Sunday, June 5, 2016

အလေးလံဆုံးသောအရာ ...ငါ



**လူဟု ဆိုလျှင် ..လူလို ပင်သာ
လူတွင်တွေ့မျိုး…ကြောင်းအကျိုးနှင့်
ကောင်းဆိုး နှစ်တန် ..လောကဓံ ကို
ဖန်ဖန်တွေ့ မြဲ…စိတ်မှာ စွဲ သည်…
ဝမ်းနည်းဝမ်းသာ မများ ပါ…. ***

ဆိုတဲ့ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး ရဲ့ ကဗျာ လေးဟာ အမှန်တရားကို သိမြင် နိုင်ဘို့ ကူညီပေးနိုင်ခဲ့ပါတယ်..။

ကျွန်မ နှစ်သက်လွန်း တဲ့ ကဗျာလေး ရဲ့ အတိုင်းအဆ ကိုနားလည်အောင် ကြိုးစား ရင်း လူအကြောင်း ကိုသိရှိ သဘောပေါက် တဲ့အခါ..ဝမ်းနည်းရခြင်း ဝမ်းသာရခြင်း တွေ ဟာ များများစား ရှိမနေတော့ဘူးဆိုတာ သေချာ လက်ခံ ယုံကြည်ရင်း ထပ်မံပူဇော် မိပါတယ်..။

လူ ဆိုတဲ့ကျွန်မ တို့ လူတွေဟာ *ငါ ရှိတယ်* ဆိုတဲ့ အထင် မှား သက္ကာယ ဒိဋ္ဌိ ကို အခိုင်အမာ ဆုပ်ကိုင်ပြီးသံသရာ မှာကျင်လည်နေကြတာ…. တွေ့မြင်နိုင်ပါတယ်..။

ငါရှိတယ် ဆိုတဲ့အထင်ကြောင့် ငါချမ်းသာရေးကိုအချိန်ပြည့်တောင့်တ ကြပါတယ်..။

ငါ…ချမ်းသာ ကိုပေးနိုင်မယ် ထင်တဲ့ သက်ရှိသက်မဲ့ကို တွယ်တာကြပါတယ်..
ချမ်းသာကိုမပေး နိုင်တဲ့အခါ မှာ တော့ ပူလောင်ကြတာပါ..

တစ်ဦး နဲ့ တစ်ဦးချစ်တယ် ဆိုတာကလည်း ချမ်းသာပေးနိုင်တုံး ခဏ ပါ…။ အပြန်အလှန်ချမ်းသာ မပေးနိုင်တဲ့အခါ….. ဟန်ဆောင်မျက်နှာဖုံးတွေကွာကျ ကုန်ကြရတော့တာ..။ ပေါင်းသင်းဆက်ဆံရေး တွေ မှာလည်းဒီလိုပါပဲ ။

သူ နဲ့ ကိုယ်နဲ့ အဆင်ပြေတယ် ဆိုတာကလည်း သူ ကလည်း ကိုယ့်ရဲ့ အတ္တစွဲ ကိုမထိ လို့..အပြန်အလှန် အတ္တတွေကိုအရောင်တင်ပေးကြတဲ့အချိန် အဆင်ပြေကြတာပါပဲ..။

ဘယ်လို ပဲ ကောင်းတဲ့အလုပ် လုပ်နေပါစေ….. ကိုယ့် အတ္တကိုထိပါေးစမယ် အရောင်မှိန်စေမယ် ဆိုရင် အဲဒီတစ်ယောက်ကို မချီးကျူးနိုင်ကြတော့ဘူး ၊ အသိအမှတ်မပြု နိုင်ကြတော့ဘူး..။ကိုယ့်အပါးက ထွက်ခွာ သွားစေချင်ကြတော့တာ။

ငါ ဆိုတာကို ရင်ခွင်ပိုက်ထားတဲ့လူ တစ်ယောက်အနေနဲ့ ငါကို ရွှေချပေးမဲ့ ဘုန်းတော်ဘွဲ့ ပတ်ပျိုးတွေကိုသာ နားဆင်ချင်ကြတာ ပါ..။

အဝေဖန်ခံနိုင်တယ် ဘယ် လိုပဲပြောပြော ရင်ထဲ မှာခံရခက်ခြင်း နဲ့အမုန်းတရားတွေ စိမ့်ထွက်လာ တာကတော့ အတွင်းထဲ မှာ မြင်အောင်ကြည့်လို့ ရတာပါပဲလေ..။

သူ....တပါး တော်လို့ ဖြစ်တယ် ဆိုတာ ကိုပြောပြဘို့ နှုတ်ကဆွံ့ အသလောက်….ကိုယ်တော်ကြောင်း တွေ ကိုသာကြားချင်နေတယ် ဆိုတာ လူ့သဘောတွေပဲမဟုတ်ပါလား ။

လူ့သဘော ကို နောကျေ နေတဲ့ စီးပွားရေးသမားတွေကတော့ လူ ကို ဗဟိုပြု ပြီး စီးပွားရေးမှာ အသုံးဝင်အောင် လုပ်တတ်ပါတယ်..။ ဦးညွှတ်ကြိုဆိုတာတို့ ၊ လေးစားစွာ ကိုင်းညွှတ်ပေးတာ တို့…ဘာတို့ ပေါ့လေ..။

ဒီလို အဖြစ်အပျက်လေးတွေ ခဏခဏ တွေ့ကြုံလာရတဲ့အခါ များလာတော့ ကျွန်မက ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားသင်ပေး တဲ့အတိုင်း အဓိက တရားခံ ကို မြင်အောင်ရှာ ဘို့ ကြိုးစားရပါတယ်..။

အဓိက ကတော့ ငါ….ရှိတယ် လို့ ထင်တဲ့ အမြင်မှား ** သက္ကာယဒိဋ္ဌိ** ကို ပဲတွေ့ ရပါတယ်..။

ဒါကို ပယ်နိုင်ရင် ဆင်းရဲဒုက္ခ သည်အလျားတစ်ယူဇနာ အနံ တစ်ယူဇနာ ( ၁၂မိုင်ခန့်) ရှိတဲ့ရေကန် ထဲ က ရေ ပမာဏ နဲ့ အဲဒီရေကို နှီးဖျားလေးနဲ့ ကော်ယူလိုက်လို့ တင်ကျန်ခဲ့တဲ့ ရေစက် ကွာခြား သလို ကွာခြား သွားတယ် လို့ ဟောကြားတော်မူကြတာကို နည်းနည်းရိပ်မိသလိုလို ဖြစ်ခဲ့ပါတယ်..။

အဲလို ရိပ်မိချိန်မှာ တော့ ဆက်ဆံရေးအဆင်ပြေ အောင် …ကိုယ့် ရဲ့ ငါ ထက် သူ့ရဲ့ ငါကို ဦးစားပေး မထိပါးအောင်နေဘို့ လည်း ဆုံးဖြတ်မိပါတယ်..။

တကယ်တော့လည်း ကျွန်မတို့ အားလုံး ဟာ…..မသိခြင်း ဆိုတဲ့အမှောင်ထု တွင်းကနေ ငါဆိုတဲ့ဝန်ထုပ်ဝန်ပိုး ကြီးကို ခက်ခဲပင်ပန်းစွာ သယ်ဆောင်ခရီး ဆက်နေကြတဲ့ ကန္တာရခရီးသည်တွေလိုပါ ပဲ…။

အဲဒီအထုပ်ကြီးရင် ကြီးသလို ပင်ပန်းနေကြတာလည်း အမှန်ပါပဲ…။
ပိုလို့ လေးလံ သော ဝန်ထုတ်ဝန်ပိုး ကို သိမ်းပိုက်ထားခဲ့ရင် အပါယ်ငရဲထိဆွဲချတတ်တယ် ဆိုတာ ထိတ်လန့်စရာ သံဝေဂလည်းရမိပါတယ်.။

ငါ့ မြေ..ငါ့ယာ ..ငါ့ဥစ္စာ….. ငါ့သား…ငါ့သမီး…..
များလှစွာ သော ဝင်္ကပါတော မှာ..ငါများစွာ…. သူ့ငါ..ငါ့ငါ ကလည်းခလုတ်ခဏခဏတိုက်..။

အင်းတတ်နိုင်သမျှ တော့ ဖြတ်ထုတ် ..ခါချ…..

အလင်းတစ်စ ရှေ့ဆောင်တဲ့လမ်း..ဖြောင့်တန်းပေါ့ပါး စွာလျှေက်လှမ်းရပါစေသား။

မေတ္တာဖြင့်
သစ္စာအလင်း
ခေတ္တ- ပန်းသခင် တည်းခိုခန်း၊ ဘိုကလေးမြို့
၂၄.၅.၂၀၁၆

0 မှတ်ချက်ရေးရန်: