Thursday, September 7, 2017

သေမှာမရှိ...သေနေတာသာရှိ....

ဟိုတနေ့က ကျမရဲ့ ဓမ္မအစ်မတော် တစ်ဦး ဖြစ်သူ ဆရာမ ဒေါ်ဂျင်မီ ဆုံးပါး သွားတဲ့ သတင်းကြားသိရချိန် မှာ….ကျမ တော်တော်လေးတုန်တုန်လှုပ်လှုပ် ဖြစ်မိပါတယ်..။ 
ငါ့အလှည့်နီးလာပြီ ဆိုတဲ့ကြောက်လန့် တာ မဟုတ်သော်လည်း…… အခုလို အလုပ်များ စွာကြားမှာ နစ်မျောနေတဲ့ကျမ ….အလုပ်ဇော တစ်ခုခု ကို စွဲ လန်းသေဆုံးသွားမှာ ကိုတော့ကြောက်လှပါတယ်..။
အရုပ်ကြိုးပြတ်ထိုင်ချလိုက်ရင်း…. အခု ချက်ချင်းပဲဆေးရုံ တစ်ခုကိုပြေး…ကင်ဆာ ဖြစ်နေတယ် ကြေညာပြီး လက်ရှိ နှောင်ဖွဲ့ ထားတဲ့ လောကကို ထားရစ် ချင်စိတ် တွေ အလိပ်လိုက် ကိုတက်လာတော့တာ… ။ ဘယ်ကိုပြေးရရင် ကောင်း မလဲ..။ ဖားအောက်တောရ ဆို ကောင်းမလား…. ပြင်ဦးလွင် …..ချမ်းမြေ့ကိုလား….မြေဇင်းနည်း နဲ့ တရားပြတဲ့ ဆရာလေးအောင်ထွန်းဝင်းတို့ရိပ်သာကိုလား..။ ထိုင်းက ဆရာတော် အာဂျန်ချား ကျောင်းကို သွားရင် ကောင်းမယ် ဆိုတာမျိုး ….… တွေးနေမိတာ နာရီဝက် ကျော်ကျော်..။ 
ဒီနေ့တော့….. ဆရာမ ရဲ့ ပါရမီဘက် ဦးဇင်းဦးနေရည် ဖုံးဆက်တော့မှ….. ကျမ ထွက်ပြေး လွတ်မြောက် သင့်တဲ့ အရာ ဟာရှင်းလင်း ပြတ်သားလို့ လာပါတယ်..။ 
ဆရာမ ဆုံးပါးတာ… ၁၅ ရက်နေ့မနက် ၂နာရီ မှာပါ..။ ၁၄ ရက်နေ့ မှာ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရား ကတာချီလိတ်ကိုမကြွ ခင်..လေဆိပ်ကနေ ဖုန်းဆက်ပြီး ဆရာမဒေါ်ဂျင်မီ ကိုမှာ ခဲ့ပါတယ်..။ 

(( သမီး…. သေမှာ..ဆိုတာ မရှိဘူးနော်…သေနေတာ ပဲရှိတယ် )) လို့ သေချာ မိန့် မှာ ခဲ့ပါတယ်..။ ကျမ တို့သမုတိသစ္စာ နယ် က သေခြင်း ဆိုတာ ..ဘဝ တစ်ခု က တစ်ခု ကို အပင်မှ မျိုးစေ့ကူးသလို ကူးသွားတာပဲဖြစ်ပါတယ်။ ဘဝ သံသရာ မပြတ်သေးတဲ့ သူတွေအတွက်ပေါ့..။ ဇာတိ ပြန်မလာ တော့တဲ့ အရိယာ တွေ အတွက်ကတော့ခန္ဒ္စာဇာတ်သိမ်း…ငြိမ်း တယ် …လို့ ဆိုကြ ပါတယ်..။ 
တကယ်တော့ ပရမတ္ထသစ္စာ သဘော မှာ အာရုံ နဲ့ဒွါရ တိုက်တိုင်း..ခန္ဒ္စာငါးပါး က ဖွားလိုက်..သေလိုက် ဖြစ်နေတာ ကို အချိန်တိုင်း မွေးလိုက် သေလိုက် ဖြစ်နေတယ် ဆိုတာ စခန်းဝင်ယောဂီတိုင်း သဘောပေါက်ကြပါတယ်..။ 
ဒါကို အမြဲ အာရုံပြု ဘို့ ဆရာတော်က သတိပေးခဲ့တာ ဖြစ်ပါတယ်..။ဖြစ် ပျက်ကို မြင်တယ် လို့ ပြောလို့ ရပါတယ်..။ ဖြစ်ပျက်ကို မြင်တာ ဟာ သစ္စာကို မြင်တာ ပဲလို့ကျေးဇူးတော်ရှင်မိုးကုတ် ဆရာတော်ဘုရားက မိန့် ဘူးပါတယ်..။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ကတော့ မွေးသေ…မွေးသေ… ခန္ဒ္စာ သဘောမှာ အကောင်အထည် မရှိကြောင်း… ငါသူတစ်ပါး ယောင်္ကျား မိန်းမ မရှိကြောင်း …ငါ ဖြစ်နေပါတယ် လို့ ဝန်မခံကြောင်း၊ ငါဖြစ်နေပါတယ် လို့ စကားမပြောကြောင်း ။ အနတ္တလက္ခဏ သုတ္တန် တရားတော် ထဲက (( နေတံမမ ၊ နေသောဟ မသ္မိ၊ နမေသော အတ္တာ)) ကို ကြေညက်အောင် သင်ပြပေးတော်မူပါတယ်..။
ဒါကိုသေချာ မြင် ရင် သက္ကာယ(ထင်ရှားရှိသောသဘော)ကို ငါကောင်ထင်တဲ့ ဒိဋ္ဌိ ပြုတ်ပါတယ်..။ အနတ္တကိုမြင်ပါတယ်..။ 
စွဲလန်းတမ်းတ ပါတယ် ဆိုတာ…. သူနဲ့ ပတ်သက်တဲ့အရိပ်ကလေး တစ်ခု ပါပဲ..။ ကိုယ့် ရဲ့ ဟဒယ ဝတ္တု မှာ ခဏ လေးမျှသာ လာပေါ်ပြီး ပျောက်ပြတော့တာပါ…။ ကြာရှည် တည်မြဲမနေပါဘူး ။တစ်ရံမစဲ လွန်ဆင်းရဲ….. ချုပ်ပျောက်သေမြဲ ဆင်းရဲ ကြ တဲ့ ဒုက္ခသစ္စာ ပါ..။ ဖြစ်ပျက်ကိုမြင် ရင် အနိစ္စ မမြဲခြင်း ကို ပွားများပြီးသားဖြစ်သွားပါတယ်..။
၁၄ ရက်နေ့ မှာ ဆရာတော်ဘုရားရဲ့ မေတ္တာအား….. သီလ သမာဓိ၊ ပညာအားဖြင့်စောင့်ရှောက်သောအားဖြင့် တပည့်ရင်းရဲ့ နောက်ဆုံးအချိန် မှာ အချိန်ပြည့် နှလုံးသွင်းမှန် ကာ …. ပရမတ္ထသဘောမှာ တည်နေအောင် လမ်းပြခဲ့တယ် ဆိုတာ….. ဦးဇင်းဦးနေရည် သဘောပေါက်ခဲ့သလို….။ ဆရာမ ဒေါ်ဂျင်မီ လားရာဂတိ ဖြောင့်တန်း မယ် ဆိုတာ… ကိုလည်း ယုံကြည်မိပါတယ်..။ 
ခန္ဒ္စာ ငါးပါး သည် အရိပ်မျှသာ ဖြစ်ကြောင်း..ပေါ်ပြီးရင် ပျောက်ပြကြောင်း သဘောပေါက် ဘို့ နားလည် သိမှတ် ဘို့ နှလုံးသားထဲ ထဲထဲဝင်ဝင်ခံစားကာ အကုသိုလ် ဖြစ်ခွင့်မပေးဘို့ ဆိုတာ …တော်ရုံကျင့်စဉ် နဲ့ မရပါကြောင်း ဦးဇင်းဦးနေရည် ကဆက်လက် အမိန့် ရှိပါတယ်..။ ဆရာမ ရဲ့ ကြွင်းကျန် ရစ်သော ရုပ်ကလာပ်ကို အအေးခန်း ထဲက အံဆွဲထဲ ထည့်ချိန် မှာ ဘယ်လို မှ ဖြေ မဆည် နိုင်ကြောင်း…. ။ သက်မဲ့ခန္ဒ္စာက အအေးခန်းမှာ ကျန်ခဲ့သော်လည်း နှလုံးအိမ်မှာ သိမ်းဆည်းထားတဲ့ ခန္ဒ္စာကားခိုင်ကျည်နေတော အမှန်ပါ..။
အနှစ် ၃၀ကျော် ၄၀ နီးပါး အတူနေ ကာ နှလုံးသားမှာ ခိုင်နေခဲ့ပုံရိပ်တစ်ခု ကိုဖျောက်ဖျက်ဘို့ ဘယ်လွယ်ပါ့မလဲ..။ 
ကျမမှတ်မိနေခဲ့တာ ကျမ မိခင်ကြီး ဆုံးပါး ချိန် မှာ မိခင်ကြီး အသက် ၈၃ နှစ်ပါ..။ ဖခင်ကြီး က လည်း ၈၄ နှစ်ဖြစ်ပါတယ်..။ အသက် ၂၅ မှာ လက်ထပ်တာ ဆိုသော်လည်း….. အထက်တန်းမတိုင်ခင် ကတည်းက အတူ စာသင်ခဲ့တဲ့ ငယ်ချစ်တွေ ဆိုတော့….အနှစ် ၆၀ ကျော် အတူနေခဲ့ကြ သော အစော နဲ့ အတင်..သံယောဇဉ် ….။ ( နာမည် ရင်းတွေက ဦးစိန်တင် နဲ့ ဒေါ်စောသွင်ပါ)။ 
မိခင်ကြီး ကိုအအေးခန်းပို့တဲ့ ည မှာ…. ည ၂နာရီလောက် တစ်အိအိ နဲ့ အံကြိတ် ရှိုက်သံကြောင့်ကျမ လန့်နိုးခဲ့တော့ ကျမ ရဲ့ ဖခင်….. မျက်ရည်များစွန်းထင်းလျက် ….. နီရဲနေသောမျက်လုံးများ….. ကျမ လက်ကို ဖမ်းဆွဲကာ….သမီးရယ် နင့်အမေ အေးနေရှာတော့မယ် … တဲ့..။ အဖေ…အဲဒါ အမေ မဟုတ်ဘူးလေ…. သက်မဲ့ခန္ဒ္စာ ပါလို့ ဘယ်လို ပင်ရှင်းပြပါသော်လည်း….။သော်လည်း ….. သော်လည်း နဲ့ မိုးလင်းခဲ့ရတော့တာ…။
အမှန်ကိုအမှန်အတိုင်း သိမြင်ခြင်း ((ဘူတံ ဘူတတော ပဿတိ)) သမ္မာဒိဋ္ဌိ ဥာဏ်အမြင် ဆိုသည် မှာ အပြောလွယ် သလောက် အလုပ်ခက် လှပါဘိတကား..။ 
တရားဆိုတာ သိုင်း တို့ကရာတေး တို့လို ပါပဲ..ကျင့်ကွက် တွေ ဘယ်လို သိသိ လက်တွေ့ ဘဝ မှာ ဘယ်က ဝင်လာမှန်းမသိ တဲ့ အန္တရာယ်ကို ချက်ချင်း တိုက်ကွက် ခုခံဘို့ ဆိုတာ မကျင့်ပဲနဲ့ ဘယ်လို မှ မဖြစ်နိုင်..။
ဂျူလိုင်လ က ကျမရဲ့ မွေးနေ့ မှာ ဦးဇင်းကြီးဦးနေရည် နဲ့ ခင်ပွန်းကြီး -၁၀ပါးကန်တော့ခဲ့ ရင်း (( တပည့်တော် အိမ် မှာ တစ်ရက် တရားစခန်း ဖွင့်ချင်တယ် ဘုရား၊ ဦးဇင်းတရားပြပေးနိုင်မလားလျှောက်ခဲ့ပါတယ်.. )) ဒါနဲ့ ပဲ ဦးဇင်းက ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ထံပါးလျှောက်ထားတော့….. ဆရာတော်က ခွင့်ပြုပေးခဲ့ပါတယ်..။
ဆရာမ ဒေါ်ဂျင်မီ ကတော့ ဆရာမ ပီသ စွာ ဦးဇင်းကြီးကို အကြံပြု ခဲ့ပါတယ်..။ ဘုရားဟော တရားတော် နဲ့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရား ရဲ့ တရားတော်တွေဟာ နက်နဲခက်ခဲလှပါတယ်..။ သေချာ သိမြင်ဘို့…. ရှင်းလင်းပြတ်သား ဘို့… ကိုယ့်အာဘော် မပါစေပဲ..မူရင်းစစ်စစ် ဖြစ်ဘို့ အရေးကြီးကြောင်း ။ သေချာ ပြန်လေ့လာ သင့်ပါကြောင်း အကြံပြုခဲ့ပါသတဲ့..။ ကျေးဇူးအထူးပါ အစ်မတော်ရယ်..။
ဒကာမကြီး ရေ..ဦးဇင်းတော့ အဲဒီလေ့လာမှု တွေကြောင့် ပဲ အခုအချိန်မှာ စွဲမြဲ နေတဲ့ခန္ဒ္စာ ငါးပါး ရဲ့ မမြဲပုံ၊ ဆင်းရဲ ပုံကို ပယ် နိုင်ခဲ့ပါပြီ တဲ့..။ အခု ခံနိုင်ရည် ရှိသွားပါပြီတဲ့..။
ထွက်ပြေးလွတ်မြောက်ချင်တဲ့ ကျမ ကို …. စွဲလန်းဖွယ် ခန္ဒ္စာငါးပါး ရဲ့ အမြင်မှားဒိဋ္ဌိ…အကုသိုလ် ပြုခွင့် မပေးဘို့ သာအရေးကြီး ပါကြောင်း ဖုန်းနဲ့ တရားပြသွားပါတယ်.. ။
ကျ မမှာ တော့ ဘုန်းဘုန်း မှာကြား တဲ့ (( သေမှာ ..မရှိ..သေနေတာသာရှိ )) ဆိုတဲ့ နှလုံးသွင်းနဲ့ လျှောက်လက်စ လမ်းတွေ တာဝန်ကျေအောင်ဆက်လျှောက်ရပါအုံးမယ် ..။
မေတ္တာဖြင့်
သစ္စာအလင်း

Saturday, September 2, 2017

ရဇ္ဇုမာလာ (သို့ ) ဘဝ နွံ မှ ရုန်းထခြင်း



**ဤ လောက ကြီး ၌ 
မတရားတာမရှိ ၊ မဖြစ်သင့်တာ မရှိ ၊ 
ပြု သူအသစ် ၊ ဖြစ်သူအဟောင်း**

ဆို တဲ့ လင်္ကာ လေး ကို နှလုံး သွင်းဆင်ခြင် ရင်း ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရား ဟော ကြား တော်မူ တဲ့ တရားတော် ထဲက ကြိုးပန်းကုံး ( ပါဠိလို- ရဇ္ဇု မာလာ ) လို့ ခေါ်တဲ့ မိန်းကလေးတစ်ဦး ကို ကျွန်မ သတိရမိပါတယ်..။ သူမ ဟာ ဒီလို ပဲ လောကအမြင် စင်ကြယ် သွားတဲ့ အခါ ဘဝ ဟာ တစ်ဆစ်ချိုးပြောင်းလဲ သွားခဲ့ပါတယ်..။

ဘုရားရှင် လက်ထက် တော် အခါ မှာ လူလာ ဖြစ်ခဲ့ရပေမဲ့ သူက အသက်ကိုပင် ပေးဆပ်ထား ရတဲ့ ငွေဝယ် ကျွန် ဘဝ ကို ရောက်နေခဲ့ရရှာပါတယ်..။ ကျွန်မချင်းတူတူ သူများနဲ့ မတူ …သူ့ဘဝ က ဆိုးလှတာပေါ့လေ..။
သခင်မ က သူ့မြင်ရင် မုန်းတာ…. တူးတူးခါးခါး မုန်း တော့လည်း ဆံပင်ကို ဆွဲ ပါးရိုက် လုပ်ပါတယ်..။ တစ်ရက်လည်းမဟုတ်..နှစ်ရက်လည်းမဟုတ်.. ဆိုတော့ကာ ….. စိတ်ညစ်ရလွန်းလို့ သခင်မ ဆံပင် ဆွဲ လို့ မရ နိုင်အောင် ဆံပင်အားလုံး ကို ရိတ် ပြီး ကတုံးတုံး ထားတော့ တာ..။

ကတုံး ကို တွေ့ ပြန်တော့ သခင်မ က ဒေါသ ပိုထွက်…. ပြီး ခေါင်း မှာ ကြိုး ထုံးတွေ ကို ပန်းကုံး သဖွယ် ချည်နှောင်ထားပြီး ရိုက်မြဲ ရိုက် ဆဲ …။ ဒါကြောင့် သူမ ရဲ့ နာမည် ဟာ ကြိုးပန်းကုံး ( ပါဠိလို- ရဇ္ဇု မာလာ ) လို့ အမည် တွင်ရရှာ ပါတယ်..။

တနေ့ နဲ့ တနေ့ အညှင်းဆဲ ခံရတာ များလာတဲ့ အခါ မှာ သူမ ဟာ သေချင်စိတ်တွေ ဖြစ်လာတယ်..။ ဝမ်းနည်း ကြေကွဲ ရ..သိမ်ငယ် ညှိုးချုံးမှုတွေ နဲ့ အတူ တစ်နေ့ မှာ သေဘို့ ဆုံးဖြတ် လိုက် ပါတယ်..။ ရေခပ်ချင်ယောင်ဆောင်… ရေအိုးထဲ မှာ ကြိုးခွေကို ထည့်…ပြီးတော့ထဲကို တစ်ယောက်ထဲ ထွက်ခဲ့တယ်..။

တောထဲရောက်လို့ ဆွဲကြိုးချသေ ဘို့ သစ် ပင် မှာ ကြိုးနဲ့ ချည် တဲ့အခါ သစ်ပင် အောက်မှာ ဘုရားရှင် ထိုင်တော်မူနေတာ ဖူးတွေ့လိုက်ရပါတယ်..။ ကြည်လင်သော အသရေတော် နဲ့ ကြည်ညို ဖွယ် အတိပြီး တဲ့ ကျေးဇူးတော်ရှင် ဘုရားရှင် ရဲ့ ခြေ အစုံကို ဦးတိုက် တဲ့အခါ..။ သူ့အကြောင်း ကို မေး ပါတယ်..။

အကြောင်းစုံ လျှောက်ထားပြီး တဲ့အခါ ဘုရားရှင်က အတိတ် ဘဝ ကို မြင်အောင် ဆောင်ပြကာ တရား ဟောတော်မူပါတယ်..။ အတိတ်မှာ သူက သခင်မ…. သခင်မ က သူမရဲ့ ကျွန် ဖြစ်ခဲ့တာ .. သခင်မ ဘဝ က ဆံပင်ဆွဲ ပါးရိုက် နှိပ်စက်ခဲ့တာ တွေ သိလာရပါတယ်..။ ကံ ကံ၏ အကျိုး ကို သိလိုက်ရတော့ သူဒီ ဘဝ မှာ ပြန်လည် အကြွေးဆပ်ရတာ ဥာဏ် အမြင် ရှင်းလင်းသွားခဲ့ပါတယ်..။

အကြွေးဆပ်ရတာ နားလည် သွားသလို ခွင့်လွှတ်စိတ် လည်းထား လာနိုင်တော့တာ..။ ရဇ္ဇု မာလာ လေးက ဒီလို တွေး ပါသတဲ့..။ သခင်မ ခမျာ..ငါ့ကိုမြင်ရင် င့ါရဲ့ ကံ ကဓာတ်ပြုလို့ သူ့ခမျာ လုပ်ရရှာတာ..။ ပြုသူ ရဲ့ ကံအသစ်ကို ယူ…။ ဝဋ် တစ်ဖန်လည် တာ ပြန်ခံ ရတော့ မှာ…။ တဖန် ပြန်လည် ခံစားရမှာ ကို တွေး ပြီးတော့ သနားစိတ်တောင်ဝင်လာ တော့တာ တဲ့..။
ကံအကျိုးပေး ကို နားလည် သွားတဲ့ အပြင်……ဥာဏ်အားဖြင့်လည်း အတိတ်ဆိုတာ ပြန်ရှာလို့ တကယ် မရှိ တာ သိလာရပြန်ပါတယ်..။ ခန္ဓာ ငါးပါး ၊ ရုပ်နာမ် နှစ်ပါး တို့ကို ပါ ရှင်းရှင်း သိမြင် ခဲ့တပါတယ်..။

ပဋိသန္ဓေ ၊အိုနာသေ ဟု
လေးထွေ ရင်းမြစ် ၊ ဒုက္ခဖြစ်သည်
မချစ်ယှဉ်တွဲ ၊ ချစ်သူကွဲ နှင့်
လို လည်းမရ ၊ အကျဉ်းပြသော်
ပဉ္စဥပါဒါ ၊ ငါးခန္ဓာ
သစ္စာ ဒုက္ခ ၊ မက်မော လှ၏ ။

ပဋိသန္ဓေ နေရတယ် ဆိုတာ ဆင်းရဲ ဒုက္ခ တယ်...။ လူဖြစ်လာတော့ အို ရတာ..နာရတာ..သေ ရတာ ဆင်းရဲ့ ဒုက္ခ တွေပါ..။ ရှင်သန်နေစဉ် မှာ လည်း မချစ်တဲ့သူနဲ့ အတူနေရတာ..။ ချစ်တဲ့သူ နဲ့ ကွေကွင်း ရတာ လည်း ဒုက္ခ... နောက်ဆုံး ပဉ္စဥပါဒါ ငါးခန္ဓာ သည် ဒုက္ခ သစ္စာ ဆိုတာ သဘော ပေါက်သွားတော့ တာဖြစ်ပါတယ်..။

သခင် မ ပါးရိုက် တဲ့ ပုံ ကို ဖေါ် တွေး တဲ့အခါ အရင်ကလို ဒေါသ မာန နဲ့ ပြန်လည် တိုက်ခိုက်ချင်တာ..။ မ ပေါ်လာတော့ပဲ စိတ်အမြင် ရှင်းသွားခဲ့တယ်..။ ဘုရားရှင် ရဲ့ တရားနာယူ ရရင်း သောတာပန် ဥာဏ်အမြင် ရသွား တဲ့ *ရဇ္ဇု မာလာ * ဟာ ပဉ္စဥပါဒါ ငါးခန္ဓာ အပေါ် မှာ ထဲထဲဝင်းဝင် ဆုပ်ကိုင်မထားတော့ဘူး..။ မရှိတာကို အရှိ မလုပ်တော့ ပါဘူး ။

ပုထု ဇဉ် နဲ့ ဘုရားသားသမီး ကွာ ခြားသွားတဲ့အချက် ဖြစ်လို့ *ရဇ္ဇု မာလာ * ဟာ ခွင့်လွှတ် နိုင်သွားပါတယ်..။ သခင်မ ပြန်ခံရမှာ ကို တောင် ပြန်သနားနေတာ မို့ မျက်နှာလေးက လည်းကြည်လင် နေပါတော့တယ်..။

သူ့ဘဝ ကံကြွေးချ တဲ့နေရာ က သခင်မ ရဲ့ အိမ် ပဲ ဖြစ်တယ် ဆိုတာ နားလည် တော့ သခင်မအိမ်ကိုပြန်ပါတယ်..။ ပေါ့ပါးသွားတဲ့ စိတ်ကြောင့် ပြုံးယောင်ယောင်သန်းနေတဲ့ *ရဇ္ဇု မာလာ * ဟာ ထူးခြား နေ သလို မမြင်ရတဲ့ အရှိန် အဝါတွေလည်း ထွက်ပေါ် နေပါတော့တယ်..။

ထူးခြားတဲ့ သူ့ကို သခင်မရဲ့ ဖခင်ကြီး က အိမ်ပေါ်ကနေ အကဲခတ် ရင်း သမီးအရင်းလို ချစ်တဲ့ စိတ်ပေါ် လာတော့တာ..။ ရိုက်နေကျ သခင်မက ရိုက်မယ်လုပ်တော့ အဖေကြီး ကဝင်တား ပါတယ်..။ ငါသူ့ကို သမီးအဖြစ် မွေးစားမယ်..။ နင် လက်ဖျား နဲ့ တောင် မတို့ ပါ နဲ့ လို အမိန့်ထုတ်ပြန် ပါတယ်..။
သမီးအမူအယာထူးခြားတယ် အရင်နေ့တွေ လို မှုံမှိုင်း မနေပါ့လား ။
ထူးခြား လာရတဲ့ အကြောင်းပြေပြပါအုံးသမီးရယ် ဆိုတော့ ဘုရားရှင် နဲ့ တွေ့ ခဲ့ ပုံ အစအဆုံး ပြောပြတဲ့ အခါ*ရဇ္ဇု မာလာ * တို့ တစ်အိမ်လုံးဘုရားရှင်ထံ အပြေးအလွှားဖူးမျှော် ကြပါတယ်..။

တရားဓမ္မအဆုံးအမ တွေ ကိုယ် စီ ကိုယ် ငှ ရသွားကြပြီး သောတာပန် တည် သွား ကြပါတယ် တဲ့..။

သောတာပန် ဖြစ်တဲ့အခါ...ပြီးပြီးသားပြီးနိုင်သွားတယ်..။ အရိပ် ဟာ အရိပ် အာရုံဒွါရ တိုက်လို့ ပေါ်တာ အကောင် မဟုတ်..အသစ်အသစ် သာဖြစ်တယ် ရယ် လို့ သိသွားကြတယ်..။

အရာရာခွင့်လွှတ်ပြီးသားလည်းဖြစ်သွား ခဲ့တာ မို့....မို့ ကြည်လင် ရှင်းသန့် တဲ့ စိတ်အစဉ် ..... နဲ့ ပေါ့ပါးလန်းဆန်း ရတာအမှန်ပါ..ပဲ ။

ဒါကြောင့်လည်း သောတာပန် ဆိုတာ အပါယ် လေးပါး မကျ တာ လို့ ယုံကြည်ရင်း *ရဇ္ဇု မာလာ * လောက်မျှပင် မဆိုး လှ တဲ့ဘဝ ကို ဆင်ခြင် လိုက်ရပါတော့တယ်..။

မေတ္တာဖြင့်
သစ္စာအလင်း
(ဝါခေါင် လပြည့် -နေ့ အမှတ်တရ )

သြဂုတ်လ တရားစခန်းစတုတ္ထ နေ့ ၁၃.၈.၂၀၁၆ နေ့ တွင် ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဟောကြား တော်မူသော တရားတော်ကို ကိုးကားရေးသားပါသည်..။

ငယ်လဝန်း သာပြန်ထွန်းချင်....


ကိုယ် ဟာ....

ကိုယ် စိုက်ပျိုး ထားတာလေး ကို ကိုယ် ငေးကြည့်ချင်သူပါ....။

ရိုးစင်း တဲ့ ပညာရှင် တစ်ယောက် ရဲ့ တာဝန်ကျေပြွန် မှု နဲ့ ဘဝကိုဖြတ်သန်းပါတယ်..။

စေတနာ တွေ...မေတ္တာတရား တွေ ပါမလာ မှာကို စိုးရိမ်စရာ မလိုအောင်ကို ...ကိုယ်ကြိုးစားခဲ့ပါတယ်..

ဖေ့စ်ဘုတ် ပေါ်က ပဋိပက္ခ တွေ....

အယူအဆ တိုက်ပွဲ တွေ........

ပါတီဂိုဏ်းဃန တွေ.....

ဆယ်လီ...ဆယ့်တစ်လီ တွေ.......

စိန်ဘယက်ကြော်ညာတွေ ကြား မှာ......

နည်းပညာ နဲ့ အတွေး အခေါ်သာ ရေးသား အာရုံ စိုက် ထား ပါလားရယ်လို့  

အသိအမှတ်မပြုနိုင်ကြ ဘူးလား..ဟင်..။

တစ်စိုက်မတ်မတ် ...တစ်စူးနစ်နစ်...... တစ်ခုတည်းသောအာရုံ.... ရှိတာပါလို့.... မယုံကြည်ကြတော့ဘူးလား..။

ဂုဏ် ကြီးကြီး နဲ့ ပါဝါ အကြီးကြီး မရှိရှာ ဘူးရယ်လို့ အထင်အမြင်သေး.....

အထင် သေးတယ် ဆိုတာ ..သေးတယ်လို့ ထင်တာ ပဲပေါ့......

စိုးရိမ်တယ် ဆိုတာ...စွမ်အားမရှိဘူးလို့ ယူဆတာပဲပေါ့...။

ကိုယ့်ယုံကြည်ချက်..ကိုယ့်ခံယူချက်....

ရင်ခုန်သံ စည်းချက်တွေ တစ်သံတည်းထွက်မယ် ထင်ထားတာ မှားနေလျော့သလားကွယ်..။

ကိုယ်က အင်အား လို့ သတ်မှတ် ခံယူထားတာတွေကို မယုံကြည်ကြဘူးလား..။

ဘဝ ဆိုတာ.....

အချိန်= ငွေ

ကိုးစား မှု = ငွေ

ချစ်ခင်လေးစားမှု = ငွေ.... ဆိုတဲ့ ဖေါ်မျူလာအောက် မှာ အရာရာတစ်သားတည်းဖြစ်....

ဘာတွေ ပဲ ဖြစ်ဖြစ်...။

အပြစ်တွေ လည်းမဆိုချင်......

ကိုယ်လေ.....

ဟိုးအရင် ရပ်ဝန်းက.....

ငယ်လဝန်းသာ ပြန်ထွန်းချင်....မိ။

ဦနော လောကော အတိတ္တော တဏှာဒါသော


=======================
ရန်ကုန် ကနေ ကျွန်မ ထွက်ခွာ ခဲ့ချိန် မှာ တော့ တိမ်တွေ တောက်နေခဲ့ပါတယ်..။ နေဝင်ချိန် တိမ်တောက်….ငွေ နားကွပ် တဲ့ တိမ်ဂွမ်းဆိုင်.။
တောက်ပသည်..လှပပါသည်..သို့သော် နေဝင်ချိန် ဖြစ်သည်....တကား လို့ သိမှတ်ရင်း မှတ်တမ်းတင်မိပါတယ်..။

သည်လို နဲ့ မနက် မှာ ဟိုပုန်း မှ တဆင့် နောင်ခမ်း..သို့ ရောက်ခဲ့ပါတယ်..။
နောင်ခမ်း လယ်သမားသင်တန်းကျောင်း မှာ ကလျာဏ မိတ္တ ဖောင်ဒေးရှင်း နဲ့ မေတ္တာ ဖောင်ဒေးရှင်း က ဖိတ်ကြားချက် နဲ့ တတိယ အကြိမ်မြောက် ရောက်ခဲ့ရတာ ပါ။

မေလ တုံး က ကျွန်မ တစ်ခါ သင်တန်းလာ ပေးတုံးက ၊စိုက်ပျိုး ရေး ဘွဲ့ ရ တစ်ဦိးဖြစ်သူ ဆရာ ဦးစိုးသိန်း ကို မမြင် လို့ ကျွန်မ မေး မိပါတယ်..။

မေလ ကုန် လောက်မှာ လေ…တဲ့ မနက် ၃နာရီ လောက် ကတည်းကနေ နောင်ခမ်းကနေထပြီး ဆိုင်ကယ် နဲ့ သူ့ မိသားစု ရှိရာ အေးသာယာ ကို ပြန်သွားတာ တဲ့။ တောင်ကြီး အဝင်သစ်တော ဂိတ်နားလောက် မှာ လူ နှစ်ဥိးစီးလာ တဲ့ ဆိုင်ကယ် နဲ့ ဝင်တိုက်မိပြီး ဆိုင်ကယ် ပေါ်ကလွင့်စင်ကျ ခဲ့ရှာတယ်..။ ဦးထုပ်ပါသော်လည်း ဦးခေါင်း မှာ တစ်ပိုင်းကျေမွ နေခဲ့ပါတယ်..။ စပ်စံထွန်း ဆေးရုံ မှာ တနေ့တာ ခံသော်လည်း ညနေ အချိန်မှာ ဘဝ တစ်ပါးပြောင်းသွားခဲ့ပါတယ် ..တဲ့..။
ဒီလို မျိုး လေးတွေ ကြားရင် အံ့သြ တုန်လှုပ်မနေပဲ ကိုယ်လည်းသေနိုင်တယ်..သေတတ်တယ်.. ။

ဒိလို မျိုး ဘဝ များစွာ သေခဲ့ဘူးတယ်.. ကျခဲ့ဘူးတဲ့ သွေး တွေ ပင်လယ် ဝေ ခဲ့တယ် လို့ ဆင်ခြင် ဘို့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရား ဆုံးမ ဘူးပါတယ်..။

ဆရာ ဦးစိုးသိန်းသည် ကျွန်မ စက်မှု စိုက်ပျိုး နှင့် သက်မွေး ပညာ ဦးစီးဋ္ဌာ နမှာ အလုပ် တူတူ ဝင်ခဲ့ကြသည် ..။ ဆရာက နမ့်ဆန် စိုက်ပျိုးရေး အထက်တန်းကျောင်း ၊ ကျွန်မ က ပုသိမ်ကြီး စိုက်ပျိုးရေးသိပ္ပံ မှာ တာဝန်ကျ ခဲ့ကြတာ..။သင်တန်းများ ရှိလျှင် ဆုံခဲ့ဘူးပါတယ်..။

အခု လို တောတောင်ထဲ မှ လယ်သမား သင်တန်းကျောင်း မှာ ပြန်တွေ့ရတော့ ဝမ်းသာ မိမယ် ကြံကာ ရှိသေး…။ အခု လူ့လောက ထဲ မှ ထွက်ခွာ သွားခဲ့ချေပြီ..။

ကျွန်မ စဉ်းစားနေမိတာက အေးသာယာ မြို့ က မိသားစု ဆီ ရောက်ရန် စော နေတဲ့ ဇော သည် သေခါ နီး ရဲ့ မရဏာ သန္နဇော ဖြစ်လိမ့်မယ် လို့ တွက်ဆရ ပါတယ်..။
အခင်းဖြစ်ချိန် နဲ့ သေဆုံးချိန် ၁၂ နာရီ တာ ကာလ မေ့မျော နေချိန် မှာကော ဘယ် သို့ရှိမှာ ပါလိမ့် လို့ တွေးနေမိပါတယ်..။

မမျှော်လင့် ပဲ .. ပြင်ဆင်ချိန်မရပဲ…..ဝုန်းကနဲ ဒိုင်းကနဲ ဘဝကူးရရင် ခက်ရချည့် ဆိုတာ လက်တွေ့ သင်္ခန်းစာ ဖြစ်ခဲ့ ရပါပြီ..။

ဘုရားရှင် ဟောကြားတော်မူခဲ့ဘူးတဲ့ တရားအကျဉ်းချုပ်လေး ကို ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ရေးသားခဲ့တဲ့ လင်္ကာ လေးကို ပဲ ရွတ်ဆို ပူဇော် ရပါတယ်..။ အော်… မောင်းနှင် ခါ ..အပို့ ခံနေရပါတကား ဟူ၍..။

*ဥပ နီယတိ လောကော အဒ္စ္ဒုဝေါ
အိုနာ သေ သို့ ၊ မောင်းနှင်ပို့ ၊ လူတို့ မမြဲ ပါတကား။
------------------------------------------
ညှိနှိုင်း ရ မှာ အင်မတန် ဝန်လေး တတ်ပြီး လွတ်လပ် ချင်သော ကျွန်မ သည် တစ်ယောက်တည်း နေထိုင်သွားလာ ရတာ ကို ထုံမွေ့ တတ်ပါတယ်..။
တစ်ခါ တစ်ခါ မှာ တော့ အခြံအရံ ၊ အစောင့်အရှောက်များ စွာ ဖြင့် ဘုန်းကံကြီး မားကြသော သူငယ်ချင်းများ ကို မြင် ရင် အားကျ သလို..သတိလစ်တဲ့အခါ ဝမ်းနည်းသလို လို လေးတော့ ဖြစ်တတ်ပါသေးတယ်..။

တကယ်တော့လည်း အို ၊ နာ ၊သေ ဘေး တို့ ကြုံတွေ့ တဲ့အခါ စောင့်ရှောက် သူများ ရဲ့ တကယ် မစောင့်ရှောက်နိုင်တဲ့အဖြစ်ကို ဒီဆရာ ရဲ့ အဖြစ်နဲ့ တွေးတော ဆင်ခြင် မိပါတယ်..။ ဒီလို ပဲ မြင်အောင်ကြိုးစား တာ ဟာ အမှန်တရားပဲ မဟုတ်ပါလား ။

*အ တာဏော ၊ လောကော အနဘိဿရော
စောင့်ရှောက်သူမဲ့ ၊ ကိုးရာ မဲ့ ၊ အားနွဲ့ လှချည် ပါတကား။ 
--------------------------------------------
အိမ် ရောက်လို့ မှ မကြာ ခင်..ကျွန်မ ရဲ့ အတ္တမာန ကို ခပ်ပါးပါးလေး ထိပါး နှောင့်ယှက် လိုက်တဲ့ သတင်းတစ်ပုဒ်ကို ကြားသိလိုက်ရပါတယ်..။

ကျွန်မ ရဲ့ တည်ရှိမှု သည် အရေးမပါတော့ပြီလော..။
ကျွန်မ ၏ နှစ်အတန်ကြာ ကြိုးစား တည်ဆောက်ခဲ့သော အချက်အလက် များသည် မလို အပ် တော့ပြီလော..။

ကျွန်မ သည် အလေးထားအပ်သော အနေအထားတွင် ရှိမနေတော့ပြီလော..။
ငါ..ငါ..ငါ နှင့် တဒင်္ဂ ပူလောင်မှုသည်.. ထိန်းချုပ်မရ..။

ပိုင်းလော့ ဘုန်းဘုန်း ကတော့ ဆုံးမ ဘူးသည်..။ ဒီအချိန်မှာ မရှုမှတ်နိုင်ခင် ဖုန်းတွေ မဆက်မိစေနဲ့ ၊ ဆုံးဖြတ်ချက်တွေ မချမိစေနဲ့ ။

ဆရာဦးစိုးသိန်း ရဲ့ မရဏ ပုံရိပ် နေရာမှာ အစားထိုးရင်း တစ်ခါ ထပ် သုံးသပ်ရပြန်ပါတယ်..။

*အဿကော လောကော ၊ သဗ္ဗံ ပဟာယ ဂမနီယံ ။ 
ကိုယ်ပိုင်ဥစ္စာ ၊ မရှိပါ ၊ ထားကာသွားရမှာ ပါတကား ။
-----------------------------------------------
ထားသွား ရမဲ့ အရာအားလုံး ကို ဖက်တွယ် ပြီး အကုသိုလ် မဖြစ်အောင် ၊ တမလွန် ထိ မသယ် ဆောင်မိအောင် ၊ မတန် တာတွေ မလဲလှယ် မိ အောင် သတိ ပေးနေရပါတယ် .....သို့သော် နာရီဝက်ခန့် ပူလောင်ခဲ့ရပါပကော..။

မဖတ်ရတာ ကြာပြီးဖြစ်တဲ့ ဖေ့စ်ဘုတ် တစ်ခွင် ရှုမြင် လိုက်တော့လည်း ..။

လူတွေ ဟာ အသိအမှတ်ပြုခံ လို မှု လိုအင် …..

ချီးကျူး ခံလို မှုလို အင်……

အထီးမကျန် ချင် တဲ့လို အင်.......

တွေ နဲ့ တင် ထား သမျှ..ပိုစ့်တွေ ကြည့်ရင်း ကိုယ် လည်း တင်ချင် စိတ် ဖြစ် လာကာ…. မရဏာနုဿတိ တွေ ခဏပျောက် ကုန် ရပါတယ်..။

တကယ် တော့လည်း ..ကျွန်မ တို့ အားလုံး ဟာ .....

*ဦနော လောကော အတိတ္တော တဏှာဒါသော ။
လို မပြည့်ဝ ၊ အားမရ ၊ တဏှာ့ကျွန် ချည်း ပါတကား ။
------------------------------------------------

မေတ္တာဖြင့်
သစ္စာအလင်း