Friday, August 26, 2011

*ယာဝဇီဝိက*အဟာရဒါန ပြုရအောင်


မိုးလေးအေးအေး ကတစ်မြေ့မြေ့ လေးရွာနေလေတော့ နေရတာအေးအေးမြမြ လေး တော့ဖြစ်နေပါတယ်..။ ဒီလိုရာသီမျိုး မှာ..မနှစ်ကတော့ မြန်မာနိုင်ငံမှာ ရောက်ရှိနေခဲ့တာမို့ ဘုရားဖူးလိုက်..ဘုန်းကြီးကျောင်းများလည်း ဆွမ်း ကပ်လိုက် မကြာခဏလုပ်ဖြစ်သလို..မိတ်ဆွေများ လှူ လိုတန်းလိုတာလေးတွေကို ကျွန်မ ကလုပ်ပေးမိပါတယ်..။ ဝါဆိုဦး ဆိုတာက ကျွန်မ မောင်လေး ဝိမုတ္တိသုခတို့ မောင်နှံ မွေးနေ့များဖြစ်တာမို့ သူတို့ ကိုယ်စား အလှူများလုပ်ပေးဖြစ်ခဲ့ပါတယ်..။ အဲဒီအလှူတွေထဲမှာ ပိုင်းလော့ဆရာတော်ဘုရားကြီးကို ဝါဆိုသင်္ကန်း နဲ့ နဝကမ္မ ဝတ္ထုငွေ ၃သောင်း သူတို့ကိုယ်စား လှူပေး ဘို့ ဆရာတော်ဘုရားသီတင်းသုံးရာ မိုးညှင်းသိဂီ ကျောင်းကိုရောက်ခဲ့ရပါတယ်..။

ဆရာတော်ဘုရား ပြင်ပဧည့်သည်များ နဲ့ တွေ့ဆုံနေတာမို့ စောင့်ရင်း ကျွန်မ ရုံးခန်းမှာ ဝေယျာဝစ္စ အဖွဲ့ဝင် ဦးနေရီ ဒေါ်ဂျင်မီ တို့နဲ့ စကားပြောဖြစ်ခဲ့ပါတယ်..။ ကျွန်မ ကလည်း ဝါဆိုဦး မှာ မွေးတဲ့သူဆိုတော့ ဝါဆိုဦး ဒါနတွေအကြောင်း က စိတ်ဝင်စားစရာပါ..။ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ကျောင်းတိုက်နေသံဃာတွေ နေထိုင်ခွင့် အတွက် ဝါပန်ကြမယ် တဲ့..။ သံဃာ ၈၀ကျော်ရှိတာ မို့ ပန်းစည်း ၈၀ကျော်လိုပါသတဲ့..ကျွန်မ စိတ်ဝင်စားသွားပါတယ်..။ အဲဒီပန်းလေးတွေကို စည်းပြီး ဓမ္မာရုံ ထဲဝင်လာတဲ့ သံဃာတွေကို ကမ်းရမယ်…အဲဒီပန်းလေးတွေကို ကိုင်ပြီး သံဃာ များက ဝါဆိုပါမည့်အကြောင်းလျှောက်ထားကြ ပါမယ်တဲ့..။ အရင်တုံးက ဆို သံဃာတွေကိုကွမ်းယာပါ ကမ်းကြတာ ဆရာမဒေါ်ဂျင်မီက သူတို့ တစ်ညလုံး ကွမ်းယာ ကိုယ်တိုင်ယာပြီး ကမ်းပါသတဲ့..။ကျွန်မ အဲလို အလှူမျိုး မလှူဘူးသေးတော့ စိတ်ဝင်စားသွားပါတယ်..။ ချက်ချင်းပဲ ကမ်းလင့် လှူဒါန်းမဲ့ ပန်း စည်း ၈၀ကျော် ကိုကျွန်မ လှူပါမည့် အကြောင်း ကတိပေးဖြစ်ခဲ့ပါတယ်..။

ဘဝတစ်သက်တာမှာ ဘုရားရှင်ကိုသာ ရည်မှန်းပြီး မွှေးသောပန်း..လှသောပန်း …သင်းပျံ့သောပန်း..ပန်းခိုင် ပန်းဖူး ၊ ပန်းကုံး..ပန်းမျိုးစုံစွာ တန်ဆာဆင်လှူ ရတာ ကို ဝါသနာစွဲထုံခဲ့ ဘူးပါတယ်.။ အေအိုင်တီ မှာကျောင်းတက်စဉ် ပန်း၊ ဟင်းသီးဟင်းရွက် သစ်သီးဈေးကြီး အနီးမှာ နေရတာမို့ ဤ ဓလေ့ မှာ မွေ့ခဲ့ ထုံခဲ့ ဘို့ အခွင့်ကောင်းဖြစ်ခဲ့ ပါတယ်..။ မြန်မာမှာကတော့ ကျွန်မ ကံ့ကော်ပန်း၊ ဇွန်ပန်း ၊စံပါယ် မြတ်လေး ၊နှင်းဆီ စတဲ့ရနံ့မွှေးသောပန်း တို့ကိုအာရုံစိုက်ရှာဖွေခဲ့ ပါတယ်..။ ဆရာတော်ရဲ့ စံကျောင်းမှ ဓမ္မာရုံ သို့ လျှောက်လမ်းမှာ စံပါယ်ပန်းအိုး များကိုယ်တိုင် စိုက်ပျိုး ခဲ့ပါတယ်..။ ခုဆို စဉ့်ပန်းအိုးအစိမ်းရောင် ထက်မှ ဖြူလွမွှေးမြသော စံပါယ်များ ပွင့်များ နေလေမလား မှန်းဆမြင်ယောင် မိပါသေးတယ်..။

ဝါဆို ခြင်း ပြုလုပ်မဲ့ အချိန်ကလည်း ညနေပိုင်း ဆိုတော့ ကျွေးမွေးမဲ့အာဟာရ ကိုကျွန်မ ထပ်မံ စပ်စုမိပါတယ်..။ အရည် သာသုံးဆောင်ရသောသံဃာ တွေ ဟောကြားသော ညတရားပွဲများ နာယူရတိုင်း ဆာနေမှာ မောနေမှာ ကို အမြဲတွေးတောခံစား ခဲ့ဘူးပါတယ်..။ အရည်အပြင် တစ်ခုခုစားလို့ မရ ကျွေးလို့မရဘူးလား ကျွန်မသိလိုလှပါတယ်..။ ဆရာမဒေါ်ဂျင်မီ က ရှိတယ် ရှိတယ်..တဲ့..။အော်..သူတို့က သံဃာ့ဝေယျာဝစ္စ အတွေ့အကြုံ ရင့်ကျက် ကြပေတာကိုး။

အဲဒီမှာတင်* ကြက်သွန်ပြုတ်*ဟူသော ညနေပိုင်း မှာ ကပ်လှူနိုင်တဲ့ အာဟာရတစ်မျိုး အကြောင်းကျွန်မ ကြားခဲ့သိခဲ့ရပါတယ်..။ ကြက်သွန်နီကိုပြုတ်တာ ဘယ်လိုမှန်းမသိသော်လည်း အဲဒီနေ့မှာ လှူကြဘို့ စီစဉ်ဖြစ်ခဲ့ပါတယ်..။

ဆရာမဒေါ်ဂျင်မီကတော့ လုပ်နည်း သေသေချာချာပြောပြပါတယ်..။ သံဃာ ၈၀ကျော်နှင့်သီလရှင် ၁၀ပါး အတွက် ကြက်သွန်နီ ၅ပိဿာ ဝယ်ရမယ်တဲ့..။

ကြက်သွန်ဖြူကျော် ၁၀ သားခန့် ကို ဇလုံးဇခု ထောင်းထားပြီးတစ်ဝက်စီ ခွဲထား ရပါမယ်။ငရုတ်ကောင်း အနည်းငယ်ကိုလှော်ထောင်းရပါတယ်။သံပုရာသီး အလုံး ၅၀ ကျော်ကိုတော့ အရည် ညှစ်လို့ရအောင် ခွဲခြမ်းစိတ်ဖြာထားရပါတယ်။

မပြုတ်ခင် ကြက်သွန်နီ များကို အလုံးလိုက် တစ်ည ရေကြိုတင်စိမ်ထားပါတဲ့။ ရေစိမ်လိုက်တော့ ပြုတ်ခါနီး လက်ဖြင့်ဖိတွန်း ပြီးဆေးလိုက်တော့ အခွံများကျွတ်သွားပါတော့တယ်..။

ပြီးမှ အမြီး ဖြတ် ခေါင်းဖြတ် ပြီးလေးစိတ်စိတ်ရပါတယ်..။ မီးဖိုပေါ်မှာ ရေနွေးအိုး ကအိုးကြီးနဲ့ ကြိုတည်ထား ရပါတယ်..။ ရေနွေးဆူတော့မှ ကြက်သွန်နီ လေးစိတ်ကွဲများကို ထည့်ရပါတယ်..။

မီးအေးအေးနဲ့ တစ်ငွေ့ငွေ့ ပြုတ်ပေး နေရပါတယ်..။ ဆားနဲ့ ဟင်းချိုမှုန့် အနည်းငယ်ထည့်ပြီးမွှေ မွှေပေးနေ ရပါတယ်..။ ကြက်သွန် နီ များနူးအိလာတဲ့အချိန် မှာ ငရုတ်ကောင်း မှုန့်လေးဖြူး သလို ကြက်သွန်ဖြူကြော် ထောင်းထားတာကို အပေါ်မှ ဖြူးပေးလိုက်ပါတယ်…။ မယုံနိုင်အောင်သင်းပျံ့သော ရနံ့ ထွက်ပေါ်လာပါတယ်..။ ညစာစားသုံးရသော လူများကို ပါမျြူဆွယ် နေပါပကောလား..။

တစ်နေ့ခင်းလုံးထိုင်စည်းထားတဲ့ (သပြေပန်း+ ပန်းတိမ်မနိုင်+နှင်းဆီ) ပန်းစည်းများ ကို စားပွဲပေါ်အစီအရီတင်ပြီး ဓမ္မာရုံဝကနေ ကြွလာသောသံဃာတော်များကို တစ်ရိုတစ်သေ ကမ်းရတာ တော်တော်လေး ဝမ်းသာပီတိဖြစ်ရပါတယ်။

ကပ်လှူဘို့ မုန့်ဟင်းခါးပန်းကန် အရွယ်တွေ ယူပြီး ထည့်ရပြင်ဆင်ရပါတယ်..။သံပုရာသီးစိတ်လေးတွေ ကိုပန်းကန်လေးနဲ့ထည့် ပြီး လေးပါးတစ်ဝိုင်းစာ ပြင်ထားလိုက်ပါတယ်။

မိုးညှင်းသိဂီကျောင်းမှာ ဝါဆိုကြတဲ့ သံဃာ တွေထဲမှာ ၅ပါးလောက် ကလွဲပြီး ဒီအဟာရကို မသိကြပါဘူး။ စားပွဲမှာ ဝင်ထိုင်တဲ့အခါ ဘာတွေ လဲဆိုတဲ့ စူးစမ်းစိတ်နဲ့ ပေါ့ ။ ဓမ္မာရုံ အပြင် မှာ တော့ မိုးလေးဖွဲဖွဲ နဲ့ အေးမြနေတာမို့ ရေခဲစိမ် ထားသော အချိုရည် အေးစက်စက် စူးရှရှ ကို အဘယ်မည်သော လက်နှင့် တိုက်ရက် လှူရက်ပါမည်နည်း။

၃မိနစ်လောက်ကြတော့ အရည်လိုက်ပါအုံး..အဖတ်ထည့်ပါအုံး အသံတွေ ထွက်လာပါတော့တယ်..။ သံပုရာသီးပေးပါ..ကြက်သွန်ဖြူကျော် ထပ်ဖြည့်လိုက် ဖြူးထည့်လိုက်နဲ့ မိနစ် ၂၀ လောက်အတွင်း ချွေးတစ်စိုစို နဲ့ ရွှင်လန်း သွား တဲ့သံဃာတော်များကို မြင်ရတာကျွန်မ အလွန် ပီတိဖြစ်ရပါတော့တယ်..။

အဲဒီနှစ်ကလည်း ဘာကြောင့်မှန်းမသိ ကြက်သွန်နီ ဈေးတွေကျလိုက်တာ တစ်ပိသာ မှ ကျပ် ၂၅၀ ဆိုတော့ အဲဒီပွဲကစပြီး မနှစ်ကတစ်နှစ်လုံး ကျွန်မ မှာ ကြက်သွန်ပြုတ်လှူလို့ ကောင်းလိုက်သည်မှာ…အားမရနိုင်။

ကျွန်မ ယဉ်ကျေးလိမ္မာ သင်တန်းပေးတဲ့ ရွာ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီး ၁၁ပါးရှိလေတော့ ကျွန်မ အချိုး နဲ့တွက်ပြီး တစ်ပိဿာ ပြုတ်ပြီး စတင်မိတ်ဆက်လိုက်ပါတယ်..။ ဘုဉ်းလိုက်တာ..မဝတဝမို့ ဦးဇင်းတို့ ကို ဒကာမကြီးက မောင်ကြံတစ်တို့ လုပ်ခဲ့တယ်ပြောခံရပါတယ်..။နောက်တော့ ကျွန်မ ၃ပိဿာပြုတ်ပါတော့တယ်..။ မှတ်ထား မြို့ဘုန်းကြီးနဲ့ တော ဘုန်းကြီးမတူဘူးတဲ့ ၃ဆပိုဘုဉ်းနိုင်ပါသည်တဲ့လေ..။

မနှစ် က ဘုန်းဘုန်း အရှင်တိက္ခဥာဏာလင်္ကာရ (အခု USA) မြန်မာ မှာသီတင်းသုံးနေစဥင်္် ကျွန်မ ဆွမ်း ပို့ ကပ်လှူနေကျ ဖြစ်တာမို့ ဘုန်းဘုန်းရဲ့ ဆရာဖြစ်တဲ့ ပိဋကတ် နှစ်ပုံဆောင် စာချဆရာတော် ဦးပညာဝံသာလင်္ကာရ ကို သိက္ခာထပ်ဖြစ် ခဲ့ပါတယ်..။ တစ်လမှာ ဆွမ်းချိုင့် ၄-၅ ကြိမ်တော့ လှူဒါန်းနေကျ မို့ သွားတိုင်းကြက်သွန်ပြုတ် ယူသွားခဲ့ပါတယ်..။

ဒီအာဟာရကို ကျွန်မလှူသလို လူတွေလှူကြရင် သံဃာ တွေ ညနေဘက် အဆာပြေရှာမယ်..။ စာသင်သားတွေဆိုတော့ဆာရှာမှာပဲ။ ဆီးလည်းကောင်းတယ်ပြော တယ်..စသည်ဖြင့် ကြက်သွန်ပြုတ်လှူ တဲ့ အကြောင်း ဆောင်းပါးရေး သားလိုတာနဲ့ ဘုန်းဘုန်းဦးပညာကိုလျှောက်ထားခဲ့ပါတယ်..။

ဘုန်းဘုန်းက ပိဋကတ်စာပေ အထောက်အထား ရှာပေးခဲ့ပါတယ်..။ ဝိနယ ပိဋက ၊ ပါစိတ် ဘာသာဋီကာ၊ ဘောဇနဝဂ်၊ ပါစိတ်တျာဒိအဋ္ဌကထာ စာမျက်နှာ ၉၈-၉၉ မှာ ပါဝင်တာကို ရှာဖွေထောက်ပြ ပေးပါတယ်..။

တစ်ခါ အကပ်ခံထားလျှင် တစ်သက်လုံး စားသုံး သုံးဆောင်နိုင်သော ယာဝဇီဝိက ဖြစ်ပါတယ်တဲ့။ ယာဝဇီဝိက အစာတွေကတော့ ဇီးဖြူ၊ ဖန်ခါး၊ ကွမ်းရွက်၊ ဂျင်း ၊နှမ်း၊ ကြက်သွန် တို့ပါဝင်တယ်ဆိုတာမှတ်သားရပါတယ်..။

ဒီနှစ်တော့ မိုးလေးအေးလာပြန်ပါပကော..။ တိုက်ဆိုင်စွာ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ကျွန်မ သည် ဆရာတော် အာဂျန်ချား ရဲ့ Wat Pah Na Na Chat မှာ ရောက်ရှိနေခဲ့ပါတယ်..။ ဝါဆို ရန်ခွင့် ပန်ကြတဲ့ သိမ်အတွင်း ညဘက် ၇နာရီမှာ International Monk အပြည်ပြည်ဆိုင်ရာသံဃာများ ( ဂျာမန်၊အမေရီကန်၊ အီတလီ၊ အစ္စရေး၊ ပိုလန်၊ ဆွစ်ဇာလန် ၊သီရိလင်္ကာ ၊ ထိုင်း ) စတဲ့ အပါး ၃၀ကျော်သော သံဃာ များရဲ့ ဝါပန်ပွဲကိုတက်ရောက်ကြည်ညို ခဲ့ရပါတယ်..။

တစ်ဝက်ဖွင့်ထားတဲ့ သိမ် အမိုးကနေ မြင်နေရတဲ့ ဝါဆိုလပြည့်ကျော် တစ်ရက်လရောင်ကတော့ ညို့မှိုင်းနေတဲ့တောရကျောင်းထဲမှ ထိန်ဝေလင်းချင်းနေပါတယ်။ သိမ်အတွင်းမီးအရောင်ကတော့ အဝါရောင်ဖျော့တောတော့လေး လင်းနေပေမဲ့ စနစ်တကျ တန်းစီ ထိုင်ရာကနေ သံဃာများရဲ့ ရွတ်ဆိုပူဇော်သံကြောင့် ထွန်းလင်းတောက်ပနေသလိုပါ..။ ကြည်လင်အေးမြလှပါတကား..။

ဝါဆိုပွဲ ပြီးတော့ ကပ်လှူကြတဲ့ စက္ကူဘူးဖျော်ရည် ထုပ် လေးတွေ နေရာမှာ အငွေ့တစ်ထောင်းထောင်း နဲ့ သင်းပျံ့နေတဲ့ အာဟာရ တစ်ခုကို အစားထိုး တွေးတောမြင်ယောင် ကြည့်နေမိပါတယ်ဆိုရင်….အတိတ်ခန္ဒ္စာ အစဉ် မလိုက်ပါနဲ့ လို့ ဆင်ခြင်ရအုံးမည်လား မသိပါ..။

မေတ္တာဖြင့်-သစ္စာအလင်း

0 မှတ်ချက်ရေးရန်: