Monday, June 15, 2009

ဝေသာလီက ထေရိကာ(သို့မဟုတ်) လွတ်မြောက်ရေးနှင်းဆီနီ

မေမေချစ်သောသားသားနဲ့မီးမီးရေ…..

လွတ်မြောက်ရေးနှင်းဆီ-ဆိုတဲ့ကဗျာလေးတစ်ပုဒ် ဟာမေမေရေးခဲ့တာတော့ မဟုတ်ပါဘူး။ မေမေတို့ စိုက်ပျိုးရေးတက္ကသိုလ်မှာ ကျောင်းတက်တုံးက မေမေ့စီနီယာ အိမ့်အိမ့် ဆိုတဲ့ အမတစ်ယောက် ရေးခဲ့တာ..။စာလုံးတွေအတိအကျမမှတ်မိတော့ပေမဲ့ ဆိုလိုချင်တာလေးကိုတော့မှတ်မိနေခဲ့ပါတယ်…။
မီးဖိုချောင်ဆိုတာ မိန်းမတွေရဲ့အကျဉ်းထောင်ပဲ…သည် အကျဉ်းထောင်က တံခါးတွေ ရိုက်ဖျက်ထွက်ခဲ့ကြလို့ ဖော်ပြထားတာ မေမေ မှတ်မိနေခဲ့ပါတယ်။ မေမေတို့တက်ခဲ့တဲ့ စိုက်ပျိုးရေးတက္ကသိုလ်မှာ အဲဒီအခါကာလ တုံးကခေတ်စားခဲ့တဲ့ အတွေးအခေါ်တွေပါ…။

မေမေတို့ တွေက လယ်သမားဆိုတဲ့ ပစ္စည်းမဲ့လူတန်းစားတွေကို ကူညီပေးရမယ်…ရပ်တည် ရမယ်၊ ပကာသန မဆန်ရဘူး။မြေကြီးနဲ့နီးစပ်နေရမယ်။တွေးရဲရမယ်၊ရေးရဲရမယ်၊ပြောရဲရမယ်၊ နီရဲရမယ်ဆိုတာ စသည်ဖြင့်စုံလို့ပါပဲ..။ အဲဒီရေစီးကြောင်းထဲမှာ မေမေဟာလည်း အဲလိုအရည်အချင်းတွေ နဲ့ ကြီးပြင်းလာခဲ့ပါတယ်..။

ကျောင်းဖွင့်လို့ရေဆင်းပြန်မဲ့ မေမေ့အတွက် သားသားတို့မီးမီး တို့ရဲ့ ဖွားဖွားဟာ မေမေ တောင်းဆိုတဲ့ ကာကီရောင် စစ်ရောင်ရှပ်အင်္ကျီ သုံးထည် ကိုသာ သေတ္တာထဲထည့်ပေးရင်းမသိမသာ သက်ပြင်းရှိုက် နေခဲ့ဘူးတယ်။ မီးဖိုချောင်အလုပ်တွေကို အထင်သေးစွာ ညင်းပယ်ခဲ့တာ။ မျက်နှာမှာသနပ်ခါး ရှိမနေတတ်တာ…။ချိုသာနွဲ့နောင်းစွာ စကားမပြောတတ်တာ တွေကို ဂုဏ်လုပ်နေခဲ့တာပေါ့လေ..။

ဟိုးတုံးက မေမေတို့တိုင်းတာခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အရည် အသွေးတွေပေါ့လေ.. အခုတော့လည်း ခံယူချက်တွေကို ဘဝအတွေ့အကြုံတွေက ပြောင်းလဲစေခဲ့ပါပြီ။ လွတ်မြောက်ရေးနှင်းဆီ တွေနီသလို မီးဖိုချောင်ထဲက နှင်းဆီတွေလည်းမွှေးနေ နီနေ၊ စွမ်းအားတွေရှိတယ် ဆိုတာမေမေ သဘောပေါက်ခဲ့ပါတယ်။
တစ်ခါ တစ်ခါ အဲဒီ နှင်းဆီတွေက ပိုလို့တောင် ထက်မြက်လွှမ်းမိုး နိုင်စွမ်းရှိနေတာ ၊ သိမ်မွေ့တဲ့စွမ်းအားက ပို ပြီးလေးနက် ပီပြင်နေခဲ့တာအသေအချာသိခဲ့တာပေါ့..။

အဲလိုနှင်းဆီလေးတစ်ပွင့်ဟာဖြင့် မီးဖိုချောင်ပြင်ပက မေမေ့အတွက်တော့ တစ်ဖန် အတုယူစရာပုံရိပ်လေးတစ်ခု ဖြစ်ခဲ့ပါ တယ်..သူ့နံမည် ကတော့ ထေရိကာ တဲ့ ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရားကြီး ကတော့ မငြိမ်းခိုင်လို့ခေါ်တာ လူတော်တော်များများ သိနေကြပါတယ်…။ဝေသာလီ ခတ္တိယမင်းမျိုးကဆင်းသက်လာတဲ့ မင်းသမီးတစ်ပါးပါ..။
အသက်ငယ်ပေမဲ့လို့ အသိတရားကော၊တရားအသိ ပါကြီးမားသူကလေးပါ။ဝေသာလီမှာကျင်း ပတဲ့ မြတ်စွာဘုရားရှင်ရဲ့ တရားပွဲတိုင်းသူကရှေ့ဆုံးကနာယူခဲ့သူလေးပါ..။

ဒါပေမဲ့ ထေရိကာ-မငြိမ်းခိုင်လေးဟာ မိဘတွေစီမံမှုနဲ့ အမျိုးတူ မင်းသားတစ်ပါးနဲ့လက်ဆက်ခဲ့ရတော့။ သူ့ရဲ့လွတ်လပ်မှုတွေ ပျောက်ဆုံးခဲ့ရပါတယ်..။ ခင်ပွန်းသည် က တရားနာခွင့်ကိုပိတ်ပင် တယ်..မကြည်ဖြူရှာဘူး။အကျဉ်းချထားတာပေါ့လေ..။
မနေ့ကတော့ တရားပွဲသာ မသွားခိုင်းတာ အစိမ်းကြော် စားချင်ကြောင်းတော့ပြောတတ်သားပဲ..။ဒါပေမဲ့ သူဟာ ထေရိကာ ရဲ့ တရားအသိ နဲ့ အသိတရား တွေ ကိုတော့ အကျဉ်းချလို့မရရှာပါဘူး။

ထေရိကာ တစ်ယောက်မီးဖိုချောင်ထဲကနေ ဒယ်အိုးယူ၊မီးဖိုပေါ်တင်၊ ဆီထည့် ခဏနေတော့ အငွေ့တွေတက် လာတယ်၊ ထည့်လိုက်တဲ့ ဟင်းရွက်စိမ်းတွေ ဟာ ညှိုးသွားပါပကော၊ ညှိုးရာက ရော်သွားပါပကော၊ အော် ရော်ရာ ကနွမ်းသွားပါပကော…။ သေချာ သတိတရားကပ်နေဆဲမှာပဲ။ နာယူနှလုံးသွင်းထားတဲ့တရားဟာ ခေါင်းထဲကို ဝင်လာတာပေါ့ကလေးတို့ရေ…။
(သြော်---- မီးအပူတစ်မျိုးတည်းရဲ့ ဒဏ်ကို ခံရတဲ့ အသီးအရွက်တောင် ဒီလောက်ညှိုးရော် သွားကြတာ၊ငါ့သဏ္ဍန်မှာဖြစ်နေတဲ့ ခန္ဓာငါးပါး၊ရုပ်နာမ် တရားတို့ ဆိုလျှင် အချိန်တိုင်း --လောဘမီး(အလိုရမ္မက်ကြီးမှုတွေ)
ဒေါသမီး(ပြစ်မှားခြင်း၊ပုတ်ခတ်ခြင်းတွေ)
မောဟမီး(အမှန်အတိုင်းမသိခြင်းတွေ)
ဇာတိမီး( ပဋိသန္ဓေ နေရခြင်းတွေ)
ဇရာမီး( အိုမင်းရခြင်းတွေ)
မရဏမီး (သေခြင်းတရားတွေ)
သောကမီး (စိုးရိမ်ပူဆွေးရတာတွေ)
ပရိဒေဝမီး ( ငိုကြွေး၊ရှိုက်ငင်ရခြင်းတွေ)
ဒုက္ခမီး (ကိုယ်ဆင်းရဲ ရခြင်းတွေ)
ဒေါမနဿ မီးတွေ ( စိတ်ဆင်းရဲ ရခြင်းတွေ)
ဥပါယာသ မီးတွေ (ဆို့တက်မေ့မျော အောင်ခံစားရတာတွေ) စတဲ့မီး ၁၁-ပါး မရပ်မနားလောင်မြိုက်ခံနေရတော့ပိုလို့ ညှိုးနွမ်းနေမှာပါတကား။ ဆိုတဲ့ သံဝေဂဉာဏ် ဖြစ်တည်လာခဲ့ရပါတယ်။
ထေရိကာကတော့ သံဝေဂဉာဏ်ပွားနေရင်းနဲ့ ကို ဟင်းရွက်တွေကိုယောင်းမနဲ့ မွှေ ရတာ…မွှေရင်းနဲ့လည်း ဆက်ပြီးသတိရလာတာကတော့ သူအပျိုဘဝတုံး ကနာယူမှတ်သားခဲ့ဘူးတဲ့ တရားတော်တွေ---ပေါ့ကလေးတို့ရေ..။

(ယောဂီတို့--- ပုဂ္ဂိုလ်တစ်ဦး သွား၊လာ၊ထိုင်၊ရပ်၊လှုပ်ရှားမှုပြုမူရာမှာ စိတ္တဇဝါယောဓာတ်က အဓိက ကဏ္ဍမှ ဆောင်ရွက်နေပါတယ်။ ဥပမာ--- ပုဂ္ဂိုလ်တစ်ဦးထိုင်မယ်ဆိုပါက ဦးစွာ ငါထိုင်မယ်ဆိုတဲ့စိတ်ကလေးအရင်ဖြစ် တယ်။ ထိုစိတ်မှ ဝါယောဓာတ်လွန်ကဲသော ရုပ်ကလာပ်တွေ ဖြစ်လာတယ်။ ထိုရုပ်ကလာပ်များ က ထိုင်သောအမူအရာ ကာယဝိညတ်ကိုဖြစ်စေတယ်။ ဝါယောဓာတ် လွန်ကဲသော ရုပ်ကလာပ် ကြီးထိုင်ဘို့အတွက် ရုပ်ကလာပ်တွေ သိသိသာသာ တုန်လှုပ်လာတယ်။ ထိုထို တုန်လှုပ်ခြင်းဖြင့် အောက်ပိုင်းကိုခွေတယ်၊ ကွေးတယ်၊ အထက်ပိုင်းကို မတ်မတ်ထားတယ်၊ ထိုအမူအရာသည်ပင် ထိုင်သည် မည်တယ်။ထို့ကြောင့် ထိုင်ခြင်းသည် စိတ္တဇ ဝါယောဓာတ်ကြောင့် ကာယဝိညတ်၏ အမူအရာသာ ဖြစ်တယ်ယောဂီတို့)..မြတ်စွာဘုရားရှင် ဟောကြားတော်မူတဲ့ ဒေသနာကို ပြန်လည်းဆင်ခြင်မိတဲ့ ထေရိကာ ရဲ့ ဉာဏ်အတွင်းကို ဝိပဿနာ အသိကထိုးဖောက်ဝင်ရောက်လာပါတော့တယ်။

(အသီးအရွက်တွေကိုယောင်းမ ကမွှေပေးနေသည် ဆိုပေမဲ့ တကယ်တမ်း မွှေပေးနေသည်က ယောက်မ မဟုတ်၊ ယောက်မကိုကိုင်ထားသောလက်သာ၊ ယောက်မသည် လက်မပူရေး အကူပေး သည့်ကြားခံ ပစ္စည်းမျှသာ၊ ယောက်မ ကမွှေခြင်းဟုတ်၊ မဟုတ် သိလိုသော် လက်ကိုမလှုပ်ပဲထားကြည့် ၊ယောက်မသည် မွှေခြင်းအလုပ် ကိုမလုပ်နိုင်တော့ပေ။ သို့ကြောင့်ယောက်မ မမွှေ လက်ကသာမွှေ နေခြင်း ဖြစ်သည်။ လက်က မွှေနေခြင်းမှာလည်း အမှတ်ရသော ဒေသနာကဆိုလျှင်မွှေလိုသည့်စိတ်မှ ဖြစ်ပေါ်လာ သောစိတ္တဇဝါယော ဓာတ်ကြောင့် ကာယဝိညတ်ဟုခေါ်သော အမူအရာဖြစ်ခြင်းသာ----) ရယ်လို့ ထေရိကာ သုံးသပ်နေမိတာ ပေါ့ကလေးတို့ရေ…။

လက်သည် တစ်ကြိမ်လည်းမွှေသည်မဟုတ်၊ အကြိမ်ကြိမ်---ထိုအကြိမ်ကြိမ်ကို တရားရှင်းစေရန် ပထမအကြိမ်၊ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ် စသည်ဖြင့်မှတ်ယူလိုက်တာပေါ့ ကွယ်။ အကြိမ်ကြိမ်မွှေ တဲ့အခါမှာ ပထမအကြိမ်မွှေပေးနေသော ခန္ဓာငါးပါး၊ရုပ်နာမ်တရားတို့သည် ဒုတိယအကြိမ် မွှေဆဲခဏ သို့ပါမလာကြကုန်၊ ပထမအကြိမ်မွှေဆဲခဏ ၌ ပင်လျှင် ချုပ်ပျောက်ပျက်စီးကုန်ကြလေပြီ။ထို့အတူပင် ဒုတိယအကြိမ်မြောက် မွှေဆဲခဏမှာဖြစ်သော ခန္ဓာငါးပါး၊ရုပ်နာမ်တရားတို့သည်လည်း တတိယအကြိမ်မြောက်မွှေဆဲခဏသို့ ပါမလာ၊ ဒုတိယအကြိမ်မြောက် မွှေဆဲခဏ၌ ပင်လျှင် ချုပ်ပျောက်ပျက်စီးကြကုန်သာတည်း။ တတိယ၊စတုတ္ထ အကြိမ်တို့သည်လည်း ထို့အတူသာပင်လျှင်တည်း။

အဲလိုနဲ့ ထေရိကာ ဟာ ခန္ဓာငါးပါး၊ရုပ်နာမ်တရားတို့ရဲ့ ခုဖြစ်ပြီး ခုပျက်နေကြတဲ့ မမြဲတဲ့ အနိစ္စတွေပါလားဆိုတာ ရှုပွားလိုက်တဲ့အခါ မှာ ..သူမရဲ့ အသိတရားသည်…ခန္ဓာသိ၊ဉာဏ်သိ ဖြစ်ခဲ့ရပါတော့တယ်..။
မဲမြဲတဲ့ အနိစ္စကို ပိုင်ပိုင်သိတဲ့ ထေရိကာ ဟာ အဲဒီနေရာမှာရပ်တန့်မနေပဲ ဆက်ရှုပါတယ်။ ဖြစ်ပြီးတည်မနေပဲ ချက်ချင်းပျက်ရသည်မှာ သင်္ခါရဒုက္ခဖြစ်သည်ကို ဆက် ဆင်ခြင်လိုက်ပါတယ်။ အဲဒီတော့ ထေရိကာ က ဒုက္ခ-ဆင်းရဲခြင်း သက်သက် ပါလားဆိုတဲ့ လက္ခဏာရေးတစ်ပါးကို ထပ်ပြီးဉာဏ်မှာထင်သွားပြန်ပါပြီ..။

မတည်မြဲသော အနိစ္စ၊ ဆင်းရဲသော ဒုက္ခ၊ လက္ခဏာရေးနှစ်ပါးထင်ပြီး ….
သြော်----- ငါ၏ ခန္ဓာငါးပါး၊ရုပ်နာမ်တရားတို့သည် ငါအရင်ကထင်ထားသလို မပျက်မစီး အမြဲတည်နေတဲ့ အတ္တ သဘော မဟုတ်ပါလား၊ ရုပ်နာမ်ခန္ဓာ သင်္ခါရတရားတို့သည် နေ့ည မစဲ၊ တသည်းသည်း ဖြစ်ပျက်လျှက်---- သူဖြစ်ချင်သလိုဖြစ်၊ သူပျက်ချင်သလိုပျက်နေတဲ့ အစိုးမရတဲ့ အနတ္တကြီးပါကလားရယ်လို့ ဆုံးဖြစ်ချက်ပိုင်ပိုင်ချ ကာကိုယ်တွေ့ ဉာဏ်တွေ့ တရားရသွားခဲ့ပါပြီ..။

မီးဖိုချောင်ထဲမှာ ဟင်းရွက်ကျော်နေဆဲလေးအတွင်းမှာ….ထေရိကာ သည် သာမာန် ပုထုဇဉ်ဘဝကနေ လက္ခဏာရေးသုံးပါးယာဉ် မြန်ကြီးကိုစီးပြီးတော့ သောတာပတ္တိ ဖိုလ်၊သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ် ဆီသို့ ဆိုက်ရောက်ခဲ့ရပါတော့တယ်…။

ခုတော့ဖြင့် မီးဖိုချောင်ထဲက ထေရိကာ ဟာမေမေ့ အတွက်တော့ အတုယူ လေ့ကျင့်စရာ ပြဋ္ဌာန်းစာအုပ်၊ ဆရာတစ်ဆူဖြစ်ခဲ့ရပါပြီ..။မိုးလင်းလို့ ရေနွေး စတည်တာနဲ့ သည်တရားကိုလေ့ကျင့်နေဖြစ်ခဲ့ပါတယ် သားသားနဲ့မီးမီးရေ..။

သံပုရာသီး ရလာရင် တော့ ချဉ်တော့ မှာပဲတွေးတာထက် သံပုရာရည် ဖြစ်အောင် ဖျော်တတ်ရမှမဟုတ်လား။ မီးဆိုတာ ကတော့ ပူတတ်လို့ ပူပြ လောင်ပြမှာပါပဲ…။
ကိုယ် က စီမံ တတ်ရင်တော့ ထမင်းလည်းဖြစ်၊အလင်းလည်းရ၊ နောက်ဆုံး မဂ်တရားဖိုလ်တရား ကိုပါဆောင်ယူပြသွားတဲ့ ထေရိကာ ကိုတော့ မီးဖိုချောင်တံခါးတွေရိုက်ချိုးစရာမလို ပဲလွတ်မြောက်ခဲ့ သူ လွတ်မြောက်ရေးနှင်းဆီနီ အဖြစ် မေမေ ဂုဏ်တင် ဦးညွတ်နေမိပါတော့တယ်။

ကျမ်းကိုး
၁။ထေရာ ထေရီ အပါဒါန်
၂။ သုတေသန သရုပ်ပြအဘိဓာန်( ဖျာပုံတိုက်သစ်ဆရာတော်-ဦးသြဘာသာဘိဝံသ)
၃။မဂ်တား၊ဖိုလ်တား အန္တရယ်များ( အရှင်ဇဝန-မေတ္တာရှင်)
၎။ အစိမ်းကြော် ကြော်ရင်းအနာဂါမ်တည်သူ ( ကြူရတနာ -မောင်ရဲဦး)

5 မှတ်ချက်ရေးရန်:

winmyint said...

သာဓု သာဓု သာဓု ....
ဘုန်းကံကြီးမားသော မြတ်ဗုဒ္ဓသာသနာ့ အဆုံးအမ မျိုးစေ့သည် ဘုန်ကံကြီးမားသောသူတို့၏ နှလုံးသားလယ်ယာမြေ၌ ကောင်းစွာပေါက်ရောက် ကြီးထွားကြကုန်၏။ ဘုန်းကံနည်းပါးသောသူများ တားဆီးနိုင်စွမ်းမရှိသည်တကား...

အောင်ဦး said...

အန်တီရေ...
သေချာဖတ်မှတ် နှလုံးသွင်းသွားပါတယ်။ မသိသေးသော အကြောင်းအရာများကို ထပ်မံသိရှိရပါတယ်။

သံပုရာသီး ရလာရင်တော့ ချဉ်တော့ မှာပဲတွေးတာထက် သံပုရာရည် ဖြစ်အောင် ဖျော်တတ်ရမှမဟုတ်လား။ .. ဆိုတဲ့ စကားလေးက တသက်တာ အတွက် မှတ်ထားထိုက်ပါတယ်။

ခန္ဓာရလာတာ ဒုက္ခပဲလို့ တွေးတာထက် ခန္ဓာကို အသုံးချပြီး သံသရာတဖက်ကမ်းကို ကူးတတ်ရမှာ မဟုတ်လား .. ဆိုတာပါ ဆက်ပြီး တွေးမိလိုက်ပါတယ် အန်တီ။

ကျန်းမာချမ်းသာစွာနှင့် သာသနာ့ဝန်၊ မိမိခန္ဓာဝန်ကို ကောင်းစွာရွက်ဆောင်နိုင်ပါစေ အန်တီ...

နန်းထိုက် said...

စာတစ်ကြောင်းစီ၏ အဓိပ္ပါယ်အသွားများသည် ရင်ထဲကို စူးနစ်စေပါတယ်။ ဗုဒ္ဓ၏ တရားစကားကို ပြန်လည်မျှဝေတဲ့အတွက် ကျေးဇူးများစွာပါ အန်တီ။ ရင်ထဲက ဉာဏ်နဲ့ ပဋိယတ္တိပေါင်းစုံ၍ ထွက်ပေါ်လာသော စာသားများသည် မည်သို့မျှ အတိုင်းမသိအောင် တန်ဖိုးကြီးလှပါ၏။

မောင်ကောင်း said...

အန်တီရေ.. တရားစာပေတွေ လာဖတ်ပါတယ်..
အန်တီလက်ဆောင်ပေးလိုက်တဲ့ ပိုစ့်ကဒ်လေးလည်းရပါတယ်.. ကျေးဇူးလည်း တင်ပါတယ်အန်တီ... စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် မိမိရည်းမှန်းရာပန်းတိုင်ကို ဆိုက်ရောက်နိုင်ပါစေ....
အန်တီဝေမျှပေးတဲ့ တရားတွေအတွက် သာဓုခေါ်သွားပါတယ်....

Anonymous said...

အန်တီရေ .... ဖတ်ရမှတ်ရနှလုံးသွင်းခွင့်ရတာ ... ကျေးဇူးအထူးတင်ပါတယ် ။ တရားအလှူများစွာကြောင့် ကုသိုလ်ကိုပြန်လည်အနွေးဓါတ်ပေးဖို့ အမှတ်ရလာစေတဲ့အတွက် ထိုထိုကျေးဇူးတရားကို မှတ်သားလျက် ........... ။
နှလုံးစိတ်ဝမ်းချမ်းမြေ့ပါစေလို့ ဆန္ဒပြုလျက် ... ။

သမီး စိုးသူဇာသွင်