Saturday, March 21, 2009

ဘယ် အချိန်၊ဘယ်နေရာ ဘယ်အလုပ်၊ဘယ်ဣရိယာပုတ်မှာ ကုသိုလ်ဖြစ်ပါသလဲ

ကျေးဇူးတော်ရှင် မူလဓမ္မ ဆရာတော် ဘုရား

တပည့်တော် သဘော မပေါက် ခင် ကတော့ ကုသိုလ် ကို အချိန်၊နေရာ၊ ဣရိယာပုတ်၊အလုပ် ရော ဂါများဖြင့် တိုင်းတာ ခဲ့ပါတယ် ဘုရား။ အစွဲကြီးပြီး ဆင်းရဲခဲ့ ပါတယ်..။ သတ်မှတ်ချက် အတိုင်းလုပ်နိုင်ခဲ့ရင် ချစ်စရာလို့ စွဲပြီး မလုပ် နိုင်ရင်တော့မုန်းစရာလို့စွဲခဲ့ ပါတယ်..။တပည့်တော် စွဲလမ်းမှုတွေ များခဲ့ ပါတယ်..။

နံနက်၊ နေ့၊ ည အချိန်၊ ညအချိန် ၊ဝါတွင်းဝါပ၊ဝါဆို၊ဝါ ကျွတ်၊ သင်္ကြန်၊၈ ရက် လ ပြည့်၊ လကွယ်၊မွေးနေ့ စသည် ဖြင့် အချိန်ရွေးပြီး ကုသိုလ် လုပ် ခဲ့ပါတယ်..။အစွဲလေး နဲ့ လုပ် မှ ကုသိုလ် ပိုရတယ် လို့လည်းထင်ခဲ့ မိပါတယ် ဘုရား။

သတ်မှတ် ချိန် အတိုင်းပုံ မှန်လုပ် နိုင် ရင် ဟုတ် ပြီလို့ကိုယ့် ကို ကို အထင် ကြီးကာ မာန တက် ပြီးချစ်စရာလို့ စွဲလမ်းပါတယ်..။ သတ်မှတ်ထားသော အချိန်မှာ ပုံမှန် မလုပ် ဖြစ်ဘူးဆိုရင် လည်း အားငယ် စိတ်ပေါ် လာကာ မုန်းစရာ လို့ စွဲလမ်း ပြန်ပါတယ်..။စွဲလမ်းတိုင်းလည်းပင်ပန်းလှပါတယ် ဘုရား။
(နှလုံးသွင်းမှန်သော အချိန် ဟာ ကုသိုလ် ဖြစ်သော အချိန်) လို့ အမှန် အတိုင်းနားလည် လာ လိုက် သော အခါ အချိန်စွဲ ကြောင့် ဖြစ်ပေါ်လာသော ချစ်စရာ မုန်းစရာ အထင် များကင်းပြီး ပင်ပန်းမှုများလည်း ကင်းကွာ သွားပါတယ်..။ နှလုံးသွင်းမှန်အောင် သတိထားလိုက် တာ နဲ့ပဲ ကုသိုလ်တရား တွေ တိုးပွားလာ ပါတယ်..။ ကုသိုလ် အတွက် ဘာ ဒုက္ခမှ မရှိတော့ ပါဘူးဘုရား။

ကုသိုလ် ကို တည့်တည့်တွေးလာ နိုင် ပြီး ထည့်ထည့်တွေး တာ တွေ ကင်းသွားပါတယ် ဘုရား။ ကုသိုလ်တရားလုပ် ရာ မှာ နေရာ ကို ထည့်ထည့် တွေးလို့ မလုပ် ဖြစ်ခဲ့တာတွေ ရှိခဲ့ ပါတယ် ဘုရား။ ဘယ်ဘုရားသွားမယ်၊ ဘယ်ကျောင်းသွားမယ်၊ ဘယ်နေရာ မှာ နေမယ်၊ ဘယ် ဘုရားခန်းမှာ နေမယ် စသည် ဖြင့်နေရာ အစွဲကြောင့် ကုသိုလ် မဖြစ်ပဲ အကုသိုလ် ဖြစ်နေခဲ့တာများပါ ပြီ ဘုရား။ ချစ်စရာထင် ပြီးစွဲခြင်း၊မုန်းစရာ ထင် ပြီးစွဲ ခြင်း အားဖြင့် နေရာ ကို အကြောင်းပြုကာ ထည့်ထည့်တွေး ပြီး အချိန်ကုန်ခဲ့ ပါတယ် ဘုရား။
(နှလုံးသွင်းမှန်သော နေရာ သည် ကုသိုလ် ဖြစ်တဲ့နေရာ) လို့ အမှန် အတိုင်း တည့်တည့် တွေးတ်သော အခါ ချမ်းသာ လွတ်လပ် လာ ပါတယ် ဘုရား။ကုသိုလ် လုပ်လို့ မရတဲ့ နေရာ မရှိပဲ နေရာ တိုင်းမှာ ကုသိုလ်လုပ်ရတော့ နေရာစွဲ မျိုးစုံ ကင်းပြီးချမ်းသာ ခြင်းများပြည့်စုံလာ ပါတယ် ဘုရား။ သတိ အား လည်း ပိုကောင်းလာ ပါတယ်..။သတိအားကောင်းလာ တာ နဲ့ အမျှ နှလုံးသွင်းအမှန်နဲ့ နေနိုင်လာ ပါတယ်ဘုရား..။

ဣရိယာ ပုတ် ကို စွဲသော ကြောင့်လည်း ကုသိုလ် မဖြစ်တော့ပဲ အကုသိုလ် ဖြစ်လာ ပါတယ်..။တပည့်တော် နားလည်မှုလွဲခဲ့တာ ကတော့ထိုင်တာ ကို ကုသိုလ်တရား၊ ရပ်တာ ကို ကုသိုလ်တရား၊ သွားတာ ကို ကုသိုလ်တရား၊ လျောင်းတာ ကို သိုလ်တရား၊ လို့ စွဲခဲ့ပါတယ်..။အခု ချိန်မှာ နားလည် သွားတာ ကတော့ နှလုံးသွင်း မှန်ခြင်းတည်းဟူသော….ကုသိုလ်တရားနှင့်ထိုင်ရမယ်၊ကုသိုလ်တရားနဲ့ရပ်ရမယ်၊..ကုသိုလ်တရားနဲ့ သွားရမယ်..ကုသိုလ်တရားနဲ့လျောင်းရမယ် လို့နားလည်ပါတယ်..။စွန့် လွှတ် ခြင်းကုသိုလ်တရားဖြစ်ဘို့ သွားရပ် ထိုင်လျောင်း ဟူသော ဣရိယာ ပုတ် ကိုအသုံးပြု ရမယ် လို့နားလည်သော အခါ ဣရိယာ ပုတ် ကို မစွဲပဲ စွန့်လွှတ် ခြင်းကုသိုလ်တရားဖြစ်ဘို့အသုံးချလာ တတ်ပါတယ်ဘုရား။

သည် အဓိပ္ပါယ် ကို မသိခင် အချိန် တုံးကတော့ ကုသိုလ် အလုပ် ကိုသီးသန့် အလုပ် လို့ယူဆထားပါတယ်..။စားဝတ်နေရေး အလုပ် နဲ့ ကုသိုလ် အလုပ် ဟာတခြား စီ ဖြစ် ပြီးမလုပ် ဖြစ်တာ ကများပါတယ် ဘုရား။ မလုပ်ရသေးလို့လည်း မုန်းစရာ လို့ ထည့်ထည့် တွေးပြီး အလုပ် ရှုပ်ခဲ့ပါတယ်..။လုပ် ဖြစ်ရင်လည်း ပကာသနတွေက များပြီး ချစ်စရာ လို့ ထည့်ထည့်တွေးပြီး စိတ်ရှုပ်ခဲ့ ပြန်ပါတယ် ဘုရား။အရှုပ်တွေ အမြဲ လုပ်ခဲ့ ပါတယ်..အမှန်ကတော့ အလုပ်ရှုပ်တာ မဟုတ်ပါ၊ အရှုပ်တွေသာ လုပ်နေမိပါတယ်ဘုရား။

(နှလုံးသွင်းမှန်သော အလုပ် တိုင်းကုသိုလ် အလုပ်) လို့ တည့်တည့်လေးသိသော အခါ အလုပ် စွဲကြောင့် ဖြစ်သော ဆင်းရဲမှု များ ကင်းစင် သွားပါတော့တယ်..။ မအားသော အလုပ် မှန်သမျှကုသိုလ် အလုပ်၊ အရေးကြီးသော အလုပ် မှန် သမျှ ကုသိုလ် အလုပ်၊ အလုပ် ရှုပ် သမျှ ကုသိုလ် အလုပ်၊ လို့ သဘော ပေါက် ပြီး (စွန့်လျင်+ချမ်းသာ)ဟူသော ကုသိုလ် တရားများ ကို အလုပ် တိုင်းမှ ထုတ် ယူ နိုင် တယ် လို့သဘော ပေါက် လာ ပါတယ် ဘုရား။ဘယ်လောက် အလုပ် များများနှလုံးသွင်းမှန်လျင် ကုသိုလ်လည်းရ၊ဝမ်းလည်းဝ ဟူသော စကား အတိုင်း ဖြစ်သည် ကို သဘော ပေါက် လာ ပါတယ် ဘုရား။

နောက် တစ်ခုကတော့ ရော ဂါ ကို အကြောင်းပြု ပြီးတော့လည်းကုသိုလ် မဖြစ်နိုင်ခဲ့ ပါဘူးဘုရား။ကျန်းမာ ရေးကောင်းမှ ကုသိုလ်လုပ် နိုင်မယ်….ထင်ခဲ့ပါတယ် ဘုရား။ကျန်းမာရေးကောင်းသော်လည်း ကုသိုလ် ဆီ အရောက် နည်းပြီးအကုသိုလ် ဘက် ကိုသာ ယိမ်းယိုင်သွားပါတယ်ဘုရား။

နှလုံးသွင်းမှန်ရင်ကျန်းမာရေး ကောင်းရင်လည်း ကုသိုလ်ရနိုင်တယ်..။ကျန်းမာရေးမကောင်းရင် လည်းကုသိုလ်ရနိုင်တယ်..။ ဟူသော အဓိပ္ပါယ် သိလိုက် ရတော့ ကျန်းမာရေး ကောင်းရင် ချစ်စရာ၊ ကျန်းမာ ရေးမကောင်းရင် မုန်းစရာ လို့ စွဲလမ်းသော အပြစ် အကုသို လ်ကင်းလွတ်သွားပါတယ်..။

စွဲလမ်းမှု ကင်းသော အခါစိတ်နာ သောဆင်းရဲဘေးမှာလည်းကင်းဝေးသွားပါတယ် ဘုရား။ကိုယ် နာ သော် လည်း စိတ်မနာ အောင်ထားတတ်လာပါတယ် ဘုရား။ ကျန်းမာရေးမကောင်းလေလေ သံဝေဂယူကာ တရားရှုလျင် တရားလျင် မြန်စွာတိုးတက်နိုင်ကြောင်းကို လည်း နားလည် သဘော ပေါက် လာ ပါတယ် ဘုရား။
ဘယ် အချိန်၊ဘယ်နေရာ၊ ဘယ် ဣရိယာ ပုတ်၊ဘယ် အလုပ် မှာဘယ်ရောဂါ မှာကုသိုလ် ဖြစ်လဲ လို့ မေးမယ် ဆိုရင်..

နှလုံးသွင်း မှန်သော အချိန် မှာ ကုသိုလ် ဖြစ်ပါတယ်..။
နှလုံးသွင်းမှန်သော ဣရိယာ ပုတ် မှာ ကုသိုလ် ဖြစ်ပါတယ်..။
နှလုံးသွင်းမှန်သော အလုပ် မှာ ကုသိုလ် ဖြစ်ပါတယ်..။
နှလုံးသွင်းမှန်လျင် ကျန်းမာ ရေးကောင်းသည် ဖြစ်စေ၊မကောင်းသည် ဖြစ်စေကုသိုလ်ဖြစ်နိုင်ပါတယ်..။


(မူလ ဓမ္မ ဆရာတော် ဘုရား ဦးဝိဇယ ၏ တည့်တည့် တွေးပါ ထည့်ထည့် မတွေးပါ နဲ့ စာ အုပ် မှ ကူးယူ ဖေါ် ပြ ပါသည်။)

0 မှတ်ချက်ရေးရန်: