Thursday, July 29, 2010

E-လွင်ပြင် မှ အကြင်နာ ပေါက်ပေါက်ပွင့်များ

အင်တာနက် ကဖေးများတွင် အင်တာနက် သုံးရလေတိုင်း မြန်မာ လူနေမှုဘဝရဲ့ပုံရိပ်များကို ကြားသိထိတွေ့ ခွင့်ရခဲ့ပါတယ်..။ နိုင်ငံခြား မှာ အလုပ်လုပ်နေတဲ့ သားသမီးများနဲ့ လာစကားပြောကြတဲ့ မိဘတွေ ၊ ခင်ပွန်းသည် နဲ့ တွေ့ တဲ့ဇနီးသည် ၊ အမျိုး ညီအစ်ကိုမောင်နှမ စသည်ဖြင့် ရင်တွင်းဖြစ် ဇာတ်လမ်းများကို မကြားချင် ဝင်လျှက်သား ဆိုသလို နားထဲရောက်ရောက် နေခဲ့ရတာကြာပါပြီ..။

ငွေဘယ်တော့လွှဲမှာလဲ သားလေးရယ်၊ သမီးလေးရယ် ဆိုတဲ့ အားငယ်စွာ တောင်းဆိုသံ လေးတွေကြားရရင် ကရုဏာ သက်မိ ပါတယ်။တစ်ခါ တစ်ခါ မှာလည်း ဝတ်ကောင်စားလှ၊ လက်ဝတ်လက်စားများစွာ နဲ့ တက်ကြွ ပျော်ရွှင်စွာ ငွေရကြောင်း ဘယ်လို လှူပြီးကြောင်းပြောနေတဲ့ အမေ တွေရဲ့ အသံ ကြားရလျှင်လည်းကျွန်မ က တစ်ဘက် မှ မမြင်ရတဲ့ ကလေး ကို ချီးကျူးသာဓုခေါ်မိပါယ်..။

အဲ ….ဒီနေ့ ဇာတ်လမ်းကတော့ ပွဲနည်းနည်းကြမ်း နေတာ မို့ တစ်ဆိုင်လုံး ကို လွှမ်းမိုး လို့နေပါတယ်..။ဖြစ်ပုံက နိုင်ငံခြားရောက်နေတဲ့ ခင်ပွန်းရဲ့ အီးမေးလ် ကို ဝင်စစ်ပြီး မသင်္ကာ ဘွယ်ရာ အကြင်နာပန်းပွင့်များ ကိုသဲ လွန်စ ရရှိရာ မှ တဆင့် ပေါက်ကွဲ သွားရှာ သူ ဇနီးသည် တစ်ဦး ဖြစ်ပါတယ်။ ဆူညံစွာ အော်ဟစ်ပြီး တစ်ဘက်က ခင်ပွန်းကို ကြိမ်းမောင်းချိမ်းခြောက် နေပေမဲ့ ကျွန်မက သူမ ရဲ့ ရင်ထဲကအပူ ကို နားလည်ပေး နေမိပါတယ်..။ ပေါက်ပေါက် ထပွင့်စေတဲ့အပူ ပေပဲလေ..။

(ခင်ပွန်း သေဆုံးလို့ ကျန်ရစ်သူ ဇနီးသည် နှင့် ခင်ပွန်းသည် ဒုတိယလူနောက်ပါသွားလို့ ကျန်ရစ်သူ ဇနီးသည် နှစ်ဦး လှဲလှောင်းနေစဉ် သူတို့ ရဲ့ ရင်ပတ်ပေါ်ကို ပေါက်ပေါက်လုပ်တဲ့ ပြောင်းဖူးစေ့ တင်ထားပါ တဲ့ ။ ချန်ထား ခံရတာချင်းအတူတူ ဘယ် ရင်ပတ်က ပေါက်ပေါက်ထပွင့် မှာလဲ တဲ့) ကဲ….. ကျွန်မ မဖြေ လည်း ဖြေနိုင်ကြမှာပါနော်…။

ပြတ်မယ် စဲမယ် နဲ့ ထပြန်သွားတဲ့ သူမ ကို မေတ္တာ ၊ ပို့လွှတ် ပေးလို့ မှ မဆုံးခင် သူမ တစ်ခေါက် ပြန်ရောက်လာပါတယ်..။ ရုပ်ဆင်းအင်္ဂါ ပြေပြစ်တင့်တယ် ပြီး ထက်မြက်ပုံ ရတဲ့သူမ ဟာ ဆိုင်ဝန်ထမ်း အမျိုးသမီး ကို စစ်ကူခေါ် ပြီး G-Talk Chat History နဲ့ VZO ကိုပါစစ်ဆေး ပါတော့တယ်..။ မြန်မာပြန်ရောက်တုံး သုံးသွားတဲ့ ဖုန်းမှာ Message တစ်ခု ရကတည်းက မသင်္ကာနေတာတဲ့။ တစ်ဘက်က ပုဂ္ဂိုလ် က နိုင်ငံခြား မသွားခင် Transparency ရှိရှိ Pass word များပေးသွားခဲ့ပုံလည်း ရပါတယ်..။ ဒီတစ်ခါ မျက်ရည်သုတ်သံ နဲ့ ငိုသံများ ကို ပါ နားသောတ ဆင်ရပါတော့တယ်…။ ထိုကဲ့သို့သော သဲလွန်စ မျိုးကို ရှာဖွေ ဖေါ်ထုတ်တဲ့နေရာ မှာ မိန်းမတွေ ဟာ စီအိုင်ဒီက ကြည်မာခင် လို တော်ကြပါတယ်..ဆိုတာ ကျွန်မသည်လည်း မိန်းမမို့ သိနေတာပေါ့နော်..။

နိုင်ငံခြား နေသူများ ဟာ စိတ် ခံစားမှု များစွာကို ထွက်ပေါက်မဲ့စွာ ရုန်းကန်ဖြတ်သန်းကြရတာ အများစုဖြစ်ပါတယ်။မိသားစု နဲ့ဝေးနေတာမို့ စိတ်ငယ်ချိန်၊ စိတ်နောက်ချိန်တွေ မှာ ထွက်ပေါက် ရှာ ဘို့ အင်တာနက် မှာအဖေါ်ရှာတတ်ကြပါတယ်..။ လူလွတ်များ အတွက်တော့ကောင်းပါတယ်။ ဖူးစာရှင် စစ်စစ် တွေ့ဘို့ ရုပ်မမြင်ရပေမဲ့ နှလုံးသား ကို တိုက်ရိုက်ထိတွေ့ ခံစားနိုင်တာကိုး။ ပြဿနာ က တော့ လူမလွတ်များ ရဲ့ အကြင်နာ ပန်းပွင့်များ Electronic လွင်ပြင်မှာ ဖူးပွင့်လာလေ့ရှိတာ ပါပဲ။ သားသမီး တွေရှိခဲ့ရင် သူတို့ ရဲ့ နုနယ်တဲ့နှလုံးသားအပြင် အနာဂတ်ဘဝကိုပါ လောင်ကျွမ်းစေမဲ့ အဆိပ်တွေဟာ ဒီပန်းတွေမှာ ပါနေတာမို့ပါ..။

အငွေ့စားသလို မို့ အပြစ်ကင်းတယ်လည်း ထင်တတ်ကြပါတယ်။ကိုယ့်ကိုကို ငါထင်တဲ့ အထင် (သက္ကာယဒိဋ္ဌိ) က တစ်သံသရာလုံး စွဲကပ်ထူ ပြိန်း နေတဲ့ အပြင် အကြင်နာ ပန်းပွင့် အရိပ်များပါ ရောနှော အကောင်ထင်၊ဇာတ်လမ်းဆင် ၊စိတ်ကူးယဉ် ရတာမို့ ဒိဋ္ဌိပြုတ်လမ်းစဉ် နဲ့ တော့ဝေး နေပြီး -သက္ကာယဒိဋ္ဌိ- ကကြီးထွား နေမှာ အမှန်ပါပဲ။

ကျွန်မ တို့ တက္ကသိုလ်တက်စဉ် ကာလက အဆောင်မှာ အော် ဆိုဖူးတဲ့ စိုင်းထီးဆိုင် ရဲ့ မေမြို့မိုး သီချင်း ကို သတိရမိပါတယ်.. ကိုယ်က Subject နေရာမှာဆို ဟုတ်သလိုလိုနဲ့ (အကြင်နာ ဆိုတာ ဒီတစ်ယောက်နဲ့ ပဲပြီးသင့်သလား ) တဲ့..။Object နေရာရောက်ပြီး ခံရပြီဆို ပေါက်ပေါက်ထပွင့်ကြတော့ တာ အသေအချာပေါ့..။

အကြင်နာဆိုတာ ဒီတစ်ယောက်နဲ့ မပြီးသင့်ဘူးဆို ရင် မြတ်ဗုဒ္ဓ သည် ငါးပါးသီလတွင် ကာမေသု မိစ္ဆာ စာရာ ဝေရာမဏိ လို့ ဆိုမိန့်ခဲ့မှာ မဟုတ်ပါဘူးနော်။ အနုဿတိ ၁၀-ပါး ထဲမှ သီလာနုဿတိ နဲ့ ပူဇော်လို ကြတယ် ဆိုရင် ကျွန်မတို့ မေထုံငယ် ခုနှစ်ပါး ကို သိထားဘို့လိုပါလိမ့် မယ်..။

ကျေးဇူးတော်ရှင်မြတ်စွာ ဘုရားရှင်ကိုပူဇော် တဲ့နေရာမှာ အာမိသ ပူဇာထက် ဓမ္မပူဇာ ကပိုမြင့်မြတ်ပါတယ်..။ ကျွန်မ တို့ဆောက်တည် ထားတဲ့ သီလဟာ မကျိုးမပေါက်၊ မပြောက်မကြားပါ မှ သီလာနုဿတိ နဲ့ ပူဇော်နိုင်ပါမယ်.။

(ပျောက်ခြင်း ကွက်ခြင်း မရှိသောကြောင့် ကောင်းလေစွ ။မေထုန်ငယ် ခုနှစ်ပါး တို့သည်လည်းကောင်း၊အမျက်ထွက်ခြင်း၊ ရန်ညှိုးဖွဲ့ခြင်း စသော ယုတ်မာသောတရား တို့ သည်လည်း မနှိပ်စက် အပ်သောကြောင့် ကျိုးပြတ်ခြင်းမရှိ၊ ပေါက်ထွင်းခြင်း မရှိ၊ ကြောင်ကြားခြင်းမရှိ၊ ပြောက်ကွက်ခြင်းမရှိသော ငါ၏ သီလ တို့သည် ကောင်းလေစွတကား။) လို့ ဆင်ခြင် ပူဇော်ရပါမယ်။

မေထုန်ငယ်ဆိုတာတော့ ရှဉ်းစုံ မကပ်သော်လည်း၊ (ပွတ်သပ်သာယာခြင်း၊ ရယ်မြူးသာယာခြင်း၊ကြည့်ရှု သာယာ ခြင်း၊ အသံနားထောင်သာယာခြင်း၊ ရှေးကရယ်မောပြောဆိုဘူးသည်ကို ပြန်သာယာခြင်း၊ သူတကာ စုံတွဲကို မြင် ၍ အားကျသာယာခြင်း၊ နတ်ဗြဟ္မာ စည်းစိမ် ဆုတောင်းခြင်း)..စသည်ဖြင့် ခုနှစ်ပါးဖြစ်ပါတယ်။ သီလ ညစ်နွမ်း စေ ပါတယ် ဝဋ်ဆင်းရဲမှ မလွတ်စေနိုင်ပါဘူး။

မှတ်မိအောင် လင်္ကာလေးနဲ့ မှတ်မယ်ဆိုရင်တော့

ရှဉ်းစုံမကပ်၊ ပွတ်သပ်မကျူး၊
ရယ်မြူး မရှိ၊ မျက်စိမဆုံ၊
သံမျိုးစုံပစ်၊ ရှေးဖြစ်မကြံ၊
မောင်နှံငုံ့ရှောင်၊ နတ်ဘောင်မရွယ် ၊
ဤ ရှစ်သွယ်၊ လွတ်ဘွယ်မေထုန် တည်း။

သီလ ညစ်နွမ်းစေပါတယ် ဝဋ်ဆင်းရဲမှ မလွတ်စေနိုင်တာ ကိုသိရှိ ဆင်ခြင်နိုင် ကြစေလိုပါတယ်။ ပါဝင် ပတ်သက်လာမဲ့ မိန်းမငယ်လေးများကို သိရှိသင်္ခန်းစာယူ နိုင်ကြဘို့ ထိပ်စုဘုရားကြီးကတော့ (ဒေါင်းယာဉ်ပျံ ဘုံနဘေးမှာ ၊ စာရေးလို့ ထားခဲ့ချင်တယ်) လို့ ဖွဲ့နွဲ့ရေးသားခဲ့ပါတယ်။

ကျွန်မ သည်လည်း သည်စာစုလေး ကို Electronic Media လွင်ပြင်မှာ စိုက်ပျိုးထားခဲ့ရင်း အမျိုးသမီး ဓမ္မဘလော့ဂါတစ်ဦး ရဲ့ တာဝန်ကျေပြွန် ပါရစေရှင့်..။

ပေါက်ပေါက်ပွင့် များ ရပ်စဲပါစေသတည်း။

မေတ္တာဖြင့်
သစ္စာအလင်း

4 မှတ်ချက်ရေးရန်:

ee said...

မယား၌ပင်၊ တပ်မက်သေ၍ ၊ မြွေနှင့်ခွေးနွား ၊ ထံပါးဝဲရစ် ၊
သုံးကြိမ်ဖြစ်၍ ၊ တစ်ဆက်ထိုမှ ၊ လေးကြိမ်းကျသော် ၊
မယားဝမ်းခေါင်း ၊ ၀င်ခါအောင်းရှင့် ............မဃဒေ၀မှာ
ကျတ်ဖူးတဲ့စာလေးသတိရလို့ပါ လူသားတွေဖြစ်လို့အိမ်
ထောင်သားမွေးမကင်းနိုင်ကြဘူးဆိုပေမဲ့ ၊ ၀ိသာခါတို့လို
အရိယာများလဲမကင်းတတ်ကြပါဘူး ၊ ထူးခြားချက်ကတော့
အရိယာများဟာ သက်ရှိသက်မဲ့တို့အပေါ်မှာ သုံးရုံလေး သုံး
ကြပါတယ် ၊ ကိုယ်တော်တို့ပုထုဇဉ်များကြတော့သုံးရုံတင်
မဟုတ်စွဲလဲစွဲထားသေးသမို့ ၊ အပါယ်လေးပါဟာကိုယ့်အိမ်
နဲ့တူတယ်ဆိုတဲ့စကား မှန်ပါတယ်လို့ထပ်ထောက်ခံရမလိုပါ
ဘဲ .......ကိုယ်တော်လဲလူများကိုသာဟန်ဆောင်ပန်ဆောင်ပြောနေတာ ကိုယ်တော်လဲသုံးစွဲနေတုန်းပါဘဲ နဲအောင်ကြိုးစားနိုင်ကြပါစေသတည်း

zaw lai said...

ကြိုပြီးခွင့်တောင်းတာပါ။ တကယ့်ကို ကောင်းတဲ့
စာပေတွေပါ။ လူငယ်တွေ လွယ်လွယ်နဲ့ နားလည်နိုင်မဲ့ စာလေးတွေတွေ့ရင် ကော်ပီလုပ်ခွင့်ပြုပါနော်။ လူငယ်တွေအတွက်
အခြားဆိုဒ်တွေမှာတင်ချင်လို့ပါ။ သစ္စာအလင်းနာမည်နဲ့ တင်ပေးမှာပါ။
လေးစားလျှက်
ဇော်လှိုင်

သစ္စာအလင်း said...

ရပါတယ်..အသုံးပြုနိုင်ပါတယ် ကိုဇော်လှိုင်။ စရေးကတည်းက ဖတ်တဲ့လူတွေအတွက်ပါပဲ..။ကျေးဇူးတော်ရှင်မြတ်စွာဘုရားတရားတော်တွေ ကို ရင်ထဲရောက်အောင် ကျင့်သုံးနိုင်အောင် လုပ်ပေးမိတယ်ဆိုရင်ပဲ ကျွန်မ ရဲ့ ရည်ရွယ်ချက် ပြည့်စုံပါ ပြီ။ နာမည် ကအဓိကမကျပါဘူး။

Soe Min said...

ကိုယ်တော့် စာလည်းယူပါရစေ