ငါးပါး
၁။ တဒင်္ဂဝိမုတ္တိ = တစ်ခဏ မျှ ကိလေသာ မှ လွတ်ခြင်း။
၂။ဝိက္ခ မ္ဘန ဝိမုတ္တိ = မဟဂ္ဂုတ်ကုသိုလ်ဖြင့် ကိလေသာကိုပယ်ခွာလွတ်မြောက်မှု။
၃။သမုစ္ဆေဒ ဝိမုတ္တိ = မဂ်ဖြင့်ကိလေသာမှ အကြွင်းမဲ့ ဖြတ်တောက် လွတ်မြောက်မှု။
၎။ ပဋိ့ပဿမ္ဘန ဝိမုတ္တိ =ဖိုလ် ဖြင့်ကိလေသာ မှ ထပ်မံလွတ်မြောက်မှု။
၅။ နိသရဏဝိမုတ္တိ = ကိလေသာ မှ လုံးဝလွတ်သူ ။
ဝသီဘော် ငါးတန်
ဈာန် ကို အထူးသဖြင့် နိုင်နင်းစေရန် ၊ အလေ့အကျင့် ပြုမှု ငါးမျိုး။
၁။ အဝဇ္ဇနဝသီ= ထပ်ကာ ထပ်ကာ ဆင်ခြင်ခြင်း အလေ့အကျင့်။
၂။ သမာဝဇ္ဇနဝသီ = ထပ်ကာ ထပ်ကာ ဝင်စားခြင်း အလေ့အကျင့်။
၃။ ပစ္စဝေက္ခဏာ ဝသီ = အဖန်ဖန် သုံးသပ်ခြင်း အလေ့အကျင့်။
၎။ အဓိဋ္ဌာနဝသီ = ဈာန်မှ နိုးထရန်ဆောက်တည်ခြင်း အလေ့အကျင့်။
၅။ ဝုဋ္ဌာနဝသီ = သတ်မှတ်ချိန်အတိုင်း ဈာန်မှ ထခြင်း အလေ့အကျင့်။
စွန့်ခြင်းကြီး ငါးပါး
ဘုရားဖြစ်ရန်၊ သမ္မာ သမ္ဗောဓိဆုပန် အလောင်းတော်များ၊ လိုက်နာကျင့်ကြံ အားထုတ်ရသည့် ပါရမီ ဖြည့်ဆည်းခြင်း ဆိုင်ရာ စည်းမျဉ်းကြီး ငါးချက် ။
၁။ ဓန ပရိစ္စာဂ = ပစ္စည်း ဥစ္စာ စည်းစိမ် ဟူသမျှ ကို စွန့်လှူခြင်း။
၂။ အင်္ဂပရိစ္စာဂ = ခြေ လက်စသော အင်္ဂါ အစိတ် အပိုင်း ကို စွန့်လှူ ခြင်း။
၃။ ပုတ္တ ပရိစ္စာဂ = သားသမီး ကို စွန့်လှူခြင်း။
၎။ ဘရိယ ပရိစ္စာဂ =မယားကို စွန့်လှူခြင်း။
၅။ ဇီဝိတ ပရိစ္စာဂ = မိမိအသက်ကိုစွန့်လှူခြင်း။

Tuesday, December 22, 2009

ပကိဏ္ဏက နမက္ကာရ ဗုဒ္ဓဝန္ဒနာ အစိန္တေယျ ဘုရားရှိခိုးကြီး



ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော
ပကိဏ္ဏက နမက္ကာရ ဗုဒ္ဓဝန္ဒနာ
အစိန္တေယျ ဘုရားရှိခိုးကြီး
*နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ*

(၁) အစိန္တေယျ၊ အပ္ပမေယျ၊သေဋ္ဌ ဇေဋ္ဌ ဓ အတုလရမံ၊ အရဟံ ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓဿ၊ အနုတ္တရ မာရဇိ၊တိလောကန္တဂူ၊ သယမ္ဘူ ဘဝိဿရ၊ ဤသို့စသား အသေင်္ချယျ၊ နာမတံဆိပ်၊ ဂုဏ်ဝိသိဌ် ဖြင့်၊ ဇဗ္မူ ဒိပ်မှတက်၍၊ ဘဝဂ် တိုင်ကြေညာလျက်၊ ကာမ ရူပ၊ အရူပဟု၊ သြကာသ သုံးရပ်၊ လောကဓာတ်၌၊ အမြတ်ထက် အမြတ်၊ သမိုက်အပ်သော၊ လူနတ်ဗြဟ္မာ၊ မဟာကဝိန်၊ သုခမိန်တို့သည်၊ ပညိနြေ္ဒ ရှိတိုင်းဖြင့်၊ ခြားပိုင်းတွက်ကျုံး၍ မဆုံး မကုန်နိုင်၊ မကြံစည်နိုင်၊ မအံ့သြနိုင်၊ ပြည့်လှိုင်ထွေပြား၊ များပြားကျယ်ဝန်းသော၊ ကျေးဇူးတော် အပုံ၊ ဂုဏ်တော် အပေါင်းနှင့် ပြည့်စုံတော် မူပေထသော…။
(၂) အမျိုးဖြင့်မြတ်သောသူ၊ ဘုန်းဖြင့်မြတ်သောသူ၊ ဂုဏ်ဖြင့်မြတ်သောသူတို့သည်၊ မာန်မူ ဖက်ပြိုင်ခြင်းငှာ မထိုက်၊ မကိုဋ် မင်္ဂလာ၊ ဤကမ္ဘာ၌၊ ပထမာဓိက၊ ဘူမိပါလ၊ အာဒိစ္စဂိုဏ်း၊ တိုင်းပြု+ ပြည်ပြု၊ သမုတိဒေဝရာဇ် နေနွယ်ဖြစ်၍၊ စင်စစ် အမျိုးတော်အားဖြင့်၊ မြင့်မြတ်လှသော၊ ဇာတိမဟတ္တဂုဏ်၊ သုံးဘုံရပ်လုံး၊ ညွှတ်ရုံး ကော်ရော်၊ ပူဇော်ဦးညွှတ်ရာ၊ ဖြစ်၍၊--- စင်စစ် ဘုန်းတော်အားဖြင့် အလွန်မြတ်သော ပုည မဟတ္တ ဂုဏ်---။

