Showing posts with label ဓမ္မလက်ဆောင်များ. Show all posts
Showing posts with label ဓမ္မလက်ဆောင်များ. Show all posts

Sunday, August 17, 2014

ဘုန်းဘုန်း အရှင် မဏိဇောတာလင်္ကာရ ( ရှင်မားရု) ၏ သြဝါဒ မွေးနေ့လက်ဆောင်




(ခရီး ထွက် တာတွေ နဲ့ အချိန် မကုန်ဘို့ ဆုံးမထားတာ ဖြစ်လိမ့်မယ်.. ကျေးဇူးပါဘုရား၊ ဦးတင်လျက်)

သုံးအချိုးနှစ်
-------------

တစ်က ပြန်စဖို့မလိုတဲ့ ရင့်ကျက်မှုနဲ့တင် မဂ်ပေါက်ဖိုလ်ဝင်တွေလ­ို ထင်းကနဲ။

ကုမာရမာတာနဲ့ သစ္စ္စာအလင်းကြားက ခြားနားချက်ဟာ အာမခံကဒ်ပြားမှ မဟုတ်တာ။

မြင်အောင်ကြည့်ရင် ပါရမီမှတ်တိုင်မှာ ရပ်စောင့်နေတာ တွေ့မယ်။

ရောမက လာခဲ့တယ်
ဆိုလိုတာက
သူမရဲ့ တကယ့်အလှကိုပါ ...

ခုလည်း အဲဒီတွန်းအားတွေနဲ့ လေယာဉ်မှူးကြီးခြေရင်­း သုံးအချိုးနှစ်နဲ့ အလှတရားကို တွက်စစ်နေတုန်း။

(၅၂) နှစ်ပြည့် မွေးနေ့ရှင် သစ္စ္စာအလင်းသို

Friday, December 6, 2013

ကိုဦး (ဓမ္မရသ) သို့ မွေးနေ့လက်ဆောင် (2013)


သား ကိုဦးရေ….
မွေးနေ့ ဆိုတာ မိခင် တစ်ဦး ရဲ့ ဆတ်ဆတ်ခါနေအောင် အနာကျင်ဆုံးဝေဒနာ ကို ခံစားရတဲ့ နေ့ ဖြစ်တယ် လို့ အံတီ တစ်ခါကပြောခဲ့ဘူးပါတယ်..။

ကိုယ့်ရဲ့ ရင်သွေးလေး ပြင်ပလောက ကို ရောက်ဘို့ မွေးထုတ်ပေး ရတဲ့အချိန် ဟာ နာကျင် မှုတွေ ခက်ခဲမှုတွေ….မခံသာ တဲ့ ရင်ဆိုင်မှု တွေကိုကျော်လွှားလွန်မြောက်ပြီး မှ မိခင် ဆိုတဲ့ ရင့်ကျက် တဲ့ဘဝ တစ်ခု ကို ရခဲ့တာ..အံတီကလည်းမိခင် တစ်ဦးမို့ သားနားလည်အောင်ပြောပြတာပါ..။ ကိုးလလွယ် ထားတဲ့အချိန်မှာ လည်း အနေရခက် အထိုင်ရခက်..အစားပျက် အသောက်ပျက်…ငဲ့ညှာ မှုတွေ တစ်ပုံတစ်ပင် နဲ့ အတူ ရှိနေခဲ့ရတာပါ..။

ဒါကြောင့်မို့ မွေးနေ့ ပါတီပွဲတွေ ကျင်းပကြတဲ့ ကလေးတွေကို ( ကိုယ့်စကားနားထောင်တဲ့ကလေးတွေပေါ့လေ) အံတီ အခွင့်သင့်သလို ပြောပြပေးပါတယ်.။

.မွေးနေ့ဆိုတာ..မိခင် တစ်ဦး ရဲ့ ခံစားရတဲ့ ဝေဒနာကိုနားလည်ပေးတဲ့ ပွဲ။ တန်ဘိုးထားတာတွေ၊ ချစ်ခင် မြတ်နိုးတာတွေ..ကျေးဇူးသိမှတ် ပူဇော်အပ် တဲ့ ပွဲ ဖြစ်သင့် တယ်လို့ လေ..။ ဒါတွေဟာ တကယ် ပဲ ပြုလုပ်ဘို့ လိုအပ်ပါတယ်…သားရေ..။

သားတောင် ဒီအရွယ် ရောက်ပြီဆိုတော့ သားရဲ့ မိခင်ကြီးဟာလည်း ငယ်မူငယ်သွေးတွေ ရှိမနေတော့ လောက်ပါဘူး..။ အိုမင်းနေတဲ့အမေ ရယ်… ဒီအကြောပြိုင်းပြိုင်းထနေတဲ့ လက်ကလေးဟာ..ငါ့ကို ကြင်နာမှု နဲ့ ထွေးပွေ့ခဲ့တာပါလား။ ဒီ ရင်ခွင် ထဲ မှာထည့်ပြီး ချော့သိပ်ခဲ့တာပါလား ၊ ဒီလက် ကလေးတွေ နဲ့ င့ါ အညစ်အကြေးတွေ သုတ်သင် ပေးခဲ့တာပါလား ၊ ဒီပါးစပ်ကလေး နဲ ထမင်းဝါးခွံ့ ခဲ့တာပါလားလို့ တစ်စိမ့်စိမ့် တွေးပေးပါသားရေ..။ ကျေးဇူးတရား ကို စဉ်းစားလိုက်တာ နဲ့ မေတ္တာ ဆိုတာ တစ်စိမ့်စိမ့် ယိုစီးထွက် လာပြီး ပြန်လည် စောင့်ရှောက်လိုစိတ်တွေ ဖြစ်လာမှာပါသား။

အမေ..အမေ..အမေ ရေ လို့ ခေါ်လိုက်ရတာ ခန္စ္ဒာ ကိုယ် ထဲ ကို အင်အားတွေ စီးဆင်းဝင်ရောက် သွားသလို လုံခြုံအေးမြ သွားတာ ခံစားဘူးတယ် မဟုတ်လား။ အမေ..အမေ… ဆိုတာ ခေါ်ရတာ ကောင်းသလောက် ၊ပျော်ရွှင် ချမ်းမြေ့ရသလောက် အခေါ် ခံရ တဲ့ဘဝတွေဆိုတာ ..မလွယ်လှပါဘူး။

မိခင် ဆို တဲ့ဘဝ တွေ ဟာ အနစ်နာခံမှုတွေ..ပေးဆပ်မှုတွေ… ကြိုးစားရမှုတွေ…မိန်းမသားမို့ တခါတခါ အားလျော့လာတဲ့အခါ မျက်ရည်တွေ နဲ့ တည်ဆောက် ထားတဲ့ ဘဝ တွေပါလားလို့ သားနားလည်ပေးပါ..။ မိခင် ရယ်လို့ဖြစ်လာရင် ခွေးမတွေ ပြန်ကိုက်တတ်တယ် ကြက် မတွေ ခွေးကို ပြန်မာန်ဖီ တတ် တယ် ဆိုတာ မိခင် စိတ်မှာ စောင့်ရှောက်လိုစိတ်၊ အကာအကွယ်ပေးလိုစိတ်တွေ ကြောင့် ထက်မြက်စူးရှ နေတာလို့ နားလည်ရ ပါတယ်..။

(Mother is 10 times stronger than others) ဆိုတဲ့စကား အံတီ ကြားဘူးတယ်..။ ဒါဟာမိခင် တစ်ယောက် ရဲ့ အားမာန်ကို အသိအမှတ်ပြုထားတဲ့ စကားပါ။ အံတီ မကြာသေးခင် က လုပ်ခဲ့တဲ့ Women in Agriculture Forum မှာတောင် မိန်းမတွေ အကြောင်းပြောပြဖြစ်သေးတယ်..
အံတီကြားဘူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ..ခရစ်ယာန် ဘာသာမှာ နိဗ္မာန်ကို ဝင်တဲ့ တံခါးပေါက် မှာ စိန့် ပီတာ ကစစ်မေး ပါတယ် တဲ့..။ ဒီမေးခွန်းကိုဖြေ နိုင်မှသာနိဗ္မာန်ကို ဝင်ခွင့်ပေးပါသတဲ့ ။

အမျိုးသားတွေကို တော့မေးတာ…. ဂေါ့ဒ် ဆိုတာ စာလုံးဘယ်လိုပေါင်းသလဲ တဲ့..။ G….O…D ပေါင်းနိုင်တဲ့ အမျိုးသားက ဝင်သွားရပါတယ်..။ အမျိုးသမီး အလှည့်ကျတော့ ပေါင်းခိုင်း တ့ စာလုံးက Czechoslovakia ချက်ကိုစလိုဗက်ကီးယား ပါတဲ့လေ..။
ဆိုလိုတာက ဘဝ မှာအောင်မြင်ကြတာ ချင်းတူရင် မိန်းမသား တွေ က ပိုလို့ အဆပေါင်များစွာကြိုးစားကြရတယ်….အခက်အခဲပေါင်းများစွာကြိုးစားကြရတယ် ဆိုတာ ကို ပြောတာပါ..။

ဒီလို မျိုးသမိုင်းကြောင်းလေးတွေကို နားလည် ပေးရင် ..အထူးသဖြင့် သူတို့ ချစ်တဲ့ ဘဝရင်နှစ် သားချစ် သမီးချစ် တွေက နားလည် ပေးရင် နှစ်ဦး လုံးချမ်းသာအေးမြ မှာ အမှန်ပါ သား။
အံတီ သားကို အုတ်ကိုမွေးတုန်းက ခံစားချက် ကို သားအတွက် မှန်းဆနိုင်အောင် ဖေါ်ပြချင်မိတယ်..။ သားဖတ်ပြီးသားဖြစ်ပါမယ်.. အံတီ့ ဘလော့မှာ ရေးခဲ့တာလေ..။

မိန်းမသားဆိုတာ---အားနွဲ့ပါသတဲ့---
သေချာရဲ့လား ဟုတ်ရဲ့လားဟင်..။
ဖောင်သာစီးဘူး ၍ မီးမနေဘူးသူတို့ရဲ့ သတ်မှတ်ချက်
အထင်သက်သက် သာဖြစ်ပေ...လိမ့် …..။
နာကျင်မှုတွေ အဆုံးစွန်...
လျင်မြန်စွာ လွန်မြောက်ပါစေသား။
ခွန်အားဆိုတာ ကိုယ်တွင်းမှာသာရှိ။
ပြင်ပမှာလည်းရှိမနေ။

ချွေးစက်တွေက ---ဇီးကင်းတမျှ
မျက်ရည်များလည်း မကျချင်။
လက်သီးဆုပ်ထား၊ မာန်တင်းထားပေါ့။
သတ္တိ သွေးတွေ...စွေးစွေးနီ..၊
ခိုင်ကျည် စိတ်ဓာတ်----မြင့်မြတ်ပါစေ။

ဒါဟာ တိုက်ပွဲ----ရဲရင့်ပါစေ။
သင့်ရဲ့ ဘဝသမိုင်း----- မရိုင်းစေနဲ့။

နူးညံ့ခြင်း မှာ စွမ်းအားရှိ ၊ ဘယ်သူအဖြေညှိချင်သလဲ..။

ကဲ----အစွမ်းကုန် စုစည်း
ကြီးမြတ်တဲ့ သင့်မေတ္တာ နဲ့ သင်ကျော်ဖြတ်နိုင်မှာပါ..။

ဘာလေးလဲဟင်၊
အင်္ဂါစုံလား....ပေါင်ပြည့်လား နဲ့
မနားနိုင်ပါ။

သား---ဆိုပါ့လား၊
လျှပ်ပျက်သွားသလို....လင်းလက် စွာစီးဆင်း
ကရုဏာ မြစ်တစ်စင်း၊ ချစ်ခြင်းလှိုင်းထ
ခုဏ ဝေဒနာ သူမဟုတ်သလိုပါပဲ
ရင်ထဲက ပီတိ ၊ နှိုင်းပြစရာမရှိခဲ့တာ
အသေအချာမှတ်မိနေခဲ့တယ်။

သား--တဲ့
ဤမျှ အဓိပ္ပါယ်ပြည့်ဝသောစကား၊
အရင်က မသိခဲ့ မရှိခဲ့
အခုမှ သိ...ထိထိရှရှ--မိမိရရ
ကျန်တာဘာမှ အရေးမကြီး
ကျန်တာ ဘာမှ အဓိပ္ပါယ် မရှိ
ကျန်တာ ဘာမှ အဓိက မကျ..
ဒါသာလျင် ပဓာန တဲ့
ကျောက်ချ...ထုဆစ်
ရွှန်းသစ်သော မိခင်ဘဝ အဲဒီနေ့ကစတင်၊
သန့်စင်စွာ နိုးထ၊အရပ်ရှစ်မျက်နှာ မက---
လောကကို လည်းကြည့်ရဲ၊ မာနကိုလည်း လွှင့်ရဲ၊
ရဲတဲ့နေ့ တွေ ရှည်ခဲ့တယ်။

ရှာဖွေကြည့် ပါ၊
၃၂ ကောဋ္ဌာသ မှာ နို့ရည် ဆိုတာမပါဝင်
ဆင်ခြင်ဉာဏ် စိတ်သွင်း နော်.....ဖန်ဆင်းရှင် မရှိ
ပကတိ စွမ်းအားရှင်-----မိခင် ဖြစ်တယ် ကလေးရေ..။

ကြီးကျယ်သောမေတ္တာတရား
အရာရာအားပြောင်းလဲစေ၊
နီသောသွေးတွေ ဖွေးဖွေးဖြူခဲ့ ….။

နှိုင်းပြုစရာ ၊ ဥပမာဆောင်---
မြင့်မိုရ်တောင်ဟာ နွားချိုလောက်သာ ရှိပါသတဲ့။
မဟာသမုဒ္ဒရာဟာ ရေစက်ငယ် သဖွယ်တဲ့။
ကမ္ဘာမြေကြီး ဟာ ဝါးရွက်လောက်သာ ရှိသတဲ့ ။
ကောင်းကင်ကြီး က အပ်နဖါး ပေါက် လောက်သာရှိသတဲ့။

တကယ်လို့များ
သားရဲ့အမေ၊ သည်အမေ ဟာ
တဏှာမြှေးယှက် ၊ မပေးရက်သူ။
ပေမ ငါးမျိုး ၊ မကိုးစားသူ။
မျှော်လင့်ချင်စိတ် ၊တိတ်တိတ် ဖြေသူ။
အလွမ်းမီးငြှိမ်း၊ သိမ်းဆည်းတတ်သူ။
သံယောဇဉ် မပါ၊ မေတ္တာဖြူစင်၊ ကြည်လင်ချင်သူ။
တာဝန်ကျေခြင်း၊ဝဋ်နှောင်ကင်း သူ။
ကျေးဇူးရှင် ဂုဏ်ပုဒ် ၊မဖေါ်ထုတ်ချင်သူ။
ဘဝဇာတ်ထုပ်၊ကကြိုးမရှုပ်လို၊
ဟိုအဝေးမှ အေးမြစေသူ။
ထိုထိုသူများ၊ ဖြစ်နေငြားလျှင်
မေတ္တာသည်ကား၊ မေတ္တာတရားအဖြစ်
ခံစား နားလည်
သားကျေနပ်မယ် ယုံကြည်တယ်။

အမေ ဆိုတာကတော့ မေတ္တာကြီးမားသူမို့ ငါ့ကို သိတတ်ပါနော်..ငါ့ကို ကြင်နာပါနော်..ဘယ်တော့မှ ပြောမှာမဟုတ်ပါဘူးလေ..။
အံတီကလည်း သားရဲ့ မွေးစားမိခင် တစ်ဦးဖြစ်နေတာမို့ မိခင် တွေ ရဲ့ခံစားချက်ကို သားကို ပြောပြရင်း မွေးနေ့လက်ဆောင်ပေးလိုက်ပါတယ်သားရေ..။

ချစ်သောအံတီ
သစ္စာအလင်း

Friday, May 31, 2013

ယင်ကောင်နားရာ..ပျားမပါ..၊ ပျားသကာတို့ ချိုမြိန်စေ…(ဘုန်းဘုန်း အရှင်တိက္ခဥာဏာလင်္ကာရမွေးနေ့ပူဇာ)


ယင်ကောင်နားရာ..ပျားမပါ..၊ ပျားသကာတို့ ချိုမြိန်စေ…(ဘုန်းဘုန်း အရှင်တိက္ခဥာဏာလင်္ကာရမွေးနေ့ပူဇာ)

by ThanThan Sein (Notes) on Tuesday, May 28, 2013 at 8:06pm


 ((((ယင်နား ရာ ပျားပါမည် မဟုတ်ချေ)))) ဆိုတဲ့ စကားကိုမိန့်ဆိုခဲ့တာကတော့ ကျေးဇူးတော် ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးပဲ ဖြစ်ပါတယ်..။

လူသားတို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားအင်းဆက်တွေ ဖြစ်တာ မို့ လည်း ပျားဆိုရင် အလုပ်လုပ်တယ်..စည်းလုံးညီညွတ်တယ်….။ စည်းကမ်းရှိတယ်..သစ္စာလည်းအင်မတန် ရှိတယ်..သဘာဝ အသိတရားရှိတယ်..။ အများ နဲ့ စုပေါင်းနေတတ်တဲ့ သဘာဝ မို့ ကြိုတင် အလုပ် ကြိုးစားမှုလည်း ရှိတယ်..မခို မကပ် ညီညီ ညွတ် ညွတ် အလုပ်လုပ်ကြတယ်..လမ်ဘေးက အမှိုက်ပုံ ယောင်လို့တောင်မနား..ပန်းဝတ်ရည် တွေ စုတ်ကြတော့တာ။ အဘိုးတန် ဆေးဘက်ဝင်ပျားရေကို စုဆောင်း ဖေါ်စပ်ပေးတဲ့ အကျိုးပြုဆင်းဆက်  လို့ လူတွေက နားလည် ကြတာပါပဲ..။

ယင်ဆိုရင်တော့တစ်ဝီဝီ တစ်စီစီ နဲ့ အညှီအဟောက်ကိုလည်းကြိုက် ရောဂါလည်းသယ်..ဆောင်လာတာ မျိုးဆိုတော့ယင်သည် မုန်းစရာ အင်းဆက်ဖြစ်ခဲ့ပါတယ်..။ တစ်ရုန်းရုန်း တစ်အုန်းအုန်း နဲ့ ကြုံရာနားကြုံရာစား ဆိုတဲ့ အင်းဆက်မျိုး…ယင်နားစာ မစားနဲ့..ယင်ကောင်ဆို အလုံးဝ အယုံအကြည်မရှိတဲ့ပိုလျှံ သတ္တဝါ ပဲ လို့ ယောဆရာတော် ဘုရားကြီးက မိန့်ဘူးပါတယ်..။

ဒီအင်းဆက်တွေလိုပဲ..ကျွန်မတို့ လူတွေမှာလည်း အကျင့်စရိုက်ကို လိုက်ပြီး တူရာစုကြတာ လောကထုံးစံတစ်ခု လိုပါပဲ..။  လမ်းတူရင် လူချင်းတွေ့ မယ် ဆိုတဲ့ ကဗျာ ဆရာတစ်ဦးပြောဘူးသလို..ဦးတည်ချက် တူသူတွေ ဟာ လမ်းကြောင်း တူတူ လျှောက်လှမ်းနေကြတော့ အထီးကျန် မဖြစ်….ချစ်ချစ်ခင်ခင်..ယိုင်းပင်းကြတာ…ဒီကုသိုလ်လမ်းပေါ်မှာပေါ့..။


ဟို တစ်နေ့ကတော့ကျွန်မ မှာ မိုးညှင်းသိဂီင်္ ကျောင်းမှ ဆရာလေး ဒေါ် သုဓမ္မစာရီ (ဒေါက်တာ မသီတာ)က ဒကာမ ကြီးရယ်ဆရာလေးထီးလိုချင်တယ်… ဓမ္မာရုံထဲ က ဘုရားကြီးကို ပူဇော်ချင်လို့ပါတဲ့ ..။ဒကာမကြီး ထိုင်းသွားတဲ့အခါထိုင်းနိုင်ငံလုပ် ထီး ကြီးကြီးပြန့်ပြန့် လှလှပပ နှစ်လက် ဝယ်လာ ခဲ့ပါတဲ့..။ 

တကယ်တော့ထိုင်းနိုင်ငံ အရှေ့မြောက် ဘက် က ကောင်းကန် တက္ကသိုလ် ဝင်းထဲမှာရှိတဲ့ မဲခေါင်အင်စတီကျူမှာ သင်တန်းတက်ရမဲ့ ကျွန်မ က ဘန်ကောက် နဲ့ ဝေးကွာ မှန်း သိနေခဲ့သော်လည်းဆရာလေး ရဲ့ပါရမီ ဖြည့်ချင်တာ နဲ့ ကတိ ပေးခဲ့ မိပါတယ်…။

ဘုရားရှင်ကို အထူးတစ်လည်ကြည်ကြည်နူးနူးမြတ်မြတ်နိုးနိုးပူဇော် ဦးခိုက်လိုသူတွေကတော့ ပူဇော်စရာပစ္စည်းတွေ မျိုးစုံစိတ်ဆန်းကြယ် ရင် ကြယ် သလို…ရှာဖွေစဉ်းစားလှူဒါန်း နေကြတာပါပဲ..။  ကျေးဇူးတော်ရှင်မြတ်စွာဘုရား ရဲ့ ကျေးဇူးဂုဏ်ဆိုတာကလည်း အနှိုင်းမဲ့ဆိုတော့ ကျေးဇူးသိလေ..ပူဇော်ချင်လေလေပါပဲဆိုတာ ကိုယ်ချင်းစာနိုင်ကြပါမယ်..။

ဒီလိုနဲ့ကျွန်မတို့ မြန်မာတစ်သိုက်က ကောင်းကန် မြို့က ဘန်ကောက်ကို အဝင် သာလာ ထိုင်းဈေးမှာဆင်းကြပါတော့တယ်..။ သာလာထိုင်းဈေး မှာ ထီး ဝယ်တော့ ကျွန်မ ဆိုခဲ့တဲ့ ယင်ကောင်..နဲ့ပျားဥပမာ လို..ကုသိုလ်  စိတ်ရှိသူ တွေ ကံချင်းဆုံရပါတော့တယ်..။

ကျွန်မ နဲ့လိုက်ပါလာ တဲ့သူတွေက တက်တက်ကြွကြွ ရှိသလို…. မြန်မာ ပြည်ကနေ အလုပ်လုပ်နေတဲ့ ညီအမ လေးနှစ်ယောက်ကဝမ်းသာအားရ ကျွန်မ အနားကပ်လာပါတယ်..။ မနိုင် နဲ့ ယမင်း ဆိုတဲ့ ညီအမ နှစ်ဦး ဟာ သာလာထိုင်းဈေးမှာပန်းဆိုင်ကြီးတစ်ခု ရဲ့ လခစားဝန်ထမ်းတွေ ပါ..။

လွန်ခဲ့တဲ့၁၀ နှစ် ကျွန်မ အေအိုင်တီမှာကျောင်းတက်စဉ် ကာလ ကတည်း က ဘုရားပန်းဝယ်မှု အကြောင်းပြုခင်မင် ခဲ့တဲ့ ပျားလေး နှစ်ကောင်ပေါ့..။ ၂၀၁၁ မှာ ကျွန်မ အေအိုင်တီသို့ ပိုင်းလော့ဆရာတော်ဘုရားကို ပင့်ဆောင်စဉ်ကလည်း တရားပွဲ မှာ ကျွန်မ စိတ်တိုင်းကျ သစ်ခွပန်းများ လှူလိုတယ် ဆိုတာ နဲ့ သစ်ခွ ပန်း ၁၆ အိုးတိတိ ထိုးပေးခဲ့တာ အပြင်  တရားနာ လာ တဲ့သူတွေကို သစ်ခွပန်း တစ်စည်းမက ပေးလှူနိုင်ခဲ့ဘူးပါတယ်…။ အော် အခု လည်းပြန်ဆုံ ရတာအတိုင်းမသိဝမ်းသာ မိ တာ အမှန်ပါ..။

ကုသိုလ် ကယူဆောင်ဖန်တီး ပေး တဲ့ ဘဝ မှာ လခစားအလုပ်သမား တွေ ဘဝကနေ…ပန်းဆိုင် တစ်ဆိုင် ဝယ်ယူရောင်ချနိုင်တဲ့ပန်းဆိုင်ပိုင်ရှင်တွေ ဖြစ်လို့နေခဲ့ပါတယ်..။ ယောဆရာ တော်ဘုရားကြီး ရဲ့ စကား နဲ့ပြောရရင်ဘဝ ပန်းဝတ်ရည် ကို ဒါန၊ သီလ ဘာဝနာပေါင်းပြီး ဘဝသည် ချိုမြိန် သော ပျားရည် ဖြစ်ခဲ့ပြီ..။အဘိုးတန် ဆေးဘက်ဝင်သော ပျားရည် ဖြစ်ခဲ့တာ…. ပဲလို့ ကျွန်မ ဝမ်းသာအယ်လဲ သုံးသပ် ရပါတယ်..။

ထင်တဲ့အတိုင်းပဲပျားတွေ ဆိုတော့လည်း ထီး နှစ်လက် ဝယ် တဲ့ အခါ တစ်လက် လှူဒါန်းခွင့်ကို သူတို့ကိုပေးပါတဲ့..။သေသေသပ်သပ်ထုပ်ပိုး ပေးလိုက် တဲ့ ကုသိုလ်..ချိုသာအေးမြ တဲ့စကား တွေ ပြောဆို ဧည့်ခံတဲ့ကုသိုလ် တွေ ယူတတ်လိုက်တာ…။

အဲဒီကျ မှသယ်ယူပို့ဆောင်စရိတ် သာ လှူ ဘို့ကျန်တာ မို့ ကျွန်မတို့ မဲခေါင်အဖွဲ့ က အမ ဒေါ်နန့်ကြူကြူသင်းနဲ့ ဦးအောင်မြင့်ကျော် တို့ က သူတို့ ရဲ့ အမေ တွေ လှူ နိုင်အောင် လက်ဆောင် ၊ ပီတိဖြစ်စရာ လက်ဆောင် အဖြစ် နှစ်လက် ထပ်ဝယ် ကြပါတယ်..။ ညီညွတ် တဲ့ကုသိုလ် ဆိုတာ  ကောင်းကျိုး ဆင့်ဆင့် မြင့်တက်စေတော့တာ ကျွန်မ မှာလည်းပီတိ ဖြစ်ရပါတယ်..။ ယောဆရာတော် ဘုရားကြီးကတော့ ဓာတ်ကောင်းတွေကူးတာ တဲ့..။

ပီတိ တွေ နဲ့ ပြန်လာ တဲ့ကျွန်မ  မှာကျွန်မ ရဲ့ဓမ္မ ဘလော့ဂါ ဘုန်းဘုန်း အရှင် တိက္ခဥာဏာ လင်္ကာ ရ ရဲ့ မွေးနေ့  (၂၇.၅.၂၀၁၃) ကလည်း နောက်တနေ့ မှာကျရောက်နေတာ ဆိုတာ မမေ့ခဲ့ပါဘူး..။ တိုက်ဆိုင်နေတော့လည်းဘုန်းဘုန်း ကို အမှီပြုပြီးကျွန်မ ကုသိုလ် တိုးပွားခွင့်ရခဲ့တာကို ပြန်လည်အမှတ်ရမိပါတယ်..။
ဘုန်းဘုန်းကို ကျွန်မတို့ အွန်လိုင်းဓမ္မ စာပေရေးသားသူ ဆရာ ၊ ဒကာ ရင်းတွေ အဖြစ် လွန်ခဲ့ တဲ့ ငါးနှစ်ကတည်းက လေးစားခင်မင်ခဲ့ကြတာပါ..။ ဘုန်းဘုန်း မွေးနေ့ ရောက်တိုင်းလည်းကျွန်မ ဓမ္မပူဇာကဗျာ ရေးသား ခဲ့ပါတယ်..။

ကျွန်မတို့ဓမ္မဘလော့ဂါ များ ရဲ့ စုပေါင်းနာယူကြ တဲ့ အွန်လိုင်း တရားပွဲကို  Skype ကဆင့် ပထမဦးဆုံး ဟောပြော ဆုံးမ ခဲ့ဘူး တာကလည်းဘုန်းဘုန်းဦးတိက္ခဖြစ်ပါတယ်..။  ကျွန်မ တို့ မေးတဲ့မေးခွန်းတွေစိတ်ရှည် လက်ရှည် မေတ္တာ အပြည့် ဖြေကြား ခဲ့ ပေးပါတယ်..။

အဲဒီအချိန်က ဘာသာ သာသနာ မထွန်းကားတဲ့နေရာမှာ တစ်ဦးတည်းနေထိုင်ရတဲ့ ကျွန်မ အတွက် ကတော့ အားထားမှီတည် ရာ ဖြစ်ခဲ့ပါတယ်..။မေတ္တာ ကို ကျွမ်းကျွမ်းကျင်ကျင် အေးအေးမြမြ ပို့တတ်အောင်သင်ကြားပြောပြ တာကိုတော့ကျွန်မတို့အားလုံးအမှတ်တရဖြစ်ခဲ့ ဘူးပါတယ်..။

 ပျား တွေ မို့ ပျားအုံဆောက်တာ… ပျားရည် လုပ်တာ..ပန်းတွေဆီ ပျံဝဲ ကျက်စားတတ် တဲ့ ဥပမာ စကားကို အခု မှ ပိုမို ထောက်ခံ နားလည် ရပါတယ်..။ ဘုန်းဘုန်းမြန်မာပြည်ပြန်လာ တဲ့အချိန်မှာတော့ ဆွမ်းချိုင့်ပေးပို့ရင်း ဘုန်းဘုန်းစာသင်သားဘဝ မှာ စာပေသင်ယူခဲ့တဲ့ကမ္ဘာအေးမဟာ ဂန္ဒ္စာ ရုံကျောင်းတိုက်ကို  ရောက်ရှိပူဇော်ခွင့်ရခဲ့ပါတယ်..။

ဘုန်းဘုန်းရဲ့ ဆရာ ရင်း ပိဋက နှစ်ပုံခွဲဆောင် ဆရာတော် အရှင် ပညာဝံသာလင်္ကာရ ကို ဖူးမျှော်ကြည်ညိုရသလိုစာသင်သားသံဃာတော် တွေ ရဲ့ ဘဝ ကို ပိုမို နားလည် ခွင့်ရခဲ့တာ..ဘုန်းဘုန်း ဦးတိက္ခ ရဲ့ကျေးဇူး ကြောင့်ပါ..။ ဘုန်းဘုန်း ကိုယ်စား ဘုန်းဘုန်း ရဲ့ ဆရာတော်ကို တစ်လ မှာနှစ်ကြိမ်၊ သုံးကြိမ် နှုန်း ဆွမ်းပို့ လှူဒါန်း ခွင့် ရသည် မှာ ယနေ့တိုင်မို့ ဒီကုသိုလ် ပြုတိုင်း အမေရိက ရောက် ဘုန်းဘုန်းဦးတိက္ခ ကို သတိရ မေတ္တာပို့သ မိပါတယ်..။

နောက် ပြီးကျွန်မ ဆောင်ရွက်နေတဲ့ကျေးလက်ဒေသ ပညာ ပေးလုပ်ငန်းတွေမှာ ဘုန်းဘုန်းက အမေရီက ကနေ ပါဝင်ကူညီခဲ့ပါသေးတယ်..။ ဂန့်ဂေါ နယ် မှာ  သင်တန်းဖွင့်တော့သင်တန်း ကုန်ကျစရိတ် အားလုံးကို ဘုန်းဘုန်းက ပေးပို့လှူဒါန်းပေးခဲ့ပါတယ်..။  ဒီလိုအားဖြည့်ကူညီ မှုကြောင်း ပဲ ကျွန်မလည်း ပုံတောင်ပုံညာကိုကျော်ယောနယ်ကို ရောက်ခဲ့ ရ..ဘူးပါတယ်..။

ယောနယ် ကယောဆရာတော်ဘုရား၊ မုံလယ်တောရ ဆရာတော်ဘုရား၊ ကျောက်ဂူတောရ ဆရာတော် ဘုရား စတဲ့ ဆရာတော်အကျော်အမော်တွေ ပေါ်ထွက်တဲ့ နေရာ ဆိုတော့ ဘုန်းဘုန်း ဦးတိက္ခ လည်း သူတော်ကောင်းဓာတ်ခံ အားကောင်းခဲ့တာပိုလို့ယုံကြည်ရပါတယ်..။ ယောနယ် မှာ ဖွင့်ခဲ့တဲ့ သင်တန်းကတော့ ယနေ့အထိ ကျွန်မ ဖွင့်ခဲ့ဘူးတဲ့သင်တန်းတွေ ထဲမှာ စိတ်အဝင်စားဆုံး၊ ဧည့်ဝတ်အကျေပြွန်ဆုံး၊ သင်တန်းသားဦးရေ အများဆုံး  စံချိန် တင်ထားခဲ့ရတာ ယနေ့တိုင်ပါပဲ.။

မေတ္တာပြည့်ဝတဲ့ဘုန်းဘုန်း အခု ရောက် ရှိသီတင်းသုံးနေတဲ့ မင်နီဆိုတာ ကဒကာ တွေ ဒကာ မတွေ ကံကောင်းကြတယ်လို့ကျွန်မ ကဆိုချင်ပါတယ်..။ ပြီးတော့လည်း သားအရင်းသဖွယ် ဂုဏ်ယူမြတ်နိုးတတ်တဲ့ ၊ကူညီတတ်တဲ့..စိတ်ထားကောင်းတဲ့ဓမ္မပါလ ဆရာဦးအောင်ကိုး တို့လို… ကျောင်းဒကာ ကြီးက သားရဟန်းအဖြစ် သိက္ခာထပ် တယ် ဆိုတော့လည်းနှစ်ဦးနှစ်ဘက်လုံးအတွက် ကျွန်မ က ကျေနပ်ဝမ်းသာရပါတယ်..။

တကယ်တော့လည်းဘယ်နေရာမှာ နေနေ ကမ္ဘာ့ ရဲ့ အလှက ဓမ္မ ပါပဲ..။ လို့ ယော ဆရာတော် ဘုရားကမိန့်ဘူးပါတယ်..။ဓမ္မ ရှိတဲ့နေရာ ဟာ အလှရှိတဲ့နေရာ ပါပဲ..။  ဓမ္မဆိုတဲ့ပျားတစ်အုံ ကို ဝိုင်းအုံ နေထိုင် ဆောင်ရွက် ကြ သူတွေကလည်း ကောင်းမှု မြတ်နိုး ၊ကောင်းအောင်ကြိုးပမ်းနေတဲ့ပျားတွေ လို ကျွန်မ ရဲ့ ဓမ္မ မိတ်ဆွေ များကို ကျွန်မ က ချစ်ခင်မြတ်နိုးတန်ဘိုးထား ရပါတယ်…။

ကိုယ် ရရှိထားတဲ့ ဘဝ ထဲမှာ ပျားတွေလိုပဲ..ပန်းကိုသာရှာတတ်မယ် ဆိုရင် ဘာတွေပဲ ကြုံကြုံ ကုသိုလ် ဆိုတဲ့ ပျာရည်ကို ရှာဖွေ စုဆောင်းတတ်မှာအမှန်ပါ။

ဒီလို ဓမ္မ အသိုင်းအဝိုင်းမျိုးမှာကုသိုလ် ဖြစ်ခွင့် ကလွဲ လို့ ဘာတွေ ရှိနိုင်အုံးမှာ လဲ..။
ကုသိုလ် ဖြစ်ခွင့်က တဆင့်ပေးစွမ်းလာ တဲ့ မဂ္ဂင် လမ်းမှာလည်း..ဝိသုဒ္စ္စိ္ဒ ကနေ ဝိမုတ္တိ ခရီးစဉ် ဆိုတာ မကွေးမကောက်ဖြောင့်တန်းရောက်လိမ့်မယ်လို့ ကျွန်မ ကတော့ ယုံကြည် မြဲပါ..။

ဒီစာစု လေးဖြင့်၂၇.၅.၂၀၁၃ မှာ ကျရောက်တဲ့ ဘုန်းဘုန်း အရှင် တိက္ခဥာဏာ လင်္ကာရ ရဲ့ ၃၅ နှစ်မြောက် မွေးနေ့ကိုပူဇော် ကန်တော့အပ်ပါတယ်..။

အမေရီကန်နိုင်ငံ ၊မင်နီဆိုတာ ပြည်နယ် ၊သီတဂူ ဝိဟာရ မှ ဘုန်းဘုန်း အရှင် တိက္ခဥာဏာ လင်္ကာရ (ယောအသင်းဓမ္မဘလော့ဂါ၊Lotus Foundation ) သည် သူတော်ကောင်းတို့ အားသူတော်ကောင်းတရားတို့ ဟောကြား ဦးဆောင်လမ်းညွှန်နိုင်ပါစေ..။ ယနေ့မှ စပြီး ကျန်းမာချမ်းသာပါစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်..။

ဦးတင်လျက်

မေတ္တာဖြင့်
သစ္စာအလင်း

Saturday, March 9, 2013

ရင်းရဲသူတစ်ပါး ရဲ့ ရာဟုလာနှလုံးသား (ဒေါက်တာ အရှင်အာစာရ)


သာသနာတော်မှာ ရာဟုလာမထေရ် ဆိုတာကတော့ အဆုံးအမ သြဝါဒကို စဉ် အမြဲ မျှော်လင့်တတ်သူရယ် လို့ နာမည် ကြီးပါတယ်။

အရှင်ရာဟုလာ ရဲ့ ပါရမီခရီးဟာ ပဒုမုတ္တရ ရှင်တော်ဘုရား ရဲ့  လက်ထက်တော် ကတည်းက အစပြုခဲ့တယ်လို့ဆိုရမှာပါ။ အဲဒီအချိန်မှာ ပထဝိန္စ္ဒရ နဂါးမင်းဖြစ်လို့ နေခဲ့တယ်..။

အဲဒီအချိန်မှာ  ပဒုမုတ္တရ ရှင်တော်ဘုရား ရဲ့ သားတော် ရှင်ဥပရေဝတ သာမဏေငယ်ကို အားကျ ကြည်ညိုတော်မူကာ ( နောင်ပွင့်လတ္တံ့ သောတစ်ဆူဆူသော ဘုရားရှင်  ရဲ့ ရင်သွေးသည်းချာ သားရတနာ ဖြစ်ရပါလိုကြောင်း) ဆုတောင်းခဲ့ပါတယ် ။ ကမ္ဘာ တစ်သိန်းကြာအောင်လည်းပါရမီ တွေဖြည့်ဆည်းတော်မူခဲ့ပါတယ်..။


 ကဿပ ဘုရားရှင်လက်ထက်မှာ လည်း ကီကီ မင်းကြီး ရဲ့ သားတော်အိမ်ရှေ့မင်းသားဘဝ နဲ့ ကျောင်းတိုက်ကြီးပေါင်း ၅၀၀ ကို လှူဒါန်းတော် မူခဲ့ဘူးတဲ့ကောင်းမှု အထူးရှိ တော်မူခဲ့ပါတယ်။

ဖခမည်းတော်ဖြစ်တဲ့ ဘုရားရှင်ထံ မှာ သားတော်ရာဟုလာ တောင်းတဲ့ လောကီအမွေ ဟာ ဒုက္ခသစ္စာ ရဲ့ လောင်စာတွေ ဖြစ်တာမို့ ဝဋ်ဆင်းရဲ အပူဟပ်မှာစိုး လို့ ငြိမ်းအေးရာငြိမ်းအေးကြောင်း လောကုတ္တရာအမွေကို သာ ပေးတော်မူခဲ့ တာ ဖြစ်ပါ တယ် ။

ရှင်သာမဏေ ဖြစ်တဲ့ရက်က စပြီး ရှင်ရာဟုလာ ဟာ နံနက်မိုးသောက် အလင်းရောက်ပြီဆိုတာ နဲ့ နံနက်စောစောထကာ လက်ခုပ် နှစ်ဘက် နဲ့ အပြည့် သဲတွေကိုမြှောက်ချီ ပြီး (ရှင်တော် ဘုရား နဲ့ ဥပဇ္ဈယ် ဆရာတွေ ထံက ဒီသဲပွင့် တွေ အရေအတွက် နဲ့အမျှ အဆုံးအမ သြဝါ ဒတွေ နာခံရပါမူကောင်းလေစွ) လို့နေ့စဉ် နဲ့ အမျှ မျှော်လင့်တောင့်တတော် မူတတ် ပါတယ်..။

လောကီမျက်လုံး နဲ့ကြည့်မယ် ဆို်ရင်တော့ စတင် မွေးဖွားလာတယ် ဆို ကတည်းက ဖခင် နဲ့ နီးနီးကပ်ကပ် ၊ ထိထိစပ်စပ် မနေခဲ့ ရသလို .... လောကုတ္တရာအမွေကြောင့်လည်း ရလာတဲ့ ပါရမီ ဘဝ မှာ ဆုံးမ သြဝါဒ တွေကို သူများတွေ ထက် ပိုလို့ တန်ဘိုးထား တတ် တောင့်တ တတ်သူ ဖြစ်ခဲ့ရပါတယ်..။

တကယ်တော့လည်းဆုံးမ သြဝါဒ ဆိုတာ learningလုပ်ချင်စိတ် သင်ယူလိုစိတ် ရှိနေတယ်ဆိုတာ မိမိ ကိုယ် ကို ပဲ့ပြင်ထိန်းကျောင်းလို စိတ်ရှိတယ် လို့ ချီး ကျူးရမှာပါ။ ဒီစိတ်ထားဟာ စံနမူနာ ယူရမဲ့ စိတ်ထားမျိုး ဖြစ်ပါတယ်..။

ဘဝ မှာ အောင်မြင်ကြသူအများစု ကိုလေ့လာ ကြည့်မိတဲ့အခါ..ဖြစ်ချင်တာတွေ သိပ် များများရှိမနေဘူး။ ဖြစ်ချင်လွန်း လှသော၊ ထက်သန်ပြင်းပြတဲ့ စိတ်ဆန္ဒ ဟာ တစ်ခု ပဲရှိတတ်ပါတယ်..။ အဲဒီရွေးချယ်လိုက်တဲ့ ရည်မှန်းချက် တစ်ခု ကိုပဲ စူးစူးနစ်နစ်၊ တစ်စိုက်မတ်မတ် ဆောင်ရွက်ဘို့ စိတ်ပါဝင်စားကာ ဘဝတစ်ခုလုံး နဲ့ ရင်းရဲတဲ့သတ္တိ တွေ ရှိကြပါတယ်..။

အဲဒီ ရင်းရဲတဲ့သတ္တိ ဟာ အောင်မြင် မှု ရဲ့ အခြေခံ ပဲ ဖြစ်ပါတယ်။

ကျွန်မတို့ကို ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား အမိန့်ရှိဘူး တာလေးကို အမှတ်ရမိပါသေးတယ်..။

ကိုယ့်ဘဝ တစ်ခု လုံးကို အားစိုက်ပြီး ဘာအတွက်အချိန်ပေးကြ မှာလဲ ။ဘာအတွက် ဘဝကို ရင်းရဲကြမှာလဲ..။

အိမ်ထောင်ရေး ဆိုတဲ့ အိမ်ထောင်ဘက် နဲ့ အတူ နေရေး အတွက် လမ်းကြောင်းရွေးတဲ့သူလည်းရွေး ကြ..။

သားရေးသမီးရေး၊ သူတို့ကောင်းစား အတွက် လမ်းကြောင်းရွေးတဲ့သူလည်းရွေးကြ......။

ကျွန်မ ဆိုရင်လည်း ထိုစဉ်ကာလ က အကြီးကျယ် ဆုံး လို့ ကိုယ့်ဖာသာမှတ်ယူထားတဲ့ ပညာသင် ကာလ ခရီးအတွက် ဘဝ တစ်ခု လုံးမဟုတ်တောင်၊ ဘဝ ရဲ့ အချိန်တော်တော်များများ အားစိုက်ခဲ့ဘူးပါတယ်..။

(စာသင်ခန်း တံခါး တွေကို ဖွင့်ပေးတာ ဟာ ထောင် တံခါးတွေကို ပိတ်တာ နဲ့ တူတူပါပဲ) ဆိုတဲ့ ဆိုရိုး စကားလေးကတော့ ကျွန်မ နားမှာ ပဲ့တင်ထပ်လို့နေခဲ့ပြီး ဘယ် အဆောက်အဦ ကိုမြင်မြင် စာသင်ခန်းလေး လုပ်လိုက်ရရင်ဆိုတဲ့  စိတ်ကူး ပုံရိပ်တွေဟာ အမြဲတစေ ကြီးစိုးနေခဲ့ဘူးပါတယ်..။

အသိဥာဏ် ရှိခြင်း နဲ့ မရှိခြင်း ဆိုတာ ထိုထို သော ဘဝ တွေကို မြေသားမှောင်မှောင် ထဲက တီကောင် နဲ့ ပန်းပွင့် တွေကြား ထဲက ရောင်စုံလိပ်ပြာတွေ ကွာခြား သလို ခြားနားစေခဲ့တာပါပဲ။
 လောကီပညာတွေက ကောင်းတယ် ဆိုပေမဲ့လည်း ဘုရားပေး တဲ့ပညာကို နားမလည် ရင်တော့ မိုက်တဲ့ ထဲ ထည့်ရတော့မှာပဲ ....ဝီရိယ အထားမမှားစေနဲ့ ဆိုတဲ့ ဆရာတော်ဘုရား စကားရဲ့ ဆုံးမ မှုကြောင့် တော့ လက်ကျန် ဘဝ အချိန်များကို အဓိပါယ် ရှိစေခဲ့ပါတယ်။

အမှန်တကယ်တော့ လောကုတ္တရာ ဆိုင်ရာ အသိဥာဏ် ရှိခြင်း နဲ့ မရှိခြင်း ဆိုတာ ကတော့ နိဗ္ဗာန် နဲ့ ငရဲ ကွာဝေး သလို ကွာဝေးစေတော့ တာပါ။ တကယ် တော့ လောကုတ္တရာအသိဥာဏ်တွေ ဖြန့်ဝေတယ် ဆိုတဲ့အလုပ် ဟာ ၃၁ ဘုံသားတွေကို အပါယ်လေးဘုံ ကနေ ကယ်တင်ပေးနေတဲ့အလုပ်ပဲ ဖြစ်ပါတယ်။ မိုက်မဲခြင်း ဆိုတာ တွေကို ဖြစ်ပွားစေတဲ့ မသိခြင်း ဆိုတဲ့ မောဟ ကမ္ဘာ ထဲ မှာ အလင်းတစ်စ ထွန်းညှိ ပြရတာ မို့ အလင်းစေတမန် လို့လည်းတင်စားခေါ်ဝေါ် ခဲ့ဘူးကြပါတယ်..။

စာသင်ခန်း ဆိုတာကတော့ သင်ပေးတဲ့သူ နဲ့ သင်ယူတဲ့သူ ဆုံစည်းဖြစ် ကြ တဲ့ မည်သည့်နေရာမဆို ခေါ်ဆို နိုင်တာပါပဲ။ အဲလို တွေ့ကြုံ ဆုံဆည်း ဖြစ်ကြရင် ရင် အလင်းစေတမန် တို့ရဲ့ အလင်းတန်း ဟာ အဟန့်အတားမရှိ ထိုးဖောက်ဝင်ရောက် ပြီး ဘဝတွေကို လင်းလက်စေ တော့တာပါပဲ..။

ဒီအလင်း ရဲ့လမ်းပြ မှု နဲ့ တည့်မတ်မှန်ကန်၊ လမ်းမှန်ရောက်ကြ ရင်ဖြင့် အလင်းစေတမန် တွေကတော့ကျေးဇူးသိတတ်သည် ဖြစ်စေ..မသိတတ်သည် ဖြစ်စေ..ဝမ်းမြောက် ကြတာ အမှန်ပါ။
ကျွန်မကတော့ ရာဘင် ဒြာနတ်တဂိုး (Rabindranath Tagore) ရဲ့ သျှန္တနိကေတန်(Shantiniketan) ကျောင်းလေးဟာ သစ်ပင်အောက်ကစခဲ့တာ အခုဆို ကမ္ဘာ့နာမည် ကြီးတက္ကသိုလ် ကြီးတောင်ဖြစ်နေတာ သတိရမိပါတယ်..။

ကျွန်မတို့ နိုင်ငံ မှာ အလုပ်လက်မဲ့ ဖြစ်ပြီး မူလတန်းလောက်တော့ သင်ပေး နိုင်မဲ့ ဘွဲ့ရပညာတတ်တွေ များစွာ ရှိနေကြပါတယ်..။

တစ်ခါတစ်ခါ လဘက်ရည် ဆိုင်တွေမှာ ထိုင်နေတဲ့ လူငယ်များ စွာ ကို သူတို့ရဲ့အချိန်တွေ နဲ့ အတူ သူတို့ ရဲ့ ပညာမျှဝေလိုမှုတွေကို ကျေးလက်က  စာသင်ခန်းတွေထဲ ဆွဲ ဆွဲ သွင်းကြည့်မိ ၊ ပုံဖေါ် ခံစား မိ တာ ကလည်း မကြာခဏ ဆိုသလိုပါ..။
ထန်းပင်ကြီးတွေ ဝေဝေဆာ တဲ့အရပ်ဒေသ မှာ ကတော့ ထန်းပင်ထန်းရွက် ထန်းလက်တွေ နဲ့ ထန်းရွက်တဲ တစ်လုံး ဟာ စာသင်ခန်း တစ်ခု ပမာ ကောင်းစွာ အရိပ် အုပ်မိုးအေးမြစေမှာပါ..။

စာသင်ကျောင်းက ကလေးတွေ ရဲ့စာအံသံ ဟာ အသာယာ ဆုံးဂီတ သံဖြစ်စေရမှာပဲပေါ့..။
ကျေးလက် ကသားငယ် သမီးငယ်တွေ ရေ...... ကံကောင်း ခြင်း လက်ဆောင်တွေ နဲ့ မွေးဖွားနိုင်ပါစေသား။

ပညာကို သင်ယူချင်ရှာလွန်းလို့ ပညာ သင်ယူ ခြင်း ကိုရဘို့ လွတ်လပ်ပျော် ရွှင် စွာ ဆော့ကစားရတဲ့ ကလေးဘဝ ကို  ရဲရဲ ဝံ့ဝံ့ လဲလှယ် ခဲ့လိုက် တဲ့ (ကိုရင်လေး) တစ်ပါး ဟာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ဒီပဲယင်းမြို့နယ် ၊ ရင်းရဲရွာ သမိုင်းကြောင်း မှာ အမှန်တကယ် ရှိခဲ့ဘူးပါတယ်..။

-ရင်းရဲ ရွာ- က မို့ တကယ် ပဲဘဝ နဲ့  ရင်းရဲ တဲ့ သတ္တိတွေ နဲ့ လောကုတ္တရာအမွေကို မိမိဖာသာ ရဲရဲဝံ့ ဝံ့ ရယူ ခဲ့ဘူး တာမို့ ယူလို့ရထားတဲ့ ဘဝ၊ ဇွဲသတ္တိ နဲ့ တည်ဆောက် ခဲ့တဲ့ ဘဝ ပဲ ဖြစ်ခဲ့ပါတယ်။
အဲ ဒီ ရင်းရဲသူ တစ်ပါး ကတော့ ဒီနေ့ (ရာဟုလာ ဓမ္မ သင်တန်း ကျောင်း) ရဲ့ ဥသျှောင် ဘုန်းဘုန်း ဒေါက်တာ အရှင်အာစာရ ပဲဖြစ်ပါတယ်..။


ဒါဟာ ပိုလို့ ပိုလို့ ကံကောင်းစေ ခဲ့တာ ပဲမဟုတ်ပါလား။

ဘဝ နဲ့ ရင်းနှီး၊ ရဲ ဝံ့ ခဲ့ရတဲ့ အသိဥာဏ်တွေ ကြီးစိုးစေစားနိုင်တာ မို့
(ဘုန်းဘုန်း တို့ ရွာမှာ မူလတန်းကျောင်း တစ်ကျောင်း မဖွင့်လှစ်ပေး ခဲ့ တဲ့ သူကို ကျေးဇူးတင်ပါတယ်) ဆိုတဲ့ တရား ကို သူ ဒေါက်တာဘွဲ့ရရှိပြီး နိုင်ငံ တကာ အသိုင်းအဝိုင်းမှတင့်တင့်တယ်တယ် ရပ်တည် နေချိန်မှာ ထုတ်ဖေါ်ပြောကြား ခဲ့ဘူးပါ တယ်..။
သူဟာ ဘဝ နဲ့  ရင်းရဲခဲ့တဲ့ သူမို့ လောကုတ္တရာ အမွေကို ပိုင်ပိုင် နိုင်နိုင် ရရှိကာ ၊ ဒေါက်တာ ဘွဲ့ရသည် ထိ ပညာ တတ်မြောက် ခဲ့ပါတယ်။ သို့ သော်လည်း ပါရမီ နုနယ် ငယ် ရွယ် ကြသူများ အတွက် ဘုန်းဘုန်းက အမြဲ တွေးတော ကြံဆ ပေးခဲ့တာ ယနေ့ထိ တိုင်အောင် ပါပဲ..။

အရင်ကတည်းက စာသင်ကျောင်းမရှိတဲ့ ရင်းရဲရွာ မှာ (ဘုန်းတော်ကြီးသင် စာသင်ကျောင်း- ဘကကျောင်း) ဖွင့်လှစ်နိုင် အောင် ကြိုးစားခဲ့ပါတယ်..။

ဘက ကျောင်း က စတုတ္ထတန်းထိ သင်ကြားပေးရာကနေ သတ္တမ တန်းထိ သင်နိုင်အောင် လည်း ဦးဆောင်ကြိုးစား ခဲ့ပါတယ်။
ဒီပရင်္ဂ ဆို တဲ့ ကျောင်းဆောင်တစ်ဆောင် တည်ဆောက် နိုင်ခဲ့တာ ကလည်း ဘုန်းဘုန်း ရဲ့ အဆက်အသွယ် စွမ်းဆောင် နိုင်ခခြင်း ရဲ့ ထင်ရှားတဲ့ ပြယုဂ် တစ်ခုပါ။

ဘုန်းဘုန်း ဟာ (မယ်တော်ကြီး ဒေါ်ကောင်းဆင့်) နာမည် နဲ့ ပညာသင်ဆုများ ပေးနိုင်အောင် ပစ္စုပန် အရင်းအနှီး သံသရာ အရင်းအနှီး များ နဲ့ သားရွှေ အိုးထမ်းတာ မြင်စေတဲ့အစီအစဉ် တွေများစွာ ဖန်တီးခဲ့သူလည်းဖြစ်ပါတယ်..။

ရင်းရဲ ရွာ ကနေ တက္ကသိုလ် တက်တဲ့ ကျောင်းသားကျောင်းသူတွေ၊ အစိုးရ နည်းပညာ တက္ကသိုလ် တက်ရောက်နေတဲ့ သူတွေ ကိုလည်း လစဉ် ပညာသင်စ ရိတ် ထောက်ပံ့ ပေးခဲ့ ပါတယ်..။ အဌမ တန်းကနေ အခြေခံ ပညာ အထက်တန်းအထိ တက်ရောက် ကြသူများအတွက်လည်း ပညာရေး ရံပုံငွေ ထူထောင်ပေးခဲ့ပါတယ်..။

လောကီပညာ တွေသာမက ဘူး။ လောကုတ္တရာ ပညာသင်ပြီး ဘုန်းဘုန်းလို ဘဝ နဲ့ ရင်းရဲ နိုင် သူ တွေကိုတော့လောကုတ္တရာအမွေ ပေး ခဲ့ပြီး ကိုရင်၊ ရဟန်းရှင်လူ ဖြစ်စေခဲ့တယ်။ သူ တို့အတွက်လည်း သင့်တော်ရာ စာသင်တိုက်ကို ပို့လွှတ် ပြီး ၊ ပရိယတ္တိစာပေ သင်ယူစေခဲ့ပါတယ်..။

ရင်းရဲရွာ ဘက ကျောင်းလေး မှာ သတ္တမ တန်းအထိ သာ ပညာသင်ကြားပေးနိုင်ပြီး ကျောင်းသား တွေရဲ့  အဆင့်မြင့် ပညာသင်ယူရေး သည် မိဘ တွေရဲ့ ငွေရေးကြေးရေးပေါ် မှာမူတည် နေရ ရှာတာပါ။

 သတ္တမတန်း အောင်ပြီ ဆိုတာ နဲ့ မိဘ တွေဟာ အဌမ တန်းကို ထားနိုင်ဘို့ ဆိုတာ စဉ်းစားရပါတော့တယ်..။ ရွာ နဲ့ ဝေး သောကျောင်း အတွက် ဘယ်လို လွှတ်မှာလဲ..စက်ဘီး နဲ့ လား၊ ကားနဲ့လား၊ ဆိုင်ကယ်လား။
ထမင်း ချိုင့်နေ့စဉ် ထုပ်ပေး နိုင်ရေး ကလည်း ရှိပါသေးတယ်..။

နေ့စဉ် ကျောင်းမုန့် ဘိုး။ သူများ နဲ့ တန်းတူ စာမလိုက်နိုင်ခဲ့လျှင် ကျူရှင် စရိတ် များလည်းရှိပါအုံးမယ်..။
ဒါတွေဟာ ဖြင့်အခက်အခဲ အတားအဆီးများ ဖြစ်ခဲ့ကာ.... တစ်ရွာ လုံး မှ လူများစုရဲ့ ပညာရေး ဟာ ပုံစံခွက် ကကျလာ သလို သတ္တမတန်းအောင်များသာ ဖြစ်လို့ လယ်ထဲ ယာထဲ..ထန်းတော ထဲ က ဘဝ ဆိုတဲ့ကျောင်းကို ရွှေ့ပြောင်း ရပါတော့တယ်..။
ဒါတောင် ဘုန်းဘုန်း အာလေး နဲ့ ရွာမိ ရွာ ဖတွေ ကြိုးပမ်းကြလို့..။ အရင်ကဆို တစ်ရွာလုံး မှာ စတုတ္ထ တန်းအောင်များ သာ ရှိခဲ့တဲ့ တစ်ခေတ်တစ်ခါ...လည်းရှိခဲ့ဘူးပါတယ်..။

ဒီ့ထက်စော တဲ့တစ်ခေတ် တစ်ခါ ကတော့ မူလတန်းကျောင်း တောင်မရှိလို့ တစ်ခြား ရွာ မှာ သင်ယူ နိုင်သူတွေသာ စာတတ်ခဲ့ရ ရှာတာပဲ..။
ဘုန်းဘုန်းကတော့ အဲလို လောကီနယ် ရဲ့ တကယ့် ဘဝ တွေကို နှလုံးသား နဲ့ရင်းပြီး ခံစားနားလည် ခဲ့ပါတယ်။
အခု တော့ ဘုန်းဘုန်း က ကိုယ်ပိုင် (ရာဟုလာ ဓမ္မ သင်တန်းကျောင်း) ဖွင့်လှစ်ပြီး အခြေခံ ဗုဒ္ဒ ဘာသာ နဲ့ အင်္ဂလိပ်စာ ၊ ကျေးလက် ဖွံ့ ဖြိုးရေး သင်တန်း တွေ နဲ့ သင်ယူလိုမှု တွေ ဖန်တီးပေးခဲ့တာဟာ လှပ တဲ့ ရာဟုလာ နှလုံးသား နဲ့ ပညာအမွေ ပေး နေတာ ပဲ လို့ ကျွန်မ က တင်စားထင်စားဝံ့ပါတယ်..။

ဘုန်းဘုန်းဟာ စကားနည်းသော် လည်း စာသင်ကောင်း သလို.. စာရေးလည်းကောင်း တဲ့ ဓမ္မဘလော့ဂါ ဘုန်းဘုန်း တစ်ပါး လည်းဖြစ်ပါတယ်။  ဘုန်းဘုန်း ကိုယ် တိုင် ရေး ခဲ့ဘူး တဲ့ ဒီစာလေး ကို ဖတ်ရင်း ၊ ဘုန်းဘုန်း ရဲ့ ရာဟုလာ နှလုံးသား ကို အတိုင်းသား တွေ့ မြင် ကြည်ညိုရ ပြီး ကျေးလက်နေ ပြည်သူတို့ ရဲ့ ဘဝ များစွာ ကို ကျွန်မ မှာ မျက်ရည် ဝဲသည်ထိ ထိရှ ခံစား နားလည် ရပါတယ်။

*ဘက်စုံနုံချာသူ* တဲ့လား ဘုရား။

နမူနာလေး ဖေါ်ပြပါရစေ။


“ကျေးရွာဝါဒ”
-------------
အတိတ်တံခါးတို့ကို ခပ်ဟဟသာ ထားလေ့ရှိသဖြင့် ဆန္ဒရှိတိုင်း လွယ်လွယ်ဆွဲဖွင့် ကြည့်နိုင်သည်။ အတိတ်တံခါးတို့ မပိတ်၏သို့ ပိတ်၏သို့။ ပစ္စုပ္ပန်မျှဖြင့်သာ မမျှတနိုင်သည်ဖြစ်၍ ရှေ့နောက်ချိန်ထိုးကာ သုံးသပ်နေမိလေ့ ရှိသည်။
ကံပစ်ချရာ ရှင်သန်ရသော ကျေးလက် သူငယ်တိုင်း မြေမှုန့်လူး ကစားရင်း ကြီးပျင်းလာသော်လည်း ရွှံ့ထဲမှာပဲ ဘ၀ဆုံးဖို့ စီရင်ချက် ချခံထားရသူတို့လော။

ပမာ ပြရသော် . . . ၂၁ရာစု ခေတ်ဦးထိတိုင် ရွာမှ ၁၁၉မိုင်သာ ကွာဝေးသည့် မဟာမြတ်မုနိ ကိုယ်တော်မြတ်ကြီးကို ဓာတ်ပုံမှတစ်ဆင့် အာရုံယူပြီး၍သာ ဖူးမျှော်နေကြရသည်အထိ ဘက်စုံနုံချာသူ ရွာသူရွာသားများ၏ ဘ၀များစွာကို လက်နှစ်ဘက်ဖြင့် ပွေ့ချီပင့်မြှောက်သကဲ့သို့ မ မတင်နိုင်သော်ငြားလည်း အနုံအချာတို့၏ ရင်နှစ်သည်းချာများ၊ ထိုထိုထို ထိုထိုထို အနီးအပါး ရွာများမှ ကျေးလက်ဖွားတို့၏ ကြီးထွားခွင့်ကိုကား မျှော်တလေ့ ရှိသည်။
ကယ်တင်ရှင် မဟုတ်သော်ငြား ၎င်းတို့အား သာသနာရေးအသိ သွန်သင်ရင်း လောကီလွတ်လမ်း ညွှန်ပြရသော် ကောင်းလေစွဟု အတများစွာ အတန်တန် တမိလေ့ ရှိသည်။
အဖန်ငါးရာမက အဆများစွာ ထပ်ပြန်တမိသော် အတအတွေးတို့ သိပ်သည်းဆ များသည်ထက် များလာပြီး . . . . .။
-----
Comment:
ရည်ရွယ်ချက်(၁)ကို စတင်အကောင်အထည် ဖော်နေပြီ ဖြစ်သည်။ တန်းခွဲ ခုနစ်ခု ခွဲ၍ သီတင်းပတ်စဉ် အစိုးရကျောင်းပိတ်ရက်များ၌ ဓမ္မသင်တန်းများ ဖွင့်လှစ်နေသည်သည်။ “ဗုဒ္ဓဘာသာ မြန်မာစာ” နှင့် “ဗုဒ္ဓဘာသာ အင်္ဂလိပ်စာ” ဘာသာပ်ရပ်နှစ်မျိုး သင်ကြားပေးသည်။ ထို့ပြင် သီတင်းတစ်ပတ်လျှင် သုံးရက် ညကျောင်းဖွင့်လှစ်၍ တရုတ်စကားပြောနှင့် အင်္ဂလိပ်စကားပြော သင်တန်းများ ပို့ချပေးနေသည်။

ရည်ရွယ်ချက် (၂)အတွက် အစိုးရ အခြေခံပညာသင်ကျောင်း မဖွင့်လှစ်ရသေးသော ကျေးရွာများ၌ မူလတန်းအဆင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွင့်လှစ်နိုင်အောင် ပံ့ပိုးပေးမည်။ မူလတန်းကျောင်းသာရှိ၍ အလယ်တန်းကျောင်း အထက်တန်းကျောင်းများနှင့် အလှမ်းဝေးသော ကျေးရွာများမှ ကျောင်းသူကျောင်းသားများအတွက် အထက်တန်းကျောင်း ရှိရာဒေသများ၌ အခမဲ့ (သို့မဟုတ်) စရိတ်သက်သာသော (အလယ်တန်းနှင့် အထက်တန်း) ဘော်ဒါဆောင်များ ဖွင့်လှစ်မည်။

ရည်ရွယ်ချက် (၃)အတွက် ရှင်သာမဏေများကို ပစ္စည်းလေးပါး ထောက်ပံ့၍ ပရိယတ္တိစာပေများ သင်ကြားပေးမည်။ အထူးသဖြင့် သာမဏေကျော် စာမေးပွဲများ ၀င်ရောက်ဖြေဆိုမည့် ရှင်သာမဏေများကို သီးသန့် ပြုစုပျိုးထောင်ပေးမည်။
တရားနီးသူ နှင့် တရားဝေးသူ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေး အသိ၊ ဘာသာရေး အရည်အသွေး ကွာဟမှုမှာ ကြီးမားလွန်းလှသည်ဟု အကဲခတ် သုံးသပ်မိသည်။ ဤကွာဟမှုကြီးကို မြန်မာ့သာသနာ၏ ဟာကွက်ကြီးတစ်ခုအဖြစ် ရှုမြင်မိသည်။
-----------------------------------------------------------------------------

ဒီစာလေးကို ဖတ်ကြည့် ပြီးတယ် ဆိုရင် ဖြင့် ဒီရွာသားတစ်ပါး ဖြစ်တဲ့ ဘုန်းဘုန်း အာလေး ( ဒေါက်တာ အရှင်အာစာရ) ကတော့  ရေရှည် စီမံချက်၊ ရေတို စီမံချက်တွေ တစ်ပုံတစ်ပင် နဲ့ ပညာရေး ကို ထောက်ပံ့ ပေး နေတဲ့ ဘုန်းဘုန်း ရဲ့ ရာဟုလာ နှလုံးသား ကို ခံစားနားလည် ကြမယ် လို့ ယုံကြည် ရပါတယ်။

အဆုံးအမ သြဝါဒကို စဉ် အမြဲ မျှော်လင့်တတ်သူ ၊ရာဟုလာ ဆိုတဲ့ ပုံရိပ်ကို ပီပြင်အောင်ကြီုးစားပုံဖေါ်နေတဲ့ ဘုန်းဘုန်း ဒေါက်တာအရှင်အာစာရ လို ဘဝ နဲ့ ရင်းရဲ တတ်ပါသော ရာဟုလာ နှလုံးသားများ စွာ ပေါ်ပေါက်ပါစေကြောင်း ကျွန်မ ဆန္ဒခါခါ ပြုမိပါတယ်..။

ထို နှလုံး သားများစွာ တို့သည် သည် * ဘက်စုံ နုံချာသူ*
တို့ ရဲ့ ဘဝ များစွာ ကို ပွေ့ချီပင့်မြှောက် နိုင်ကြပါစေကုန် သတည်း။

လောကုတ္တရာ အမွေများပေးနိုင်ကြပါစေကုန် သတည်း။

ဤ မွေးနေ့မှသည်...ရာဟုလာ ဆရာတော် ၏ ဘဝခရီး၊ ဓမ္မခရီး လမ်း ဖြောင့်တန်း တိုးတက်၊ ဆက်လက် ထက်မြက်ပါစေကြောင်းဆုတောင်းမေတ္တာ ပို့ သလျက် ပူဇော် ကန်တော့အပ်ပါသည်။

မေတ္တာဖြင့်
သစ္စာအလင်း

မှတ်ချက်။        ။ ဤ စာစု သည်...စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်း မြို့နယ်၊ စိုင်ပြင်ကြီးကျေးရွာ တွင် (ရာဟုလာ ဓမ္မ သင်တန်းကျောင်း) ဖွင့်လှစ်ကာ ရဲရဲရင့်ရင့် သာသနာ ပြု လျက်ရှိပါသော ဘုန်းဘုန်းအာလေး ( ဒေါက်တာ အရှင်အာစာရ-ပါမောက္ခ- ပါဠိစာပေဆိုင်ရာ အင်္ဂလိပ်စာဌာန၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ မန္တလေး ) ၏ ၁၄. ၃.၂၀၁၃ တွင်ကျရောက်သော မွေးနေ့ အတွက် မွေးနေ့လက်ဆောင် ဂုဏ်ပြု ဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။

Monday, November 19, 2012

မစိုက်ပျိုးလိုသောမျိုးစေ့များ - ကိုအောင်ဦး (ဓမ္မရသ) သို့ မွေးနေ့ဆုမွန်



သား ကိုဦးရေ

တို့တွေဟာ .တစ်ချိန်.တစ်ခါတုံး က..မိဝေး ဘဝေး…. တိုင်းပြည်ဝေးဆို တဲ့ နေရာ မျိုးမှာ ဘ၀ကပေးလာတဲ့ အခြေအနေကို အလိုက်သင့်လက်ခံရင်း ဖြတ်သန်းလွန်မြောက်ခဲ့ရတယ်..ဆိုတာ သားရဲ့မွေးနေ့လေးကို တစ်ကျော့ပြန်ရောက်ခဲ့တော့မှ သိမှတ်ဆင်ခြင်မိလေတော့တယ်..။
ဒီအချိန်မှာ အားကိုးခြင်းတည်ရာ..မြတ်နိုးခြင်းတည်ရာ..မိမိကိုယ်ကို ထိန်းသိမ်းခြင်း တည်ရာ အဖြစ် မဖြစ်မနေ ဆုပ်ကိုင် ဦးခိုက်ခဲ့ရင်း…. ဓမ္မကို တွေ့ရှိခဲ့ရင်း တို့များ ဟာ ဓမ္မဘလော့ဂါ ရယ်လို့ ဖြစ်လာ ခဲ့ရတယ်..မဟုတ်လား။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးက တော့ဆုံးမဘူးတယ်..။ တရားမျှဝေတယ်ဆိုတာ ကျင့်ဆဲ (သို့မဟုတ်)ကျင့်ပြီးတစ်ခုခု  ဖြစ်ရမယ် တဲ့..။မဟုတ်ရင်တော့ မမျှဝေသင့်ဘူးတဲ့။
သူတော်ကောင်းအစားအစာတွေ ရှားပါးတဲ့နေရာတွေဆိုတော့လည်း …ကိုယ့်ရဲ့စိတ်အစဉ်ကို ကောင်းတဲ့တရားဓမ္မ မှာ တည်တံ့ နေထိုင် နိုင်အောင်ကြိုးစားရင်း ၊ အားတင်းရင်း ၊ ဆုံးမ ရင်း အချိန်တစ်ခုကို အားတင်း စောင့်ဆိုင်းကြရတယ်..ကျင့်ကြံအားထုတ်ကြရတယ် ဆိုတာ မှတ်မှတ်ထင်ထင်ပါပဲလေ..။

 အခု ဆိုရင် နှစ်ပတ်လည် လာခဲ့တာ စာရေးသက် လေးနှစ်တောင် ပြည့်လု နီးပါပြီ ကော..။

အဲဒီတုံးက တော့ ကျောင်းတက်၊ အချိန်တန် တော့အဆောင်ပြန် …စာဖတ်..ချက်ပြုတ်စားသောက် ရင်း စာတွေရေးကြတာဆိုတော့…. ဘ၀ ဟာ အတန်သင့်တော့ ကြည်လင်နေတဲ့ အစိတ်အပိုင်းတစ်ခုပေါ့လေ…။ မိသားစုတာဝန်တွေ ၊ လူမှုရေးတာဝန် တွေ နဲ့ ကင်းလွတ်နေခဲ့တယ်..။တကယ့်ဘ၀ နဲ့ ကွာလှမ်း နေခဲ့တယ်..။

ကားမောင်းသင်တန်း လေ့ကျင့်ရင်းကွင်းထဲမှာ ကားမောင်းသလို ဖြစ်နေတာမို့ ဖြူးဖြူးဖြောင့်ဖြောင့် တော့ဖြစ်နေတာပေါ့လေ..။

အခုတော့ ကိုယ့်ရဲ့ တကယ့်ဘ၀ ထဲကိုပြန်ရောက်ကြပြီ..၊ ပြန်လည်နေထိုင်ချိန်မှာတော့ ဓမ္မကို ဘ၀ ထဲရောက်အောင် ကျင့်ကြံ နေထိုင်မှသာ အဆင်ပြေ မယ်ဆိုတာ သိနားလည် လာခဲ့ပါတယ်..သားရေ..။

ကားမောင်းသင်တန်း ကနေ လမ်းပေါ်တက်မောင်းသလိုဆိုတော့ ..နှလုံးသွင်းမှားတာ နဲ့ တိုက်မိတော့တဲ့(ဘ၀အက်စီးဒင့်) တွေဟာ  ခဏခဏ များလှပါပကောလား။
ဓမ္မ စာမေးပွဲ ဆိုတာ အွန်လိုင်းမှာ မဖြေ ရပဲ လက်တွေ့စစ်ကြမဲ့သူတွေကအများကြီးကိုး… အသိုင်းအ၀ိုင်း ထဲပြန်ရောက်လာသူတစ်ယောက်ကို စာမေးပွဲ စစ်ဘို့ စောင့်နေကြတာ အမှန်ပါပဲ..။

အဲဒီအခါ တစ်ဖက် ကအာရုံ တွေ နဲ့ လာရောက်တိုက်ခိုက်တာကို ကိုယ့်ရဲ့အကြည်ဓာတ် ခွက် နဲ့ ခုခံ ရတော့တာ ဟာ အချိန်နဲ့အမျှ ကြုံဆုံနေကြရတော့တာပါ..။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကတော့ ..ဇာတိပြန်မလာ ဘို့ မပြော နဲ့ တစ်ဖန် လူပြန်ဖြစ်ဘို့တောင် မျိုးစေ့ တွေ ချမိရဲ့ လားလို့ ခပ်စပ်စပ်လေး ဆုံးမပေးတော်မူခဲ့ပါတယ်..။

(((((-သူ့အာရုံပေါ် ကြိုက်တဲ့ စိတ် ကလေး ၊သာယာ တဲ့စိတ်ကလေး ကျရောက်သွားရင် စေတနာ တစ်ခု ၊မျိုးစေ့တစ်ခု၊ အဲလို မျိုးစေ့ကတော့ ပြိတ္တာ မျိုးစေ့ တွေချည်းပါ..။

-သူ့အာရုံပေါ် မုန်းစိတ်ကျရောက်သွားခဲ့ရင် စေတနာ တစ်ခု မျိုးစေ့တစ်ခု..၊ ဒီစေတနာ မျိုးစေ့ကတော့ ငရဲမျိုးစေ့တွေချည်း သာပါပဲ..။

-သူ့အာရုံပေါ် သာမန်အသိအမှတ်ပြုစိတ်ကျရောက်သွားရင် … စေတနာတစ်ခု..မျိုးစေ့တစ်ခု ဒီစေတနာ ဒီမျိုးစေ့တွေကတော့တိရိစ္ဆာန် မျိုးစေ့တွေချည်းသာပါပဲလို့ ထောက်ပြ ပေးခဲ့ပါတယ်..။))))))

ဒီသုံးချက် ထဲက ကြိုက်လို့ဖြစ်စေ..မုန်းလို့ဖြစ်စေ…အတွင်းကျကျ မသိလို့ဖြစ်စေ..အချင်ချင်းအပြိုင်အဆိုင် ထိပ်တိုက် ရင်ဆိုင်ခြင်း ၊ ဇဝေဇ၀ါ ဖြစ်ခြင်း ၊စိတ်နဲ့ ကိုယ်နဲ့ မကပ်ခြင်း ၊ ရှက်ရမှန်းကြောက်ရမှန်းမသိခြင်း၊ စိတ်ပင်ပန်းသွားခြင်းဆိုတာတွေကလည်း စေတနာ တစ်ခု မျိုးစေ့တစ်ခု  နှုန်း နဲ့ နောက်မိုးအကျမှာ ဘ၀ကိုရစေမဲ့အရာတွေချည်းပါပဲသားရေ..။

အလေ့ကျပေါက် တဲ့ မစားကောင်တဲ့ မျိုးညံ့ ဘ၀တွေ..စေတနာ အတိုင်း အညှောင့်ပေါက်ကြမယ်...အမြစ်တွယ်ကြတော့မှာ ဆိုတာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီက ဆုံးမခဲ့ပါတယ် သား။
ဆရာတော်ဘုရားကြီးက လူ နဲ့ တိရိစ္ဆာန် ကိုပိုင်းခြား ပေးထားတဲ့ စည်းခြားပေးထားတဲ့ ကျင့်စဉ်ကိုလမ်းညွှန်ခဲ့ပါတယ်..။

-ကိုယ့်တစ်ကိုယ်ကောင်းကို စွန့်လွှတ်ခြင်းမျိုး..ဒါန

-သူ့တစ်ကိုယ်ကောင်းကို စောင့်ရှောက်ပေးခြင်းမျိုး..သီလ

-စိတ်အစာစား၍ စိတ်ထားရင့်ကျက်စေသော ..ဘာဝနာ ကို ကြိုးစားလေ့ကျက်မှ သာ လူတစ်ဖန် ပြန်ဖြစ်မဲ့ မျိုးစေ့ကိုချနိင်ပါလိမ့်မယ် တဲ့..။

 သားရေ.. အံတီက မြန်မာပြန်ရောက် ကတည်းက စိုက်ပျိုးရေး နဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုပြီး စိုက်လိုက် တဲ့မျိုးစေ့တွေ…သစ်ပင်တွေ…စိမ်းလန်းသောကမ္ဘာမြေ တေးကို ဆိုရင်းပေါ့လေ..။

ဒီတရားကို နာယူ ဖတ်မှတ်မိတဲ့အချိန်မှာတော့ စိတ်သန္တန် မှာ ချမိတဲ့မျိုးစေ့တွေ ဆရာတော်ညွှ့န်ပြခဲ့တဲ့ သုံးမျိုးလုံ့းပါဝင်ပတ်သက်တာ မနည်းပါလားလို့ ထိတ်လန့်တကြားတွေ့ လိုက်မိပါတယ်..။

အင်း….အာရုံတစ်ခု ..မျိုးစေ့တစ်ခု…။
စိမ်းလန်းမှာလား..။
ငြိမ်းချမ်းမှာလား..။
သံသရာ ရပ်ဝန်းမှာ အလေ့ကျပေါက်ရတော့မှာလား..။

သာသနာ့ရေခံမြေခံ က အခွင့်အခါကောင်းပေးပါလျက် ကိုယ်စိုက်လိုက်တာတွေ က …မျိုးစေ့မမှန်ခဲ့ပါကလား လို့ ကိုယ့်ကိုကို ဆုံးမလိုက်ပါတယ်သား..။
အာရုံ မှ လွတ်မြောက်နိုင်စွမ်းဆိုတာကလည်းအလွန့်အလွန် ရတောင့် ရခဲ..။
(ပဗ္စဇိတ ဘာဝေါ ဒုလ္လဘော) ဆိုတာ အာရုံတွေမှ လွတ်မြောက်ခြင်း ပဲရယ်လို့ ဟောကြားထားတာ သားလည်းသိမှာပါ..။

အံတီကတော့ ကမ္ဘာမြေ ပေါ်မှာ စိမ်းလန်းရေး သစ်ပင်တွေ စိုက်ပျိုးနေပေမဲ့ ကိုယ့်ရဲ့ မနော လွင်ပြင်မှာ တော့ အာရုံတစ်ခု..မျိုးစေ့တစ်ခု ပေမို့…. အဲဒီမျိုးစေ့တွေ မစိုက်ပျိုးမိအောင်ကြိုးစားနေပါတယ်..။

သားကလည်း ဓမ္မရသ ကိုဖန်တီး နေသူတစ်ဦး မို့ အံတီပြောပြ တဲ့ သားမွေးနေ့ ဓမ္မလက်ဆောင်လေး ကြောင့် ဥာဏ်တစ်ချက် လင်းလက် လိမ့်မယ်ဆိုတာ အံတီ ယုံကြည်နေပါတယ်သား။

အဓိပ္စါယ် ပြည့်ဝသောမွေးနေ့မှတ်တိုင်တစ်ခု ဖြစ်ပါစေ..။

မေတ္တာဖြင့်
သစ္စာအလင်း

Saturday, October 27, 2012

*ဘဝပန်းခင်း များပေါ် သို့ ဓမ္မ မိုးစက် ပွင့်များ*( ပန်းကမ္ဘာ ဘုန်းဘုန်း အရှင်သုနန္ဒာလင်္ကာရ.. မွေးနေ့အမှတ်တရ)




စိတ်ကူး ထဲက မျှော်မှန်း ချက် နဲ့ လက်တွေ့ ဘဝ ကွာဟ လေတိုင်း ….၊
တစ်ခါတစ်ခါ ကြိုးစား အားထုတ်မှုတွေ နဲ့ ..ပန်းလျလာတိုင်း   ၊
ပိုင်းဖြတ် နိုင်ခဲ့ သော  ဆုံး ဖြတ်ချက်တို့ သည် ယိုင်နဲ့နဲ့ ဖြစ်ရ လေတိုင်း
ယုံကြည်ရာ လမ်းကို တည်ကြည် ခိုင်မတ် စွာ လျှောက်လှမ်းနေသူတို့ ရဲ့ ခြေလှမ်းများကို မှန်းဆ ကြည်ညို တန်ဘိုး ထားမိပါတယ်..။ အားကျ မျှော်ငေး ရင်း ကိုယ့်ရဲ့ ယိုင်နဲ့ သွားတဲ့ ခြေလှမ်းတွေကိုတည့်မတ် ရပါတယ်..။
ယုံကြည်ချက် ခံယူချက် တွေ နဲ့ ချီတက်နေသူတိုင်း ဟာ အဆန်လမ်းကို ဆန်တက်ရတာ ဖြစ်လေတော့ ချောမွေ့ နေသော ပန်းခင်းလမ်း တော့မဟုတ် ကြောင်းကောင်းကောင်း နားလည် ခဲ့သည်လေ..။  
ဒီလို ဒီလို နဲ့ ကိုယ့်ရွေးချယ်  ရာ ဘဝခရီးကို လျှောက်လှမ်း နေသူတွေ ကို ခံစားမှု နဲ့ နှိုင်းဆရင်း လေးမြတ်ကြည်ညို ရပါတယ်..။
အဲလို သူများထဲမှာ *ပန်းကမ္ဘာ ထဲက ဓမ္မနန်းတော်* ကိုတည်ဆောက်ခဲ့တဲ့
ပန်းကမ္ဘာ (http://www.dhammayaungchi.com ) နဲ့ ဓမ္မနန်းတော် ဓမ္မ ဘလော့ (http://www.dhammapalace.org/ ) များကို ဖန်တီးတဲ့  ..ကျွန်မ က ပန်းကမ္ဘာ ဘုန်းဘုန်း လို့ ခေါ် တဲ့ ဘုန်းဘုန်း အရှင် သုနန္ဒာ လင်္ကာရ လည်းပါဝင်ခဲ့ပါတယ်..။
ပန်းကမ္ဘာ ဘုန်းဘုန်း ကလည်း ကျွန်မတို့ နဲ့ ဓမ္မစာပေရေးသားသူများအဖြစ် သိကျွမ်းကြည်ညို ရတာ အတော်တောင်ကြာခဲ့ပါပြီ..။ သုံးနှစ် နီးပါးတောင်ရှိခဲ့ပါ ပြီ။
ဘုန်းဘုန်း ကို ၁၉၇၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက် နေ့မှာ မွေးဖွား ခဲ့ ပါတယ်..။ မနက်ဖြန် ဆို ဘုန်းဘုန်း အသက် ၃၄ နှစ်တင်းတင်းပြည့်ပါတော့မယ်..။ ကျွန်မတို့ ဆရာ-ဒကာ ရင်းနှီး မှု ဟာ ဓမ္မ အားဖြင့် ဆက်နွယ်မှု သက်သက်သာ ဖြစ်ခဲ့တာ အမှန်ပါ..။
ကျွန်မ ရဲ့ သစ္စာအလင်း ဘလော့ဂါ ဘဝသည်လည်းအခုလာ မဲ့ ဒီဇင်ဘာ ဆို  ၃နှစ်ပြည့်မြောက်ပါတော့မယ်..။ ဓမ္မဘလော့ဂါ ဘဝမှာ ခင်မင် ရသူတိုင်း ဓမ္မ နဲ့ ယှက်နွယ် သော ဓမ္မစကားများကို သာ ဆိုကြ ကာ နေတာ မို့ ဓမ္မရတနာ သဖွယ် လေးနက်စွာ တန်ဘိုးထားခဲ့ ပါတယ်..။
ဘုန်းဘုန်း ရန်ကုန်ကြွ ရောက် စဉ် ကာလမှာ ကျွန်မ ဆွမ်းမကပ်ဖြစ်ပေမဲ့လည်း ဘုန်းဘုန်းက ကျွန်မ ရေး တဲ့ပိုစ့်တိုင်းကို ဖတ်ဖြစ်တာ..ဝေဖန်ပေး တာ ခုချိန်ထိ မပျက်ကွက်ခဲ့သေးပါ..။ ကျွန်မ ကတော့ ဘုန်းဘုန်း ရေးတဲ့ ဆောင်းပါးတွေ ထဲက အဆီအနှစ်တွေ မှတ်သားထုတ်နှုတ်ပြီး မှတ်ချက် ဘယ်တော့မှ ရေးလေ့ မရှိခဲ့ပါ..။
ဘုန်းဘုန်း ရေးသားတဲ့  ခရီးသွားဆောင်းပါး များကလည်းအချက်အလက် စုံစုံလင်လင် ၊ ဓာတ်ပုံတွေ ပြည့်ပြည့်ဝဝ နဲ့ စာတမ်းတစ်စောင်ဖတ်ရသလို မျိုးပါ။
ပရဟိတ လုပ်ငန်း တွေကိုလည်း မြန်မာပြည် ပြန်ရင်း အိန္ဒိယ မှာ ပါရဂူ ဘွဲ့ အတွက် ကျမ်းပြုရင်း ထက်ထက်သန်သန်ဆောင် ရွက် နေတာ လေးစားကြည်ညိုရပါတယ်..။ စာသင်သားတွေ အတွက် ကျမ်းစာ အုပ်များလှူဒါန်းစီစဉ်ပေးတာက စပြီး *ဓမ္မနန်းတော် * ဘလာ့ကို တည်ဆောက် ဖြစ်ခဲ့တာ http://www.dhammapalace.org/  အထင်အရှား မို့ တကယ့်ကို အားကျ အတုယူ စရာဖြစ်ခဲ့ပါတယ်..။
ကျွန်မ အတွက်အကြိုက် ဆုံး နဲ့ ဖတ်ဖြစ် တာကတော့ ဘုန်းဘုန်းစုဆောင်းထားတဲ့ကဗျာ များ ပဲဖြစ်ပါတယ်..။

****သူငါကစ၊ ရှိသမျှလည်း၊ နေ့ညဥ့်မလပ်၊ အစဉ်စပ်လျက်၊ ဥပါဒ်-ဌီ-ဘင်၊ မပြတ်နှင်လျက်၊ ပျော်ရွှင်စရာ၊ မရှိပါဘဲ၊ ဖျားနာကိုက်ခဲ၊ ရောဂါစွဲ၍၊ သေပွဲသေတမ်း၊ သေစခန်းနှင့်၊ သေလမ်းသို့သာ၊ နီးကပ်လာ၏။

ငါငါတက်ကြွ၊ မာန်မာနနှင့်၊ လောဘဒေါသာ၊ အစဖြာသား၊ ယုတ်မာစွာလှ၊ အဓမ္မကို၊ ဝေးကမလာ၊ ကင်းရှင်းကွာအောင်၊ ခါခါမပွား၊ အပျင်းများမူ၊ လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့။

လူ့ရပ်နတ်ရွာ၊ ထက်ဗြဟ္မာနှင့်၊ မဟာသုခ၊ နိဗ္ဗာနသို့၊ ရှစ်ဝမဂ္ဂင်၊ သင်္ဘောယာဉ်ဖြင့်၊ ဆောလျင်ကပ်ခို၊ ရောက်ရလိုမူ၊ ထိုထိုပုည၊ ကုသလကို၊ နေ့ညမစဲ၊ လုံ့လသဲလော့..****

( လယ်တီ ဆရာတော်ကြီး )
အခု လို သံဝေဂ ရေစီး သည် ဘဝ ထဲသို့ အရှိန်အဟုန် နဲ့ စီးဆင်းလာစေမဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ ရှားပါး ကဗျာ သံဝေဂလင်္ကာ ကဗျာ မျိုး ကိုလည်း ဘုန်းဘုန်း စုဆောင်းထားပါသေးတယ်..။
ပညာတတ်-ပညာရှိ သူတော်ကောင်းရဟန်းတစ်ပါး အတွက် ထိုက်တန်သော စကားလုံး ရှာဖွေရန် ရင်ခက်ခဲနေခဲ့လို့ Comments တွေ မှတ်ချက်တွေ ရေးသားဘို့ အမြဲ ပျက်ကွက်ခဲ့ပါတယ်။ ဒီအတွက်တော့ ဘုန်းဘုန်း အတွက်မွေးနေ့ ပူဇာ ဓမ္မစာဖြင့် တောင်းပန်ရပေအုံးတော့မယ် လေ..။
ဘဝဆိုတာက လည်း မေ့လျောစေတတ်တာတွေ တစ်ပုံတစ်ပင် ရှိနေတာမို့ ဝိပဿနာ မည်မျှသိသိ သံဝေဂ လှိုင်းများမရိုက်ခတ်လျှင် ဒုံရင်းပြန်ဆိုက်တတ် တာမျိုးမဟုတ်ပါလား။
အရာရာ မှာ ဆန့်ကျင်ဘက်တွေ ရောပြွမ်း နေတာ မှာ အားပြိုင် နေရတာ ကိုက ဘဝပါပဲ…ဒါသည်ပင်  လောက ပါပဲ ရယ်လို့ လက်ခံ လာနိုင်ခဲ့ပါတယ်..။
လောကရဲ့ သဘောကတော့ *အနိစ္စ ၊ဒုက္ခ၊ အနတ္တ လက္ခဏာ* သုံးပါးသာ ဖြစ်တာမို့ လောက နဲ့ အလိုက်သင့်နေထိုင်နိုင်တာဖြစ်ပါတယ်..။

ဘဝ ဆိုတာ ကို ငယ်ရွယ်စဉ်ကာလ တုံးကတော့ *ရုပ်ရှင် ဒါရိုက်တာ* တစ်ယောက်လို လုပ်ဆောင် ဖြစ်သန်းမိခဲ့တယ်..။ ဒီအခန်းမှာ ဒီလို သရုပ်ဆောင်မယ်၊  ဒီနေရာမှာ ဒီလို ရီမောပျော်ရွှင်စေ.လိုက်မယ် .ဒီအခန်းမှာ တော့ ငိုကြွေး လောင်မြီုက်စေ..။

ဒါပေမဲ့လည်း ဘဝ ဆိုတာ ဒါရိုက်တာ ကြည်ရှု ရိုက်ကူးပေးနိုင်အောင်အကွက်ကျ စီစဉ် ရေးသားထားတဲ့ဇာတ်ညွှန်း တစ်ပုဒ် မဟုတ်လေဘူးဆိုတာ…ကို သိနားလည် လာချိန်မှာတော့ ကျရာအခန်းက ပိုင်နိုင်အောင် ကပြနိုင်တဲ့ *ဇာတ်ဆောင် မင်းသမီး* လို ကျင့်သုံး လွန်မြောက် ရ ပြန်ပါတယ်..။

နှလုံးသားကိုဖြတ်သန်းသွားတဲ့အရာ တိုင်းဟာ ပျော်စရာ ဖြစ်စေ… ဝမ်းနည်းကြေ ကွဲ စရာဖြစ်ပစေ.. ခံစားလိုက်ရတိုင်း ပန်းလျကျန်ခဲ့ရတာ အမှန်ပါပဲ..။
 ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရား ကြီး ရဲ့ အဆုံးအမ တရားတော်တွေ ကြောင့် အာရုံ နဲ့ ဒွါရ တိုက်လို့ ပေါ်လာတဲ့ ခန္ဓာ ငါးပါးသည် မီးသည်သည် မျှသာ ….ဒုက္ခသစ္စာ စစ်စစ် ဖြစ်တယ် ရယ်လို့ နာယူ နှလုံးသွင်းဖြစ် ခဲ့ ပါတယ်..။
ဒီလိုတွေ ဖြစ်လာရတာ များလာချိန်မှာတော့ ကျွန်မ ဟာ မနောတံခါးမှာပေါ်လာသမျှကို ….(တနည်း) ဘဝဖြစ်စဉ် တွေကို *ပွဲကြည့်ပရိသတ်* လို ဖြတ်သန်း ဘို့သာ ကြိုးစားပါတော့တယ်..။
ဖလင်ကွက် မှ ပုံရိပ်များ တစ်ကွက်ဆီ တစ်ကွက်ဆီ ရွေ့ လျား သွားနေ တာမို့ ရုပ်သေ တို့သည် ရုပ်ရှင် ဖြစ်ခဲ့တာ မဟုတ်ပါလား.။ ဒါသည်ပင်လျှင် ဘဝ ..ဒီဘဝ ဒီအလုပ် သာရှိတယ် လို့ နှလုံးသွင်း နေထိုင်ဖြစ်အောင်ကြိုးစား ပါတော့တယ်..။
ကျွမတို့ ရဲ့ မနောဒွါရ ဟာဒယ ဝတ္ထု မှာ အတွေးဆိုတဲ့ ဓမ္မာရုံ တွေ တိုက်ဆိုင် ဖြစ်ပေါ်တဲ့အခါ ကြံသိစိတ်ဆို တာလေးတွေ ကလည်း ပေါ်ပေါ် လာလိုက်တာ ….ဖလင် အကွက်စီသလိုပါပဲလေ..။

ဒါကို သက်ဝင်လှုပ်ရှားအောင် တစ်ပုံ ကနေ တစ်ပုံ ကူးစေတာ..ရုပ်သေမှသည် ရုပ်ရှင် ဖြစ်စေတာကတော့ *တဏှာ* ဆိုတဲ့ ဒါရိုက်တာ တစ်ယောက် ရှိနေတာ အမှန်ပါပဲ လို့ ကျေးဇူးတော်ရှင် မြတ်စွာ ဘုရား က လက်သည် တရားခံကို ထုတ်ဖေါ် ဟောကြားခဲ့ပါတယ်..။
ဒုက္ခယှက်လိမ် ခန္ဒာ အိမ်ကို ကြိမ်ကြိမ် ကြိုးကုတ် တည်ဆောက်လုပ်သည် ..အကြောင်းရင်းသမုဒယ သစ္စာ ဖြစ်သော တဏှာ ယောင်္ကျား လက်သမား ရယ် လို့ အမည် တပ်ပေးခဲ့ပါတယ်..။

တစ်ခါ တစ်ခါ လူတို့ ၏ မှားယွင်းဖေါက်ပြန်ကြသော ကိစ္စ တို့ကို တွေ့ကြုံရလေတိုင်း ဆိုးလိုက်တာနော်.. ဘာလို့များ ဒီလို လုပ်ကြတာပါလိမ့် ကျူးလွန် ကြတာပါလိမ့် ရယ် လို့ အပြစ်တင်သော ဒေါသ…သဘောတွေ ကိုယ့်သန္တန် မှာ ဖြစ်ပေါ် လာလေ တိုင်း ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီးက ဆုံးမပေးတော်မူပါတယ်..။
သတ္တဝါတွေ မှား ကြရတာ မူလ နှစ်ဖြာ လေ လို့ တကယ်…. တကယ့် တရားခံ ဇစ်မြစ် *အဝိဇ္ဇာ နဲ့ တဏှာ* ကို သတိပြု ဘို့ တရားခံအစစ်ကို ထောက်ပြ ဆုံးမတော်မူခဲ့ပါတယ်..။
အမှားမှန်သမျှ သည် မသိခြင်း ဆိုတဲ့ အဝိဇ္ဇာ မှ ဖြစ်ဖျား ခံပြီး တဏှာ ဖြင့် ခရီးဆက်ကြတာ မဟုတ်ပါလား။

တကယ် တော့ တရားဆိုတာ အမှန်တရားကိုထောက်ပြ တည့်မတ်ပေးနိုင်တာပဲလေ..
ကြားနာရုံပင် အပူစင် လို့ ကျင့်လျှင်ချမ်းသာ လွန်စွာ ငြိမ်းအေး အမြိုက်ဆေး ဆိုတာ လက်တွေ့ သိရှိ ခံစားခဲ့ ပါတယ်..။
ဒါဟာ တရားဂုဏ်တော် ၆ ပါး ပေပဲ..။
ဒီတရားတွေကို လူတော သူတော အပူတောမှာ.. အေးမြ ငြိမ်းချမ်းစွာစီးဆင်းစေတဲ့အလုပ်ကို လုပ်ဆောင်နေတာဟာ ဘဝထဲကို ဓမ္မ ရောက်အောင် ကြိုးစားနေတာပါပဲ လို့ကျွန်မ အခိုင်အမာယုံကြည်မိပါတယ်..။
အရေးအကြီးဆုံး ဖြစ်တဲ့ သံသရာ့ချောက်ထဲမကျအောင် ဆွဲထုတ် ကယ်တင်နိုင်သော အားကိုးရာ အစစ်  အမှန်ဖြစ်ခဲ့ပါတယ်..။
မနှစ်က မွေးနေ့ မှာတော့ ဘုန်းဘုန်း က သူလျှောက်လှမ်းနေတဲ့ ဓမ္မစာပေလမ်းကြောင်းကို ဝါကြွားခြင်း မရှိပဲ ရိုးရိုးလေးဖေါ်ပြခဲ့ပါတယ်..။


***တခါတလေမှာတော့ စာတွေကို ဖတ်ပြီး စာရေးသူရဲ့ စိတ်ဓာတ်ကို ခန့်မှန်းနိုင်တာမို့ ရေးရတာ တွန်ဆုတ်နေမိတတ်ပြန်တယ်၊  စာရေးတယ်ဆိုတာ  တခါတလေ ငါတွေ့တွေနဲ့  များသောအားဖြင့် ရှေးရှေးသော သူတော်ကောင်း တို့ရဲ့လမ်းစဉ်အတိုင်း လိုက်လံလျောက်လှမ်းရတာမို့ စာတွေ့အားဖြင့် မျှဝေရတာမျိုးလဲ ရှိတတ်ပြန်တယ်၊ ကိုယ်ပိုင်လမ်းဆိုတာတော့ မရှိပါ၊ အဖမြတ်စွာရဲ့ လမ်းစဉ်အတိုင်း ဖော်လိုလိုက်ကာ လျောက်လှမ်းခြင်းသာ ဖြစ်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဓမ္မအသိလေးတခု မျှဝေနိုင်တယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါပြီလေ ….****

ဒီ လို ဒီလို ခံယူချက်တွေ နဲ့ ဘဝကို ဖြတ်သန်း လွန်မြောက် ကြသူ တွေကို ဘာဆုတွေ ပြည့်ချင်ပါသလဲ လို့ မေးမြန်းဘူးကြပါသလား။
တကယ်တမ်း မေးလာခဲ့ရင်တော့ အခုလို အများအကျိုးကို ဖေါ်ဆောင် ပေး နိုင် တဲ့ ဓမ္မစာပေရေးသား၊ဟောပြောခြင်း ၊ ပရဟိတ လုပ်ငန်းများ ကိုသာ စွမ်းစွမ်းတမံ ဆထက်ထမ်းပိုးဆောင်ရွက် ရပါစေလို့ သာ ဆုတောင်း မိကြမှာပါ..။
ဘဝ ထဲမှ* ငါ..ငါ..တစ်ငါ..ငါ ဖြင့် အပွားဆုံးဘဝမှသည်*  *ငါသည် အပါးဆုံး* ဖြစ်အောင် လေ့ကျင့်ထုံမွှမ်းခဲ့ပြီ မဟုတ်ပါလား။
ဘုန်းဘုန်း ရဲ့ စိတ်နှလုံး ထဲမှာလည်း ဒီလို ပဲ ရှိမယ် လို့ ခန့် မှန်း ရတာမို့ ဓမ္မစာပေရေးသား၊ဟောပြောခြင်း ၊ ပရဟိတ ဆောင်ရွက် ခြင်း တို့ ကိုသာ စွမ်းစွမ်းတမံ ဆထက်ထမ်းပိုး တိုးတက် လုပ်ဆောင် နိုင်ပါစေကြောင်းသာ မွေးနေ့ ဆုတောင်း ပြုလျက် ဦးညွှတ်ကန်တော့ အပ်ပါတယ် ပန်းကမ္ဘာ ဘုန်းဘုန်းဘုရား။

မေတ္တာဖြင့်
သစ္စာအလင်း

Friday, August 3, 2012

ဝိမုတ္တိသုခ..ဝိမုတ္တိရသ များရဲ့ ဖန်တီးရှင် သို့-မွေးနေ့အမှတ်တရ

လွန်ခဲ့တဲ့ ၄ နှစ်နီးပါး အချိန်လောက်ကစပြီး ဇော်ဂျီ ဖွန့် ပေါ်လာတာ နဲ့ ကျွန်မ သည် *သစ္စာအလင်း* ဆိုတဲ့ မြန်မာ ဘာသာဖြင့် ကိုယ်တိုင်ထုတ်ဝေလို့ရတဲ့ ဘလော့လေး တစ်ခု ဖန်တီးခဲ့ပါတယ်..။

ပိုင်းလော့ဆရာတော် ဘုရားကြီး ရဲ့ အဆုံး အမ နဲ့ လောကအမြင် ပြောင်းလာ ခဲ့တာ ဒုက္ခ နည်းအောင်နေ ထိုင် တတ် သွား ခဲ့တာ တွေ ကို ကျွန်မသိသလို သိစေချင်တဲ့စေတနာ နဲ့ရော..အဝေးမှာ ထားခဲ့ရတဲ့ သာသမီးလေးများ အတွက် မှတ်တမ်းမှတ် ရာ လေးတွေ ဖြစ်အောင် စရေး ဖြစ်ခဲ့တာ ပါ..။

ဒါပေမဲ့ ထိုသို့သော ဓမ္မစာပေ ရေးသားသူများ မည်မျှရှိသည်…ဘယ်သူတွေဖြစ်သည် ကိုတော့ အစက ကျွန်မ မသိခဲ့ပါ..။ ပိုစ့် ၅ခု ၆ခု လောက်တင်ပြီးချိန်မှာတော့ ကျွန်မ နဲ့ လမ်းတစ်ခု ထဲတူတူ လျှောက်နေသူများ က လာရောက် မိတ်ဆက်ကြပြီး  သိကျွမ်း ခင်မင်ခဲ့ရပါတယ်..။
သားသမီး အရွယ် ကလေးများကို ရည် ရွယ် ပြီး ရေးတာမို့ သားသမီး အရွယ် ကျောင်းသားလေးများ ဖြစ်တဲ့ ကိုဦး ( အောင်ဦး-ဓမ္မရသ ) နဲ့ ဖိုးသား(အဖြူရောင်မေတ္တာ ) တို့ကို မိတ်ဆွေ စစ်တွေ အဖြစ် ကျွန်မရရှိခဲ့ပါတယ်..။ ဘုန်းဘုန်း ဦးလောက နာထ ကတော့ကျွန်မ သိချင်တဲ့တရားဓမ္မများ ကို သင်ပြ ဆုံးမ ပေးပါတယ်..။သစ္စာ တရား ကိုဝင်းမြင့်၊ မမေဟန် (Live Dhamma ) ၊ တို့ကတော့ ကွန်ပျူတာ ဆိုင်ရာ နည်းပညာများ ကူညီပေးခဲ့ကြပါတယ်..။

အခု မွေးနေ့ရှင် မောင်လေး Bliss ဝိမုတ္တိသုခ နဲ့ သိကျွမ်းခင်မင် ခဲ့ရတာကတော့ နည်းနည်းလေးအမှတ်တရ ဖြစ်ခဲ့ပါတယ်..။ သူ့ရဲ့ *ဝိမုတ္တိသုခ* ဘလော့လေး(http://www.vimuttisukha.com/) က ရိုးရိုးစင်းစင်း လေး ဖြစ်သလို တည် တည် ညိမ်ညိမ်လေးဖြစ်တာ ကိုတွေ့ရပါတယ်..။ တင်ထားတဲ့ ပိုစ့်တစ်ခု ချင်း ကို ရှာဖွေ ဖတ်ရှု တဲ့အခါ မှာတော့ အထင်ကြီးစရာ တင်ပြချက်များ ကို ထပ်မံတွေ့ရှိရပါတယ်..။

သေသေချာချာ ထဲထဲ ဝင်ဝင် တရားအားထုတ် ထားမှုများကို ပြန်လည်တင်ပြထားတာ မို့ ကျွန်မ စိတ်မဝင်စားပဲမနေနိုင်ခဲ့ပါ..။ ကလေးများအတွက် ဓမ္မ သီချင်းများကို အင်္ဂလိပ်လိုကောသံစဉ် လေးတွေပါ သပ်သပ်ယပ်ယပ် တင်ထား တာ  မို့ ကျွန်မ ကူးယူ သိမ်းဆည်းထားလိုက်မိပါတယ်..။

တစ်နေ့ကျတော့ သူ့ ဘလော့ကို ဖတ်နေကျအတိုင်းဖတ် လိုက်တော့ ဆရာတော်ဦးဇော တိက ရဲ့ မှတ်သားဖွယ်ရာ လေးနက် တဲ့ မှတ်စုများ ကိုဖေါ် ပြထားတာ ဖတ်လိုက် ရပါတယ်..။ အဒီအချိန်တုံးက ဖေ့စ်ဘွတ်မပေါ်သေးတာ နဲ့ စာသားတွေကို ဖြန့်ဝေချင်စိတ် လောကြီးတဲ့ကျွန်မ က ဆရာတော် ရဲ့နာမည် ကိုမဖေါ်ပြပဲ ကျွန်မို့ စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရ ကျောင်းသားများ Group Mail မှာ ဖြန့်ဝေလိုက်မိပါတယ်..။ ကျွန်မ လိုပဲ နှစ်သက် သဘောကျ သူကတော့ ညီမ ဒေါက်တာအေးအေးခင် (Malaysia ) က ပါ။ သူက လည်းချက်ချင်းပဲ မလေးရှား မှာ ထုတ် ဝေနေတဲ့ လမ်းသစ် ဂျာနယ် ကို ချက်ချင်းပေးပို့ လိုက်မိကြပါ တယ်..။

ညီမ အေးအေးခင် နဲ့ အွန်လိုင်းစကားစပ်မိတော့ မှာ ပဲ.. ကျွန်မ မှာ သူ့ ဘလော့ မှာ ကွန်မန့်ပေးရင်းကာယကံရှင် ထံမှ ခွင့်ပြု ချက်ရယူဘို့ တောင်းပန်ရပါတယ်..။ ဘလော့လေးက တည် ညိမ်ပြီး လူကြီးဆန်နေတာမို့ ကျွန်မ မှာ အသက် အရွယ်လည်းမမှန်းဆ တတ်တာ နဲ့ သူ့ ဘလော့နာမည် လေးအတိုင်း …Bliss ရေ..လို့ ရေးခဲ့မိပါတယ်..။ ဒီနာမည် လေးက လည်း အဓိပ္ပါယ် မျိုးစုံ ပါဝင်နေတာမို့ ကျွန်မ ကလည်း ဘလော့ပိုင်ရှင် နဲ့ လိုက်ဖက်တယ်လို့လည်း ယုံကြည်မိခဲ့ပါတယ်..။ မောင်လေးကလည်း ခုထိ နှစ်သက်စွာ သုံးစွဲနေဆဲမို့ နာမည်ခေါ်တဲ့ ကျွန်မ မှာ ဝမ်းသာရပါတယ်..။

ဒီလို နဲ့ ပဲ ဒေါက်တာအေးအေးခင် နဲ့ ကျွန်မ ဟာ*ဝိမုတ္တိသုခ* ဘလော့ရဲ့ အမာ ခံ ပရိသတ် ဖြစ်ခဲ့ရပါတယ်..။ကျွန်မ ထက် အသက် များစွာငယ်တယ် ဆိုတာ ကို တော့နောက်ကြာလာမှ သာသိရပါတယ်..။ အော် …Chronological Age  ကကြီးနေခဲ့သည် ကိုး။

နောက် များကျတော့ ကျွန်မတို့ ဓမ္မဘလော့ဂါများ စနေ တနင်္ဂနွေ အားရင် အွန်လိုင်းတရားပွဲ များကို ဘုန်းဘုန်းဦးတိက္ခ ဥာဏ လင်္ကာရ  ရဲ့ ဟောပြောမှု မှ စတင် ပြီး Skype ကထုတ်လွှင့်ခဲ့ကြပါတယ်..။အဲဒီတုံးက Ustream မပေါ်သေးတာ မို့ ၁၆ ယောက်လောက်သောလူများ စုထိုင်နေသလိုပါ။ လူမမြင်ရတာ တစ်ခု သာ ရှိပြီး တယောက်ရှိမရှိကို အစိမ်းရောင် လေးများ နဲ့ ကြည့်ပြီးသိကြရပါတယ်..။

ကျွန်မတို့က ကျောင်းသားတွေမို့ အချိန်အားကြသော်လည်း မောင်လေး ကအလုပ်လုပ်ရပါတယ်..။ အလုပ်ကပြန်လာရင် မောမောပန်းပန်း ဖြစ်နေသော်လည်း အွန်လိုင်းတရားပွဲကို ဝင်လာတတ်တာမို့ သူ့ရဲ့ Status အစိမ်းလုံး လေးပေါ် လာရင် အိမ်သားတစ်ယောက်ပြန်လာသလို ကျွန်မတို့ အားလုံးပျော်ကြ ရတာကတော့ မှတ်မှတ်ရရ ရှိခဲ့ပါတယ်..။

တရားဆွေးနွေး တဲ့အခါ မှာတော့ ကျွန်မ နဲ့ ကို ဝင်းမြင့် (ယခု-ဒေါက်တာဝင်းမြင့်ဇော်) က သိထားတာတွေကို ပြောချင်တာ များပါတယ်..။ မောင် လေးကတော့ သူ့ရဲ့ Counseling အတွေ့အကြုံ အရ စေ့စေ့စပ်စပ် ၊စူးစူး စိုက်စိုက် နားထောင် တတ်တဲ့အရည် အချင်းရှိသူပါပဲ..။ အပြောနည်းပြီး နားထောင်ပေး တတ်သူ တစ်ဦးပါ။

 B.E ( Electronic) နှင့်  MBA ဘွဲ့ များ အထိ မြန်မာပြည်မှာသင်ယူထား ခဲ့တဲ့အပြင် ပြည်ပ သင်တန်းတွေအရလည်း အကြံဥာဏ် ကောင်းတွေ ကလည်း ထွက်ပေါ်လာတတ်ပါသေးတယ်..။ကျွန်မတို့ အားလုံးထဲမှာတော့ အင်္ဂလိပ်စာ အတော်ဆုံး ဟာ သူပါ။

သူဟာ ဆန်းသစ် တဲ့အတွေးအခေါ်ရှိသူလည်းဖြစ်ပါတယ်..။သမရိုးကျမှ ခွဲထွက်ချင်သူ ဖြစ်ပြီး  ကိုယ့်ကိုကို ကိုယ်ရေလည်း မသွေးတတ် ဘူးဆိုတာ အွန်လိုင်း တရားဆွေးနွေး ပွဲများမှ တဆင့် ကျွန်မ သိခဲ့ပါတယ်..။ သူရေးသား တဲ့ တရားဓမ္မ ဆောင်းပါးလေးများ ဟာ သွက်သွက်လက်လက် ၊ ထက်ထက်မြက် မြက် နဲ့ လူငယ်ထု ရဲ့ နှလုံးသား ထဲကို ထိုးဖေါက်နိုင်တာကတော့ ကျွန်မ မချီးကျူး အသိအမှတ်မပြု ပဲမနေနိုင်ခဲ့ပါ..။ ဘလော့ ကနေ အခု ဖေ့ စ်ဘွတ်  ထိ ပရိသတ်အခိုင်အမာ နဲ့ ပါ။ ကျွန်မ ရဲ့ သား ကိုအုတ် ကပင် ဆြာဝိ ဆြာဝိ ဖြင့်ပါးစပ်ဖျားမှ မချ နိုင်တာ အမှန်ပါပဲ..။

နောက်ချီးကျူး မှတ်တမ်းတင် စရာတစ်ခုက *ဝိမုတ္တိရသ* စာမျက်နှာများကို နှစ်များစွာကြာအောင် ထိန်းသိမ်း ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်..။ ကျွန်မတို့တတွေ ကိုဝင်းမြင့်ဇော်နဲ့ မောင်လေးBliss  ဦးဆောင်ပြီး  *ဝိမုတ္တိရသ-၁*ဆိုတာ ကို တည်ဆောက်ကြပါတယ်..။ အားလုံး ပိုစ့်တင်လို့ရအောင်လုပ်ထားတာ ပြီး စာအုပ်တွေကော ဓာတ်ပုံတွေကော ဗီဒီယို ဖိုင်တွေကော ပါ ဝိုင်းဝန်းတင် ကြတာ မို့ သိပ်ကို ဝေဆာ လှပ ခဲ့ပါတယ်..။

အကြောင်းမညီညွတ် တဲ့အချိန်မှာတော့ ဟိုစ့်တင်း(Hosting )ပြဿနာ ကြောင့် ရပ်တန့်ခဲ့ရပါတယ်..။ မောင်လေးကတော့ ဇွဲမလျှော့ပဲ  ဓမ္မဘလော့ဂါ တို့ ရဲ့ ပိုစ့်များ ကို အကုန် လိုက်ဖတ်ပြီး စုစည်းတင်ပြပေးတဲ့ *ဝိမုတ္တိရသ-၂* ကို မုဒိတာ စိတ်အပြည့်အဝ ဖြင့်ထပ်မံဖန်တီးခဲ့ပါတယ်..။

အစ ပိုင်း မှာတော့ ကျွန်မ ကတစ်လှည့်တင် လိုက်၊ သူကတစ်လှည့် တင်.. ဖိုးသား(ပြည့်စုံအောင်) က တစ်လှည့်တင်ကြပါတယ်..။ ဓမ္မ ဘလော့ ပေါင်းစုံ ကိုလည်း သူပဲစေ့စေ့စပ်စပ် လှည့်လည် ဖတ်ရှုနိုင်ပါသေးတယ်..။ တနေ့ကို ပိုစ့်ပေါင်း ဖျမ်းမျှ ၂၅ ခု အထက်မှာ တင်ရတာပါ။

ကျွန်မတို့ကတော့ မြန်မာပြည်မှာ ပြန်နေကတည်းက အဲဒီတာဝန်ကို မထမ်းဆောင်နိုင်တော့ပါဘူး။ မောင်လေးက တော့တည်တံ့ ခိုင်မြဲစွာ ချီတက်နေဆဲဖြစ်ပါတယ်..။ မောင်လေး ရဲ့ ပါရမီဖြည့်ဘက် ( မခရစ္စတယ်) ရဲ့ အားအင်အကူအညီတွေ အခိုင်အမာ ရှိနေတာ လည်း ချီးကျူးစရာကောင်း လှပါတယ်..။သူတို့ ရဲ့ ကသစ်ဝိုင် ဆရာတော်ဘလော့ တို့ ဘာတို့လည်းရှိပါသေးတယ်။

ပရဟိတ အဖွဲ့များဖွဲ့ ပြီး မြန်မာ နိုင်ငံက ဆင်းရဲဒုက္ခ ရောက်သူများကို အလှူငွေကောက်ခံပေးခဲ့တာ တွေကလည်း မနည်းမနောပါ..။ ဆက်ပြီးတော့လည်း မြန်မာ ပြည် နဲ့ဝေးသော်လည်း စိတ်ဝင်စားမှု အပြည့်ရှိနေပါသေးတယ်..။
ဒါတွေကို ဆောင်ရွက် နိုင်တာမို့ အချိန်တွေ ပေါများ၊ အားလျား နေတဲ့သူတစ်ဦးတော့မဟုတ်ပါ။ ကမ္ဘာ ပေါ်မှာ လုပ်ငန်းခွင် Stress အမြင့်ဆုံးတိုင်းပြည် ဖြစ်တဲ့ ဂျပန်မှာ နေထိုင် အလုပ်လုပ်နေသူ တစ်ဦးပါ..။ အချိန်ကို ခက်ခဲ့ကြပ်တည်းစွာ Manage လုပ်ရရှာတယ် ဆိုတာ နားလည်ပေးရပါတယ်။

အခု သူ့ ရဲ့မွေးနေ့ ( ၃၁-ဂျူလိုင်) မှာ ကျွန်မ တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးချင်ပါတယ်..။ နှစ်ကိုတော့မဖေါ်ပြတော့ပါဘူး။ သူက ငယ်ပါသေးတယ် ..ကျွန်မ က ပင်လယ် ဝ ရောက်နေပြီ ဆိုတော့ သူက မြစ်ဝကျွန်းပေါ် ရောက်နေပြီ တဲ့။

မောင်လေးတို့လို လူများများပေါ်ထွက်လာရင် လူသားအကျိုးပြု လုပ်ငန်းတွေ အသိပညာ အလင်းတိုင်တွေ ထိန်ထိန် ညီးနေမှာ အမှန်ပါပဲ လို့ ကျွန်မ ယုံကြည်ပါတယ်..။ လိုရာဆန္ဒများ လျင်မြန်စွာ ပြည့်စုံပြီး တရားအဆင့်အတန်းများ တိုးတက်ပါစေ..။လွတ်မြောက် မှု သုခ ကို နာမည် နဲ့ လိုက်ဖက် အောင်ရရှိပိုင်ဆိုင် နိုင်ပါစေ။  မိမိသိသလို သူတစ်ပါး သိစေလိုတဲ့ တရားဓမ္မ ဖြန့် ဝေတဲ့ လုပ်ငန်းများလည်းတိုးတက်အောင်မြင်ပါ စေကြောင်း အစ်မ ရင်းချာ သဘွယ် ဆုတောင်း မေတ္တာ ပို့သ အပ်ပါတယ်..။

လေးမြတ်ချစ်ခင်စွာ..
မေတ္တာဖြင့်
အမ သစ္စာအလင်း

Thursday, May 31, 2012

မေလ မှာမွေးဖွားသော ဓမ္မဘလော့ဂါ များအတွက် မွေးနေ့ ပူဇာ ဓမ္မကဗျာ


ငယ်စဉ် ကစာရူးပေရူး ဖြစ်ခဲ့ပေမဲ့ ခေတ်တွေပြောင်း နည်းစနစ်တွေ ပြောင်းလဲလာ တဲ့ကာ လတစ်ခု မှာ ဘဝ အတွေ့ အကြုံ နဲ့ အတွေးအခေါ် ကိုမျှဝေချင် တယ်ဆိုပြီး ချရေးမိတော့ သံဝေဂ သံတွေ လွှမ်းပြီး ၊ နာယူဘူးတဲ့ တရားစကားတွေ ပြန်လည် ထွက်ပေါ် လာတာမို့ ကျွန်မ သည် *ဓမ္မဘလော့ဂါ * ဆိုတဲ့ နာမည် တစ်ခု ရရှိခဲ့ပါတယ်..။
 ဓမ္မစာပေ တွေ ရေးသားမျှ ဝေပြီး ဓမ္မ အစွဲလေး ကိုမဖျောက် နိုင်သေးဘူး ပြောလာခဲ့လျှင်လည်းခံရမလို..။ ဘဝ မှာ သိကျွမ်းခင်မင်သူများသော်လည်း ဓမ္မဘလော့ဂါချင်းအလေးထားမှု ကိုကား မည်သည့် အသိမိတ်ဆွေက မှ ယနေ့ထိ မကျော်လွန်နိုင်သေးတာ အမှန်။

ဓမ္မဘလော့ဂါချင်း ရင်းနှီးခင်မင်မှုသည် အရွယ် ကိုလည်း ထည့်မတွက်.. နေထိုင်ကြတဲ့ တိုင်းပြည်ကလည်း…စည်းမခြားစေခဲ့  ၊ တတ်ကျွမ်းကြတဲ့ မတူညီသော ပညာ တွေ ကလည်းမဝေးကွာ စေခဲ့တာအမှန်ပါ..။

ကျွန်မ အီတလီ နိုင်ငံမှာ ၄နှစ်တာပညာသင်ပြီး ကျမ်းပြု နေတာ ပြီးသွားချိန်မှာ  အဲဒီ ဘဝ စတင်ခဲ့ပါတယ်။ စာမေးပွဲ ဖြေရန်စောင့်နေချိန်မှာ ဒီလို အဘိုးတန်မိတ်ဆွေများကြောင့် ဘဝဟာ တစ်မျိုး တစ်ဖုံ အဓိပ္ပါယ် ပြည့်ဝ ခဲ့ရတာ..လေးနက်ခဲ့ရတာ.. စိတ်လုံခြုံအေးမြ ခဲ့ရတာ မို့ ဘဝ ဟာ တစ်ဆစ်ချိုး ခဲ့ရပါတယ်..။ 

ကျွန်မတို့ချင်းပြောနေကျဝေါဟာရ ကို ပြန်သုံး ရရင်တော့ သံသရာခရီး ကို ကူးမြောက် လိုသူများဆိုတော့ သတိပဋ္ဌာန် လှေဆိပ် တို့ မဂ္ခင်ဖောင်ဆိပ် မှာတွေ့ကြတာပဲပေါ့တဲ့။ ဟုတ်လောက် မှာပါလေ..။

အခုတော့လည်း ဘဝတွေ ဟာ တသားတည်းစီးဆင်းကြင်္ပြီး အီတလီ ကရေမွှေးကလည်း ဂျပန်ရောက်..။ဂျပန် က ကမာကုရလည်း အီတလီမှာ အပူဇော်ခံ ၊ ကယ်လီ ဖိုးနီးယား မှာသီတင်းသုံးတဲ့အလိုတော်ပြည့် ဆင်းတုတော်တွေကလည်း လေယာဉ်စီးကာ မော်စကိုရောက် ၊ တိုကျိုရောက် ၊ရောမ ကိုလည်း ဒေသစာရီကြွ ချီပါတယ်..။ 
နယူးယောက် က ဆေးတွေလည်းစင်္ကပူ ကနေ တဆင့် ရန်ကုန် ကို အလည်ရောက်ပါတယ်။( ညီမ မထက်စု နှင်းဆီ ရေ..ညီမ ဆေးပို့တာ အမ ထည့်ရေးတယ်နော် ။) ကျွန်မကိုယ်တိုင်လည်း ယောနယ် ကိုရောက် မြစ်သာမြစ်ရေသောက် ..။ ပြင်ဦးလွင်က စတော်ဘယ်ရီခင်း ထဲမှာလည်း ဓမ္မဘလော့ဂါ တို့ရဲ့ ဆွေးနွေး သံများ ဝေစည် ခဲ့ လျက် တစ်သားတည်းဘဝ ထပ်တူကျခဲ့ကြပါပြီ..။

တစ်နှင့် တစ်ပေါင်း နှစ်မဟုတ် ပဲ  ၃ ..တွေ ၄တွေ ဖြစ် ခဲ့တဲ့ Synergistic Effect လည်း ရရှိခဲ့တာ ကမ္ဘာ အနှံ့..ဓမ္မတွေလည်း မျှဝေလွန်းလို့ ပရိသတ်လည်း တော်တော် မျက်စိ ညောင်းနေလောက်ကြပြီ ထင်ပါတယ်။

အခုပျောက်နေတာက မွေးနေ့ရှင်… ကမ္ဘာကျော် မောင်ဖိုးသား ..။ လူလည်းမလာ စာလည်းမရောက်..။  ၂၄ နှစ်ကတည်းက မွေးနေ့ လက်ဆောင်ရေးခဲ့ရတာ ..အခုဆို ၂၇ နှစ်တောင်ရှိပါပေါ့လား။ ဖိတ်စာ ရောက်မလာသေး လို့ တော့ ကွမ်းခြံကုန်းကဒေါ်မြင့်အုန်းအိမ် လိုက်သွားနိုင်ပါသေးသည်..။အမေ တစ်ခု သားတစ်ခု ..ဆိုတော့ အမေ ကိုသိပ်ချစ်လွန်း တဲ့သား အဲဒီမှာတော့ပြေးမလွတ်နိုင်ဘူး ဆိုတာ သေချာနေသည်။

ဘာပဲ ဖြစ်ဖြစ် နှစ်စဉ် ရေးနေကျအတိုင်း မေလ ဆို ၂၇ မှာ ဘုန်းဘုန်း ဦးတိက္ခ ရဲ့ မွေးနေ့ .. ၃၀ မှာ…ကိုဖိုးသား မွေးနေ့ အတွက်ရေး ခဲ့ မြဲ ပါပဲ..။
ဧပြီ အပြီး လ သင်္ကြန် ၁၇ ရက်နေ့ တရားစခန်းကထွက်ကတည်း က သစ္စာအလင်း သည် မလင်းချင်းနိုင်ပဲ..Proposal , Country Report , Power Point တွေ နဲ့ နပန်းလုံး နေခဲ့တာ… ၂လတာ အသစ်မတင်နိုင်သော ဘလော့လေးကို ဝမ်းနည်းစွာဖွင့်ကြည့်နေရခြင်း ကို နားလည်ခွင့်လွှတ်ပေး ရန် တောင်းပန် လျှောက်ထားလျှက်..။
တစ်ချိန် တစ်ခါ က အလေးအနက်ထား မှု မှတ်တမ်းပြု စကားလုံး များကို ကိုပဲ ပြန်လည် ဆန်းသစ် တင်ပြရင်း မွေးနေ့ဆုတောင်း မေတ္တာပို့သ ပါရစေ ဘုန်းဘုန်းနှင့် ဖိုးသား တို့ထံတောင်းပန်အပ်ပါတယ်..။ 

အလင်းထွန်းတောက်..ခရီးရောက်စေ

*တစ်ခါက
စိတ္တလ တောင်ခြေ က
မှောင်နေတဲ့ ကျောက်ဂူအတွင်း
အလင်း ဖြင့် ခရီး နှင်-----
မြေပြင်မိုးအောက်
ဖောက်ထွင်း ဖြတ်သန်းခဲ့ဘူးတယ်..။

*မကြာရ…
ဋ္ဌာန ဆိုတာပြန်ရင်း….
ပန်းတစ်ခင်း ကို လည်း စိုက်ပျိုး
ကောင်းကျိုး တွေလည်း ဝေဖြန့်
ရနံ့ တွေလည်း ဝေ ခဲ့တယ်..။
မေတ္တာ တွေလည်း ချွေခဲ့တယ်..။

*ဘဝါ ဘဝ
ချခဲ့ဘူးသော ရေစက်…
ပန္နက်ခဲ့ဘူးသော သစ္စာ …..
တော်ရာလည်းဖြစ်….ပျော်ရာဖြစ်စေ….။
သင့်ရာလည်း ဖြစ်….စေတနာ သစ်စေ…။
အရှေ့ မှ အနောက် ..လမ်းကိုဖေါက်စေ….။
ဝေနေယျ တွေ အထွေထွေ ရဲ့
အားကိုးရာအစစ် အမှန်ဖြစ်စေ..။
ဗဟိဒ္ဓ သာသနာ…အကာအနှစ်…စိစစ်နိုင်စေ..။

ဝမ်းစာဖြည့်ဆည်း ..ရွယ်တိုင်းပြီးပေါ့……
အဇ္ဈတ္တ ခရီး…..မှာ….
ပြီးပြီးမြောက်မြောက်......ဖောက်ထွက် နိုင်စွမ်း ရှိပါစေ..။
ပေါက်ပေါက်ရောက်ရောက်..............လွတ်မြောက် နိုင်စွမ်း ရှိပါစေ…။

ထိထိမိမိ..တိတိကျကျ.. မိမိရရ...
ဝါကျတိုတို ..မိန့်ဆိုဟောမြွက်
ဓမ္မစက် ဖြင့် ဆက်လက်ထွန်းလင်းနိုင်ပါစေ။

*၂၇.၅.၂၀၁၂* တွင်ကျရောက်သော *ဘုန်းဘုန်း အရှင်တိက္ခဉာဏာလင်္ကာရ* ၏ ၃၄နှစ်ပြည့်မွေးနေ့  ကို ဤကဗျာ ဖြင့် ပူဇော် ကန်တော့လိုက်ပါတယ်..။
မေတ္တာဖြင့်-သစ္စာအလင်း

ဆန်ရေစီးကြောင်း၊ အားသစ်လောင်းစေ


အမေနဲ့သား
သားနဲ့အမေ
ကမ္ဘာမြေတစ်ခု
တစ်ခုသောကောင်းကင်
ပြာလွင်စိမ်းလန်း
စိတ်ငြိမ်းချမ်းစေ... အေးမြစေခဲ့။
အမေ့ဘဝ… သားဘဝပေါ့
အမေ့နောင်ရေး… သားနောင်ရေးပေါ့။
အမေ့ ဆန္ဒ… သားဆန္ဒပေါ့
ဘဝ နဲ့ ဆန္ဒ ထပ်တူကျအောင်
ပြည့်စုံအောင်လို့ အမေ ခေါ်ခဲ့ဘူးပါတယ်။

ငယ်သော်ကားသား
ကြီးသော် အား တဲ့
တည်မြဲတဲ့ ခွန်အား၊ နီရဲတဲ့ ခွန်အား
အကြင်နာ အင်အား၊ ရင်မှာ အင်အား
ဒေသနာ ဉာဏ်အား၊ စေတနာ ဉာဏ်အား
အားမျိုးစုံလင်၊ ပြည့်စုံချင်ကြောင်း သားဆုတောင်းခဲ့ပါတယ်...အမေ။

လစာထုတ်ရက်..
မနေ့ကထက် ခြေလှမ်းသွက်ပေါ့
အမေ့အတွက်လေ..
မြေပဲယို တစ်ထုပ်.. လက်ထဲဆုပ်ထား
တရားစာအုပ်နဲ့ စီဒီ...သားဝယ်ခဲ့ပြီအမေ..။
ပန်းဆိုးတန်းဆိပ်ကမ်း
ဖြတ်သန်းသွားမယ့်ရေစီးကြောင်းဟာ
ပြောင်းပြန်ဖြစ်နေသတဲ့..
လှိုင်မြစ်ရဲ့ ရယ်မောသံ..
သားနာခံရင်းကြည်နူးခြင်းတွေဟာ..
ပန်းခင်းလမ်းတမျှ.. ဒလ မှ ကွမ်းခြံကုန်း
ဖုံးလွှမ်းနိုင်ခဲ့.. အိမ်ပြန်ရက်တွေ
သားသတိရနေမိတယ် အမေ..။

အိမ်ပြန်ရောက်ချိန်..နေညိုချိန်မှာ..
ဖန်မီးအိမ်လေး၊ မှေးမှိန်ဖျော့တော့
ဘယ်တော့မှ မလျော့တဲ့အလင်း..
ထာဝရထွန်းလင်းနေမှာ အသေအချာပေါ့။
မေတ္တာ လှိုင်းများ ရိုက်ပုတ်သွားတာ
ခံစားသိရှိနေတယ်အမေ..။

အမေရေ
ရေခြား၊ မြေခြား ၊ဒေသခြား၊ လူမျိုးခြား..နိုင်ငံခြားတဲ့
(ခြား)ပေါင်းစုံက သားကို ပိုင်းခြား၊ မစေစားနိုင်.။
သားကိုပြောင်းလွဲ ၊ မယိုင်လဲနိုင်။
သားကိုအားလျော့၊ မဖျော့တော့နိုင်။
ဒီတစ်ခါ အိမ်အပြန်မှာ
အမှန်ကန်ဆုံး
အမြင့်မားဆုံး
အပြည့်စုံဆုံး
အဆုံးအစွန်.. အမွန်မြတ်ဆုံးဓမ္မ
မြတ်ဗုဒ္ဓရဲ့ တရားစစ်အမွေ.. မျှဝေ ညွှတ်နူး
ကျေးဇူးဆပ်ဖို့..
သားပြန်လာခဲ့ပါမယ်အမေ..။

အရွယ်နှင့်မမျှအောင် လောကတာဝန်၊ ဘဝတာဝန်၊ ဓမ္မတာဝန် ပြည့်စုံအောင် အားထုတ်နေတဲ့ ကိုဖိုးသား ခေါ် တပ်မတော် ရေ မှ ဗိုလ်ကြီး ပြည့်စုံအောင် (အဖြူရောင်မေတ္တာ) နှင့် မိခင် ဒေါ်မြင့်အုန်းတို့ရဲ့ ချစ်ခြင်းမေတ္တာကို ချီးကျူး ဂုဏ်တင်ရင်း ဒီကနေ့မှာ ကျရောက်တဲ့ ဖိုးသားရဲ့ ၂၇-နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ဒီကဗျာကိုဖေါ်ပြအပ်ပါတယ်..။


မေတ္တာဖြင့်
သစ္စာအလင်း

Thursday, March 1, 2012

ရာဟုလာသို့....သုမေဓာ ဥဒါန်း


ကတညုတမျက်စိဖြင့် လောကကိုကြည့်မြင်ပြီးလောက ကောင်းကျိုးကို ဆောင်ရွက်ရာတွင် စိတ်ဓာတ်ကျဆင်းလာပါက အားတင်းဖွယ် ပုံရိပ် အဖြစ်ရှုကြည့်ဖွယ်အကောင်းဆုံး ကတော့ ကျွန်မတို့အားလုံးရဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသခင်၊ အလောင်းတော်ဘဝ သူမေဓာရှင်ရသေ့ ပဲဖြစ်ပါတယ်။

သူဘုရားဖြစ်ချင်တာ သူ့အတွက် မဟုတ်ခဲ့ပါ။ လောက အတွက်သာ ဖြစ်ပါတယ်။ ဘုရားဖြစ်ပါမှ လောကကို တာဝန်အကျေဆုံး ကယ်တင်နိုင်မယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။
သူ့အကျိုးစီးပွားကို စဉ်းစားမယ် ဆိုလျှင် ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ၊ လေးပါဒ မျှရှိသော ဂါထာတစ်ပုဒ်ကို နာကြားလို့မဆုံးခင်လေး မှာပင် ရဟန္တာ ဘဝနဲ့ နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်တယ် ဆိုတာ အားလုံးကသိပြီး ဖြစ်ပါလိမ့်မယ်။

ဒါမေမဲ့ သုမေဓာ သည် နိဗ္ဗာန်ကို မယူသေးပဲ စွန့်လွှတ်လိုက်ပါတယ်။ နိဗ္ဗာန်ချင်းက ခြားနားနေလို့တော့မဟုတ်ပါဘူး။ မြတ်စွာဘုရားရှင် မျက်မှောက်ပြုတဲ့နိဗ္ဗာန်နဲ့ ရဟန္တာအရှင်မြတ်များ မျက်မှောက်ပြုတဲ့နိဗ္ဗာန်ဆိုတာ တကယ်တော့ အတူတူပဲဖြစ်ပါတယ်။ လောကအတွက်သူ့ အကျိုးကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းနောက်ကျခံ ပြီးမှ ယူတော်မူခြင်းဖြစ်ပါတယ်။

ကျွန်မတို့ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ရဲ့ကျေးဇူးတော် အနန္တကို တကယ်သိရှိလိုပါလျှင် သုမေဓာ ရှင်ရသေ့
ဘဝကိုနားလည်အောင် ကြိုးစားဘို့လိုအပ်ပါတယ်။ ပျိုရွယ်စဉ်ကာလ ကတည်းက မိဘနှစ်ပါး ဆုံးပါးသွားခဲ့တာ၊ ဘိုးဘေးဘီဘင်မှဆင်းသက်သော အမွေပစ္စည်းများက ကုဋေကုဋာမို့ အဲဒီ ပစ္စည်းတွေနဲ့ လောကကို ပံ့ပိုးမယ်ဆိုလည်း ရနိုင်ပါတယ်။ အမရဝတီနေပြည်တော်မှာ သူ့ခေတ်က ကျောင်းသင်ပညာရပ် တွေကို တတ်ကျွမ်းခဲ့တာ…………….
ပရောဟိတ် ဘွဲ့ခံနိုင်လောက်အောင် တတ်ကျွမ်းခဲ့ ပါတယ်။ သူဟာ သူတပါးနဲ့ မတူ၊ တမူ ထူးခြားတဲ့ အတွေးအမြင် ရှိတဲ့သူဖြစ်ပါတယ်။ ပဋိသန္ဓေဉာဏ်အရလည်း အလွန်ထက်မြက်တဲ့သူဖြစ်ပါတယ်။
လောကကို တကယ်ကြီးပွား တိုးတက်အောင် ဆောင်ရွက်မယ် ဆိုရင် ပစ္စည်းဥစ္စာနဲ့ ပံ့ပိုးလို့အကျိုးရှိလှတာ မဟုတ်။
အတတ်ပညာနဲ့ပံ့ပိုးလို့ အကျိုးရှိလှတာလည်း မဟုတ်ဘူးဆိုတာ။ ကိုယ်တွေ့ အရ ထိုးထွင်းသိမြင်ခဲ့ပါတယ်။

အမှန်တကယ်တော့ ပစ္စည်းဥစ္စာနဲ့ အတတ်ပညာတွေဟာ ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းမှုကို မပေးနိုင် ပူလောင်မှုကိုသာပေးနိုင်ကြပါတယ်။
ပစ္စည်းရှိပြန်ပါကလည်း ပစ္စည်း ကသူ့ချည်းမနေ၊ မာန ကိုခေါ်လာ၊ သောကကို ခေါ်လာတတ်ပါတယ်။
ပညာရှိပြန်ပါကလည်း ပညာက သူ့ချည်းမနေ မာနကိုခေါ်လာတတ်၊ ဒေါသကိုခေါ်လာတတ်တယ် ဆိုတာကို သုမေဓာကကောင်းကောင်း သိလို့နေခဲ့ပါတယ်။
ဒါကြောင့်လောကကို သာယာ ငြိမ်းချမ်းအောင်ဖန်တီးရာမှာ ပစ္စည်းဥစ္စာတွေ အတတ်ပညာတွေဟာ တကယ်တမ်းအားကိုးလောက်တဲ့ အရာဝတ္ထုတွေ မဟုတ်ကြောင်း သူနားလည်ပါတယ်။

တကယ်အားကိုးလောက်တဲ့ အရာဝတ္ထုကို သူလိုချင် ခဲ့ပါတယ်။
အဘယ်အရာသည် လောကအား ငြိမ်းချမ်းသာယာစေပါသနည်း။

အဘယ်အရာသည် အားကိုးလောက်သော ငြိမ်းအေး ဖွယ်ရာဖြစ်လေသနည်း ဆိုတဲ့မေးခွန်း ကို ကိုယ်တိုင်ဖြေဆိုခဲ့ပါတယ်။
သူ့အဖြေကား ကိုယ်ကျင့်သိက္ခာ ပဲဖြစ်ပါတယ်။ ကိုယ်ကျင့်သိက္ခာ ကိုထူထောင်တဲ့နေရာမှာ တဏှာလောဘကို သတ်ရပါတယ်။ တဏှာလောဘကင်းမှသာ သာယာငြိမ်းအေးသော ဘဝကိုရမှာ ဖြစ်ပါတယ်။ တဏှာလောဘ ဆိုတာ ဒုက္ခကို ဖန်တီးစမြဲဖြစ်ပါတယ်။ ဒါကြောင့်လည်းတဏှာလောဘကို ဒုက္ခဖြစ်ကြောင်း
အမှန်တရား သမုဒယသစ္စာ လို့ ဆိုခြင်းဖြစ်ပါတယ်။

မာနဆိုတာ တကယ် အရင်းစစ်လိုက်တော့ တဏှာ နဲ့ပင်စပ်ပါတယ်။ သောက ပရိဒေဝတို့ ဆိုတာကလည်း တဏှာ လောဘက မြစ်ဖျားခံ ကြတာပဲဖြစ်ပါတယ်။ လောကဟူ၍ တည်ရှိခြင်း သည် ပင်လျှင် အဝိဇ္ဇာ နဲ့ တဏှာ မှ မြစ်ဖျားခံခဲ့တာ ပဲမဟုတ်ပါလား။ လောကကိုတည်ဆောက်တဲ့ ဗိသုကာ၊တဏှာလောဘ ကို မျက်မှောက်ထင်ထင် သိပါမှ လောကသည် သောကမှ လွတ်မြောက် ပါလိမ့်မယ်။ သုမေဓာ သည် သူမြင်သော ဤအမြင်ကို လောကအားပေးချင်ခဲ့ပါတယ်။ ပေးနိုင်အောင်လည်း သူကြိုးစားခဲ့ပါတယ်။
သုမေဓာ ဘဝ မှာကျူးရင့်ခဲ့တဲ့ ဒီ…ဥဒါန်းလေးကို ဖတ်ရလေတိုင်း ကျွန်မ သည် သုမေဓာ ၏ ဆုံးမ မှုဖြင့်ညံ့သက် တည်ညိမ် ကြံ့ခိုင်ရမြဲပါ..။ဒီဥဒါန်းလေးကတော့

သုမေဓာဥဒါန်း ကျူးသောဂါထာ

သဟံ သော အဟံ ထို-ငါ သုမေဓာ ရသေ့သည် ၊တဒါ ထိုအခါ၌
ဇာတိဓမ္မော- ပဋိသန္ဓေ တည်နေရခြင်း၊ ဆိုတဲ့ဇာတိသဘောသည် အမှီမုချ ဧကန် ဖြစ်ခဲ့သည် မှန်၏။
ဇရာဓမ္မော- သွားကျိုးဆံဖြူ ၊အရေမူတွန့် ၊ကြောက်ရွံ့စရာပမာ၊ မျောက်အိုပုံ ဆိုမက အိုမင်းရခြင်းဆိုတဲ့ ဇရာသဘောသည် အမှီ မြစ်မြစ်ခြေခြေ ဖြစ်ခဲ့ပေ၏။
ဗျာဓိဓမ္မော-ညောင်းညာကိုက်ခဲ ရောဂါစွဲကာ ဖျားနာရခြင်းဆိုတဲ့ ဗျာဓိသဘောသည် အမှီမရှောင်မလွှဲသာသဖြင့် ဖြစ်ခဲ့ရပေ၏။
တသ္မာ - ထိုသို့ ဇာတိ၊ဇရာ၊မရဏ သဘော ကို အကြိမ်ကြိမ် အဖန်ဖန် နှိပ်စက်တတ်လိုသောကြောင့်၊
အဇရံ - မအိုရာလည်းဖြစ်ထသော----
အမတံ-အကြိမ်ကြိမ် အထပ်ထပ် သေခြင်းကင်းရာလည်းဖြစ်ထသော---
နိဗ္ဗုတိံ၊ဇာတိ၊ဇရာ၊ဗျာဓိ၊ မရဏ စသည်လောင်ငြီး တစ်ဆယ့်တစ်မီးသော မီးတို့၏ ကင်းငြိမ်းရာအမှန်၊ပြည်နိဗ္ဗာန်သို့၊
ပရိယေသိဿာမိ- တအားထုတ်၍ သုတ်သုတ်လျှင်မြန် ၊ရှာကြံလိုက်ပါတော့အံ့သတည်း။
ပရိယေသိဿာမိ---နွံကျွံမြုတ်သည့် ၊ ဆင်ပြောင်ကုန်းအထက် ရုန်းထွက်သလို အရိုးပဲကျေကျေ၊အရေပဲပြတ်ပြတ်၊ ယောင်္ကျားမြတ်တို့ စွမ်းအားဖြင့် မဆုတ်နစ် တမ်းကြိုးပမ်း အားထုတ် ပါတော့ အံ့သတည်း။

---နွံကျွံမြုတ်သည့် ၊ ဆင်ပြောင်ကုန်းအထက် ရုန်းထွက်သလို အရိုးပဲကျေကျေ၊အရေပဲပြတ်ပြတ်၊ ယောင်္ကျားမြတ်တို့ စွမ်းအားဖြင့်မဆုတ်တမ်းကြိုးပမ်းအားထုတ်ပါတော့အံ့သတည်း။------
ဆိုတဲ့စကားလုံးကတော့ အများ ကောင်းကျိုးလိုလားကြတဲ့ နှလုံးသား များစွာအတွက် တက်ကြွ ရွှင်လန်း ခန့်ကျန်း နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်..။
ဒီစာစုဖြင့်
*ရာဟုလာ* လို့အမည်ပေးထားသော စာသင်ခန်းများမှတဆင့် ရဲရင့်ရည် မွန် ထူးချွန်စေကြောင်းလူငယ်အပေါင်းကို ဓမ္မရေစင်တိုက်ကျွေး ငြိမ်းအေးစေမည့် အရှင်မြတ်သို့ ဂုဏ်ပြုလျက် ရေးသား ပူဇော် အပ်ပါသည်။

ကျမ်းကိုး- ဆရာကြီး ဦးရွှေအောင်ရေးသားသော- ဗုဒ္ဓ- လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့် ဗုဒ္ဓဝင်) စာအုပ်မှ ပေးအပ်သော အတွေးအခေါ်နဲ့ စာသားများကို ကိုးကားရေးသားပါတယ်။

မေတ္တာဖြင့်
သစ္စာအလင်း

Thursday, October 27, 2011

ပန်းကမ္ဘာ ထဲမှ ဓမ္မနန်းတော်သို့ ပူဇော်ဦးခိုက်ခြင်း


<!--[if gte mso 9]> Normal 0 false false false EN-US X-NONE X-NONE
သာသနာလှေကြီကို စီးနင်းလိုက်ပါ ရာမှာလှေကြုံစီးသူတွေများလာရင် စုပ်စုပ်မြုပ်သွားရန်မှာမကြာတော့ဘူးလို့ ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်ရဲ့ဓမ္မဒူတ စာအုပ်ထဲမှတဆင့် သိရ မှတ်ရချိန်မှာ ကျွန်မသည် လည်း တတ်နိုင်သမျှ လှော်ခတ်သည့်တာဝန် ရယူ လိုတဲ့ စိတ်ဆန္ဒ များပေါ်ပေါက်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲဓမ္မဘလော့ဂါ သစ္စာအလင်း ရယ်လို့ ဖြစ်တည် ခဲ့ရတာပါ။ အခုဆို ၃နှစ်နီးပါး တောင်ကြာခဲ့ပါပြီ။

ဓမ္မစာပေပြန့်ပွား ရေးအတွက် အီလက်ထရာနစ် မြစ်ရေစီးကြောင်းမှာ လှော်ခတ် ခရီးနှင်ကြရင်း ကိုယ်တိုင် မျှဝေရုံသာမက သင်ယူမှုလည်းတိုးတက် ခဲ့ရပါသေးတယ်။ ဘုရားရှင် ရဲ့ တရားတော် များကို တိုက်ရိုက် သင်ကြား ၊သင်ယူ ခဲ့ကြသောသံဃာတော်များ ကတော့ သစ္စာအလင်း ရဲ့ အားကိုးခြင်းတည်ရာ…မေးမြန်းခြင်း တည်ရာ၊ သုတဘဏ်တိုက်များ သဖွယ်ပါပဲ။ စီဘောက်စ် မှာကျွန်မရဲ့ စာဖတ်သူ တစ်စုံတစ်ယောက်က တစ်ခုခုရေးသားမေးမြန်းသွားတိုင်း ပြန်လည် ဖြေဆိုဘို့ ဓမ္မဘလော့ဂါဘုန်းဘုန်းများကို ချဉ်းကပ် ရပါတော့တယ်။

သံဃာတော်ဘလော့ဂါများကတော့ တတ်နိုင်သမျှ ပဲ့ကိုင်ထိန်း ကျောင်း ပေးကြ မြဲမို့ အွန်လိုင်းရေစီးမှ သာသနာ့လှေကြီး ဆက်ပြီး ခရီးနှင်နေဆဲပါ။

ထိုထိုသော အရာများ ထဲ မှာ သံဃာတော်ဘလော့ဂါ ဘုန်းဘုန်းပန်းကမ္ဘာ လည်းပါဝင်ခဲ့ပါတယ်..။ ထိုစဉ်က ဘုန်းဘုန်း ဦးလောကနာထ ၊ဘုန်းဘုန်း တိက္ခဥာဏာ လင်္ကာရ ၊ ဘုန်းဘုန်း ပန်းကမ္ဘာ ၊ ကိုဝင်းမြင့် ၊မမေဟန်(သစ္စာတရား)၊ ဝိမုတ္တိသုခ ၊ ကိုအောင်ဦး(ဓမ္မရသ) ၊ ဖိုးသား(အဖြူရောင်မေတ္တာ)၊ နန်းထိုက်ဝင်း (အမောင်-ရေနံ့သာ) ၊ ကိုသုခ(သုခရိပ်) တို့ နဲ့ အတူအွန်လိုင်း ဓမ္မဆွေးနွေးပွဲ တွေ စီးဆင်း ရှင်သန်ခဲ့တဲ့ရက်များကို ပြန်ပြောင်းလွမ်းဆွတ်မိပါသေးတယ်..။

ဒါကြောင့် မို့လည်း ဘုန်းဘုန်း အရှင် သုနန္ဒာလင်္ကာရ နဲ့ ဘုန်းဘုန်း အရှင်တိက္ခဥာဏာလင်္ကာရ တို့ ရဲ့ သီရိလင်္ကာ နိုင်ငံ စိတ္တလတောင်ခြေ မှာ တရားအားထုတ်ကြတဲ့ အတွေ့အကြုံ ဟာ ကျွန်မ တို့ အားလုံးအတွက် မှတ်မှတ်ရရ ဖြစ်စေရတာ အမှန်ပါပဲ။

ဘုန်းဘုန်း နှစ်ပါး မြန်မာပြည်ကို ပြန်လည် သီတင်းသုံးချိန်မှာ ကျွန်မသည်လည်းမြန်မာပြည်မှာနေထိုင်နေတာမို့ တွေ့ကြုံ နဲ့ တိုက်ဆိုင်ခဲ့သော်လည်း ဘုန်းဘုန်း အရှင်တိက္ခ ကိုသာ ဆွမ်းကပ်လှူခွင့် ကြုံဆုံ ခဲ့ပါတယ်..။

ပန်းကမ္ဘာ ဘုန်းဘုန်းတော့ မြန်မာနိုင်ငံ ကတရားစခန်းတွေမှာ တရားအားထုတ်နေပြီ ဆိုတဲ့သတင်း ကြား ရတော့ လှိုက်လှဲ ဝမ်းသာမှုဖြစ်ရပါတယ်။ ဘုန်းဘုန်း ပန်းကမ္ဘာ နဲ့ မောင်လေးဝိမုတ္တိသုခ တို့ ဂျီတော့ မှတရား ဆွေးနွေးခန်း ကိုလည်း ဖတ်လိုက်ရတော့ ဘုန်းဘုန်း ရဲ့ ဖြည့်ဆည်းရင်း ၊မွမ်းမံရင်း သန့်စင် တိုက်ချွတ်ရင်း တောက်ပလာတဲ့ စရဏ တရားအတွက် ဦးညွှတ်ကန်တော့မိပါသေးတယ်။

ကျွန်မ ထိုင်းနိုင်ငံမှာ နေထိုင်စဉ်မှာတော့ ဘုန်းဘုန်းအရှင်သုနန္ဒာလင်္ကာရ ကတော့ အွန်လိုင်း ထဲက သူ့ရဲ့ ပန်းကမ္ဘာ ထဲ သို့ ပြန်လည်ရောက်ရှိကာ ကျင်လည် မွှေးပျံ့နေတာမို့ ပြန်လည် တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ပန်းကမ္ဘာ ထဲက ဓမ္မဆောင်းပါးတွေ ဟာ ရနံ့ လည်း စုံသလို မွှေးမွှေးပျံ့ ပျံ့ လှလှပပ အရောင်စုံ အသွေးစုံ ရနံ့ထုံ နေပါတယ်ဆိုတာ ကျွန်မ မပြော လည်း စာဖတ်သူတွေသိနေကြပါပြီ။

ဘုန်းဘုန်း က မြန်မာ နိုင်ငံမှာ သီတင်းသုံး စဉ်မှာ ပရဟိတ လုပ်ငန်း တွေလည်း ဆောင်ရွက်ခဲ့ပါသေးတယ်။

မေမြို့ ကမျက်မမြင်ကျောင်း နဲ့ အတူ သီလသာဓိသိက္ခာ ကြီးမားသော မထေရ်ကြီးများ ထံ သွားရောက်ဖူး မျှော်ခြင်း ၊ တောရကျောင်းများ များသို့ လေ့လာ ထားတဲ့ သတင်းအချက်အလက်တွေ က တော့ သဒ္ဓါပီတိ ဖြစ်စရာ ဓမ္မဆောင်းပါးတွေ အဖြစ် နေရာယူလာတာတွေ့နေရပါပြီ..။

စာသင်သား သံဃာတော်များ အတွက် ပိဋကတ်တော်များ ပရိယတ္တိ စာ အုပ်များကို နော်ဝေး မှ မမြကြေးမုံ တို့နှင့် အတူဆောင်ရွက်လှူဒါန်း ခဲ့ တာကိုသိရတော့လည်း ဘုန်းဘုန်းတို့ ရဲ့ ပန်းကမ္ဘာ ထဲက (ဓမ္မနန်းတော်) ကို လှမ်းမျှော်ကြည် ညို ဦး ခိုက်ရပါတယ်။

အခု တော့ ၂၆. ၁၀.၂၀၁၁ သည် ဘုန်းဘုန်းပန်းကမ္ဘာ ဖြစ်တည် မှုသည် ၃၃နှစ်မြောက် တိုင်ခဲ့ပါပြီ။

ဘုန်းဘုန်းရေ…အနောက်တိုင်းစကားပုံ တစ်ခုကြားဘူးတာကတော့ ခံယူချက်တူညီ လျှောက်လှမ်းတဲ့လမ်းတူညီနေတဲ့ နားလည်မှုပေး နိုင်မဲ့ လမ်းမှန် သို့ လမ်းပြ ပို့ဆောင်လမ်းညွှန် ပေးနိုင်မဲ့ မိတ်ဆွေ တစ်ဦး တစ်ယောက် ကိုယ့်မှာ ရှိခဲ့လျှင် သေခြင်းတရားကိုပင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲပါသတဲ့..။

မိတ်ဆွေ ရဲ့တန်ဘိုးက ကြီးမားလှသလို မိတ်ဆွေ တစ်ယောက်ရဘို့ဆိုတာ ကလည်း တိုက်ဆိုင် ဖြစ်တည်ဘို့ဆိုတာ လွယ်ကူသော ကိစ္စတစ်ရပ်တော့ မဟုတ်ပါ။

ဂန္ထဓုရ ၊ ဝိပဿနာဓုရ လှော်တက် နှစ်ချောင်းလုံးကို ကိုင်ကာပိုင်ပိုင်နိုင်နိုင်လှော်ခတ် နေတဲ့ ဘုန်းဘုန်းတို့လို သံဃာတော် ဓမ္မမိတ်ဆွေကောင်း ရဘို့ ဆိုတာကလည်း ရတောင့်ရခဲ ဒုလ္လဘ တရားတစ်ခုဆိုတာ အသေအချာ သိလို့နေပါပြီ။

ဘုန်းဘုန်း ရဲ့ ၃၃နှစ်ပြည့်မွေးနေ့မင်္ဂလာမှ သည် ပြည့်ဝရင့်ကျက်တဲ့ အသိဥာဏ် စရဏ တရား နှင့် အတူ သာသနာ့လှေကြီးကို ဇွဲစိတ်သန်သန် လှော်ခတ်နိုင်ပါစေကြောင်း ဆုမွန်တောင်းလျက် ပူဇော် ကန်တော့အပ်ပါတယ်..။

မေတ္တာဖြင့်

သစ္စာအလင်း