Thursday, October 27, 2011

ပန်းကမ္ဘာ ထဲမှ ဓမ္မနန်းတော်သို့ ပူဇော်ဦးခိုက်ခြင်း


<!--[if gte mso 9]> Normal 0 false false false EN-US X-NONE X-NONE
သာသနာလှေကြီကို စီးနင်းလိုက်ပါ ရာမှာလှေကြုံစီးသူတွေများလာရင် စုပ်စုပ်မြုပ်သွားရန်မှာမကြာတော့ဘူးလို့ ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်ရဲ့ဓမ္မဒူတ စာအုပ်ထဲမှတဆင့် သိရ မှတ်ရချိန်မှာ ကျွန်မသည် လည်း တတ်နိုင်သမျှ လှော်ခတ်သည့်တာဝန် ရယူ လိုတဲ့ စိတ်ဆန္ဒ များပေါ်ပေါက်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲဓမ္မဘလော့ဂါ သစ္စာအလင်း ရယ်လို့ ဖြစ်တည် ခဲ့ရတာပါ။ အခုဆို ၃နှစ်နီးပါး တောင်ကြာခဲ့ပါပြီ။

ဓမ္မစာပေပြန့်ပွား ရေးအတွက် အီလက်ထရာနစ် မြစ်ရေစီးကြောင်းမှာ လှော်ခတ် ခရီးနှင်ကြရင်း ကိုယ်တိုင် မျှဝေရုံသာမက သင်ယူမှုလည်းတိုးတက် ခဲ့ရပါသေးတယ်။ ဘုရားရှင် ရဲ့ တရားတော် များကို တိုက်ရိုက် သင်ကြား ၊သင်ယူ ခဲ့ကြသောသံဃာတော်များ ကတော့ သစ္စာအလင်း ရဲ့ အားကိုးခြင်းတည်ရာ…မေးမြန်းခြင်း တည်ရာ၊ သုတဘဏ်တိုက်များ သဖွယ်ပါပဲ။ စီဘောက်စ် မှာကျွန်မရဲ့ စာဖတ်သူ တစ်စုံတစ်ယောက်က တစ်ခုခုရေးသားမေးမြန်းသွားတိုင်း ပြန်လည် ဖြေဆိုဘို့ ဓမ္မဘလော့ဂါဘုန်းဘုန်းများကို ချဉ်းကပ် ရပါတော့တယ်။

သံဃာတော်ဘလော့ဂါများကတော့ တတ်နိုင်သမျှ ပဲ့ကိုင်ထိန်း ကျောင်း ပေးကြ မြဲမို့ အွန်လိုင်းရေစီးမှ သာသနာ့လှေကြီး ဆက်ပြီး ခရီးနှင်နေဆဲပါ။

ထိုထိုသော အရာများ ထဲ မှာ သံဃာတော်ဘလော့ဂါ ဘုန်းဘုန်းပန်းကမ္ဘာ လည်းပါဝင်ခဲ့ပါတယ်..။ ထိုစဉ်က ဘုန်းဘုန်း ဦးလောကနာထ ၊ဘုန်းဘုန်း တိက္ခဥာဏာ လင်္ကာရ ၊ ဘုန်းဘုန်း ပန်းကမ္ဘာ ၊ ကိုဝင်းမြင့် ၊မမေဟန်(သစ္စာတရား)၊ ဝိမုတ္တိသုခ ၊ ကိုအောင်ဦး(ဓမ္မရသ) ၊ ဖိုးသား(အဖြူရောင်မေတ္တာ)၊ နန်းထိုက်ဝင်း (အမောင်-ရေနံ့သာ) ၊ ကိုသုခ(သုခရိပ်) တို့ နဲ့ အတူအွန်လိုင်း ဓမ္မဆွေးနွေးပွဲ တွေ စီးဆင်း ရှင်သန်ခဲ့တဲ့ရက်များကို ပြန်ပြောင်းလွမ်းဆွတ်မိပါသေးတယ်..။

ဒါကြောင့် မို့လည်း ဘုန်းဘုန်း အရှင် သုနန္ဒာလင်္ကာရ နဲ့ ဘုန်းဘုန်း အရှင်တိက္ခဥာဏာလင်္ကာရ တို့ ရဲ့ သီရိလင်္ကာ နိုင်ငံ စိတ္တလတောင်ခြေ မှာ တရားအားထုတ်ကြတဲ့ အတွေ့အကြုံ ဟာ ကျွန်မ တို့ အားလုံးအတွက် မှတ်မှတ်ရရ ဖြစ်စေရတာ အမှန်ပါပဲ။

ဘုန်းဘုန်း နှစ်ပါး မြန်မာပြည်ကို ပြန်လည် သီတင်းသုံးချိန်မှာ ကျွန်မသည်လည်းမြန်မာပြည်မှာနေထိုင်နေတာမို့ တွေ့ကြုံ နဲ့ တိုက်ဆိုင်ခဲ့သော်လည်း ဘုန်းဘုန်း အရှင်တိက္ခ ကိုသာ ဆွမ်းကပ်လှူခွင့် ကြုံဆုံ ခဲ့ပါတယ်..။

ပန်းကမ္ဘာ ဘုန်းဘုန်းတော့ မြန်မာနိုင်ငံ ကတရားစခန်းတွေမှာ တရားအားထုတ်နေပြီ ဆိုတဲ့သတင်း ကြား ရတော့ လှိုက်လှဲ ဝမ်းသာမှုဖြစ်ရပါတယ်။ ဘုန်းဘုန်း ပန်းကမ္ဘာ နဲ့ မောင်လေးဝိမုတ္တိသုခ တို့ ဂျီတော့ မှတရား ဆွေးနွေးခန်း ကိုလည်း ဖတ်လိုက်ရတော့ ဘုန်းဘုန်း ရဲ့ ဖြည့်ဆည်းရင်း ၊မွမ်းမံရင်း သန့်စင် တိုက်ချွတ်ရင်း တောက်ပလာတဲ့ စရဏ တရားအတွက် ဦးညွှတ်ကန်တော့မိပါသေးတယ်။

ကျွန်မ ထိုင်းနိုင်ငံမှာ နေထိုင်စဉ်မှာတော့ ဘုန်းဘုန်းအရှင်သုနန္ဒာလင်္ကာရ ကတော့ အွန်လိုင်း ထဲက သူ့ရဲ့ ပန်းကမ္ဘာ ထဲ သို့ ပြန်လည်ရောက်ရှိကာ ကျင်လည် မွှေးပျံ့နေတာမို့ ပြန်လည် တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ပန်းကမ္ဘာ ထဲက ဓမ္မဆောင်းပါးတွေ ဟာ ရနံ့ လည်း စုံသလို မွှေးမွှေးပျံ့ ပျံ့ လှလှပပ အရောင်စုံ အသွေးစုံ ရနံ့ထုံ နေပါတယ်ဆိုတာ ကျွန်မ မပြော လည်း စာဖတ်သူတွေသိနေကြပါပြီ။

ဘုန်းဘုန်း က မြန်မာ နိုင်ငံမှာ သီတင်းသုံး စဉ်မှာ ပရဟိတ လုပ်ငန်း တွေလည်း ဆောင်ရွက်ခဲ့ပါသေးတယ်။

မေမြို့ ကမျက်မမြင်ကျောင်း နဲ့ အတူ သီလသာဓိသိက္ခာ ကြီးမားသော မထေရ်ကြီးများ ထံ သွားရောက်ဖူး မျှော်ခြင်း ၊ တောရကျောင်းများ များသို့ လေ့လာ ထားတဲ့ သတင်းအချက်အလက်တွေ က တော့ သဒ္ဓါပီတိ ဖြစ်စရာ ဓမ္မဆောင်းပါးတွေ အဖြစ် နေရာယူလာတာတွေ့နေရပါပြီ..။

စာသင်သား သံဃာတော်များ အတွက် ပိဋကတ်တော်များ ပရိယတ္တိ စာ အုပ်များကို နော်ဝေး မှ မမြကြေးမုံ တို့နှင့် အတူဆောင်ရွက်လှူဒါန်း ခဲ့ တာကိုသိရတော့လည်း ဘုန်းဘုန်းတို့ ရဲ့ ပန်းကမ္ဘာ ထဲက (ဓမ္မနန်းတော်) ကို လှမ်းမျှော်ကြည် ညို ဦး ခိုက်ရပါတယ်။

အခု တော့ ၂၆. ၁၀.၂၀၁၁ သည် ဘုန်းဘုန်းပန်းကမ္ဘာ ဖြစ်တည် မှုသည် ၃၃နှစ်မြောက် တိုင်ခဲ့ပါပြီ။

ဘုန်းဘုန်းရေ…အနောက်တိုင်းစကားပုံ တစ်ခုကြားဘူးတာကတော့ ခံယူချက်တူညီ လျှောက်လှမ်းတဲ့လမ်းတူညီနေတဲ့ နားလည်မှုပေး နိုင်မဲ့ လမ်းမှန် သို့ လမ်းပြ ပို့ဆောင်လမ်းညွှန် ပေးနိုင်မဲ့ မိတ်ဆွေ တစ်ဦး တစ်ယောက် ကိုယ့်မှာ ရှိခဲ့လျှင် သေခြင်းတရားကိုပင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲပါသတဲ့..။

မိတ်ဆွေ ရဲ့တန်ဘိုးက ကြီးမားလှသလို မိတ်ဆွေ တစ်ယောက်ရဘို့ဆိုတာ ကလည်း တိုက်ဆိုင် ဖြစ်တည်ဘို့ဆိုတာ လွယ်ကူသော ကိစ္စတစ်ရပ်တော့ မဟုတ်ပါ။

ဂန္ထဓုရ ၊ ဝိပဿနာဓုရ လှော်တက် နှစ်ချောင်းလုံးကို ကိုင်ကာပိုင်ပိုင်နိုင်နိုင်လှော်ခတ် နေတဲ့ ဘုန်းဘုန်းတို့လို သံဃာတော် ဓမ္မမိတ်ဆွေကောင်း ရဘို့ ဆိုတာကလည်း ရတောင့်ရခဲ ဒုလ္လဘ တရားတစ်ခုဆိုတာ အသေအချာ သိလို့နေပါပြီ။

ဘုန်းဘုန်း ရဲ့ ၃၃နှစ်ပြည့်မွေးနေ့မင်္ဂလာမှ သည် ပြည့်ဝရင့်ကျက်တဲ့ အသိဥာဏ် စရဏ တရား နှင့် အတူ သာသနာ့လှေကြီးကို ဇွဲစိတ်သန်သန် လှော်ခတ်နိုင်ပါစေကြောင်း ဆုမွန်တောင်းလျက် ပူဇော် ကန်တော့အပ်ပါတယ်..။

မေတ္တာဖြင့်

သစ္စာအလင်း

Tuesday, October 11, 2011

အဘိဓမ္မာတရားတော်(သို့မဟုတ်)အမေ့ကျေးဇူး၊ အထူးဆပ်ခြင်း

မေမေချစ်သော သားသား နဲ့ မီးမီးရေ----
မကြာခင် ဝါလကင်းလွတ်ပြီး သီတင်းကျွတ် တော့မယ်နော်။ သီတင်းကျွတ်လပြည့်နေ့ က တော့  အဘိဓမ္မာ အခါတော် နေ့ လို့သတ်မှတ် ထား ကြ တာ ကလေး တို့သိပြီး သားဆိုတာ မေမေ ယုံကြည်နေပါတယ်။

ဓမ္မစင်္ကြာ တရားတော် ဟောကြားစဉ် ကတော့ ရိုးစင်းမှု ၊ ငြိမ်းအေး မှု ၊တောတောင်ရိပ်ရဲ့ အေးမြမှု၊ နေဝင်ချိန်လေးရဲ့ ငြိမ်း ချမ်းမှု ကိုမေမေ ပြောပြခဲ့ ဘူးပါတယ်။ အခု အဘိဓမ္မာ တရားကတော့ မေမေ တို့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားရဲ့ အတုမရှိ တဲ့ သဗ္ဗညုတ-ဉာဏ်တော်၊ ဘုန်းတန်ခိုးတော်အစုံစုံ၊ ဂုဏ်တော် အနန္တ တို့နဲ့ အတူ သိုက်သိုက် မြိုက်မြိုက် ခမ်းခမ်းနားနား နဲ့ ဆန်းပြားကြီးကျယ် ၊ အလွန့်အလွန် ကြည်ညို ဘွယ် ရာ အာရုံ ကို ထင်ဟပ်ပေါ်လွင်စေတာမို့ မေမေ ပြောပြချင် နေမိပါတယ်။

ကလေးတို့ရေ-----အဘိဓမ္မာဆိုတာ၊ အလွန်သိမ်မွေ့ နူးညံ့သော ဓမ္မ၊ အလွန်နက်နဲ ခက်ခဲသော ဓမ္မ၊ အလွန်ကျယ်ပြန့်သော ဓမ္မ၊ အလွန်ထူးကဲသော ဓမ္မ၊ ဖြစ်ပါတယ်။ အင်္ဂလိပ် လိုတော့ Highest Doctrine ပေါ့။ မေမေတို့ကျေးဇူးတော်ရှင် မြတ်စွာဘုရား ၄၅-ဝါကာလ ပတ်လုံး ဟောကြားတော်မူခဲ့တဲ ဗုဒ္ဓဝစန တွေကို ပိဋက အားဖြင့်ပိုင်းခြား လိုက်တဲ့အခါ ဝိနယ ပိဋက၊သုတ္တန္တ ပိဋက ၊ အဘိဓမ္မာ ပိဋက ရယ်လို့ ပိဋကသုံးပုံရှိတာပေါ့။ ဓမ္မက္ခန္ဓာ အားဖြင့် ဆိုလျင် ဝိနယပိဋက မှာ ၂၁၀၀၀၊ သုတ္တန္တ ပိဋက မှာ ၂၁၀၀၀၊ အဘိဓမ္မာ ပိဋက မှာ ကတော့ ဓမ္မက္ခန္ဓာ ပေါင်း ၄၂၀၀၀ ပါဝင်နေပါတယ်။ သာလွန်ထူးခြားတဲ့ တရားဖြစ်တာမို့ အဘိဓမ္မ (ဓမ္မထူး-ဓမ္မလွန်)လို့ခေါ်တာပေါ့။

ဓမ္မ-ဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက် တရား၊ သဘာဝတရား၊ ပကတိ တရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရား တို့ဖြစ် ပါ တယ်။ အလွန့်အလွန် သိမ်မွေ့နူးညံ့သော၊ ခက်ခဲ---နက်နဲသော၊ ထူးကဲ ဆန်းကျယ်သော၊ သတ္တ၊ အတ္တမဟုတ်သော၊ ပင်ကိုယ်သဘာဝ အားဖြင့် အရှိအမှန်ဖြစ်သော၊ သိအပ်သော ထို အဘိ ဓမ္မာ တရားဖြစ်နေတာကိုး ကလေးတို့ရေ..။

တာဝတိံသာနတ်ပြည်မှာ မယ်တော် ဖြစ်ခဲ့ဘူးတဲ့ သီရိမဟာ မာယာဒေဝီ ဟာ သန္တုဿိတ နတ်သားဖြစ်လို့နေခဲ့တယ်။ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ကိုမွေးဖွားပြီး ၇-ရက်မှာ နတ်ရွာစံ သွားခဲ့တာပါ။ သူသူ ကိုယ် ကိုယ်ပေါ့နော်..။ကျေးဇူး ရှိတဲ့ သူတွေကို ကျေးဇူးဆပ် ရင် အမွန်မြတ်ဆုံး ၊ အဘိုးအတန် ဆုံး အရာတွေနဲ့သာ ဆပ်ကြတာပဲ မဟုတ်လား။ မေမေတို့ရဲ့ ကျေးဇူးတော် ရှင် မြတ်စွာဘုရား က သုံးလောကထွဋ်ထား ဆိုတော့ ကျေးဇူးဆပ် တဲ့ အရာ ဟာ အသာလွန်ဆုံး ၊ အမွန်မြတ်ဆုံး ၊အထူးကဲဆုံးအဘိဓမ္မာတရားဖြစ်နေတာ အမှန်ကန်ဆုံးရွေးချယ် မှုပေါ့ ကလေးတို့ရေ..။ (အမေ့ကျေးဇူးဆပ်တရား) ဆိုရင် လည်းမမှားနိုင်ဘူးပေါ့။

တာဝတိံသာနတ်ပြည်မှာ ဟောကြားခဲ့တာကို သေသေချာချာ ဆန်းစစ် ရေတွက်ကြည့်ရရင်တော့ သည် အချက် တွေကိုလည်း တွေ့ရှိမှတ်သား စေချင်ပါတယ်။

၁။ မယ်တော်ကိုကျေးဇူးဆပ်လိုခြင်း။

၂။ မိဘကျေးဇူးကိုသတ္တဝါတို့နားလည်စေလိုခြင်း။

၃။ အဘိဓမ္မာတရားကို အစအဆုံး တစ်ထိုင်တည်းဟောကြား လိုခြင်း။

၎။ အစအဆုံး တစ်ထိုင်တည်းဟော မှသာ နာကြားရသောတရားနာသူများ အကျိုးထူးရရှိနိုင်ခြင်း။

၅။ အဘိဓမ္မာ ဒေသနာတော် ၏ ကျယ်ဝန်း နက်နဲမှုကို သိစေလိုခြင်း။

၆။ လူတို့၏ အရေ အတွက်ဖြင့်သုံးလခန့် ကြာအောင်ဟောကြားမှ ကုန်နိုင်မည့်အဘိဓမ္မာတရားကို လူတို့၏ ဣရိယာပုတ် နှင့် ဟောသူရော နာသူပါ အစအဆုံး မနေနိုင်ခြင်းစသော အကြောင်းရင်းများကြောင့် အဘိဓမ္မာတရားတော်ကို လူ့ပြည်မှာ မဟော ကြားခဲ့တာပါ။

အဘိဓမ္မာ တရား သည် အလွန်တရာ ခက်ခဲ နက်နဲ လှ သော ဓမ္မ-ကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တစ်ဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန၊ ဧက၀ါရ ၊ နာကြားနိုင်မှ တတ်သိနားလည်နိုင်မှာဖြစ်တာလည်း ပါဝင်နေတာပေါ့လေ။မေမေတို့ရဲ့ လူတို့ ဌာနေမှာတော့ စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောင့် အယှက်များသည် အလုပ်တိုင်းမှာ ဝင်ရောက် ဟန့်တားလေ့ရှိပါတယ်။ အလုပ်တခု မှာ စိတ် ကူး၊ စူးစိုက်နေခိုက် ကိုယ်ခန္ဓာ ပင်ပန်းခြင်း၊ အလေးအပေါ့သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ဝင်ရောက် နှောင့်ယှက်လာတဲ့အတွက် အလုပ်မှာ စူးစိုက်ထား တဲ့ သမာဓိ ဟာ ပျက်စီးရပါတော့တယ်။ ဒါကြောင့် မို့လို့ ပြတ်တောင်း၊ ပြတ်တောင်း အကြိမ် ပေါင်းများစွာ ဟောကြားရမယ်ဆိုလျှင် ထိုမျှနက်နဲသည့် အဘိဓမ္မာ-သည် လူတို့ပြည်၌ အရာ ထင်၍ ကျန်ခဲ့မှာ မဟုတ်တာ အမှန်ပါပဲ။

နတ်တို့ ဌာနေမှာကား အချိန် ကွာခြားချက်ကလည်း ဝေးလွန်းလှပါတယ်နော်။ လူ့ပြည်မှာ နှစ်တရာ၊ တာဝတိံသာနတ်ပြည်မှာ တစ်ရက် သာရှိပေတာပဲ။ ဒါကြောင့် စားချိန်၊ အိပ်ချိန်တို့မှာ ကျဲလွန်းလှ ပါ တယ်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း၊ ညောင်းညာ ပင်ပန်းခြင်းလည်း မရှိတဲ့ ထိုနတ်များ မှာ ၁၅-မိနစ် (သူတို့အချိန်ဖြင့်) ခန့်မျှသာရှိမဲ့ ထို အဘိဓမ္မာ တရားပွဲကို တစ်ဆက် တည်း၊ တစ်ထိုင်တည်း၊ တစ်စိတ်တည်း၊ တစ်ဝီထိတည်း နာကြားရခွင့် ခဲ့ကြပါတယ်။

ဟောကြားတဲ့နေရာ က နတ်ပြည် ဖြစ်ပေမဲ့လို့ စတင် ပေါ်ထွန်းခဲ့တဲ့အချိန် ကတော့ လူ့ပြည် မှာဖြစ်ပါတယ် ကလေးတို့ရေ..။ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟာ- မဟာ သက္ကရာဇ် ၁၀၃ ခုနှစ်- ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့မှာ ၊ဖွားဘက်တော် ဗောဓိ ညောင်ပင် ရဲ့ ခြေရင်း က အပရာဇိတ ပလ္လင်တော် ထက်ဝယ် ဘုရားအဖြစ် ရောက်ရှိတော် မူခဲ့ပါတယ်။

ဘုရားအဖြစ်သို့ ရောက်တော်မူပြီး သတ္တ သတ္တာဟ ဆိုပြီး ၇- ရက် ၇လီ ၇ ဋ္ဌာန သီတင်းသုံးတော်မူ ပါတယ်။ ပထမဆုံး သတ္တာဟဖြစ်တဲ့ ပလ္လင်္က သတ္တာဟ အထက်မှာ (ကဆုန် လပြည့်ကျော်၁ရက် မှ ၇-ရက်နေ့ထိ) သီတင်းသုံး တော်မူပါတယ်။ ဒုတိယစံတော်မူတဲ့နေရာကတော့ ဗောဓိပင်ရဲ့ အရှေ့မြောက်ယွန်းယွန်း ၁၄လံ အကွာမှာ မတ်မတ် ရပ်ပြီး ဗောဓိပင်နဲ့ရွှေ ပလ္လင်ကိုကျေးဇူးဆပ်တဲ့ အနေနဲ့ မမှိတ်သော မျက်စိနဲ့ စိမ်းစိမ်း ကြည့်တော် မူပါတယ်။(ကဆုန်လပြည့်ကျော် ၈ရက် ကနေ ၁၄ရက်ထိ)စံတော်မူတာကတော့ အနိမိသ သတ္တာဟ ဖြစ်ပါတယ်။ နံပါတ်(၃) သတ္တာဟ ဖြစ်တဲ့ စင်္ကမ သတ္တာဟ မှာ တော့ ပထမ နဲ့ ဒုတိ ယရဲ့ ကြားမှာ နတ်ဗြဟ္မာတွေ ဖန်ဆင်းထားအပ်သော အရှေ့အနောက် သွယ်တန်းထားတဲ့ ရတနာ စင်္ကြန်တော် မှာ (ကဆုန်လ ကွယ် မှ နေ နယုန်လဆန်း ၆ရက် နေ့အထိ) စင်္ကြန် လျှောက် တော် မူပါ တယ်။

နံပါတ်(၄) သတ္တာဟ ကတော့ ရတနာဃရ သတ္တာဟဖြစ်ပါတယ်။ ဗောဓိပင်၊ရွှေ ပလ္လင် ကနေ အနောက်မြောက်ဒေါင့် ၊အတောင်လေးဆယ်(ဆယ်လံ) ကွာတဲ့အရပ်မှာ နတ်ဗြဟ္မာတွေ ဖန်ဆင်း ထားတဲ့ ----ရတနာမျိုးစုံ စီချယ်ထားတဲ့ ရတနာဃရ ရွှေအိမ်တော်မှာ ထက်ဝယ် ဖွဲ့ခွေ ထိုင်နေရင်း၊ တရားတော်တွေကို ကွန့်မြူးကျက်စား၊ ဆင်ခြင် သုံးသပ်တော်မူပါတယ်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ နယုန်လဆန်း ၇ ရက်ကနေ ၁၃-ရက်နေ့အထိ(၇) ရက် လုံးလုံး …မထသော ထိုင်နေခြင်း ဖြင့်ထိုင်ရင်း။ခန္ဓာ နဲ့ ဖြစ်ပျက်နေတဲ့ သဘောတရားတွေကို သဗ္ဗညုရွှေဉာဏ်တော် ကြီးနဲ့ ဆင်ခြင်သုံးသပ် တော် မူပါတယ်။

ဒါကြောင့်လည်း (အဘိဓမ္မာ အစ-ရတနာဃရ ရွှေအိမ်က) လို့မှတ်သားနိုင်ပါတယ် ကလေးတို့ရေ..။ နောင် အချိန်မှာ အဘိဓမ္မာ ခု နှစ်ကျမ်း(ဓမ္မသိင်္ဂဏီကျမ်း၊ဝိဘင်းကျမ်း၊ ကထာဝတ္ထုကျမ်း၊ ပုဂ္ဂ လပညတ်ကျမ်း၊ ယမိုက်ကျမ်း၊ ပဋ္ဌာန်း ကျမ်း) ရယ်လို့ဖြစ်လာမဲ့ တရား တော် တွေ၊ ခန္ဓာမှာ ဖြစ်ပျက်နေတဲ့ တရားတွေ ကို (သိရန်မှန်က၊ မကျန်ရအောင်၊ လုံးဝစုံ လင်၊ အကုန်မြင် ၊ သဗ္ဗင်ဉာဏ်တော် အစွမ်းတည်း) ဆို တဲ့အတိုင်းသိသင့် သိထိုက်တဲ့ တရားတော် ကို အကုန် သိမြင်နိုင်တဲ့ ဉာဏ်တော်ကြီး၊ အလွန်တရာ ကြီးကျယ် ပြန့်ပြောတဲ့ ဉာဏ်တော်ကြီး နဲ့ အစဉ်အတိုင်း ဆင်ခြင်တော်မူပါတယ်။

၆ ကျမ်းမြောက် ယမိုက် ကျမ်းလည်း ပြီးသွားလို့ ပဋ္ဌာန်းကျမ်းကို ဆင်ခြင်တော်မူတဲ့အခါ စိတ်တော် ကလည်း အင်မတန် ကြည်လင်ပြီး စိတ်တို့ရဲ့ မှီရာ သွေးတော် တွေကလည်း အင်မတန် ကြည်လင်လာတဲ့အတွက် အသားတော် အရေတော် ကြည်လင်လာတယ်။ သဗ္ဗညု တဉာဏ်တော် ကြီး က နဲ့ မီးမောင်းထိုးပြ လိုက်သလိုဖြစ်နေတာ ကိုး။ စိတ်တော် အင်မတန် ကြည်လို့ ၊ငြိမ်းအေးမှုတွေလည်းဖြစ်လာလိုက်တာ။ စိတ်တို့ရဲ့ တည်မှီရာ၊ဟဒယ ဝတ္ထုဆိုတဲ့ နှလုံး အာကြည်ရုပ်ကလည်း ကတဆင့် အသွေးအသားတွေ ဆီ ကူးစက်ပြီးသွေးတော်တွေ ကလည်းကြည်လင်မှု ဖြစ်လာလို့ အသားတော် ၊ အရေတော် ခန္ဓာ တော် ၊ အစိတ်စိတ် ကနေ ကြည်လင်လွန်း အားကြီးလို့ အရောင်တွေ တစ်လက်လက် ထွက်လာ ပြီး ရောင်ခြည်တော် ၆သွယ် ကွန့်မြူးလာပါတယ်။တစ်ခဲနက်ဖြစ်ပေါ်လာတာ အလွန် အကျူး အထူးသပ္ပါယ်တော်မူ သော ဘုရားရှင်ပါ။ -မျက်ခုံးတော်ကနေ နီလဆိုတဲ့ စိမ်းညိုသောအရောင်။
-မြတ်စွာ ဘုရားရဲ့ အသားတော် အရေတော် ကနေ ဝါဝင်းသော ရောင်ခြည်တော်၊ ပီတဆိုသော-ရွှေသော ရောင်ခြည်တော် ။
-နှုတ်ခမ်းတော်၊လျှာတော်၊ သွေးတော်တွေ မှ လောဟိတ ခေါ် နီရဲ သောရောင်ခြည်တော် ထွက်ပေါ်လာပါတယ် ။ -သွားတော်၊ အရိုးတော် ၊ မျက်ဆံတော် မှ ဖြူသော သြဒါတ ရောင်ခြည်တော် ရောင်ခြည် တော်တွေထွက်လာပါတယ်။ ညိုရွှေနီဖြူ-လို့ လွယ်လွယ်မှတ်ပါ ကလေးရေ..။
မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ် အစိတ်စိတ်မှ ညိုမောင်းသောရောင်ခြည်တော် ၊ မဉ္ဇိဋ္ဌ ရောင်ခြည် ထွက်လာပါတယ်။ သပြေသီးမှည့်ရောင် လို မျိုးပေါ့။

သည်ရောင်ခြည်တွေအကုန်ပေါင်းယှက်ပြီး၊ နဝရတ် မျိုးစုံကြဲဖြန့်တဲ့အရောင်၊ပြိုးပြိုးပြက်ပြက် သောအရောင်တွေထွက်လာပါတယ်။အဲဒါကတော့ ပဘဿရ ရောင်ခြည်တော် ပေါ့နော်။

ရောင်ခြည်တော် ခြောက်သွယ် တို့သည် အနန္တ စကြာဝဠာ တိုင် အောင်ပြန့်နှံ့ သွားပြီးတော့ နေအရောင်၊ လအရောင်၊ ဗြဟ္မာ နတ်တို့ရဲ့ အရောင်ကို လွှမ်းဖုံးသွားတော့ ၊ နတ် ဗြဟ္မာ တွေက အားလုံးကအာရုံ စိုက်ပြီး ဘုရား အဖြစ်ကိုရောက်တော် မူပြီဆိုတာ သိလာကြတာ ပေါ့နော်။ အင်မတန် ကြီးမားတဲ့ ဉာဏ်တော်ကြီးရသွားတယ် ဆိုတာ မသိကြဘူး။ ဘုရားအဖြစ်သို့ ရောက်တော် မူပြီး စတုတ္ထသတ္တာဟ ရောက်တဲ့အထိ အဘိဓမ္မာတရားကို ဘယ်သူ့ကို မှ မဟောရသေး ပါ ကလေးတို့ရေ..။ သဗ္ဗညုတ ရွှေ ဉာဏ်တော် နဲ့ သာသိ နေဆဲပါ။
စတင်သိတဲ့အချိန်မှာ ထူးပြားဆန်း ကျယ်ခဲ့ သလို အမေ့ကျေးဇူး ဆပ်ခရီး ကလည်း အံချီးဖွယ် အစုံစုံ၊ ဂုဏ်ပေါင်းစု နေခဲ့တာပါ။ တကယ် ဟော ကြားဖြစ်တဲ့ အချိန်ကတော့ ဘုရားဖြစ်ပြီး နောက် ၇-ဝါမြောက် အခါ ကာလ သမယ- မဟာသက္က ရာဇ်-၁၀၉ ခုနှစ်မှာဖြစ်ပါတယ်။ သာာဝတ္ထိနေပြည်တော်မှာ အယူဝါဒ လွဲနေတဲ့ တိတ္ထိတွေကိုနှိမ်နင်းတော်မူဘို့အတွက် ၊ သရက်ဖြူ ပင်ရင်းမှာ တန်ခိုးတော် တွေ ဆန်းဆန်းကြယ် ကြယ် ၊ ရေမီး အစုံစုံနဲ့ ယမက ပြာဋိဟာ ပြတော်မူပါတယ်။
အဲဒီ တန်ခိုး နဲ့ ပဲ သာဝတ္ထိ ပြည် ကနေ တာဝတိံသာနတ်ပြည် ကို ကြွချီတော်မူပါတယ်။ တာဝတိံသာနတ်ပြည် ဆိုတာက ယူဇနာ ၈သောင်းလေးထောင် အမြင့်ဆောင်တဲ့ မြင်းမိုရ် တောင်ထိပ်မှာရှိတာ မဟုတ်လား။ တစ်ယူဇနာ ကို ၁၂.ရ၂ မိုင်ရှိတာဆိုတော့ အကွာအဝေးကို မှန်းဆသာ ကြည့်ပါတော့နော်။ မြင်းမိုရ်တောင်ကို သမုဒ္ဒရာ လေးစင်း ၊တောင်စဉ်ခုနှစ်ထပ် ဝန်း ရံပြီး တည်ရှိကြ တယ်။ မြင်းမိုရ်တောင်ရဲ့ တစ်ဝက် အမြင့်ရှိတဲ့ ယုဂန္ဓိုတောင် ဆိုတာ က ဝန်းရံထားတဲ့ တောင်စဉ် ခုနှစ်ထပ်မှာ ပါဝင်ပါတယ်။

တာဝတိံ သာ ကို ကြွချီတော်တဲ့အခါ ရတနာစင်္ကြံမှာ ခြေ တစ်ဖဝါး ချပါတယ်။ လက်ယာခြေတော် လှမ်းတော် မူ၍ ယုဂန္ဓိုတောင်ထိပ်မှာ တစ်ဖဝါး ချတော် မူပါတယ်။ မြင့်မိုရ်တောင် ထိပ်ကို တစ် ဖဝါးချတော်မူပါတယ်။ တန်ခိုးတော် နဲ့သွားလို့ စုစုပေါင်း နှစ်လှမ်း၊သုံးဖဝါး နဲ့ ကြွချီတော် မူခဲ့တာပါ။ တာဝတိံသာနတ်ပြည် ရောက်တဲ့အခါ ပင်လယ်ကသစ်ပင် ခြေရင်းမှာ ခင်းထားတဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာ ပေါ်ဝယ် သီတင်းသုံးလို့ အမေ့ကျေးဇူးဆပ်တရား- အဘိဓမ္မာ တရား မြတ်ဒေသနာကို (မဟာသက္ကရာဇ် ၁၀၉ ခုနှစ်-ဝါဆိုလပြည့်ကျော် တစ်ရက် နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ) အသံမစဲဟောကြားတော်မူ လိုက်တာ မြင်ယောင်ရင်းမေမေဖြင့် သဒ္ဓါပီတိတွေ နှလုံးအိမ်မှာ ယိုစိမ့်လာလိုက်တာ ကလေးတို့ရေ။ ဖော်ပြနိုင်စွမ်းမရှိ တော့ပါ။(Beyond Expression ပေါ့နော်)။

ဟောကြားချိန်ဟာ လူ့သက်တမ်းနဲ့တွက်တော့သာ ရက်ပေါင်း ကိုးဆယ်၊ နတ်သက်တမ်း နဲ့ကတော့ ၁၅မိနစ် လောက်သာရှိပေတာကိုး။ မြတ်စွာဘုရားကလူသားပါ။လူသားဣရိယာပုတ်နဲ့ လူသားတို့ရဲ့ အချိန်အတိုင်း ဘုဉ်းပေးသုံးဆောင်၊ အနားယူတော်မူမှသာခန္ဓာကိုယ် မျှတတော်မူပါတယ် ။ဒါကြောင့် အနားယူရမယ်။နေ့သန့်စင်တော် မူရမယ်။ ရေချိုး သုံးသပ်ရမဲ့ အချိန်ရှိတယ်။ကျင်ကြီးကျင်ငယ် စွန့်ရမဲ့အချိန်ရှိတယ်။ အဲဒါကြောင့် နေ့စဉ် နံနက် ၉နာရီ ရောက်တိုင်း အသွင်တူ၊အသံတူ တဲ့ နိမ္မိတ ရုပ်ပွားတော် တစ်ဆူ ၊ ဖန်ဆင်းတော်မူပါတယ်။ (ဤနေရာ မှ ဤနေရာထိ၊ ဤနည်းဖြင့်ဟောကြားတော်မူစေ သတည်း) လို့ အဓိဋ္ဌာန်ပြုပြီး၊သပိတ်သင်္ကန်းယူဆောင်လို့ ဟိမဝန္တာ၊အနောတတ် ရေအိုင်ကိုကြွချီရေချိုးသန့်စင် တော်မူပါတယ်။ ဥတ္တရဂုရု၊ မြောက်ကျွန်း မှာဆွမ်းခံကြွတော် မူပါတယ်။အနောတတ်ရေအိုင် ဆိပ်ကမ်းသာမှာ အေးချမ်းစွာ ဆွမ်းဘုဉ်း ပေးတော်မ်ူပြီး စန္ဒကူးတော ကိုလာပြီး နေ့သန့်စင်(အနားယူ)တော်မူပါတယ်။

အဲဒီအခါမှာ လက်ယာတော်ရံ ပညာ အရာ ဧတဒဂ်ရတဲ့ ရှင်သာရိပုတ္တရာမထေရ် ကြီး ကစန္ဒကူးတော ကိုလာပြီး ခြေဆုပ်လက်နယ်ပြုတော်မူပါတယ်။ လူ့ပြည် မှာ ဘုရားရှင်က ချစ်သားသာရိပုတ္တရာ…ငါဘုရားသည် တာဝတိံသာ နတ်ပြည်မှာအဘိဓမ္မာတရားကို ဟောခဲ့ ပြီးပြီ လို့ပြောတော်မူပါတယ်။ အကျဉ်း ခေါင်းစဉ် လောက်ပဲပြန်ပြော လိုက်တာပါ။

ဒါပေမဲ့ အရှင်သာရိပုတ္တရာ ဉာဏ် အင်မတန်ကြီးတယ် ဆိုတော့ ကျလာတဲ့ မိုးစက် မိုးပေါက်တွေကိုရေတွက်နိုင်တဲ့ သမာဓိအားကြီး ဉာဏ်အားကြီးတဲ့ မထေရ်မြတ်ကြီး ဆိုတော့ အကျဉ်း မျှနဲ့ ပဲ နားလည် သွားပါတယ်။ အရှင်သာရိပုတ္တရာကလည်း တပည့်ရင်း ရဟန်း (၅၀၀)ကို (ဘုရားရှင်-တန်ခိုးပြတဲ့ဝါဆို လဲပြည့်မှာပဲ မြတ်စွာဘုရားရဲ့ တန်ခိုးကို ကြည့်ညိုပြီး ရဟန်းပြုခဲ့တဲ့ အမျိုးကောင်းသား ၅၀၀ ရဟန်းဖြစ်စ ရဟန်းတွေပါ-ကဿပ ဘုရားရှင်လက်ထက် က လင်းနို့သား-၅၀၀ဖြစ်ခဲ့ဘူးပါတယ်) မြတ်စွာဘုရားဟော ကြားတော်မူအပ်သော အဘိဓမ္မာတရားတော်ကို မကျဉ်းမကျယ် ပြန်ဟော ပါတယ်။ အဘိဓမ္မာတရားတော် သည် နည်းသုံးနည်းနဲ့ လူ့ပြည် နတ်ပြည်မှာ တပြိုင်နက်ပေါ်ထွန်းခဲ့ တယ်လို့ အာရုံပြုထားပေးပါ ကလေးတို့ရေ..။ ၁။တာဝတိံနတ်ပြည်မှာ အကျယ်ဆုံးနည်း(ဝိတ္ထာရနယ- အကျယ်နည်း)
၂။လူ့ပြည်မှာ အကျဉ်းဆုံးနည်း (သင်္ခေပနယ-အကျဉ်းဆုံးနည်း)

၃။လူ့ပြည်မှာ မကျဉ်းမကျယ် နည်း(နာတိ ဝိတ္ထာရ- နေတိသင်္ခေပနယ နည်း) တို့ဖြစ်ပါတယ်။

ဟောကြားခဲ့တဲ့ ရက်တွေ တွက်ကြည့်ရင် တော့ …

၁။ ဓမ္မသင်္ဂင်္ ဏီကျမ်း---၁၂ ရက်

၂။ ဝိဘင်းကျမ်း---၁၂ ရက်

၃။ ဓာတုကထာ-ကျမ်း---၆ ရက်

၎။ ပုဂ္ဂလပညတကျမ်း---၇ ရက်

၅။ ကထာဝတ္ထုကျမ်း--၈ ရက်

၆။ ယမိုက်ကျမ်း---၂၀ ရက်

၇။ ပဋ္ဌာန်းကျမ်း---၂၅ ရက် ဟောကြားရပါတယ်။
တရားတော် အဆုံးမှာ မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတ နတ်သား ဟာ သောတာပန် တည်ခဲ့ပါတယ်။ စကြာဝဠာ တိုက်တစ်သောင်း အပေါင်း မှ သောင်းသောင်းဖြဖြ တရားနယူကြတဲ့ နတ်ဗြဟ္မာ အပေါင်း ကုဋေ-၈သောင်းတိတိ ကျွတ်တန်းဝင်ခဲ့ ပါတယ်။ လူ့ပြည်မှာနာယူရတဲ့ က ရဟန်း ၅၀၀ ကတော့ ရဟန္တာ အဖြစ်သို့ရောက် ရှိခဲ့ပါတယ်။ တစ်ချိန်တည်း ၊ တပြိုင်တည်း ဖြစ်ခဲ့တာပါနော်။
ရက်ပေါင်း ၉၀ ပြည့်လို့ သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင် သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်း များဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ပြည်ဖြစ်တဲ့ သင်္ကဿနဂိုရ် ပြည်သို ပြန်လည်ဆင်းသက်ကြွမြန်း တော်မူခဲ့ပါတော့တယ်။ လူကော နတ်ပါ အချင်းချင်းမြင်နေရ တာ ကြည်ညိုဘွယ် ကောင်းလွန်းလို့ ဘုရားဆုမပန် မိတဲ့လူ မရှိကြပါဘူးတဲ့။

သည် အဘိဓမ္မာဟောကြားတော် မူခဲ့ပုံလေး ကို တိတိကျကျ ပုံဖော် မှန်းဆရင်း မနက်ဖြန်မှာ ကျရောက်မဲ့ အဘိဓမ္မာ အခါတော်နေ့မှာ ကျေးဇူးတော်ရှင်မြတ်စွာဘုရားရဲ့ဂုဏ်တော် အနန္တ ကို ရိုသေလေးမြတ်စွာ ညွတ်နူး ပူဇော်ကြရအောင်နော်။ ကျေးဇူးရှိသူများကိုလည်း အကောင်းဆုံး ဓမ္မ ဖြင့်ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြ မယ်လို့ သဘောပေါက် ခံယူလိုက်ပါလို့ မေမေ က ဓမ္မလက်ဆောင် ပေးပို့လိုက်ပါတယ် ချစ်သောကလေးတို့ရေ…။
ကျမ်းကိုး
၁။ အဘိဓမ္မာ နှင့် ဝိပဿနာ၊ ဒေါက်တာ ဉာဏိဿရ ( မြတ်မင်္ဂလာစာစောင်)
၂။ အဘိဓမ္မာ ပထမဆင့် မှတ်စု ၊ သဓမ္မဇောတိကဓဇ ဆရာမဒေါ်ခင်လှတင်
၃။ သဒ္ဓမ္မဇောတိကဓဇ ဆရာမဒေါ်ခင်လှတင် ၏ ပဋ္ဌာန်းကျင့်စဉ်သင်တန်း၊ တိတ်ခွေ အမှတ် ၁၊ ၂ (http://www.dhammadownload.com/)
(စာတမ်းများ ရှာဖွေ ပေးပို့ပါသော ဘုန်းဘုန်းဦးလောကနာထ-http://www.lknt.org/ နှင့် မင်္ဂလာသတင်းစဉ် http://mawluu.blogspot.com/ ဘလော့ ကို အထူး ကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်ဖေါ်ပြအပ်ပါသည်။)

Tuesday, October 4, 2011

ပိုင်းလော့ဆရာတော်ဘုရားကြီး တရားစခန်း

ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရား ကြီး သည် မကွေးတိုင်းသို့ ဓမ္မဒူတ ခရီးစဉ် ကြွရောက်နေပါတယ်..။ ၆. ၁၀.၂၀၁၁ ညနေ ပိုင်းမှ စတင်ပြီး ၁၁ ရက်နေ့အထိ ယောဂီသစ် စခန်းပွဲ ရှိနေပါတယ်..။
ကျွန်မသည်လည်း ၅ ရက်တာ ဝင်ရောက်အားထုတ်မှာ ဖြစ်ပါတယ်..။
သီတင်းကျွတ် လပြည့်နေ့မှာတော့ နယ်မှ ကြွရောက်တောင်းဆို သူများအတွက် မိုးညှင်းသိင်္ဂ`ီ ကျောင်းအတွင်း အထူး ခင်ပွန်းကြီး (၁၀)ပါးကန်တော့ပွဲကိုကျင်းပပြုလုပ်မှာဖြစ်ပါတယ်..။

နေ့လည် ပိုင်းမှာ တော့ ရွှေတိဂုံစေတီ မြောက်ဘက် ရင်ပြင်တော်မှ မျက်ရှင်တော်တန်ဆောင်းမှာ ဝါတွင်း တရာပွဲများအတွက် အသိမ်းတရားဟောမှာဖြစ်ပါတယ်..။

ချမ်းမြေ့ကြပါစေ..။
သစ္စာအလင်း