Tuesday, October 12, 2010

ပိုင်းလော့ဆရာတော်ဘုရား၏ စင်္ကာပူ သာသနာပြု ခရီးစဉ်

ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ရှင့်...

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး အရှင်ဇေယျပဏ္ဍိတ (မိုးညှင်း သိင်္ဂီကျောင်းတိုက်) သည် ၂၀.၁၀.၂၀၁၀ တွင် စင်္ကပူနိုင်ငံကို သာသနာပြု ခရီးကြွရောက်တော် မူမှာဖြစ်ပါတယ်...။ ဆရာတော်ဘုရားကြီးမှ တရားတော်များ ဟောကြားချီးမြှင့်မည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြား သတင်းကောင်းပါးအပ်ပါတယ်ရှင့်။

နေ့ရက်။ အောက်တိုဘာ ၂၄ ရက် ၂၀၁၀ (တနင်္ဂနွေနေ့)
အချိန် ။ ညနေ ၄း၀၀ နာရီ မှ ၇း၀၀ နာရီ
နေရာ ။ Informatic Campus
12 Science Center Road, S609080, (near Jurong East MRT) ,SINGAPORE


*****************************************************

သီရိမင်္ဂလာ မြန်မာသီလရှင်ကျောင်းမှ စီစဉ်ကျင်းပသော (၅)ရက် အချိန်ပြည့် တရားစခန်းပွဲ နှင့် ရဟန်းခံ၊ သီလရှင်ဝတ်ပွဲ


နေ့ရက် ။ နိုဝင်ဘာ ၁၀ ရက် ၂၀၁၀ (ဗုဒ္ဓဟူး) မှ ၁၄ ရက် (တနင်္ဂနွေနေ့) အထိ
နေရာ ။ Aloha Loyang
(Free shuttle bus pick-up from Pasir Ris MRT to drop-off point Aloha Loyang)

တရားစခန်းဝင်လိုသူများ၊ အာရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ သောက်ရေသန့်၊ အအေးလှူဒါန်းလိုသူများ အောက်ပါလိပ်စာတွင် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်..။

ဆက်သွယ်ရန် - သီရိမင်္ဂလာ မြန်မာသီလရှင်ကျောင်း
6A Beatty Road, #03-03 Wu De Building, S 209946,SINGAPORE

Tel: 62963549, 91393307 (5min walk from Farrer Park MRT Exit G)

Saturday, October 2, 2010

အနာဂတ်ပန်းဥယျာဉ်

ကျွန်မ ရဲ့ ဘဝ တွင်အပျော်ရွင်ဆုံးအချိန်ကို ပြပါဟု ဆိုလာခဲ့ပါလျှင်…. ကောင်းစွာ လေ့လာပြင်ဆင်ထားသော သင်္ခန်းစာကို ပို့ချနေရသောအချိန်နှင့် ထိုသင်္ခန်းစာ အတွင်း ပျော်ဝင်စီးမြောကာ စိတ်အားထက်သန် နေသော တပည့်တို့ရဲ့ မျက်လုံးများစွာထဲမှ ရွှန်းလက် တောက်ပမှု ကို မြင်တွေ့ရသော အချိန်ဖြစ်ပါတယ်..။

ဤ ကဲ့သိုသောအချိန်မှာ မိမိကိုယ်ကို ကျေနပ် ကြည်နူးရမှုထက် သာလွန်သော ခံစားချက် ဘဝမှာ မရှိခဲ့သေးပါ…။ အကြီးကျယ်ဆုံး ဗိသုကာ တစ်ဦးလို… အနူးညံ့ဆုံး အနုပညာရှင် တစ်ဦးလို… အနစ်နာခံနိုင်ဆုံး အလုပ်သမားတစ်ဦးလို… စေတနာ အကောင်းဆုံး အလှူရှင်တစ်ဦးလို၊ အပေးဆပ်နိုင်ဆုံး မေတ္တာရှင်တစ်ဦးလို ခံစားချက်မျိုးနဲ့ တူတယ် ဆိုတာ ကျွန်မလို ဘဝ တူ ဆရာ ဆရာမများ ခံစားဘူးကြပါလိမ့်မည်..။

ဤသို့သော ပျော်ရွှင်မှုမျိုးကို ကျွန်မ ၁၈နှစ်တာ ရရှိခဲ့ဘူးပါတယ်..။ နောက်တော့ အမိမြေနဲ့ ဝေး သော နေရာတွင် ၆နှစ်တာ ရောက်ရှိနေရချိန်မှာ အလွမ်းတဆုံး အရာသည်ကား ပန်းဥယျာဉ်နှင့်တူတဲ့ စာသင်ခန်း များဖြစ်ခဲ့ရ ပါတယ်…..။

အခုတော့လည်း အမိမြေကို ပြန်လည် ရောက်ရှိခဲ့ရပါပြီ…။ ကျွန်မတည်ဆောက်လိုသော ဥယျာဉ်တစ်ခုကို တည်ဆောက် ခွင့်ရခဲ့ပါပြီ..။

တနင်္ဂနွေ ဓမ္မစာပေသင်တန်းကျောင်း ဆိုတော့ ဓမ္မရဲ့ အေးမြမှုပါ လွှမ်းခြုံ ဖြစ်ခဲ့ပါတယ်..။ ဓမ္မရဲ့ ငြိမ်းအေးသန့်စင်မှု နဲ့ ယှဉ်တဲ့ပီတိ ဆိုတာ လွန်ခဲ့သော ၁၈-နှစ် တာကာလက ပီတိ တို့ထက် သာလွန် ကောင်းမြတ် နေပြန်တာကို သတိထားမိ ပါတယ်..။

ခံစားမှု တို့ ဖြင့် ဆုံးဖြတ်လုပ်ကိုင် ၍ ပြီးပြည့်စုံမှုမရှိနိုင်…။ ကိုယ်တိုင် လေ့လာသင်ယူမှုနှင့် အတူ စနစ် တကျတိုးတက်စေလိုသော စေတနာဖြင့် ကျွန်မ သည် ကျေးဇူးတော်ရှင် ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ ဆရာတော်ဘုရားထံ ရောက်ရှိနာခံခဲ့ ပါတယ်..။ ဆရာတော်ဘုရားက ယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်း တက်ရောက် စေလိုကြောင်း မိန့်ကြားကာ ဆရာတော် ရေးသားစုစည်းထားတဲ့ ယဉ်ကျေးလိမ္မာ သင်္ခန်းစာ စာအုပ် ၁၂၀ ကိုပေးလှူ ခဲ့လို့ အလှူခံရရှိခဲ့ပါတယ်..။

ပြီးခဲ့တဲ့အပတ် စက်တင်ဘာ ၁၉ မှ ၂၃ ရက်နေ့အထိ ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်းကို ကျွန်မသည် တပည့်အဖြစ် တက်ရောက်ခဲ့ပါတယ်..။ ကျေးဇူးတော်ရှင် ဓမ္မဒူတအရှင်ဆေကိန္ဒ ဆရာတော်ဘုရားရဲ့ တပည့်ဒါယိကာ အသိုင်း အဝိုင်း အတွင်းက ရှိုင်းဟုပ် ကုမ္ပဏီရုံး၊ သင်တန်းခန်းမ မှာ ဖြစ်ပါတယ်..။ သင်ကြားပို့ချတဲ့ ဆရာ ဆရာမတွေကတော့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ သာသနာပြုတက္ကသိုလ်မှ ဆရာမ ဒေါ်အေးအေးသန်း ၊ ဆရာမဒေါ်မြမြဆွေ နှင် ဆရာ ဦးဝင်းလှိုင်တို့ပဲ ဖြစ်ပါတယ်..။

ဆရာတော်ဘုရား ရဲ့ မေတ္တာ စေတနာ ကြိုးပမ်း အားထုတ်မှုတွေကြောင့် ဆရာတော် ဖွင့်လှစ်တဲ့ ကလေးတရားစခန်းဟာ မြန်မာမှာ အအောင်မြင်ဆုံး စခန်းတွေအဖြစ် အမြို့ အမြို့အနယ်အနယ်မှာ ထင်ရှားနေတယ်ဆိုတာ ကျွန်မ သိလိုက်ရပါတယ်..။ စခန်းဝင်ဘို့ စာရင်းသွင်းတာ ကို မနက် ၄-နာရီ မှာ ထတန်း စီပြီးပေးရတာ.. ကလေးတွေရော မိဘတွေပါ တစ်ခဲနက် အားပေးကြတာ တွေကိုလည်း ကြားသိမြင်သိပါ..။

သားသားတို့က ကလေးပါ.. မီးမီးတို့က ကလေးပါ။

ကလေးဆိုတာ မဆိုးပါ.. ကလေးဆိုတာ မသိပါ.. ကလေးဆိုတာ နားမလည်ပါ..။

နားလည်အောင်သာပြောပေးပါ…။ နားထောင်ချင်အောင်ပြောပေးပါ..။

ဆိုတဲ့ သင်တန်းက ကဗျာလေးကတော့ ကလေး တွေ ရဲ့ သနားစဖွယ် တောင်းဆိုချက်လို ခံစားရပါတယ်..။ ဤလောက မှာ မချစ်တတ်သောမိဘ နှင့် အချစ်ငတ်သော သားသမီး များစွာ ရှိကြပေလိမ့်မည်..။ သင်္ခန်းစာ အပြင် မေတ္တာ များပါ ပေးဝေနိုင်ဘို့ လိုအပ် လိမ့်မယ်ဆိုတာ လူကြီးများကသတိမူ ရပေ လိမ့်မည်။

သတိမမူမိသော လူကြီးထဲတွင် ကျွန်မလည်း ပါကောင်းပါခဲ့ပါလိမ့်မယ်။ ကျွန်မရဲ့သားသားနဲ့ မီးမီး ကတော့ မေမေရေ.. မြင်းမိုရ်တောင် လက်မှတ်ရထားတိုင်း အမိန့်မပေးပါနဲ့လို့ တောင်းဆိုခဲ့ဘူးကြပါတယ်..။ နားမထောင် သေးဘူးဆိုရင်တော့ နားထောင်ချင်အောင် မပြော မိခဲ့လေသလား.. တွေးတောဆင်ခြင်စရာပါပဲ။

တစ်ခါက ရင်အုပ်မကွာ ဆိုတဲ့ စကားမှ ကင်းလွတ်နေသော အမေအတွက်လည်း နားလည် ခွင့်လွှတ်ပါရန်ကျွန်မက ပြန်လည်တောင်းဆိုရပေလိမ့်မယ်။

သားငယ်ငယ်၊ သမီးငယ်ငယ်

ဘုရားရှိခိုးအိပ်ပါကွယ်။

ဘုရားမှာဘာတွေရှိ…ဂုဏ်တော်ကိုးပါးရှိ။

ဂုဏ်တွေရှိလို့တို့ဘုန်းကြွယ်…ဘာတွေဖြည့်ကျင့်တယ်။

စွန့်ခြင်းငါးသွယ် ၊အကျင့်သုံးပါး ၊ ပါရမီတွေ ဖြည့်ကျင့်ပွား။

လောကသားတို့အကျိုးငှာ။ ဗုဒ္ဓလမ်းစဉ်အတုခိုးပါ။

ဂုဏ်ရှိတာကို အတုခိုးတော့၊ ရှိခိုးတယ်လို့ခေါ်တာပေါ့။

သည်ကဗျာလေးကတော့ ရှိခိုး တယ် ဆိုတာ ဘာကိုခေါ်တာလဲ ၊ ဂုဏ်တော်ကိုးပါး၊ စွန့်ခြင်ကြီးငါးပါး၊ အကျင့် သုံးပါး၊ ပါရမီ ၁၀-ပါးတို့ကို ကလေးတို့ အတုယူထိုက်အောင် မိတ်ဆက်ပေးသင့်တဲ့ ကဗျာလေး ပါ….။ ကလေး တွေအတွက် သိပ်ကောင်းတဲ့ ဗုဒ္ဓါနုဿတိဘာဝနာ ဖြစ်စေမှာအမှန်ပါ။

ိုလွှမ်းတို့နယ်ကလူငယ် သားသမီးများသည်

တစ်ပတ်တစ်ချိန်မှာ သင်တန်းတက်ရောက်ခြင်းသည်

အတိုင်းအဆ မသိဘဲတို့ယဉ်ကျေးပေသည်။

အာရှမှာ မြန်မာကသာ လိမ္မာယဉ်ကျေးကြသည်။

မျိုးဆက်သစ်တို့ စိတ်ထဲမှာ ယဉ်ကျေးမှ နိုင်ငံတိုးတက်မည်။

သင်တန်းများဖွင့်လှစ်ခြင်းသည်…..လူငယ်တွေလိမ္မာတိုးတက်စေဘို့ ဖြစ်ပါသည်။

သင်တန်းများတက်ရောက်ခြင်းသည် နိုင်ငံလူမျိုး နဲ့ဘာသာ အကျိုးရှိမည်။

မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည် သီချင်း အလိုက်နဲ့ တူတဲ့ ဒီသီချင်းလေးကတော့ ညီညွတ်တက်ကြွစေပါတယ်..။ကလေးများမပြော နဲ့ ကျွန်မသည် ပင်လျှင် သင်ယူရင်းဖြင့်ပျော်ရွှင်ခဲ့ရတယ်..။

ကလေးကလေး အထင်မသေးနဲ့

ကလေးကလူကြီးဖြစ်တာ…ကလေးကောင်းမှလူကြီးကောင်းမှာ

လူကြီးကောင်းမှ အားလုံးကောင်းမှာ။

ရယ်လို့ ရွှေဥမင်ဆရာတော်ဘုရားကြီက မိန့်ဆိုခဲ့တာ ကို ရိုသေစွာ ခံယူကျင့်သုံးလျက် နိုင်ငံ ၊လူမျိုးနဲ့ ဘာသာ အကျိုးရှိရုံသာမက သံသရာ အကျိုးပါရှိစေမယ်ဆိုတာ မမှိတ်မသုံ ယုံကြည့်မိပါတော့တယ်..။


ဤစာစုဖြင့် ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်း အမှတ်စဉ် (၇) သင်တန်းဆရာဆရာမများ၊ သင်တန်းသားများသို့ အမှတ်တရ… ဂုဏ်ပြုရေးသား အပ်ပါတယ်။

Wednesday, September 29, 2010

ဘဝအမောတွေပြေတဲ့နေ့ (သို့မဟုတ်) သမီးလေးအတွက် မွေးနေ့ဆုမွန်

၂၉.၉.၉၂ ဆိုတဲ့ နေ့စွဲ လေးဟာ..ထူးခြားသလို
ဘဝမှာလည်း ထူးခြား တဲ့ အလင်း
ချင်းနင်းဝင်ရောက်..တောက်ပတဲ့အဆင်း
လတစ်စင်းလို ..ဝင်းဝင်းပပ..ရွှန်းရွှန်းမြမြ…
ရွှင်ပျခြင်း….အေးမြခြင်း….လှပခြင်း….သာယာခြင်း ….ငြိမ်းချမ်းခြင်း…
ခြင်းပေါင်းများစွာ သယ်ဆောင်လာပြီး ……
သမီးလေးတစ်ယောက်၊
(အဲဒီနေ့ကပဲ)…လောကထဲကို ရောက်ခဲ့တယ်…။

စုမြတ်ရတနာ…..တဲ့
ရတနာထိုက် တဲ့ချစ်သမီး… ….ထီးတစ်စင်းသဖွယ်..။
တင့်တယ် တဲ့ အရိပ်...ချွေးသိပ် အေးမြ
ဘဝရဲ့ အမောတွေပြေခဲ့တယ်…။

မီးမီးစုမြတ်…
နာမည်လည်းမြတ် စိတ်လည်း မြတ် …
ကြီးမြတ်တဲ့ သဘောထား..
အားထားရာ အမှန် … မှန်ကန်တဲ့ စိတ်နှလုံး
အားလုံးကိုရွှင်ပြုံးစေတာ..ဘယ်သူလာလို့ ငြင်းဆိုမလဲ။
စတုတ္ထ မဏ္ဍိုင်..ကြံ့ခိုင်စေကြောင်း
အားသစ်လောင်းမတဲ့….သမီးရဲ့ခွန်အား…
စာနယ်ဇင်းသမား…တဲ့..။

ပြည်သူကြား က ပြည်သူ့အားပါ..
အမှန်တရား အတွက် ချီတက်
ထက်မြက် သွက်လက်….ချက်ချာတဲ့ သမီး
တန်ဘိုးကြီးမြတ်နေပြန်တယ်..။

သမီးလေးဟာ…
အဆင်း လည်း ရှိ အချင်းရှိတဲ့ တိကျသူလည်းဖြစ်
ဒေါသ၊ မာန ခဝါချတဲ့ နှိမ့်ချသူလည်းဖြစ်
အားနည်းတဲ့သူ၊ ဖေးမကူတဲ့ ဖြူစင်သူလည်း ဖြစ်
မေတ္တာ စေတနာ..ကရုဏာ နဲ့ ကြင်နာတတ်သူလည်းဖြစ်
ဖြစ်ဖြစ်မြောက်မြောက်…ထွန်းတောက်စေကြောင်း
ကိုယ့်အကြောင်းကိုယ်သိ…. သတိရှိစေ..
ကိုယ့်တန်ဘိုးကိုယ်သိ….အသိရှိစေ….နိုးကြားစေဘို့
မေမေ ဆုတောင်းပေးနေမယ်..။

မေတ္တာများစွာဖြင့်
မေမေ သစ္စာအလင်း


ချစ်လှစွာသော သမီးငယ် မစုမြတ်ရတနာ (ဒုတိယနှစ်-သတင်းနှင့်စာနယ်ဇင်းအတတ်ပညာ၊ အမျိုးသားစီမံခန့်ခွဲမှုပညာသင်ကောလိပ်) ရဲ့ ၂၉.၉.၂၀၁၀ နေ့တွင်ကျရောက်သော ၁၈နှစ်မြောက်မွေးနေ့ အမှတ်တရ အဖြစ် ဒီကဗျာကိုရေးဖွဲ့ပါတယ်။

Thursday, September 9, 2010

ကျန်ကောင်းသင့်၏ (သို့မဟုတ်) ပညာအလင်း ပညာပါရမီအဖွဲ့ ပဉ္စမအကြိမ်လှူဒါန်းမှု

* သင်သေသွားသော်…။ သင်ဖွားသောမြေ… သင်တို့မြေသည်..။ အခြေတိုးမြှင့်၊ ကျန်ကောင်းသင့် ၏။

* သင်၏အမျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

* သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း ပြောင်လျှက်ဝင်းလျှက် ကျန်စေသတည်း။

ဆိုတဲ့ ဆရာဇော်ဂျီ ရဲ့ ကဗျာလေး ဟာ ကျွန်မ အတွက် အချိန်မရွေးကျရောက်လာမဲ့ သေခြင်း တရားအတွက် မရဏာနုဿတိ နဲ့ အတူ ကျန်ကောင်းသင့်၏ ဆိုတဲ့ ခံယူချက်ကို စွဲ မြဲရှင်သန်ဘို့ ခွန်အား သတ္တိဖြစ်စေ ခဲ့ရပါတယ်..။

ဤကဲ့သို့ ရှင်သန်နေသော အသိနဲ့ အတူ တနင်္ဂနွေနေ့တိုင်း ထွန်းညှိ တောက်ပစေခဲ့သော ပညာအလင်း ဓမ္မဒါန သင်တန်းလေး သည် ဖခင်ကြီးရဲ့ မွေးရပ်မြေ မှာ အရှိန်အဟုန်နဲ့ လင်းလက်နေဆဲ ဖြစ်ခဲ့ရပါတယ်…..။

ဒီသင်တန်းလေး ကို ဇွန်လ ၂၇ ရက် နေ့ ကစတင် ခဲ့တာ အခုဆိုရင် ၁၂ ပတ်ကာ ကာလ ပြီးမြောက်ခဲ့ပါပြီ..။ စတင်ခဲ့စဉ်ကတော့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရား ကြီး ၏ ခင်ပွန်းကြီး(၁၀)ပါးကန်တော့ခန်း စာအုပ်ကို သင်ရိုးအဖြစ် အသုံး ပြုပြီး တနင်္ဂနွေ အပတ်တိုင်း (၅) ပတ်တာ သင်ကြားခဲ့ ပါတယ်။

ဆဋ္ဌမ အပတ်မှာတော့ ခင်ပွန်းကြီး (၁၀)ပါး ကိုလက်တွေ့ပူဇော် ကန်တော့ခဲ့ကြ ပါတယ်။ ကျွန်မက ဆရာတော်ဘုရား၏ မူရင်း တရားခွေ ကို Projector ဖြင့်ကလေးများကို နာယူစေရင်း ကန်တော့ခဲ့ ကြပါတယ်။ သစ်သီးပွဲများ လှူဒါန်းခြင်း ကို ရွာခံ ကျွန်မ ရဲ့ ဝမ်းကွဲအမဆရာမ များ က ပြင်ဆင်ပေးထားကြပြီး ပူးပေါင်းဆောင်ရွက်ပူဇော် ကြရင်း ဖြင့် ထမြောက်အောင်မြင်ခဲ့ပါတယ်..။

ထိုနေ့က သင်တန်းသားကလေး များ ကတော့ ဝါဆိုသင်္ကန်းတစ်စုံ ဝယ်ယူထားတာမို့ သင်တန်း လက်ခံ ဖွင့်လှစ်ခွင့်ပြုတဲ့ ဆရာတော် နဲ့ ကျောင်းနေသံဃာ ငါးပါး ကို ဝါဆိုသင်္ကန်း နဲ့ နဝကမ္မဝတ္ထုငွေ ၁၅၀၀၀-ကျပ် ကိုအတူတကွ ကပ်လှူပူဇော် ခဲ့ကြပါတယ်….။ အဲဒီနေ့ကတော့ မနက် ၈နာရီခွဲကတည်း က ကျွန်မ နှင့်အတူ သားကြီး ကိုဥဂ္ဂါ ရောက်ရှိနေခဲ့ပြီး ကျွန်မ အလုပ်ရှုပ်နေချိန်မှာ သားကြီးကပုံပြော ကဗျာရွတ်ဆိုပြသ သင် ပေးရင်း နဲ့ ကလေးများပျော်ရွှင်စွာ လိုက်နာ သင်ယူခဲ့ကြပါတယ်..။

အားလုံးကန်တော့ပြီးချိန်မှာတော့ နေ့လည် ၂နာရီခွဲနေခဲ့ပါပြီ….။ တစ်နေကုန်နီးပါး ဖြစ်ခဲ့ရတာမို့လည်း ပဲမုန့် နှင့်လဘက်ရည် တိုက်ကျွေးမဲ့အလှူရှင် လည်း ပေါ်ပေါက်ခဲ့ပါတယ်..။

ခင်ပွန်းကြီး (၁၀)ပါး သင်ကြားပြီစီးချိန် မှာတော့ ကျွန်မ ရဲ့ သင်တန်းသားလေးများ ဟာ ပြစ်မှား ကံ အမြစ် အငုတ်များ တူးဆွ ဖေါ်ထုတ်ရှင်း လင်းပြီး မြေညှိထားတဲ့ မြေကွက် ညီညီလေး လို ခံစားပုံသွင်း မိပါတယ်…။ ဒါဟာ မြင့်မားခိုင်ခန့်တဲ့ အဆောက်အဦကောင်း အတွက် အဆင်သင့်ဖြစ် စေမှာ အမှန်ပါပဲ..။

ဒါကြောင့်ဒုတိယ သင်ရိုးညွှန်းတမ်း အဖြစ် ၂၄ပစ္စည်း ပစ္စယ နိဒ္ဒေသ ပဋ္ဌာန်း ပါဠိတော်ကို အလွတ် ရွတ်ဆို ပူဇော် နှုတ်တက်ဆောင်နိုင်စေရေး သင်ကြားပေးခဲ့ ပါတယ်..။တူရာများကို စုစည်းပြီး လွယ်ကူစွာ ကျက်မှတ်ပူဇော် နိုင် စေတဲ့ အတိုကောက် မှတ်စုလေးကိုတော့ ထေရဝါဒ လူငယ်လေးများအဖွဲ့ က ကိုဦးနှင့်ကိုသုခ တို့ ပေးပို့ထားတဲ့ စာရွက် အတိုင်းသင်ကြား ခဲ့တာ ဖြစ်ပါတယ်..။

အခု ဆိုရင် တစ်ဝက် နီးပါး အာဂုံဆောင် နိုင်ကြပြီ ဖြစ်လို့ ဒီအပတ်မှာတော့ ပြန်လည် စိစစ်စစ်မေးမဲ့ အစီအစဉ် ကို ကျွန်မ စီစဉ် ထား လိုက်ပါတယ်..။ ပဋ္ဌာန်း အာဂုံဆောင်သင်တန်းပြီး ဘို့ စက်တင်ဘာ လကုန်မှာ ရည်မှန်းထားခဲ့ပါတယ်..။

အောက်တိုဘာ လဆန်း မှာတော့ ဆရာတော် အရှင်ဆေကိန္ဒ ရဲ့ ယဉ်ကျေးလိမ္မာ သင်တန်း ကို ဆရာတော် ရဲ့ သင်ရိုးညွှန်းတန်းစာအုပ်များ အတိုင်းသင်ကြားပေးရန် စီစဉ်ထားပြီးဖြစ်ပါတယ်..။

ဒီသင်တန်း လေး သက်တမ်းရှည် ကြာစွာရပ်တည် ပြီး သစ္စာ ဉာဏ်ရောင် ၊ တောက်ပြောင် စေရေးအားပေးကြသူများစွာရှိပါတယ်။ ထိုသူတွေ ရဲ့ အားပေးမှု မပါဝင်ပဲ အောင်မြင်မှု ရရှိနိုင်မှာ မဟုတ်ပါဘူး။ဒါကြောင့်မို့လို့ အောက်ပါ အလှူရှင် များရဲ့ ထက်သန်သော စေတနာ သဒ္ဓါတရားကို အလေးအမြတ်ပြု ၍ သာဓုခေါ် ဆိုလိုက်ပါတယ်..။ ကျွန်မ နဲ့ အတူ သာဓုခေါ်ဆိုနိုင်ကြ ပါစေရန်လည်းအားလုံးရဲ့ ကိုယ် စား မေတ္တာ အမျှ ပေးဝေ ငှ လိုက်ပါရစေရှင့်..။

အလှူရှင်များ စာရင်း

၁။ မထက်စုနှင်းဆီ (သစ္စာတရားများစုဝေးရာ- New York , USA)- US$ 30

၂။ ဒေါ်ဌေးဌေးစိန် မိသားစု- ၂၀၀၀၀ ကျပ်

၃။ ဒေါ်သစ်သစ်ဝင်း မိသားစု- ၅၀၀၀ ကျပ်

၎။ မကျော့ကေကေခိုင်- ( Piavate Hospital, Bangkok)- ၁၀၀၀၀ ကျပ်

၅။ မနီတာမြင့် (ဌာနစုမှူး-နိုင်ငံခြားရေးဝန်ကြီးဌာန) - ၁၀၀၀၀ ကျပ်

6. Kaori ( Htet Myat Aye) Primary 6 Singapore $ 30

7.Maung Aung Thuya Oo Primary 6 - Singapore $ 20

8. Konica( De Par Lyuone Oke) Secondary 4 Singapore $ 20

9. Kyaw Toe Khant Primary 2 - Singapore $ 20

10. Mya The Pwint - Primary 5 - Singapore $10


ဤသို့သော စေတနာ တရားတို့ဖြင့် သစ္စာ အရောင်၊ ဉာဏ်တန်ဆောင်လည်း ပြောင်လျှက်၊ဝင်းလျှက် ကျန်ရစ်ကြပါစေကုန်သတည်း။ သာဓု-သာဓု- သာဓု