Saturday, March 8, 2014

သာယာကြည်နူး ၊ ရွှင်မြူးဖွယ်ကောင်း လှပါ သော (သို့ ) ဥဒါန်းစကားများ


(ဆရာကြီးဦးသော်ဇင် ရဲ့ မြတ်စွာဘုရား၏ ဥဒါန်းစကား များ စာအုပ် အမှာ စာ မှ ကောက်နုတ် ရေးသားအပ်ပါသည်။)

ဥဒါန်း ဆိုတဲ့စကားလုံးလေးကို အဓိပ္မါယ်ကို တိတိကျကျ မသိခင် ကတည်းက ကြားရ၊ ဖတ်ရပြီ ဆိုရင် ကျွန်မ ရွှင်လန်း နှစ်သိမ့်မိမြဲ ဆိုတဲ့ စိတ်ကလေး ကို သတိထားခဲ့မိပါတယ်..။

ဆရာကြီးဦးသော်ဇင် ရဲ့ ဥဒါန်းစကားများ ဆိုတဲ့ စာအုပ်ကို ဖတ်ရတဲ့အခါ မှာ တိကျသော အဓိပ္မါယ် နဲ့ လှပလေးနက်သော တန်ဘိုးကို သိရှိလိုက်ရချိန်မှာ ကျွန်မ ဒီစာလေးကိုရေးမိလိုက်ပါတယ်..။

ကျွန်မတို့ သတ္တ၀ါ တွေကိုမဟာကရုဏာတော် နဲ့ ဆုံးမ ပဲ့ပြင်သွန်သင်ထားပါသော လောက ရဲ့ သစ္စာတရားတို့ကို ညွှန်ပြတော်မူပါသော တရားတော် တွေ ထဲ မှာ ဘယ် တရားဟာဖြင့်အကောင်းဆုံး ပါဆိုတာ ရွေးချယ် ရခက်လှပါတယ် ဆုံးဖြတ်နိုင်စွမ်းလည်းမရှိကြပါဘူး။

သို့သေည်လည်း ဥဒါန်းသည် ရွှင်လန်းလှပါသည်။ သာယာကြည်နူး ၊ ရွှင်မြူးဖွယ်ကောင်း လှပါသည်လို့ ဆရာကြီးဥိးသော်ဇင်ကဆိုပါတယ်..။

ပထမ သံဂါယနာ တင်အရှင်တို့ကတော့ ဥဒါန်းရဲ့ သဘောကို ဒီလို ပြဆိုခဲ့တော်မူပါတယ်။

(သောမနဿ ဥာဏ်ဖြင့်ပြီးသော ....ဂါထာ နှင့်ယှဉ်သော ....ရှစ်ဆယ့် နှစ်ပါးသောသုတ် တို့ကို ..ဥဒါန်း ..ဟူ၍ သိအပ်၏)။

“ဥဒါန်းဆိုတာကတော့ရွှင်လန်းစွာ ကျူးရင့်ခြင်း ဖြစ်ပါတယ်….။ ကျွန်မ တို့ရဲ့ ကျေးဇူးတော်ရှင် မြတ်စွာ ဘုရားရှင် သည် မျက်မှောက်တွေ့မြင်ရသော ကြုံတွေ့ရတဲ့ အကြောင်းအရာ၊ အဖြစ်အပျက် တွေအပေါ်မှာ ၊ ဓမ္မတရား ကို တွေ့မြင်တော်မူ တဲ့အခါ မှာ ကြည်နူးလှတာ နဲ့ ရင့်ကျူး တဲ့ တရားအပေါင်း ကို ဥဒါန်း လို့ သတ်မှတ် ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်..။“

ဥဒါန်းပါဠိတော် မှာတော့ ရှေးဦးစွာ အကြောင်းအရာ အထုပ္မတ္တိ တို့ကိုဖေါ်ပြပြီး ထို အကြောင်းအရာ နှင့်ပတ်သက်တဲ့ ဥဒါန်းဂါထာ ကို ကျူးရင့်တော်မူပါတယ်..။ ဓမ္မပဒ မှာလည်းဂါထာ တို့ရဲ့ အထက် မှာ ၀တ္ထု ဇာတ်လမ်းတွေပါဝင်ပေမဲ့ ဓမ္မပဒ ပါဠိတော်မှာ ပါတဲ့ဇာတ်လမ်းတွေတော့မဟုတ်ပါဘူး။ အရှင်ဗုဒ္စ္ဒဃောသ ရဲ့ အဋ္ဌကထာ စကားကိုလိုရင်းကောက်နှုတ် အကျဉ်းချုပ်ဖေါ်ပြ ထားတာ ပဲဖြစ်ပါတယ်..။

ဥဒါန်းဂါထာ တို့ရဲ့ အထက်မှာ ပါတဲ့ အကြောင်းအရာ အထုပ္မတ္တိ ကတော့ ဥဒါန်းပါဠိတော်မှာ တိုက်ရိုက်လာတဲ့ ဝတ္ထု ဇာတ်လမ်းကိုဖေါ်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် ပိုပြီးနှစ်သက်ဖွယ်ကောင်းသလို ခိုင်လုံပြည့်စုံ မှုလည်းရှိပါတယ်.။

ဇာတ်လမ်းကလည်းမတိုလွန်းမရှည် လွန်း အနေတော်သင့်တော်တဲ့အရွယ် မျိုးဖြစ်ပါတယ်။
ပါဠိတော်စကား များမှာ အခိုင်အမာဖြစ်တဲ့အတွက် လွန်စွာသေချာလှပါတယ်။ ခိုင်မာသေချာခြင်းကို ဦးစားပေးရတဲ့အတွက် စကားအထပ်ထပ် ဆိုရတဲ့ အရာအတန် များစွာ ပါရှိခဲ့ပါတယ်။

ကျွန်မတို့ ရဲ့ကျေးဇူးတော်ရှင် မြတ်စွာသခင် သာယာကြည်နူးပါသဖြင့် ဥဒါန်းကျူးရင့်သော သုတ်တို့ကို ကြည့်ရှုလေ့လာ ပူဇော် ခွင့်ရခြင်း သည်လည်း သာယာကြည်နူးဖွယ် ဖြစ်လိမ့်မယ် လို့ ကျွန်မက ယုံကြည်မိပါတယ်..။

သုတ်တော်ပေါင်း (၈၂) သုတ်ပါဝင်ပြီး သုတ်တိုင်းသုတ်တိုင်းသာယာကြည်နူးဖွယ် အတိပြီးနေပါတယ်လို့ ဆရာကြီးက ဆိုပါတယ်။

ဥပမာ အားဖြင့် ပထမ ဦးဆုံးကျူးရင့်တော်မူတဲ့ ဗောဓိသုတ် မှာ အနေကဇာတိသံသာရံ ..အစဖြာ တဲ့ တရားသံလေးကို နာယူလိုက်ရရင် ကိုယ်ခန္ဒ္စာ အတွင်း အားအင်များစီးဆင်း သွားသလို အောင်မြင်မှု တစုံတရာ ဆုပ်ကိုင်လိုက်ရသလို ကြည်နူးစိမ့်ပျံ့ သွားတယ်ဆိုတာ …အားလုံးသိကြပါလိမ့်မယ်။

တကယ်တော့လည်း နေရဉ္စရာ မြစ်ကမ်းယံထက် က ဗောဓိပင် ခြေရင်း မှာ ဝိမုတ္တိသုခ ကိုခံစားရင်း ကျူးရင့်တော်မူခဲ့တာပါ။

ဗောဓိပင် ဆိုတာကလည်း သွေ့ခြောက်နေတဲ့ သဲကန္တာရ ထဲ က အထီးတည်းညောင်ပင်မျိုး မဟုတ်ပါဘူး။ နေရဉ္စရာ မြစ်ညာကမ်းနားမှာ တည်ရှိပါတယ်။ စိမ်းလန်း လှပတဲ့ တောတောင်သဘာဝ နဲ့ ညောင် ညို သာဝှန်း ဗောဓိနန်း လည်းဖြစ်ပါတယ်။ မျက်နှာစာ မှာ လည်းနေရဉ္စရာမြစ်ရေအေး ဟာ တသွင်သွင် စီးဆင်းနေခဲ့ပါတယ်။ ထိုသို့ အေးချမ်း စိမ်းမြတဲ့ ရိပ်သားနန်းက အောင်မြင်မှု များ လွှမ်းခြုံထားလေတော့ နာယူသူအပေါင်း ပီတိခညောင်းနေတာ ခညောင်းစေတာ ….. ကြည်နူးနှစ်သိမ့်မိတာ…. သစ္စာအမှန်ပါပဲနော်။

လောကမှာ မွေ့လျော်ဖွယ်ရာတို့ကို ရတနာ လို့ခေါ်ပါတယ်။ မွေ့လျော် ဖွယ်အပေါင်း တို့ မှာ တရားနှင့်မွေ့ လျော်ခြင်း ကတော့ အမြင့်မြတ်ဆုံး မွေ့လျော်ခြင်းဖြစ်ပါတယ်။ တရားရတနာ သည်မွေ့လျော်ဖွယ်အကောင်းဆုံးဖြစ်ပါတယ်။

မြတ်စွာ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော် တွေကို ပိဋက အားဖြင့်ဝေဖန်ပါသော် သုတ္တန်ပိဋက၊
ဝိနည်းပိဋက၊
အဘိဓမ္မာပိဋက ဟု သုံးပါးရှိပါတယ်။

နိကာယ် အားဖြင့် ဝေဖန်ပါသော် ….တရားတော်တို့သည်
၁။ ဒီဃနိကာယ်
၂။ မဇ္ဈိမနိကယ်
၃။ သံယုတ္တနိကာယ်
၎။ အင်္ဂုတ္တရ နိကာယ်
၅။ ခုဒ္ဒက နိကာယ် ဆိုပြီး နိကာယ် (၅)ပါးရှိပါတယ်။

ထို နိကာယ် နှင့် ပိဋက တို့ကို ဆက်စပ်လိုက်ပါသော် အချို့သော နိကယ် မှာ သုတ္တန် ၊ အချို့သော နိကယ် မှာ ဝိနည်း ၊ အချို့သော နိကာယ် မှာ အဘိဓမ္မာ တွင် သက်ဝင်ပါတယ်။
သုတ္တန်ပိဋက မှာ နိကာယ် (၁၈) ကျမ်းပါဝင်ပါတယ်။
ခုဒ္ဒကပါဌ ၊ဓမ္မပဒ၊ ဥဒါန်း ၊ ဣတိဝုတ် ၊ သုတ္တိနိပါတ် ၊ ဝိမာန ဝတ္ထု ၊ ပေတဝတ္ထု ၊ ထေရ ဂါထာ၊ ထေရီဂါထာ ၊ အပဒါန် ၊ ဗုဒ္ဒ္စဝင် ၊ စရိယာ ပိဋက ၊ ဇာတက ၊ နိဒ္ဒေသ၊ ပဋိသမ္ဘိဒါမဂ် ၊ မိလိန္ဒ ပဉ္စာ ၊ နေတ္ထိ နှင့် ပေဋကောပဒေသ တို့ဖြစ်ပါတယ်။
ထို အဘိုးတန် ကျမ်းမြတ်ရတနာ တို့ကို လူတွေက ရဟန်းတော်တွေ ဟောကြားတဲ့အခါ နာယူရပါတယ်။

နိုင်ငံရပ်ခြားတိုင်းတပါးက လူတွေကတော့ သူတို့ မှာ ဟောကြားပေးမဲ့ သံဃာ ရတနာ ပြည့်ပြည့်စုံစုံမရှိရှာလေတော့ စာဖတ်ပရီသတ် နဲ့ သင့်တော်မဲ့ ကျမ်းမြတ်အချို့ ကို ဘာသာပြန်ပေး ထားပါတယ်..။

ထိုနည်းဖြင့် ဓမ္မပဒ တရားတော် မှာ အနောက်တိုင်းသားတွေ အတွက် အရသာ တွေ့ ခဲ့ကြသလို ဘဝ အစဉ် ပြောင်းကုန် ကြတာ တွေလည်းရှိခဲ့ပါတယ်..။ ဥပမာ ဆိုရရင် အီတလီ က ဦးလောက နာထ လို ပေါ့လေ..။

ဥဒါန်းပါဠိတော်ကလည်း ဗုဒ္စ္ဒဝါဒ ကိုလေ့လာ ရန် လေးနက်ခိုင်လုံတဲ့အချက်အလက် ဖြစ်တဲ့အတွက် နိုင်ငံခြားသုတေသီတို့ ကတော့ ဥဒါန်းပါဠိတော်ကို အထောက်အထားပြု ပြီး ဗုဒ္စ္ဒဝါဒ ကိုဖေါ်ပြနေကြပါတယ်..။ ကျွန်မတို့ မြန်မာ တွေကတော့ ထိုသို့လေ့လာ မှုမျိုး မှာနောက်ကျနေပါတယ်လို့ ဆရာကြီးကဆိုပါတယ်..။

တကယ်တော့ ခုဒ္ဒကနိကာယ် ပါဠိတော် တွေဟာ ဗုဒ္စ္ဒဝါဒ ရဲ့ သင်္ခန်းစာဖတ်စာလည်းဖြစ်ပါတယ်။ ဒီသင်္ခန်းစာ ဖတ်စာ ကို လေ့လာခြင်းမရှိပဲ ဗုဒ္စ္ဒဝါဒ ကိုဆွေးနွေးခြင်း ကလည်း ရယ်ဖွယ် သက်သက် ဖြစ်သဖြင့်လေ့လာ ထိုက်ပါကြောင်း ဆရာကြီး ဦးသော်ဇင်ကရေးသားထားပါတယ်..။
ဒါကြောင့်မို့ လို့ သုတ်တော် (၈၂) သုတ်ပါဝင်တဲ့ ဥဒါန်း ပါဠိတော်များကို ကျွန်မ ကြိုးစားလေ့လာ ပြီး တင်ပြရေးသား ဘို့ ကြိုးစားပါ့မယ်လို့ ပြောကြားရင်း မိတ်ဆက်ပါရစေ..။

မေတ္တာဖြင့်
သစ္စာအလင်း

0 မှတ်ချက်ရေးရန်: