နိုင်ငံခြားသားများကို ဗုဒ္ဓတရားတော်များနှင့် မိတ်ဆက်ရှင်းပြပေးတဲ့ အခါတိုင်းမှာ ကျွန်မ တက္ကသိုလ်ကျောင်းသူ ဘဝက အ-သုံးလုံးကျေ လုပ်အားပေး အဖြစ်တစ်လတာ နေထိုင်စာသင် ပေးခဲ့ရသော ကျောင်းကုန်းမြို့နယ် အပိုင် တိုက်ကုန်းကျေးရွာ ကလေးကို လွမ်းဆွတ် သတိရ အားနာ လှပါသည်။
ကျွန်မ၏ ပင်ကိုယ်သဘာဝ တောလက်ကျေးရွာမှာ ပျော်ရွှင်ပါသည်။ ပွင့်လင်းရိုးသား ကြသော လေးစားချစ်ခင် တတ်သော မေတ္တာစစ်စစ် များကို ချိုမြိန် ရွှင်လန်းစွာ သောက်သုံးခဲ့ ရဘူးတာ ဘယ်တော့မှ မမေ့ပါ။ ကိုယ်၊ နှုတ် စိတ်နှလုံး သုံးပါးလုံး လွတ်လပ် ပေါ့ပါးစွာ ရှင်သန်နိုင်ပါသည်။ ထိုစဉ်က ကျွန်မ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တတိယနှစ် အတန်းတင် စာမေးပွဲဖြေအပြီး နွေရာသီကျောင်းပိတ်ရက်မှာ အိမ်သို့မပြန်ပဲ ထိုရွာကလေးတွင် စာမတတ်သူများကို စာသင်လုပ်အားပေးခဲ့ပါသည်။
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ မှ ၃နာရီခန့်မော်တော်စီးမှ ပုဆိန်ပဲ့ ရွာကြီးသို့ ရောက်ပါသည်။ ပုဆိန်ပဲ့ မှ လှည်းလမ်းဖြင့် ကုန်းတွင်းသို့ ၃နာရီခန့်သွားမှသာ ရောက်ရှိနိုင်သော ကျေးရွာကလေးပါ။ အိမ်ခြေ ၅၀ခန့်သာရှိပြီး ပညာ အတတ်ဆုံး ရွာသားလေးဟာ ၉တန်းအများဆုံးပါပဲ။ ကျွန်မ၏ သူငယ်ချင်း ပုသိမ်သူ မလဲ့လဲံဝင်း နှင့်အတူ ကျေးရွာကောင်စီဥက္ကဋ္ဌ အိမ်မှာ နေကြရပါတယ်။ တစ်ရွာလုံးမှာ ရေတွင်းတစ်တွင်းသာ ရှိပြီး ကျွန်မတို့ ရေဆင်းချိုးချိန် တစ်ရွာလုံး ဝိုင်းအုံကြည့်တာ ခံရတာ ကလွဲပြီး အဆင်ပြေပါတယ်။
ကျွန်မမှာစာသင်သား ၁၂ယောက် ရှိပါတယ်။ မသပြေသူ ဆိုတဲ့ သူစာရင်းသာဝင်ပြီး ရောက်မလာတော့ အိမ်လိုက်သွား တော့မှ အဆစ်အမြစ်ယောင် ရောဂါနှင့် လမ်းမလျှောက်နိုင်ပါ။ ရွာကလေးက ခေါင်လှတော့ အိမ်က ထည့်ပေးလိုက်တဲ့ ငွေသုံးရာ ဘယ်နေရာသုံးရမှန်း မသိ အရာမယွင်းခဲ့။ ဒါနဲ့ ကျွန်မတို့ဆေးကုပေးဘို့ ဆုံးဖြတ်ချက်ဖြင့် ကျောင်းကုန်းမြို့ ပေါ် တက်ခဲ့ပါတယ်။ နောက်တော့ ကောင်းလာပါတယ်။ ကျွန်မ က ဝမ်းသာလှစွာ သတင်းမေးသွားတော့--- ဆရာမလေးရေ…. ဝက်ကလေးတစ်ကောင် ဝယ်ပြီး နတ်စားလိုက်တာ နဲ့ ပြန်ကောင်းသွားတာတဲ့..။ ကျွန်မတို့ ဘာပြန်ပြောရမည် ပင် မသိခဲ့။
နောက်တစ်ယောက်က မနန့်ငွေသန်း အသက် ၃၀လောက်ရှိတဲ့အပျိုကြီး ကျွန်မဝိုင်းမှာ စာအလိုက်နိုင်ဆုံးမို့ ကျွန်မ ချစ်ပါသည်။ ကျွန်မတို့ စားသောက်ရေးမှာ တစ်အိမ် တစ်ရက် လှည့်လည် စားသောက် ရပါသည်။ တစ်လကုန် ခါနီးထိ သူ့မှာ ကျွန်မတို့ကို ကျွေးခွင့်မရ၍ မျက်ရည်တွေ ဝဲနေခဲ့ပါတယ်။ နောက်တော့မှ သိရတာ သူ့ဖခင် နှင့်အဖိုးမှာ နူနာရောဂါသည် ဖြစ်နေပါသောကြောင့် ထမင်းကျွေးခွင့်မပေးပါတဲ့။ ကျွန်မကတော့ ထင်တော့ထင်သား နေ့လည် စာသင်ချိန်ပြီးတဲ့ အခါ လာရောက်ကြည့်တဲ့ အဘိုးအဘွားများကို ကျွန်မ လက်သည်း ခြေသည်း ညှပ်ပေးခဲ့ ပါတယ်။ အဲဒီ အထဲမှာ လက်သည်းခြေသည်းမပါတဲ့ ခြေချောင်းမပါတဲ့ ခြေထောက်တစ်စုံကို မြင်ရတော့ ထိတ်လန့်သွားခဲ့ဘူးတာကိုး။ နန့်ငွေသန်းအဖိုးပေပဲ။
တစ်ခါ သူ၏အဖေ ကပုဆိုးလေးကိုခြုံ ရေတွင်းနားမှာမှီရပ်လျက် ကျွန်မ စာသင်တာ လာကြည့်ပါတယ်။ ထိုစဉ် လေကအဝှေ့ ပုဆိုးက ရေတွင်းထဲ ပြုတ်ကျတော့ ထိုးဝါးများဖြင့် ပြန်ဆယ်ခဲ့ရပါတယ်။ ကျွန်မတို့ သူငယ်ချင်း နှစ်ယောက် ရေကိစ္စ ဘယ်လိုလုပ်ကြမလဲ.. ဘယ်လိုမှ လုပ်စရာမရှိ…။ ချိုးကြရုံပါပဲ--- ဟုဆုံးဖြတ်ခဲ့ရပါတယ်။
နန့်ငွေသန်းက ကောင်စီဥက္ကဋ္ဌ ထံတောင်းဆိုသည်မှာ ထမင်းကျွေးခွင့်။ သည်တစ်ခါတော့ခက်ပြီ။ ဘယ်လို လုပ်ရမည်မသိ။ နောက်တော့ ဥက္ကဋ္ဌ က ဆုံးဖြတ်ပေးသည် ထမင်းတော့မကျွေးရ… အကြမ်းသောက် ဖိတ်နိုင်သည်တဲ့။ ပျော်ရွှင်ကြည်နူးသွားတဲ့ နန့်ငွေသန်း ကို ချစ်ခင်စိတ်နဲ့ ပဲ သူ့အိမ်ကို ရောက်ခဲ့ရပါတယ်။ ပဲကြီးလှော် ထန်းလျက်ခဲ ရေနွေးကြမ်း တို့ဖြင့်ဧည့်ခံပါတယ်။ တကယ်ပဲ အားပါးတရ စားပြ ခဲ့ရပါတယ်။ ထူးဆန်းသည်မှာ သူ့အမေ မှာ ဇနီးဖြစ်လျက် ရောဂါ မကူးစက် အကောင်းပကတိ။ သူတို့ပြောပြသည်မှာ ကရင်ရိုးရာ အရှောင် ထိတာပါတဲ့။ ကူးစက်ရောဂါ မဟုတ်ပါတဲ့။ သိစရာတွေ တော်တော်တိုးတက်ခဲ့ပါသည်။
ထိုစဉ်က ကျွန်မတို့သူငယ်ချင်း နှစ်ဦး သင်္ကြန်မှာ ရွာလုံးကျွတ် မုန့်လုံးရေပေါ် ကျွေးတာကို တစ်ယောက်မှ ၁၅ကျပ်သာကုန်သည်။ သက်ကြီးပူဇော်ပွဲ လုပ်၍ ကန်တော့တော့ နတ်ကိုးကွယ်သောရွာမှာ အထူးအဆန်း ဝမ်းမြောက်ကြပါသည်။
နောက်ဆုံး ကြေကွဲစရာအကောင်းဆုံးက တစ်လပြည့်၍ အိမ်ပြန်ချိန်……. လော်စပီကာ အော်လံများထောင် ကာ နွားလှည်း နှစ်စီး ဖြင့်ဆရာမ နှစ်ယောက်တင်လျက် ငိုယိုကာ လိုက်ပို့ကြသည်မှာ ရွာလုံးကျွတ်။ ဆို့နင့်ကြေကွဲသော ခံစားချက်က ခုထိ ပူနွေးနေဆဲပါ။
ကျွန်မတို့ ဇီးငူဆိုတဲ့ အိမ်ခြေ ၃၀၀ကျော်ရှိတဲ့ ရွာကြီးမှာတစ်ည အိပ်ရပါတယ်။ အဲဒီမှာ ကျွန်မတို့ စိုက်ပျိုးရေးတက္ကသိုလ်မှ လုပ်အားပေးဆရာမ များကို စုပေါင်းဂုဏ်ပြုပွဲလုပ်ပေးပါတယ်။
ထိုစဉ်မှာပဲ အခုနာဂစ်မုန်တိုင်း တိုက်သလို မုန်တိုင်းတစ်ခုက ဂွမြို့ကို ဝင်တိုက်ခဲ့သည်ကိုး။ ကျောင်းကုန်း သည်လည်း ခံစားခဲ့ရပါတယ်။ ကျွန်မတို့ ဆရာမ လေးယောက်နှင့်အတူ ဝမ်းဆွဲဆရာမ လင်မယားတို့ တည်းအိမ် များကိုမပြန်နိုင်။ လေကပြင်းထန်လှသည်။ ငိုကြ ယိုကြ နှင့် ယောက်ယက် ခပ်ကုန်သည်။
အိမ်လေးမှာ သိမ့်သိမ့်တုန်နေပါသည်။ ကျွန်မတို့ သူငယ်ချင်းတွေ တိုင်ပင်၍ အဆောင်မှာ ရွတ်နေကြအတိုင်း ဓမ္မစင်္ကြာနှင့် ပဋ္ဌာန်းတရားတော် စုပေါင်းရွတ်ဆို မေတ္တာပို့ ကြပါသည်။ ငိုယိုနေသော လူကြီးများ တော်တော်လေး တည်ငြိမ်သွားကြပါတယ်။ အများစု နတ်ကိုးကွယ်ကြသောရွာမှာ သြကာသ ဘုရားရှိခိုးပင် ရသူ မရှိခဲ့။
မနက်မိုးလင်းတော့ သွပ်လန် အိမ်ပြို သစ်ပင်များ လဲပြိုနေသာ ရွာကလေး ကို စွန့်ခွာ ခရီးဆက် ရပါတော့တယ်။ လှည်းလမ်းကပျက်ခဲ့ပြီမို့ ခြေလျင် ချီတက် ခဲ့ရပါတယ်။ သူတို့ အိမ်ပြိုတာထက် ကျွန်မတို့ကို ရေလမ်းခရီးမှာ ဒုက္ခရောက်မှာ စိုး၍ မပြန်ကြရန် တားလျက် ထပ်ငိုကြပါသေးသည်။
ဖြူစင်သော မေတ္တာစစ်စစ် ကို ခံစားရရှိ ခဲ့ဘူးပါသလား---- ဟုကျွန်မအား မေးလာခဲ့လျင် ကျွန်မသည် ကျောင်းကုန်းမြို့၊ တိုက်ကုန်းရွာလေးကို လက်ညှိုးညွှန်ပြမိမှာ အမှန်ပါပဲ။ တစ်နေ့မှာ အရောက်ပြန်လာမယ် ထိုက်သင့်တာတွေ လုပ်ဆောင်ပေးမယ် အားခဲခဲ့သော်လည်း အနှစ်၂၈နှစ်သာ ကြာခဲ့ပြီး အကောင်အထည် မပေါ် ဖြစ်ခဲ့ပါ။ တွေးမိတိုင်း အားနာ နေရသည်။
အခုတော့ ပို၍ ဝေးကွာလှပါသည်။ ကံတရား၏ စီမံမှုဖြင့် ရောမ တွင်နေထိုင်ရပါသည်။ ကျွန်မ၏ ဘာသာရပ်ဆိုင်ရာ Presentation တိုင်းတွင် မဆိုင်ပေမဲ့ မြန်မာ ပြည်မှ စေတီပုထိုးများကို အနည်းဆုံး ဆလိုက် နှစ်ချပ် လောက်တော့ထိုးပြပါသည်။ ဗုဒ္ဓသာသနာ ထွန်းကာရာ တိုင်းပြည်မှ လာကြောင်းတော့ သိစေခဲ့ပါသည်။
ဒါကြောင့်လည်း ကျွန်မအား ဘာသာရေး အကြောင်း၊ ဝိပဿနာ အကြောင်း မေးသူ နိုင်ငံခြားသား မိတ်ဆွေများ ကိုပြောပြ မျှဝေခြင်း ကို လုပ်ဆောင်ခဲ့ရပါသည်။ ကျွန်မသည် အင်္ဂလိပ်စာအရေးအသား အတော်ကြီးတော့ မဟုတ်ပါ။ တတ်စွမ်းသလောက်ကြိုးပမ်း လုပ်ဆောင်ရင်း ချစ်လှစွာသော အမိမြေ ကိုဂုဏ်ယူချင် သူသာဖြစ်ပါ သည်။
ကျွန်မ၏ သန္တိသစ္စာ - Blog http://thantithitsar.blogspot.com တွင်မြန်မာပြည်မှ စေတီပုထိုးများ ဆရာတော်များ၏ နည်းပေးလမ်းညွှန် သွန်သင် ဆုံးမမှုများကို အင်္ဂလိပ်ဘာသာပြန်ဖြင့် ဖော်ပြသွားမှာဖြစ်ပါတယ်။
အီတလီဘုန်းတော်ကြီး ဦးလောကနာထသည် ဓမ္မပဒ ကို အဂ်လိပ်လိုဘာသာပြန် ဖတ်ရှုလျက် ပြင်းထန်စွာ ယုံကြည် ကိုးကွယ်သော ရိုမန် ကက်သလစ်ဘာသာဝင် ဘဝမှ ဗုဒ္ဓဘာသာ အဖြစ်ကူးပြောင်း ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဦးလောကနာထ ကိုအကြောင်းပြုပြီး ဗုဒ္ဓဘာသာကူးပြောင်းလာသူ အနောက်တိုင်းသား အမြောက် အများ ပေါ်ထွက်ခဲ့ပါတယ်.. နောက်သူ့အကြောင်းရေးပါအုံးမယ်။
သည်လိုပေါ်ထွက်လာနိုင်ခဲ့တာကို စဉ်းစားနိုင်ခဲ့လျှင် ကျွန်မ ပြန်မရောက်ဖြစ်ခဲ့သော ဘာမှ ပြန်လည်း လုပ်ဆောင် မပေးနိုင်ခဲ့သော ချစ်လှစွာသော အမိမြေ မှ မေတ္တာပတ်ဝန်းကျင် တိုက်ကုန်းရွာကလေးသည် ကျွန်မအား ခွင့်လွှတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
(မြန်မာပြည်မှာ တိုက်ကုန်းရွာ များစွာ ရှိနေပါတယ် ပြည်ပသာသနာပြု အပြင် ပြည်တွင်းသာသနာပြုများပါ လိုအပ်ကြောင်း ဖော်ပြချင်လို့ပါရှင့်။)

0 မှတ်ချက်ရေးရန်:
Post a Comment