Wednesday, March 30, 2011

နှစ်ဏှာ-သုံးဏှာ သာ ဆို ခက်ရချည်ရဲ့

ဟိုတနေ့ က ဂျီတော့မှာ မိတ်ဆွေတစ်ယောက်က သူ့အပူကိုရင်ဖွင့်ရင်း သင့်တော်တဲ့တရား တစ်ခုခု ပြောပြပေးဘို့ တောင်းဆိုပါတယ်..။ သူခံစားနေရတာ ကတော့ နှလုံးသား ပြဿနာ တစ်ခု ပါ။ လူတိုင်း မကင်းကြတဲ့ အဖြစ်ပါ။ အမှန်မှာတော့ သူ့ ခြေဖဝါးအောက် ကျရောက် ရလေသည် လို့ စာဖွဲ့ရလောက်အောင် တန်ခိုးထွား လေသည့် အချစ်ဆိုသောအရာ ပါပေတကား .။

လောက တွင် ပရမတ္ထ သဘော ( တကယ့်အရှိ)သဘော အရ ဆန်းစစ်ကြည့်လျှင် လောကမှာ စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန် ဆိုတဲ့ တရား (လေး)ပါးသာ ရှိသည်မို့ အချစ်ဆိုသည် မည်သည့်အရာ ထဲ တွင် စာရင်းဝင်ပါသလဲ။ သူက ဘာကြောင့် စွမ်းအားကြီးကျယ် ချယ်လှယ် နိုင်ရပါသလဲ..။သူ့ကို ထိန်းချုပ် ကိုင်တွယ် နိုင်တဲ့ တရားကောမရှိဘူးလား။

ဆိုကရေးတီး-Greek Philosopher Socrates ဝေဖန်ဆန်းစစ် သလို တကယ်ရှိတယ် ဆိုရင် ဘာကိုခေါ်တာလဲ။ ဘယ်နေရာမှာပေါ်တာလဲ၊ ဘယ်အချိန်မှာ ပေါ်တာလဲ ။ ဘာကြောင့်ပေါ်တာလဲ ။ ဒီလေးချက်နဲ့ ချိန်ထိုးကြည့် လိုက်မယ်ဆိုရင်

ပေါ်တဲ့နေရာကတော့ စိတ်မှီ တဲ့နှလုံးအိမ်ပေါ့၊ နှလုံး အိမ်ရဲ့ ညာဘက် အခန်း တစ်လက်စွမ်း မှရှိသော တွင်းကလေးကို သွေး ဖြတ်စီးသွားလိုက်မှာ စိတ်ဆိုတာဖြစ်ပေါ်တယ် ဆိုတော့ အဲဒီနေရာမှာပေါ်တော့တာပါ။ ဒါကြောင့် နှလုံးသာ ကြွေကျေကွဲ ရတယ်လို့ ခံစားချက်တွေ ပေါ်ထွက်လာတာပေါ့လေ..။

ဖြစ်ပေါ်တဲ့အချိန်ဆို တာ ကိုယ်ရဲ့ စိတ်နဲ့ အာရုံနဲ့ အဆင်ပြေတယ် ဆိုတဲ့အချိန် မှာဖြစ်ပေါ်တာပါ။ ဘာကြောင့်ပေါ်တာလည်းဆိုတော့ စိတ်နဲ့ အာရုံ အဆင်ပြေ တဲ့အတွက် အဆင်ပြေရင် ရင် အကုန် ကပ်ညိတာပဲ..။ လှပါတယ် ချစ်စရာကောင်းတယ်ပြောပါများရင် ပြေးကပ်တော့တာပဲ၊ တွေတွေး။ ချစ်စရာကောင်းပါတယ်၊ လှပါတယ် ပြော ပါများရင် အားပြည့်လာရင် ခိုင်သွားပြီနော်..။အဲလို ချီးကျူး သံချင်းတူရင်တောင်ကိုယ် ကလည်းနှစ်သက်နိုင်တဲ့သူ လည်းဖြစ်မှ ပေါ်တာပါ။ ကိုယ်က မကြိုက်တဲ့ သူ ဆိုရင် မပေါ်နိုင်သေးပါဘူး။

သက်မဲ့ ဖြစ်တဲ့ သံတုံးတောင်..။ သံလိုက်ဓာတ်သွင်းလို့ရတယ်..။ မြေထဲကို သံတုံး မြှုပ်ရတယ်..။ ဖြေးဖြေးလေးခေါက်ရတယ်..။ ဆွဲအားကြောင့် Direction တည့်သွားရင် မော်လီကျူးလေးတွေက ရုပ်တွေစီသွား ရင် အားဝင်လာတယ်။ အဖိုအမ ဆို ဆွဲတယ်..။နိယမ ကြီးနော်..ကြောက်စရာ ကောင်းလှပါ တယ်။ ဒီတော့ ပြန်လည် စုပေါင်းလိုက်ရရင် စိတ်နဲ့ အာရုံအဆင်ပြေ တဲ့အချိန်မှာ အဆင်ပြေတယ်လို့နှလုံးသွင်းပြီး အာရုံကို ကပ်ညိ သိမ်းပိုက်လိုက်တဲ့ သဘောတရားတစ်ခုကို အချစ်လို့ ခေါ်တာပါ။

ပါဠိလို ဆိုရင် တဏှာ ပေါ့နော်။တဏှာ ဆိုတာကတော့ အာရုံကို ကပ်ညိ ခြင်း၊အာရုံကိုချုပ်စပ်ခြင်း လို့ အဓိပ္ပါယ်ရပါတယ်..။ တဏှာ အစပ် ကတော့ စိတ်အမြင်မှန်နဲ့ စိတ်အမြင်မှားကြားထဲကအစပ်၊ ဝေဒနာနဲ့ တဏှာ ကြား ကအစပ် ကလေးပါ။သဗ္ဗညုတ ဉာဏ်တော်ရှင်၊ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် ပင် ဗောဓိပင် နဲ့ ရွှေပလ္လင်အောက်ရောက်ခါမှ *အနေကဇာတိ သံသာရံ* အစချီပြီး -ဟယ်တဏှာယောင်္ကျား၊လက်သမား -ရယ်လို့ အပြတ် အမြစ်ဖြုတ်နိုင်ခဲ့တာပါ။ ငါတို့နေရာ၊ ဤ ကမ္ဘာ တဏှာ အုပ်စိုးခဲ့ ပေသကိုး။တဏှာ အားကောင်းလာရင် အရှိန်ရအားပြည့်လာပြီး ဥပါဒါန် အဆင့်ကိုကူး ပါတော့တယ်..။ ဥပါဒါန် အဆင့် မှာတော့ ဆုံးဆုံးဖြတ်ဖြတ် ကြံစည် ခြင်း လို့ ဖွင့်ဆိုကြပါတယ်။

တကယ်တော့ ကျွန်မတို့ ဒီလို ဖြစ်ရတာ ဟာ သံသရာမှာ ကျင်လည်ခဲ့ ရသမျှ ကာလပတ်လုံး ထုထည်ကြီးမားစွာ စွဲ မြဲ တည်ရှိတဲ့ သက္ကာယဒိဋ္ဌိ အမြင် မှားကြောင့်ပါ။ သက္ကာ ယဆိုတာကတော့ အထင်အရှား ရှိတဲ့သဘောကိုခေါ်ပါတယ်။ ဒိဋ္ဌိ ဆိုတာကတော့ အထင်အရှား ရှိတဲ့ စွဲလမ်းဖွယ် ခန္ဓာငါးပါး အပေါ် သတ္တဝါ အကောင်အထည် ရှိတယ်ဆိုတဲ့အမြင် နဲ့ ကြ့ည်မြင်တဲ့ အမြင်မှားပါ။ အဲဒီ အမြင် မှား ကြောင့်ပဲ အချိန်ပြည့်ချမ်းသာ ကိုတောင့်တ တတ်ပါတယ်..။ ချမ်းသာကို တောင့်တတော့ ကိုယ့်ကို ချမ်းသာပေးနိုင်မဲ့ သက်ရှိ သက်မဲ့ တွေကို တွယ်တာပါတယ် ၊တဏှာ နဲ့ ကပ်ညိလေ့ရှိကြပါတယ်။ ချုပ်စပ်လေ့ ရှိကြပါတယ်။ ဒါကိုပဲ အချစ်ကြီး သယောင် လောကသဘော ပြောဆိုကြတာပါပဲ။

ကွဲရင် အေးမလားပူမလား..တားမရဘူး။မျက်ရည်ကျမှာပဲ၊ နုံးခွေအောင် ခံစားရမှာပဲ.. သူလည်းမမှားငါလည်းမမှား ၊ ဘူးနော် နှလုံးသွင်းမှားခဲ့တာ အစကတည်း က ပညာ နဲ့ မကြည့်ခဲ့မိ လို့ပါ။တကယ်တော့လည် ဘယ်သူကို မှ အပြစ်တင်စရာမရှိပါဘူးနော်…။ သတ္တဝါ အထည် ထင်ပြီး စွမ်းအား ဖြစ်စေမဲ့ စွမ်းအား ဝါသနာ မဟုတ်စေမဲ့ ဝါသနာ အလေ့အကျင့်ကို မလေ့ကျင့်ရဘူးဆိုတဲ့ ဆရာသမားစကားပြန်လည်ကြားယောင်မိပါတယ်။

ကြိမ်ဖန်များစွာဖြင့်အာသေဝန သတ္တိ တို့ဖြင့် နှလုံးလည်းသွင်းမိရော.. အချိန်တန်ရင် ကြွကြွတက်လာခဲ့တာ၊ အားစိုက်စရာတောင် မလိုတော့ပါ ဘူး။ ဥပမာ စီးကရက်သောက်တဲ့အကျင့်ထုံထားတဲ့သူဆိုရင် လဘက်ရည်လေးသောက်ပြီးရင် ရုပ်တွေက မနေနိုင်တော့ဘူး.. စီးကရက် ကိုင်ချင်လာပြီ။မသောက်ရရင် နေမထိ ထိုင်မထိဖြစ်တော့တာ..။ သက်မဲ့တောင်မလွယ်လှ တဲ့ ဇာတ်လမ်းတွေပါ။

ကျွန်မဖတ်ခဲ့ဘူးတဲ့ ဆရာချစ်ဦးညိုရေး တဲ့ ရှင်စောပု ဘုရင်မကြီးအကြောင်းကို ရေးသားခဲ့တဲ့ ဇာတ်လမ်းမှာ သူ့ဖခမည်းတော် ရဲ့နှလုံးသားရေးရာ ကိစ္စ တွေ ကိုမှတ်မိနေခဲ့ပါတယ်။ ရှင်စောပု ရဲ့ မိခင် တလသုဒ္ဓမာယာ နဲ့ အရီးတော် တလမည်ဒေါ အပါအဝင် မိန်းမတွေ (မိဘုရား)တွေအပေါ် ထားတဲ့ သဘောထားအပေါ်မှာ သူမဟာ ကလေးဘဝကတည်းက အင်မတန် နာကျည်း ကြေကွဲ ခဲ့ပါတယ်..။

အချစ်ဆိုတာ မိန်းမတွေအတွက် ဘဝ တစ်ခုလုံး ဖြစ်ပေမဲ့။ ယောင်္ကျားတွေ အတွက်ကတော့ ဘဝ ရဲ့ အစိတ်အပိုင်း တစ်ခုလောက်သာ အရေးပါ ကြပါတယ်..။ ကျွန်မလည်း ရှင်စောပု နဲ့ ထပ်တူခံစားပြီး မွန်ဘုရင် ရာဇာဓိရာဇ် ကို မုန်းတီး နာကျည်းခဲ့ဘူး ပါတယ်..။

သူ့ဘုရင်နဲ့ သူ့သူရဲကောင်းတို့ စစ်ပွဲကာလတစ်ခုမှာ အချစ်စမ်း၊ အဖြစ်သည်း လိုက်ကြပုံ ကတော့ မိန်းမများရဲ့ နှလုံးသား ဟာ ခြေစမ်းပွဲက ဘောလုံးလေး များသဖွယ်ပါ။ သူ့မိခင် တလသုဒ္ဓ မာယာမိဘုရားကြီး ကို လဂွန်းအိမ် ထံ လက်ဆောင်ပဏ္ဏာ အဖြစ် ပို့ဆက်စေခဲ့တယ်။ သူတို့ ယောင်္ကျားချင်း သစ္စာရှိမှုကိုစမ်းသပ်တဲ့ နေရာမှာ မိန်းမတစ်ယောက်ရဲ့ နှလုံးသားဟာ တန်ဆာခံ ဖြစ် ခဲ့ရပါတယ်..။ အင်း သူတင်မကဘူး လဂွန်းအိမ်ရဲ့ ဇနီး မေနှင်းကေသရာ ကကော မခံစားရ ရှာပေဘူးလား။ ( မိဖုရားကို ငါမနှမြော ၊ သင်းကိုသာ ငါနှမြောသည် ) ဆိုတဲ့စကားကရာဇဝင် တွင် အောင် ကို မာကျောကြမ်းရှ ခဲ့တာပါပဲ။ လဂွန်းအိမ် ဆီက ပြန်အလာ မှာ နာကျည်းမှုတွေ နဲ့ အတူ အသဲနှလုံးဆွဲနှုတ်၊ ထုတ်ယူခြင်းခံရသူတစ်ဦးလို ထုံပေပေ မျက်နှာပေးကို ပြောင်းလဲ ဆင်မြန်းထား ခဲ့တာ ကို တော့ ထိုစဉ်က ငယ်ရွယ်လွန်းလှသေးတဲ့ ရှင်စောပု ရိပ်မိခဲ့ပါတယ်..။ သူက တော်ပါသေးတယ် ပိုဆိုးတာက အရီးတော် တလမည်ဒေါ ပါ။

ငယ်စဉ်ကတည်းက ချစ်ခင် တွယ်တာ ခဲ့ရတဲ့ မိဘုရား တလမည်ဒေါ ရဲ့ နှလုံးသား မှာ အချစ်တွေ သာမက ငယ်ဘဝ သံယောဇဉ်တွေ၊ တွယ်တာနှောင်တဲ မှုတွေထာဝစဉ် ပြည့် နှက်နေခဲ့တာပါ။ ပြည့်နှက် စွဲ လမ်း လောက်အောင်လည်း ချစ်သူထံမှ အကြင်နာ အယုအယ မြတ်နိုးမှု တစ်ပုံတစ်ပင် ရခဲ့ဘူးသည်လေ..။ ဘယ်သူကိုမှ မပေး ဘူးတဲ့ ချစ်သက်လက်ဆောင် လက်ဝတ်ရတနာ တွေဟာ သူတန်ဘိုးအထားဆုံး ၊အတွယ်တာ ဆုံး ဖြစ်လေသည်ပေါ့။ မြတ်နိုးလှစွာ ဦးထိပ်မှာ ပန်ဆင်ထုံးဖွဲ့ ထား တယ်ဆိုတော့ အချိန်ပြည့်နှလုံးသွင်းမှု သည် ခိုင်သထက်ခိုင် ခဲ့လေသည် ပင်။ တစ်ချိန်ချိန်မှာ ဖောက်ပြန်လိမ့်မည် ဆိုတာ ဘယ်သောခါမျှ တွေးခဲ့လေဟန်မတူပါ။ ရုတ်တရက် ချက်ချင်းဆိုသလို ချစ်သူ ရာဇာဓိရာဇ် ရဲ့ အချစ်သည် အသစ်တွေ့ကာ ပြောင်းလဲ ဖောက်ပြန်တဲ့အချိန်ဟာ မမျှော်လင့်ပဲ ကျရောက်လာပါတော့တယ်..။

ရွှေမောဓော စေတီ စောင်းတန်းမှာ ပန်းရောင်းတဲ့ မွေမနိတ်ကို မိဘုရားသစ် အဖြစ်ကောက်ယူတယ် ၊မြတ်နိုးတယ် မြှောက်စားတယ် သင့်ဦးခေါင်းထက်မှ ရတနာများ အချစ်သစ် အတွက် ပေးရမည် - အမိန့်တော် ဆိုသည့် စကားသည် တလမည်ဒေါ အတွက် နှင်းတောထဲက ဆွဲယူ ခံရကာ မီးလောင်တိုက်သွင်းလိုက်သလို ဖျတ်ကနဲ လွင့်စင်ကြေမွ ခဲ့ရပါတယ်..။ သည်အပူကို ဘယ်နည်းနဲ့မျှ ခံစားနိုင်စွမ်းမရှိ လေတော့ စိန်သောက်ကာ ဘဝ ကို အဆုံးသတ်ခဲ့ ပါတော့တယ်။

စိတ်နဲ့ အာရုံအဆင်ပြေတာတွေကို များများရထားဘူးတော့ များများတွယ်ထားတယ်။ များများတွယ် ရင်များများလောင်တယ်။ များများနှလုံးသွင်း ထားရင် များများထုံ၊ များများစွဲလန်းတတ် ကြပါတယ်..။ သူက တလသုဒ္ဓမာယာ ထက်ပိုများများ ရခဲ့ဘူးလေတော့ ပိုလောင်ပေသပေါ့။ ရာဇာဓိရာဇ်ကတော့ ရေမြေ့သနင်း၊ ပြည့်ရှင်မင်း ဆိုလေတော့ သူပိုင်တာ တွေကို သူ စိတ်ထင်သလို ချယ်လှယ် သုံးဆောင် ခံစား ပေလိမ့် မည် ။ဘုရင်သည် ဘုရင် အလုပ်လုပ် ပေလိမ့်မည်။ ဒါ ကို တလမည်ဒေါ က အမှန်ကိုမမြင်ရှာ၊ သစ္စာရှင်ချစ်သူ အဖြစ် နက်နက်နဲနဲ နှလုံးသွင်းမိတယ် ။ အဆုံးတိုင်သက်ဝင်ယုံကြည် မိတဲ့ သူ့ရင်ထဲက ဖြစ်ပေါ် ခဲ့တဲ့ တဏှာ က တရားခံပါ။ အင်မတန်မှ ချစ်တယ်ဆိုတာကလည်း ပရမတ္ထ သဘောနဲ့ကြည့်ရင် တဏှာ ၊ဥပါဒါန် အားကြီးတာပါပဲ လို့ တရားတော်များက ဆိုပါတယ်။

သာယာပြီး.. အကြိမ် များစွာ နှလုံးသွင်းမိရင်..ကိန်းထားတဲ့သတ္တိ ကအခိုင်အမာ တည်နေခဲ့ပါပြီ။ ဘဝင် ထဲမှာကိန်းထားမိတဲ့သတ္တိ က မျှော်လင့်နေတဲ့အခြေ အနေ နဲ့ လက်တွေ့ ဘဝ ရဲ့အခြေ အနေ ကအဆမတန် ကွာဟ ခဲ့ရင် ပူတော့တာ။ ကွာရင် ကွာသလို ပူရတာပါ။ တခုခု ရှင်ကွဲသေကွဲကွဲရင် ယောက်ယက်ခတ်မနေဘူးလား..။အဲဒီအပူက ဘယ်သူ့ကြောင့်လဲစဉ်းစားစဉ်းစား၊ အဖြေရအောင်ရှာ.. ဘုရားက ပုဂ္ဂိုလ်အပြစ်မတင်ဘူး။သတ္တဝါ အထည်..။ အပြစ်မတင်ဘူး. နိယမ အမှန်မသိတဲ့ အဝိဇ္ဇာကြောင့် ဆိုတာ မြင်အောင်ကြည့်ထားမှ အလှည့်စား မခံရမှာပါ။

အဲလို မဟုတ်ပဲ ကိုယ့်ကို နှစ်သက်တယ် ကြိုက်တယ် ဆို သဘောကျတယ် ကိုယ့် နားပဲထားချင်တယ်..။ အဲဒီအသံပဲ ကြားချင်တယ် ကိုယ့်နား ထားချင်တယ်..။ အဆုံးတိုင်သက်ဝင်မိတယ် ဆိုရင် လောကဓံ တကယ် လာရင် အဲဒီပုဂ္ဂိုလ် မနိုင်တော့ဘူး။ မချိမဆံ့ ခံစားရတယ် ဆိုတာ ဘယ်သူ့ကြောင့်လဲ။ ပုဂ္ဂိုလ် အပြစ်မတင်နဲ့ လေ..။မမြင်အောင်ဖုံးထားတဲ့ အဝိဇ္ဇာကြောင့်။ တစ်ချိန်က ပျော်စရာကောင်းတာတွေ မှန်သမျှဟာ အနာဂတ်မှာ ဆင်းရဲစေမဲ့ ဒုက္ခ မှတ်တမ်းတွေချည်းပါပဲ။

ဆင်းရဲအားလုံးရဲ့ တရားခံက မူလနှစ်ဖြာလေ.. အဝိဇ္ဇာ နဲ့ တဏှာလေ..။ နိယမ အမှန်မသိတဲ့အဝိဇ္ဇာကြောင့်… လောင်လိမ့်မယ် ခံစားရလိမ့်မယ် ။ သည်လေ့ကျင့်ခန်း ကို လေ့ကျင့်တာ နှလုံးသွင်းတာများ မှ သွေးသားမှာ သတ္တိကိန်းမယ် ။ တကယ့် သဘာဝ တရားကဖေါက်ပြန်မှာ လာမှာ.. ရှင်ကွဲမကွဲ သေကွဲ တဲ့အချိန်မှာ ကိန်းထားတဲ့ သွင်းထားတဲ့ သတ္တိကခုခံအား ရှိ ပါလိမ့်မယ်။

*လူဟု ဆိုလျှင်၊လူလိုပင်သာ

လူတွင်တွေ့မျိုး ၊ကြောင်းအကျိုး နှင့်

ကောင်းဆိုးနှစ်တန်၊ လောကဓံ ကို၊

ဖန်ဖန်တွေ့ မြဲ ၊ စိတ်မှာ စွဲ ၍

ဝမ်းနည်းဝမ်းသာ မများပါ။*

-ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး-ရှင်ဇနကာဘိဝံသ ရေးသားခဲ့တဲ့ ကဗျာလေးက နှစ်သက်စရာ ကျင့်စဉ်လေးကို ပြဆိုနေပါတယ်။ဘာပဲကြုံကြုံ ဝမ်းနည်း ဝမ်းသာ မများ စေသင့်တာ ဟာ နှလုံးသွင်းမှန်မှုတစ်ခုပါ။

အစကတည်း က ခပ်ခွာခွာလေးထား ဘို့ ကျင့်ရပါမယ်..။ ထိစပ်သော်လည်း မညိကပ်အောင်နေရပါမယ်။ သားသမီး၊ဆွေမျိုး၊မိတ်ဆွေများကိုသော်မှ ဆိုင်သော်လည်း မဆိုင်သလို။ ပိုင်ပါတယ် လို့ ဘယ်သူကဘယ်လိုပဲ အမည်တပ်တပ် မပိုင်သလို နေရပါလိမ့်မည်။

လူဆိုတာလူလိုပဲ ကျင့်လိမ့်မည်။ အသစ်တွေ့မည် ။ အချစ်မေ့မည်..။ သစ္စာရှိတယ် ပဲထားအုံး သေကွဲကတော့ ကွဲရပေလိမ့်မည်။ချစ်လှပါတယ်ဆိုတဲ့ သားသမီးလေးတွေ လည်းတစ်ချိန်မှာ ပိုင်ရှင်ပေါ်မည်။ အကုန် ဖြစ်နိုင်သည်ပဲ။

သက်မဲ့ အရာ များနှင့်ပတ်သက်လို့လည်း ဖောက်ပြန်တတ်တာ ကိုဆင်ခြင်ရပါမယ်..။ပျောက်တတ်သည်။ ခိုးခံရတတ်သည်။ ပျက်စီးတတ်သည်။ ကျကွဲတတ်သည်။ စုတ်ပြဲတတ် သည်။ကုန်ခမ်းတတ်သည်။ Blog တဏှာ ၊Face Book တဏှာ များပါ ထည့်ရပါလိမ့်မည်။

သာယာလှပ တဲ့သဘာဝပတ်ဝန်းကျင်ဆိုတာကလည်း ငလျင် လှုပ်တတ်သည် ဒီရေတက်တတ်သည် ။ မုန်တိုင်းထန်တတ်သည်။ပေါက်ကွဲတတ်သည် လို့ အမြဲ ဆင်ခြင်နိုင် ရပါတော့မယ်။ လောကနဲ့ မဆန့်ကျင် အောင် နေနေတာ၊လောကကိုနားလည် တာ ဟာ တရားကျင့်တာ ပါပဲ။

ကျွန်မရဲ့ မိတ်ဆွေကို ဒီသဘောလေးရှင်းပြ လိုက်မိ ပါတယ်..။ သိပ်မပူချင်ရင်နောက်ဆို အကင်းပါးပေတော့ လို့။ အဆုံးတိုင် သက်ဝင်ပြီးဘာကိုမှ မတွယ်လေနဲ့။ တွယ်လေ ပူလေ ပါပဲလို့။ နောက်ပြီး ဖြစ်စေချင်တဲ့ ပုံစံကို ဘယ်တော့မှ အသေမချလေနဲ့ လို့ ။အရာရာ ဟာ အကြောင်းညီညွတ်မှ သာ ဖြစ်လာပါလိမ့်မယ်လို့။

အင်း သူများကိုသာပြောတာ၊ ကျွန်မကျတော့ကော။ မူလဓမ္မဆရာတော် ဦးဝိဇယ ဟောကြားတော် မူတဲ့ တရားတစ်ပုဒ်ထဲက လိုသာ (တဏှာ ပေလို့ ပဲ၊နှစ်ဏှာ၊သုံးဏှာ သာဆို ခက်ရချည်ရဲ့ ) လို့ တိတ်တခိုး ရွတ် ဆိုမိပါတော့တယ်။

မေတ္တာဖြင့်

သစ္စာအလင်း

1 မှတ်ချက်ရေးရန်:

Anonymous said...

ကောင်းလိုက်တဲ့ စာသားလေးတွေပါလား ဆရာမရေ..ဖတ်လိုက်တာနဲ့ ရင်ထဲကို ရှင်းလင်းသွားစေတာပဲ...ကျေးဇူးတင်ပါတယ်...။