Sunday, March 30, 2014

ဘဝသောတံ (သို့) ရတနတ္တယ ဂုဏ ဝဏ္ဏနာ သစ္စ ဂါထာ


=================================
မနေ့က ညနေ ၅နာရီ မှ စင်္ကပူ ကပြန်ကြွလာတဲ့ ပိုင်းလော့ဆရာတော်ဘုရား ဟာ ည ၇နာရီမှာ တရားပွဲ ကြွဘို့ပြင်ဆင်နေခဲ့ပါတယ်..
ကျွန်မ တို့ လှူဒါန်းတဲ့ ပဒေသာပင်ကိုရေစက်ချအပြီးမှာတော့ တရားပွဲ ကိုမနားပဲ ထွက်ခွာပါတယ်..။
သူတော်ကောင်းတွေ ဟာ အများအတွက် အလုပ်လုပ်ကြတာ အတုယူမိပါတယ်..။
ကျွန်မ မလဲ အင်းလေး နဲ့ မဲခေါင် အင်စတီကျူ ခရီးစဉ်တွေရှိနေတာနဲပ အထုပ်ပြင်ရပါတယ်..။
ခရီးစဉ် တွေသွားဘို့ ထုပ်ပိုး ပြင်ဆင် ရလေတိုင်း ငယ်ငယ် ကရွတ်ဆို ခဲ့ဘူးတဲ့ ဘဝသော တံ အစချီတဲ့ ဂါထာ လေးကို ရွတ်ဆို ပူဇော်ဘို့ ကျွန်မ သတိရမြဲပါ..။

ကျေးဇူးတော်ရှင် မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့ တဲ့တရားတော် တွေ ထဲ မှာ ဂါထာ တွေဟာ ကဗျာတွေပါပဲ..။ စကားပြေ ကိုတော့စုန္နိယ လို့ ခေါ်ကြောင်း မှတ်သားဘူးပါတယ်..။ ခရီးသွားဓမ္မကဗျာလေးပေါ့နော်..။

*ရတနတ္တယ ဂုဏ ဝဏ္ဏနာ သစ္စ ဂါထာ* လို့ခေါ်ပါတယ်..။
ကျေးဇူးတော်ရှင် ဂေါတမ ဘုရားရှင်လက်ထက် မှာ မဟာကပ္ပိန မင်းကြီး အမတ် (၁၀၀၀) နှင့် တကွ မြင်းကိုယ် စီ စီးပြီး ဘုရားရှင် ထံအဖူးမျှော်ကြွရောက်စဉ် မှာ အသွားလမ်းခရီးအကြားဝယ် မြစ်သုံးတန်ခြားနေပါသောကြောင့် ရွတ်ဆို ခဲ့တဲ့ ဂါထာ ပဲဖြစ်ပါတယ်..။
ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး ( အဘိဓဇ မဟာ ရဋ္ဌ ဂုရု ဘွဲ့ တံဆိပ်တော်ရ ဓမ္မဘဏ္ဍာ ဂါရိက အရှင် ဝိစိတ္တသာရာဘိဝံ ) ခရီး မသွားခင် (၃၂ )ခေါက်ပူဇော်လေ့ရှိပါသတဲ့..
တစ်ခါက ဂေါ် ရခါးဒကာ တစ်ယောက် က တရားပွဲ တစ်ခု မှာ မင်းကွန်းဆရာတော် ထံပါး ချဉ်းကပ်ပြီး..* ဆရာတော်ဘုရား။ သာသနာပြု ခရီးစဉ် တွေ ကြွချီ နေတာ အမြဲ အောင်မြင် နေတာ..ဆရာတော် ကျင့်သုံး လေ့ရှိတဲ့ ကျင့်စဉ် အလေ့အထကောင်းတော့ရှိမှာပဲ ။ တပည့်တော် သိပါရစေဘုရားလို့ * လျှောက်တင်ပါသတဲ့။
အဲဒီအခါ ဆရာတော်ဘုရားကြီးက ပြုံးပြီး…သိချင်ရင် လာ တောင်းလှည့် လို့ မိန့်ခဲ့ဘူးပါတယ်..။

ဒီဂါထာတော်မြတ်ကို ဆရာတော်ဘုရား ကိုယ်တိုင်ရေးသားပြုစုတော်မူတဲ့ မဟာကပ္ပိန မင်းကြီး အကြောင်းရေးသားထားတဲ့ စာအုပ်မှာလည်းဖေါ်ပြထားပါတယ်..။

ပူဇော်ကြည့်ရအောင်ပါ..။

*ရတနတ္တယ ဂုဏ ဝဏ္ဏနာ သစ္စ ဂါထာ*
========================
၁။ ဘဝသောတံ ဟဝေ ဗုဒ္ဓေါ တိဏ္ဏော လောကန္တဂူ ဝိဒူ၊
ဧတေန သစ္စဝဇ္ဇေ န ၊ ဂမနံ မေသမိဇ္ဈတု။
၂။ ယဒိသန္တိ ဂမော မဂေါ ၊မောက္ခော စ အစ္စန္တိကံ သုခံ ၊
ဧတေန သစ္စ ဝဇ္ဇေ န ၊ ဂမနံ မေသမိဇ္ဈတု။
၃။သံဃော ဝေ တိဏ္ဏ ကန္တာရော ၊ ပုညက္ခေတ္တော အနုတ္တရော၊
ဧတေန သစ္စ ဝဇ္ဇေ န ၊ ဂမနံ မေ သမိဇ္ဈတု။****

၁။ ဗုဒ္ဓေါ --- သဗ္မညု ဗုဒ္ဓ အမည် ရသည့် လောက ထွတ်ထား မြတ်ဘုရား သည်၊ ဟဝေ = စင်စစ် ဧကန်အမှန်ပင်၊ ဘဝသောတံ = ဘဝ သုံးသွယ် ရေပြင်ကျယ်ကို ။
တိဏ္ဏော = နိဗ္မာန် ထုတ်ချောက် ၊ မှ ကမ်းရောက်အောင် ကူးမြောက်တော်မူလေပြီ။
(ဝါ) ကူးမြောက် တော်မူပြီး ဖြစ်ရကား လောကန္တဂူ = လောကဓံ အဆုံးသို့ နှလုံးကြည်ဖြူ ဆိုက်ရောက်တော်မူလေပြီ။
ဝိဒူ= ခပ်သိမ်းသော တရား တို့ကို ပိုင်းခြားထင်ထင် သိမြင်တော်မူလေပြီ။
ဧတေန သစ္စ ဝဇ္ဇေ န = ဝစီမင်္ဂလာ သစ္စာစကားကြောင့် ၊ မေ အကျွန်ပ်၏ ၊ ဂမနံ = ခရီးသွားခြင်းကိစ္စခပင်းသည် ၊ သမိဇ္ဈတု - သိဒ္ဒ္စိ ဝှန်ထောက် တံခွန်ဆောက်၍ ပြီးမြောက်ကုံလုံပြည့်စုံပါစေသတည်း ။
(ဝါ) အန္တရာယ် မမှောက် ၊ ရန်မနှောက်ပဲ ထမြောက် ကုံလုံ ပြည့်စုံပါစေသတည်း။

၂။ မဂ္ဂေါ = လောကုတ္တရာ အရိယာ မဂ်လေးပါးသည် ၊ယဒိဇာတု = စင်စစ် ဧကန် အမှန်ပင် ၊ သန္တိ ဂမော = နိဗ္မာန် ထုတ်ချောက် ရောက် စေနိုင်၏။ မောက္ခောစ = အရိယာမဂ် ဖြင့် ရောက်အပ် နိဗ္မာန် တရားမြတ် သည် လည်း၊ အစ္စန္တိကံ သုခံ = ချမ်းသာစစ်စစ် ဧကန်ဖြစ်၏ ။
ဧတေန သစ္စ ဝဇ္ဇေ န = ဝစီမင်္ဂလာ သစ္စာစကားကြောင့် ၊ မေ အကျွန်ပ်၏ ၊ ဂမနံ = ခရီးသွားခြင်းကိစ္စခပင်းသည် ၊ သမိဇ္ဈတု - သိဒ္ဒ္စိ ဝှန်ထောက် တံခွန်ဆောက်၍ ပြီးမြောက်ကုံလုံပြည့်စုံပါစေသတည်း ။

၃။ သံဃော = ပရမတ္ထ အရိယာ သံဃာတော်မြတ် သည် ၊ဝေ= စင်စစ် ဧကန် အမှန်ပင် ၊ တိဏ္ဏ ကန္တာရော = သံသရာ ခရီးခဲ ကို အံ့ အဲ စလောက် ၊ ဘက်ကမ်းရောက်အောင် ၊ ကူးမြောက်ပြီး ဖြစ်တော်မူ ပေ၏။ အနုတ္တရော - အတု မရှိလွန်မြောက်ဘိသော ၊ ပုညက္ခေတ္တော = ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ် ယာမြေစစ် ပုညခေတ်လည်း ဖြစ်ပါပေ၏ ။
ဧတေန သစ္စ ဝဇ္ဇေ န = ဝစီမင်္ဂလာ သစ္စာစကားကြောင့် ၊ မေ အကျွန်ပ်၏ ၊ ဂမနံ = ခရီးသွားခြင်းကိစ္စခပင်းသည် ၊ သမိဇ္ဈတု = သိဒ္ဒ္စိ ဝှန်ထောက် တံခွန်ဆောက်၍ ပြီးမြောက်ကုံလုံပြည့်စုံပါစေသတည်း ။

ငယ်ငယ် ကတည်းကပူဇော်နေခဲ့တာ မြတ်မင်္ဂလာ စာစောင်မှာ ဖတ်ရကတည်းကပါ။ တစ်ခါ က ကုလသမဂ္ဂ လုပ်အားပေးတစ်ယောက် ရဲ့အတွေ့အကြုံကစိတ်ဝင်စားစရာရေးသားထားတာဖြစ်ပါတယ်။ ဆောင်းပါးခေါင်းစဉ် လေးက *ပြည်ပရောက် ဘဝသောတံ* လို့ ရေးထားတာပါ။။သူ က ဘူတန် နိုင်ငံသင်ဖူးမြို့ ကနေခရီးထွက် ရတိုင်းမြေပြို ကျတတ်တဲ့ တောင်ဆင်းတောင်တက်လမ်း တွေ ဖြတ်ရတာမို့ သူကဒီဂါထာလေးကိုပူဇော်ပြီး မှ ခရီးထွက်ဖြစ်တာရေးထားတာမို့ ကျွန်မဒီဂါထာလေးကိုစိတ်ဝင်စားမိပါတယ်။အန္တရာယ် များလှပေမဲ့ ကပ်၍ တစ်ဖုံ၊ ရှောင်လို့ တစ်လွဲ… လွတ်ကင်းခဲ့ရတာများပါတယ်တဲ့..။ နောက်တော့ လည်းသူ့ကိုနောက် ကန်ထရိုက်သက်တမ်းမှာအလုပ်ပြန်မရအောင် မကြောင်းကြံစည် ခံရတဲ့ကြား က နေသူကအလုပ်ပြန်ရခဲ့တာ ဒီဂါထာလေးပူဇော်လို့ ဆိုတာယုံကြည်ပါကြောင်း ရေးသားထားပါတယ်..။

နောက်တော့လည်း တိုက် ဆိုင်တယ် ပဲပြောရမလား…။ကျွန်မ ရန်ကုန် ပရိယတ္တိသာသနာ့ တက္ကသိုလ် စာအုပ်အရောင်းဆိုင် မှာဒီအကြောင်းလေးဆောင်းပါးလေးနဲ့ အတူစာအုပ်ကလေးအဖြစ်ထုတ်ဝေထားတာဝမ်းသာအားရတွေ့ ရပါတယ်။ အဲတာနဲအုပ်ရေ ၁၀၀ ဝယ်ယူပူဇော် ကာဓမ္မဒါနဝေငှဒါန ပြုခဲ့ပါတယ်..။
ထိုစဉ်က ကျွန်မတို့ စိုက်ပျိုးရေး ကျောင်းဆရာ၊ ဆရာမတွေ မှာဘဝရဲ့ တိုးတက်ရာထွက်ပေါက် အဖြစ် နိုင်ငံခြားပညာတော်သင်၊ ပညာသင်ဆုကိုမျှော်လင့် ကြရတဲ့အချိန်ဖြစ်ပါတယ်..။ ရခဲ့ရင်ပဲဝန်ထမ်းဘဝမှာထီဆုပေါက်သလိုဝမ်းသာပျော်ရွှင် ကြတဲ့အချိန် ဖြစ်နေတာနဲ့ ကျွန်မလည်းကျောင်း(ထိုစဉ်က- သာယာဝတီ-စိုက်ပျိုးရေးသိပ္ပံ) ကလုပ်ဖေါ်ကိုင်ဖက် ဆရာမမများကိုဓမ္မဒါန ပြု လိုက်ပါတယ်..။

ဆရာ-ဆရာမများထဲမှာ ၄ ဦးတိတိ ကျွန်မထံကို ပြန်လည် ပြောပြမျှဝေကြပါတယ်..။သီရိလင်္ကာသို့ တစ်ဦး။ ဂျပန်သို့ ၁၁ လ ပညာသင် ဆရာမတစ်ဦး၊ နိပေါ သို့ ၂ပတ် သင်တန်း၊ ထိုင်းသို့ လေ့လာရေးစတာတွေသွားရကြောင်းအပြင် ကျွန်မ မျှဝေထားတဲ့ စာအုပ်လေးကိုနွမ်းနွမ်းဖတ်ဖတ် ဖြစ်နေတာပါထုတ်ပြကြ တော့ ကျွန်မမှာလည်း ထပ်တူ ဝမ်းသာခဲ့ရပါတယ်။
ကျွန်မကတော့ ဒီလိုကုသိုလ်အကြောင်း ကြောင့်လားမသိ..သွားလိုက်ရတဲ့ခရီး….မရပ် မနားတစ်ဖားဖား …လွန်းထိုးပြေးသွားနေနေရတာ..။ တကယ်တော့ သွားရတယ် ဆိုသော်လည်းကမ္ဘာပေါ် မှာ နိုင်ငံပေါင်း ၁၈၀ ကျော် ရှိတာ ကျွန်မရောက်ဘူးနေဘူးတာ.. ၁၁ နိုင်ငံလောက်သာ…. ရှိသေးတာပဲလေ..။

ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော် ဘုရားကမိန့်ဘူးတာ..။ သိပ်ရောက်ဘူးရဘူးတာတွေအဆန်းထင်မနေနဲ့တဲ့။ ဘဝသံသရာရှည်လွန်းတော့ မရောက်ဘူးတာ မရဘူးတာ ဘာမှမရှိတဲ့။
*မရသေးတာ နိဗ္မာန် တစ်ခုထဲသာကျန်တော့တာ.*.ကျန် တာအကုန် ဖြစ်ဘူး..ရဘူးတာချည်းပဲ..ဘာမှ အံ့သြစရာမရှိပါဘူးတဲ့..။ နွားဘဝခွေးဘဝ..ရှင်ဘုရင် ဘဝ။ သူဋ္ဌေးဘဝ၊ သူကြွယ် ဘဝ။ သူတောင်းစားဘဝ၊ မိဘုရားဘဝ…နတ်ဘဝ…ဗြဟ္မာဘဝ၊ အကုန်အကုန် မဖြစ်ဘူးတာတစ်ခု မှ မရှိတော့ပါဘူးတဲ့..။

တကယ်တော့လည်း နိုင်ငံခြားခရီးထက် ကျွန်မတို့အားလုံးသွားနေရတာ…. သံသရာခရီးသည်ဆိုတာလူတိုင်းပဲမဟုတ်ပါလား။ရောက်လေရာဘဝပေါင်းကြ။သင်းကြ။ရှာကြဖွေကြ နဲ့ နောက်ဆုံးအကုန် ထားခဲ့ရတာ…မွေးးခါစကလေးကနေ….ရုန်းရင်းကန်ရင်း ..အ်ုနာသေ…. ထပ်ချည်းတလဲလဲနဲ့ ညည်းငွေ့စ ရာခရီးသွားဘဝတွေ… ဘယ်တော့ ဆုံးနိုင်ပါတော့မလဲ..။

ဒီတစ်ခါ တော့ အရွယ်လည်းညောင်းခဲ့ပြီ ဖြစ်တဲ့ ကျွန်မ က မိတ်ဆွေ တွေကို မျှဝေချင်ပါတယ်…ဒီတစ်ခါတော့ နိုင်ငံခြားပညာတော်သင် သွားရဘို့ထက် ပိုလို့ လေးနက် တဲ့ ဘဝသုံးသွယ် ရေပြင်ကျယ် ကိုကူးခတ်လွတ်မြောက်နိုင်ကြဘို့ ပါ..။
(((ဗုဒ္ဓေါ --- သဗ္မညု ဗုဒ္ဓ အမည် ရသည့် လောက ထွတ်ထား မြတ်ဘုရား သည်၊ ဟဝေ = စင်စစ် ဧကန်အမှန်ပင်၊ ဘဝသောတံ = ဘဝ သုံးသွယ် ရေပြင်ကျယ်ကို ။
တိဏ္ဏော = နိဗာန် ထုတ်ချောက် ၊ မှ ကမ်းရောက်အောင် ကူးမြောက်တော်မူလေပြီ။
(ဝါ) ကူးမြောက် တော်မူပြီး ဖြစ်ရကား လောကန္တဂူ = လောကဓံ အဆုံးသို့ နှလုံးကြည်ဖြူ ဆိုက်ရောက်တော်မူလေပြီ။))) ကြည်ညို ဦးခိုက်ပါသည် ဘုရား။

(((မဂ္ဂေါ = လောကုတ္တရာ အရိယာ မဂ်လေးပါးသည် ၊ယဒိဇာတု = စင်စစ် ဧကန် အမှန်ပင် ၊ သန္တိ ဂမော = နိဗ္မာန် ထုတ်ချောက် ရောက် စေနိုင်၏။ မောက္ခောစ = အရိယာမဂ် ဖြင့် ရောက်အပ် နိဗ္မာန် တရားမြတ် သည် လည်း၊ အစ္စန္တိကံ သုခံ = ချမ်းသာစစ်စစ် ဧကန်ဖြစ်၏ ။ တရားတော် ကိုကြည်ညိုပါသည်ဘုရား။)))

(((သံဃော = ပရမတ္ထ အရိယာ သံဃာတော်မြတ် သည် ၊ဝေ= စင်စစ် ဧကန် အမှန်ပင် ၊ တိဏ္ဏ ကန္တာရော = သံသရာ ခရီးခဲ ကို အံ့ အဲ စလောက် ၊ ဘက်ကမ်းရောက်အောင် ၊ ကူးမြောက်ပြီး ဖြစ်တော်မူ ပေ၏။ အနုတ္တရော - အတု မရှိလွန်မြောက်ဘိသော ၊ ပုညက္ခေတ္တော = ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ် ယာမြေစစ် ပုညခေတ်လည်း ဖြစ်ပါပေ၏ ။ သံဃာ ကိုကြည်ညိုပါသည်ဘုရား။))
သံသရာခရီးသည် ဘဝကနေ…. ရတနာ သုံးပါး ကို ဥိးခိုက် ကိုးစားလျက်..ဘဝ ပန်းတိုင်အဆုံးသို့ အရောက် လျှောက်လှမ်းနိုင်ကြပါစေကြာင်းတန်ဆောင်မုန်းလပြည့်အကြို…ဓမ္မလက်ဆောင်ပေးလိုက်ပါရစေ..။

မေတ္တာဖြင့်
သစ္စာအလင်း

0 မှတ်ချက်ရေးရန်: