Thursday, September 5, 2013

စိမ်းလန်းသောကရုဏာ နှလုံးသား (ဘုန်းဘုန်းယုဇန-ကျောက်ပန်းတောင်း)




အပူပိုင်းဒေသ ရဲ့ စိမ်းမြလွှာပါး နှလုံးသား..ရယ်လို့ တင်စားထားရတဲ့ ပုပ္မါးတောင်ရိပ် တစ်စွန်းတစ်စ ကို ခိုလှုံမိ ချိန်မှာတော့ အာရုဏ်တက် လုနီးနေပါပြီ...။ ကျောက်ပန်းတောင်း မြို့ထဲမှာ ဆွမ်းချက်ပြီး လောင်းလှူရန်ပြင်ဆင်နေကြတဲ့ သူများ နဲ့ စတင်သက်ဝင်လှုပ်ရှား နေခဲ့တာမို့ ကျွန်မတို့ ရွှေနဒီ-ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကို ရောက် ရှိချိန် ရဲ့ ခံစားချက်ဟာ စိမ်းစိမ်းစိုစို ရှိနေခဲ့ပါတယ်..။

ဖြူဖွေးနေတဲ့ စာသင်ကျောင်း ရဲ့ အစွန်း ထက် မှောင်မဲနေတဲ့ နောက်ခံ ဖြစ်လို့နေတဲ့ ကောင်းဒီတောင်ထက်မှ ထိန်ထိန်ဝေနေအောင်မီးပူဇော်ထားတဲ့ ဗုဒ္စရုပ်ပွားတော်မြတ်ကို ရှင်းရှင်းလင်းလင်း၊ထင်းကနဲ ဖူးတွေ့ လိုက်ရတာမို့ အေးကနဲ စိမ့်ကနဲ ဖြစ်ကာငြိမ်းချမ်းအေးမြသွားခဲ့တာ လန်းဆတ်ကြည်လင်သွားစေခဲ့တာ ကိုတော့ ကျွန်မ မှတ်မှတ်ရရ စွဲထင်ခဲ့ပါတယ်။

 တောတောင်ကြောင့်အေးတာလား၊ ရာသီဥတုကြောင့်လား၊ ဖြန့်ကျက် လွှမ်းခြုံ ထားတဲ့ မေတ္တာ တရားကြောင့်ပဲလား။  သုံးခု စလုံးပဲ ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်....သစ်လွင်တဲ့ မနက်ခင်းတစ်ခုကို ဖမ်းဆုပ် ထိတွေ့ ရတာ..အမှန်ပါ။

ဒီလို ကုသိုလ်အဝန်းအဝိုင်းတစ်ခု ဖြစ်မြောက် အောင် ငွေသိန်း ၅၇ကုဋေ နှင့်ကျောင်းဆောင်များစွာ စတင်လှူဒါန်းခဲ့သူတွေကတော့ ရွှေနဒီမိသားစု ဖြစ်တဲ့ သီဟသုဓမ္မမဏိဇောတဓရ ဥိးစိုးသိမ်း နှင့် သီရိသုဓမ္မသိဂီင်္ ဒေါ်ဆင်နု တို့ ပဲဖြစ်ပါတယ်..။ သူတို့ရဲ့ ရဲရင့်တဲ့ သဒ္စါ တရား က တော့ ဘဝများစွာကို ရွှေချပေးမဲ့ တကယ့်ရွှေရောင်မြစ်တစ်စင်း ပေါ့လေ..။သာဓု များစွာ ခေါ်ဆိုမိပါတယ်။
မိဘ မဲ့ တဲ့ ကလေးတွေ...မိဘ အစုံအလင် မရှိတဲ့သူတွေ..၊ ကျောင်းနေရန်အခက်အခဲမရှိတဲ့သူတွေ..။

ဆင်းရဲသူဆင်းရဲသားတွေ..၊ ဝေးလံခေါင်းပါးတဲ့ ဒေသက တိုင်းရင်းသား၊တိုင်းရင်းသူလေးတွေ အတွက် အတွက် ပညာရေစင် ဝလင်စေဲ့တဲ့ နေရာလေးတစ်ခု ဖြစ်ခဲ့တာ သာဓုခေါ်ရပါတယ်..။ အခုအချိန် မှာ (ကိုရင် ၁၀၄ ပါးနှင့်သီလရှင် ၁၆ပါး) အပါအဝင်ကျောင်းသား၃၃၆  ယောက် ဟာ ညိမ်းချမ်း အေးမြစွာ ပညာသင်ယူနေကြ ပါတယ်..။ ကျောင်းအိပ်ကျောင်းစားဖြစ်လို့ သွားလာရေးလည်းမခက်ခဲ... စားရေး သောက်ရေးလည်းပူပင်စရာမလို တဲ့ ပညာရေးအိုအေစစ်...အစစ်ပါပဲ..။ ၂၀၀၈ သြဂုတ်လ က၁၅ ရက် မှ စတင် ဆောက်လုပ်ခဲ့ပြီး ၊ မေလ၂၇ ရက် ၂၀၁၀ မှာပြီးစီးခဲ့ပါတယ်..။

*စိမ်းလန်းဝေစည်
ရွှေနဒီ
ပညာရည်နို့
ချိုမြိန်လို့
သားသားမီးမီးသောက်ကြစို့ ..ဆိုတဲ့ အားကိုး မှီတည်ရာ စည်ပင်စိမ်းလန်းနေပါပြီ..။**

ဒီနေရာကို ကျွန်မ ရောက် လာခဲ့တာကလည်း ပုပ္မါးချစ်သူများအဖွဲ့  ရဲ့ ဖိတ်ကြားချက် ကြောင့် ဟောပြောပွဲ ပြုလုပ်မဲ့နေရာကို ရောက်လာခဲ့တာပါ..။
စတင် ဝင်လာ ကတည်းက စနစ် တကျ စိုက်ပျိုးထားတဲ့  တမာပင်တန်းတွေ..ရေတမာပင်တန်းတွေ ၊ ကျွန်းအုပ်ပင်တန်း .. ခပ်လတ်လတ် ကလေးတွေ..ဇီးဖြူပင်ကလေးတွေ နဲ့ စိမ်းမြနေတာ မို့ ဒီကျောင်းမှာ အစိမ်းရောင် ဆရာတော် တစ်ပါးပါးတော့ ရှိနေလိမ့်မယ် ဆိုတာကျွန်မ ခန့်မှန်းမိပါတယ်..။

ပုပ္မါးတောင်ဝန်းကျင် စိမ်းလန်းစိုပြေရေး ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိန်းသိမ်းရေး အတွက် ပုပ္မါးချစ်သူများအဖွဲ့ ကို ဦးဆောင်လှုပ်ရှားပေးနေတဲ့ ရွှေ နဒီ ပရဟိတ ဘကကျောင်းရဲ့ လက်ထောက်ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ ယုဇန ကျွန်မ ဖေါ်ပြခဲ့တဲ့ စိမ်းစိုတဲ့ နံနက်ခင်း များစွာကို နေ့စဉ် ဖွင့်လှစ်နေခဲ့တာပါ။

ဆရာတော် ဘုရား ရဲ့ မိဘ မဲ့ကလေးများ အပေါ် ဖခင် သဖွယ် ထိန်းသိမ်းစောင့်ရှောက်နေသလို....သဘာဝပတ်ဝန်းကျင်ကိုလည်း မိဘ သဖွယ် စောင့်ရှောက် ထိန်းသိမ်းနေပါတယ်..။ ပြုစု ပျိုးထောင်နေဆဲလည်းဖြစ်ပါတယ်..။ ဘုန်းဘုန်း အာလေး (ရာဟုလာ သင်တန်းကျောင်းက -ဒေါက်တာ အရှင် အာစာရ) ပြောပြတင်စားထားသလို လူပင်တွေလည်းစိုက်၊ သစ်ပင်တွေလည်း စိုက်တဲ့ ရဟန်းတစ်ပါးပါ။

ဘုန်းဘုန်းယုဇနစိုက်ပျိုးခဲ့တာ ကျွန်မ မေးမြန်း လျှောက်ထားကြည့်တော့  ကျွန်းပင်၂၀၀၀၊ စန္ဒကူးအပင် ၃၀၀-စိုက် တာ ၄၅ ပင် ရှင်ပါသတဲ့ ၊ နံ့သာနီ ၁၅၀၀စိုက်တာ  -အပင်၂၀၀ ပဲသေတယ်ဆိုတဲ့မှတ်တမ်းလေးတွေတွေ့ရပါတယ်။၊ တမာပင် အပင် ၆၀ ၊နဂါးမောက် တစ်တိုင် ၃ပင် နဲ့ ကွန်ကရစ်တိုင် ၆၀-မို့ နဂါးမောက်အပင် ၁၈၀ကလည်း သီးနေပါပြီ၊ ဝါး ရုံ ပင်က၂၀ ၊ မန်ကျည်း ၅၀၊ရေတမာ အပင် ၁၀၀ တို့ကြောင့်လည်း ကျောင်းနေရာ ၁၄ ဧက ဟာ စိမ်းလန်းနေခဲ့တာပါ..။

ဘုန်းဘုန်းက ကျောင်းထဲအပြင် နောက်ဘက်ကကောင်းဒီတောင် နဲ့ ပုပ္မါးတောင် ဒေသ ကို ထိန်းသိမ်းဘို့ အတွက် ဇီးဖြူပင်တွေ၊ ဖန်ခါးပင်တွေ၊ မြန်မာ တည်သီးပင် တွေ စိုက်ဘို့ အစီအစဉ် နဲ့ ပျိုးပင်တွေ ပျိုးထားပြီးဖြစ်ပါတယ်..။

ကျွန်မ စိတ်အဝင်စားဆုံးကတော့ ဘုန်းဘုန်းတို့ ကျောင်းနောက်ဘက် ကမြင်နေရတဲ့ ကောင်းဒီတောင် ပေါ်က ဂျီ ဖမ်းတဲ့ထောင်ခြောက် တွေအကြောင်းပါ..။

သဘာဝပတ်ဝန်းကျင် ဆိုတာ ဇီဝမျိုးကွဲ တွေ ပြည့်စုံကြွယ်ဝနေရပါမယ်..။ ညီညွတ်မျှတနေရပါမယ်..။ တောတောင် တွေဟာ သားကောင်မုဆိုးတွေ ၊ သစ်ခွ မုဆိုးတွေ၊ သစ်ခုတ် မုဆိုးတွေ ၊ သယံဇာတ မုဆိုးတွေ ရဲ့ ပြစ်ခတ် သတ်ဖြတ်မှုတွေ၊ ခုတ်ထစ် တူးဖြို မှုတွေ ကြောင့် အကျည်းတန်နေခဲ့တာကြာပါပကောလား။



မိုးလေးတဖွဲဖွဲ ရွာနေတဲ့ ညတစ်ည မှာတော့  ကောင်းဒီတောင်ပေါ် ကနေ ဂျီအော် သံ သဲ့သဲ့ ကြားရပါတယ်..။ ဒီအသံ သည် ဘယ် လိုဝေဒနာကိုအခြေ ခံကာ ပေးလာတာလည်းဆိုတာကို ဘုန်းဘုန်းယုဇန ကဘုရားသားတော်ပီပီ ရိပ်မိခဲ့ပါတယ်..။ နားနဲ့ တင်မက နှလုံးသားဖြင့်ခံစားနားလည်ခဲ့တာမို့ ဆက်လက် မကျိန်းစက်နိုင်တော့ပါ..။

သူတော်ကောင်းတို့ရဲ့ ကရုဏာ နှလုံးသားသည် ဒုက္ခ ဖြင့် အချက်ပြ လာလျှင် လျစ်လျူရှု ရိုးထုံးစံ မရှိ ခဲ့တာ မို့ ဘုန်းဘုန်းယုဇန မိုးထဲထွက်ကာတောင်ပေါ်တက်ရပါတယ်..။ ကျောင်းနေကိုရင် ငယ်လေးများကိုအဖေါ်ပြုကာ ဂျီသံကြားရာတောင်ပေါ်ကို တက်ရပါတယ်..။

ဂျီထောင်တယ် ဆို တဲ့ မုဆိုးတွေက လူသွားလမ်းမှာထောင်လေ့မရှိတာမို့ ဆူးကြားခြုံကြားထဲ တိုးဝင်ရပါတယ်..။ လက်မောင်း လက်ဖျံတို့ မှာ ဆူးရှ ပွတ်တိုက်သွားတာ..ခြေချော်မကျအောင်ထိန်းရတာ..။ အဲဒီအခက်အခဲတွေကို မွန်မြတ်တဲ့ ကရုဏာ နှလုံးသားကသာ ကျော်လွှားနိုင်တာမို့ ဂျီထောင်ခြောက်ရှိရာ ရောက်ခဲ့ ပါတယ်..။

သန်းစဖွယ် ဂျီငယ်လေး ဟာ ကလေးငယ် တစ်ဥိးလို ထိန့်လန့်တုန်လှုပ်နေပါတယ်..။ စက်ဘီးဘရိတ်ကို ကြိုးကွင်း ပြု ပြီး ထောင်ခြောက်လုပ်ထားတာမို့ လွတ်လိုလွတ်ငြား ရုန်းကန် ထားခဲ့တာက လည်းကျော ပြင် မှာ ပွန်းရှသွေးစို့နေခဲ့ပါတယ်..။
ဘုန်းဘုန်းယုဇန တို့ကယ်ဆယ်ရေး အဖွဲ့က ထောင်ခြာက်ကြိုးတွေကို ခက်ခက် ခဲခဲ ဖြုတ် ပေးပြီး ဂျီငယ်လေးကို သင်္ကန်း စဖြင့် ထွေးပွေ့ သယ်ယူခဲ့ပါတယ်..။

ဘုန်းဘုန်း ရဲ့ ကရုဏာ အဟုန်က သာလွန်ခဲ့တာမို့ ဒီဂျီငယ်လေးလို များရှိနေလေမလားဆိုတဲ့ စိတ်က ဆက်လက် ရှာဖွေ ခဲ့တာ..အဲဒီတစ်ည ထဲမှာပဲ ထောင်ခြောက် ပေါင်း၆၄ ခုတိတိ ဖြုတ် ပစ်နိုင်ခဲ့ပါတယ်..။

ကျောင်းပြန်ရောက်တော့လည်းမနားနိုင်။ သင်္ကန်း နဲ့ ထွေးပွေ့ထားတဲ့ ဂျီငယ်လေး ရဲ့ ဒဏ်ရာကို ဆေးကြောသုတ်သင်ကာ ဗိစပ်ရွက်များ နဲ့ ဆေးထည့်ရပါတယ်..။ နောက်တစ်နေ့မှာတော့ တိရိစ္တာန် ဆေးကု ဆရာဝန်ခေါ်ကာ ဆေးကုသရပါတော့တယ်..။
သေဘေးမှ လွတ်လာတဲ့ ဂျီငယ်လေး ရဲ့ကြောက်လန့်တဲ့မျက်လုံးလေး တွေကနေရဲရင့်သည်အထိ အကြင်နာ နဲ့ ထွေးပွေး ထားနိုင်ခဲ့တာ ဟာ လူ့ဘဝ ရဲ့ အပီပြင်ဆုံး အဓိပ္မါယ် တစ်ခုပါ။



မေတ္တာ၊ကရုဏာ ဆိုတဲ့ အဆင့်မြင့် စိတ်ကျင့်စဉ် အမျိုးအစားကို ပေးလှူပါရန် အဘယ်မည်သော ဘာသာစကား ဖြင့်တောင်းဆိုရန် လိုအပ်ပါမည်လဲ..။

စစ်မှန်သောမေတ္တာ တရားသည် အသားအရောင် ဖြူခြင်း၊ မဲခြင်း၊ ပုခြင်း၊ ရှည်ခြင်း၊ ပိန်ခြင်း၊ဝခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း စတဲ့လောက ပညတ်များကို ကျော်လွှား ဖြတ်သန်း စီးဆင်း စေတဲ့ အရှိန်အဟုန် ကိုပိုင်ဆိုင် တာ ကျွန်မ အသေအချာ ယုံကြည်မိပါတယ်..။

ကျွန်မတို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်သူတွေဟာ.. ခေတ်မီနည်းပညာ တွေ သိထားရုံ နဲ့ မလုံ လောက်ဘူးဆိုတဲ့ သင်္ခန်းစာ တစ်ခုကို ခံစား နားလည်ရပါတယ်။

ဘုန်းဘုန်းယုဇန တို့ ကဲ့သို့ ရဲရင့် တဲ့ ကရုဏာ နှလုံးသားမျိုးရှိဘို့လိုအပ်တယ် ဆိုတာ ကိုလည်း ကျွန်မ သင်ယူရပါတယ်..။

ကျွန်မ သိထားတတ်ထားတဲ့ မြန်မာ ဘာသာ..အင်္ဂလိပ်ဘာသာ၊ အီတလီဘာသာ...ထို့ထက် နက်နဲသိမ်မွေ့ တဲ့ မေတ္တာစကားကို ကရုဏာ နှလုံးသားနဲ့ နားလည် ဘို့ နှလုံးသားချင်းထပ်တူပြု နိုင်ဘို့ ... ခံစားဖြေရှင်းပေးနိုင်ဘို့၊ အပင်ပန်းခံ...ပြီးရဲရင့်စွာ ကယ်တင်နိုင်ဘို့...ကျွန်မတို့များစွာလေ့ကျင့်သင်ယူရပါအုံးမည်..။

ရွှေနဒီ ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ၊ ဘုန်းဘုန်းယုဇန ကဲ့သို့ စိမ်းလန်းအေးမြသော ကရုဏာ နှလုံးသားများစွာ ပေါ်ထွက်လာပါစေကြောင်းဆုတောင်းရပါတယ်။ ထိုထို သောသူတော်ကောင်းတို့ ရဲ့ ကရုဏာ နှလုံးသားဖြင့် နာမကျန်းဖြစ်ကာပူပြင်းလောင်ကျွမ်း လုနီနီး ဖြစ်နေသော ကျွန်မ တို့ရဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ကို ကယ်တင်သူများ စွာပေါ်ထွက်နိုင်ကြပါစေကြောင်း  ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်..။

ကျွန်မတို့ချစ်သော ကမ္ဘာမြေသည် ဗြဟ္မစိုရ် နှလုံးသားတို့ ဖြင့် စိမ်းလန်းခြင်းတည်ပါစေသတည်း။

မေတ္တာဖြင့်
သစ္စာအလင်း
၎၊၉၊၂၀၁၃ (ခေတ္တ-ပုပ္မါး)

ဤစာစုဖြင့် ကျောက်ပန်းတောင်းမြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ ရွှေနဒီ ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ၊ ဘုန်းဘုန်းယုဇန အား ဦးတင် ဂုဏ်ပြု လိုက်ပါတယ်..။

Sunday, August 25, 2013

ဘာ မှ ယူမသွားပါ.......

ဆယ်တန်းအောင်လို့ ပထမ ဘွဲ့ ကို ၅နှစ်ကြာ အောင် သင်ယူပြီးကတည်းက နောက်ထပ် စုစုပေါင်း ၉နှစ်ကြာအောင် ပညာ သင်ယူခဲ့ရသော....ကြိုးစားတည်ဆောက်ခဲ့ရသော ဘဝ ကို မြတ်နိုး မိခြင်းသည် အမှားတစ်ခု..ဘဝသံသရာ ရှည်စေသော ..လမ်းကြောင်းတစ်ခု...၊
ဘဝတဏှာ ..၊ ဘဝ ရဲ့ အတ္တမာန ၊ နဲ့ ဘဝဒိဋ္ဌိကြိုး ၊ကို ပိုမို ခိုင်မာစေတဲ့ ကြိုးတစ်ချောင်း ဆိုတာ ကျွန်မ အရင်က မသိခဲ့ပါ..။
ဝင့်ဝါ လိုခြင်းမရှိသည့်တိုင် အသိအမှတ်ပြုတာလေးတော့ လိုချင် မိခဲ့ပါ တယ်..။
ဒါတွေ မလိုချင် ပါဘူး..အရေးမကြီးပါဘူး လို့ ကျွန်မကပြောခဲ့ရင် ဒါဟာ ညာတာပဲဖြစ်ပါလိမ့်မယ်..။
ဘဝ တဏှာ ရှိနေသေးတာ အထင်အရှားပေကိုး..။
အပါယ် မကျရင် ပဲတော်ပါပြီ ဆိုတဲ့ ခံယူချက်ကလေး နဲ့ တရားရိပ်သာ ကို ဧည့်သည်သွား၊ဧည့်သည်စားဖြင့် အချိန် တပိုင်းတစ မျှသာ ဖဲ့ဖဲ့ပေး တတ်လေသော ချိနဲ့နဲ့ သဒ္စ္ဒါ တရား ကိုသာ ပိုင်ဆိုင်ခဲ့ပေသကိုး..။
လက်ရှိဘဝကို လွှတ်မချနိုင်သေး...လက်ရှိအချိန်ကို မခွဲဝေနိုင်သေး... လက်ရှိ အနေအထားကို မဖျက်ပစ်နိုင်သေး..။
စီမံကိန်းဖျက်.... အချိန်ပျောက်ပတ်ဝန်းကျင် ပျောက်စေသော ဝိပဿနာ ဥာဏ်သည် နုံနဲ့ လွန်းစွပါတကား..။
ဒေါက်တာ..ဒေါက်တာ.... တာချင်းတူသော်လည်း ထွက်သက် ရဲ့ အဆုံး မှာ ပြိတ္တာ ဟူသော တာ..တစ်တာ..ရှိချင်လည်း ရှိနေနိုင်တာပါပဲ..။
ဆရာမ..ဆရာမ......ဆိုသော်လည်း ထွက်သက်တစ်ချက် ရဲ့ အလွန်မှာ....မသာမ ဆိုကာ..မ ရရှာပါလိမ့်မယ်..။
ဘဝ ဟာ မနက်ဖြန်လား သဘက်ခါလား။ မကြာခင် လား ထွက်ခွာ သွားရလိမ့်မယ်...။
ကြိုတင်သိပြီး ထားလို့ ပြင်ဆင်ချိန် ရချင်မှလည်း... ရပါလိမ့်မယ်...။
ရုတ်တရက် ကောက်ခါငင်ခါ ဆိုသလို မျိုးလည်း ဖြစ်ပါလိမ့်မယ်..။
အသိုင်းအဝိုင်းအခြံ အရံ တွေ ရှိနေချိန် လည်း ဖြစ်ချင် မှ ဖြစ်ပါမယ်...။
တစ်ဦးတည်း ညိမ်သက် တိတ်ဆိတ်နေချိန်လည်း ဖြစ်နိုင်တာပါပဲ..။
အမှောင် နဲ့ ပိန်းပိတ် နေတာမျိုး..။
ရေတွေ မီးတွေနဲ့ မွန်းကြပ် ပိတ်ဆို့နေတာမျိုး..။
လင်းလက် ကျိန်းစပ်နေတာမျိုး ..။
လေထဲ...လွင့်ဝဲ ကျလာ တဲ့ ကြယ် ကြွေ တစ်ပွင့်လို မျိုး....။
တစ်မျိုး မဟုတ် တစ်မျိုး ..တစ်မျိုးမျိုး နဲ့ လျောင်းထိုင် ရပ် သွား..လေးပါေးသာ အနေအထား တစ်မျိုးမျိုး နဲ့ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာ ဆိုတာတော့ အသေအချာပါ..။

နှလုံးသွင်းတယ် ဆိုတာကတော့ တွေးတာပါပဲ ...စိတ်အစာ စားခြင်း တစ်မျိုးလို့ ကျေးဇူး တော်ရှင် ပိုင်းလော့ဆရာတော် ဘုရားက အလုပ် နဲ့ ယှဉ်တဲ့ စကားလုံး ကို မှတ်မှတ်သားသား ဆင်ခြင်ရပါတယ်..။
ကျွန်မ အတွက် အလုပ်လုပ် လုပ်နေချိန်မှာ... စိတ်အစားစားခွင့်ရရင် တော့ ဒီစိတ်အစာ ကို အပြည့်အဝ စာသုံးပါတယ်..။((သေရမှာ အသေအချာ..မကြာခင်..)) ဆိုတဲ့ စိတ်အစာပါ..
ဘယ် ဘဝ ရရ.*.ပြုံးရယ် မဲ့ငို..ချစ်မုန်းပို *တဲ့...ဒီထက် ပိုတဲ့ ခံစားချက် ရှိပါသလား..။ မရှိပါ..။ဘာများထူးဆန်းနေရအုံးမည်နည်း..။
ပြုံးခြင်း... ရယ်ခြင်း...မဲ့ခြင်း..ငိုခြင်း..ချစ်ခြင်း..မုန်းခြင်း စတာတွေထက် ပိုတဲ့ စာရင်း မရှိသေးပါ..ဒီစာရင်းထဲ မှာ ပဲ နှလုံးသားလေးက မြုပ်တစ်ဝက် ပေါ်တစ်ဝက် လှည့်လည် နေကြရတာပါ..။
တဏှာ..ဥပါဒါန်...ကံ ဖြစ်ပြီး ဒေါသ ကာယကံ၊ ဒေါသ ဝစီကံ..ဒေါသ မနောကံတွေ ဖြစ်ကြရတာ...။
.နေ့စဉ်ကျင်လည် ရတဲ့ ဘဝ ကို အပါယ် မကျအောင် ထိန်းချုပ်နိုင်စွမ်းတွေ ကင်းမဲ့ရတော့တာပါ..။

တက္ကသိုလ် ဆင်စွယ် နန်းတော် တဲ့....တက္ကသိုလ် ဆရာမ ဆိုတာ ဆင်စွယ်နန်းတော် ထဲကလို ဟန်ကျပန်ကျ.. မရုန်းကန်ရတော့တာအမှန်ပါ..။
ဒီလို ဘဝ ထဲက နေ ခံယူချက် တစ်ခု ဖြင့် ရွှံတော့ဗွက်တော.... လယ်တော..ယာတော ထဲ ဆင်းခဲ့သော ကျွန်မ သည် တခြား သူ က ဘယ်လို ဝေဖန်ဝေဖန် အသင့်ပြင်ဆင်ပြီး စကားလုံးများ ဖြင့် ခံနိုင်ရည် ရှိခဲ့သော်လည်း .........
မမျှော်လင့်ထားတဲ့ နယ်ပယ်...ရိုသေလေးစား တဲ့ တပည့်များရဲ့ အဝန်းအဝိုင်း ထဲ မှ သနားစဖွယ် လူတစ်ဦး လို အထင်သေး လှစွာသော မှတ်ချက်မျိုး ရုတ်တရက်ပေးလာခဲ့လျှင် ကျွန်မ ယိုင်နဲ့ ပြိုလဲ ရတော့ တာ.ဝမ်းနည်းအားငယ် ရတော့တာ..။
ဒေါသ အပူလှိုင်း ရဲ့ရိုက်ခတ်ချက် နဲ့ လောင်မြိုက်ရတော့တာ..။
ဘုန်းဘုန်းက ဆုံးမထားတယ်... ဘာကြောင့်ပူပူ..ကိုယ်ရှုံးတယ် တဲ့..။
ရှုံးတယ်ဆိုတာ ဘာလဲ...။
ဒူးထောက်ရတာလား..။
ရှက်ရွံ့ ခေါင်းငုံ့ရတာလား....။
ဒေါသ နဲ့ ယှဉ် တဲ့ ကံ မြောက် ခဲ့ရင် အကုသိုလ် ဖြစ်ပြီး ရှုံးရတော့ တဲ့အတွက်...အမြတ်မထွက်တော့တာကိုပြောတာဖြစ်ပါတယ် လို့နားလည် ရပါတယ်..။

ဒေါသ နဲ့ ယှဉ် တဲ့ ကံ မမြောက် ရင် မရှုံးတော့ပါဘူး တဲ့..။
ကျွန်မ ဘယ်သောခါ မှ မရှုံးချင်ပါ..။
ကိုယ် သိထား၊လေ့လာထား၊ ကျင့်ကြံအားထုတ်ထားသော သော တရား ဓမ္မ ရဲ့ ဆုံးမ မှု ကြောင့် ကျေနပ်မှု တစ်စုံတစ်ရာဖြင့် တည်ကြည် ညိမ်သက်စွာ ပြုံးပြီးသာ နေချင်ပါတယ်...။

တကယ်တော့လည်း .... အခုနေသေရင် အကုန်တန်းလန်း ထားခဲ့ရမှာ...။
ဘာတွေ ယူသွားချင်သေးသနည်း။
ကျွန်မပြုခဲ့တဲ့ အကုသိုလ်က နွားခြေရာနောက်ကလှည်းဘီးလို..ကျွန်မပြုခဲ့ဘူးတဲ့ ကုသိုလ်က အရိပ်လို လိုက်ပါ မှာကလွဲပြီး ကျန်တာမှန်သမျှ ...ထားခဲ့ရမှာ......အသေအချာ.....။
မုန်းသူတို့ လည်း မုန်းပါစေ.....ချစ်သူတို့ လည်းချစ်ကြပါစေ...။
ဒါပေမဲ့ အားလုံးရဲ့ အမုန်းနဲ့ အချစ်များ အားလုံးကိုပေါ့နော်.။

မာန၊ အာဃာတ၊ဒေါသ၊နောင်တ ကျွန်မ ဘာမှ ယူမသွားဘူး ဆိုတာကို တော့ မှာထားခဲ့ချင်ပါတယ်..။

မေတ္တာဖြင့်
သစ္စာအလင်း
(၂၅.၈.၂၀၁၃)

Saturday, August 10, 2013

ဘီစီ (၅၆၈) ရက္ခပူရ တတိယ ဓညဝတီ ခေတ်တွင် ဘုရင် စန္ဒသူရိယ သွန်းလုပ်တော်မူခဲ့သည့်*** မဟာကျန် ဗုဒ္ဒ္စရုပ်ပွားတော်***

ရခိုင်ပြည်နယ်-မောင်တော မြို့နယ်
မဟာဂန္ထဝါစက -ပဏ္ဍိတ ဘဒ္ဒန္တ ကေတု မြို့မ ကျောင်းတိုက် ၌
ကိန်းဝပ်တော် မူလျက်ရှိသော - ဘီစီ (၅၆၈) ရက္ခပူရ တတိယ ဓညဝတီ ခေတ်တွင်
ဘုရင် စန္ဒသူရိယ သွန်းလုပ်တော်မူခဲ့သည့်*** မဟာကျန် ဗုဒ္ဒ္စရုပ်ပွားတော်***
-----------------------------------------------------------------


((နမောတဿ ဘဂဝတော အရဟတော သမ္မာ သဗ္မုဒ္စ္ဒဿ ))
မဟာကျန် ဗုဒ္စ္စ္ဒဆင်းတုတော် သမိုင်းနှင့်ပတ်သက်ပြီး ဖြစ်စဉ် ဖြစ်ရပ်တွေ ပေါ်ပေါက်လာ ပုံ တွေကို ပြောပြတဲ့အခါ မဟာမုနိ ရုပ်ပွားတော်မြတ်ကြီး ရဲ့ အထုတ္ထုပ္မတ္တိ ကိုလည်း ကိုးကားဖေါ် ပြရမှာအမှန်ပါ..။
မဟာမုနိ ရုပ်ပွားတော် ကို ပူဇော်သွန်းလုပ်တာကတော့ စန္ဒာသူရိယ ဘုရာင်မင်းမြတ်ဖြစ်ပါတယ်။ ခမည်းတော် သီရိရာဇာမင်း နတ်ရွာစံတော်မူပြီးတဲ့ နောက်မှာ ဘိုးတော် အဉ္စနမင်းကြီး ဖြိုခွင်းတဲ့ မဟာသက္ကရာဇ် (၉၇)ခု သက်တော် (၂၅) နှစ်အရွယ် တွင် ဓညဝတီ ပြည်ရဲ့ ထီးမွေ နန်းမွေကို မိဘုရားကြီး စန္ဒီမာလာ နဲ့ အတူ ဆက်ခံ စိုးစံတော်မူခဲ့ပါတယ်။
ဒီလို နဲ့ နန်းစံသက်တမ်း ၂၆နှစ်၊ မဟာသက္ကရာဇ် ၁၂၃ ခုသို့ရောက် တဲ့အခါ အိန္ဒိယ မဇ္ဈိမ ဒေသမှာ သုံးလူ ထွဋ်ထား၊ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်တော် မူ ကြောင်း ၊ဝေနေယျများစွာတို့ကိုလည်း တရားရေအေး တိုက်ကျွေးတော် မူ လျက်ရှိကြောင်း တဆင့်စကားကြားသိရတဲ့ အခါ မှာ ဘုရာင်မင်းမြတ် ဟာ ရွှင်လန်း အား ရ လျက် ပြုံးပျော် ကြည်နူးနေခဲ့ပါတယ်။
သက်တော် ၅၁-နှစ်ရောက် တဲ့အခါ မှာ စန္ဒာသူရိယ ဘုရင်မင်းမြတ် သည် မြတ်စွာ ဘုရားရှင်ကို ကြည်ညို ဖူးမျှော်လိုတဲ့ အာသာဆန္ဒအလွန် ပြင်ပြ ထက်သန်ပြီး အမတ်ပညာရှိ တချို့ ရဲ့ အကြံပေး လျှောက်ထားချက်အရ ဘုရားရှင် ထံ အာရုံတမ်း လျှက် ရိုသေစွာ လျှောက်ထားပင့်ဖိတ်လိုက်ပါတယ်..
အဲဒီအချိန်မှာ ဘုရားရှင် သည် ဝါတော် နှစ်ဆယ်မြောက် ရာဇဂြိုဟ် ပြည် ဝေဠုဝန် ကျောင်းတော် မှာ သီတင်းသုံး စံပယ် တော် မူချိန်ဖြစ်ခဲ့ ပါတယ်..။ ကရုဏာကြီးမားတော်မူ တဲ ဘုရားရှင်ဟာ နောက်လိုက်သံဃာ တော် ၅၀၀ နဲ့ အတူ သောလာဂီရိ ကျောက်တော်တောင် မှတဆင့် ဓည ဝတီ ကို ကြွချီခဲ့ပါတယ်။ စန္ဒာသူရိယ ဘုရင်မင်းမြတ်ဟာ ဘုရားရှင်အားမျက်ဝါးထင်ထင် ကိုယ်တွေ့ ဖူးမြင်ရတဲ့အခါ မှာ ရှေးကထက်ကြည်ညို သဒ္စ္စါ ပိုကဲလာပြီး မခွဲလို မခွာ ရက်နိုင် ရာက မတတ်သာ တဲ့ အဆုံးမှာ အသွင်တူ တဲ့ ဗုဒ္စ္စ္ဒ ရုပ်ပွားတော် တစ်ဆူ သွန်းလုပ် ကိုးကွယ် ပါရစေကြောင်း လျှောက်ထားတောင်းပန် ခဲ့ပါတယ်..။
ဘုရားရှင် ရဲ့ ခွင့်ပြုချက် နဲ့ ဘီစီ ၅၆၀၊ မဟာသက္ကရာဇ် ၁၂၃ ခု၊ ကဆုန်လပြည့်ဗုဒ္စ္စ္ဒဟူးနေ့ ၊ ညနေအချိန်မှ စတင်ပြီး မျက်မှောက်တော်မှတင် ပဉ္စလောဟာ ငါးပါးသော ရတနာ တို့ဖြင့် မဟာ မြတ်မုနိ ဗုဒ္စ္စ္ဒ ရုပ်ပွားတော်ကို သွန်းလုပ်တော်မူပါတယ်..။နောက်တနေ့ ဖြစ်တဲ့ ကြာသပတေး နေ့ မှာ ချောမောစွာ ပြီးစီးအောင်မြင်ခဲ့ပါတယ်။
မဟာမုနိ ရုပ်ပွားတော်မြတ်ကြီး ကိုသွန်းလုပ်ပူဇော်ပြီး ကြွင်းကျန် နေတဲ့ရတနာ တွေ နဲ့ အများကိုးကွယ် ရန် သွန်း လုပ်ပူဇော်တဲ့ အခါ မှာ နောက်ထပ် ညီတော် ဘုရား -၉ ဆူ နဲ့ မဟာကျီဘုရား ၂၈ ဆူရရှိတယ် လို့ ရာဇဝင်ဟောင်း တွေကဆိုပါတယ်။ အဲဒီ ညီတော် ဘုရား ၉ ဆူ ကို မဟာကျန် ဘုရား လို့ ခေါ်ဆိုကြတာဖြစ်ပါတယ်..။
ဓညဝတီ ရခိုင်ပြည်ကြီးမှာ ထင်ရှားကျော်ကြား တန်ုခိုးကြီးတော် မူ တဲ့ ဗုဒ္စ္စဆင်းတုတော် လေးမျိုး လေးစားရှိလာခဲ့ တယ် ဆိုတာ သမိုင်းထောက်အထားတွေရှိခဲ့ပါတယ်..။
၁။ မဟာမုနိ
၂။ မဟာကျန်
၃။ မဟာကျီ
၎။ မဟာကျိန် ဆိုပြီး အမည်ရပါတယ်။
၁။ ဘုရားရဲ့ ရင်ငွေ့တော် နဲ့ သွန်းလုပ်ပူဇော်တော်မူသော မဟာမုနိ ဘုရား။
၂။ မဟာမုနိ ရုပ်ပွားတော်မြတ်ကြီး ကိုသွန်းလုပ်ပူဇော်ပြီး ကြွင်းကျန် နေတဲ့ရတနာ တွေ နဲ့ ဆက်လက်သွန်းလုပ်သော သမိုင်းရာဇဝင် အသုံးအနှုန်းအရ ညီတော်ဘုရား (ဝါ) အရပ်သုံးအခေါ် အဝေါ် အားဖြင့် မဟာကျန်ဘုရား။
၃။ မဟာကျန် ဆင်းတုတော်များကို သွန်းလုပ်ပြီး တဲ့နောက် ရှိစုမဲ့စု အစအန မကျန် ၊ တစ်ဖန် ဆက်လက်၍ အပြီးသတ် သွန်းလုပ် ထားသော မဟာကျီဘုရား။
၎။ ရှေးရခိုင် ဘုရင် မင်းများလက်ထက် ရာဇဘိသေက မင်္ဂလာပွဲတော် များတွင် ဦးထိပ်ရွက် ပန်ဆင်၍ ကျမ်းသစ္စာကျိန်ဆိုရန် ခေတ်ကာလ အလျှောက် အထူးစီမံ သွန်းလုပ်ထားသော မဟာကျိန်ဘုရား ဟူ၍ ပင်လေးမျိုးလေးစား ရှိပါတယ်..။
ရခိုင်ပြည်နယ်-မောင်တော မြို့နယ်၊ မဟာဂန္ထဝါစက -ပဏ္ဍိတ ဘဒ္ဒန္တ ကေတု မြို့မ ကျောင်းတိုက် ၌ ကိန်းဝပ်တော် မူလျက်ရှိသော မဟာကျန် ဘုရား ရဲ့ အရွယ် ပမာဏ ဟာ အမြင့်ဥာဏ်တော် (၁၀) လက်မ၊၃ မတ် ဖြစ်ပြီး ၊အနံအားဖြင့် (၉) လက်မ၊ ပကတိ မူလအလေးချိန် (၂) ပိဿာ (၄၀) ကျပ်သား၊ နှင့် မကိုဋ်တန်ဆာ (၁၅) ကျပ်သား၊ စုစုပေါင်းအလေးချိန် (၂) ပိဿာ (၅၅) ကျပ်သား ရှိပါတယ်..။
အချိန်ကာ လ အားဖြင့် တွက်ချင့်ကြည့်ရင် မြန်မာ သက္ကရာဇ် ၁၃၄၇ မှာ နှစ်ပေါင်း (၂၅၈၁)နှစ်ရှိပြီ ဖြစ်ပါတယ်..။
ရှေးဟောင်းရုပ်ပွားတော် ကို အခုလို ဝါဆိုလပြည့်မှာ ဖူးမျှော်ရတာကတော့ အလွန်ကြည်နူးပီတိဖြစ်ရပါတယ်..။ အခုခေတ်လက်ရာတွေ နဲပမ တူပါ။ ဆံကျစ်တော် အသွင်ခြားနားပါတယ်။ မျက်လုံးတော် အစုံသည် လည်း ပကတိ မံသစက္ခု လို အသက်ဝင်ကြည်လင် ပြတ်သား လှပါတယ်။ ပြုံရွှင်နေတဲ့ မျက်နှာတော်လည်း ရှိပါတယ်..။ သားမြတ်တော် ချက်တော်လည်းပါဝင်ပါတယ်။

 ခြေတော်အစုံအနေအထားလည်း ကွာခြားပါတယ်။ သတ္တု အရောင်အဆင်းလည်းကောင်း မွန် လှပါတယ်။
ထူးခြားချက်ကတော့ သမာဓိ အရှိန်အဝါအားကောင်း တဲ့ တရားသမားတွေ က မဟာကျန် ဘုရား ရှိနေကြောင်း အလိုလို သိကြပါသတဲ့။ ဒီလို စွမ်းပကား ကြောင့်ထင်ပါရဲ့ တဘက် နိုင်ငံကနေ ပြန်လည် ပူဇော်ထားတာ ပါ..။ ရှေးခေတ်လက်ရာ ဆိုတော့ မသမာသူတွေ ရန် က ကာကွယ်အောင် စတီးတံခါး ဖြင့် သောခတ် ထိန်းထားတာကို ဧည့်သည်မို့ ဖွင့်ပေးတာ ပါ..။
ဘာသာရေး ကြည်ညို ကိုင်းရှိုင်း တဲ့ ရခိုင်တို့ ရဲ့ သမိုင်းကြောင်းကိုလေးစားရသလို ထူးမြတ် တဲ့ အသွင် နဲ့ ဘုရားရှင်ကို နေ့ထူးနေ့မြတ်- ရခိုင် အခေါ် (ဝါဦးလပြည့်နေ့) မှာ ပူဇော် ရခြင်း အတွက် ကျေးဇူးတင်ရပါတယ် ဓညဝတီ..။
မေတ္တာဖြင့်
သစ္စာအလင်း
ခေတ္တ-မေယုတောင်ခြေ
ဦးဥာဏ (ပိန္နဲကျောင်း) ပြုစုသော သမိုင်းမှတ်တမ်း ကို ကိုးကားရေးသားပါတယ်..။

Friday, May 31, 2013

မရဏ တံခါး

မနေ့က GMP Good Manufacturing Practices ကိုလေ့လာ ဘို့ အတွက် Beta Grow ဆိုတဲ့ ဝက်သားထုတ်လုပ်ရေးစက်ရုံတစ်ခု ကို ရောက်ခဲ့ပါတယ်...။
ဝက်ခေါင်းဖြတ်တာ မကြည့် လိုတာ နဲ့ အခန်းထဲမှာ ကျန် ရစ်လိုက်ပါတယ်....။
စက်ရုံမှူးက မကြည့်ရမှာစိုးတယ် နဲ့ တူပါတယ်.... ဗီဒီယို ကင်မရာ နဲ့ချိန် ထားတာကို သေချာ ပရိုဂျက်တာ နဲ့ ထိုးပြတော့ လည်း မကြည့်ချင် မြင်လျက်သားပါပဲ..။

သတ်ခါ နီးဝက်တွေကို မသတ်ခင် ဆီးလည်းစစ်..သွေးလည်းစစ်...
ကားပေါ်က ချတော့ ၂နာရီ တိတိ ရေပန်း ဖွင့်ထားတဲ့အခန်းမှာ အေးအေးဆေးဆေး ထားပေးတယ်..စိတ်ပျော် စိတ်အေးအောင်လို့ တဲ့...။
ပြီးတော့ မှ လျှပ်စစ် ဓာတ်အား လိုင်းကို လွှတ် လိုက်တာ.... ဦးနှောက် သေသွားပါသတဲ့ ဝက် ကိုမာ ရသွားတော့မှ ခြေထောက်ကတန်း လန်း ဆွဲ ပြီးစီတန်းကာ စက်ထဲ ဝင်ရရှာပါတယ်..။
...................
........................
နောက်ဆုံး လှီးဖြတ်ရလွယ်အောင် အအေးခန်းမှာ နာရီ ၂၀ ထားပြီး ထက်ခြမ်းခွဲ ထွက်လာ ...
နောက်ဆုံးတော့လည်း ဥရောပကို ပို့ဘို့ ထုတ်ကုန် တစ်ခု ဖြစ်သွားတော့တာ..။

ပထမ ကြည့်ရင်း နဲ့ ထိတ်လန့် မိသော်လည်း.......ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးဟော ခဲ့ ဘူးတဲ့ ( နွားအဖြူ တစ်မျိုးထဲ ဖြစ်ခဲ့တဲ့ ဘဝကိုပဲတွေးပါတဲ့..အသတ်ခံလို့ ကျခဲ့တဲ့ သွေး တွေ နဲ့ သမုဒ္ဒရာ ခုနှစ်စင်း...ဘယ်ဒင်းကများလဲ ဆိုတော့..သွေးကများသွားပါလိမ့်မယ် ) လို့ဖြေကြရပါတယ်တဲ့..။ တရားကို သွားသတိရမိပါတယ်။

ဒီတရားကို သတိရ မိသွားတာ နဲ့ ဒီဝက်တွေ နေရာ မှာ ကိုယ် ဘယ်နှစ်ဘဝ ရခဲ့ဘူးသလဲ ရယ်လို့ အထိတ်တလန့် သံဝေဂ ဖြစ်ရပါတယ်..။
ဝက်တွေကလည်း ရှေ့ မှာ လျှပ်စစ် စက်တွေ အမွှေးမီးမြှိုက်စက်တွေ..ခေါင်းဖြတ်စက်တွေ စောင့်နေမယ်ဆိုတာ မသိကြသလို ကျွန်မ တို့လည်း သေခြင်းတရားကို မေ့နေတတ်ကြတာ..။
သေရင် ပါသွားမဲ့ ကုသိုလ် အထုပ် ကို မဖြည့်မိ....သေရင် ချန် ထားရမဲ့ ပစ္စည်းထုပ်တွေကို သာ မဲပြီးဖြည့်ဆည်းနေကြတာ....။ သံသရာ ဆုံး ပါတော့မလား...။

လယ်တီဆရာတော် ဘုရားကြီးကတော့ ဒီလို ဆုံးမတော်မူပါတယ်..။

*နင့်ရုပ်နင့်နာမ်၊ နင့်သဏ္ဍန် ဝယ်၊

နင့်ဥာဏ်မစူး ၊ အပေါ်ဖြူးလျှက်၊

(ရူးရူးမေ့မေ့) မူးမူးမေ့မေ့ ၊ အများလေ့ဖြင့်၊

နေ့ရက် အကုန် ၊ လွန်ခဲ့တုံပြီ။

အာရုံကိုထု ၊ အစုစုဖြင့်

ယုယုယယ ၊ နင်ကြောင့်ကြ လည်း

မရဏသေမင်း ၊ သူ့ဓာတ်နင်းက

မညင်းဆန်သာ ၊ နင့်ခန္ဓာ သည်

ပြာပုံအပြီး ၊ ဖြစ်လုနီးပေါ့။

ရီးတီးရားတား ၊ သေ၍သွားသော်..

တရားမကြွယ် ၊ အထုပ်ငယ်လျှက်

အပါယ် စခန်း ၊ သွားမြဲလမ်း၌

တစ်ပန်းဟိုက်ဟိုက်၊ တစ်ရှိုက် ငင်ငင်

တငြင်ငြိုငြို ၊ ဆင်းရဲပိုလျှက်

အပါယ် ထိုထို ၊ ဥဒဟို သည်

နင်လို လူမိုက် ၊ သွားလမ်းတည်း။
...........................................
ကျွန်မ မှာ မရဏ တံခါးကို ဝင်ဘို့ အသင့်ဖြစ်ပြီလား ..။
တစ်ပန်းဟိုက်ဟိုက်၊ တစ်ရှိုက် ငင်ငင် ..ပဲလား...
မရဏသေမင်း ၊ သူ့ဓာတ်နင်းက၊ မညင်းဆန်သာ ၊ ကိုယ့်ခန္ဓာ ဆိုတာ ဝက်တွေလိုပါပဲလား လို့ သံဝေဂယူရင်း..။

မေတ္တာဖြင့်
သစ္စာအလင်း