Saturday, March 8, 2014

အမှားဆရာ၊ စိတ်အာရုံ နှင့်မြင့်မြတ်မှု


တခါ က ဆရာတော်တပါး ရဲ့ ကျောင်း မှာ တိုင်ကပ် နာရီ ၀င်ခိုးတဲ့ သူခိုးတစ်ယောက် က မမှီမကမ်း နဲ့ ခက်ခက် ခဲခဲ ဖြုတ်နေတာ ကို ဆရာတော်ကြီးကတွေ့ တဲ့အခါ.. * ဟဲ့ ဒကာ..ခုံခု ယူလို့ မိန့်သတဲ့..* . တကယ် ပဲ သူတော်ကောင်း စိတ် နဲ့ ကရုဏာ သက်စွာ မိန့်ခဲ့တာ ပါပဲ..။သူတော်ကောင်းတို့ ရဲ့မေတ္တာ အရှိန်အဟုန် ကို ထိရှခံစားရတဲ့ ခိုးယူသူက ဆက်မယူဖြစ်တော့ပဲ ကန်တော့ပြီး မျက်ရည်ကျ ကာပြန်ပြေးရရှာပါတယ်။

တရားစခန်းတစ်ခု မှာလည်း ယောဂီတွေ က အိမ်သာ ရောက်အောင်မသွား ပဲအပေါ့အလေးစွန့်ကြပုံရပါတယ်..။ ဆရာတော် ဘုရားကြီး ကို လျှောက်ကြ တယ်..ယောဂီတွေ ကို ဆုံးမပေးပါ… စည်းကမ်းမရှိဘူး နဲ့ ဝေယျာဝစ္စ သမားတွေက တိုင်ကြတဲ့အခါ..။မအောင့်နိုင်လို့နေမှာပါ...ကွယ်..ကျုံးလိုက် ရင်..ကုသိုလ် ရပါတယ် လို့ပြန်ဖြေ သတဲ့..။

စိတ်နဲ့ အာရုံ ဆုံလေတိုင်း အပြစ်တင်စရာ မရှိ အရာရာအဆင်ပြေ နေသော..ဖြည့်တွေးပေးသော..နားလည် ခွင့်လွှတ်ပေးသော သူတော်ကောင်း ကြီးတို့ ရဲ့ စိတ်ကို လေးမြတ်ကြည်ညိုရပါတယ်..။

နုလွန်းသော ..သိမ်မွေ့ လွန်းသော… ပရိယာယ် ကြွယ်သော ကိလေသာ သဘောသည်.. စည်းကမ်း ဟူသော နာမည် ကို အကာအကွယ် ယူပြီးတော့လည်းကောင်း..ကိုယ်က မှန်တယ် ဆိုသော မာန အကာအကွယ် ဖြင့် လည်းကောင်း အပြစ်တင် ပြောဆိုမိ တဲ့ ဘ၀ကို ရောက်ရပါတော့တယ်..။

မှားနေတာကို မှားတယ် မပြောရဘူးလားဘုရား ဟု ကျွန်မ က အထွန့်တက်ချင်မိပါတယ်..။ အပြစ်တင်လိုသော.. နှိမ့်ချ လိုသော သဘော သည် ကြွ တက် လာတတ်သည် မဟုတ်ပါလား။
ငါတို့ ပြုပြင်မှ ဖြစ်မှာပါဟူသော မာန သည်လည်းတလူလူ တလွင့်လွင့်..။

ဒါဆို ရင် ဘယ်လို လုပ်ရမလဲ ဘုရား လို့ ပိုင်းလော့ဆရာတော် ဘုရားထံ လျှောက်တဲ့အခါ…။

တရားခံကို မြင်အောင် ကြည့်လေ.. တရားခံ အစစ်က အဝိဇ္ဇာ နဲ့ တဏှာ ဆိုတဲ့ မူလ နှစ်ဖြာ လေ..။ တဲ့ မသိ လို့ မှားတာ အမှားကို မမြင်အောင် တဏှာ ကချော့ထားပေးတယ် တဲ့..။
အဲ လို မျိုး မှားတဲ့ လူ တွေ နဲ့ တွေ့ တဲ့ အခါ မရှုံးအောင်နေနည်း ကို သင်ပေးပါတယ်..။ ကိုယ့် ကို မမှားရအောင် ရှေ့က မှားပြပေးတဲ့အတွက် * အမှားဆရာ * လို့သတ်မှတ်ရမယ် ဆိုပဲ..။

အပြစ်တင်လိုက် တဲ့ စိတ်ဖြစ်သွားရင် ဒေါသ မနောကံ…. အဲဒီကတဆင့် ရင်ထဲကနေ ပြောချင်စိတ်တွေကြွ တက်လာပြီး ပွင့်ထွက်သွားရင် ဒေါသ ၀စီကံ..၊ ဒီထက်ပိုကြမ်းတမ်းတဲ့ ကာယကံ အဆင့်ကို ရောက် ကြရင် သူများ အမှားပေါ် မှာ ကိုယ့်က အရှုံး ပြ ရတော့တာပါပဲ..။

ကိလေသာ ကို ဖြစ်ခွင့်ပေးလိုက်တာ နဲ့ ရှုံးတဲ့ ဘ၀ကို ရောက်ရတာ..။ အခုတော့လည်း အဆင်မပြေ သော လောက မှာ အမှားများကိုတွေ့ ကြုံရလေတိုင်း အမှား ဆရာ များပါတကား လို့…. နှလုံးသွင်း ဖြစ်မိပါတယ်..။
အမှားဆရာများ ရဲ့ ကျေးဇူးက ကျွန်မ အတွက်ကျေးဇူးကြီးလှပါတယ်..။

ကျေးဇူးတော်ရှင်ယောဆရာတော် ဘုရားကြီးကတော့ *လောကမှာ နေရင်ကွယ် တဲ့..စိတ် နဲ့ အာရုံ အဆင်ပြေအောင်နေတတ်ဘို့အရေးကြီးတယ် * လို့ ဆုံး မဘူးပါတယ်..။

စိတ်နဲ့ အာရုံ အဆင်ပြေရင် စိတ်မှီတဲ့ ဟဒယဝတ္ထု မှာ အအေးဓာတ်အဟုန် ထွက်လာတာ ကုသိုလ်ရဲ့ သဘောတရား တစ်ခုပေါ့..။ အဆင်မပြေ လို့ အပူဓာတ် အဟုန် ထွက်လာ လို့ အပူ ဓာတ်နဲ့ ဆန့်ကျင် တိုက်ခိုက် တော့ ပြစ်မှားတယ် ဆိုတဲ့မနောကံတွေ ဝစီ ကံတွေ ကျူးလွန်မိတတ်ကြပါတယ်..။ကာယကံ ကတော့အဆိုးဆုံးပေါ့နော်..။

ဒီသဘောကို ကြိုသိထားရင် အဆင်ပြေ အောင် ရင် ထဲက အခံ ဓာတ်ကို ပုံသေ လုပ်မထား ဘို့ ၊ အသေ မချ ဘို့ နည်းလမ်းတစ်ခုကိုလည်း ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး ကသင်ပြပေးပါတယ်..။

အရာရာ အကြောင်းညီ ညွတ် မှ ဖြစ်မယ် တဲ့..။စိတ်ကို အရှင်ထား ပါတဲ့။ ဖြစ်စေချင်သော ဆန္ဒ သည် ဥပါဒါန် ဖြင့်ခိုင်ခန့်လေလေ… ဖြစ်မလာ တဲ့အခါ ပူဆွေးရလေလေ ဆိုတာ …သိခဲ့ ကြုံ ခဲ့ ရလေတော့ ကိလေသာ ဖြစ်ခွင့်ပေး လိုက် တာ နဲ့ ကိုယ်ကရှုံးရတော့တာ..။

သေချာ လွန်းတဲ့ ကိစ္စ တွေ မှာတောင် ကြံဖန်လွဲချော် တတ်ပါသော လောက သဘော မှာ မောနေခဲ့ရလွန်းတော့လည်း မမျှော်လင့်တတ် သော စိတ် အလေ့ မှာ ထုံမွေ့ ခဲ့ ပါတယ်..။

နောက်တခုပြောချင်တာက နှိုင်းယှဉ်မှု..မသိမသာ ပြိုင်တာမျိုးလေးတွေ...ရှိတတ်ပါသေးတယ်။
တခါ တခါ ကုသိုလ် ကိစ္စ တွေ မှာ တောင် မသိမသာ နှိုင်း ယှဉ် ပြီး ငါက သာတယ်..ငါတို့က ကောင်းတယ်.. လို့အမှတ်တမဲ့ပြော မိတဲ့အခါ..ဆရာတော်ဘုရားက ဆုံးမ ပါတယ်..။

*မပြိုင် နဲ့နော်.. ပြိုင်တာ နဲ့ ရှုံးပြီးသား တဲ့..။*
ပြိုင်တယ် ဆိုတဲ့ စကားလုံး နောက် ကွယ်က စိတ်အမျိုးအစားကို အကဲ ခတ်တဲ့အခါ…သူတပါးကို ကိုယ့်ထက် မသာစေလိုသော စိတ် ကိုယ့်ထက် နိမ့်ကျစေလိုသော စိတ်မျိုး ဖြစ်နေတတ်တာကို ဆရာတော်ဘုရား ကထောက်ပြတော်မူပါတယ်..။

သူတပါးကို နိမ့်ကျစေလိုသော စိတ်ထားသည် မြင့်မြတ်မှု နဲ့ ဝေးကွာသွားမှန်း ကျွန်မ သတိမထားမိခဲ့ပါ..။ အခုတော့လည်း ဆရာတော် ဆုံးမ သွန်သင်လို့ ဘယ်သူကို မှလည်း ..မပြိုင်လို… နှိုင်းယှဉ် ဆုံးဖြတ်ခြင်း ဖြင့် မနိမ့်ကျစေလိုတော့ပါ..။

တိုင်းထွာ တတ်သည့်ပေတံ များကို ကျွမ်းကျင်လေလေ…..၊ နှိုင်းယှဉ်ဝေဖန်တတ်လေလေ ဆိုတော့ ကျွန်မ မှာ ရှုံးပွဲတွေ ဆင့်နေ မှာ သေချာလွန်းလှပါတယ်..။

ဘယ်သောခါ မှ ၊ ဘယ်တော့မှ ၊ ဘယ်သူ့ကို မှ မရှုံးလိုသော ကျွန်မ က (မူလနှစ်ဖြာ) ကို မြင်အောင်ပြတဲ့ အမှားဆရာ များ သို့ အမှန်မြင်စေတဲ့ သင်္ခန်းစာအတွက် အမြဲကျေးဇူးတင်နေမှာပါ..။

မေတ္တာဖြင့် 
သစ္စာအလင်း

0 မှတ်ချက်ရေးရန်: