Showing posts with label ရွှေဥမင်ဆရာတော် ဘုရားကြီး. Show all posts
Showing posts with label ရွှေဥမင်ဆရာတော် ဘုရားကြီး. Show all posts

Sunday, April 12, 2009

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ၏ သြဝါဒ များ (၈)

ရွှေကျင် နိကာယ၊ရတ္တညူ မဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး
ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ

အိမ်မှာလည်း ကျင့်ဖို့တရား

ဘယ်လောက်ပဲ ပစ္စည်း တွေချမ်းသာနေ..ချမ်းသာနေ..
စိတ်အေးချမ်းအောင် မထားတတ်ရင် ပူလောင် ပင်ပန်းတယ်..။
ပူပန်တယ် ဆိုတာ တခြားမဟုတ်ပါဘူး..။
လောဘကြောင့်ပူလောင်ပင်ပန်းတယ်……
ဒေါသကြောင့်ပူလောင် ပင်ပန်းတယ်…….
မောဟကြောင့်ပူလောင် ပင် ပန်းတယ်..။
တရားအဆုံးအမ သီလ သာသနာ ကိုယ်မှာရှိရင်
အပါယ်ကျရောက်စေတတ်တဲ့ လောဘ ဒေါသ မောဟတွေ ဖြစ်ခွင့်မရတဲ့ အတွက်..
ပူလောင် ပင် ပန်းမှု မရှိပဲ အေးငြိမ်းချမ်းသာ ရတယ်..။
သမာဓိသာသနာရှိရင် စိတ်တွေ စင် ကြယ်အေးချမ်းတယ်..။
ပညာ သာသနာရှိရင်လည်း စိတ်တွေ စင် ကြယ် အေးချမ်းပြီးတော့
သတိပညာနဲ့ နေတဲ့ဘဝဖြစ်လာတယ်..။အဲဒီလို စိတ်ချမ်းသာ ကိုယ်ချမ်းသာ
အေးအေးချမ်းချမ်း နေသွားတတ်တဲ့ယောဂီတွေ..တော်တော် များများရှိကြပါတယ်..။အဲဒီတော့
ကျောင်းမှာနေတုံးတင် မဟုတ်ပဲနဲ့..အိမ်မှာ နေတော့လည်း ဒီလိုပဲ…
သတိဉာဏ်လေးနဲ့ နေသွားမယ် ဆိုရင်…ကောင်းသထက် ကောင်းသွားမယ်..။
ဘဝအဆင့်မြင့် သထက်မြင့်သွားမယ်..။
အားလုံးကိုယ် စီ ကိုယ်ငှ အသီးသီးကျောင်းမှာ ကျင့် ကြံနေထိုင် သလို
အိမ်မှာလည်းကျင့် ကြံနေထိုင် နိုင်အောင်…ကြိုးစားအားထုတ်နေကြပါစေကုန်သတည်း..။

စာရင်းစစ်

လောကကြီးမှာ စာရင်းစစ်ဆိုရင် ဟိုရုံးဒီရုံးက စာရင်းဇယား တွေကို မှန်မမှန်၊ကိုက် မကိုက်
သေသေချာချာ လုံ့လ စိုက် ပြီး စစ်ဆေးကြရတယ်နော်..။
ရုံးမှာပဲစာရင်းစစ်မနေကြပါနဲ့..။
မိမိကိုယ် လည်းမိမိ ကာယကံ၊ဝစီကံ မနောကံ သုံးပါးသော ကံတွေ ပြုတာ မှန်မမှန် ..
လုပ် တဲ့ အလုပ် ဟာ ကုသိုလ် ဖြစ်တဲ့ အလုပ်လား..။အကုသိုလ် ဖြစ်တဲ့ အလုပ်လားဆိုတာ
ကိုက် မကိုက် စစ်ဆေးသင့်ကြတာပေါ့..။
ဒါကြောင့် နေ့တိုင်းနေ့တိုင်း ကိုယ့် အလုပ်တွေကို ကိုယ် ကိုယ်တိုင် ပြန် ပြီးစာရင်းစစ်ကြဘို့ကောင်းတယ်..။

မွေးနေ့နှစ်မျိုး

မွေးနေ့ဆိုတာ ပညတ်မွေးနေ့နဲ့ ပရမတ်မွေးနေ့ နှစ်မျိုးရှိတယ်..။
ပညတ်မွေးနေ့က လူကြီးမိဘတွေက သတ်မှတ်ပေးထားတာ..
ပရမတ်မွေးနေ့ဆိုတာ..အချိန်တိုင်းမွေးပြီး..အချိန်တိုင်းသေ..
မွေးသေနေတာ သိတဲ့နေ့ကို ခေါ်တာ..။

ရက်ရာ ဇာ နဲ့ ပြဿဒါး

ရက်ရာဇာ တို့ ပြဿဒါးတို့ဆိုတာ သိကြရဲ့လား။
ကောင်းသော စိတ်ရှိတဲ့နေ့..ကောင်းသော အလုပ် လုပ်တဲ့နေ့..ကုသိုလ်ရတဲ့နေ့ဟာ ရက်ရာဇာ ပဲ..။
မကောင်းသော စိတ်ရှိတဲ့နေ့..။မကောင်းသော အလုပ်လုပ်တဲ့နေ့..အကုသိုလ်ဖြစ်တဲ့နေ့ဟာ ပြဿဒါး..။

ဒုလ္လဘ နဲ့ သုလ္လဘ

ဒုလ္လဘစစ်စစ်ဖြစ်ပါစေ..။သုလ္လဘတော့မဖြစ်စေနဲ့နော်..။
သုလ္လဘ ဆိုတာ ဒုလ္လဘ နဲ့ ဆန့်ကျင်ဘက် ပဲ..။
လွယ်လွယ်ရတော့ လွယ်လွယ် ပဲ သဘောထား
ပေါ့ပေါ့နေ ပေါ့ပေါ့ စား အပေါစားရဟန်းဖြစ်ကရော..။
ရတောင့်ရခဲ ဒုလ္လဘ အဖြစ်ကိုတန်ဘိုးထား ကျင့်ကြံပွားများကြ..။

Saturday, April 11, 2009

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ၏ သြဝါဒ များ (၇)

ရွှေကျင် နိကာယ၊ရတ္တညူ မဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး
ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ

သန္ဒိဋ္ဌိက ဓမ္မဂုဏ်ရည်

ဒီတရားက သူများအဆုံးအဖြတ်ပေးရမဲ့တရားမဟုတ်ပါဘူး။
ကိုယ် တိုင်ကျင့်ကြံအားထုတ်မှ…ကိုယ် ပိုင် ဉာဏ်နဲ့ ကိုယ်ပိုင် သိရမဲ့ တရား။
ကိုယ်တိုင် ထိုးထွင်းသိရမဲ့တရား…..။
ကြားဘူးနားဝနဲ့တဆင့်ကြားနဲ့ သိရတာ မဟုတ်ဘူး။
ကိုယ် ပိုင် ကိုယ် တိုင် ဉာဏ်နဲ့သိရမယ်…..။
အဲလို သိတော့ ဘယ်လောက် ကြာမှ သိရမလဲ၊၊??????
သန္ဒိဋ္ဌိက တိုက် ရိုက် သိရတဲ့ နည်းစနစ်နဲ့ သိရပါတယ်..။
သင်ပြပေးတဲ့အတိုင်း…အခု နှလုံးသွင်းရင် အခု သိရပါတယ်..။
ကိုယ့်စိတ်လေးစင်ကြယ်လား မစင်ကြယ်လား ။စိတ်ကို ပြန်ကြည့်လိုက်….
အခုကြည့်ရင် အခု စင်ကြယ်ပါတယ်..။

အပ္ပမာဒေန သမ္ပာဒေထ

(အပ္ပမာဒေန သမ္ပာဒေထ)မမေ့မလျော့ မပေါ့မဆတဲ့ အပ္ပမာဒတရားနဲ့ပြည့်စုံအောင်နေကြနော်..။
မမေ့ဘူးဆိုတာက….အသိ။
မလျော့ဘူးဆိုတာက ဝီရိယ..။
မကောင်းတဲ့စိတ်တွေ မဖြစ်အောင်…။
အမြဲတမ်း ဝီရိယရှိရမယ်..။မလျော့ရဘူး..။
မပေါ့ရဘူးဆိုတာက သမာဓိပဲ..။
မဆရဘူးဆိုတာ ဉာဏ်ပဲ..

တွေးနေ ဆနေရင် ဉာဏ်အားမကောင်းဘူး။
ကြံစည်တဲ့ဉာဏ်၊ တွေးတောတဲ့ ဉာဏ်ပဲဖြစ်မယ်..။
တကယ် အနှစ်သာရရှိတဲ့ဉာဏ်..။
မမေ့မလျော့ မပေါ့ မဆတဲ့ဉာဏ်…
တွေးတော ကြံဆမှုမရှိတဲ့ ဉာဏ်မျိုးမှ
အထက်တန်းကျတဲ့ ဉာဏ်…အထွဋ်အထိပ် ရောက် နိုင်တဲ့ ဉာဏ်..။
အဲဒီ ဉာဏ်ပညာနဲ့ ပြည့်စုံရမယ်..။

အပ္ပမာဒ

လူ့ဘဝဖြစ်လာရင်…အပ္ပမာဒတရားလက်ကိုင်ထားရမယ်..။
အပ္ပမာဒတရားလက်ကိုင်ထားတဲ့ပုဂ္ဂိုလ် ဟာဒါနမှုလည်းပြုသွားနိုင်တယ်..။
သီလလည်းလုံလုံခြုံခြုံ စောင့်စည်းနိုင်သွားတယ်..။
သမာဓိဘာဝနာတွေလည်းပွားများပြီးသား ဖြစ်နေတယ်..။
သိက္ခာသုံးပါးစလုံးပြည့်စုံပြီးနေတော့တယ်..။
အပ္ပမာဒဟာဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်..
အနှစ်ချုပ်လိုက်ရင် ဗောဓိပက္ခိယ တရား၃၇ပါး။
ထပ်ချုပ်လိုက်တောမဂ္ဂင် ၈ပါး။စုပေါင်းလိုက်တော့
သီလမဂ္ဂင် ၃ပါး..။သမာဓိ မဂ္ဂင်၃ပါး။ပညာမဂ္ဂင် ၂ပါး။မဂ္ဂင် ၈ပါးရပြန်တယ်.။
သီလ သမာဓိ ပညာသိက္ခာ ၃ပါးလို့လည်းခေါ်တယ်..။
သီလ သမာ ဓိ ပညာ ဖြစ်ဘို့ရာ သတိမဂ္ဂင် တစ်လုံးပဲ..။
အပ္ပမာဒတရားဆိုတာ သတိပဋ္ဌာန် ရှိနေတဲ့ အတွက် သမာဓိတွေလည်း ညီညွတ်မှုရနေတယ်..။
သတိမရှိရင် သမာဓိ ကဦးထောင်ပဲ့ထောင် အိုးနင်းခွက်နင်းဖြစ်နေတယ်..။
သတိမရှိရင် ပညာ ဘာဝနာ မဖြစ်နိုင်ဘူး။

အသုံးလုံးကြေ

ဒကာ ၊ ဒကာမတွေ အသုံးလုံးကြေဘို့လိုတယ်နော်..။
အသုံးလုံးဆိုတာ အလောဘ အဒေါသ အမောဟဖြစ်ဘို့ကိုပြောတာ..။
လောဘက ရှိတာကို မပေးချင်ဘဲတွန့်တိုတယ်..။
လူတစ်ယောက်ထမင်းဆာနေတယ်..ပိုက်ဆံလည်းအပြည့်ပါတယ်..
စားစရာရောင်းတဲ့ ဆိုင်လည်းရှိတယ်….။
ဒါပေမယ့် သူမဝယ်စားပဲ အငတ်ခံနေခဲ့တယ်..။အဲဒါလောဘပဲ
ဟိုဟာလေး ကောင်းလိုက်တာ..ဒီဟာလေးကောင်းလိုက်တာ ဆိုရင်လည်း လောဘပဲ..
လော ဘကို တဒင်္ဂပယ်ဖြတ်နိုင်ရန် အလောဘပေါ့..။
လှူကြ တန်းကြ ပေးကြ ကမ်းကြ ဒါနဟာ အလောဘ။
ကိုယ်နှိုက်မဲ့ ဟင်းခွက် သူများဦးသွားတော့မကျေနပ်ချင်ဘူးမှုတ်လား..။အဲဒါဒေါသပဲ..။
လိုချင်တာမရလို့..မကျေနပ်တာ ဒေါသ..။ငါမှ ချမ်းသာတယ်..။
ငါ့မှာဂုဏ်ရှိတယ်လို့ လက်မထောင်နေကြတာလည်းဒေါသပဲ..။
ဒေါသကိုအချိန်မီ မငြိမ်းနိုင်ရင် ကိုယ့်ကိုယ်ကို မီးလောင် သလို လောင်ကျွမ်းစေတယ်..။
ဒေါသကို အ တစ်လုံးထည့်ပြီး ငြိမ်းသတ်ရမယ်..။
အဒေါသဖြစ်အောင် မေတ္တာပွားကြရမယ်..။
သီလ ဆောက်တည်ထားရင်းက မေတ္တာစိတ်တွေ ဖြစ်နေကြတော့
ဒေါသလည်းမရှိသလောက်ပါးနေတယ်..ဆိုနိုင်တယ်..။
ဒေါသမဖြစ်ရင် အဒေါသ..ဒုတိယ အတစ်လုံးကြေသွားပြီ..။
လောဘဖြစ်မှန်း ဒေါသဖြစ်မှန်း မသိတာ မောဟ..။
မသိမှုမောဟကြောင့်ပဲ မကောင်းတဲ့လောဘဆိုး ဒေါသဆိုးတွေဖြစ်ရပြန်တယ်..။
မောဟပျောက်အောင် သတိတရား လက်ကိုင်ထားရမယ်..။
နောက်ဆုံး အတစ်လုံး က ဉာဏ် နဲ့သတိနဲ့ယှဉ်နေတယ်..။
တွေဝေမိုက် မှားခြင်းမရှိ အကောင်းအဆိုးနဲ့ ဖြစ်ပျက်သမျှသိနေအောင်..တရားဘာဝနာရှုပွားမှတ်သားနေခြင်းဟာ အမောဟ ပါပဲ..။
ဒါဆို အသုံးလုံးကြေသွားပြီ..။

Friday, April 10, 2009

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ၏ သြဝါဒ များ (၆)

ရွှေကျင် နိကာယ၊ရတ္တညူ မဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး
ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ
စကားကြီး ၃ ခွန်း

မြစ်ကြီးလည်းမခမ်းပါစေနဲ့..။
သစ်ပင် ကြီးလည်း မလဲပါစေနဲ့..။
ထုံးအိုးကြီးလည်းမကွဲပါစေနဲ့..။
မြစ်ကြီးမခမ်းပါစေန
ဲ့ဆိုတာ….အေးမြတဲ့ စမ်းရေလို
ကြည်ကြည် လင် လင် တသွင် သွင် စီးဆင်းနေတဲ့..မေတ္တာမြစ်ကြီးကို ဆိုလိုတာလေ..။
လူလူချင်းမေတ္တာထားကြ ၊မေတ္တာ တရားတွေ ပွားများကြ
မေတ္တာတွေ မခမ်းကြစေနဲ့ ဆိုတဲ့အဓိပ္ပါယ် ပဲ..။
သစ်ပင်ကြီးလည်းမလဲပါစေနဲ့ …တဲ့..။သစ်ပင် ကြီးဟာ အခက်အလက် အရွက်တွေ
ဝေဝေဆာဆာ နဲ့ အရိပ် အာဝါသကိုပေးတယ်..။ထို့အတူပဲ..
ဘုရားတရားသံဃာ ရတနာ သုံးပါးရဲ့ အရိပ် အာဝါသကောင်းကို
ခိုလှုံရလို့လည်း ကြီးပွားချမ်းသာ ခြင်းကို ရတယ်..။ဒီအရိပ် အာဝါသတွေကို အမိအရခိုလှုံဘို့လိုသလို..
အရိပ် အာဝါသတွေကိုမဖျက် ဆီးမိဘို့ ၊ကျေးဇူးမကန်းမိဘို့ သတိထားရလိမ့်မယ်..။
သစ်ပင် ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာရောက်တာပဲ..။
ဒါကြောင့် သစ်ပင် ကြီးမလဲအောင် ကြိုးစားထိမ်းသိမ်းကြ..။
ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ဆိုတာကတော့ ရိုးရာ ဓလေ့ ထုံးစံတွေကိုပြောတာပါ..။
မိဘဘိုးဘွားလက် ထက် ကတည်းက လိုက်နာ ကျင့်သုံးလာ ကြတဲ့
ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ ကောင်းတွေ..။မပျောက် ပျက်ရအောင် ထိန်းသိမ်းပြီး
ဗုဒ္ဓဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ..။

သုံးရပ် သာသနာ

သာသနာဆိုတာ မြတ်စွာဘုရားအဆုံးအမ..
ကိုယ် နဲ့နှုတ်ယဉ်ကျေးအောင်..စင် ကြယ်အောင် ဆုံးမတာ…သီလသာသနာ
စိတ်တွေယဉ်ကျေးအောင်၊ စင်ကြယ်အောင်..အပူသော ကတွေငြိမ်းသွားအောင်..သမာဓိသာသနာ..။
အခုတရားအားထုတ်နေရင် သီလလည်းရှိနေတယ်..။စိတ်လည်းစင် ကြယ် နေတယ်..။
ဉာဏ်အမြင် စင် ကြယ်အောင်၊ဝိပဿနာ ဉာဏ်၊မဂ်ဉာဏ် ၊ဖိုလ်ဉာဏ်..နိဗ္ဗာန်ထိအောင်ရဘို့
ဉာဏ်အမြင်စင် ကြယ်ဘို့ အားထုတ်တာ..ပညာ သာသနာ..။
အဲဒီသာသနာ ကိုယ် မှာ ရောက်ရင် ဘေးတွေကွယ်ပျောက် ချမ်းသာ ရောက် ပြီးနေတော့မှာ..။
တရားကဘဝထဲကိုရောက် အောင်သွင်းထားမှ ဘဝထဲမှာ
ကိုယ် လုပ်သမျှ ကိုင် သမျှတွေက တရားတွေချည်းဖြစ်နေမှာ..။ မတရားတာ မဖြစ်ရတော့ဘူး..။
စိတ်ကူးတိုင်း စဉ်းစားတိုင်း၊ ကြံစည်တိုင်း တရားသဖြင့်ပဲ..။
အဲဒါကို…သာသနာ ကိုယ် မှာရောက်မှ..
ဘေးတွေကွယ်ပျောက် ချမ်းသာရောက်တယ် လို့ အဲဒီလို မှတ်သားထားရမယ်..။

သာသနာခေတ် လူဖြစ်သူတွေ

သာသနာ့ဈေးရုံ..ကုန်မျိုစုံ….လိုကုန်ရနိုင်သည်..။
အဖိုးမဆစ် ဝယ်ထားရစ်….နောင်ခေတ်ရှားလိမ့်မည်..။
အသက်ရှည်ခြင်း အနာကင်း၊….အဆင်းလှနိုင်သည်..။
အမျိုးမြင့်မြတ်၊နတ်ပြည်ရပ်….ချဉ်းကပ်ရောက်နိုင်သည်..။
မဂ်ဉာဏ်၊ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်……ဧကန်ရောက်နိုင်သည်..။
အပ္ပမာဒခေါ်ငြား သတိပဋ္ဌာန်တရား၊…..ရှုပွားကြရမည်..။
လုံးစုံဘုရား ၊တပည့်သားတို့၊
ကြွသွားနိဗ္ဗာန် လမ်းကောင်းမှန်၊……သတိပဋ္ဌာန်ကျင့်စဉ်တည်း။

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ၏ သြဝါဒ များ (၅)

ရွှေကျင် နိကာယ၊ရတ္တညူ မဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး
ဘဒ္ဒန္တကောသလ္လ
မဟာထေရ်မြတ်၏သြဝါဒ
နှစ်သစ်
နှစ်သစ်ပြောင်းတယ်ဆိုပြီး လူသစ်ဖြစ်အောင် ခေါင်းလျှော်ကြ အဝတ်လျှော်ကြလုပ် ကြတယ်..။
စိတ်ကိုကောဖြူစင်အောင်လျှော်ဖွတ်ကြရဲ့လား။
စိတ်သန့်ရှင်းဘို့ က လူသန့်ရှင်းဘို့ထက် ပိုအရေးကြီးတယ်နော်။
ကိလေသာ အညစ်အကြေးတွေကို အမြဲလျှော် ဖွတ်နေမှ စိတ်သန့်ရှင်းဖြူစင်တယ်..။

နှစ်သစ်ကူးမှာ ငါးလွှတ်ဘူးတဲ့အခါ
နှစ်သစ်ကူးတဲ့အခါ ငါးလွှတ်ဘူးကြတယ် နော်..။
ဆုတောင်းလေးကလည်းကောင်းမှကောင်း။
နင့်တစ်ခါလွှတ်၊ငါ့ဆယ်ခါလွှတ်တဲ့..။
ဈေးသည်တွေတင် အမြတ်ကြီးစားလားမှတ်တယ်..။အလှူရှင်တွေလည်းအမြတ်ကြီးစားတာပဲ..။
ကိုယ်ပါ ငါးဖြစ်ပြီး(၁၀)ခါ အလွှတ်ခံရရင် မသက်သာ ဘူးနော်..။
သူ့သေဘေးကလွှတ်ရသလို ကိုယ်လည်း အိုနာသေ ဘေးက လွတ်ပါရစေ ဒီလိုဆုတောင်းရမှာ..။

သတိ သတိ သတိ
လောဘနဲ့ ဒေါသကို မောဟက ကြီးစိုးချယ် လှယ်တယ်..။
သူတို့ကို နိုင်တာ အပ္ပမာဒ ဆိုတဲ့ သတိပဋ္ဌာန်တရားပဲ..။
မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ခွဲလိုက်တော့ သီလ၊သမာဓိ၊ပညာ။
သီလ နဲ့ သမာဓိကို ကြားက သတိက ပဲ့ကိုင် အုပ်ချုပ်တယ်..။
သမာဓိ နဲ့ ပညာ မှာလည်း သတိကပဲဦးဆောင်တယ်..။
နိဗ္ဗာန် ပို့တဲ့ သီလ သမာဓိ ပညာ ပွားများကြောင်းမှာ (သတိ )သာ လျင် အခရာ ဖြစ်တယ်..။
သတိမပါရင် ဘာ မှ အရာမရောက်ဘူး။

ကြည်ညိုခြင်း
သူများကိုလိုက် ကြည်ညိုမဲ့ အစား..
ကိုယ့်ကိုကိုကြည်ညိုအောင်လုပ်ကြ..။

ဝိပဿနာ ဆိုတာ..ဘာလဲ
ဝိပဿနာ ဆိုတာ
ရုပ်ဓမ္မ၊နာမ်ဓမ္မ တွေကို
ကိုယ့်ဘဝထဲ ဆွဲသွင်းလိုက်တာပဲ..။

ဓမ္မ
တရားတာ မလုပ်ရင်
မတရားတာလုပ်နေမိလိမ့်မယ်..။

တရားတိုးတက် ရန် အင်္ဂါ (၆)ပါး
ကိစ္စမများ၊ စကားနည်းစေ၊
အိပ်နေမှုနည်း၊ကိုယ်တည်းပျော်လေ။
ရောနှောမှုကင်း၊ ချဲ့ခြင်းရှောင်သွေ၊
အနေကောင်းဘို့ အကြောင်း ဂုဏ်ခြောက်ထွေ..။
ယောဂီက အလုပ် ကိစ္စနည်းရတယ်..။စကားလည်းနည်းရတယ်..။
အိပ်နေမှုနည်းပြီး တစ်ကိုယ်တည်းလည်းအားထုတ်ရတယ်..။
ကိုယ် အဖေါ်တင် မကဘူး၊စိတ်အဖေါ်လည်းမရှိရဘူး။
တဏှာဒုတိယော၊ပုရိသော။
ဟိုဟာ လိုချင် ဒီဟာလိုချင်တဲ့ စိတ်ထဲက အဖေါ်တွေရှိနေရင် စိတ္တဝိဝေက မရှိဘူး။
ရော နှော မှုလည်းကင်းရမယ်..။မရောရဘူးနော်။
ချဲ့တယ် ဆိုတာ မှာလည်း…လိုချင်တပ် မက် မှုတဏှာ နဲ့လည်းချဲ့တယ်..။
မာနနဲ့လည်း…ချဲ့တယ်..။ ဒိဋ္ဌိနဲ့လည်း….ချဲ့တယ်..။
အဲဒီ တဏှာ မာန ဒိဋ္ဌိ ကလည်း သူ့ကို လက်ခံလိုက်ရင်
ဘယ် သူ့ကို မှ မရှောင်ဘူး ဒုက္ခပေးတော့တာပါပဲ..။
သံသရာ ဝဋ်က ကျွတ်လွတ်တဲ့ တရားထူးတရားမြတ်တွေ အရနှေးလိမ့်မယ်..။
တရားရချင်ရင် အဲဒါတွေကို စွန့်ရမယ်..။
ဒါမှ - အနေလည်းကောင်းမယ်..အသေလည်းကောင်းမယ်..။

Wednesday, April 1, 2009

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ၏ သြဝါဒ များ (၄)

ရွှေကျင်နိကာယ၊ရတ္တညူ မဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ
ဘုရားအကြိုက်ပူဇော်နည်း

မိဒွေးတော် ဂေါတမီက မြတ်စွာဘုရားကိုလျှောက်တယ်..။
(မြတ်စွာဘုရား သက်တော် ရာကျော် ရှည်ပါစေ။ မအို မနာ မသေ အမြဲနေပြီး လောကကောင်းကျိုးဆောင်ရွက် နိုင်ပါစေ၊ ဝေနေယျများကို ကျွတ်တမ်းဝင်အောင် ဟောပြနိုင်ပါစေ။)
ဆို ပြီးတပည့်တော်မ အမြဲတမ်းဆုတောင်းပါတယ် ဘုရား။
မြတ်စွာ ဘုရားက မိဒွေးတော် ဂေါတမီ ရဲ့ ကန်တော့ခြင်းဟာ
သင့်မြတ်သလို ရှိသော်လည်း နှစ်သက်တော် မမူဘူး။
အဲဒါကြောင့်
(မိဒွေးတော် ၊ ဟောဟိုက ပြင်းထန်တဲ့ လုံ့လ ဝီရိယ နဲ့ နိဗ္ဗာန်ကို အာ ရုံညွှတ် ပြီး၊
သတိ မပြတ် ရှုမှတ် ကျင့်ကြံနေကြတဲ့ သာဝက ရဟန်းအပေါင်း ကိုကြည့်လိုက် စမ်းပါ။
သူတို့ ကမှ ဘုရား ကိုအစစ်တကယ် ပူဇော်နေကြခြင်း ဖြစ်တယ်..။)
လို့ မိန့်တော် မူလိုက်ပါတယ်..။

စွမ်းအားရှိတဲ့ယောဂီ

ယောဂီတိုင်း ယောဂီတိုင်းမှာ စွမ်းအားတွေရှိကြပါတယ်..။
ယုံကြည် ချက် သဒ္ဓါစွမ်းအားလည်းရှိတယ်..။
အားထုတ်မှု ဝီရိယ စွမ်းအားလည်းရှိတယ်..။
စူးစူးစိုက် စိုက် သမာဓိ စွမ်းအားလည်းရှိနေကြပြီ…။
မမေ့မလျော့တဲ့ သတိ စွမ်းအားတွေလည်း ရှိနေကြပြီ..။
အဲဒီလို ဖြစ်တဲ့ အတွက် အသိစွမ်းအားတွေလည်း တိုးတက်နေမှာပဲ..။
စွမ်းအားတွေရှိရက် သားနဲ့ စွမ်းအားတွေ မတိုးတက်ရင်…။
စွမ်းအားလျော့နည်း နေတဲ့ ကိုယ့်စိတ်လေးကို နှိုးဆော်ပေးပေါ့.။
အဲဒီလို အခွင့်ကောင်းတွေ မဆုံးရှုံးရအောင် ကြိုးစားမှတော် မယ်..။
အချိန်တွေ အလကားဖြုန်းပစ်ရင်..နောင်အခါ သေရာညောင်စောင်း လှဲလှောင်းတဲ့ အခါကျမှ..
အားထုတ်ခွင့်ရရဲ့သားနဲ့ ပြည့်စုံ လုံလောက်အောင်..အားမထုတ်ခဲ့ မိတာ ..။
အမှားကြီး မှားလေခြင်း ..လို့ နောက်ဆုံးအချိန်မှာ နောင်တ ရတတ်တယ်..။
အဲဒီလို နောင်တ မရအောင်ခုထဲက ကြိုကြိုတင်တင်…ထိုက်တန်သလောက်..
သာသနာတော် နဲ့ တွေ့ရကျိုးနပ်အောင်…ဥစ္စာရင်လို ဥစ္စာရင် ခဲ ဆိုတဲ့ အတိုင်း…
သူများလုပ်ပေးလို့ မရပါဘူး။
(ကိုယ်ပင်တိုးတိုး..ကိုယ်ကိုနိုး။
ကိုယ်ရှင်ကိုယ်သာ၊ ကိုယ်ဆရာ။)
မို့
ကိုယ့်ကိုကို ဆုံးမပြီးတော့ အားထုတ်သွားကြနော်..။

ရန်သူလား မိတ်ဆွေလား

ကုသိုလ်ကောင်းမှုကို မမေ့တဲ့အတွက်
ကိုယ်ဟာ ကိုယ့်မိတ်ဆွေဖြစ်သွားကြရပြီ..။
မကောင်းမှုလုပ်တဲ့သူတွေ အဖို့တော့ ကိုယ့်ကိုဟာ ကိုယ့်ရန်သူပဲ..။
ရန်သူကဒုက္ခပေးတယ်..။မိတ်ဆွေကကူညီတယ်..။
မိတ်ဆွေမဟုတ်ပဲရန်သူ ဖြစ်နေရင် ဘယ်ကောင်းတော့ မလဲနော်..။
သူတော်ကောင်းဆိုတာ
သင်ကောင်းလျင် ကျွန်ပ်မဆိုးပါဆိုတော့..
သင်မကောင်းလျင် ကျွန်ပ်ဆိုးမယ် ဆိုတဲ့ သဘောပေါ့နော်..။
ဒါဆို အတော့်ကို ကြောက်စရာကောင်းတာပဲ..။
သူတော် ကောင်းဆိုတာ
သင်ကောင်းကောင်းမကောင်းကောင်း..
ကျွန်ပ်ကတော့ အမြဲကောင်းနေရမယ်လေ..။

Monday, March 30, 2009

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ၏ သြဝါဒ များ (၃)

ရွှေကျင်နိကာယ၊ရတ္တညူ မဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး
ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ

တရားအားကိုးပါ
တရားသဘော ကတော့ ဘယ်သူ့ ဘယ်သူမှ အားကိုးလို့မရဘူး။
အတ္တာဟိ အတ္တနော နာထော ..
သူတစ်ပါးအား မကိုးစား၊
ကိုယ့်အားကိုယ် ကိုးပါ။
….တဲ့
မိမိဆိုတာ တစ်ခြားမဟုတ်ဘူး၊ ဓမ္မ ပရမတ်ပဲ။
ဓမ္မ တရားသာ လျင် အားကိုးရာ အားထားရာအစစ်ပဲ..။
တရားမှတပါး မှီခိုကိုးစားရာ၊ အားထားရာ မရှာပါနဲ့..။
မြတ်စွာဘုရားက ဆုံးမထားတယ်..။
သူတစ်ပါးအားမကိုးစား၊ ကိုယ့်အားကိုယ် ကိုးပါ..။
အခြားတစ်ပါး မကိုးစား တရားအားကိုးပါ..။
တရားအားကိုး နေကြလို့ရှိရင် …ဒိဋ္ဌိ အနှောင် အဖွဲ့ က လွတ် သွားမယ်..။
နိဗ္ဗာန်တည်းဟူသော အေးငြိမ်းရာ ဘုံဌာန သန္တိသုခ သို့ ကျရောက် သွားမယ်..။
ဒီလို ကျရောက် သွားဘို့ရာ …ယောဂီများ အမြဲတမ်းသတိ သမ္ပဇဉ် မပျက်ရအောင်..
အမြဲတမ်းဉာဏ်ရှိရမယ်..။
အဲဒီလို..သမ္ပဇဉ် ဉာဏ် ယှဉ်တဲ့ ပုဂ္ဂိုလ် ဟာ အချိန်တိုင်း၊ အချိန်တိုင်း
သူ့မှာ အသိမှန် အမြင်မှန် ရနေတယ်..။
အသိမှန် အမြင်မှန် ရတဲ့ အချိန်တိုင်း စင် ကြယ်နေတယ်၊ လွတ်မြောက်နေတယ်..။
အေးချမ်းနေတယ်..။ ချမ်းသာနေတယ်..။

အာရုံချည်တိုင် ခိုင်ခိုင် ချည် ပါ
စိတ်မိုက် နွားဆိုး သတိကြိုးနှင့် အာရုံ ချည် တိုင် ခိုင်ခိုင် ချည်ပါ..။
ဆိုတာ သိထားပြီးဖြစ်နေပါပြီ..။
လွတ်သွားတဲ့ စိတ်ကလေးဟာ နွားဆိုးလေးနဲ့တူတယ်..။
နွားမိုက် နွားဆိုး နွားရိုင်းလေးက ကြိုးနဲ့ချည် ထားမှ…
တိုင် မှာ ခိုင် ခိုင် ချည် မထားဘူး ဆိုရင်..
ပေါက် လွှတ်ပဲစား သွားချင်ရာသွား…ဖြစ်ချင်ရာ ဖြစ်နေတယ်..။
အဲဒီသဘော ပဲ..။စိတ်မိုက် နွားဆိုးလေးကို သတိဟူသော ကြိုးနဲ့ ချည် ရမယ်..။
ဘယ် မှာ ချည်ရမလဲ ဆိုတော့ အာရုံမှာ ချည်ရမယ်..။
မှတ်စရာ အာရုံတွေက ချည် တိုင် ပါပဲ..။ခန္ဓာ ချည် တိုင်ပေါ့နော်..။
ခိုင် ခိုင် ချည် ပါဆိုတာ လုံ့လ ဝီရိယ စိုက်တာကို ပြော ပါတယ်..။
လုံ့လ ဝီရိယရှိတဲ့ ပုဂ္ဂိုလ် ဟာ ဟိုရောက် ဒီရောက် စိတ်တွေ လျော့နည်းနေတယ်..။
အဝေးရောက်တဲ့စိတ်က ဝိက္ခိတ္တ စိတ်…
အဲဒီစိတ်ရှိနေတဲ့လူဟာ ဖြစ်ခိုက် ရုပ်နာမ် ပေါ်မှာ သိခွင့်မရတော့ဘူး။
သိခွင့်မရရင် အမှန်အတိုင်း မသိ အမှားစွဲလမ်းမှုက ..ဝင်လာတော့တာ ပဲ..။
ရုပ် နဲ့ နာမ် အမှန် ရှိရဲ့သားနဲ့ …
ငါ့တရားအားထုတ်နေတယ်..။ငါ…သိနေတယ်..။
ငါ့အသိတွေ သိပ်ပြီးထူးခြားနေတယ်..။
အဲဒီလိုစွဲလမ်းလိုက်တာဟာ..မိစ္ဆာဒိဋ္ဌိ ဖြစ်သွားတာ သိပ်နာတာပဲနော်..။
အဲဒါရှုမှတ်မှု ကင်းသွားလို့ပါ..။ရှုမှတ်မှု မကင်းရင် ….
အမှန် အတိုင်းသိ မြင်တော့ အဲဒီလို အစွဲတွေ ဖြစ်ခွင့်မရပါဘူး။

အကြိမ်ပေါင်း ၁၉၇၀ကျော်
အပ္ပမာဒ တရားဆိုတာ မမေ့ မလျော့ ၊ မပေါ့ မဆ သတိရှိခြင်း၊
သတိပဌာန်တရား ပွားများနေခြင်းပဲ..။
မြတ်စွာဘုရားရှင်ဟာ.. အပ္ပမာဒ တရားလက် ကိုင်ထားဘို့
အကြိမ်ပေါင်း ၁၉၇၀ကျော်ဟောကြားသွားခဲ့တယ်..။
ပရိနိဗ္ဗာန် စံဝင်လုဆဲဆဲ အချိန် အထိ…
အပ္ပမာ ဒေန သမ္ပာ ဒေထ..မမေ့ မလျော့ ကြနဲ့လို့…
နောက် ဆုံးစကားမှာ ကြားသွားပြီးမှ…ပရိနိဗ္ဗာန် ပြုခဲ့တာ..။
နောက်တော့ ဘာစကားမှ မပြောတော့ဘူး။
ဒါကိုထောက်ရင် ဘယ် လောက် အရေးကြီးတယ် ဆိုတာ သိသာ ပါတယ်..။

Sunday, March 29, 2009

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ၏ သြဝါဒ များ (၂)

ရွှေကျင်နိကာယ၊ရတ္တညူမဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီးဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ
မီးလွတ်စားတယ် ဆိုသည်မှာ
လောဘမီး ဒေါသမီး မောဟမီး ဆိုတဲ့ မီးတွေလွတ်အောင်
စားနိုင်မှ မီးလွတ်ပါတယ်..။
သစ်သီးသစ်ဖုတွေစားရုံနဲ့ မီးမလွတ်ဘူးနော်..။

အရူး မီးဝိုင်း
လောဘမီး ၊ဒေါသမီး၊ သောကပရိဒေဝမီး
ဆိုတဲ့ မီး ၁၁ပါး ဝိုင်းအလောင် ခံနေရတာ အရူးမီးဝိုင်းတာပါပဲ..။
အရူးမီးဝိုင်းဘဝ လွတ်အောင် ကြိုးစားကြ ဘို့ အရေး ကြီးတယ်..။

ပိုက်ဆံအိတ်
ငွေလေး တစ်ထောင် တစ်သောင်းပါတဲ့ ပိုက်ဆံအိတ်
ကျပျောက်တော့ ငိုလိုက် ကြတာ။
နှမျော လိုက်ကြတာ ၊ရှာလိုက်ရတာ အမော..။
ကုဋေ သန်းပေါင်းများစွာ ကုသိုလ်တွေ …..
ပျောက်ဆုံးကုန်တာတော့ ငိုရမှန်း နှမျောရမှန်း မသိကြဘူး..။

ကုသိုလ်ရှင်
သိကြားနတ်ပင်
ကုသိုလ်ရှင်အား
မမြင်ရှောင်ခွာ
မနေသာ တည်း..။တဲ့
မနေသာတင် ရုံမကဘူး
အဲဒီ ကုသိုလ်ရှင်က တစ်စုံတစ်ရာ အန္တရာယ် သူ့ပိုင် နက် နယ် မြေထဲမှာ ဖြစ်သွားမယ် ဆိုရင်
သူ့မှာ အပြစ်ဒဏ်သင့်တယ်..။
သူတော် ကောင်းနတ်ကောင်းမတယ် ဆိုတာ
ကုသိုလ်ရှိလို့ မ-တာ..။
မမ လို့ မရလို့ကို မ-တာ..။
ကိုယ် ကသူ့ကို ပူဇော် ပသလို့ မ-တာ မဟုတ်ဘူး။

ကိလေသာ
ကိလေသာ ဆိုတာ ဘိုးတော် ဦးဝိုင်းရဲ့ကြောင် လိုပါပဲ။
ကြွက်မတွေ့ခင်တော့ လိမ္မာလိုက်တာ လွန်ရော..။
ကြွက်လည်းတွေ့ရော အဲဒီ နောက် ကို တမ်းတမ်းစွဲလိုက်တော့တာပဲ..။
ဒီလိုပဲ..ကိလေသာ ဆိုတာ..
အာရုံနဲ့ တွေ့ရင် ထကြွတော့တာပါပဲ..။
မထကြွရအောင် သတိဆိုတဲ့ရှုမှတ်မှုက မပြတ်မလပ် တရစပ်ရှိနေနိုင်မှတန်ကာ ကျမှာ..။

Saturday, March 28, 2009

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ၏ သြဝါဒများ (၁)

ရွှေကျင် နိကာယ၊ရတ္တညူ မဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ


ဝိသုဒ္ဓိမှ ဝိမုတ္တိသို့

ကိုယ့်စိတ်ကို ပြန် ကြည့်တဲ့စနစ်က..အင် မတန် အရေးပါ အရာရောက်တယ်..။
ကိုယ် စိတ်ကောင်းတာ မကောင်းတာ..၊
စင်ကြယ်တာ မစင်ကြယ်တာ…သေချာသိအောင် လုပ်လို့ရတယ်..။
မစင် ကြယ်ရင်လည်း စင်ကြယ်အောင်လုပ်မှ..စင်ကြယ်သွားမယ်..။
လုပ်ရတဲ့အလုပ် က စင်ကြယ်အောင်လုပ်တာပဲ..။
စိတ်တွေ စင်ကြယ် ရင် ကိုယ်လည်း စင်ကြယ် တယ်…၊နှုတ်လည်း စင်ကြယ်ပါတယ်..။
ကိုယ်၊နှုတ်၊စိတ် သုံးပါးလုံး စင်ကြယ် သွားပြီဆိုရင်…
ကိလေသာ အနှောင်အဖွဲ့ တွေ….အကုသိုလ် အညစ်အကြေးတွေကနေ…လွတ်မြောက် သွားမယ်..။
စင် ကြယ်တဲ့ ဝိသုဒ္ဓိ ဖြစ်မှ..လွတ်မြောက်တဲ့ ဝိမုတ္တိ ဖြစ်နိုင် ပါလိမ့်မယ်..။


စိတ်ဓာတ်သည် လူ၏ အရည်အချင်း

အများနဲ့နေရတာကိုယ့်  အကြိုက်ချည်းမဖြစ်နေပါဘူး။
သူတော်ကောင်းအချင်းချင်းဖြစ်လို့ သည်းခံနိုင်သလို..လူပေါင်းစုံနဲ့တွေ့တဲ့ အခါမှာလည်းအခုလို အရှိန်ရထားမှ
သည်းခံနိုင်တဲံ အလေ့ အကျင့်တွေရှိထားမှ ၊အထုံဝါသနာတွေ ပါထားမှသည်းခံနိုင်တယ်..။
တရားအားထုတ်တယ် ဆိုတာ..စိတ်ကောင်းတွေရှိအောင်..
စိတ်ကောင်းတွေ တိုးတက်အောင် လေ့ကျင့်တာ.။
သူတစ်ပါးဆိုင်းဘုတ် တပ်ပေးရုံ လောက်နဲ့..ရင့်ကျက်နေပါပြီလို့ပြောလို့ မရဘူး..။
ကိုယ့်စိတ်ဓါတ် အဆင့် အတန်းမြင့်လာမှ၊ ရင့်ကျက်တယ် လို့ပြောလို့ရမယ်..။
လူတိုင်း လူတိုင်းနော်…ကိုယ့်ရဲ့ လုပ်ဆောင် ချက်တွေဟာ။ကိုယ့်ရဲ့ စိတ်ကောင်းစေတနာ နဲ့ အရည်အချင်းကို ဖော်ပြနေတာ ဖြစ်ရမယ်..။


ကံနဲ့ ဉာဏ်

အိုနာသေကွဲ ရှောင်မလွဲ
ကံပဲသင့်ကို စီမံမည်။
ဉာဏ်ပဲလွတ်မြောက် စေနိုင်မည်..။


စိတ်မနာတတ်တဲ့ဆေး

သမားဆေး ကရောဂါကို ကုတယ်..။ ဘုရားဆေးက ဝေဒနာ ကို ကုတယ်..။
ကိုယ် ပင်နာသော်လည်း စိတ်မနာစေနဲ့တဲ့..။
ကိုယ်နာတဲ့ဆူး၊ တစ်ချောင်းတင်လည်းမပြီးသေးဘူး။
စိတ်နာတဲ့ဆူး ထပ်မစူးစေနဲ့။
ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ လို့ထင်နေလို့ နာရတာပဲ..။ဒါကြောင့်
ရုပ် နာမ်ကိုပင် ၊ငါကောင်ထင်၊
စွဲလျင်ကိုယ် စိတ်နာ။
ရုပ်နာမ်ပေါ်ဆဲ၊ ရှုမှတ်ခွဲ၊
ကိုယ် ပဲနာမှာ ၊ စိတ်မနာ..။