Wednesday, January 20, 2016

မြို ထားမိသော ထွန်တုံးများ


ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး က တရားစခန်း တွေ မှာ ကျွန်မတို့ ယောဂီများကို နားလည် အောင်ပေးတဲ့ ဥပမာ များဟာ ထိထိမိမိ မှတ်မိနေသလို လိုက်နာကျင့်သုံး ရန် လမ်းစ ကိုလည်း ရရှိစေပါတယ်..။
မာန ဆို တာကို ရှင်းပြ တဲ့ ဥပမာ ကတော့ စိတ်ဝင်စားစရာ…။
မာနကိလေသာ ဝင်ရင်ကွယ် တဲ့ တောင့်တောင့်ကြီး ဖြစ်နေတာ..ထွန်တုံးကို မြွေ မြိုသလိုပဲ တဲ့..။ အကြောတင်းသထက် တင်းလာတာမျိုး…။ ကိုယ့်က မသိပေမဲ့ ဘေးလူကသိတယ် တဲ့..။ ကိုယ်ကိုယ်တိုင်ကတော့ မြိုလို့ မြို မှန်းတောင်မသိ ..ဖြစ်တတ်ကြောင်း ဆုံးမတော်မူပါတယ်..။
ဝင်တာတော့ သိပါပြီ..ဘုရား..ဘယ်လို အချိန်မှာ ဝင်တတ်ပါသလဲ ဘုရား ဆိုတော့..ဘုန်းဘုန်းက ပုံလေးတစ်ခုပြောပြ ဘူးပါတယ်..။

တစ်ခါက တိုင်းပြည် တစ်ပြည်မှာ ဘုရင်ကြီး တစ်ပါးရှိတယ်..။
ဘုရင်ကြီးက မျဉ်းတကြောင်း ဆွဲ တယ်..။ အမတ်များကို ခေါ်ပြီး ထို မျဉ်းကို ဖျက်လည်း မဖျက် ရဘူး၊ တိုအောင်လည်း လုပ်ပေးရမယ်..နည်းလမ်းရှာပါ လို့ အမိန့်တော်ချသတဲ့..။
အမတ်တွေခေါင်းချင်းဆိုင်…. ဘာလုပ်ရမလဲပေါ့..။
နောက်တော့ပညာရှိ အမတ် တစ်ယောက် ပေါ်လာပါတယ်..။ ဘုရင်ကြီးဆွဲထားတဲ့ မျဉ်းတိုသွားအောင် ဖျက်လည်းမဖျက်ပဲ သူလုပ်နိုင်ပါတယ်… ဆိုပြီး..တော့လျှောက်ပါတယ်..။
ဘယ်လို ပဉ္စလက် အတတ်များ တတ်လို့ပါလိမ့် နဲ့ စိတ်ဝင်တစားကြည့်နေတဲ့ လူသူဗိုလ်ပါ ပရိသတ် အရှေ့ မှာ…
သူ က ဘုရင် ဆွဲထားတဲ့ မျဉ်း ရဲ့ အထက်မှာ သူ့ထက်ရှည် တဲ့ မျဉ်းတစ်ကြောင်း ကို ထပ်ဆွဲ လိုက်ပါတယ်..။
ပြီးတော့ …( တိုသွားပါပြီ ဘုရား) လို့ လျှောက် တယ် တဲ့..။
အဲ ဒီဥပမာ လိုပဲပေါ့နော်… ကျွန်မ တို့ တွေဟာ မျဉ်းရှည် ရှည် တွေ ဆွဲ မိတိုင်း ကျန်တဲ့ မျဉ်းတွေ ကို တိုလိုက်တာ ထင်တတ်ကြ တော့ တာ..ဒီသဘာဝ ဟာ မသိမသာ ဝင်လာတတ်တာ ….။
နှိုင်းယှဉ် တတ်တယ်..ငါက သာတယ်…။ ထို အရာသည် မာန ကိလေသာ ပါပဲ လိှု့ဆုံးမတော်မူပါတယ်..။
ဘယ်အချိန်မှာ ဝင်လာတတ်သလဲ ဆိုတာ့…….မသိမသာ ကို နေရာယူတတ်လို့ ကာယကံရှင် ကိုယ်တိုင် ဖြစ်လို့ ဖြစ်မှန်းတောင် မသိ တော့ သော ကိလေသာ ..မာန ကိလေသာ…တဲ့..။
ဘွဲ့ ရတဲ့ သူငယ် ချင်း တစ်ယောက်က ဆယ်တန်းမအောင်သေး တဲ့ ကျောင်းနေဘက်သူငယ်ချင်းကို ဘယ်လို ဆက်ဆံမလဲ..။
ကားပိုင် တဲ့ သူတစ်ယောက်က ကားမရှိတဲ့ သူကို ဘယ်လို ဆက်ဆံလဲ..။
သိန်း ၁၀၀၀ လောက်ချမ်းသာ တဲ့လူ တစ်ယောက်ဟာ ကျပ် ၁၀၀၀ လောက်သာ ပိုင်တဲ့သူကို ဘယ်လို ဆက်ဆံ မလဲ..။
ရာထူးမြင့်မြင့် ရတဲ့ အရာရှိတစ်ဦးဟာ အောက် လက်ငယ် သားကို ဘယ်လို ဆက်ဆံမလဲ…။
သိပ်ကို အတွေးအခေါ် ကောင်းပြီး…. ရေးလိုက်ရင် ပိုစ့်တင်လိုက် ရင် LIKE ထောင်ချီ.. Comment ရရာချီ ရ သူတစ်ယောက် ဟာ..တခြားလူတစ်ယောက် သူ့နဲ့အကြောင်းအရာတူ..ရေးသော်လည်း သူ့လောက် ကောင်းချီးသြဘာ မရ သူ ရဲ့ ပိုစ့်ကို ဘယ်လို ဆက်ဆံ မလဲ..။…
စိတ်ထဲက ပြန်ဖြေ မိပါတယ်..ထွန်တုံးမြွေ မြိုသလိုပါဘုရား..လို့ ။

ဘုန်းဘုန်း က ရွာ တစ်ရွာ ၊တောနယ် ဘက်မှာ တရားသွားဟော ရင်း…. လူတစ်ယောက် တွေ့ ဘူးတယ် တဲ့..။
သူ့ကြည့်တော့ အင်္ကျီ ခပ်နွမ်းနွမ်း…လူပုံက ပန်းလျလျ..သို့သော် ထွန်တုံးမြွေ မြိုသလို ဖြစ်နေတာ နဲ့ ဘုန်းဘုန်းက ..ဒီလူ တစ်ခုခုတော့ ရှိလိမ့်မယ်..အကဲခတ်ပါတယ်..။
နောက်တော့ စကားပြောကြည့်ရင်း…မှ သိရတာ..။ သူက အရင် အင်္ဂလိပ်လက်ထက် စစ်တပ်ထဲမှာ တင့်ကားမောင်း တုံး က တော်လို့ ဆုတံဆိပ် ရခဲ့ဘူးတယ် ဆိုပဲ..။
ထို အောင်မြင် ဘူး သော အတိတ်သည် ထွန်တုံးသဖွယ် မြွေတစ်ကောင် လို ပျော့ပျောင်းမနေစေတော့ ....။

အရိုအသေ မပေးတတ်တော့တာ..နှိမ်ချတဲ့ အကြည့်တွေမွေးဖွားပေးတော့တာ..။ ငါ့လောက်မှ မမတတ်လေချင်း ဟူသော အထင်သေးစိတ်တွေ ဝင်လာမိတော့တာ..။
ဘုရား..ဘုရား..ဒီတရားလေးနာမိရင်း ကိုယ့် ဗိုက်ထဲ မှ ထွန်တုံးများကို လိုက်လံရှာဖွေမိ..။
Doctor ထွန်တုံး Professor ထွန်တုံး Blogger ထွန်တုံး…… များလှပါတကား..။
ပညာတွေလည်းတတ်ပြီ..စီးပွားတွေလည်းရပြီ…..တရားနယ် ပယ် မှာလည်း သောတပန် ဖြစ်ဘို့လည်းလုပ်မှာ ဘုရားတဲ့..။ တရားမာန နဲ့ တရားနယ် ပယ် မှာ လည်းထွန်တုံးတွေ ထပ်မြို နိုင်သေးတယ်တဲ့..။

သက္ကာယ ( အထင်အရှားရှိသောသဘော) ဟူသော သဘော တရား အပေါ်မှာ *ငါ*ကောင်ထင် သော ဒိဋ္ဌိ..ကို
*ငါ* လုပ်ရင် ဖြစ်မှာပါဆိုသောမာန ဖြင့်
 *ငါ*ပိုင်တဲ့ တရားပါ..
*ငါ*လို ချင်တဲ့ သောတာပန် ဆိုတဲ့ တဏှာ ဖြင့်…. ချဉ်းကပ်သော ….
*ငါ* သည်* ငါ* မရှိမှ ရသောတရား ရရှိပါစေရန်…*ငါ*ကို ပယ်သတ်ရင်း …*ငါ*ကို ကြီးထွားစေတဲ့ ရင်ထဲမှ ထွန်တုံးများကို ဆွဲထုတ်ရပါအုံးမည်..။

မေတ္တာဖြင့်
သစ္စာအလင်း
......

0 မှတ်ချက်ရေးရန်: