Showing posts with label Mahasarakham University. Show all posts
Showing posts with label Mahasarakham University. Show all posts

Tuesday, February 22, 2011

မြန်မာစကား သင်လိုသူများအတွက်

ကျွန်မ တာဝန်ထမ်းဆောင်တဲ့ ကျောင်းမှာ နွေရာသီချိန်ခါမို့ စာမေးပွဲများစစ်ပြီး နေချိန်ဖြစ်ပါတယ်..။ ဓာတ်ခွဲခန်းများကလည်း ကျောင်းဟောင်းမှကျောင်းသစ် ကိုရွှေ့နေဆဲမို့ ကျွန်မ ကျောင်းသားများကို မြန်မာစကားသင်ပေး ဘို့ သင်ရိုးညွှန်းတမ်းပြင်ဆင်ရပါတော့တယ်..။
အင်တာနက် ချက်တင်းတွေမှာ ဘာဂလစ်ရှ်Burglish မြန်မာအသံထွက် အင်္ဂလိပ်စာ လုံးပေါင်း တွေ ရိုက်ရင် ကျွန်မ အင်မတန် ခေါင်းကိုက်ပါတယ်..။ ဖတ်ရ အဓိပ္ဗါယ် ပြန်ရတာခက်လို့ပါ..။ အခုတော့ကျွန်မ က ဘားဂလစ်ရှ် ကို ပဲသုံးရပါတော့တယ်။ Phonetic လို လည်းအတိအကျ မရေးနိုင်ခဲ့ပါဘူး။ အသံဖလှယ်ထားတဲ့ပုံစံလေးနဲ့ ရေးထားမိပါတယ်..။
ထိုင်းနိုင်ငံမှာ က မြန်မာရွှေ့ပြောင်းအလုပ်သမား များ က မှတ်ပုံတင် စာရင်းအရ ၈သိန်းကျော် ရှိတယ်လို့ ကျွန်မ ရဲ့ ကျောင်းကဆိုလာပါတယ်..။ ကျွန်မ ကြားဘူးတာကတော့ ၅သန်းလို့ မှတ်သားဘူးပါတယ်..။ ကိုယ့်လူမျိုးတွေ ရှိတဲ့နေရာမှာ ကိုယ်လူမျိုးတွေအတွက် တစ်ခုခု လုပ်ပေးမယ်ဆိုတာကတော့ကျွန်မ ရည် ရွယ်ချက်ရှိခဲ့ပြီးသား ပါ..။
အခုသင်တန်းကတော့ ဒီကျောင်းကဆင်းတဲ့ကလေးတွေက လုပ်ငန်းခွင်ထဲမှာ မြန်မာအလုပ်သမားတွေနဲ့ ဆက်သွယ်ရေး ကောင်းမွန်အောင် သင်ကြားပေးပါ လို့ဆိုပါတယ်..။
ကျွန်မသိရသလောက်တော့ ထိုင်းနိုင်ငံရောက် မြန်မာ များ သည် ထိုင်းစကားကို ကျွမ်းကျင် စွာပြောဆို နိုင်ကြပါတယ်..။ နှစ်ဦးနှစ်ဘက်ကြိုးစားကြတော့လည်း ကောင်းပါတယ်..။
ဘာသာစကားဆိုတာကတော့ စကားမပြောတတ်တဲ့ သက်မဲ့တွေကို အများနားလည်စေမဲ့ သတ်မှတ်ချက် တွေ ပေးထားတာပဲဖြစ်ပါတယ်..။ အာသေဝန သတ္ထိ နဲ့ ကြာကြာနှလုံးသွင်းထားရင် စွဲမြဲ သွားတတ် တဲ့ သဘာဝ ရှိနေတာပါပဲ..။
ကျွန်မ အီတလီ ဘာသာသင်စဉ်က ဆရာမလေးဟာ ပထမတော့အင်္ဂလိပ်စကားနဲ့ရှင်းပြပါတယ်..။ နောက်တော့ အင်္ဂလိပ်စာဆိုတဲ့ မလိုအပ်တဲ့ ဒုတိယ ဘာသာစကားကို မသုံးစွဲတော့ပဲ ပုံကလေးတွေနဲ့ တိုက်ရိုက်ပြပြီး အီတလီလိုသာ ထပ်ခါတလဲ လဲ မသိတဲ့စကားလုံးကို သိတဲ့ စကားလုံးတွေသုံးပြီး Kown to Unknown စံနစ် ကလေးနဲ့ သင်ပေးတာ ကြုံရဘူးပါတယ်..။ ဒါကို အတုယူပြီး ကျွန်မလည်း နားလည်လွယ်မဲ့ ရုပ်ပုံကလေးတွေ စုဆောင်း ပြုစုထားလိုက်ပါတယ်..။
လိုအပ်တဲ့သူတွေလည်း အသုံးပြု နိုင်အောင်လို့ ပါ..။ ကျွန်မ ဒါမလုပ်ခင် အင်တာနက်မှာရှာကြည့်တာ မှတ်တမ်းမ တွေ့ တဲ့အတွက် နောင်လိုတဲ့သူတွေ ရှာဖွေရရှိနိုင်အောင် ကျွန်မ မျှဝေ ချင်ပါတယ်..။ လိုအပ်တာ ရှိရင် လည်းအကြံဥာဏ်များ ပေးကြစေလိုပါတယ်..။

http://www.box.net/files#/files/0/f/23539292/1/f_636229343

သည်လင့်မှာလည်းကောင်း My Shared Files Box မှာလည်းကောင်း ရယူနိုင်ပါတယ် ။

Saturday, February 12, 2011

Mahasarakham University ,Faculty of Pharmacy


ဒီနေ့တော့ ကျွန်မ ကို လိုက်ပါ ကူညီဆောင်ရွက်ပေး နေတဲ့ Dr.Thalisa က Faculty of Pharmacy ရဲ့ ၁၁ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို လိုက်ဘို့လာခေါ်ပါတယ်.. ကျွန်မတို့ ကျောင်း မှာ အဓိကရ ဌာနကြီး Faculty ၁၇ ခုရှိပါတယ်... ကျွန်မ တာဝန်ထမ်းဆောင်တာ က Faculty of Technology ဖြစ်ပါတယ်.. တက္ကသိုလ်တစ်ခုလုံးမှာ တက်ရောက်နေတဲ့ မှာ ဘွဲ့ယူ ကျောင်းသား ၃၅၀၀၀ ကျော် ခန့်ရှိပြီး ဘွဲ့လွန်ကျောင်းသား က ၇၀၀၀ ကျော်လောက်ရှိ ပါတယ်..
ပါတီ ပွဲ လားလို့ ထင်မိလို့မေးတဲ့အခါ မဟုတ်ဘူးတဲ့ ထိုင်းမှာ အသုဘ ကမ္မဋ္ဌာန်း ရှုပွားရာမှာနာမည် ကြီးတဲ့ ဘုန်းတော်ကြီး နဲ့ အတူ ဘုန်းကြီး ၁၈ပါးပင့်ဖိတ်ပြီး ပရိတ်ရွတ် မှာတဲ့.. ကျွန်မ အလွန်ပဲစိတ်ဝင်စားသွားခဲ့ပါတယ်.. လိုက်မှာပေါ့ လို့မဆိုင်းမတွဖြေလိုက်မိတာ..။ ညနေ ၆နာရီထိ အခန်းမပြန်ပဲ ကျောင်းမှာစောင့် နေလိုက်ပါတယ်..
ဌာန တိုင်း ဟာ လေးထောင့်အဆောက်အအုံဖြစ်ပြီး အလယ်မှာ ဘောလုံးကွင်းတစ်ခု စာ ချန်ပြီး ဆောက်ထား ကြပါတယ်.. ကျွန်မတို့ ဌာ နကတော့ မြက်ခင်းနဲ့ ပန်းခြံလေးလုပ်ထားပါတယ်.. Faculty of Pharmacy ကတော့ ဘုရားကျောင်းဆောင် ကိုအလယ်မှာ ထားရှိ ပါတယ်။ကွန်ကရစ် အပြည့်ခင်းထားပြီး လှေခါးထစ်များနဲ့ ကွန်ကရစ် စတိတ်ခုံ လုပ်ထားတာဟာ သံဃာတော်များအတွက် သံဃာ စင် သဖွယ် ဖြစ်လို့နေပါတယ်..။ ၆နာရီမှာတော့ Faculty of Pharmacy ကိုရောက် သွားတဲ့အချိန်မှာ သံဃာတော် ၁၈ပါး သည် ၉ပါးစီ နှစ်တန်းစီ လျက် နေရာယူကြပြီး ဖြစ်ပါတယ်..။

ထိုင်းဘုန်းတော်ကြီး တွေရဲ့ သင်္ကန်းကတော့ ပိတောက်ပန်းခြောက်ရောင် အ၀ါနှစ်နှစ်လေး ဖြစ်ပါတယ်.။မြန်မာမှာ မြင်နေကျဦးပြည်းစိမ်းစိမ်းလေး မဟုတ်ပဲ ဆံတော်မည်းမည်း တွေက ၁ စင်တီမီတာလောက် ရှည်ခွင့်ပေးထားပါတယ်..။ အဲ...... မျက်ခုံးမွှေးကို တော့ပြောင်စင်အောင်ရိတ်ထား တတ်ပါတယ်..။ အဓိပ္ပါယ်ကိုတော့မေးကြည့်ရပါအုံးမယ်..။အေးမြ ကြည်လင်တဲ့ အရိပ်ထင်ဟပ်နေတာကတော့ မြန်မာပြည်က ဘုန်းဘုန်းတွေလိုပါပဲ ကြည်ညိုဖွယ်ဖူးတွေ့ ရပါတယ်..။ ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓ ရဲ့ ဓမ္မ တွေကိုလမ်းညွှန်ပြသနေတဲ့ ဘုရားသားတော်တွေ ပဲမဟုတ်ပါလား။

ကျွန်မ ချီးကျူးချင်တာကတော့ Faculty of Pharmacy မှာဆေးဝါး အတတ်ပညာသင်ကြားနေတဲ့ ကျောင်းသား ၊ ကျောင်းသူလေးတွေပါပဲ..။ ဆူညံ အော်ဟစ်ခြင်းမရှိ ပျပ်ဝပ်ရိုကျိုး စွာ နေရာယူ လျက်ရှိပါတယ်..။ ထိုင်းတက္ကသိုလ်တွေမှာက တူညီဝတ်စုံ ၀တ်ကြရပါတယ်..။အပေါ်က ရှပ်အဖြူနဲ့ ယောက်ျားလေး ဆို ဘောင်းဘီအနက်၊မိန်းကလေးဆို စကပ် အနက် ၀တ်ရပါတယ်..။ ဘန်ကောက် က ကျောင်းသူလေးတွေကတော့ အချယ်အသလေးတွေ နဲ့ ပိုချောပါတယ်။ မီနီစကပ်လေးတွေကလည်းတိုတို နဲ့ တမျိုးချစ်စရာကောင်းပါတယ်..။ ဒီက ကျောင်းသူလေးတွေရဲ့ စကပ် က ပိုရှည်ပြီးပို ပြီးဖားဖားလျားလျားရှိ ပြီး တည်ငြိမ်ကြ ပါတယ်..။ ဆေးဝါးအတတ်ပညာ ကို သင်ယူနေကြတာဆိုတော့ ကုတ် အဖြူလေးတွေ တူညီဝတ်ထားတာမို့ ကျောင်းတက်ရင်းမှ လာရောက်ကြတာ သိသာပါတယ်..။ လက်အုပ်လေးတစ်ချီချီနဲ့ နေရာပေးကြတာ က တော့ရင်အေးစရာပါပဲ.။

တခြား ဋ္ဌာနတခု ကနေလာရောက်ပြီးတခုတ်တရ ချီးမြှင့် တက်ရောက်တဲ့သဘောသက်ဝင်နေတာမို့ ကျွန်မတို့ ကိုရှေ့တန်းမှာ သေသေချာချာ နေရာချထားပေးပါတယ်..။မကြာခင်မှာ ဆရာတော်ဘုရားကြီးကြွလာတော်မူပါတယ်..။ စုစုပေါင်း ၁၉ပါး ဖြစ်သွား တာပေါ့နော်..။ ထိုဆရာတော်ဘုရားကြီး သည်ထိုင်းမှာ အလွန် နာမည်ကြီးကြောင်း ကိုးကွယ်ကြတဲ့ သူပေါကြောင်း။ ကျွန်မ ဖူးတွေ့ရတာ ကံကောင်းကြောင်း ကို Dr.Thalisa ကကျွန်မကိုရှင်းပြပါတယ်..။ ပရိတ်ရွတ်တာတွေက ပါဋ္ဌိသံ ကတော့အနည်းငယ်ကွဲပါတယ်..။ စနဲ့ သ ကွာတာမျိုးပေါ့..။ကျွန်မကတော့ မြတ်ဗုဒ္ဓ ရဲ့ ဂုဏ်တော်တွေကိုရည်မှန်းပြီး အေးမြတဲ့ ဓမ္မကိုခံစားပြီး ညွတ်နူးကော်ရော် ပူဇော်ကန်တော့မိပါတယ်..။

Faculty of Pharmacy ရဲ့ Dean ကတော့ သူနဲ့ အတူ လှူဖွယ်တွေ ပေးအပ်လှူဒါန်း ပေးဘို့ လာရောက်ပါရန် ကျွန်မရဲ့ နာမည် ကိုပါထည့်သွင်း ကြေညာပေးပါတယ်..။ ကျွန်မလည်း အရှေ့ထွက်ပြီး သူတို့လုပ်သလို မသိမသာကြည့်ပြီး လိုက်လုပ်ရပါတယ်..။ ဆေးဝါးများစွာကို ပလတ်စတစ် အ၀ါရောင်နဲ့ ထုပ်ထားတဲ့အထုပ်ကလေးတွေကိုလှူတာဖြစ်ပါတယ်။ ။ သူတို့လို ပဲ ထိုင်းဘုန်းတော်ကြီးရှေ့မှာ ဒူးတုပ် ရိုကျိုးစွာ လှူဒါန်းပေးလိုက်ပါတယ်..။ ပြီးတော့ မပြန်ခိုင်းသေးပဲ သစ်ခွ ခရမ်းရောင်ကို ပန်းစည်းလေးလိုစည်းပြီး ထည့်ထားတဲ့ ပန်းကန်ပြားလေးကို ထပ်ပေးပါတယ်..။ ကျွန်မလည်းဆက်လှူပေးလိုက်ပါတယ်..။

နောက်တော့ မှာ တခြား အာဂျန်တွေ (ဆရာ-ဆရာမတွေ ကို ထိုင်းလို အာဂျန်လို့ခေါ်ကြပါတယ်)က ဆက်လှူရပါတယ် တစ်သုတ်ပြီးတစ်သုတ်ပေါ့။

နောက်အစီအစဉ်ကတော့ ပရိတ်ရေ ပက်ဖြန်ပေးတဲ့ အစီအစဉ်ပါ..။ ပရိတ်စရွတ်ကတည်း ကဆရာတော်ရှေ့မှာ ကြေး ဖလားကြီးတစ်လုံးကို ရေထည့်ပြီးချထားတာတော့သတိထားမိပါတယ်..။ အဲဒီအပေါ်မှာလည်း အုန်းတံပြက်စည်း အတိုလေးကို တင်ထားပေးပါတယ်..။ ဆရာတော်ဘုရားကြီး က အုန်းတံပြက်စည်း လေးကို ပရိတ်ရေ မှာ နှစ်ပြီး ပက်ဖြန်ေးပးတာပါ။ အဲဒီမှာလည်း ကျွန်မတို့နာမည် ပရိတ်ရေခံယူဘို့ ထပ်ကြေညာ ပြန်သေးတာမို့ ကျွန်မတို့ ထသွားရပြန်ပါသေးတယ်..။ ဒူးတုပ်ပြီး လက်အုပ်လေးချီ ဦးညွတ် ခံယူရင်းအေးကနဲ ကျရောက်လာတဲ့ ပရိတ်ရေ လေးတွေ ဖြစ်တဲ့အပြင် Faculty of Pharmacy ရဲ့မေတ္တာ ရေစင်လေးတွေပါ ရောစပ် ပါဝင်နေတယ်လို့ ကျွန်မခံစားပြီးမေတ္တာ တုံ့ပြန် ရပါတယ်..။

ကျွန်မရဲ့ ဋ္ဌာန ကဒုတိယပါမောက္ခ- Dr.Thalisa ကတော့ နောက်နေ့မနက် မှာ ဆွမ်းကပ်လှူပွဲ ရှိသေးတယ် ။တက်ရောက်ဘို့ ထပ်ဖိတ်လိုက်ပါသေးတယ်တဲ့..။ အော် လာရမှာပေါ့လေ..။ မနက်ရောက် တဲ့အခါ ကျွန်မတို့သိမ်ဆွမ်းလောင်းသလို စီစဉ်ထားတာတွေ့ရပါတယ်။ မနေ့ က နေရာ ကွက်လပ်မှာပဲ ဒီတစ်ခါတော့ ဘုရား ကျောင်းဆောင်ကို မျက်နှာ မူပြီးအလျားလိုက် အတန်းလိုက်လူလျှောက်လမ်း ချန်ပြီး ဆိတ်ဆိတ်ညိမ်ညိမ် ဒူးတုပ်စောင့်စားနေတဲ့ ဆရာဆရာမတွေကျောင်းသားတွေကိုတွေ့လိုက်ရပါတယ်..။ ကျွန်မတို့ အတွက် နေရာ ပေးရှာပါတယ်..။ကြိုတင်မသိတဲ့ကျွန်မ အတွက် လှူဖွယ်ဘာမှ မပါလာတာမို့ Dr.Thalisa က သူစီစဉ်လာတဲ့ လှူဖွယ် အထုပ်တွေတစ်ဝက်ခွဲပေးပါတယ်..။ ကျောင်းသားလေးတွေ က ခေါက်ဆွဲခြောက်ထုပ်လေးတွေ။ နို့ဆီဘူးလေးတွေ။ တခါသောက်နို့ဘူးလေးတွေ၊ ဝေဖါလေးတွေ..။ ဘီစကစ် လေးတွေ ။တစ်ချို့လည်းသစ်သီးလေးတွေ တတ်အားသမျှလောင်းလှူ ကြတာ တစ်ပျော်တစ်ပါး ကြီးပါပဲ..။

ကျွန်မလည်း လေ့လာနေဆဲကာလမို့ သူမျာပစ္စည်းတွေနဲ့ချည်း လှူနေရတော့တာပါ..။

ဆွမ်းကပ်တဲ့ အချိန်ကျတော့တစ်မျိုးပါ..။ အဲဒီတစ်မျိုးလေးတွေ ကိုတော့ တစ်ခြား တစ်ခြားသော တရားရိပ်သာများရဲ့ လှူဒါန်းပုံများ နဲ့ အတူ နှိုင်းယှဉ်လိုတာမို့ ကျွန်မဆက်လက်ရေးသား ပါအုံးမယ်..။

သူတို့လှူဒါန်းတဲ့နံနက်စာ ကိုပါစားသုံးခဲ့ ရပြီမို့ ၁၁နှစ်ပြည့်သည့်တိုင် အောင် ဆေးဝါးကျွမ်းကျင်သူ ပညာရှင်များမွေးထုတ်ပေးနေတဲ့ Faculty of Pharmacy သည် သည့်ထက်ပို၍ အောင်မြင်စွာ ဆက်လက်မွေးထုတ်ပေးနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်..။

ဓာတ်ပုံ တွေ မတင်နိုင်သေးတာနဲ့ ကျောင်းက ရိုက်ကူးထားတဲ့ မှတ်တမ်းဗီဒီယို ကိုသာ တွဲဖက် တင်ပြလိုက်ပါတယ်..။

သည်ပို့စ်လေး ဖြင့်....(ဘယ်ရောက်နေတာတုံး)ဟူသောမေးခွန်း များ ဖြေဆို လိုက်ပါရစေရှင့်။

