Monday, July 23, 2012

“ပီတိကြွဆေး” (Dr.Ashin Acara)


“ပီတိကြွဆေး”
(နှစ်ငါးဆယ်ပြည့် မွေးနေ့လက်ဆောင်စကား)

-----
ရင်းရဲနဲ့ မန္တလေး လွန်ထိုးနေရတယ် . . . ဒကာမကြီးရေ . . .။ မန္တလေးက ထွက်ခဲ့တဲ့ကားက မူးမြစ် မကျော်ခင် ညောင်ပင်ဝန်းမှာ နာရီဝက်လောက်နားတယ်။ ထမင်းစား နားတာ။ မန္တလေး-မုံရွာ-ရေဦး ကားလမ်းမကို အမှီပြုပြီး ၀မ်းစာရှာကျတဲ့ ဈေးသည်ကျေးရွာတွေထဲမှာ ညောင်ပင်ဝန်းက အလုပ်အဖြစ်ဆုံး ထင်တာပဲ။ မုံရွာ-မန္တလေး နှစ်မြို့ရဲ့ အလယ်မှာ ရှိတာကိုး။ ပထ၀ီ အနေအထား အားသာချက်ကြောင့် တစ်ခြားရွာတွေထက် သာသွားတာပေါ့။ ဒီပဲယင်းကွဲမှာ စိုက်ပျိုးရေးသင်တန်း ပေးတုန်းက ညောင်ပင်ဝန်း ရောက်ခဲ့တယ် မဟုတ်လား။ ထားပါတော့။ အဲ့ဒီမှာ ကားနားတော့ ဒကာမကြီးရဲ့ မွေးနေ့ကို သတိမရခဲ့သေးဘူး။ ကားက မုံရွာကျတော့ ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက် နားပြန်ရော။ ခရီးသည် စုဖို့ နားတာ။ မုံရွာမှာ ဂိတ်ဆုံးတဲ့သူ များတော့ ကားထဲမှာ ခုံလွတ်တွေ များလာတာကိုး။ ကားနားတုန်း ကားပေါ်ကဆင်းပြီး အွန်လိုင်းတက်တော့မှ သတိထားမိတယ် ဒကာမကြီး အသက်ငါးဆယ် . . . . .။

မုံရွာကနေ စိုင်ပြင်ကြီးရောက်ဖို့ လေးဆယ့်ငါးမိနစ်လောက် ဆက်စီးရအုံးမယ်။ မွေးနေ့လက်ဆောင်စကား ဘာပြောရမလဲ ကာစီးရင်း စဉ်းစားရတာပေါ့။ အင်တာနက်လိုင်းကတော့ မုံရွာက ထွက်တာနဲ့ ပြတ်သွားပြီ။ ရေးပြီး နောက်မှ postတင်ရမှာပေါ့။ ခပ်တည်တည်နဲ့ တရားပြ ဆုံးမရရင် ကောင်းမလားလို့ စဉ်းစားမိသေးတယ်။
စိုင်ပြင်ကြီးက “ရာဟုလာ” ဓမ္မသင်တန်းကျောင်း (ယာယီ)မှာ ခဏနားပြီး ရင်းရဲသွားမယ်၊ ရင်းရဲက ဒကာမကြီးရဲ့ စိုက်ပျိုးရေးသင်တန်းဆင်း ကျောင်းသူကျောင်းသားတွေကို “မင်းတို့ ဆရာမကြီး အသက်ငါးဆယ် ပြည့်ပြီ။ မွေးနေ့လက်ဆောင် အမှတ်တရစကား ပြောကြ . . .”ဆိုပြီး သူတို့ စကားတွေကို postတင်လိုက်ရင် ပြီးတာပဲလို့လည်း စိတ်ကူးမိသေးတယ်။

ရင်းရဲနဲ့ စိုင်ပြင်က ဒကာမကြီး ရောက်တုန်းကထက် လမ်းပန်းဆက်သွယ်ရေး ကောင်းနေပြီ။ လမ်းပြင်ထားကြတာ။ မြေသားလမ်းပေမယ့် ကျောက်သေးလေးတွေ ဖြူးထားတာဆိုတော့ တော်တော်ညက်တယ်။ ဂျင်းကျောက်ခင်းတယ်လို့ ပြောကြတာပဲ။ စိုင်ပြင်ကနေ ရင်းရဲရောက်ဖို့ ဆယ်မိနစ်လောက်ပဲ သွားရမှာကို မသွားဖြစ်တာ။ စိုင်ပြင်မှာ အလုပ်ရှိနေလို့။ နောက်နေ့ကျမှ သွားတော့ ကျောင်းပိတ်တယ်။ အာဇာနည်နေ့မို့။ ဒီတော့ တပည့်တွေဆီက ဘာစကားမှ မယူခဲ့ရတော့ဘူးပေါ့။ မစောင့်နိုင်တာနဲ့ သူတို့ကိုတောင် မတွေ့ခဲ့ရဘူး။ ကျောင်းဝင်းထဲမှာ သူတို့ စိုက်ထားတဲ့ သစ်ပင်တွေ၊ ပျိုးပင်တွေပဲ ကြည့်ခဲ့ရတယ်။ ကျောင်းတော် စိမ်းလန်းစိုပြေရေးကိုတော့ တော်တော်လုပ်ထားကြတာပဲ။ စိုက်ပျိုးရေး သင်တန်းဆင်းတွေဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့လေ။ တကယ်တော့ အဲဒီ စိမ်းစိမ်းစိုစိုတွေက ဒကာမကြီး စိုက်ခဲ့တဲ့ အပင်တွေပါ။

မန္တလေး ပြန်ရောက်တဲ့ထိ ဒကာမကြီးအတွက် မွေးနေ့ အမှတ်တရစကား စဉ်းစားလို့ မရသေးဘူး။ အွန်လိုင်း တက်လိုက်တော့မှပဲ ပြောစရာ ပြန်ပေါ်လာတယ်။ ဖိုးသားဆိုတဲ့ ကောင်လေးက လာchatတယ်။ “ဦးဇင်း တပည့်တော် ဒီနေ့ အစ္စရေး ရောက်ပြီ”တဲ့။ “ဖုန်းကဒ် မ၀ယ်ရသေးလို့ ဖုန်းမဆက်နိုင်သေးဘူး။ အဆင်ပြေကြောင်း ပြောလိုက်ပါဘုရား”တဲ့။
သူလည်း ဒကာမကြီးရဲ့ စိုက်ပျိုးရေး တပည့်ပဲလေ။ အစီအစဉ် အသေးစိတ် မသိရပေမယ့် သူတို့ စိုက်ပျိုးရေးသင်တန်း ဆက်တက်ဖို့ ဒကာမကြီးတို့က အစ္စရေး လွှတ်ပေးတယ် ဆိုတာလောက်တော့ သိတာပေါ့။ သူတို့ ဆိုတာက . . . ကျန်တဲ့ရင်းရဲက ကျောင်းသားနှစ်ယောက်ကတော့ နိုင်ငံကူးလက်မှတ် တကိုင်ကိုင်နဲ့ သိပ်မဝေးတော့တဲ့ သူတို့ သွားရမယ့် အလှည့်ကို စောင့်နေကြတယ်တဲ့။ တကယ်တော့ အဲဒီ စိမ်းစိမ်းစိုစိုတွေလည်း ဒကာမကြီး စိုက်ခဲ့တဲ့ အပင်တွေပါပဲ။

အဲဒါတွေ ဘယ်လောက်ထိ လန်းဆန်းနိုင်မလဲ ဆိုတာတော့ အခြေအနေ အချိန်အခါကို ဘယ်သူ သိနိုင်မှာလဲ။

ဘာပဲဖြစ်ဖြစ် စိုက်ပျိုးရေး ပါမောက္ခ ဆရာတစ်ယောက် အနေနဲ့ ပီတိတွေစားပြီး ဒီနေ့ကစ နှစ်တစ်ရာတိုင်အောင် ဆက်လက် စိမ်းလန်းနိုင်ပါစေ။

:)
မေတ္တာဖြင့်
အာစာရ

-----
Comment:
၁ဂရက်နေ့ မှောင်ရီပျိုးမှ ရွာရောက်တာ၊ ကျောင်းပိတ်မှာမို့ မစောင့်တော့ပဲ ၁၉ရက်နေ့ စောစောပြန်ခဲ့တာဆိုတော့ အပင်စိမ်းစိမ်းတွေ ဓာတ်ပုံ မရိုက်ခဲ့ရဘူး။ အရင်တုန်းက ရိုက်ထားတဲ့ လူပင်ဓာတ်ပုံကိုပဲ တင်လိုက်ပါတယ်။

0 မှတ်ချက်ရေးရန်: