Wednesday, January 6, 2010

မြတ်စွာဘုရား၏ မဟာပုရိသ လက္ခဏာတော်ကြီး(၃၂)ပါး ဘုရားရှိခိုး လင်္ကာ

ဆရာတော်ဦဃောသိတ-ရေးသားဖွဲ့ဆိုတော်မူသော
မြတ်စွာဘုရား၏ မဟာပုရိသ လက္ခဏာတော်ကြီး(၃၂)ပါး ဘုရားရှိခိုး လင်္ကာ

ဖဝါးတော် ညီညာကြောင်း

၁။ ဘဝထိုထို၊ ရှေးအဟိုဝယ်၊ ကုသိုလ်ပွားလူး၊ တရားထူး၌၊

စူးစိုက်မြဲလျက်၊ ဆောက်တည်ချက်ကို၊ တားဖျက်မနိုင်၊

ကြံ့ခိုင်ခဲ့ခြင်း၊ ကောင်းမှုရင်းကြောင့် .....

(က) ရွှေခြေနင်းဟန်၊ နင်းပြန်အတူ၊ ကြွမူမခြား၊

ဖဝါးတော်ညီညာ၊ လက္ခဏာတော်၊

အာနုဘော်ဖြင့် .....

(ခ) ကျူးကျော်ဝံ့စား၊ လှုပ်ချောက်ချားအောင်၊ စွမ်းအားရှိမူ၊

ဘယ်ရန်သူမျှ၊ မပြုဝံ့ပါသော .....

မြတ်စွာဘုရား၊ မြတ်စွာဘုရား .....။

ဖဝါးတော်ဝယ် တစ်ရာ့ရှစ်ကွက် စက်လက္ခဏာပါရှိကြောင်း

၂။ သူ့ချမ်းသာဆောင်၊ မကြောက်အောင်ရွယ်၊

စောင့်ရှောက်ကယ်၍၊ ဖွယ်ရာခြံရံ၊ လှူဒါနံကြောင့် .....

(က) ဝန်းရံပတ်လျက်၊ ရာ့ရှစ်ကွက်ဖြင့်၊ မြချက်ပုံတောင်း၊

အကွပ်ဆောင်း၍၊ ထောင်ပေါင်းအကန့်၊

ရှင်းသန့်ပြတ်သား၊ ခြေတော်ဖဝါး၌၊ ကြီးမားတေဇော်၊

စက်တော်ရတနာ၊ လက္ခဏာဖြင့် .....

(ခ) မကွာခစား၊ ထံတော်ပါးဝယ်၊ များသောအခြံအရံ

(ဂ) ရှိတော်မူပါသော မြတ်စွာဘုရား၊ မြတ်စွာဘုရား .....။

ဖနောင့်တော်၊ လက်ချောင်း၊ ခြေချောင်းတော် သွယ်ရှည်၍ ဖြောင့်မတ်သောကိုယ်ရှိကြောင်း

၃။ ခြပုန်းပိုးရွ၊ စသည်မရွင်း၊ သတ်ဖြတ်ခြင်းကို၊ အလျဉ်းမပြု၊

ဤကောင်းမှုကြောင့် ..... (က) ဖနောင့်လက်ချောင်း၊ ခြေချောင်းသွယ်ရှည်၊

ဖြောင့်သည်ကိုယ်မှာ၊ လက္ခဏာဖြင့်၊

(ခ) မေတ္တာမပွား၊ တဖက်သားကို၊ တုတ်ဓားဆောင်ယူ၊

သတ်လိုမူလည်း၊ ဘယ်သူမစွမ်း၊ ဘေးဘျမ်းမရှိ၊

(ဂ) ပကတိအသက်ရှည်တော်မူပါသော မြတ်စွာဘုရား၊

မြတ်စွာဘုရား .....။

ခုနစ်ဌာန အသားတော်ပြည့်ဖြိုးကြောင်း

၎။ ချိုမြိန်ကောင်းမြတ်၊ ရသာဓာတ်ကို၊ ဆက်ကပ်ပူဇော်၊ လှူဘူးသောကြောင့် .....

(က) ခြေတော်ဖမိုး၊ လက်ဖမိုးတော်၊ ပုခုံးတော်နှင့်

ဂုတ်တော်ခုနစ်ချက်၊ စုန့်လျက်ဖြိုးဖြိုး၊ ညှပ်ရိုးပုခုံး၊

လက်ရုံးရင်တော်၊ ခုနစ်ဖော်လည်း၊ ရှုမျှော်မညှိုး၊

ဆူးဖြိုးတင့်စွာ၊ လက္ခဏာဖြင့်၊

(ခ) အရသာဓာတ်၊ ထူးအမြတ်ကို မပြတ်သုံးဆောင်

တော်မူရပါသော၊မြတ်စွာဘုရား၊ မြတ်စွာဘုရား .....။

လက်ခြေနူးညံ့၍ ရွှေဇာကွန်ရက်ခတ်သကဲ့သို့ ရှိတော်မူကြောင်း

၅။ ချစ်ဖွယ်စကား၊ ပေးကမ်းငြား၍၊ စီးပွားဆောင်လင့် ကိုယ်တူကျင့်ဟု၊

လေးဆင့်သင်္ဂြိုလ်၊ သူ့ကိုထောက်ထား၊ ကောင်းမှုအားကြောင့် .....

(က) လက်ဖဝါးနှင့်၊ ခြေဖဝါးပါ၊ နူးညံ့စွာ၏၊ ရှစ်ဖြာလက်ချောင်း၊

ဆယ်ချောင်းခြေတော်၊ ညီမျှသော်ကြောင့်၊ မုယော်တွင်လစ်၊

အတွင်းဆစ်၌၊ ရေးရစ်ဖြောင့်လေ့၊ စပါးစေ့များ၊ ပွတ်တံခါးသို့၊

ဖြောင့်သားညီညာ၊ လက္ခဏာဖြင့်၊

(ခ) ကောင်းစွာသိမ်းဆည်း၊ လုံးစည်းပေါင်းစု၊ လက်တွင်းပြုအပ်၊

ပရိသတ်သာ၊

(ဂ) ရှိတော်မူပါသော မြတ်စွာဘုရား၊ မြတ်စွာဘုရား ......။

ဖမျက်တော်မြင့်၍ မွေးညှင်းတော်ပျံကြောင်း

၆။ ကြောင်းကျိုးဖော်ပြ၊ မြတ်ဓမ္မကို၊ မိန့်ဟဟောကျူး၊

ပြုခဲ့ဘူး၍ .....

(က) မြင့်စူးဖမျက်၊ ရွှေမျက်ခွက်ကို၊ မော့လျက်ဖူးဟန်၊

မွေးညှင်းပျံသည့်၊ နှစ်တန်ခြင်းရာ၊ လက္ခဏာဖြင့်၊

(ခ) သတ္တဝါအားလုံး၊ လူတဖြုန်းကို၊ လွှမ်းဖုံးပိုမောက်၊

အခေါင်ရောက်သဖြင့်၊ ပါမောက်တစ်ဆူ၊

(ဂ) ဖြစ်တော်မူပါသော မြတ်စွာဘုရား၊ မြတ်စွာဘုရား .....။

ဧဏိမည်သော (တနည်း-စပါးဖုံး) ကဲ့သို့ လုံးဝန်းတင့်တယ်သော သလုံးတော်ရှိကြောင်း

၇။ နှုတ်မှုပညာ၊ လက်ပညာကို၊ ကောင်းစွာပို့ချ၊ သင်ခဲ့ပြ၍ .....

(က) တောဝမြိုင်ဖျား၊ ဧဏီသားသို့၊ စပါးဖုံးဟန်၊

လုံးလျားတင့်တယ်၊ သလုံးတော်ချယ်သဖြင့်၊

(ခ) သုံးဖွယ်သုံးရာ၊ အဖြာဖြာကို၊ မြန်စွာခဏ

(ဂ) ရတော်မူပါသော မြတ်စွာဘုရား၊ မြတ်စွာဘုရား .....။

သိမ်မွေ့ သော အရေတော် ရှိကြောင်း

၈။ ရဟန်းပုဏ္ဏား၊ သူမြတ်များကို၊ ခစားဆည်းကပ်၊ သို့ပြုအပ်မည်၊မအပ်မည်ကို၊ စိတ်ကြည်ညွတ်နူး၊ မေးခဲ့ဖူး၍ .....

(က) နူးညံ့အရေ၊ ပိန်းကြာရွှေတွင်၊ ရေမတင်သို့၊ မြူလျှင်ကင်းဝေး၊

ညစ်ကြေးမလိမ်း၊

(ခ) ခပ်သိမ်းသတ္တဝါ၊ လောကဓာဝယ်၊ ပညာသာသူ၊

တူသူကင်းပြီး၊ ပညာရှိကြီး တစ်ဆူ၊

(ဂ) ဖြစ်တော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား .....။

ဇမ္ဗူရာဇ်ရွှေအဆင်းကဲ့သို့ အသားတော်ဝါဝင်းကြောင်း

၉။ ချိုးဖဲ့နှိပ်စက်၊ ဆိုတုံလျက်လည်း၊ အမျက်မလို၊ စိတ်မတိုခဲ့၊

ကြည်ညိုချမ်းမြေ့၊ ချောမွေ့နုမွတ်၊ အဝတ်အရုံ၊ အခြုံအခင်း၊

လှူခဲ့ခြင်းကြောင့် .....

(က) အဆင်းအရေ၊ ဇမ္ဗူရွှေသို့၊ လျှံဝေဝင်းဝါ၊

လက္ခဏာဖြင့်၊

(ခ) ဖဲဝါကတ္တီ၊ သိုးမွှေးထည်နှင့်၊ ပိုးထည်နုပျောင်း၊

ထည်လိပ်ကောင်းကို၊ လူပေါင်းဗြဟ္မာ၊ နတ်ဒေဝါတို့၊

များစွာကပ်လှူ၊

(ဂ) မပြတ်ရတော်မူပါသော မြတ်စွာဘုရား၊ မြတ်စွာဘုရား .....။

အအိမ်ဖြင့် ဖုံးလွှမ်းအပ်သည့် ယောင်္ကျားနိမိတ်ရှိကြောင်း

၁ဝ။ မိသားအဘ၊ မောင်နှမဟု၊ သဟာယချင်း၊ ကွေကွင်းခဲ့ရာ၊

တွေ့အောင်ရှာ၍၊ ကောင်းစွာထက်ကြပ်၊ ပေါင်းစပ်ခဲ့ဘူး၊

ကောင်းမှုထူးကြောင့် .....

(က) ဆင်မှူးဆဒ္ဒန်၊ ပုံသဏ္ဍာန်သို့၊ နေဟန်တင့်ဆုံး၊

အိမ်ဖုံးစေ့စပ်၊ သပ်ယပ်ထင်ရှား၊ ယောင်္ကျားနိမိတ်၊

တံဆိပ်ပြီစွာ၊ လက္ခဏာဖြင့်၊

(ခ) များစွာစုပေါင်း၊ ထောင်သောင်းမက၊

(ဂ) သားကောင်းရတော်မူပါသော မြတ်စွာဘုရား၊ မြတ်စွာဘုရား။

အလံအရပ်ညီမျှ ရပ်တော်မူလျက်၊မညွှတ်ပဲ ဒူးဝန်းတော်ကို သုံးသပ်တော်မူနိုင်ကြောင်း

၁၁။ ပုဂ္ဂိုလ်ယုတ်မြတ်၊ ရွေးချယ်လတ်၍၊ လျောက်ပတ်သင့်လျော်၊

ပူဇော်ခဲ့ဟန်၊ ကောင်းမူကံကြောင့် .....။

(က) အလံအရပ်၊ ညီလတ်ရွှန်းရွှန်း၊ ပညောင်းဝန်းသို့၊

ဝန်းသောကိုယ်တော်၊ ရပ်သော်စူးစူး၊ မညွှတ်ဦးပဲ၊

ရွှေဒူးဝန်းပေါ်၊ လက်ဝါးတော်ဖြင့်၊ သုံးသော်မီလောက်၊

ကိုယ်ထက်အောက်လည်း၊ အပေါက်အဆက်၊

ညီလျှက်အမျှ၊ ကုန်းမကွတည့်၊ ပုဏ္ဏကာယာ၊ လက္ခဏာဖြင့်၊

(ခ) သဒ္ဓါ-သီလ၊ သုတ-စာဂါ၊ ပညာ-ဟိရီ၊ သြတ္တပ္ပီဟု၊

ခုနစ်လီဥစ္စာ၊ ရတနာသာရ၊ မြတ်ဓနဖြင့်၊ ကြွယ်ဝ

ချမ်းသာတော်မူပါသော မြတ်စွာဘုရား၊ မြတ်စွာဘုရား .....။

ကိုယ်တော်ပြည့်ဖြိုး၍ ရေစီးကြောင်းမထင် ကျောပြင်ရှိခြင်းနှင့်လည်တိုင်ဖြိုးတော်မူကြောင်း

၁၂။ သူတစ်ပါးကို၊ ကောင်းစေလို၍၊ ကုသိုလ်ပညာ၊ ဥစ္စာဓန၊ သဟာယများ၊

ဘယ်သို့ပွားအံ့၊သူ့အားတောင့်တ၊ကြောင့်ကြခဲ့ဟန်၊ကောင်းမှုကံကြောင့်...

(က) မြိုင်ယံပျော်မွေ့၊ ရွှေခြသေ့င်္၏၊ ရှေ့ထက်ဝက်ကိုယ်၊ ပမာလိုလျှင်၊ကိုယ်တော်အောင်မောင်း၊ ရေစီးကြောင်းမထင်၊ရွှေကျောပြင်နှင့်၊ စည်သွင်မုရိုး၊ ပြည့်ဖြိုးလုံးခြင်း၊ လည်ပင်း သပ္ပါယ်၊ ဤသုံးသွယ်ဖြင့်

(ခ) ဤဝယ်လောကီ၊ ဤသည်လောကုတ်၊ ဂုဏ်ပေါင်းချုပ်သော်၊ ယုတ်လျော့ခြင်းရာ၊ မထင်ပါသော မြတ်စွာဘုရား၊ မြတ်စွာဘုရား.....။

အရသာကြော (၇ဝဝဝ) တို့ အဖျားထောင်၍ လည်၌စွပ်လျက်ရှိကြောင်း

၁၃။ သတ္တဝါခပင်း၊ မညှင်းဆဲရှောင်၊ ကုသိုလ်ဆောင်၍...

(က) ခုနစ်ထောင်သော၊ ရသာကြောများ၊ အဖျားချင်းအပ်၊

လည်မှာစွပ်၍၊ မီးဓာတ်ဂဟဏီ၊ ဇီရဏီလည်း၊ အညီချက်ချေ၊ အစာကြေသဖြင့်၊

(ခ) ထွေထွေရောဂါ၊ ကင်းရှင်းကွာသည်၊ ကျန်းမာတော်မူပါသော မြတ်စွာဘုရား၊ မြတ်စွာဘုရား.....။

မျက်လုံးတော်အလွန်ညို၍ မျက်တောင်မွှေးတော် အလွန်နုကြောင်း

၁၄။ မျက်စောင်းမထိုး၊ မကျိုးမျက်မှောင့်၊ ဖြောင့်ဖြောင့်ချစ်ကြည်၊

ကြည့်ခဲ့သည်ကြောင့်...

(က) ညိုကြည်မျက်လုံး၊ အံ့မဆုံးအောင်၊ ရွှေမျက်တောင်မွှေး၊

သွယ်သေးနုစွာ၊ လက္ခဏာဖြင့်၊

(ခ) ပီယာသိဒ္ဓိ၊ နတ်ဆေးရှိသို့၊ တြိ-ဘုံခန်း၊ ရဟန်းလူများ၊ သိကြားဗြဟ္မာ၊ နတ်သူရာဟု၊ ` သတ္တဝါထိုထို၊ ကြည်ညိုလေးမြတ်၊ချစ်ခင်အပ်ပါသော၊မြတ်စွာဘုရား မြတ်စွာဘုရား.....။

သင်းကျစ်တော်အသားလွှာပါရှိကြောင်း

၁၅။ ကုသိုလ်တရား၊ ဟူသည်များ၌၊ ရှေ့သွားအမှူး၊ ဦးစီးခေါင်းခံ၊

ဆော်စီမံဖူး၊ ကောင်းမှုထူးကြောင့်...

(က) နဖူးတော်ဝယ်၊ ရွှေပြားခြယ်သို့၊ တင့်တယ်လှစ်လှစ်၊ အသားစစ်မှ၊ သင်းကျစ်တော်လွှာ၊ လက္ခဏာဖြင့်၊

(ခ) သတ္တဝါထိုထို၊ များလူဗိုလ်တို့၊ ကိုယ်တော်နောက်၌ စိုက်စိုက်မကွာ၊ လိုက်ရပါသော မြတ်စွာဘုရား၊ မြတ်စွာဘုရား..။

မွေးတွင်းတော်တစ်ခုတစ်ခု၌ မွေးညှင်းတစ်ပင်စီနှင့် နဖူးတော်၌ ဥဏ္ဏလုံမွေးရှင်တော်ပါရှိကြောင်း

၁၆။ မလိမ်မထောင့်၊ သစ္စာစောင့်၍ ရိုးဖြောင့်မှန်စင်း၊တရားရင်းကြောင့်...

(က) မွေးတွင်းတစ်ခု၊ မြွှာမစုဘဲ၊ တစ်ခုစီတွင်၊ တစ်ပင်စီသာ၊ ရှင်းစွာသင့်လျော်၊

မွေးညှင်းတော်နှင့်၊ မျက်မှောင်တော်နှစ်ဘက်၊ အလယ်ချက်ဝယ်၊ လံဝက်လောက်မျှ၊ ဆွဲကရှည်လာ၊

လွှတ်လိုက် ပါမူ၊ လက်ျာရစ်ခွေ၊ ဖြူရောင်ဝေ သည့်၊ရွှေနဖူးဝယ်၊သောက်ရှူးကြယ်သို့၊ နုနယ်ဂွမ်းပုံ၊ ဥဏ္ဏလုံဖြင့်၊

(ခ) သုံးဘုံလူဗိုလ်၊ ကိုယ်တော်စိတ်ကြိုက်၊ အလိုလိုက်ခါ၊ပါရပါသော၊ မြတ်စွာဘုရား မြတ်စွာဘုရား.....။

သွားတော် (၄ဝ) စေ့၍ သွားတော်မကျဲသိပ်သည်းစေ့စပ်ကြောင်း

၁၇။ ကုန်းတိုက်စကား၊ ကြဉ်ရှောင်ရှား၍၊ ကွဲပြားမကပ်၊ ကြားစေ့စပ်သဖြင့်၊ စေ့စပ်ပြီးကို၊ မြဲအောင်ဆိုခဲ့၊ ထိုကုသိုလ်တော်၊ နှိုးပင့်ဆော်၍...

(က) သွားတော်လေးဆယ်၊ ပြည့်ဖြိုးကြွယ်လျက်၊ သေးသွယ်စိပ်စိပ်၊

သိပ်သိပ်ထူထဲ၊ မကျဲသွားမှာ၊ လက္ခဏာဖြင့်၊

(ခ) ညီညာမြဲစွဲ၊ သူပင်ခွဲလည်း၊ မကွဲပြိုနိုင်၊ ကြံ့ခိုင်စေ့စပ်

ပရိသတ်သာ၊

(ဂ) ရှိတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား.....။

ရှည်ပြန့်နူးညံ့သော လျှာတော်နှင့် အင်္ဂါရှစ်တန် ဗြဟ္မာသံ ကရဝိက်သံရှိကြောင်း

၁၈။ သူ့နားမချမ်း၊ ကြမ်းကြမ်းကြုတ်ကြုတ်၊ အယုတ်တမာ၊ မဆိုပါပဲ၊ ချိုသာဧကြည်၊ ဆိုခဲ့သည်ကြောင့်...

(က) လျှာရှည်ကြီးပြန့်၊ လျှာနူးညံ့လျှက်၊ ရှင်းသန့်ချိုသာ၊

သိသာနာဖွယ်၊ ပွဲလယ်မထွက်၊ လုံး-နက်-ပဲ့တင်၊

အင်္ဂါရှစ်တန်၊ ဗြဟ္မာကရဝိက်၊ ကောင်းဟိတ်သံသာ၊

လက္ခဏာဖြင့်၊

(ခ) ဆိုခါရင့်ကျူး၊ စကားစူး၍၊ အထူးလိုက်နာ၊ သြဇာပြန့်လှိုင်၊

အာဏာထူး ပိုင်တော်မူပါသော မြတ်စွာဘုရား ၊ မြတ်စွာဘုရား.....။

လဆန်း (၁၂) ရက် လနှင့် ခြင်္သေ့မင်း၏မေးသကဲ့သို့ဖြိုးသောမေးတော်ရှိကြောင်း

၁၉။ အနှစ်မဆံ၊ ယူရန်ကင်းလျော့၊ အသောအဖျင်း၊ ပြောခြင်းမလေ့၊ ကုသိုလ်ငွေ့ ကြောင့်...

(က) ခြင်္သေ့မင်းလို၊ ရွှန်းစိုပုံ့ပုံ့၊ ဖြိုးစုန့်စုန့်လျှင်၊ ပြုံးတော့မည်ပုံ၊

ဆန်းတုန်ဆယ့်နှစ်ရက်၊ စန်းယုန်စက်သို့၊ ရောင်ယှက်ထွန်းပေါ်၊မြတ်မေး တော်ဖြင့်၊

(ခ) ကျူးကျော်ဘယ်သူ၊ တစ်ယောက်လူမျှ၊ ကလူနိုင်ထက်၊

မချိုးဖျက်နိုင်ပါသော မြတ်စွာဘုရား၊ မြတ်စွာဘုရား.....။

ညီညွတ်သောသွားတော်နှင့် ဖြူဖွေးသော စွယ်တော်လေးဆူရှိကြောင်း

၂ဝ။ ကြီးငယ်တောင်းလျှင်၊ ချိန်ခွင်တိုရှည်၊ လိမ်လည်လုယက်၊

ခိုးနှိပ်စက်၍၊ အသက်မွေးခြင်း၊ ကင်းခဲ့သောကြောင့်...

(က) မခေါမသီ၊ စိန်ကိုစီသို့၊ ပြေညီသွားတော်၊စွယ်တော်လေးဆူ၊

ဆွတ်ဆွတ်ဖြူသား၊ ကိုယ်တော့်သွား၏၊ နှစ်ပါးခြင်းရာ၊

လက္ခဏာဖြင့်၊

(ခ) ယုတ်မာကောက်ကျစ်၊ ဆိုးညစ်သောသူ၊ မပါမူ၍၊

ဖြောင့်ဖြူးသပ္ပါယ်၊ လ-၌-ကြယ်သို့ စင်ကြယ်သော

အခြံအရံရှိတော်မူပါသော မြတ်စွာဘုရား၊ မြတ်စွာဘုရား.....။

လက္ခဏာတော်ဘုရားရှိခိုး နိဂုံးချုပ်

ဤ သို့ကောင်းမှု ၊ကိုယ်တော်ပြု၍ ၊ ယခု အခါ ဝယ် ၊

သုံးဆယ့်နှစ်ပါး ၊ယောင်္ကျား အင်္ဂါ ၊ လက္ခဏာဖြင့် ၊

စင်္ကြာသခင် ၊ ဖြစ်မည်လျှင်တည့် ၊စက်-ဆင်-မြင်း - မြ ၊ မ-ဌေး-သား ဟု ၊

ခုနှစ်ပါး ရတနာ၊ သားမှာ တစ်ထောင်၊လေးကျွန်ဘောင်ဝယ် ၊

ဘုန်းခေါင်စက္ကဝတ်၊ မချွတ်ဖြစ်မည် ။ လျှောက်တင်သည်ကို ၊

မထီမလေး ၊ တံတွေးပေါက်နှယ် စွန့်ပစ်ပယ် ၍

သောင်းနယ် လောကဓာတ် ၊ လွှံ့ပတ်ကြေညာ ၊

မဟာ ဓမ္မရာဇ် ၊မင်းဆုံးဖြစ်လျက်၊ ရေတွက်စစ်ကျုံး ၊ အံ့မဆုံးအောင် ၊

ဘုန်းတော် ခြောက်စုံ ၊ ဂုဏ်တော် အနန်း ၊ ဉာဏ်တော် ဖြာဖြာ ၊

လက္ခဏာ နိသင် ၊ အမြဲဆင်သော ၊ရှင်ပင်ဘုရား၊

ကိုယ်တော်အားကို ၊ကိုးစားကြပ်ကြပ် ၊မြဲဆည်းကပ်လျက် ၊

တုပ်ဝပ်ရိုကျိုး ၊လက်စုံမိုး၍

၊ရှိခိုးပါ၏ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

သာဓု….သာဓု……သာဓု

***********************************************************************

Sunday, January 3, 2010

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၁၂ (ပိုင်းလော့ဆရာတော်)

တံလျှပ်ပမာ(ဘဝ)-ခန္ဓာ
------------------------
တံလျှပ်ဆိုတာ မြင်ဘူးတဲ့သူတွေ လည်းရှိတယ်။ တချို့ ကျ တော့မမြင်ဘူးဘူး။ သမင် တစ်ကောင် သွားရင်း ညဘက် မျက်စိလည်သွားတယ်တဲ့။ မနက်ကျတော့ သဲကန္တာရ ဘက်ကို ရောက်သွားတယ်။

နေကပူလေ ရေ က ငတ်လာလေပဲ။ ဒီလိုသွားရင်းနဲ့ နေကပူလွန်းတော့ အငွေ့ထလာတယ်။ အပူရှိန်က အငွေ့ထလာတော့ အဝေး ကကြည့်ရင် အနိမ့်အမြင့်နေရာလေးတွေက ရေအိုင်လို့ထင်ရတယ်။ သဘောပေါက်တယ်နော်။

(ကတ္တရာ လမ်းတွေကိုလည်းသတိမထားမိလို့ ၊ နွေဆို အနိမ့်အမြင့် နေရာလေးတွေမှာ ရေလို့ မှတ်ထင်ရတယ်။ အနားသွားကြည့် မရှိတော့ဘူး)။ သမင်လေးကလဲ အနိမ့်အမြင့် နေရာကို ရေရျိတယ် မှတ်လို့ပြေးတယ်။ အနားရောက်ရင် ပျောက်သွားပြန်ရင်းနဲ့ ပဲနော်။

အနားဝန်းကျင်ကို ကြည့်လိုက်တော့လည်း ဒီ အတိုင်းပဲ။ နောက်ဆုံးပိတ် သေသာသွားရော ၊ရေမတွေ့ဘူး။ လူတွေဟာလည်း အဲဒီ ဥပမာ လိုပဲတဲ့။ ပင်ပန်းနေကြရတယ် တံလျှပ်ရေထင်ပြီး လိုက်တဲ့အခါ
( လိုက်လေ- လိုက်လေ ငတ်မပြေသည် ၊ပန်းခြေ လက်ကျ ရှိတုံစွာ သို့) လို့ပြတယ်။

ဒီတော့ ဘုန်းဘုန်း တို့ဟာ တွေးသမျှ အတွေးတွေကု အကောင်ထင်တာဟာ ဆံလျှပ်ကို ရေထင်သလိုပဲ ဟုတ်မဟုတ် စဉ်းစားကြနော်။ ခုနေ မျက်စိမှိတ်ထားတယ် ၊မျက်နှာ ပုံ၊ အိမ်ပုံတွေ ဖော်လိုက်တယ်။ ဒီ အခါ အကောင်လို့ ထင်မနေဘူးလား ၊ အဲဒါ တံလျှပ်ကိုရေ မှတ် တာပဲ။ ငါအိမ်လို့ ထင်လိုက်သေးတယ်။
ဟုတ်ရဲ့ လား။ (ဟုတ်ပါတယ်ဘုရား)။

ဟိုက ပျောက်သွားပြီ။ ဒါကိုပဲ အတင်းခံစားပြီးလိုချင်တော့ အားစိုက်တယ်။ ဒီလိုအားစိုက်ပါများရင် နှလုံးအိမ်မှာ အပူဓာတ် ထွက်လာတယ်။ ဒီလို အပူဓာတ်အရှိန် တွေထွက်လာပြီ ဆိုရင် ကံမြောက်သွားပြီ။ ငါ့အိမ်အတွက် ငါဘာလုပ်မယ် လို့အားစိုက်လေ ပင်ပန်းလေပဲ။ ဥပါဒါန်ကံ ရောက်တော့ တာပဲ။ ဆုံးဖြတ်ချက် နဲ့သွားတာကိုး ။ အဲဒီမှာ အပူဓာတ် အရှိန်တွေ ပြင်းပြင်းသွားရင် ဖွဲ့စည်းပုံတွေ ပြောင်းတော့ တာကိုး။

ဓာတ်ရိပ် ဓာတ်ခိုးတွေ ပြောင်းတော့တာပဲ။အဲဒီ အရှိန်နဲ့ မရပ်ပဲသေခဲ့သော် ဇာတိ ။ အပူဓာတ် အရှိန်ပြင်းပြင်း နဲ့ဆိုရင် အပါယ်ဇာတိ၊မာန်လျော့လို့ အအေးဓာတ်အရှိန်ဆိုရင် နတ်-ဗြဟ္မာ ဇာတိ ဖြစ်မယ်။ အထက် ဆန်တယ်ပေါ့နော်။ ဒါန-သီလ တွေ အားကောင်းပြီး အအေးဓာတ် နဲ့သွား ရင်တော့ နတ်ဖြစ်မယ်ပေါ့။

သို့သော် အို-နာသေ လွတ်ပါ့မလား။ မလွတ်ဘူးနော်။ ဒီအှရိန်ကို ရပ်နိုင်မှ မထွက်အောင် လုပ်နိုင်မှ ရမှာပေါ့။ အရှိကို အရှိအတိုင်းတံလျှပ်ကဲ့သို့ ။ မြင်လိုက်လို့ရှိရင်တော့ ဒီ အာရံတွေဟာ မြဲမလား ပျောက်မလား (ပျောက်ပါမယ်ဘုရား)။ ပျောက်တယ် ဆိုရင် အာရုံကို ကပ်တဲ့ တဏှာသည် လာပါဦးမလား။

(မလာပါဘူး ဘုရား)။ ဒီနေရာ အရေး အကြီးဆုံးပဲ ၊ ဒီငါးခုကို ဘုရားဉာဏ်တော် နဲ့မို့ ပိုင်းခြားပြနိုင်တာနော်။ စိတ်-စေတသိတ်တွေကို ဘုရားက အမည်ပေးထားတာ။စိတ်ကလည်းမြင်ရတာ မဟုတ်၊ စေတ သိတ် ကလည်းမြင်ရတာ မဟုတ်ဘူး။ ရုပ်ကလည်း အင်မတန်သိမ်မွေ့တယ်။ ပေါ်ပြီး ပျောက် တယ်။

ဘုရားဉာဏ်တော်နဲ့မို့ ပိုင်းခြားပြနိုင်ခဲ့တာ။ဒါဟာ ကိုယ့်အလုပ်မဟုတ်ပါဘူး။ အဲဒါကို ယုံကြည်မှု သဒ္ဓါတရား နဲ့လက်ခံပြီး တော့ဟုတ်ပြီလို့ ဆုံးဖြတ်ချက်ချရတယ်။ လက်တွေ့လည်းမြင်ရတယ်။

စိတ်-စေတသိတ်ကို ကိုယ်တိုင်မြင် ရမှလို့ သွားမယူနဲ့နော်။ စိတ်ကိုမြင် အောင် စေတသိတ်ကိုမြင်အောင်လို့ တချို့ ဦးတတ်တာ ရှိသေးတယ်။ စိတ်-စေတသိတ်ကို သိမြင်လိမ့် မယ်။

ထိုင်သာထိုင်လို့တစ်ချို့ ကပြောကြတယ်။ ဒါဟာ မဖြစ်နိုင်တာကိုပြောတာ ။ လုံးဝမဖြစ်နိုင်တာ။ မြင်ရမှာလည်းမဟုတ်ဘူး။ ပိုင်းခြားသိစရာ အကြောင်းမရှိဘူး။ မမြင်တာမို့ ယုံကြည်မှုနဲ့သွားရမယ်။

Saturday, January 2, 2010

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင် -၁၁ (ပိုင်းလော့ဆရာတော်)

ဗုဒ္ဓ အဘိဓမ္မာ-ခန္ဓာဖြစ်ပေါ်ပုံ
--------------------------------
ဒါဖြင့်အာရုံသိသဘော ဆိုတဲ့ဘဝ ဟာ ဘယ်လို ပေါင်းစပ်ဖြစ်ပေါ်တယ် ဆိုတာကို ဘုရားဟော အဘိဓမ္မာကျမ်း နဲ့အကျဉ်း ဆုံးနားလည်အောင် သင်ရအောင် အဘိဓမ္မာ ကျမ်းဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ကျယ် လည်းကျယ် ဝန်းတယ်။ နက်လည်း နက်ရှိုင်း တယ် နော်။ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ဒါကို ခြုံသင်ပေးမယ်နော်။
နှုတ်တစ်ရာ စာတစ်လုံး ၊ စာတစ်ရာ၊ ပုံတစ်ချပ် တဲ့။ ရှေးစကားရှိတယ်။ ဒါကြောင့်မို့ ပုံစံနဲ့သင်တာဟာ ပိုပြီးခရီးရောက်တယ်လို့ မှတ်ပါ။


အဓိက ပရမတ္ထ တရားသည် ဘယ်နှစ်ပါးရှိလဲဆိုတော့ လေးပါးရှိတယ်။ စိတ်ရယ် ၊ စေတသိတ်ရယ်၊ ရုပ် ရယ်၊ နိဗ္ဗာန် ရယ် ဒါပဲရှိတယ် မဟုတ်လား။ဒါသည် တကယ့် အရှိတရားနော်၊ စိတ် စေတသိတ်မှာ တစ်ခါ အာရုံသိ ဖြစ်တဲ့အခါ ဒါတွေ ဘယ်လို ပါသ လဲကြည့်ရ အောင်နော်။
အာရုံဒွါရတိုက်ချိန်မှာ (ဒီပဲရင်းဆရာတော်ဘုရားကြီး အဆုံးအမ ကို ယူရအောင်၊ မိုးကုတ် ဆရာတော် ဘုရားရဲ့ အဆုံး အမ ဟောစဉ် လဲပါရမှာပဲ။ခုလို ဝါရင့်ဆရာတော် တွေရဲ့ အဆုံး အမ တွေ ပေါင်းစုပြီး ပါတော့ ပိုမကောင်းဘူးလား)၊ (ကောင်းပါတယ် ဘုရား)။
ပုဂ္ဂိုလ်စွဲ မထားနဲ့နော်။ ( တစ်ပါးတည်း ဉာဏ် နဲ့ သုံးတဲ့အခါ ၊ စကားလုံးရွေးတာ အားနည်းတဲ့အခါ နည်းသွားတတ်တယ်။)ဒီပဲရင်း ဆရာတော်ဘုရားကြီးလည်း ရဟန္တာလို့ သမုတ်တာပဲ ၊ ရွှေကျင်သာသနာပိုင် ကြီးနော်။)
(အာရုံသိပေါ်တာဟာကွယ် ကျောက်ခဲနှစ်လုံးကို အားနဲ့ခတ်သလို ပဲတဲ့။ ) အာရုံသိ ဖြစ်ပေါ်ပုံကို အကျဉ်းဆုံးနည်းနဲ့ ပြခဲ့တယ် မှတ်ပါ။ တခြားနည်းနဲ့ ပြမယ်ဆိုရင် အကြာကြီးပြရလိမ့်မယ်။
အဘိဓမ္မာ ကျမ်းသာချပြရရင် အကုန် အိပ်ငိုက်ကုန်မယ်။ နောက် သုံးနာရီနဲ့မပြီးဘူး။ ဒါကို ကျဉ်းလိုက်တာနော်။ အာရုံသိသဘောပေါ်တာသည် ကျောက်ခဲနှစ်လုံး ကို အားနဲ့ခတ် သလို ပဲတဲ့။ ကျောက်ခဲနှစ်လုံးကို အားနဲ့ ခတ်လိုက်ရင် မီးလေးပွင့်သွားတယ် မဟုတ်လား။ (တင်ပါ့ဘုရား)။
အာရုံဒွါရ တိုက်တဲ့ အချိန် ။ အဲဒီလို တိုက်တဲ့အချိန်မှာ စိတ်စေတသိတ် တွေ ဖြစ်ခွင့်ရသွားတယ်တဲ့။ တစ်ပေါင်းတည်း ဖြစ်ခွင့်ရတယ်။ ပုံစံနဲ့နားလည် ရမယ်နော်။ ဒီလို ပေါင်း လောင်သွားလို့ ဖြတ်ခနဲပေါ်တာကို ဖဿ လို့ခေါ်တယ်။
ဖဿ ဆိုတာ ပေါင်းလောင်တာပဲ ၊ ပေါင်းလောင် တယ် ဆိုတဲ့စကား တခြားက ရတာ မဟုတ်ဘူး။လယ်တီ ဆရာတော်ဘုရားဆီကရတာ မှတ်။ (ခြောက်ပါး ဖဿ ဖြန်းဖြန်းထလျက်) ဆိုတာ လျှပ်စစ်လက် သလိုပဲပေါ့။ လောင်တာပဲပေါ့နော်။ဒီဘက်က အာရုံဖြစ်မယ်ဆိုရင် ဒီဘက်က ဒွါရဖြစ်မယ်။ အာရုံ ဒွါရ ဆိုတာကို မျက်စိ လည်ချင် လည် လိမ့်မယ်။
ဒီ ဘက်က အသံဖြစ်ခဲ့သော် ဒီဘက်နားကဖြစ်မယ် သဘောပေါက်တယ်နော်။ အာရုံ -ဒွါရ တိုက်တဲ့အချိန် ။ အဲဒီ အချိန်ကျမှ ရုပ်တွေပေါင်းလောင်တာနဲ့တပြိုင်နက် ဝေဒနာ၊ သညာ၊ သင်္ခါရ ဝိဉာဉ် လေးခုသည် ပေါင်းစုခွင့် ရတယ်တဲ့။ ဝိဉာဉ် ဆိုတာသည် ဘယ် ကလာလဲဆိုတော့ သူသည် စိတ်၏ အမည် ဖြစ်နေပါတယ်။
အဘိဓမ္မာ မှာ ဝေဒနာ ၊ သညာ။ သင်္ခါရ သည် စေတသိတ်ရဲ့ အမည် ဖြစ်နေပါတယ်။ ဘယ် က လာလဲဆိုတော့ စိတ်တစ်ချက်ပေါ်ရင်ပါပြီးသားတဲ့။
ဖျတ်ကနဲ ပေါ်တဲ့အခါ ဒီမှာ ပေါ်တယ် ဆီလာပေါ်တာတဲ့။ သူ့အလိုလို ပေါ်ခွင့်မရဘူးနော်။ ပင်မစိတ်က ဒါနော်။ အာရုံဖြစ်တဲ့ စေတသိတ်က ဒါတွေပဲတဲ့။
နောက် ၅၂-ပါးရှိတယ် ဆိုတာ ဝေဒနာ မှာ -၁၊ သညာ မှာ ၁၊ သင်္ခါရမှာ ၅၀ လို့ ခွဲလိုက်တယ်။ တစ်ပေါင်းတည်းနော်။ ပင်မစိတ်က တစ်ခုတည်းပါတာ။ တစ်ပေါင်းတည်းဖြစ်တာ ။ သူ့အလိုလို လည်း စိတ် တစ်စိတ်တည်းပေါ် မနေဘူး။

အာရုံဒွါရ တိုက်ချိန်မှာ သာဖြစ်ပြီး တစ်ပေါင်းတည်းပါသွားတာ ။ ဒီတော့မှ သိ ဆိုတဲ့သဘော တရား ဖြစ်လိုက်တာ။ဆိုင်ရာ အာရုံသိပေါ့နော်။ နားမှာ ဆိုရင် အသံအာရုံသိ ဖြစ်လိုက်တာယ်။ မျက်စိမှာ ဆိုရင် အဆင်းအာရုံသိ၊ နှာခေါင်းမှာ ဆိုရင် အနံ့ အာရုံသိ၊ လျှာမှာ ဆိုရင် အရသာအာရုံသိ၊ ကိုယ် မှာ ဆိုရင် အတွေ့ထိ အာရုံသိ၊ စိတ်မှာ ဆိုရင် ဓမ္မာရုံ အာရုံသိ ဖြစ်လိုက်တယ်။ အဲဒါဟာ အဘိဓမ္မာ ရဲ့ အနှစ်သာရပဲ။
------------------------------------------------------------------------------------------------------------
အာရုံသိသဘော ခန္ဓာငါးပါးကို ရှုမှတ်ရန် နည်းပေး ပုံ
------------------------------------------------------------
ဒီတော့ ပရမတ္ထတရား ရုပ်ကို ဘာသာပြန်တဲ့အခါ ဖောက်ပြန်မှု သဘောတဲ့ ၊ ဥပမာ နဲ့ သွားမှ ပိုလွယ် မယ်။ ရုပ်ကို ဘုန်းဘုန်းတို့ရှုတဲ့အခါ ဖောက်ပြန်တဲ့သဘောလို့ရွတ်လို့ မရဘူး။ ရုပ်လို့ ရွတ်ပြို မရှု ရဘူး။
ရှုတဲ့အခါ ရုပ်က ဒီလို မတွေ့ဘူး။ ရုပ်လို့ မပြောဘူး။ သူက ရေမြှုပ်လို ပြတယ်။ ရေမြှုပ်လို ဖြစ်နေတယ်တဲ့။ ဘယ်လို ရေမြှုပ်လဲဆိုတော့ အချိုရည် ပုလင်းတွေကို ဖန်ခွက်ထဲဖောက်ထည့်တဲ့အခါ အမြှုပ် မထဘူးလား။ ( ထပ်တယ် ဘုရား)။
လေ ဘောလုံး လေးတွေ လိုပဲနော်။ ကြည့်ရင်းနဲ့ပျောက်မသွားဘူးလား။ (ပျောက်သွားပါတယ် ဘုရား)။ အဲဒီ အတိုင်းတွေ့ရမယ်။ ဟုတ်မဟုတ်ကြည့်ရအောင် ။ မနောမှာ အာရုံသိကို ရုပ်ဘက် ကကြည့်ရမယ်နော်။
ဘုန်းဘုန်း က သစ်ကုလားအုပ် လို့ ပြောလိုက်မယ်။
ဘုန်းဘုန်းပြောလိုက်တဲ့ အသံကို နားကနေ ကြားလိုက်ရတယ်။ ကာလ မခြား မနော မှာ ပေါ်တယ် နော်။ လည်ပင်းရှည် နဲ့ သစ် ကုလားအုပ် ကြီးလို့ပြောလိုက်တယ်။ ကြားလိုက်တယ် နော် ။ (တင်ပါ့ဘုရား။)
ဒီကဖွဲ့လိုက်တော့ ပုံရိပ်ပေါ်မလာဘူးလား။ (ပေါ်ပါတယ် ဘုရား)။ အဲဒါကို နောက်စိတ်အာရုံက အဖြေမှန် ထုတ်ကြည့်လိုက်ပါ။ ပျောက်မသွားဘူးလား။ (ပျောက်သွားပါတယ်ဘုရား)။ ရေမြှုပ်လိုပဲ။ သဘောပေါက်ရဲ့လား။ ပျောက်သွားတာ အမှန်နော်။ရပြီနော်။
နောက်ဥပမာ==(ကိုယ်နေတဲ့အိမ် ) ဆိုရင် မကြားလိုက်ဘူးလား။(ကြားပါတယ်ဘုရား)။ အိမ်ပုံဖေါ်လိုက်တယ်။တဖြည်းဖြည်း ပျောက်မသွားဘူးလား။ (ပျောက်သွားပါတယ်ဘုရား)။ ရေမြှုပ်လိုပဲ။ သဘောပေါက်တယ်နော်။ အချိုရည် ပုလင်းထဲမှာ ရှိတဲ့ ရေမြှုပ်လေး ဟာလဲ တဖြည်းဖြည်းပျောက်မသွားဘူးလား။ (ပျောက်သွားပါတယ်ဘုရား)။
အဲဒီ အချိန်မှာ ကျွန်တော် ဟာ ခင်ဗျားရဲ့ အိမ်လို့ ပြောရဲ့လား။ (မပြောပါဘူး ဘုရား)။ စကားမပြောဘူးနော်။ ပညတ် စကားလုံးလည်းမရှိ။ ပုံသဏ္ဍန် ပညတ် လဲမရှိ။ အထည် ပညတ်လဲမရှိပဲ ပျောက်သွားတယ်။ တချက်ရပြီနော်။
ဝေဒနာ ဘက်က ကြည့်မယ် ဆိုရင်လည်း ဝေဒနာလို့မရှုရဘူးတဲ့ ၊နာတယ် ကျင်တယ် လို့မရှုရ ဘူးတဲ့၊ ဘယ်လိုရှုရလဲဆိုတော့ သေသေချာချာ မှတ်ပါ။ ရေပွက်လို တွေ့ရတယ်တဲ့။ နာတာ ကျင်တာ မဟုတ်ဘူးနော်။ ခံစားမှု သဘောလို့လည်း မယူနဲ့၊ ဒါက နားလည် အောင်ပြောတာ ။
တကယ်တွေ့ ရတာက ရေပွက်လို တွေ့ ရတာနော်။ နာတယ် နာတယ် ဆိုတဲ့ စကားနဲ့ မတွေ့ဘူးနော်။ အဲဒီလိုဆိုတွေ့ မှာ မဟုတ်ဘူး။ရေပွက်လိုတွေ့မှ ဝေဒနာ ကိုတွေ့မှာတဲ့ သဘောပေါက်ပြီလား။ပူတယ် အေးတယ်လို့မကြည့်ရဘူးနော်။ တကယ် ကြည့်ရင် ဘုရား ကရေပွက်လို တဲ့။
ဥပမာ====ထမင်းအိုးတည်တဲ့အခါ ၊ဆူတဲ့အခါ ပွက်မလာဘူးလား။ (ပွက်လာပါတယ်ဘု ရား) ။ ဒီလို ပွက်ပြီးရင်ပျောက်မသွားဘူးလား။ (ပျောက်သွားပါတယ်ဘုရား။)
ထိဆိုရင် သိလိုက်တာ နဲ့ ပျောက်သွားတယ်။ဝေဒနာ ဘက်ကလည်း ရေပွက်လိုပဲ ပျောက် သွားတယ် တဲ့။ နားလည်ပြီနော်။ သညာဘက်ကကြည့်ရင် တံလျှပ်လို တွေ့ရမယ်တဲ့ ။ မှတ်သား တယ်လို့ မတွေ့ရဘူး။ မျတ်သားဆိုတာ စကားလုံးသက်သက် တံလျှပ်လိုတွေ့ရမယ်တဲ့။
သင်္ခါရ ဘက် ကကြည့်ရင် ငှက်ပျောတုံးလိုတွေ့ရမယ်တဲ့ ။ အနှစ်မရှိဘူးတဲ့။ ငှက်ပျော တုံးကို တစ်ဖတ်စီခွာလိုက်၊ နောက်ဆုံးပိတ်ကိုင်စရာ ကျန်ပါ့မလား။ )(မကျန်ပါဘူးဘုရား)။ အဲဒီ အတိုင်း မှတ်ရမယ်တဲ့။
ဝိဉာဉ် ဘက် ကကြည့်ရင် မျက်လှည့် လိုတွေ့ရမယ်တဲ့၊ တကယ် မဟုတ်ဘူးလို့ သိရမယ်။ သိ ဆိုတဲ့ အရာမှန်သမျှဟာ ခန္ဓာငါးပါးလို့မှတ်ပါ။
ဥပမာ=== ငါးမျက်နှာ အံစာတုံးလို ငါးဖက်က လှည့်ကြည့်နေတာ။ ငါးမျိုးလုံး တပြိုင်နက် ကြည့် လို့ မရဘူးနော် ။ သိဆိုရင် ပေါ်တဲ့အခါ တစ်မျိုးတည်းကြည့်ရမှာ ။ ရှုတဲ့အခါ တစ်မျိုးတည်းပဲ ကြည့်ရမှာနော်။ ဘုရားရှင် နည်းပေးခဲ့ပြီးသား ။ အဲဒီထဲမှာ အများဆုံး ဘုရားဟောပြီး ရဟန္တာ တာက သညာဘက်ကများတယ်နော်။

ကျမ်းအရကြည့်တာ တော် တော် များများက သညာဘက်ကနေကြည့်လို့ ရဟန္တာ တာများတယ်တဲ့။ တံလျှပ်လိုမြင်တာ အရှင်း ဆုံး ပဲ။

Friday, January 1, 2010

ပြာသိုလပြည့် - ရှင်တစ်ထောင်အခါတော်နေ့

>


လပြည့်နေ့တိုင်း လပြည့်နေ့များအကြောင်း ရေးသားဖြစ်ခဲ့ပေမဲ့ ယခု ၃၀.၁၂. ၂၀၀၉ မှာ ကျရောက်ခဲ့တဲ့ ရှင်တစ်ထောင် အခါတော်နေ့ (ပြာသိုလပြည့်နေ့) မှာတော့ ကျွန်မဟာ စာရေးသားရန် ပျက်ကွက်ခဲ့ပါတယ်။

၂၄.၁၂. ၂၀၀၉ မှ ၂၉.၁၂. ၂၀၀၉ အထိ ပိုင်းလော့ဆရာတော်ဘုရားကြီးရဲ့ ယောဂီဟောင်း မွန်းမံ အထူးတရားစခန်း ကို မှော်ဘီမြို့၊ စန္ဒကူးမြိုင် သာသနာ့ရိပ်သာ မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ကျွန်မသည်လည်း မကြာခင် ကမှ ရဟန်းခံ ခဲ့တဲ့ သားရဟန်း ( အရှင် အဂ္ဂဓမ္မ ) နဲ့အတူ ၅ရက်တာ ဝင်ရောက်အားထုတ်ခဲ့ပါတယ်။



စိမ်းစို လှပ ၊ ငြိမ်းအေးလှတဲ့ စန္ဒကူးမြိုင်ရိပ်သာ လေးကို တည်ထောင်ဆောက်လုပ် ခဲ့ ကာ ဆရာတော်များကို တရားစခန်းအဖြစ် အသုံးပြုတရားပြသဘို့ ရည်ရွယ်လှူဒါန်း ထားတာဖြစ်ပါတယ်။ ကျောင်းဒကာ ကတော့ ဒေါက်တာ ဦးဖေဉာဏ်၊ ဇနီး ဒေါ်လှကြည် နဲ့ သားမောင်သီလ တို့ပဲဖြစ်ပါတယ်။

ယောဂီဟောင်းတွေကို ငြိမ်းအေးတဲ့နေရာမှာ သေသေချာချာ သင်ကြားပြသပေးလိုတဲ့ ဆရာတော် ဘုရားကြီးရဲ့ ဆန္ဒ ကိုလည်း ဖြည့်ဆည်း ပေးနိုင်ခဲ့ပါတယ်။ယောဂီ များလည်း တောတောင်အရိပ်ရဲ့ တိတ်ဆိတ်အေးချမ်းမှုက ကျေးဇူးပြုလို့ တရားအသိ တိုးတက်ကြပါတယ်။ ဝမ်းမြောက်သာဓုခေါ်စရာပါပဲ။

စခန်းပွဲ ပြီးတဲ့ ညနေ မှာ ဒဂုံမြို့သစ်မြောက်ပိုင်း က မိုးညှင်းသိင်္ဂီကျောင်းကို ပြန်ရောက်တဲ့အချိန်မှာပဲ ဆရာတော် ဘုရား နဲ့ တပည့် ဒါယကာ ဒါယကာ မများ စုပေါင်းပြီး လှူဒါန်းကြမဲ့ ဆွမ်းလောင်း အလှူ ပွဲ ကြီးတစ်ခု ကိုထပ်မံ ဆင်နွှဲဘို့ရာ ကြုံရ ပြန်ပါတယ်။

နေရာကတော့ ဟင်္သာတ မြို့ ၊ညောင်ပင်ရပ်က နွေသံဃာ့ဒါန ဆွမ်းလောင်း အသင်း မှာဖြစ်ပါတယ်။ နှစ်စဉ်၊ ပြာသိုလပြည့်တိုင်း ၊ ပိုင်းလော့ဆရာတော်ဘုရားကြီး က ထာဝရ ဆွမ်းပဒေသာပင် စိုက်ပြီး လောင်းလှူခဲ့ တာ အခု( ပြာသိုလပြည့်နေ့ ) ဟာ တတိယ အကြိမ် မြောက်ခဲ့ ဖြစ်ခဲ့ပါပြီ။ ည ၈-နာရီ ကားထွက် ခါနီး ဆဲဆဲမှာ မမျှော်လင့် ပဲ ပိုင်းလော့ ဆရာတော် ဘုရား ကိုယ်တိုင် လိုက်ပါ လောင်းလှူ မှာ သိရလို့ အားလုံး ပဲ ဝမ်းမြောက် စွာ ခရီးဆက်ကြရပါတယ်။

ကျွန်မ ကတော့ကားစထွက်တဲ့ အချိန်မှာ ထွက်ပြူစ လပြည့်ဝန်းကြီး ကို ကြည့်ပြီး ဥရုဝေလတော က ရသေ့ညီနောင်၊ ရှင်တစ်ထောင်ကို စတင်သတိရ လိုက်မိပါတယ်။မနက်ဖြန် လောင်းလှူရမဲ့ သံဃာ ကတော့ ၃၆၀၀ တောင်ရှိကြောင်းသတင်း စကားကြား သိရ တော့ သံဃာ တန်းရှည်ကြီး ဆွမ်းခံကြွလာ မှာ မြင်ယောင်ပြီး ဆက်စပ် တွေးတောကာ ကြံသိစိတ်ခန္ဓာ ငါးပါး ဖြင့် ခန္ဓာအိမ် ဖွဲ့ ဖြစ်ခဲ့ပါတော့တယ်။ ( ဆွမ်းလောင်းအသင်းကို ပိုစ့်သပ်သပ်ရေးပါအုံးမည်။)

မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ပထမဝါကျွတ်ပြီး မှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရား သခင် သည် ၊ ရသေ့တစ်ထောင်ကို ချွတ်ဘို့အတွက် ဥရုဝေလတော သို့ တန်ဆောင်မုန်းလပြည့်နေ့မှာရောက်တော်မူခဲ့ပါတယ်။ ပြာသိုလပြည့်နေ့အထိ နှစ်လတာမျှ နေထိုင်သီတင်းသုံးပြီး ရသေ့များကိုစည်းရုံးခဲ့ပါတယ်။

အဲဒီ အချိန်က ဥရုဝေလ တော ထဲမှာ
  • အစ်ကိုကြီး ဥရုဝေလ ကဿပခေါင်းဆောင်တဲ့ ရသေ့ ၅၀၀၊
  • အစ်ကိုလတ် နဒီ ကဿပ ခေါင်းဆောင်တဲ့ ရသေ့ ၃၀၀၊
  • ညီငယ် ဂယာကဿပခေါင်းဆောင်တဲ့ ရသေ့ ၂၀၀ တို့ သုံးနေရာခွဲပြီး နေထိုင်ကြပါတယ်။

ကျေးဇူးတော်ရှင်မြတ်စွာဘုရားက ဥရုဝေလကဿပ ထံ နေခွင့်တောင်းလေရာ နဂါးကြီးရှိတဲ့ မီးတင်းကုတ်ကို နေခွင့်ပေးပါတယ်။ မြတ်စွာဘုရားရှင် က နဂါးကြီးကိုတန်ခိုးတော်ဖြင့်နှိမ်နင်းပြလေရာ ဥရုဝေလကဿပ နှင့် ရသေ့များ အထင်ကြီး သွားကြပါတယ်။

ရသေ့များအားလုံး ကိလေသာခေါင်းပါး ဘို့ အတွက် မီးလှုံခြင်း ၊ ရေငုတ်ခြင်း စတဲ့ ပဉ္စာတပ အကျင့်များများကို ကျင့်ကြံနေကြပါတယ်။ ကျင့်ကြံ ပုံမှာ ဆီးနှင်းတွေ ဝေကျပြီး ခိုက်ခိုက်တုန် ချမ်းအေးသော ပြာသိုလ အတွင်း သတ်မှတ်ရက် ၈ည တွင် နေရဉ္စရာ မြစ်အတွင်းသို့ သက်ဆင်းကာရေငုတ်ကြပါတယ်။

မြတ်စွာဘုရားရှင်က ရသေ့များ အအေးဒဏ်မှ သက်သာစေဘို့အတွက် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူလိုက် ပါတယ်။
  • မြတ်စွာဘုရား က ရသေ့များခွဲလို့မကွဲသော ထင်းတုံး ၅၀၀ ကို တပြိုင်နက် ကွဲစေခြင်း၊
  • ရသေ့များ မွှေးမရသော မီးကိုတပြိုင်နက်တောက်လောင်စေခြင်း၊
  • ရသေ့များငြိမ်းမရသော မီး ၅၀၀- ကို တစ်ပြိုင်နက်ငြိမ်းစေခြင်း၊
  • မီးအိုးကင်း-၅၀၀ ကို တစ်ပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်များ ကို ပြသတော်မူခဲ့ပါတယ်။

တန်ခိုးတော်စုစုပေါင်း ၃၅၁၆ မျိုးကို ပြသ၍ ရသေ့များ ကို ဆွဲဆောင်တော် မူခဲ့ပါတယ်။ ရသေ့များ အားလုံး သူတို့ရဲ့ အသုံး အဆောင်တွေကို မြစ်ထဲမျှောပစ်ကာ မြတ်စွာဘုရားထံ ရဟန်း အဖြစ်တောင်းခံကြပါတယ်။ ပထမ အကြိမ်မှာ ဥရုဝေလ ကဿပ နှင့်တပည့်များ ၊ ဒုတိယ အကြိမ် နဒီ ကဿပ နှင့်တပည့်များ ၊တတိယ အကြိမ် ဂယာ ကဿပနှင့်တပည့်များ သုံးသုတ်ခွဲ ပြီး သာသနာ့ဘောင် ဝင်ရောက်ကြပါတယ်။

ရသေ့တစ်ထောင်လုံး ဧဟိ ဘိက္ခု ရဟန်းများချည်း ဖြစ်လာ ကြပါတယ်။ မြတ်စွာဘုရား က ရဟန်းတစ်ထောင်ကို ဆင်ဦးကင်းနဲ့သဏ္ဍန်တူတဲ့ ဂယာသီသကျောက်ဖျာပြင်၌ အာဒိတ္တပရိယာယသုတ္တန် ဒေသနာကို ဟောတော်မူလေရာ ရဟန်း အားလုံး အာသဝေါကုန်ခမ်း လို့ ရဟန္တာ အဖြစ်သို့ရောက်တော် မူကြပါတယ်။ ရှင်တစ်ထောင် ကို ချေချွတ်ပြီး ကျွတ်တန်းဝင်စေတဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ရဲ့ မေတ္တာတော် ၊ ဂုဏ်တော် အနန္တ နဲ့ စွမ်းပကားကို ခြေစုံဦးခိုက်ကြည်ညိုရပါတယ်..။

ကျွန်မတို့အဖွဲ့လည်း ဟင်္သာတမြို့ နွေသံဃာဒါန ဆွမ်းလောင်း အသင်းကို ကြွရောက်လာကြတဲ့ ကြည်ညိုဖွယ်ရာ မြတ်သံဃာ တန်းရှည် ကြီး ကိုအားပါးတရဆွမ်းလောင်းလှူ ကြရပါတယ်။ ပြာသိုလပြည့်အမှတ်တရဒါနဟာ ဟာ အားကောင်းတဲ့ သတ္တိတစ်ခုကိန်း ကျန်ရစ်ခဲ့ သလိုပါပဲ။

ဤ သံဃာတော်များ ထဲမှ သာသနာ့အာဇာနည် ရဟန်းမြတ်များ စွာ ထွက်ပေါ်လာ မှာ လည်း ဧကန်ပါပဲ လို့ ထပ်မံဝမ်းမြောက်ရင်း ဇလွန်ပြည်တော်ပြန်ဘုရားကြီး ကိုဖူးမျှော်ရန် ဟင်္သာတမြို့ လေးကို နှုတ်ဆက်လက်ပြ ထွက်ခွာခဲ့ ရပါတော့တယ်။

မှတ်ချက်။ ရှင်တစ်ထောင်အခါတော်နေ့ ကိုမာဂဓီ(သာစည်)ရဲ့ အခါတော်နေ့များ စာအုပ်မှ ကိုးကား ရေးသားရတဲ့အတွက် မာဂဓီ (သာစည် ) အရှင်မြတ်ကို ကျေးဇူးတင် ပါကြောင်း ဦးတင်ဖေါ်ပြအပ်ပါတယ်။