Friday, February 26, 2010

ကတညုတ မျက်စိ ဖြင့်လောကကို ကြည့်ခြင်း

လုံးတော်ပြည့်ရွှေချထားလို့ ငြမ်းဖျက်ထားခါစဖြစ်တဲ့ လေးဆူဓာတ်ပုံ၊ ရွှေတိဂုံ စေတီတော်ကြီးသည် အလွန့် အလွန် ကြည်ညိုဖွယ်ရာ ရွှေရောင်ဝင်းသစ် တင့်တယ် လွန်းလှပါတယ်။ အထက်ပစ္စယံက စေတီရံများ၊ ရင်ပြင်တော်ပေါ်က စေတီရံများသည်လည်း လူ့ပြည်လူ့ ရွာရဲ့ အလှပဆုံး၊ စိတ်ညွှတ်နူးဖွယ် အကောင်းဆုံး မြင်ကွင်းကို အားဖြည့်တန်ဆာ ဆင်လျက်ရှိကြပါတယ်။စေတီတော်နောက်ခံ မိုးပြာရောင်ကောင်းကင်ကြီးသည် အပြာရင့်ရောင်မှ အမှောင် တွင်းသို့ ချင်းနင်းကာ အားကောင်းသော အလင်းဆောင် ရပ်တည်နေမှုကို ပေါ်လွင်ထင်ရှားနေစေပါတယ်။ ထေရဝါဒဗုဒ္ဓ ဘာသာဝင်တို့ရဲ့ အထွဋ် အထိပ်၊ အနှိုင်းမဲ့ သဒ္ဓါတရား ရဲ့ ပြယုဂ်၊တည်ကြည် ခိုင်မာ တဲ့ လေးစားတန်ဘိုးထားမှု ရဲ့ ပုံရိပ် တွေ ဆိုတာကို သန်းခြောက်ထောင် သောလူသားများထဲမှ အဘယ်သူလာကာ ညင်းဆိုနိုင်ပါအံ့နည်း။

ကျွန်မ ပါဝင်တဲ့ တနင်္လာ သန့်ရှင်းရေး အသင်းမှာ လှဲကျင်းရတဲ့ ညောင်ရွက်ကြွေတွေ၊ ပါးရှားစပြု လာချိန်ကျတော့မှ မြောက်ဖက်မုခ်ရင်ပြင်တော်က ညောင်ပင်ကြီးကို အသေအချာမော့ကြည့်ဖြစ်ပါတယ်။ ရှားပါးလှသော အစိမ်းနုရောင်၊ သစ်လွင်သော၊ လန်းဆန်းသော၊ နုနယ် ပျိုမျစ်သော ညောင်ရွက်နုသစ်လေးများ တဝေဝေ နဲ့ စိမ်းလန်း စိုပြေသော-တပေါင်းသာခေါင်လများနောင်- ကိုရောက်ရှိခဲ့ ပါပြီဆိုတာ ပြောပြနေပါတယ်။ သည်တပေါင်းလပြည့်ဆိုရင်တော့၊ ကျွန်မရဲ့မွေးရပ်မြေက ရွှေတိဂုံ စေတီတော်ကြီးဟာ ၂၅၉၈ ကြိမ်မြောက် သက်တမ်းကို ရောက်ရှိခဲ့ပါ ပကောလား။ တပေါင်း လပြည့် ဗုဒ္ဓ ပူဇနိယ ပွဲတော် အခမ်းအနားများ စွာ ကို လပြည့်နေ့ မတိုင်ခင် ၁၀ရက် အလို ကတည်းက ကျင်းပ နေခဲ့တာ၊ လူပုဂ္ဂိုလ် ဝတ်အသင်း များရဲ့ ပဋ္ဌာန်း ရွတ်ဆိုပူဇော်ပွဲ၊ ရဟန်းသံဃာတော် အပါး ၁၂၀ တို့ရဲ့၊ ၂၁၆ နာရီကြာ အသံ မစဲ ပဋ္ဌာန်း ရွတ်ဆိုပူဇော် ပွဲတွေ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတော် နဲ့ စည်ကား သိုက်မြိုက်စွာ ပါဝင် ဆင်နွှဲ ကြသလို အားလုံးရဲ့ ရင်ထဲ မှာကိန်းနေတဲ့ကုသိုလ် တရားရဲ့ အအေးဓာတ် အရှိန်အဟုန်ကိုပါ ပူးဝင်ခံစားနေရသလိုပါပဲလေ။


ချမ်းသာကြီးတန်ဆောင်းအတွင်းယာယီတည်ဆောက်ထားတဲ့၊ ရတနာဃရ၊ ပဋ္ဌာန ဓမ္မဗိမာန် အတွင်း ရွတ်ဆို ပူဇော် နေတဲ့ ပဋ္ဌာန်းတရားကို နာယူရင်း ဗုဒ္ဓဂါယာ- ရတနာဃရ- သတ္တာဟမှာ ပဋ္ဌာန်းကျမ်းကို ဆင်ခြင်တော်မူခဲ့တဲ့ ကျေးဇူးတော်ရှင်၊ မြတ်ဗုဒ္ဓကို မြင်ယောင် ကြည်ညို နေမိပါတယ်။ ဆင်ခြင်တော်မူရင်း ရောင်ခြည်တော် ခြောက်သွယ်ကို တစ်ပြိုင်တည်း ကွန့်မြူးထွက်ပေါ်ခဲ့တဲ့ အထိ၊ ကျယ်ဝန်းနက်နဲ လှတာကိုလည်း သတိရမိပါတယ်။
လောကမှာ အရေးအကြီးဆုံး အချက်က ကျေးဇူးသိတတ်ဘို့ပါပဲ။ ကျေးဇူးတရားကို မြတ်ဗုဒ္ဓက ပဋ္ဌာန်းတရားတော်မှာ ဟောကြားခဲ့ တာမို့ အနှစ်သာရကို ကျွန်မတို့ သိတတ်ဘို့လိုပါလိမ့်မယ်။ပဋ္ဌာန်း ဆိုလျှင် ကျွန်မတို့က ပဋ္ဌာန်းရေ သောက်မယ် အန္တရာယ်ကင်းတယ်၊ လူပြုစားမခံရဘူး။ ပဋ္ဌာန်းရွတ်လျှင် ကိုယ်တွင်းက ပုန်းအောင်းနေတဲ့ တန်ခိုးသတ္တိတွေ ထွက်ပေါ်လာ တတ်တယ်လောက်သာ သိရှိနေခဲ့တာကိုး။ တကယ့် အနှစ်သာရ ဖြစ်တဲ့ ကျေးဇူးတရားသိတတ်ဘို့၊ လက်တွေ့ဘဝထဲမှာခံယူ ကျင့်သုံးဘို့ ဆိုတဲ့ အဆင့်ထိ တက်လှမ်းကြရအောင် ကျွန်မ ပြောကြည့်ချင်လှပါတယ်။

ပဋ္ဌာန်းပါဠိတော်ရဲ့ ဥပနိဿယပစ္စယောမှာ (ဥတုဘောဇနမ္ပိ- ဥပနိဿယပစ္စယေနပစ္စယော၊ ပုဂ္ဂလောပိ-ဥပနိဿယ ပစ္စယေနပစ္စယော၊ သေနာသနမ္ပိ- ဥပနိဿယ ပစ္စယေန ပစ္စယော) ရာသီဥတု၊ အစာအဟာရ၊ ပုဂ္ဂိုလ်သတ္တဝါ၊ နေရာဒေသ တို့သည် ထိုထို သတ္တဝါအား ဥပနိဿယ ပစ္စည်း၊ အားကြီးသော အထောက်အပံ့ဖြင့်ကျေးဇူးပြုသည်- လို့ ဟောကြားတော်မူထားတာ ဖြစ်လို့ ပတ်ဝန်းကျင် လောကဆိုတာ လူသားအားလုံးရဲ့ ကျေးဇူးရှင် ဖြစ်တာ ထင်ရှားနေပါတယ်။

အမှန်တကယ်တော့ ကျွန်မတို့ လူသားတွေဟာ ပတ်ဝန်းကျင်လောက ကမွေးထုတ်လိုက်တဲ့အတွက် ပတ်ဝန်းကျင် လောကရဲ့ သမီးသားတွေပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်လောကရဲ့ ကျေးဇူးဆိုတာ သိတတ်မှသာ ကျေးဇူး ဆပ်တယ်ဆိုတဲ့ အလုပ်ကို အားကျိုးမာန်တက်၊ လုပ်ဆောင်နိုင်ကြမှာ မဟုတ်ပါလား။
ပတ်ဝန်းကျင်လောကရဲ့ ကျေးဇူးကိုသိတတ်သူများစွာ တွေထဲမှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရားဟာ အသိဆုံးဆိုသူ ပုဂ္ဂိုလ်တို့ထက်သိတတ်တော် မူခဲ့သူသာ ဖြစ်ခဲ့ပါတယ်။ ပတ်ဝန်းကျင်လောကရဲ့ ကျေးဇူးကို သဗ္ဗညုတဉာဏ် ဖြင့်ပြည့်စုံအောင် သိတော်မူခဲ့ပါတယ်။
ဒါကြောင့်မို့လို့လည်း သုမေဓာ ရှင်ရသေ့ ဘဝ ကတည်းကိုက ပတ်ဝန်းကျင်လောကရဲ့ ကျေးဇူးကို အသိ ဆုံးပုဂ္ဂိုလ် တို့ထက် ပိုသိသူ၊ ပတ်ဝန်းကျင်လောကရဲ့ ကျေးဇူးကို အဆပ်နိုင်ဆုံး ပုဂ္ဂိုလ်တို့ထက် ပို၍ ဆပ်နိုင်သူ ဖြစ်ပါစေရန်- ဒီပင်္ကရာ မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ် လက်ထက်တော်မှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါလျက်၊ မျက်မှောက်မပြုသေးပဲ၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီတော်များ ဖြည့်ကျင့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။

ပတ်ဝန်းကျင်လောကရဲ့ကျေးဇူးဆပ်ခြင်း ဆိုတာက ပတ်ဝန်းကျင်လောကနဲ့ ဆက်ဆံတဲ့နေရာမှာ၊ မြင့်မြတ်တဲ့ ဆက်ဆံနည်းနဲ့ ဆက်ဆံတာပဲ ဖြစ်ပါတယ်။ အဲဒါကို ပါရမီ ဖြည့်တယ်လို့ ခေါ်တာပါပဲ။ ဝိသုဒ္ဓိမဂ်မှာ၊ (ကတ္တဗ္ဗ မေဝိဒံ )လို့ ဖွင့်ဆိုကြောင်း လယ်တီဆရာတော်ဘုရားက၊ ဥတ္တမပုရိသ ဒီပနီမှာ ဆိုပါတယ်။ ဘယ်လုပ်ငန်းကို လုပ်သည် ဖြစ်စေ လုပ်သင့်လုပ်ထိုက်သောလုပ်ငန်း အဖြစ်ခံယူပြီး ဖြူစင်တဲ့စေတနာနဲ့ လုပ်ဆောင်ခြင်း ဆိုတာ (ကတ္တဗ္ဗ မေဝိဒံ) ပါပဲ။ ပါရမီလုပ်ငန်းလို့ခေါ် နိုင်သလို၊ လောကအပေါ် ကျေးဇူးဆပ်ခြင်းလို့လည်း ခေါ်ဆိုနိုင်ပါတယ်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရားရဲ့ ဂုဏ်တော် ဆိုတာ အသင်္ချေယျပါ။ ဒီနေရာမှာ ကျွန်မပြော ပြချင်တာ သူတထူးရဲ့ ကျေးဇူးတရားနှင့် ဂုဏ်ကိုသိမှု (တနည်း) ကတညုတ မျက်စိဖြင့်လောကကို ကြည့်တတ်မှု တစ်ခု ကလေးကိုပါ။

အဲဒီ မျက်စိကို တကယ် ရရှိကျင့်သုံးတဲ့ အခါ အများကြီး အဆင်ပြေလာပါတယ်။ စိတ်အမြင်ပြောင်း တယ်ခေါ်မှာပေါ့နော်။ ရင်ထဲက အကျိတ်အခဲ တော်တော်များ များကိုလည်း ချေဖျက်နိုင် လာပါတယ်။ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရား ဆုံးမတော်မူခဲ့တဲ့၊ ဘဝ သံသရာ ရှည်လွန်းလို့ မတော်ဘူးသော အမိ၊ မတော်ဘူးသော အဘ မရှိ၊ ဆိုတာလည်း ထပ်မံအားဖြည့်ပေးပါတယ်။ ကျေးဇူးကို မြင်အောင်ကြည့်တဲ့ အခါ မေတ္တာ ဆိုတာ အလိုလို ထွက်ပေါ် စမြဲမို့ ပတ်ဝန်းကျင်လောကဟာ ချစ်ခင်စရာ၊မြတ်နိုးဖွယ်ရာ၊ ခွင့်လွှတ်ဖွယ်ရာ၊ စောင့်ရှောက်ကူညီ ဖွယ်ရာ အဖြစ် တစ်ဖန်အသစ် မွေးဖွားလိုက်သလိုပါပဲ။

လောကသဘာဝ အရ မိမိ ချစ်တဲ့သူ အတွက်ဆိုရင် အနစ်နာ ခံတတ်လာပါတယ်၊ ဒုက္ခတွေ့ရင်လည်း သည်းခံစိတ်နဲ့ ဆောင်ရွက်ပေးတတ်လာပါတယ်။ ကုသိုလ်လုပ်ရင်လည်း ဘဝသမ္ပတ္တိ၊ ဘောဂ သမ္ပတ္တိ၊ တစ်ခုခုကိုရရှိခံစား စံစားလိုတဲ့ အကျိုးမျှော်စိတ်တွေ မပါဝင်တော့ပါဘူး။ မျှော်လို့မောရတဲ့ ဘဝ အမောတွေ နေရာမှာ လေးနက်တဲ့ အဓိပ္ပါယ် တစ်ခု စီးဝင်လာပါတယ်။
ဂုဏ်တော် တစ်ပုဒ် ပွားများပြီးတိုင်း င့ါမျှော်မှန်းချက်တွေ ပြည့်တော့မယ် ဆိုတဲ့ နှလုံးသွင်းမှုထက်။ ဘုရားရှင်ရဲ့ကျေးဇူးကို တစ်ကြိမ်ဆပ်ပြီးပြီ ဆိုတဲ့ ပီတိက နေရာယူလာပါတယ်။ ကျေးဇူးဆပ်ခြင်း သဘောအရ ကျေးဇူး များများဆပ်နိုင်လေ များများ ကြည်နူးရလေ ဖြစ်ပြီး လုပ်သင့်သော လုပ်ငန်း များများလုပ်နိုင်လေ များများကြည်နူးရလေ ဆိုတာ ပြောမယုံ။ ကြုံဘူးမှသာ သိနိုင် တာမျိုးပါပဲ။
ဘယ်လိုနည်းနဲ့ ဘယ်အတိုင်းအတာထိအောင် ဆပ်ကြမှာလဲဆိုတာကို ကျွန်မ ဆက်လက်ရေးသား ချင်ပါတယ်။ ပစ္စည်း ဥစ္စာနဲ့လား၊ အတတ်ပညာနဲ့လား ဆိုတာ စိစစ်ပါ့မယ်။ ကတညုတ မျက်စိ ဖြင့်လောကကို ကြည့်ခြင်း ဆိုတာ ကတော့ ကျွန်မရဲ့ တပေါင်းလပြည့် အကြို ဓမ္မလက်ဆောင်ကလေး ဖြစ်ပါတယ်။ ကျွန်မ ချစ်သော စာဖတ်သူများ အေးမြငြိမ်းချမ်း ကြပါစေရန် ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။

ကျမ်းကိုး- ဆရာကြီး ဦးရွှေအောင်ရေးသားသော- ဗုဒ္ဓ- လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့် ဗုဒ္ဓဝင်) စာအုပ်မှ ပေးအပ်သော အတွေးအခေါ်နဲ့ စာသားများကို ကိုးကားရေးသားပါတယ်။

0 မှတ်ချက်ရေးရန်: