Thursday, August 4, 2011

အနောက်တောင်စွယ် မှာတော့ နေဝင်လုပါပကော

ဆံဖြူ သွားကြွေ ပါးရေတွန့် နေပါတယ် ဆိုတဲ့အချိန် ကိုတစ်စစ ကျော်ဖြတ်နေရင်း မနက် ကတောင် အံသွား တစ်ခြမ်း ပဲ့သွား ခဲ့ ရပါပကော..။ ကျောင်းမှာနေရတဲ့ အခန်းကြမ်းပြင်က အဖြူရောင် ကော်ပြားတွေ တပ်ထားတာ မို့ မနက်မိုးလင်းရင် လှည်းထုတ်ပစ်ရတဲ့ ဆံခြည် မျှင်တွေကလည်း ထင်းနေတာကို မြင်မြင်နေရတာ အများသား။

တစ်ကိုယ်လုံး တောင် ထားခဲ့ရ အုံးမှာ..တစ်ဘဝလုံး ကိုလည်း ထားခဲ့ရမှာ ဂုဏ်လေးတယူယူ နဲ့ သင်ခဲ့တဲ့ပညာတွေ..။ လက်မထောင်ချင်ခဲ့ဘူးတဲ့ ရာထူးတွေ..။ ချစ်လှစွာသော သားသမီး ပစ္စည်းဥစ္စာ တွေ ၊ *သစ္စာအလင်း*ဆိုတဲ့ နေ့စဉ် မကြည့်ရ မနေနိုင် တဲ့ ဓမ္မဘလော့လေး ကိုလည်း ထားခဲ့ရတော့ မဲ့အချိန်ဆိုတာအနှေး နဲ့အမြန်ရောက်လာနေပါပြီ..။

သန်းသန်းစိန် ဆိုတဲ့အမည် ပညတ် နဲ့ ဘဝ တစ်ခု နိဂုံးချုပ် ခါနီးပါပကောလား ဆိုတာ ဆင်ခြင် နေမိပါတယ်..။ အားလုံး နဲ့ သေကွဲ ကွဲမှာ ပါ..။သေမှာ ပါ..ကျန်းသေ ။ ရဲရဲတွေး လိုက်ပါတဲ့..သေမှာသေမှာပဲလေ တဲ့..တကယ်တွေ့ရမဲ့လမ်းကြောင်းပါ ..တဲ့။

ဆရာတော် ဘုရားက ဒီမှာတင်မရပ်နဲ့ အုံးတဲ့။ အိုမင်း ရွတ်တွ လာတာ.. ။ တုံတုံ ချိချိ နဲ့ လမ်းကလည်းမလျှောက်နိုင် တော့ ဘူး။ ရောဂါပေါင်းစုံ ကလည်း နှိပ်စက် ၊ ဆံပင်စုတ်ဖွားနဲ့ အိပ်ယာ ထဲ လဲ မှာ ၊ သူများထူ မှ ထရမဲ့ ဘဝတွေဖြစ်ရပေ အုံးမှာ ၊ဆေးရုံတက်ရမှာတွေ..။ နာကျင်ကိုက်ခဲရ မှာတွေ ဝမ်းတွေ ဆီးတွေ မနိုင် လို့ သုတ်သင် ပေး မဲ့ လူကို ခယ တဲ့ အကြည့်လေးနဲ့ တောင်းပန်ရတာတွေ ပါပုံဖေါ် ထားလိုက်ပါတဲ့..။

ဘဝကိုတွယ်တာနေလေတော့ မခွဲချင်ပဲခွဲရ တော့ ဓါးပြတိုက်ခံ ရသလို ပူလောင်ရ မှာဆိုတော့ ဘဝကူးလည်း မဖြောင့်မှာ ကိုလည်း တွေးလိုက်ပါတဲ့ ။

အဲလို မဟုတ်တောင် လမ်းသွားရင်း သေရမှာလည်း တွေးထားလိုက်ပါတဲ့..။ ရေလမ်း ကုန်းလမ်း လေယာဉ်လမ်း လမ်းပေါင်းစုံ မှာ ယာဉ်မျိုးစုံ ပျက်ကျ တိုက်ခိုက် ရုတ်တရက် သေနိုင်သေးသည်ပဲ..။

ပြီးခဲ့တဲ့ နှစ်က စီနီယာ အမ တစ်ယောက် ရဲ့ နာရေး က အဲလိုမျိုးပါ။ … အားကိုးဖွယ်ရာ ဂုဏ်ယူလောက်တဲ့ ခင်ပွန်းသည် ရဲ့ လုံခြုံနွေးထွေး တဲ့မေတ္တာရိပ် နဲ့ အေးချမ်း တဲ့ ဒေသလေးမှာ အေးချမ်းစွာနေရပါတယ်.. ကိုယ်တိုင်ကလည်း လေးစားခံရတဲ့ လက်ထောက်ညွှန်ကြား ရေးမှူး တစ်ယောက်၊ သားသုံးယောက် ကလည်း ရာထူး ရာခံ များ နှင့် တင့်တင်တယ်တယ် ထယ်ဝါသော ဘဝ ။ တက္ကသိုလ် ကျောင်းတုံး က ရုပ်ဆင်းအင်္ဂါ တင့်တယ်ပြေပြစ် ပြီး အားကစားမှာလည်းတော်..ကရာတေးလည်းတတ်ဆိုတော့ ကျွန်မတို့အငယ် တွေအားကျ ရသော အမ ပါ..။

ခင်ပွန်းသည် နဲ့ သားများခရီးထွက်နေသော နေ့တစ်နေ့မှာ ကြမ္မာ ဆိုး က ကျရောက်လို့လာပါတယ်..။ ခြံ နှင့် ဝင်းနဲ့ နေသူမို့ တစ်ယောက် တည်း ကျန်နေချိန်မှာ ပစ္စည်း ယူလူသတ် သူတစ်ဦးက ဒါးနဲ့ထိုးသတ်ခဲ့တာ ပါ..။ ခုခံနိုင်စွမ်းရှိသူဆိုတော့ တော်တော်လေး တိုက်ပွဲ ဝင်ခဲ့ရတာမို့ ချက်ချင်းမသေ.. လို့ အချက်ပေါင်း များစွာ ဖြစ်ခဲ့ရ ပါတယ်..။ အခင်းဖြစ်ပြီး ၁ရက်ကြာ..နှစ်ရက် မြောက်နေ့မှ ခင်ပွန်းသည် ကရောက်လာသိရှိခဲ့ရတာ..။

ကျွန်မတို့ ဒီအဖြစ်အပျက်ကို ထိန့် လန့် တုံလှုပ်စွာ ပြောဆိုဖြစ်ကြရင်း ဆရာတော်ဘုရားဆုံးမ ဘူးတာ သတိရ မိပါတယ်..။ ကျင်လည် ရတဲ့ ဘဝများစွာမို့ ကိုယ်လည်း ဒီလိုသေခဲ့ဘူးတယ် ဆိုတာ ထည့်တွေးလိုက်ပါအုံး တဲ့။ မဆန်းဘူး တဲ့..။ မသေဘူး တဲ့ နေရာ မသေဘူးတဲ့ပုံစံ၊ မသေဘူးတဲ့အနေအထားဆိုတာ မရှိဘူးဆိုပဲ။

ပေါင်းကြသင်းကြ ရှာကြဖွေကြ နဲ့ နောက်ဆုံး သဘောကျရင်လောဘ၊ သဘောမကျရင် ဒေါသ အကုသိုလ် သတ္တိတွေ နဲ့ နောက်ဆုံးအကုသိုလ်တွေ သယ် ယူမသွားမိဘို့လည်းသတိပေးလိုက်အုံး တဲ့..။

နုပျိုသန်စွမ်းပြီး ကျန်းမာရေး ကောင်းတယ်ဆိုတဲ့ မာန နဲ့ အကြောတစ်ချောင်းလျှော့သွားအောင် *အို နာ သေ*ကို ပွားများ ပေးရတယ်တဲ့ ။ ကျန်းမာတဲ့မာန နုပျိုတဲ့မာန ဇော တစ်ခု ကျသွားတော့တယ်..။

တောင့်တ ကြောင့်ကြအများကြီး လျှော့သွားတယ်..။ အိုနာ သေသာမိမိရရ ပွား ပါတဲ့ ။ မပွားလို့ ကတော့ငါမသေဘူး နေရအုံး မယ် အထင်နဲ့ ဝိပဿနာတရားကို နားလည်သော်လည်း ချချ ထားတတ်ပါတယ် တဲ့..။ * ဝိပဿနာ အစ သံဝဂ* တဲ့။

အိုးအိမ်တွေ စီးပွားတွေ စိတ်ဝင်စားကြည့်လိုက်ပါအုံး ။အဲဒါတွေ နဲ့ ဘယ်လောက်နေရမှာလဲတွေးလိုက်ပါအုံး တဲ့

သားသမီး တွေပုံဖေါ် ဘာတွေဆက်ဖြစ်မလဲ တွေးကြည့်ပါလား။

မနက်မိုးလင်းရင် ရှင်းလင်းသုတ်သင်..သန့်စင်ကြရ..ခန္ဒ္စာ ဝန် အတွက် ရှာဘို့ သွားရတာ တောင့်တကြောင့်ကြတွေ နဲ့ မောလို့ မောလို့..။

သေကြမှာ ဒါနဲ့ အချိန်ကုန်ခဲ့တာ ဘဝတွေ လည်း များ ပေါ့..။သမီး လည်းသေမယ် သားလည်းသေမယ် ခင်ပွန်းတွေလည်းသေမှာ..တလောကလုံး ဒီလို ပဲသွားကြရမှာ တကယ်တော့ သုဿန်တ စပြင် ကြီးလိုပါပဲ တဲ့။

အမြင်လှလှလေး တွေ မျက်လုံး မှာလောင်၊

အရသာ တွေလျှာမှာလောင် ၊

အပြော ချိုချိုလေးတွေ နားမှာလောင် ၊

မြတ်နိုးခဲ့ဘူးသော ပန်းရနံ့ အပါအဝင် အနံ့အာရုံ တွေ နှာခေါင်း မှာလောင်၊

ထိတွေ့ ခဲ့ဘူးတာတွေ ကိုယ်မှာ လောင်၊

အာရုံ ငါးပါးမှာလောင်ပြီး ရင် မနော မှာလောင် ..

လောင် ပြီးတော့လည်း ပျောက်ကုန်ကြတာမဟုတ်လား ။ ထိရင်းကုန် လောင်ရင်းပျောက် မို့ မတည်မြဲသလို ဆုပ်ကိုင်ထားလို့လည်းရ မှမရတာ ။

မခွဲချင်ပဲ ခွဲရတော့ကျတဲ့မျက်ရည်တွေ မနည်းတော့ဘူးလေ…။တဏှာ အစပ်ဖြတ်မှအေးတော့မယ်တဲ့။

စိတ်အမြင်မှာတော့ အရိပ် ကိုအကောင်လုပ်ပြီး တမ်းတ ကာသေကြရရှာ တာတဲ့..။

အာရုံကြော ကြွက်သားသေပြီး ဘဝ ဆိုတာ ထပ်ကာ ထပ်ကာ ဖြစ်ကြရ တော့တာကိုး။

တဏှာလေး နဲ့ ကပ်ညိ ခဲ့တယ်။ တဏှာ ကလည်း ဒိဋ္ဌိ ၊ မာ န နဲ့ ပေါင်း ထားတာ ကိုး။ တွဲလျက်ပါမြဲ ဖြစ်နေသည်ကိုး။

အရိပ်ကိုအရိပ် မဟုတ် ပဲ အကောင်ဟုတ်ပြီး ၊ အကောင် ထင်ပြီးတွေးခဲ့တဲ့ အပြစ် တွေ၊ နှလုံးသွင်းခဲ့တဲ့ အပြစ်ကြောင့် ပါပဲ..။ သက္ကာယဒိဋ္ဌိ ကြောင့်ပါပဲ ဆိုတာ သိသိလာ ခဲ့ရပါပြီ..။ဘုရားရှင် က အကြောင်းကို သတ်ပေးတာပါ။ ညိတွယ်စေတဲ့ အကျိုး တွေကို လိုက်မဖြတ် ပါဘူး။

ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော် ဘုရားကြီး ကတော့ *ခင်ဗျားတို့ သက္ကာယ မှာ ဒိဋ္ဌိ မရော ရင် တစ်စက်ကလေး မှာမျက်ရည်ကျစရာမရှိဘူးလို့* မိန့်ခဲ့ဘူးတယ်..။

ဝမ်းနည်းပူဆွေး ရတယ် ၊ မျက်ရည်ကျ ရတယ် ဆိုတာ သူ့ကြောင့် မဟုတ်ဘူးနော် သက္ကာယမှာ ဒိဋ္ဌိရောခဲ့တာကိုး။ ကိုယ့်ရဲ့ စိတ်အမြင်မှားတွေပါ..။

အရှိ ကို အရှိ အတိုင်းလက်ခံ ရုံ နှလုံးသွင်း ရုံမှ တပါးလွတ်လမ်းမရှိတော့ပါ။ *ဘူတံ ဘူတသော ပဿတိ *

*ဝယ ဓမ္မာ သင်္ခါရာ*ဘဝရဲ့ ပြီးဆုံး ခြင်း အမြင် ကြီးကျယ်ပြီး ရှင်းလာရမှာတဲ့။

ထိုသော တဖန် ဇာတိမလာ တဲ့လမ်းကို ရောက် ပါပြီ တဲ့ ။ ဗုဒ္ဒ္စ ဓာတ်ရပါ ပြီ.. ရင်ထဲ ဘုရားပွင့်ပါ ပြီ တဲ့။

စကားလုံး လည်းမရှိ ။ အကောင်အထည် လည်းမရှိ..။

တရိပ်ရိပ် နဲ့ အဆုံးသတ်နေတာ ပဲရှိပါတယ် တဲ့..။ပုံစံမဲ့.. ပုံစံမဲ့..ပါ တဲ့ ။ ခုနေသေရင် အကုန်ထား ခဲ့ရမှာ မို့

- မပိုင်တာကို မပိုင်သလို

- မဆိုင်တာကိုမဆိုင်သလို

- အားကိုး အစစ်မဟုတ်တာကို အားကိုး အစစ် မဟုတ်သလို ပဲ လွှတ်ထားလိုက်ပါတော့ တဲ့။

တကယ်မရှိတာကြီး ကို စိတ်အမြင်မှား က အတင်းဖန်တီး ပြီး အရိပ်ကိုအကောင်လုပ်ကာ စိတ်ရှုပ် ထွေးကြရတာကိုး။

ဝယ ဓမ္မာ သင်္ခါ ရာသည် သာ တကယ့်အရှိ ဖြစ်ပါတယ်..။ ဘဝ ရဲ့ ပြီးဆုံးခြင်း နိရောဓ..အဆုံးသတ်တာကို မြင်နေလိုက်ပါ..။ ဘဝ ရဲ့ အပြီးသေ ပါတဲ့ ။အမှန်ကိုမြင်လိုက်ပါ..လက်ခံလိုက်ပါ…။

*ဝယ ဓမ္မာ သင်္ခါ ရာ အပ္ပမာဒေန သမ္ပာဒေထ* တဲ့။

· ဤ စာစု ဖြင့် ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီး သို့ ပူဇော်ကန်တော့အပ်ပါတယ်။

· ထို့အတူ သံဝေဂ တိုးစေသူတစ်ဦး အား လည်း သံသရာကျေးဇူး အထူး တင်အပ် ပါတယ်..။

မေတ္တာဖြင့်-သစ္စာအလင်း

0 မှတ်ချက်ရေးရန်: