Monday, March 14, 2011

ကန့်သတ်ချိန်တွေ နည်းနေပြီ


အခုအချိန်မှာတော့ ဂျပန် ဆူနာမီ လှိုင်းလုံးတွေ ဟာ အားလုံးရဲ့ စိတ်နှလုံးတွေ ကို တုန်လှုပ်ခြောက်ခြား စွာ ရိုက်ခတ်နေဆဲ ဖြစ်နေပါလိမ့်မယ်။ အချိန်မရွေးကျရောက်လာမဲ့သေခြင်းတရား-မရဏာ နုဿတိ ကိုဆင်ခြင်ဘို့ ပုံရိပ်တွေအဖြစ်သာ ကျွန်မ နှလုံးသွင်းမိပါတော့တယ်..။ တကယ် တော့ လည်း သံသရာသက်တမ်းနဲ့ကြည့်ရင် ထူးဆန်း တာ ဘာမှ မရှိ..။ ဒီလို သေခဲ့ ရတဲ့ ဘဝတွေ နည်းမယ်မထင်ပါ။

ကျွန်မတို့တစ်တွေ ပုရွက်ဆိတ်များစွာ တက်နေတဲ့ ပန်းကန်ကို ရေဆေးချခဲ့ဘူးတာ တွေ။ ပျားအုံ နဲ့ ပျားတွေကို မီးမြှိုက်ခဲ့ ဘူးတာတွေ။ ပိုးလုံချည် တစ်ကွင်း အတွက် ပိုးရုပ်ဖုံး အိမ်များစွာ ကိုရေနွေးဖျော ခဲ့ဘူးတာတွေ ...ရှိသလို၊ ခံခဲ့ရဘူးတာတွေဟာလည်း ဒီသဘောဖြစ်မယ်လို့ ထင်ပါတယ်။ ဝိပါကဝဋ်ဆိုတာ အချိန်တိုင်း ရှိနေတတ်တာပါ လို့မှတ်သားဘူးပါတယ်။

သံသရာသက်တမ်းနဲ့ ကြည့်လျှင်… မသေဘူးတဲ့ သင်္ချိုင်းမြေမရှိ။ ခွေးလေး တစ်ကောင် ကားတိုက်သေ တာမြင်လိုက် တယ် ထူးဆန်းမနေနဲ့ ဒီခွေးလို သေခဲ့ရတဲ့ ဘဝတွေ မနည်း ဘူးရယ်လို့ သေခြင်းတရား ကို ဆင်ခြင်နှလုံးသွင်း ဘို့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး က ဆုံးမတော်မူခဲ့ပါတယ်..။

နွားဘဝ တစ်ခု ပဲ တွေးပါတဲ့။ နွားမှာတောင်မှ နွားအဖြူ ဘဝနဲ့ လည် အလှီးခံပြီး ကျခဲ့တဲ့သွေးတွေ ဟာ ပင်လယ်ရေ ထက်တောင်များ သေးတယ် လို့ ကျေးဇူးတော်ရှင် မြတ်စွာဘုရား က ဥပမာဆောင်ပြကြောင်း ဟောကြားဘူးပါတယ်..။ ။လိုချင်တာ မရလို့ ငိုခဲ့ရတဲ့ မျက်ရည်…တွေကော ….ဆွေးပူရင်လည်း ကျတဲ့မျက်ရည်၊ ချစ်တဲ့သူကို လွမ်းဆွတ်တသလို့ ကျခဲ့ရ တဲ့မျက်ရည်တွေကော…ပင်လယ်ရေ ထက်များနေပါလိမ့်မယ်။

ဟိုတစ်နေ့ကတော့ ကျွန်မ ရဲ့ အီးမေးလ် ထဲကို ညီမတစ် ယောက်က ဗီဒီယိုဖိုင်လေးတစ်ခု ပို့ပေးခဲ့ပါတယ်။ အမျိုးသမီး တစ်ယောက်ကို အမျိုးသား သုံးယောက်က ချုပ်ကိုင်ပြီး ဓါးထက်ထက်နဲ့ တက်တက်ကြွကြွလည်လှီး ပြတဲ့ ၊ ခေါင်းကို ပါ မြှောက်ပြလိုက်သေးတဲ့ ပီပီပြင်ပြင် ဗီဒီယို ဖိုင်လေးတစ်ခု ဖြစ်နေပါတယ်..။ အမရေ. .ကြည့်ရဲ ရင်ကြည့်ပါတဲ့။ ပြီးတော့ ဝေဖန်ဆန်းစစ်ပေးပါတဲ့ ။

ကျွန်မက ဘာသာရေးစာပေတွေ ရေးနေ တော့ ပြန့်ပွားစေလိုတဲ့ သဘောပါပဲ။ ကြည့်လိုက်မိတဲ့ ကျွန်မ ပထမတော့ ထိတ်လန့် တုန်လှုပ်မိပါတယ်။ နောက်တော့ ငါ လည်းဒီလိုသေခဲ့ဘူးတယ်။ လူ့ဘဝ၊ ကြက်ဘဝ၊ ဘဲဘဝ၊ သိုးဘဝ ၊ခွေးဘဝ၊ ဆိတ်ဘဝ၊ ကျွဲဘဝ ၊ နွားဘဝ၊ ငါးဘဝ ဘဝပေါင်းများ စွာ ကျခဲ့တဲ့ လည်ချောင်း သွေးတွေ မနည်း ဘူးဆိုတာချက်ချင်း သတိရဖြစ်ပါတော့တယ်..။

နောက်ပြီးအားပါးတရ သတ်ပြတဲ့ သတ်တယ်ဆိုတဲ့ လူတွေ ရဲ့ မောဟ အမှောင် နဲ့ မသိခြင်း အဝိဇ္ဇာ ကို ကျွန်မ ကရုဏာ သက်မိပါတယ်။ အင်္ဂုလိမာလ ရဟန္တာသည် လည်း တစ်ချိန်က ထိုကဲ့သို့ ပင် ယုံကြည်ချက်တစ်ခု ရဲ့ မောင်းနှင်မှု ဖြင့် ရဲရင့်ခဲ့ပေလိမ့်မယ်..။ မသိလို့ ကျူးလွန် ၊မသိလို့် ဖြစ်ကြရတဲ့ ဘဝတွေလည်း များစွာ များစွာ..။

မေတ္တာ ဆိုတဲ့ စကားလုံး ကို နားလည် ဘို့၊ ခံယူကျင့်သုံးစေဘို့ ဘုရားရှင်က အားလုံး နားလည် မဲ့ ကိုယ်စားပြု ပုံရိပ် တစ်ခု မီးမောင်းထိုးပြခဲ့ပါတယ်..။ အဲဒီပုံရိပ်ကတော့ အမေနေရာ မှာနေပေးဘို့ပါ။

(မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ ) အမိသည် မိမိရင်သွေး ဖြစ်သော တစ်ယောက်တည်းသောသားငယ်ကို အသက်အတွက်ကြောင့် အဖန် တလဲလဲ စောင့်ရှောက်သကဲ့သို့ ဤ နည်းအတူသာလျှင် ခပ်သိမ်းသော သတ္တဝါတို့ အတိုင်းအရှည် မရှိသော မေတ္တာစိတ်ကိုပွားစေရာ၏။ တဲ့။

တကယ့်မေတ္တာစစ်စစ် ရှိဘို့ ဆိုရင် တစ်ဦးတည်းသော သားအပေါ်မှာ ထားတဲ့ မိခင် တို့ ရဲ့ ကောင်းကျိုးလိုလား မှု၊ မြတ်နိုးကြင်နာမှု၊ တန်ဘိုး ထားမှု၊ နားလည် ခွင့်လွှတ်မှု၊ တွေ နဲ့ အေးအေးမြမြ ဖြစ်နေတဲ့ သဘောတရား တစ်ခုကို ခံစားရပါလိမ့်မယ်..။

ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် ထို အေးမြလှတဲ့ မေတ္တာတရား ကို ဘယ်သူအပေါ်တော့ထားပါ။ ဘယ်သူ အပေါ်တော့မထားပါ နဲ့ လို့ အပိုင်းအခြား သတ်မှတ် မထားခဲ့ပါ။

* ၁ဘုံတွင်း မှာ လူ့ ဘုံက လူတွေ ဘေးရန်ကင်းပါစေ။

* လူ့ဘုံမှာ မှ မြန်မာနိုင်ငံသား တွေ တိုးတက်ငြိမ်းချမ်းပါစေ။

* မြန်မာတွေ ထဲက ဗုဒ္ဓဘာသာတွေ တိုးတက်ပါစေ။

* ဗုဒ္ဓဘာသာ ထဲက ထေရဝါဒ ဗုဒ္ဓ ဘာသာဝင်တွေ သာ တိုးတက်ပါစေ။

* ထေရဝါဒ ဗုဒ္ဓ ဘာသာဝင်တွေထဲ မှာမှ ငါ့ဆရာတော် ဘုရား ရဲ့ ရိပ်သာကသာ တိုးတက်ချမ်းသာ ပါစေ။

ဆိုရင် ကျွန်မတို့ ရဲ့ မေတ္တာတရား ဟာ အပိုင်း အခြား ထားတဲ့ မာန သဘော တွေ ပါဝင် နေပါလိမ့်မယ်..။ငါ့ ဗုဒ္ဓဘာသာ သာ တိုးတက်ပါစေ ဆိုတဲ့ မာန နဲ့ သာသနာမပြုဘို့ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော် ဘုရား က သေသေချာချာ ဆုံးမထားပါတယ်။ ကျေးဇူးတော်ရှင် ဗုဒ္ဓမြတ်စွာ ရဲ့ လမ်းညွှန်မှု နဲ့ လည်း ကိုက်ညီမှာ မဟုတ် ပါဘူး။သာသနာ မကိန်းတဲ့အတွက် သာသနာ ပြုဘို့ရာလည်းအောင်မြင်နိုင်မှာမဟုတ်ပါဘူး

အချိန်မတန် သေးလို့ အမှန်မမြင်နိုင်သေးသူရဲ့ ယုံကြည်မှု တစ်ခုကို သနား ကရုဏာ သက်မိပါတယ်။ အရာရာအကြောင်း ညီညွတ်မှသာ ဖြစ်ခြင်း ပျက်ခြင်း ရှိတတ်တဲ့ သဘောတရားကို နှလုံးသွင်းဆင်ခြင်လျှက် -သိပ်ကို မုန်းစရာကောင်းတယ် သူများ တွေလည်း မုန်းကြပါစေ- ဆိုတာမျိုး ကျွန်မ မလုပ်ချင်တော့ပါ။ မုန်းကြတော့ကော အမုန်းများဖြင့် အမှန်တကယ် အနိုင်ယူနိုင် ပါမည်လော။

အထူးသဖြင့် သူတစ်ပါး ကိုနှိမ့်ချ၊ ကိုယ့်ကိုကို မြှင့်တင် အပြစ်တင်တတ်တဲ့ အလေ့ကို ကျွန်မ ဖျောက်ဖျက် နိုင်အောင် လေ့ကျင့်နေ မိတာမို့ အဲဒီ အီးမေးလ် လေးကို Delete လုပ်ပြစ်လိုက်မိပါတယ်။

ဒေဝဒတ္ထ မထေရ်သည် ဘုရားနဲ့ နီးခဲ့သော်လည်း တရားနဲ့ မနီးခဲ့လေသောကြောင့် ကန့်သတ်ထားတဲ့ အချိန် တစ်ခု အထိ ငရဲတွင် ပေးဆပ်ရ ပေလိမ့်မည်။

ကျွန်မတို့ အားလုံး ဟာ ဈေးကွက်ကိုပို့တော့မဲ့ ကြက်ခြင်းထဲက ကြက်တွေလို ဘဝတွေပါ။ သူမသာ၊ ကိုယ်မသာ ဘဝတွေ ပါပဲ။ သူရှေ့ ကိုယ်နောက် တစ်စုံတစ်ရာသော ကန့်သတ်ချိန် အလိုက် ထွက်ကာထွက်ကာ လည်စင်း ပေးနေကြရတဲ့ သူတွေချည်းပါပဲလေ။

ဒီကန့်သတ်ချိန်ဆိုတဲ့ စကား ဟာကျေးဇူးတော်ရှင်ယောဆရာတော်ဘုရားကြီး ရဲ့ စကားလုံး ဖြစ်ပါတယ်။ အများသိကြတဲ့ နန္ဒိယ နဲ့ ရေဝတီ တို့ ရဲ့ ဖြစ်စဉ်မှာ သာသနာကို ရိုသေစွာပြုစု စောင့်ရှောက်ခဲ့တဲ့ နန္ဒိယ သူဋ္ဌေး ဟာ မသေခင် ကတည်းက နတ်ဘုံမှာဗိမာန်ပေါက် ခဲ့ပေမဲ့ ကုသိုလ်မညီမျှလေရှာ သူ ၊ မသိနားမလည် ရှာလေသူ ဇနီးသည်-ရေဝတီကတော့ အရှင်လတ်လတ် နဲ့ မစင်တွင်း ငရဲကို မသေခင်မှာပဲ ပြသခြင်း ခံရပါတယ်။

လင်မယား ချင်းအတူတူ သူကျတော့ ဘာလို့ နတ်ပြည်မနေရတာလည်းဆိုတော့ ကုသိုလ် မရှိခဲ့လို့ ၊ရဟန်းသံဃာ ၊ အလှူခံပုဂ္ဂိုလ် တွေအပေါ်မှာ ရွံမုန်းတဲ့စိတ်နဲ့ အကုသိုလ် တွေပြုခဲ့မိ လို့ ရွံစရာ မစင်တွင်းငရဲမှာ နေရမယ် ဆိုတာကို သေခါနီးမှ နားလည် ရှာ ပါတော့တယ်..။ လူ့ပြည် ကိုပြန်ပို့ ပေးပါ။ ခင်ပွန်းသည် ထားခဲ့တဲ့ ဥစ္စာပစ္စည်းတွေရှိပါသေးတယ် ကျွန်မ ကုသိုလ်ပြုပါတော့မယ် လို့ ငို ယိုတောင်းပန်ရှာပါတယ်။ ဒီလိုဆိုတော့ ခေါ်ဆောင်ပေးရတဲ့ နတ်ဘီလူးတွေက မရတော့ဘူး---ရေဝတီ ရေ… တဲ့ မင်းအတွက် ကန့်သတ်ချိန် ဆိုတာ ကုန်သွားပါပြီတဲ့။

အင်း….. ကျွန်မ အတွက် ကန့်သတ်ချိန်က ကော ဘယ်လောက်များ ကျန်နေသေးပါသလဲ ။

ကျွန်မ မသိပါ…။

သိတာတစ်ခု တော့ ရှိနေပါသည်။ ..............အဆင်သင့် ပြင်ထားဘို့ ပါပဲလေ..။

မေတ္တာဖြင့်

သစ္စာအလင်း

0 မှတ်ချက်ရေးရန်: