Tuesday, January 22, 2013

တွင်း ထဲ မှတောင်ပေါ်သို့ (သို့) တွင်းတောင်မှ အပြန်




စစ်ကိုင်း တိုင်းရဲ့ သဘာဝ ရတနာ

တွင်းဖြစ်ခြင်း သည် မူလ မြေပြင် မှ နိမ့်ဝင် နေခြင်း လို့ အဓိပါယ် ရင်္ပြီး... တောင် ဆိုတဲ့ ဝေါဟာရ ကတော့ မူလ မြေပြင် မှ မြင့်တက် မို့မောက်နေတယ် ဆိုတာ လူတိုင်းသိကြပါတယ်..။

ဒီစကားလုံး နှစ်ခု ကို ပူးတွဲ ခေါ်ဝေါ်ထားတဲ့ -တွင်းတောင်- ဆိုတဲ့ နေရာလေးကတော့ သူ့ရဲ့ နာမည် လိုပဲ ဆန့်ကျင်ဘက် ဝိသေသ တွေ ပိုင်ဆိုင်ထား သလို သဘာဝ တရား ရဲ့ ထူးဆန်းလှတဲ့ လက်ဆောင်မွန် တစ်ခု ဆိုတာ ပိုမို ပြီးနားလည် ရပါတယ်...။

ဒါကတော့ မြန်မာ နိုင်ငံ စစ်ကိုင်း တိုင်းရဲ့ သဘာဝ ရတနာ တစ်ပါးလို့ တင်စားလို့လည်းရပါတယ်..။ ကျွန်မတို့ ငယ်ငယ် ကတည်း က ဆရာမ ဂျူး ရဲ့ မရှိမဖြစ်မိုး ဆိုတဲ့ ဝတ္ထု ကြောင့် စိတ်ကူးထဲက နေ အလည် အပတ်ရောက်ခဲ့ဘူး ခဲ့တာ...မိုး ရဲ့ စပီရူလိုင်းနား သုတေသန လုပ်ငန်း နဲ့ သုတေသီ တစ်ဦး ရဲ့ ပုံရိပ်တွေ လွှမ်းမိုးခဲ့တာ တော့အမှန်ပါပဲ..။

အခု အမှန်တကယ် ရောက်ရှိ လည် ပတ် ရတဲ့အချိန် မှာ တော့ကျွန်မ ရဲ့ နှလုံးသား ဟာ ငယ် စဉ်က လိုတော့ စိတ်ကူး ယဉ် ဆန်ဆန် နု နွဲ့ လှပ နေ တဲ့အချိန် တွေကို ဖြတ်သန်း လွတ်မြောက်ခဲ့ပါပြီ..။ အရာရာ သည် တစ်လေက လုံး ကို သိမ်းဆည်းကြည့်တဲ့ အခါ ခန္စ္ဒာ ငါးးပါး သာရှိတယ် ဆိုတဲ့ အမြင်ကတော့  ထုံ့ ပိုင်းထုံ့ ပိုင်း နဲ့ လှိုင်းဂယက်လို ကမ်းစပ်မှာ ပြေလျှော့ ပျောက်ကွယ် စေခဲ့ပါတယ်..။

မြင့်မားတဲ့ ကျောက်တောင် တစ်လုံး ရယ် လို့ အဝေးက ထင်မှတ်ရ ပေမဲ့  တောင် တန်းနှုတ်ခမ်းသား ကို ရောက်ရင်ပဲ ဘဲဥ ပုံစံ တွင်း ကျယ် ကျယ် တစ်ခု ကို လှမ်းမြင်ရပါတယ်..။
တွင်း ထဲ သို့ ထိုးဆင်းသွားတဲ့ ကားလမ်းကနေ ဝင်ရောက် ခဲ့ရင်ပဲ တွင်းတောင် အင်း ရဲ့ နှလုံးသား တွင်း ကို ချင်းနင်း ရောက်ရှိရပါတော့တယ်..။

တွင်း ရဲ့ ခြေရင်းမှာတော ဧက ၂၀၀ကျော် ကျယ် ပြန့်တဲ့  စိမ်းပြာရောင် ရေ ပြင်ကျယ် ဟာ လှိုင်းလေးများနဲ့  အရောင်လက်နေပြီး ကမ်းစပ်မှာတော့  တည် ညိမ်နေ ခဲ့ပါတယ်..။ အင်းရေပြင် ကို ဖြတ်သန်း တိုက်ခတ်လာ တဲ့ လေပြေ ညှင်းတွေကတော့ ဆောင်း ရ နံ့  နဲ့ အတူ အေးအေးမြမြ ရှိနေတာတော့အမှန်ပါပဲ..။

တစ်ချိန်တုံးက မီးတောင် တစ်ခု ရှိခဲ့ ဘူးတယ်... ချော်ရည် ပူပူတွေ..ပြာတွေ ကို ပေါ်က်ကွဲ ဖွင့် ထုတ်စေခဲ့ ပြီး ကျန်ရစ် ခဲ့တဲ့ မီးတောင် ဟောင်း တစ်ခု ရဲ့ ဒဏ်ရာဟောင်း တစ်ခု ပေ ပဲပေါ့..။

သောက၊ ပရိဒေဝ ၊ ဒုက္ခ ၊ ဒေါမနဿ ၊ဥပါယာသ တွေ နဲ့ ပူပြင်းလောင်မြိုက်မှုကို ခံစား ရခဲ့ဘူးတဲ့  သက်ရှိလူသား တွေ ရဲ့ နှလုံးသားတွေ  ဟာ ရင့်ကျက် တည်ညိမ် ခြင်းသို့ ပြောင်းလဲ ရောက်ရှိ စေခဲ့သလို ပါပဲ..။

 ချော်ရည် ပူပူတွေ..ပြာတွေ ကို ပေါ်က်ကွဲ ဖွင့် ထုတ်စေခဲ့ ပြီး တဲ့ သဘာဝ ပတ်ဝန်းကျင် ကိုလည်း တည်ကြည် ညိမ်သက်အောင် ပြောင်း လဲစေနိုင်ခဲ့ ခြင်း ပေပဲလားလို့ ကျွန်မ က ဆင်ခြင် နေမိပါတယ်..။
သက်ရှိ တို့ ရဲ့ ပေါက်ပွားရှင်သန် မှုဆိုတာ သက် မဲ့ သဘာဝ ပတ်ဝန်းကျင် ကို အမှီပြု ရတယ်... ပတ်ဝန်းကျင် ကပေးလာ တဲ့ အနေအထားအတိုင်း တိုးတက် ဖြစ်တည် ရတာ သဘာဝ တရား အမှန်ပင်ဖြစ်ပါတယ်..။

ရေပြင် လို့ ဆိုပေမဲ့ ကျွန်မ တစ်ခါ ကရောက်ရှိခဲ့ဘူးတဲ့အစ္စရေးနိုင်ငံ ဂျေရုဆလင် မြို့ အနီး က Dead Sea လို့ ခေါ်တဲ့ ရေပြင် တစ်ခု ကိုတော့မှတ်မိနေပါသေးတယ်..။
အဲဒီ ပင်လယ်သေ တစ်ခု ကတော့ နာမည် နဲ့ လိုက်အောင်ပဲ မည် သည့် သက်ရှိ ကိုမှ ရှင်သန်ခွင့်မပေး ခဲ့ပါ..။ ပင်ကိုယ် အနေအထား က ကြည်လင်စွာ စီးဆင်းလာ တဲ့ မြစ် တစ်စင်း ရဲ့ ခရီး လမ်းဆုံး တစ်ခု သဖွယ်  ပိတ်လှောင်ထားသ လို ဖြစ်တည် နေရ တာမို့ ရှင်သန်စေ နိုင်မဲ့ အရာ အားလုံး ဟာ ပျောက်ဆုံး နေခဲ့ပါတယ်..။

ရေညှိ တစ်ပင်.... အင်းဆက် တစ်ကောင်... ငါး ဖား ...သန္တာ...တစ်စုံ တရာ ပေါက်ဖွား မှီခို ရာ ဖြစ်မနေတော့ပါဘူး..။ ခါးသ က် ငံညိ နေတဲ့ ဆားပွင့်ခဲ တွေ ဟာ ရေ စပ် ကမ်းနား တစ်ဝိုက်မှာ ..ဖြူဖွေး နေပါတော့တယ်...။ လောက ရဲ့ အညစ်အကြေး စိတ် ရဲ့ အညစ်အကြေး တွေ ကို ဆေးကြော သန့်စင် ပွင့်ထုတ် မဖြစ်ပဲ ရင်ထဲမှာ ပိုက်ထွေး ခံစား နေတဲ့ ပင်လယ်သေ ရဲ့ နှလုံးသား ဟာ နာကျည်းမှုတွေ နဲ့ ငံညိ စွာ အသွင်ပြောင်း လိုက်တာ မျိုး လို့ အဲဒီတုံး က မှတ်ထင် တွေးတောခဲ့ဘူးပါတယ်..။

ကျွန်မ ရောက်ဘူးတဲ့ ပင်လယ်တွေကတော့ ပျော်ရွှင်ဖွယ်ရာ..။စိတ်လွတ်လပ် တဲ့ အပန်းဖြေ စခန်းတွေ ဝေဝေဆာဆာ နဲ့ စည်ကားဆူ ညံနေတတ်ပါတယ်..။ ရေသတ္တဝါ သက်ရှိမျိုးစုံ ပေါက်ဖွားရှင်သန် နေထိုင်ရာ အိမ် တစ်လုံး လို ပါ..။ အသုံးဝင် ပြီး ချစ် စရာကောင်းတဲ့သက်ရှိလေးတွေ ရှိတတ်သလို လူသားစား တတ်တဲ့ ကြောက်မက်ဖွယ် သတ္တဝါ တွေလည်းရှိတတ်ပါတယ်..။

 တစ်ခါ တစ်ခါ ဖောက်ပြန် တတ်လို့ ဆူနာမီလို... မုန်တိုင်းတွေ လို သဘာဝအန္တရာယ် အမျိုးမျိုးကိုလည်းဖိတ်ခေါ်တတ်တဲ့နေရာ တွေပါ..။ အဲလို အတွေးမျိုး ကို အဲလို ပင် လယ် ကမ်းစပ်က အပန်းဖြေ စခန်းတွေ ရောက်တိုင်း တွေ့ မြင်နေရတာမျိုး မို့ ငယ်စဉ်ကလို စိတ်လွပ်လပ်ပေါ့ပါး ပျော် ရွှင် မှု နဲ့ စီးရော ပျော် မောနေတာ တော့ မဖြစ်တတ်တော့ပါဘူး..။

ကျယ် ပြော လှ တဲ့ပင်လယ် ပြင်ကျယ် ကြီး ဟာ ကျွန်မတို့ ဖြတ်သန်း ကျင်လည် ရတဲ့ ဘဝ သံသရာ ကြီးလိုလို့ခံစားမိပါတယ်..။ ပင်လယ် ထဲ က သက်ရှိ သက်မဲ့ တွေကတော့ သံသရာ ဘဝကို ကျယ် ပြောသေ လာက် ရှုပ်ထွေး နောက် ကျိစေမဲ့ ဘဝ အညစ်အကြေး တွေ စိတ် အညစ်အကြေး တွေ လို့ ခံစားမိလာ တဲ့ အချိန် မှာ တော့ နောက်ဆုံး ရောက်ခဲ့တဲ့ ချာအမ်း ကမ်းခြေ ကို ခဏသာ ငေးမော ဖြစ်ခဲ့ပါတယ်..။


စပီရူလိုင်းနား

တွင်းတောင် အင်း ကတော့ ကန့်သတ်နယ် မြေ တစ်ခု လို ဖြစ်နေပါတယ်..။ ဧက ၂၀၀ ကျော် ရှိတဲ့ ရေပြင်ကျယ် ကို ပိုင်ဆိုင်ပေမဲ့လို့ ကျောက်တောင် တံတိုင်း တွေက ဝိုင်းပတ် ထားပါသေးတယ်..။ အဲဒီ ဝိုင်းပတ်ထားတဲ့ သဘာ ဝ ကျောက်တောင် တွေ ပေါ်မှာ တော့ ဟေတု ပစ္စယော အစချီတဲ့ ၂၄ ပစ္စည်း ကို ကိုယ် စားပြု စေတီ ၂၄ ဆူ ကို တွင်းတောင် အင်း ကမ်းခြေ တစ်နေရာကနေ လှည့်ပတ် ဖူးမျှော် နိုင်တာမို့ စိတ် က ဗုဒ္ဒ္စနုဿတိ ဘာဝနာ တံတိုင်း နဲ့ လုံခြုံ အေးမြ နေစေပါတယ်..။ ဒါ ဟာ လည်း တွင်းတောင် ထဲ မှာ ပေါက်ပွားတဲ့ စပီရူလိုင်းနားရေညှိ ကို သုတေသန ပြု တဲ့ ပညာရှင် ဆရာကြီးဒေါက်တာ မင်းသိမ်း ရဲ့ စိတ်ကူစိတ်သန်း နဲ့ စစ်ကိုင်းတိုင်း ပြည်သူလူထု ရဲ့ ဒါနရိပ် မေတ္တာရိပ်  သာသနာရိပ် ကျရောက်အောင် မိုးကာ လွှမ်းခြုံပေးထားတာဖြစ်ပါတယ်..။
အချဉ် အငံဓာတ်လို့ခေါ်တဲ့ pH 9.5 – 10.5 ထိ အလို အလျောက် တည် နေတာမို့ သတ္တဝါမျိုးစုံ ရှိမနေပဲ အကျိုးပြု သက်ရှိ နှစ်မျိုး လောက်သာ ရှင်သန် ခွင့်ပေးထားပေါသေးတယ်..။ အဲဒါကတော့ အင်မတန်မှ ပရိုတင်းဓာတ် ကြွယ်ဝ လှတဲ့ စမီရူလိုင်းနား ခေါ် စိမ်းပြာ ရေညှိ နဲ့ တွင်း ပိုး တို့ ပဲရှိပါတယ်..။

ရေ ရှိနေမှတော့ တခြားတခြားသော ရေညှိ များ ရှိမနေဘူးလားဆိုတော့ ဒီ pH 9.5 – 10.5 ကိုကြိုက်တာ ဒီရေညှိ ပဲ ရှိတာမို့ သူတစ် မျိုးသာ သီးသန့်တည် ရှိ နေဖြစ်တာပါ..။ ကျွန်မတို့ Biologist များ အဏုဇီ ပိုးလေးများ မွေးမြူကြတဲ့အခါ တခြားသော မလိုလားအပ်တဲ့ အကောင်များ ဝင်ရောက်ပေါက်ပွားတတ် တဲ့ Contamination ဆိုတာ ကင်းစင် အောင် ပိုးသတ်တာကို အချိန်ယူ လုပ်ဆောင် ရတတ်ပါတယ်..။
စပီရူလိုင်းနားကတော့ ကျွန်မတို့ အချိန်ယူ လုပ်ဆောင် ရတဲ့ ပိုးသန့်စင်ခြင်း Sterilization ဆိုတဲ့ အဆင့်ကို သူ့ တာဝန် သူယူ ပြီး ကိစ္စ ငြိမ်းစေ တဲ့ သက်ရှိလေး ဖြစ်နေပါတယ်..။
 စိမ်းလန်း လှပါပေစွ... ငြိမ်းချမ်း အေးမြ ပါပေစွ..။
တွင်းတောင် အင်း ကပြန်လာ ချိန်မှာ တော့ နေပူရှိန် ဖျော့တော့ နေခဲ့ပါပြီ...။ ကျွန်မ ရဲ့ စိတ်အတွေး ကတော့ ပင်လယ်သေ.... ပင်လယ် ကမ်းစပ် နဲ့ တွင်းတောင် အင်း ဆိုတဲ့ ရေပြင်ကျယ် သုံးမျိုးက မနှိုင်းယှဉ် သော်လည်း နှိုင်း ယှဉ် သလို ယှဉ် တွဲပေါ်ပေါက် နေခဲ့ပါတယ်..။

အာရုံ ကို ခံစားပြီး အာရုံ နဲ့ အမြဲတမ်း လုံးထွေး ထိစပ်ခံစားနေတဲ့ ပုထုဇဉ် တို့ ရဲ့ စိတ် အစဉ် ဟာ ဘာမှ စနစ်တကျ ဖြစ်တည် မနေပဲ ပင်လယ် ကမ်းအပန်းဖြေ စခန်းလို ရှုပ်ထွေး ပူလောင် နေ မယ်လို့ ခံစားရပါတယ်..။
ဘဝ ရဲ့ သောက တွေ ဒုက္ခ တွေကို နာကျည်းမှု နဲ့ တုံ့ပြန်... အကုသိုလ် နဲ့ ခုခံတတ်သူတွေက တော့ ပင်လယ် သေလို... တိုးတက်မှု တွေ ရှင်သန် မနေ ပဲ ပိတ်လှောင် နစ်မွန်း နေတော့မှာပါ..။

တွင်းတောင် အင်း လို ဘဝမျိုး ကတော့ ငြိမ်းချမ်းအေးမြ စေမဲ့အာရုံ တွေကို သာ လက်ခံ ဆောင်ယူကာ လောက ကို အကျိုး ပြုတတ်တဲ့ ဘဝ တွေ လို့ခံစား မိပါတယ်..။
အင်း ကျွန်မ ဘဝကတော့
ပတ္တရားကမ်းခြေလား
ပင်လယ်သေလား...
တွင်းတောင်အင်းလား...
ဘယ်လို တည်ဆောက်မှာလဲ..မေးခွန်းတွေ မေးနေမိပါတော့တယ်..။

တွင်းတောင် ရဲ့ သဘာဝ တရားမှာ ပျော်မွေ့ တဲ့ စပီရူလိုင်းနားလို ဖြစ်ပါရစေကြာင်း ဆုတောင်းရပါတယ်..။

မေတ္တာဖြင့်
သစ္စာအလင်း

0 မှတ်ချက်ရေးရန်: