Sunday, March 30, 2014

ဆင်းရဲနုံချာသူတို့ အားစောင့်ရှောက်တော်မူတတ်သော ကရုဏာ နှလုံးသား ( အရှင်မဟာ ကဿပမထေရ်)

 
ဆင်းရဲနုံချာသူတို့ အားစောင့်ရှောက်တော်မူတတ်သော ကရုဏာ နှလုံးသား ( အရှင်မဟာ ကဿပမထေရ်)
===================================

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာ မှာ အနာကြီးရောဂါ ဝေဒနာသည်များကို ပြုစု စောင့်ရှောက်ထားတဲ့ မေတ္တာပရဟိတ ဂေဟာ မှာ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး က တရားချီးမြှင့်ပေးခဲ့ပါတယ်…

တရားပွဲပြီး လို့ ဆရာတော်ဘုရားပြန်မကြွခင်ကလေး မှာ မပီသ တဲ့အသံလေး နဲ့လျှောက်ထားသံတစ်ခုကို ကျွန်မတို့ကြားလိုက်ရပါတယ်.။ (တပည့်တော်တို့ က လူတွေ တောထဲ ရောနှောသွားလို့မဖြစ်တာမို့… တရားပွဲကို တစ်နှစ်တစ်ခါ ချီးမြှင့်တော်မူပါဘုရား) တဲ့..။
တုန်ယင်လှိုက်လှဲ တဲ့ အသံ ဟာ ဆရာတော်ဘုရားရဲ့ ကရုဏာ နှလုံးသားကို ရိုက်ခတ် မှာအမှန်ပါ..။ကျေးဇူး နဲ့ သံသရာ အဓိပ္မါယ်တွေ လေးနက်အောင်ဖွင့်ဆို တတ် တဲ့ ဆရာတော်ဘုရားကတော့ မတော်ဘူးတဲ့အမိ ၊မတော်ဘူးတဲ့အဖ စကားဖြင့် မိဟောင်း၊ ဖဟောင်းလို သတ်မှတ် မှာပါ...။ရင်ထဲ မှာ ကရုဏာဖြင့် ဆို့နင့်နေခဲ့ကြောင်း ဆရာတော်ဘုရားကအပြန်လမ်းမှာ မိန့်တော်မူခဲ့ပါတယ။

ဒီနှလုံးသွင်းမှုကြောင့်ထင်ပါရဲ့ ..ကျွန်မ အလယ် လမ်းတစ်လျှောက် ကို ကင်မရာချိန်လိုက်စဉ် မှာ ဆရာတော်ဘုရား ကခေါင်းလေးငုံ့ ခါးလေးရို့ ကာ လျှောက်လှမ်းတော်မူ တာတွေပါလိုက်ရပါတယ်..။

ဒီမြင်ကွင်းလေးကို မြင်လိုက်ရ တဲ့အချိန် မှာ ကျွန်မ ဟာ အားနည်းရှာသူ ကျောမွဲ လူတန်းစား ကို ထာဝစဉ်ကူညီစောင့်ရှောက်လေ့ရှိတဲ့ မထေရ်မြတ်တစ် ပါးကို သတိရမိပါတယ်..။

ကံမွဲ ၊ဥာဏ် နုံနဲ့ကြသူများကို စောင့်ရှောက် တဲ့ မထေရ်မြတ်ကတော့ ဘုရားရှင်ရဲ့ သာဝက ထဲ မှ ရှင်မဟာကဿပ မထေရ်မြတ်ပဲဖြစ်ပါတယ်..။

ကိုယ်တော်တိုင် က ရတတ်သမျှ ၊ ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး ပစ္စည်းလေးပါး၊ နဲ့ရောင့်ရဲတော်မူ ပြီး ကံနိမ့်သူဆင်းရဲသား များကို ချီးမြှင့်မြှောက်စားလိုတဲ့စေတနာ နဲ့ ကရုဏာကြောင့် ဆင်းရဲသားရပ်ကွက်ထဲမှာ ပဲ ဆွမ်းခံလှည့်လည်တော်မူပါတယ်

အရှင်မဟာ ကဿပ မထေရ်မြတ်ဟာ အမျိုးမြတ်သူ၊ ပညာတတ်သူ၊ ဥစ္စာပေါသူ၊ ရုပ်ချောသူ ဧတဒဂ် ဘွဲ့ ရ တတိယ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီး တစ်ပါးဖြစ်ပါတယ်..။

ရဟန်းဘဝ မရောက်ခင် မှာ လည်းပိပ္မလိလုလင် နာမည် နဲ့ ဘဒ္ဒကပ္မိလာနီ တို့ ရဲ့ ပန်းကုံးခြား ပြီးအိပ်ယာဝင်ကြတဲ့ဇာတ်လမ်း ကို တော့လူသိများကြမှာပါ..။ကာမဂုဏ်အာရုံတွေကို မခင်တွယ်၊ မိဘ အလိုကျ လက်ထပ်ခဲ့ရလို့ အကြင်လင်မယား ဘဝရောက်ခဲ့ရပေမဲ့ နှစ်ဦးသားကြားမှာ ပန်းတွေ ခြား ကာ လုံးဝ မညှိုးနွမ်းစေတဲ့ အရှင်မြတ်ပါ.။

ရံဖန်ရံခါ နိရောဓသမာပတ် ဝင်စားတော်မူပြီး သမာပတ် မှ ထတော်မူ တဲ့အခါ ဆင်းရဲသားတို့ ရဲ့ ဆွမ်းအလှူ ကုသိုလ် ကြောင့် တိုးတက်မြင့်မားသွားစေရန် ဆွမ်းခံပြီး စောင့်ရှောက်တော် မူပါတယ်..။

ဆွမ်းခံကြွ တဲ့အခါ မှာလည်း ( ဒီကနေ့ မှာ ဆင်းရဲသားတစ်ဦးဦး ဟာ စစ်သူကြီးရာထူးကိုသော်လည်းကောင်း၊ သူဋ္ဌေးကြီးရာထူးကိုသော်လည်းကောင်း ရပါစေ )ဆို တဲ့နှလုံးသွင်းနဲ့ ရပ်ကွက် ထဲက အဆင်းရဲဆုံးမိသားစု ထံ ဆွမ်းခံခြင်းဖြင့်ချီးမြှောက် တော်မူပါတယ်..။

အရှင်မြတ် ရဲ့ချီးမြှောက်မှုကြောင့် ရာထူးရာခံတွေ ရကုန် ကြသလို နတ်ပြည်မှာ နတ်သမီးနတ်သားတွေ ဖြစ်ကုန်ကြ တာလည်းအမျာကြီး ရှိပါတယ်..။

ဒီလို သတင်းကျော်ကြားလေတော့ တာဝတိံသာ မှာနတ်သမီး ၅၀၀ ကဆွမ်းအုပ်တွေ ကိုယ်စီ နဲ့ လောင်းလှူမယ် ကြံစည်ကာ လမ်းမ တွေ ထက်မှာ စောင့်ဆိုင်းကြပါတယ်..။ အရှင်မြတ်သည် နတ်သမီးမှန်းသိတာ နဲ့ လုံးဝ လက်မခံ ပဲ နေပါတယ်..။
(ဆင်းရဲသားဝေစု၊လုမယူကြနဲ့ ။) လို့ပြစ်တင်မောင်းမဲ နှင်ထုတ် တော်မူပါတယ်။

ဒီသတင်းကို သိတဲ့ သိကြာမင်းနဲ့ သုဇာတာ ကတော့ ဆင်းရဲသားအဘိုးအို အဖွားအိုလိုအယောင်ဆောင်ကာ လှူဒါန်းလိုက်ပါတယ်..။ သပိတ်ထဲက ဆွမ်းက အမွှေးနံ့ ရတော့မှ မထေရ်မြတ်က သိကြားမင်းမှန်းသိတော့ နောင်ဒီလို မသမာ မှုမျိုးကို မကျူးလွန်ဘို့ သတိပေးစကားဆိုတော်မူဘူးပါတယ်..။ ဆွမ်းကလက်ခံပြီးပြီ မို့ သိကြားမင်းကတော့ အလှူ အထမြောက်တာ လက်ခမောင်းခတ် ဝမ်းမြောက်ရှာပါတယ်..။

တနေ့မှာတော့ ဆွမ်းဒကာ က ဆင်းရဲ တာတို့ထက်သာလွန်ပြီး ဆင်းရဲရှာသူ နူနာသည်တစ်ဦးပါ..။သူက အများနည်းတူ ဆွမ်းလောင်းချင်ရှာ ပါတယ်..။မရမ်းချောင်း က ဝေဒနာသည်တွေလိုပေါ့နော်..။ ပြတ်ကျလုနီးပါး သွေးပြည်တွေ ယိုစီးနေတဲ့လက် နဲ့ တစ်လုပ်စာ ဆွမ်းကိုလောင်းလှူတာမို့ ဆွမ်းနဲ့အတူ လက်ချောင်းပြတ်ကလေးဟာ သပိတ်ထဲ ပါသွားခဲ့ပါတယ်..။ လက်ချောင်းပြတ်ကလေးကို အသာဖယ်ပြီး ဆွမ်းကို ရွံရှာ စက်ဆုပ်ခြင်း လုံဝ မရှိပဲ ဘုဉ်းပေးတော်မူပါတယ်..။

ကံမကောင်း ၊ အကြောင်းမလှရှာသူ ၊ မျက်နှာ ငယ်ကြတဲ့ ဆင်းရဲသား လူမွဲ တွေကို တကူးတက ရွေးချယ်ပြီး သနားကရုဏာတော် နဲ့ ချီးမြှောက်တတ်တဲ့အလေ့အကျင့် ဟာ လွန်စွာ မှ ချစ်ခင် ကြည် ညို ဖွယ်ကောင်းသလို ၊ အတုယူဖွယ်လည်းဖြစ်ပါတယ်..။

(((ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ဟာ ၊သိက္ခာ ရှိပြီး ၊တကယ်လေးစားလောက်တဲ့ ၊သူတော်ကောင်းနှလုံးသားရှိသူ ဟုတ်မဟုတ် ၊ အကဲဖြတ်ချင်ရင် ၊ အဲဒီ ပုဂ္ဂိုလ်ဟာ သူ့လောက် ကံမကောင်းတဲ့ သူတွေအပေါ်မှာ ဘယ်လိုပုံစံ နဲ့ ဆက်ဆံသလဲ ဆိုတဲ့အချက် နဲ့ အကဲခတ် ဆုံးဖြတ်နိုင်ပါတယ်)))) လို့ ပညာရှင် တစ်ယောက် က ဆိုမိန့်ခဲ့ပါတယ်..။

ရွေးချယ် ခွင့်တွေများပြားခဲ့သော်လည်းတမင်တကာ ၊တကူးတက မေတ္တာကြီးမား၊ ကရုဏာ ထားတော် မူတဲ့ ဓုတင်အရာဧတဒဂ်ရ ၊တတိယ မဟာသာဝက ရှင်မဟာ ကဿပ မထေရ်မြတ်ကြီးကို ရိုကျိုးစွာ ဦးညွှတ်ကန်တော့ အပ်ပါတယ်..။

ဆင်းရဲချမ်းသာ၊ အနီးအဝေး၊ အယုတ်အလတ် အမြတ်မရွေး ချီးမြှင့်ကြွရောက်ပေးတဲ့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး ကိုလည်းဆရာတော်ဘုရားရဲ့ ကျေးဇူးဂုဏ်ကို ရည်မှန်း တန်ဘိုးထား လို့ ရိုသေစွာ ကန်တော့အပ်ပါတယ်…။

ဆင်းရဲသား တို့ကိုးကွယ် ရာသူတော်ကောင်းများ ပေါများကြပါစေရန် ဆုတောင်းလျက်..။

မေတ္တာဖြင့်
သစ္စာအလင်း

တရားအလှူ၊ အစားအလှူတို့ဖြင့် ဆင်းရဲနုံချာသူတို့အား စောင့်ရှောက်လှူဒါန်းကြတဲ့ ရွှေရန်ကုန် ပရဟိတအသင်း ကို လည်းအထူးဂုဏ်ပြုအပ်ပါတယ်..။(( ရွှေရန်ကုန် မှ ဆရာတော်ဘုရားအား ရိုသေစွာ....ကပ်လှူပူဇော်ကြပါတယ်..။ မရမ်းချောင်းရွာ...မေတ္တာပရဟိတဂေဟာ။၂၃.၃.၂၀၁၄- ဓာတ်ပုံ)

==ဆရာတော်ဝင်နွယ် ၏ သူတော်ကာင်းတို့နှလုံးသား ကို ကိုးကားရေးသားအပ်ပါတယ်..။==

0 မှတ်ချက်ရေးရန်: