Tuesday, July 13, 2010

ပညာအလင်း ပညာပါရမီ အဖွဲ့ စတုတ္ထ အကြိမ် လှူဒါန်းမှု မှတ်တမ်း



ပညာအလင်း ပညာပါရမီ အဖွဲ့ ပညာရေးနဲ့ ပတ်သက်တာတွေကို ဆက်သွယ် လုပ်ကိုင် ဆောင်ရွက်ပေးခြင်း၊ လှူဒါန်း ပေးခြင်း တို့ကို တတ်အားသရွေ့ ဆောင်ရွက် လျက်ရှိပါတယ်။


ဒီဂျူလိုင်လအတွင်း ဆောင်ရွက်ပြီးစီး တာတွေကို ကျွန်မ မျှဝေချင်ပါတယ်..


ပြီးခဲ့တဲ့နှစ် ဂျူလိုင်လကတည်းက ဆောင်ရွက်နေတဲ့ ကိစ္စတစ်ခု ကတော့ သီရိလင်္ကာ မှ M.A ပြီးစီးထားတဲ့ ဆရာတော် တစ်ပါး ကို အမေရိကန်နိုင်ငံ University of West မှာ Ph.D ဝင်ခွင့် ရှိအောင် ဆောင်ရွက်ပေးကြ တာပဲဖြစ်ပါတယ်။ ကျောင်းဝင်ခွင့် နှင့်အတူ ပညာသင်ထောက်ပံ့ကြေး ရရှိအာင်လည်းလျှောက် ထားကြရပါတယ်။ တက္ကသိုလ်က တောင်းဆိုလာတဲ့ စာရွက်စာတမ်းတွေ အဆင်ပြေ ချောမွေ့အောင် ညှိနှိုင်း တိုင်ပင်ကြ..၊ ဝိုင်းဝန်း လုပ်ဆောင်ကြ၊ ပံ့ပိုးကညီကြရင်း တစ်နှစ်တာ ကြာမြင့်တဲ့အချိန်မှာ အားလုံးပြီးစီး သွားခဲ့ပါတယ်။


တက္ကသိုလ်နဲ့ စာရေးဆက်သွယ် တာတွေ၊ လျှောက်လွှာဖြည့်တာ တွေကို ကျွန်မက ဆောင်ရွက်ပြီး ကျွန်မနဲ့ အတူ စိတ်စေတနာ ဖြူစင်စွာ ပံ့ပိုး လုပ်ဆောင်ပေးကြတဲ့ အောက်ပါ ပုဂ္ဂိုလ်များကို အထူး ကျေးဇူးတင် ရှိပါကြောင်း မှတ်တမ်းတင် ဖေါ်ပြလိုပါတယ်။


၁။ ကိုဝိမုတ္တိသုခ -Japan- (http://www.vimuttisukha.com)- Essay, Research Proposal, Objective of Research study များ ရေးသားပေးခြင်း။

၂။ဒေါက်တာထွန်းလင်းမိုး-USA- Application Fees US$ 100 လှူဒါန်းခြင်း။

၃။ဦးကျော်လွင်-Singapore - (http://www.dhammadownload.com)- Financial Sponsorship Letter, Bank Verification ပေးပို့ကူညီပေးခြင်း ။

၎။ဒေါက်တာလှမြင့်-ထေရဝါဒဗုဒ္ဓ သာသာပြုတက္ကသိုလ်-Recommendation Letter များ ပေးပို့ခြင်း-တို့ ဖြစ်ပါတယ်။


ဂျူလိုင်လ အတွင်းမှာပဲ ကျွန်မဖခင်ကြီး ကွယ်လွန်ခဲ့တာ ၂ နှစ်ပြည့် အထိန်း အမှတ်အဖြစ် ဖခင်ကြီး ရဲ့ ဇာတိ (တွံတေး မြို့နယ်၊ ရန်ကုန်ပေါက် ကျေးရွာ) ကလေးမှာ ကလေးများအတွက် ဘာသာရေး အခြေခံသင်တန်း ကလေးတစ်ခု စတင်ဖွင့်လှစ်ခဲ့ ပါတယ်။


ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ဟောကြား ဆုံးမတော်မူသည့် အတိုင်း (မြတ်ဗုဒ္ဓ အလိုကျ ဘဝနေနည်း လူငယ်ပညာပေး သင်တန်း) လို့အမည်ပေးထား ပါတယ်။ ကျွန်မအားလပ်တဲ့ တနင်္ဂနွေနေ့တွေမှာ ပန်းဆိုးတန်း ဆိပ်ကမ်းကနေ ဒလကို ကူးပြီး သွားရောက် သင်ကြားပေးခဲ့တာ အခုဆို သုံးပတ်တိုင်ခဲ့ပါပြီ..


ပါဠိစကားလုံးများရဲ့ ညွှန်ကြားခံ တရားသားဟာ ဘယ်လိုလဲ၊ ကိုယ့်သဏ္ဍန် မှာ ဘယ်အချိန် ဖြစ်တာလဲ၊ ဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်လို လေ့ကျင့် ယူရမယ်ဆိုတာကို ရှင်းလင်းဟောပြတဲ့ နေရာမှာ အလွန်ပါရမီ ထူးတဲ့ ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ့ မူအတိုင်း သင်ကြားလေ့ကျင့် စေခဲ့ပါတယ်။


ဆရာတော် ဘုရားကြီး ကလည်း တစ်ယောက်ရ တစ်ယောက်သင် တစ်နာရီရ တစ်နာရီသင်ပါလို့ မိန့ှ်မှာ ထားတဲ့ အတွက် ကျွန်မ ယုံကြည်မှု အပြည့် နဲ့ စတင်ခဲ့ပါတယ်။


ကျွန်မရဲ့ ဝမ်းကွဲအမ များဖြစ်တဲ့ (ဒေါ်တင်အောင်၊ ဒေါ်စိန်မေ) တို့ကလည်း ရွာခံဆရာမများ ဖြစ်နေတာမို့ ကျွန်မကို ပံ့ပိုးကူညီပေးကြပါတယ်။


ပထမ အပတ်မှာ ကလေးများ ၆၀-ဦးရှိခဲ့ပြီး ဒုတိယအပတ်မှာ ၈၈- ဦးထိ တိုးတက်လာခဲ့ပါတယ်။ တတိယ အပတ်မှာတော့ ယောင်္ကျားလေး ၄၉-ဦး နှင့်မိန်းကလေး ၅၃- ဦး ရှိခဲ့ပါပြီ။


ကုသိုလ်၊ အကုသိုလ်၊ ပြစ်မှားခြင်း၊ ကျေးဇူး၊ မေတ္တာ၊ မာန စတာတွေကို သေချာ နားလည် သဘောပေါက်စေပြီး မေတ္တာ ဘာဝနာ ပွားများ အားထုတ်စေခဲ့ပါတယ်။


ဒီသင်တန်း ဖြစ်မြောက်ရေးအတွက် စာရွက်စာတမ်းများ၊ ကျွေးမွေးလှူဒါန်းခြင်း များအတွက် ၊ပညာအလင်း-ပညာပါရမီ အဖွဲ့နဲ့ ဆက်သွယ်လှူဒါန်းတဲ့ သူတွေကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖေါ်ပြလိုပါတယ်။


၁။ မကျော့ကေကေခိုင် - Executive Manager-Piavate Hospital, Bangkok- 20000 Kyats

၂။ဒေါက်တာသန်းသန်းစိန်-Myanmar Organic Group- 60000 Kyats


တတိယ အပတ်က စတင်ပြီး အနီးအနားရှိ ကံဘဲ့ စံပြကျေးရွာ မှာလည် ညပိုင်း သင်တန်း ကို စတင်သင်ကြား ပေးနေပါတယ်။ ဆက်လက်ပြီး ကြိုးစားရပါအုံးမယ်။


တမလွန်မှ ကျွန်မရဲ့ ကျေးဇူးရှင် ဖခင်ကြီး အပါအဝင် ဓမ္မ မိတ်ဆွေများ သာဓုခေါ်ဆို နိုင်ပါရန် ဓာတ်ပုံတစ်ချို့ကို ပူးတွဲဖေါ် ပြလိုပါတယ်။


သတ္တဝါ မှန်သရွေ့ တရားတွေ့ ၊ချမ်းမြေ့သာယာရှိကြပါစေ။


မေတ္တာဖြင့်

သစ္စာအလင်း

1 မှတ်ချက်ရေးရန်:

Anonymous said...

သာဓုသာဓုသာဓု
အဖိုးအထိုက်တန်ဆုံးဒါနဖြစ်ပါသည်၊
ကျန်းမာချမ်းသာစွာဆက်လက် ကြိုးပမ်းဆောင်ရွက် နိုင်ပါစေ။

ဦးအောင်ကိုး(ဓမ္မပါလ)