Sunday, July 18, 2010

ကျွန်မချစ်တဲ့သစ်ပင်များ


လွန်ခဲ့တဲ့ ၂-နှစ်က ရက်စက်ကြမ်းကြုတ်တဲ့ အပူပိုင်း မုန်တိုင်းတစ်ခုကိုပါ ခေါ်ဆောင် ပြီး လာခြင်း မကောင်းခဲ့တဲ့ မုတ်သုန်ဟာ ဒီနှစ်တော့ သိမ်မွေ့စွာ… အချိန်မှန်စွာ… အနေမှန်စွာ… ဖြတ်သန်း ဝင်ရောက်နေခဲ့တာ နှစ်လ နီးပါးတောင် ရှိနေခဲ့ပါပြီ…။ သဘောကောင်းတဲ့ မုတ်သုန်ဟာ မိုးစက်ပွင့်တွေ ချွေချပေးနေဆဲ .. အရှိန်အဟုန် ကောင်းဆဲမို့ ကျွန်မချစ်တဲ့ သစ်ပင် ပန်းပင်တွေဟာ လှပတဲ့ သံစဉ်တွေ အပြိုင်အဆိုင် သီကျူးရင်း စိမ်းလန်း ပျော်ရွှင်နေတာ မြင်နေရတာ စိတ်ချမ်းသာ မိပါတယ်..။ သစ်ပင်တွေက ပြောပြနေတဲ့ ဘာသာစကားကို နားလည်ဘို့ ကျွန်မ ဘဝရဲ့ နှစ်အတော်များများ သူတို့နဲ့ပေါင်းသင်း နေထိုင် ခဲ့ရပါတယ်..။ သူတို့ရဲ့ နှလုံးသားဟာ ကျွန်မရဲ့ နှလုံးသားပါပဲ..။ ရေငတ်နေတယ်.. ဗိုက်ဆာနေတယ်… နေမကောင်းဘူး… ပင်ပန်း နွမ်းနယ် လှချည်ရဲ့လို့ အကုန် ပြောပြသလို… တစ်ခါတစ်ခါ လူတွေကို ပြန်မပြောပြချင်တဲ့ ကျွန်မရဲ့ စကားတွေကိုလည်း မညည်းမညူ နားထောင်ပေးသူ ကလည်း ကျွန်မချစ်တဲ့ သစ်ပင်များပါပဲ..။

မြေမှာကပ်ပြီး ယိမ်းနွဲ့ လှပတဲ့ ဝါတာတာ နေကြာရိုင်းပင်လေးတွေ ကြားမှာ စာကျက်ရာကစပြီး အဆောင်ရှေ့က မလွှပင်၊ ဖန်ခါးပင်တွေ… ကျောင်းတက်တဲ့လမ်း မှာ နေပြောက်မထိုးအောင် ဖားဖားဝေနေတဲ့ ကျွန်းပင်များ… နွေ အပူမှာ အံတုရဲရင့်နေတဲ့ စိန်ပန်းနီနီတွေ.. ငုဝါဝါတွေ… နွေမှာ ရနံ့သင်းပျံ့တဲ့ တမာပင်တွေ နဲ့ ရင်နှီးနွေးထွေး ခဲ့တဲ့ ကလေးမလေး တစ်ယောက်ရဲ့နှလုံးသားထဲက စကားသံတွေ တစ်စ တစ်စပြောင်းလဲ ခဲ့တာ..တစ်ခါတစ်ခါ မျက်ရည်တွေနဲ့… နာကျည်းမှု တွေနဲ့ အတူ ကြီးပြင်း ရင့်ကျက်ခဲ့တာ… ခွင့်လွှတ်မှုတွေ နားလည်မှုတွေနဲ့ တည်ငြိမ်ခဲ့တာ… စတာတွေကို ကျွန်မချစ်တဲ့ သစ်ပင်တွေက ကျွန်မကို ခံစားနားလည် ပေးခဲ့ပါတယ်..။

ဘုရားတင်ဘို့ ပန်းကောက်မယ်… ဗောဓိပင်ကို သွန်းလောင်းမယ်… ကံ့ကော်ပင်တွေ ပျိုးထောင်မယ် ဆိုတဲ့ ဘက်တွေကို အရောက်များနေခဲ့တာမို့ အခုတော့လည်း စိတ်ချ နေလိမ့်မယ်ဆိုတာ သိနေပါရဲ့လေ…။ ဆယ်စုနှစ် လေးခုကို တော်တော်လေး
ကျော်လွန်ခဲ့ ပြီကိုး…။

ကျွန်မကို မွေးဖွားခဲ့တဲ့ ဂျူလိုင်လ ဆိုတာကလည်း… သစ်ပင်စိုက်တဲ့ လဆိုလေတော့... ကျွန်မချစ်တဲ့ သစ်ပင်များနဲ့ တပါတည်း တစ်ပြိုင်နက်တည်း ဆိုသလို လောကထဲ ရောက်ခဲ့ရတာကိုး..။

မြေဆီမြေနှစ်တွေ စွန်ထင်းပေကျံနေတဲ့ ကျွန်မရဲ့လက်တွေ အသားမာတက်တဲ့ထိ ကျွန်မ ပြုစုပျိုးထောင် ပေးနေတယ်… ကျွန်မလို သစ်ပင်တွေကို ချစ်တတ်အောင်လည်း သင်ကြားပေးနေတယ်… ဆိုတာ ကျွန်မပြောခဲ့ဘူး တယ်နော်..။

အခု ကျွန်မ ထပ်ပြောမယ့် အကြောင်းကတော့ သစ်ပင်တွေဟာ မြတ်ဗုဒ္ဓရဲ့ သာသနာမှာ… ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓနဲ့ အတူယှဉ်တွဲ အရေးပါ နေတာကို ကျွန်မက ဂုဏ်ယူနေပါတယ်…။ မြတ်ဗုဒ္ဓဟာ လုမ္ဗိနီ အင်ကြင်း ပင်တွေရဲ့ ရင်ခွင်မှာ.. မွေးဖွားသန့်စင်ခဲ့ပြီး… ညောင်ဗုဒ္ဓဟေ ဗောဓိပင်မှာ ဘုရားအဖြစ်ကို ရောက်ရှိခဲ့ ပါတယ်..။ မိဂဒါဝုန် သစ်တောရဲ့ အေးမြတဲ့ အရိပ်မှာပဲ သစ္စာတရားတွေ ဟောကြားခဲ့ပါတယ်…။ ပရိနိဗ္ဗာန် ပြုတော့လည်း ကုသိနာရုံ ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတောမှာ စံဝင်ခဲ့တာကိုတော့ ကျွန်မချစ်တဲ့ သစ်ပင်များ သိနေပြီးသားပါနော်..။

သံဃာရတနာ ပေါ်ပေါက်လာချိန် မှာလည်း သီတင်းသုံးနေထိုင် အမှီပြုရာ ကျောင်းအဖြစ်… အရေးပါခဲ့ပြန်ပါတယ်..။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်၊ အရှင်ဇေယျပဏ္ဍိတရဲ့ တရားတော်တွေထဲက ကျွန်မ မှတ်သားထားတာ လေးတွေ ရှိပါတယ်..။ မြတ်စွာဘုရား၏ အဆုံးအမ အရ သာသနာတော်တွင် သံဃာရတနာ ဖြစ်ပေါ်ပြီး သာသနာပြု စေလွှတ်ရာတွင်၊ ရဟန္တာ (၆)ကျိပ်တို့အား ရဟန်းတို့ သင်တို့သည် ငါဘုရား၏ သဒ္ဓမ္မ သုံးဖြာ သာသနာကို လူအများအား အမြဲဟောပြော ပြသရင်း၊ အေးချမ်း ဆိတ်ငြိမ်သော၊ တောင်များ တောများမှာနေကြပါ။ (ထိုအချိန်က ကျောင်းခွင့်မပြုသေးပါ။) ရဟန်းတော်များသည် သစ်တစ်ပင်၊ ဝါးတစ်ပင် သစ်ရိပ်၊ တောရိပ်၊ တောင်ရိပ်များမှာ ကျောင်းအဖြစ် မှီတင်း သီတင်း သုံးနေထိုင်လျက် ဘုရားရှင်၏ အဆုံးအမဖြင့် ကျင့်ကြံ နေထိုင်ကြပါတယ်…။ ဤ သာသနာတော် ၌ ရဟန်းသည်--- (ကိုယ်၏ ဆိတ်ငြိမ်မှုဖြစ်သော - ဆိတ်ငြိမ်သော အိပ်ရာ နေရာကို မှီဝဲ၏။ တော၊ သစ်ပင်ရင်း၊ တောင်၊ ချောက်၊ တောင်စောင်း၊ သုဿန်၊ တောအုပ်၊ လွင်တီးခေါင်၊ ကောက်ရိုးပုံ တို့ကို မှီဝဲ၏။ ဆိတ်သောကိုယ်ဖြင့် နေသည်။) မဟာနိဒ္ဒေသပါဠိ တုဝဋကသုတ်မှ ကောက်နှုတ်ဖေါ် ပြခဲ့ပါတယ်...။

ဒါကြောင်မို့လို့် သစ်ပင် စိုက်ပျိုးခြင်းသည် ကျောင်းဆောက်ခြင်းနဲ့ အတူတူပါပဲ..။ စားစရာ၊ အသုံးအဆောင်၊ အရိပ်အာဝါသကို ရဟန်း၊ ရှင်လူ၊ သတ္တဝါများ၊ မှီခိုအားထား သီတင်းသုံးနေထိုင် စားသောက် နိုင်ကြပါတယ်။ သစ်သားဖြင့် ဆောက်လုပ်သော ကျောင်းများကဲ့သို့ ရေနံသုတ်စရာလည်း မလိုတော့လို့ သစ်ပင်စိုက်ပျိုးခြင်းကို ရေနံမသုတ်သောကျောင်း ဆောက်လုပ်ခြင်းလို့
တင်စား ခေါ်ဝေါ်လို့လည်း ရပါတယ်...။

ကျွန်မတို့အားလုံး မှီတင်းနေထိုင်ရာ ကမ္ဘာကြီးဟာ အပြာရောင် မိုးကုတ်စက်ဝိုင်း တစ်ခုတည်းရဲ့ အောက်မှာ အိမ်တစ်လုံးလို တည်ရှိနေတာပါ..။ နေထိုင်ကြ သူအားလုံးဟာ တစ်မိုးအောက်ထဲနေ မိသားစုဝင်တွေပဲပေါ့။ အားလုံး ထိန်းသိမ်းစောင့်ရှောက် ပြုပြင်ကြမှသာ ရေရှည် တည်တံ့မှာ ဖြစ်ပါတယ်။

ပြုပြင်စောင့်ရှောက်သူ တွေရှိသလို ကိုယ်ကျိုးစီးပွား အတွက် လောဘသားတွေကြောင့် ကမ္ဘာကြီးရဲ့ ကျန်းမာရေးဟာ စိုးရိမ်စရာ ဖြစ်လို့နေပါတော့တယ်။ Global Warming , Climate Change, Ozone Depletion, Natural Disaster စတာတွေဟာ ရောဂါဆိုးများသဖွယ် ချိမ်းခြောက်လို့ နေပါတယ်။

သာဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ကြဖို့ဟာ အဖွဲ့အစည်း တစ်ခု၊ နိုင်ငံ တစ်နိုင်ငံ၊ တက္ကသိုလ် တစ်ခုက တာဝန်ယူ ဖြေရှင်းလို့ ပြေလည် သွားနိုင်တာ မဟုတ်ဘဲ နေထိုင်ကြသူအားလုံး တစ်ဦးချင်း တာဝန်ယူကြမှသာ ကျွန်မတို့ အားလုံးရဲ့ မျိုးဆက်သစ်များ အတွက် စိုပြေသာယာ မြေကမ္ဘာကို အမွေ ချန်ခဲ့ နိုင်ပါလိမ့်မယ်။

အဲလို ချန်ခဲ့နိုင်ဘို့ ကျွန်မတို့ တစ်ပိုင်တစ်နိုင် ပါဝင် ဆောင်ရွက်နိုင်တာ တွေ ရှိပါတယ်။ သစ်ပင်တွေ စိုက်နိုင်သရွေ့ စိုက်ကြ၊ ပြုစုကြ၊ ပျိုးထောင်ကြပြီး ကမ္ဘာကြီးကို ကယ်တင်လို့ရပါတယ်။

ကျွန်မချစ်တဲ့ သစ်ပင်တွေဟာ ကျွန်မတို့အတွက် အကောင်းဆုံး မိတ်ဆွေတွေပါ။ စားဝတ်နေရေး ကျန်းမာရေး အားလုံးကို သူတို့က ပေးစွမ်း နိုင်သလို (Green House Gas) ဖန်လုံအိမ် ဓာတ်ငွေ့ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ကိုလည်း သူ့ရဲ့ အစာချက်လုပ်ငန်း (Photosynthesis) ဖြစ်စဉ်မှာ သုံးစွဲပြီး မြေကမ္ဘာကို သန့်စင်ပေးနေတာပါ။

ကင်ညာ နိုင်ငံက ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုတိယဝန်ကြီး ဒေါက်တာ ဝန်ဂါရီမာသိုင်း (Dr. Wangari Maathai) ကတော့ သူတို့နေထိုင်ရာ အာဖရိကတိုက် ကြီးရဲ့ မြေဆီလွှာ တိုက်စားမှု (Soil Erosion) ထိန်းသိမ်းဖို့၊ ကမ္ဘာ့ရာသီဥတု ပြန်လည် မျှတလာဖို့ သစ်ပင်ပေါင်း သန်း ၃၀၀ ကျော် စည်းရုံး စိုက်ပျိုး ခဲ့တဲ့ (Green Belt Movement) အစိမ်းရောင် ခါးပတ်စီမံကိန်းကို ကျွန်မတို့အားကျ အတုယူရပါလိမ့်မယ်။

သူကတော့ သစ်ပင် စိုက်ခြင်းဟာ သံဃာတော်များ အတွက် ကျောင်းအလှူ လှူတာလို အကျိုးပေးတယ်ဆိုတာ မသိရှာပါဘူး။ သူက ဗုဒ္ဓဘာသာမှ မဟုတ်တာနော်။ ကျွန်မတို့လို သိများသိရင် သန်း ၃၀၀၀ ကျော် များတောင်စိုက်မလားပဲ တွေးကြည့်မိပါတယ်။

သူတို့ထက် ဘာသာရေး အသိအမြင်လေးနက်တဲ့ ကျွန်မတို့ရဲ့ သစ်ပင်စိုက်ပျိုးရေး (တနည်း- ရေနံ မသုတ်တဲ့ ကျောင်းလှူဒါန်းရေး) ဟာ ပိုပြီး အဓိပ္ပါယ်ရှိရှိ အောင်မြင်မှာ အသေအချာပါ။ ဓမ္မမိတ်ဆွေ တို့ရဲ့ ထက်သန်တဲ့ သဒ္ဓါတရားကို အခိုင်အမာ ယုံကြည်နေပါတယ်။ သူက အစိမ်းရောင်ခါးပတ်ဆို
ကျွန်မတို့က အစိမ်းရောင်လွင်ပြင် ဖြစ်စေရမှာပေါ့။

နာဂစ်မုန်တိုင်းရဲ့ ရက်စက်မှုကြောင့် ပြိုလဲခဲ့ရ တာတွေကို ကုစားဘို့ရာ စေတနာက အစပြု အရင်းခံပြီး တစ်ကမ္ဘာလုံးရဲ့ ပတ်ဝန်းကျင် စိုပြေသာယာရေး၊ ကျန်းမာရေး အတွက် မြင့်မြတ်သော စိတ်ထားများနဲ့ ကျွန်မတို့ သစ်ပင်စိုက်ကြပါစို့လားရှင့်။

ကျွန်မချစ်သောသစ်ပင်များထာဝရစိမ်းလန်းပါစေ...။


မှတ်ချက်။ ၁၈.၇. ၂၀၁၀ နေ့တွင် ပိုင်းလော့ ဆရာတော်ဘုရားကြီးရဲ့ အောက်ဝါးနက်ချောင်း တရားစခန်း ရိပ်သာသစ်တွင် ဆရာတော်၏ အဆုံးအမ လမ်းညွှန်မှုဖြင့် ဓမ္မ မိတ်ဆွေများ စုပေါင်း၍ -ရေနံမသုတ်သောကျောင်း- ဆောက်လုပ် လှူဒါန်းပွဲ (တနည်း) စုပေါင်းသစ်ပင် စိုက်ပျိုးပွဲမှာ ကိုယ်တိုင် စွမ်းနိုင်ရာက ပါဝင်နိုင်ကြလျက် ကျောင်းဒါယကာ၊ ဒါယကာမများ အဖြစ် ခံယူနိုင်ကြ မည့်သူများကို ဂုဏ်ပြုရင်း ၂၀.၇. ၂၀၁၀ နေ့တွင် ကျရောက်မယ့် ကျွန်မရဲ့ မွေးနေ့ အမှတ်တရအဖြစ် ဒီစာစု ကိုရေးသားပါတယ်..။

1 မှတ်ချက်ရေးရန်:

Crystal said...

အစ်မရေ အစ်မချစ်သော သစ်ပင်များ ထာဝရစိမ်းလန်းနေပါစေ၊ ဇူလှိုင်မိုးဖွဲလေးတွေကြားမှာ သာသနာပြုအလုပ်များနှင့် ပျော်မွေ့နေသော အစ်မတစ်ယောက် မွေးနေ့မှသည် အနာဂတ်လမ်းတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံပါစေကြောင်း အမှတ်တရ ဆုတောင်းလိုက်ပါတယ်ရှင်။

ညီမ - mrs bliss