ဝသုန်သေလာ၊ အဏ္ဏဝါကို၊ မြူလွှာပြုလျက် နှိုင်းတုစက်လည်း ကျေးဇူးနက်တိုင်၊ မကုန်နိုင်သည် ဖြစ်၍၊ စင်စစ် ဂုဏ်တော်အားဖြင့် မြတ်သော ဂုဏမဟတ္တဂုဏ်---။
ဤသုံးစုံကြောင့် လု့ဘုံနတ်ဋ္ဌာန်၊ ပြိုင်စံယှဉ်ဖော်၊ မပေါ်မပြူ ၊ တစ်ဆူတည်းသော၊ အပ္ပဋိပုဂ္ဂိုလ် ဖြစ်တော်မူ ပေထသော…။
(၃) ဇမ္ဗူ့ကျက်သရေ၊ချက်ဗွေဘူမိ၊ အပရာဇိခရိုင် ညောင်မဏ္ဍိုင်ကို၊ စိုးပိုင်တော်မူအံ့သော ကာလ၌၊ ကာမလောကဓာတ်၊ ခုနှစ်ရပ်လုံး၊ ဆတ်ဆတ် လှိုက်ခုန်တုန်ဘနန်းမျှ၊ သန်းအကုဋေ၊ နတ်ဗိုလ်ခြေနှင့်၊ မိုးမြေကြည်းဟည်း၊ ပဲ့တင်တီးအောင်၊ ဖျက်ဆီးလုယက်လာသော၊ မေခလာဂီရိ၊ တောင်တရှိမျှ၊ ပြောင်ကြီး သေဌ်နင်း၊ မာန်နတ်မင်းကို---
ဖြည့်တင်းတော်မူခဲ့သော ၊ပါရမီဉာဏ်၊ ကံသမ္ဘာရှိန်၊ ဝရဇိန် လျှံပြောင်၊ ရွှေဘုန်းရောင်ဖြင့်၊ မှောင်မဝင်ခင်၊ အောင်မြင်တော်မူစေ၍၊ ကိလေသာစက်၊သုံးထောင်ဝက်ကို၊ ဖြိုဖျက်တိုက်လှန်ခြင်းငှာ၊ အာနာပါန၊ ဘာဝနာ ဖြင့် ရူပါဝစရ၊ အရူပါဝစရ၊ စတုတ္ထသမာပတ်တို့ကို၊ အာဝဇ္ဇနဝသီ၊ သမာဝဇ္ဇနဝသီ၊ ပစ္စဝက္ခဏဝသီ၊ အဓိဋ္ဌာနဝသီ၊ ဝုဋ္ဌာန ဝသီတည်းဟူသော၊ ဝသီဘော် ငါးတန်ဖြင့်၊ အဖန်ဖန်လေ့လာတော် မူပြီးလျှင်….။
ရှေးတီးကာလ၊ ဘဝရှည်ကျူး၊ ဖြစ်ဘူးသမျှ၊ ဒေသရပ်ရွာ၊ ခန္ဓာပင်စည်၊ အမည် အမျိုးစသေ ၊ ပရမတ်+ပညတ် တို့ကို၊ တပ်အပ်သိနိုင်စွမ်းသော၊ ပုဗ္ဗေနိဝါသဉာဏ်…။
သုံးတိုက်ဘုံသား၊ အများသတ္တ၊ ဝေနေယျ တို့၏ ကမ္မဂတိ၊ စုတိပဋိသန်၊ လားရန် ဋ္ဌာနနှင့်တကွ၊ ဒုရ+ပရိစ္ဆန္န၊ သဏှ+သုခုမ ဖြစ်သော၊ရူပါရုံတို့ကို အကုန်မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုဉာဏ်…။
လေးတန်သြဃ၊ အာသဝနှင့် ယောဂဂန္ထာ၊ လေးဖြာဥပါဒါန်၊ ခြောက်တန် နီဝရဏ၊ အနုဿယ ခုနှစ်အင်၊ သံယောဇဉ် ဆယ်တန်၊ ခြံရံ လျက်သား၊ များစွာသော အကုသိုလ်၊ ဗိုလ်ခြေကွပ်ကဲ၊ သူရဲကိလေသာ၊ ထောင့်ငါးရာတို့ကို၊ စင်စွာပယ်ဖြတ်၊ အလွန်မြတ်သောကြောင့် အရဟတ္တမဂ္ဂ အမည်ရသော အာသဝက္ခယဉာဏ်…။
ဤသုံးတန်သောဝိဇ္ဇာ၊ ခွဲစိတ်ဖြာသော်၊ ဝိဇ္ဇာရှစ်ပါးနှင့် ပြည့်စုံတော်မူသဖြင့်၊ သယမ္ဘူ အထွတ်။ လူတမွတ်ဟု။ မချွတ် သမိုက်အပ်ထသော…။
(၄) ပစ္စေက ဗုဒ္ဓါ၊ ရဟန္တာ ဟူသမျှတို့ ရခြင်းငှာ မထိုက်၊ သုံးထိုက်ဘုံသား၊ အများသတ္တ၊ ဝေနေယျ ပုဂ္ဂိုလ်တို့၏ အလိုဆန္ဒ၊ အာသယကိန်းဟန်ကို၊ ဧကန်သိမြင်နိုင်သော၊ အာသယာနုဿယဉာဏ်…။
ဣနြေ္ဒရင့်မရင့်ကို ထောက်ချင့်သိနိုင်စွမ်းသော၊ ဣန္ဒြိယ ပရောပရိယတ္တိဉာဏ်…။
ပရမတ်၊ ပညတ် အလုံးစုံကို၊ အကုန် အစင်သိမြင်နိုင်သော၊ သဗ္ဗညုတ ဉာဏ်…။
သင်္ခါရ၊ ဝိကာရ၊ လက္ခဏာ၊ နိဗ္ဗာန်၊ ပညတ် တည်းဟူသော၊ ဉေယျဓံငါးအင်ကို၊ သိမြင်တော်မူရာ၌၊ ဆီးကာပိတ်ပင်ခြင်း မရှိသော အနာဝရဏဉာဏ်…။
ယမိုက်ပြာဋိဟာလွှတ်ခြင်း အရာ၌ လေ့လာတော်မူနိုင်သော ယမကပါဋိဟာရိယဉာဏ်...။
သနားထိုက်လှစွာသော၊ ဝေနေယျ သတ္တဝါကို၊ လွန်စွာသနားတော်မူသော၊ မဟာကရုဏာ သမာပတ္တိဉာဏ်...။
ဤ ခြောက်တန်သော ဆ+အာသာဓါရဏ၊ ဉာဏ လျှံပြောင်၊ မြတ်တန်ဆောင်ကို၊ ညှိထောင်ထွန်းစိုက်တော် မူသည်ဖြစ်၍၊ ဝေးနီး စကြာဝဠာ၊ သမန္တာရပ်၊လောကဓါတ်တို့ကို၊ ထုတ်ခပ်ထင်ထင်၊ ရှုမြင်တော်မူနိုင်သော ပသာဒစက္ခု၊ ဉာဏစက္ခု၊ ဒိဗ္ဗစက္ခု၊ ဗုဒ္ဓစက္ခု၊ သမန္တစက္ခုတည်းဟူသော၊ မျက်စိတော်ငါးလုံးဖြင့် အဆုံးဖြင့်မြင် တော်မူပြီးထသော...။
( ၅ ) ပလ္လင်၊ အနိမိသ၊ စင်္ကမ မှသည် စတုတ္ထ သတ္တာဟဝယ်၊ ရတနာရွှေအိမ်၊ ချမ်းရိပ်ငြိမ်၌၊ မွေ့သိမ်စံပယ် တော်မူကာ၊ အဘိဓမ္မာ ခုနှစ်ကျမ်းတွင်၊ ပဋ္ဌာန်းဒေသနာကို၊ လေ့လာဆင်ခြင်တော်မူသော၊ အာနုဘော်တော်ကြောင့်၊ အသွေးတော်၊ အသားတော်၊ အရိုးတော်စု၊ ဝတ္ထု ပသာဒိနြေ္ဒ အလုံးမှ၊ ပြိုးပြုံး ပြိုးပြက်၊ ရိုးရိုးရက် တောက်ပလျက်၊ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ၊ မဉ္ဇိဋ္ဌ၊ ပဘဿရာ၊ မိလ္လာရည်လို၊ ဖိတ်ဖိတ်ယိုမျှ၊ ညိုသောရောင်ခြည်တော်…။
ဖဲကတ္တီပါ၊ ဂီဝါလျှပ်ပြေ၊ ရွှန်းရွှန်းဝေမျှ၊ ရွှေသောရောင်ခြည်တော်…။
ကသစ်ခေါင်ရမ်း၊ ပန်းကြက်မောက်ပီ၊ တွေးတွေးချီမျှ နီသောရောင်ခြည်တော်…။
သာခွာဘော်ကြူ၊ ဖွေးဖွေးလူ သကဲ့သို့ ဖြူသောရောင်ခြည်တော်…။
ပြာလျှံ ညိုလျှံ၊ ခိုလျှံ စုပေါင်း၊ ရှုမညောင်းမျှ၊ မောင်းသောရောင်ခြည်တော်…။
ထွန်းပေါ်ဝင်းဝင်း၊ ထိန်လင်းစက်စက်၊ လျှပ်စစ်လက်သကဲ့သို့၊ ပြိုးပြိုးပြက်သော ရောင်ခြည်တော်… တည်းဟူသော ရောင်ခြည်တော် ခြောက်ဆိုင်ကို တပြိုင်တည်း ကွန့်မြူးစေလျက်၊ လနေ အတိ။ လျှံငြိပြောင်ပြောင်၊ ဗိမာန်ရောင်နှင့်၊ သောင်းထောင်စကြ ဝဠာ၊ ထွန်းလင်းဖြာသော၊ ဗြဟ္မာကြီး တို့၏ ကိုယ်ရောင် ကိုယ်လျက်၊ နှိပ်စက်လွှမ်းမိုးနိုင်သော၊ ကိုယ်တော်ရောင်တို့ဖြင့် အထောင်အသောင်း သာ၊ လော ကဓာတ်ကို၊ တလျှပ်လျှပ် ထွန်းလင်းတော်မူပြီးထသေ...။
(၆) ပရိဗိုဇ် တက္ကတွန်း၊ ရဟန်း ရသေ့၊ မုနေ့အရည်း၊ ဦးပြည်းတပသီ၊ဗေရာဂီ တို့၏၊ ဝါဒီ အလိုက်၊ စရိုက်ဘာဝ၊ ကျင့်ဆောင်ကြသော သာသနာ့ဗာဟီ၊ လောကီ သီလ တို့ထက် ဆထက်ထောင်ရာ၊ သာလွန်ဘိသဖြင့်၊ အဓိသီလ ဟုသမုတ်အပ်သော၊ အာပတ်ခုနှစ်ပုံကို၊လုံခြုံစွာစောင့်ကြောင်းဖြစ်သော ပါတိမောက္ခ သံဝရသီလ…။
ဣနြေ္ဒ ခြောက်ပါးကို၊ တားမြစ်ပိတ်ပင်ကြောင်းဖြစ်သော ဣန္ဒြိယသံဝရသီလ…။
မိစ္ဆာဇီဝမှ ကြဉ်ခွာလျက်၊ စင်ကြယ်စွာ အသက်မွေးကြောင်းဖြစ်သော အာဇီဝပါရိသုဒ္ဓိသီလ...။
ပစ္စည်းလေးဖြာကို ပစ္စဝက္ခဏာတင်၊ ဆင်ခြင်သုံးသပ် ခြင်းဟူသော၊ ပစ္စယသန္နိဿိတသီလ…။
ဤလေးဝသော၊ စတုပါရိ၊ သုဒ္ဓိတံခွန်၊ အလွန်ဖြူစင်၊ မြူမတင်ခြင်း တည်းဟူသော သီလဝိသုဒ္ဓ...။
မဟဂ္ဂုတ် လောကုတ္တရာဈာန် ၌သာလျှင်၊ မြဲမြံစွာလေ့လာခြင်း တည်းဟူသော စိတ္တဝိသုဒ္ဓိ…။
ခြောက်ဆယ့်နှစ်ဖြာသော၊ မိစ္ဆာဝါဒီ၊ ဝိတဏ္ဍီ ညစ်ကြေးမှ ကင်းဝေး ဖြူစင်လျက်၊ အယူ၏စင်ကြယ်ခြင်း တည်းဟူသော ဒိဋ္ဌိဝိသုဒ္ဓိ…။
တစ်ဆယ့်ခြောက်ပါးသော၊ ယုံမှားသင်္ကာ ကို ဖြတ်ခွာ လွန်မြောက်နိုင်သော၊ ဉာဏ်၏ စင်ကြယ်ခြင်း တည်းဟူသော ကင်္ခါဝိတရဏ ဝိသုဒ္ဓိ…။
မဂ်ဟုတ်သည် မဟုတ်သည်ကို မြင်နိုင်သော ဉာဏ်၏ စင်ကြယ် ခြင်းတည်းဟူသော မဂ္ဂါ မဂ္ဂဉာဏဒဿနဝိသုဒ္ဓိ...။
မဂ်သို့ရောက်ကြောင်း အကျင့်ကောင်းကို မြင်နိုင်သော၊ ဉာဏ်၏ စင်ကြယ် ခြင်းတည်းဟူသော ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ…။
မဂ်လေးရပ်နှင့် သဟဇာတ် သမ္ပယုတ် ဖြစ်၍ သစ္စာလေးတန်ကို ၊ဆယ့်ခြောက်နက် ဝေဖန်ပြီး ဧကန်သိမြင်နိုင်သော ၊ ဉာဏဒဿနဝိသုဒ္ဓိ… တည်းဟူသော ဝိသုဒ္ဓိ ခုနှစ်ပါး၊ တရားဘွဲ့ဖြူ သရဖူ မကိုဋ်၊ ဦးစိုက်မင်္ဂလာ၊မြတ်တန်ဆာကို၊ တင့်တယ်စွာ ဆင်ယင်လျက်...။
တဒင်္ဂ ဝိမုတ္တိ၊ ဝိက္ခမ္ဘန ဝိမုတ္တိ၊ သမုစ္ဆေဒဝိမုတ္တိ၊ ပဋိဿမ္ဘနဝိမုတ္တိ၊ နိသရဏဝိမုတ္တိ တည်းဟူသော ဝိမုတ္တိငါးရပ်၊ တရားမြတ်ကြောင့်၊ လောကဓာတ်အလုံး၊ ညွှတ်ကျုံး ပူဇော်ရာ၊ အာဂါရမုနိ၊ အနာဂါရမုနိ၊ သေက္ခမုနိ၊ အသေက္ခမုနိ၊ ပစ္စေကမုနိ တို့ထက် ကဲတက်လွန်မြတ်စွာ၊ မုနိန္ဒာဘိပဝရ အတုလ မုနိလည်း ဖြစ်တော်မူထသော...။
(၇) သုံးဆယ့်နှစ်ပါးသော၊ ယောင်္ကျားမြတ်တို့၏ လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်၊ တင့်တယ်ယိုဖိတ်၊ အင်္ဂါတော်အစိတ်ကို လင်္ကာရိပ် ပြရာ၌ နားပန်တော် အစုံနှစ်ဘက်မှသည်၊ နဖူးတော် ဆံစမှ ယှက်ကူးကာတောက်ပသော ဥဏှီသ သင်းကျစ်တော်တဖြာ…။
နရကာရွှေစင်၊ နဖူးတော် အပြင်၌၊ စို့သက်တန့် အသွင်ဖြင့်၊ ကော့ညွှတ်ပျော့ပေါ်လွင်သည့် နှစ်ဖက်သော မျက်မှောင်တော်တစ်တန်၊ ပဘံကရ မျက်မှောင်တော် အစမှာ၊ လောမထူးထွေ၊ ညာရစ်ခွေဖြင့်၊ ငွေရောင်ခြည် တစ်တန်၊ တစ်လံဝက်လောက်၊ ဝန်း၍တောက်သော၊ ဥဏ္ဏလုံ မွေးရှင်…။
ပိတုန်းရောင်သွင်၊ မည်းမှောင်လွင်သဖြင့်၊ ကျောက်နဝရတ်သဖွယ်၊ သောက်ရှူးကြယ် တဝ၊ ရှုကြည့်တိုင်းတောက်ပသော၊ မံသ စက္ခုတော် နှစ်ဖြာ…။
ပြယိုးယားပွင့်၊ ရွှေ ပန်းဆိုင်း ဆင့်သကဲ့သို့၊ မမြင့်မမောက် မကောက် မချွန်၊အလွန်လျှင်၊ ရှုချင်ဖွယ်ရာသော နှာတံနှာသီးတော်မြတ်…။
လျောက်ပတ်သားနား၊ ကွန့်ကွန့်လျားသော၊ ပါးတော်မြတ်နှစ်သွယ်...။
ပုလဲရတနာ၊ သာခွာဘော်ကြူ ဖွေးဖွေးလူလျက်၊ ဖြူစင်ကြယ် လှစွာသော သွားတော်မြတ်လေးဆယ်၊ စွယ်တော်မြတ်လေးဆူနှင့်တကွ၊ ပြန့်ပြန့်ညီညာ၊ နီလှစွာသော၊ လျှာတော်မြတ် စသည့် ကိုယ်အင်္ဂါတော် အစိတ်တို့ဖြင့်၊ ယိုဖိတ်ယှက်သန်းလျှက်၊ ချီးမွမ်းအံ့သြ၊ ပြောပ၍ မပြီးနိုင်သဖြင့်၊ အလွန်အကျူး အထူးသပ္ပာယ်တော် မူထသော…။
(၈) ကာမဘဝါ၊ ဒိဋ္ဌာ ဝိဇ္ဇော၊ သြဃလေးဖြာ၊ သံသရာစက် ဝဲဂယက်၌၊ တဝဲလည်လည် မတည်မရပ် ချာချာပတ်လျက်၊ ရဟတ်ဆုံနွား၊ ကဲ့ အလားသို့၊ မျောပါးရှည်ကြာ၊ ဝေနေယျာတို့ကို၊ အဏ္ဏဝါ ဂယက်သြဃနက်မှ၊ ညာလက်ဆွဲငင်၊ ကယ်တင်တော်မူခြင်းငှာ၊ ပဉ္စတာလီ၊ ဝါဝဿီဝယ်၊ နာရီ မလစ်၊ မဂ်ဆီ ညှစ်၍၊ ဖွင့်လှစ်ဟောပြ၊ ဆုံးမတော်မူရာ၊ ဒေသနာတော်သည်...။
ဝိနယ + သုတ္တန် + ဘိဓမ္မံ ဟု သုံးတန်ပြားလာ၊ သာသနာတော် နည်းအားဖြင့်လည်းသုံးရပ်...။ ကထာနည်း အားဖြင့်လည်းသုံးရပ်၊ အာဏာဝေါဟာ ပရမတ္တာ ဟူ၍လည်း သုံးရပ်၊
ဤသို့အားဖြင့် သုံးတန်အပြား၊ ပိဋကတ် ဒေသနာတော်သုံးပါးတို့ကို၊ ဟောကြား မြွက်ဟ၊ ဆုံးမတော်မူသည်၏ အဖြစ်ကြောင့်၊ လူနတ်တို့၏ ဆရာအစစ်လည်း ဖြစ်တော်မူထသော…။
(၉) ခပ်သိမ်းသော တရားအပေါင်းကို၊ မိမိ အလိုလို၊ ကိုယ်တော်တိုင်သာလျှင်၊ ကောင်းစွာထင်ထင်၊ သိမြင် တော်မူသည် ဖြစ်၍၊ များဖျင်သတ္တဝါ၊ ဝေနေယျာကို၊ ခေမာအောင်မြို့၊ ကူးစေဖို့ငှာ၊ ဒေသနာရေအေး နိဗ္ဗာန်တည်းဟူသော အမြိုက်ဆေးကို၊ တိုက်ကျွေး ဖြန်းဆွတ် တော်မူသည်၏ အဖြစ်ကြောင့်၊လောကသုံးရပ် ဘုံသုံးထပ်၌၊ ယှဉ်ကပ်သော်လည်း မနိုင် ပြိုင်သော်လည်း မတူ၊ တစ်ဆူတည်းသာလျှင် ဖြစ်တော်မူထသော…။
(၁၀) ဤ မဟာဘဒ္ဒ၊ ကမ္ဘာမ၌၊ ကကုသန္ဓာ၊ ကောဏာ ဂမန၊ ကဿပဟု၊ လောကထွဋ်ထား၊ ဘုရားသုံးဆူ၊ သယမ္ဘူတို့ ထီးဖြူ အရဟတ္တဖိုလ်၊ ရိပ်ခိုနန်းမြင့် သုံးကြိမ်ဆင့်၍ ပွင့်တော်မူ ကြကုန်ပြီးသည့်နောက်---
လေးဆင့်မြောက် အကျ စတုတ္ထ အောင်ပွဲတွင်၊ ညေယျငါးအင်၊ ကုန်စင်သိမှု၊ သမန္တစက္ခု၊ သဗ္ဗညုတ၊ ဉာဏခိုင်ဖြီး ဉာဏ်တော်ကြီးကို ၊ပိုင်စီးလက်ရောက်၊ ဆက်ခါလျှောက်၍ ၊ ပွင့်မြောက်တော်မူသည်၏ အဖြစ်ကြောင့် ၊ဗြဟ္မာနတ်လူ ၊သုံး ဘုံသူကို၊ ကြည်ဖြူမေတ္တာ၊ ကရုဏာဖြင့် သာယာစွာဆုံးမ၊ ဟောပြတော်မူ သည်လည်းဖြစ်တော်မူ ထသော…။
(၁၁) ဒီပင်္ကရာ၊ ထွဋ်ချာမှန်ကင်း၊ သုံးလူ့မင်း၏ ခြေရင်းတော်အောက်၊ ဝပ်စင်းမှောက်လျက်၊ နိယတဗျာဒိတ် ပန်းကို၊ ဆွတ်လှမ်းခံယူတော်မူစဉ်ကပင်၊ သာဝကဉာဏ်၊ ပါရမီသာမာန်ဖြင့်၊ နိဗ္ဗာန်ကို ကူးယူလျှင်၊ ရလောက်တော်မူပါလျက်…။
*တစ်ယောက်တည်း၊ ငါတစ်မူ၊ နိဗ္ဗာန်ကို ယူချေလျှင် ဘယ်တွင် အကျိုးမရှိချေ။ သမ္ဗောဓိမှန်၊ သဗ္ဗညု ရွှေဉာဏ်ကို၊ သွေမလှန် ငါရမှ၊ တရားမြတ်၊ ဖောင်စင်္ကြာဖြင့်၊သတ္တဝါ ဝေနေယျကို၊ သံသရာဝဲဂယက်မှ၊ နိဗ္ဗာန်မည်သာ ကျွန်းခေမာသို့ တင်ကာဆောင်ပို့မည်ဟု*
* တိဏ္ဏောတာရေယျံ၊ ဗုဒ္ဓေါ ဗောဓေယျံ၊ မုတ္တောမောစေယျံ* သုံးခွန်းသော ဝစနံကို ရွှေနှုတ်တော်လှစ်ဖွင့်၍ ကျူးရင့်တော် မူခဲ့ပြီးသည့်နောက်---။
လေးအသင်္ချေ၊ လွန်လေကုန်မြောက် ကမ္ဘာတစ်သိန်း အလွန်သို့ရောက်အောင်၊ လူသာမာန် ပုဂ္ဂိုလ်တို့ အလွန်တရာ ဖြည့်ကျင့်ရှာမှီးနိုင်ခဲသော၊ ပါရမီ ဆယ်ပါး၊ စွန့် ခြင်းကြီး ငါးပါးစသော၊ သမ္မာ သမ္ဗောဓိ အဖြစ်တည်းဟူသော ဆုကြီးကို ရှာမှီးတော်မူပြီး ထသော…။
(၁၂) ဂင်္ဂါ၊ ဝါဠု သဲစု မြူဟန်၊ ပမာတန်ကဲ့သို့၊ အနန္တဂူ၊ နိဗ္ဗာန်ယူကုန်သော၊ ဆူဆူမြတ်စွာစောသတ္တာ တို့၏သွားရာလမ်းကြောင်း စရိုက်ကောင်း မူလဖြစ်သော၊ သီလသံဝရ၊ ဣန္ဒြိယ သံဝရ၊ ဘောဇနမတ္တညုတာ၊ ဇာဂရိယနုယောဂ၊ သဒ္ဓါ၊ သတိ၊ ဟီရိသြတပ္ပ၊ ဗာဟုသစ္စ၊ဝီရိယ၊ ပညာ လေးဖြာ ဈာန်တည်းဟူသော၊ စရဏ တရား (၁၅)ပါးတို့ကို အားသစ် ကျင့်ဆောင်တော်မူသဖြင့်…။
သယမ္ဘူတကာ ပြည့်စုံရာသာ၊ နာနာကုလ တို့၏ ဝေါဟာရ သဒ္ဒါ အနက်ကို၊ အချက်ကျသိနိုင်သော၊အတ္တ ပဋိသမ္ဘိဒါ…။
ဝါစာဂီရတ် နှုတ်သံလွှတ်က၊ ဇာတ်တူတူ မတူတူ၊ ဘာသာဟူသမျှ တို့က ဧကန္တသိနိုင်သော၊ ဓမ္မ ပဋိသမ္ဘိဒါ…။
တစ်ခု တစ်ခုသော ပုဒ် အက္ခရာကို၊ သဒ္ဒါ၏ အလို၊ ဝိဂြိုဟ်+ ဝစနက်+ ဓါတ် + ပစ္စည်း လိင် အန်ဖြင့်၊ ဝေဖန်၍ သိနိုင်သော နိရုတ္တိ ပဋိသမ္ဘိဒါ…။
ကိုယ်တိုင်သိသမျှ တရားတို့ကို သူတစ်ပါးသိစိမ့်သောငှာ၊ သဒ္ဒါ +ပညတ်သို့တင်၍ စုံလင်စွာ မြွက်ဆိုတတ်သော ပဋိဘာန၊ ပဋိသမ္ဘိဒါ တည်းဟူသော သမ္ဘိဒါ လေးပါး…။
ဣဒ္ဓိဝိဓ၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ စေတောပရိယ၊ ပုဗ္ဗေနိဝါသာနုဿတိ၊ ယထာကမ္မုပဂ၊ အနာဂတံသတည်း- ဟူသော အဘိဉာဏ် ခုနှစ်ပါး…။
ရူပဈာန်လေးရပ်၊ အရူပဈာန်လေးရပ်အားဖြင့် သမာပတ်ရှစ်ပါး၊ ကျေးဇူးတော် တစ်ဆယ့်ရှစ်ပါး၊ ထူးပြား ဆန်းကြယ်၊ အံ့ဖွယ်တော် တစ်ဆယ့်ရှစ်စုံ၊ ထိုမျှဂုဏ်ကို ဥဿုံစိုးပိုင်တော် မူပြီး ထသော…။
(၁၃) ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ်၊ ဤ ငါးတန်တို့ကို၊ တိုက်လှန်ဖြိုခွဲ၍၊ အောင်ပွဲယူနိုင်၊ ရဲခေါင်တိုင်သော၊ ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန် တည်းဟူသော သတိပဋ္ဌာန်လေးပါး...။
ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်း၊ မဖြစ်သေးသော အကုသိုလ် ကံတို့ကို တဖန် အသစ်မဖြစ် စေခြင်း။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပွားအောင်လုံ့လပြုခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ကြီးပွား+စည်ပင်စိမ့်သောငှာ လွန်စွာလုံ့လပြုခြင်း တည်းဟူသော သမ္မပ္ပဓာန် လေးပါး...။
ဆန္ဒိဒ္ဓိပါဒ်၊ ဝီရိယိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ဝီမံသိဒ္ဓိပါဒ် တည်းဟူသော ဣဒ္ဓိပါဒ်လေးပါး….။
သဒ္ဓိနြေ္ဒ၊ ဝီရိယိနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ပညိနြေ္ဒ တည်းဟူသော ဣနြေ္ဒငါးပါး....။
သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ် တည်းဟူသော ဗိုလ်ငါးပါး.…။
သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယ သမ္ဗောဇ္ဈင်၊ ပီတိ သမ္ဗောဇ္ဈင်၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင် တည်းဟူသော ဗောဇ္ဈင် ခုနှစ်ပါး…။
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာ သမာဓိ တည်းဟူသော မဂ္ဂင်ရှစ်ပါး…။
ဤသို့အားဖြင့်၊ ပိုင်းခြားတွက်ဖွဲ့၊ သုံးဆယ့်ခုနှစ်ရပ်၊ အလွန်မြတ်သော၊ ဗောဓိပက္ခိယ၊ ဓမ္မ အကျော်၊ ရဲမက်တော်တို့ကို၊ ကိုယ်ရံတော်ကြီး၊ ဦးစီး ဗိုလ်ချုပ်တင်လျက်၊ အသင်္ချေ၊ တွက်ရေမဆုံး၊ ပတ်ကုံး ကိလေသာ၊ မာရ်ဗိုလ်ပါတို့ကို ဆံလွှာ မကြွင်းအောင်၊ ခုတ်စဉ်းတိုက်သိမ်း၊ အငြိမ်းအောင်မြင်တော်မူသဖြင့်၊ အသင်္ခတ၊ ခေမရွှေဘုံ၊ ဓမ္မာရုံသဘင်၊ မြိုက်နန်းခွင်၌၊ ဥကင်စွင့်စွင့်၊ ဖွင့်တော်မူပြီးထသော...။
(၁၄) လေးအသင်္ချေ၊ လွန်လေတစ်သိန်း တွက်ကိန်းများလှ၊ ကပ်ထိုမျှ၌၊ လုံ့လကြိုးပမ်း ဖြည့်စွမ်း ဆည်းပူးတော်မူခဲ့သော….။
ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီ ပါရမီ၊ သစ္စာပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီ၊ ဆယ်လီသုံးစုံ၊ ကုသိုလ်ဟုန်ကြောင့်၊ လူ့ဘုံစံပျော် အလောင်းတော်ဖြစ်ခါစကပင်၊ ကာဠာဝက၊ ဂင်္ဂေယျနှင့်၊ မဏ္ဍရ၊ တမ္ဗ၊ ပိင်္ဂလ၊ ဂန္ဓ၊ မင်္ဂလ၊ ဟေမ၊ ဥပေါသထ၊ ဆဒ္ဒန်၊ ဤဆယ်တန်သော ဆင်မျိုးတို့၏ ဆယ်ဆတက်၊ ဆယ်ဆတက်စီသော အားကိုဆောင်နိုင်သည်ဖြစ်၍၊ ယောင်္ကျား ဗိုလ်ခြေ၊ ကုဋေ တစ်သောင်း တို့၏ ကာယဗလ၊ ဌာန ဌာန၊ ကောသလ္လဉာဏ်၊ ဝိပါကဉာဏ်၊ သဗ္ဗတ္ထဂါမိနီဉာဏ်၊ နာနာဓာတုဉာဏ်၊ အဓိမုတ္တိဉာဏ်၊ ဣန္ဒြိယပရော ပရိယတ္တိဉာဏ်၊ ဈာနာဒိသံကိလေသဉာဏ်၊ ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်၊ တည်းဟူသော ဆယ်ပါးသောဉာဏ ဗလကို ရတော်မူသည်ဖြစ်၍ ...။
လူ့ပြည် နတ်ရပ် ခေတ်သုံးထပ်ကို၊ အုပ်ကွပ်စိုးပိုင်၊ နိုင်တော်မူခြင်းတည်းဟူသော ဣသရိယဘုန်းတော်…။
လောကုတ္တရာ တရား၊ မြတ်ကိုးပါးသို့ ထင်ရှားစွာရောက်ခြင်းတည်းဟူသော ဓမ္မဘုန်းတော်…။
နရဂ်၊ ဘဝဂ်၊ အောက်ထက်ပျံ့လှိုင်၊ သုံးခရိုင်၌၊ အဆုံးတိုင် ကျော်စော တော်မူခြင်းတည်းဟူသော၊ ယသဘုန်းတော်…။
သုံးဆယ့်နှစ်ပါး၊ သမိုက်ထားသော၊ ယောင်္ကျားမြတ်တို့၏ လက္ခဏာ၊ ရောင်ဝါမြုတေ၊ ကျက်သရေ အပေါင်းနှင့် ပြည့်စုံတော်မူခြင်း တည်းဟူသော သိရီဘုန်းတော်….။
အလိုတော်ရှိသမျှ၊ တခဏခြင်းဖြင့်သာ၊ ပြည့်စုံလာခြင်း တည်းဟူသော ကာမဘုန်းတော်…။
နိဗ္ဗာန်ရောက်ရာ၊ ဒေသနာဖြင့်၊ ဗြဟ္မာနတ်လူ၊ သုံးဘုံသူတို့ကို ကြည်ဖြူစွာလှ၊ သင်ဆုံးမသောကြောင့်၊ လောကလုံး ကိုးကွယ်ရာ၊ ဆရာ အဖြစ်သို့ ရောက်တော်မူခြင်း တည်းဟူသော ပယတ္တဘုန်းတော်…။
ဤ ခြောက်ဖော်သော၊ ဘုန်းတော်အမြတ် ၊ဂုဏ်အရဟတ်ဖြင့်၊ လောကဓာတ်လုံး။ ညွှတ်ရုံးညီကာ၊ ကောင်းချီးငြာလျက်၊ ဘဂဝါ ဟူသော ဘွဲ့ ပုံတော် အထူးဖြင့်၊ ညွှတ်နူးကော်ရော်၊ ပူဇော်ချီးပ အပ်သည်လည်း ဖြစ်ထသော…။
(၁၅) အဍ္ဎ ဆက္ကသတ၊ ဇာတကကို၊ ပုံပြသက်သေခံလျက်၊ အနန္တ ဘဝ ဖြစ်ဖြစ်သမျှ တိှု့၌၊ ဓနပရိစ္စာဂ၊ ပုတ္တပရိစ္စာဂ၊ ဘရိယ ပရိစ္စာဂ၊ အင်္ဂပရိစ္စာဂ၊ ဇီဝိတပရိစ္စာဂတည်း ဟူသော၊ စွန့်ခြင်းကြီး ငါးအင်၊ မဂ္ဂင်ဖောင်ပျံ စံလိုသူ အပေါင်းတို့ထက်၊ ကဲဆောင်း လွန်မြောက်၍၊ အထောက်မတန် ပြုခဲ့သော၊ ဟေတုသမ္ပဒါ၊ မြတ်သမ္ဘာကြောင့်၊ အဏိမာ၊ လင်္ဃီမာ၊ မဟိမာ၊ ပတ္တိမာ ကမ္မာ၊ ဤသိတာ၊ ဝသိတာ၊ ယတ္တကာမဝသယိတာ ဟူသော ဘာသာမဂဓို၊ ရာဇဂြိုလ်၊ ဥဒါန်းနှင့်အညီ၊ ရံသီနေပြောက်၊ ပြတင်းပေါက်၌၊ မြင်လောက်ရုံသော၊ အဏုမြူပမာ၊ သိမ်မွေ့စွာသော ကိုယ်တော်ကို၊ ငယ်အောင် ဖန်ဆင်းတော်မူနိုင်ခြင်း…။
ရေပြင်မြေမိုး၊ ပျံလျှိုး ငုတ်လွှား၊ သွားတော်မူနိုင်ခြင်း၊ ကြီးစေလိုက မြင့်မိုရ်ပြန်ရာ ထို့ထက်သာ၍၊ စကြာဝဠာပတ်လုံး၊ အုပ်ဖုံးပတ်လှည့်၊ ကိုယ်တော်ပြည့်အောင်၊ တရှိ ထိုတော် မူနိုင်ခြင်း၊
မြေထု ရေထူ မေရုပဗ္ဗတာ၊ သီလာ တောင်ထပ်၊ အတွင်းရပ်ကို၊ ကျဉ်းကျပ် ပိတ်ဆီးခြင်း မရှိ၊ ပကတိကောင်းကင်၊ ဟင်းလင်းပြင်ကဲ့သို့၊ လျှိုးဝင်ထွင်းဖောက်၊ ကြွရောက်တော်မူနိုင်ခြင်း…။
မနောဓိဋ္ဌာန်၊ စိတ်တော်ကြံတိုင်း၊ ကမ္မာ ကမ္မ ဟူသမျှကို၊ ကုံင ပြီးမြောက်တော်မူနိုင်ခြင်း…။
သုံးဆယ်တစ်ဘုံ အလုံးစုံကို ဥဿုံစိုးပိုင်တော်မူနိုင်ခြင်း…။
လောကီဈာန်ရပ် သမာပတ်ကို မပြတ်ဝင်ကာ၊ လိုတိုင်းပါအောင်၊ လေ့လာတော်မူနိုင်ခြင်း…။
သက်မရှိသည့်၊ ဂီရိ ဗဟို၊ တောင်မြင့်မိုရ်မှလည်း၊ လိုတော်လိုက်က၊ ညွှတ်ငိုက်လာရခြင်း တည်းဟူသော၊ တန်ခိုးတော်ရှစ်ဦး၊ ဘုန်းတော်ထူးဖြင့်၊ အံ့ကျူးပြီးပိုင်၊ မချီးနိုင်၍၊ တစ်ပြိုင်တည်လျက်၊ တစ်ပြိုင်ပျက်သော၊ စကြာဝဠာ တိုက်နေ၊ သိန်းကုဋေလုံး၊ ရွှေမုဋ္ဌာန်စွမ်း၊ အာဏာလွှမ်း၍၊ ထဲဝမ်းစိမ့်စိမ့်၊ ကြက်သီးဖိမ့်မျှ၊ ခြိမ့်ခြိမ့်ကြွေးကြော်၊ ပူဇော်ကြရာ၊ သုံးရွာလုံးတန်ဆောင်၊ မင်းခေါင်မင်းဖျား၊ မင်းတရား အစစ်လည်း ဖြစ်တော်မူထသော...။
(၁၆) လောကသုံးရွာ၊ သတ္တဝါတို့၏၊ ခန္ဓာ ရုပ် နာမ်ဝယ်၊ အဖန်ဖန် ကပ်ညိလျက်၊ ဖိစီးနှိပ်စက်တတ်သော၊ ပိဠနအနက်…။
ကံ ၊စိတ်၊ ဥတု၊ အဟာရတည်း ဟူသော အကြောင်းတရား လေးပါးတို့သည် ပြုပြင်စီရင် အပ်သော သင်္ခတ အနက်…။
မရောင့်ရဲစွာ၊ သတ္တဝါ တို့ကို လောင်ဆာပူ ပန်စေတတ်သော၊ သန္တာပ အနက်…။
ဇရာ၊ မရဏ၊ သောက၊ ပရိဒံတို့ဖြင့် ဖောက်ပြန် ပျက်စီးတတ်သော ဝိပရိဏာမ အနက်…။
တည်းဟူသော လေးပါးသော ဒုက္ခသစ္စာ အနက်တို့ကို လည်းကောင်း…။
အစမထင်၊ သံသရာ၌၊ လူးလာ စုံဆန်၊ အဖန်ဖန် သွားလာစေခြင်းငှာ၊ အားထုတ်တတ်သော၊ အာယူဟန အနက်…။
ဝဋ်ဆင်းရဲအပေါင်း၏ အကြောင်းမူလ ဖြစ်သော နိဒါန အနက်…။
ဝဋ်ဆင်းရဲ၌၊ အမြဲပျော်ရွှင်၊ တမင်မင်ဖြင့်၊ ကျင်လည်စေတတ်သော၊ သံယောဂ အနက်…။
ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော၊ မဂ္ဂသစ္စာကို ဆီးကာ၊ တားမြစ်တတ်သော၊ ပလိဗောဓ အနက်…။
တည်းဟူသော လေးပါးသော သမုဒယ သစ္စာ၏ အနက်တို့ကိုလည်းကောင်း။
သံသရာဝဋ်မှ၊ ထွက်လွန်ကူးမြောက် ပြီးသော နိဿရဏ အနက်…။
ပြုပြင်ရာသင်္ခါရတို့မှ ဆိတ်သော၊ ဝိဝေက အနက်…။
သေခြင်းစသော ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းချမ်းသာသော၊ အမတအနက်…။
တည်းဟူသော လေးပါးသော နိရောဓသစ္စာ၏ အနက် တို့ကို လည်းကောင်း…။
ဝဋ်ဒုက္ခ အပေါင်းတို့မှ ကောင်းစွာ ထွက်မြောက်တတ်သော၊ နိယျာနိက အနက်…။
နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ဟေတုအနက်…။
နိဗ္ဗာန်ကို မြင်တတ်သော ဒဿန အနက်…။
သင်္ခါရတရားတို့ကို၊ အစိုးရသော အဓိပတေယျ အနက်...။
တည်းဟူသော လေးပါးသော၊ မဂ္ဂသစ္စာ၏ အနက်၊ တို့ကို လည်းကောင်း…။
အကြောင်း အကျိုး အားလျော်စွာ၊ လေးသစ္စာတို့ကို ဒဿနာကာရဖြင့် သောဠာသ ဝေဖန်၍၊ ရွှေဉာဏ်တော်ထင်ထင်၊ ရွှေလက်တင် ပတ္တမြား ကဲ့သို့၊ ပိုင်းခြားသိမြင်တော်မူသည့်အလျောက်၊ အထောက် အခံ၊ ကံဉာဏ်ကြီးရင့်၊ ပွင့်ထိုက်သော သတ္တဝါ၊ ဝေနေယျာတို့ကို၊ ပွင့်ပါစေ နှလုံးဖြင့်၊ စွေချုန်းထစ်ကြိုး၊ ရှစ်ကိုးနယ်ကုန်၊ သုန်သုန် ပြင်းဝှန်၊ ရွာဖျန်းသွန်သော၊ မေဃဝန်တမျှ၊ ဓမ္မဘေရီ၊ မေဒနီကို၊ နာရီမလပ်၊ လူနှင့်နတ်အား၊ မပြတ်တိုက်ကျွေး၊ ပေးတော်မူပေတတ်သော…။
သုံးရပ်လုံးဆရာ၊ ဒေဝါဒိ ဒေဝိန္ဒ၊ ဗြဟ္မာဓိ ဗြဟ္မိန္ဒ၊ တိဘဝပါရဂူ၊ အဘိဘူပါမောက္ခ၊ အနုတ္တရသင်းကျစ်၊ မဟာဓမ္မရာဇ်၊ မြတ်ရှင်ချစ်ကို...။
ခန္ဓာပဉ္စက၊ ဒြပ်မျှကို၊ ပေါင်းထယှဉ်ဖော်၊ ဘုရားတပည့်တော်သည်၊ ဝန္ဒေ ဝန္ဒာမိ၊ ဂုဏ်တော်ထုံမွှမ်း၊ ပုံတော်မှန်းလျက်၊ ချီးမွမ်းထောမနာ၊ ပဏာရိုကျိုး လက်စုံမိုး၍၊ ရှိခိုးကန်တော့လိုက်ပါ၏ မြတ်စွာဘုရား.....။

ပကိဏ္ဏက နမက္ကာရ အစိန္တေယျ - ဘုရားရှိခိုးကြီး ဤတွင် ပြီးပါပြီ…။


Thursday, December 17, 2009

နမက္ကာရ အစ ရှင်မဟာဗုဒ္ဓဃောသ

အရှင် မဟာဗုဒ္ဓဃောသ ရေးသားတော်မူတဲ့ ဝိသုဒ္ဓိမဂ် ကိုကျက်မှတ်ပူဇော်ရင်း ဆရာတော်ရဲ့ ထူးခြားတဲ့ အရည် အသွေးနဲ့ ဖြစ်ရပ် တွေကို ကြည်ညိုနေမိပါတယ်။ သည်နှစ်အတွက် ဝိသုဒ္ဓိမဂ် ပထမဆင့်သာ ဖြေဆိုနိုင်တဲ့ ကျွန်မဟာ ၁၂.၁၂.၂၀၀၉ နေ့မှာပဲ စာမေးပွဲဖြေဆိုပြီးစီး သွားခဲ့ပါတယ်။ ကျွန်မ၏ ဆန္ဒကိုသိနေသည့် အလား ဆရာတော်ဘုရားရဲ့ ထေရုပ္ပတ္တိ စာအုပ်ငယ်လေးဟာ လက်ထဲကို ချိန်သားကိုက်လှစွာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလို့လာခဲ့ပါတယ်။
အချိန်ကာလ ကတော့ သာသနာတော်နှစ် ၉၀၀ ခန့်ကပေါ့။ သီဟိုဠ်ကျွန်းမှာ သာသနာတော် အလွန်ထွန်းလင်းစည်ပင် တောက်ပ လျက်ရှိနေခဲ့ပါတယ်။ နမက္ကာရ ဘုရားရှစ်ခိုး သည်လည်း ဝိသုဒ္ဓိမဂ္ဂ ကျမ်းမြတ်နှင့် ဆက်စပ် နေလို့လည်း ပိုလို့ စိတ်ဝင်စားခဲ့ ရပါတယ်။
ထိုအချိန်က ပိဋကတ်သုံးပုံပါဠိတော်နှင့် အဌကထာများသည် မပျက်မစီး သီဟိုဋ္ဌ် ဘာသာဖြင့် တည်ရှိနေခဲ့ပါတယ်။ ဘုရားပွင့်ရာ မဇ္ဈိမ ဒေသမှာတော့ အပြည့်အစုံတည်ရှိခြင်း မရှိလေတော့ (ပိဋကတ် သုံးပုံပါဠိတော် နှင့် အဋ္ဌကထာ များကို သီဟိုဋ္ဌ်ဘာသာ အက္ခရာအရေးအသားကနေ မာဂဓ ဘာသာ အက္ခရာ အရေးအသားသို့ အဘယ်သူ ပြန်ဆို ကူးယူနိုင်စွမ်း ရှိပါလတ္တံနည်း) ဟု မထေရ် အများစည်းဝေးတိုင်ပင်ကြပါတယ်။


တာဝတိံ သာနတ်ပြည်မှ ဃောသနတ်သားကို မထေရ်များတွေ့ မြင်ကြကုန်သည်ရှိသော်၊ ဤနတ်သားသည် ကား ပိဋကတ်တော်ကို ပြန်ဆိုကူးယူနိုင်စွမ်း ရှိရုံမက ဗုဒ္ဓသာသနာတော်မြတ်ကြီးကိုလည်း အဓွန့်ရှည်စွာ တည်တန့် စေနိုင်မည့်သူ ရယ်လို့ အနာဂတံသ ဉာဏ်ဖြင့်သိတော်မူ တဲ့အတွက်* ဃောသ * နတ်သားကို သိကြားမင်း၊ နတ်မင်းတို့ နှင့်တကွ မထေရ်မြတ်တို့က တောင်းပန်ကြပါတယ်။ မဟာဗောဓိပင်အနီး ဃောသအမည်ရှိသော ပုဏ္ဏားရွာမှာ၊ ကေသမည်သော ပုဏ္ဏားကြီးရဲ့ဇနီး ကေသီမည်သော ပုဏ္ဏေးမကြီးရဲ့ ဝမ်းတိုက်အတွင်း ပဋိသန္ဓေ စွဲမှီ တည်တော်မူပါတယ်။

ဃောသပုဏ္ဏား အဖြစ် မွေးဖွားတဲ့ အားလျော်စွာ မိဘရိုးရာ ဗေဒင်ပညာကို သင်ကြားရာ ၇နှစ်သား အရွယ် ကတည်းက တဖက်ကမ်းခတ် တတ်မြောက်ခဲ့ပါတယ်။ ဗေဒင်မာန် တက်ကြွပြီး အရပ်ရပ် အရွာရွာကိုသွားရောက် လှည့်လည် ဆွေးနွေးလေရာ (ရေဝတ ) အမည်ရှိသော ရဟန္တာ မထေရ် မြတ်တပါးနဲ့ တွေ့ဆုံခဲ့ပါတယ်။

အရှင်ရေဝတ မထေရ်မြတ်က *ကုသလာဓမ္မာ- ကုသိုလ်တရားတို့သည်ကား အဘယ်သည်တို့မည်နည်း* *အကုသလာ ဓမ္မာ- အကုသိုလ်တရာ တို့ကား အဘယ်သည် တို့နည်း* *အဗျာကတာ ဓမ္မာ- အဗျာကတ တရားတို့ကား အဘယ်သည်တို့နည်း* ဟု ပရမတ္ထဝေဒ မည်တဲ့ ဗုဒ္ဓမန္တန်ကို မေးမြန်းခဲ့ပါတယ်။

ကြားလည်းမကြားဘူး ဖြေကြားနိုင်စွမ်းလည်း မရှိတဲ့အတွက် အဲဒီ ပရမတ္ထ ဗုဒ္ဓမန္တန်ကို သင်ကြားလို စိတ်တွေ ထက်သန်လာခဲ့ပြီး အရှင်ရေဝတ ရဟန္တာ မထေရ်မြတ်ထံပါးမှာ ရှင်ရဟန်းပြုပြီး သင်ကြားခဲ့ရာ တစ်နေ့တစ်နေ့တွင် ပုဒ်ပေါင်း ခြောက်သောင်း နှုတ်တက် သရဇ္ဈာယ် နိုင်တဲ့ အတွက် တစ်လတည်းဖြင့်ပင် ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်ခဲ့ ပါတယ်။

တနေ့ကျတော့ ရှင်မဟာ ဗုဒ္ဓဃောသ မထေရ်က *မြတ်စွာဘုရားဟောကြားတော်မူသော ပိဋကတ်သုံးပုံမှာ ငါ၏ အသိဉာဏ်ပညာက လွန်ကဲလေသလော* လို့ တွေးတောကြံစည်သည်ကို ဥပဇ္ဈယ်ဆရာဖြစ်တော်မူတဲ့ အရှင်ရေဝတ မထေရ်မြတ်က စေတောပရိယ အဘိဉာဉ် နဲ့သိတော်မူခဲ့ပါတယ်။ ငါ့ရှင် ဗုဒ္ဓဃောသ- ပိဋကတ်စာပေ မာန်တက်ကာ မသင့်တော်သည်များကို မကြံစည်လင့် ဝန်လေးလှဘိသည်* စသည်ဖြင့် နှိပ်ကွပ် ဆုံးမတော်မူခဲ့ပါတယ်။

အဲဒီ အခါ အရှင်မဟာ ဗုဒ္ဓဃောသ မထေရ်သည် ထိတ်လန့်ခြင်း သံဝေဂ ဖြစ်ပေါ်လာပြီး ဥပဇ္ဈာယ် ဆရာအား ကန်တော့ဝန်ချတောင်းပန် လိုက်ပါတယ်။ ဥပဇ္ဈာယ်ဆရာကလည်း (ငါ့ရှင်ဗုဒ္ဓဃောသ။ သီဟိုဋ္ဌ်ကျွန်း ကိုသွားပြီး သီဟိုဋ္ဌ်ဘာသာ အက္ခရာ ဖြင့်ရေးသားတင်ထားအပ်တဲ့ ပိဋကတ်သုံးပုံကို မာဂဓဘာသာ အက္ခရာနဲ့ ပြန်ဆို ရေးသားလေလော့။ ယင်းသို့ ရေးသားလေလျှင် ငါသည်းခံအံ့) ဟုမိန့်တော်မူတဲ့ အတွက် ဆောင်ရွက်ပါမယ်လို့ ဝန်ခံ ကတိပြုရပါလေတော့တယ်။

အရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ် ကျွန်းကိုမကြွမီ ခမည်းတော်အားမိစ္ဆာဒိဋ္ဌိ အယူမှ လွတ်စေပြီးမှ ဥပဇ္ဈာယ် ဆရာရဲ့ စကားကို ဦးဖြင့်ခံယူပြီး ပိဋကတ်တော် ရေးကူးရန် အတွက် ရွက်သင်္ဘောနဲ့ သီဟိုဠ် ကျွန်းကို ကြွချီတော်မူခဲ့ပါတယ်။
သုံရက်မြောက်တဲ့နေ့၊ သမုဒ္ဒရာအလယ်သို့ရောက်တဲ့အခါမှာ ပိဋကတ်တော် ကူးယူလို့မရလို့ ပြန်ခဲ့ရတဲ့ အရှင်ဗုဒ္ဓဒတ္ထ မထေရ်ရဲ့ရွက် သဘောင်္ နဲ့တွေ့ဆုံပါတယ်။

အရှင်ဗုဒ္ဓဒတ္ထ မထေရ်က *ငါ့ရှင်- ဗုဒ္ဓဃောသ ငါသည် သီဟိုဠ် ကျွန်းတွင် ပိဋကတ်တော် ကူးယူခွင့်ရရန် အလို့ငှာ ဇိနာလင်္ကာရကျမ်းကို ရေးသား ပြုစုပြသခဲ့ပါတယ်။ သီဟိုကျွန်းသား မဟာထေရ်များကငါရေးသား သောကျမ်းကို အနှစ်မဲ့ကျမ်းလို့ မှတ်ထင်ပြီး ငါ့ကို ပိဋကတ်တော်ကူယူခွင့်မပြုခဲ့ကြပါဘူး။ သင်မူကား ပိဋကတ်တော် အဖွင့် သံဝဏ္ဏနာကျမ်း တစ်ခု ပြုစုပြသပြီး ကူးယူခွင့်တောင်းပါ* လို့မှာထားပြောဆိုပြီး သိကြားမင်း ဆက်ကပ် အပ်တဲ့ သျှိသျှားသီးကို လည်း၎င်း၊ သံကညစ်တံကို ၄င်း၊ကညစ်သွေးရန် ကျောက်ကို၎င်း၊ ရှင်မဟာ ဗုဒ္ဓ ဃောသ မထေရ်ကို ပေးအပ်ပါတော့တယ်။

ရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်ဟာ သီဟိုဠ်ကျွန်းကိုရောက် တဲ့အခါ ဦးစီးပထမ သံဃပါလ မထေရ်ကို မူးမြင်ပြီး ပိဋကတ်တော်ကူးယူရန် လာရောက်ကြောင်း လျှာက်ထားသဖြင့် သီဟိုမထေရ်များနဲ့ သံဃပါလ မထေရ်မြတ်က… ဇဋာသုတ်လာ- ဂါထာတစ်ပုဒ်ပေးအပ်ကာ ဂါထာ အနက်ကို ပိဋကတ်တော် တုန်လှုပ်ခြောက်ခြား အောင်ဖွင့်ဆိုပါအုံးလော့ ဟု တိုက်တွန်းပါတယ်။
ဂါထာကို အစဦး ထားပြီး ဝိသုဒ္ဓိမဂ်ကျမ်းကို ရေးသားပြုစုတော်မူပါတယ်။

သီဟိုဠ် မထေရ်များ အလွန်နှစ်သက်သဘောကျပြီး ပိဋကတ်တော်ပြန်ဆို ကူးယူခွင့်ပေးသော်လည်း ပိဋကတ်တိုက်ကြီး ကိုတော့ဖွင့်မပေးခဲ့ပါဘူး။ သင့်အစွမ်းဖြင့် ဖွင့်၍ ကူးယူလေလော့--- လို့မိန့်ဆိုကြပြန်ပါတယ်။
သည်နေရာမှာ ကျွန်မ ကတော့ တွေးမိပါတယ်။ တက္ကသိုလ် တက်ခွင့်ရဘို့ ကျွန်မတို့ Proposal တင်ရသလို Entrance Exam ဖြေရသလိုနေမှာပဲ ဆိုတာကိုပါ။

အရှင်မြတ်ဟာ သည်အချိန်မှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရားကို ကြည်ညိုတဲ့စိတ်ကို အစွမ်းကုန် စွမ်းအားထုတ် ကာ လှိုက်လှဲ ရဲရင့်တဲ့ စေတနာနဲ့ပူဇော်ခဲ့တာကစပြီး နမက္ကာရ ဘုရားရှစ်ခိုး စတင်ပေါ်ပေါက် လာခဲ့တာ ဖြစ်ပါတယ်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီးရဲ့ ဂုဏ်တော် ကျေးဇူးတော်၊ လက္ခဏာတော် တန်ခိုးတော်များနဲ့ တကွ စရိယသုံးပါး၊ စွန့်ခြင်းကြီး ငါးပါး၊ ပါရမီတော် ဆယ်ပါး၊ စသည်တို့ကို (သုဂတံ၊သုဂတံ သေဋ္ဌံ) စသောနမက္ကာရာ ဘုရား ရှစ်ခိုးဂါထာဖြင့် ဖွဲ့နွဲ့ရေးသားစီရင်ပြီးလျှင် ပိဋကတ်တော် တံခါးဝတွင် ထိုင်တော်မူလျှက် နမက္ကာရ ဂါထာပါ အနက် အဓိပ္ပါယ်လာ အတိုင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးအား အာရုံပြုပြီး နမက္ကာရ ဘုရားရှိခိုး ဂါထာပါဠိကိုရွတ်ဆိုရာ……………………

မဟာဗောဓိ ပလ္လင် တော်ဝယ် ထက်ဝယ်ဖွဲ့ခွေနေတော်မူသော မြတ်စွာဘုရားအား မာန်နတ် လာ၍ စစ်ထိုးသောအခါ (ဆယ်ဖြာသော ပါရမီတော်ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့သောကြောင့် ဤဗောဓိပင်နှင့်ပလ္လင်ကို ရရှိပေသည်) လို့ ပါရမီတော်နှင့် ညွှန်ကြားမှ မာရ်နတ်ရန် ပျက်ပြားလို့သွားသကဲ့သို့ပင် ထူးခြားလှစွာ ပါရမီ ဂုဏ်တော်ညွှန်း ဂါထာပုဒ်ကို ရွတ်ဆိုမိသည်နှင့် တပြိုင်နက် ပိဋကတ်တ်ာတိုက် တံခါးသည် အလိုလို အလျောက် တဟိန်းဟိန်းမြည်လျက် ဟင်းလင်းပွင့်သွားပြီး ပိဋ ကတ် တော်ကို ကူးယူပြန်ဆိုနိုင် ခဲ့ပါတော့တယ်။
အရှင်မဟာဗုဒ္ဓဃောသ စီရင်တော်မူအပ်တဲ့ နမက္ကာရ ပါဠိကို ရှေးဆရာတော်ကြီးများသည် ပါဠိလျှောက်စာသွား စကားပြေများနဲ့ အနက်မြန်မာ ပြန်ဆိုတော်မူခဲ့ပါတယ်။ တွံတေးဆရာတော်ဘုရားကြီး၊ စိန္တကျော်သူ ဦးသြတို့ကလည်း အနက်မြန်မာ ပြန်ဆိုခဲ့ကြပါတယ်။
ထို နမက္ကာရသုံးစောင်ကို တစ်အုပ်တည်းစုပေါင်းပြီး ရွှေတောင်မြို့ ကျီးသည်းလေးထပ် ဆရာတော်ဘုရား ကြီးက မြန်မာ စကားပြေလင်္ကာ စကားပြေနှင့် ပကိဏ္ဏက နမက္ကာရ အစိန္တေယျ ဘုရားရှိခိုးစာအုပ်ကို ရေးသားပြုစုထားခဲ့တာ ဖြစ်ပါတယ်။ အများနားလည်စေရန် အတွက် စကားပြေလင်္ကာစာသွားနဲ့ ဘုန်းတော်ကြီးကျောင်းသုံး (၁၀)စောင်တွဲ တွင်ရှိ နမက္ကာရပါဠိတော်မှာ ပြန်ဆိုရေးသားခဲ့တာဖြစ်ပါတယ်။
နိုင်ငံကျော် အနုပညာရှင်ကြီးဖြစ်တဲ့ အလင်္ကာကျော်စွာ ဆရာကြီးဦးသုခဆိုလျှင် မိမိ မွေးနေ့တိုင်း ဤဘုရားရှိခိုး စာအုပ်ကိုသူ၏ မွေးနေ့တိုင်း ထောင်နှင့်ချီ ပြီး ရိုက်နှိပ်လှူဒါန်းခဲ့သလို ဆရာကြီးရဲ့တပည့် ဒါရိုက်တာမောင်နှင်းမိုး သည်လည်းဆရာကြီးရဲ့ အစဉ်အလာအတိုင်း ယနေ့တိုင်လှူဒါန်း ဆဲဖြစ်ပါတယ်။
ကျေးဇူးတော်ရှင်မြတ်စွာသခင်ရဲ့ အတုမရှိ ဉာဏ်တော်ကြီး၊ ကျေးဇူးတော် အနန္တ၊ ဂုဏ်တော် အနန္တတို့ကို တိတိပပ ရေးသား ထားတာဖြစ်လို့ တစ်လုံးချင်းရွတ်ဆိုလေလေ ထဲဝမ်းစိမ့်စိမ့်၊ ကြက်သီးဖိန့်မျှ ချိမ့်ချိမ့်ကြွေးကြော် ပူဇော်လို့ မဝနိုင်အောင်ပါပဲ။
သည်စာကို ရေးတင်မိတ်ဆက် သလို ကျွန်မလည်း ကိုယ်ရသလို ရစေချင်တဲ့စေတနာနဲ့ ကြိုးစားပြီး စာရိုက်ပူဇော်ဖို့၊ ဆုံးဖြတ်မိပါတော့တယ်။ ဓမ္မမိတ်ဆွေများ ထံမှ စာစီ ပြီးသားရှိရင်လည်း မျှဝေပေးဘို့၊ ရရှိပြီးသားဆိုရင်လည်း နမက္ကာရ ဘုရားရှိခိုးဖြင့် အစွမ်းထည့်ပူဇော်ကြရင်း အဆင့်မြင့် ဗုဒ္ဓနုဿတိဘာဝနာ ပွားများကြရအောင်လို့ တိုက်တွန်းလိုက်ပါရစေရှင့်။

မှတ်ချက်။ ။ပညာအလင်း စာပေတိုက်မှ ထုတ်ဝေသော (အရှင်မဟာဗုဒ္ဓဃောသ၏ ထေရုပ္ပတ္တိ အကျဉ်းနှင့် ပကိဏ္ဏက နမက္ကာရ ဘုရားရှိခိုး) စာအုပ် ကို ကိုးကားရေးသားအပ်ပါသည်။


Tuesday, December 1, 2009

နတ်တော် လပြည့်နေ့

ချစ်ခင်လေးစားရပါသော ဓမ္မမိတ်ဆွေများရှင်

့မြန်မာရိုးရာ ၁၂လရာသီပွဲတော်တွေ အနက်မှာ နတ်တော်လပြည့် နေ့ကတော့ ရှေးယခင်က နတ်ပွဲဖြစ်ပြီး အခုခေတ်မှာတော့ စာဆိုတော်ဂုဏ်ပြုပွဲများ ကျင်းပပြုလုပ်ဖြစ်ပါတယ်။ နတ်တော်လကိုလည်း စာဆိုတော်လ အနေနဲ့သတ်မှတ်ထား ခဲ့ပါတယ်။
ဘာသာရေး အခမ်း အနားများကို တစ်လတစ်ကြိမ် ကျင်းပနေကြတဲ့ သာသနာရေး ဦးစီးဋ္ဌာနကတော့ လောက အကြောင်းမဖက် ဓမ္မကြောင်းသက်သက်ကိုသာ ရေးဖွဲ့ကြတဲ့ ဓမ္မစာဆိုတော် များကြီးတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ နတ်တော်လပြည့်နေ့ကို ဓမ္မစာဆိုတော်နေ့အဖြစ် ကျင်းပ ကြပါတယ်။ ဓမ္မစာပေတွေ၊ ဆရာတော်ဘုရားများ ဟောကြားတော်မူတဲ့ တရားဓမ္မအသံဖိုင်၊ ဗီဒီယို ဖိုင်တွေကို အင်တာနက် စာမျက်နှာ တွေက တစ်ဆင့် ဖြန့်ဖြူးပေးနေတဲ့ Dhamma Website Developer, Dhamma Blogger များအားလုံး သည်လည်း
ဓမ္မစာဆိုတော်များ စာရင်းဝင် အဖြစ်သတ်မှတ်ရမှာ ပါပဲနော်။


လောက ရေးရာ စိတ်အာရုံ မကျက်စားပဲ ဓမ္မစာပေတွေကို အာရုံထားလို့ တစ်စိုက်မတ်မတ် လေ့လာရေးသား မျှဝေပေးခဲ့တာ တွေဟာ တကယ်တော့ ချီးကျူး ဂုဏ်ပြုစရာကောင်းလှပါတယ်။ ပျော်စရာ ကာမဂုဏ် အာရုံတွေကို Click တစ်ချက်လုပ်ရုံနဲ့ ရရှိ သာယာနိုင်တဲ့ online ပေါ်မှာမဟုတ်လား။ ငြိမ်းချမ်း အေးမြ၊ သန့်စင်တဲ့ ဓမ္မစာမျက်နှာ များစွာကို မငြိမ်းအေးသော စိတ်ရဲ့ကွန်းခိုရာ နေရာများ အဖြစ် တည်ဆောက် ဖန်တီး နိုင်ကြတာကိုလည်း လေးစားမိပါတယ်။ ရေးသားတဲ့လူတွေ ဘယ်လောက်ရေးရေး တလေးတစား ဖတ်ရှု သူများကြောင့်လည်း ဓမ္မစာမျက်နှာများ စည်ပင်ထွန်းကားခဲ့တာ ဖြစ်လို့ ဖတ်ရှုကြတဲ့ ဓမ္မမိတ်ဆွေများကို အထူးပဲကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
ထင်ရှားတဲ့ ဓမ္မ စာဆိုတော် တွေကိုပြန်ကြည့်ရင် ပုဂံခေတ် ကအစပြုပြီး အနန္တသူရိယ အမတ်ကြီး၊ ပင်းယခေတ် စတုရင်္ဂဗလ အမတ်ကြီး၊ အင်းဝခေတ် ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ တောင်ဖီလာဆရာတော်၊ ကုန်းဘောင်ခေတ် မှာဆရာတော် ဦးဗုဓ်၊ သင်္ဂဇာ ဆရာတော်၊ ဗြိတိသျှခေတ်မှာ မာန်လည်ဆရာတော်၊ လယ်တီ
ဆရာတော်၊ လွတ်လပ်ရေးကြိုခေတ်မှာ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနာကာဘိဝံသ တို့ရေးသားခဲ့တာ တွေဟာ တန်ဘိုးမဖြတ်နိုင်တဲ့ ဓမ္မအမွေအနှစ် တွေပါပဲ။ အခုမျက်မှောက်ခေတ်မှာ တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသက အစပြု လို့ဆရာတော်ပေါင်းများစွာရေးသားခဲ့တဲ့ ဓမ္မစာပေများကို ကျွန်မက
ညွတ်ညွတ်နူးနူး ပူဇော် အထူး ပြုလိုလှပါတယ်။
ဒီပနီ အမျိုးမျိုး၊ သံဝေဂစာအမျိုးမျိုး၊ ကျမ်းစာအမျိုးမျိုး၊မေတ္တာစာအမျိုးမျိုး၊ ဆုံးမစာအမျိုးမျိုး လင်္ကာအမျိုးမျိုး တို့ဟာ ရဟန်းရှင်လူတို့ရဲ့ နှလုံးသားနဲ့ ပါးစပ်ဖျားမှာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ကြီးမြတ်တဲ့ စာပေနှလုံးသား၊ စေတနာ အရှိန်အဟုန် အင်အား ကိုလည်း ကျွန်မကအားကျ အတူယူလိုလှပါတယ်။ နတ်တော်လပြည့် ဓမ္မစာဆိုတော်နေ့ အခါသမယမှာ ကျွန်မ နှစ်သက်ခဲ့ လေးစားကြည်ညိုခဲ့တဲ့ ပုဂံခေတ်က ဓမ္မစာဆိုတော် *အနန္တသူရိယ အမတ်ကြီး* ရဲ့သံဝေဂ စာလင်္ကာ တစ်ပုဒ်ဟာ ကျွန်မ ဝိဉာဉ်ကို ပူးဝင်ရှင်သန် လို့လာ
ပြန်ပါတော့တယ်။
၁။ သူတည်းတစ်ယောက် ကောင်းဘို့ရောက်မူ၊ တစ်ယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။
၂။ ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။
၃။ ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာ
ခိုင်ကျည်၊ အတည် မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တဝါတည်း။
၎။ ရှိခိုးကော်ရော်၊ ပူဇော် အကျွန်၊ ပန်ခဲ့တုံ၏။ ခိုက်ကြုံဝိပါတ်၊ သံသာစက်၌၊ ကြိုက်လတ်တုံမူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို ချန်ဘိစစ်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည် အနိစ္စာ ငါခန္ဓာတည်း။

ရဲရင့်တည်ကြည်သလို စိတ်နှလုံးထက်မြက် လှတဲ့ ဓမ္မစာဆိုတော်ကြီးဟာ သူသတ်ကုန်းရောက်တဲ့ အချိန်တိုင်အောင် တုန်လှုပ်မှု မရှိ၊ လောကကိုအမှန်အတိုင်းသိရှိတဲ့ သမ္မာဒိဋ္ဌိဉာဏ်တွေ ထွန်းတောက် ပြီးသည်ကဗျာလေးကို ရေးသွားခဲ့တယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ ပုဂံခေတ် နေပြည်တော် တွင်းမှာ မင်းယဉ် နရသိင်္ခနဲ့ နရပတိစည်သူတို့ ဝေဠုဝတီကို အကြောင်းပြုပြီး မောဟ အမှောင်ဖုံးခဲ့တဲ့ အရေးမှာ အမတ်ကြီးဟာ တန်ဆာခံဖြစ်ခဲ့ရတာ ဘယ်သူ့ကိုမှ အပြစ်မတင်သွားခဲ့ပါဘူး။ သူ့ရဲ့ သေမင်းကိုရင်ဆိုင်ပုံ ဟာလည်း အကြောင် အကျိုးသိမြင်တဲ့ စိတ်နဲ့ငြိမ်သက်နေပါတယ်။ သံသရာမှာ ပြန်တွေ့ခဲ့ရင်တောင် ခွင့်လွှတ်စိတ်နဲ့ အတုန့်အလှည့်မယူလိုပါကြောင်း သဘောထားကြီးပြခဲ့ပါတယ်။ ဓမ္မစာဆိုတော်တို့ရဲ့ စိတ်ဓာတ်အဆင့်အတန်းမြင့်မား ကြတာဟာ မြတ်ဗုဒ္ဓရဲ့ အရိပ်အောက်က တရားဓမ္မ ဂုဏ်တော်များကို ခိုလှုံခဲ့ ရလို့ပါပဲ။ အနှိုင်းမဲ့စံပြ နမူနာအဖြစ် မြတ်ဗုဒ္ဓ ကိုဦးထိပ်ပန်ဆင်ပြီး လူထုကြားမှာ တရားဓမ္မများ စိမ့်ဝင်ပျံ့နှံ့အောင် လမ်းပြ ရှေ့ဆောင်နိုင်ခဲ့တဲ့ဓမ္မစာဆိုတော်များကို၊ မှန်းဆ ကြည်ညို ကန်တော့နေမိရင်း …..၊

ဓမ္မဘလော့ဂါများကိုလည်း ဂုဏ်ပြု အားပေးရင်း နတ်တော်လပြည့်နေ့ကို ဖြတ်သန်းလွန်မြောက် စေပါတော့ တယ်။


Monday, November 23, 2009

ရှင်းသန့်စင်ကြယ်ရာ လမ်းသို့ လျှောက်လှမ်းခြင်း (သို့) ဝိသုဒ္ဓိမဂ္ဂ မိတ်ဆက်

ချစ်ခင်လေးစားရပါသော ဓမ္မမိတ်ဆွေများရှင့်...
ဘဒ္ဒ ကမ္ဘာမှာ ပွင့်တော် မူပြီး ကြလေကုန်သော ဘုရားရှင်တို့၏ ဓာတ်တော် မွေတော် များကိန်းဝပ်ရာ လေးဆူဓာတ်ပုံ၊ ရွှေတိဂုံစေတီရဲ့ ထီးတော်ရိပ်မှ နှုတ်ခွန်း ဆက်သ လိုက်ပါတယ်။ ဓမ္မ မိတ်ဆွေ များအားလုံး ကျန်းမာ ချမ်းသာ ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သနေမိပါတယ်။
ကျွန်မဟာ စနေ၊ တနင်္ဂနွေရက်များတွင် ဓမ္မဗျူဟာနှင့် မင်္ဂလာဗျူဟာ ဓမ္မစာပေသင်တန်း ကျောင်းများမှာ သင်တန်းတက် ရောက်လို့ နေခဲ့ပါတယ်။ ဓမ္မဘလော့ဂါ တဖြစ်လဲ ဘဝနဲ့ မြန်မာနိုင်ငံကို ပြန်ရောက် ခဲ့ကတည်းက အမြင်တွေဟာ အရင်ကနဲ့ မတူပြောင်း လဲခဲ့ပါပြီ။ ပုရွက်ဆိတ် သကာအိုးထဲ ကျသလို မြင်မြင်သမျှ၊ ကြားကြားသမျှ၊ ပို့စ်ရေးတင်ချင်နေမိ ပြောပြချင်နေမိပြီး၊ အာရုံထွေပြားနေကာ တိတိပပ ရေးသားမရပဲ ဖြစ်နေခဲ့ရပါတယ်။
ပိုင်းလော့ဆရာတော် ဘုရားကြီးကျောင်းမှ အမဒေါ်ဝင်းနဲ့ ကမ္ဘာအေး ဈေးထဲမှ သစ်သီး ဆိုင်ပိုင်ရှင် အမ ဒေါ်လှခင်တို့ ရဲ့ ဗုဒ္ဓတရားတော် အပေါ် လေးလေးနက်နက် ရိုသေမှု၊ လမ်းပြ ကူညီမှုများကြောင့် ကျွန်မ ရဲ့ အာရုံများဟာ ဝိသုဒ္ဓမဂ် ဆိုတဲ့ အာရုံ တစ်ခုတည်းမှာ စုစည်းမိပြီး စာမေးပွဲ ဖြေဆိုဘို့ထိ ပြင်ဆင်ဖြစ်ပါတော့တယ်။ ဝိသုဒ္ဓိမဂ် အကြောင်းကို အဘိဓမ္မာ အခြေခံ ရှိပြီး သူတိုင်း လေ့လာ ဖြေဆိုလို့ရပါတယ်။ သာသနာရေးဝန်ကြီးဋ္ဌာနက ကျင်းပပြုလုပ်တဲ့ အဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာ ဂုဏ်ထူးဆောင်(ဋီကာကျော်) စာမေးပွဲများကို ဖြေဆို အောင်မြင်ထားပြီးဖြစ်ပေမဲ့ မေ့မေ့နေတဲ့ မှတ်ဉာဏ်ကို ပုတ်ရိုက်နှိုးဆော်ရင်း ကျွန်မ ကြိုးစား ရပါတော့တယ်။


ကျွန်မရဲ့ ဓမ္မမိတ်ဆွေများကို သင်တန်း အတွေ့ အကြုံများနှင့်အတူ ကျွန်မသိသမျှ ဓမ္မများကို မျှဝေ ရေးသားဘို့ ဘုန်းဘုန်း ဦးလောကနာထ (http://www.lknt.org) ကလည်း တိုက်တွန်း လမ်းညွှန်ထားလို့ ကျွန်မ မှတ်တမ်းများစတင် ရေးသားရပါတယ်။ မင်္ဂလာဗျူဟာ နှင့် ဓမ္မဗျူဟာသင်တန်းကျောင်း နှစ်ခု ကူးပြီး စေတနာ အပြည့်အဝနဲ့ သင်ကြား ပို့ချ ပေးတဲ့ သင်တန်းဆရာတော်ကတော့ ဆရာတော် အရှင်ပဏ္ဍိတ (ကထိက-အဘိဓမ္မပိဋက မဟာဋ္ဌာန)၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဖြစ်ပါတယ်။
ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ကျမ်းဆိုတာကတော့ သံယုတ္တ နိကာယ်၊ သဂါထာဝဂ္ဂ၊ ဒေဝတာသံယုတ်၊ ဇဋာသုတ်လာ (သီလေပတိဋ္ဌာယ နရော သပညော) စသောဂါထာကို ရှေးဦးစွာ ထုတ်ပြပြီးလျှင် အဲဒီ ဂါထာ၌ အဦးပဓာနပြု၍ ဟောတော်မူအပ်သော သီလ၊ သမာဓိ၊ ပညာ တရားသုံးမျိုးကို အသီးသီး အကျယ် ဝေဖန်လျက် နိဒ္ဒေသ ၂၃-ခု (အခန်း- ၂၃ ခန်း) ခွဲခြား၍ ရေးသားတော် မူခဲ့သော ဂန္ထဝင် မြောက် ကျမ်းမြတ် တစ်ဆူ ဖြစ်ပါတယ်။
ဇဋာ ဆိုတာကတော့ ကွန်ရက် အရှုပ်အထွေး များစွာရှိတဲ့ တဏှာရဲ့ အမည်ဖြစ်ပါတယ်။ တဏှာ ဆိုတာကတော့ အာရုံ-၆ပါး တို့၌ အထက်အောက် ခေါက်တုန့်ခေါက်ပြန် အဖန်ဖန် ဖြစ်ပေါ်ခြင်းကြောင့် ချုပ်စပ်ခြင်း သဘော အားဖြင့်ဝါးရုံစသည်တို့ ရဲ့ အခက် အလက် လို့ ဆိုအပ်တဲ့ ကွန်ရက်အရှုပ် အထွေးနဲ့ တူပါတယ်။ ဒါကြောင့်မို့လို့ တဏှာကို အရှုပ်အထွေး (ဇဋာ) လို့ဆိုခြင်း ဖြစ်ပါတယ်။ ဇဋာသုတ် ကမြတ်စွာ ဘုရားရှင်က နတ်သား တစ်ပါး ကို ဟောတဲ့ လေးပါဒ ၃၂ လုံး ရှိတဲ့ဂါထာလေးကို အကြောင်းပြု ပြီး သည် အဋ္ဌ ထာ ကြီးကို ရေးသားခဲ့တာဖြစ် ပါတယ်။
ရေးသားရာမှာလည်း-
နိကာယ်ငါးရပ်တို့မှ လာသော သီလ၊ သမာဓိ၊ ပညာနှင့်သက်ဆိုင်သည့် သုတ်ပုဒ်၊ ပါဠိတော်တို့ကို ယုတ္တိ သာဓက အဖြစ် ထုတ်ဆောင်ပြီး ပြဆိုခြင်း။
ထိုသုတ်ပုဒ် ပါဠိတော်တို့၏ အနက်အဓိပ္ပါယ်တို့ကို သီဟိုဠ် အဋ္ဌကထာတို့မှ ဘာသာပြန်၏ အစွမ်း ဖြင့်ဖော်ပြခြင်း။
သီဟိုဠ် အဋ္ဌကထာ တို့မှာ ပြဆိုထားသော သီဟိုဠ်ဝတ္ထု သာဓကများ ၊ အဆုံးအဖြတ်များကိုလည်း ထည့်သွင်းဖော်ပြခြင်း။
အထူးသဖြင့် အဲဒီခေတ် အဲဒီ အခါက မဟာဝိဟာရဝါသီ တို့၏ အယူဝါဒနှင့်ဆန့်ကျင်ဘက်ဖြစ်သည့် ထင်ရှား သောဝါဒကွဲများကို ထည့်သွင်းရေးသား ဖော်ပြပြီးတော့ အဲဒီ ဝါဒကွဲတွေကို အကြောင်းယုတ္တိ အမျိုးမျိုး ပြပြီး ပယ်ဖျက်ခြင်း ဟူသော ကျမ်းရဲ့ အခြေခံရမဲ့ မူတွေကို စီရင်ချမှတ်ပြီးမှ ရေးသားပြုစု ထားခြင်း ဖြစ်ပါတယ်။
ဝိသုဒ္ဓိ မဂ္ဂ = ဝိသုဒ္ဓိ + မဂ္ဂ (မဂ်)
ဝိသုဒ္ဓိ = အညစ်အကြေး အလုံးစုံကင်းစင်သော နိဗ္ဗာန်၊ ထက်ဝန်းကျင်စင်ကြယ်သောနိဗ္ဗာန်
မဂ္ဂ (မဂ်) = ရောက်ကြောင်းဖြစ်သော အကျင့်လမ်း
ဝိသုဒ္ဓိ မဂ္ဂ= နိဗ္ဗာန် ရောက်ကြောင်းအကျင့်၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းစဉ်
အညစ် အကြေး အလုံးစုံကင်းသော၊ ထက်ဝန်းကျင်စင်ကြယ်သော နိဗ္ဗာန် (ဝိသုဒ္ဓိ) သို့ ရောက်ကြောင်း ဖြစ်သောအကျင့်၊ လမ်းစဉ် (မဂ္ဂ)ကို ဝိသုဒ္ဓိမဂ္ဂ= ဝိသုဒ္ဓိ မဂ် ဟုခေါ်ဆိုခြင်း ဖြစ်ပါတယ်။
စီစဉ်ရေးသားတော်မူခဲ့တဲ့ သူကတော့ အိန္ဒိယနိုင်ငံသား (အရှင်မဟာ ဗုဒ္ဓဃောသ မထေရ်) ဖြစ်ပါတယ်။ သီဟိုဠ်ကျွန်း၊ အနုရာဓမြို့၊ မဟာဝိဟာရ ကျောင်းတိုက်ကြီး၏ တောင်ဘက် ပဓာနဃရ ပရဝုဏ်တွင် မဟာ နိဂမသာမိ မည်သော ဒါယကာရဲ့ ပြာသာဒ် ၌ သီတင်းသုံးနေစဉ်မှာ အရှင်သံဃပါလမထေရ်ရဲ့ တိုက်တွန်းချက်ကြောင့် သာသနာ နှစ် - ၉၇၃ မှာ ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
ရေးသားရာမှာလည်း သီလ၊ သမာဓိ၊ ပညာ လို့ဆိုအပ်တဲ့ ဝိသုဒ္ဒိမဂ္ဂ (နိဗ္ဗာန်ရောက်ကြောင်း အကျင့်လမ်းစဉ်) ကို မှန်မှန်ကန်ကန် ဖော်ပြထားပါတယ်။ နိဗ္ဗာန်ကို အလိုရှိတဲ့ သူတော်ကောင်းတွေ မှန်မှန်ကန်ကန် သိစေချင်တဲ့ အကျိုးကို ရည်ရွယ်ပြီး သည်အဋ္ဌကထာကို စီရင် ရေးသားခဲ့တာဖြစ်ပါတယ်။
အမှီ ပြုရေးသားတဲ့ ရှေးအဋ္ဌကထာဟောင်းတွေကတော့ မဟာဝိဟာရဝါသီ မထေရ်မြတ်တို့ ဟောပြော သင်ကြားနည်းလို့ ဆိုအပ်တဲ့ နိကာယ် ငါးရပ်တို့ရဲ့ မဟာအဋ္ဌကထာ၊ ကုရုန္ဒီအဋ္ဌကထာ၊ မဟာပစ္စရီ အဋ္ဌကထာ တို့ကို အမှီပြု ရေးသား ထားတာဖြစ်ပါတယ်။
အဲဒီ အချိန်ဟာ တတိယ သံဂါယနာတင်ပြီးတဲ့ အချိန်ဖြစ်ပါတယ်လို့ သင်တန်းဆရာတော် အရှင်ပဏ္ဍိတ က ရှင်းလင်းပြတော် မူပါတယ်။ ဆရာတော်က ကျွန်မတို့ကို သင်ကြားပြတာကတော့ ကိုယ်တိုင် ရေးသားတော်မူတဲ့ မှတ်စု ကတော့ မဟာစည် ဆရာတော် ဘုရားကြီး ရေးသားတော်မူတဲ့ ဝိသုဒ္ဓိမဂ် မြန်မာပြန် စာအုပ် ကို ကိုးကား ပြီး ပို့ချချက်များ စီစဉ်ရေးသားပေး ထားခဲ့ပါတယ်။
ဝိသုဒ္ဓိမဂ် ကျမ်း ထင်ရှားကျော်ကြားရတဲ့ အကြောင်းရင်းကတော့-
၁။ စင်ကြယ်သော ပါဠိပိဋကတ်မှီရာရှိခြင်း။
၂။ သိက္ခာ သုံးပါးကို အကျဉ်းချုံးသိမ်းသွင်းထားခြင်း။
၃။ရှေး အဋ္ဌကထာဟောင်းတို့ရဲ့ ဘာသာပြန်ကျမ်းဖြစ်ခြင်း။
၎။ တစ်ပါးသောဂိုဏ်းသားတို့ရဲ့ အယူဝါဒ များကို ကြဉ်ထားခြင်း။
၅။ မိမိဂိုဏ်း အယူရဲ့ စင်ကြယ် မှုကိုဖော်ပြခြင်း။
၆။ သီလ၊ဓုတင်၊ သမထ၊ အဘိဉာဉ်၊ ပညာ အပြားစသည်တို့ကို အပြည့်အစုံဝေဖန်ပြထားခြင်း။
၇။ အရဟတ္တဖိုလ်တိုင်အောင်၊ အကျင့်ပဋိပတ်နည်းကို အပြည့်အစုံပြထားခြင်း။
၈။ ပေါ်လွင်ထင်ရှား၍ ရှုပ်ထွေး ခြင်းကင်းသော ပုဒ်၊ဝါကျတို့ကို ပြုစီရင်ထားခြင်း။
၉။ သိလွယ်သောအနက်ရှိခြင်း။
၁၀။ ကြည်ညိုဖွယ်ကောင်းပြီး တွေ့မြင်ကြားသိရာကို အတုလိုက်၍ ကျင့်ခြင်းသို့ရောက်စေ နိုင်သော ဝတ္ထုကြောင်းတို့ကို ထည့်သွင်း ဖော်ပြထားခြင်းတို့ကြောင့် ဝိသုဒ္ဓိ မဂ်ကျမ်းကြီး ထင်ရှားကျော်ကြား ရခြင်းဖြစ်ပါတယ်။
ခြုံငုံပြောရရင်တော့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာသည် ဘာဝနာ လုပ်ငန်းကို စနစ်တကျလမ်းညွှန်ပေးတဲ့ ကျမ်းမြတ် တစ်ဆူဖြစ်ပါတယ်။ ပိဋကတ် သုံးပုံမှ အရသာ၊ အဆီ အနှစ် များကို ထုတ်ယူထားတဲ့ ပိဋကသြဇာ လည်းဖြစ်ပါတယ်။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ကျမ်းကြီးက ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ကိုလုံးစေ့ ပါဌ်စေ့ အပြည့်အစုံ မြန်မာ ဘာသာကို ပြန်ဆိုထား တဲ့ မြန်မာ အဋ္ဌကထာ ကျမ်းကြီးရယ်လို့လည်း တန်ဘိုးထား ပူဇော် သင့်လှပါတယ်။
ကျွန်မတို့ရဲ့ ကိုယ်ကျင့်တရား တွေပိုမို ကောင်းမွန်လာအောင်၊ ဘာဝနာ လုပ်ငန်းတွေ အားထုတ်ချင်စိတ် ဖြစ်ပေါ်လာ အောင်၊ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်အောင်၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်လမ်းစဉ်များကို စနစ်တကျ ညွှန်ပြပြီး စည်းရုံးဆွဲဆောင် ခေါ်ငင်နိုင်စွမ်းလည်းရှိတဲ့ ဝိသုဒ္ဓိမဂ် အကြောင်းကို အကျင့်ဆိုင်ရာ ဘာသာရေးသုတ များတိုးပွားစေလို တဲ့စေတနာ ဖြင့် ကျွန်မရဲ့ *သစ္စာအလင်း* စာမျက်နှာများမှာ ရေးသားပူဇော် သွားပါမယ်။
သင်္ခန်းစာ များအတိုင်းမဟုတ်ပဲ သီလအကြောင်း၊ ဓုတင်၊ အဘိဉာဉ်၊ အနုဿတိ များအကြောင်း သိမှတ်ဖွယ် ရာများကို ထုတ်နုတ်ရေးသား သွားပါမယ် ဆိုတာ ပြောကြားရင်း မိတ်ဆက်လိုက်ပါတယ် ဓမ္မ မိတ်ဆွေများရှင့်။

ကျမ်းကိုး၊
ဝိသုဒ္ဓိမဂ်မြန်မာပြန်ပို့ချချက် - ပထမဆင့် (အရှင်ပဏ္ဍိတ-ကထိက-နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်-ရန်ကုန်၊ ၂၀၀၈)


Wednesday, November 18, 2009

ငွေရတု မွေးနေ့ဆုမွန်


သား ကိုဦး (ဓမ္မရသ) အတွက် ငွေရတု မွေးနေ့ဆုမွန်

ဝမ်းမနာ သော်လည်း၊ ဝမ်းသာခဲ့ရဖူးသော
ထူးခြားတဲ့ သားပါ။
ငယ်သောကားသား၊ ကြီးသော် အားတဲ့
သင်ဟာ
အားမာန်များဖြင့်ရဲရင့်… သံမဏိပန်းတစ်ပွင့်ဖြစ်တယ်။

အသက်ငယ်သော်လည်း၊ အသိမငယ်သော သား၊
ပိုင်းခြားဝေဖန်၊ အမှန် အမှား၊
တရား အသိတို့ဖြင့်... မတရား မရှိစေရ...။
သင်ဟာ
လင်းလက် တောက်ပ၊ လမ်းပြကြယ် တစ်ပွင့် ဖြစ်ပေတယ်။

မျိုးစေ့လည်းမှန်၊ ပင်လည်းသန်ခဲ့
ရှင်သန်နေဆဲ ပွင့်ဖူးဆဲပါ...။
ဝေဆဲ အရိပ်၊ အတိတ်၊ ပစ္စုပ္ပန်၊
လမ်းကြောင်းမှန်ဆဲ… စိမ်းလန်းဆဲပေါ့ ။
သင်ဟာ
ရောင်စုံချယ် မလိမ်း၊ အမြဲစိမ်းတဲ့ သစ်တစ်ပင်လည်း ဖြစ်ပါတယ်။

သားကောင်းတစ်ယောက်၊ ကျောက်ကောင်းတစ်စေ့
ယနေ့ အထိ၊ ဖြည့်ဆည်း ပေါက်ရောက်၊ လမ်းဆက်လျှောက်နော်။
ငွေရတုခရီး ဖြတ်ကျော်ပြီးပေါ့။
သင့်ဘဝ ရဲ့သခင်၊ သင် သာလျှင်ဖြစ်
သင့် ဘဝအမြင်၊ သင်သာထုဆစ်
ကျစ်လျစ်မာကျော၊ အမောလုံကြောင်း၊ သက်လုံကောင်းစေ။
မျက်ရည် ချွေး၊ သွေး၊ ပေးဆပ်မှုသာ ခြေရာချန်ခဲ့။
မေတ္တာ သစ္စာ၊ ကရုဏာသာ စေတနာမှန်ခဲ့။
မလှည့်မဖျား၊ ရိုးသားမှုသာ နေရာမှန်ခဲ့။
ချန်ခဲ့၊ မှန်ခဲ့
ကျန်တဲ့ ဘဝလမ်း၊ ဖြတ်သန်းရဲရင့်၊
ရဲရင့်စွာဖြတ်သန်း၊ ငြိမ်းချမ်းကိုယ်စိတ်
အဓိပ္ပါယ်ပြည့်ဝ၊ လှပလိမ့်မယ် ယုံကြည်တယ်။

၁၈.၁၁.၂၀၀၉ နေ့တွင်ကျရောက်သော သား ကိုဦး (ဓမ္မရသ)၏ ၂၅ နှစ်ပြည့် ငွေရတု
မွေးနေ့ အတွက် မေတ္တာဖြင့် ရေးဖွဲ့ပါသည်။
သစ္စာအလင်း

Tuesday, November 10, 2009

ဇာတိမလာရေးနှင့်နိဗ္ဗာန်အမြင် ( ၁၁ )

အာရုံသိ ခန္ဓာငါးပါးသည် ဘဝတစ်ခုလုံးရဲ့ ဖွားသေ၊
++++++++++++++++++++++++++++++++++++
သူသည် ဘဝတစ်ခုလုံးပဲဆိုတာကိုလည်းနားလည် ရမယ်။ အာရုံမသိရင် အိပ်ပျော်နေတဲ့ ချိန်ကို ဘုရားက ဘဝမြုံတယ်လို့ အမိန့်ရှိတယ်။ အိပ်ပျော်ချိန်မသိဘူး။ ဘဝမြုံတယ်တဲ့။ သေခါစ ခန္ဓာ ကိုယ်လုံးကြီး ရှိတယ်။ စဉ်းစားပါ။ အာရုံတွေသိပါ့မလား။ (မသိပါဘူး ဘုရား…)။

ဒါဖြင့် အဲဒီ ပုဂ္ဂိုလ်ကို ဘဝရှိတယ် ပြောမလား မရှိဘူးပြောမလား၊ မရှိပါဘူးဘုရား။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အာာရုံသိမလာတော့လို့ ဒီခန္ဓာ မရှိတော့ဘူး။ဒါမရှိရင် ကိုယ်လုံး ကြီး ရှိသော်လည်း ဘဝ မရှိဘူး။
ကိုယ်လုံးကြီး ကတော့ မသာဖြစ်ခါစ ဒီ အတိုင်းပဲ ။


အိပ်ပျော်လည်း ဒီ အတိုင်းပဲ သဘောပေါက်ရဲ့လား။သူ့ကို ဘဝ မယူ ဘူးနော်။ ဒီအာရုံသိကိုသာ ဘဝယူရမှာနော်။ ပြန်ပြောမယ်။ နည်းနည်းတော့ စဉ်းစားရမယ်။ ဘုရား တရားတော် ဟာ အလွန်နက်ရှိုင်းတယ်။
ဒီကိုယ်လုံးကြီးတွေ အိပ်ပျော်သွားပြီ ဆိုပါတော့။ ခြင်ကိုက်ရင် သိပါ့မလား။ (မသိပါဘူး ဘုရား)။ ဒါဖြင့် ဘဝဆိုတာ သည် ဒီကိုယ်လုံးကြီး လို့ယူတာ မဟုတ်တာတော့ သေချာသွားပြီ။ ဒီခန္ဓာ ငါးပါး အစုံကိုသာ
ဘဝလို့ယူရမှာ။ သဘောပေါက်ပြီလား။ အဲဒီ ငါးခုပေါင်းတော့ မှ အသိပေါ်လာတာကို ဘဝလို့ ယူရမှာနော်။ ဒါကိုသာ ဘုရားက ဒုက္ခသစ္စာလို့ခေါ်တာ။ လိုရင်းက အဲဒါပဲ။ ဘဝ အစစ် ကအဲဒါပဲ။
ဘဝဆိုတဲ့အသိပေါ်တာကို ဖွားမြင်တယ်ခေါ်တယ်။ အသိပျောက်သွားတာကို ဘဝသေတယ်လို့ခေါ်တယ်။ အဲဒါမှ ဖွားသေအစစ်၊ နားလည်ကြပြီလား။ အသိလေးဖြစ်ပေါ်တာကို ဘဝလို့ခေါ်တာ၊ ဇာတိဖြစ်လိုက်တာ၊ ပျောက်သွားတာက ဇရာ မရဏ ဖွားသေ ။ ဘဝရဲ့ဖွားသေဆိုတာ (သူ- သူ့ကိုတကယ်တွေ့နေရမှာ) အသံကြားလိုက်တယ်။

မနောပေါ်တယ်ဆိုရင် ဒီမှာလည်း ဖွားသေ ဒီမှာလည်း ဖွားသေပြီးရင်ပျောက်သွားတယ်။ ဒါဆို ဘဝ မရှိတော့ဘူး။ သိသဘော လေးပေါ်တာ ဖွားသေပဲ။ ဘဝတစ်ခုလုံးနော်။ အစိတ်အပိုင်းမယူနဲ့။

ဘဝ တစ်ခုလုံးယူရမှာ။ ကိုယ့်ဘဝ တစ်ခုလုံးရဲ့ ဖွားသေ ဟာ ကြားသိကြံသိ အသက်ရှူတယ်၊ ထိသိ မနောမှာ ကြံသိ၊ အဲဒီ အသိလေးပျောက်သွားတဲ့ ဖွားသေဟာ ဘဝတစ်ခုလုံးရဲ့ ဖွားသေဆိုတာကို ဆုံးဖြတ်ချက် ရဲရဲချ နားလည် ပြီနော်။

အဲဒီလို ဆုံးဖြတ်ချက် ကျပြီဆိုရင်တော့ ဘုန်းဘုန်း ရဲရဲအာမခံတယ်။ တရားရပြီလို့။ ဘုရားအလိုကျရောက်ပြီ။
++++++++++++++++++++++++++++++++++++++++++++++++++++++++++

Tuesday, November 3, 2009

ဆရာတော်ကြီးများ ဟောကြားဆုံးမတော် မူသော အထွေထွေ မှတ်သားစရာများ

ပိုင်းလော့ဆရာတော်ဘုရားကြီး ၏ တရား စခန်း ရိပ်သာသစ်

မိုးညှငိးသိင်္ဂီ ရက်ရှည် တရားစခန်းရိပ်သာသစ် ကို ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်း တိုက်နယ် တွင် ဖွင့်လှစ်နိုင်စေရေး အတွက် မြေအလှူရှင် ပေါ်ပေါက်ခဲ့ပြီ ဖြစ်ပါတယ်။ ၁၂ ဧကရှိသော တရား စခန်းမြေနေရာ အလှူ ရှင်များ ကတော့ ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ် ကမ္ဘာအေး ဗီလာ အိမ်ယာ နေ ဗိုလ်မှူး ကြီး စံအေးလှ (ငြိမ်း) + ဒေါ်ခင်မာဝင်းချစ် မိသားစု က ဆရာတော် ဘုရားထံလှူ ဒါန်း ထားပြီး ဖြစ်ပါတယ်။
စခန်းသစ် အတွက် စတင်ဆောင်ရွက် မဲ့ အစီအစဉ် ကတော့ အုတ်ခြံစည်းရိုး ခတ်ခြင်း ဖြစ်ပါတယ်။ စိတ်ပါဝင်စားပြီး ၊ ကျောင်းဒါယကာ ၊ ဒါယကာမ အဖြစ် ပါဝင် လှူဒါန်း လိုသူများ ကတော့ အလျား ၈ပေ၊ အမြင့် ၆ပေ အတွက် ကျပ်ငွေ ၄သိန်းခွဲ (၄၅၀၀၀၀ ကျပ်တိတိ) ကို ဆရာတော် ဘုရား၏ ကပ္ပိယ ကာရက တပည့်ရင်း ဦးနေရီ ထံတွင် စတင် လှူ ဒါန်းနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါး ဖေါ်ပြ အပ်ပါတယ်။အလှူရှင် တို့၏ အမည် များကိုအုတ်နံရံ တံတိုင်းတွင် ကဗ္ပည်းထိုး ဖေါ်ပြပေးမှာဖြစ်ပါတယ်။


သူ့ကို သတ်ဖြတ် သက်တိုတတ်
မသတ် အသက်ရှည်။
ညှင်းဆဲသူများ အနာများ
သနားကျန်းမာသည်။
ဒေါသမီးလျှံ အကျည်းတန်
သည်းခံ လှပသည်။
ဝန်တိုသူမှာ ချွေရံကွာ
ကြည်သာချွေရံစီ။
မပေးလှူ က မွဲပြာကျ
လှူ မှ ပေါကြွယ် သည်။
မရိုမသေ မျိုးယုတ်ချေ.
ရိုသေ မျိုး မြတ်သည်။
မမေး မမြန်း ဉာဏ် မြင်ကန်း
စုံစမ်းဉာဏ်ကြီးသည်။
ကောင်းတာ ပြုမှ ကောင်းတာရ
ကောင်းမှကောင်းစားမည်.
ကောင်းဆိုးနှစ်တန် ကံစီမံ
ခံစံကြရမည်။

ဆရာတော် ဘုရားကြီးများဟောကြားဆုံးမတော် မူသော-အထွေ ထွေ မှတ်သားစရာများ

နိဗ္ဗာန် လိုချင်ရင် သူများအတင်းမပြော နဲ့။
ချမ်းသာ လိုချင် သူများအတင်း မပြောနဲ့ ။
ကလေးတွေကိုတော့ ကိုယ့် အမြင် နဲ့ မလိမ္မာဘူးလို့ပြောတယ် ကိုယ်ကရော ။
သံသရာ ဘယ်ကစလို့ ဘယ်မှာ ဆုံးပါသလဲ ၊ မသိတာစလို့ သိတော့ဆုံးပါတယ်။
( လယ်တီဆရာတော်ဘုရားကြီး)

အိုနာသေဘက်ကမ်း မှ အိုနာသေ လွတ်ရာဘက်ကမ်းသို့ ရောက်စေသော အလုပ် ကို ပါရမီ လို့ ခေါ်တယ်တဲ့။
လူမိုက်နဲ့ ပညာရှိကို တခြားမှာ သွားမရှာပါနဲ့။ ကိုယ့်သန္တန်မှာ ရှိနေတာ။
အမှန်အတိုင်း မသိတဲ့ အချိန် လူမိုက်၊ အမှန် အတိုင်း သိတဲ့အချိန် ပညာရှိ ။ အချိန် ပိုင်းလူမိုက် ၊ အချိန်ပိုင်း ပညာရှိ။
(ဂျုံး ဂျုံးကျ ဆရာတော် ဘုရားကြီး)

ငါမှားလည်း သူပြင်တာခံမယ်။သူမှားလည်း ငါပြင်မယ်။ (စံကင်းဆရာတော် ဘုရားကြီး)

အရင်ကကောင်းလို့ အခုကောင်းသည် ၊အခုကောင်းရင် နောင်ကောင်း ပါလိမ့်မယ်။

တောင့်တ(လိုချင်) နည်းတော့ ၊ကြောင့်ကြ (ပူလောင် )နည်းတယ် ။ ကြောင့်ကြ နည်းရင် နှလုံးအေးတယ်။

ဆုပ်ရင်ကွဲတယ်၊ ကြဲရင်လုံးတယ် ။
ယူရင် ပြိုကွဲတယ် ၊ပေးရင်ပြည့်စုံတယ်။
ရှိတာနဲ့ စိတ်ကူး ကွာဟတာများရင် ၊ ဒုက္ခများမယ်။

ဖြစ်ချင်တာတွေ လိုချင်တာတွေ လက်ရှိဘဝနဲ့ မဟပ်အောင် သိပ်များလာရင် လွန်သွားပြီ။ လက်ရှိဘဝ နဲ့ ဟပ်အောင်စိတ်ကို ပြုပြင်ပေး ရမယ်။

ရောင့်ရဲခြင်း ဟာချမ်းသာ၊ကိုယ်ပိုင်ထင်တဲ့အရာ တွေဟာ တကယ်တော့ မပိုင်ပါဘူး။ကိုယ်တကယ် မပိုင်တဲ့ အရာတွေကို မပိုင်သလိုပဲနေပါ။

ကြမ်းတမ်းတုန်း အရောင်မှိန် တုန်းသေခဲ့ရင်တော့ သေချာတယ် ၊အပါယ် ဇာတိပဲ ။

စိတ်နှလုံးအေးတုန်း သေခဲ့ရင် အရောင်တောက် နတ်ဖြစ်မယ်။ မာန်လျှော့တတ်လို့ အထည် မထင်ရင်တောင် အထက်ဆန်ပါတယ်။ သေခြင်းတရား ဟာ ကပ်နေပြီလို့ နှလုံးသွင်းရမှာ

အချိန်တိုင်း တွေးနေရင်း ဘဝပြောင်းနေ သည်။

မျိုးဆက်သစ်တွေ အမြင်မှန်ဘို့လိုတယ် ။ အတွေးအခေါ် မှန်ဘို့လိုတယ်။
ပျင်းလို့ မလုပ်ရင် (အသေတွေ့မှ) သေခါနီးမှ အဖြေပေါ်မယ်။

ရုပ်ရှင် ဆိုလဲ ရှေ့ဘာဖြစ်မလဲဆိုပြီး ကြည့်နေတော့ အကြောတင်းနေတာပေါ့ ။ သဘောကျရင်လည်း ရာဂဖြစ်နေတယ်။ ရုပ်ညံ့ရင် စိတ်ပါညံ့မယ်။

ချမ်းသာခံစားရလေလေ ၊ဆင်းရဲထင်ရှားလေလေ။
ဘုရားဟောတာက ဒေါသသိမ်းဘို့ ၊လောဘသတ်ဘို့ ။မောဟပယ်ဘို့ ။
ကိုယ်သာနာ၍ စိတ်မနာအောင်ကျင့်ရမယ်တဲ့။

အတွေးရပ်ရင် ဟော်မုန်းတွေကောင်းလာတယ်။ အတွေးများရင် ဦးနှောက်က ဟော်မုန်းအညံ့ တွေထွက်တယ်။
လူတေစ်ယောက်ဟာ တစ်ခုတော်တာနဲ့ ကိုယ့်ကိုကို အကုန်တော်တယ်လို့မထင်နဲ့။ တစ်ခုညံ့တာ နဲ့လည်း အကုန်ညံ့တယ် မသတ်မှတ်နဲ့။ နေရာတိုင်းလည်း အကုန်တော် အကုန်ညံ့ မရှိဘူး။ ကိုယ့်ကိုကို နေရာတိုင်း တော်တယ်လို့ ထင်နေရင် မလွယ်ဘူးနော်။
စိတ်နဲ့ အာရုံ အဆင်ပြေအောင် နေရမယ်တဲ့။
အသိမှန်မှ အကျင့်မှန်မယ်။
(ယောဆရာတော်ဘုရားကြီး)

တာဝန်ကျေပါ။ မတွယ်တာပါနဲ့။ (တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး)

တောင့်တ ရှိရင်ကြောင့်ကြရှိမယ်။
ကောင်းတယ် ဆိုတာကို ကိုယ့်စိတ်က မကြိုက်လည်း ပေသာလုပ်ပါ။ လုပ်ရင်းလုပ်ရင်းနဲ့ ကြိုက်လာ လိမ့်မယ်။ ဘဝ အဆက်ဆက် က မကောင်းတာကိုပဲ ကြိုက်ခဲ့တော့ သွေးထဲမှာ မကောင်းတာကိုပဲ ကြီုက်တဲ့သတ္တိ ကိန်းနေတဲ့ အတွက် မကောင်းတာ ကိုပဲကြိုက်နေလိမ့်မယ်။မကောင်းတာကိုရှောင်ပါ မလုပ်ပါနဲ့။
အကျိုးတရားကို မပွားပါနဲ့။ အကြောင်းတရားကိုသာတည့်အောင်လုပ်ပါ။
(လှေသင်းမင်းကျောင်း ဆရာတော်ဘုရားကြီး)

ဘယ်အကြောင်းကြောင့်မှ အပူဓာတ်မထွက်စေနဲ့။ ဘာကြောင့်ပူပူ ဘယ်သူကြောင့်ပူပူ အောက်ပဲစုန် မှာပဲ။ ဘာကြောင့်ပူပူ ကိုယ်အရှုံးပဲ။

လူတစ်ယောက်အကြောင်းကိုတွေးရင် မကောင်းတဲ့နေရာ မှာ ရပ်မထားရဘူး။ ခွင့်လွှတ်နိုင်တဲ့ အဆင့်ရောက်အောင်တွေးရမယ်။

လောကမှာ ဖြစ်နေတာ တွေမှန်သမျှသည် ဖြစ်သင့်လို့ ဖြစ်တာ အကြောင်းကြောင့်အကျိုး ဖြစ်တာ ။
တပါးသူ၏ အပြစ်ကို ရှုလေ့ရှိသေ ပုဂ္ဂိုလ် ၊ ပြောလေ့ရှိသောပုဂ္ဂိုလ်၌ အာသဝေါ တရားတို့သည် တိုးပွားကြကုန်၏ ။ နိဗ္ဗာန်နှင့်အဝေးကြီး ဝေးကြလေကုန်၏။
(ရာဟုလောဝါဒသုတ္တန်)

အတွေးအခေါ်သေတာ လူသေတာ ထက်ဆိုးတယ်။
အကြိမ်ကြိမ် အပါယ် ကျခဲ့တာ များလှပါပြီ။ အစုန် အဆန်ဖြစ်ခြင်းလည်းထပ်နေပါပြီ။မရသေးဘူးတာ နိဗ္ဗာန်ပဲကျန်တော့တယ်။
အမှားကြာတော့အမှန်ဖြစ်တယ်။
(ရွှေကျင်ဆရာတော် ဘုရားကြီး)

အသိမှန်မှ အကျင့်မှန်မယ်။ (ယောဆရာတော်ဘုရားကြီး)
ပညာဆိုတာ ရှေ့မှာ ဖြစ်မဲ့ကောင်းကျိုး ဆိုးကျိုးတွေကို ရှင်းရှင်းမြင်နိုင်တယ်။


Friday, October 30, 2009

သာမညဖလ အခါတော်နေ့ (သို့မဟုတ်) သံဃာ့ကျေးဇူး မမေ့ဘူး အထူးပူဇော်မယ်…

မေမေချစ်သော သားသား နဲ့မီးမီးရေ
လောက၌ အမြတ်ဆုံး ရတနာ သုံးပါးရှိတဲ့အထဲမှာ တန်ဆောင်မုန်းလပြည့် အချိန်အခါ ကာလ သမယဟာ သံဃာ ရတနာရဲ့ ဂုဏ်ကျေးဇူးကို ပူဇော် ကြတဲ့ အချိန်အခါ ဖြစ်နေပါတယ်နော်။ အဲလို အချိန်မျိုးမှာ မေမေဟာ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ့ တရား ရိပ်သာမှာ တရားအားထုတ်ဘို့ ရောက်ရှိလို့ နေခဲ့တဲ့ အတွက် ထူးကဲတဲ့ ကံတရားကို ကျေးဇူးတင်နေမိပါတယ်။ ကျေးဇူးတော်ရှင် ပိုင်းလော့ ဆရာတော်ဘုရားကြီး ကလည်း ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော်ဘုရားကြီး ရဲ့ ကျေးဇူးကို တုန့်ဆပ် ပူဇော် လိုတဲ့အတွက် မိုးကုတ် မြို့ မင်္ဂလာ တိုက်ဟောင်းမှာ တရားပြသ နေရာမှ တန်ဆောင်မုန်း လပြည့် မတိုင်ခင် နှစ်ရက် အလိုမှာ ပြန်လည် ကြွ ရောက်ခဲ့ပါပြီ။
တရားစခန်းသိမ်းပွဲ အဖြစ် ဆရာတော် ဘုရားကြီးက မိုးကုတ်မြို့မှ ဝါရင့် မိုးကုတ်ယောဂီများကို ဟောကြားတဲ့ တရားကို မေမေတို့ကို ပြန်လည် ဟောကြားပေးတာနာယူရတော့ မေမေ့မှာ အလွန် ဝမ်းမြောက်ပီတိ ဖြစ်ရပါသေးတယ်။ မေမေတို့ ယောဂီ သီလရှင် များ အားလုံး ပူဇော်ကန်တော့ခွင့် ရရှိခဲ့ တာကတော့မေမေ့ ဘဝမှာ ထူးကဲတဲ့ တိုက်ဆိုင်မှုပါပဲလေ။ မေမေ့ဘဝထဲမှ ကျေးဇူးရှိ ခဲ့ဘူးသော သံဃာ ရတနာ များအားလုံး ကို ပူဇော် ဦးခိုက်တဲ့ အနေနဲ့ သည်စာစုကို ရေးဖြစ်ပါတော့တယ် ကလေးတို့ရေ..။


အခုဆိုရင် မိုးညှင်းသိင်္ဂီကျောင်းတိုက်ရဲ့ ဓမ္မာရုံ ထဲမှာ ပဒေသာပင် လာရောက်လှူ ဒါန်းကြသူများနဲ့ စည်ကားနေတာပေါ့လေ။
မေမေတို့ ငယ်ငယ် ကတော့ တော်တော်လေး ပျော်ခဲ့ဘူးပါတယ်။ တန်ဆောင်တိုင်ပွဲတော် ဆိုရင် ကန်တော့ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန် သင်္ကန်း အလှူ ပွဲတော် မသိုးသင်္ကန်း ယက်လုပ် ပူဇော်ပွဲတော်၊ မဲ ဇလီ ဖူးသုပ် ဝေငှသော ပွဲတော်၊ ကျီးမနိုးပွဲတော် တွေကိုပြုလုပ်ခဲ့ ကြတာရဲ့ အတိတ်ခန္ဓာ အစဉ်တန်းဟာ အခုပြန် တွေး အခု ပြန် ပေါ်လာတော့တာပေါ့။
တန်ဆောင်မုန်း လပြည့်နေ့ကို သာမည ဖလ အခါတော်နေ့ အဖြစ် သတ်မှတ်တာ ကတော့မေမေ အရင် က မပြောပြ ဘူးသေး ပါဘူး။
ဂေါတမ ဘုရားရှင်လက်ထက်တော် အခါက တန်ဆောင်မုန်း လပြည့် ညမှာ အဇာ တသတ် မင်းသား မူးမတ် ပေါင်းစုံလင်စွာဖြင့် ညီလာခံသဘင်ဆင်ယင်ကျင်းပနေပါတယ်။ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုး ငါးဝကင်း စင်ပပြီး ကြည်နူးသာယာ ဘွယ်ကောင်းတဲ့ တန်ဆောင်မုန်းလပြည့် ညရဲ့ အလှအပကို ကြည့်ပြီး အဇာတသတ် မင်းသားက
၁။ ရမဏီယာ ဝတ= မွေ့လျော်ဖွယ်ကောင်းသော ညပါတကား။
၂။ အဘိရူပါ ဝတ= အလွန်လှပသော ညပါတကား။
၃။ ဒဿနီယာ ဝတ = ရှုဖွယ်ကောင်းသောညပါတကား။
၎။ ပါသာဒိကာ ဝတ=ကြည်လင် ရွှန်းပသော ညပါတကား။
၅။ လက္ခညာ ဝတ= မေ့မရနိုင်သောညပါတကား။
လို့ စကားငါးခွန်းနဲ့ ချီးမွမ်းတော် မူပါသတဲ့။ အဇာတသတ်မင်းတရားဟာ အဖေကို သတ်မိတဲ့အကုသိုလ်ကံ ကြောင့် အလွန် ကြည်နူးသာယာ ဖွယ်ကောင်းတဲ့ တန်ဆောင်မုန်း လပြည့်ညရဲ့ အလှအပကို မခံစားနိုင်ပဲ အိပ်စက် မရအောင် ဖြစ်နေပါတယ်။
အဇာတသတ် မင်းသားလေးဟာ ငယ်ရွယ်စဉ် အခါမှာ ဒေဝဒတ် ကိုဆရာတင်မိပြီး အပေါင်းအသင်း မှားတဲ့ အတွက် ဖခင် ဘုရင်ကြီးကို သတ်မိသည်အထိ ဆိုးသွမ်း ခဲ့ဘူးတာ ကလေးတို့ သိပြီးသားဖြစ်မှာပါ။ ပဉ္စာနန္တိယ ကံကြီးထိုက်ပြီးတဲ့ အချိန်က စလို့ အိပ်မပျော်တဲ့ ရောဂါဝေဒနာ စွဲကပ်ခဲ့ပါတယ်။
အဲဒီ ဝေဒနာပျောက်ကင်းအောင် မည်သည့်ဆေး နှင့်မှ ကုစား မရဖြစ်နေခဲ့တာ အမတ်တွေအကြံ ပေးတဲ့အတိုင်း တိတ္ထိ ဆရာကြီး ၆ ယောက် တို့ ထံ သွားရောက်ခဲ့ပါတယ်။ အဇာတသတ် ဘုရင်က သူသိလိုတဲ့ သာမညဖလ (ရဟန်း ပြုခြင်း အကျိုး ) ကိုမေးတဲ့ အခါ မှာ ကျေနပ်လောက်တဲ့အဖြေကို မရတဲ့အတွက် ပြန်လာခဲ့ရပါတယ်။
သမားတော်ကြီး ဇီဝက ကျေးဇူးကြောင့် ဘုရားရှင်ကို ဖူးတွေ့ မေးမြန်းသိရှိပြီးမှ အိပ်စက်လို့ ရသွားပါတော့တယ်။
အဇာတသတ်မင်းတရား ဘုရားရှင်ကို အဖူးအမျှော်သွားရောက်တဲ့အချိန်ဟာ တန်ဆောင်မုန်းလပြည့် ညချမ်း ချိန်ခါ ကလေးပေါ့။ အဲဒီ အချိန်မှာ မြတ်စွာဘုရားဟာ ရာဇဂြိုလ် မြို့အနီး သမားတော် ကြီး ဆရာ ဇီဝက လှူ ဒါန်း ထားတဲ့ သရက် ဥယျာဉ် မှာ သီတင်းသုံးနေတဲ့ အချိန်ဖြစ်နေပါသေးတယ်။ သရက်ဥယျာဉ် ထဲမှာပဲ ဘုရားရှင်ဟာ အဇာတသတ်မင်းကို သာမညဖလ သုတ္တန် ဒေသနာတော်ကို ဟောကြားတော်မူခဲ့ပါတယ်။
အလွန် သာယာလှပတဲ့ တောတောင်ရိပ်နဲ့ လပြည့်ညမှာ ဟောကြားတဲ့ တရားတော်ဟာ နောင်တ တစ်ဖန် ပူပန်မှုတွေနဲ့ ဆူပွက်လောင်မြိုက်တဲ့ နှလုံးသားကို အေးချမ်းသာယာမှုကို ဆောင်ကျဉ်း ပေးနိုင်ခဲ့တာပေါ့လေ..။
အဲဒီ သာမညဖလသုတ္တန်ဟာ ဒီဃ နိကာယ်၊ သီလက္ခန္ဓ ဝဂ္ဂ ပါဠိတော်မှာ ပါရှိပါတယ်။ ရဟန်းသံဃာတော်တွေ အတွက် ကြေးမုံမှန်တစ်ချပ် သဖွယ်ဖြစ်ပြီး ကိုယ်ကျင့်သီလ ရှိတယ် မရှိဘူးဆိုတာကို ဤသုတ္တန် ဖြင့်ထင်ဟပ်စေနိုင်ပါတယ်။
ရဟန်းပြုခြင်း အကျိုးတွေကို ဟောကြားတဲ့ နေ့ဖြစ်တဲ့အတွက် တန်ဆောင်မုန်း လပြည့်နေ့ကို သံဃာ တော်များနေ့လို့ ခေါ်ဆိုခဲ့တာ ကိုလည်းမှတ်သားထားလိုက်ပါ အုံးနော်။
သာမည ဖလ = ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးတွေကတော့------
၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။
၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်း အကျိုး။
၃။ ပါတိမောက္ခ သံဝရသီလ နှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။
၎။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠ သီလ နှင့်ပြည့်စုံ ခြင်း အကျိုး။
၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကားအမျိုးမျိုး တို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမ သီလနှင့်ပြည့်စုံခြင်း အကျိုး ။
၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလ နှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး ။
၇။ ဣနြေ္ဒ ၆ပါး ၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤ သည်တို့ကား အခြေခံ သီလများဖြစ်ပါသည်)။
၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။
၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။
၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။
အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုး များကို လက်တွေ့ ခံစားရရှိနိုင်ပါသေးတယ်။
၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး
၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး
၁၃။ ဝိဇ္ဇာ ရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး။
အဇာတသတ်မင်းသားဟာ သာမညဖလသုတ္တန် ကိုနာယူလိုက်ရတဲ့အချိန်က စပြီး ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှာ ရတနာ သုံးပါးကို အကြည်ညို ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ် ကလေးတို့ရေ..။
သူရဲ့ အမှား ကို နောင်တ ဖြစ်ပြီး သတိတရားရလာ ခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် ကို အသက်ပေးပြီး ကြည်ညိုလာ တဲ့သူဖြစ်လာ ပါတယ်။
****မြတ်စွာဘုရား တပည့်တော်သည် မိုက်၍ တွေဝေ၍ မလိမ္မာ၍ အပြစ်သည် တပည့်တော်ကို လွှမ်းမိုးသွားခဲ့ပါပြီ။ တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ် ( အာဏာ) ဟူသော အကြောင်းကြောင့် တပည့်တော် သတ်မိခဲ့ပါ၏။ ထို တပည့်တော် ၏ အပြစ်ကို နောင် အခါစောင့်စည်းခြင်းငှာ အပြစ်ဟု မြတ်စွာဘုရား ကလက်ခံတော် မူပါဘုရား။**** လို့ ဘုရားရှင်ထံပါး မှာ လျှောက်ထားခဲ့ပါတယ်။
မင်းကြီး အကြင်သူသည် အပြစ်ကို အပြစ်ဟု အကြောင်းအားလျော်စွာ ကုစား၏။ နောင်အခါ စောင့်စည်း၏။ ထိုသူ၏ ကုစားစောင့်စားခြင်းသည် အရိယာ၏ ဝိနည်း အဆုံး အမ၌ ကြီးပွားခြင်း ပင်တည်းဟု ပြန်လည် မိန့်တော်မူ ပြီးစိတ်သက်သာရာရ စေခဲ့ပါတယ်။
နောက်တော့လည်းသူဟာပထမ သင်္ဂါယနာ တင်ပွဲကြီး ဖြစ်မြောက်အောင် ဒါယကာ အဖြစ်ခံယူ ကူညီခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့ပါတယ်။
ပိဋကတ်တော်များ ကို မပျက် မစီးရအောင် သံင်္ဂါ ယနာ အဆက်ဆက် တင်၍ ယနေ့တိုင်အောင် ထိန်းသိမ်း ထားနိုင်တာတွေ၊ ဓာတ်တော်များကို ရှာဖွေ ပြီး စုဆောင်း ထိန်းသိမ်းထားခဲ့လို့သာ သီရိဓမ္မာသော ကမင်းကြီး ကစေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုနိုင်တာတွေဟာ အဇာတသတ်မင်းသားရဲ့ ကျေးဇူးလို့ နားလည် လက်ခံရမှာပါပဲ ကလေးတို့ရေ..။
အဇာတသတ်မင်း တရား ဘုရားရှင်ကို အဖူးအမျှော် သွားရောက်တဲ့အချိန်ဟာ တန်ဆောင်မုန်းလပြည့် ညချမ်းချိန်ခါ ကလေးပေါ။ နန်းတော်က ဘုရား ကျောင်းဆောင်ကို သွားတဲ့အခါ နန်းမြို့တော် အရှေ့ဘက် တံခါးကထွက် ရလို့ အရှေ့ဘက်ရှိတောင်ရိပ်နဲ့ သစ်ပင် အရိပ်များလူသွားလမ်းပေါ် ကျရောက်နေလို့ မှောင်မဲ နေတာပေါ့လေ..။ ဒါကြောင့် လိုက်ပါသူတွေအားလုံးဟာမီးရှူး မီးတိုင်တွေ အလင်းရောင်တွေ ထွန်းညှိပြီး သွားရောက်ခဲ့တာက အစပြုလို့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ဟာ ဘုရားရှင်ကို ပူဇော်ပွဲအလေ့အထ စတင် ဖြစ်တည်ခဲ့ရပါတယ်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟောကြားခဲ့တဲ့ သာမညဖလ သုတ္တန်ကို နာကြားခဲ့လိုက်တဲ့ အဇာတသတ်မင်းတရား အဘို့ တရားအဆုံးမှာ သောတာပန် တည်နိုင်တာပေါ့။ သူကျူးလွန်ခဲ့တဲ့ ကံက မဂ်ဉာဏ် ဖိုလ် ဉာဏ် ကို တားမြစ်ထားခဲ့တာပေါ့လေ..။ ဒါကို သင်္ခန်းစာယူရပါလိမ့်မယ်။ သည် ဘဝမှာ မဂ်ဉာဏ် မရနိုင်တာကို သိပေမဲ့ အားတော့ မလျှော့ပါဘူး။ ကျေးဇူးတော်ရှင် မြတ်စွာဘုရားကို ကြည်ညိုပြီးသာသနာကို ကြိုးစား စောင့်ရှောက်ခဲ့ပါတယ်။
၁။ အိပ် မပျော်တဲ့ ရောဂါ ဝေဒနာ ငြိမ်းအေးသွားခဲ့ပါတယ်။
၂။ ရတနာသုံးပါးကို နှစ်နှစ် ကာကာ ယုံကြည် လာပါတယ်။
၃။ ပုထုဇဉ်တွေ ထဲမှာ ရတနာ သုံးပါးကို အကြည်ညို ဆုံး ပုဂ္ဂိုလ် အဖြစ်မှတ်တမ်းတင်ခံရပါတယ်။
၎။ အပြစ်ကြီးလေးသော မဟာ အဝီ စိ ငရဲ မှာ မခံစားရတော့ပဲ အပြစ်ပေါ့တဲ့ လောဟ ကုမ္ဘီ ငရဲမှာသာ ခံရ ပါတော့တယ်။
၅။ နောင် အနာဂတ်ကာလမှာ ဝိဇိတာဝီ အမည် ဖြင့် ပစ္စေက ဗုဒ္ဓါ ဖြစ်ပြီး ကျွတ်တမ်းဝင် ရပါလိမ့်မည်။
မေမေ ကတော့ ပိုင်းလော့ဆရာ တော်ဘုရားကြီးသင်ကြားပေးလိုက်တဲ့ လင်္ကာလေးကို အမှတ်ရမိတယ်။
ကိုယ် မိုက်- မိုက်မှန်းသိ --- လူမိုက်ပညာရှိ
ကိုယ်ဆိုး- ဆိုးမှန်းသိ - လူဆိုးပညာရှိ
ဆိုးလျက်နဲ့ပင် တော်သည်ထင် ဆိုးမြဲ ဆိုးမည်ပင်။
ကလေးတို့လည်း အဇာတသတ်မင်းသားကို နမူနာ ယူပြီး သံသရာမှာ ကိုးကွယ် ဆည်းကပ်သင့်တဲ့ ဆရာမှားခဲ့ လို့ရခဲ့တဲ့ ဆိုးကျိုးတွေ အပေါ် သင်္ခန်းစာယူ နိုင်ကြပါစေ။ မေမေတို့ ကို သံသရာ့ချောက်ထဲမကျအောင် လမ်းကြောင်း မှန်ကိုသွန်သင် ဆုံးမသင်ကြားပြသပေးတဲ့ ကျေးဇူးတော်ရှင် သံဃာတော် အပေါင်းကို သာမညဖလ အခါတော်နေ့မှာ ရိုသေလေးမြတ်စွာ ရှိခိုးပူဇော်ကြရအောင်နော်။

(မာဂဓီ-သာစည်ရဲ့ ရာသီပွဲတော် နေ့များစာအုပ်ကို ဖတ်ရှု ကိုးကားရေးသား ပါတယ်။ မာဂဓီ-သာစည် အရှင်မြတ်ကိုလည်း ပူဇော် ဦးခိုက်လိုက်ပါတယ်)


Saturday, October 17, 2009

ဇာတိမလာရေးနှင့်နိဗ္ဗာန်အမြင်-၁၀ (ပိုင်းလော့ဆရာတော်)

တရားကျင့်မည့်သူတို့ အဓိက သိရန်
---------------------------------------

အရှုခံဖြစ်တဲ့ နံပါတ် (၂) အကွက်သည် ဘုရားရှင် ဉာဏ်တော် နဲ့ အခက်ခဲဆုံး ကျက်စားခဲ့တဲ့ အလုပ် ၊ဒါ ကိုဘုန်းဘုန်းတို့ ဘုရားဟော အတိုင်းပြန်သင်ရမှာ။ ဒီလိုသင်တဲ့အခါ အဘိဓမ္မာကျမ်းကို အခြေခံရတယ်။ အဘိဓမ္မာကျမ်း ဟာ မပါလို့ မရဘူး။
ဘုရားက အမိန့်ရှိပြီးသား။ ဒါဟာ ငါဘုရားကိုယ်စား ထားခဲ့တာလို့နော်။ စာပေ ကျမ်းဂန်ကို လက်လွှတ်လို့မရဘူး။ စာမတတ် လို့လည်းမဖြစ်ဘူး။ တတ်စရာ မလိုဘူးလို့ပြောတဲ့ ပုဂ္ဂိုလ်ဟာ အမှားပဲ။ အရေးကြီးတယ်နော်။ ဒါတွေဟာ ဘုရားဟောတွေပဲ၊ အဓိက ကျမ်းဂန်တွေကို အခြေခံရတယ်နော်။ ဘုရားရှင်ကိုယ် တော်မြတ်ကြီးကို အာနန္ဒာ မထေရ် က မေးတယ်။ အရှင်ဘုရား… ဘုရားမရှိတဲ့နောက်မှာ (အိန္ဒိယ ဆိုတာ သိတဲ့အတိုင်းပါပဲ )။ ကျင့်စဉ်တွေအများကြီးပေါ်လာ လိမ့်မယ် ဘုရားတဲ့။ ရှုပ်ယှက်ခတ် ကုန်မှာ သိတယ်နော်။

ဒီတော့ဘယ်ကျင့်စဉ်ဟာ ဘုရားဟော အစစ်ဆိုတာကို တပည့်တော် တို့ခံယူရင် ကောင်းမလဲ ဘုရားလို့ အရှင်အာနန္ဒာ မထေရ်က ကြိုမေးထားတယ်။ ဘုရားရှင် က အာနန္ဒာတဲ့ ၊ ဘယ်နေရာ ကလာလာ ၊ဘယ် ကမ္မဋ္ဌာန်းရိပ်သာ ကလာလာ ၊ပြောချင်တာက ဘယ်လောက် နာမည်ကြီး ပစေ ပေါ့နော်။

သူတို့ နိုင်ငံ မှာ အစုံရှိတာကိုး။ ဒီလိုလာပြီး နည်းပေးပါစေ။ သူပေးတဲ့နည်းတွေကို ချက်ချင်းလည်း မငြင်းလိုက်ပါနဲ့။ ချက်ချင်းလည်း လက်မခံလိုက်ပါနဲ့တဲ့။ လက်ခံပြီးတော့လည်း မကျင့်နဲ့။ ငြင်းလည်း မငြင်းနဲ့ အုံးတဲ့။ ငါဘုရားဟောခဲ့တဲ့ ကျမ်းစာတွေ ရှိတယ်။

သုတ္တံရယ် ၊ဝိနည်း နဲ့ အဘိဓမ္မာ ရယ် ရှိတယ်။ ညီတယ် ဆိုရင် ငါဘုရားတရားလို့မှတ်ပြီး ကျင့်ပါတဲ့။ မညီရင် မကျင့်ပါနဲ့တဲ့နော်။ နားလည်ပြီနော် ။ ဝိပဿနာလည်းသည် အတိုင်း မှတ်ရမယ်။ ကျမ်းနဲ့ညီမှ ဝိပဿနာဖြစ်ရမယ်။ မညီ ရင် မမှန်ဘူးလို့မှတ်လိုက်ပါ။ ရဲရဲတင်းတင်းပဲ ကိုင်ရလိမ့်မယ်။

အခု ဘုန်းဘုန်း တို့ကြည့်ရမှာ ကျမ်းနဲ့ အညီ နိဗ္ဗာန် ဆိုတာဘာလဲဆိုတော့ နိ-ဝါန ။ ဒါဟာကျမ်းနဲ့ ညီ ပြီးသား။ သူက တဏှာ မရှိ ခြင်းသဘော ၊တဏှာ မရှိဘူးဆိုတော့ တဏှာ မရှိအောင်လည်း ရှေ့မှာပေါ်တဲ့ အာရုံအသိမှာ စိတ်-စေတသိတ် ရုပ်တွေ ပေါင်းစပ်ထားတယ် ဆိုတာ သိရင် ဒီ အာရုံအပေါ်မှာ အမှန်သိရင် တဏှာ မရှိဘူး။
အမှန်သိဘို့ အရေးကြီးတယ်။ အဲဒါကို သမ္မာဒိဋ္ဌိခေါ်တယ်။ မဂ္ဂင် ခေါင်းဆောင်ဆိုတာ အမြင်မှန်ကိုပြောတာ။ တစ်နည်းအားဖြင့် ဒီ ငါး ခုဟာ ဝိဉာဏ်၊ နာမ် ရုပ်၊ သဠာယတန၊ ဖဿ ၊ဝေဒနာ အဲဒီ ငါးခုကို တစ်နည်းအားဖြင့် ခန္ဒာငါးပါးလို့ခေါ်တယ်။ ဘယ်လိုခေါ်လဲ ခန္ဓာ ငါးပါး ပါဘုရား။ ) အဲဒီ ခန္ဓာငါးပါး ဆိုတဲ့ စကား မှာပဲလည်တော့တာပဲ။ ခန္ဓာ ဆိုတဲ့စကားရှေ့မှာခံထားတော့ လူတွေ မျက်စိလည် နေကြတယ်။
********************************************************************
ခန္ဓာရှင်းတမ်း
------------------
ဘုန်းဘုန်းမေးမယ် ၊ ခန္ဓာဆိုတာ မြန်မာစကားလို့ ထင်မနေဘူးလား။ (ထင်ပါတယ်ဘုရား)။ မဟုတ်ဘူး။ ပါဠိစကားပါ ။ ခန္ဓာဆိုတာ အပေါင်းအစုလို့ အဓိပ္ပါယ်ရတယ်။ အစုမှန်ရင် ခန္ဓာလို့သုံးတယ် ။ပြတယ်။ အဘိဓာန်ကျမ်းမှာ ခန္ဓာ = အစုအပေါင်းလို့ပြတယ်။
ဥပမာ== ဓမ္မက္ခန္ဓာ ဆိုတာ ကြားဘူးတယ်နော် ။ တရား အစုတဲ့ ဘယ်လိုဟာလဲလို့ ဆရာတော်ကြီးများမေးကြည့်တော့ မင်္ဂလသုတ်မှာ ဆိုရင် ( ပဋိရူပ ဒေသ ဝါသောစ ၊ ပုဗ္ဗေစ ကတ ပုညတာ အတ္တ သမ္မာ ပဏီဓိစ ----ဧတံမင်္ဂလ မုတ္တမံ) ဆိုရင် တစ်စု ၊အဲဒါကို တစ်ခန္ဓာ ခေါ်တယ် ။

ဂါထာလေးတွေ စုထားတယ် မဟုတ်လား။ အဲဒီလို တစ်ခန္ဓာလေးတွေ တစ်ခန္ဓာလေးတွေကို စုပြီး ဘုရားဟောထားတာ (၈၄၀၀၀) ရှိတယ်တဲ့။ ဒီတော့ခန္ဓာဆိုတဲ့စကားသည် အပေါင်းအစု မှန်ရင် သုံးခွင့်ရှိတဲ့စကား။

ဒီကိုယ်လုံးကြီး ကလည်းခန္ဓာပဲ ဆံပင် ကနေ ကျင်ကြီး ကျင်ငယ်အထိ အကုန်ပါပါတယ်။ ၃၂ပါးသော ကောဋ္ဌသတွေ ပေါင်းစုထားတာ ၊ ထသွားရင်ရော ကွဲ ပါ့မလား ( မကွဲပါ ဘုရား..) ဟုတ်တယ်။ ဒါကြောင့်ခန္ဓာလို့ပြောတာ။ ၂- အကွက် ဒုက္ခသစ္စာတဲ့ ၊ ခန္ဓာ ငါးပါးဆိုတာ ဒီကိုယ်လုံးကြီးကိုပြောတာ မဟုတ်ပါဘူး။ဒီဘက်က ငါးပါးအစုကိုပြောတာပါ။

ဒီကိုယ် လုံး ကြီးနဲ့ ဒီငါးပါး ရောရင်တောာ့မ ရဘူး။ ဒီကိုယ် လုံးကြီးကို ခန္ဓာ ငါးပါးထင်ရင်လွဲပြီ။ မိုးကုတ်ဆရာတော် ဘုရားကြီး က အချို့ကျမ်းတွေမှာ ခန္ဓာ ငါပါး တုံးကြီးလို့ သုံးတယ်။ တကယ်တမ်းဆရာတော် ဘုရားကြီးသုံးတဲ့အခါကျတော့ ဒီလိုမဟုတ်တော့ဘူး။

အာရုံဒွါရ မွေးတဲ့ ခန္ဓာ လို့သုံးသွားတယ်။ ခင်ဗျားတို့ တရားရှုပါဆို တော့ ကျုပ်က ရှုခိုင်းတာ က ခွေးဟောင်တဲ့ခန္ဓာကို ရှုခိုင်းတာ မဟုတ်ဘူး လိုလဲ သုံးသွားတယ်။ တချို့ကျမ်းတွေမှာ ဆရာတော်ဘုရားက ခန္ဓာငါးပါးတုံးလို့ သုံးတဲ့ အခါ သုံးတယ်။ အဓိက လိုရင်းကို နောက်ပိုင်းမှာဟောသွားတာက နည်းနည်းတော့ ဉာဏ်ကစားရမယ်နော်။ ရှေ့ပိုင်းဟောသွားတာနဲ့မတူဘူး။

နောက်ပိုင်းခန္ဓာဝန်ချကာနီး ဟောတဲ့တရားတွေက တအားမြင့်တယ်။ ခန္ဓာ ငါးပါးတုံးလို့ မသုံးတော့ပဲ အာရုံ-ဒွါရမွေးတဲ့ ခန္ဓာ ၊ ခွေးမဟောင်တဲ့ ခန္ဓာ လို့ခေါ်တယ်။ ဒါဟာ ဒီ ခန္ဓာ ငါးပါးကို ရှုခိုင်းတာပဲ။ ဒီခန္ဓာငါးပါးနဲ့ ဒီကိုယ်လုံးကြီးဟာ မတူဘူး။ တူတယ် ထင်ရင် မှားလိမ့်မယ်။ နားလည်ပြီလား။ (မှန်ပါ့ဘုရား..)။

စဉ်စား စကားကို က ခန္ဓာချုပ်တာ မြင်ရင် နိဗ္ဗာန်၊ ခန္ဓာ နိရောဓော နိဗ္ဗာန် ဆိုတော့ စဉ်းစား၊ မသေခင် မှာမြင်ရမဲ့ နိဗ္ဗာန် ဖြစနေတာကိုး ။ ဒါကြီးသေမှ မြင်မယ်ဆိုရင် ဟုတ်ပါ့မလား။(မဟုတ်ပါဘူး ဘုရား..)။ သဘောပေါက်ပြီနော်။

မသေခင် ထဲက နိဗ္ဗာန် မြင်ရမယ်လို့ ပြောထားတယ် မဟုတ်လား ၊ဒီတော့ခန္ဓာ နိရောဓ ကို တွေ့မှ မသေခင် နိဗ္ဗာန်တွေ့ မှာပေါ့ ။ တွေ့ လိုတယ်နော်။
ဒါဖြင့် ဒီ ခန္ဓာသည် ဘယ်လို သဘော ပေါ်သလဲဆိုတောာ့ အာရုံ ဒွါရ တိုက်ချိန်မှာ ပေါ်တာ။ အဲဒီ အချိန်ကို ဘုရားက ဘဝလို့ ခေါ်တယ်နော်။

သစ္စာသည် ဒုက္ခသစ္စာ လို့ ခေါ်တယ်။ အဲဒီ ခန္ဓာ ကို ဘုန်းဘုန်း တို့သဘော ပေါက်အောင် မှတ်ရမှာနော်။

Wednesday, October 14, 2009

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၉ (ပိုင်းလော့ဆရာတော်)

မြတ်စွာဘုရားရှင်ပြုခဲ့သော ခဲယဉ်းသောအရာ
-----------------------------------------

ဒီတော့မိလိန္ဒ မင်းကြီးနဲ့ ရှင်နာဂသိန် အမေး အဖြေ ဟိုတုံး က ရှိတယ်နော်။ မိလိန္ဒပဥှာ ကျမ်းစာအုပ်ထဲပါတယ်။ အဲဒီ အထဲမှာ မိလိန္ဒမင်းကြီး က ရှင်နာဂသိန်ကို မေးတယ် ။

မေး။ -----အရှင်ဘုရား၊ မြတ်စွာဘုရားရှင် ပြုခဲ့သော အင်မတန်ပြုနိုင်ခဲသော ခဲယဉ်းသောအရာ ရှိပါသလားတဲ့ မေးတယ်။
ဖြေ၊---- ရှိပါတယ် မင်းကြီး တဲ့ ။
မေး၊---- ဘယ်လို အရာပါလဲဘုရား။
ဖြေ၊----- အာရုံသိတဲ့ နေရာမှာ အခဲယဉ်းဆုံးပဲတဲ့ ၊ အဲဒါကို ဖေါ်ထုတ်တာတဲ့။ အာရုံသိဆိုတဲ့ နေရာမှာ စိတ်စေတသိတ်တွေပါတာကို ခွဲထုတ်တာဟာ ဘုရား အခဲယဉ်းဆုံး လုပ်ခဲ့တာတဲ့..။
ဥပမာ--- လှေလေးနဲ့ ပင်လယ် ထဲကို သွားတယ် ။ တစ်ယောက်ယောက်သော ပုဂ္ဂိုလ်ကို လွှတ်လိုက် တယ်ပေါ့ နော်။ ပင်လယ်ရေ ဆိုတာ အငံဓါတ် အရသာတစ်မျိုးတည်း မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား..)။ အဲဒီ အငံ အရသာ တစ်မျိုးတည်းကို လျှာ နဲ့တို့ ကြည့်ပြီး မြစ်ရဲ့ အရသာကို ပြန်ခွဲ ထုတ်ပေးပါတဲ့။ ဒါဟာ ဂင်္ဂါ မြစ်ရဲ့ အရသာ၊ ဧရာဝတီ ၊ချင်းတွင်း၊ စစ်တောင်း၊ စသည်ဖြင့်ခွဲလို့ လွယ်ပါ့မလား။ (မလွယ်ပါဘူး ဘုရား)။

အဲဒါမှ လွယ်ရင်လွယ် လိမ့်အုံးမယ်။ အာရုံသိသဘော တစ်ချက်မှာ ဘာတွေပါဝင် ပေါင်းစပ်တယ်ဆိုတာ ခွဲရ အခက်ဆုံး လို့မှတ်ပါ။ ဥပမာ ဆိုရင် ဘုန်းဘုန်းက ဆင်လို့ပြောလိုက်တာကို နားမှာကြား လိုက်တယ်နော်။ (တင်ပါ့ဘုရား)။ မနောမှာ ပုံမပေါ်လိုက်ဘူးလား။ (ပေါ်ပါတယ်ဘုရား..။)

အဲဒီ အချိန်မှာ ဒါဟာဖြင့်စိတ် ၊ဒါဟာစေတသိတ် ၊ ဝေဒနာ ၊ သညာ ၊ခွဲပါလား၊ ရပါ့မလား၊ (မရပါဘူး ဘုရား။) ပင်လယ် ရေ ကမှ ခွဲရ လွယ်ချင် လွယ်လိမ့်မယ်။ အာရုံသိ ကို သဘောပေါက်ရင် တဏှာ မလာတော့ဘူး။ ဒါဟာ အရေးအကြီးဆုံးပဲ။ နားလည်ပြီလား။
ဒီတော့တဏှာ မရှိရင် ဘာပေါ်တာတုံး ၊ နိဗ္ဗာန် ပေါ်တာလို့ မှတ်ပါ။

*********************************************************
တဏှာလာပုံ
-------------
နိဗ္ဗာန်ပေါ်ရေးသည် မှတ်ပါ။ ဆရာထံနည်းမခံပဲ ကိုယ်တိုင်ကိုယ် အားထုတ်ရင်တော့ ပေါ်မှာ မဟုတ်ဘူး။ ပထမ သိအောင်နာရမယ်။ ဉာတ ပရိညာ အားဖြင့် ဒါဟာ နိဗ္ဗာန်ပဲလို့သိအောင် နာရမယ်။ သိပြီးတော့မှ ကျင့်ရမှာ။ ပြန်ပြောမယ် ဒါဟာ နိဗ္ဗာန်ပဲလို့ ဆုံးဖြတ်ချက်ကျအောင် တရားနာရမယ်။

ဘုရားဟော တရားတော် တွေကို နာရမယ်။ ဟုတ်ပြီ သဘောပေါက်ပြီလို့ သိသွားရင် ဆက်ကျင့်ရုံ ပဲရှိတော့တယ်။ မသိသေးပဲနဲ့ ကျင့်ရင် တစ်သက်လုံးသိလာမှာ မဟုတ်ဘူး။ ဘာကြောင့်ဘုန်းဘုန်း ပြောလည်းမေး ၊ဒုက္ခသစ္စာကို ပိုင်းခြားသိမှ သာလျှင် တဏှာ အစပ်ပြတ်မှာ ၊ သဘောပေါက်ရဲ့လား။

ဆရာမကူပဲနဲ့ တရားကိုသိလာတာဟာ ဘုရားနဲ့ပစ္စေက ဗုဒ္ဓ- (၂)ပါးပဲ ရှိပါတယ်။ နားလည် ပြီနော်။ ကိုယ် ကိုယ် တိုင် မသိပဲနဲ့ တရားထိုင်တဲ့ပုဂ္ဂိုလ်များဟာ ဘယ်တော့မှ သိလာမှာ မဟုတ်ဘူး။ အားထုတ်ရင်းနိဗ္ဗာန် နီးပြီ လို့သာပြော ၊ ဘယ်လိုပြောပြော နိဗ္ဗန် အကြောင်း မသိတဲ့ပုဂ္ဂိုလ် ဟာ ဘယ်လောက်ပဲ အချိန်ကုန် ခံပြီး အားထုတ်နေပစေ။ သေသာသွားရော သိလာမှာ မဟုတ်ဘူး။

ဆရာမရှိဘဲနဲ့ နိဗ္ဗာန်ကို သိတာ ဘုရားနဲ့ ပစ္စေ ကဗုဒ္ဓါ (၂) ဦး ပဲရှိတယ်။ ဘာကြောင့် လဲ လို့မေးရင် ဘုရားပါရမီ ဖြည့်ခဲ့တဲ့အား လက္ခဏာ ကိုယ့်မှာ အပြည့်အစုံ မလာခဲ့လို့ပဲ။ ဘုရားလက္ခဏာ (၃၂)ပါး ပြည့်စုံတယ် ဆိုရင်တော့ ဟုတ်တာပေါ့။

တစ်ခါ ဘုရားသာသနာ အတွင်းမှာ ပစ္စေက ဗုဒ္ဓါ အလောင်း မရှိကောင်းဘူးတဲ့။ ဒါကြောင့်သတိပေးနေတာပါ။ ဘုန်းဘုန်းတို့အနေနဲ့ ပထမ အရေးအကြီးဆုံးက ဒီဘက် က နံပါတ် (၂) အကွက် ။ အာရုံသိဆိုတဲ့ သဘောတရား ဟာ ဘာကြောင့်ဖြစ်တယ် ဆိုတာ ကို ဘုရားဟော အတိုင်း ဆရာသမားနဲ့နည်းခံပြီး ပိုင်းခြားနားလည်အောင် သင်ရမယ်။

သိလို့ သဘောပေါက်ပြီ ဆိုရင် ၊ အာရုံပေါ် အမှန်သိရင် ဒိဋ္ဌိမလာတော့ဘူး။ (အမြင်မှားမလာတော့ဘူး)။ သူမလာ ရင် မာနရော၊ (မလာပါဘူး ဘုရား…)။ ဒါဖြင့် တဏှာ မရှိရင် ဘာပေါ်တုန်း။ (နိဗ္ဗာန် ပေါ်ပါတယ်ဘုရား..)။
ဒါဟာ နိဗ္ဗာန် ပါပဲ လို့ ဆုံးဖြတ်ချက်ကျပြီ ဆိုရင် ဆက်ကျင့်တော့ရပါပြီ။ မသိသေးပဲနဲ့ ကျင့်လို့ကတော့ တစ်သက်သိမှာ မဟုတ်ဘူးလို့ မှတ်၊ နားလည်ပြီနော်၊ ပြန်ပြောမယ်။

ကျမ်းဂန် အရ အရေးကြီးလို့ပြောနေတာနော်။ ဆရာမရှိ ပဲနဲ့ ဒုက္ခသစ္စာကို ပိုင်းခြားနားလည်တာ ပိုင်းခြားသိတာ ဆိုလို့ ဘုရားနဲ့ ပစ္စေက ဗုဒ္ဓ နှစ်ဦးဘဲ ရှိတယ်။ သဘောပေါက်ပြီလား။ အားလုံးဟာ ဆရာအကူ အညီ နဲ့မှ နိဗ္ဗာန်ကို သိရတာ။ တခြားမကြည့်နဲ့။ ပညာ အရာမှာ အင်မတန်ကြီးတဲ့ သာဝကတွေထဲမှာ အကြီးဆုံး ဖြစ်တဲ့ အရှင်သာ ရိပုတ္တရာ မထေရ် ကို ပဲကြည့်။

သူ့တိုင်သူ နိဗ္ဗာန် သိလို့လား။ စဉ်းစားလေ။အရှင် အဿဇိ မထေရ်က တစ်ချက်လေး ဟောလိုက်တာနဲ့ သဘောပေါက် သွားပြီ။ ဟုတ်ပြီလို့ တန်းမြင်တာနော်။ ဆရာ ပါရတယ်။သဘောပေါက်ပြီနော်။ နောက်ရဟန္တာ တော့လည်း သူများဟော တာကို ကြားက နာရင်း နဲ့ ရဟန္တာ ဖြစ်သွားတာ။

ဒါဖြင့် ပညာ အရာမှာ အလွန်ကြီး တဲ့ပုဂ္ဂိုလ် တောင် ဆရာပါ သေးတယ် ဆိုတော့၊ အားလုံးဟာ အရေးမကြီးဘူးလား။ ဒါဖြင့် နိဗ္ဗာန်ဆိုတာ ပထမ သိအောင် (ဉာတပရိညာ ဆိုတာ ) သဘောပေါက်အောင် နာရ လိမ့်မယ်။ ပိုင်ပြီ ဆိုမှ ဆက်ကျင့်တော့ ။

တစ်နည်းအားဖြင့် ဝိပဿနာ ဆိုတာ လောကီမဂ်၊ မဂ် တို့မည်သည် နိဗ္ဗန်ပေါ် စမြဲ ၊ လောကီ မဂ် ကစပြီး ကျင့်မှ လောကုတ္တရာမဂ် ဖြစ်မှာပေါ့။ နားလည်ပြီနော်။


Sunday, October 11, 2009

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၈ (ပိုင်းလော့ဆရာတော်)

ဇာတိမလာရေး ၁ မှ ၇ အထိ -


တဏှာ မာန ဒိဋ္ဌိ တစ်ပေါင်းတည်း

မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးနော်။ ဆရာတော်ကြီး ကတဏှာ ရယ်၊ မာနရယ်၊ ကလည်း တစ်ပေါင်းတည်းပဲတဲ့။ ကိုယ်တိုင်ကို ဆိုရင် ဒီအမြင်မရဘူးနော်။ ကြိုက်တဲ့စာပေဖတ်၊ တစ်ပေါင်းတည်းဆိုတဲ့ စကားကို သုံးနိုင် ဘို့ဆိုရင် နောက်ထပ်နှစ်ပေါင်းများစွာ လေ့လာ လိုက်အုံး ၊ မလွယ်ဘူး။ ဆရာတော်ကြီးက ဆရာကောင်းတွေဆီက နှစ်ပေါင်းများစွာ ကျင့်ရင်းနဲ့ ပြောလာ တဲ့စကား မို့လို့ ဘုန်းဘုန်းတို့လည်းပြောနိုင်တာ။ နားလည်ပြီလား (နားလည်ပါပြီဘုရား…)။ တဏှာ ရယ် ၊မာန ရယ် ဒိဋ္ဌိ ရယ် က တစ်ပေါင်းတည်းနော်။

အဲဒီ (၃)ခု ဟာ ခွဲလို့မရဘူးတဲ့။ နှုတ်တစ်ရာ စာတစ်လုံး၊ စာတစ်ရာပုံတစ်ချပ်၊ ရှေးစကားအတိုင်း ပုံစံထုတ်ရင် ၊ဒီ ပုံစံနဲ့ဆို သဘောပေါက်လွယ်မယ်။

သူတို့ဝင်လာပြီ ဆိုရင် သံသရာချဲ့ပြီ။ သူကအာရုံပေါ်မှာ ၊အမြင်မှားတာ၊ အမြင်မှားတာ က အထည်ထင်လိုက်တယ်။ သူ-ငါ ထင်လိုက်တယ်။ သိတဲ့ အာရုံ တစ်ခုပေါ်မှာ လက်ခံဆုံးဖြတ်လိုက်တယ် ဆိုရင် ဒီသုံးခု တစ်ခါတည်း ပါသွား တာပဲ။ ထပ်ပြောမယ် ၊ အာရုံ လက်ခံ ဆုံးဖြတ် တဲ့အခါ အရေးကြီးတယ်။

ဒီလို လက်ခံ ဆုံးဖြတ်တယ်ဆိုရင် အထည်ထင် တယ်။ သူ-ငါ ထင်တယ် ဆိုရင် တဏှာ ပါတော့မယ်။ မနိုင်တော့ဘူး။ ဒါဖြင့် အာရုံအပေါ်မှာ အမှန်အတိုင်း ဆုံးဖြတ်နိုင်ရင် သူတို့ မလာဘူးလို့မှတ်။ နားလည်ပြီနော်။

**********************************************************************************

အာရုံ အပေါ် ၌ အမှန်အတိုင်း ဆုံးဖြတ်နိုင်သော ပညာ အလင်း

အာရုံအပေါ်မှာ အမှန်အတိုင်း ဆုံးဖြတ်နိုင်တဲ့ ပညာက ဘုရားပွင့်မှ ပေါ်မှာနော်။ ဒီတော့ အဲဒီ အာရုံကို အမှန်အတိုင်း သိအောင် အာရုံကြောင်းကို ဘုန်းဘုန်းတို့လေ့လာလိုက်တဲ့အခါ နံပါတ် (၂) အကွက် ကို ဘုန်းဘုန်းတို့လေ့လာရမယ်။

အာရုံသည် နံပါတ် (၂) အကွက်မှာပဲ ဘုန်းဘုန်းတို့အဖြေ ပေါ်တယ်။ ဘုန်းဘုန်းမေးမယ် ၊ အိပ်ပျော်နေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ကို အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ အတွေ့အထိ ၊ တိုက်မယ်။ ခြင်ကိုက်တယ်ဆိုရင် မနောထိ ပေါ်ပါ့မလား။ (မပေါ်ပါဘူး ဘုရား..) ။ သိပါ့ မလား။ (မသိပါဘူး ဘုရား..)။

သူ့အတွက် အာရုံ ဆိုတာ ရှိပါ့မလား။ (မရှိပါဘူး ဘုရား…) ။ ဒါဖြင့် နိုးတဲ့အခါကျတော့ မရှိဘူးလား။ (ရှိပါတယ်ဘုရား..)။ ဘယ်လိုလုပ်သိသွားသလဲ၊ နိုးတဲ့အခါ မှာ ဒီအာရုံ ဘာလို့ သိလိုက်ရတာတုန်း၊ ရိုးရိုးလေးပဲမေးခွန်းတစ်ခုမေးပါ့မယ်။ ဖြေကြည့်ပါ။

ဆင်ဆိုပါတော့ ၊နားထဲမကြားလိုက်ဘူးလား ၊ (ကြားလိုက်ပါတယ်ဘုရား…)။ မနောမှာ ရော မပေါ်လိုက်ဘူးလား ။ ဒါဟာဘယ်လိုလုပ် ပေါ်တာတုန်း။ ဘာလို့ကြားရတာတုန်း။ကြားတာနဲ့ တစ်ပြိုင်နက် ၊ မနောမှာ ဘာလို့ပေါ်တာတုန်း။ အဖြေရှာပါ။

သူ့ကို အဖြေမှန် ထုတ်နိုင်ရင် ဟိုဘက် က (၃) အကွက်ကို မကူးနိုင်ဘူး။ တဏှာ မကူးနိုင်ဘူး။ ဘယ်လို အကြောင်းကြောင့် သိတာတုန်း။ ဘာလို့သိတာလဲ စဉ်းစားနော်။ ခုနေ ကိုယ်နေတဲ့အိမ်ကို တွေးလိုက်ပါအုံး။ ဘုန်းဘုန်း ပြောတဲ့ ကိုယ်နေတဲ့ အိမ် ၊ကြားလိုက်တယ်နော်။ အိမ်ပုံမပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား…)။ ဘယ်လိုလုပ်ပေါ်ရတာလဲ။ ကလေးတွေလို ဖြေရင် ကြားလို့ ပေါ်တာပါဘုရားလို့ ဖြေမယ်နော်။

အကြောင်းတော့ရှိပါတယ်။ ဒီအာရုံအကြောင်းကို ကောင်းကောင်းသိရမယ်။ ဘာလို့ပေါ်တာလဲဆိုတာက ဘုရားဉာဏ်တော်နဲ့ အခက်အခဲဆုံး ကျက်စားခဲ့တဲ့နေရာတဲ့။ နံပါတ် (၂) အကွက်နော်။ သစ္စာ ဟာ ဘာသစ္စာလဲ ။ (ဒုက္ခ သစ္စာ ပါဘုရား…)။ ဒါဖြင့် အာရုံသိဆိုတာ သည် ဒီ အချက်ပဲ။

ဒီ (၅)ခုပေါင်းစပ်တာတဲ့ ။ဒါဟာ ဘုရားရဲ့ အလုပ်၊ ဘုန်း ဘုန်း တို့အလုပ်မဟုတ်ဘူး။ ကိုယ်တိုင်ကိုယ် တရားရှုမှတ် လို့လဲ ပေါက်မယ် မထင်နဲ့။ သိမှာ လည်း မဟုတ်ဘူး၊ နားလည်ပြီလား။

*********************************************************************************

Tuesday, October 6, 2009

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၇ (ပိုင်းလော့ဆရာတော်)

ဓမ္မာရုံအကြောင်း

မနောတံခါးမှာ ဓမ္မာရုံဆိုတာကို သိဘို့ အရေးကြီး ပါသေးတယ်။ သူက အဓိကနော်။ ဓမ္မာရုံဆိုတာသည် ပါဠိစကား က
ဓမ္မ + အာရုံ (သဘောမျှ ဖြစ်တဲ့အာရုံ) ကိုင်လို့ မရဘူး။ နူးညံ့တဲ့အာရုံ ၊ နားလည်အောင်ပြောရရင် ဓမ္မာရုံ ထဲ မှာ စာပေ အရ ရုပ်၊နာမ် ပညတ် နိဗ္ဗာန် အထိ ပါတယ်။

စိတ်ရဲ့ကျက်စားရာ အာရုံ နိဗ္ဗာန်ပါ ထည့်ထားသေးတယ်။
(ဒါကြောင့်သိရမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုကြတဲ့အခါ ဘုန်းဘုန်းတို့ အိပ်ပျော်တာ မဟုတ်ဘူးဆိုတာတော့ သေချာတယ်။ အိပ်ပျော်သကဲ့ သို့လည်းမဟုတ်ဘူး။ ဘာမှ မသိတာ လည်းမဟုတ်ဘူး။ သိနေရမယ်နော်။ စိတ်ရဲ့ကျက်စားရာအာရုံ ဖြစ်နေတာကိုး။)
ဓမ္မာရုံကို အရပ်စကား နဲ့ ဘုန်းဘုန်းတို့ နားလည်လွယ်အောင်ပြောမယ် ဆိုရင် (နိဗ္ဗာန် ကို ခဏဖယ်ထားဦး) မျက်စိနဲ့ မကြည့်ဘဲပေါ်နေတဲ့ ပုံသဏ္ဍန် မှန်သမျှ ဓမ္မာရုံထဲ ကို ထည့်လိုက်ပါ။
ဥပမာ===ခုထိုင်နေရင်းနဲ့လည်း ဘုန်းဘုန်းတို့ တွေးလို့ရတယ်။ ဘုန်းဘုန်းတို့ သည်ကို ဘာနဲ့လာလဲ။ ဘယ်ကားစီးပြီး ဘယ်လိုလာသလဲမေးလိုက် တယ်ဆိုပါတော့။ ဒီတော့မေးလိုက်ရင် ပုံပေါ်မလာဘူးလား၊ (ပေါ်လာပါတယ်ဘုရား။) ဒီ မနက်ဘာဟင်းနဲ့ စားခဲ့လဲဆိုရင်ရော ၊ (ပေါ်လာပါတယ် ဘုရား။) မျက်စိ နဲ့မြင်တာ ဟုတ်ရဲ့လား ။ (မဟုတ်ပါဘူး ဘုရား။) စိတ်ကညွတ် လိုက်တာ နားလည် ပြီလား။ စိတ်ရဲ့ ကျက်စားရာ အာရုံ ဓမ္မာရုံဆိုတာ အဲဒါပဲ။ သဘောပေါက်ပြီနော်။

ဘုရားဟောနဲ့ပြန်ကြည့်ရင်တော့ ဓမ္မပဒ မှာပါတာ၊
ဒူရင်္ဂမံ ဧကစာရံ စတဲ့ ပါဠိ ရှိတယ်။ အဓိပ္ပါယ် က အင်မတန်ဝေးတဲ့အရပ် က အာရုံကိုလည်းပဲ ဆွဲယူ ကျက်စားနိုင်တယ်တဲ့။ အာရုံဆိုတာ ဒီမှာ ကျတော့ အရိပ်ကလေးနော်။ပုံရိပ်လေး မဟုတ်လား။ ပြီးရင် စိတ်ဟာ အကောင်အထည် မရှိဘူးတဲ့။ စိတ်က တစ်ခါပေါ်ရင် တစ်စိတ်ပဲပေါ်တယ်တဲ့။ မှီတာသည် နှလုံးအိမ် ထဲမှာမှီထားတာတဲ့။ အဲဒီ စိတ်ကို ဆုံးမနိုင်ရင် သေခြင်းတရားကလွတ်တယ်။ ဇာတိမလာဘူးတဲ့။

ဒီတော့အဓိက အာရုံတွေ ဘယ်မှာ သွားစုလဲဆိုရင် မနောမှာ သွားစုတယ်ပေါ့။ မနော တံခါးမှာ သွားစုတာ မြင်ဘူးတာ၊ကြားဘူးတာ၊ စားဘူးတာ၊ နံဘူးတာ၊ ထိဘူးတာ အစုံပေါ့နော်။ ကျမ်းအရပြန်ကြည့်ရင်လဲ ရှေးက ငါးဒွါရတိုက်ပြီး လို့ရှိရင် အသိပေါ်ပြီး
ကာလမခြား မနောမှာ ပေါ် ပါတယ်တဲ့။ ကာလမခြားဆိုတာ တိုက်ရိုက်ပေါ်တာ ကိုပြောတာ။ ဘုန်းဘုန်းတို့ ရှေ့က ငါးခု ကို စာရင်းထဲ မထည့်တော့ဘူး။ မနော မှာ ပေါ်တာကိုပဲယူရလိမ့်မယ်။
***************************************************************************
အနန္တရ ပစ္စည်း ကာလမခြား

ကာလမခြားဆိုတဲ့စကားကိုလည်း နားလည်အောင် ယူပါအုံးနော်။ ဥပမာ နဲ့ဆို ပိုသဘောပေါက် ပါလိမ့်မယ်။ ဟုတ်မဟုတ်စဉ်းစား။ ဘုရားဟော အတိုင်း ပဋ္ဌာန်းကျမ်းအရ ကာလ မခြားဆိုတာ အနန္တရပစ္စည်းပြောတာနော်။ သတ္တဝါတွေကို အရင်ပြောမယ်။
ဥပမာ=== ခို-ဆိုပါတော့၊ကြားလိုက်တယ်နော်။ အသံကို ရှုမယ်သာ ကြံတယ်။ ခိုပုံက ပေါ်မနေဘူးလား။ (ပေါ်ပါတယ်ဘုရား..) ။ကာလမခြားသွားပေါ်တာ မဟုတ်လား။ (မှန်ပါတယ်ဘုရား…)။ အမေလို့ပြောလိုက်မယ်။ အမေဆိုတဲ့စကား မဆုံးသေးဘူး ၊ပုံပေါ်မနေဘူးလား၊ (ပေါ်နေပါတယ် ဘုရား…)။
ကာလမခြားဆိုတော့ အဲဒါကို ပြောတာနော်။ နားလည်တယ်နော်။ ဒီလိုပဲ အသက်ရှုလိုက်တယ်ဆိုရင်ပဲ ကိုယ် မှာ သိတာ သိတယ်။ ရှူ လိုက်တယ် ဆိုရင်ပဲ မျက်နှာ ကိုယ် အမူ အရာ ကပ်ပါမနေဘူးလား။(ပေါ်ပါတယ်ဘုရား..)။ တန်းပေါ်တာနော်။ အဲဒီပေါ်တဲ့ အာရုံသည် စိတ်ကျက်စားရာ အာရုံပဲ။ နားလည်ပြီလား။ (လည်ပါပြီဘုရား…)။

အဲဒီ အာရုံကို ကပ်ငြိနေတယ်ဆိုရင် တဏှာ၊ အဲဒီ အာရုံကို ဆက်ရင်လည်း တဏှာ သဘောပေါက်ပြီနော်။ ငါးဒွါရမှာ အာရုံသိပြီး ကာလမခြား မနောတံခါးမှာ အာရုံသိဖြစ်ပုံ ကို မြတ်စွာဘုရားပေးတဲ့ ဥပမာ က နေပူချိန်မှာ အရွက်ကျနေတဲ့ သစ်ပင် တစ်ပင်က သစ်ကိုင်းပေါ် ငှက်တစ်ကောင် နားလိုက်တယ် ဆိုပါစို့။ သစ်ကိုင်းလှုပ်သွားချိန် မြေပြင်မှာ အရိပ်က ထင်နေပြီတဲ့။ အဲဒီ ဥပမာ အတိုင်းမှတ်ပါ။

************************************************************************

တဏှာ လာပုံ

ပေါ်လာတဲ့ အာရုံကို ဆက်ရန် အတွက် ဒီ က တဏှာ လာဘို့ အရေး၊ထိုထို ပုံသဏ္ဍန် အရိပ်တွေကို ပထမ အတုံး အခဲ အထည်လို့ ထင်မှတ် ရသေးတယ်တဲ့။ အထင်မှားရသေးတယ်။ ဒီလို အထင်မှား တော့မှ ငါ-ငါ့ အိမ် ဒီလိုထင်တာ။ သဘောပေါက်ရဲ့ လား။
ပေါ်တဲ့ အာရုံ အရိပ်ကို အကောင်ထင်သေးတာ။ ဒီလို အကောင်ထင် တော့မှ ဒါဟာ ငါ့အိမ်၊ ငါ့ သားသမီး လို့ သတ်မှတ်တာ။သဘောပေါက်တယ်နော်။ အဲဒီ ၂-ခုကို ဘုရားရှင်က ဘယ်လို အမိန့် ရှိလဲဆိုရင် အစိုင်အခဲ၊ အတုံးအခဲ လို့ထင်မှတ်တယ် ဆိုရင် သက္ကာယဒိဋ္ဌိ လို့ခေါ်တယ်။

အာရုံသိသဘော လေးကို အကောင်အထည် လို့ထင်တာ နဲ့
သက္ကာယဒိဋ္ဌိ လို့ခေါ်တယ်။ သေသေချာချာ မှတ်ပါနော်။ အာရုံသိဆိုတာ ဘာကြောင့်လဲဆိုတော့ နောက်တော့ရှင်းပြပါမယ်။ တစ်ခါပေါ်တာကို အကောင်အထည်လို့ထင်တာနဲ့ တစ်ပြိုင်နက် နယ် နမိတ်ဆိုတာ ပေါ်လာတော့ ငါ၊ငါ့အိမ်လို့ ထင်မှတ်တာ ဒိဋ္ဌိ၊ နယ် နိမိတ်ခြားလိုက်တယ်ဆိုရင် ဒိဋ္ဌိပေါ်တာပဲ။

ဒီတော့မှ တဏှာ က ဒီအာရုံကို ကပ်ထားပြီး ဆက်မယ်တဲ့။ ငါ့အိမ်အတွက်၊ ငါပိုင်တဲ့အိမ်အတွက် ဘာလုပ်အုံးမယ်လို့ဆက်တာ။ ဒီလိုဆက်ပြီးတော့မှ ဆုံးဖြတ်ချက်ကို ချလိုက် တယ်။ ဥပါဒါန် ကို ကူးတော့တာနော်။
ဒါဟာ ငါ့အိမ်ကြီးပဲ ၊ငါ့အိမ်အတွက် ဥပါဒါန်ကို ကူးလိုက်ပြီ။ လက်ဆင့်ကမ်းပြီးတော့ ဘာလုပ်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ရင် နှလုံးအိမ်က အရှိန်ထွက်လာပြီ ၊နားလည်ပြီနော်။

အင်မတန် သိမ်မွေ့တယ်နော်။ ဘုရားရှင်ရဲ့ ဉာဏ်တော်ကြီးက အင်မတန်မြင်နိုင်ခဲတဲ့ တရားကိုမြင်ခဲ့တယ်။ တဏှာ ဆိုတာ သည် အကောင်အထည် ရှာလို့မရဘူးနော်။
အမြင်မှား အထင်မှားနယ် ပယ် က ဒီတော့ပေါ်တဲ့
အာရုံကို အကောင်အထည် ထင်လိုက်ကာမှ တဏှာ ကဝင်လာတာ။ အာရုံကို ဆက်လို့ရတာ။ ပေါ်တဲ့ အာရုံကို အမှန်အတိုင်း သိလို့ရှိရင် တဏှာ ဟာ လာလို့မရဘူး ။နားလည်တယ်နော်။

Saturday, October 3, 2009

သီတင်းကျွတ်လပြည့်နေ့တရားအလှူ-http://www.muladhamma.net



လေးစားချစ်ခင်ရပါသောဓမ္မမိတ်ဆွေအပေါင်းတို့ရှင့်..

သီတင်းကျွတ်လပြည့်နေ့-အဘိဓမ္မာအခါတော်နေ့ ၊ ထူးမြတ်တဲ့ အခါကာလ သမယ မှာ လူတိုင်း လူတိုင်း ကိုယ်စီကိုယ်ငှ ကုသိုလ်ကောင်းမှု တွေ နဲ့ ထုံမွှမ်း ဖြတ်သန်းနေကြမယ်ဆိုတာ ကျွန်မ ကယုံကြည်နေပါတယ်။ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ ရန် ပထမဦးစွာ မေတ္တာပို့သလိုက်ပါတယ်။

ကျွန်မ ကူးယူ ရေးသားပူဇော်နေတဲ့ မူလဓမ္မဆရာတော်ဦးဝိဇယ ရဲ့ Web Site ကို
ယခင် Web Address http://muladhamma.mmgenius.com အစား
ယခု http://www.muladhamma.net လိပ်စာဖြင့် တရားတော် များ ဖတ်ရှု ပူဇော်နိုင် ပါကြောင်း သတင်းကောင်းပါး လိုပါတယ်။
ဤကဲ့ သို့ ဆောင်ရွက် လှူဒါန်းနိုင်စေရန် အတွက် Host Space 15GB နှင့် Domain သာမကပဲ အတတ်ပညာ ပိုင်းဆိုင်ရာတို့ကို စိတ်ရှည် လက်ရှည် ပြသ ကူညီပေး ၊ဒါနပြုပေး တဲ့
-ကိုသက်ဦး (သိင်္ဂါရမောင်) http://www.tgrmg.net
-ကျွန်မ ၏ Blogging ဆိုင်ရာတို့ကို အမြဲ ဆက်သွယ်စီစဉ် ဆောင်ရွက်ပေးပါသော
သားကိုအောင်ဦး (ဓမ္မရသ) http://www.dhammaratha.com
-တရားတော် စီဒီများ၊ စာအုပ်များပေးပို့ လှူဒါန်းပါသော
မထက်စုနှင်းဆီ (သစ္စာတရားများစုဝေးရာ) http://universaltruthplace.blogspot.com တို့၏ ထက်သန်သော စေတနာ သဒ္ဓါတရားကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖေါ်ပြ အပ်ပါတယ်။

အမှန်တရားကို မြတ်နိုးသော အရှင်ဓမ္မဓရ နှင့် မူလ ဓမ္မဆရာတော်-ဦးဝိဇယ ဆွေးနွေးခန်းလေးတွေ ကို ခေါင်းစဉ်တစ်ခု ချင်း ဖတ်ရှု လို့ရသောကြောင့် Post အဖြစ် တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒိဋ္ဌိဖြုတ် ပုံ နည်းမျိုးစုံ MP3 Format တရားတော် များကိုလည်း Dowload ပြုလုပ် ပူဇော်နိုင်ပါတယ်။

ဤ ကောင်းမှု နှင့် ၊ စပ်သမျှ ၊ ကျန်းမာကြပါစေ၊ချမ်းသာကြပါစေ။

သတ္တဝါ မှန်သရွေ့၊ တရားတွေ့ ၊ ချမ်းမြေ့သာယာရှိကြပါစေ။


မေတ္တာဖြင့်
သစ္စာအလင်း



Friday, October 2, 2009

အဘိဓမ္မာတရားတော်(သို့မဟုတ်)အမေ့ကျေးဇူး၊ အထူးဆပ်ခြင်း


မေမေချစ်သော သားသား နဲ့ မီးမီးရေ----

မကြာခင် ဝါလကင်းလွတ်ပြီး သီတင်းကျွတ် တော့မယ်နော်။ သီတင်းကျွတ်လပြည့်နေ့ က တော့  အဘိဓမ္မာ အခါတော် နေ့ လို့သတ်မှတ် ထား ကြ တာ ကလေး တို့သိပြီး သားဆိုတာ မေမေ ယုံကြည်နေပါတယ်။

ဓမ္မစင်္ကြာ တရားတော် ဟောကြားစဉ် ကတော့ ရိုးစင်းမှု ၊ ငြိမ်းအေး မှု ၊တောတောင်ရိပ်ရဲ့ အေးမြမှု၊ နေဝင်ချိန်လေးရဲ့ ငြိမ်း ချမ်းမှု ကိုမေမေ ပြောပြခဲ့ ဘူးပါတယ်။ အခု အဘိဓမ္မာ တရားကတော့ မေမေ တို့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားရဲ့ အတုမရှိ တဲ့ သဗ္ဗညုတ-ဉာဏ်တော်၊ ဘုန်းတန်ခိုးတော်အစုံစုံ၊ ဂုဏ်တော် အနန္တ တို့နဲ့ အတူ သိုက်သိုက် မြိုက်မြိုက် ခမ်းခမ်းနားနား နဲ့ ဆန်းပြားကြီးကျယ် ၊ အလွန့်အလွန် ကြည်ညို ဘွယ် ရာ အာရုံ ကို ထင်ဟပ်ပေါ်လွင်စေတာမို့ မေမေ ပြောပြချင် နေမိပါတယ်။


ကလေးတို့ရေ-----အဘိဓမ္မာဆိုတာ၊ အလွန်သိမ်မွေ့ နူးညံ့သော ဓမ္မ၊ အလွန်နက်နဲ ခက်ခဲသော ဓမ္မ၊ အလွန်ကျယ်ပြန့်သော ဓမ္မ၊ အလွန်ထူးကဲသော ဓမ္မ၊ ဖြစ်ပါတယ်။ အင်္ဂလိပ် လိုတော့ Highest Doctrine ပေါ့။ မေမေတို့ကျေးဇူးတော်ရှင် မြတ်စွာဘုရား ၄၅-ဝါကာလ ပတ်လုံး ဟောကြားတော်မူခဲ့တဲ ဗုဒ္ဓဝစန တွေကို ပိဋက အားဖြင့်ပိုင်းခြား လိုက်တဲ့အခါ ဝိနယ ပိဋက၊သုတ္တန္တ ပိဋက ၊ အဘိဓမ္မာ ပိဋက ရယ်လို့ ပိဋကသုံးပုံရှိတာပေါ့။ ဓမ္မက္ခန္ဓာ အားဖြင့် ဆိုလျင် ဝိနယပိဋက မှာ ၂၁၀၀၀၊ သုတ္တန္တ ပိဋက မှာ ၂၁၀၀၀၊ အဘိဓမ္မာ ပိဋက မှာ ကတော့ ဓမ္မက္ခန္ဓာ ပေါင်း ၄၂၀၀၀ ပါဝင်နေပါတယ်။ သာလွန်ထူးခြားတဲ့ တရားဖြစ်တာမို့ အဘိဓမ္မ (ဓမ္မထူး-ဓမ္မလွန်)လို့ခေါ်တာပေါ့။


ဓမ္မ-ဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက် တရား၊ သဘာဝတရား၊ ပကတိ တရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရား တို့ဖြစ် ပါ တယ်။ အလွန့်အလွန် သိမ်မွေ့နူးညံ့သော၊ ခက်ခဲ---နက်နဲသော၊ ထူးကဲ ဆန်းကျယ်သော၊ သတ္တ၊ အတ္တမဟုတ်သော၊ ပင်ကိုယ်သဘာဝ အားဖြင့် အရှိအမှန်ဖြစ်သော၊ သိအပ်သော ထို အဘိ ဓမ္မာ တရားဖြစ်နေတာကိုး ကလေးတို့ရေ..။

တာဝတိံသာနတ်ပြည်မှာ မယ်တော် ဖြစ်ခဲ့ဘူးတဲ့ သီရိမဟာ မာယာဒေဝီ ဟာ သန္တုဿိတ နတ်သားဖြစ်လို့နေခဲ့တယ်။ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ကိုမွေးဖွားပြီး ၇-ရက်မှာ နတ်ရွာစံ သွားခဲ့တာပါ။ သူသူ ကိုယ် ကိုယ်ပေါ့နော်..။ကျေးဇူး ရှိတဲ့ သူတွေကို ကျေးဇူးဆပ် ရင် အမွန်မြတ်ဆုံး ၊ အဘိုးအတန် ဆုံး အရာတွေနဲ့သာ ဆပ်ကြတာပဲ မဟုတ်လား။ မေမေတို့ရဲ့ ကျေးဇူးတော် ရှင် မြတ်စွာဘုရား က သုံးလောကထွဋ်ထား ဆိုတော့ ကျေးဇူးဆပ် တဲ့ အရာ ဟာ အသာလွန်ဆုံး ၊ အမွန်မြတ်ဆုံး ၊အထူးကဲဆုံးအဘိဓမ္မာတရားဖြစ်နေတာ အမှန်ကန်ဆုံးရွေးချယ် မှုပေါ့ ကလေးတို့ရေ..။ (အမေ့ကျေးဇူးဆပ်တရား) ဆိုရင် လည်းမမှားနိုင်ဘူးပေါ့။


တာဝတိံသာနတ်ပြည်မှာ ဟောကြားခဲ့တာကို သေသေချာချာ ဆန်းစစ် ရေတွက်ကြည့်ရရင်တော့ သည် အချက် တွေကိုလည်း တွေ့ရှိမှတ်သား စေချင်ပါတယ်။

၁။ မယ်တော်ကိုကျေးဇူးဆပ်လိုခြင်း။

၂။ မိဘကျေးဇူးကိုသတ္တဝါတို့နားလည်စေလိုခြင်း။

၃။ အဘိဓမ္မာတရားကို အစအဆုံး တစ်ထိုင်တည်းဟောကြား လိုခြင်း။

၎။ အစအဆုံး တစ်ထိုင်တည်းဟော မှသာ နာကြားရသောတရားနာသူများ အကျိုးထူးရရှိနိုင်ခြင်း။

၅။ အဘိဓမ္မာ ဒေသနာတော် ၏ ကျယ်ဝန်း နက်နဲမှုကို သိစေလိုခြင်း။

၆။ လူတို့၏ အရေ အတွက်ဖြင့်သုံးလခန့် ကြာအောင်ဟောကြားမှ ကုန်နိုင်မည့်အဘိဓမ္မာတရားကို လူတို့၏ ဣရိယာပုတ် နှင့် ဟောသူရော နာသူပါ အစအဆုံး မနေနိုင်ခြင်းစသော အကြောင်းရင်းများကြောင့် အဘိဓမ္မာတရားတော်ကို လူ့ပြည်မှာ မဟော ကြားခဲ့တာပါ။


အဘိဓမ္မာ တရား သည် အလွန်တရာ ခက်ခဲ နက်နဲ လှ သော ဓမ္မ-ကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တစ်ဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန၊ ဧက၀ါရ ၊ နာကြားနိုင်မှ တတ်သိနားလည်နိုင်မှာဖြစ်တာလည်း ပါဝင်နေတာပေါ့လေ။မေမေတို့ရဲ့ လူတို့ ဌာနေမှာတော့ စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောင့် အယှက်များသည် အလုပ်တိုင်းမှာ ဝင်ရောက် ဟန့်တားလေ့ရှိပါတယ်။ အလုပ်တခု မှာ စိတ် ကူး၊ စူးစိုက်နေခိုက် ကိုယ်ခန္ဓာ ပင်ပန်းခြင်း၊ အလေးအပေါ့သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ဝင်ရောက် နှောင့်ယှက်လာတဲ့အတွက် အလုပ်မှာ စူးစိုက်ထား တဲ့ သမာဓိ ဟာ ပျက်စီးရပါတော့တယ်။ ဒါကြောင့် မို့လို့ ပြတ်တောင်း၊ ပြတ်တောင်း အကြိမ် ပေါင်းများစွာ ဟောကြားရမယ်ဆိုလျှင် ထိုမျှနက်နဲသည့် အဘိဓမ္မာ-သည် လူတို့ပြည်၌ အရာ ထင်၍ ကျန်ခဲ့မှာ မဟုတ်တာ အမှန်ပါပဲ။


နတ်တို့ ဌာနေမှာကား အချိန် ကွာခြားချက်ကလည်း ဝေးလွန်းလှပါတယ်နော်။ လူ့ပြည်မှာ နှစ်တရာ၊ တာဝတိံသာနတ်ပြည်မှာ တစ်ရက် သာရှိပေတာပဲ။ ဒါကြောင့် စားချိန်၊ အိပ်ချိန်တို့မှာ ကျဲလွန်းလှ ပါ တယ်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း၊ ညောင်းညာ ပင်ပန်းခြင်းလည်း မရှိတဲ့ ထိုနတ်များ မှာ ၁၅-မိနစ် (သူတို့အချိန်ဖြင့်) ခန့်မျှသာရှိမဲ့ ထို အဘိဓမ္မာ တရားပွဲကို တစ်ဆက် တည်း၊ တစ်ထိုင်တည်း၊ တစ်စိတ်တည်း၊ တစ်ဝီထိတည်း နာကြားရခွင့် ခဲ့ကြပါတယ်။

ဟောကြားတဲ့နေရာ က နတ်ပြည် ဖြစ်ပေမဲ့လို့ စတင် ပေါ်ထွန်းခဲ့တဲ့အချိန် ကတော့ လူ့ပြည် မှာဖြစ်ပါတယ် ကလေးတို့ရေ..။ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟာ- မဟာ သက္ကရာဇ် ၁၀၃ ခုနှစ်- ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့မှာ ၊ဖွားဘက်တော် ဗောဓိ ညောင်ပင် ရဲ့ ခြေရင်း က အပရာဇိတ ပလ္လင်တော် ထက်ဝယ် ဘုရားအဖြစ် ရောက်ရှိတော် မူခဲ့ပါတယ်။

ဘုရားအဖြစ်သို့ ရောက်တော်မူပြီး သတ္တ သတ္တာဟ ဆိုပြီး ၇- ရက် ၇လီ ၇ ဋ္ဌာန သီတင်းသုံးတော်မူ ပါတယ်။ ပထမဆုံး သတ္တာဟဖြစ်တဲ့ ပလ္လင်္က သတ္တာဟ အထက်မှာ (ကဆုန် လပြည့်ကျော်၁ရက် မှ ၇-ရက်နေ့ထိ) သီတင်းသုံး တော်မူပါတယ်။ ဒုတိယစံတော်မူတဲ့နေရာကတော့ ဗောဓိပင်ရဲ့ အရှေ့မြောက်ယွန်းယွန်း ၁၄လံ အကွာမှာ မတ်မတ် ရပ်ပြီး ဗောဓိပင်နဲ့ရွှေ ပလ္လင်ကိုကျေးဇူးဆပ်တဲ့ အနေနဲ့ မမှိတ်သော မျက်စိနဲ့ စိမ်းစိမ်း ကြည့်တော် မူပါတယ်။(ကဆုန်လပြည့်ကျော် ၈ရက် ကနေ ၁၄ရက်ထိ)စံတော်မူတာကတော့ အနိမိသ သတ္တာဟ ဖြစ်ပါတယ်။ နံပါတ်(၃) သတ္တာဟ ဖြစ်တဲ့ စင်္ကမ သတ္တာဟ မှာ တော့ ပထမ နဲ့ ဒုတိ ယရဲ့ ကြားမှာ နတ်ဗြဟ္မာတွေ ဖန်ဆင်းထားအပ်သော အရှေ့အနောက် သွယ်တန်းထားတဲ့ ရတနာ စင်္ကြန်တော် မှာ (ကဆုန်လ ကွယ် မှ နေ နယုန်လဆန်း ၆ရက် နေ့အထိ) စင်္ကြန် လျှောက် တော် မူပါ တယ်။

နံပါတ်(၄) သတ္တာဟ ကတော့ ရတနာဃရ သတ္တာဟဖြစ်ပါတယ်။ ဗောဓိပင်၊ရွှေ ပလ္လင် ကနေ အနောက်မြောက်ဒေါင့် ၊အတောင်လေးဆယ်(ဆယ်လံ) ကွာတဲ့အရပ်မှာ နတ်ဗြဟ္မာတွေ ဖန်ဆင်း ထားတဲ့ ----ရတနာမျိုးစုံ စီချယ်ထားတဲ့ ရတနာဃရ ရွှေအိမ်တော်မှာ ထက်ဝယ် ဖွဲ့ခွေ ထိုင်နေရင်း၊ တရားတော်တွေကို ကွန့်မြူးကျက်စား၊ ဆင်ခြင် သုံးသပ်တော်မူပါတယ်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ နယုန်လဆန်း ၇ ရက်ကနေ ၁၃-ရက်နေ့အထိ(၇) ရက် လုံးလုံး …မထသော ထိုင်နေခြင်း ဖြင့်ထိုင်ရင်း။ခန္ဓာ နဲ့ ဖြစ်ပျက်နေတဲ့ သဘောတရားတွေကို သဗ္ဗညုရွှေဉာဏ်တော် ကြီးနဲ့ ဆင်ခြင်သုံးသပ် တော် မူပါတယ်။

ဒါကြောင့်လည်း (အဘိဓမ္မာ အစ-ရတနာဃရ ရွှေအိမ်က) လို့မှတ်သားနိုင်ပါတယ် ကလေးတို့ရေ..။ နောင် အချိန်မှာ အဘိဓမ္မာ ခု နှစ်ကျမ်း(ဓမ္မသိင်္ဂဏီကျမ်း၊ဝိဘင်းကျမ်း၊ ကထာဝတ္ထုကျမ်း၊ ပုဂ္ဂ လပညတ်ကျမ်း၊ ယမိုက်ကျမ်း၊ ပဋ္ဌာန်း ကျမ်း) ရယ်လို့ဖြစ်လာမဲ့ တရား တော် တွေ၊ ခန္ဓာမှာ ဖြစ်ပျက်နေတဲ့ တရားတွေ ကို (သိရန်မှန်က၊ မကျန်ရအောင်၊ လုံးဝစုံ လင်၊ အကုန်မြင် ၊ သဗ္ဗင်ဉာဏ်တော် အစွမ်းတည်း) ဆို တဲ့အတိုင်းသိသင့် သိထိုက်တဲ့ တရားတော် ကို အကုန် သိမြင်နိုင်တဲ့ ဉာဏ်တော်ကြီး၊ အလွန်တရာ ကြီးကျယ် ပြန့်ပြောတဲ့ ဉာဏ်တော်ကြီး နဲ့ အစဉ်အတိုင်း ဆင်ခြင်တော်မူပါတယ်။

၆ ကျမ်းမြောက် ယမိုက် ကျမ်းလည်း ပြီးသွားလို့ ပဋ္ဌာန်းကျမ်းကို ဆင်ခြင်တော်မူတဲ့အခါ စိတ်တော် ကလည်း အင်မတန် ကြည်လင်ပြီး စိတ်တို့ရဲ့ မှီရာ သွေးတော် တွေကလည်း အင်မတန် ကြည်လင်လာတဲ့အတွက် အသားတော် အရေတော် ကြည်လင်လာတယ်။ သဗ္ဗညု တဉာဏ်တော် ကြီး က နဲ့ မီးမောင်းထိုးပြ လိုက်သလိုဖြစ်နေတာ ကိုး။ စိတ်တော် အင်မတန် ကြည်လို့ ၊ငြိမ်းအေးမှုတွေလည်းဖြစ်လာလိုက်တာ။ စိတ်တို့ရဲ့ တည်မှီရာ၊ဟဒယ ဝတ္ထုဆိုတဲ့ နှလုံး အာကြည်ရုပ်ကလည်း ကတဆင့် အသွေးအသားတွေ ဆီ ကူးစက်ပြီးသွေးတော်တွေ ကလည်းကြည်လင်မှု ဖြစ်လာလို့ အသားတော် ၊ အရေတော် ခန္ဓာ တော် ၊ အစိတ်စိတ် ကနေ ကြည်လင်လွန်း အားကြီးလို့ အရောင်တွေ တစ်လက်လက် ထွက်လာ ပြီး ရောင်ခြည်တော် ၆သွယ် ကွန့်မြူးလာပါတယ်။တစ်ခဲနက်ဖြစ်ပေါ်လာတာ အလွန် အကျူး အထူးသပ္ပါယ်တော်မူ သော ဘုရားရှင်ပါ။ -မျက်ခုံးတော်ကနေ နီလဆိုတဲ့ စိမ်းညိုသောအရောင်။
-မြတ်စွာ ဘုရားရဲ့ အသားတော် အရေတော် ကနေ ဝါဝင်းသော ရောင်ခြည်တော်၊ ပီတဆိုသော-ရွှေသော ရောင်ခြည်တော် ။
-နှုတ်ခမ်းတော်၊လျှာတော်၊ သွေးတော်တွေ မှ လောဟိတ ခေါ် နီရဲ သောရောင်ခြည်တော် ထွက်ပေါ်လာပါတယ် ။ -သွားတော်၊ အရိုးတော် ၊ မျက်ဆံတော် မှ ဖြူသော သြဒါတ ရောင်ခြည်တော် ရောင်ခြည် တော်တွေထွက်လာပါတယ်။ ညိုရွှေနီဖြူ-လို့ လွယ်လွယ်မှတ်ပါ ကလေးရေ..။
မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ် အစိတ်စိတ်မှ ညိုမောင်းသောရောင်ခြည်တော် ၊ မဉ္ဇိဋ္ဌ ရောင်ခြည် ထွက်လာပါတယ်။ သပြေသီးမှည့်ရောင် လို မျိုးပေါ့။

သည်ရောင်ခြည်တွေအကုန်ပေါင်းယှက်ပြီး၊ နဝရတ် မျိုးစုံကြဲဖြန့်တဲ့အရောင်၊ပြိုးပြိုးပြက်ပြက် သောအရောင်တွေထွက်လာပါတယ်။အဲဒါကတော့ ပဘဿရ ရောင်ခြည်တော် ပေါ့နော်။

ရောင်ခြည်တော် ခြောက်သွယ် တို့သည် အနန္တ စကြာဝဠာ တိုင် အောင်ပြန့်နှံ့ သွားပြီးတော့ နေအရောင်၊ လအရောင်၊ ဗြဟ္မာ နတ်တို့ရဲ့ အရောင်ကို လွှမ်းဖုံးသွားတော့ ၊ နတ် ဗြဟ္မာ တွေက အားလုံးကအာရုံ စိုက်ပြီး ဘုရား အဖြစ်ကိုရောက်တော် မူပြီဆိုတာ သိလာကြတာ ပေါ့နော်။ အင်မတန် ကြီးမားတဲ့ ဉာဏ်တော်ကြီးရသွားတယ် ဆိုတာ မသိကြဘူး။ ဘုရားအဖြစ်သို့ ရောက်တော် မူပြီး စတုတ္ထသတ္တာဟ ရောက်တဲ့အထိ အဘိဓမ္မာတရားကို ဘယ်သူ့ကို မှ မဟောရသေး ပါ ကလေးတို့ရေ..။ သဗ္ဗညုတ ရွှေ ဉာဏ်တော် နဲ့ သာသိ နေဆဲပါ။
စတင်သိတဲ့အချိန်မှာ ထူးပြားဆန်း ကျယ်ခဲ့ သလို အမေ့ကျေးဇူး ဆပ်ခရီး ကလည်း အံချီးဖွယ် အစုံစုံ၊ ဂုဏ်ပေါင်းစု နေခဲ့တာပါ။ တကယ် ဟော ကြားဖြစ်တဲ့ အချိန်ကတော့ ဘုရားဖြစ်ပြီး နောက် ၇-ဝါမြောက် အခါ ကာလ သမယ- မဟာသက္က ရာဇ်-၁၀၉ ခုနှစ်မှာဖြစ်ပါတယ်။ သာာဝတ္ထိနေပြည်တော်မှာ အယူဝါဒ လွဲနေတဲ့ တိတ္ထိတွေကိုနှိမ်နင်းတော်မူဘို့အတွက် ၊ သရက်ဖြူ ပင်ရင်းမှာ တန်ခိုးတော် တွေ ဆန်းဆန်းကြယ် ကြယ် ၊ ရေမီး အစုံစုံနဲ့ ယမက ပြာဋိဟာ ပြတော်မူပါတယ်။
အဲဒီ တန်ခိုး နဲ့ ပဲ သာဝတ္ထိ ပြည် ကနေ တာဝတိံသာနတ်ပြည် ကို ကြွချီတော်မူပါတယ်။ တာဝတိံသာနတ်ပြည် ဆိုတာက ယူဇနာ ၈သောင်းလေးထောင် အမြင့်ဆောင်တဲ့ မြင်းမိုရ် တောင်ထိပ်မှာရှိတာ မဟုတ်လား။ တစ်ယူဇနာ ကို ၁၂.ရ၂ မိုင်ရှိတာဆိုတော့ အကွာအဝေးကို မှန်းဆသာ ကြည့်ပါတော့နော်။ မြင်းမိုရ်တောင်ကို သမုဒ္ဒရာ လေးစင်း ၊တောင်စဉ်ခုနှစ်ထပ် ဝန်း ရံပြီး တည်ရှိကြ တယ်။ မြင်းမိုရ်တောင်ရဲ့ တစ်ဝက် အမြင့်ရှိတဲ့ ယုဂန္ဓိုတောင် ဆိုတာ က ဝန်းရံထားတဲ့ တောင်စဉ် ခုနှစ်ထပ်မှာ ပါဝင်ပါတယ်။

တာဝတိံ သာ ကို ကြွချီတော်တဲ့အခါ ရတနာစင်္ကြံမှာ ခြေ တစ်ဖဝါး ချပါတယ်။ လက်ယာခြေတော် လှမ်းတော် မူ၍ ယုဂန္ဓိုတောင်ထိပ်မှာ တစ်ဖဝါး ချတော် မူပါတယ်။ မြင့်မိုရ်တောင် ထိပ်ကို တစ် ဖဝါးချတော်မူပါတယ်။ တန်ခိုးတော် နဲ့သွားလို့ စုစုပေါင်း နှစ်လှမ်း၊သုံးဖဝါး နဲ့ ကြွချီတော် မူခဲ့တာပါ။ တာဝတိံသာနတ်ပြည် ရောက်တဲ့အခါ ပင်လယ်ကသစ်ပင် ခြေရင်းမှာ ခင်းထားတဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာ ပေါ်ဝယ် သီတင်းသုံးလို့ အမေ့ကျေးဇူးဆပ်တရား- အဘိဓမ္မာ တရား မြတ်ဒေသနာကို (မဟာသက္ကရာဇ် ၁၀၉ ခုနှစ်-ဝါဆိုလပြည့်ကျော် တစ်ရက် နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ) အသံမစဲဟောကြားတော်မူ လိုက်တာ မြင်ယောင်ရင်းမေမေဖြင့် သဒ္ဓါပီတိတွေ နှလုံးအိမ်မှာ ယိုစိမ့်လာလိုက်တာ ကလေးတို့ရေ။ ဖော်ပြနိုင်စွမ်းမရှိ တော့ပါ။(Beyond Expression ပေါ့နော်)။

ဟောကြားချိန်ဟာ လူ့သက်တမ်းနဲ့တွက်တော့သာ ရက်ပေါင်း ကိုးဆယ်၊ နတ်သက်တမ်း နဲ့ကတော့ ၁၅မိနစ် လောက်သာရှိပေတာကိုး။ မြတ်စွာဘုရားကလူသားပါ။လူသားဣရိယာပုတ်နဲ့ လူသားတို့ရဲ့ အချိန်အတိုင်း ဘုဉ်းပေးသုံးဆောင်၊ အနားယူတော်မူမှသာခန္ဓာကိုယ် မျှတတော်မူပါတယ် ။ဒါကြောင့် အနားယူရမယ်။နေ့သန့်စင်တော် မူရမယ်။ ရေချိုး သုံးသပ်ရမဲ့ အချိန်ရှိတယ်။ကျင်ကြီးကျင်ငယ် စွန့်ရမဲ့အချိန်ရှိတယ်။ အဲဒါကြောင့် နေ့စဉ် နံနက် ၉နာရီ ရောက်တိုင်း အသွင်တူ၊အသံတူ တဲ့ နိမ္မိတ ရုပ်ပွားတော် တစ်ဆူ ၊ ဖန်ဆင်းတော်မူပါတယ်။ (ဤနေရာ မှ ဤနေရာထိ၊ ဤနည်းဖြင့်ဟောကြားတော်မူစေ သတည်း) လို့ အဓိဋ္ဌာန်ပြုပြီး၊သပိတ်သင်္ကန်းယူဆောင်လို့ ဟိမဝန္တာ၊အနောတတ် ရေအိုင်ကိုကြွချီရေချိုးသန့်စင် တော်မူပါတယ်။ ဥတ္တရဂုရု၊ မြောက်ကျွန်း မှာဆွမ်းခံကြွတော် မူပါတယ်။အနောတတ်ရေအိုင် ဆိပ်ကမ်းသာမှာ အေးချမ်းစွာ ဆွမ်းဘုဉ်း ပေးတော်မ်ူပြီး စန္ဒကူးတော ကိုလာပြီး နေ့သန့်စင်(အနားယူ)တော်မူပါတယ်။

အဲဒီအခါမှာ လက်ယာတော်ရံ ပညာ အရာ ဧတဒဂ်ရတဲ့ ရှင်သာရိပုတ္တရာမထေရ် ကြီး ကစန္ဒကူးတော ကိုလာပြီး ခြေဆုပ်လက်နယ်ပြုတော်မူပါတယ်။ လူ့ပြည် မှာ ဘုရားရှင်က ချစ်သားသာရိပုတ္တရာ…ငါဘုရားသည် တာဝတိံသာ နတ်ပြည်မှာအဘိဓမ္မာတရားကို ဟောခဲ့ ပြီးပြီ လို့ပြောတော်မူပါတယ်။ အကျဉ်း ခေါင်းစဉ် လောက်ပဲပြန်ပြော လိုက်တာပါ။

ဒါပေမဲ့ အရှင်သာရိပုတ္တရာ ဉာဏ် အင်မတန်ကြီးတယ် ဆိုတော့ ကျလာတဲ့ မိုးစက် မိုးပေါက်တွေကိုရေတွက်နိုင်တဲ့ သမာဓိအားကြီး ဉာဏ်အားကြီးတဲ့ မထေရ်မြတ်ကြီး ဆိုတော့ အကျဉ်း မျှနဲ့ ပဲ နားလည် သွားပါတယ်။ အရှင်သာရိပုတ္တရာကလည်း တပည့်ရင်း ရဟန်း (၅၀၀)ကို (ဘုရားရှင်-တန်ခိုးပြတဲ့ဝါဆို လဲပြည့်မှာပဲ မြတ်စွာဘုရားရဲ့ တန်ခိုးကို ကြည့်ညိုပြီး ရဟန်းပြုခဲ့တဲ့ အမျိုးကောင်းသား ၅၀၀ ရဟန်းဖြစ်စ ရဟန်းတွေပါ-ကဿပ ဘုရားရှင်လက်ထက် က လင်းနို့သား-၅၀၀ဖြစ်ခဲ့ဘူးပါတယ်) မြတ်စွာဘုရားဟော ကြားတော်မူအပ်သော အဘိဓမ္မာတရားတော်ကို မကျဉ်းမကျယ် ပြန်ဟော ပါတယ်။ အဘိဓမ္မာတရားတော် သည် နည်းသုံးနည်းနဲ့ လူ့ပြည် နတ်ပြည်မှာ တပြိုင်နက်ပေါ်ထွန်းခဲ့ တယ်လို့ အာရုံပြုထားပေးပါ ကလေးတို့ရေ..။ ၁။တာဝတိံနတ်ပြည်မှာ အကျယ်ဆုံးနည်း(ဝိတ္ထာရနယ- အကျယ်နည်း)
၂။လူ့ပြည်မှာ အကျဉ်းဆုံးနည်း (သင်္ခေပနယ-အကျဉ်းဆုံးနည်း)

၃။လူ့ပြည်မှာ မကျဉ်းမကျယ် နည်း(နာတိ ဝိတ္ထာရ- နေတိသင်္ခေပနယ နည်း) တို့ဖြစ်ပါတယ်။

ဟောကြားခဲ့တဲ့ ရက်တွေ တွက်ကြည့်ရင် တော့ …

၁။ ဓမ္မသင်္ဂင်္ ဏီကျမ်း---၁၂ ရက်

၂။ ဝိဘင်းကျမ်း---၁၂ ရက်

၃။ ဓာတုကထာ-ကျမ်း---၆ ရက်

၎။ ပုဂ္ဂလပညတကျမ်း---၇ ရက်

၅။ ကထာဝတ္ထုကျမ်း--၈ ရက်

၆။ ယမိုက်ကျမ်း---၂၀ ရက်

၇။ ပဋ္ဌာန်းကျမ်း---၂၅ ရက် ဟောကြားရပါတယ်။
တရားတော် အဆုံးမှာ မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတ နတ်သား ဟာ သောတာပန် တည်ခဲ့ပါတယ်။ စကြာဝဠာ တိုက်တစ်သောင်း အပေါင်း မှ သောင်းသောင်းဖြဖြ တရားနယူကြတဲ့ နတ်ဗြဟ္မာ အပေါင်း ကုဋေ-၈သောင်းတိတိ ကျွတ်တန်းဝင်ခဲ့ ပါတယ်။ လူ့ပြည်မှာနာယူရတဲ့ က ရဟန်း ၅၀၀ ကတော့ ရဟန္တာ အဖြစ်သို့ရောက် ရှိခဲ့ပါတယ်။ တစ်ချိန်တည်း ၊ တပြိုင်တည်း ဖြစ်ခဲ့တာပါနော်။
ရက်ပေါင်း ၉၀ ပြည့်လို့ သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင် သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်း များဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ပြည်ဖြစ်တဲ့ သင်္ကဿနဂိုရ် ပြည်သို ပြန်လည်ဆင်းသက်ကြွမြန်း တော်မူခဲ့ပါတော့တယ်။ လူကော နတ်ပါ အချင်းချင်းမြင်နေရ တာ ကြည်ညိုဘွယ် ကောင်းလွန်းလို့ ဘုရားဆုမပန် မိတဲ့လူ မရှိကြပါဘူးတဲ့။

သည် အဘိဓမ္မာဟောကြားတော် မူခဲ့ပုံလေး ကို တိတိကျကျ ပုံဖော် မှန်းဆရင်း မနက်ဖြန်မှာ ကျရောက်မဲ့ အဘိဓမ္မာ အခါတော်နေ့မှာ ကျေးဇူးတော်ရှင်မြတ်စွာဘုရားရဲ့ဂုဏ်တော် အနန္တ ကို ရိုသေလေးမြတ်စွာ ညွတ်နူး ပူဇော်ကြရအောင်နော်။ ကျေးဇူးရှိသူများကိုလည်း အကောင်းဆုံး ဓမ္မ ဖြင့်ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြ မယ်လို့ သဘောပေါက် ခံယူလိုက်ပါလို့ မေမေ က ဓမ္မလက်ဆောင် ပေးပို့လိုက်ပါတယ် ချစ်သောကလေးတို့ရေ…။
ကျမ်းကိုး

၁။ အဘိဓမ္မာ နှင့် ဝိပဿနာ၊ ဒေါက်တာ ဉာဏိဿရ ( မြတ်မင်္ဂလာစာစောင်)
၂။ အဘိဓမ္မာ ပထမဆင့် မှတ်စု ၊ သဓမ္မဇောတိကဓဇ ဆရာမဒေါ်ခင်လှတင်
၃။ သဒ္ဓမ္မဇောတိကဓဇ ဆရာမဒေါ်ခင်လှတင် ၏ ပဋ္ဌာန်းကျင့်စဉ်သင်တန်း၊ တိတ်ခွေ အမှတ် ၁၊ ၂ (http://www.dhammadownload.com/)
(စာတမ်းများ ရှာဖွေ ပေးပို့ပါသော ဘုန်းဘုန်းဦးလောကနာထ-http://www.lknt.org/ နှင့် မင်္ဂလာသတင်းစဉ် http://mawluu.blogspot.com/ ဘလော့ ကို အထူး ကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်ဖေါ်ပြအပ်ပါသည်။)