မေတ္တာဖြင့်

သစ္စာအလင်း

Saturday, February 5, 2011

ဓမ္မနယ်မြေ တစ်ခုသို့ ခြေချခြင်း

ကျွန်မ တာဝန်ထမ်းဆောင်ရတဲ့ Mahasarakham University ကိုရောက်ရှိနေခဲ့တာ ၆ရက်ခန့်ရှိခဲ့ ပါပြီ..။ Mahasarakham ဟာ ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာရှိ ပြီး မြို့တော် ဖြစ်တဲ့ ဘန်ကောက်မြို့ နဲ့ ကီလိုမီတာ ၄၇၀ ကျော် ကွာဝေးတဲ့ မြို့နယ်လေး တစ်ခုဖြစ်ပါတယ်..။ အဲဒီဒေသ က ထိုင်းလူမျိုး များဟာ ဘာသာရေး အင်မတန်ကိုင်းရှိုင်းကြတယ် ဆိုတာ ကျွန်မ ကြားဘူးနားဝရှိခဲ့ဘူးပါတယ်..။

ရဟန်းများကိုဆွမ်းလောင်းလှူတဲ့အခါ ဒူးထောက် ပြီးမှ လှူဒါန်းကြ ကာ သက္ကစ္စ ဂါရ၀ တရားအားကောင်းကြတဲ့သူတွေလည်းဖြစ်ပါတယ်..။ ကျွန်မတို့ မြန်မာပြည်က မဟာစည် ဆရာတော် ကြီး လို အနောက်နိုင်ငံတွေမှာ ဗုဒ္ဓသာသနာပြန့် ပွား ရေးအတွက် သြဇာ အရှိန်အ၀ါကြီးလှတဲ့ ထိုင်းဘုန်းတော်ကြီး Ajhan Chah ရဲ့ ဘုန်းကြီးကျောင်းတွေဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ တည်ရှိ ပါတယ်..။ စိတ်ဝင်စားရင်တော့ ဒီလင့်များအတိုင်းသွားရောက်လေ့လာ နိုင်ပါတယ်..။

MAIN MONASTERIES (listed in alphabetical order)

Abhayagiri Monastery - U.S.A.
Amaravati Monastery - U.K.
Aruna Ratanagiri Monastery - U.K.
Bodhinyanarama Monastery - New Zealand
Bodhivana Monastery - no website available - Australia
Cittaviveka Monastery - U.K.
Dhammapala Kloster - Switzerland
Forest Hermitage - U.K.
Hartridge Monastery - U.K.
Santacittarama Monastero - Italy
Vimutti Hermitage - New Zealand
Wat Marp Jan - Thailand
Wat Nong Pah Pong - Thailand
Wat Pah Nanachat - Thailand
Wat Pah Sunan - Thailand

အဲဒီများစွာသော တောရ ကျောင်း (နိုင်ငံခြား သားအများစု ) အားထုတ်ကြ၊ သာသနာ့ဘောင်ဝင်ကြ တဲ့ ဘုန်းကြီးကျောင်း Wat Pah Nanachat – Thailand နဲ့ ကျွန်မရဲ့ တက္ကသိုလ် က ဒေသချင်း နီးကပ် နေတာဟာ ကျွန်မအတွက် ၀မ်းသာစရာတစ်ခုဖြစ်ခဲ့ပါတယ်..။

ဒီ တောရဂိုဏ်းမှ ထုတ်ဝေ တဲ့စာအုပ်တွေ တော်တော်များများ ဟာ အင်္ဂလိပ်ဘာသာကို ပြန်ဆိုပြီး ဖြစ်ခဲ့ပါတယ်..။ ကျွန်မ အီတလီနိုင်ငံမှာ နေထိုင်စဉ် က Santacittarama Monastero – Italy ကို မကြာခဏ သွားရောက်ခဲ့တဲ့အတွက် ဒီအကြောင်းတွေကို ရင်းနှီးကျွမ်းဝင်ခဲ့ဘူးပါတယ်..။

အီတလီကနေ ကျောင်းပိတ်လို့အိမ်ပြန်ရင်တော့ အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တော်တ်ေများများ ကို မြန်မာပြည် ကို သယ်ယူ ခဲ့ပါတယ်..။ ကျွန်မ ရဲ့ ဆရာ ဒေါက်တာ ဓမ္မရက္ခိတ ကတော့အလွန်နှစ်သက်စွာ ဖတ်ရှုလေ့ရှိ ပါတယ်..။ ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ ကို လည်း တစ်စုံ လှူဒါန်းခဲ့ဘူးပါတယ်။

အရင်တုံးက ကျွန်မတို့ ဓမ္မဘလော့ဂါများဖြစ်တဲ့ ( ကိုဝင်းမြင့်၊ Bliss၊ကိုဦး၊ဖိုးသား) တို့ နဲ့ အတူ တည်ဆောက်ခဲ့ တဲ့ ၀ိမုတ္တိရသ ဓမ္မ Blog မှာ ထိုစာအုပ်များကျွန်မ တင်ထားခဲ့ဘူးပါတယ်..။ အခုတော့ အကြောင်းမညီ ညွတ် တော့ အဲဒီ ဘလော့လေးလည်း မမြဲတဲ့သဘောကိုရွေ့လျောခဲ့ ပါပြီ..။

ထေရ၀ါဒ ဗုဒ္ဓ ဘာသာ ချင်းတူညီပြီး ရဟန္တာ များစွာထွက်ပေါ်ခဲ့ တဲ့အထောက်အထားများ ၊ အလွန် လှပသော ဓာတ်တော်များ ကြွင်းကျန်ခဲ့တဲ့ ရဟန္တာများအကြောင်း ကိုသေချာ စက္ကူအကောင်းစားတွေနဲ့ ပုံနှိပ်ထားတာမို့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်..။

လေ့လာလိုကြတယ်ဆိုရင်တော့ http://www.luangta.com/English/site/books.php မှာ ရယူ ဖတ်ရှု နိုင်ကြပါတယ်..။ ထိုစာအုပ်များကို ဖေါ်ပြ ပါ ကမ္ဘာ အရပ်ရပ်ရှိ ဘုန်းကြီးကျောင်း များမှာ ဓမ္မဒါန ရယူနိုင်ပါတယ်..။

၂၀၀၈ ခုနှစ်လောက်တုံးကကတော့ အဒီဘုန်းကြီး ကျောင်းတွေမှာ အားထုတ်နေတဲ့ ဟောင်ကောင်မှ တရုတ်အမျိုးသမီး တစ်ဦးနဲ့ ကျွန်မ မိတ်ဆွေဖြစ်ခဲ့ပါတယ်..။ သူ က အင်္ဂလိပ်လူမျိုး တစ်ဦးနဲ့ အိမ်ထောင်ကျပြီး အင်္ဂလန်မှာနေပါတယ်..။ အဲဒီ အမ က ကျွန်မကို ထို စာအုပ် ၁၀၀ ထုတ်ဝေဘို့ ပေါင်၁၀၀ အလှူခံပါတယ်..။ ကျွန်မ နဲ့အတူ ရောမမြို့ မှ အမ ဒေါ်စုစုခိုင်ကလည်း အတူပါချင်တယ်ပြောတာနဲ့ ကျွန်မတို့ပေါင် ၅၀ စီပေးပို့လှူဒါန်းလိုက်ပါတယ်..။

လှူပြီးတော့ ကျွန်မ ကမေ့ပျောက်နေခဲ့ ပြီးတော်တော် လေးကြာကာမှ အဲဒီ တရုတ်အမျိုးသမီးအမ ကဆက်သွယ်လာပါတယ်..။ သူတို့ ကစာအုပ်တွေကို မလေးရှား မှာ ပုံနှိပ်ပါတယ်တဲ့..။ အဲဒါ စာအုပ်တွေပုံနှိပ်ပြီးပြီမို့ စာအုပ် ၁၀၀ ကိုပေးပို့ချင်ပါတယ်၊ ဘယ်ကို ပေးရမလဲ ပြောပါလို့ ဆက်သွယ်လာပါတယ်..။ ကျွန်မ အံ့သြသွားပါတယ်..။ အော် သူတို့ ရဲ့ ဓမ္မဒါနဆိုတာ ဒီလိုကိုးလို့..။

ကျွန်မ အတွက် စာအုပ် ၅၀ ကို တော့ကျွန်မ က ဆရာတော်ဒေါက်တာဓမ္မ ရက္ခိတ ထံ ပေးပို့ဘို့စီစဉ်ရပါတယ်..။ အဲလိုပေးပို့နိုင်ဘို့ ကို စင်္ကပူ မှ ကျွန်မရဲ့ စိနီယာ အမ မမ၀ိုင်း (ဦးစိုးရီ+ဒေါ်တင်တင်နွဲ့) တို့ကို အကူအညီတောင်းရပါတယ်..။ သူတို့ကလည်းသဒ္ဓါတရားထက်သန်ကြတာမို့ အဲလို မကြခဏ လုပ်တတ်တဲ့ကျွန်မအကျင့် ကိုနားလည်ခွင့်လွှတ်စွာပါရမီ ဖြည့်တတ်ကြပါတယ်..။ မြန်မာ၊ ရန်ကုန်၊ကနေ ဆရာတော် ဘုရားကျောင်းရှိတဲ့ ပုသိမ်ကြီးရန်ကင်းတောင်ခြေ ထိ ပို့ပေးကြပါတယ်..။( အမရေ..အခုမှ ကျေးဇူးတင်ရတာ ခွင့်လွှတ်ပါနော်)။

အကြောင်းဆက်တွေ ရှိနေမှာတော့အသေအချာပါ..။ တနေ့ က ကျွန်မ ကျောင်းမှာ အလုပ်လက်ခံကြောင်းစာတင် ဘို့ ဓာတ်ပုံ ရိုက်ရပါတယ်..။ ဓာတ်ပုံသွားရွေးရင်း နဲ့ ဆိုင်က ကောင်တာပေါ် မှာ ဘုန်းကြီးတစ်ပါး ရဲ့ ဓာတ်ပုံကို ဓမ္မဒါန ပြုနေတာ မို့ ဆိုင်က ထိုင်းမလေးကကျွန်မ ကို ၅ပုံလောက်ယူသွားပါ တဲ့..။ သေချာဖူးမျှော် ကြည့်လိုက်တော့ တစ်ချိန်က ကျွန်မ ဖတ်ရှုခဲ့တဲ့ စာအုပ်များစွာရေးသူ ဆရာတော် Venerable Acariya Maha Boowa Nanasampanno http://www.luangta.com/English/index.html

ရဲ့ ပုံတော်တွေဖြစ်နေခဲ့ပါတယ်..။

အော်…..ဓမ္မနယ်မြေ ကို တကယ်ရောက်ရှိ နေထိုင်နေခဲ့ရပါပကောလား….။

အဲဒီစာအုပ်တွေကို အင်္ဂလိပ်လို ဒိုင်ခံ ဘာသာပြန်ပေးခဲ့တဲ့ ဗြိတိသျှ လူမျိုးဆရာတော်တွေလည်း များစွာရှိပါတယ်..။

အခု ကျွန်မ ဖေါ်ပြ ခဲ့တဲ့ စာစုလေးကတော့ ထိုင်းလူမျိုးများရဲ့ ကမ္ဘာ့ ဗုဒ္ဓ သာသနာပြု ပုံရိပ် တစ်ပိုင်းတစ်စ ပဲဖြစ်ပါတယ်..။

ကျွန်မတို့ မြန်မာ ပြည်မှာလည်း ကြည်ညိုစရာ ဆရာတော်များ ရဲ့ တရားတော်တွေ အမှန်တကယ် ပြန့် ပွားဘို့ ကျွန်မတို့ တတ်အားသမျှ..ဆောင်ရွက်ရမယ်ဆိုတာ သဘောပိုက်မိပါတယ်..။ ဘာသာစကား အတားအဆီးကိုကျော်လွှားချီတက် ရမယ်ဆိုတာ ကျွန်မ တော်တော်လေး အင်အားရခဲ့ပါတယ်..။

ဓမ္မ ဘလော့ဂါ ဖြစ်တဲ့ကျွန်မ သစ္စာအလင်းသည် (Online Chatting များ ကို ထိန်းချုပ်၍) စကားနည်းနည်း၊ အားခဲ၍ ကြိုးစားရပါအုံးမည်..။လို့ ကိုယ့်ကိုကို ဆုံးမဖြစ်လိုက် ပါတော့တယ်..။

မေတ္တာဖြင့်

သစ္စာအလင်း