Showing posts with label သားကိုပြည့်စုံ. Show all posts
Showing posts with label သားကိုပြည့်စုံ. Show all posts

Wednesday, August 4, 2010

*စိန့်ပီတာ ဓမ္မစေတီနှင့် တီလေးမွေးနေ့*


ဒီကနေ့ (20.07.2010) နေ့ဟာ ကျွန်တော်က တီလေးလို့ ချစ်စနိုးခေါ်ရတဲ့ အန်တီ သစ္စာအလင်း http://www.thitsaralin.org/ ရဲ့ မွေးနေ့ပါ.. တိုက်တိုက် ဆိုင်ဆိုင်ပါပဲ.. တီလေး မွေးနေ့ ရောက်ခါနီးမှာမှ တီလေးကော ကျွန်တော်ပါ ကြည်ညိုလေးစားရတဲ့ ဓမ္မစေတီ ဆရာတော်က ရုရှား သာသနာပြု ခရီး ကြွလာတယ်လေ.. နောက် တစ်ခုက ဆရာတော်ရဲ့ တရားသိမ်း ကိုလည်း တီလေးကော ကျွန်တော်ပါ အလွန်နှစ်သက် ကြတာ.. မနှစ်က တီလေး မွေးနေ့ကိုတော့ ဆရာတော်ရဲ့ တရားသိမ်းလေး မွေးနေ့လက်ဆောင် အဖြစ် ပေးဖြစ်ခဲ့တယ်.. ဒီနှစ်တော့ တီလေး မွေးနေ့မတိုင်ခင် တစ်ရက်အလို (19.07.2010) အာဇာနည်နေ့မှာ စိန့်ပီတာစဘတ် ABHIDHAMMA BUDDHAVIHARA မှာ ဆင်ယင် ကျင်းပတဲ့ ဓမ္မစေတီ ဆရာတော်ရဲ့ တရားပွဲက ကျွန်တော်ကိုယ်တိုင် ရိုက်ကူးလာတဲ့ ဓါတ်ပုံလေးတွေကို မွေးနေ့လက်ဆောင် အဖြစ် ပေးလိုက်တော့မယ်..

ဓါတ်ပုံတွေ ပေါ်မှာ ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့် ခုနှစ်က 2009 ဖြစ်နေတာတော့ သည်းခံကြပါလို့ ပြောပါရစေ။

တီလေးရေ.. နောက်ပြီး တီလေး မွေးနေ့မှာ သစ်ပင်ချစ်တဲ့ တီလေးအတွက်.. ဈင်သီလရှင် တစ်ပါး ရေးစပ်ထားတဲ့ သစ်ပင်နဲ့ ပတ်သတ်တဲ့ ကဗျာတစ်ပုဒ်ကိုလည်း မွေးနေ့လက်ဆောင် အဖြစ် ထပ်ပေးလိုက်တယ်နော်.. ဒီကဗျာလေးကိုတော့ သား ဂိုးလ်စတိန်းရဲ့ ကိုယ်တွေ့ဝိပဿနာ စာအုပ်ထဲက ရတာပါ.. တီလေး ကြိုက် မကြိုက်တော့ မသိဘူး.. သားတော့ ဒီကဗျာလေးကို စဖတ်မိကတည်းက တော်တော် သဘောကျမိတယ်..

ချစ်သောတီလေး စိတ်နှလုံး အေးမြပါစေ။



နွေနှောင်းကာလ ပြောင်းလဲသွားသော သဘာဝကို
ဤမျက်လုံးတွေ မြင်ခဲ့ဖူးတာ
လေးဆယ့် (-) ကြိမ် ရှိပါပြီ။
လမင်းသာကြောင်း
ငါပြောပေါင်းလည်း များလှပြီ။

ငါ့ကို နောက်ထပ် မမေးပါနှင့်တော့။
လေမတိုက်တဲ့ အချိန်မှာ
ထင်းရူးနဲ့ ဆီဒါပင်တွေပြောတဲ့စကားသံတွေကို
ကြားအောင်သာ နားစိုက်ပြီးထောင်ပါတော့။


ချစ်ခင်လေးစားစွာဖြင့်
သား
ကိုပြည့်စုံ

Tuesday, July 13, 2010

ဆန်ရေစီးကြောင်း၊ အားသစ်လောင်းစေ

အမေနဲ့သား
သားနဲ့အမေ
ကမ္ဘာမြေတစ်ခု
တစ်ခုသောကောင်းကင်
ပြာလွင်စိမ်းလန်း
စိတ်ငြိမ်းချမ်းစေ... အေးမြစေခဲ့။
အမေ့ဘဝ… သားဘဝပေါ့
အမေ့နောင်ရေး… သားနောင်ရေးပေါ့။
အမေ့ ဆန္ဒ… သားဆန္ဒပေါ့
ဘဝ နဲ့ ဆန္ဒ ထပ်တူကျအောင်
ပြည့်စုံအောင်လို့ အမေ ခေါ်ခဲ့ဘူးပါတယ်။

ငယ်သော်ကားသား
ကြီးသော် အား တဲ့
တည်မြဲတဲ့ ခွန်အား၊ နီရဲတဲ့ ခွန်အား
အကြင်နာ အင်အား၊ ရင်မှာ အင်အား
ဒေသနာ ဉာဏ်အား၊ စေတနာ ဉာဏ်အား
အားမျိုးစုံလင်၊ ပြည့်စုံချင်ကြောင်း သားဆုတောင်းခဲ့ပါတယ်...အမေ။

လစာထုတ်ရက်..
မနေ့ကထက် ခြေလှမ်းသွက်ပေါ့
အမေ့အတွက်လေ..
မြေပဲယို တစ်ထုပ်.. လက်ထဲဆုပ်ထား
တရားစာအုပ်နဲ့ စီဒီ...သားဝယ်ခဲ့ပြီအမေ..။
ပန်းဆိုးတန်းဆိပ်ကမ်း
ဖြတ်သန်းသွားမယ့်ရေစီးကြောင်းဟာ
ပြောင်းပြန်ဖြစ်နေသတဲ့..
လှိုင်မြစ်ရဲ့ ရယ်မောသံ..
သားနာခံရင်းကြည်နူးခြင်းတွေဟာ..
ပန်းခင်းလမ်းတမျှ.. ဒလ မှ ကွမ်းခြံကုန်း
ဖုံးလွှမ်းနိုင်ခဲ့.. အိမ်ပြန်ရက်တွေ
သားသတိရနေမိတယ် အမေ..။

အိမ်ပြန်ရောက်ချိန်..နေညိုချိန်မှာ..
ဖန်မီးအိမ်လေး၊ မှေးမှိန်ဖျော့တော့
ဘယ်တော့မှ မလျော့တဲ့အလင်း..
ထာဝရထွန်းလင်းနေမှာ အသေအချာပေါ့။
မေတ္တာ လှိုင်းများ ရိုက်ပုတ်သွားတာ
ခံစားသိရှိနေတယ်အမေ..။

အမေရေ
ရေခြား၊ မြေခြား ၊ဒေသခြား၊ လူမျိုးခြား..နိုင်ငံခြားတဲ့
(ခြား)ပေါင်းစုံက သားကို ပိုင်းခြား၊ မစေစားနိုင်.။
သားကိုပြောင်းလွဲ ၊ မယိုင်လဲနိုင်။
သားကိုအားလျော့၊ မဖျော့တော့နိုင်။
ဒီတစ်ခါ အိမ်အပြန်မှာ
အမှန်ကန်ဆုံး
အမြင့်မားဆုံး
အပြည့်စုံဆုံး
အဆုံးအစွန်.. အမွန်မြတ်ဆုံးဓမ္မ
မြတ်ဗုဒ္ဓရဲ့ တရားစစ်အမွေ.. မျှဝေ ညွှတ်နူး
ကျေးဇူးဆပ်ဖို့..
သားပြန်လာခဲ့ပါမယ်အမေ..။

အရွယ်နှင့်မမျှအောင် လောကတာဝန်၊ ဘဝတာဝန်၊ ဓမ္မတာဝန် ပြည့်စုံအောင် အားထုတ်နေတဲ့ ကိုဖိုးသား ခေါ် ပြည့်စုံအောင် (အဖြူရောင်မေတ္တာ) နှင့် မိခင် ဒေါ်မြင့်အုန်းတို့ရဲ့ ချစ်ခြင်းမေတ္တာကို ချီးကျူး ဂုဏ်တင်ရင်း ဒီကနေ့မှာ ကျရောက်တဲ့ မိခင် ဒေါ်မြင့်အုန်းရဲ့ ၆၅-နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ဒီကဗျာကို ရေးဖွဲ့ပါတယ်။

သားကို ချစ်ခင်လေးစားတဲ့
တီလေး (သစ္စာအလင်း)
၁၃. ၇.၂၀၁၀

Friday, July 10, 2009

တီလေးသစ္စာအလင်းသို့ ပေးစာ (မမေ့ကြေးနော် တီလေး)*

တီလေးရေ…

ဒီနေ့ (10.07.2009) ရက်နေ့ကို တီလေး မွေးနေ့လို့ မထင်ဘူး.. ကိုဝင်းမြင့်ရဲ့ မေးဝင်လာတော့ ၁၀-ရက်နေ့လည်း ဆိုရော နည်းနည်း အံ့သြသွားတယ် သား.. ဒါပေမယ့် သား မယုံသေးဘူး.. ဘာလို့လဲ ဆိုတော့ တီလေးနဲ့ သား စကားပြောတုန်းက တီလေး ရိုက်ပေးတာ ၂၀-ရက်နေ့ ဖြစ်နေတာ.. အဲဒါကြောင့် မယုံတာ.. တီလေး ဘလော့ကို ၀င်ကြည့်မိမှ တီလေး မွေးနေ့မှန်း သိလိုက်ရတယ်..

တီလေးရေ.. တီလေးလို သူများကိုလည်း သိအောင်၊ ကိုယ်တိုင်လည်း သိအောင် လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ပေးဖို့ ထိုက်တန်တဲ့ စကားတွေ သားမှာ မရှိပါဘူး.. နောက်ပြီး သားပြောတဲ့ စကားတွေကလည်း တန်ဖိုး မဲ့နေပါလိမ့်မယ် တီလေး.. တီလေးနဲ့ ထိုက်တန်တာက ဘုရား အဆုံး အမတွေပဲ ရှိတာပါ..။ အဲဒီတော့ သား တီလေး မွေးနေ့ အတွက် ဘာပေးရမလဲ စဉ်းစားကြည့်တော့ တီလေးနဲ့သား အကြိုက်တူတာလေးကို သတိရသွားတယ်…

ဘုရားရဲ့ နှုတ်တော်က မြွက်ကြားခဲ့တဲ့ စကားလေ တီလေး.. နောက်ဆုံး ပရိနိဗ္ဗာန် စံဝင်ခါနီးမှာ မြွက်ကြား သွားတာ… “ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိဝေါ၊ ၀ယဓမ္မာသင်္ခါရာ အပ္ပမာဒေန သမ္ပါဒေယထ” ဆိုတဲ့ စကားလေ တီလေး.. ဒီစကားလေးကို ဖော်ကျူး ပူဇော်ထားတဲ့ ဘုန်းဘုန်း ဦးကောသလ္လရဲ့ တရားသိမ်းလေးကို သားဘလော့မှာ တီလေး လာလာ နားထောင် တရားနာတယ်လို့ တီလေး ပြောကတည်းက တီလေးနဲ့သား အကြိုက်တူနေတယ် ဆိုတာကို သိခွင့်ရခဲ့တာပါ…

သားလည်းလေ ဘုန်းဘုန်း ဦးကောသလ္လရဲ့ တရားတစ်ပုဒ်ကို ပထမဆုံး နာကြားမိကတည်းက ဒီတရားသိမ်းလေးကို တအား သဘောကျ ကြည်ညိုခဲ့တာပေါ့… ကြည်ညို လွန်းလို့ ခဏခဏ နားထောင်တာ အလွတ်ကို ရနေပြီ တီလေး… သား ပထမဆုံး နာကြားခဲ့မိတာက “ဆူးကင်းသော နှင်းဆီပန်းများ” ဆိုတဲ့ တရားပါ… ဒီတရားဟာ သံဃာတော်တွေကို နှင်းဆီပန်းပမာ တင်စားပြီး ဟောကြားထားတာ တီလေး… သား အပြင်မှာ လူကိုယ်တိုင် နာကြားခဲ့ရတာ…

ဘုရား တရား သံဃာ ရတနာသုံးပါးလုံးကို တပြိုင်တည်း တစ်နေရာတည်းမှာ ကြည်ညို လိုက်ရတာပေါ့… အဲဒီမှာ သား ကြည်ညိုခဲ့ရတဲ့ ဘုရားရှင်ရဲ့ နောက်ဆုံးစကား ဘုန်းဘုန်းရဲ့ တရားသိမ်းလေးကို တီလေးရဲ့ မွေးနေ့လက်ဆောင်အဖြစ် ပူဇော် ရေးသားလိုက်ပါရစေ…။ “ဆူးကင်းသော နှင်းဆီပန်းများ” တရားထဲက အတိုင်း သားမှတ်မိသမျှ ဘုန်းဘုန်းရဲ့ စကားသံလေးတွေပါ ထည့်သွင်း ရေးသား ပေးလိုက်ပါတယ် တီလေး…။ ++++++++++++++++++++++++++++++++++++++++++++

==အရှည်တွင် သံသရာ၊ အခြေ ကတော့..တဏှာ
==သံသရာကို တိုအောင်ဖြတ်၊ တဏှာကို သေအောင်သတ်
==တောင်တွင်လျှင် မြင့်မိုရ်၊ မြင်းတွင်လျှင် သတိုးဂုဏ်..ရှိရာဆိုခဲ့မည်
==မြင့်မိုရ်ကို ပုံပြုလို့ ကုသိုလ်ကို များအောင်စု ကောင်းမှုကို များအောင်ကြံ
==သတ္တ၀ါ ကောင်းမကောင်း အကြောင်းကံ.. ကသာ စီမံတော့သည်
==ကံသာလျှင် အမိ ကံသာလျှင် အဖဆိုတာကတော့ လောကစကား
==ဥာဏ်သာလျှင်.. အမိ ဥာဏ်သာလျှင် အဖဆိုတာ ကတော့..ဂေါတမ ဘုရားရှင်ရဲ့ တရား
==ဟောပြလို့ ထားခဲ့တာက
==*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*။
==ဘိက္ခဝေ.. စစ်ပါးနပ်တဲ့ ချစ်သားမြတ်တို့
==ဟန္ဒာ.. သက်တော်ရှစ်ဆယ် ၀ါလေးဆယ့်ငါး မရပ်မနားဘဲ
==တရာရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော် မူခဲ့ရသဖြင
့်==ခန္ဓာတော် ရိနွမ်း၍ ငါကိုယ်တော် အရှင်မြတ် တကယ်ပင် ပင်ပန်းခဲ့ရ လေပြီ

(တကယ်ကို ပင်ပန်း ပါတယ်.. ဒါကြောင့် ဘုန်းကြီးတို့လေ မနေ့ကလည်း မော်လမြိုင်၊ ဒီနေ့လည်း ပုသိမ် တရားနှစ်ပွဲ ဆက်ဟောတယ်၊ သက်သာခြင်း မရှိပါဘူးလေ.. ဒါပေမယ့်လည်း မြတ်စွာ ဘုရားရှင်ရဲ့ အမေ ဒေါ်တင်လှက ဟိုး ငယ်ငယ် ကတည်းက သင်ပေးခဲ့တဲ့ ဒီလင်္ကာလေးကို ရွတ်ဆိုလိုက်ရလို့ ဘုရား ကျေှးဇူးနဲ့ မိဘကျေးဇူးကို တပြိုင်နက်တည်း ဆပ်တယ်လို့ ယူဆ လိုက်တာ ဖြစ်ခြင်းကြောင့် နွမ်းသမျှတွေ မောသမျှတွေ ပြေခဲ့ရပါတယ်..)

==ဒါနီ.. ဒါနီ ယခုအခါ ကာလ၌ (၀ါ)
==ကုသိနာရုံ ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတောဝယ် မြောက်သို့ ဦးခေါင်းပြုကာ
==ထေရ်ပေါင်းခြံရံ.. နန်းနိဗ္ဗာန်သို့.. ၀င်ဆံမည့်ဆဲဆဲ ချိန်ခါထဲ၌
==သြော်… ရင်သွေးရတနာ သားသက်လျာဟု ကရုဏာသက်ထား သင်ချစ်သားတို့အား
==အာမန္တရာမိ ..သတိတရား၊ အသိ မမှားရအောင်လို့ ထင်ထင် ရှားရှားကြီး မိန့်ကြားတော် မူခဲ့ပါအံ့
==သင်္ခါရာ.. အစဉ်ထာဝရ ဘင်မှာကျပြန်တော့==ခင်မင်စရာ တစ်စက်ကယ်မျှ မရှိပါတဲ့
==ဒီဓမ္မာရုံ အဘိသင်္ခါရ တရားတို့သည်
==၀ယဓမ္မာ... ပျက်စီးခြင်းသဘော ရှိကြပါပေကုန်၏
==၀ယဓမ္မာ… လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲနဲ့ အဖြစ်ကလည်း မစဲ.. အပျက်ကလည်း မစဲနိုင်တာမို့
==ထိတ်စရာတမျှ အ၀ိဇ္ဇာက စတာကြောင့်..
==ဟေ.. ယောဂီတို့ရေ.. စိတ်သာ ချကြပေတော့
==အနိစ္စ ၀တတို့ပါတကား၊ ဒုက္ခ၀တ တို့ပါတကား… အနတ္တ.. ၀တတို့ပါတကား
==အပ္ပမာဒေန.. မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရား တို့ဖြင့်..
==သမ္ပာဒေထ.. ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါ ကုန်လော့
==သမ္ပာဒေထ.. မြင်ရာမှာလည်းမမေ့နဲ့၊ ကြားရာမှာလည်း မမေ့နဲ့၊ စားရာမှာလည်း မမေ့နဲ့၊ သွားရာမှာလည်း မမေ့နဲ့၊ နံရာမှာ လည်းမမေ့နဲ့..
==ထိရာ တွေ့ရာ သိရာတို့မှာလည်း မမေ့လိုက်ကြပါန
ဲ့==မေ့တတ်တဲ့ ၀ါသနာတွေကို.. မေ့တတ်တဲ့ ၀ါသနာတွေကို...>>
==တစ်နေ့မကြာ.. မကြာ သတိသွင်းကြ လေကုန်လော့
==သြော်.. ဒီကနေ့ တရားတော်နာ ကြွရောက် လာကြကုန်သော.. တရားနာ ပရိသတ်အပေါင်း သူတော်ကောင်း တို့သည်
==အပ္ပမာဒခေါ် သူတော်ကောင်း တရားတို့ကို ကျင့်ကြံနိုင်ကြပါစေ ကုန်ရာသတည်း…။

(သာဓု၊ သာဓု၊ သာဓုပါအရှင်ဘုရား)

++++++++++++++++++++++++++++++++++++++++++++

တီလေးရေ.. မမေ့ကြေးနော်..တီလေး ကျန်းမာပါစေ။
လေးစားရိုသေစွာဖြင့်
့်ဖိုးသား
*************************************************************
ကျေးဇူးပါသား။မြန်မာလိုက ဝါဆိုလပြည့်ကျော်လေးရက် ပါသား။ သည်နေ့ပေါ့။အင်္ဂလိပ်လိုကတော့ ၂၀ရက်ပါ.။
သားကိုဦးကမွေးနေ့လက်ဆောင်အဖြစ် http://www.thitsaralin.com လုပ်ပေးမယ်ဆိုတော့ ၂၀ရက်နေ့မှာ မှလုပ်ပါလို့။
သားကိုပြည့်စုံနဲ့ အံတီက တော်တော် အကျင့်စရိုက်တူပါတယ်။ စာတွေကဗျာ တွေနှစ်သက်တာ ၊ကဗျာရေးချင်နေတတ်တာ သိပ်တူပါတယ်။ သားကပိုစနစ်ကျပြီး ၊ စိတ်အားထက်သန်မှုပိုပါတယ်။ ဦးကောသလ္လတရားလေးကတော့ အဲဒီ တစ်ပုဒ်ထဲနဲ့တင် အမြင်ရှင်းလင်းသွားတာမို့သား ရဲ့ဘလော့ ထဲဝင်ဝင်နာယူခဲ့ပါတယ်။
သားကိုဦးက အံတီ ဘလော့မှာ တင်ပေးခဲ့ပါတယ်သား။အခုစာသားလေးပါ ရလိုက်တော့ စာဖတ်သူတွေ ကြည်ညိုသဒ္ဓါပွားနိုင်တာပေါ့ သားရေ။
သားရဲ့မွေးနေ့လက်ဆောင်လေးကို တန်ဘိုးထား ကျေးဇူးတင်နေပါတယ် သားကိုပြည့်စုံရေ..။
************************************************************************